Tuesday, June 11, 2024

ပန်းပျိုးလက်


 

❝ ပန်းပျိုးလက် ❞
( ဒေါ်ဖြူဖြူဝင်း ၊ မန္တလေး )

[  မန္တလေးမြို့ မှာ နိုင်ငံခြား နှင့် တွဲဖက်ပြီး မူလတန်းကြိုကျောင်း တစ်ကျောင်း ဖွင့်သည် ဟု စာရေးဆရာ ကိုညီပုလေး က ပြောသည် ။ ကလေး တွေ အခြေခံကောင်း ရ အောင် ရည်ရွယ်ပြီး ဖွင့်လှစ်သည် ဆို၍ စိတ်ဝင်စား သဖြင့် AIT Early Learning Centre တည်ရှိရာ ၇၁ လမ်း ၊ ဗထူး အားကစားပြိုင်ကွင်း အနီး ကို သွားရောက် ပြီး တည်ထောင်သူ ဆရာမ ဒေါ်ဖြူဖြူဝင်း နှင့်တွေ့ ပါသည် ။ ]

••••• ••••• •••••

ကျွန်မ ရဲ့ တူမလေး နဲ့ သား ရဲ့ အတွေ့အကြုံ ကြောင့် AIT က စင်ကာပူ မှာ အခြေစိုက် ထားတဲ့ preschool system ဖြစ်ပြီး ဩစတြေးလျား က မဲလ်ဘုန်းတက္ကသိုလ် နဲ့ ပူးပေါင်း ဆောင်ရွက် ပါတယ် ။ သင်ရိုးညွှန်းတမ်း က လည်း နိုင်ငံတကာ မှာ ရှိတဲ့ AIT တွေ နဲ့ တစ်ပြေးညီ ပါပဲ ။ ကလေးကို ကစား ရင်း နဲ့ တီထွင်ဉာဏ် စိတ်ကူးစိတ်သန်း တွေ ၊ ရဲဝံ့ပြီး ကိုယ့် ကိုယ် ကို ယုံကြည်တဲ့ စိတ်တွေ ရှိ လာအောင် ပျိုးထောင် ပေးချင်တာပါ ။ မူလတန်း အကြို ကျူရှင် သဘော မဟုတ် ဘဲ ကလေး ကို ဘက်စုံ ဖွံ့ဖြိုး တိုးတက် အောင် ပြုစုပျိုးထောင် ပေးမှာ မို့ Early Learning Centre လို့ နာမည် မှည့် တာ ။

ကျွန်မ အိမ်ထောင် မကျခင် တုန်း က တူမလေး နဲ့ အတူ နီးနီးကပ်ကပ် နေခဲ့ရတယ် ။ တူမလေး ကို မူကြိုကျောင်း တစ်ခု မှာ စ ထားတော့ ကလေး က ငိုတယ် ။ ငို တော့ ဆရာမ က စားပွဲ ကို ကြိမ်လုံး နဲ့ တဖျန်းဖျန်း ရိုက်ပြီး မငို အောင် ခြောက်တယ် ။ ကလေး က ကြောက် တော့ ပို ငို ရော ။ စာသင်ခန်း အတွက် အနှောင့်အယှက် ဖြစ်တယ် ဆိုပြီး တူမလေး ကို အခြား အခန်း တစ်ခု ထဲ မှာ တစ်ယောက် တည်း သွား ပို့ထားတယ် ။ ကလေး က ကျောင်း သွားရ မှာ ကြောက် သွားရော ။ ဒါ ကျွန်မ ကိုယ်တွေ့ ပါ ။

ကျွန်မ သား ကျ တော့ သူ က ကျောင်း နဲ့ သဟဇာတ ဖြစ်တယ် ။ ကျောင်း သွားရတာ ပျော်တယ် ။ ကျွန်မ က သား ကို အိမ် မှာ ဆော့ရင်း ၊ ကစား ရင်း စာ တတ်မှန်း မသိ တတ်သွား အောင် လုပ် ပေးတယ် ။ သူ စာ မလုပ်ခင် မှာ စိတ်ဝင်စားစရာ ဆော့စရာလေး တွေ နဲ့ ကစား ခိုင်းတယ် ။ သူ စိတ်ဝင်စား တာ လုပ် ရတော့ ကလေး က စာကြည့်ခန်း ထိုင် ရ မှာ ပျော်တယ် ။ ကျွန်မ နဲ့ အတူ သင်္ချာ တွက် ရ တာ စာလုပ်ရ တာ ကို သား က လိုလိုလားလား ရှိတယ် ။ သည် အတွေ့ အကြုံ ကို ယူပြီး ကျွန်မ သည် စင်တာ ကို ဖွင့်ဖြစ်တာပါ ။

ဂလိုဘယ်လိုက်ဇေးရှင်း ခေတ် မှာ မြန်မာလူငယ် တွေ က အခြား နိုင်ငံ က လူတွေ နဲ့ မလွဲမသွေ တွေ့ကြုံ ဆက်ဆံကြရမှာပဲ ။ အဲသည် အချိန် မှာ ကျွန်မ တို့ ကလေး တွေ ကို ရှက်စရာ ကောင်း မနေအောင် ကျွန်မ လုပ်ပေး ချင်တယ် ။ လုပ်ပေး ဖို့ ဆိုရင် ငယ်ငယ် ကတည်း က လုပ်ပေး ရမယ် ။ နည်းစနစ် မှန်မှန် လုပ်ပေး ဖို့ လိုမယ် ။

အချို့က preschool ကို International standard ( နိုင်ငံတကာ စံချိန်စံညွှန်း ) မလိုဘူး ပြောတယ် ။ ကျွန်မ က တော့ မြန်မာကလေး တွေ ကို internatonal standard နဲ့ ကြီးပြင်းစေချင်တာပဲ ။

သည်နေ့ ကမ္ဘာ မှာ IT နည်းပညာ ကြောင့် knowledge ( အသိ ပညာ ) ဟာ တစ်ယောက် နဲ့ တစ်ယောက် သိပ် မကွာခြားလှတော့ဘူး ။ သူများ သိတာ ကို သိဖို့ ထက် သူများ မသိမြင် မလုပ်ကိုင်နိုင် တာ ကို လုပ်ကိုင်နိုင်တဲ့ creativity ( ဖန်တီးနိုင်စွမ်း ) က ကမ္ဘာ့ စာမျက်နှာ တိုင်း မှာ သိပ် အရေးပါ လာပါပြီ ။ ကျွန်မ ဆီ က ကလေးတွေ ကို creativity စွမ်းရည် တက် လာအောင် အဓိက ထားတယ် ။ ကလေး တွေ ကို ကစား ရာ မှာ သဲ တွေ ၊ ကာလာ နဲ့ ရယ်ဒီမိတ် ရွှံ့ တွေ နဲ့ ဆော့ ခိုင်းမယ် ။

ကလေး တွေ ကို နိုင်ငံတကာ နဲ့ ရင်ပေါင်တန်း ရာ မှာ နောက်ကျ မကျန်ရစ် အောင် အင်္ဂလိပ်ဘာသာ စကား ကို အခြေခံ ကောင်းကောင်း နဲ့ သင်မယ် ။ ကျွန်မ ဆီ က ဆရာ တစ်ယောက် က အိုင်းရစ် လူမျိုး ပါ ။ သူ က ကလေး တွေ နဲ့ စကား များများ ပြောမယ် ။ ကလေး တွေ ကို ပုံပြင် တွေ ပြောမယ် ။

ကလေး နဲ့ ဆက်ဆံရာ မှာ အင်္ဂလိပ် လို ချည်း ပြောရင် ကလေး က နား မလည်တော့ စိတ်ဓာတ် ကျ တတ်တယ် ။ ကျွန်မ ဆီ က ဆရာ က မြန်မာ လို လည်း တတ်တယ် ။ ကလေး တွေ ရဲ့ ကိုယ့်ကျင့်တရား ၊ ပြုမူနေထိုင် ပြောဆိုမှု ၊ ယဉ်ကျေးမှု ၊ လူလူချင်း စာနာစိတ် ချစ်မေတ္တာစိတ် ထား ဖို့ ပုံပြင်ကလေး တွေ ကျွန်မ တို့ ရှာဖွေ စုဆောင် ထားတယ် ။

ကျွန်မ တို့ သင်ရိုးညွှန်းတမ်း ထဲ မှာ စားသောက်ခြင်း ဆိုတာ တစ်ခု ပါတယ် ။ ကလေးတွေ အစားအစာ စား ရာ မှာ သင့်တင့် မျှတ အောင် စားသောက်နည်း ကို အသိပညာပေး မှာပါ ။ ယခုအခါ ကလေးတွေ က ဂျယ်လီ တွေ ၊ အချို တွေ သိပ် စားတယ် ။ မိဘ တွေ က လည်း ကလေး တွေ ဝဖြိုး လာ တဲ့ ပြဿနာ ရှိ လာတယ် ။ ကျွန်မ တို့ က ကလေး တွေ ကို အာဟာရ ဖြစ်အောင် စားနည်း ၊ ကျန်းမာရေး နဲ့ ညီညွတ်အောင် ၊ သန့်ရှင်းအောင် စားသောက်နည်း လေး တွေ သွန်သင် ပြသ ပေး မှာပါ ။

ကျွန်မ တို့ က စင်ကာပူ မှာ အခြေစိုက် တဲ့ AIT နဲ့ ပူးပေါင်းဆောင်ရွက် တာ ဆိုတော့ AIT ရဲ့ Academic Board ( ဦးဆောင် ပညာရှင်အဖွဲ့ ) ရဲ့ အကြံဉာဏ် ကို အင်တာနက် က တစ်ဆင့် အချိန်မရွေး ရယူနိုင်ပါတယ် ။ သင်ကြားရေး ပိုင်း တိုင်ပင် လို့ ရတယ် ။

နိုင်ငံခြား သွား တဲ့ မြန်မာ တွေ ထဲ မှာ စုတ်ပြတ်သတ် ပြီး မနေနိုင် လို့ ပြန်ပြေး လာတဲ့ လူ နည်း ပါတယ် ။ မြန်မာ တွေ က ကြိုးစားတယ် ။ ကျွန်မ တို့ ကလေး တွေ ကို နည်းစနစ် မှန်မှန်နဲ့ ပျိုးထောင် ပေးရင် နိုင်ငံတကာ အဆင့် မီမယ် လို့ ကျွန်မ ယုံကြည်တယ် ။ ကျွန်မ မှာ ရှိခဲ့တဲ့ ကလေး တွေ နဲ့ နေတဲ့ အတွေ့အကြုံ ရယ် ၊ AIT က နည်းစနစ် တွေ ရယ် ၊ စေတနာမှန် ရယ် ပေါင်းစပ် ရင် သူတို့ ကို ကျွန်မ မြှင့်တင်ပေးနိုင်မှာ သေချာတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment