Saturday, June 15, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၂ )


 

မနက် ဘက် ဆိုင် ကို လာရတော့ လဲ အယင်တုန်း က လို ဘတ်စ်ကား နဲ့ မဟုတ်တော့ဘူး ။ ဦးလေးကျော် ရဲ့ သားတွေ ဖြစ် တဲ့ အောင်အောင် တို့ ၊ ဇော်ဇော် တို့ ၊ ထွန်းထွန်း တို့ ကို ကျောင်း ပို့ တဲ့ လင့်ရိုဘာကား နဲ့ မှ တပါတည်း လိုက်ရတယ် ။ ဆိုင် ရှေ့ မှာ ကား ရပ်တယ် ။ ကား ပေါ် က ဆင်းတယ် ။ ပိုးလုံချည် နဲ့ ။ ရွှေနာရီ နဲ့ ။ သူ့ ကို ဘယ်သူ က သဌေးသား မဟုတ်ဘူးလို့ ထင်လဲ ။

ဝိဒေဟရာဇ် ပုတ်သင် တောင် ရွှေ ဆင် ပေးလိုက် တဲ့ အတွက် ခေါင်း ညိတ်ဖို့ မေ့တတ်သေး ယင် ကိုဘဂျမ်း ဘဝင် မြင့် သွား တယ် ဆိုတာ ဘာ ဆန်းသလဲ ။

ဒါပေမယ့် ကိုဘဂျမ်း ဘဝင် မြင့်တယ် ဆိုတာ က တခြား နေရာ တွေ မှာ မဟုတ်ဘူး ။ သူ့ အိမ် နဲ့ သူ့ ပတ်ဝန်းကျင် မှာ လဲ အနေအထိုင် အဆက်အဆံ လုံးဝ မပြောင်းလဲပါဘူး ။ အရောင်း အဝယ် လုပ်ငန်း နဲ့ ပတ်သက်တဲ့ နေရာတွေ မှာ လဲ အပြောအဆို အဆက်အဆံ လုံးဝ မပြေားလဲပါဘူး ။ သည် ဘက် က တော့ သူ့ ဘဝ ကို သူ နားလည်ပါတယ် ။

ဒါပေမယ့် သဌေး သမီး ကို သွား ကြံတယ် ။ ကြိုက်မယ့် ကြိုက်တော့ ရွှေဆိုင်တန်း ( အီး ) ရုံ ထဲ က စိန်ရွှေရတနာ ကုန်သည် တယောက် ရဲ့ တဦးတည်း သော သမီး ကို မှ သွား ကြိုက်တယ် ။

ကြိုက်တာ က တော့ မကြိုက်ရဘူး မဟုတ်ပါဘူး ။ ကိုယ် ယောက်ျားကလေး ပဲ ။ ဘယ် အမျိုးသမီး ကို ဖြစ်ဖြစ် ကြိုက် ပိုင်ခွင့် ရှိပါတယ် ။ ကိုယ့် ထက် ချမ်းသာ လို့ ၊ ကိုယ့် ထက် ဆင်းရဲ လို့ ၊ ကိုယ့် ထက် ပညာတတ် လို့ ၊ ကိုယ့် ထက် ပညာမတတ် လို့ ဆိုတဲ့ အဆင့်အတန်း ခွဲခြားမှုမျိုး တွေ မရှိသင့်တော့တာ လဲ အမှန်ပါပဲ ။

အချစ် မှာ သည် ပြဿနာမျိုး တွေ ထည့် စဉ်းစားရိုး မရှိ ဘူး ဆိုတာလဲ အမှန်ပါပဲ ။

ဒါပေမယ့် အဲသည် ရွှေဆိုင်တန်း က သန်းသန်းဌေး ဆိုတဲ့ အမျိုးသမီးကလေး က စိတ်လို လက်ရ မေတ္တာ ပြန် မျှ လိုက် ယင် တော့ လဲ ပြဿနာ မရှိဘူးပေါ့ ။ ကိုယ့် ဘက် က ငါးဆယ် ရာခို နှုန်း ၊ သူ့ ဘက် က ငါးဆယ် ရာခိုင်နှုန်း ၊ နှစ်ယောက် ပေါင်း လိုက် တော့ ရာခိုင်နှုန်း အပြည့် သေချာပြီ ဆိုတော့လဲ ဘာ ပြော နေစရာ လိုတော့လဲ ။ ကျား ကို ခလုတ် ၊ သစ်ငုတ် ကို သင်ဖြူး ၊ ဆူး ကို မွေ့ရာ ၊ ပြဿနာ ဟူသမျှ နှစ်ယောက် လက်တွဲပြီး ရင်ဆိုင် တိုက်ခိုက် ဖြေရှင်းလိုက်ကြရုံပဲပေါ့ ။

ဒါပေမယ့် သိတယ် မဟုတ်လား ။ မိန်းမ ဆိုတာမျိုး က ကြိုက် ယင် တမျိုး ။ မကြိုက် ယင် တမျိုး ။ ကြိုက် ယင် တော့ ဘာ ပြောမလဲ ။ မိဘ ကို မဆိုထား နဲ့ ။ ပတ်ဝန်းကျင် ကို တောင် အသိပေး မှာ မဟုတ်ဘူး ။ လျှို့ဝှက် နိုင် သမျှ လျှို့ဝှက် ထားကြ မယ့်အမျိုး ။ ဟော .... မကြိုက်တဲ့ အကောင် ကျ တော့ မိဘ ကို ဖွင့် ပြောပြပြီး တိုင် လိုက်ရော ။ မလျှို့ဝှက် တတ်တဲ့ ၊ မိဘ နဲ့ တစိတ်တည်း တဝမ်းတည်း ရှိတဲ့ ၊ လိမ္မာတဲ့ သမီးကလေး အဖြစ် ခံယူလိုက် ကရော ။

ကိုဘဂျမ်း က လဲ ကိုဘဂျမ်း ပါ ပဲ ။ အတွေ့အကြုံ က လဲ မရှိဘူးလေ ။ သည် သန်းသန်းဌေး ဟာ သူ့ ရဲ့ ပထမဆုံး အချစ် ။ ပထမဆုံး စွဲလမ်းမှု ။ ပထမဆုံး အတွေ့အကြုံ ။

ပြီးတော့ သတ္တိ လဲ ရှိတာ မဟုတ်ဘူး ။ ကိုယ့် ဈေးချိုသူ ဈေးချိုသား အချင်းချင်း ပဲ ။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့် ဆိုင် မှာ ကိုယ် တနေကုန် တနေခန်း ထိုင် နေနိုင်ပါ့မလား ။ ဘာပဲဖြစ် ဖြစ် ၊ တချိန်ချိန် တခါခါ မှာ တော့ တနေရာရာ ကို ထ သွား ဦး မှာပေါ့ ။ တယောက် တည်း ပဲ ထ သွားသည် ဖြစ်စေ ၊ ဆိုင်နီး နားချင်း အပေါင်းအသင်း နဲ့ ထ သွားသည် ဖြစ်စေ ၊ သွားတတ် လာတတ် တဲ့ အချိန် ၊ သွားတတ် လာတတ် တဲ့ နေရာ ကို တော့ ကိုယ် ဘက် က ကြိုတင် လေ့လာ မှတ်သား ထားရမှာပေါ့ ။

ဘယ်နှယ် .... ကိုယ် က ယောက်ျား ကပဲ ။ ချစ်ပါတယ် ကြိုက်ပါတယ် လိုက် ပြော ရုံနဲ့တော့ အမျိုးသမီး က ဘာ ပြန်လုပ် မှာလဲ ။ ကိုယ် က ချစ်တဲ့ အတွက် ကိုယ် ချစ်တဲ့ အမျိုးသမီး တယောက် ကို ဣန္ဒြေ မပျက်ရအောင် ထိန်းထိန်းသိမ်းသိမ်း သိမ်သိမ်မွေ့မွေ့ ချဉ်းကပ်ဖို့ ကတော့ ကိုယ့် တာဝန် ပေါ့ ။ ကိုယ့် ကိုယ် ကို လဲ တကိုယ်ကောင်းသမား လူ ရမ်းကား လို့ အသတ်မှတ် မခံရအောင် လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျေး ပြော ဆို ဆက်ဆံရ မှာပေါ့ ။ ဒါပေမယ့် ဖွင့် မပြောလို့ ကလဲ မဖြစ်တော့ ခါ ၊ ပြောတာ က တော့ လဲ ပြောရမှာပေါ့ ။

သည်လို ပြောတာကို သန်းသန်းဌေး လို အမျိုးသမီး တယောက် က ကော ရိုင်းရိုင်းပြပြ တုံ့ပြန်ပါ့မလား ။

မကြားချင် ယောင် ဆောင် နေချင် နေမယ် ။ မသိချင် ယောင် ဆောင် သွားချင် သွားမယ် ။ ဒါမှ မဟုတ် လမ်း မှာ လိုက် ပြီး အနှောင့်အယှက် မပေးဖို့ အတွက် ... ကောင်းကောင်းမွန်မွန် ပြန် ပြောကောင်း ပြောမယ် ။ သန်းသန်းဌေး လဲ မန္တလေးသူ ၊ ဈေးချိုသူ ပဲ ။ စီး ထားတဲ့ ဖိနပ် ကို ချွတ်ပြီး ပါးရိုက် မလွှတ်ပါ ဘူး ။ သည်လောက် စည်ကားတဲ့ လူတွေကြား ထဲ မှာ ကိုယ့် ကိုယ် ကို အရှက်ကွဲ ခံပြီးတော့လဲ ကက်ကက်လန် ပြန် ရန်တွေ့ မှာ မဟုတ်ပါဘူး ။

ဒါပေမယ့် ကိုဘဂျမ်း က ကြောက်တတ်တယ် ။ တွေ့ရရုံ မြင်ရရုံ နဲ့ကို ရင်တွေ က ခုန် နေပြီ ။ သည်လို မေတ္တာစကား တွေ ကို စီကာပတ်ကုံး ပြောပြ နိုင်ဖို့ နေနေသာသာ ၊ နောက် နား က လိုက်ပြီး ကပ် လျှောက်ဖို့ ဆိုတာကို တောင် မစဉ်းစား ပါဘူး ။

ဒါကြောင့်လဲ လျှို့ဝှက် ချင် ပေမယ့် မလျှို့ဝှက်တော့ ပါဘူး ။ အစ်မရင်း တယောက် လို သဘော ထား ပြီး မခင်မမ ကို ဖွင့် ပြောပြ မိတယ် ။ ဖွင့် ပြောပြ ပြီး အားကိုးတကြီး နဲ့ အကူအညီ တောင်းမိတယ် ။

မခင်မမ က လဲ အပျို ပါ ပဲ ။ အိမ်ထောင် မရှိပါဘူး ။ အတွေ့အကြုံ မရှိပါဘူး ။ ဒါပေမယ့် မိန်းမချင်း ကိုယ်ချင်းစာ ကြည့် ပြီး ကိုဘဂျမ်း ရဲ့ သတ္တိ ကို အားမလို အားမရ ဖြစ် မိတယ် ။

ဘယ့်နှယ် ... ဈေးချိုသူ က ပဲ ။ ဘယ် ယောက်ျား နဲ့ မှ စကား မပြောဘူးတဲ့ အိမ်တွင်းပုန်း အရိုင်းကလေး မှ မဟုတ်ပဲ ။ စကား နဲ့ လိုက် ပြောတော့ ကော ဘာဖြစ်ရဦးမှာလဲ ။ အတွေ့ အကြုံ မရှိနဲ့ဦးတော့ ၊ ဟို တဘက် က ကော ကြောက် နေ မတဲ့လား ရှက် နေ မတဲ့လား ။ သူ့ သဘော ကို ပြောရယင် တော့ သူတို့ ခေတ် က သူတို့ အရွယ် မိန်းမငယ် အများစု ဟာ သတ္တိ မရှိတဲ့ ယောက်ျားကလေး တွေ ကို မုန်းတယ် ။ မုန်းတယ် ဆိုတာ ထက် အားမရ ချင်တတ်ကြဘူး ။ အနည်း နဲ့ အများ လဲ အထင် သေး ချင် တတ်ကြတယ် ။

သည်တော့ မရဘူး ။ သဘော တူပေမယ် မကူညီနိုင်ဘူး လို့ပဲ အပြတ် ငြင်းလိုက်တယ် ။ မကူညီဘူး ဆိုတာ က .. ကြား ထဲ နေ အောင်သွယ် မပေးဘူး ။ စာ ပေး မပေးဘူး ။ အကျိုး အကြောင်း လဲ သွား ပြော မပေးဘူး ။ ဒါပေမယ် တယောက် တည်း လိုက် မပြောရဲဘူးလား ။ သူ လဲ မယောင်မလည် နဲ့ နောက် နား က အဖော် လိုက် ပေးမယ် ။ နင့် ဘာသာ နင် ပြော ။ ဆိုပါတော့ မခင်မမ က လဲ သဘောတူတယ် ။ မြှောက် ပေး တယ် ။ ဒါပေမယ့် ကိုဘဂျမ်း က တော့ ချီတုံချတုံပဲ ။ ညံ့တယ်ပဲ ပြောပြော ၊ သတ္တိ မရှိဘူးပဲ ဆိုဆို ၊ သန်းသန်းဌေး တို့ ဆိုင် ရှေ့ မှာ တနေ့ နှစ်ခေါက် သုံးခေါက် လျှောက်ရုံ က လွဲပြီး ဘာမှ ရှေ့ ဆက် မလုပ်ဘူး ။

ကိုဘဂျမ်း သိတယ် ။ သန်းသန်းဌေး ကိုယ်တိုင် က ရွှေစွန်ညို ဘာကို လို လို့ ဝဲတယ် ဆိုတာကို သိနေပြီ လို့ လဲ ကိုဘဂျမ်း ယုံကြည်တယ် ။ ကိုယ် က အကြည့် ၊ သူ က အကြည့် နဲ့ လဲ အကြည့် ချင်း ခဏခဏ ဆုံမိတယ် ။ သန်းသန်းဌေး ရဲ့ တုံ့ပြန် တဲ့ အကြည့် တွေ မှာ လဲ အကြင်နာတရားတွေ မထားဘူး ဆိုယင် တောင် မှ အမုန်းတရားတွေ အမျက်တရားတွေ မရှိဘူး ဆိုတာ က တော့ သေချာတယ် လို့ လဲ ကိုဘဂျမ်း ယုံကြည်တယ် ။ အကျဉ်းချုံး လိုက် ယင် အခြေအနေ က တော့ ပေး နေပြီ လို့ပဲ ကိုဘဂျမ်း တွက် မိတယ် ။

ဒါပေမယ့် မျိုးစေ့ ကို မြေ မချပဲ ဘယ် နှယ် လုပ် အပင် ပေါက် နိုင်ပါ့မတုန်း ။

အဲ .. တနေ့တော့ ကိုဘဂျမ်း အဖို့ ရန်သူတော် ပေါ် လာတယ် ။

တက္ကသိုလ်ကျောင်းသား လို့ ဆိုတာပဲ ။ ကသာ က လား ၊ ဗန်းမော် က လား ဆိုတာ တော့ မပြောတတ်ဘူး ။ ကချင်ပြည်နယ် က ဆိုတာ တော့ သေချာတယ် ။

ဘာပဲ ဖြစ်ဖြစ်လေ ၊ ကိုဘဂျမ်း ထက် သာ တာ က တော့ အမှန်ပဲ ။ ပညာအရည်အချင်း အရ ဆို ယင် လဲ အများကြီး ကွာတယ် ။ ပြီးတော့ အဲသည် ခေတ် က တက္ကသိုလ် မှာ ပညာ သင်နိုင်တယ် ဆိုတာ နည်းတဲ့ နောက်ခံ ငွေကြေး အင်အား တောင့်တင်းမှု မဟုတ်ဘူး ။ မိဘ က တော်တော် တတ်နိုင်တဲ့ မိဘ ဖြစ်မှ သာ တက္ကသိုလ် ကို ပို့နိုင်တာ ။ ဘာပဲပြောပြော သေ ချာတာကတော့ တတ်နိုင်ရမယ် ။ ပြီးတော့ မိဘဆွေမျိုး လဲ ရှိရမယ် ။

ဘယ်ဘက် က ပဲ ယှဉ်ယှဉ် ပါ ။ ကိုဘဂျမ်း ရဲ့ အခြေအနေ နဲ့ ကတော့ မယှဉ်နိုင်ပါဘူး ။ ကိုဘဂျမ်း က ပညာ တပိုင်းတလက်စ နဲ့ ကျောင်း ထွက်ရရုံသာ မကဘူး ဘဝ က ဝင်ကစွပ် ကောင် ။ သူများ အခွံ ထဲ မှာ ဝင် နေရတဲ့ အကောင် ။ ဘာမှ မဆိုင်ဘူး ။

ကိုဘဂျမ်း လဲ ကိုယ့် ပြိုင်ဘက် ကို ကိုယ် မြင်ဖူးပါတယ် ။ တခုပဲ ကိုဘဂျမ်း ဘက် က သာတယ် ။ ရုပ်ရည် ချင်း ယှဉ်လိုက် ယင် တော့ ကိုဘဂျမ်း က ပိုပြီးတော့ ချောတယ် ။ ဟို လူ က အသား ဖြူပေမယ် ဝက်ခြံတွေ ဗရပျစ် နဲ့ ။ ပြီးတော့ အရပ် လဲ ပုတယ် ။

လုံးဝ မျှော်လင့်ချက် မရှိဘူး လို့ တော့ မဆိုနိုင်ပါဘူး ။ အချစ် ဆိုတာမျိုး က အပြောရ အခက်သား ကလား ။ မိန်းမ ဆိုတာမျိုး ကလဲ အကဲခတ်ရ အခက်သား ကလား ။ ပဒုမပေါင်တို ဇာတ်မျိုး ကို ကြားဖူးထားတော့ လဲ ကိုဘဂျမ်း ဘက် က သိပ် အားငယ်စရာ မရှိပါဘူး ။

ဒါပေမယ့် လေတံခွန် လွှတ် ရာ မှ မှန်စာ ပါတဲ့ ကြိုး ကို မှန်စာ မပါတဲ့ ကြိုး နဲ့ ဖြတ်ပြီး အနိုင် ရဖို့ ဆိုတာ လွယ် တော့ လွယ်မယ် မထင်ဘူး ။

ပြီးတော့လဲ အထူးသဖြင့် သည် ရွှေဆိုင်တန်း ထဲ က အမျိုးသမီးတွေ ရဲ့ သဘောထား က တက္ကသိုလ်ကျောင်းသား ဆို မှ လဲ အထင် ကြီးချင် ကြတယ် ။ အဲသည် ခေတ် တုန်း က လဲ ပညာတတ် ဆိုတာ က ရှားသေးတယ်လေ ။ သည်တော့ ကိုဘဂျမ်း စိတ် ကို ထိန်းပေမယ့် တွေးမိ တိုင်း အားငယ် မိတာတော့ အမှန်ပဲ ။

ဒါပေမယ့် မခင်မမ က တော့ အားပေးတယ် ။ ယောက်ျား တို့ လုံ့လ ဆိုတာ သေခါ မှ လျှော့ရ မတဲ့ ။ စစ် မရောက် ခင် မှာ မြား ကုန် ဖို့ မသင့်ဘူး တဲ့ ။ ဘာပဲဖြစ်ဖြစ် ကိုယ့် ဘက် က တော့ လုပ်စရာ ရှိတာကို လုပ်သင့်တယ် တဲ့ ။ မခင်မမ က ကိုဘဂျမ်း အပေါ် မှာ စေတနာ ကောင်း ရှာတယ် ။ ဖြစ်လဲ ဖြစ်စေချင်တဲ့ ဆန္ဒ ရှိပါတယ် ။

အမှန်တော့ မခင်မမ ရဲ့ အားပေးမှု ထက် ပြိုင်ဘက် ပေါ် လာပြီ ဆိုတော့ ကိုဘဂျမ်း လက်ဦးမှု မရ လိုက် မှာ စိုးတယ် ။ ဒါကြောင့်လဲ အကြိမ်ကြိမ် ပြင်ပြီး ရေး ထားတဲ့ ရည်းစားစာ ကို ပေးလိုက် ဖြစ်ဘယ် ။ စာ က တော့ မရှည်ပါဘူး ။ တမျက်နှာ ပါပဲ ။ ဒါပေမယ့် အဲသည့် တမျက်နှာ ကို ပဲ ဆယ်ကြိမ် ထက် မနည်း ပြင် ရေး ခဲ့ရတယ် ။

စာ ချောပြီ ၊ စာ ကို ကျေနပ်ပြီ ဆိုတော့ အိတ် ထဲ မှာ ထည့် ။ အခွင့်အရေး ရတဲ့ တနေ့ နေ့ တချိန်ချိန် မှာ တော့ ပေးမယ် ပေါ့ ။ ဒါပေမယ့် အခွင့်အရေး က လဲ လွယ်လွယ်ကူကူ နဲ့ မရ ။ သိတဲ့ အတိုင်း ရွှေဆိုင်တန်း ဆိုတာက ဟင်းသီးဟင်းရွက်တန်း မဟုတ်ဘူး ။ စားကုန် သောက်ကုန် ရောင်းတာမျိုး မဟုတ်ဘူး ။ သည်တော့ ရွှေဆိုင်တန်း မှာ ဆိုင် ဖွင့်ကြတယ် ဆိုတဲ့ အချိန် ကို က အစောဆုံး ဆယ်နာရီ ဆယ်နာရီခွဲ လောက် ကျ မှ ဖွင့်တတ်ကြ တာ ။ စောစောပိုင်း မှာ ဆိုယင် ဘယ် ရွှေဆိုင် မှ ထွက်လေ့ ထွက်ထ မရှိဘူး ။ ပြီးတော့လဲ ညနေပိုင်း ကျယင် တခြား ဆိုင် တွေ ထက် စောပြီး သိမ်းကြလေ့ ရှိတယ် ။ ထုံးစံအတိုင်း ဈေးချို က ညနေ ငါးနာရီ ကျ မှ ပိတ် ပေမယ့် သုံးနာရီ ၊ သုံးနာရီခွဲ လောက် ဆိုယင် ဆိုင် သိမ်း ကုန်ကြပြီ ။ သည်တော့ သူတို့ ဆိုင် ထွက်ချိန် ဆိုတာ က လဲ နည်းတယ် ။

ပြီးတော့ အဲသည် ခေတ် တုန်းက ရွှေဆိုင်တန်း ဆိုတာ က သည် ခေတ် မှာ လို မဟုတ်ဘူး ။ ဆိုင်မှာ ထိုင်ပြီး ရောင်းကြတာ က အမျိုးသမီးတွေ ချည်းပဲ ။ အမျိုးသမီးတွေ ချည်း ပဲ လို့ ဆို တဲ့ နေရာ မှာ တောင် များသောအားဖြင့် က ငယ်ငယ်ရွယ်ရွယ်တွေ ချည်း ပဲ ။ သုံးဆယ် ကျော် ၊ လေးဆယ် ကျော် တွေ ကို တယ် မတွေ့ရ ဘူး ။ မလွဲသာ မရှောင်သာ လို့ သုံးဆယ် ကျော် လေးဆယ် ကျော် တွေ ထိုင်ကြတယ် ဆိုယင်လဲ နောက်တန်း မှာ ပဲ နေကြလေ့ ရှိ တယ် ။ များသောအားဖြင့် ရှေ့ပိုင်း မှာ အလှပြ ထိုင် နေကြ တာက အငယ်တွေ ချည်း ပဲ ။ ဆိုလိုတာ က ရွှေဆိုင်တန်း ဆိုတာ အမျိုးသမီး ချောချောလှလှ ကလေးတွေ ချည်း ရှိတတ်တဲ့ နေရာ ။ အမျိုးသမီးတွေ ချည်း ရှိတတ်တဲ့ နေရာ ။

သည်တော့ တော်ရုံတန်ရုံ သတ္တိ နဲ့ ရွှေဆိုင်ငွေဆိုင်တန်း ထဲ ကို ဘယ် ယောက်ျားကလေး မှ တယောက် တည်း လမ်း မလျှောက် ရဲဘူး ။ ရွှေထည်ငွေထည် ပစ္စည်း ဝယ် မှ မဟုတ်ပဲ နဲ့ ဖြတ် လျှောက်ရုံ လျှောက်ဖို့ ဆိုတာ အင်မတန် ကြောင်တဲ့ အလုပ် ။ အမျိုးသမီး တွေ က လဲ သိကြတယ် ။ ဈေးသည် ဆိုတာ က တော့ လူ တယောက် ကို မြင်လိုက်တာ နဲ့ တပြိုင်နက် ဝယ်မယ့်သူ မဟုတ်ဘူး ဟုတ်တယ် ဆိုတာ ကို ခွဲခြား နိုင်ကြတယ် ။

ရှင်းပါတယ်လေ ။ ရွှေထည် ငွေထည် ပစ္စည်း ဝယ်မယ် ဆို ကတည်း က ဘယ်တော့မှ ယောက်ျားတွေ ချည်း လာ မဝယ် တတ်ကြပါဘူး ။ အနည်းဆုံး အမျိုးသမီး တယောက် လောက် ကတော့ ပါတတ်မြဲပါပဲ ။ နော့ ပစ္စည်း ဝယ်မယ် ဆို ကတည်း က များသော အားဖြင့် အမျိုးသမီး အတွက် ၊ ဒါမှမဟုတ် သားသမီး အတွက် ဝယ်တတ်ကြ တာကို ။ ယောက်ျား တွေ ချည်း ၊ အထူးသဖြင့် အမျိုးသား ငယ်ငယ်ရွယ်ရွယ် တွေ ချည်း ပစ္စည်း လာ ဝယ်တယ် ဆိုတာ မရှိပါဘူး ။

သည်တော့ သူတို့ က လဲ သိကြတယ် ။ ဘယ် ဆိုင်က ဘယ် အမျိုးသမီး ကို လာ ရစ်ကြတယ် ဆိုတာ ကို လဲ ၊ တခေါက် က နှစ်ခေါက် လျှောက် လိုက်ရုံ နဲ့ ရိပ်မိတတ် ကြတယ် ။

သိတဲ့ အတိုင်း ရွှေငွေရတနာ ရောင်းတဲ့ ဆိုင်တန်း ဆိုတာမျိုး က ကြက်ပျံမကျ စည်ကားတတ်တဲ့ ဘုရားပွဲ ဈေးတန်းမျိုး မဟုတ်ဘူး ။ အစဉ်သဖြင့် လူ ပါးတဲ့ အရပ် ။ ဝယ်သူ နဲ့ ရောင်းသူ ၊ ရောင်းသူ က များတဲ့ အရပ် ။ သည်တော့ တဆိုင် နဲ့ တဆိုင် ဆိုတာ က လဲ လှမ်း မြင်နေရတတ်တယ် ။ တခြား ကုန်ပစ္စည်း ရောင်းတဲ့ ဈေးရုံ တွေ မှာ လို ပစ္စည်းတွေ ထည့်ထားလေ့ ရှိတဲ့ နောက်ခံ ဗီရိုကြီးတွေ က လဲ မရှိတော့ ၊ ဟိုဘက် ဆိုင်တန်း သည်ဘက် ဆိုင်တန်း ကို လဲ လှမ်း မြင် နေရတတ်တယ် ။

ပြီးတော့လဲ သိတဲ့ အတိုင်း ရွှေငွေရတနာတွေ ချည်း ရောင်း တဲ့ ရုံ ဆိုတော့ သန့်ရှင်းတယ် ။ စောစောက ပြော သလို မတ်တတ် ဗီရိုကြီးတွေ ကလဲ မရှိတော့ ၊ တခြား ရုံတွေ ထက် ပိုလင်းတယ် ။ အနံ့အသက် ကောင်းတယ် ။ သည် အထဲ ပေးနိုင် ကမ်းနိုင်တဲ့ လူတွေချည်း ဆိုတော့ သက်ဆိုင်ရာ သန့်ရှင်းရေး အလုပ်သမား တွေ က လဲ သည် ( အီး ) ရုံ မှာ ကျတော့ အထူးဂရုတစိုက် လုပ်တယ် ။ ခြင် တွေ ယင် တွေ မရှိ အောင် ဆေး တွေ လဲ ဖျန်းတယ် ။

သိတဲ့အတိုင်း ခြင်နိုင်ဆေး ယင်နိုင်ဆေး ဆိုတာတွေက ရေနံဆီ နဲ့ ရော ရတယ် ။ အဲသည် ရေနံဆီ နဲ့ ရော ထားတဲ့ ဆေးတွေ ကို ဖျန်းထားလိုက်တာ က လဲ ရွှဲ နေတာပဲ ။

နောက်ပြီးတော့လဲ  အဲသည် ခေတ် တုန်း က အခုခေတ် လို ဖိနပ် မျိုးစုံ ရှိတာ မဟုတ်ဘူး ။ မန္တလေးသူ မန္တလေးသား တွေ ဆိုတာ က လဲ မန္တလေးချုပ် ဖိနပ် တွေ ကို သာ စီးကြလေ့ ရှိတယ် ။ မန္တလေးချုပ် ဖိနပ်တွေ ဆိုတာ ကလဲ အောက်ခံ ကရိကြက်ပေါင်ပြား တွေ နဲ့ ။ လမ်း လျှောက်တဲ့ အခါမှာ ဖိနပ်သံ မကြားရအောင် အထူးချုပ် ထားတယ် ဆိုပါတော့ ။ အောက်ခံ သားရေပြား နဲ့ ဖိနပ်တွေ လဲ မရှိဘူး မဟုတ်ပါဘူး ။ ရှိပါတယ် ။ ဒါပေမယ့် လမ်းလျှောက်တဲ့ အခါမှာ တကျွီကျွီ နဲ့ မြည် တတ်တယ် ။ အဲသည်လို မြည်တာမျိုး ကို လူတွေ ကလဲ မကြိုက်ကြဘူး ။ လူတွေ မကြိုက်ကြတဲ့ အတွက် ဈေး ပေါတယ် ။ ဈေး ပေါတဲ့ အတွက် လဲ တတ်နိုင်တဲ့ လူတွေ က မစီးကြပြန်ဘူး ။ မစီးကြတဲ့ အတွက်လဲ ၊ အဲသည်လို တကျွိကျွိ တဂေါက်ဂေါက် မြည်တဲ့ ဖိနပ်မျိုး ကို စီး လာယင် တောသား လို့ ထင်တတ်ကြတယ် ။

ဘယ်ရမလဲ ။ ကိုဘဂျမ်း က လဲ သဌေးသား တယောက်ပဲ ။ တကယ် ဌေး တာ မဌေးတာ အပထား ။ ရွှေပင် မှာ နား နေ တော့ သူ လဲ ရွှေကျေး ပဲ ။ ကိုဘဂျမ်း လဲ ကရိခင်းကတ္တီပါ သဲကြိုးဖိနပ် နဲ့ ပဲပေါ့ ။

သိတယ် မဟုတ်လား ။ အဲသည် ကရိ ဆိုတဲ့ ကြက်ပေါင်ပြားတွေ က ရေနံဆီ တို့ ဓာတ်ဆီ တို့နဲ့ တွေ့ ယင် အရည် ပျော် သွား တတ်တယ် ။ အဲသည် ကရိပြား ကို များ ဓာတ်ဆီ ထဲ မှာ စိမ်ထားလိုက် ယင် ၊ ဓာတ်ဆီ နဲ့ ကရိ ပေါင်း ပြီး ကော် ဖြစ် သွားတယ် ။

ရွှေဆိုင်တန်း ထဲ မှာ ဖျန်း ထားတဲ့ ရေနံဆီတွေ နဲ့ တွေ့တော့ အဲသည့် ဖိနပ် မျိုး ကလဲ ကုပ် မရ ကပ် မရနဲ့ ချော် ပါ လေရော ။ တလှမ်း ချင်း တလှမ်းချင်း ခြေထောက် ကို မ ပြီး ဖြည်းဖြည်း လျှောက် ယင်တော့ ရပါရဲ့ ။ ဒါပေမယ့် ငေး ချင် ရာ ငေး ပြီး လျှပ် တိုက် လျှောက် လို့ ကတော့ မလွယ်ဘူး ။ ရင် က လဲ ခုန် ၊ ဒူး က လဲ တုန် ၊ ကြောက်ကြောက်နဲ့ များ ခပ်သုတ်သုတ် သွား လိုက်မယ် ဆိုယင် တော့ ဘိုင်းကနဲ ပစ် လဲတော့တာပဲ ။

သည်တော့ ရွှေဆိုင်တန်း ထဲ ကို ကိုဘဂျမ်း လဲ တယောက် တည်း မလျှောက်ရဲဘူး ။ ယောက်ျားကလေး အဖော် တယောက် နှစ်ယောက် နဲ့ ပခုံး ဖက်ပြီး လျှောက်ရမယ် ဆိုယင် တော့ လျောက်ရဲပါရဲ့ ။

စဉ်းစားကြည့်လေ ။ သည် ရွှေဆိုင်တန်းသူ သန်းသန်းဌေး နဲ့ လွတ်လွတ်လပ်လပ် တွေ့ကြ ဆုံကြဖို့ ဆိုတာက ဘယ် လွယ်ပါ့မလဲ ။ အခွင့်အရေး ရဖို့ ဆိုတာ က ဘယ် လွယ်ပါ့မလဲ ။
သည်တော့လဲ ဆိုင် ကနေ ထ , တုန်း ထ , ခိုက် ၊ အပြင် ဘက် ထွက်တုန်း ထွက်ခိုက်ကလေး ကို ပဲ စောင့်ရတော့ တာပေါ့ ။

ဒါပေမယ့် အဲသည်လို အပြင်ဘက် ကို ထွက်ပြီ ဆိုတော့လဲ ၊ သူတို့ အကျင့် က ဘယ်တော့မှ တယောက် တည်း ထွက်လေ့ မရှိဘူး ။ အဖော် နဲ့ မှ ထွက်တတ်လေ့ ရှိတယ် ။

မတတ်နိုင်ဘူး ။ အမျိုးသမီး ကို တယောက် ချင်း လွတ်လွတ်လပ်လပ် စကား ပြောခွင့် ရဖို့ ၊ စာ ပေးခွင့် ရဖို့ဆိုတာ မလွယ်ဘူး ။ သည်တော့ မခင်မမ ကို ပဲ အကူအညီ တောင်းရတယ် ။

မခင်မမ က လိုက်ပြီး နှုတ်ဆက်တယ် ။ တယောက် နဲ့ တယောက် က လဲ သိကြတာ မဟုတ်တော့ ၊ မခင်မမ က သူ့ ကိုယ် သူ မိတ်ဆက်တယ် ။ သိတဲ့ အတိုင်း မခင်မမ က စကား မရှိ စကား ရှာ ပြီး ပြော တတ်တယ် ။ အဲ ... အဲသည့်လို သူတို့ ချင်း ရပ်ပြီး တော့ စကား ပြော နေတဲ့ အချိန်မှာ ကိုဘဂျမ်း က မဂ္ဂဇင်း တစောင် ကို ဝင်ပြီး ပေး လိုက်တယ် ။ မဂ္ဂဇင်း ထဲ မှာ စာ တစောင် ပါတယ် ဆိုတာ ကို လဲ ဝိုးတဝါး ပြော လိုက်တယ် ။ အမျိုးသမီး က လဲ ရုတ်တရက် ဆိုတော့ မဂ္ဂဇင်း ကို လှမ်း လက်ခံ လိုက်တယ် ။ ဘာမှ ပြော မနေနဲ့ ။ ကိုဘဂျမ်း တချိုးတည်း ထွက်ပြေးခဲ့တာပဲ ။ ပြန် ပြောဖို့ ၊ ပြန် ပေးဖို့ အချိန် မရခင် မှာ ကို ကိုဘဂျမ်း က ဝါးတရိုက် လောက် ရောက် သွားပြီ ။ မခင်မမ ဘာဖြစ် ကျန်ရစ်ခဲ့တယ် ဆိုတာ တောင် လှည့် မကြည့်နိုင် တော့ဘူး ။

ဒါပေမယ့် ဆိုင် မှာ ပြန် ဆုံကြတော့ ၊ မခင်မမ ရဲ့ ပြောပုံ အရ အခြေအနေ မဆိုးပါဘူး ၊ သူငယ်ချင်း တယောက် က ဖတ်ဖို့ လာ ပေးတဲ့ အနေမျိုး နဲ့ မသိဟန် ဆောင်ပြီး မဂ္ဂဇင်း စာအုပ် ကို ဆက် ကိုင်ထားတယ် လို့ လဲ ဆိုတယ် ။ ပြီးတော့ ဆိုင် ပြန် ရောက်တဲ့ အထိ ယူသွားတယ် လို့ လဲ ပြောတယ် ။ သူ ဖတ် ကြည့် မှာ ပေါ့လေ ။

မခင်မမ ရဲ့ အပြော က တော့ သူ ကိုယ်တိုင်လဲ ကိုဘဂျမ်း ရဲ့ အကြောင်း ကို နည်းနည်းပါးပါး ပြောခဲ့သေးတယ် လို့ ဆိုတယ် ။ သူ စဉ်းစားမှာ ပေါ့လေ ။

ဒါမျိုးဆိုတာ စဉ်းစားရ မှာ ပေါ့ ။ မိန်းမပျိုကလေး တယောက် အနေ နဲ့ လဲ သိပ် စဉ်းစားသင့်တာပေါ့ ။ အချိန် ယူပြီး စဉ်းစားမလား ။ စဉ်းစားပါစေ ။ ဆုံးဖြတ်ဖို့ အတွက် အချိန်ယူ မလား ။ အချိန်ယူပါစေ ။ ကိုဘဂျမ်း သည်းခံ စောင့်ဆိုင်းနိုင် ပါတယ် ။

ကိုဘဂျမ်း စိတ် ပူတာ နှစ် ခုပဲ ရှိတယ် ။ ပထမ တခု က တော့ သူများ နောက်ကျ နေပြီလား ။ ဟို တက္ကသိုလ် ကျောင်းသား က များ သူ့ ထက် လက်ဦး သွားပြီလား ။

နောက် တခု စိတ် ပူ တာ က တော့ သူ့ ကို ပြန် မှ မေတ္တာ မျှပါ့မလား ။

ဒါပေမယ် အလွန် အံ့ဩစရာ ကောင်းတာ က ကိုဘဂျမ်း စိတ်ပူတာတွေ နဲ့ ပတ်သက်လို့ လဲ ဘာ တခု မှ ဖြစ် မလာဘူး ။

ကိုဘဂျမ်း မျှော်လင့်တာတွေ နဲ့ ပတ်သက်လို့လဲ ဘာ တခု မှ ဖြစ်မလာဘူး ။

ဖြစ်လာတာ က နောက် တလ လောက် အကြာ မှာ သန်းသန်းဌေး မင်္ဂလာ ဆောင်လိုက်တယ် ။

ဘာမှ ထူးခြားတဲ့ အရိပ် လက္ခဏာ လဲ မပြဘူး ။ ကိုဘဂျမ်း ကို လဲ စာ မပြန်ဘူး ။ ကိုဘဂျမ်း နဲ့ တွေ့ကြ ဆုံကြတဲ့ အခါ မှာ လဲ ရှက်တဲ့ သဘော နဲ့ မျက်လွှာ ကို အောက် ချပြီး ဣန္ဒြေ ဆောင် နေ တာ က လွဲပြီး ဘာ အမူအရာ မှ မပြဘူး ။ မုန်း တဲ့ အရိပ် နိမိတ် လဲ မပြဘူး ။ ချစ် တဲ့ အရိပ် လက္ခဏာ လဲ မပြဘူး ။ မှန်မှန်ပဲ ။

ပြီးတော့ ဟို တက္ကသိုလ် ကျောင်းသား ဆိုတာ နဲ့ လက်ထပ် ထာ လဲ မဟုတ်ဘူး ။

သန်းသန်းဌေး နဲ့ မင်္ဂလာဆောင် လိုက်တဲ့ သတို့သား က ဦးအောင်ပွင့် ။

ဦးအောင်ပွင့် ဆိုတာ က မန္တလေး မှာ လူသိ များ ပါတယ် ။ အသက် က လဲ လေးဆယ် လောက် ရှိနေပြီ ။ သန်းသန်းဌေး ထက် အသက် နှစ်ဆယ် ကျော် ကြီးမယ် ။ ပြီးတော့လဲ လူပျို မဟုတ်ဘူး ။ တခုလပ် ။

ချမ်းသာတာ က တော့ ချမ်းသာပါ ရဲ့ ။

ကိုဘဂျမ်း အံ့ဩ သွားတာ က ဟို လူကြီး က လဲ သူ့ သမီး အရွယ် လောက် ကလေး ကို ယူတယ် ။ သန်းသန်းဌေး က လဲ သူ့ အဖေ အရွယ် လောက်ကြီး ကို ယူတယ် ။

ဘာ့ကြောင့်ပါလိမ့် ။ ဘာဖြစ်လို့ပါလိမ့် ။ ကိုဘဂျမ်း နားမလည် တာ အမှန်ပဲ ။ မိန်းမတွေ ဟာ သိပ် ဆန်းကြယ်ပါကလား ။

လောကကြီး က လဲ သိပ် ဆန်းကြယ်ပါကလား ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment