Tuesday, June 18, 2024

ရွှေဂေါင်းပြောင် ချီးမွမ်းခန်း


 

❝ ရွှေဂေါင်းပြောင် ချီးမွမ်းခန်း ❞

ကျွန်တော့် ကြက်ကလေး ရွှေခေါင်းပြောင် သည် တောင်ယာလေးဝိုင်း ၌ လက်ရင်းလက်ဖျား ၃ဝဝဝိ - ကျော် နိုင် ပြီးသော အခါ၌ သူ့ အဖေ ရှဖီး ကဲ့သို့ပင် ကျွန်တော် တို့ ဘက် က ကြက်သမား ထု ၏ ချီးမွမ်းခြင်း ကို ခံရလေ သည် ။

“ သူတို့ ကြက် က ခေါင်း တစ်လုံး မြင့် နေတယ် လွှတ်တယ် ဆို ပစ်လိုက်တာ က လည်း ဝီခေါ် နေတော့ သူတို့ က စပြီး လက်ဖျား ခေါ်တာပဲ ... ဒါမယ့် ဒီဘက် က မလောင်းရဲသေးဘူး ”

“ ဟို က ပစ်တာ ကို ဒီက ဆီး မဆိုင်ဘူးလား ”

မနေ့က ကြက်ဝိုင်း ပါခဲ့သူ ရော မပါသူ ရော ဤနေ့ မှာ ကျွန်တော့် အိမ် တွင် ဆုံကြခြင်း ဖြစ်ပေရာ မပါခဲ့သူ က မေးသည် ကို ကိုယ်တွေ့ မြင်ခဲ့ရသူ က ...

“ တစ်ချက် နှစ်ချက် ဆိုင် ကြည့်တယ်ဗျ ။ မရဘူး ။ ဟိုက ကြက်ပစ် လည်း သန်တယ် ။ နို့ပြီး ဒီကောင် ရွှေဂေါင်းပြောင် က ကြက်ဆိုင် ၊ ကြက်ရော ကောင်း တဲ့ အကောင် လည်း မဟုတ်တော့ ခေါင်းငုံ့ ရှောင်တယ် ၊ နောက်ဆုတ် ရှောင်တယ် ။ ဟိုက ထိုးစစ် ၊ ဒီက ခံစစ် ဆိုတော့ ဒီကောင် က ပက်လက် ပက်လန် နဲ့ ကြက်ရေး နိမ့် နေတာပေါ့ဗျာ ။ ဒါနဲ့ သူတို့ ဘက် က တစ်ရာ အစိတ် က - တစ်လေးခွဲ နှစ်လေး နဲ့ ကြေးကျော ပေး လာ လိုက်တာ ”

“ ဒီတော့ ခင်ဗျားတို့ ဆွဲ ရောလား ”

မနေ့က ဒီဝိုင်း လိုက် မသွားခဲ့ရတာ နာလေခြင်း ဟု အောက်မေ့ နေသော ကိုစံမြင့် မေး လေရာ ရွှေဂေါင်းပြောင် ချီးမွမ်းခန်း ဖွင့် နေသော ကိုအမ်း က ...

“ ဘယ် ဆွဲဦးမလဲဗျ ၊ ကိုယ့် ကြက် က ဘာမှ ပြန် မလုပ်နိုင်သေးဘူး ... ဟို က ခွပ်တာ ကိုပဲ ရှောင်တိမ်း နေရတာ ၊ ကျွန်တော် လက်ရင်း ထဲ ထည့် လိုက် မိတဲ့ ငွေလေး ၁၁ဝိ - တော့ ချောပြီ အောက်မေ့နေတာ ”

“ ဒါပေမယ့် ဟိုက ဘယ်လောက် ခွပ်ခွပ် ကိုယ် တို့ ကြက် ကို နာနာကြည်းကြည်း တော့ တစ်ချက် မှ မထိဘူး ၊ ရွှေဂေါင်းပြောင် က ကြက်ဖော့ ကြက်ရော့ တော့ ကောင်းတယ် ဆရာ ”

ကြက်စွဲ ကိုသန်းမြင့် က ပြောရာ ကိုခင်ညို က ...

“ အဲဒါကြောင့် သက်သာတာပေါ့ ဗျ ၊ ဟို ကြက် ပစ်တာများ တင်း ခံရင် ပြတ်ထွက် သွားမယ် ခင်ဗျ ၊ သူတို့ ကြက် က လည်း ဒီ ကြက်ပစ် အားကိုး တိုက်တာပဲ ”

“ အေးပေါ့လေ ... ကြက် တစ်ကောင် ငွေ ထောင် နဲ့ ချီ တိုက်တယ် ဆိုတော့ အားကိုး တစ်ခု ကောင်း နှစ်ခု ကောင်း တော့ ရှိရမှာပေါ့ ၊ ပြောစမ်းပါ ဦး ... ရွှေဂေါင်းပြောင် က နောက် ... ဘယ်လို ခွပ်လာသလဲ ”

ထိုနေ့က ခရီး လွန် နေ၍ မလိုက်ဖြစ် သော ကိုအောင်ချစ် က မေးရာ ...

“ တော်တော်နဲ့ မခွပ်နိုင်သေးဘူး ဗျ ၊ ဝိုင်းကြီး က လည်း ကျယ်တော့ ၁၂ - တောင် ဝိုင်းကြီးလား ဗျာ ။ ကြက် နှစ်ကောင် လှည့်ပတ် ခွပ် နေကြတာ အကြာကြီး ”

“ အဲဒီ ဝိုင်း ကျယ် လို့ ပဲ ရွှေဂေါင်းပြောင် အဖို့ ကောင်းတာ ”

ငွေ တော်တော် နိုင် လိုက်သော ကိုပေါ က ဖြတ် ပြောသည် ကို ကိုအမ်း က စကား အဝင် မခံဘဲ ...

“ ဟုတ်ပါတယ် အဲလို ကြက် နှစ်ကောင် ခွပ် ရတာ မိနစ် ၂၀ လောက် ကြာ တော့ မောလာကြ လို့ နှစ်ကောင် အပူး လည်ချင်း အချိတ် မှာ ရွှေဂေါင်းပြောင် က အောက် က နေ ပြီး နားစဆွဲ ခွပ် လိုက်တာ ပလောက် ဆိုတဲ့ အသံ နဲ့ အတူ ဟို ကြက် မျက်နှာ နောက် လန် သွားတာပဲ ။ အဲဒါလည်း မြင် ရော ကျွန်တော် ၁ဝဝိ - ၄ဝိ - နဲ့ ၂၀ - ဖိုး စ ဆွဲလိုက်တယ် ”

ပါးစပ် အပြဲသား နှင့် နားထောင် နေသော ကိုအုန်းရီ က ...

“ အောင်မယ် ...တစ်ရာလေးဆယ် တောင် ရောက်နေပလား ”

“ ရောက်တာပေါ့ဗျာ သူတို့ ကြက် က ချည်း ခွပ် နေတာ ကို ခုမှ ဒီက တစ်ချက် ခွပ် ရတယ် ၊ အဲသည်လို နဲ့ တော်တော် ကြာတော့ နောက် တစ်ခါ အပူး မှာ နှုတ်လွတ်ပင့်အပ် လိုက်တာ ခွပ် ဆို ပထမ အချက် ထက် တောင် ပြင်း သေးဗျာ ”

“ အောင်မယ်လေး ... ရွှေဂေါင်းပြောင် က နှစ်ကောင် ပူးပြီး သူ့ ခေါင်း အဝင် သာ ခံမယ် ဆိုရင် တုံးကနဲ လဲအောင် တောင် ခွပ်သေးဗျာ ”

ရွှေဂေါင်းပြောင် ကို အုန်းနို့ခေါက်ဆွဲ ချက်စားတော့မည် ဟု ပထမဦးဆုံး အကြိမ် ခွပ်ခိုင်း ကြည့် စဉ် က သူ ကိုယ်တိုင် မြင်ခဲ့ရသော ဦးစံလင်း က ဝင် ပြောရာ ၊ ကိုအမ်း က ...

“ ဟုတ်ပါတယ် ... ဟုတ်ပါတယ် ၊ ဒီ ကြက်ကလေး ခွပ် တာ ကျွန်တော် အရင် က မမြင်ဖူးပေမယ့် ခုတော့ နားလည် သွားပြီ ၊ ခွာ ရင် တစ်ဖက်သား ခွပ်တာ ကို သူ က လွတ်အောင် ရှောင်မယ် ၊ ပူး ရင် သူ က ရအောင် ခွပ်မယ် ။ ဒါနဲ့ ကျွန်တော် တစ်ရာ နဲ့ လေးဆယ် ရှိသေးသလား ဆိုတော့ လူ တစ်ယောက် က ၄ဝိ တော့ မရှိဘူး ။ ၅ဝိ - နှစ်လေး နဲ့ ဟောဒီမှာ တစ်ရာလုံး ယူ မှ ရမယ် ဆို ၊ ရာတန် တစ်ရွက် ထုတ် ပြတော့ ကျွန်တော် ဖမ်း ဆွဲ လိုက်တော့တာပေါ့ ၊ အဲဒီမှာ နီးလေး တို့ စိုးလှိုင် တို့ ၊ မောင်ခွေး တို့ က သူ တစ်ဆယ် ပါ ပါရစေ ၊ နှစ်ဆယ် ပါ ပါရစေ ဝိုင်း အာတော့ ဟိုဘက်က လူတွေ က လည်း တစ်ရာငါးဆယ် ဆိုရင် ဒီမှာ ရှိပါသေးတယ် အော်ကြတော့ ကိုယ့်လူတွေ နှစ်လေး နဲ့ တော်တော် ရလိုက် ကြတာပဲ ။ ဒါနဲ့ ကိုယ် တို့ ကြက် က ဒီရေ မှာ နှစ်ချက်ဖဲ ခွပ် လိုက်ရတယ် ။ စည်း ရောက် လို့ ကောက် လိုက်ရရော ကိုယ်တို့ ကြက် သွားကြည့်တယ် ၊ ဘာ ဒဏ်ရာ မှ မရှိဘူး ။ ကြက် လည်း သိပ် မမောဘူး ၊ ဟို ကြက် က သူ့ ခွပ်လုံး နဲ့ သူ အမော ပို နေတယ် ။ ဒါကြောင့် တစ်ရာငါးဆယ် ရှိသေးလား ခေါ်တော့ သူတို့ ဘက် က ၆ဝိ တော့ ရှိတယ် ဆိုတာ နဲ့ ကျွန်တော်တို့ ဘက် က လူတွေ ဝိုင်း ဆွဲကြပြန်ရာ ...

“ အောင်သိန်း မင်း လည်း အဲဒီတော့ မှ ဆွဲရဲတာ မဟုတ်လား ”

ဤတွင် ကြက်သမားကြီး ဦးအောင်သိန်း က -

“ အေးပေါ့ ငါ လည်း မြင်ပြီပေါ့ကွ ၊ ဟိုကြက် က အမော ပိုလာတယ် ။ မော ရင် ပူးမယ် ၊ ပူး ရင် ဒီ က ခွပ်မယ် ၊ ဒါကြောင့် ငါ သန်းမြင့်ကြီး ဆီ သွား တိုးတိုး ပြော လိုက်ရတယ် ၊ သိပ် ဆွဲ ကု မနေနဲ့ ၊ ကိုယ့် ကြက် က ဒဏ်ရာ လည်း ရှိတာ မဟုတ်ဘဲ ၊ မြန်မြန် လွှတ်ကွ လို့ ”

သည်တော့ ကြက်စွဲကိုသန်းမြင့် က လည်း -

“ ကျုပ် လည်း သိတာပေါ့ ဗျာ ၊ ကြက် တိုက်လာတာ လူ ကြက်မွေး မပေါက်ရုံ တမယ်ပဲ ရှိတော့တာပဲ ။ ဒါကြောင့် မြန်မြန် ခေါ်ပြီး လွှတ်တယ် ဆို နှစ်ကောင် ထိုး ပူး ပေးလိုက်တာပဲ ”

“ အဲဒါ မှားတာပေါ့ကွ ”

ကိုအမ်း က ပြောရာ ကိုသန်းမြင့်ကြီး မျက်လုံးကြီး ပြူး လျက် -

“ ဘာ - ဘာ မှားတာလဲ ၊ ဒီလို ထိုး လွှတ်လိုက်လို့ပဲ ပူးပူးချင်း ဒို့ ကြက် က ဆွဲ ခွပ် လိုက်တာ ဟို ကြက် ခေါင်းနောက် လန်ပြီး တုန်ခါ သွားတာပဲ မဟုတ်လား ”

စကားရည် လည် သော ကိုအမ်း က -

“ အဲဒါ မှားတယ် ပြောတာကွ ၊ လွှတ်လွှတ်ချင်း ပူး မခွပ်ရသေးဘူး ၊ ခွာခွပ် နေရဦးမယ် ဆိုရင် ဟိုဘက် က ကြေးကျောတွေ ပေးနေဦး မှာ ခုတော့ ဒီ တစ်ချက်တည်း နဲ့ ပဲ ဟိုဘက် က ကြေးကျောတွေ ရပ် သွားလို့ ဒို့က ပဲ စပြီး လယ်ဗယ် ခေါ်ရရော မဟုတ်လား ”

ကြက်သမားတွေ မှာ အင်္ဂလိပ် လို တတ်သူ လည်း ရှိသည် ။ မတတ် သူ က များသည် ။ သို့သော် “ လယ်ဗယ် ” ( ဇတူ ) ဆိုသည် ကို တော့ ကြက်သမားတိုင်း နားလည်ကြသည် ။ ကြက်ဝိုင်း မှာ သည် စကား ပဲ သုံးကြသည် ။

“ နောက်တော့ ဘယ်လို ခွပ်ကြရောလဲဗျ ”

ကြက် တိုက်တာ ကို မည်သို့မျှ နားမလည် ။ ဤမှာ ဘက် တွင် နာလပိန်း တုံး နိုင်လှသော မိတ်ဆွေ တစ်ယောက် ကျွန်တော့် အိမ် လာ လည်ရင်း ကြက်သမားတွေ နှင့် ဆုံ မိ၍ ကြက်တရား နာ မိရာ မှ သူ စိတ်ဝင်စား လာ ကာ ကိုအမ်း စကား ပြတ် သွားသည် ၌ ဝင် မေးခြင်း ဖြစ်သည် ။

“ နောက်တော့ ရွှေဂေါင်းပြောင် က ချည်း တက် ခွပ် သွားတာပေါ့ဗျ ”

“ ဒီတော့ ဟိုဘက် က လောင်းကြသေးလား ”

“ လောင်း အောင် လုပ်ရတာပေါ့ ”

“ ဘယ်လို လုပ်ရလဲ ”

ကိုအမ်း စိတ် ပျက်စ ပြုပြီ ။ သူ့ မျက်နှာ စေ့စေ့ ကြည့် ၍ -

“ ကြေးကျော ပေး ခေါ်ရတာပေါ့ ”

“ ဘယ်လောက် အကျော ပေးရလဲ ”

ကိုအမ်း မျက်လုံး ကြောင်ကြောင်လေး ဖြစ် သွားပြီ ။ ဆက် မဖြေ နိုင်တော့ပြီ ။ သူ စကား ပြောဖို့ စိတ် ကုန် သွားပြီ ။ တကယ်ပဲ ကြက်သမား မဟုတ်သူ အား ကြက်စကား ပြောရသည် မှာ လက်ဝင် လှသည် ။

ဪ ... ခက်သည် ။ ဤ အကြောင်း တစ်ခု နားမလည်ဘူး ဆိုတော့ လည်း လွန်စွာ နားဝေး လှ၏ ။ ကျွန်တော် ၇ - မိုင် ရွာတန်းရှည် မှာ နေစဉ် က မန္တလေး မှ ပြောင်းလာခါစ စာရေးဆရာ ဖြစ်စ မောင်သာရ သည် ကျွန်တော့် အကြောင်းပြု ၍ ကျွန်တော့် အိမ် နှင့် မျက်နှာချင်းဆိုင် အိမ် မှာ သူတို့ မိသားစု ငှား နေကြ၏ ။ အဲသည် ရွာ မှာ က အဲသည်တုန်း က ကြက်ဝိုင်း မှာ ခဏ ၊ ခဏ ။ သည် ကြက် တိုက် တာ ကို မောင်သာရ က လာ လာ ကြည့် ပြီး တစ်နေ့သ၌ ကျွန်တော့် ကို မေး၏ ။ သူ့ ပါးစပ် တွင် မပြတ် တပ် ထားသော ဆေးပြင်းလိပ်တို ကို ချွတ် လိုက်ပြီး ...

“ ကိုဆွေ ကြက် နှစ်ကောင် ခွပ် အောင် ဘယ်လို လုပ် ပေးရလဲဗျ ”

ကျွန်တော် တော်တော် စိတ် ပိန် သွား၏ ။ ကြက်ဖ တို့ မည်သည် ၊ သူစိမ်း ကြက်ဖ မြင် လျှင် တစ်ကောင့် တစ်ကောင် ခွပ်ချင် လွန်း လို့ မှ လူ က ထိန်းသိမ်း ထား ရ၏ ။ သူတို့ နှစ်ကောင် ရင်ဆိုင် လွှတ် ပေး လိုက် လျှင် ချက်ချင်း ခွပ် ကြတော့ သည်သာ ။ ဒါလေးမှ မောင်သာရ က မသိလေတော့ ၊ ကျောင်းသား ဘဝ က ထောင်ကျ လောက်အောင် နိုင်ငံရေး ကမြင်းကြော ထ ခဲ့သော စာရေးဆရာကြီး အား သောက်မြင်ကပ်ကပ် နှင့်  ...

“ ကြက် နှစ်ကောင် ခွပ် အောင် နင် က ကွန်မြူနစ် ဟဲ့ သူ က အရင်းရှင် ဟဲ့ ဆိုပြီး ရန်တိုက် ပေးရတယ်ဗျ ”

ဒီတော့မှ သူ ရိပ်မိ သွားဟန် တူ၏ ။

“ ဟာဗျာ ” ဟု ဆိုပြီး ပြုံးပြုံးစိစိကြီး နှင့် သူ့ ပါးစပ် ကို ပုလင်းဖော့ ဆို့ပိတ် သလို ဆေးပြင်းလိပ် ကို ပြန် စွပ် လိုက်တော့သည် ။

ကျွန်တော်တို့ စာရေးဆရာ ထဲ တွင် တိုက်ကြက် နားလည်သူ နေသွေးနီ တစ်ယောက် တော့ ရှိဟန် တူ၏ ။ တစ်ခါက သူ့ ကြက် တိုက်သည့် အကြောင်း ဝတ္ထု တစ်ပုဒ် ဖတ်လိုက်ရ၏ ။ အထောက်တော်လှအောင် လည်း ဝါသနာ ပါဟန် တူ၏ ။ ကျွန်တော့် ဆီ မှာ ကြက်ဝိုင်း ဖြစ် လျှင် သူ့ ဆီ အကြောင်းကြား ပါ ဟု စကား အဆင်သင့် တိုင်း မှာ ဖူး၏ ။ စာရေးဆရာ ထင်လင်း တစ်ယောက် တော့ ကျွန်တော့် ဆီ လာ လည် စဉ် ကျွန်တော့ အိမ် နောက်ဖေး မှာ ကြက်တိုက် နေ တာ အခါခါ တွေ့ဖူး၏ ။ သို့သော် သူ မည်သို့မျှ မခံစားတတ် ၊ အရွယ် မရောက် သေး သည့် လူမမယ် ချာတိတ် က အပျိုလှလှ မြင် ရ သလိုပဲ ဖြစ် နေ၏ ။ ဘာ ကောင်းမှန်း မသိ ။

ကြက်ဝိုင်း သည် အပျော်အပါး နည်းနည်းပါးပါး လည်း ကစားနိုင် ... ။ စီးပွားဖြစ် ထောင်သောင်း နှင့် ချီ ၍ လည်း လောင်း နိုင်၏ ။ လောင်းကစား နည်း အမျိုးမျိုး ရှိသည့် အနက် ကြက် တိုက်ခြင်း သည် ကိုယ့် ကြက် ကို ယုံကြည် စိတ်ချရပြီ ဆိုလျှင် ကျိန်းသေ တွက်၍ ရ၏ ။ ဥပမာ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ၊ ကပ်စီးကလေး ခေါ်  မိုဟာမက်အလီ ဆိုလျှင် သူ့ ဘက် က အနိုင် တွက်၍ ရ သကဲ့သို့ ပေါ့ ။

ထို့ပြင် လောင်းကစားခြင်း သည် စိတ်လှုပ်ရှားမှု အရသာ တစ်မျိုး ကို ခံစား လို၍ ဟု ဆိုကြ၏ ။ ဤ အတိုင်း မှန်လျှင် ကြက် တိုက်ခြင်း သည် စိတ်လှုပ်ရှားမှု အရသာ အရှိဆုံး ဟု ဆိုရချေမည် ။ ခင်ဗျားတို့ ဖဲ ကစား တာ လေးကောင်ဂျင် လှည့် တာ ဟာ တစ်လက် တစ်လက် ဘယ်လောက် ကြာ လို့လဲ ။ ကြက် တစ်ပွဲ ဟာ လေးငါးခြောက်ဆယ်မိနစ် က နေပြီး လေးငါးခြောက်နာရီ အထိ ကြာ တဲ့ ဝိုင်းတွေ ရှိသဗျ ။ ကြက် အကောင်ချင်း ကွာ နေလျှင် အလွန် မြန်တတ်၍ အကောင်ချင်း ညီ ပညာရပ်ချင်း တူ နေပြီ ဆိုပါ က အင်မတန် ကြာ တတ်၏ ။ ကြည့် လို့ လည်း အလွန် ကောင်း၏ ။

အချို့ ဝိုင်းများ မှာ မူ အချိန် ကြာရုံ မက ၊ ကြွေ တစ်လက် ကြက် တစ်ခုန် ဆိုတဲ့ အတိုင်း ဟိုဘက် က သာ သွားလိုက် ၊ ဒီဘက် က သာ လာ လိုက်နှင့် ဗုံလုံ တစ်လှည့် ငါးပျံ တစ်လှည့် ဖြစ် နေလိုက်ပုံ မှာ လောင်းကစား သူ တွေ ၏ စိတ်များ ကို နာရီ နှင့် ချီ၍ လှုပ်ရှား စေပါ၏ ။ အကျိတ်အနယ် ဝိုင်း ကို ကြည့် ရပြီ ဆိုလျှင် ကြက်သမားတွေ ၏ ကိုယ် မှာ အငြိမ် မနေနိုင် ၊ ခြေလက် တို့ မှာ တွန့်ကနဲ ၊ ကွေးကနဲ ၊ ကောက်ကနဲ ၊ ဆတ်ကနဲ ဖြစ်သွား တတ်ကြသည် ။ ကြက် ခွပ်ပုံ ကို ကြည့် ၍ သူ့ စိတ် နှင့် အကြောတွေ လှုပ်ရှား နေခြင်း ပင် ။ ပါးစပ် က လည်း ဘယ်လို ခွပ်လိုက်ပါလား ၊ ဘယ်လို လုပ်လိုက်ပါလား နှင့် တဖွဖွ ပြော နေတတ် ကြသည် ။ ဒါကြောင့် တိုးတိုးဗျ တိုးတိုးဗျ ဟူ၍ ကြက်ဒိုင် လုပ်သူများ က မပြတ် သတိပေး နေရသည် ။ ဒီ ထဲ က မှ သူတို့ ကြက် က ချက်ကောင်း ခွပ် လိုက်ပြီ ဆိုလျှင် ကြက် နာမည် ဖော်ပြီး တခဲနက် အော်လိုက် တတ်သည်များ က လည်း ရှိသေး၏ ။ သံပြိုင် အော် လိုက်ကြပုံများ ဇာတ်တိုက် ထားသည့် အတိုင်းပင် ။

◾ဇွဲသတ္တိ

တိုက်ကြက် တို့ မှာ ကြက်ခွပ် ကောင်း ဖို့ အပြင် ဇွဲသတ္တိ ရှိဖို့ က လည်း လွန်စွာ အရေးကြီး၏ ။ လွန်ခဲ့သော နွေရာသီ က အောင်ဆန်းမြို့ တွင် လုပ်သော ချိန်းဝိုင်း တစ်ခု မှာ ကြက် အကောင်ချင်း တူ နေသော ပွဲ တစ်ခု တွေ့ခဲ့ရသည် ။ ဤသို့ အကောင်ချင်း တူ၍ ကြာရှည်သော ဝိုင်းမျိုး မှာ အရှုံးအနိုင် ကို ပြောရ ခက် လှသည် ။

အင်းစိန်ကြက် နှင့် ဒညင်းကုန်းကြက် သူတို့ နှစ်ကောင် ခွပ် ကြသည် မှာ ၃ နာရီ ကျော်ပြီ ။ နောက်ဆုံးမှာ အင်းစိန်ကြက် က သာ နေပြီ ။ ဒညင်းကုန်း ကြက် မှာ ဘာမျှ မလှုပ်ရှား နိုင်တော့ ။ ဝိုင်း ထဲ မှာ နှုတ်သီး မြေထောက် ၍ နေပြီ ။ အင်းစိန် ကြက် က ထူထူထောင်ထောင် နှင့် လှုပ်လှုပ်ရှားရှား လုပ် နိုင် သေးသည် ။ သို့သော် တစ်ဖက်ကြက် က ထွက် ပြေးအောင် နာနာကြည်းကြည်း ဖြင့် မခွပ်နိုင်တော့ ။

တစ်ကောင် က နှုတ်သီး မြေထောက် ၊ တစ်ကောင် က မတ်တပ် ငုတ်တုတ်ကြီး ငူ ကြည့် နေသည် ။ ကြက်စွဲ က မှုတ်ပေး လို့ လည်း မလှုပ်တော့ ။ သည်အခါမျိုး မှာ ကြက်စွဲ နှစ်ကောင် က သဘောတူ ကိုယ့် ကြက် ကိုယ် ကောက် ၍ ကုသ ပြီး ပြန် ချ ရသည် ။

ဘယ်လိုပဲ ကောက် ချချ ၊ ဒညင်းကုန်းကြက် က  နှုတ်သီး မြေထောက် လျက် ပဲ ။ အင်းစိန်ကြက် က လွှတ်စလေး မှာ လက် အပူရှိန် နှင့် တစ်ချက် နှစ်ချက် ပက် ပါသေး၏ ။ နောက်ပြီး ငူ နေမြဲ နေမြဲ ပဲ ။ ဒီလိုချည်း ဝိုင်း အလယ် မှာ လေးငါးခြောက်ခါ လောက် ကောက် ချ ပြီးတော့ ကြက်ရှံး ကြက်နိုင် မဖြစ် သဖြင့် ဒညင်းကုန်းကြက် ဖက် က သရေ လုပ်ပါ ဟု ဆိုလာ၏ ။ ဒီတော့ အင်းစိန်ကြက် ဖက် က ...

“ ဟာ ဘယ် လုပ်နိုင်မလဲ ၊ ဒီ ကြက် က ထူထူထောင်ထောင်ကြီး ရှိသေးတာပဲ ... ၊ နှုတ်သီးမြေထောက် နေတဲ့ ကြက် က အရှုံး ပေးပေါ့ ”

“ ဟာ ... ဘယ် ပေးနိုင်မလဲ ၊ ကြက်ရှုံး ကြက်နိုင် တိုက်တာပဲ ၊ ကျုပ်တို့ ကြက် ဝိုင်းပြင် ထွက်အောင် ခင်ဗျားတို့ ကြက် က လုပ်လေ ”

“ ဟာ ... မင်းတို့ ကြက် က မှ မပြေးနိုင်တော့တာဘဲ ”

“ ဒါပေမယ့် သူ အရှုံး မပေးသေးဘူး လေ ၊ ကိရောက် ကိရောက် မှ မအော်တာ ဘဲ ”

ကြက် တိုက်တာ နှစ်မျိုး ရှိ၏ ။ ဖြတ်ကြေး နှင့် တိုက်ခြင်း ၊ ကြက်ရှုံး ကြက်နို င်တိုက်ခြင်း ၊ အချို့ အရပ် မှာ “ အရိုးတာကပ် ” ဟု ခေါ်၏ ။

ဖြတ်ကြေး နှင့် တိုက်ခြင်း မှာ တစ်ရာ နဲ့ ငါးကျပ် ကို အောက်ကြေး က မလိုက်နိုင် ၊ မလိုက်ဝံ့တော့ဘူး ဆိုသော အခါ၌ အရှုံး ပေးရ၏ ။ ကြက်ရှူံး ကြက်နိုင် ( ဝါ ) အရိုးတာကပ်ပွဲ မှာ အရေးနိမ့် သော ကြက် က ဝိုင်းပြင် ထွက် သွားသည် ။ သို့မဟုတ် မပြေးနိုင် တော့ ၍ ကိရောက်ကိရောက် ဟု ညှောင့် ထိုးသံ အော် မှ အရှံး ဖြစ်၏ ။

ယခု အခြေ ၌  ဒညင်းကုန်းကြက် မှ တစ်ကိုယ်လုံး နာ ပြီး ဦးခေါင်း လည်း နီ ဖူးယောင် ၍ နှုတ်သီး မြေထောက် လျက် ပြေး လည်း မပြေး နိုင် တော့ပါ ။ တစ်ဖက် ကြက် ကို လည်း သူ မမြင်ရတော့ဘူး ။ သူ ညှောင့်ထိုး ၍ ကြောက်သံ အော် တော့ မှ သာ ကိစ္စ ပြီးပေတော့မည် ။

ထို့ကြောင့် နောက်ဆုံး တချီ ကောက်ပြီး ပြန် ချကာနီး ၌ အင်းစိန်ကြက် ဖက် မှ လူတွေ က သူ တို့ ကြက်စွဲ အား ...

“ ဟေ့ ဒို့ ကြက် က နည်းနည်း လောက် ပြန် လန်းဖို့ဘဲ လို တော့ တယ် ၊ မခွပ်နိုင် တောင် ဟို ကြက် ခေါင်း ဆိတ် ရင် အော်ပြေး တော့ မှာ ကွ ၊ ဒီတော့ လက်ပူ ကြမ်းကြမ်း တိုက်ပြီး ကြမ်းကြမ်း ကု ပေးလိုက်စမ်းပါကွ ”

သူတို့ ပြောသည့် အတိုင်း ကြက်စွဲ သည် ကြက် ကို သူ့ ပေါင်ကြား ထဲ ညှပ်ပြီး လက်ပူ နာနာ တိုက် ပေး၍ အတောင်ပံရိုးတွေ ဖျစ် ပေး လိုက်သည်၌ ကြက် က နာ တော့ ညောက် ညောက် ညောက် ညောက် နှင့် အော် လေ၏ ။

“ ဟ - ဟ ဘယ်လို ဖြစ်တာတုန်း ” ဆိုကြပြီး ကြက် နှစ်ကောင် မျက်နှာချင်း ဆိုင် လွှတ် လိုက် ကြတော့ အင်းစိန်ကြက် သည် ဒညင်းကုန်းကြက် ကို မျက်နှာချင်း မဆိုင်ဝံ့တော့ ဘဲ ကရောက် ကရောက် အော်ပြီး ဝိုင်း ပြင် ထွက်ပြေး လေ သတည်း ။ နိုင် သော ကြက် ကား မျက်စိ လည်း ပိတ် ၊ နား တွေ လည်း အူ နေ၍ ဟို ကြက် ပြေးတာ အော်တာ ကို မြင်လိုက် ကြားလိုက် သည် မဟုတ်ပေ ။ လက်ရင်း လက်ဖျား ၃၅ဝဝိ မျှ ရှိလေ ရာ ၊ ငွေ ၇ဝဝဝိ လောက် ကို ဒညင်းကုန်းကြက် က ဇွဲသတ္တိ နှင့် ယူလိုက်ခြင်း ဖြစ်ပေ၏ ။

လက် ထဲ တွင် ညှောင့်ထိုး အောင် ကုရပါမည်လား ဟု အင်းစိန်ကြက်စွဲ ကို ဝိုင်းပြီး အပြစ်တင် ကြရာ “ ဟာ ခင်ဗျား တို့ က ပဲ ကြမ်းကြမ်း ကု ပါ ခိုင်းကြတာကိုးဗျ - ” ဟု ပြန် ပြော၏ ။

စင်စစ် ကြက်စွဲ သည် ကိုယ့် ကြက် ၏ “ အထာ ” ကို သိဖို့ လည်း လိုသည် ။ ဒီ ကြက် ဟာ ကြမ်းကြမ်း ကု တာ ကြိုက် သလား ၊ သာသာ ကု တာ ကြိုက် သလား ၊ စင်စစ်တော့ အင်းစိန်ကြက် သည် ဇွဲသတ္တိ မကောင်း၍ သူ့ အသား အနာ မခံခြင်း ဖြစ်သည် ။

ထို့ကြောင့် ကြက် တိုက် ရာ မှာ ကြက်စွဲ က လည်း အရေးကြီး လှပေ၏ ။ အချို့ ဝိုင်း မှာ ကြက်ရှုံး နေလျက် ကြက်စွဲ ကောင်း ၍ နိုင်သည် လည်း ရှိတတ်၏ ။

◾ကြက်စွဲစွမ်းရည်

၁၉၇၆ ခု ၊ နှစ်ဦးပိုင်း ဆောင်းဦးပေါက် တွင် ထန်းတပင်မြို့နယ် မှ ကိုအိလုံ ဆို သူ ပထမဦးဆုံး အကြိမ် ကြက် တိုက် လာသော အခါ သူ့ ကြက် နှင့် အတူ ကြက်စွဲ ခဲ့ပါသည် ။ ကိုအိလုံ ကြက် က ကြက်ဝါ ၊ တမွေးထိုး ၊ တက်ရိုး ပဲ ။ အဆင်သင့်ပင် ကျွန်တော်တို့ ရပ်ကွက် ထဲ ၌ ကိုစံမြင့် အိမ် တွင် ထားသော ကိုမြလှိုင် ၏ ဖောင်းဖြူကြီး နှင့် ဆွယ်မိ လေ၏ ။ ကြက် နှစ်ကောင် ယှဉ်၍ ချ ကြည့် သောအခါ ဖောင်းဖြူကြီး က ကိုယ်လုံး နည်းနည်း ကြီး ၍ အစီး ရ နေ သည် ။ သူ့ ဘက် က ရှောင်စရာ မရှိ ။ ကိုအိလုံ ကြက်ဝါ ဘက် က သာ စဉ်းစား ရပေမည် ။

သို့သော် ကိုအိလုံ ဘက် က တိုက်မည် ၊ ရဲသည် ။ ကြေး ကြိုက် သလောက် ထွက်စမ်း ဆိုတော့ ကျွန်တော် တို့ က သူ့ ကြက် တော်တော် အထင် ကြီး မိသည် ။ ဒါနှင့် ကိုမြလှိုင် လူသိုက် က စု လိုက်တော့ လက်ရင်း ၂၂ဝဝ ( နှစ်ထောင့်နှစ်ရာ )

ဟာ .... ကြက် နှစ်ကောင် လွှတ် ကြတော့ ကိုအိလုံ ကြက်ဝါ က အထင် နှင့် အမြင် ပါစင် အောင် လွဲပြီ ။ ဖောင်းဖြူ ချည်း က ချည်း ခွပ်ရေး သာ နေ ပေပြီ ။ “ ကြိုက်သလောက် ထွက်လို့ ” ဆိုခဲ့ သော ကိုအိလုံ လက်ဖျား မဆွဲဝံ့ တော့ပြီ ။ “ ဘယ်နှယ့်လဲ ကိုအိလုံ ရယ် ၊ ခင်ဗျားကြက် ဒီလိုပဲလား ” ဟု ဆိုတော့ .....

“ အာ ... ဘယ် ဟုတ်မလဲ ဆရာ ရယ် ၊ ဒီလောက် ညံ့ရင် ကျွန်တော် ဘယ် သုံးမလဲ ၊ ကြက် အိပ်တန်း ပျက်လို့ ထင်တာပဲ ”

သူ့ ကြက် သည် ထန်းတစ်ပင် မှ ရောက် လာပြီး ကိုကံညွန့် အိမ် မှာ နှစ်ည အိပ် ထားပြီ ဆိုတော့ ကြက်သမား စကား “ အိပ်တန်းပျက် ” ဟု ခေါ်ကြ သည် ။ အဓိပ္ပါယ် မှာ ကြက် ရေပြောင်း ၊ မြေပြောင်း အိပ်တန်း ပါ ပြောင်းရ သဖြင့် အအိပ် အနေ ပျက်သည် ။ ဒါကြောင့် ကိုယ်လက် မအီသာ ဖြစ်၍ ခွပ်လမ်း ပျက်သည် ။ ယင်းသည် ကြက် တို့ ၌ ဖြစ် တတ်သည့် သဘောပင် ။ ရောက် သည့် နေ့ တိုက် လျှင် အရေး မကြီးပေ ။ နို့ပြီး သုံးလေးရက် က  ကျော် သွား လျှင် လည်း နေသား ကျ သွားပြီ မို့ ကောင်း၏ ။

သုံးရေ လောက် ခွပ် ကြ၍ နာရီဝက် ကြာ တော့ ကိုအိလုံ ကြက် ရှုံးပြီ ဆိုတာ အားလုံး သိကြပါပြီ ။ သို့သော် လူတွေ တစ်ခု သတိ မထားမိကြသည် ကား ကိုမြလှိုင် ကြက်ကြီး က ခွပ် လဲ ခွပ် ရပါသည် ။ အတက် လည်း စူး လှပါ၏ ။ သို့သော် ကိုအိလုံ ကြက် က သွေး မထွက်ပေ ။ ကိုအိလုံ ကြက်စွဲသူ မှာ ထန်းတစ်ပင် က ပါ လာသော ကိုချစ်ယုံ ဆိုသူ ဖြစ်၏ ။ ကိုမြလှိုင် က သူ့ ကြက် သူ စွဲသည် ။ ကိုမြလှိုင် သည် ရန်ကုန်မြို့နယ် မှာ ကြက်စွဲ ကောင်း တစ်ယောက် ပေါ့ ။

ကိုမြလှိုင် ကြက်ဖောင်းဖြူကြီး ဘက် က လောင်းသူများ ဒူးနှံ့ နေ ကြပြီ ။ ကိုအိလုံ ကြက်ဝါ ဘက် က လူများ ရှုံးပါပြီ ဟု စိတ်နှလုံး ဒုန်းဒုန်းချ နေ ကြပေပြီ ။ သို့သော် စိတ် မပျက်ဘဲ သူ့ ကြက် သူ အားခဲ ကုသနေသူ က တော့ ကြက်စွဲ ကိုချစ်ယုံ ။ တစ်ဖက် ခွပ် လိုက်လို့ သူ့ ကြက် ကို ဘယ်လောက် စူးလိုက် ၊ စူးလိုက် သူ့ လက် ထဲ ရောက် လျှင် သွေး မထွက်တော့ ။ သူ့ ကြက် လည်း ဟို ကြက် က ဘယ်လောက် ခွပ်ခွပ် နာသည့် ပုံသဏ္ဌာန် မပေါ် ။ ကြက် နှစ်ကောင် စည်း ရောက် ၍ ကောက်ပြီး ကုသပြီး ပြန် လွှတ်သော အခါ အကောင်းပ ကတိပင် ။

ဤသို့လျှင် ခွပ် ကြတာ ၂ နာရီ လောက် ကြာတော့ အခွပ် ခံရတဲ့ ကြက် က ဘာမှ မဖြစ် ၊ တစ်ဖက်သတ် ခွပ် နေရတဲ့ ကြက် က ခံ နေရတဲ့ ကြက် မျက်နှာ စေ့စေ့ကြည့်ပြီး ထွက်ပြေး ပါရောလား ခင်ဗျာ ။ သူ ပြေး သော်လည်း ကိုအိလုံ ကြက်ဝါ က ဖြင့် မလိုက်နိုင်တော့ပါ ။ ငုပ်တုပ် တွေ လျက် ပင် ကျန်ခဲ့ ပါ၏ ။ အဘယ်ကြောင့် ဟူ မူ သူ ခံထားရသည့်ဒဏ်ရာ တွေ က နည်းနည်း နောနော မဟုတ် ။ ချွဲရိုက် ၊ ရေဆေး ပြီးတော့ ကိုချစ်ယုံ က ကျွန်တော့် ကို ပြသည် ။ ကြက် တစ်ကိုယ်လုံး မှာ မွမွကျဲ အောင် စူးထားသည် ။ လည်ပင်း နှင့် နောက်ဆက် မှာ ချည်း အပေါက် တစ်ပေါက် ထင်ထင်ရှားရှားကြီး မြင် ရသည် ။ သို့သော် သွေး တော့ တစ်စက် မထွက် ။ ကျွန်တော် က အံ့သြစွာ ...

“ ကိုချစ်ယုံ ခင်ဗျား သွေး မထွက်အောင် လုပ်တတ်တယ်ပေါ့ ” သူ က ခပ်ပြုံးပြုံး နှင့် ခေါင်းညိတ် ပြ ပါသည် ။

သွေး မထွက် သော်လည်း ခံရသည် က တော့ သက်သာသည် မဟုတ် ။ ခွပ် တုန်း မှာ တော့ ဝိုင်း ထဲ တွင် ကြက်စွဲ ၏ လက် အရှိန် နှင့် သူ့ စိတ်ဓာတ် နှင့် မတ်တပ် နေနိုင်သေး သော်လည်း ဝိုင်း ပြီးသော အခါ ခမျာ မှာ တုံးလုံး မှ နှုတ်သီး ပင် မြေထောက် မနေ နိုင် တော့ ဘဲ မျက်နှာ တစ်ခြမ်း က ကြမ်း မှာ အပ်လျက် နေရ တော့၏ ။ အစာရေစာ ကို လူ က ခွံ့ ကျွေး ရသည် ။ ဤ ပွဲ ပြီး လျှင် ကိုအိလုံ တို့ သည် သူတို့ နှင့် အတူ ပါလာခဲ့သော ကိုစိုးသိန်း ကြက် ကို တိုက်ရန် ရှိသေး သဖြင့် ကိုကံညွန့် တို့ အိမ် မှာ ၃ ရက် နေသေးရာ ဤ သုံးရက် စလုံး မှာ ပင် ကိုအိလုံ ကြက်ဝါ သည် မထနိုင်သေး ။ မျက်လုံး မဖွင့်နိုင်သေး ဘဲ ရှိပါသည် ။

ထိုမှ တစ်လ လောက် အကြာ ကိုအိလုံ တို့ နောက် တစ်ခေါက် ရောက် အလာ တွင် ဤ ကြက် သေပြီလား ဟု မေး ကြည့်သော အခါ ...

“ ဆေး ကုထားတာဘဲ ၊ မသေပါဘူး ဗျ ၊ ဟို ရောက် လို့ ၅ ရက် လောက် အကြာ မှာ ထ နိုင်တယ် ။ သူ့ အစာ သူ စားတယ် ။ ၁ဝ ရက် လောက် ကြာတော့ တွန် နိုင်တယ် ။ သွားနိုင် လာနိုင် ရှိပြီ ။ ဒါပေမယ့် အကြော လိုက် ပြီး လည်ပင်း တစ်ခြမ်း စောင်း နေတယ် ။ နောက်ထပ် တော့ မတိုက်နိုင်တော့ပါဘူး ဗျာ ။ သားဖောက်ရုံ ဘဲ ရှိတော့တယ် ။

◾ရွှေဗျိုင်းဖြူ

ကိုယ် က ချည်း ခွပ် ရ၍ နိုင် နေရာမှ ထွက် ပြေးသော ကိုမြလှိုင် ၏ ဖောင်းအဖြူကြီး ကား အိမ် ရောက်သော အခါ ကြက်မတွေ ငမ်းလျက် တကြော် ကြော် တွန် နေရ ကား ငွေရှံး လာတဲ့ လူတွေ ဒေါသ ဖြစ်ကြလွန်း လို့ သတ်စားမယ် တကဲကဲ လုပ်နေကြရာ ကိုမြလှိုင် က ....

“ ကျွန်တော့် ကြက် မဟုတ်ပါဘူးဗျာ ၊ သူငယ်ချင်း ဆီ က ငှားလာတာ ၊ ပြန် ပို့ရဦးမယ် ”

“ ခင်ဗျား ကြက် က မျိုးရိုး မှ စစ်ရဲ့လားဗျ ”

ကိုကံညွန့် က မေး၏ ။

“ မနှစ် က ၅ ပွဲ တက် ထားတဲ့ ကြက် ဗျာ ၊ ခွပ် တာ ခင်ဗျား တို့ မြင်တဲ့ အတိုင်းပဲ ၊ တစ်ပွဲ - တစ်ပွဲ နာရီဝက် တစ်နာရီ ထက် ပို မကြာခဲ့ဘူး ”

“ အခု ၂ နာရီ လောက် ကြာတော့ သူ က ချည်း ခွပ်ရလို့ နိုင်ခြေ ရောက် နေ မှ ထွက် ပြေးတာ ၊ ဧကန္တ ခင်ဗျား ကြက် ဟာ ကြက် ကောင်းတယ် ၊ အသဲ မကောင်းဘူး ၊ ဒီ ကြက်မျိုး အင်္ဂါ သေသေချာချာ ကြည့်ထား ရဦးမယ် ” ဆို၍ ကြက်သုတေသီကြီး ကိုကံညွန့် က ကြက် ကို ကိုင်တွယ် ကြည့်ပြီး မျက်လုံးပြူး သွားလျက် “ ဟာ ... အမွှေးရောင် နဲ့ အမောက် က တော့ ဒို့ အိမ် က ကြက်ပေါက်ကလေးနဲ့  တထေရာ ထဲ ပဲ ၊ ကြည့်စမ်းဟေ့ အောင်ချစ် ” ဟု ဆိုလေတော့ ညီတော်မောင် က လည်း “ အေးကွ ငါ လဲ အဲဒါ စဉ်းစား နေတာပဲ ၊ မဖြစ်ဘူး မဖြစ်ဘူး ၊ အိမ် က ကောင် တော့ ခု ည ချက်တုတ် ပစ် မှပဲ ”

“ အေးကွ .. ဒီ ကြက်မျိုး မွေးထား အလကား ပေါ့ ”

အစ်ကို က လည်း သဘောတူ လိုက်၏ ။ ညီအစ်ကို နှစ်ယောက် လိုက် လည်း လိုက်ပါပေ့ ။ မဆိုင် တဲ့ အပေါက် ဂလိုင် နဲ့ ခေါက် ကြခြင်း ဖြစ်၏ ။ ကိုမြလှိုင် ကြက်ကြီး ကလည်း ဖောင်းဖြူ ၊ သူတို့ ကြက်ကလေး က လည်း ဖောင်းဖြူ မို့ အမွှေးရောင်ချင်း ခပ်ဆင်ဆင် တူပါ၏ ။ အမောက် လည်း ထို့ အတူ ။ နှစ်ကောင် စလုံး “ ခပတ် ” ၊ တချို့အရပ် မှာ ဤ အမောက်မျိုး ကို “ ဒိုး ” မောက်ဒိုး ဟူ၍လည်း ခေါ်ကြ၏ ။ သူတို့ အမောက်ပုံ က အခြား ကြက်အမောက် တွေ လို ပါးပါးပြားပြား ထောင်ထောင် မှာ အချွန်အတက် တွေ နှင့် မဟုတ် ။ လက်မလောက် ထုထည် ရှိ သည့် တုံးတုံးလုံးလုံးကြီးဖြစ်၏ ။ တိုက်ကြက် ဆယ်ကောင် မှာ တစ်ကောင် ရှိတတ်သည် ။ ၁၀% ။

စင်စစ် ကြက် ဇွဲသတ္တိ ကောင်း , မကောင်းသည် ဤ အမောက်ပုံ ၊ အမွှေးရောင် နှင့် ဘာမျှ မဆိုင် ။ ဗီဇမျိုးရိုး သာ အရေးကြီး၏ ။ သူတို့ အိမ် က ဖောင်းဖြူလေး က ကျွန်တော် သတိပြု မိ ထားသည် ။ မအေမျိုး က ကျွန်တော့် အား နတ်တလင်း ကိုမောင်လန်း က ပေး လိုက်သော မောက်ဒိုး ဖောင်းကြီးမျိုး ဖြစ်၏ ။ သူ့ အဖေ က ကိုအောင်ချစ် တို့ ကြက်ပြာဖောင်း ဗိုက်ကွဲကြီး ။ ကိုအိလုံ ၏ ကြက် ‘ ရွှေအိုး ’ ၏ အဖေ ပဲ ဖြစ်၏ ။ ထိုအချိန် ၌ ရွှေအိုး ရန်ကုန် ရောက် မလာသေးချေ ။

သူတို့ ညီအစ်ကို ချက်စားမည် ဆိုစဉ်က ဤ ဖောင်းဖြူလေး မှာ ၅ လ ၆  လ မျှ ရှိသေး၍ တွန်တက်ခါစ အသံ မလည့်တလည် ရှိသေး၏ ။ အထူးသဖြင့် ဤ ကြက်ကလေး ကျွန်တော် ကြိုက်သည် မှာ ကိုယ်လုံးကိုယ်ထည် ပါးပါး နှင့် ကြက်အလျား ကောင်းလှခြင်း ပင် ဖြစ်သည် ။ သူ့ အဖေ ပြာဗိုက်ကွဲကြီး ၏ ပုံသဏ္ဌာန် ။ ထို့ကြောင့် သူတို့ ညီအစ်ကို ကို ကျွန်တော် မေး၏ ။

“ ဖောင်းဖြူလေး ကို ခင်ဗျားတို့ တကယ်ပဲ ချက်စား ပစ်ကြမှာလား ”

ကိုအောင်ချစ် က “ စားမယ်ဗျာ ... ကျွန်တော် က ကြက် ဒီလိုအမွေး အရောင် လဲ မကြိုက်ဘူး ၊ ကြက်နီ ၊ ကြက်ဝါ မှ မွေးချင်တယ် ”

“ ခင်ဗျားတို့ ဘယ်တော့ ချက်စားကြမလဲ ”

“ ခုည အိပ်တန်းတက် ပဲ ”

ထို့ကြောင့် ကျွန်တော် သည် အိမ် က ဟင်းစားကြက် တစ်ကောင် ကို ပေး၍ အချိန်မီ လဲ ယူ လိုက်၏ ။ ဒီ ကြက်ကလေး က လည်း ဗျာ ကျွန်တော် နဲ့ ဘယ်လောက် ထိုက် သလဲ ဆို ကျွန်တော့် အိမ် ရောက်သည့် နေ့ က စ၍ နောက်ဖေး ဝင်းထရံ သာ ခြား နေသော သူတို့ အိမ် ဘက် သို့ တစ်ခါမျှ မကူးတော့ ပေ ။

ကျွန်တော့် အိမ် ရောက်ပြီး တစ်လ လောက် ကြာသော အခါ၌ သူ ၇ လသား လောက် ရှိပြီ ။ အိမ်ရှေ့ အိမ် က ကိုကျော်ညွန့် ကြက်ပေါက်ကလေး နှင့် ခွပ်လက် ချ ကြည့်သည် ။ ဟာ - ကောင်းတယ်ဗျာ ။ တစ်ဖက်သတ် အပြတ် ခွပ် ပစ် လိုက်သည် ။ ဒါနှင့် ကျွန်တော် သူ့ ကို ရေကိုင် ထား၍ သတင်းသုံးပတ် လောက် ကြာသော အခါ အဆင်သင့်ပဲ ၊ သူ နှင့် ကြက် ရွယ်တူ တစ်ကောင် ရောက်လာသည် နှင့် ၁၁ဝိ ကြေးတမ်း တိုက် လိုက်သည် ။ လှလှပပကြီး နိုင် လိုက်၏ ။ ဤပွဲ မှာ သူ့ ကို ကျွန်တော် က “ ရွှေဗျိုင်းဖြူ ” ဟု နာမည် ပေး လိုက်၏ ။ သူ့ အမွှေးအရောင် က တစ်ကိုယ်လုံး မှာ အဖြူရောင်များ လျက် အနက်ပြောက် များ သာ ရှိ၏ ။ ကြက် က အလျားရှည်ရှည် ကိုယ်ထည် ငေါက်စင်းစင်း နေ၍ ဗျိုင်း နှင့် လည်း တူ လှ၏ ။

ရွှေဗျိုင်းဖြူ သည် ကြက်ပစ် ကောင်းသည် ။ ခြေ က လည်း ပြင်းလှ၍ သူ နှစ်ချက် သုံးချက် ပစ်လိုက် မိ လျှင် တစ်ဖက် ကြက် ပုံ ပျက်ပြီး အထည်ပြုတ် ပြီ သာ မှတ်လေရော ။ ကြက်နှင် ကြက်ထုတ် က လည်း အလွန် ကောင်း၏ ။ တစ်ဖက် ကြက် နိမ့်ကနဲ ဆိုလျှင် ကြက်စွဲ က ဘာမျှ လုပ်စရာ မလိုတော့ ။ သူ့ ဟာ သူ အပြီး ခွပ် သွားတော့သည် သာ ။ သူ နှင့် ဖအေတူ ၊ ကိုအိလုံ ၏ “ ရွှေအိုး ” က တစ်ချက် ထဲ နှင့် အပြီး ခွပ်သည် ။ ရွှေဗျိုင်းဖြူ က ဤသို့ တစ်ချက်တည်း နှင့်တော့ မပြီး ၊ သို့သော် သူ တစ်ချက် ခွပ်ရပြီ ဆိုလျှင် တော့ သူ က ချည်း ဆက်တိုက် အပြီး ခွပ် သွားတော့၏ ။ ရင် အေးရ၏ ။ သို့သော် လက်ဖျား တော့ မရတော့ပေ ။

စစ်စစ် ရွှေဗျိုင်းဖြူ သည် ကြက်ကောင် ကြီးသည် ။ ထွားသည် ။ လှသည် ။ ကြက်ခွပ် ကောင်းသည် ။ သို့သော် ကြေး မစားပေ ။ ဆိုလိုသည် မှာ ရွှေဂေါင်းပြောင် ကဲ့သို့ ကြေးကြီး မတိုက်ခဲ့ရ ။ ကြည့်စမ်း မနှစ် က ပထမဦးဆုံး ပွဲ မှာ ၁၁ဝိ နော် ။ ဒုတိယပွဲ ကျတော့ ၅၅ ကျပ် ၊ နောက်ဆုံး တတိယ ပွဲမှာ ၂၂ ကျပ် ထဲ ။ အဲဒီ ပွဲ ပြီးတော့ သူ အမွှေးချ က ရော ။ မိုး ကျ လျှင် ကြက်မွေး ချ သည် ။

ကြက်များ ငွေကြေး က ကိုယ် တိုက်ချင် တိုင်း မဖြစ် ။ ကိုယ့် ကြက် တိုက်ပတ် အခါလည် ရောက်သည် နှင့် ကြုံလာသော ကြက် မှာ သူတို့ ဘက် က ထွက် နိုင်သော ငွေကြေးပမာဏာ သာ ဖြစ်၏ ။ ရွှေဗျိုင်းဖြူ မှာ ဤကဲ့သို့ ဖွတ်ကျား ကြက်ရှင်များ နှင့်သာ ဆုံခဲ့ရ၏ ။ မနှစ်က ဝိုင်းကြီး လဲ သူ့ကို ချ မသွား ခဲ့မိ ။

ဟော ... သည်နှစ် ၊ တမွေးထိုး ၊ တက်ရိုးတက်ချွန်ကြီး ဖြစ်တော့ သူ့ ကို ခွပ်လက် ချရ တော်တော် ခက်သည် ။ ကြက်ဒေါက် လည်း ဆယ်ပြားခွဲ ၊ ဆယ့်တစ်ပြား လောက် မြင့်တော့ ကြက် အကြီးစား ထဲ ရောက် နေသည် ။ အလျား ရှည်ရှည်ကြီး နှင့် ကြက်ချော ကြက်ထွား ကြီး ဖြစ်နေသည် ။ ကြက်ချင်း အလုံး ၊ ဒေါက် တူလျှင် သူ က အလျား သာ ၍ ကြက်အား ပို ကောင်း နေသည် ။ မနှစ်က လို ဗျိုင်း နှင့် တူ၍ ကိုယ်ဟန် မနွဲ့တော့ ။

တမွေးထိုး ကြက်ကြီး ဆိုသည် မှာ ကြက်ပေါက် ကဲ့ သို့ ခွပ်လက် တစ်ခါ ချ နှစ်ခါ ချ လောက် နှင့် တိုက် နိုင်သည် မဟုတ်သေး ။ ကြက် ခွပ်သား ကျအောင် သုံးလေးချီ လောက် တော့ ချ ပေးရ၏ ။ သည် နှစ် ( ၁၉၇၇ ခု ) မှာ ကျွန်တော့် အိမ် တွင် ကြက်ပေါက်ကလေး ရွှေဂေါင်းပြောင် နှင့် တမွေးထိုး တက်ရိုးကြီး ရွှေဗျိုင်းဖြူ ရှိလေရာ ရွှေဂေါင်းပြောင် ပထမဆုံး တစ်ပွဲ တိုက် ပြီးသည့် တိုင်အောင် ရွှေဗျိုင်းဖြူ မှာ ခွပ်လက် မကျသေး ။

ပထမဦးဆုံး ကျွန်တော်တို့ ရပ်ကွက် က တက်ရိုး မွေးထိုး တစ်ကောင် နှင့် အတက်တွေ မစူးနိုင်အောင် အဝတ်စုတ် နှင့် ထုပ်ပတ်၍ ခွပ်လက် ချသည့် ခဏ နှင့် ရွှေဗျိုင်းဖြူ က အနိုင် ခွပ် ပစ်လိုက်သည် ။ ဟို ကြက် ဒူးဆစ် ထဲ အဝတ်ထုပ် က တက်ဖျား ပေါက်၍ မဆိုသလောက်လေး စူးဝင် သွားရာ သုံးရက် လောက် အကြာ မှာ ဒူးဆစ်ကြီး ယောင်ကိုင်း လာပြီး ကု မရတော့ ။ ကြက် ပျက်စီး သွား လေသည် ။

ဒုတိယ ကိုအမ်း ကြက်ကြီး နှင့် ( သူ့ ကြက် လဲ ခွပ်လက် ရ ချင်လို့ ) ဒီလိုဘဲ အတက်ထုပ် ၍ ချရာ ခဏ နှင့် ပင် အနိုင် ခွပ် ပစ် လိုက်ပြန်သည် ။ ကိုအမ်း ကြက် မျက်ကြော ခွပ် မိ၍ ကြောင်တောင်ကန်း ဖြစ် သွားသည် ။

အင်း .... သည်နှင့် ကြက် နှစ်ကောင် တော့ သူ ဖျက်စီး ပစ် လိုက်ပြီ ။ နောက် ဘယ်လူ့ ကြက် က မှ သူ နှင့် မချဝံ့တော့ ။ ထို့ကြောင့် ရွှေဗျိုင်းဖြူ ထက် အား ကြီးသော ကြက်ပေါက်ကြီး တစ်ကောင် ကို ဝယ်၍ အတက် ဖွင့် ချရာ ဟာ ... စူးလိုက်တဲ့ ဖြစ်ခြင်းဗျာ ၊ ခဏနှင့်ပဲ ကိစ္စ တုံးပါရော ။

ရော .... ကြက် သုံးကောင် လဲ ကုန်ပြီ ။ သူ လဲ ခွပ်သား မကျသေး ။ အမော မလုံသေး ။ ကြာရှည် မခွပ်နိုင်သေး ။ ဝိုင်းကြီး ချဖို့ ဆိုတာ က ကြက် တစ်နာရီ နှစ်နာရီ လောက် ခွပ်ဖူး ပါ မှ ။ ဝိုင်းကြီး ဆိုတော့ ကြေးကြီး တိုက်ရမှာ ။ ကြက် ခွပ်သား ကျပြီး နှပ်ပြီးသား တွေ သာ လာကြပေလိမ့်မည် ။ သူ ခွပ်သား ကျ အောင် ကြက်တွေ ဝယ်ဝယ် ချရမယ် ဆိုလဲ ခုနှယ် ကြက်ဈေး က တစ်ပိဿာ အစိတ် အထက် ၊ သူ နှင့် ခွပ်ဖက် ကြက် က တစ်ပိဿာ့ငါးဆယ် လောက် ရှိရပေမည် ။ ဪ ... ခက်တော့ နေပြီ ။

“ ဟာ ... ဆရာ့ ကြက် အတက်ဆူး မြန်တဲ့ ကြက် ပဲ ဗျာ ၊ ကြက်ရုံး ကြက်နိုင် ကြာကြာ ခွပ် နေမယ့် ကြက် မဟုတ်ပါဘူး ၊ ဝိုင်း သွားပြီး နည်းနည်း ပါးပါး ကြေးစမ်း တိုက်လိုက်ကြတာပေါ့ ”

ကိုအမ်း က အကြံပေး လေ သဖြင့် မတ်လ တွင် တနင်္ဂနွေ တစ်နေ့ ၌ အောင်ဆန်းမြို့ ဝိုင်း သို့ ချ သွား ကြသည် ။ တောက် - ရွှေဗျိုင်းဖြူ တို့ ကြေး မစား လိုက်ပုံများတော့ ဗျာ ။ သူ နဲ့ ဘက် ရတဲ့ ကြက်ရှင် က ဖွတ်ကျား ဘဲ ။ ၂၂ဝိ ထဲ တိုက်နိုင် မတဲ့ ။ ကျွန်တော် တို့ လူသိုက် နဲ့ ၅၅ဝိ လောက် တော့ ဖြစ်အောင် လုပ်ပါ ဆိုတော့ ထို လူ က အိတ်ခါ ပြပြီး သူ့ မှာ ငွေ ၈ဝဝိ ပါ လာတာ သည့် ပြင် ဝိုင်းတွေ မှာ ရှုံး ကုန်လို့ ဒါပဲ ကျန်တော့တယ် ။ နံဘေး လူတွေ က သူ့ ဘက် ထည့်ကြပါ ဆိုတော့ ကြက်ကောင်ချင်း တူပေမယ့် ကြက်အင်္ဂါ ကြက်ရုပ် က ရွှေဗျိုင်းဖြူ က သာ နေသည်မို့ မည်သူမျှ သူ့ ဘက် က မထည့်ကြ ။ လက်ဖျား ကြည့် ကစားမယ် ဟု စောင့် နေကြ၏ ။

ဒါနဲ့ပဲ ၂၂ဝိ ကြေး ပဲ လွှတ် ရသဗျ ။

ရွှေဗျိုင်းဖြူ ကြက်ပစ် ကောင်းတယ် ဆိုတာ က သူများ ကြက် က ဆီးပြီး အဆိုင်အမ ၊ ခံရအောင် အရမ်း ပစ်တဲ့ ကြက် မဟုတ်ဖူး ။ ပထမ ချောက် ကြည့် လိုက်သေးတယ် ။ ဘယ်လို ချောက်သလဲ ဆိုတော့ သူ က ပစ်မယ့် ဟန် ပြင် လိုက် တယ် ။ အဲသည်တော့ ဟို ကြက် က သူ ပစ်ပြီ မှတ်လို့ ခုန်လို က်ကရော ။ အဲသည်တော့ ပြန် အကျ မှာ မှ ရွှေဗျိုင်းဖြူ က ပစ်ထည့် တာဗျ ။

အခု ဝိုင်း မှာ ဒီလိုပဲ လွှတ် လွှတ်ချင်း သူ ချောက် လိုက် လို့ ဟို ကြက် က ခုန် ပြီး ပြန် အကျ မှာ လှမ်း ပုတ် လိုက်တာ တစ်ချက် ထဲ နဲ့ ဟို ကြက် နှုတ်သီး ကျိုး သွားရော ။ အဲသည်တော့ သူ ဝင် ပူးပြီး နားစ , ဆွဲ ခွပ် လိုက်တာ သင်္ဘောကြောင်း ထိုး လိုက်ပါရော ။ သင်္ဘောကြောင်း ဆိုတာ ကြက် ရဲ့ နှာနု ကိုခေါ်တာ ။ အဲသည် နေရာ ဟာ အင်မတန် သွေးထွက်တယ် ။ သူ့ နှာခေါင်း က ကျတဲ့ သွေးတွေ ဟာ ရွှေဗျိုင်းဖြူ ကိုယ် မှာ ရဲပတောင်းခတ် ကရော ။

ဟာ .... အဲသည် နှစ်ချက် ပဲ ခွပ် လိုက်ရသေးတယ် ။ ကြက်စွဲ ကိုအမ်း ဟာ ကြက် တွေ ပြန် မကြည့်တော့ဘူး ။ ရာတန် နှစ်ရွက် ဘယ် တစ်ဖက် ညာ တစ်ဖက် ကိုင် ပြီး နှစ်လေး က စ , ပေး တာဘဲ ။ နှစ်လေး မရ တော့ ...

“ လာ .. လာ .. တစ်ရာ လေးဆယ် ၊ တစ်ရာ လေးဆယ် ”

ဝိုင်း တစ်ပတ် ပတ်လို့ တစ်ရာ လေးဆယ် လည်း မရပြန် တော့ ၊ နောက် တစ်ပတ် တစ်ရာ သုံးဆယ် ။ ဒါနဲ့ သူ တစ်ရာ နှစ်ဆယ် နဲ့ နှစ်ဆိုင်း ၊ တစ်ရာ တစ်ဆယ် နဲ့ တစ်ဆိုင်း ပဲ ရ လိုက် တော့တယ် ။ ဟို ကြက် ထွက်ပြေး လို့ ဝိုင်း ပြီး ပါရောလား ။ ၁ဝ မိနစ် တောင် မကြာလိုက်ပါဘူး ။

ကဲ ..... ရေရှည် ဆွဲ နေတဲ့ ကြက် မှ မဟုတ်တာ ။ ခွပ်သား မကျပေမယ့် ကြေးကြီးကြီး ကို ရဲရဲဝံ့ဝံ့ တိုက်နိုင်ပြီ မဟုတ်ပါလား ။ ကျွန်တော်တို့ အဖွဲ့သား တွေ အင်မတန် ဝမ်းသာအားရ ရှိ လာကြတယ် ။ သို့သော် နှစ်ရက် ပြည့်အောင် ဝမ်းမသာ လိုက်ရဘူး ခင်ဗျာ ။ ရွှေဗျိုင်းဖြူ ဟာ အဲသည် ဝိုင်း က ပြန်လာပြီး နောက် တစ်နေ့ မှာ ကြက်နာ ဝင် ပါရော ။ ဒါပေမယ့် သူ မသေပါဘူး ။ တိရစ္ဆာန်ကု ဆရာဝန် နဲ့ ကျွန်တော် သွားကု လိုက်တယ် ။ သုံးရက် အကြာ မှာ သူ နာလန် ထူ ပါရော ၊ သို့သော်လည်း နာပြီးသား ကြက် ဟာ တော်တော် နဲ့ ပြန် မတိုက်နိုင် တော့ဘူး ။ ထို့ကြောင့် ဒီ နှစ် တော့ ရွှေခေါင်းပြောင် ပဲ အားကိုးရတော့ မှာ လို့ အောက်မေ့ လိုက်မိပါတယ် ။ အောင်မယ်လေး ဖြစ်ပုံများတော့ ဗျာ - မပြောလဲ မပြီး ၊ ပြောလို့ ပြီး မှ ပဲ ဒီ စာ အစ ပျိုး ခဲ့တဲ့ အကြောင်းအရာ အဆုံးသတ် နိုင်တော့မှာပဲ ။

◾ရွှေခေါင်းပြောင် အကျင့်

ရွှေခေါင်းပြောင် သည် ရွှေဗျိုင်းဖြူ ထက် အသက် တစ်နှစ် ငယ်သည် ။ ကြက်ကောင် ချင်း လည်း အင်မတန် ငယ်သည် ။ ထို့ကြောင့် တစ်အိမ် ထဲ အတူ နေ၍ သူ က ငယ်ကြောက် ဖြစ်သည် ။ သို့သော် ရွှေဗျိုင်းဖြူ ကိုယ် ရေစွတ် စို၍ အမွှေးများ ပိကပ် နေပြီ ဆိုလျှင် ကြက် မှား ၍ ပဲလား ၊ တမင် မမှတ်မိ ချင် ယောင် ဆောင် ၍ ပဲလား မသိ ၊ ခံ ခွပ် တတ်သည် ။ ထို့ကြောင့် ရွှေဗျိုင်းဖြူ ကို ရေ ကိုင် ပြီး လျှင် အိမ် ပေါ် တင် ထား၍ သူ့ ကိုယ် ရေခြောက် မှ လွှတ် ရသည် ။

လွန်ခဲ့သော ဧပြီလ အတွင်း က ကျွန်တော့် ညီ ၏ သားများ နှင့် ညီမ ၏ သားများ စုပေါင်းရှင်ပြု သဖြင့် ဇာတိရွာ သို့ ပြန်ခဲ့ရသည် ။ သီတင်း နှစ်ပတ် မျှ အကြာ ကျွန်တော် အိမ် ပြန် ရောက် တော့ သတင်းဆိုး ကို ကြားရသည် ။ ဇနီး က ဆီး ပြော၏ ။

“ မောင်ရေ .. ရွှေခေါင်းပြောင် တော့ မျက်စိ တစ်လုံး ကန်း သွားပြီ ၊ ရွှေဗျိုင်းဖြူ နဲ့ ခွပ်လို့ ”

"ဟေ့ .... ငါ့ ကြက် ရေကိုင် ပေးမယ့် လူ မရှိဘဲ နဲ့ ဘယ့်နှာကြောင့် ခံ ခွပ် ရတာတုန်း ”

“ ဒီလို မောင် ရဲ့ ၊ ရွှေဗျိုင်းဖြူ ဟာ ဟိုဘက် ခြံ သွားပြီး ကြက်ဖ တစ်ကောင် နဲ့ ခွပ်တယ် ၊ အဲဒါ ကလေးတွေ က တွေ့လို့ ဖမ်းလာ ပေး တော့ သူ့ လည်ပင်း နဲ့ ရင်ဘတ် မှာ သွေးတွေ ပေ နေတယ် ”

“ ဒါနဲ့ မင်း က ရေဆေး ပေးပြီး အိမ် အောက် လွှတ်ခဲ့ရော ဆိုပါတော့ကွာ ”

“ ဟုတ်တယ် ၊ အိမ် ပေါ် ရောက်ပြီး မကြာခင်မှာ ဘဲ ကြက် ခွပ်သံ ကြား လို့ ကြားကြားချင်း ဆင်း လာခဲ့တာ ရွှေခေါင်းပြောင် မှာ မျက်လုံး တစ်ဖက် မရှိတော့ဘူး ၊ တစ်မိနစ် နှစ်မိနစ် တောင် မကြာလိုက်ပါဘူး ၊ ခဏလေးပါ မောင် ရယ် ”

ရွှေဗျိုင်းဖြူ က အင်မတန် အတက်စူး မြန်လှသော ကြက် ဖြစ်သည် ။ ထိုအချိန် ၌ မျက်စိဒဏ်ရာ ဖူးရောင် နေတုန်း ဖြစ်သော ရွှေခေါင်းပြောင် အား ကျွန်တော် ဖမ်း ကြည့်သည် ။ သူငယ်အိမ် မရှိတော့ပြီ ။ အဲ့သည်မှာ ကျွန်တော် စဉ်းစားမိသည် ။ “ ကြက်ကန်း သား ကန်းတတ်သည် ” ဆိုသည့် ကြက်သမား တွေ ၏ စကား ။ ရှဖီးကန်း မှ ကျိုက်လတ် ယူ သွားပြီး သားဖောက် ခဲ့သော ကိုမြလှိုင် ၏ ကြက်ကလေး က လည်း ကြက်ခွပ် ကောင်းလှပါသည် ။ ကျွန်တော့် အိမ် နောက်ဖေး ဝိုင်း မှာ ပဲ တိုက်သည် ။ နိုင်လိုက်၏ ။ သို့သော် မျက်လုံး တစ်ဖက် ပျက်စီး သွားသည် ။

ရှဖီး မကန်း မီ က သား ဖြစ်သော ကျွန်တော့် ရွှေခေါင်းပြောင် ကို လည်း ဖအေ လို ကန်း မှာ စိုး၍ အတက်ချွန် သော ကြက် နှင့် ဖြင့် မတိုက်ဖူး ဟု စိတ်ကူး ထား ပါလျက် ၊ ယခု ကျွန်တော် မရှိတုန်း အိမ် က ကြက်ကြီး ခံ ခွပ်၍ ကန်း ရ၏ ။

ကဲ .... သူတို့ မျိုးရိုး ကြမ္မာ ကို လူ က ဘာ တတ်နိုင်တော့ သတည်း ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment