◾ဤ ကြက် နှစ်ကောင် ဘယ် ကြက် ပို ကောင်းသနည်း ။
ဇိမ်းကလေး က ကြက်စိုင်း ၊ ကြက်နင်း ၊ ကြက်လိုက် ၊ နှုတ်ကိုက် ၊ နှုတ်ကောက် မြန်သည် ၊ ကြက်ခွာခွပ် ရော ၊ ကြက်ပူးခွပ် ရော ကောင်းသည် ။ ဝိုင်း မြန်သည် ။ နှစ်ရေ သုံးရေ နှင့် အပြီး ခွပ် ပစ်သည် ။ ဘယ်တော့မှ လက်ဖျား မရ ။ လွှတ် ကတည်း က သူ က ချည်း သာ နေသည် ။
သင်းခွေချပ် ကတော့ ဤသို့ မဟုတ် ၊ သူ နှင့် ဆန့်ကျင်ဘက် ၊ ဘယ်တော့ မှ သူ က စ , မခွပ် ၊ သူများ လှုပ်မှာ သူ က လှုပ်သည် ။ ကြက်ချင်း ပူးလည်း သူ့ နှုတ် က မဆိတ်တတ် ၊ အဲ ... သူ့ ကို တော့ ဆိတ်မည် မကြံ နှင့် ၊ သူ များ နှုတ် မရောက်မီ သူ့ အတက် က ထို ကြက် မျက်နှာ ရောက်ပြီ သာ မှတ် ၊ တစ်ဖက် ကြက် စောင့်ပြီး ရေရှည်ဆွဲ ခွပ် တတ်သည် ။ ကြက်ဝိုင်း မှာ ကြာသည် ။ လက်ဖျား ရသည် ။ သူ က ရှံးတော့ မလိုလို ၊ ဟိုဘက် က သာ သွားပြီ လိုလို ဖြစ် တတ်သည် ။ သို့သော် နောက်ဆုံး မှာ သူ က မထင်မမှတ် တာ ချည်း ခွပ် ပစ် တတ်သည် ။
ထို့ကြောင့် လူငယ်ပိုင်း က ဇိမ်းကလေး ကို ကြိုက် ကြသည် ။ ပွဲ မြန် သည် ။ ရင်အေးရသည် ဟု ပြောကြသည် ။ လူကြီးပိုင်း ကတော့ သင်းခွေချပ် မှ တကယ့် ကြက်ကောင်း ၊ သူ့ အကွက်မှား တစ်ကွက် မှ မရှိဘူး ။ စိတ်ချရတယ် ။ လက်ဖျား ထွက်တယ် ။ ဒီ ကြက်မျိုး မှ တကယ့် ကြက်ကောင်း ဟု ဆိုကြသည် ။ လူကြီးပိုင်း ၊ လူငယ်ပိုင်း ဆိုသည် မှာ အသက် ကို ပြောခြင်း မဟုတ် ။ ကြက်သမ္ဘာ အရင့်အနု ကို ခွဲခြားခြင်း ဖြစ်သည် ။
ဒီ ကြက်မျိုး နှစ်ကောင် တွေ့ကြ လျှင် မည်သူ နိုင်မည်နည်း ။
ထို့ကြောင့် ကျွန်တော် က သူတို့ နှစ်ကောင် ကို အိမ်ရှေ့ မှာ အစမ်း လွှတ် ကြည့်သည် ။ မျက်နှာချင်း ဆိုင်မိတယ် ဆို သင်းခွေချပ် က သူ့ ထုံးစံအတိုင်း မတုန်မလှုပ် ၊ သို့သော် သူ့ ကိုယ်လုံး က မလှုပ်ဘူး ဆိုသော် လည်း အားလုံး လက် တစ်ဆစ် နှစ်ဆစ် မျှ သာ ရှိသော အမြီးကျိုးပုတ်တို များ ထဲ တွင် လက်သန်း တကွေး မျှ ရှိသော နောက်ထပ် ပေါက်သည့် အမြီးနုကလေး တစ်ချောင်း က ဖြင့် တဆတ်ဆတ် တုန် နေသည် ကို သူ ခွပ်တိုင်း ပဲ တွေ့ ရသည် ။ ယင်း သည် သူ့ ကိုယ်ထည် က မလှုပ်ဘူး ဆိုသော်လည်း သူ့ စိတ် ထဲ မှာ ကား သိုင်းသမား စကား နှင့် ဆိုရသော် သူ့ အတွင်း အား ကို “ ကီ ” သွင်း ထားသည် ဟု ဆိုချင်ပါ သည် ။
ယင်းသို့ ကြက် နှစ်ကောင် ရင်ဆိုင်မိ ရာ ၌ ဇိမ်းကလေး က သူ့ နည်းလမ်း အတိုင်းပဲ နောက် တစ်လှမ်း နှစ်လှမ်း ဆုတ် ၍ သူ က မခွပ်ရဲ ဟန် ပြသည် ။ အခြား ကြက် ဆို လျှင် တိုး လိုက်လာ တတ်သည် ။ သင်းခွေချပ် က မူ ရှေ့တိုး မလိုက်ရုံ သာမက ဇိမ်းကလေး ကို မျက်နှာချင်း ပင် မဆိုင်တော့ ဘဲ သူ့ ကိုယ် ကို ဖီလာကန့်လန့် လုပ် ပစ် တတ်သည် ။ ထိုအခါ ဇိမ်းကလေး က ရဲတင်း လာပြီး သူ က တအား ဆောင့် ပစ်တော့မည့် ဟန် ဖြင့် ကိုယ် ကို တငွေ့ ခုန်မြှောက် ၍ ချောက် လိုက်သည် ။ အခြား ကြက် ဆိုလျှင် သူ့ လို ပဲ အခုန် တွင် ပြန် အကျ ၌ ဇိမ်းကလေး က ဒလကြမ်းတန်း ရှောက် ပစ်ပေတော့မည် ။ သို့ရာတွင် သင်းခွေချပ် ကား အခြား ကြက် လို ခုန် ရုံ မ ဟုတ် ။ ခြေ နှစ်ချောင်း ကွေး ကာ အပေါ် သို့ ကြက် တစ်ရပ် မ က ပျံတက် သွားပြီး ဇိမ်းကလေး ၏ ခေါင်း ပေါ်ကို ခြေနှစ်ဖက် နှင့် ဘယ်ညာ ဆတ် ၍ ခုတ် ချ တော့၏ ။ “ ကောင်း ကင်ခြေ ” ဟု ခေါ်သည် ။ အောက် မှ ကြက် က မခုခံနိုင် ။ မိမိ ခေါင်း ကို လွတ် အောင် ရှောင်နိုင် ရှောင် ပေရော့ ။ ဇိမ်းကလေး သည် အချိန်မီ နောက်သို့ ရှဲ လိုက် သဖြင့် သီသီကလေး လွတ် သွားသည် ။ ( ဒီလို ကောင်းကင်ခြေ ခွပ် တတ်သော ကြက် အလွန် ရှားသည် ။ )
အောင်မယ်လေး ... ဇိမ်းကလေး ခေါင်း နှင့် သင်းခွေချပ် ၏ အတက် က နီးလှလေစွ ။ ကျွန်တော် သင်းခွေချပ် ကို အမြန် ကောက် လိုက်ရ တော့၏ ။ ငါ့ သားကြီး ရယ် ၊ မင်း တော်လိုက်တာကွယ် ။
◾ဇိမ်းကလေး ၏ ဇာတ်သိမ်း
ဇိမ်းကလေး သည် ဖော်ပြခဲ့သည့် မှတ်တမ်း အတိုင်း ကျွန်တော့် ဆီ လေးလ ကျော် ကြာသည် ။ သို့သော် နှစ်ပွဲ တည်း တိုက် လိုက်ရသည် ။ တကယ်ဆို ဒီ အကောင် ကြက်ခွပ် ကောင်းပုံ နှင့် တစ်လ လျှင် အနည်းလေး နှစ်ပွဲ စီတော့ တိုက် နိုင်သည် ။ သို့သော် သူ က ကြက်ကောင်ငယ် သဖြင့် သူ့ အရွယ် ဘက် ရှား ၍ လည်းကောင်း ၊ သူ က ဤ လေးလ အတွင်းမှာ သုံးခါ တောင် အစာမကြေ ရောဂါ ဖြစ်လိုက်၍ လည်းကောင်း ၊ မှန်းဆ သလောက် မတိုက်ရခြင်း ဖြစ်ပေသည် ။
ကြက်သမား တို့ မည်သည် မိမိ တိုက်မည့် ကြက် ကို မနက်တိုင်း ဇလုပ် ကို စမ်း ကြည့်ရသည် ။ ညဦး က စား ခဲ့သော အစာတွေ မကြေ ။ အနည်းအများ ကျန်နေပြီ ဆိုသော် ထို ကြက် နေမကောင်း တော့ဘူး ။ မကျန်းမမာ ဖြစ်ပြီ သာ မှတ်ပေရော့ ။
ဇိမ်းကလေး သည် ပထမပွဲ တိုက်ပြီး ဖေဖော်ဝါရီလ အတွင်း မှာ ပဲ တစ်ကြိမ် အစာမကြေ ဖြစ်၍ တိရစ္ဆာန်ဆေးကု ဆရာဝန် ဆီ သွားရသည် ။ ဆေး တစ်ချက် ထိုးပြီး အိမ် ရောက် လျှင် တစ်နေ့ နှစ်ခါ တိုက်ကျွေးဖို့ ဆေး လည်း ပေး လိုက်သည် ။ ဟော ... နောက် တစ်နေ့ ပဲ ကောင်း သွားတော့၏ ။
ထို့ကြောင့် မတ်လ ၂၈ ရက် နေ့ မှာ တစ်ပွဲ တိုက် လိုက် ရ ပြန်သည် ။ ယင်းမှ တစ်ဖန် နောက် တစ်ပွဲ တိုက်ရန် ရွယ်တူ ကြက် စောင့်ရင်း စောင့်ရင်း ဖြင့် မေလ ထဲ မှာ တစ်ကြိမ် ထို ရောဂါ ဖြစ်ပြန်သည် ။ ထို ဆေးတိုက် ၊ ထို ဆရာဝန် ထံ သို့ပဲ သွားရောက် ကုသရာ ပျောက်ကင်း ပြန်သည် ။
ဤမှ တစ်ဖန် တိုက်ဖက် ကို ရှာပြန် စောင့်ပြန် နေခဲ့ရ လေရာ ဇွန်လဆန်း ၃ ရက် နေ့ နံနက် မှာ တတိယအကြိမ် အစာ မကြေ သည် ကို တွေ့ရ ပြန်တော့ ၏ ။ ဒီ တစ်ခါ တော့ ကျွန်တော် တယ်ပြီး မစိုးရိမ်ပြီ ။ ယခင် နှစ်ခါ တောင် ဒီ ဆရာဝန် နှင့် ပျောက် နေပြီပဲ ၊ ထို ဆေးတိုက် ဖွင့်ချိန် ညနေ ၄ နာရီ ကျော် မှာ ကြက် ကို ယူ သွားသည် ။ ဆရာဝန် က ယခင် အတိုင်း ဘဲ ဆေး ထိုးပြီး တိုက်ဆေး ပေး လိုက်သည် ။
သို့ရာတွင် ယခင် အခါတွေ တုန်း ကမူ သည်နေ့ ညနေ ဆေးတိုက် သွား ၊ နောက် တစ်နေ့ မနက်မှာ ဇလုပ် ထဲ က အစာတွေ မရှိတော့ဘဲ ၊ ကြက်ဖ သည် လန်းလန်းဆန်းဆန်း တကျော်ကျော် တွန်ကပြီ ။ ဤအခါ တွင်ကား အစာ လည်း မကြေ ၊ တွန် လည်း မတွန် ၊ တမှိုင်မှိုင် တထွေထွေ နေပြီး ဇွန်လဆန်း ၅ ရက် နေ့ နံနက်ပိုင်း မှာ မျက်နှာ တစ်ခုလုံး ဖူးယောင် လျက် လည်ချောင်း ထဲ ချွဲတွေ ဆို့ပြီး သေဆုံး သွားလေ သတည်း ။
ယင်း ၌ ကြက်ရောဂါ နှင့် ပတ်သက်၍ ကျွန်တော်တို့ စဉ်းစားရသည် မှာ ယခင် နှစ်ကြိမ် ပျောက်ကင်းခြင်း သည် ဖေဖော်ဝါရီလ နှင့် မတ်လ နွေရာသီ ဖြစ်ပြီး တတိယ အကြိမ်မူ မိုးဖြိုင်ဖြိုင် ကျပြီ ဖြစ်သည့် ဇွန်လ ထဲ မို့ ထို ဆရာဝန် ၊ ထို ဆေး ပင် ဖြစ်ပါလျက် ၊ ထို ကြက်ရောဂါ သည် နွေနာ နှင့် မိုးနာ မတူ၍ လော ။ သို့မဟုတ် အနောက်နိုင်ငံ သိပ္ပံဆေးများ သည် သုံးဖန် များလတ်သော် ထို ဝေဒနာရှင် အတွက် ( အချို့သမားတော်ကြီးများ ပြောကြ သကဲ့သို့ ) ဟုံ့ သွားခြင်းကြောင့်ပေလော ။
◾သင်းခွေချပ် ၏ ကံကြမ္မာ
သတ္တဝါ တစ်ခု ကံ တစ်ခု ဟု ကျွန်တော်တို့ ဆိုရိုးစကား ပြုကြသည် ။ သင်းခွေချပ် ကို မေလ ၁၄ ရက်နေ့ တွင် ကျွန်တော် တတိယအကြိမ် တိုက် ပြီးသည် ၌ သူ သည် အညာ တွင် ငါးပွဲ ၊ အုတ်ကျင်း မှာ မောင်အုန်းကြိုင် တို့ တစ်ပွဲ ၊ ကျွန်တော် က သုံးပွဲ ၊ စုစုပေါင်း သည် နှစ် ထဲ ကိုးပွဲ ရှိပြီ ။ အမွေးအတောင် က လည်း ကြက်တို့ ၏ တစ်နှစ် တစ်ခါ မွေးဟောင်း ကျွတ် ၍ မွေးသစ် လဲတော့ မည် ဖြစ်ခြင်းကြောင့် “ ကဲ ... သားကြီး ရေ ၊ ဒီနှစ် တော်ပြီ ၊ မင်း ကို ငါ နောက်ထပ် မတိုက်တော့ဘူး ၊ ကောင်းမွန် ချမ်းသာစွာ နေပေတော့ ” ဟု သူ့ အား ကိုင်တွယ်ခြင်း မပြုတော့ဘဲ သားဖောက်ကြက်မများ နှင့် လွှတ် ထား လိုက်လေ တော့၏ ။ တစ်နှစ် ထဲ ကိုးပွဲ တက်တယ် ဆိုတဲ့ ကြက် ဟာ ရှာ မှ ရှားကလား ဗျာ ။ သူ့ သားသမီးမျိုး လိုချင်တဲ့ ကြက်သမား မိတ်ဆွေ တွေ က သူတို့ ကြက်မကောင်း တွေ အိမ် လာ ပို့ကြတော့ ကျွန်တော် တို့ သင်းခွေချပ်ကြီး ဟာ ဘုရင် တစ်ပါး ကဲ့သို့ မောင်းမမိဿံတွေ အများကြီး နဲ့ ပေါ့ ။ သူ့ အား မွေးသစ် လောင်းစဉ် အခါ လဲ မို့ အား ရှိအောင် ပုဇွန် နှင့် ဝက်ဆီဝက်သား စများ ကို နေ့စဉ် နှစ်ကျပ်သား မျှ ကျွေး ပေးသည် ။ သည် အစာမျိုး တွေ လည်း သူ က သိပ်ကြိုက် ၊ ကျွန်တော် ဈေး က ပြန် လာရင် သူ ကျွန်တော့် ဆီ ပြေး လာတယ် ။ ပုဇွန် ဆို တစ်ကောင်ချင်း ချ ကျွေး ဖြစ်သော် လည်း ဝက်ဆီဝက်သားစ ဆိုရင် သူ မျိုသာ အောင် ဓား နှင့် အတုံးငယ်လေးတွေ လှီး လှီး ပေးရတယ် ။
“ ဟဲ့ ကောင်ကြီး နေစမ်းပါဦး ဟဲ့ ။ နင့် နှုတ်သီး ဓား ထဲ ပါ သွားပါဦးမယ် ”
ကျွန်တော် က လည်း ပျော်သည် ။
သူ က လည်း မော်သည် ။
သို့သော် ခမျာကြီး စည်းစိမ် ခံရမည့် အချိန်ကျ မှ ကံဆိုး ရ ရှာသည် ။ မေလ ၁၈ ရက် နေ့ မှာ ခွေးကိုက် ခံရသည် ။ ကြက်မတွေ နှင့် ဘယ် သွား၍ ဘယ်က ခွေး ကိုက် လိုက်သည် ပင် မသိရ ။ နို့ပြီး ကိုက် ကိုက်ချင်း လည်း ကျွန်တော် မသိရ ။ ထို မေလ ၁၈ ရက်နေ့ မနက်ခင်း တွင် သူငယ်ချင်း အရက်သမား တစ်ယောက် သည် သူ့ ကား နှင့် အိမ် ရောက်လာပြီး ဒီနေ့ သူ့ မွေးနေ့ပါ ဟု အတင်း လာ ခေါ်သွားသည် ။
အကယ်၍ သာ ကျွန်တော် အိမ် ၌ ရှိနေပါမူ ကျွန်တော့် ကြက် ကို ကျွန်တော် မျက်ခြေပြတ် မခံ ၊ သူ့ တွန်သံ ကို လည်း နား တစွင့်စွင့် နေသည်ဖြစ် ၍ တခြား သွားပြီး ခွေးကိုက် ခံရစရာ အကြောင်း မရှိ ။ အကယ်တိ ကိုက်ဘိ ဦး တော့ သူ့ အော်သံ ကြား၍ ကျွန်တော် ပြေးသွားခြင်း ဖြင့် ကိုက် ကိုက်ချင်း သိရမည် ။ ယခုတော့ မေလ ၂ဝ ရက် နေ့ ကျ မှ ကြက်ဖ သွားတာ လာတာ တုတ်ကွ တုတ်ကွ ဖြစ် နေ၍ ဖမ်း ကြည့်တော့ ကျောကုန်း နှင့် ညာဘက် တင်ပါးပြင် မှာ ခွေးကိုက် ထားသည့် ဒဏ်ရာ တွေ သားနံရည် တွေနှ င့် စွတ်စို ဖူးယောင် နေသည် ။
ဟ ... မင်းတို့ ကြက်သမားတွေ လုပ် နေပြီးတော့ ဒီ ခွေး ကိုက်တဲ့ ဒဏ်ရာတွေ လောက်မှ မကုသနိုင်တော့ဘူးလား မေးအံ့ ။
ကုနိုင်ပါတယ် ။ အနာ တွေ ဖန်ရည် နှင့် ဆေးပြီး တက်ထရာ ဆိုင်ကလင်း မျက်စဉ်းဆေး တွေ ထည့် ပေး လိုက်တာ သီတင်းတစ်ပတ် အတွင်း အနာ တွေ ကျက်သွား ပါတယ် ။ သို့သော် ဒဏ်ရာ တွေ တွေ့စဉ် က သွေးစိမ်း ရှင်ရှင် နှင့် မဟုတ် ၊ ကျွန်တော် ရှာ ၍ မရသော ခွေးစွဲစွယ်ရာ တစ်ပေါက် က ကြက် ပေါင်ခြံ အသားပျော့ မှာ ရှိ နေခဲ့သည် ။ ထို နေရာ က အနာဝ ပိတ်ပြီး ကြက် တို့ တွင် ဖြစ်လေ့ဖြစ်ထ ရှိသော “ သွပ် ” ရောဂါ စ ကပ်လျက် ၊ ညာဘက် ပေါင်ကြီး တစ်ခုလုံး ကြီးမား ယောင်ကိုင်း နေသည် ကို အခြား ဒဏ်ရာတွေ ပျောက် မှ ထပ်မံ သိရှိရ ပြန်တော့၏ ။
ဒါကော .. မင်း တို့ ကြက်သမား တွေ လုပ် နေပြီးတော့ ကြက် မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ဒီ သွပ်ရောဂါ ကို ဖြင့် မကုနိုင်တော့ဘူးလား မေးဦးတော့ ။
ဟာ .. ကုနိုင်ပါတယ် ဗျ ။ ( ပထမ ဆေးတိုက် က ဆရာဝန် သွားပြ တော့ ဒါမျိုး သူတို့ မခွဲဖူးဘူး ၊ မခွဲချင်ဘူး ဆိုတာနဲ့ ) သိနားလည် တဲ့ ကြက်သမား သုံးလေးယောက် ပေါင် တစ်ခြမ်းလုံး တောက်လျှောက် ခွဲပြီး အထဲ မှာ သွပ်နာ က ကြာ လျှင် ဖြစ်လာတဲ့ သစ်ဆွေး တွေ ၊ အမဲဆီ လို အခဲကြီး တွေ ၊ အဖတ်ကြီးတွေ ဇာဂနာ နဲ့ ဆွဲဆွဲကော်ကော် ထုတ် လိုက်တာ ကြက်ပေါင် တစ်ခြမ်း မှာ အရေပြား နဲ့ အတွင်းသားတွေ မရှိတော့ဘူး ။ ဒါပေမယ့် သင်းခွေချပ် ဟာ မနာလို့ ပဲ လား ၊ အောင့် ခံနိုင်လို့ပဲလား တော့ မသိဘူး ။ မအော်ဘူး ခင်ဗျ ။ မျက်ခွက် မျက်နှာ မပျက်ဘူး ။ မျက်လုံး မမှိတ်ဘူး ။ သူ့ ကိုယ်ထဲ က ဆွဲထုတ် တဲ့ အနာ က အသားစ တွေ သူ့ နှုတ်သီးနား ကျ သွားတော့ ကောက်ကောက် စား လိုက်သေးဗျ ။ အံ့ရော အံ့ရော ။
ကျွန်တော် တို့ စိတ်ကြိုက် ခွဲပြီး အထဲ က သစ်ဆွေးစ,တွေ ကုန်အောင် ထုတ် ပြီးတဲ့ နောက် ဘယ် ဆေးများ ထည့်တယ် မှတ်သလဲ ၊ အင်တွဲ ၊ တချို့ ကလည်း ပွဲညှက် ခေါ် တဲ့ အမှုန့်တွေ အနာပြည့် ဖြူးသိပ် လိုက် တာပါပဲ ခင်ဗျာ ။
ကျွန်တော် တော့ စိတ် ထဲ ဒီလောက် ခွဲတဲ့ စိတ်တဲ့ ဒဏ်ရာ တွေ နဲ့ သင်းခွေချပ်ကြီး ဟာ နာလန် မှ ထူပါ့တော့ မလား အောက်မေ့တယ် ။
ဟာ ... တစ်ည နဲ့ တစ်နေ့ ပဲ သူ ကုတ်ပြီး မှိန်းနေတယ် ၊ ခွဲစိတ်ပြီး တဲ့ တစ်ရက်ခြား တတိယမြောက် နေ့ နံနက်ခင်း မှာ စ , တွန်ပြီး အစာ တွေ ကောင်းစွာ စားပါရော ဗျာ ။
အဲသည် က ၅ ရက် လောက် ကြာ တော့ ခြေ တစ်ပေါင်ကျိုး နဲ့ လမ်းလျှောက် စ ပြုတယ် ။ ဒါပေမယ့် သူ့ ကို လွှတ်မထားဝံ့ဘူး ။ သူ သိပ်ပြီး လမ်းလျှောက် တော့ အနာ က ပြန် ရင်း မှာ စိုးရတယ် ။
ဒီ ကြက်သွပ် နဲ့ သစ်ဆွေးနာ ကို ပွတ်ညှက်မှုန့် က ဘယ်လောက် နိုင် မှန်း မသိဘူး ။ အနာ ဟာ တစ်ခါ ထဲ ချပ် ပြီးတော့ ခြောက် သွား လိုက်တာ တစ်ပတ် လောက် ကြာ တော့ အနာဖေး ကြွ လာတော့တယ် ။ အဲသည် အခါ မှာ ပျားရည် လူး ပေးရတယ် ။ အသာနု တက်ပြီး အနာဖေး ပျော့ပြီး ကွာကျ သွားအောင် ။
စင်စစ်တော့ ပွက်ညှက်မှုန့် ဟာ အနာ က သားနံရည်တွေ သွေးပြည် တွေ ကို စုတ် ယူပြီး အနာဖေး ဖြစ်သွား သကိုး ဗျာ ။ ဘယ် တိရစ္ဆာန် မဆို ခွဲတဲ့ စိတ်တဲ့ အနာ ကို ဒီ ပွက်ညှက်မှုန့် ထည့်လို့ ရတယ် တဲ့ ။ အဲသည့် ကြက် ခွဲ တဲ့ ဆရာ ကိုစံလင်း ၊ ကိုမြလှိုင် ၊ ကိုကျော်ညွန့် တို့ က ပြောကြတယ်ဗျ ။
အဲသည်လို နဲ့ တစ်လ လောက် ကြာတဲ့ အခါ မှာ သင်းခွေချပ် ဟာ ပေါင် တစ်ဖက် ဆတ ဆတ နဲ့ လမ်းလျှောက်နိုင်ရောဗျ ။ ဒါပေမယ့် သူ ပေါင် တစ်ခြမ်း က အနာဖေး မဲမဲကြီး က တော့ မကွာသေးဘူး ။ နှခမ်းသား လောက် ပဲ ကြွစ ရှိသေးတယ် ။ ကျွန်တော် တစ်နေ့ တစ်ခါ ပျားရည် ထည့် ပေးတယ် ။
ဘယ်နည်းနဲ့ မဆို သူ့ ဟာ ဒီ ဒဏ်ရာ နဲ့ ဖြင့် မသေတော့ဘူး ။ သို့သော် သူ့ ပေါင်တခြမ်း က လှီးထုတ် ထားတဲ့ အသား တွေ ပြန် ပြည့်ပါဦးတော့မလား ၊ ဒီ ပေါင် ပြန်ပြီး သန်ပါဦးတော့မလား ။
“ အို ... မကောင်း လည်း နောက်ထပ် မတိုက်နဲ့ တော့ပေါ့ ဗျာ ၊ ဆရာ့ ကို သူ က ငွေတစ်ထောင် ကျော်ကျော် ပေးထားပြီ မဟုတ်လား ။ သူ့ ကို မင်းကြီး သက်တော်ရှည် ထားပြီး ကြက်မတွေ နဲ့ သားဖောက်ရုံ ရှိတော့တာ ပေါ့ ” ဟု သင်းခွေချပ် အား ခွဲစိတ်ကုသ ရာ တွင် ပါဝင်သော ကျွန်တော့် အိမ်ရှေ့ အိမ် မှ ကိုကျော်ညွန့် က ပြောပြီး ၊ ဇူလိုင်လ တတိယ ပတ် ထဲ တွင် သင်းခွေချပ် သည် ကြက်မ ပင် လိုက်နိုင်စ ပြုပြီ ဖြစ်ရကား ၊ ကိုကျော်ညွန့် သည် သူ့ အား ဖမ်း ၊ အတက်တွေ ကို လွှငယ်လေး နှင့် ဖြတ်ပေး လိုက်တော့၏ ။ အကြောင်း မှာ တိုက်ကြက်ဖ တို့ ၏ အတတ်ရှည် အတတ်ချွန် တို့ သည် ကြက်မ တို့ ၏ ကျော ကို စူးဝင် နာကျင် စေတတ်သော ကြောင့် ဖြစ်၏ ။
ထိုသို့တပြီးကား ကျွန်တော်တို့ သည် သင်းခွေချပ် အား ဘေးမဲ့ ပေး လိုက်ပြီ ။ သူ သည် သားဖောက် ကြက်မများ နှင့် သာ ဘုရင်တစ်ပါး ကဲ့သို့ ခံစားစံစား နေပေရော့ ။
သို့ရာတွင် သူ့ခ မျာ ဤမျှ ဘဝ ကုသိုလ် မကောင်းရှာပါ ။ သူ့ ကိုယ် ကာယ မှ အားလုံးသော ဒဏ်ရာတွေ ပျောက်ကင်းပြီ ဖြစ် သော်လည်း ဆင်ပြောင်ကြီး အမြီးကျ မှ တစ် ဆိုဘိ သကဲ့သို့ ဇူလိုင်လ ၁၉ ရက် စနေနေ့ ည အိပ်တန်းတက် တွင် သူ့ ဇလုပ် ထဲ မှာ အစာ မပြည့် ၊ တစ်ဝက် လောက် သာ ရှိ နေ သဖြင့် ဒီ ကောင် မ,စိတ် မွှန်နေ၍ ကြက်မတွေ သာ ကျွေး ပြီး သူ က ဝအောင် မစားရော့သလား ဟု ကျွန်တော် ထပ် ကျွေး ကြည့်၏ ။ သို့သော် သူ မစားတော့ ။ သည် ကတည်း က ကျွန်တော် စိတ်လက် လေးလံ ခဲ့ပြီ ။ ထင်သည့် အတိုင်းပင် နောက် တစ်နေ့ မနက် မှာ ဤ တစ်ဝက် မျှသော ဇလုပ် ထဲ က အစာလေး ပင် မကြေညက် လေတော့ ။ ခက်လိုက်သည် က ထိုနေ့ သည် တနင်္ဂနွေနေ့ ကြီး ။ အင်းစိန် မှ တိရစ္ဆာန်ကုဆေးရုံကြီး လည်း ပိတ် ၊ ညနေ ၄ နာရီ ကျော် မှ ခါတိုင်း ဖွင့်နေကျ ကမာရွတ် အင်းစိန်လမ်းမ က ဆေးတိုက်ငယ် လေး လည်း တနင်္ဂနွေနေ့ တိုင်း ပိတ်သည် ဆိုသည့် ဆိုင်းဘုတ်ကလေး နှင့် ။
အို .. ငါ ဒီ ဆရာဝန် လင်မယားအိမ် သိသားပဲ ၊ သုခလမ်း ဟိုဘက်နား တွင်ပဲ ၊ နာရီဝက် လောက် မလျှောက်ရပါဘူး ဟု ကြက် ကို ပလပ်စတစ်ခြင်း ထဲ ထည့် ဆွဲပြီး အိမ်မှ ထွက်သည် ။
ဒီ မနက် တွင် ကျွန်တော် ၏ မူလ အစီအစဉ် ရှိသည် မှာ မန္တလေး ဟံသာဝတီ သတင်းစာ ပိတ် ၍ အယ်ဒီတာချုပ် ဦးဝင်းတင် ရန်ကုန် ပြန် ရောက် နေပြီ ။ မြို့ ထဲ လမ်းသစ်ရိပ်သာ က သူ့ ညီမ အိမ် မှာ နေသည် ။ ကျွန်တော် နှင့် ထင်လင်း အတူ သွား တွေ့ဖို့ တိုင်ပင် ထားကြသည် ။ ထင်လင်း က ကျွန်တော့် အိမ် လာမည် ။ ထို့ကြောင့် ကျွန်တော် အိမ် ပေါ် က ဆင်းတော့ ...
“ မေ ရေ ... ထင်လင်း လာရင် ခဏ စောင့် နေဦးလို့ ပြောကွာ ” ဟု မှာခဲ့ရသည် ။
သို့သော် ကျွန်တော် အိမ်ရှေ့ ထွက် ၊ ခြေ ဆယ့်လေးငါးလှမ်း မျှ လျှောက်ရရုံ ရှိသေး တူရှု မှ တရွေ့ရွေ့ လာနေသော ဗိုက်စူစူ နှင့် ထင်လင်း ကို မြင်ရ သဖြင့် ကျွန်တော် ရှေ့ မဆက်တော့ဘဲ ရပ်စောင့် နေလိုက်သည် ။ အနီး ရောက် တော့ သူ က ဒီ ကြက်ခြင်း ထဲ ကြည့်ပြီး ဘယ် သွားမလို့လဲမေး ။ ကျွန်တော် က အကျိုးအကြောင်း ပြောပြတော့ သူ က “ ဒါဖြင့် သွားလေ ကျွန်တော် လည်း လိုက်ခဲ့မယ် ”
အချိန်မှာ နံနက် ၈ နာရီ ကျော် နေပြီ ။ သည်အခါ မှာ ကျွန်တော့် စိတ် ထဲ ဇဝေဇဝါ ဖြစ်လာသည် ။ တနင်္ဂနွေနေ့ သည် အစိုးရ အလုပ်သမား တိုင်း အနား ယူကြကာ လည်ကြပတ်ကြ တာ ဒီ ဆရာဝန်လင်မယား အိမ် ၌ ရှိပါ့ မလား ။ မရှိသော် အချည်းနှီးတည်း ။ ကိုဝင်းတင် ဆီ လည်း မနက်ပိုင်း သွား မှ တွေ့ဖို့ ရှိသည် ။
ထို့ကြောင့် ထင်လင်း ကို လည်း အားနာ လာ သဖြင့် ဆရာဝန် ဆီ သွားဖို့ ပယ်ဖျက်ပြီး ဟံသာဝတီပျက် မင်းတြား ဆီ သွားဖို့ ဆုံးဖြတ် လိုက်သည် ။ သည်လို အခါ မှာ ကျွန်တော် တွေ့ လိုလှသည် ။
သင်းခွေချပ် သည် အရင် တစ်ခါ သည်လို အစာမကြေ ဖြစ်တာ ကို ဆိုဒါဘိုင်ကာဘော်နှိပ် နှင့် ရခဲ့ဖူး သဖြင့် အိမ် ပြန် ရောက်တော့ သူ့ ကို ဆေး တစ်ဇွန်း တိုက်ပြီး ထား ပစ်ခဲ့သည် ။
ဒီ ဆေး နှင့် အကြောင်း သင့် လျှင် နေ့လယ်နေ့ခင်း မှာ ဇလုပ် ထဲ က အစာ ကြေပြီး ညနေခင်း မှာ ကြက် လန်းလန်းဆန်းဆန်း ဖြစ်ဖို့ရှိ သည် ။ သို့သော် မဖြစ် ၊ အစာမကြေ ၊ မှိုင်တွေတွေ ပဲ ။
နံနက် ရောက်တော့ သင်းခွေချပ် သည် မနေ့ က မှ အိမ် အောက် က ကြက်မ သံကြား လျှင် ပျောက်ကြား ပျောက်ကြား တွန် သေးသည် ။ ယခု မနက် လုံးဝ မတွန်ပြီ ဖြစ်တော့ ကျွန်တော် မျက်လုံး ပြူးရကပြီ ။ ကြက်ဖ မတွန်ပြီ ဆို လျှင် စိုးရိမ် ရပြီ ။
ထို့ကြောင့် နံနက် လင်း လျှင် လင်းချင်း ပဲ ဆရာဝန်အိမ် သွားတော့ သည် ။ အဆင်သင့် တွေ့ပါသည် ။ ဆရာဝန် အား “ သူ အစာမကြေ တာ စနေနေ့ ကပဲ ၊ ကျွန်တော် မနေ့က မနက် ၈ နာရီ လောက် မှ လာဖို့ လုပ်သေးတယ် ” ပြောမိတော့ “ အဲသည်အချိန် လာ လည်း ကျွန်တော်တို့ မရှိဘူး ။ မနက်စောစော ပဲ သူငယ်ချင်း တစ်ယောက် အိမ် က သူ့ မွေးနေ့ ဖိတ်လို့ သွားကြတယ် ” ဟု ပြန် ပြောပါသည် ။
သည်တော့ သတ္တဝါ တစ်ခု ကံ တစ်ခု ဆိုရာ၌ အချိန်အခါ နှင့် ပတ်ဝန်းကျင် လည်း ပါနေသေးသည် ဟု ဆိုရမည် ။ ဆရာဝန် သည် သူ့ နည်းလမ်း အတိုင်း ဆေး တစ်ချက် ထိုးပြီး ညနေ နှင့် နံနက် တိုက်ဆေး ကိုပါ ပေးလိုက် သော်လည်း သင်းခွေချပ် အား နံနက်ဆေး ကို မတိုက်လိုက်ရတော့ပြီ ။ သြဂုတ်လ ၁ ရက် ၊ နံနက် ၂ နာရီ ၄၀ မိနစ်ခန့် တွင် သေဆုံး သွားပါ တော့သည် ။ ဆရာဝန် နှင့် အတွေ့ နောက်ကျ လို့ ပဲလား ၊ သို့မဟုတ် သူ့ ရောဂါ က ဆေး ကု၍ မရတော့ပြီ မို့လား မပြောနိုင်တော့ပြီ ။ သူ သေနေ့ စေ့၍ သွားခဲ့ လေပြီ ။
သတ္တဝါတိုင်း ၌ သေနေ့ နှင့် မွေးနေ့ သည် ရှိ၏ ။ သင်းခွေချပ် ၏ မွေးနေ့ ကို တော့ ကျွန်တော် မသိ ။ သူ့ အသက်ပင် အတတ် မပြောနိုင်ပါ ။ အားလုံး ကြက်သမားများ ခန့်မှန်းကြသည် မှာ သူ့ မျက်နှာ ပုံသဏ္ဌာန် နှင့် အမွေးအတောင် ကို ကြည့်၍ အနည်းဆုံး နှစ်မွေးထိုး ၊ သုံးနှစ်သား ကျော်ရမည် ။ လေးနှစ် ငါးနှစ်သား လည်း ဖြစ်နိုင်သည် ။ တိုက်ကြက် တစ်ကောင် အနေနှင့် ဤမျှ အသက် ရှည်ခြင်းသည် တကယ့် ကြက်ကောင်း မို့ တည်း ။ တိုက်ပွဲပေါင်း မည်မျှ တက်ခဲ့ပြီနည်း ။
သူ သေခါနီး အချိန်တွင် ကျွန်တော် သည် မန္တလေးမြို့ သို့ ရောက် နေလျက် ၊ ကွယ်လွန်သူ ဆရာကြီး ရွှေဥဒေါင်း နှင့် ဆရာမြမျိုးလွင် တို့ ကို အိပ်မက်ရင်း အိပ်ရာ မှ ဖျတ်ခနဲ နိုး လတ်သော် ကျွန်တော် သူ့ ကို ချက်ချင်း သတိရ ၍ အိပ်ရာ မှ ထ လိုက်သည် ။
ခါတိုင်း သူ နေထိုင် ကောင်းစဉ် အခါတုန်း က မူ ၊ သည်လို အချိန်တွင် သူ ရှိရာ မီးဖိုခန်း ထဲ ရောက်၍ ဓာတ်မီး ကို ဖျောက်ခနဲ ဖွင့် လိုက်ပါက သူ့ စိတ် ထဲ ချက်ချင်းကြီး ပဲ မိုး လင်းသွားသည် ဟု အောက်မေ့လေ သလား မသိ ။ အတောင် တဖျတ်ဖျတ် ခတ်ပြီး တွန်သံ ဖြင့် ကျွန်တော့် ကို နှုတ်ဆက်သည် ။ နို့ပြီး နှုတ် မှ တတွတ်တွက် မြည်လျက် စကား ပြောသည် ။
ယခု မူ မတ်တပ် မျှ မရပ်နိုင် ။ ကိုယ် သည် အတောင်ကားကား နှင့် တုံ့တုံ့ဝပ် လျက် နှုတ်သီး က ကြမ်းပြင် မှာ ထောက် နေသည် ။ မျက်လုံးများ မဖွင့်နိုင် တော့ပြီ ။ သူ သေနေပြီလား ဟု ကျွန်တော် သူ့ ကိုယ် ကို အသာလေး မ , ကိုင် ကြည့် လိုက်တော့ သူ့ အသက် မထွက်သေး ။ ကျွန်တော့် ကို များ စောင့်နေ ရော့သလား ။ ကျွန်တော့် လက် ထဲ ရောက်၍ ကျွန်တော့် နှုတ် မှ “ အို ... သား ” ဟု ရွတ် လိုက်တော့ မှ သူ့ ဦးခေါင်း သည် အနည်းငယ် လှုပ်ရမ်း ပြီး တွဲလွှဲ ကျ၍ ငြိမ်သက် သွားတော့၏ ။
“ ဪ ... သွားတော့ သွားတော့ ... သားရယ် ”
ကြုံရ ဆုံရ ၊ ဘုံဘဝ တွင် သေရခြင်းသည် သတ္တဝါ တို့ ၏ နောက်ဆုံးတည်း ။
◾သော်တာဆွေ
📖 ကြက်ဋီကာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment