သိတဲ့ အတိုင်း ကိုဘဂျမ်း က စိတ်ကူး ကောင်းတယ် လို့ ပဲ ပြောရ မလား ၊ စိတ်ကူးယဉ် တတ်တယ်လို့ ပဲ ပြောရ မလား ၊ ဘယ်လို ပြောရမယ် မသိဘူး ။ သူများတကာ လုပ်နေကျ အလုပ်မျိုး ကို နောက် က လိုက်ပြီး လုပ်ရိုးလုပ်စဉ် မလုပ်ချင်တတ်တာ က တော့ အမှန်ပဲ ။ အသစ်အဆန်း တီထွင်ပြီး လုပ်ချင်တတ် တာ က တော့ အမှန်ပဲ ။ အကြမ်းဖျင်း အားဖြင့် ပြောရယင် တော့ သည်လို တီထွင် လုပ်ကိုင် တတ်တာ ကို ပဲ ကြံရည်ဉာဏ်ရှည် ရှိတယ် လို့ သတ်မှတ် ရ လိမ့်မယ် ထင်တယ် ။
ခပ်ငယ်ငယ် ကတည်း က ကိုဘဂျမ်း စိတ်ကူး ကြံစည် လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေ ရှိတယ် ။ လူပျိုဘဝ ၊ ယက်ကန်းလုပ်ငန်း မှာ တုန်း ကလဲ နာနတ်လျှော် ကို ပိုးချည် ရဲ့ နေရာ မှာ အစားထိုး ပြီး ဘန်ကောက်ဆင် ယက်ခတ် ဖို့ ကြံစည် လုပ်ဆောင်ခဲ့ ဖူးတယ် ။
အဲသည်ခေတ် တုန်း က ယောက်ျားဝတ် တွေ ထဲ မှာ ဘန်ကောက်ပုဆိုး က အဖိုးအတန်ဆုံး ပဲ ။ ဘန်ကောက် ပုဆိုး ကို လူကြီး ၊ လူငယ် မရွေး ယောက်ျား တိုင်း တန်ဖိုး ထားပြီး ဝတ် ကြတယ် ။ ပွဲနေပွဲထိုင် ဆိုယင် လဲ ဘန့်ကောက်ပုဆိုး နဲ့ မှ လူရာ ဝင် တယ် ။ ဘန်ကောက်ပုဆိုး ခေတ် ဆိုပါတော့ ။
ဒါပေမယ့် ဘန်ကောက်ပုဆိုး က ဈေး ကြီးတယ် ။ လူတိုင်း မဝယ် နိုင်ဘူး ။ လူတိုင်း မဝတ် နိုင်ဘူး ။
သည်တော့ ကိုဘဂျမ်း က တီထွင် ကြည့်တယ် ။ နာနတ် လျှော်ချည် နဲ့ ဘန်ကောက်ဆင် ယက် ကြည့်တယ် ။ ဖြစ်တယ် ။ ဈေးနှုန်း က လဲ သုံးချိုး တချိုး လောက် နဲ့ တန်ဖိုး လျော့ ပြီး ရောင်း နိုင်တော့ အလုပ် ဖြစ်တယ် ။ လူတိုင်း ဝယ်နိုင် ဝတ်နိုင် ကြတယ် ။
ပြီးတော့လဲ ပွဲနေပွဲထိုင် တပွဲတိုး နှစ်ပွဲတိုး ဝတ်လို့ သာ က တော့ ရုတ်တရက် ဘယ်သူမှ မခွဲခြားနိုင်ဘူး ။ ဒါပေမယ့် နာနတ်လျှော် ဘန်ကောက် က ကြာရှည် တော့ မခံဘူး ။ ချွေး စို လိုက် လို့ ပဲ ဖြစ်ဖြစ် ၊ လျှော် လိုက် လို့ ပဲ ဖြစ်ဖြစ် ၊ ရေ နဲ့ ထိမိပြီ ဆို ဆိုယင်တော့ သိပ် အသုံး မခံတော့ဘူး ။ ခပ်တင်းတင်း ထိုင်လိုက် တာ နဲ့ တပြိုင်နက် ဂွမ်းကနဲ ကွဲ တော့တာပဲ ။ ကွဲပြီဟေ့ ဆိုယင် လဲ သီဖို့ ချုပ်ဖို့ တော့ မကြိုးစား နဲ့ တော့ ။ ဒီ နေရာ က ချုပ် ၊ တခြား တနေရာ က ကွဲတာပဲ ။ အဲသည် ချွတ်ယွင်းချက် ကြောင့် လဲ နောက်ပိုင်းမှာ ကျ တော့ ထိုင်ကွဲ ထပြဲ ဘန်ကောက် ဆိုပြီး နာမည် ပျက်တာပဲ ။
မဆိုးပါဘူး ။ ဘာပဲ ပြောပြော ကိုဘဂျမ်း ရဲ့ နာနတ်လျှော် ဘန်ကောက် က ခေတ် တခေတ် တော့ ဖြစ်ထွန်း လိုက် သေးတယ် ။ အမရပူရ တမြို့လုံး မှာ ရှိတဲ့ ယက်ကန်းစင်တိုင်း က လိုက်ပြီး ယက်လုပ် ခဲ့ကြရတာပဲ ။
သည် နောက်ပိုင်း စာအုပ်လုပ်ငန်း မှာ ကျတော့ လဲ ပိုးထည် အရောင်းအဝယ် လုပ်ငန်းမှာ တုန်း က လို ဂျပ်စက္ကူဗူး နဲ့ ကျမ်းစာအုပ်တွေ ကို ထည့် ပေးဖို့ စိတ်ကူးခဲ့ မိသေးတာပဲ ။
ကိုဘဂျမ်း အင်္ဂလိပ်စာ ကောင်းကောင်း မဖတ်တတ် ပါဘူး ။ အင်္ဂလိပ်စာအုပ် ဆို လို့ လဲ တအုပ် မှ ဝယ် မဖတ်ဖူးပါ ဘူး ။ မှန်တာ ပြောယင် ရှစ်ဆယ့်သုံးလမ်း ၊ စစ်ကိုင်းတန်း က အင်္ဂလိပ်စာအုပ်တွေ ရောင်းတဲ့ ဆိုင် ကို တောင် ကိုဘဂျမ်း မျက်စိလည် လမ်းမှား ပြီး မရောက်ဖူးပါဘူး ။
ပြီးတော့လဲ အဲသည် အချိန်အခါ တုန်း က စာပေဗိမာန် က ထုတ်တဲ့ မြန်မာ့စွယ်စုံကျမ်း တွေ လဲ တအုပ် မှ မထွက်သေး ပါဘူး ။
ဆိုလိုတာ က ကျမ်းစာအုပ် တွေ ၊ စာအုပ်ကောင်း တွေ ကို ဂျပ်စက္ကူဗူး နဲ့ ထည့် ပေးတဲ့ အလေ့အထ နဲ့ ပတ်သက်ပြီး ကိုဘဂျမ်း မမြင်ဖူး မကြားဖူးပါဘူး ။ သူ့ ပင်ကို ဦးနှောက် နဲ့ စိတ်ကူး ကြည့်မိခဲ့တာပါ ။
ဒါပေမယ့် အဲသည် စိတ်ကူး က တော့ လက်တွေ့ အကောင် အထည် မဖော်ခဲ့ဘူး ။ စာအုပ် ကို သည်လို ဂျပ်စက္ကူဗူး နဲ့ ထည့် ပေးတာက ဘာမှ ပိုပြီး အကျိုး ထူးလာ နိုင်စရာ မရှိဘူး ။ ပိုပြီး တော့ သာ အကုန်အကျ များ လာမယ် ။ ကြော်ငြာ တဲ့ သဘောလဲ မသက်ရောက်နိုင်ဘူး လို့ ကန့်ကွက်တဲ့ လူတွေ က ကန့်ကွက် ကြတယ် ။ ဆိုပါတော့ ၊ အဲသည် စိတ်ကူး ကို ကိုဘဂျမ်း လက်လျှော့ ခဲ့ရတယ် ။
အခုလဲ စိတ်ကူး တခု ရ လာပြန်တယ် ။ “ ချမ်းအေး စာနယ်ဇင်း ” က အများ ပရိသတ် အပျင်းပြေ ဖတ်ကြတဲ့ ဝတ္ထု စာအုပ်မျိုး ကို ပုံနှိပ် ထုတ်ဝေမယ် ။
မန္တလေး မှာ လဲ ဆရာရွှေဥဒေါင်း တို့ ၊ ဆရာဦးခင်မောင် တို့ ၊ ဆရာမြမျိုးလွင် တို့ လို နိုင်ငံကျော် စာရေးဆရာကြီး တွေ ရှိတယ် ။ သည် ဆရာကြီးတွေ ကို ချဉ်းကပ်ပြီး ဝတ္ထုစာမူ တောင်း မယ် ။ ရန်ကုန် က စာပုံနှိပ် ထုတ်ဝေသူ တွေ ရဲ့ နည်းတူ တန်ရာတန်ဖိုး ပူဇော်မယ် ။ ပြီးတော့ ပုံနှိပ် ထုတ်ဝေမယ် ။ သည် နည်း နဲ့ မန္တလေး လမ်းဘေး က “ ချမ်းအေးစာနယ်ဇင်း ” ဆိုတာ ကို တပြည်လုံး က သိ လာမယ် ။ ကျော်ကြား လာမယ် ။
ပြီးတော့လဲ “ လောကအလင်း ” ရှိ သေးတယ် ။
“ လောကအလင်း ” အနေ နဲ့ လဲ တဦးတည်း မူပိုင် ဝယ် ထားတဲ့ တရားစာအုပ် တွေ ရှိတယ် ။ ငါးစောင်တွဲ တို့ ၊ ဆယ်စောင်တွဲ တို့ ၊ ဘုရားရှိခိုး အမျိုးမျိုး တို့ ၊ လောကအလင်းနီတိ တို့ လို စာအုပ်ပါးပါးကလေးတွေ က အစ သင်္ဂစာစကားပုံ ပေါင်းချုပ် တို့ ၊ ဆုံးမစာ ပေါင်းချုပ် တို့ ၊ ကိုယ်ကျင့်အဘိဓမ္မာ တို့ လို စာအုပ် တွေ အထိ ၊ အဖုံးသစ် တမျိုး နဲ့ စာအုပ် အရွယ် တရွယ် ပြောင်း ပြီး နောက် တကြိမ် ပြန် ထုတ်မယ် ။
ကိုဘဂျမ်း စိတ်ကူး ရယင် ရ သလို ထ ,လု ပ်တော့တာပဲ ။ နောက်ပြီးတော့ အနောက် ခင်မကန်တိုက် ၊ မိုးကောင်း တိုက် ၊ ထီးလင်းတိုက် ၊ မစိုးရိမ်တိုက် ၊ မဟာဂန္ဓာရုံတိုက် တို့ လို စာသင်ကျောင်းတိုက်ကြီး တွေ က ဆရာတော်ကြီး တွေ ကို လဲ ကိုဘဂျမ်း ချဉ်းကပ် တယ် ။ စာသင်သံဃာ တွေ အတွက် လေ့လာဆည်းပူး ရာ မှာ မှတ်သား နားလည် လွယ် စေမယ့် အဋ္ဌကထာ မြန်မာပြန် တွေ ၊ အဖွင့်ဋီကာ တွေ ကို လဲ စီရင်ရေးသား ချီးမြှင့်တော် မူဖို့ လျှောက်ထားတယ် ၊ ဆရာတော် တွေ က ရေးသား ပြုစု ပေးတဲ့ အခါ မှာ စာအုပ် အဖြစ် ပုံနှိပ် ထုတ်ဝေတယ် ။
နောက်ပိုင်း အခြေအနေ ကောင်းလာတော့ ကိုဘဂျမ်း ရန်ကုန် ကို လဲ ဆင်းတယ် ။ ရန်ကုန် က စာပုံနှိပ် ထုတ်ဝေသူ တွေ ၊ စာအုပ် အရောင်းဆိုင် တွေ နဲ့ လဲ အဆက်အသွယ် အပေး အယူ လုပ်တယ် ။ သူ့ စာအုပ် နဲ့ ကိုယ့် စာအုပ် စာအုပ်ချင်း တန်ဖိုး ဖြတ် ပြီး လဲ ရောင်းကြတယ် ။
ကိုဘဂျမ်း ရဲ့ ခေါင်းဆောင်မှု အောက် မှာ “ လောကအလင်း ” လဲ မျက်နှာ ပွင့် လာတယ် ။ “ လောကအလင်း ” ထုတ် တချို့ စာအုပ်တွေ က လဲ အရောင်းရ တွင်ကျယ် လာတယ် ။
တချိန်တည်း မှာ “ ချမ်းအေးစာနယ်ဇင်း ” က ပုံနှိပ် ထုတ်ဝေ လိုက်တဲ့ ဝတ္ထုစာအုပ် ကလေးတွေ က လဲ အရောင်း ရ သွက်တယ် ။ သူ့ ခေတ် နဲ့ သူ တော့ ပရိသတ် ကြိုက်ကြတယ် ။ မကြာလိုက်ပါဘူး ။ မအေးနု တို့ အမေ ဆုံး ပြီးလို့ သုံးနှစ် လောက် အကြာ မှာ ကိုဘဂျမ်း ရဲ့ “ ချမ်းအေးစာနယ်ဇင်း ” က လဲ ဈေးချို ရဲ့ တောင်ဘက်ပြ ရုံတော်ကြီး မှာ ကိုယ်ပိုင်ဆိုင်ခန်း နဲ့ ဖြစ် လာတယ် ။ ကိုဘဂျမ်း တို့ နေကြ တဲ့ ညောင်စဉ်တန်း အိမ် က လဲ တိုက် အသစ် ဖြစ် လာတယ် ။ နှစ်ထပ် တော့ နှစ်ထပ် ပါပဲ ။ ဒါပေမယ့် မူလ အိမ် ကို ငုံပြီး ၊ အိမ်ရှေ့ နဲ့ အိမ်နောက် မြေကုန် ဆောက် လိုက်တော့ ပို ကျယ်ဝန်း လာတယ် ။ အောက်ခံ အုတ်ခုံ ကို လဲ သုံးပေ လောက် အထိ ထပ်ပြီး မြှင့် လိုက်တော့ တိုက် က ကြွား လာတယ် ။ စီးပွား တိုးတက်လာတယ် ဆိုပါတော့ ။
ဒါပေမယ့် ကိုဘဂျမ်း တို့ မအေးနု တို့ မိသားစု ထဲ မှာ တော့ လူဦးရေ တယောက် တိုးလာတာ က လွဲ လို့ ၊ ဘာမှ အပြောင်းအလဲ မရှိပါဘူး ။ လူဦးရေ တယောက် တိုးလာတယ် ဆိုတာ က လဲ ခင်မောင်ဦး တို့ ခင်မောင်လတ် တို့ လက်ထပ် လိုက်ကြလို့ သူစိမ်း တယောက် တိုးလာ တာ မဟုတ်ပါဘူး ။ ကိုဘဂျမ်း နဲ့ မအေးနု တို့ ရဲ့ သားဦး မောင်ချမ်းအေး မှာ နုနုအေး ဆို တဲ့ ညီမကလေး တယောက် တိုး လာတာပါ ။
ကိုဘဂျမ်း အံ့ဩတာ တခု တော့ ရှိတယ် ။ ခင်မောင်ဦး တို့ ခင်မောင်လတ် တို့ က အစ မောင်နှမ တတွေ အားလုံး သိပ် လိမ္မာကြ တယ် ။ အထူးသဖြင့် သူတို့ အမေ မရှိတော့ တဲ့ နောက်ပိုင်း မှာ ပိုပြီး လိမ္မာ လာကြတယ် လို့ ကိုဘဂျမ်း ထင်တယ် ။
အကြီး တွေ က အငယ် တွေ ကို ညှာ ကြတယ် ။ ကြီးစဉ် ငယ်လိုက် တယောက် အပေါ် မှာ တယောက် လဲ ဆင့်ကဲ ဆင့်ကဲ ကြင်နာတတ် ကြတယ် ။
မောင်နှမတတွေ သည်လောက် များပါ လျက် ကယ် နဲ့ သည် အိမ် မှာ အချင်းချင်း စကား များကြ ရန်ဖြစ်ကြ တာ မျိုး မတွေ့ရဘူး ။ တယောက် နဲ့ တယောက် လဲ သိပ် သံယောဇဉ် ကြီးကြတယ် ။ အငယ် တွေ က လဲ အကြီး တွေ ရဲ့ စကား ကို နားထောင် ကြတယ် ။
အဲ ... ကိုဘဂျမ်း နဲ့ မအေးနု တို့ က တော့ ၊ အစ်ကိုကြီး အဖ အရာ ၊ အစ်မကြီး အမိ အရာ ဆိုသလို ၊ တဖြည်းဖြည်း နဲ့ မိဘ ဖြစ်မှန်း မသိ ဖြစ်လာတယ် ။
ဟုတ်တယ်လေ ။ မအေးနု တို့ မောင်နှမ တွေ ထဲ က အငယ်ဆုံး ဖြစ်တဲ့ ခင်မောင်ထွေး ဆိုယင် ၊ သားဦး မောင်ချမ်းအေး ထက် နှစ်နှစ် ကျော်ကျော် သာ ကြီး တာပဲ ။ မအေးနု သာ နှစ်နှစ် စောပြီး အိမ်ထောင် ပြုခဲ့ယင် မောင်ချမ်းအေး လဲ သည် အရွယ် ရှိပြီ ပေါ့ ။
နောက် တယောက် ။ အငယ်ဆုံး ရဲ့ အထက် က နို့ညှာ ။ မလှနု ။ သူ က ကော ၊ သူတို့ အမေ ဆုံးတော့ ဘယ် အရွယ် ရှိသေး လို့လဲ ။ ငါးနှစ် ရှိသေးတာပဲ ။ တကယ်တော့ သည် မလှနု တို့ ခင်မောင်ထွေး တို့ ဆိုတာ ကလေးတွေ က လဲ သားသမီး ပါ ပဲ ။ ကိုဘဂျမ်း နဲ့ မအေးနု တို့ က လဲ ဝတ္တရား အရ တာဝန် အရ သာ သည် အငယ်ကလေး တွေ ကို ကျွေးမွေး ပြုစု ယုယ ကြတာ မဟုတ်ဘူး ။ သားရင်း သမီးရင်း နဲ့ မခြား ချစ်လဲ ချစ်ကြတယ် ။ ခွဲလဲ မခွဲခြားဘူး ။ ဆိုပါတော့ ၊ ကိုဘဂျမ်း နဲ့ မအေးနု တို့ ရဲ့ မေတ္တာ ကရုဏာ ကြောင့် လဲ သည် အငယ်တွေ ပိုပြီး လိမ္မာ လာကြတာ ဖြစ်မှာပါ ။
ဒါပေမယ့် ကိုဘဂျမ်း အံ့ဩမိတာ က ခင်မောင်ဦး တို့ ၊ ခင်မောင်လတ် တို့ ၊ မယဉ်နု တို့ ၊ မဖြူ နု တို့ လို အကြီး တွေ က လဲ သူတို့ အပေါ် မှာ သဘောထား ပြောင်းလဲ လာကြတယ် ။ ပို ပြီး တော့ အားကိုး လာကြ သလို ၊ ပို ပြီးတော့ လဲ ချစ်ခင်တွယ်တာ လာကြတယ် ။ ပို ပြီးတော့ လိမ္မာ လာကြ သလို ၊ ပိုပြီးတော့ လဲ လေးစား ကြည်ညို လာကြတယ် ။
ခင်မောင်ဦး ဆိုပါတော့ ။ အစပိုင်း တုန်း က ဆိုယင် သူ လဲ သား လေးယောက် ထဲ မှာ အကြီးဆုံး ပဲ ဆိုပြီး ၊ သူ့ ကို ပါ တိုင်ပင် ဆွေးနွေး ခဲ့ရကြတယ် ။ စီးပွားရေးလုပ်ငန်း နဲ့ ပတ်သက် ပြီး ၊ ဘာပဲ လုပ်မယ် ကြံကြံ ၊ ခင်မောင်ဦး နဲ့ ပါ ညှိနှိုင်း ဆောင်ရွက်ကြရတယ် ။
အခုတော့ အဲသည်လို မဟုတ်တော့ဘူး ။ ခင်မောင်ဦး ကိုယ်တိုင် က ကိုဘဂျမ်း ကို ယုံယုံကြည်ကြည် နဲ့ ခေါင်းဆောင် တင်တယ် ။ သူ့ ကို တိုင်ပင်ဆွေးနွေး မနေပါနဲ့တော့ တဲ့ ။ အစ်ကို ဂျမ်း နဲ့ အစ်မအေး တို့ ကောင်းမယ် ထင်သလို သာ ကြည့် ဆုံးဖြတ်ပြီး လုပ်ကြပါ တဲ့ ။ သူ့ ကို နောက်လိုက် နေရာ မှာ ပဲ ထားပါတဲ့ ။ ပေးချင်တဲ့ တာဝန် ပေး ၊ သူ နောက် က လိုက် လုပ်ပါ့မယ် တဲ့ ။
ဆိုလိုတာ က တော့ စီးပွားရေး အပိုင်း မှာ အောင်မြင်မှု ရလာတာ ကို အကြောင်းပြု ပြီး ၊ ကိုဘဂျမ်း ရဲ့ ခေါင်းဆောင်မှု ကို ယုံကြည်လာကြတယ် ။ ကိုဘဂျမ်း ရဲ့ ခေါင်းဆောင်မှု က ခိုင်မြဲ လာတယ် ။
ကိုဘဂျမ်း က လဲ အလုပ် လုပ် နိုင်တယ် ။ ကိုယ့် လက် ကိုယ့် ခြေ ၊ ကိုယ့် သဘော ဆန္ဒ နဲ့ ကိုယ် လုပ်ရလို့လား တော့ မပြောတတ်ဘူး ။ အလုပ် လုပ်တဲ့ နေရာ မှာ ဇွဲ ရှိတယ် ။ အပင်ပန်း ခံနိုင်တယ် ။ အသက် က လဲ ငယ်သေးတယ် မဟုတ်လား ။ ကလေး နှစ်ယောက် အဖေ ဖြစ်ပြီ ဆိုပေမယ့် ၊ သုံးဆယ် တောင် ရောက် သေးတာ မှ မဟုတ်ပဲ ။
အရွယ် က လဲ အရွယ် ကောင်း ။ ယူ ထားရတဲ့ တာဝန် ကလဲ နည်းတဲ့ တာဝန် မဟုတ် ။ ပြီးတော့လဲ ကိုဘဂျမ်း ရဲ့ ရည်မှန်းချက် ပန်းတိုင် က ကြီးပါဘိသနဲ့ ။ အင်မတန် သဌေး ဖြစ်ချင်တဲ့ လူ ။ အမြန်ဆုံးနည်း နဲ့ သဌေး ဖြစ်ချင်တဲ့ လူ ။
ဘဝ က တော့ သိတဲ့ အတိုင်း သူများ ရဲ့ အခွံ ထဲ မှာ ဝင် နေရတဲ့ ဝင်ကစွပ်ကောင် ပါ ။ တနည်း ပြောရယင် စိန်နားကပ် ရောင် နဲ့ ပါး ပြောင်ရတယ် ဆိုတဲ့ လူမျိုး ပါ ။
တချို့ မလိုတဲ့ လူ တွေ က ဆိုယင် လဲ သူ့ ကွယ်ရာ မှာ သည်လို ပဲ မှိုချိုးမျှစ်ချိုး ပြောတတ်ကြတာပဲ ။ တခါတလေ သူ့ နား အထိ တောင် ရောက် လာ သေးတာပဲ ။ တချို့ ရွယ်တူ တန်းတူ တွေ က ဆိုယင် နောက် သလို ပြောင် သလို နဲ့ “ သိုက်ဆရာ ” လို့ တောင် မှ ခေါ်တတ်ကြသေးတယ် မဟုတ်လား ။
ဒါတွေကို လဲ ကိုဘဂျမ်း မခံချင်ဘူး လေ ။
ဈေးချို ဆိုတာ က တော့ သိတဲ့ အတိုင်း ဈေးသည် တွေ နေတဲ့ နေရာ ပဲ ၊ အရောင်းအဝယ် ၊ စီးပွားရေးသမား တွေ ချည်း ရှိကြတဲ့ အရပ် ပဲ ။ ပညာတတ် ရယ် လို့ မရှိလှပါဘူး ။ ပညာတတ် တယ် ၊ မတတ်ဘူး ဆိုတာ က လဲ ကျောင်းစာ နဲ့ အောင်လက်မှတ် ကို ကြည့် ပြီး ပြောတာ မဟုတ်ပါဘူး ။ စာပေ နဲ့ မနီးစပ်တာ ကို ပြောတာပါ ။
တခြား ရုံတွေ က တခြား ကုန်ပစ္စည်း အရောင်းအဝယ် သမား တွေ ကို မပြောပါနဲ့ ။ မအေးနု တို့ ( စီ ) ရုံ ထဲ က စာအုပ် အရောင်းအဝယ် လုပ်တဲ့ ဆိုင်တွေ ကို ပဲ ကြည့်ပါ ။ မအေးနု တို့ ဆိုင် လို ပိဋကတ်စာအုပ်ဆိုင် တွေ က လွဲယင် ၊ ကျောင်းသုံးစာအုပ် အရောင်းအဝယ် ဆိုင်တွေ မှန်သမျှ ကု,လားတွေ ချည်းပဲ မဟုတ်လား ။ ကု,လားစစ်စစ်ကြီး မဟုတ် တောင် ကု,လားမြန်မာ ကပြားတွေ ပဲ မဟုတ်လား ။
ဆိုလိုတာ က စာအုပ် အရောင်းအဝယ် လုပ်ငန်း ကို လုပ်နေကြတယ် ဆိုပေမယ့် စာ မဖတ်ကြဘူး လေ ။ စာ နဲ့ ပေ နဲ့ လဲ မပတ်သက်ကြဘူးလေ ။
နော့ .... မအေးနု တို့ ဆိုင် ကတော့ ကော ။ တရားစာအုပ် တွေ အရောင်းအဝယ် လုပ်တဲ့ ဆိုင် ဖြစ်ပေမယ့် ၊ အဲသည် စာအုပ် တွေ ကို ဘယ်သူ ဖတ် သလဲ ။ မအေးနု တို့ အဖေ ရှိစဉ်တုန်း က တော့ ၊ မအေးနု တို့ အဖေ ဖတ် သလား မပြောတတ်ဘူး ။ မအေးနု နဲ့ ကိုဘဂျမ်း အကြောင်း ပါ မှ တော့ ၊ အဲသည် စာအုပ် တွေ ကို ဘယ်သူ မှ ကိုင် ကြည့်တာ ဖတ်တာ မတွေ့ဖူးပါဘူး ။ မအေးနု တို့ ခင်မောင်ဦး တို့ လို လူငယ် တွေ မပြောပါ နဲ့ ။ မအေးနု တို့ အမေ ကိုယ်တိုင် လဲ မဖတ်ပါဘူး ။
ဆိုလိုတာ က စာအုပ် အရောင်းအဝယ် လုပ် နေပေမယ့် ၊ စာ နဲ့ ပေ နဲ့ ပတ်သက် နေကြပေမယ့် စာ မဖတ်ကြဘူး ။
စာ မဖတ်ကြတော့ အရည်အချင်း လဲ မရှိကြဘူး ။ ကိုဘဂျမ်း ပြောချင်တာ က သည်လိုမျိုး အရည်အချင်း ပါ ။ ကျောင်းစာ မဟုတ်ပါဘူး ။ အောင်လက်မှတ် မဟုတ်ပါဘူး ။
ပြောယင်တော့ နာကြမလား မသိဘူး ။ စာ မဖတ်ကြတဲ့ အတွက် အရည်အချင်း မရှိကြဘူး ။ အရည်အချင်း မရှိကြ တဲ့ အတွက် မစ္ဆေရစိတ် တွေ လဲ များကြတယ် ။ သူများ တိုးတက် ကြီးပွားတာ ကို မြင်ရယင် မနာလို မရှုစိမ့် နိုင်ကြဘူး ။ သူများ ဒုက္ခ ရောက် နေတာ ကို တွေ့ကြရယင် စိတ် ထဲ က ဝမ်းသာ တတ် ကြတယ် ။
ကြားဖူး မှာ ပေါ့ ။ မန္တလေး က ဈေးချို ဆိုတာ ဈေးချို တာ မချိုတာ တော့ မသေချာဘူး ။ ပါးစပ် ချိုတာ ၊ အပြော ချိုတာ က တော့ သေချာတယ် ။
ဒါပေမယ့် အဲသည့် အပြော ချိုတယ် ဆိုတာ က လဲ ဝယ်သူ နဲ့ ရောင်းသူ စီးပွားရေး သဘော အရ ဆက်ဆံ ပြောဆိုကြတဲ့ အခါ မှာ သာ ချိုတာပါ ။ အချင်းချင်း အထဲ မှာ ကျတော့ မချို ကြပါဘူး ။
ကိုဘဂျမ်း သိတယ်လေ ။ ကိုဘဂျမ်း က မရှိဆင်းရဲ တဲ့ အကောင် မဟုတ်လား ။ သန့်သန့်ပြန့်ပြန့် ဝတ်စားဆင်ယင် ထား နိုင်ပေမယ့် ၊ သဌေး အိမ် မှာ ခိုကပ် နေရတဲ့ အကောင် မဟုတ် လား ။ အဲသည်လို အကောင်မျိုး က မအေးနု နဲ့ အကြောင်း ပါ လိုက်တော့ အမျိုးမျိုး ပြောဆို ဝေဖန်ကြတော့တာပေါ့ ။
ကိုဘဂျမ်း နဲ့ မအေးနု တို့ လူငယ် အချင်းချင်း မေတ္တာ မျှ ကြတာကို တောင် ကိုဘဂျမ်း က ပဲ လိမ်ညာ ကြွားဝါပြီး လှည့်ဖြား ဆွဲဆောင် ခဲ့ သယောင်ယောင် ။ မအေးနု မှာ အဖေ မရှိတော့ လို့ ၊ အထိန်းအကွပ် မရှိတော့ လို့ သာ ကိုဘဂျမ်း လက် ပါခဲ့ ရ သယောင်ယောင် ။ တကယ်လို့ မအေးနု တို့ အဖေ သာ ရှိ နေမယ် ဆိုယင် မအေးနု ကို ကိုဘဂျမ်း ဘယ်နည်း နဲ့ မှ မရနိုင်ဘူး လို့ ဆို သယောင်ယောင် ။ အမျိုးမျိုး ပေါ့ လေ ။ ဆိုင်နီးနားချင်း တွေ က အစ မလိုတမာ ပြောခဲ့ကြတာပေါ့ ။
အဖေ မရှိ တော့ လို့ ၊ အမေ က လဲ အသုံးမကျ လို့ ၊ မအေးနု တို့ စီးပွားရေး လုပ်ငန်းကြီး တခုလုံး ပဲ လူလိမ်လူကောက် တယောက် ရဲ့ လက် ထဲ ကို ရောက်သွားရ သယောင်ယောင် ။ မတရား ပြောတဲ့ လူတွေ က လဲ ပြောခဲ့ကြတာပေါ့ ။
ဒါတွေကို လဲ ကိုဘဂျမ်း မခံချင်ဘူးလေ ။
မခံချင်ပေမယ့် ကိုဘဂျမ်း ဘာမှ ပြန် မပြောခဲ့ပါဘူး ။ ဘယ်သူ့ ကို မှ ခွန်းတုံ့ မပြန်ခဲ့ပါဘူး ။ ပတ်ဝန်းကျင် က ပစ်ပစ် ခါခါ ဘယ်လို ပဲ ပြောပြော ၊ ကိုဘဂျမ်း ငုံ့ ခံခဲ့ပါတယ် ။
ကိုဘဂျမ်း ကိုယ် ကိုယ်ကို သိတယ် ။ မအေးနု ကို ချစ်ခဲ့တဲ့ သံယောဇဉ် နဲ့ ပတ်သက်လို့လဲ စီးပွားရေး သဘော မဖက်ပဲ ပကတိ သန့်စင်တယ် ဆိုတာ ကို သိတယ် ။
ပြီးတော့ ကိုယ့် မှာ ကြံနိုင်ဖန်နိုင် တဲ့ ခေါင်း ရှိတယ် ။ လုပ်နိုင်ကိုင်နိုင် တဲ့ ခြေလက်တွေ ရှိတယ် ဆိုတာကို လဲ သိတယ် ။ ပြီးတော့ လဲ မခံချင်တဲ့ စိတ် နဲ့ လုပ်ပြချင်တဲ့ ဆန္ဒ က ပို ပြင်းထန် လာတယ် ။
ကိုယ် အပေါ် မှာ မကောင်း ပြောကြ ၊ မကောင်း ထင်ကြ ပေမယ့် ၊ တဘက် က တွေး ကြည့်ပြန်တော့လဲ အဲသည့် လူတွေ ကို ကိုဘဂျမ်း ကျေးဇူး တင်မိတယ် ။ အဲသည် လူတွေ က အဲသည်လို ပြောကြလို့လဲ ကိုဘဂျမ်း မှာ မခံချင်စိတ် တွေ ဖြစ်လာတယ် ။
အဲသည် မခံချင်စိတ် တွေ ကြောင့် လဲ ကိုဘဂျမ်း ကြိုးစားတယ် ။ အပင်ပန်းခံ ပြီး လုပ်ပြတယ် ။
အေး ... တရားသဘော နဲ့ ပြောရယင် တော့ အပင်ပန်း ခံပြီး လုပ်နိုင်တယ် ဆိုတဲ့ ဝီရိယ တခုတည်း ရဲ့ အကျိုး ချည်း တော့ မဟုတ်ဘူးပေါ့ လေ ။ ကုသိုလ်ကံကလေး ကလဲ ပါ ပါလိမ့် ဦးမယ် ။ ကံ ရော ၊ ဉာဏ် ရော ၊ ဝီရိယ ရော ရဲ့ အကျိုး ဆိုပါ တော့ ။ ကံ ရော ၊ ဉာဏ် ရော ၊ ဝီရိယ ရော ကောင်းလာပြီ ဆိုတဲ့ အခါ မှာ တော့ ဘယ်သူ လိုက် ပြိုင်နိုင်တော့ မလဲ ။
ပြီး မျက်စိ ရှေ့ တွင် တနေ့တခြား စီးပွား တိုးတက် လာ တာ ကို မြင်ရတော့ ၊ ကိုဘဂျမ်း ရဲ့ အရည်အချင်း နဲ့ ပတ်သက် ပြီး ကဲ့ရဲ့ ရှုတ်ချတဲ့ အသံ တွေ လဲ ငြိမ်ကျ သွားကြတယ် ။ စီးပွားရေး နဲ့ ပတ်သက် လို့ စာအုပ်ဆိုင် တဆိုင် က နေ နှစ်ဆိုင် ဖြစ်လာတာ တွေ ၊ သံဖြူတန်း လမ်းဘေး ဆိုင် က နေ ရုံတော်ကြီး မှာ တိုက်ခန်းဆိုင် ဖြစ်လာတာ တွေ ၊ ညောင်စဉ်တန်းအိမ် က နေ တိုက် ဖြစ်လာတာ တွေ က လဲ ငြင်းနိုင်တာ တွေ မှ မဟုတ်ပဲ ။
ပြီးတော့ မအေးနု တို့ အမေ ဆုံးပြီးခါ စ က မောင်နှမ တတွေပဲ စိတ်ဝမ်း ကွဲ ကုန်ကြ သလိုလို ၊ အိမ် နဲ့ ဆိုင် ကို ရောင်းပြီး တော့ပဲ အမွေ ခွဲကြတော့ မလိုလို ပြောခဲ့ကြတာတွေ နဲ့ ပတ်သက် လို့လဲ အခုတော့ ဆိတ်ကုန်ကြပြီပေါ့ ။
အဖေအမေ မရှိတော့ ပေမယ့် မောင်နှမ ချင်း ကလဲ မကွဲ ကြ ။ မကွဲ ကြတဲ့ အပြင် ပိုပြီးတော့ တောင် မှ စည်းစည်းလုံးလုံး ညီညီညွတ်ညွှတ် ဖြစ်လာ ။ သူတို့ ဖြစ်စေချင် တဲ့ အတိုင်း စီးပွားရေးပိုင်း က လဲ မဆုတ်ယုတ် မကျဆင်း ။ အိမ် ကို လဲ မရောင်း ။ ဆိုင် ကို လဲ မရောင်း ။ မရောင်း တဲ့ အပြင် ရုပ် အခြေအနေ တွေ က ပိုပြီး တိုးတက် ဖွံ့ဖြိုး လာတာ ကို တွေ့ ရတော့ ပြောချင် တဲ့ လူ တွေ လဲ သိပ် မပြောသာ တော့ ပါဘူး ။
ဒါပေမယ့် လူတွေ ဆိုတာ က တော့ လူတွေ ပဲ ။ ပညာ အရည်အချ င်းမရှိကြတဲ့ လူတွေ ဆို တော့ ပို ဆိုး တာပေါ့ ။ ပြောစရာ မရှိပေမယ့် ကြံဖန် ပြီး တော့ ကာ ပြော နေကြတာပဲ ။ ကိုဘဂျမ်း အနေ နဲ့ ကတော့ ဒါတွေ ကို ဂရုစိုက် မနေ တော့ပါဘူး ။ သည် အချိန် ရောက်လာ မှ တော့ ဂရုစိုက် နေစရာ လဲ မလိုတော့ဘူးလေ ။ လူငယ်စကား နဲ့ ပြောရယင် တော့ ကိုယ့် လေတံခွန် က ကောင်းကင် လေ မိ နေပြီပဲ ။ မြေပြင် က တက်ခါစ တုန်း က လို သစ်ပင် တွေ ၊ ဓာတ်ကြိုး တွေ ၊ အိမ်ခေါင်မိုး တွေ နဲ့ ငြိပြီး စုတ်ပြဲစရာ အကြောင်း မရှိတော့ဘူး ။ အမြင့် မှာ လေကောင်းကောင်း ရပြီး ပျံဝဲ နေ နိုင်ပြီ ။ ပြောတဲ့ လူတွေ သာ ပြော ယင်း နဲ့ မော သွားကြရမယ် ။ ကိုဘဂျမ်း က တော့ ငြိမ့် နေပြီ ။
အမှန်တော့ သည် အခြေအနေ မျိုး အထိ ရောက်လာရ တာ က လဲ မအေးနု ရဲ့ ကျေးဇူး ကြောင့်ပါပဲ ။ ကိုဘဂျမ်း က ရှေ့ က နေပြီး ဘယ်လောက် ပဲ ကုန်းရုန်း လုပ် နေနေ ၊ နောက် ပိုင်း က မအေးနု မထိန်းသိမ်း နိုင်ယင်လဲ သည်လို တိုးတက်ဖွံ့ဖြိုး လာနိုင်မှာ မဟုတ်ပါဘူး ။
မအေးနု ထိန်းသိမ်းတယ် ဆိုတဲ့ နေရာ မှာ လဲ အပိုင်း နှစ်ပိုင်း ရှိတယ် ။ တပိုင်း က ငွေ ကို စီး တဲ့ ရေ ၊ ဆည် တဲ့ကန်သင်း ဆိုသလို ထိန်းသိမ်း တဲ့ အပိုင်း ။ နောက် တပိုင်း က မောင်ငယ် ညီမငယ် တွေ ကို ဥမကွဲ သိုက်မပျက် အောင် စည်းရုံး ထိန်းသိမ်း တဲ့ အပိုင်း ။
အမှန် ပြောရယင် မောင်ငယ် ညီမငယ် တွေ ဖြစ်တဲ့ လူ တွေ ကို စည်းရုံး ထိန်းသိမ်း ရတဲ့ အပိုင်းက ငွေ ကို သိမ်းဆည်း ထိန်းသိမ်း ရတဲ့ အပိုင်း ထက် အဆပေါင်း များစွာ ပို ခက်တယ် ။ ပေးတန် တာ ကို လဲ ပေး မှ ။ ကျွေးတန် တာ ကို လဲ ကျွေး မှ ။ ဆင်တန် တာ ကို လဲ ဆင်မှ ။ ပြင်တန် တာ ကိုလဲ ပြင်မှ ။ ပြီး ညီညီမျှမျှ လဲ ရှိမှ ။ နားလည် သဘောပေါက် လာအောင် လဲ ပြောပြနို င်မှ ။ သည် တာဝန် နဲ့ သည် အတတ်ပညာ တွေ က တော်ရုံတန်ရုံ အရည်အချင်း နဲ့ ဖြစ်နိုင်တာ မဟုတ်ဘူး ။ သည်ဘက် မှာ တော့ မအေးနု က သိပ် တော်တယ် ။ ကိုဘဂျမ်း တို့ သည် အခြေအနေ မျိုး ရောက်လာနိုင် တာ ကို က မအေးနု ရဲ့ နောက်ပိုင်း က အကူအညီ တွေ အများကြီး ပါတယ် ။
တကယ်တမ်း ပြောရမယ် ဆိုယင် လွယ်တာ မဟုတ်ဘူး ။ မအေးနု ရဲ့ အောက် မှာ က ခင်မောင်ဦး နဲ့ ခင်မောင်လတ် ၊ မောင် နှစ်ယောက် ဆင့်ရက် ။ တခြား အငယ် တွေ ကို ဘေးဖယ် ထားလိုက်ဦး ။ သည် မောင် နှစ်ယောက် ကို ပဲ စိတ်ဝမ်း မကွဲအောင် မလေလွှင့်အောင် ၊ နိုင်အောင် ထိန်းဖို့ ဆိုတာ လွယ်တာ မှ မဟုတ်ပဲ ။
အခုတော့ မောင် နှစ်ယောက် ဆိုတာ က လဲ မအေးနု ကြိုး ဆွဲရာ က ကြတဲ့ အရုပ် ။ ပေးသမျှ တာဝန် ကို လဲ ကျေပွန် အောင် လုပ်ကြတယ် ။ မအေးနု ရဲ့ စကား ကို လဲ မြေဝယ် မကျ နားထောင် ကြတယ် ။ မအေးနု ကို အကြောင်း ပြုပြီး ကိုဘဂျမ်း ကို လဲ လေးစား ကြည်ညိုကြတယ် ။ ကိုဘဂျမ်း ရဲ့ ဦးဆောင် ဦးရွက် ပြုမှု ကို လဲ တသဝေမတိမ်း လိုက်နာ ကြတယ် ။
ကိုဘဂျမ်း က လဲ အိမ်ထောင်စု တစု ရဲ့ ခေါင်းဆောင် ပီပီ အိမ်ထောင်စုဝင် အားလုံး ထက် ပိုပြီး အလုပ် လုပ် ပြတယ် ။ အလုပ် နဲ့ ခေါင်းဆောင်မှု ယူခဲ့တယ် ဆိုပါတော့ ။
ဒါပေမယ် သည်လောက် နဲ့ တင်းတိမ် ရောင့်ရဲပြီလား ဆိုတော့ လဲ ကိုဘဂျမ်း မတင်းတိမ် မရောင့်ရဲ နိုင်ဘူး ။
သည့် ထက် သည် ကြီးပွား ချင်သေးတယ် ။ သည့် ထက် သည် ချမ်းသာ ချင်သေးတယ် ။ လောဘ အဆုံး မသတ်နိုင်သေးဘူး ။
◾မောင်သာရ
📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
အတောင်ကျွတ်သော ကြိုးကြာ
ရေရှာ၍ မရသကဲ့သို့
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment