Tuesday, June 18, 2024

သင်းခွေချပ် ( ဒုတိယပိုင်း )


 

◾ပခုက္ကူသား နှစ်ယောက်

သူတို့ ပထမဦးဆုံး ရောက် လာသော ရက်လ ကို တော့ ကျွန်တော် ကောင်းစွာ မမှတ်မိတော့ပါ ။ ၁၉၇၇ ခုနှစ် ကုန်ခါနီး လောက် ထင်ပါသည် ။ တစ်ခုသော ညနေခင်း ဝယ် ကျွန်တော် ထမင်း စားသောက်ပြီး အိမ်ရှေ့ ကွက်လပ် ထဲ က ဆယ့်နှစ်ရာသီ ပန်းပင်ကလေး အောက် ၌ ပက်လက်ကုလား ထိုင် တွင် မှိန်း နေစဉ် အိမ်ရှေ့ ဝင်းပေါက် မှ “ ဆရာ .. ဆရာ ” ဟု ခေါ်သံ ကြား ရ၍ မျက်လုံး ဖွင့် ကြည့် လိုက်တော့ လူငယ် နှင့် လူရွယ် နှစ်ယောက် အကြီး ကောင် ကို ကျွန်တော် ကောင်းကောင်း သိပါသည် ။ ဟို ယခင် က ရှုမဝတိုက် တွင် စာစီသမား လုပ်ခဲ့သော အညာသား မောင်ထွန်းအောင် ၊ သူ့ မျက်နှာ က မည်းချိတ်ချိတ် ၊ သပိတ် ကို မျက်လုံး နှင့် ပါးစပ် ဖောက်၍ နှာခေါင်း တပ် ထားသည့် နှယ် ။ ကျန် လူငယ် ကို တော့ ကျွန်တော် တစ်ခါမျှ မမြင်ဖူးသေး ။

ကျွန်တော် ထိုင် ရာမှ ထ၍ တံခါး သွား ဖွင့်ပေးလိုက်ပြီး ...

“ ဟေး ... မောင်ထွန်းအောင် ဝင်လာ ကွာ ၊ မင်းတို့ ဘယ်က လှည့်လာကြတာလဲ ”

ထွီး ... နှစ်ယောက်စလုံး သောက် ထား လိုက်ကြတာ က လည်း ဟိန်းလို့ ။

“ ဦးလေး ဆီ တမင် လာခဲ့တာပဲ ။ ဟောဒါ ကျွန်တော့် တူ လေ ၊ ကျွန်တော် တို့ ပခုက္ကူ ကပဲ  ၊ ရောက်တာ မကြာသေးဘူး ၊ ဦးလေး စာ တွေ ဖတ်ပြီး သဘောကျ လွန်းလို့ တဲ့ ၊ ဦးလေး ကို တွေ့ချင်တယ် ဆိုတာ နဲ့ ကျွန်တော် ခေါ်ခဲ့တာ ” ဆိုပြီး သူ့ တူ ဘက် လှည့်၍ “ ဟေ့ကောင် ဒါပဲကွ မင်း တွေ့ချင်လှ တယ် ဆိုတဲ့ ဆရာ သော်တာဆွေ ငါ နဲ့ သိပ် ခင်တာကွ ”

သူ့ တူ ကတော့ ဘာမျှ မပြော ကျွန်တော့် ကြည့်ပြီး ပြုံးရုံ သာ ပြုံးနေပါ သည် ။ အချို့ ဆိုလျှင် ဝမ်းသာပါတယ် ဘာညာ နှင့် လက် ပါ ဆွဲ နှုတ်ဆက်ပြီး စကား ပြောပေလိမ့်မည် ။ အခု ဒီ မောင် က တော့ နှုတ်များ ဆွံ့ နေသလား ဟု အောက်မေ့ရအောင် ဘာသံ မျှ မထွက် ဒီတော့မှ မောင်ထွန်းအောင် က

“ ဟေ့ကောင် ဘာလဲ မင်း ပြောချင်တာ ပြောလေကွာ ” ဆိုတော့မှ တုံ့နှေးနှေး အသံ နှင့် ...

“ ဆရာ ကျွန်တော် တို့ နဲ့ အတူ အရက် သောက် ရအောင် လာ ခေါ်တာ ပါ ၊ ကြိုက် တဲ့ ဟိုတယ် သွားပါ ”

ဒီတော့ ကျွန်တော် က “ ဟာ ငါ ထမင်း စားပြီး နေပြီကွ ၊ အရက် သောက် လို့ မရတော့ဘူး ၊ နို့ပြီး ငါ အခုတလော အရက် သိပ် မသောက်တော့ ဘူး ကွ ၊ မင်းတို့ နှစ်ယောက် ပုံသဏ္ဌာန် ကြည့်ရတာ လည်း တော်တော် ထွေနေ ကြပြီ ၊ နောက်ထပ် ဆက် သောက်ဖို့ မသင့်လျော် တော့ဘူး ထင်တယ် ”

ဤတွင် ထွန်းအောင် က “ ဟာ ... ရပါတယ် ဆရာ ရဲ့ လာပါ ။ ဆရာ မူး ရင် ကျွန်တော် တို့ ကား နဲ့ ပြန်ပို့ပါမယ် ” 

“ ဟေ့ အေးကွာ ၊  ငါ က မသောက်တော့ဘူး ဆိုရင် မသောက်တော့ဘူး ဘဲ ၊ မင်းတို့ လည်း ငါ ပြော ချင်တယ် ၊ ဒီ ည အဖို့ တော်ကြတော့ ၊ ငါ့ ကို တမင်တကာ တွေ့ ရအောင် လာကြတယ် ဆိုတော့... ကဲ - ဟောဒီမှာ လာ ထိုင်ကြ ” ဆိုပြီး ကျွန်တော် သူတို့ အား အိမ်တွင်း ခေါ် နေရာထိုင်ခင်း ပေး၏ ။ ကု,လားထိုင် ပေါ် ထိုင်မိတယ် ဆိုရင်ပင် ထွန်းအောင် က ဇက်ကျိုး နေပေပြီ ။ သို့သော် ပါးစပ် က တော့ -

“ ဆရာ ဟောဒါ ကျွန်တော့် တူ ပဲ ၊ ဆရာ့ စာတွေ သိပ် ကြိုက်တာ ဦးလေး ကို တွေ့ချင်တယ် ဆိုလို့ ကျွန်တော် ခေါ်ခဲ့တာ ။ ဟေ့ကောင် ခု မင်း ဆရာ ကို တွေ့ပြီလေကွာ ၊ မင်း ဘာ ပြောချင်သလဲ ပြောချင်တာ ပြောလေကွာ ”

သူ သည် ကျွန်တော့် အား ဆရာ တလဲ ဦးလေး တလဲ ခေါ်လျက် အမူးသမား အပ်ကြောင်း ထပ် လုပ် လေပြီ ၊ သူ့ တူ က တော့ သူ့ လောက် မူးဟန် မတူပါ ။ သို့သော် စကား က တော့ အလွန် နည်းသော သူငယ် ဖြစ်ပုံ ပေါ်၏ ။ ဘာမျှ မပြော တော်ကြာတော့ မှ တစ်ခါ ထွန်းအောင် က “ ဦးလေး အဲဒါ ကျွန်တော့် တူ ပဲ ၊ ဆရာ့ ကို တွေ့ချင်တယ် ဆိုလို့ ကျွန်တော် ခေါ်ခဲ့တာ ၊ ဟေ့ကောင် ပြော လေကွာ ၊ မင်း ဆရာ နဲ့ တွေ့ရင် ပြောချင်တာတွေ ရှိတယ် ဆို ”

သူ့ တူ က ဘာမျှ မပြောဘဲ နေပြန်၍ တော်တော် ကြာ မှ ထွန်းအောင် က စကား ဆက် ပြန်၏ ။ ဟေ့ကောင် ပြောလေကွာ ... ဦးလေး ရေးတဲ့ ကြက် သမား အကြောင်း စာတွေ သိပ် ကြိုက်တာပဲဆို ၊ ဒီမှာ ဆရာ ဒီကောင် ကျွန်တော့် တူ ၊ သူ လည်း ဦးလေး လို ကြက်သမားပဲ “ ဟေ့ကောင် ပြောလေကွာ ”  ။

သို့တိုင် သူ့ တူ က အရက် မူးမူးရီဝေဝေ မျက်နှာ နှင့် ပြုံးစိစိ သာ လုပ် နေပြန် သဖြင့် ကျွန်တော် က လမ်းကြောင်း ပေးရ၏ ။

“ ဟုတ်လား ၊ မင်း လဲ ငါ့ လိုပဲ ကြက်ဝါသနာ ပါသလား ” 

ဒီတော့မှ “ ဟုတ်ကဲ့ ဆရာ ”

“ ဒါဖြင့် မင်း မှာ တိုက်ကြက် တွေ ဘာတွေ ရှိတယ်ပေါ့ ” 

“ ရှိတယ် ဆရာ ”

ဤမျှနှင့် ရပ်နေ ပြန် သဖြင့် ထွန်းအောင် က မှိန်း နေရာမှ မျက်လုံး ဖွင့်ပြန် ကာ ....

“ ဟေ့ကောင် ပြောလေကွာ မင်း ကြက်တွေ ရန်ကုန် ယူ လာပြီး ဆရာ နဲ့ အတူတူ တိုက်ချင်တယ် လို့ ”

သည်တော့မှ သူ့ တူ က ....

“ ဟုတ်ကဲ့ ဆရာ ... ဆရာ ကို လည်း ကျွန်တော် က ကြက် ကောင်းကောင်း ပေးချင်ပါတယ် ”

“ အေး ... ကျေးဇူး တင်ပါတယ်ကွာ ”

“ နောက် တစ်ခါ လာတော့ ကျွန်တော် ယူခဲ့မယ် ဆရာ ”

“ အေးကွာ ၊ ဒါနဲ့ မင်း နာမည် ပြောပါဦး ”

“ ကျွန်တော့် နာမည် မောင်အုန်းကြိုင် ပါ ”

သည်တော့ ထွန်းအောင် က လုပ်ပြန်၏ ။

“ ဟုတ်တယ် ဆရာ ၊ ဒီကောင့် နာမည် အုန်းကြိုင် ကျွန်တော့် တူ ၊ ဆရာ့ စာတွေ သိပ်ကြိုက်တာပဲ ... ဆရာ နဲ့ တွေ့ချင်တယ် ဆိုလို့ ဦးလေး ဆီ ကျွန်တော် ခေါ်ခဲ့တာ ၊ ဟေ့ကောင် မင်း ဆရာ့ ကို ပြောစရာ ရှိတယ် ဆို ပြောလေကွာ ”

အင်း ... သည် ဓာတ်ပြား အပ်ကြောင်းထပ် ပဲ လာ ပြန်တော့ ကြာ ကြာ နေလို့ဖြင့် အကြောင်း မထူးတော့ဘူး သိသည် နှင့် သူ့ တူ အား

“ ကဲ... မောင်အုန်းကြိုင် ရေ မင်း ဦးလေး အခြေဖြင့် တယ် မဟန်တော့ ဘူး ၊ နောက်မှ မင်း တစ်ယောက် တည်း အေးအေးဆေးဆေး လာချင် လည်း လာခဲ့တော့ ၊ ခု ည တော့ ပြန်ကြတော့ ဟေ့ ၊ နောက် ထပ် အရက်ဆိုင် လည်း မသွားကြနဲ့ တော့ ”

ယင်းသို့လျှင် ကျွန်တော် သူတို့ အား နှင်ထုတ် လိုက်ရတော့၏ ။ ထို့နောက် ကျွန်တော် သူတို့ ကို မေ့မေ့ပျောက်ပျောက် ဖြစ် သွား၏ ။ သူတို့ အမူးသမား စကားများ လည်း ကျွန်တော် ဘာမျှလည်း မမျှော်လင့် တော့ ။ မယုံခဲ့ ။ သို့သော် နှစ်လ ကျော်ကျော် မျှ ကြာသော အခါ၌ ထို နေ့ ကိုတော့ ကျွန်တော် မှတ်မိ ရပေပြီ ။ ၁၉၇၈ ခု ၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ခင်းကြီး မှာ သူတို့ သည် သောက်ခဲ့ခြင်း မူးခြင်း မရှိဘဲ နှစ်ယောက်သား ကျွန်တော့် အိမ် ရောက် လာပြန် လျက် မောင်အုန်းကြိုင် က ပခုက္ကူ မှ ကြက်များ ယူခဲ့ပြီ ဖြစ် ကြောင်း ပြော၏ ။ သည်တော့ ကျွန်တော့် မှာ ဝမ်းသာအားရဖြစ်လျက် ....

“ ဟေ့ .. ဘယ်နှစ်ကောင်လဲ ကွ ”

“ သုံးကောင် ဆရာ ”

“ ကြက်ကြီးတွေ လား ၊ ကြက်ကလေးတွေ လား ” 

“ ကြက်ပေါက် က တစ်ကောင် ၊ တက်ရိုး က နှစ်ကောင် ဆရာ ၊ အဲဒါ ဆရာ ကြိုက်တဲ့ အကောင် ရွေး ယူပေတော့ ”  

“ အခု ကြက်တွေ က ဘယ်မှာလဲ ”

မောင်ထွန်းအောင် က “ ကျွန်တော့် အိမ် မှာ ပေါ့ ဆရာ ၊ ကျွန်တော်တို့ အခု တစ်ခါတည်း ယူလာမယ်လို့ စိတ်ကူးသား ၊ ဒါပေမယ့် ဆရာ အိမ် မှာ မှ ရှိပါ့မလား လို့ ၊ အခု ကျွန်တော် တို့ ပြန် ယူလိုက်မယ်လေ ”

ကျွန်တော့် မှာ ကြက် ရမယ် ဆိုတော့ မစောင့်နိုင် မအောင့်နိုင်တော့ ဘဲ ...

“ မင်း တို့ အိမ် ငါ လိုက်ခဲ့မှာပေါ့ ကွ ၊ မင်း အိမ် က ဘယ်မှာလဲ ”

“ အုတ်ကျင်း မာလာမြိုင် တစ်လမ်း ”

“ အနီးကလေးပဲ ကွ ၊ လာသွားကြစို့ ” ဆိုပြီး ကျွန်တော် ကပြာကယာ ရှပ်အင်္ကျီ ကောက် ဝတ်ပြီး လိုက် သွားတော့သည် ။

သို့သော် သူတို့ အိမ် ရောက် ၍ ကြက် သုံးကောင် မြင် ရတော့ ကျွန်တော် တော်တော် စိတ်ပျက် သွား၏ ။ အကြောင်း မှာ သူတို့ ပြောသည့် ကြက်ပေါက် ( အခါလည် မပြည့်သေး ၊ ၁ဝလသား လောက် ) တစ်ကောင် နှင့် တက်ရိုး ( အတက် လက် တဆစ်လောက် တမွေးတိုး နှစ်ခါလည် ကျော် ) နှစ်ကောင် ဆိုသည့် အနက် မှ ကြက်ပေါက် ဇိမ်းကလေး နှင့် တက်ရိုး ကြက်ဝါလေး တို့ မှာ ပီစိကွေး ၊ ကြက် အငယ်စားလေးများ ဖြစ်ကုန်၏ ။ ရန်ကုန် တွင် သည်လောက် ကြက်အငယ်စားလေးများ က တိုက်ဖက် ရှား၏ ။ အရွယ်တူ တွေ့ ခဲ၏ ။ မနေနိုင် လျှင် ကိုယ် က အောက်ကျ ခံ၍ တိုက်ဖို့ သာ ရှိ၏ ။ ကျန် သည့် တက်ရိုး တစ်ကောင် ပြာဖောင်းမီးခိုးရော င်မှာ သူတို့ ထက် ကြီး၍ ရန်ကုန် တွင် ကြက်တန်းစေ့ ဒေါက်ဆယ်ပြား ( ဆယ်လက်မ ) လောက် ရှိပါ သော်လည်း အမွှေးအတောင်တွေ စုတ်ပြတ် နေ၏ ။ တစ်ကိုယ်လုံး ဒဏ်ရာ ဒဏ်ချက် တွေ နှင့် ရင်ဘတ်ချွန်း တည့်တည့် မှာ လက်သန်းလုံး လောက် ရှိသော သစ်ဆွေးနာ ၊ ခြေသန်း နှစ်ဘက် က ခြေသည်းများ ပြတ်ပြီး ဖူးရောင် နေသည် ။ တကောက်ကွေး နှစ်ဘက် လည်း ပွန်းပဲ့ နေသေး၏ ။ ဤ ဒဏ်ရာမျိုး ကား တော်တော် နှင့် ပျောက်ကင်း တတ်ကြသည် မဟုတ်ပေ ။ ဤ ဒဏ်ရာ တွေ ရသည် မှာ ကာလ ကြာပြီ ဖြစ်ကြောင်း လည်း ကျွန်တော် က ကြက်သမား မျက်စိ နှင့် သိ၏ ။ ထို့ကြောင့် ကျွန်တော် က မောင်အုန်းကြိုင် အား ...

“ မင်း က ဒီ ကြက် ကို ဘာလုပ်ဖို့များ ယူခဲ့တာလဲကွာ ” 

“ တိုက်ဖို့ ပေါ့ ဆရာ ရဲ့ ”

“ ဟ ... ဒီလောက် အမွေးအတောင် တွေ စုတ်ပြတ် ပြီး တစ်ကိုယ်လုံး မှာ ဒဏ်ရာဒဏ်ချက် တွေ နဲ့ ပြည့် နေတဲ့ ကြက် ကို ဒီ ဒဏ်ရာ တွေ ပျောက် အောင် ဘယ်လောက် ကြာ စောင့်ပြီး မှ တိုက်ရမှာလဲ ဟ ”

ဟု ပြော လိုက်တော့ သူတို့ နှစ်ယောက်သည် တစ်ယောက် နှင့် တစ်ယောက် ပြုံးစိစိ နှင့် ကြည့် လိုက်ကြပြီး နောက် မှ မောင်ထွန်းအောင် က ...

“ ဟင် ... ဦးလေး က လည်း ဒီ ကြက် ဒီ ရောက်ပြီး မှ ကျွန်တော် တို့ တိုက် ပြီးတာ အခု ၃ ရက် ပဲ ရှိသေးတယ် ” 

ကျွန်တော် မှာ အလွန်တရာ အံ့အားသင့် လျက် ...

“ ဟေ ... ဟုတ်လားကွာ ”  ဟု ဆိုပြီး ထို ကြက် မျက်နှာကို ကျွန်တော် စူးစိုက် ကြည့် လိုက်တော့ ဟုတ်ပါသည် ။ လွန်ခဲ့သော သုံးလေးရက် လောက် က မှ ခွပ်ထားသော ခွပ်ဖေးခြောက်ကလေး အနည်းငယ် မျှ တွေ့ရ ပါသည် ။

“ မင်းတို့ ဟာ ရမ်းလှချေလား ကွာ ၊ ဘယ်လို ကြက် နဲ့ များ တိုက်တာလဲ ကွာ ”

“ ဒီ အုတ်ကျင်း က ကြက်သမားတွေ ကြက် နဲ့ ပဲ ”

“ ကြက်ချင်း က အရွယ် တူ လား ”

“ သူတို့ ကြက် အကောင် ကြီးတယ် အတက် တို တယ် ၊ ကျွန်တော် တို့ ကြက် က အတက် ရှည်တယ် ၊ ချွန်တယ် အဲဒါနဲ့ ထေ တိုက်ကြတာပဲ ” 

“ ဘယ်လောက်ကြေး လဲ ” 

“ မများပါဘူး ၅၅ိ - ထဲ ပါ ”

“ နို့ ရှုံးလား နိုင်လား ”

“ သရေ လုပ်လိုက်ရတယ် ဆရာ ရယ် ၊ ခွပ်တော့ ကျွန်တော် တို့ ကြက် က ချည်းဆူးတာ ၊ သူတို့ ကြက် မလှုပ်နိုင်တော့ဘူး ၊ ဒါပေမယ့် ကျွန်တော် တို့ ကြက် က လည်း လိုက် မခွပ်တော့ဘူး ၊ ဒါနဲ့ သူတို့ က သရေ လုပ်ပါ ဆိုလို့ လုပ် လိုက်ရတယ် ”

ထိုအချိန်၌ လန်းလန်းဆန်းဆန်း မရှိ ၊ မျက်နှာ ဖြူဖတ်ဖတ် နှင့် ကုတ်မှိုင် နေသော ထို ကြက် ကို ကြည့်၍ ...

“ မင်းတို့ ကြက် က လိုက် ခွပ်နိုင်ပါ့မလား ဒဏ်ရာ ဒဏ်ချက် တွေ နဲ့ ကျန်းကျန်းမာမာ မှ မရှိတာဘဲ ၊ မရှံး တာ ကံကောင်းကွာ ” 

ထိုအခါ မောင်အုန်းကြိုင် က ...

“ ဆရာ ဒီ ကြက်မျိုး မှာ ရှုံးတယ်လို့ မရှိရဘူး တဲ့ ၊ သူ့ သခင် က ပြော လိုက်တယ် ၊ ရွယ်တူရွယ်တန်း သာ ရှာ တိုက် မတော်မတဲ့ ရှုံးတဲ့ သူ့ ကြက် မသေဘူး ဆိုရင် ကျိုးကျိုးကန်းကန်း ပြန် ပို့ ၊ အချိန်မရွေး ငွေ တစ်ရာ ပြန် ပေး မယ်တဲ့ ၊ ကျွန်တော် အခု ယူလာခဲ့တဲ့ ကြက် ၃ ကောင် ထဲ မှာ ဒီ ကြက် က မျိုး အကောင်းဆုံးပဲ ၊ ဆရာ့ ပေးဖို့ ကျွန်တော် ရည်ရွယ် ခဲ့တာပဲ ” 

သည်တော့ ကျွန်တော် က မျက်နှာ ရှုံ့မဲ့၍ ...

“ ဟာ ... သည်လောက် အမွှေးအတောင်တွေ စုတ်ပြတ် ပြီး ဒဏ်ရာ ဒဏ်ချက်တွေ နဲ့ ပြည့် နေတဲ့ ကြက် တော့ ငါ မလိုချင်ဘူးကွာ ”

“ ဒါဖြင့် ဟောသည် နှစ်ကောင် က ဆရာ ကြိုက်တာ ယူပေတော့ ” 

ထို နှစ်ကောင် လည်း ကြက် အရွယ်လေးတွေ က ငယ်လွန်း သဖြင့် ကျွန်တော် မလိုချင်လှပါ ။ သို့သော် သူ့ ခမျာ ပခုက္ကူ မှ တတူးတက ယူခဲ့ပြီး တမင်္ဂလာ အလကား ပေးတယ် ဆိုတော့ ငြင်းရန် မသင့်သည် နှင့် ...

“ အေးကွာ ဒါဖြင့် ငါ ဒီ ဇိမ်းကြက်ပေါက်ကလေး ပဲ ယူသွားတော့မယ်ကွာ ၊ ကြက်ကလေးတွေ က ဒို့ ရန်ကုန် အဖို့ ငယ်လွန်းတယ်ကွ ” 

မောင်အုန်းကြိုင် က “ ကျွန်တော် တို့ ဆီမှာ တော့ တိုက်ကြက် ဆိုရင် ဒီ အရွယ် တွေ များတာပဲ ”

“ ဒီလို ကြက်ငယ်လေးတွေ က ကောင်းတော့ ကောင်းတတ်တယ်ကွ ၊ ဒါပေမယ့် ဘက် ရှားတယ် ”

“ နည်းနည်းပါးပါး တော့ အကြီး ပေး တိုက်ပါ ဆရာ ရယ် ။ ဆရာ တို့ ရန်ကုန်ကြက် တွေ ကို မကြောက်ပါဘူး ”

“ အေး .. ဒါနဲ့ မေးရဦးမယ် ၊ မင်း ဒီ ကြက်လေး ဟာ သေသေချာချာ ပတ်ပတ်နပ်နပ် ခွပ်ဖူး ပြီလား ”

“ ခွပ်ဖူးပါတယ် ၊ ဟိုမှာ တစ်ပွဲ တောင် စမ်း တိုက်ခဲ့ပြီ ။ ကောင်းလို့ ကျွန်တော် ယူခဲ့တာပါ ။ ဘက် တွေ့ ရင် ဆရာ တိုက် သာ တိုက် ပေရော့ ၊ ကျွန်တော် ဖို့ လဲ ထည့်လောင်း လိုက်ပါ ”

“ အေး ... တနင်္ဂနွေနေ့ တော့ ငါ့ အိမ်နောက်ဖေး မှာ ဝိုင်း ဖြစ်တတ် တာပဲကွ ၊ မင်းတို့ လာခဲ့ပေါ့ ” 

( ထိုနေ့ သည် ဖေဖော်ဝါရီလ ၄ ရက် စနေနေ့ ဖြစ်ရာ )

“ ဒါပေမယ့် နက်ဖြန် တနင်္ဂနွေ တော့ မလာနဲ့ဦးကွ ၊ ငါ တခြား သွားစရာ ကိစ္စ ရှိနေလို့ ”

သို့နှင့် ဖေဖော်ဝါရီလ ၁၂ ရက် နောက် တနင်္ဂနွေ တော့ သူတို့ နှစ်ယောက် ကျွန်တော့် အိမ် ရောက် လာကြသည် ။ သူတို့ ကြက်ဝါလေး သာ မက ဒဏ်ရာဒဏ်ချက်တွေ နှင့် အမွေးအတောင်တွေ စုတ်ပြတ် နေသော ဟို - ပြာမီးခိုးရောင် ကို ပါ ယူ လာကြသည် ။ ထို ကြက်အမြီးတွေ က အားလုံး ကျိုးပြတ် နေ၍ အငုတ်တွေ က လက် နှစ်ဆစ် ခန့်သာ ရှိ သဖြင့် ကျွန်တော် တို့ ဆီ က ကြက်သမားတွေ က သူ့ ကို “ ဗြာမြီးတို ” ဟု အမည် ပေး လိုက်ကြသည် ။

စင်စစ် ဤ ကြက် ပုံသဏ္ဌာန် သည် သည်လောက် အမွေးအတောင် စုတ်ပြတ်ပြီး ဒဏ်ရာဒဏ်ချက် တွေ များ နေပေရာ ကြက်သမား မျက် စိ နှင့် ကြည့်သော် ဘယ်လိုမှ တိုက်ဖို့ မသင့်လျော် သဖြင့် ဒီ က ကြက်သမားများ က ...

“ ဒီကြက် ဘာလုပ်ဖို့ ယူ လာတာလဲ ” မေးတော့ မောင်အုန်းကြိုင် က “ တိုက်ဖို့ပေါ့ ” ဟု ပြော တော့ သည် က ကြက်သမားများ အံ့သြကြသည် ။

သို့နှင့် စံပယ်ခြံ က ရောက် လာသော ကြက်ဖ တစ်ကောင် နှင့် ဆွယ် ကြသည် ။ ကြက် အလုံးချင်း သာ တူသည် ။ ဒေါက် နှင့် လည်ဂိုင်း မှာ စံပယ်ခြံ ကြက် က တော်တော် မြင့် နေသည် ။ စင်စစ် ကြက်သမား မျက်စိ နှင့် ကြည့်သော် စံပယ်ခြံကြက် ကို သူတို့ ဗြာမြီးတို က ဘယ်နည်း နှင့် မှ ခံ မတိုက်နိုင် မတိုက် သင့် ။ ထို့ကြောင့် ကျွန်တော် နှင့် ကျွန်တော့် ဘက် က လူများ က ..

“ ဟာ .. ဒီ ကြက် နှစ်ကောင် ဘက် မှ မဟုတ်တာ ၊ ဗြာမြီးတို က မတိုက်ဝံ့ ပါဘူးဗျာ ” ဟု ကာဆီး ပြောတော့ မောင်အုန်းကြိုင် က “ ဟာ .. တိုက်မယ် ဆရာ ” ဟု ဇွတ် ပြော သဖြင့် ကျွန်တော် က “ ဟ .. ကောင်ရ ၊ မင်း က ဘယ်လောက်များ ငွေ ပေါ နေလို့လဲ ” ဆိုတော့ သူ က ဘာမျှ ပြန် မပြော ၊ မျက်လုံး ပုတ်ခတ်ပုတ်ခတ် သာ လုပ်နေသည် ။ “ မင်းတို့ ကြက် ဟာ လွန်ခဲ့တဲ့ စနေနေ့ မင်းတို့ ဆီ ငါ ရောက်လာတုန်း က တိုက် ထားတာ သုံးရက် ပဲ ရှိသေးတယ် ပြောတယ် ၊ အခု ဒီနေ့ ဆိုတော့ တွက် ကြည့်ကွာ ၁၂ ရက် ပဲ ရှိ သေးတယ် ။ ကြက် တစ်ကောင် ဟာ သုံးပတ် ခြား လောက်မှ တိုက်ရတာ ကွ ။ နို့ပြီး မင်း ကြက် မှာ က ဒဏ်ရာဒဏ်ချက်တွေ နဲ့ ဟို ကြက် ကို တစ်ချက်တည်း အသေ ခွပ်လိုက်နိုင်မှပဲ နိုင်မယ် ”

သို့တိုင် သူ က မလျှော့ ၊ သူ့ ပင်ကိုယ် ပျော့ညက်ညက် အသံ နှင့် -

“ ကျွန်တော့် ကြက် ခွပ်နိုင်ပါတယ် ဆရာ ”

“ ဟ .. ဒါဖြင့်ရင် မင်းတို့ အရင် အုတ်ကျင်း မှာ တိုက်တုန်း က ဘာဖြစ်လို့ သရေကျသလဲ ”

“ အဲသည်တုန်း က ကျွန်တော့် ကြက် က ပခုက္ကူ က ရောက်ခါစ ခရီးပန်း ပြီး ညောင်းလဲ နေလို့ ၊ နောက်ပြီး ကျွန်တော် က လည်း ကြက်စွဲ မတတ် လို့ အခု ဆရာတို့ ဆီ က လူစွဲ တိုက်ပါ ”

ဤတွင် စံပယ်ခြံ ကြက်သမားများ က ...

“ သူ့ ဥစ္စာရှင် က ဒီလောက် တောင် တိုက်မယ် ပြော နေတာ ဆရာ က ဖျက် မနေပါနဲ့ဗျာ ၊ ဆရာ ဒိုင် လုပ်တဲ့ လူ  က အကောက် ရ ပြီးရော မဟုတ်လား ” 

ဤစကား သည် မှန်ပါ၏ ။ သို့သော် တစ်မြို့တစ်နယ် မှ ကျွန်တော့် တစ်မျက်နှာ အားကိုး ပြီး လာ သူ အား ကိုယ် အကောက် ရ ပြီးရော ဟု မျက်နှာလွှဲ ခဲပစ် မလုပ်သင့် သဖြင့် ...

“ ကဲ ... မောင်အုန်းကြိုင် မင်း ဘယ်လောက် တိုက်ချင် သလဲ ” 

“ ကျွန်တော့် မှာ ငွေ ၅ဝဝိ - ကျော် လောက် တော့ ရှိတယ် ”

“ ဟ ဟ နိုင်ပုံ မပေါ်တာကြီး ၊ ဒီလောက် တော့ မလုပ်နဲ့ ။ ကဲ .. ကဲ ဒီလိုလုပ် ၊ မင်း ကြက် အကြောင်း သိရရုံပဲ ၁၁ဝိ - တော့ တိုက် ”

ယင်း၌ မောင်အုန်းကြိုင် က ကျွန်တော့် စကား နားထောင် သော အားဖြင့် ခေါင်းညိတ် ပါ သော်လည်း စပယ်ခြံ ကြက်ရှင် က ၃၃ဝိ - မှ မတိုက် ပါ က သူ့ ကြက် မတိုက်နိုင်ပါဘူး ဟု လုပ်တော့၏ ။ မောင်အုန်းကြိုင် က တိုက်မယ်ပဲ လုပ် ပြန်ရာ ကျွန်တော်တို့ ကြက်သမားများ အနေဖြင့် မည်သို့မျှ မသင့်လျှော် သဖြင့် ကျွန်တော် က တစ်ခါတည်း အပြတ် ပြောလိုက်ရတော့ သည် ။

“ ကဲ .. ခင်ဗျားတို့ ၁၁ဝိ - မှ မတိုက်နိုင်ဘူး ဆိုရင်ဖြင့် ပြန်ကြ တော့ဗျာ ” ဟု လူစုခွဲ ပစ်လိုက်ရတော့၏ ။

ထို လူတွေ ပြန် သွားကြ သော်လည်း မောင်အုန်းကြိုင် က တော့ တိုက်ရင် နိုင်ပါတယ် ဆရာ လုပ်တုန်း ။ စံပယ်ခြံကြက် ဘယ်လောက် ကောင်း သလဲ မြင်ဖူး နေကြသော ကျွန်တော် တို့ ရန်ကုန် ကြက်သမားများ ကတော့ ဘယ်နည်း နှင့် မှ မယုံနိုင် ။

◾ဗြာမြီးတို ၏ သတင်း

သို့နှင့် သုံးရက် ကြာသော အခါ ဖေဖော်ဝါရီလ ၁၅ ရက် နေ့ ၌ ကျွန်တော် တို့ ဘက်သား လူစု ကျွန်တော့် အိမ် ရောက်လာကြပြီး တိုက်ကြက်များ နှင့် ပတ်သက် လျှင် ရန်ကုန် ဧရိယာ တွင် နှံ့စပ်လှသော ကိုအောင်သိန်း က ကျွန်တော့် အား ..

“ ဆရာ ဟိုနေ့ က ဗြာမြီးတိုရှင် က သူ့ ကြက် နိုင်နိုင်ပါတယ် ၊ နိုင်နိုင်ပါတယ် ပြောနေတာ ဟုတ်နိုင်လောက်တယ် ဆရာ ရဲ့ ”

“ ကိုအောင်သိန်း က ဘယ်လို အထောက်အထား များ ရခဲ့လို့တုန်း ” 

“ အုတ်ကျင်း မှာ သူ့ ကြက် နဲ့ တိုက်တော့ သရေကျတယ် ဆိုတဲ့ ကြက် ဖက် က လူတွေ နဲ့ တွေ့ခဲ့တယ် ။ ဒီ ကောင်တွေ ကျွန်တော့် သူငယ်ချင်း တွေ ပဲ ၊ အမှန် က ဗြာမြီးတို က နိုင် နေတာ ။ ဒါပေမယ့် ဗြာမြီးတို က ခရီး က လည်း ပန်း ၊ သိပ်ပြီး လည်း နေ မကောင်းတော့ ဟို ကြက် က ဝိုင်း ထဲ လဲ နေတာကို လိုက် မခွပ်နိုင် တော့ဘူး ။ ဆရာ့ ကောင်လေး က လည်း ကြက်စွဲ က မတတ် ၊ လိုက် ခွပ်အောင် လည်း မလုပ်တတ်ဘူး ။ ဒီတော့ ဟို လူတွေ က ( ဒို့ ကြက် လည်း လဲ နေပြီ ၊ မင်း တို့ ကြက် လည်း မလှုပ်နိုင်တော့ဘူး ၊ ဒီတော့ သရေပဲ ) ဆိုပြီး ကောက် လိုက်တာ ။ တကယ်တော့ သူတို့ ကြက်ဟာ ဝိုင်း ထဲ မှာ မျော့မျော့ ပဲ ရှိတော့တာ ။ လက် ထဲရောက်တော့ သေရောတဲ့ ဆရာ ရဲ့ ” 

“ ဟာ ... ဟုတ်လား ”

“ ဟုတ်တယ် ၊ အဲဒီ ဗြာမြီးတို က သိပ် စူးတာပဲ တဲ့ ။ စူးလိုက် ၊ တက်မြုပ် ၊ သံရိုက်သွင်း သလို စူး တာတဲ့ ။ ဆရာ အဲဒီ ကြက် ရအောင် ယူဗျာ ။ ဟို ကောင်တွေ က ၅ဝိ- က နေ ၁ဝဝိ - အထိ ပေး ဝယ် နေတာ ။ ကောင်လေး တွေ က သူတို့ ကြက်မျိုး ကို တွေ့ကရာ လူ တွေ ကို ဘယ်လောက် ပေးပေး မရောင်းဘူးတဲ့ ဗျ ”

“ ကျွန်တော့် တော့ ပေး နေသားပဲ ဗျာ ၊ ကျွန်တော် က ဒီ ဇိမ်းကလေးပဲ ယူခဲ့တာ ”

“ ဆရာ့ဇိမ်းလေး လည်း ဒီနေ့ တိုက်ဖက် လာလိမ့်မယ် ၊ ကျွန်တော် တို့ ဒီကို ဒါကြောင့် အခု လာခဲ့ကြတာ ”

“ ဘယ်ကလဲ ”

“ အုတ်ကျင်း က ပဲ ဗျာ ။ ဆရာ့ ကောင်လေးတွေ လက် ထဲ မှာ တုန်း ကတည်း က သူတို့ ချိန် နေကြတာ ။ အခု ဟို မှာ မရှိတော့ဘူး ။ ဆရာ့ ဆီ ရောက်နေပြီ ။ ဒီ လာခဲ့ကြလို့ ကျွန်တော် ခေါ်ခဲ့တာ ။ မကြာမီ သူတို့ ရောက် လာကြလိမ့်မယ် ”

“ ကြက်ချင်း ဘယ့်နှယ် နေလဲ ။ ကျွန်တော့် ဒီ ဇိမ်းလေး လို ငယ်တဲ့ ကြက်များ ရှိသေးသလား ဗျာ ”

“ ဟာ ... ငယ်တယ် ငယ်တယ် ။ ဆရာ့ ကြက် က တောင် ပွစီးကလေး စီး ဦးမယ် ။ ဒါပေမယ့် သူတို့ ကြက် အခါလည် ကျော် မွေးတိုးတက်သက်ကလေး ။ အတက် ဘု ၊ မချွန်ဘူး ၊ ဆရာ့ ကြက် က အတတ် ချွန်ပြီး ရှည်တယ် ။ အဲဒါ သူတို့ ကြက် ထက် သာတယ် မွေးထိုး နဲ့ ကြက်နု ကြက် ပေါက် ။ အဲဒါ ထေ တိုက် ရမှာပဲ ”

“ ကိုအောင်သိန်း က တိုက် ထိုက်တယ် လို့ ထင်သလား ” 

သူ ကား ကျွန်တော့် လူယုံ ဖြစ်သည် ။

“ တိုက်သင့်တယ် ၊ ဆရာ့ ဇိမ်းလေး ဟာ ကောင်းရိုး မှန်ရင် နိုင်မှာပဲ ၊ ဆရာ့ ကောင်လေးတွေ ဟို ကြက်ဝါလေး လည်း မနေ့ က အုတ်ကျင်း မှာ တိုက် ဖြစ် လို့ နိုင် လိုက်ပြီ ။ ဟာ - တော်တော် ကောင်းတဲ့ ကြက်ကလေး ပဲ ဆရာ ။ ဆရာ့ ဇိမ်းလေး လည်း အဲလို ကောင်းရင် နိုင်မှာပဲ ”

◾ဇိမ်းလေး ၏ ပထမပွဲ

ယင်းသို့ ပြောဆို နေကြရင်း မကြာမီ ကျွန်တော့် ဇိမ်းလေး နှင့် တိုက် မည် ဆိုသည့် ကြက် နှင့် လူ တစ်သိုက် ရောက် လာကြသည် ။ သူတို့ ဘက် က တော့ အုတ်ကျင်း မှာ တုန်း ကတည်း က ကျွန်တော့် ဇိမ်းလေး ကို  မြင်ဖူးသားပဲ ။ ကျွန်တော် တို့ ဘက် က သာ စဉ်းစား ရသည် ။ နောက်ဆုံး ၌ အားလုံး နှင့် တိုင် ပင်ပြီး ကျွန်တော် က ဆုံးဖြတ် လိုက်သည် ။

“ တိုက်မယ် ၊ ကဲ - ဘယ်လောက် ကြေး ချမလဲ ၊ ဆိုကြစမ်း ” 

သူတို့ ဘက် က တီးတိုးတီးတိုး ပြောကြပြီ ...

“ ၂၂ဝိ - ” 

ကျွန်တော့် ဘက် က လူအုပ် က လည်း ရှိသေး သဖြင့် ...

“ မပိုကြတော့ဘူးလား ၊ တိုးဦးဗျာ ”

“ အာ ... လက်ဖျား ကြည့်လုပ်ဦးမှာပေါ့ဗျာ ” 

သို့နှင့် ကျွန်တော့် ဘက်က လူများ အား ...

“ ကဲ - ဒီလိုလုပ် ၊ ကြက်ရှင် မောင်အုန်းကြိုင် နဲ့ ကျွန်တော် က တစ်ယောက် ၅၅ - ကျပ်စီ ။ ကျန်တဲ့ ၁၁ဝိ - ကို ခင်ဗျား တို့ မျှ တိုက် ကြဗျာ ”

သို့နှင့် ကြက် နှစ်ကောင် ဝိုင်း ထဲ ချ လွှတ် လိုက်ကြပြီး ကျွန်တာ် တို့ ဇိမ်းကလေး ခွပ်တာ တစ်ခါမျှ မမြင်ရသေး ။ ကြက်လိမ္မာ လော ၊ ကြက်မိုက်ခွပ် လော ။

ဟာ - ကျွန်တော့် ကြက်လေး ခွပ်ပုံ က ပညာသား ပါလိုက်တာ ။

နှစ်ကောင် ၊ တစ်တောင် စည်း နှင့် တစ်တောင် လောက် ခွာ လွှတ်လိုက် သော အခါ တစ်ကောင် နှင့် တစ်ကောင် မျက်နှာချင်း တစ်ထွာ ခွာ လောက်က လည်ဆံလေး တွေ ထောင်လျက် ဘယ်လို က ဘယ်လို စ ခွပ်ရမည်နည်း ။ ခေါင်းကလေးတွေ ညိတ်ကာ ညိတ်ကာ တစ်ဦး အရိပ်အခြေ တစ်ဦး က စောင့် ဆိုင်း ကြည့်ရှု နေကြသည် ။

အင်း ... နှစ်ကောင် စလုံး ကြက်လိမ္မာလေးတွေ ထင်ရဲ့ ။

ကြက်သမားများ တွက်ဆ ကြသည် ။ ကြက်မိုက် တို့ မည်သည်ကား လွှတ်တယ် ဆို သူ့ ထိထိ ငါ နာနာ ဗြုန်းဒိုင်း ခွပ် ပစ် လိုက်ကြသည် ။ ကြက်လိမ္မာ တို့ မည်သည် တစ်ကောင့် အကဲ တစ်ကောင် က ခတ် နေကြ၏ ။ ဒီလို ကြက်လိမ္မာ ချင်း ဆိုလျှင် ပြီးခဲသည် ။ ဝိုင်း ကြာ တတ်သည် ။ သို့သော် ကျွန်တော့် ကြက် ကလေး က မကြာစေပါ ။ ဒီလို တစ်ကောင့် တစ်ကောင် စ , မခွပ်သေး ၊ သူ မလိုက် ငါ မလိုက် တစ်ကောင် နှင့် တစ်ကောင် ခေါင်းညိတ် ခေါ် နေစဉ်မှာ ဇိမ်းကလေး က သူ မခွပ်ရဲ တော့ သလိုဖြင့် နောက်သို့ ခြေ တစ်လှမ်း နှစ်လှမ်း ဆုတ် လာ၏ ။ ဒီတော့ ဟိုကြက် က တစ်လှမ်း နှစ်လှမ်း တိုး တိုက် လာ၏ ။ ယင်းအခါ မှ ကျွန်တော့် ကြက် က တအား စ , ပြီး ခွပ်ပစ် လိုက်တော့မည့် ပုံဖြင့် ကိုယ် ကို နှိမ့်ပြီး အားယူ လိုက်ဟန် လုပ်၏ ။ ဒါကို ဟို ကြက် က ကာဆီး သော အား ဖြင့် ခြေ မြောက်၍ ခုန် လိုက်၏ ။ သို့သော် ဤစဉ် မှာ ဇိမ်းကလေး က ချောက်ရုံ သာ ချောက် ခြင်း ဖြစ်သည် ။ အကယ်၍ ခွပ်သေးသည် မဟုတ်ဘဲ ၊ ဟို ကြက် ခုန်ရာ က ပြန် ကျ လာတော့မှ ( ကျဗန်း ဟု ခေါ်သည် ) တခါတည်း ဇွတ် ဆောင့်ပစ် တော့ရာ ဟို ကြက် ( အမှား ခံလိုက်ရ၍ ) ကိုယ် နောက်သို့ လန်သွားသည် ။ ဤသို့ တစ်ဖက် ကြက် နိမ့် သွားသည် ကို အလွတ် မခံဘဲ ဆက်တိုက် ဒလကြမ်း ဆောင့်ကာ ဆောင့်ကာ တွန်း ပစ် တော့သည် ။ ဟို ကြက် မှာ ပက်လန်ပက်လန် နှင့် တစ်ဖက်သတ် ခံရ၍ ကြက် နှစ်ကောင်စလုံး ဝိုင်း ပြင် ရောက် သွားတော့မှ သူ တို့ ကြက် ကို ကောက် ယူပြီး ကုသရ တော့၏ ။

( ဤသို့ ဇိမ်းကလေး ခွပ်ပုံကို စကားကြီး ၁ဝ ခွန်း ၌ “ ကြက်ဆုတ် ခွပ်ပစ် ” ဟုခေါ်၏ )

ဒီတစ်ခါ မှာ ကျွန်တော် တို့ ကြက် ဘက် က လူတွေ ဝမ်းသာ လိုက်ကြ တာလေ လက်ဖျား ရှိတယ် ရှိတယ် နှင့် အော် ကြတော့၏ ။ တစ်ရာ့အစိပ် ကဲ ၊ နှစ်ဆယ် နဲ့ အစိပ် ၊ ဟိုဘက် လူများ က မထွက်ဝံ့ကြသေး ။

“ စောင့်ကြပါဦးဗျာ ”

ကြက်သမား တို့ တွက် ကြသည် မှာ ကျွန်တော့် ဇိမ်းကလေး က ကြက် ပေါက် ကြက်နု ၊ ဟို ကြက် က မွေးထိုး ကြက်ရင့် ၊ ရေဦး မှာ အပြတ်ခွပ် နိုင်ပါက ဇိမ်းကလေး က နိုင်မည် ။ သို့မဟုတ် တော်တော် နှင့် မပြီးဘဲ ကြာရှည် ဆွဲ ခွပ်ရပါ က ကြက်ရင့် က နိုင်မည် ။ သို့သော် ကျွန်တော့် ဇိမ်းကလေး ကား သည်လို ကြာရှည် အောင် ခွပ် နေသည့် အကောင်စားမျိုး မဟုတ်ပါ ။ ဒုတိယ အချီ လွှတ် လိုက်သော အခါ ပထမနည်း အတိုင်းပဲ ဒလကြမ်း ခွပ်ပစ် လိုက်သော အခါကား ထို ကြက်သ ည် ဝိုင်း ပြင် ရောက်အောင်ပင် ဆုတ်လှန် မသွား နိုင်တော့ပဲ ဝိုင်းစပ် မှာ ကြက်ချင်း ပူး မိ၍ ခေါင်း ကို အဆိတ်ခံရသည် ၌ ဇိမ်းကလေး က နားပန်းဆွဲ ခွပ် လိုက်ရာ နားအုံ ထိ ၍ မူးလဲ သွားတော့၏ ။ နောက် တစ်ချက် ကိုက် ခွပ် လိုက်တော့ မျက်လုံး တစ်လုံး ပါ သွားလေသည် ။

ဒီအခါမှာ ကျွန်တော်တို့ ဘက် က နှစ်လေး - နှစ်လေး မှ တစ်ရာ ကို လေးဆယ့်သုံး အထိ ကြေး ခေါ်ကြ၏ ။ သို့သော် သူတို့ ဘက် မှ မျှော်လင့်ချက် မရှိတော့ သဖြင့် တစ်ပြား မှ မထွက်တော့ပေ ။ တတိယ အချီ မှာ ကျွန်တော့် ဇိမ်းကလေး က အပြီးသတ် ခွပ် လိုက်တော့၏ ။

အောင်မလေး - တယ်လည်း ကောင်းတဲ့ ကြက်ကလေး ပါ လား ၊ အားလုံးက ဝိုင်းဝန်း ချီးမွမ်း သြဘာထောပဏာ ပြုကြ၏ ။

ဤ ဇိမ်းကလေး ခွပ်ပုံ ကို ကြက်နင်း ကြက်ရှောက်ခွပ် ၊ ကြက်စိုင်းပုလဲ ဟု ခေါ်ကြသည် ။ တန်းရှောက် ဗလာ ကောင်းသည် ဟု ဆိုကြသည် ။

ယင်းသို့ ကြက်ပစ် သန် သည် သာ မဟုတ်သေး ၊ ဇိမ်းကလေး က ကြက်ချင်း ပူးမိ လျှင် လည်း နှုတ် က အလွန် မြန်သည် ။ နေရာ ရွေး မနေ အမြီး တွေ့ အမြီး ဆွဲ ခွပ် ၊ ကျော ကုန်း ထိ၏ ။ အတောင် မိ အတောင် ဆွဲ ခွပ် ၊ တောင်ပံရိုး ထိ၏ ။ လည်ပင်း တို့ ခေါင်း တို့ ဆွဲမိ လျှင် ကား တစ်ချက် နှင့် နှစ်ချက် နှင့် ပြီးသော နေရာကောင်း တို့ ကို သာ ထိ တော့၏ ။ တကယ့် ကြက်ကောင်း ပေ တည်း ။

သူ့ ထက် သာ တဲ့ ကြက်များ ရှိပါဦးမည် လား ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment