❝ ဝတ္ထု ဆောင်းပါး အက်ဆေး အကြောင်း ❞
◾ကျွန်တော် သူ့ကို ကောင်းစွာ နားလည် သဘောပေါက်ခဲ့သည် ။
ကျွန်တော် တစ်ချိန်တုန်း က သူ့ အလာ ကို စောင့်မျှော် နေခဲ့ ဖူးသည် ။ တစ်စုံ တစ်ယောက် က တစ်စုံ တစ်ယောက်ကို ဖြစ်စေ ၊ အရာဝတ္ထု တစ်ခု ကို ဖြစ်စေ စောင့်မျှော် နေကြသည် ။ ဂိုဒေါ့ ကို စောင့်မျှော်ခြင်း ဝတ္ထု ကို ဆမ်မြူရယ်ဘက်ကက် က ရေး ခဲ့သည် ။ လူ တချို့ သည် စားသောက် စရာ များ ၊ မော်တော်ကား များ ကို စောင့်မျှော် နေကြသည် ။ ကျွန်တော် မည်သူ တစ်ဦး တစ်ယောက် ကို မျှ စောင့်မျှော် နေခြင်း မရှိ ။ ကျွန်တော့် နည်းတူ ဆိုင် ထဲ မှာ ထိုင် နေသူ လေးငါးဆယ်ယောက် ခန့်မျှ ဖြစ်သည် ။ မှန်တံခါးပေါက် ကို ကျော်ပြီး လမ်း တစ်ဖက် ကို ကျွန်တော် ကြည့် နေမိသည် ။ တံခါး ပေါက် နှင့် တည့်တည့် တွင် အင်္ကျီချုပ်ဆိုင် တစ်ဆိုင် ရှိသည် ။ အင်္ဂလိပ်ဘာသာ ဖြင့် လစ်ဘရယ် အပ်ချုပ်ဆိုင် ဟု ရေးသား ထားသည် ။
◾ရှည်လျားသော စာကြောင်း သည် လရောင် အောက် တွင် လမ်းလျှောက် နေသည် ။
လမ်းလျှောက် ရင်း ကျွန်တော် တို့ စကား ပြောကြသည် ။
“ လွတ်မြောက်မှု ဆိုတာ ဘာလဲ ”
ဟု သူ က မေးသည် ။
“ မင်း က ကော ဘာလဲ ”
ဟု ကျွန်တော် က ပြန် မေး လိုက်၏ ။
ကျွန်တော် တို့ နှစ်ယောက် သည် သူငယ်ချင်း တွေ ဖြစ်ကြသည် ။ တစ်ယောက် နှင့် တစ်ယောက် မတွေ့ကြ တာ ကြာပြီ ။ မမျှော်လင့် ဘဲ ဘတ်စ်ကား စီး ရင်း တွေ့ဆုံ ကြပြီး စကား ပြော ရန် လမ်းလျှောက် ထွက်လာခဲ့ကြခြင်း ဖြစ်သည် ။
“ ငါမေးတာ မင်း သဘောပေါက်ရဲ့လား ”
“ မပေါက်ဘူး ”
“ သဘော မပေါက်တာ က တော့ မင်း ကိစ္စ ပဲ ၊ လွတ်မြောက်မှု က တော့ မင်း ကိုယ်တိုင် သဘောပေါက် နားလည် စေတာပဲကွ ”
“ ဒီလောက်လေးပဲလား ”
“ ဒီလောက်ကလေး တင် ဘယ် ဟုတ်မလဲ ၊ နားလည်သဘောပေါက်မှု ဆိုတာ က နားမလည်မှု ကို နားလည် လိုက်တာပဲ ဖြစ်တယ် ။ ကိုင်း မင်း သိထားသမျှ ပြောစမ်းပါဦး ”
သူ့ ဘက် မှ ဘာမှ ပြန် မဖြေ ။ တိတ်ဆိတ် သွားသည် ။
“ ကဲပါကွာ ၊ သူငယ်တန်း ပြန် ဆင်းကြစို့ ၊ တစ် နဲ့ နှစ် ပေါင်း ဘယ်လောက်လဲ ”
“ သုံး ”
“ အေး ၊ စောစော က ပြော ရောပေါ့ ၊ ကောင်းကင် က ဘာ အရောင် လဲ ”
“ အပြာ ”
“ အေး ၊ မင်း ပြောတဲ့ အမှန်တရား က သိပ် လွယ်တာပဲ ၊ ဒါပေမဲ့ မင်း စိတ် ထဲ မှာ ရှင်း မနေဘူး လေ ၊ ဘာ ပြောရမလဲ ရှုပ် နေတယ် ၊ မင်း မှာ က သိထားတာ တွေ သိပ် များနေတယ် ။ ဒါပေမဲ့ မင်း မသိသေးတာ ရှိတယ် ”
“ ဘာလဲကွ ”
“တစ် အပေါင်း နှစ် သုည လေ ”
“ ဟာ မဟုတ်တာဘဲ ”
“မဟုတ်တာ မဟုတ်ဘူး ၊ မင်း သဘောမပေါက်တာ ”
“ဟုတ်တယ် ၊ သဘော မပေါက်ဘူး ”
“အေး ဟုတ်ပြီ ၊ လူ တစ်ယောက် က ငါ့ ကို မာလကာသီး တစ်လုံး ပေးလိုက်တယ် ဆိုပါ စို့ ၊ ငါ စား ပစ်လိုက်တယ် ၊ နောက်တော့ အဲဒီ လူ က ငါ့ ကို မာလကာသီး နှစ်လုံး ထပ် ပေးတယ် ။ ထပ်ပြီး စား လိုက်တယ် ၊ ဒီတော့ မာလကာသီး တွေ အားလုံး ကုန်သွားပြီ ၊ ဒီတော့ တစ် - အပေါင်း နှစ် က သုည ”
“ ဟား ဟား ”
“အေး ၊ ဒီ အချက် ကို မင်း သဘော ပေါက်ထားသင့်တယ် ၊ မင်း မမွေးခင် က မင်း ဟာ သုည ပဲ ၊ ခု မင်း တစ် ဖြစ်လာပြီ ၊ တစ်ချိန် ချိန် မှာ မင်း ေ သရဦးမယ် ၊ ဒီတော့ မင်း သုည ပြန် ဖြစ်သွားရဦးမယ် ၊ ဟောဒီ စကြဝဠာမှာ ရှိတာတွေ ဟာ အားလုံး ဒီအတိုင်း ပဲ ဖြစ်ရဦးမယ် ၊ ဘာ တစ်ခု မှ မရှိဘဲ မွေး လာပြီး ဘာ တစ်ခုမှ မရှိဘဲ ေ သ သွားရဦးမယ် ၊ ဒီတော့ တစ် ရဲ့ ညီမျှခြင်း သုည ၊ သုည ရဲ့ ညီမျှခြင်း က တစ် ”
“ ဟုတ်ပြီ ၊ ငါ သဘောပေါက်ပြီ ”
“ မူလတန်းကျောင်း မှာ က တော့ တစ် အပေါင်း နှစ် က သုံး ၊ ငါ့ ရဲ့ အယူအဆ က တော့ တစ် အပေါင်း နှစ် ညီမျှခြင်း က သုည ပဲ ၊ ကိုင်း ၊ ဒီ နှစ်ခု မှာ ဘယ်သင်း က မှန်သလဲ ”
“ နှစ်ခု စလုံး မှန်တယ် ”
“အေး ၊ မင်း နှစ်ခု စလုံး မှန်တယ်လို့ ပြောတယ် ၊ ငါ က တော့ နှစ်ခု စလုံး မှားတယ် လို့ ပြောတယ် ”
“ ဘာဖြစ်လို့လဲ ”
“နှစ်ခု စလုံး မှန်သပ ဆိုရင် အာကာသ သွားတဲ့ ယာဉ် ဟာ လ ဆီ ကို ရောက်နိုင် မှာ မဟုတ်တော့ဘူး ။ တစ် အပေါင်း နှစ် ညီမျှခြင်း သုံး ဆို မှ လ ပေါ် ကို ရောက် နိုင်တယ် ။ တကယ် ဆို တစ် အပေါင်း နှစ် ညီမျှခြင်း ဟာ သုည ဆိုရင် အကာသယာဉ် ဟာ လမ်းခရီး မှာ ပဲ ပျောက်သွားနိုင်တယ် ”
“ ဒါဖြင့် ဘယ်ဥစ္စာ က မှန်သလဲ ”
ကျွန်တော် က ဘာမှ ပြော မနေဘဲ လမ်းဘေး မှာ ရှိသော ကျောက်ခဲ ဖြင့် သူငယ်ချင်း ကို ထု လိုက်သည် ။
“ နှစ်ခု စလုံး မှားတယ် ၊ ဒါကြောင့် မင်း ကို ငါ ခဲ နဲ့ ထု လိုက်တာပဲ ၊ ဘယ် ဥစ္စာ မှ မမှားဘူး ”
စကား ဆုံးသည် နှင့် ကျွန်တော် သည် ကိုယ့် ခေါင်း ကို ကိုယ် ကျောက်တုံး ဖြင့် ထု လိုက်သည် ။ ကျွန်တော့် သူငယ်ချင်း က နားမလည် နိုင်သော အကြည့် ဖြင့် ကြည့် နေသည် ။
“ အေး ၊ ဘယ်ဥစ္စာ မှ မမှားဘူး ၊ ဒါကြောင့် ငါ့ ခေါင်း ငါ ခဲ နဲ့ ထုလိုက်တာ ၊ ငါ ပထမဆုံး ပြောချင်တာ က တော့ ပုံသဏ္ဌာန် တွေ ဟာ အဓိပ္ပာယ် မရှိဘူး ။ ဗလာ ၊ ဒီတော့ ဗလာ ဟာ ပုံသဏ္ဌာန် ပဲ ဖြစ်တယ် ၊ သဘော က တော့ တစ် ဟာ သုည ၊ သုည က တစ် ၊ တစ်ခု တော့ ရှိတယ် ၊ ပုံသဏ္ဌာန် ကို ဘယ်သူ က ဖန်တီး လိုက် သလဲ ၊ အေး ၊ သုည ဆိုတာ ကော ခံယူချက် မျှသာ ပဲ ဖြစ်တယ် ၊ ခံယူချက် ဆိုတာ က တွေးတောမှု ရဲ့ အစဉ်ကြီး ၊ ဒေးကား က ခုလို ပြောခဲ့ဖူးတယ် ၊ ငါ တွေးသည် ဒါကြောင့် ရှိသည် တဲ့ ၊ ငါ ဆိုတာ က တွေးတောမှု မပြုတော့ဘူး ဆိုရင် ငါ ဆိုတာ က ဘာလဲ ၊ မှတ်ထား ကွာ ၊ မတွေးတော ခင် အချိန်ထိ မင်း ဆိုတာလဲ မရှိဘူး ၊ ငါ ဆိုတာလည်း မရှိဘူး ၊ ပုံသဏ္ဌာန် ပညတ် လည်း မရှိဘူး ၊ ဗလာနယ် လည်း မရှိဘူး ၊ မှန် တာ လည်း မရှိဘူး ၊ မှား တာ လည်း မရှိဘူး ၊ ဒီတော့ စိတ် ကို ရှင်းရှင်း ထားဖို့ လိုတယ် ၊ ဘာမှ မစဉ်းစားနဲ့ ၊ အရာဝတ္ထု မှန်သမျှ ဟာ ပုံသဏ္ဌာန် က ပုံသဏ္ဌာန် ၊ ဗလာနယ် က ဗလာနယ် ”
“ ရှုပ် ကုန်ပြီ ၊ ငါ တော့ ဘာ မှ နား မလည်တော့ဘူး ”
“အေး ၊ နားလည်ချင် တာ ကို က အမှား တစ်ခုပဲ ။ စိတ် ကို ရှင်ရှင်း ထား လိုက်ရင် အားလုံး နားလည် သဘောပေါက် သွားမှာ ဖြစ်တယ် ”
◾ခိုင်ညိုဦး ၊ လမ်းမီးတိုင်များ နှင့် တန်ခူးလ
တန်ခူးလမ်းမ သည် နေရောင် အောက် တွင် လျှောက် နေသော ကျွန်တော်နှ င့် ခိုင်ညိုဦး ကို မသိကျိုးကျွန် ပြုနေကြသည် ။ လူ တော်တော်များများ သည် သင်္ကြန်ဝတ်စုံ ဝတ်ပြီး လမ်းသလား နေ ကြသည် ။ နေပူရှိန် တဖြည်းဖြည်း ကျ သွားသည် ။ သူတို့ ၏ ခြေထောက် တွေ က အရေးကြီးခြင်း ဖိနပ် တွေ စီး ထားကြသည် ။ အချိုးအစား မညီသော တိုက်တာ အဆောက်အအုံ ပုံစံမျိုး လို ပဲ လူတွေ ရဲ့ ပုံစံ က အမျိုးမျိုး ရှိနေသည် ။ စနစ်တကျ တွေးခေါ် တတ်သော ၊ ဆင်ခြင်တုံ ဦးစားပေး သော လူများ ( အထက်တန်းစား ၊ အလယ်လတ်တန်းစား ၊ အောက်ဆုံးလွှာများ ) စသည်များ သည် နာမည် အမျိုးမျိုး ကို ရင်ဘတ် တွင် တပ်ဆင်လျက် ၊ ဦးထုပ် ပုံစံ အမျိုးမျိုး ဆောင်း လျက် ၊ စီးကရက်မျိုးစုံ သောက် လျက် ၊ မော်တော်ကား ပေါ် မှ ဆင်း လာ လိုက် ၊ တက် သွား လိုက် ၊ တိုက်တာ အဆောက်အအုံ များ ပေါ် မှ တက် လိုက် ဆင်း လိုက် ၊ ငွေစက္ကူ များ ကို ထုတ် လိုက် သွင်း လိုက် နှင့် ဗျာများ နေကြသည် ။ ဘောလုံးကစားကွင်း ထဲ မှ ဘောလုံး သည် ခြေထောက်များ ကြား မှ တောင် ပြေး မြောက် ပြေး ရွာဆော်ကြီး ခွေး ဖြစ် နေသည် ။ လက်ခုပ်သံများ တဖြောင်းဖြောင်း ထွက်ပေါ် လာသည် ။ ဘောလုံး သည် လက်ခုပ်သံ ကို သဘောကျစွာ ဖြင့် မြက်ခင်း ပေါ် တွင် ကျွမ်းထိုး နေသည် ။ ဂျင်းဘောင်းဘီ ဝတ် ထားသော ငှက် တစ်ကောင် ဟမ်ဘာဂါ ဝါး နေသည် ။ အရူး တစ်ယောက် ၏ ခေါင်း ထဲ မှာ ရှိသော အတွေး က လေ ကို ချိုအောင် လုပ်ပြီး သောက်ရေ သဖွယ် ဖန်တီးဖို့ ဖြစ်သည် ။ အော်ဂလီဆန် ဖွယ် ကောင်းလှသော - စကားလုံးများ ကို ဆယ်လူလာဖုန်း ထဲ မှ အော် ဟစ် ပြော နေသော လူ ၏ မျက်နှာပြင် မှာ မျောက် တစ်ကောင် ၏ မျက်နှာပြင် နှင့် တူနေ သဖြင့် လူ သည် မျောက် က ဆင်းသက်လာ ကြောင်း သက်သေ ပြ လျှင် ရမလား ဟု ဘီယာမြုံ့ နေသူ က တွေး နေ၏ ။ သူ ၏ တစ်ခေါင်းလုံး ဖွေးဖွေးဖြူ နေပြီ ။ ဘီယာဘူးခွံ များ ၊ မော်တော်ကား များ ၊ ရေ မွှေးနံ့ များ ၊ သီချင်းသံ များ ၊ နှုတ်ခမ်းဆိုးဆေး များ ၊ ဖိနပ်သံ များ နှင့် လူ များ သည် မအိပ်ကြသေး ဘဲ ပျော်ပါး နေကြဆဲပင် ရှိသေးသည် ။ ကျွန်တော် ခိုညိုဦး ၏ အိမ် ထဲ မှ နေ၍ ထွက် လိုက်ပြီး တန်ခူးည ထဲသို့ ဆင်းသက် လိုက်သည် ။ ကျွန်တော့် ဆံစ တွေ ကို ပိတောက်နံ့ က ပွတ်သပ် နေ၏ ။
◾အတွေး တစ်ခု
အရာရာ ကို ဒွိဟ သံသယ ဖြင့် ကြည့်မြင်တတ်သူ တွေ ထဲ မှာ ခိုင်ညိုဦး ပါ နေကြောင်း ကျွန်တော် တွေးတော နေ မိသည် ။
◾စာအုပ် ထဲ မှာ ပါ သော စာပေ အယူအဆ
ပို့စ်မော်ဒန်ဝါဒ ဟူသော ဝေါဟာရ ကို ပထမဆုံး စတင် သုံးစွဲသူ မှာ ဂျိုးဇက်ဟဒ်နော့တ် ဖြစ်သည် ။ ၁၉၄၉ ခုနှစ် တွင် ထုတ်ဝေသော ဗိသုကာ နှင့် လူသား ၏ စိတ်ဓာတ် ( Architecture and spirit of man ) တွင် စတင် အသုံးပြု ခဲ့သည် ။ နောင် ဆယ်စုနှစ် နှစ်နှစ် ကြာသော အခါ ချားလ်စ်ဂျင့်ခ် က ယင်း အယူအဆ ၊ ဝါဒ နှင့် စပ်လျဉ်း၍ ထင်ရှားအောင် ဆောင်ရွက် ခဲ့သည် ။ နာမည် ကြီးရခြင်း မှာ လည်း ယုဒသန်စတိုင် အက ( Judson style dance ) နှင့် ဆက်နွှယ် ၍ ဖြစ် သည် ။ ဂရင့်ဝစ်ချ်ကျေးရွာ တွင် တည်ရှိသော ယုဒသန် အောက်မေ့ဖွယ်ရာ ဘုရားကျောင်း နာမည် နာမ ကို အစွဲပြု ၍ မှည့်ခေါ်ခြင်း ဖြစ်သည် ။ အက မှာ တိုင်းရင်းသား များ က သော အက ဖြစ်၏ ။ ၁၉၇၀ မတိုင်မီ အထိ ပို့စ်မော်ဒန်ဝါဒ ဟူသော အမည် သည် မတွင်ကျယ် မပျံ့နှံ့သေး ။ နောက် ပိုင်း ကျမှ သာ အနုပညာ ဝေဖန်ရေးဆရာများ က ပုံမှန် အသုံးပြု လာကြသည် ။ ယင်း ဝါဒ နှင့် ပတ် သက်သော အနက်အဓိပ္ပာယ် မှာ ပီပြင်ခြင်း ၊ ရေရာခြင်း မရှိ ။ ဝေဝေဝါးဝါး ။ “ မော်ဒန်နောက် ပိုင်း ” ဟူသော အနက်သဘော ဖြစ်သည် ။ “ မော်ဒန် ဆန့်ကျင်ခြင်း ” ယေဘုယျ အားဖြင့် လက်ခံ ထား ခဲ့ကြသည် ။
သဘောတရား ဆရာ အများ လက်ခံ ယုံကြည်ထားသည့် အချက်မှာ ယခု လို ဖြစ်သည် ။ မော်ဒန်ဝါဒ မှ ပို့စ်မော်ဒန်ဝါဒ သို့ ကူးပြောင်း ရာ တွင် ခေတ်ပြိုင် လူမှုရေး နှင့် စီးပွားရေး ဆိုင်ရာ အခြေအနေများ ပေါ် မူတည် ၍ လူသား တို့ ၏ သိစိတ်များ ခေတ် နှင့် အညီ ပြောင်းလဲမှုပင် ဖြစ်သည် ။ ယင်းမှာ အဓိက အချက် ဖြစ်သည် ။ လူမျိုးစုံ တို့ က တည်ထောင် ထားသော ကော်ပိုရေးရှင်း များ က သတင်း နှင့် လူထု ဆက်သွယ်ရေး ယန္တရား ဆိုင်ရာ နည်းပညာ သစ် ၊ အတတ်ပညာ သစ် များ ကို ချုပ်ကိုင် လိုက်ပြီး ပိုမို ပျံ့နှံ့အောင် ဆောင်ရွက် လိုက် သဖြင့် လူမျိုးရေး နယ်နိမိတ် များ သည်လည်း ကျဉ်းမြောင်း သွားသည် ။ ကျုံ့ဝင် သွားလေသည် ။ ( အနုပညာမဂ္ဂဇင်း တွင် ဖော် ပြ ထားသော အနုပညာ လက်ရာများ ကို နိုင်ငံတကာ မှ ပရိသတ်များ သည် ရုတ်ခြည်း ဆိုသလို တွေ့မြင် ခံစားနိုင်လာကြပြီ ဖြစ်၏ ) ပို့စ်မော်ဒန် သို့မဟုတ် စက်မှုခေတ် လွန် အရင်းရှင်စနစ် သည် စားသုံးသူ ၏ စိတ်ကူးအာရုံ ကို အောင်မြင်စွာ အကောင်အထည် ဖော်လိုက်နိုင်ပြီ ဖြစ်သည် ။ စိတ်ကူးအာရုံ မှာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း တွင် အရှေ့ နှင့် အနောက် ဟူသော စည်းရိုး များ ကို လျင်မြန်စွာ ဖျောက် ပစ် လိုက်နိုင်ခြင်း ဖြစ်သည် ။ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ တော်လှန်မှု သည် ၁၉၆၀ တစ်ဝိုက်ခန့် တွင် လင်းအရုဏ် တက်ခဲ့ သလို စတင် ပေါ်ထွန်း ခဲ့သည် ။ မော်ဒန်ဝါဒ နှင့် ပို့စ်မော်ဒန်ဝါဒ ၏ ထင်ရှား သိသာသော ခြားနားချက် မှာ သဘာဝပတ်ဝန်းကျင် တော်လှန်မှု က အချက်ပြ တပ်လှန့် သလို ပြုလုပ်လိုက်သည့် စက်ယန္တရား ၊ စက်မှုနည်းပညာရပ် ပေါ် မှာ ယုံကြည်သက်ဝင်မှု များ လျော့ပါး လာခဲ့ခြင်း ဖြစ်သည် ။ မော်ဒန်ယဉ်ကျေးမှု ဆိုသည် က စက်မှုခေတ် ၏ လိုလားတောင့်တမှု များ နှင့် အညီ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည် ။ သို့ဖြစ်၍ ပို့စ်မော်ဒန် ဝါဒ သည် လျှပ်စစ်နည်းပညာရပ် ၏ လိုလားတောင့်တချက်များ နှင့်အညီ ပေါ်ထွန်း လာသော ဝါဒ သာ လျှင် ဖြစ်သည် ။ ( ရောဘတ်အက်ကင်းစ် ၊ “ အနုပညာပြောစကား ” စာ ၁၃၁ )
◾တစ်စုံတစ်ခု ဖြစ်လာနိုး နှင့် စောင့်နေခြင်း
ကျွန်တော် မည်သူ တစ်ယောက် ကို မှ စောင့်မျှော် မနေ သော် လည်း တစ်ခု ခု တော့ ဖြစ်လာမည် ဟု ယူဆ ထားသည် ။ ဒါပေမဲ့ ကျွန်တော့် အခန်း တံခါး ခေါက်သံ ကို ကြား လိုက်ရပြီး ကတည်း က ဘာမှ ဖြစ်မလာတော့ မှန်း သိထား လိုက်သည် ။ မြို့လယ်ကောင် မှာ ဝံပုလွေ တစ်ကောင် တွေ့ လိုက်ရ သော ကျွန်တော့် သူငယ်ချင်း တစ်ယောက် လည်း အသက် ပို၍ ပို၍ ကြီး လာပြီး ဝံပုလွေ တွေ့ တိုင်း လူယောင် ဆောင် ထားသည် ဟု ယူဆ ထား နေဆဲ ဖြစ်သည် ။ ကျွန်တော် က တော့ ကွန်ပျူတာ မပျက်ရေး ၊ ရုပ်သံ မှ မြင် နေရသော အရုပ် နှင့် အသံ များ ကြည်ကြည်လင်လင် ရှိရေး အတွက် နား နှင့် မျက်စိ ကို အထူး ဂရုစိုက် နေရသည် ။ ကျွန်တော့် ဘဝ ထဲ သို့ ခိုင်ညိုဦး ရောက်လာရေး ၊ ခိုင်ညိုဦး ဘဝ ထဲ သို့ ကျွန်တော် ဝင်ရောက်ရေး တို့သည် ပထမ ကိစ္စ မဟုတ် တော့ သလို ဒသမ ကိစ္စများ လည်း မဟုတ်တော့ပေ ။
◾လူ တစ်ယောက် ၏ ကန့်ကွက်ချက်
ရှင် ကျွန်မ ကို ထည့်ပြီး မစဉ်းစားတော့ဘူးလား ။
◾လူတစ်ယောက် ၏ အဆိုအမိန့်
အချိန် ကြာမြင့်စွာ စောင့်မျှော် နေသူ တစ်ယောက် အဖို့ တစ်သက်လုံး စောင့် နေပေတော့ ။ ( ဆင်မြူရယ်ဘက်ကက် )
◾အစ / နိဂုံး
ကျွန်တော် သည် လူ တချို့ နှင့် အတွေးအခေါ် တချို့ ကို စက္ကူ ထဲ ထည့် လိုက်ပြီး အမှိုက်ပုံး ထဲ ထည့် လိုက်သည် ။ သည်လို ပြုလုပ်လိုက်ရ သဖြင့် ကျွန်တော် ကျေနပ် သွားတာ က တော့ အမှန် ဖြစ်သည် ။ မကျေနပ် တာ တွေ အများကြီး ရှိနေ သေး သော်လည်း စက္ကူ ထဲ ထည့်ပြီး အမှိုက်ပုံး ထဲ လိုက် ထည့် နေ လျှင် လည်း သည် အလုပ် ကို ပဲ တစ်သက်လုံး လုပ် နေရတော့မည် ။ ဒါပေမဲ့ စိတ် ထဲ အချဉ် ပေါက် လာ လျှင် သော် လည်းကောင်း ၊ မိမိ ကျေနပ်မှု မိမိ ရှာဖွေ လိုသည့် အခါတွင် လည်းကောင်း စက္ကူအိတ် ထဲ ထည့်ပြီး လုံးခြေ ပစ်စရာတွေ ရှိနေပါ ရဲ့ ။ စီစဉ်တကျ လုပ်စရာ တွေ ဘာ တစ်ခု မှ ရှိ မနေကြောင်း ကျွန်တော် သိရှိပြီး ဖြစ်သည် ။ စဉ်းစားစရာ မလို ၊ တွေးခေါ်စရာ မလို ။ ကျွန်တော် ရှိနေသော အချိန် နှင့် နေရာ သည် အပိုင်း လိုက် ၊ အကန့် လိုက် ဖြစ် သော်လည်း နယ်နိမိတ် တွေ ၊ ခြံစည်းရိုး တွေ ၊ နံရံ တွေ သည် မာန်မာန တက်ခွင့် မကြုံတော့ ကျွန်တော် ၏ စိတ် တွေ သည် တခြား သူများ ၏ စိတ် မဟုတ် ။ တခြား ဘယ် နေရာ မှ လည်း ထား စရာ မလိုပေ ။ စာအုပ် ကို စာအုပ် လို ပဲ ထား လိုက်သည် ။ ရုပ်မြင်သံကြား ကို ရုပ်မြင်သံကြား လို ပဲ ထား လိုက်သည် ။ လင်းပွင့်ခြင်း များ ကို သာ မက ပျံ့နှံ့ခြင်း များ ကို ပါ သူတို့ နေရာ တွင် ထား လိုက်သည် ။ ဝေလငါး ၊ ဝံပုလွေ ၊ ကျားသစ် စသည့် တောကောင် များ ၊ နပိုလီယံ ၏ ဖိနပ် ၊ မိုနာလီဇာ ၏ အပြုံး ၊ နတ်သျှင်နော င်၏ ရတုပေါင်းချုပ် ၊ အပြင် က လူ စာအုပ် ၊ ဂျင်ဂစ်ခန် ၏ ပိုးဝတ်ရုံ စသည့် အရာဝတ္ထု များ သည် သူတို့ ပိုင်ရှင် များ ၏ လက်ဝယ် တွင် ရှိ နေကြ လျှင် လည်း သူတို့ ၏ အကြောင်း ကိစ္စ တစ်ခု သာ ဖြစ်သည် ။ သုညတ နှင့် သုည သည် စကားလုံး လည်း မတူ သလို အနက်အဓိပ္ပာယ် လည်း မတူကြောင်း ကျွန်တော် သိ ထား၏ ။ ရှာဖွေ ဖို့ သာ လိုသည် ။ တွေ့မည် က တော့ သေချာသည် ။ ကျွန်တော် ခိုင်ညိုဦး နှင့် စကား ပြော နေသည် ။ ကျွန်တော် နှင့် သူ မိုင်ပေါင်း များစွာ ဝေး သော နေရာ မှာ ရှိ နေကြသည် ။
◾မြတ်သစ် ( ၁၉၉၈ )
📖 ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment