Friday, June 14, 2024

ရွှေကြာဝတ်ဆံ


 

❝ ရွှေကြာဝတ်ဆံ ❞

ရှေးသရော အခါ ရွာ တစ်ရွာ တွင် အမယ်အိုကြီး တစ်ယောက် ရှိ၏ ။ ထို အမယ်အိုကြီး တွင် မောင်ကြီး ၊ မောင်လတ် နှင့် မောင်ထွေး ဟု ခေါ်သော သား သုံးယောက် ရှိလေသည် ။

အမယ်အို သည် အကြီးအကျယ် နာမကျန်း ဖြစ်လေရာ ရွာ တွင် ရှိသော သမားတော်ကြီး နှင့် ကုသ နေ ရ၏ ။ သို့သော် ရောဂါ ၏ အခြေအနေ မှာ သက်သာခြ င်း မရှိချေ ။

ထို အတောအတွင်း တွင် မောင်ကြီး နှင့် မောင်လတ် တို့ သည် မိန်းမ လိုချင်ပြီ ဟု မိခင် ထံ ပူဆာ၏ ။ မိန်းမ ယူ ဖို့ရန် ငွေ တစ်ထောင်စီ အသီးသီး တင်၍ မိန်းမတောင်း ရမည် ဟု ဆိုကြသည် ။

မိခင်အိုကြီး မှာ ရောဂါ ကုရ သဖြင့် ငွေ ကုန်ကျမှု များ သောကြောင့် သား နှစ်ယောက်အတွက် ငွေ နှစ်ထောင် မကုန်ကျနိုင်ဘဲ စုစုပေါင်း ငွေ တစ်ထောင် သာလျှင် ရှိသည် ဟု ပြောသည် ။

ဤတွင် သား နှစ်ယောက် မှာ မကျေမနပ် ဖြစ် နေကြ လေသည် ။

သား အငယ်ဆုံး မောင်ထွေး သည် ကား နေ မကောင်း နေသော မိခင်ကြီး အား မည်သို့မျှ စိတ် အနှောင့်အယှက် မဖြစ်စေ ဘဲ တတ်အား သရွေ့ ပြုစု လုပ်ကိုင် ပေးနေ၏ ။ တစ်နေ့သော အခါ တွင် သမားတော်ကြီး က အောက်ပါအတိုင်း ပြောကြားလေသည် ။

“ ဒီ ရောဂါ ကို ကုစရာ ဆေး မရှိတော့ဘူး ။ အေးမြ နန္ဒာရေကန် လယ် မှာ ပေါက် နေတဲ့ ရွှေရောင် တောက် နေ တဲ့ ကြာပန်း ကို ရ မှ အဲဒီ ကြာပန်း က ဝတ်ဆံ ကို ထုတ်ပြီး ဆေး ဖော်စပ် ကုသ မှ ရတော့မယ် ။ ရွှေကြာဝတ်ဆံ နဲ့ ဖော်တဲ့ ဆေး ကို ရရင် ရောဂါ လုံးဝ ပျောက်ပြီး အသက် ရာကျော် ရှည်လိမ့်မယ် ”

ဆေး ကုသသော သမားတော်ကြီး က ဤသို့ ပြောကြား လေလျှင် မောင်ကြီး နှင့် မောင်လတ် တို့ ၏ စိတ် တွင် ရွှေကြာပန်း ကို အမြန် သွားရောက် ခူးယူ လိုသော ဆန္ဒ ဖြစ် ပေါ်ကြ၏ ။ အဘယ်ကြောင့် ဆိုသော် ထို ကြာပန်း ကို မိခင်ကြီး ထံ တွင် ငွေတစ်ထောင် နှင့် ရောင်း ၍ မိန်းမ တောင်းချင်ကြ သောကြောင့် ပင်ဖြစ်သည် ။

မိခင်ကြီး ၏ စကား ကြောင့် မောင်ကြီး က အရင် ဆုံး သွားရမည် ဖြစ်၏ ။ မောင်ကြီး မရနိုင် မှ မောင်လတ် သွား ရမည် ။ မောင်လတ် မရနိုင် မှ မောင်ထွေး သွားရမည် ဖြစ်သည် ။

သို့ ဖြစ်လေရာ သူတို့ ညီအစ်ကို သုံးယောက် လုပ်ကိုင် နေသော ပန်းတိမ်လုပ်ငန်း ကို ညီ နှစ်ယောက် နှင့် လွှဲ ထား ခဲ့၍ မောင်ကြီး သည် ရွှေကြာပန်း ကို ရရန် အတွက် ခရီး ထွက် ခဲ့လေတော့သည် ။

သမားတော်ကြီး ညွှန် လိုက်သည့် ခရီးလမ်းစဉ် အတိုင်း ထွက်လာခဲ့ လေရော ယက္ခတောင်ကို  ဒိုးယို ဖြတ်သန်း တည်ရှိသော လိုဏ်ဂူကြီး ၏ အဝ သို့ ရောက်ခဲ့လေသည် ။

လိုဏ်ဂူ ၏ အတွင်း သို့ ဝင် လိုက်သောအခါ မှောင်မည်း လျက် ရှိ၏ ။ မောင်ကြီး လည်း မှောင်မိုက် ထဲ တွင် စမ်းသပ်၍ လျှောက် သွားလေ၏ ။ ဂူကြီး ၏ တစ် နေရာ တွင် လိုဏ်ဂူစောင့် ဃောသ ဘီလူး သည် နံရံ ကို မှီ၍ အိပ်ငိုက် နေ၏ ။

ဃောသ ဘီလူး သည် တစ်ကိုယ်လုံး အမွေးအမျှင်များ ဖုံး နေ၏ ။ ပါးစပ် တွင် အနည်းငယ် ရှည်သော အစွယ် နှစ်ချောင်း ရှိသည် ။ တစ်ကိုယ်လုံး အမွေး ဖုံး နေသဖြင့် မျောက်ဝံကြီး နှင့် တူ နေလေသည် ။

မှောင် ထဲ တွင် လက် နှင့် စမ်း၍ လျှောက် လာသော မောင်ကြီး သည် ဘီလူး ၏ ထိပ် ကို ဗုံ တီး သလို ပုတ် မိ လေ ရာ ဃောသ ဘီလူး မှာ “ ဟဲ့ ဗပေပေ့ဂျိ ”  ဟု ယောင်၍ နိုး လာလေ၏ ။

ဦးခေါင်း ပေါ် မှ အမွေးများ ကို စမ်းမိ သဖြင့် မောင်ကြီး မှာ လည်း ယောင်ရမ်း အော်မြည် မိလေသည် ။

“ ဟဲ့ ဘယ့်နှယ်ကြီးတုံး ”

“ ကျွန်တော် ခရီးသည် ပါ ။  ဂူရဲ့ဟိုဘက် ပေါက် က ဝင် လာပြီး မော လို့ ဒီမှာ နားနေတာပါ ” 

“ ခရီးသည် က လည်း .. ဆံပင်တွေ ရှည် ပြီး ကြမ်းလှချည်ကလား ”

“ ဪ ... ဒါက ခေါင်းစွပ် ကို ခင်ဗျား စမ်းမိတာပါ ” 

မောင်ကြီးလည်း ဘီလူးက ပရိယာယ်နှင့် လှည့်ပတ် ပြောဆိုသည်ကို ယုံကြည်မိလေ၏ ။

“ ခင်ဗျား ဟာ ဟိုဘက် ပေါက် က လာတာ ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့် ကို အဲဒီဘက် လိုက် ပို့ပေးပါ လားဗျာ ”

ဃောသ ဘီလူး လည်း ဝမ်းမြောက်စွာ ပင် လိုက် ပို့ပေး၏ ။ သို့သော် သူ ပို့ပေးသည် မှာ ဂူ ၏ အတွင်းဘက် ရှိ အခန်း တစ်ခု ထဲ သို့ ပေါက်သည့် လမ်း ကို ပို့ပေးခြင်း ဖြစ်သည် ။

ထို့ကြောင့် တစ်နေရာ ရောက်သော အခါ “ ကဲ ... လက်ယာဘက် ချိုးပြီး သွားတော့ ” ဟု ပြော၍ နေရစ်ခဲ့လေ၏ ။

မောင်ကြီးသ ည် ဘီလူး ညွှန် လိုက်သည့် လမ်း အတိုင်း သွားလေသော် အခန်းကျယ်ကြီး တစ်ခု အတွင်း သို့ ရောက် လေ၏ ။ အခန်း ထဲ တွင် မီးရောင်များ ဖြင့် လင်း နေလေသည် ။ အခန်း ၏ တစ်နေရာ တွင် သောက်ချင်စဖွယ် ရေအိုးစင်ကလေး တစ်စင် ကို တွေ့ သဖြင့် ရေ ခပ် သောက်လိုက်သည် နှင့်တစ်ပြိုင်နက် မောင်ကြီး မှာ ကျောက်ရုပ် ဖြစ် သွားလေ၏ ။

ဤအခါ တွင် မှ ဃောသ ဘီလူး သည် အနား သို့ ရောက်လာကာ .. “ ဟား ဟား ဟား ဟား ငါ မိန်းမ ရ တော့ မှ ငါ့ ကလေးတွေ ကစား ဖို့ အရုပ် ရနှင့် နေပြီပဲ ဟား ဟား ” ဟု အားရပါးရ အော် ပြော လိုက်လေ၏ ။

သူ ၏ အသံ မှာ ဂူကြီး ထဲ တွင် ဟိန်း သွားကာ နံရံ မှာ ပဲ့တင် ပြန် ပေါ်လာလေ၏ ။

“ ဟား ဟား ဟား ဟား ငါ မိန်းမ ရတော့မှ ငါ့ ကလေးတွေ ကစား ဖို့ အရုပ် ရနှင့်နေပြီပဲ .. ဟား ဟား ” 

ဘီလူး သည် ပြူးတူးပြဲတဲ နှင့် ပတ်ချာလည် ကြည့်ပြီး “ ငါ့ ကို မပြောင်နဲ့ကွ ” ဟု ပြော လိုက်ရာ ပဲ့တင်သံ က လိုက် ပြောပြန် သဖြင့် ဒေါပွ၍ “ မင်း ခွေးတိရစ္ဆာန် ” ဟု ဆဲဆို ပြန် ရာ ပဲ့တင်သံ က သူ့ ကို ပြန် ဆဲလေ၏ ။

ထိုအခါတွင် ဘီလူး သည် ဇက်ကလေး ပုပြီး ကုပ် ကုပ် ကုပ်ကုပ် နှင့် အခန်းပြင် သို့ ပြန် ထွက်ခဲ့လေတော့ သည် ။

မောင်ကြီး သွားသည် မှာ ကြာသွား သဖြင့် မောင်လတ် သည် လည်း ရွှေပန်းတိမ် အလုပ် ကို မောင်ထွေး နှင့် လွှဲ ခဲ့ ကာ စားနပ်ရိက္ခာများ ကို ယူပြီး ခရီး ထွက် ခဲ့ပြန်လေသည် ။ သူ သည် လည်း ဃောသ ၏ ဂူ ထဲ သို့ မှောင်မိုက် ထဲ တွင် ရောက်ခဲ့ရ ပြန်လေ၏ ။ သူ လာသော အခါတွင်ကား ဘီလူး သည် နိုး နေ သည် ဖြစ်၍ မှောင် ထဲ မှ ပင် ဆီးကြိုလေသည် ။

“ ဪ .. လာပါ ..လာပါ ”

“ ဟင် ခင်ဗျား ဘယ်သူလဲ ”

“ ကျွန်တော် ဟိုဘက် ပေါက် က ဝင်လာတဲ့ ခရီးသည် ပါ ။ ဒီဘက် ကို ပြန် မထွက်တတ်လို့ ”

“ ဒါဖြင့်ဗျာ ... ကျွန်တော့် ကို ဟိုဘက်ပေါက် ကို ပို့ပေး ပါ ။ ကျွန်တော့် မှာ ပါတဲ့ စားနပ်ရိက္ခာ ကို တစ်ဝက် ပေးပါ့မယ် ”

“ ကောင်းပါပြီဗျာ ... ”

မောင်လတ် လည်း ဘီလူး နှင့် လိုက်ခဲ့ရာ ခဏ ကြာ သော် ကျော ထဲ မှ ယား လာလေ၏ ။

“ ကျော ယားလို့ ကုတ် ပေးစမ်းပါဗျာ ” 

ဘီလူး လည်း မောင်လတ် ၏ ကျော ကို ကုတ်ပေး ၏ ။ သူ ၏ လက်သည်းကြီးများ မှာ ရှည်လွန်း သဖြင့် မောင်လတ် သည် လူ မဟုတ်ကြောင်း ရိပ်မိ သွားလေ သည် ။ ထို့ကြောင့် သတိ နှင့် ဆက်လက် လျှောက်ခဲ့လေ ရာ ဘီလူး က “ ကဲ လက်ယာဘက် ကို ချိုး သွားတော့ ” ဟု ပြော၍ နောက် တွင် ချန် နေရစ်ခဲ့၏ ။

အကင်း ပါး သော မောင်လတ် သည် လက်ယာဘက် သို့ မချိုးဘဲ လက်ဝဲဘက် သို့ ချိုး သွား လေရာ လိုဏ်ဂူ ၏ တစ်ဖက်ပေါက် သို့ ရောက် သွားလေ၏ ။

လိုဏ်ဂူပေါက် ရောက်သည် နှင့် တစ်ပြိုင်နက် မောင်လတ် သည် တအား ထွက်ပြေး လေတော့သည် ။

ဤသို့ဖြင့် ခရီး ဆက် ထွက်လာခဲ့ရာ တစ်နေ့ တွင် “ မှိုင်ငေးမယ် ” အမည် တွင် သည့် ဘုရင်မ အုပ်စိုးသော တိုင်းပြည် သို့ ရောက် လာ လေတော့သည် ။

ဘုရင်မ မှာ အလွန် ချောမောလှပ သူ ဖြစ်၏ ။ သို့သော် အမြဲတစေ ပင် မရွှင်မလန်း နှင့် ငေးမှိုင် ၍ နေလေသည် ။ သူ ၏ အပါးတွင် အမယ်အိုကြီး တစ်ယောက် က အစဉ် ရှိ ၏ ။ ထို “ မယ်တော်ကြီး ” ခေါ် သော အမယ်အိုကြီး က သာ သြဇာ ပေး စီမံ ခန့်ခွဲ လျက်ရှိလေသည် ။

မောင်လတ် ရောက်သွားသော အခါ အမယ်အိုကြီး က ...

“ မောင်ရင်လေး ရယ် တို့ သခင်မလေး ဟာ မပျော်ဘူး ၊ ဒီတော့ ပျော်ရွှင် ရ အောင် ကပွဲ က , ပေးပါလား ” ဟု ပြော၏ ။

စင်စစ်တွင် မယ်တော်ကြီး မှာ မှော်ဆရာမကြီး ဖြစ် ၏ ။ မောင်လတ် က ဘာမှ မသိဘဲ ပြန် ဖြေသည် ။

“ ကျွန်တော့် မှာ သွားစရာ ကိစ္စ ရှိလို့ မအားပါခင်ဗျာ ”

“ ဘယ် သွားမှာလဲ ”

“ အေးမြနန္ဒာ ရေကန်ဆီ ကို ပါ ”

“ အဲဒီ ရေကန် ကို သွားရင် ဒီ တိုင်းပြည် ကို ဖြတ် သွား မှ ရတာ ၊ မောင်ရင် က ပွဲ က , မပြ ရင် ဖြတ်ခွင့် မပေးဘူး ”

မယ်တော်ကြီး က ဤသို့ ပြောသော အခါ မောင်လတ် မှာ ဘာမျှ မတတ်နိုင်တော့ဘဲ ကိုယ့် ပါးစပ်ဆိုင်း နှင့် ကိုယ် “ ဗေပုံထိ ဗုံထိ ” ဟု ဆိုကာ က ပြ လိုက်လေ၏ ။

စတင် ၍ က လိုက်မိသည် နှင့် တစ်ပြိုင်နက် လက် ရော ခြေထောက်ရော ပါးစပ် ရော မရပ်နိုင် တော့ ဘဲ အဆက်မပြတ် ကပြ မိ လေတော့သည် ။ နောက်ဆုံး တွင် မောပန်းပြီး လဲကျ သွားရာ ငှက်မည်းကလေး ဖြစ် သွားလေ တော့၏ ။

ဘုရင်မလေး ကား သူ့ မျက်စိ ရှေ့ မှ ဖြစ်ရပ်များ ကို မရွှင်မလန်း နှင့် သာ ကြည့် နေသည် ။ ဘာမျှ ဝင် မပြောနိုင် ချေ ။ မယ်တော်ကြီး က သူ့ အား ဆွံ့ အ အောင် ပြုလုပ် ထားသောကြောင့် ဖြစ်၏ ။

မယ်တော်ကြီး သည် ငှက်မည်းလေး ကို ခြေထောက် တွင် ကြိုး တစ်ချောင်း နှင့် ချည်၍ ဖမ်းထား လိုက်လေတော့ သည် ။

မောင်ကြီး သွားသည် မှာ လည်း ပြန် မလာ ၊ မောင်လတ် သွား သည် မှာ လည်း ပြန်မလာ နှင့် ရှိသော အခါ မောင်ထွေး မှာ မနေသာတော့ချေ ။ ဤ တစ်ကြိမ် တွင် သူ  သွားရပါတော့မည် ။

ထို့ကြောင့် ပင် မောင်ထွေး သည် သူ ၏ ပန်းတိမ် လုပ် သော ကိရိယာတန်ဆာပလာများ ကို လွယ်အိပ် တစ်လုံး နှင့် ထည့် လေ၏ ။ အမေအို က “ သားရယ် ... ဒီ တန်ဆာပလာတွေ က ဘာ လုပ်ဖို့ ယူ သွားတာလဲ ” ဟု မေးသည် ။

မောင်ထွေး က “ အမေ တတ်ထားတဲ့ ပညာ ဟာ ရိက္ခာ ပါ ပဲ ။ ဒီတော့ ဒီ ပညာ နဲ့ ငွေကြေး ကို ရှာဖွေတဲ့ အခါ မှာ အသုံး ချရမယ့် တန်ဆာပလာများ ကို ချစ်မြတ်နိုးပြီး သွားလေ ရာရာ ကိုယ် နဲ့ မကွာ ယူ သွားရပါမယ် ခင်ဗျာ ” ဟု ပြန်လည် ဖြေကြားလေသည် ။

ဤသို့ဖြင့် မောင်ထွေး လည်း ခရီး ထွက်ခဲ့လေရာ ယက္ခတောင် ကို ဖြတ်သန်း ပေါက်ရောက်သော လိုဏ်ဂူကြီး ၏ အဝ သို့ရောက် လာခဲ့လေ၏ ။ မောင်ထွေး တွင် မီးခတ်ကျောက် နှင့် မီးတိုင်ငယ်များ အဆင်သင့် ပါ ခဲ့သော် လည်း အထဲ တွင် မည်သို့သော ရန်သူ ရှိမည်ကို မသိနိုင် သဖြင့် မှောင် ထဲ ၌ ပင် အသာအယာ ဝင်ရောက် လာ ခဲ့ လေသည် ။

ဂူကြီး ၏ အတွင်းပိုင်း သို့ ရောက် လေလေ မှောင်လေလေ ဖြစ်၏ ။

မောင်ထွေးသည် ဖြည်းညင်းစွာ စမ်းသပ်ရင်း လာ ခဲ့ ရာ ဂူနံရံ တစ်နေရာ တွင် မှီ၍ ငုတ်တုတ် ထိုင် နေသော ဘီလူး ၏ နေရာ သို့ ရောက်လာသည် ။

ဘီလူး သည် မောင်ထွေး ကို အကဲခတ် ရင်း ငြိမ် နေလေရာ မောင်ထွေး သည် လက် ကို ရှေ့သို့ ဆန့်ထုတ် ရင်း .. ဖြည်းဖြည်းညင်းညင်း ရောက်လာ၏ ။ ထိုအခါ တွင် ရှေ့ သို့ ဆန့်ထုတ် ထားသော မောင်ထွေး ၏ လက်ညိုး နှင့် လက်ခလယ် တို့ သည် ဘီလူးကြီး ၏ နှာခေါင်းပေါက် နှစ်ခု ထဲ သို့ စွပ်ခနဲ ထိုးဝင် သွားလေ၏ ။

မောင်ထွေး သည် ချက်ချင်းပင် လက် ကို ပြန်ရုပ်၏ ။ သို့သော် သူ့ လက်ဆစ်များ နှင့် နှာခေါင်းဝ မှာ ညပ်နေ သဖြင့် ရုတ်တရက် ပြန် ဆုတ် ၍ မရ ။ ဘီလူးကြီး မှာ လည်း အမှတ်တမဲ့ နှင့် အသက်ရှူ ပေါက် ရုတ်တရက် ပိတ်သွား ခြင်း ဖြစ်ရာ တစ်ကိုယ်လုံး တွန့်လိမ်ကာ ခြေ နှစ်ဖက် ဖြင့် လည်း မြေကြီး ကို တဖုန်းဖုန်း နှင့် ရိုက်မိ လေ၏ ။

“ ငှဲ့ ငှဲ့ မနုတ်နဲ့ ၊ ဒီနို မနုတ်နဲ့ ကွ ၊ ငါ သေနိမ့်မယ် ” 

ဘီလူးကြီး ၏ စကားများ မှာ နှာသံ ပါ နေလေသည် ။ ထို့နောက် မောင်ထွေး က လည်း လက် ကို ပြန် ထုတ် ၊ ဘီလူးကြီး က လည်း ရုန်း သောကြောင့် လက်ချောင်းများ သည် နှာပေါက်ဝ မှ ပြန် ထွက် လာရတော့သည် ။

“ ခင်ဗျား က ဘယ်သူတုံး ”

“ ခရီးသည် ပါ ၊ ဟိုဘက် ပေါက် က ဝင် ခဲ့တာ ။ ဒီဘက် ပေါက် ကို မရောက်ခင် မော လို့ ခဏ ထိုင်နေတာပါ ” 

သို့သော် ... မောင်ထွေး သည် မယုံကြည်ချေ ။ စောစောက ရုန်းရင်း ကန်ရင်း နှင့် ကိုယ်ခန္ဓာချင်း ထိခိုက် မိသည့် အခါတွင် အမွေးအမျှင်တွေ များပြား ထူထပ်စွာ ရှိ သည် ကို သူ သတိပြု မိခဲ့သည် ။

“ ဒါထက် ကျွန်တော် ဆေးလိပ် သောက်ချင်တယ် ဗျာ .. ခင်ဗျား အတွက် အနှောင့်အယှက် ဖြစ်မှာလား ”

“ ကိစ္စ မရှိပါဘူးဗျာ ၊ သောက်ပါ ၊ သောက်ပါ ” 

မောင်ထွေး သည် မီးခတ်ကျောက် ဖြင့် မီးခြစ် ပြီး မီးတိုင်ငယ် တစ်ခု ကို ချက်ချင်း ရှို့ လိုက်ပြီး ဘီလူး ၏ ချိုင်းကြား တစ်ဖက် စီ ကို တစ်လှည့် စီ မီး နှင့် မြှိုက်လိုက်၏ ။ မမျှော်လင့်ဘဲ ရုတ်တရက် ဖြစ်ရသည့် အတွက် ဘီလူးကြီး မှာ အငိုက် မိ သွားပြီး လက်ကြီး နှစ်ဖက် မြှောက် ကာ တွန့်ခနဲ တွန့်ခနဲ ချာလပတ် လည်နေ၏ ။

“ ဟ ... ပူယားကြီး ဗျို့ ၊ ပူယားကြီး ဗျို့  ၊ ပူတယ် လေ .. ယား တယ်လေ ဟာ .. ပူတယ် ယားတယ် ... ပူယား တယ် ”

ဘီလူးကြီး က အော်ဟစ် လိုက်ရာ ပဲ့တင်သံ မှာ လည်း ပြန် လာတော့၏ ။ ထို့ကြောင့် အော်သံ မှာ ဘီလူးကြီး တစ်လှည့် ပဲ့တင်သံ တစ်လှည့် ဖြစ်နေ၏ ။

“ ဟ ... ပူတယ်လေ ” 

“ ဟ .. ပူတယ်လေ ” 

“ ယားတယ်ဗျို့ ” 

“ ယားတယ်ဗျို့ ” 

“ ပူယားကြီးဗျ ” 

“ ပူယားကြီးဗျ ” 

“ ငါ့ ကိုပြောင်ပြန်ပြီ ” 

“ ငါ့ ကို ပြောင်ပြန်ပြီ ”

“ ခွေးကောင် ” 

“ ခွေးကောင် ”

ပဲ့တင်သံ နှင့် ဖက်၍ ရန် မဖြစ်နိုင်တော့ သောကြောင့် ဘီလူးကြီး သည် လက်လျှော့လို က်ပြီး မောင်ထွေး ကို သာ အသာတကြည် တောင်းပန်ရ တော့သည် ။

“ ကြောက်ပါပြီဗျာ .. ချမ်းသာပေးပါ ” 

“ ကောင်းပြီ ၊ ခင်ဗျား ရဲ့ နာမည်ပြား ကို ပေး ” 

ဘီလူးကြီး လည်း မတတ်သာ တော့ ဘဲ ရွှေပြားလေး တစ်ခု ကို ထုတ် ပေး၏ ။ ရွှေပြားလေး ပေါ်တွင် ဘီလူး ၏ အမည် ဖြစ်သော ' ဃောသ ' ဟူသော စာလုံး ပါ၏ ။

“ ကဲ ကျုပ် နောက် ကို လိုက်ခဲ့ ”

သူ ၏ နာမည်ပြား ကို ယူထားပြီ ဖြစ်သဖြင့် ဘီလူးကြီး သည် မောင်ထွေး ၏ အာဏာ ကို မလွန်ဆန် နိုင်တော့ ဘဲ ကုပ်ကုပ်ကလေး လိုက်ပါ လာခဲ့ရတော့သည် ။ မောင်ထွေး သည် ဘီလူးကြီး ၏ လမ်းပြချက် ဖြင့် ပင် ဂူ တစ်ဖက် ပေါက် မှ ထွက်၍ လာရခဲ့၏ ။ လမ်း တွင် လည်း ဘီလူးကြီး က ရှာဖွေ ခူးဆွတ် ပေးသော သစ်သီးကောင်း များ စား ရလေသည် ။

ဂူ ထဲ မှ ဘီလူးကြီး ထွက်ခွာသွားသည် နှင့် တစ်ပြိုင်နက် ကျောက်ရုပ် ဖြစ်နေသော မောင်ကြီး သည် လူ ပြန် ဖြစ် သွား လေ၏ ။ လူ ဖြစ်သည် နှင့် တစ်ပြိုင်နက် ခရီး ဆက် ထွက် ခဲ့ရာ လမ်း တွင် မောင်ထွေး တို့ ကို မြင်၏ ။ မောင်ထွေး တို့ က မူ သူ့ ကို မမြင်ချေ ။

မောင်ကြီး သည် ရွှေကြာပန်း ကို သူ သာ ရ လို သည် ဖြစ်သောကြောင့် ညီငယ် ကို အသိ မပေးဘဲ သူ့ ထက် ဦးအောင် ခရီး ဆက်၍ အလျင်အမြန် ထွက်ခဲ့လေတော့သည် ။

ဤသို့ဖြင့် မောင်ကြီး သည် မှိုင်ငေးမယ် ဘုရင်မ ၏ တိုင်းပြည် ကို ရောက်ခဲ့ ရလေ၏ ။

မယ်တော်ကြီး သည် သူ့ ကို လည်း မောင်လတ် ၏ နည်းတူ ပင် ကပွဲ ကစေ သဖြင့် မောင်ကြီး က ကပြ ရ လေရာ သူ သည် လည်း ငှက်မည်းလး တစ်ကောင် အဖြစ် သို့ ရောက်ရှိ သွားရ လေတော့သည် ။ မယ်တော်ကြီး သည် မောင်ကြီး ငှက်ကလေး ကို လည်း ခြေ တစ်ဖက် တွင် ကြိုး ချည် ၍ ဖမ်းထား လိုက်လေတော့၏ ။

မောင်ထွေး တို့ လည်း စားသောက် ပြီးစီး၍ ခရီး ဆက် ခဲ့ကြရာ မှိုင်ငေးမယ် ဘုရင်မ ၏ တိုင်းပြည် သို့ ရောက်ခဲ့ ကြ လေတော့သည် ။

“ မောင်ရင် လည်း ကပွဲ တစ်ခု ကပြ မှ ဒီ တိုင်းပြည် ကို ဖြတ်ကျော် ရမယ် ၊ အရင်က ခရီးသည် နှစ်ဦး လည်း ဒီလိုပဲ ကပြ လို့ ဖြတ်ကျော်ခွင့် ရသွားကြပြီ ”

မယ်တော်ကြီး ခေါ် မှော်ဆရာကြီး က ဤသို့ ပြော သော အခါ မောင်ထွေး က မဆုတ်မဆိုင်း ပင် “ ကပြပါ့ မယ် ။ ဘုရင်မ နဲ့ တကွ ပရိသတ် အပေါင်း ရှုစားကြပါ ” ဟု ပြော လေ၏ ။

မှိုင်ငေးမယ် ဘုရင်မ ၏ မျက်နှာ မှာ ပို၍ ပင် ညှိုးငယ် သွား လေသည် ။ မယ်တော်ကြီး ကား ပြုံးရွှင် သွားလေ၏ ။ မောင်ထွေး ကား ခပ်တည်တည် ပင် ကပွဲ ကပြရန် စီစဉ်လေ၏ ။

“ ကြွရောက် လာကြတဲ့ ပရိသတ်များ ခင်ဗျား .. ပျော်စရာ ရွှင်စရာပွဲ ကို ရှုစားတော်မူကြပါ ” 

ဤသို့ ပြောပြီး လျှင် တုတ် တစ်ချောင်း ကို ယူ၍ ဘီလူးကြီး ကို မျောက် က , ကခိုင်း လေတော့၏ ။ တုတ်ကလေး နှင့် ဘီလူးကြီး ၏ ဘေး တစ်ဖက် တစ်ချက် ကို မနာအောင် ဖြည်းညင်းစွာ ရိုက်ဟန် ပြု၍ သီချင်း ဆိုပေး၏ ။

“ မိဘများ က မြှောက်စား ပေးသနော် ... မျောက် မောင်စိန်ကျော် ပဒုမ္မာရွှေကြာ .. ပဒုမ္မာရွှေကြာ .. မျောက်ကလေး က ရရှာ ” 

ဘီလူးကြီး မှာ လည်း လက် တစ်ဖက်စီ ရှေ့ထုတ် နောက်ပစ် နှင့် မျောက် က ကို ကပြ အသုံးတော် ခံရ လေသည် ။ ထိုခဏ တွင် ပင် ဘီလူးကြီး မှာ ငှက်မည်းကြီး အသွင် သို့ ပြောင်းလဲ သွား လေတော့၏ ။

သို့သော် မောင်ထွေး ကား တိုင်းပြည် ကို ဖြတ်ခွင့် ရ သွားလေ ၏ ။

မောင်ကြီး ငှက် ဖြစ်သော အခါ တွင် မောင်လတ် မှာ လူ ပြန် ဖြစ် သွားခဲ့၏ ။ ထို့ကြောင့် မောင်လတ် မှာ ရှေ့ က သွားနှင့် ပြီ ဖြစ်လေသည် ။ ယခု တစ်ဖန် ဘီလူးကြီး ငှက် ဖြစ်သောအခါ မောင်ကြီး မှာ လူ ပြန် ဖြစ်သွား၏ ။ မောင်ကြီး သည် လည်း လမ်း တွင် ဖြည်းဖြည်း မှန်မှန် နှင့် အရာရာ ကို စူးစမ်း ဂရုပြု လာသော မောင်ထွေး ကို မသိအောင် ကျော်လွန် သွားခဲ့လေသည် ။

မောင်လတ် သည် အေးမြနန္ဒာရေကန် သို့ ပထမဦး ဆုံး ရောက်သူ ဖြစ်လေသည် ။ ရေကန် ၏ အနီးတွင် ရသေ့ကြီး တစ်ပါး ၏ ကျောင်းသင်္ခန်း ရှိ၏ ။ ထို ရသေ့ကြီး ၏ ကျောင်း တွင် ဆယ်နှစ်သား ကလေး အရွယ် မျောက်ကြီး နှစ်ကောင် ရှိလေသည် ။

ရေကန် ၏ အလယ် တွင် ကျွန်းငယ်ကလေး ပမာ ဒိုက်ပုံတွေ ရှိပြီး အလယ် တွင် ရွှေကြာပွင့်ကြီး သည် ငွားငွားစွင့်စွင့် ကားကားကြီး ပွင့် နေလေသည် ။

ရေကန်စပ် တွင် ရသေ့ကြီး ထောင်ထားသော စာတိုင် တစ်ခု ရှိ၏ ။ ထို စာတိုင် တွင် ရှိသော စာ ကား ' ရေကန် အရပ် လူ မဖြတ် ' ဟူ၍ ဖြစ်၏ ။

မောင်လတ် က မေးမြန်း သဖြင့် ရသေ့ကြီး က ရေလယ်ကောင် သို့ လူ သွားလျှင် အန္တရာယ် ရှိသော ကြောင့် ဤသို့ သတိပေး ထား ရကြောင်း ကို ပြော၏ ။ မောင်လတ် သည် ရွှေကြာပန်း ကို ရလို ဇော နှင့် ရသေ့ကြီး ၏ စကား ကို မနာယူ ဘဲ ရေ ထဲ သို့ဆ င်း၍ ကူး လေရာ ရွှေငါးကြီး ဖြစ် သွားလေတော့သည် ။

ထို့နောက် တွင် မောင်ကြီး ရောက်လာ၏ ။ မောင်ကြီး က မူ မောင်လတ် ၏ အဖြစ် ကို ရသေ့ကြီး ထံ မှ ကြား သဖြင့် ရေ မကူး ဝါး ဖြင့် ဖောင်ငယ်ကလေး လုပ်ကာ ကူး၏ ။ သို့သော် ကမ်းစပ် မှ ခွာမည် ပြုရုံ ရှိသေး သူ သည်လည်း ငွေငါးကြီး ဖြစ်ကာ ရေ ထဲ သို့ လျှောခနဲ ဆင်း သွားလေ တော့သည် ။ ဝါးဖောင်ကလေး သည် ကမ်းစပ် တွင် ငြိ ၍ ရပ်တည် နေလေသည် ။

များမကြာ မီ ပင် မောင်ထွေး ရောက်လာလေ၏ ။ မောင်ထွေး ကား ရသေ့ကြီး၏  စကား ကို ကြားရ သော အခါ စဉ်းစားဆင်ခြင် သည် ။ ထို့နောက် ရွှေကြာပန်း ကို ရရန်အကြံ ထုတ်၏ ။

အကြံ တစ်ခု ရ လာ သဖြင့် လွယ်အိတ် ထဲ မှ ရွှေတိုရွှေစ နှင့် မိမိ ကိုယ်တွင် ပါရှိသော ရွှေတိုရွှေစများ ကို စုပေါင်း ၍ ကျို၏ ။ ကျိုပြီးသောအခါ ပါ လာသော ကိရိယာ တန်ဆာပလာများ ဖြင့် ရွှေကြာပန်း နှင့် တူသော ကြာပန်း တစ်ခု ကို ပြုလုပ်လေသည် ။

ပြုလုပ် ပြီးစီးသော အခါ ရသေ့ကျောင်း မှ မျောက် တစ်ကောင် ၏ ဦးခေါင်း တွင် ချည်နှောင် ပေးလိုက်၏ ။ ထို မျောက်ကား ကျေနပ် သဖြင့် ရွှေကြာပန်း နှင့် ကြွားဝါ နေ လေရာ ကျန်သော မျောက် တစ်ကောင် သည် မခံချင် ဖြစ်လာ လေသည် ။

ထို့ကြောင့်ပင် ကန်စပ် မှ မောင်ကြီး ၏ ဖောင် ဖြင့် ရေလယ် သို့ ကူးကာ ရွှေကြာပန်း အစစ် ကို ခူး ၍ ပြန် လာခဲ့ လေ၏ ။ ရေကန် မှာ လူ ဖြတ်လျှင်သာ အန္တရာယ် ဖြစ်၍ မျောက် ဖြတ်လျှင် အန္တရာယ် မရှိချေ ။

မောင်ထွေး သည် လည်း မျောက်များ ထံ မှ ရွှေကြာခိုင် နှစ်ခိုင် ကို ငှက်ပျောခိုင်များ နှင့် ချော့ လဲပြီး လွယ်အိတ် ထဲ သို့ ထည့်ထား လိုက်လေ၏ ။ ရသေ့ကြီး သည် မောင်ထွေး ကို နှစ်သက် ခင်မင် သဖြင့် အကျိုးအကြောင်း မေးရာ မိခင် အတွက် စွန့်စား လာရခြင်း ဖြစ်ကြောင်း သိ သဖြင့် ပိုမို ခင်မင် လာ လေသည် ။

မောင်ထွေး က လမ်း တွင် တွေ့ ခဲ့ရသော မှိုင်ငေးမယ် ဘုရင်မ အကြောင်း ကို မေးသည် ။ ထိုခဏ တွင် ကန်လယ် ရွှေကြာပန်း မရှိတော့သဖြင့် မောင်ကြီး နှင့် မောင်လတ် တို့ လူ ပြန် ဖြစ်ကာ တက် လာ၏ ။

ရသေ့ကြီး က မှိုင်ငေးမယ်ဘုရင်မ ၏ အမည်ရင်း မှာ ကြည်ကြည်သာ ဟု ခေါ်ကြောင်း ၊ မှော်ဆရာမကြီး လက်ချက် ကြောင့် ဆွံ့အ နေရကြောင်း နှင့် ပြောပြလေ၏ ။ ထိုအခါတွင် ညီအစ်ကို သုံးယောက် တို့ က သူတို့ ကယ် လိုကြောင်း ပြော သဖြင့် ရသေ့ကြီး က ဆေး တစ်လုံး စီ ပေး၏ ။

အရေးကြုံ သော် ထို ဆေးလုံး ကို မျို လိုက်လျှင် မိမိ ဖြစ် ချင်ရာ သတ္တဝါ ၏ ပုံသဏ္ဌာန်မျိုး ခဏ ဖြစ်သွားနိုင် ကြောင်း ၊ ဤသို့ ပုံသဏ္ဌာန် ပြောင်းလဲပြီး မှော်ဆရာမကြီး ကို ကြောက်လန့်အောင် ချောက်ရန် လိုကြောင်း ၊ မှော်ဆရာမကြီး ကြောက် လျှင် မှိုင်ငေးမယ် ဘုရင်မ သည် ကြည်ကြည်သာ ဘုရင်မ ပြန် ဖြစ်မည် ဖြစ်ကြောင်း ပြောပြ၏ ။

နောက် နေ့ နံနက် အစောကြီး တွင် မောင်ကြီး သည် တိတ်တဆိတ် ထွက် လာခဲ့လေ၏ ။ ထိုနေ့ နေ့လယ် တွင် မောင်လတ် သည်လ ည်း ထွက် လာခဲ့၏ ။ မောင်ထွေး ကား ရသေ့ကြီး အတွက် ရေခပ် ပေးခြင်း ၊ တံမြက် လှဲ ပေးခြင်း စသည့် ဝတ်ကြီးဝတ်ငယ် ပြုခဲ့ပြီး ညနေစောင်း မှ ထွက် လာ ခဲ့လေသည် ။

မှိုင်ငေးမယ်ဘုရင်မ ၏ တိုင်းပြည် သို့ ပထမဆုံး ရောက် လာသူ ကား မောင်ကြီး ပင် ဖြစ်လေသည် ။

မောင်ကြီး သည် မယ်တော်ကြီး နှင့် တွေ့ သည် နှင့် တစ်ပြိုင်နက် ဆေးလုံး ကို မျိုကာ ဂုမ္ဘာန်ဘီလူးကြီး ၏ အသွင် ကို ပြောင်း လိုက်လေ၏ ။

မယ်တော်ကြီး သည် အားရပါးရ ရယ်ကာ ... “ ဟာ .. ဟန်ကျ လိုက်တာ ၊ ငါ ခိုင်းစရာ ဘီလူး တစ်ကောင် ရတာပေါ့ ” ဟု ဆိုလေ၏ ။ မှော်ဆရာမကြီး မကြောက် သဖြင့် မောင်ကြီး ၏ အကြံ မှာ မအောင် ဘဲ လူ ပြန် ဖြစ်၍ အကျဉ်း ကျ ခံနေရတော့သည် ။

ဒုတိယ ရောက် လာသူ ကား .. မောင်လတ် ဖြစ်၏ ။ သူ သည် မယ်တော်ကြီး ကို တွေ့ သောအခါ ဆေးလုံး ကို မျိုချ ၍ နဂါးကြီး ၏ အသွင် ကို ဆောင် လိုက်လေ၏ ။

မှော်ဆရာမကြီး သည် အားရပါးရ ရယ်၍ “ ငါ စီး သွား စရာ အကောင် တစ်ကောင် တော့ ရပြီ ” ဟုဆို၏ ။ သူ မကြောက်ချေ ။ ထို့ကြောင့် လူ ပြန် ဖြစ်လာသော အခါ မောင်လတ် မှာ လည်း အကျဉ်းသမား ဖြစ်ရ၏ ။

နောက်ဆုံးတွင် မောင်ထွေး ရောက် လာလေသည် ။

မောင်ထွေး ကား မယ်တော်ကြီး နှင့် တွေ့ သောအခါ ဆေးလုံး ကို မျို၍ ကြွက်စုတ်ကလေး သဏ္ဌာန် သို့ ပြောင်း လိုက် လေရာ မှော်ဆရာမကြီး သည် ကြွက်စုတ် ကို မြင် သည် နှင့် တစ်ပြိုင်နက် “ အောင်မယ်လေးတော့ ”  ဟု အော် ပြီး လန့် ၍ သေသွား လေတော့သည် ။ ထိုအခါတွင် ဃောသ လည်း ဘီလူး ပြန် ဖြစ်လာ၏ ။

မှိုင်ငေးမယ်ဘုရင်မ သည် ချက်ချင်းပင် ကြည်သာရွှင်ပျ လာ လေ၏ ။

“ ဝမ်းသာလိုက်တာ မောင် ရယ် ”

ဘုရင်မ သည် မောင်ထွေး နှင့် လက်ထပ် ၍ မောင်ထွေး ကို ပြုစု၏ ။ မောင်ထွေး ကလည်း အစ်ကို နှစ်ယောက် ကို အကျဉ်း မှ လွှတ် ပေးလိုက်သည် ။ အစ်ကို နှစ်ယောက် ကား ကြည်ကြည်သာ ဘုရင်မ ကို မရကြ တော့ သဖြင့် နှစ်ယောက် သား တိုင်ပင် ကာ လွယ်အိတ် ထဲ မှ ရွှေကြာပန်း ကို ခိုး ၍ ထွက်ပြေး ကြ လေတော့၏ ။

မကြာမီပင် မောင်ထွေး သည် လည်း ဘုရင်မ ကို အကျိုးအကြောင်း ပြောပြကာ ခွင့်ပန်၍ လာခဲ့၏ ။ ဘုရင်မ က မှော်ဆရာကြီး ထံ မှ ဆေး တစ်ဘူး ကို အညွှန်း နှင့် တကွ ပြောပြ ၍ ပေးလိုက်၏ ။ မောင်ထွေး လည်း ဃောသ ဘီလူး ကို ခေါ်၍ ထွက်ခဲ့၏ ။

မောင်ကြီး နှင့် မောင်လတ် မှာ ဂူကြီး ထဲ အရောက် တွင် မောင်ကြီး က မောင်လတ် ကို သ,တ် ၍ ရွှေကြာပန်း ကို ယူပြေး လေတော့သည် ။ သို့သော် ရွာ သို့ ပြန် ရောက်သော အခါ ရွှေ ဖြင့် ပြုလုပ်သော ကြာပန်း ဖြစ် နေ၍ သုံး၍ မရ ဖြစ် ရလေတော့သည် ။

မောင်ထွေး သည် လည်း ဂူ ထဲ သို့ ရောက်သောအခါ မောင်လတ် ၏ အလောင်း ကို ခလုတ်တိုက် မိ၏ ။ ထို့ နောက် မီးတိုင် ထွန်း ကြည့် ပြီး လျှင် ဘုရင်မ ပေးလိုက်သော ဆေး ဖြင့် ကုသ ရာ ပြန် ရှင် လာလေ၏ ။

တစ်ဖက် ဂူဝ အထွက် တွင် မောင်ထွေး သည် ဘီလူးကြီး အား အမည်ပြား ပြန်လည်ပေးအပ် သဖြင့် ဘီလူးကြီး သည် များစွာ ကျေးဇူး တင်သည် ။

“ နောင် ကို ခင်ဗျား ဒီ ဂူ ထဲ ကို ဖြတ်ချင် သလောက် ဖြတ် ၊ ကျုပ် ဒုက္ခ မပေးဘူး ။ ခင်ဗျား ဟာ မိတ်ဆွေကောင်း တစ်ယောက် ပဲ ”

ဘီလူးကြီး က ဤသို့ပင် ဝမ်းသာအားရ ပြောသည် ။

မောင်ထွေး တို့ ညီအစ်ကို နှစ်ယောက် လည်း ဘီလူးကြီး ကို နှုတ်ဆက်ပြီး ထွက်လာခဲ့ကြ ရာ ရွာ သို့ ပြန်ရောက် ၏ ။ မောင်ထွေး ယူခဲ့သော ရွှေကြာပန်း မှာ အစစ် ဖြစ် သဖြင့် ရွှေကြာဝတ်ဆံ ကို ထုတ်၍ ဆေး ဖော်ပြီး ကုသ ရာ မိခင်ကြီး မှာ အသက် ချမ်းသာရာ ရ လေတော့သည် ။

မောင်ထွေး လည်း စိတ်ပျက် နေသော အစ်ကို နှစ်ယောက် ကို ဘုရင်မ ထံ မှ ရ ခဲ့သော ငွေ တစ်ထောင်စီ ပေး ၏ ။ ထို့နောက် လှပသော ကျောက်ရုပ်များ ကို ကျောက်ဆစ်သမား ထံ မှ ဝယ်ပြီး မိခင်ကြီး နှင့် အတူ ကြည်ကြည် သာ ဘုရင်မ တိုင်းပြည် သို့ လာခဲ့ကြ လေသည် ။

ဂူကြီး ကို ဖြတ်သော အခါတွင် ဃောသဘီလူး ကို ကျောက်ရုပ်များ လက်ဆောင် ပေး သဖြင့် ဘီလူးကြီး မှာ များစွာ ဝမ်းမြောက် ၍ သီချင်း အော် ဆို ကာ က ၏ ။

“ ဝမ်းသာလိုက်တာဗျာ ... ကျောက်ရုပ်လေးတွေ ချစ်စရာ သားသမီးတွေ ရတဲ့အခါ ကစားကြ ကစားကြ ကြိုက်သလောက် ကစားကြမှာ ဗျာ ”

“ ကစားကြ ... ကြိုက်သလောက် ကစားကြမှာဗျာ ” 

“ ငါ့ ကို ပြောင်ပြန်ပြီ ”

“ ငါ့ ကို ပြောင်ပြန်ပြီ ” 

“ နင် ဟာ ခွေးကောင် ” 

“ နင် ဟာ ခွေးကောင် ”

ပဲ့တင်သံ ကို ဘီလူးကြီး သည် ထုံးစံ အတိုင်း လက် လျှော့ လိုက်ရတော့သည် ။ ပဲ့တင်သံ က တော့ သူ့ ကို နောက်ဆုံးတွင် အနိုင် ရသည် ချည်း ဖြစ်၏ ။

မောင်ထွေး တို့ သားအမိ သည်လ ည်း ဘုရင်မ ၏ တိုင်းပြည် တွင် ပျော်ရွှင်စွာ နေထိုင်ကြ လေတော့၏ ။ ဃောသဘီလူး ကား တစ်နေ့ လျှင် သုံးကြိမ် ကျ ကျောက်ရုပ်တွေ ရှေ့ တွင် က၍ က၍ နေ တော့၏ ။

သို့သော် ... မျောက်ဖိုးစိန် အက တော့ မဟုတ်ချေ ။

◾ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များပေါင်းချုပ် ( ပထမတွဲ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment