Wednesday, June 19, 2024

ငရဲပန်း ကို ပွင့်စေသူ



 ❝ ငရဲပန်း ကို ပွင့်စေသူ ❞

“ ပန်းတိုင်ပွင့်ပါစေ ” “ ပန်းများ ကို ပွင့်စေသူ ” စသော ပန်းပွင့် စကားလုံးများ မြန်မာစာပေ နယ် သို့ ရောက်လာသည် ကို တွေ့ရသည် ။ အနောက် က လာ သလော ၊ အရှေ့ က လာ သလော တော့ ကျွန်တော် မပြောတတ် ။ အတော် လှပယဉ်ကျေး သော စာလုံး ဟု ယူဆကြ ဟန် တူသည် ။

ယင်း ၌ ကျွန်တော် တို့ ဗမာ စကားလုံး တွင် “ ငရဲပန်း နတ်ပန်း မှတ် လို့ ဟဲ့ ” “ သေပန်းပွင့်တာ ဟဲ့ ” ဟူ၍ ရှိ လေရာ ကျွန်တော် လည်း “ ပန်း ကို ပွင့်စေသူ ” ဟူသော ဂုဏ်ပုဒ် ကို လိုချင်သည် နှင့် ကျွန်တော် တတ်နိုင်သည့် ဘက် က ဤ ငရဲပန်း ကို ပွင့်စေလိုက်ရပါ၏ ။

•••••   •••••   •••••

ဒါနဲ့ ကျွန်တော် က လည်း သူများ လို ပဲ ပန်း တစ်ပွင့် တော့ ပွင့်စေအံ့ ဟု ဤ မည်သော ဝတ္ထု ကို ရေး လိုက်ရပါ၏ ။

•••••   •••••   •••••

ကျွန်တော် ယခင် နေခဲ့သော ရွာတန်းရှည်ရွာ ၏ မြောက်ဖက် အဆုံး ၌ အရှေ့ဘက် ချိုး လိုက်ပါသော် “ စန်းသော်တာ ” ရွာ ကို တွေ့ရမည် ။ ထိုမှ တစ်ဆက် တည်း “ အောက်ဂျိုင့် ” ဟု ခေါ်သော ရပ်ကွက် ရှိသည် ။

ဤ အောက်ဂျိုင့် နှင့် စန်းသော်တာ တို့ ကား ကမ္ဘာအေးစေတီ နှင့် လိုဏ်ဂူတော်ကြီး ကို တည်ဆောက် ကြသော အလုပ်ကြမ်းသမားများ နေထိုင် ရာ ဖြစ်ကုန်၏ ။ ထို အလုပ်သမားများ မှာ မြန်မာပြည် အရပ်ရပ် မှ စစ်ပြေး ဒုက္ခသည်များ ၊ အချို့ သူတို့ ဌာနေ မှ ခေါ်ယူ သူ ဆင်းရဲသားများ ဖြစ် ကုန်၏ ။ ၄င်းတို့ အထဲ မှ များစွာသော သူတို့သည် စေတီတော် နှင့် လိုဏ်ဂူတော်ကြီး ပြီးစီး သော် လည်း ဇာတိဌာန သို့ မပြန်ကြတော့ပေ ။

ရန်ကုန်မြို့ကြီး မှာ သာ ရ ရာ အလုပ် နှင့် ရှာဖွေ စားသောက် ခိုအောင်း နေ လိုကြသောကြောင့် ကမ္ဘာအေးကွင်း ၏ အနောက်မြောက်ဖက် ရော်ဘာခြံ မြေကွက်လပ် တွင် ဖြစ်ကတတ်ဆန်း အိမ်များ ဆောက်လုပ်ကာ ဖရိုဖရဲ ရွာ တည်၍ နေကြခြင်း ဖြစ်ကုန်၏ ။

အနယ်နယ် အရပ်ရပ် က “ ပျံကျ ” များ ဖြစ်၍ လူမျိုး စုံ၏ ။

◾ဘုန်းကြီးကြက်

ဗိုလ်ချုပ်ကြီး အိမ်စောင့် အစိုးရ လက်ထက် ၁၉၅၉ ခုနှစ် ၊ မိုးကုန် ဆောင်းစ ကြက်ဝိုင်းတွေ ထ , လာ ချိန်တွင် ဖော်ပြပါ အောက်ဂျိုင့်ရွာ မှ “ တယ် ကောင်းတဲ့ ဘုန်းကြီးကြက် ” ဟူ၍ ရွာတန်းရှည် နေ ကြက်သမားကြီး ကျွန်တော် သော်တာဆွေ ရွှေနားတော် သို့ လေဆော် ၍ လာ ပေသည် ။

ရွာတန်းရှည် မှ နပိတ်ကြက် ကို နိုင်လောက်ပြီ ။ နပိတ်ကြက် က တက်ရိုး ( အတက် လက် တဆစ် လောက် ) ကြက်ကျန် ( လွန်ခဲ့သော နှစ် ကြက် တိုက်ချိန် က အရွယ် မရောက် တရောက် စက , ကြက် ၊ ယခုနှစ် တော့ အခါလည်သား ကျော် နေပြီ ကို ဆိုလိုသည် ) ဘုန်းကြီးကြက် က ကြက်ပေါက်ကလေး ( ၇ လ ၊ ၈ လ သား ) အတက် က ပြောင်းဖူးစေ့ ( ဒါတော့ နားလည်ကြမှာ ပေါ့ နော် ) နို့ပြီး ကြက်လုံး ရော ကြက်ဒေါက် ရော နပိတ်ကြက် က စီး လိုက် သေး ၊ ဒါတောင် နပိတ်ကြက် ကြက်ဖက် မရ ( ဖက်ပြိုင် သူတင် ကိုယ်တင် မခွပ် နိုင် ။ အင်း ... ခင်ဗျား တို့ ကြက်သမား မဟုတ်တဲ့ သူတွေ ပြောရ တယ်ပြီး ရှည်လျားတယ် ) သုံးရေလောက် နဲ့ ( ဘောက္ကဆင် ၃ ချီ ပေါ့ ) ကရောက် အော်ပြီး ထွက်ပြေး ရော ။

အင်း ... ကြားရ ... ကြားရ ၊ နားဝ မသက်သာပေ ။ ကိုယ့် ရွာ က ကြက် ၊ အစစ အရာရာ စီး ရ လျက် ရှုံး ရတယ် ဆိုတော့ ကြက်သမား တို့ ထုံးစံ ၊ မခံချင်ပေ ။ ထို့ပြင် နပိတ် မှာ ကျွန်တော့် အိမ်နီးချင်း မိတ်ဆွေ ဖြစ်၏ ။ သူ့ နာမည် အရင်း မဟုတ် ၊ နားလေး သဖြင့် နပိတ် ဟု သူတို့ ရွာသား တို့ ဓလေ့ အတိုင်း ခေါ် ကြသည် ။

“ အဲဒါ .. ဘုန်းကြီးကြက် က သူတို့ “ ရွာယုံ ” ဖြစ်သွားပြီ ဆရာ ” ( တစ်ရွာလုံး က ယုံ၍ ပုံ အော တော့မည့် ကြက်) “ နောက် ကို တစ်ရာ တစ်ဆယ် အောက် မတိုက်တော့ဘူးတဲ့ ” ( ကြက် တိုက်ရာ တွင် အကောက် မှာ တစ်ဆယ် တစ်ကျပ် နှုန်း) “ အဲဒါ ဆရာ့ မဲမဲ နဲ့ ချိန် ပါလား ကြေး ကောင်းကောင်း ထွက်မှာပဲ ဆရာ ”

ယခင် ကြက်ပေါင် သည့် ဇာတ်လမ်း ဝတ္ထု ၌ ဖော်ပြခဲ့သော ကြက်သမား အရက်သည် တာတေ က ကျွန်တော့် အိမ် လာ၍ ကြက်ဆွယ် နေချေ တော့သည် ။

ယင်း အချိန် ၌ ကျွန်တော့် တွင် လည်း နှူးနှပ် စမ်းသပ်ပြီး ကြက်ပေါက် တစ်ကောင်ရှိသည် ။ အရောင် က ကျီးကန်း ကဲ့သို့ မည်းနက် ၍ “ မဲမဲ ” ဟု အမည် ပေး ထားလိုက်သည် ။

“ နေပါဦး တာတေ ရ ၊ အဲဒီ ဘုန်းကြီးကြက် ဆိုတာ က နာမည်လား ၊ ဘုန်းတန်ခိုး ကြီးသော ကြက် ဆိုတဲ့ အဓိပ္ပာယ် လား ၊ ဒါမှမဟုတ် သူ့ သခင် က ကိုဘုန်းကြီး ဆိုတဲ့ လူ မို့လား ”

တာတေ သည် သူ့ သွား သံချေးတက် ကို ဖြဲ ၍ ရယ် လိုက်ကာ ...

“ အဲဒီ ကြက်ရှင် က ဘုန်းကြီး ဆရာ ရဲ့ ၊ သင်္ကန်းဝတ် နဲ့ ”

“ ဟေ ... စန်းသော်တာရွာ ဟိုဘက် ထိပ် ကုန်းမြင့် ပေါ် ကျောင်း က လား ”

“ မဟုတ်ဘူး ၊ အဲဒီ ကျောင်း ရဲ့ မြောက်ဖက် အောက် ဂျိုင့် ထဲ က .. ”

“ အဲဒီ ထဲ မှာ လည်း ဘုန်းကြီးကျောင်း ရှိသေးလား ”

“ ကျောင်း ရယ် တော့ ဘယ် ဟုတ်မလဲ ဆရာ ရယ် ၊ အိမ် တော့ အိမ် ပဲ ၊ ဘုန်းကြီး နှစ်ပါး သုံးပါး နေ ကြတယ် ၊ မယ်သီလ တွေ လည်း ရှိတယ် ”

“ ဟင်.. နိပ်ပေ့ကွ ၊ ဘုန်းကြီး က တိုက်ကြက် မွေးတယ် ”

“ ဝါသနာ ပေါ့ ဆရာ ရယ် ”

စင်စစ်တော့ လည်း လူ မသမာ တို့ သင်္ကန်း အရေ ခြုံ ၍ သောင်းကျန်း ကြသည် မှာ ကျွန်တော့်အဖို့ အဆန်း မဟုတ်ခဲ့တော့ပါပေ ။ ဂျပန်ခေတ် တစ်ခေတ် လုံး ကျွန်တော် မြင်းလှည်းသမား ဘဝ က ရှမ်းလမ်း ညောင်တုန်းလမ်း ထိပ် က ‘ ခွက်ကုန်း ’ မှာ ဒီသတ္တဝါ မျိုး တွေ များစွာ ကြုံခဲ့ဖူးပြီ ။ ဤ ခွက်ကုန်း မှာ ရှေးအင်္ဂလိပ်မင်း လက်ထက် ကတည်း က တမတ်တန် ဖာများ နှင့် သူတောင်းစား စဏ္ဍာလများ ၏ နေရာ ဖြစ်သည် ။ ဂျပန်ခေတ် တွင် ပို၍ ဆိုးရွား လာခဲ့ပြီး ၊ ဖ - ဆ - ပ - လ ဆယ်နှစ် ဆယ်မိုး ကုန် အထိ အရှိန် မသတ်သေး ဘဲ ၊ ဖ - ဆ ကွဲ၍ ဗိုလ်ချုပ်ကြီး အစိုးရ လက်ထက် ကျ မှ သုတ်သင်ရှင်းလင်း ပစ်လိုက် ရ သဖြင့် ယခုအခါ ထို နေရာမှာ ပစ္စန္တရာဇ်ရပ်ကွက် မဟုတ်တော့ဘဲ လှပ တင့်တယ် ရှုချင်ဖွယ် ကောင်းသော ကလေး ကစားကွင်း နှင့် အပန်းဖြေ ရိပ်သာ ဖြစ် နေချေပြီ ။

ယခင် ဂျပန်ခေတ် ကျွန်တော် မြင်းလှည်းသမား ဘဝ နှင့် ဤ ရပ်ကွက် တွင် ကျင်လည်စဉ် က ဖော်ပြပါ သင်္ကန်းဝတ် မျိုး တွေ ကျွန်တော် ဆက်ဆံခဲ့ ရ ဖူးသည် ။ အချို့မှာ သိမ်ဝင် ရဟန်း ဘဝ က ပျက်စီး လာကြသူများ ဖြစ်၍ အချို့မူ ခေတ် အခြေအနေ အလျောက် သင်္ကန်း ကို ပိုက်ဆံ ရှာဖို့ ယူနီဖောင်း အဖြစ် နှင့် သုံးကြခြင်း ဖြစ်၏ ။

သူတို့ သည် နေ့ အချိန် အခြား နေရာ တို့ ၌ တကယ့် ဘုန်းကြီးများ သဏ္ဌာန် ရှိ၍ ည ကျ ၍ ဤ ခွက်ကုန်း ပြန် ရောက်ကြသော အခါ၌ အရက် နှင့် ဖဲ နှင့် ပြည့်တန်ဆာ တွေ နှင့် မြူးထူး ပျော်ပါး ကြ လေတော့သည် ။

သို့သော် ထိုအခါ မှာ ယင်း သင်္ကန်းဝတ် တွေ သာ ရှိ၍ ယခု ကြက်သမား ကိုယ်တော် တွေ သီလရှင် တွေ အခြံအရံ နှင့် ဆိုတော့ ကျွန်တော် အံ့သြ မိ သည် ။ ကျွန်တော် တွေ့ခဲ့ဖူးတဲ့ ခွက်ကုန်း သင်္ကန်းဝတ် တွေ မျိုး မှ ဟုတ်ပါလိမ့် မလား .. ဤကြောင့် ။

“ ဟေ့ ... တာတေ ရဲ့ ၊ ဘုန်းကြီးကျောင်း က ကြက် ကို ဘုန်းကြီး မသိအောင် များ သူ့ တပည့်တွေ က ယူ တိုက်တာများလားကွာ ”

“ မဟုတ်ပါဘူး ဆရာ ၊ ဘုန်းကြီး က ကို ငွေ ထုတ် လောင်းတာပဲ ”

“ ဟေ ...ဘုန်းကြီး က ကြက်ဝိုင်း လိုက် ကြည့် လို့လား ”

“ ဘယ် လိုက် ကြည့်စရာ လို မလဲ ဆရာ ရယ် ၊ သူ့ ကျောင်း ရှေ့ တင် တိုက် တာပဲ ၊ အပေါ် က ထိုင် ကြည့် နေတာပေါ့ ”

“ ကဲ ... ကောင်းရော ဟ ”

ကျွန်တော် က နေ့ ကြောင်တောင် လူရှေ့ သူရှေ့ ကြက် လောင်းရဲ သော သင်္ကန်းဝတ် ကို ယခင် က တွေ့ဖူးခဲ့သော သင်္ကန်းဝတ်များ ထက် ပင် ဆိုးနေပါလား ဟု ရေရွတ်မိသည် ကို တာတေ က တလွဲ တွေး ၍ -

“ ဆရာ က ဘုန်းကြီးကြက် နဲ့ မို့ ငရဲ ကြီးမှာ စိုး လို့ မတိုက်ချင်ဘူးလား ”

“ မဟုတ်ပါဘူးကွာ ၊ ငါ့ ကြက် နဲ့ ကြက်ဆွယ် မျှ ရင် တိုက်မှာပဲ ”

“ ဆရာ့ ကြက် က တောင် အလုံး နဲ့ အလျား သာ လိမ့်ဦးမယ် ၊ ဒါပေမယ့် နပိတ် ရဲ့ကြက်ကြီး တောင် နိုင်ထားတယ် ဆိုတော့ ဆရာ့ ကြက်ပေါက် ကို သူတို့ ရှောင် မှာ မဟုတ်ဘူး ”

“ နပိတ်ကြက် နဲ့ တိုက် ပြီးတာ ဘယ်နှစ်ရက် ရှိပလဲ ၊ သူတို့ ကြက် သန့်ပြီလား ”

ကြက် သည် ခွပ်ဖေးခွပ်ရာ များ ကင်းစင် ၍ ရေသားမိုးသား နှင့် မျက်နှာ ရဲရဲတောက်ကာ တိုက် ရန် အသင့် ဖြစ်ပြီ ကို “ သန့်ပြီ ” ဟု ခေါ်သည် ။

“ တိုက် ပြီးတာ ၅ ရက် လောက် ရှိသေးတယ် ၊ သန့်တော့ သန့်မယ် မဟုတ်သေးဘူး ၊ ဒါပေမယ့် ဆရာ တိုက်မယ် ဆိုရင် သွား ကြည့်ထားပေါ့ ဆရာရယ် ၊ ဆရာ့ ကြက် လည်း ပြင် ထားရအောင် ၊ ဆရာ အခု မအားဘူးလား ”

“ အားတယ် .. လာ .. သွားကြမယ် ”

•••••   •••••   •••••

ဘုန်းကြီးကျောင်း ရယ် တော့ သီးသန့် ဆောက် ထားသည် မဟုတ် ၊ မဒမတိုင် ၊ ဓနိမိုး ၊ ကျူဖျာကာ ၊ အဆင့် သုံးပေ မျှ မြင့် ၊ သုံးပင်အိမ်ကလေး မှာ သင်္ကန်းများ လွှား ထားသည် ။ ဘုန်းကြီး ကို တော့ မမြင် ရ ၊ သီလရှင် တစ်ပါး ဆွမ်းချက် နေသည် ။

တာတေ သည် ဘုန်းကြီး ၏ ဒကာ ကြက်ဆရာများ နှင့် ကျွန်တော့် ကို တွေ့ ပေးသည် ။ သူတို့ ကြက် ကို ပြသည် ။ ဟုတ်သည် ။ တာတေ ပြော သည့် အတိုင်း အလုံး နှင့် အလျား ကျွန်တော့် ကြက် က သာသည် ။ ဒေါက်ချင်း လည်း သူတို့ ကြက် က ဦးမော့ ၊ ကျွန်တော့် ကြက် က ကြက်စင်း ဖြစ်၍ အားလုံး ကျွန်တော့် ကြက် က “ စီး ” သည် ဟု ဆိုရ ပေမည် ။ ကျွန်တော့် ကြက် ဘက် က တော့ သေချာပြီ ။

“ ကဲ... ခင်ဗျား တို့ ကျွန်တော့် ကြက် လိုက် ကြည့်ကြပါဦးလား ”

“ ခင်ဗျာ့ ကြက်မဲ မဟုတ်လား ၊ ကျွန်တော် မြင်ဖူးပါတယ် ၊ ဒီ ကြက် က မရှောင်ပါဘူး ”

တစ်ယောက် သော သူ က ရဲဝံ့စွာ ဆို၏ ။

“ ဒါဖြင့် ခင်ဗျား တို့ ကြက် ဘယ်တော့ လောက် တိုက်နိုင်မလဲ ”

“ အခုမှ တိုက် ထားတာ ၅ ရက် ရှိ သေးတော့ နောက် နှစ်ပတ် တနင်္ဂနွေ ပေါ့ ဗျာ ”

ကြက်တို့ မည်သည် တိုက် ချင် တိုင်း တိုက် ရသည် မဟုတ်ပေ ။ တစ်ပွဲ နှင့် တစ်ပွဲ သီတင်း သုံးပတ် ခြားရသည် ။ ( ချွင်းချက် = အလွန် ကောင်း ၍ တစ်ဖက်ကြက် ကို ခဏလေး ခွပ် ပစ်သော ကြက်မျိုး ကား တစ်နေ့ ထဲ နှစ်ပွဲ ၊ သုံးပွဲ ပင် တိုက် နိုင်၏ ။ ကြက် ၏ ခွပ်ရက် ကား ၄ ပတ် ထက် ကျော် သွား ပြန် လျှင် လည်း အနည်းငယ် ခွပ်စေခြင်း ဖြင့် ) ပြန်၍ နှူးရ၏ ။ ထို့ကြောင့် ယခု တိုက်ရက် မှန်း ၍ ကျွန်တော့် ကြက် ကို ပြင်ဆင်ရ ပေတော့မည် ။

“ ခင်ဗျား တို့ ကြက် ဘယ်လောက် ကြေး လောက် တိုက်မလဲ ”

“ ဒါတော့ ဘုန်းကြီး သဘောပဲ ”

“ ခင်ဗျားတို့ ဘုန်းကြီး နဲ့ ကျွန်တော် တွေ့ချင်တယ်ဗျာ ၊ ကြေး သေချာတော့ ကျွန်တော် လည်း မပြည့်ရင် ရှာ ထားရအောင် ”

ထို လူ သင်္ကန်းတွေ လွှား ထားသော ထို အိမ် ပေါ် သို့ သွားပြီး နောက် ပြန် လာကာ ...

“ ဘုန်းကြီး ကျိန်း နေတယ်ဗျ ၊ တရာ့တဆယ် ထက် တော့ မရော့ဘူးပေါ့ ဗျာ ”

“ ကောင်းပြီ ” ဆိုပြီး ကျွန်တော် တို့ ပြန်လာ ခဲ့သည် ။

သူတို့ ကြက်အင်္ဂါ ကား ကြိုက်လောက် စရာ မဟုတ်ပေ ။ ကြက်အုန်းသီး ၊ ကြက်ကန့်တို ၊ ဖောင်းဇိမ်း ၊ အမွေးဖျား မှင်ကွပ်ကလေး ဖြစ်၏ ။ မျက်ခွက် မျက်နှာ မှာ သိပ်ပြီး ဇွဲရှိပုံ မပေါ် ။ တညင်စပ် ဟု ကျွန်တော် ထင်၏ ။ ဤ ကြက်မျိုး ကား ကြက်ခွပ် ကောင်းတတ်၏ ။ မြန် တတ်၏ ။ အတက် စူးတတ်၏ ။ သို့သော် သူတို့ အသား ကို ကား စပ်စပ်ထိ မခံ ၊ နည်းနည်းကလေး နာ လာ လျှင် ပြေး တတ် ၏ ။

“ ဟေ့ ... တာတေ ၊ အဲဒီ ကြက် တိုက်တုန်း က မင်း မြင်ရလားကွ ”

“ ကျွန်တော် ဆွယ် ပေးတာပဲ ဆရာ ၊ နပိတ်ကြက်ကြီး က အကုန် စီး တာ သေချာပြီ ထားတာ ”

“ နေပါဦး ၊ သူတို့ ကြက် က ဘာ ကောင်းတာလဲကွ ”

“ သိပ် ကောင်းလှတယ် မဟုတ်ပါဘူး ဆရာ ရယ် ၊ တစ်ခုတော့ ရှိတယ် ၊ မေးအောက် က ဗျော့ ဆွဲ လိုက် ရရင် တစ်ဖက်ကြက် ကို တုန်တု န်ပြီး နောက် ယိုင် သွားအောင် ခွပ်တယ် ”

“ နို့ နပိတ်ကြက် က ဒါ အဆွဲ ခံနေလို့လား ”

“ ခံလို့ ရှုံးတာပေါ့ ဆရာ ရယ် ၊ သိပ် ဖျင်းတဲ့ ကြက်ကြီး ပဲ ၊ ဆရာ့ ကြက် က ဒီလို ခံတာမှ မဟုတ်ဘဲ ၊ ကျိန်းသေပါတယ် ဆရာ ရယ် ၊ ကျွန်တော့် အတွက် ၁ဝိ - တော့ ထည့် လောင်း ပေးပါ ”

ဤ ကား ကျွန်တော့် အား တာတေ ပြုလေ့ ရှိသော သောက်ကျင့် တည်း ။ နိုင် လျှင် ငွေတစ်ဆယ် ယူသွားသည် ။ ရှုံး လျှင် မူ ငွေ တော့ မလာ ၊ ချက်အရက် ၄ လုံး သာ ဖြစ်၏ ။

ကြက် တိုက် သော အလုပ် ကား ခလေး ကစား တာ မဟုတ် ။ လူကြီး အလုပ်မှ  တော်တော်ပင် နှိုင်းဆ ချင့်ချိန် ရသော အလုပ် ဖြစ်၏ ။

ကျွန်တော် သည် နောက် တစ်နေ့ နပိတ် ဆီ သို့ သွား ၍ စုံစမ်းရ၏ ။

“ ကြက်ချင်း ဒီလောက် ကွာရက် နဲ့ ခင်ဗျား ကြက် က ဘာလို့ ရှုံးရ သလဲ ၊ ဟို ကြက် က ကောင်းလို့လား ”

“ သူတို့ ကြက် ကောင်းလို့ မဟုတ်ပါဘူး ဆရာ ရယ် ၊ ကျွန်တော့် ကြက် က ကောင်းကောင်း မခွပ်နိုင်လို့ ရှုံး ရတာပါ ”

“ ခင်ဗျာ့ ကြက် မသန့်ဘူး ဆိုတာ ကျွန်တော် ပြောသားပဲ ၊ ဘာလို့ သွား တိုက်ရလဲ ”

“ ကြက်ကြီး နဲ့ ကြက်ကလေး မှုတ်လား ဆရာ ရဲ့ ၊ ကြက် ခွပ်လက် ရ ရုံ အညောင်းပြေ ဆိုပြီး လုပ် လိုက်တာ ၊ ငွေ က ဘာ များလဲ ၊ ဆယ့်တစ်ကျပ် ထဲ ပဲ ”

“ ငွေ က အရေး မကြီးဘူး ၊ ခင်ဗျား ကြက် က ထွက်ပြေးတယ် ဆို တော့ ဘယ် သုံးရတော့မလဲ ”

ပြေးဖူးသော ကြက် ကား ဘယ်လောက် ပင် ကောင်းကောင်း နောက် တိုက် လျှင် လည်း သူ ပြေးချိန် ရောက်သော အခါ ပြေးလေ့ ရှိ သတည်း ။ တိုက် ကြက်မျိုး မှန် လျှင် အသေခံ သည့် ဇွဲမျိုး ရှိရမည် ။ ထို့ကြောင့် ရာဇောဝါဒ တွင် ဘုရင် တို့ အား စစ်တိုက် ရာ ၌ တိုက်ကြက် ကဲ့သို့ ရဲရင့်ရမည် ဟု ဆို၏ ။ ခြင်္သေ့ ကဲ့သို့ မဆို ချေ ။ ခြင်္သေ့မျိုး သည် နိုင် လျှင် သာ ဖိ ဆော် ၍ ရှုံး လျှင် ပြေး လေ့ ရှိ၏ ။

နပိတ်ကြက် ရှုံးရသည် ကို ကျွန်တော် တွက်မိ ပေပြီ ။ မျိုး မမှန်၍ ဇွဲ မရှိခြင်း ကို မသန့်၍ ကောင်းစွာ မခွပ်နိုင်ခြင်း က အခြေခံ၏ ။ ဘာကြောင့် မသန့် ရ သနည်း ။

နပိတ် သည် မနက် ၈ နာရီ အလုပ် သွား၍ ညနေ ၄ နာရီ ကျော် မှ အိမ် ပြန် ရောက်သည် ။ ဒီ အတွင်း သူ့ ကြက် ကို အခြား ကြက် နှင့် ခွပ် မှာ စိုး၍ ခြင်း ထဲ လှောင် ပစ်ခဲ့ရသည် ။

မနက် ရေ တစ်ခါ ပေး ၊ အစာကျွေး ခဲ့ပြီး ညနေ ပြန် လာမှ ရေ တစ်ခါ ကိုင် ၍ အညောင်းပြေ လွှတ် နိုင်သည် ။ ဤ ကား ကြက် မွေးနည်း မဟုတ်ပေ ။

ရေ ပေးသည် ။ ရေ ကိုင် သည် ဆိုသည် မှာ ကြက် ၏ ကိုယ် ၊ လည်ပင်း ၊ ရင်ဘတ် ၊ ဂျိုင်းကြား ၊ ပေါင်လုံး တို့ ကို လက် ရေ ဆွတ်ပြီး ပွတ်သပ် ဖျစ်ညှစ် ပေးရခြင်း ကို ဆိုသည် ။ တစ်ခါ ကိုင်လျှင် တထိုင် တညောင်း ၊ ဤသို့ နေ့စဉ် အကြိမ် ကြိမ် လုပ်နိုင်လေ ကောင်းလေ ဖြစ်သည် ။ ကြက် ၏ အကြောအဆစ် မာ လာသည် ။ အရေပြား ထူ လာ၍ တော်ရုံတန်ရုံ ခွပ်သည့် ဒဏ် ကို မမှုတော့ ။ နို့ပြီး အမော လည်း ခံနိုင်လာသည် ။ ဤသို့ ခွပ်သား ရေသား ကောင်း သော ကြက်တို့ မှာ မနက် ၈ နာရီ မှ ညနေ ၄ နာရီ အထိ ခွပ်ရပါစေ ၊ မမော တော့ ပြီ ။ ပါးစပ် မဖြဲ တော့ပြီ ။ တကယ့် ကြက်ကောင်းကြီး များ ကို ခွပ်ရည် တူ ၍ အကြိတ်အနယ် ချရသည် ၌ တစ်ရက် နှင့် မပြီး ဘဲ နောက် တစ်မနက် ဆက်ရ သည် ကို ကြုံတွေ့ဖူးသည် ။ တိရစ္ဆာန် ထဲ တွင် တိုက်ကြက်ဖ မျိုး သည် ဇွဲ အကောင်းဆုံး ဖြစ်၏ ။

၄င်းတို့ ကို မွေးမြူ ပြုစုသည် မှာ လည်း မလွယ်ကူပေ ။ ဝါသနာ က ဆောင် ပေ၍ သာ ကြက်သမား တစ်ယောက် သူ့ ကြက် ပြုစု နေပုံ ကို ကြည့်ရှု ရသည် မှာ ဝါသနာ မပါသူ အဖို့ ငါး တစ်ကောင် မျှ မဟတ်ဘဲ လျက် တစ်နေ့လုံး ငါးထိုင် မျှား နေသူ ကို ကြည့်ရဘိ သည့် အလား ငြီးငွေ့ဖွယ် ကောင်းလှ၏ ။

ကြက်သမား ကား သူ့ ကြက် ကို တိုက်တော့မည် ဟု ပြင်ဆင်သော အခါ မလွှဲသာသော အမှု ကို ပြုသည် မှ တစ်ပါး သူ့ ကြက် က လွဲ၍ အခြား ဘာမျှ ဂရု မစိုက်တော့ပြီ ။ ကြက်ကောင်း ကြိုးမကွာ ဆိုသည့် စကား အတိုင်း သူ့ ကြက် ကို အရိပ် တကြည့်ကြည့် နေသည် ။ ကြက် အစာ ကောင်းကောင်း စား ရဲ့ လား ၊ ဝမ်းပျော့ သလား ၊ မာ သလား ၊ ည သူ့ တွန်ချိန် မှန်မှန် တွန် ရဲ့ လား ၊ တိုက်ကြက် တို့ မည်သည် ည မှာ အခြား ကြက်တွေ တွန်တိုင်း လိုက် မတွန်ချေ ။ နံနက် လင်းအားကြီး ဖက် မှ သာ တွန် တတ် ၍ တစ်ကြိမ် လျှင် သုံးခါ ဖြင့် သုံးခါ ၊ ငါးခါ ဖြင့် ငါးခါ အရေအတွက် နှင့် တွန်သည် ။ ထို အရေ အတွက် ပြည့် အောင် မတွန် လျှင် ဤ ကြက် နေထိုင် မကောင်းတော့ပြီ ။ ထို့ပြင် နံနက် မိုး သောက် လျှင် လည်း ကြက် ကို ဖမ်းပြီး ဇလုပ် ကို စမ်း ကြည့်ရသည် ။ ဆန် တစ်စေ့ မှ မကျန် ပါ မှ ကျန် လျှင် ဤ ကြက် မကျန်းမာ ။ ( ထို နေ့ မတိုက်လေ နှင့် )

နေ့ အချိန် မှာ လည်း တန်းထိုး ပါရဲ့လား ။ ( ကြက် ခုန် တတ်ပြီး အတောင် ခတ် တွန်ရန် အနေတော် တန်း လုပ်ပေး ထားရသည် ။ ) ဖုတ် လူး သလား ၊ ကြက် ဖုတ်လူးခြင်း သည် မသန့်၍ ဖြစ်၏ ။ ဖုတ် လူးသော ကြက် ကို မတိုက်ရ ။

ဖော်ပြပါ နပိတ် ၏ ကြက် ကား သူ ညနေ ပြန် ရောက်၍ ရေ ပေးပြီး လွှတ် လိုက်လျှင် တန်းထိုး မည့် အစား ဖုတ်လူး နေ၏ ။ ဒါကို သွား တိုက်ခြင်း ကြောင့် ဒင်း ရှူံးခြင်း ဖြစ်၏ ။

ကြက်သမား တို့ ကြက် ရှုံး လျှင် ငွေ ကုန်သည် ထက် မိမိ ဂုဏ် ကို ထိခိုက်သည် ဟု ယူဆ၏ ။ နိုင်သော ကြက် ဖက် က လူများ သည် သူတို့ ကြက် ဘယ်သို့ ဘယ်ပုံ ခွပ်လိုက်မည် ကို လူ စုံတိုင်း ရက်ပေါင်း များစွာ ပြော၍ မပြီး တော့ပြီ ။ ရှုံး သော ကြက်ဖက် က လူများ က လည်း ထို ကြက် ကို လည်းကောင်း ၊ ကြက်ရှင် ကို လည်းကောင်း ၊ ကွယ်ရာ၌ ( လူချင်း ပမာ မခန့် လျှင် ရှေ့ တွင် ပင်) စကား သင့်တိုင်း ကဲ့ရဲ့ ပြစ်တင် တတ်ကြသည် ။

ဤ ကား ကြက်သမား လောက ၏ ဓမ္မတာ ပေ ။

ယခု ကြက် ဘုန်းကြီးကြက် နှင့် တိုက်ရက် ချိန်း ပြီးသော အခါ ကျွန်တော် အရက်သမား ၊ ကြက်သမား စာရေးဆရာကြီး မှာ မိမိ ဂုဏ် ကို မထိခိုက် အောင် များစွာ ဂရုစိုက်ရပေသည် ။

“ သားတို့ ရုပ်ရည် သီတာမည်သား ” ဆိုသော အလား ။ ကျွန်တော့် ကြက် ကို ဂရု မစိုက်တတ် သဖြင့် ကျွန်တော် သားများ ကို သောက်မြင်ကပ် သေးသည် ။ ကျွန်တော် တစ်နေရာ ရာ က ပြန် လာ လျှင် မြူးတူး ရွှင်ပျ နေသော ကျွန်တော့် ကြက် ကို မြင်လိုက် ရ မှ ‘ ရေကြည်ချမ်းမြ ’ ဒလဟော ကျ သည့်နှယ် ကြက် ကို ကြည့်၍ ချက် ကို မော့ရသည် မှာ လွန်စွာ မှ နှစ်ခြိုက်လှပါကြောင်း ။

•••••   •••••   •••••

ချိန်းရက် သို့ နီးကပ် လာခဲ့ပြီ ။ ထိုသရော အခါ စကားသံ ထွက် လာ သည် ။ ဘုန်းကြီး က ဟိုယခင် အခါတုန်း က လို သူ့ ကျောင်း ရှေ့ မှာ မတိုက်ခိုင်း တော့ဘူး ။ တခြား တစ်နေရာ မှာ တိုက်ကြ တဲ့ ။

ဤအခါ ကျွန်တော် ပို၍ ဝမ်းသာ လေသည် ။ ကျွန်တော် ကိုယ်ပိုင် ကြက် တိုက်ဖို့ နေရာ ရှိသည် ။ ကျွန်တော် အကောက် လည်း ရမည် ။ တရာ့ တစ်ဆယ်ကြေး တိုက် လျှင် နှစ်ဖက် ကောက် ၍ အကောက် ချည်း က ၂ဝိ ရမည် ။

ထို့ပြင် ကျွန်တော် ကြိုက်တဲ့ အချိန် ချိန်းမည် ။ ကျွန်တော် ၏ ကြက်မွေးစီး မွေးနည်း မှတ်စုစာအုပ် ကို လှန် ကြည့်လိုက်သည် ။

(  comment တွင် ပုံ တင်ပေးထားပါသည် )

မိတ်ဆွေ ဤ ဇယားကလေး တွေ ကြည့်ပြီး အောက်ပါ အရောင် ကို တွက်ပါ ။
ဣ  =   အနက်
ဧ    =   အနီ
ဩ =  အပြာ
ဥ    =  အမွဲ
အ  =  အဖြူ

နို့ပြီး အရှုံး အနိုင် ကား
အထက် မင်းမူ ၊ အောက် မှာ အနိုင် ၊ အလယ် မှာ သေ ၊ ယာနေ အကန်း ၊ အောက်ဆုံး အပြေး ။

ကဲ ... နေ့ခင်း ၃ နာရီ ၃၆ မိနစ် မှ ညနေ ၆ နာရီ ထိ အတွက် အောက်ဆုံးဇ ယား ကို ကြည့်လိုက် စမ်း မိတ်ဆွေ ...

အထက် က ဥ အမွဲရောင် သည် မင်းမူ ၍ ( ဒီအချိန် မှာ သူ ဘုရင် ပေါ့ ဗျာ) အောက်က ဩ = အပြာ သည်နိုင်မည် ။ အလယ်က အ = အဖြူရောင် သည် သေတတ် ၍ လက်ယာဘက် က ဧ = အနီ မှာ မျက်စိ ကန်း တတ်ပြီး အောက်ဆုံး က ဣ = အနက်သည် ပြေးလိမ့်မည် တဲ့ ။

ကြက် အရောင် သည် ဤ ၅ မျိုး မျှ ခွဲ၍ ကျွန်တော့် ကြက် က ဣ = အနက် ။ သူတို့ကြက် က ဖေါင်းဇိမ်း ဆိုတော့ အ = အဖြူ ထဲ သွင်းရချေမည် ။

ဤ အဖြူ နှင့် အနက် ကို တနင်္ဂနွေနေ့ တွက် ဇယားကွက်များ တွင် ကြည့် လိုက်စမ်း ။ နံနက် ၆ နာရီ မှာ ကျွန်တော့် ကြက် အနက် သည် အကောင်းဆုံး ဘုရင် ဖြစ် နေလေသည် ။ တဖန် ၁ဝ နာရီ ၄၈ မိနစ် မှ မွန်းလွဲ ၁ နာရီ ၁၂ မိနစ် ထိ နိုင်ကောင် ဖြစ် နေပါသည် ။

ထို့ကြောင့် ဤ နှစ်ချိန် တစ်ချိန် ချိန် ရအောင် ချိန်း ရမည် ။

သူတို့ ဘုန်းကြီး လည်း လောကီသမား မို့ ဒါတွေ နားလည် နေလိမ့်မလား ၊ ကျွန်တော် စဉ်းစားရ သေးသည် ။

သို့သော် မလည်ရှာ ပေ ။ ကျွန်တော် အလိုချင်ဆုံး ဖြစ်သော နံနက် ၆ နာရီ မှ ပင် “ စောစော အေးတုန်း ကောင်းတာပေါ့ ” ဟု သဘောတူ လိုက် လေသည် ။

ကျွန်တော် က ဘဝတူ ကြက်သမား ဘုန်းကြီး ကို ဖူး လို၍ “ ဘုန်းကြီး ကော လိုက်ကြည့် ဦးမှာလား ” ဟု ကျွန်တော် က မေး သေးသည် ။ “ မလာပါ ဒကာများ နှင့် ပင် ကိစ္စ ပြီး ပါသည် ” ဟု ပြန် ပြော၏ ။

•••••   •••••   •••••

ထို တနင်္ဂနွေ နေ့ ရောက်သော အခါ နံနက် စောစွာ ကျွန်တော် အိပ်ရာ မှ နိုး လေသည် ။ ကျွန်တော့် ကြက်တွန်သံ ကို မကြားရသေး ။ ခါတိုင်း ဆိုလျှင် ကျွန်တော် ကြက်သံ နှင့် နိုး နေကျ မီး ဖွင့်၍ နာရီ ကြည့် လိုက်တော့ ၄ နာရီခွဲ ။ ကျွန်တော့် ကြက် သည် ၅ နာရီ ခန့် မှာ တွန်သည် ။

ကျွန်တော် မျက်နှာသစ် ကာ ရေနွေးအိုး ကို တည်ပြီး စာ တစ်အုပ် ဖွင့် ဖတ်၍ နာရီ တကြည့်ကြည့် နေသည် ။

အိုကေ ။ သူ တွန်နေကျ အချိန် မှာ ပင် အတောင် တဖျန်းဖျန်း ခတ် ၍ သူ့ ထုံးစံ အတိုင်း ၅ ခါ တိတိ တွန် ပါလေသည် ။ နောက်ပြီး ပြန် ငြိမ်သွား၏ ။ ကျွန်တော် စိတ်အေး သက်သာစွာ ကဗျာ တစ်ပိုင်းတစ်စ ကို ပင် စပ် လိုက်သေးသည် ။ ( ကျွန်တော် သည် ဘယ်ကို မှ သုံးရန် မဟုတ် ။ စိတ်ကူး ပေါက်ရာ ကဗျာများ ကို စပ်လေ့ ရှိပါသေးသည် ။ )

နံနက် လင်း သော် အိပ်တန်း မှ မဆင်းမီ ကြက် ကို ဖမ်း၍ ဇလုပ် စမ်း ကြည့် လိုက်၏ ။ ဆန် တစ်စေ့ မှ မရှိ ။ အိုကေ ။ ထို့နောက် ထုံးစံ အတိုင်း ရေ အဝ ခွံ့ လိုက်သည် ။ ( အားကစားသမားများ မနက် ရေ သောက်ကြ သလိုပေါ့ အမော လုံ ဖို့ ) ပြီး လျှင် ဆောင်း ၏ နံနက် အေး နေ သဖြင့် ရေနွေး နှင့် ပေါင်များ ကို ဆုပ်ကိုင် သည် စိစိစိစိ မြည်အောင် ဖျစ်ညှစ် ရသည် ။ နာရီ ဝက် မျှ ကိုင် တွယ် ပြီး နောက် အိမ်ရှေ့ ထုတ် ၊ ကြိုး ချည်ပြီး တန်းတင် ထား လိုက်၏ ။ တဖျောင်း ဖျောင်း နှင့် အတောင် ခတ် ၍ တစ်လစပ် တွန် လေတော့သည် ။ မကြာမီ တာတေ ရောက် လာ၍ ...

“ ကဲ ... တာတေ ရေ ၆ နာရီ ထိုးပြီကွ ၊ သူတို့ စောနိုင် သမျှ စောအောင် သွား ခေါ်ကွာ ”

မကြာမီ တာတေ ရောက် လာ၍ ...

“ လာမယ်တဲ့ ဆရာ ၊ လူ စု နေကြပြီ ”

ကျွန်တော့် အိမ် သို့ လည်း ကျွန်တော့် ကြက် ဘက် က လောင်းမည့်သူ
များ တဖျောက်ဖျောက် ရောက် လာ ကြပြီး ကြက်သမား သည် တစ်ကိုယ်ကောင်း မဟုတ် ၊ အခြား သူများ ကို လည်း မျှမျှတတ ပါဝင် စေ ရသည် ။ လက်ဖက်ရည်ကြမ်း တစ်အိုး နှင့် ကြက်သမား တို့ အနှစ်နှစ် အလလ က သူတို့ တွေ့ကြုံ ခဲ့ရသော ကြက်များ အကြောင်း ပြော နေကြသည် ။

ကျွန်တော် က တော့ နာရီ တကြည့်ကြည့် နှင့် ကြည့် ရပေမည် ။ ၈ နာရီ ၂၄ မိနစ်ရောက် လျှင် ဒုတိယဇယား ကြည့် လိုက်စမ်းပါ မိတ်ဆွေ ။ အဖြူ သည် ထိပ်တန်း ရောက် နေ၍ ကျွန်တော့် ကြက် ဣ အနက် က မျက်စိ ကန်းမယ့် ဘက် ရောက် နေသည် ။

ဒင်း တို့ လည်း ဒါကို နားလည်၍ ပဲ အချိန် ဆွဲ နေသလား ။ ၇ နာရီ ထိုး သွားပြီ ။

“ သွားကွာ .. တာတေ ၊ ၈ နာရီ ကျော်ရင် ဖြင့် ငါ မရှိတော့ဘူး ၊ စာရေးဆရာ အစည်းအဝေး သွားရမယ် ပြော မြန်မြန် ခေါ်ခဲ့ကွာ ”

သည်လိုနဲ့ ပဲ ၇ နာရီခွဲ မှ ကြက်ဝိုင်း ထဲ ရောက် ကြသည် ။ ကိုယ့် ကြက် အချိန်က မိနစ် ၅ဝ ဆယ် မျှ ရှိ တော့၍ ကျွန်တော် က အလော ဆော် ရသည် ။ ကျွန်တော့် အား ဒါလောက်ပဲ အယူသည်း သလား မေး တော့လည်း မဟုတ်ပါပေ ။ သို့သော် သိနေတော့ လည်း တတ်နိုင် သလောက် ကိုယ့် ဘက် က သာအောင် လုပ်ချင်သပေါ့ ။ ကြုံခဲ့ရ သည်မှာ လည်း ကြက်ချင်း တန်းတူ နေ လျှင် မွေးစီး ရသည့် ကြက် က နိုင်သွားသည် များ ကို တွေ့ခဲ့ရ ဖူးသည် ။

“ ကဲ... ကြေးစပ် ၊ ခင်ဗျား တို့ ဘက် က ဘယ်လောက် ရှိသလဲ ”

“ ၇၇ိ ”

“ ဟောဗျာ ”

ကျွန်တော့်ဘ က် က လူစု နှင့် တော်တော် စိတ်ပျက် သွား မိသည် ။

“ နို့ ခင်ဗျား တို့ ဘက် ကပဲ ၁၁ဝိ အောက် မလိုက်ဘူး ဆို ”

“ ရှိရင် ထောင့်တစ်ရာကြေး တိုက်ချင်တာပေါ့ ဗျာ ၊ ခု လလယ် ရက်ကြီး မှာ ငွေ မရှိလို့ပေါ့ ဗျာ ”

“ ခင်ဗျား တို့ ဘုန်းကြီး က ကော ဗျာ ”

“ ဘုန်းကြီး လည်း လူ ပဲ ဗျ ၊ ဘိုင် ကျတဲ့ အခါ ကျ မှာပေါ့ ”

“ ကဲလေ ... နဲ ပစေပေါ့ ။ လာဘ်ဦး မပယ်ပါဘူး ”

ကျွန်တော့် ကြက် မှာ တခါမျှ ငွေ နှင့် ကြေး နှင့် မတိုက်ဖူးသေးချေ ။

“ ရသမျှ အမြတ် ပဲ ”

“ ဟဲဟဲ ... ဘယ်သူ က မြတ်မလဲ ၊ နောက် မှ ကြေး နဲလို့ တော်သေးတာပေါ့ကွာ ၊ ဖြစ် သွားမယ် ဟဲဟဲ ”

“ ကဲ .. ငွေထုတ် ငွေထုတ် ”

ကျွန်တော့် ဘက် က လူများ ကို တောင်းတောင်းပန်ပန် နှင့် လျှော့ ခိုင်း လိုက်ရ တော့သည် ။ တချို့ တစ်ကျပ် နှစ်ကျပ် မျှ ပါ ရတော့သည် ။ ကျွန်တော့် ဖို့ ပင် လျှင် နှစ်ဆယ် မျှ ရှိတော့ ၍ တာတေ့ ကို လည်း ၅ိ သာ ပါရန် ချော့ရပါ သေး၏ ။

ငွေများ ကို ဒိုင် လုပ်သူ ကျွန်တော့် အိတ် ထဲ ထည့် လိုက်ပြီး နောက် နဂါးလှည့် ကြည် ၊ နတ်နေ လာဘ်နေ ရွေး ၍ ကြက်ဝိုင်း စည်းကမ်း ထုံးစံအ တိုင်း ပြောပြီး ကြက် နှစ်ကောင် လွှတ် လိုက်လေပြီ ။

ကြက်ဝိုင်း တွင် သူတို့ ဘက် လူစု က တစ်ခြမ်း ၊ ကျွန်တော် တို့ ဘက် က တစ်ခြမ်း ၊ ပထမ ခွပ် စ ၌ တစ်ကောင် နဲ့ တစ်ကောင် ခြေ မတင်ကျ သေး၍ ပရိတ်သတ် သည် ဆိတ်ငြိမ် နေကြ၏ ။ ကြက် နှစ်ကော င်သည် ရှောင်ကာ တိမ်းကာ တစ်ဦး နှင့် တစ်ဦး ပညာ စမ်း နေကြ၏ ။ ( တိုက်ကြက် မှာ မျိုး နှင့် ခွပ်လမ်း ပညာ ရှိ၏ ။ )

ကျွန်တော် သည် နာရီ ကို ကြည့်၍ “ ငါ့ သား ရေ ဒို့ ဘက် မိနစ် ၄၀ လောက် ရှိတော့ သကွ ၊ မြန်မြန် လုပ်လိုက်စမ်း ” ကျွန်တော် စိတ်ထဲမှ ရေရွတ်လိုက်၏ ။

ဟုတ်လိုက်လေ ဗျို့ ၊ စ , ခွပ်၍ ၃ မိနစ် အတွင်းမှာပင် ကျွန်တော့် ကြက် က တစ်ချက် မိ လိုက်ရာ ဟို ကြက် ဖလူး ကနဲ ဝိုင်းပြင် ပျံ့၍ ထွက်သွား တော့သည် ။

ကျွန်တော့် ဘက် က လူများ သြဘာသံများ ဆူညံ သွား၍ ကျွန်တော် က လူကြီး ပီပီ အုပ်ထိန်းရ သေးသည် ။ တစ်ဖက် က မခံချင် လျှင် ရန် ဖြစ်တတ်၏ ။

“ ကျီးခြေ ဟာ ဒီလိုပဲကွ ” ( ကျွန်တော့် ကြက်မဲမဲ ကို ကျီးမွေး ဟု ခေါ် သည် ။ တိုက်ကြက် ၅ဝ လျှင် တစ်ကောင် တွေ့ရန် ခဲယဉ်း၏ ။ ရှားသော အမွေး မျိုး ပေ ။ )

“ ခွပ်တော့ ပျော့ဖားဖား ပေမယ့် ခြေဆိပ် တက်ဆိပ် ရှိတယ် ”

ကျွန်တော့် ဘက် လူ က ပြောသည် ကို ဟိုဘက် လူ တယောက် က

“ အောင်မယ်လေးဗျာ .. ဒီလို မတော်တဆ အမွှန် ခွပ် တာတော့ ကြက်မ လဲ ခွပ် တတ်တာပါပဲ ”

ဤလို ပျံထွက် သွားသည် ကို အမွှန် ခွပ် ဟု ခေါ်သည် ။ ရုတ်တရက် မွှန် သွားခြင်း ဖြစ်ပေသည် ။

ကျွန်တော့် ကြက် ဘက် က ကြေးကျော ပေး လေပြီ ၊ ၁ဝိ နဲ့ ၈ိ ၊ ၁ဝိ နဲ့ ၇ိ ။

နောက် တချီ ပြန် လွှတ်ပြီ ။

ကျွန်တော့် ကြက် က သူ သာ မှန်း သိ၍ အတင့်ရဲ တော့ရာ သတိ မဲ့ သွား ၍ ဟို ကြက် အကြိုက် တွေ့သွားသည် ။ ကျွန်တော့် ကြက် မေး ကို လှန် တီး လိုက် သည် ။ ပြောလောက်ပါပေ၏ ။ ကျွန်တော့် ကြက် မှာ နောက် ယိုင် ၍ ဦးခေါင်း ဆတ်ဆတ်ခါ သွား၏ ။

ယင်း၌ သူတို့ ဘက် က သြဘာသံများ ညံ သွားပြီး လူ တစ်ယောက် မူ ဝမ်းသာလွန်း သွားဟန် တူ၏ ။ ကြက်ဝိုင်း ထဲ သို့ ဂျွမ်းထိုး ချ လိုက်လေသည် ။ သို့သော် သူတို့ဘက် ကြက်စွဲ က သူ့ လူ အကြောင်း သိ နေဟန် တူပါ၏ ။ ကြက်ဝိုင်း ထဲ ကိုယ် မရောက် မီ ဖင်ထောင် နေစဉ်၌ တင်ပါး ဖနောင့် နှင့် ဆော် ထည့် လိုက်ရာ သူ့ နဂို တိုင်း ထိုင်လျက်ကလေး ပြန် ဖြစ်သွား၏ ။ နှစ်ဖက် သော ပရိသတ် မှာ တဝေါဝေါ ပွဲကျသွား၏ ။

ကြက် နှစ်ကောင် ကား ဆက်လက် ခွပ် နေသည် ။ ကျွန်တော့် ကြက် သည် တစ်ချက် ထိ သွား၍ ဟိုကောင် အကြိုက် ကို သိ သွားပြီး နောက်ထပ် အမှား မခံတော့ပြီ ။ သတိ နှင့် ခွပ်တော့၏ ။

“ ကဲ .... ငါ့ သား ဒဏ်ရာ စွဲပါသကွ ”

ကျွန်တော့် ကြက်သည် ကြက် ၃ ကောင် နှင့် ၃ ခါ မျှ ခွပ်လက်ချ ခဲ့ဖူးပြီ ဖြစ်၍ ကျွန်တော့် ကြက်စွဲ က သူ့ အကြောင်း သိ နေသည် ။ ခွပ်ပြီးသား နေရာ ကို ထပ် ထပ်ပြီး ခွပ် တတ်သည် ။

“ ခုန အမွှန်လေး ထပ် တီး စမ်းပါဦး ၊ ဒါမျိုး ၄ ခါ မခံနိုင်ပါဘူးကွာ ”

ကျွန်တော့် ကြက်စွဲ က အားပေး လိုက်၏ ။

ထို စကား နှင့် မရှေးမနှောင်း ပင် ကျွန်တော့် ကြက် က နားဆက် တီး လိုက် လေရာ ဟို ကြက် ကရော် ဆို အော် ၍ ဝိုင်းပြင် ထွက် ပြေး လေတော့သည် ။ သူတို့ ကြက် သည် မျိုးမစစ် ဟု ကျွန်တော် အထင် မှန်၏ ။ နောက် ပြန် မခွပ်တော့ပေ ။ တစ်ခါ ကောက် နှစ်ခါ ချ ၊ ခွပ်ချိန် ၁၀ မိနစ် မျှ နှင့် ဝိုင်း ပြီးလေ သည် ။ ဤတွင် ကျွန်တော့် ကြက် သည် နာမည် ဟီး ၍ သွား လေ၏ ။

•••••   •••••   •••••

◾ကြက်ရှင် သင်္ကန်းဝတ်

ဤမှ ထို ရပ်ကွက် တွင် ဘုန်းကြီးကြက် ဟူ၍ နောက်ထပ် မကြား တော့ချေ ။ ထို ဘုန်းကြီး လုပ်သူ ကို လည်း ကျွန်တော် သိပါလျက် ထိ ဖြစ်နေ သည် ။

တစ်လ မျှ အကြာ တစ်နေ့ သော နံနက် ကျွန်တော် ကမ္ဘာအေးဈေး မှ ပြန် အလာ ထို ဘုန်းကြီး နေရာ အောက်ချိုင့်နား အရောက် ၌ မျက်နှာချင်း ဆိုင် လာသော လူ တစ်ယောက် သည် ကျွန်တော် ရှေ့ ရပ် လိုက်ပြီး ...

“ ကိုကြင်ဆွေ ကျွန်တော့် မမှတ်မိဘူးလား ”

သူ ပြော မှ ပင် ကျွန်တော့် မှာ သူ့ မျက်နှာ မြင်ဘူး သိဘူး သလိုလို ရှိသည် ။ ဘယ်သူ ဘယ်ဝါ ဘယ်မှာ ဟူ၍ တော့ စဉ်းစား မရ ထို လူ က ဆက်လက်၍ ...

“ ကိုကြင်ဆွေ မအူပင်လမ်း ရှေ့ လဘက်ရည်ဆိုင် ထွက် နေတုန်း က ဟာ ပြန် စဉ်းစား ဗျာ ”

ဤမှ ရှေးခေတ်ဟောင်း ကို ကျွန်တော် ကွက်ခနဲ မြင်ယောင် လာ ကာ ...

ဟာ ... ကိုတင်ကြီး ညောင်တုန်းလမ်း နှင့် မအူပင်လမ်း ထိပ် ခွက်ကုန်း “ ဖာ ” ရပ်ကွက် က ပုဂ္ဂိုလ်ကြီး ပေ တကား ။

“ ပြောမှ စဉ်းစားမိ တော့ သဗျာ ၊ မတွေ့ကြတာ က လည်း ကြာပြီ ကို ဗျ ။ အခု ခင်ဗျား ဘယ်မှာ နေလဲ ”

“ ဟောဒီ အောက် ဂျိုင့် ထဲ မှာ နေတာ ၊ ခုတော့ ငကဲ အသုံး မကျတာနဲ့ ပြေးရပြီ ဗျ ”

“ အော ... ငကဲ လဲ ဒီမှာ နေသကိုး ၊ ကျွန်တော့် ကြက် တိုက်တဲ့ နေ့ က တောင် ကြက်ဝိုင်း ထဲ တွေ့သေးတယ် ”

“ ကိုကြင်ဆွေ ကြက် နဲ့ တိုက် တာ သူ့ ကြက် ပေါ့ ဗျ ”

“ နို့ .. ဘုန်းကြီးကြက် ဆို ”

“ ဘုန်းကြီး လုပ်နေတာ သူ ပေါ့ ဗျ ။ ကြက်ဝိုင်း လူဝတ် လဲ ပြီး လိုက် ကြည့်တာ ”

“ ဟေ ”

ကျွန်တော့် မျက်လုံး သည် ဝိုင်းဝိုင်းလည် ၍ သွားသည် ။ ငကဲ သည် ဖာ - ခေါင်း ဖြစ်၏ ။

“ ဘယ့်နှယ်ဗျာ မစပ်မဟပ် ဒီကောင့် နှယ် ”

“ ဗိုလ်ချုပ်အစိုးရ က အဲဒီ အကွက် ဖျက်တော့ ငကဲ က သင်္ကန်း ဝတ်ပြီး သူ့ ဖာမတွေ ဒကာမ လုပ်ပြီး ဒီဘက် လာ ခိုတာ ”

“ ဒီမှာ လဲ ဒီ အလုပ် လုပ် နေတာပဲလား ”

“ ဒီ အကွက် ထဲ မှာ တော့ မလုပ်ပါဘူး ၊ တခြား ထွက်တယ် ”

“ ကျွန်တော် တစ်ခါ လာတုန်း က မယ်သီလ လည်း မြင်ပါလားဗျ ”

“ အဲဒါ ကိုကြင်ဆွေ သေသေချာချာ ကြည့်ရင် သိမှာပေါ့ ၊ အသိန်း ရယ် လေ ၊ ကောင်မ က ရောဂါ ကြောင့် ကတုံး ရိပ်ရတော့ ငကဲ ရဲ့ အစီအမံ ပေါ့ ”

“ တောက် ... ရက်စက်တဲ့ လူတွေ ပဲ ဟေ့ ၊ အခုတော့ ဘယ်လို ဖြစ်ကြတာ တုန်း ”

“ ငကဲ သင်္ကန်း ဝတ်ပြီး အနေအထိုင် သရမ်းမှု ပေါ့ ဗျာ ၊ အရပ် ထဲ က သိ ပြီး သာသနာရေး ဝန်ကြီးရုံး ရောက် သွားတယ် ။ သာသနာရေး ဝန်ကြီး အမိန့် နဲ့ သင်္ကန်း ဆွဲချွတ် ပြီး နှင်ထုတ်တော့ တာပေါ့ ဗျာ ”

ဤကား တကယ့် ဖြစ်ရပ်ပေတည်း ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment