Showing posts with label ကျော်ရင်မြင့်. Show all posts
Showing posts with label ကျော်ရင်မြင့်. Show all posts

Friday, October 9, 2026

ရှင်သန်နေမယ်


❝ ရှင်သန်နေမယ် ❞

[ မဥမ္မာဝင်းကို အိတ်ချ်အိုင်ဗီ ရောဂါပိုး စွဲကပ်ခံထားရသူအဖြစ် တစ်ဈေးလုံးက သိပါတယ်။ ဈေးထဲက မဥမ္မာဝင်းရဲ့ ဆိုင်ကလေးဟာ သူတို့ မြို့နယ်ထဲက အိတ်ချ်အိုင်ဗီ ရောဂါပိုး စွဲကပ်ခံရသူတွေရဲ့ ကွန်းခိုရာ နေရာလေး ဖြစ်တယ်။

ရန်ကင်းတောင် အရှေ့ဘက် ဆရာတော် ဒေါက်တာဓမ္မရက္ခိတရဲ့ကျောင်းမှာ မဥမ္မာကို ကျွန်တော် စတွေ့ဖူးတာပါ။ အိတ်ခ်ျအိုင်ဗီရောဂါပိုး စွဲကပ်ခံထားရသူတွေကို ဆရာတော်က ဝိပဿနာတရား ပြပေးတယ်။ အဲသည် လူတွေကို မဥမ္မာက ဆရာတော်ရဲ့ ကျောင်းကို ဦးဆောင်ပြီး ခေါ်လာတယ်။ စားရေးသောက်ရေး တာဝန်ယူပေးတယ်။

မဥမ္မာကတော့ ဘဝတူတွေ အတွက် ဆက်လက် လှုပ်ရှားဆဲပါပဲ။ ဝိပဿနာ တရားကို နီးနီးနားနားမှာ ရှုမှတ်နိုင်အောင် မန္တလေးမြို့ပေါ်က မြဝတီမင်းကြီးကျောင်းတိုက်မှာ ဆရာတော် ဦးအရိယာဝံသာဘိဝံသရဲ့ အကူအညီနဲ့ စီစဉ်တယ်။ World Vision တို့ ရတနာ့မေတ္တာအဖွဲ့တို့နဲ့ လက်တွဲပြီး အေအိုင်ဒီအက်စ် ကာကွယ်ကုသ ပြုစုရေး လုပ်ငန်းတွေကို သူ လုပ်တယ်။

မဥမ္မာဟာ အိတ်ချ်အိုင်ဗီ ရောဂါပိုး စွဲကပ်ခံထားရသူ အဖြစ် လူတော မတိုး ခေါင်းငုံ့ မနေဘဲ ဘဝတူတွေကို ကူညီနေတယ်။ ရတနာ့မေတ္တာအဖွဲ့ (မန္တလေးအဖွဲ့ခွဲ) က ထုတ်တဲ့ သတင်းလွှာမှာ “ခွဲခြားဆက်ဆံခြင်းကို ကျွန်မ ဒီလို ရင်ဆိုင်ခဲ့ရပါတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့အတွေ့ အကြုံကို ရေးထားတယ်။ သူ့သားလေးကို ရှင်ပြုစဉ်က သစ်ခွပန်းတွေ ဝေနေအောင် ပန်ထားတဲ့ အလှူအစ်မ မဥမ္မာ ဆွမ်းကပ်နေတဲ့ ရောင်စုံ ဓာတ်ပုံလည်း ဖော်ပြထားတယ်။

မဥမ္မာ ယခုအသက် (၃၂ နှစ်) က သူ့ဓာတ်ပုံတွေ ဖော်ပြပါ၊ သူ့အကြောင်းတွေ ရေးပါ ဆိုတဲ့ ခွင့်ပြုချက်နဲ့ ဈေးထဲက သူ့ဆိုင်ကလေးဆီ သွားပြီး သူနဲ့ စကားစမြည် ပြောခဲ့တယ်။ ]

••••• ••••• •••••

သမီးအမျိုးသားက အင်ဂျင်ဘိုးရိန်း လုပ်တာ။ ဝင်ငွေ ကောင်းပါတယ်။ သမီးက LL.B ဘွဲ့ရ၊ ရှေ့နေတော့ လုပ်မစားဘူး။

အမျိုးသားက တအား ဝတာ။ အသားအရေ ဝင်းဝါနေတဲ့ လူက ကိုယ်အလေးချိန် ရုတ်တရက် ကျတယ်။ အဲဒီအချိန်မှာ သမီးက မီးတွင်းထဲမှာ ကလေးက ၄၅ ရက်ပဲ ရှိသေးတယ်။ သူ့ကို မကူညီနိုင်ဘူး။ ယောက္ခမတွေကပဲ နီးရာ ဆေးခန်းကို ပို့ပေးကြတယ်။ ဆေးထိုးလိုက် ဆေးသောက်လိုက်၊ ပြန်ကောင်းလိုက်၊ ပြန်ဖြစ်လိုက်ပေါ့ ။

သမီးကတော့ သူ့ကို ကုတာ တိုးတက်မလာလို့ ဆေးစစ်ပစ်လိုက်ချင်တယ်။ နောက်ဆုံးတော့ ငါးလသား ကလေးလေးကို သမီးက ပွေ့ချီပြီး သွေးသွားစစ်ကြတယ်။ သူ လုပ်ခဲ့တာတွေကို သမီးက သိထားလို့ သမီး suspect (သံသယ) ရှိတယ်။ အိတ်ချ်အိုင်ဗီလည်း စစ်ပေးပါ။ တွေ့တာလည်း ပွင့်ပွင့်လင်းလင်း ပြောပါ။ သမီး ခံနိုင်ရည်လည်း ရှိပါတယ်လို့ ဆရာဝန်ကို ပြောတယ်။

ဆေးစစ်တဲ့ အဖြေ ထွက်လာတော့ သမီးကို ပြတယ်။ သမီးလည်း သွေးစစ်ဖို့ လိုမယ်တဲ့။ ကလေးလေးက ယောက္ခမနဲ့ အတူ ကားပေါ်မှာ။ သမီး သွေးကို စစ်တယ်။

၂ဝဝဝ ပြည့်နှစ် ဒီဇင်ဘာလ၊ အဲဒီနှစ်က တအားချမ်းတဲ့နှစ်။ အနွေးထည်တွေ ဝတ်၊ ခေါင်းစွပ်တွေ စွပ်ပြီး ဆေးခန်းကို သွားရတာ။ သမီး သွေးစစ် အဖြေကို သိလိုက်ရပြီ ဆိုတော့ ရူးမတတ် ဖြစ်သွားတယ်။ ချွေးသီးချွေးပေါက်တွေ ကျပြီး ဝတ်ထားတဲ့ အနွေးထည်တွေ အကုန် ဆွဲချွတ်ပစ်ရတော့တာပဲ။

ဆရာဝန်ကတော့ အားမငယ်ဖို့ နှစ်သိမ့်ဆွေးနွေး ပညာပေးတယ်။ ကိုယ်ကတော့ ငါတို့မှ ဖြစ်ရလေခြင်း ဆိုပြီး စိတ်ဓာတ်ကျမိတယ်။

အိမ်ပြန်ရောက်တော့ အမျိုးသားက ခံနိုင်ရည် မရှိဘူး။ စိတ်ဓာတ်ကျသွားတယ်။ ဆေးရုံလည်း မပို့နဲ့တော့၊ ငွေကုန်လူပန်း မဖြစ်ချင်ဘူးတဲ့။ ဒါပေမဲ့ သမီးကတော့ အနီးနားက ဒေါက်တာခင်မောင်သောင်း ဆေးခန်းကို ပုံမှန် ပို့ပေးပါတယ်။

သူ့ဘော်ဒီဝိတ်က ပေါင် ၁၈၀ လောက်ကနေ ၁၀ဝ လောက်ထိ ကျသွားတယ်။ လူပုံက အရိုးငေါငေါကြီး၊ မျက်လုံးကြီးနှစ်လုံးက ပြူးထွက်နေတာ။

၂ဝဝ၂ ခုနှစ်မှာ အမျိုးသား ဆုံးတယ်။ သမီးလက်ပေါ်မှာပဲ ဆုံးတာ။ သူ့ကို သမီး အားပေးပါတယ်။ ဓမ္မပဒပုံပြင်လေးတွေ ပြောပြတယ်။ သူ ဝမ်းတွေ လျှောနေပြီဆိုတော့ မြတ်စွာဘုရားရှင်တောင်မှ ဝမ်းတော်လားရတဲ့ ဒုက္ခကို ပြောပြတယ်။ သူ့ဝမ်းတွေ လျှောတာကို သမီး မရွံမရှာ သုတ်သင်ရှင်းလင်းပေးတယ်။ သူ့ကို ကြည့်ပြီး မရဏာနုဿတိ ရှုနေတယ်။ ကိုယ်လည်း သူ့လမ်း လိုက်ရမှာပဲ။

သူ ဆုံးတဲ့နေ့က သမီး မငိုဘူး။ ငါ လဲကျတဲ့ နေရာက ပြန်ထရမယ်လို့ ဆုံးဖြတ် လိုက်တယ်။ အမေတောင်မှ အဖေဆုံးပြီးတော့ သားသမီး ၁၁ ယောက်ကို ဘွဲ့ရ ပညာတတ် ဖြစ်အောင် ထားနိုင်ခဲ့တာပဲ။ ကိုယ့်မှာ သားတစ်ယောက်ပဲ ရှိတာ။ သူ့ကို လူတစ်လုံး၊ သူတစ်လုံး ဖြစ်အောင် လုပ်ပေးရမယ်လို့ အားတင်းထားလိုက်တယ်။ အမေနဲ့ သမီး မတူတာကတော့ သမီးမှာ အိတ်ချ်အိုင်ဗီ ပေါ့စတစ်။

သမီး ငယ်ငယ်ကတည်းက မြောက်ပြင် မှန်ကင်း ပဇ္ဇောတာရုံမှာ အမေနဲ့ လိုက်ပြီး တရားတွေ ထိုင်ခဲ့ဖူးတယ်။ တရားအလုပ် လုပ်မယ်၊ သားလေးကို စောင့်ရှောက်မယ်ပေါ့။

ကလေး နှစ်နှစ်သားမှာ ဝမ်းလျှောတယ်။ အိတ်ချ်အိုင်ဗီ ထင်လို့ ကလေးတော့ သွားပြီပေါ့။ သွေးစစ်တယ်။ နဂ္ဂတစ်ပဲ ထွက်တယ်။ ကလေး ငါးနှစ်ကျော်မှာ တစ်ခါ စစ်တယ်။ ခုနစ်နှစ်မှာ တစ်ခါ စစ်တယ်။ သုံးခါစလုံး နဂ္ဂတစ်ပဲ။ ယခု ကလေး ရှစ်နှစ်ထဲ ရောက်သွားပြီ။ ကျောင်းတက်နေတယ်။

အမျိုးသား ဆုံးသွားတဲ့ နောက်မှာ လူအမျိုးစုံနဲ့ သမီး ရင်ဆိုင်ရတယ်။ အချို့ကလည်း သူ့ယောက်ျား အေကိုက်လို့ ဆုံးသွားပြီ။ သူလည်း မကြာဘူး၊ သုံးလေးလပဲ ကြည့်ထားလို့ ပြောတာ။ သမီးအကြောင်း တီးတိုး ပြောတာတွေ ကြားမိတယ်။ အချို့ကတော့ မဥမ္မာ မပိန်သေးဘူးနော်တဲ့။ ယောက္ခမကတော့ ညည်း မရှိရင် ညည်းကလေးကို ငါတို့ တာဝန်ယူမှာပါ။ စိတ်ချပါတဲ့။

ငါ့သူငယ်ချင်း အားတင်းထား၊ စိတ်မလျှော့ရင် သက်တမ်းစေ့ နေနိုင်တယ်လို့ အားပေးတဲ့ မိတ်ဆွေကောင်းတွေလည်း အများကြီး ရှိတယ်။

ကိုယ့်အကြောင်း တီးတိုး ပြောတာတွေ၊ ကိုယ့်ကို သနားတဲ့ မျက်လုံး၊ အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်တာတွေ ခံရတော့ စိတ်ဓာတ်ကျတယ်။ ဒါနဲ့ ကလေးပွေ့ပြီး အခန်းတံခါး သော့ချပိတ်၊ အခန်းအောင်း နေလိုက်တာ လေးလလောက် ကြာတယ်။ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံမှု ပြုတာ၊ မပြုတာတွေ မသေချာသေးခင်မှာ ကိုယ်ကပဲ စိတ်အားငယ်ပြီး ခွဲခြားဆက်ဆံမှုကို စတင်လိုက်တယ်။

အခန်းအောင်း နေရင်း စာတွေ ဖတ်တယ်။ သမီးအတွက် အဓိက ကျေးဇူးရှင်ကတော့ အရှင်ဆန္ဒာဓိကရဲ့ မသေခင် ဘာလုပ်ရမလဲ စာအုပ်ပဲ။ အဲသည် စာအုပ်ဟာ သမီးဘဝ အတွက် key (သော့ချက်) တွေ ရတယ်။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် ဖြတ်ပြီး စာအုပ်တွေ ပေါ်မှာ အာရုံစိုက် နေလိုက်တယ်။ ဆရာနန္ဒာသိန်းဇံ စာအုပ်တွေ များများ ဖတ်တယ်။

တစ်ခါတလေတော့ အမျိုးသား ဆေးကုခဲ့တဲ့ ဒေါက်တာခင်မောင်သောင်း ဆေးခန်းဆီ ကလေးကို ပွေ့ပြီးသွားတယ်။ ဆရာ့အမျိုးသမီး ဒေါ်မေစန္ဒာသံဒိုင်က သမီးကို ကြည့်ပြီး သနားသွားတယ်၊ အားပေးတယ်။ ကြီးမေ ရှိတယ်။ ဘာမျှမပူနဲ့၊ သမီးကို ကြီးမေက ကမ္ဘာ့မြင်ကွင်းနဲ့ ဆက်ပေးမယ်။ သက်တမ်းစေ့ နေရပါမယ်တဲ့။ World Vision နဲ့ ဒေါ်မေစန္ဒာသံဒိုင်က မိတ်ဆက်ပေးတယ်။ အခန်းအောင်းနေတဲ့ သမီး ကမ္ဘာ့မြင်ကွင်းကျယ်ကြီးဘက် လျှောက်လှမ်းလိုက်တယ်။

သမီးဘဝကို စတင် ပြောင်းလဲ ပစ်လိုက်တယ်။ အစားအသောက် ဂရုစိုက်တယ်။ Life style လည်း ပြောင်းလဲပစ်လိုက်တယ်။ ကျန်းမာအောင် နေတယ်၊ အလုပ်လုပ်မယ်။

သမီး ဈေးရောင်းမယ်။ ယောက္ခမတွေက ကျွေးတာမို့ သူတို့က ခွင့်မပြုချင်ဘူး။ ငါတို့ သိက္ခာကျတယ်၊ မလုပ်ပါနဲ့တဲ့။ သမီး ဈေးရောင်းမှ ကံဇာတာ ကောင်းမှာလို့ ဗေဒင်က ဟောထားတယ်လို့၊ ယောက္ခမက ဗေဒင် ယုံတယ်လေ။

အမေတို့ ကျွေးတာလည်း ကျွေးပေါ့။ သမီးရဲ့သားလေး ကျောင်းထားတော့ အမေတို့က တစ်ခု ဆင်ရင် သမီးက တစ်ခု ဆင်နိုင်တာပေါ့လို့။ သူတို့က ကလေးကို တော်တော် ချစ်တယ်လေ။

နောက်ဆုံးတော့ ခွင့်ပြုလိုက်တယ်။ ဈေးထဲမှာ ဆိုင်ခန်းဝယ်တယ်။ ဆိုင်ခန်းက တော်တော် ချောင်ကျတယ်။ သမီး စုဘူးလေးလည်း ခွဲ၊ ယောက္ခမကလည်း ငွေထုတ်ပေးပေါ့။ ဆိုင်ခန်းက သုံးခန်းတွဲမို့ ကျယ်တယ်။

လူတွေက မဥမ္မာ အိတ်ချ်အိုင်ဗီလားလို့ မေးရင် ဟုတ်တယ်လို့ ပြုံးပြုံးလေး ပြောပြတယ်။ အချို့ကလည်း မသိမသာ လာကြည့်တယ်။ အိတ်ချ်အိုင်ဗီ ဖြစ်ပေမဲ့ ဘာမျှလည်း မဖြစ်သေးပါလား။ အချို့ကလည်း လာတွေ့ တယ်။ သည်လိုနဲ့ သမီးရဲ့ ဆိုင်ကလေးမှာ အိတ်ချ်အိုင်ဗီတွေရဲ့ စုရပ်လို ဖြစ်လာတယ်။

အိတ်ချ်အိုင်ဗီတွေ သမီးဆိုင်မှာ စုမိတယ် ဆိုတော့ World Vision က ဆရာကလည်း မကြာမကြာ လာပြီး အားပေးတယ်။ သမီးဆိုင်ခန်းလေးက ချောင်ကျပြီး ရောင်းအား သိပ်မကောင်းဘူး။ ရောင်းတာကလည်း စားသောက်ကုန် မဟုတ်ဘဲ ကုန်ခြောက် ဆိုတော့ အိတ်ချ်အိုင်ဗီမို့ မဝယ်ဘူးဆိုတဲ့ ပြဿနာလည်း မရှိဘူး။ စားဝတ် နေရေးအတွက် ယောက္ခမက ကျွေးထားတော့ လုပ်သမျှ သမီးအတွက် အပိုပဲ။ ပရဟိတ လုပ်ရုံပဲ။

သမီးဘဝမှာ အားကိုးစရာက ဘုရား၊ တရား၊ သံဃာ၊ ဝိပဿနာ အားထုတ်တယ်။ World Vision က ဆရာ သမီးဆိုင်ကို မကြာခဏ လာတယ်။ သမီးက စံပြဖြစ်နေတယ်။ နင် ဘာလို့ ခုလို အေးချမ်းနေတာလဲ မေးတော့ သမီး ဝိပဿနာ လုပ်တယ် ပြောလိုက်တယ်။ နင် အေးချမ်းသလို ဘဝတူတွေလည်း အေးချမ်းအောင် လုပ်ကြစို့ ဆိုပြီး သမီး တရားအားထုတ်တဲ့ ဆရာတော် ဒေါက်တာဓမ္မရက္ခိတရဲ့ မေတ္တာစေတောဝိမုတ္တိကျောင်းကို အိတ်ချ်အိုင်ဗီတွေ ခေါ်သွားတယ်။ World Visison က စရိတ် ထုတ်ပေးတယ်။ ဆရာတော်က တရားပြတယ်။ နောက်တော့ အကြောင်းကြောင်းကြောင့် အဲသည် အစီအစဉ် နားထားလိုက်ရတယ်။

သမီးတို့ ဈေးထဲမှာ ကန်ထရိုက်နဲ့ ဆိုင်ခန်းသစ်တွေ ထပ်ဆောက်တော့ သမီး လိုချင်လိုက်တာ။ ယောက္ခမ ဆင်ထားတဲ့ ဆွဲကြိုး ရှိတယ်။ အဲဒါ ဖြုတ်ရောင်းခွင့် တောင်းတော့ ယောက္ခမက ရောင်းခွင့်ပေးတယ်။ ဆွဲကြိုးရောင်းတာနဲ့ စုဆောင်းထားတာနဲ့ ဝယ်တာ၊ ဆိုင်ခန်းတစ်ခန်းဖိုး ငွေက လိုနေတယ်။ နောက်ထပ် ဆွဲကြိုး ရောင်းမယ်လို့ သွားတာ World Vision က ဆရာတွေ သိသွားပြီး PLHA (အိတ်ချ် အိုင်ဗီပိုးနဲ့ ရှင်သန်နေထိုင်သူ) တွေအတွက် ချေးငွေ အစီအစဉ်ရှိတယ် ဆိုလို့ ချေးယူပြီး ဝယ်လိုက်တာ ဆိုင်ခန်း ပိုင်သွားတယ်။ သမီးလိုပဲ အရင်းအနှီး လိုအပ်သူတွေ အကူအညီရအောင် သမီးက ဆက်သွယ် ကူညီပေးရတယ်။

သမီး ဝိပဿနာ လုပ်နေတာကို ရတနာ့မေတ္တာက ဆရာဦးမြင့်ဆွေက သိတော့ သူက PLHA တွေ ဝိပဿနာ လုပ်ဖို့ အားပေးချင်တယ်တဲ့။ မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာဘိဝံသက ထန်းလက်တဲလေး ထိုးပေးပြီး တရားထိုင် ဖို့ နေရာပေးတယ်။ စင်္ကြံလျှောက်ဖို့လည်း နေရာပေးတယ်။ ဘုန်းကြီးကျောင်းဝင်းထဲမှာ တောအုပ်လေးကျလို့။

အိတ်ချ်အိုင်ဗီတွေကို လက်ခံပြီး နေရာပေးလို့ ဆရာတော်ကို အမြဲ လှူနေတဲ့ သူတွေထဲက အချို့က နောက်တွန့်သွားတာ ရှိတယ်။ သည်အတွက် စိတ်မကောင်းပါဘူး။ ကျောင်းစားဖိုချောင်မှာ လိုအပ်ချက်လေးတွေ ရှိနေတာ သမီးသိတယ်။ သမီး ငယ်ငယ်က ရောက်ခဲ့တဲ့ မှန်ကင်း ပဇ္ဇောတာရုံကျောင်းမှာ ဆွမ်းပဒေသာပင် လုပ်သလို မြဝတီမင်းကြီးကျောင်းတိုက်မှာလည်း လုပ်ချင်တယ်။ မိုးရွာလို့ သံဃာတော်တွေ ဆွမ်းခံ မထွက်နိုင်တဲ့ အချိန်မှာ ဆွမ်း၊ ကွမ်း အဆင်ပြေတာပေါ့။ ဆရာတော်က ချက်ချင်း လက်မခံဘူး။ နောက်တော့ ခွင့်ပြုတယ်။

သမီးကို အားပေး စောင့်ရှောက်တဲ့ ဝင်းမြန်မာအမေစုကို ပြောတော့ သူက ကျပ် ဆယ်သိန်း မတည်တယ်။ ဆွမ်းပဒေသာပင် ထူထောင်ရင်း သားရှင်ပြုပွဲကို သမီးမွေးနေ့ ဒီဇင်ဘာ ၂၃ ရက်က လုပ်လိုက်တယ်။

ကိုယ့်ဘဝကိုယ် ပြန်ကြည့်တော့ အေးချမ်းနေတယ်။ ပရဟိတတွေ လုပ်ရင်းနဲ့ အေးချမ်းနေတာပါ။

▢ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၁

Saturday, September 26, 2026

ချင်းတွင်းသား


❝ ချင်းတွင်းသား ❞

ပြင်ဦးလွင်မြို့အနီးက ပိတ်ချင်းမြောင်ဘုရားကို ကျွန်တော် ရောက်နေပါတယ်။ ပိတ်ချင်းမြောင်က သာသာယာယာ ရှိလို့ လာတဲ့ ဧည့်သည် များတယ်။ တောတောင်စိမ့်စမ်းကြားက သဘာဝ ကျောက်လိုဏ်ဂူတွေကို လူတွေ လာဖို့ ဝင်ဖို့ အဆင်ပြေအောင် လုပ်ထားတယ်။ ဘုရားလည်း ဖူးရင်း၊ အပန်းလည်း ဖြေရင်း လာတဲ့ သူတွေ များတယ်။

ကျွန်တော်က ပိတ်ချင်းမြောင်ကို စတင် အကောင်အထည်ဖော်ခဲ့ရတဲ့ ကိုစိန်လှ ( အငြိမ်းစားဗိုလ်မှူးကြီး ) ရယ်၊ ပန်းပုဆရာ ချင်းတွင်းသား ဦးမျိုးမြင့်ရယ် နဲ့ ရောက်နေရတာမို့ ကံထူးပါတယ်။ ပိတ်ချင်းမြောင်က ဘုရားဆင်းတုနဲ့ ပန်းပု အများစုက ဦးမျိုးမြင့်ရဲ့ လက်ရာတွေပါ။

ပိတ်ချင်းမြောင်လိုဏ်ဂူတွေအဝင်က ရေကန် အနီးမှာ ထုဆစ်ထားတဲ့ နဂါးရုပ်တွေက အသက်ဝင်လှပါတယ်။ ဆရာဦးမျိုးမြင့်ရဲ့ လက်ရာတွေပါ။ ကျောက်စက်ရေတွေ တပေါက်ပေါက် ကျနေတဲ့ လိုဏ်ဂူထဲကို ကျွန်တော်တို့ သုံးယောက် လျှောက်သွားကြတယ်။ ဦးမျိုးမြင့်က သူ ကျွမ်းဝင်ကျင်လည်ရာ နေရာဖြစ်လို့ ဂူနံရံပေါ်မှာ သဘာဝအလျောက် ဖြစ်နေတဲ့ ဆင်ရုပ်၊ ခြင်္သေ့ရုပ်တွေကိုလည်း ပြတယ်။ သူ စိတ်တိုင်းကျ ထုဆစ်ခွင့်ရတဲ့ လက်ရာမွန် ဘုရားဆင်းတုတော်တွေကိုလည်း ပြတယ်။

သုံးယောက်သား လျှောက်သွားကြရင်း ဆရာဦးမျိုးမြင့်နဲ့ စကားစမြည် ပြောဖြစ်ပါတယ်။ ဦးမျိုးမြင့်က အိမ်ထောင်ကျပြီးမှ ပန်းချီပန်းပု သင်တန်းကျောင်း တက်သူ ဖြစ်တာမို့ သူ ပညာဆည်းပူးပုံက ကျွန်တော့် အတွက် စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

“ကျွန်တော်က ၁၉၇၄ ခုနှစ် ကတည်းက ပန်းချီပန်းပုကျောင်း တက်ဖို့ဖြစ်တာ၊ အဲဒီတုန်းက ခုနစ်တန်း၊ ရှစ်တန်းဆို တက်လို့ ရပြီ၊ အဖေ့ကို ခွင့်တောင်းတော့ အဖေက ထမင်းငတ်မယ့် ပညာ မသင်ရဘူးတဲ့၊ ဒီလို ပြောတော့ အဖေ့ကို ကျွန်တော် မချစ်တော့ဘူး”

ဦးမျိုးမြင့်က ပြောရင်း ပြုံးတယ်။

“အဖေ သွားတိုင်ပင်တဲ့သူ ကလည်း ကျောင်းဆင်း ပန်းချီဆရာကြီးပဲ၊ အဲဒီဆရာပါ မမြင်ဖူးဘဲနဲ့ ကျွန်တော် မုန်းသွားတာ”

“အဲဒီတော့ ပန်းချီပညာကို ဘယ်လို သင်ယူရလဲ”

“ပန်းချီဆရာကြီး ဦးသန်းကြွယ်က ဆုတောင်းပြည့်ဘုရားထဲမှာ နိပါတ်တော် ပန်းချီကားတွေ ဆွဲနေတာကို အချိန်ရတိုင်း ကျွန်တော်က သွားကြည့်တယ်၊ ကျွန်တော် တပည့်ခံလို့ ရမလား မေးတော့ ဆရာက တပည့် မလိုဘူးတဲ့၊ ဒီဆရာ ပညာကပ်စေးနှဲလိုက်တာလို့ ကျွန်တော့်စိတ်ထဲ ဖြစ်တာပေါ့”

သူက မရမနေ ပညာဆည်းပူးခဲ့ပုံကိုလည်း ဆက်ပြောပြပါတယ်။

“နောက်ပိုင်း ဆရာနဲ့ ရင်းနှီးလာတော့ ဆရာ့ သဘောထားမှန်လည်း သိရတယ်၊ ဆရာ့ ဆီကလည်း ပညာသင်ယူရတယ်၊ မုံရွာမြို့ ချင်းတွင်းရေကြည် ပန်းချီဆရာကြီးတွေကို ကျွန်တော် ချဉ်းကပ်လေ့လာပြီး သင်ယူတယ်၊ ဆရာကြီး တွေနဲ့ ရင်းနှီးပြီး တပည့်ခံတယ်၊ ပန်းချီဆွဲတယ်၊ ၁၉၈၁ ခုနှစ်မှာ ချင်းတွင်းရေကြည် ရေဆေး အကြည်ပြပွဲမှာ ပထမဆုံးအကြိမ် ဝင်ပြပြီး အဖွဲ့ဝင် ပန်းချီ ဆရာ တစ်ယောက် ဖြစ်လာတာ”

သူ့ဘဝကို အေးအေးလူလူ ပြန်ပြောပြတာကို ကျွန်တော်က “ဟုတ်ကဲ့” လိုက်ရင်း နားထောင်နေပါတယ်။

“၁၉၈၂ ခုနှစ်မှာ ချင်းတွင်းရေကြည်က ရန်ကုန်မှာ ပြပွဲလုပ်တယ်၊ ကျွန်တော် လိုက်သွားဖို့ စရိတ်က မရှိဘူး၊ အဖေက ဝယ်ပေးထားတဲ့ ရလေး စက်ဘီး တစ်စီးတော့ ရှိတယ်၊ အဖေ မသိအောင် စက်ဘီးခွေ နှစ်ခုကို ဖြုတ်ရောင်းပြီး စရိတ် လုပ်လိုက်သွားတယ်၊ ကံအားလျော်စွာပဲ ကျွန်တော့် ပန်းချီကား နှစ်ကား ရောင်းရလို့ ပြန်လာတော့ ခွေသစ် ပြန်ဝယ်တပ်ရတယ်”

ဦးမျိုးမြင့်က ပြောပြီး ရယ်မောပါတယ်။

“ပန်းချီဆရာတွေထဲမှာ ရှုမဝဦးသန်း ဆိုတာ ရှိတယ်၊ ဆရာက ပန်းပု လည်း ထုတယ်၊ တောင်ကြီးမြို့ ဝါးပြားရပ်က အောင်တော်မူစေတီမှာ နံရံဆေးရေး ပန်းချီဆွဲပေးဖို့ ဦးသန်းကို တာဝန်ပေးတော့ အတူ လိုက်သွားတယ်၊ ပဉ္စဝဂ္ဂီငါးပါး တရားဦး ဟောဟန် ရုပ်တုတွေ ထုတော့ သမင်ရုပ်၊ ဒေါင်းရုပ်တွေကို ဆရာက စမ်းသပ် ထုလုပ်ခိုင်းတယ်”

သူ့ဘဝက ဆရာ့လက်ကျ လက်တွေ့သင်ခွင့်ရတာ ကျေနပ်စရာပဲလို့ ကျွန်တော် တွေးမိတယ်။

“မုံရွာကို ပြန်လာပြီးနောက် တစ်ကြိမ်သော အခါမှာ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းက အချင်းချင်း အားပေးတဲ့ အနေနဲ့ ဉာဏ်တော် လေးပေ ရှိတဲ့ ဘုရားဆင်းတုတော် တစ်ဆူ ထုပေးဖို့ ဖြုန်းဆို အပ်ချလိုက်တယ်”

အဲသည်အချိန်က ပန်းချီပန်းပု သင်တန်းကျောင်း တက်ပြီးပြီလား မေးတော့ မတက်ရသေးဘူးတဲ့။ ဆရာ ဦးမျိုးမြင့် ပြောတာကို နားထောင်ရင်း ကျွန်တော်က ဖြစ်မှ ဖြစ်ပါ့မလားလို့ ရင်မောနေမိတယ်။

“ထိန်းထိန်းသိမ်းသိမ်းနဲ့ ကြိုးစားထုနေတာပေါ့၊ အဲဒီမှာ ဝါရင့်ဆရာကြီး တစ်ယောက်က ကျွန်တော် လုပ်နေတာ လာကြည့်တော့ လိုအပ်တာလေး ဝေဖန်ပေးပါဦးလို့ ကျွန်တော်က ပြောမိတယ်၊ သူက လိုတာ ဖြည့်မပေးဘဲ မင်းလိုကောင်မှ လုပ်စားလို့ ရရင် ငါတို့ ချမ်းသာတာ ကြာပြီလို့ ပြောသွားတယ်၊ ကျွန်တော့်ကို နှိမ်တာလား၊ ဖိတာလားတော့ မသိဘူး၊ ကျွန်တော်ကတော့ လူငယ်စိတ်ဓာတ်အရ စနစ်တကျ လေ့လာဆည်းပူးရမယ်လို့ ခံစားရပြီး သူ့စကားက ကျွန်တော့်ကို ပန်းချီ ပန်းပုကျောင်းကို ပို့လွှတ်လိုက်သလို ဖြစ်သွားတယ်”

“ကျောင်းကို ဘယ်အချိန်မှာ တက်ဖြစ်သွားတာလဲ”

“၁၉၈၆ ခု အိမ်ထောင် ကျပြီးမှ ပန်းချီပန်းပုကျောင်းက ဆရာ ဦးအောင်ကျော်က မုံရွာသူ မလဲ့လဲ့ကျော် နဲ့ ရည်းစား ဖြစ်နေတာ၊ မုံရွာ ခဏခဏ လာတယ်၊ တစ်ညမှာ လက်ဖက်ရည်ဆိုင် ထိုင်တော့ ဆရာ ဦးအောင်ကျော် နဲ့ တွေ့ တယ်၊ ကျွန်တော် ပန်းချီပန်းပုကျောင်း တက်ချင်တယ်၊ ဒါပေမဲ့ ကျွန်တော့်အသက်က အိုဗာ ဖြစ်နေပြီလို့၊ ဆရာက အသက်က အဓိက မဟုတ်ဘူး၊ လိုချင်တဲ့ စိတ်က အရေးကြီးတာတဲ့၊ အဲဒီမှာ လျှောက်လွှာတင်လိုက်တယ်”

“ပန်းချီနဲ့ ပန်းပု ဘယ်ဘာသာရပ် တက်သလဲ”

“အင်တာဗျူးမှာ ပန်းချီလုပ်မှာလား၊ ပန်းပုလုပ်မှာလား မေးတယ်၊ ဆရာတွေက ဆွဲတာနဲ့ ပန်းပုထဲ ရောက်သွားတယ်၊ ပန်းချီကို ကျွန်တော် ညကျောင်း တက်တယ်”

“အိမ်ထောင် ဘာကြောင့် စောစောစီးစီး ကျသွားတာလဲ”

ဆရာက မပြောသေးဘဲ ပြုံးပြုံးကြီး လုပ်နေတယ်။

“သူက ဈေးရောင်းတယ်၊ သူငယ်ချင်းရဲ့ နှမ၊ သူ့ဓာတ်ပုံလေးတွေကို ပန်းချီကား ရေးပေးရင်း နီးစပ်သွားတာ၊ အိမ်ထောင်အကြောင်းလည်း ဘာမှ မသိဘူး၊ ၁၀ တန်းနှစ်မှာ ချိန်းတွေ့တာ၊ စကားပြောရင်း သူ့အဖေက တွေ့သွားတာ၊ ကြောက်လန့်ပြီး ယူဖြစ်သွားတာ”

ဦးမျိုးမြင့်က တဟားဟား ရယ်တယ်။

“ပန်းချီရေးနေလည်း သူက မငြိုငြင်ဘူး၊ သူက ဈေးသည် ဆိုတော့ ထမင်းဝတယ်၊ ပါရမီဖြည့်သလို ဖြစ်နေတာပေါ့၊ ယောက္ခမက ပွဲစား ဆိုတော့ အရောင်းအဝယ်ထဲ သွင်းချင်တာ၊ အမျိုးသမီးကတော့ လိုအပ်တာ ထောက်မယ် ဆိုပြီး ပန်းချီ ပန်းပုကျောင်း တက်ဖို့ ပြောတာ”

“သင်တန်း တက်နေတော့ ဇနီးက စရိတ် ထောက်ရတာလား”

“အိမ်လည်း အထောက်အကူ သိပ်မတောင်းချင်ဘူး၊ ဘုရားကြီး ကျောက်ဆစ်တန်း သွားပြီး scatch ( ရုပ်တု ) လေးတွေ လုပ်ပေးတယ်၊ သူတို့က လုပ်ရ ကောင်းမှန်း မသိဘူး၊ ပန်းပုအပ်ချင်တဲ့ သူကို scatch လေးပြပြီး လက်ခံတော့ ပိုအဆင်ပြေတယ်၊ သူတို့ဆီက ငွေ ကျပ် ၂ဝဝ လောက် ရတယ်၊ ကျောင်းက စတိုင်ပင်ကမှ ၅ဝ ပဲ ပေးတာမို့ အများကြီး သုံးလောက်တယ်” 

“ပထမဆုံး လုပ်ရတဲ့ ပုံတူက ..”

“ပထမနှစ် တက်နေတုန်းမှာ ဆားလင်းကြီးနယ် ကျားတက်ဘက် ဆရာတော်ကြီး တစ်ပါးရဲ့ ပုံတူအပ်တယ်၊ ဓာတ်ပုံတစ်ပုံပဲ ပေးတာ၊ ရုပ်တုပြီးတော့ တော်တော်လေး တူတယ်လို့ သဘောကျကြတယ်၊ တို့ဆရာတော်ကြီး ထိုင်နေသလိုပဲတဲ့၊ လုပ်အားခ ကျပ် ၇ဝဝဝ ရတယ်၊ ကျွန်တော့် အတွက် တော်တော် များတာပေါ့၊ ဒုတိယနှစ် တက်နေတော့လည်း မြင်းခြံဆီမီးခုံ ဘက်က ဆရာတော် ပုံတူ အပ်တယ်၊ ၇ဝဝဝ ပဲ၊ ကျွန်တော်က မတောင်းတတ်ဘူး၊ ဘာဝယ်ဝယ် ၇ဝဝဝ လို ဖြစ်နေတယ်”

သူက ပြောရင်း ရယ်တယ်။ ကျွန်တော်တို့ ပိတ်ချင်းမြောင် လိုဏ်ဂူထဲ ဝင်အလာ ရေတွေ တသွင်သွင် စီးကျနေတဲ့ နေရာကို ရောက်လာကြတယ်။ ရေသံတွေ တဝေါဝေါ ကြားနေရတယ်။

“တတိယနှစ်မှာ ဘုရားတွေ ထုဖြစ်တယ်၊ ကျောင်းပြီးတော့ မန္တလေး နန်းတော်ရှေ့က ရွှေစည်ဆရာတော်ကြီး ပုံတူထုတာ ကုန်ဈေးနှုန်းတွေ ကြီးလာလို့လား မသိဘူး၊ နှစ်သိန်းရတယ်”

ဦးမျိုးမြင့်က ကျေကျေနပ်နပ် ပြုံးလိုက်တယ်။

“ကျွန်တော်က ပိုက်ဆံရရင် ကျွန်တော် လိုချင်တဲ့ ဆေးတွေ၊ စုတ်တံတွေ၊ စက္ကူတွေ ဝယ်တယ်၊ ပလတ်စတာ ဝယ်တယ်၊ ပညာရပ်ဆိုင်ရာ စာအုပ်လေးတွေ ဝယ်တယ်၊ မန္တလေး ၈၄ လမ်းက နှင်းဆီအိမ်မှာ မိုက်ကယ်အိန်ဂျယ်လိုရဲ့ charcoal ( မီးသွေး ) နဲ့ ဆွဲတဲ့ပုံတွေ နှိပ်ထားတဲ့ စာအုပ်တွေ ရှိတယ်၊ ပိုက်ဆံရတာနဲ့ ပြေးဝယ်တာ၊ ၇၅ ကျပ် ပေးရတယ်”

“မန္တလေးမှာပဲ အနေများသလား”

“မြင်းခြံ သွားလိုက်၊ မုံရွာ တစ်ခါတလေ ပြန်လိုက်၊ မန္တလေး နေလိုက် လုပ်နေတာ၊ ကျောင်းပြီးလို့ တစ်နှစ်လောက် နေတော့ ပိတ်ချင်းမြောင် ရောက်လာတာ”

“ပိတ်ချင်းမြောင်မှာ စလုပ်ဖြစ်တာ ပြောပါဦး”

“နဂါးဒေါ်ဦး ကောင်းမှု နဂါးရုံဘုရားတစ်ဆူ ထုဖို့ အပ်တာ၊ ခုနစ်ရက် လောက်ပါ ဆိုပြီး ခေါ်လာတာ၊ တစ်ဆူပြီးတော့ နောက်တစ်ဆူ ထပ်အပ်တယ်၊ ခုနစ်လလည်း မပြန်နိုင်၊ ခုနစ်နှစ်လည်း မပြန်နိုင် ( ရယ်လျက် )၊ ခုထိ မပြန်နိုင်တာ ၂၄ နှစ် ရှိသွားပြီ”

ယခုအခါ ပိတ်ချင်းမြောင် သွားရာ လမ်းဘေးမှာ ခြံနဲ့ တိုက်နဲ့ အတည်တကျ ဖြစ်နေတာမို့ သူ ပြန်ဖြစ်ဖို့ မမြင်သေးပါဘူး။

“ပိတ်ချင်းမြောင်မှာ ကိုယ်လုပ်ခဲ့တဲ့ ပန်းပုတွေထဲ စိတ်တိုင်းကျတာ ပြောပါဦး”

“ရိုးရာအနေနဲ့ ပြောရရင် အဝင်က နဂါးမောင်နှမ၊ လုပ်မှာက မုခ်ဦး၊ တံတိုင်းပေါ်မှာ နဂါးရုပ်တွေ တင်ပြီး ထုတာ၊ ဂူထဲမှာတော့ အင်္ဂုလိမာလနဲ့ လှည်းသားငါးရာပုံတွေပဲ”

ကျွန်တော်တို့ ဦးမျိုးမြင့် ထုထားတဲ့ အင်္ဂုလိမာလ ရုပ်တုအနီး ရောက်လာကြတယ်။ ရုပ်တုက အင်္ဂုလိမာလက ဘုရားကို ဒူးတုပ် အရိုအသေပေးနေတဲ့ ပုံပါ။

ဦးမျိုးမြင့်က ရှင်းပြတယ်။

“ဒီပုံကို realism ( အသက်ပါ သဘာဝကျခြင်း ) ထုထားတာ၊ ရိုးရာလိုင်း ဆိုရင် လက်မောင်းက အလုံးကြီး၊ ချောချောပြောင်ပြောင်ကြီး ဖြစ်မှာ၊ ကြွက်သားတွေ မပါဘူး၊ ကျွန်တော်က ကြွက်သားအဖုအဖုတွေ၊ မုတ်ဆိတ်ကျင်စွယ်တွေ စိတ်ကြိုက် ထုထားတယ်”

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

ပန်းပုဆရာ


❝ ပန်းပုဆရာ ❞

ကျွန်တော့်ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ကိုစိန်လှ ( အငြိမ်းစား ဗိုလ်မှူးကြီး ) က ခေါ်တာနဲ့ ပြင်ဦးလွင် အနီးက ပိတ်ချင်းမြောင်ကို ကျွန်တော် လိုက်သွားတယ်။ ပိတ်ချင်းမြောင်ကို ကိုစိန်လှ တာဝန်ရှိစဉ်က ဦးစီးပြီး လုပ်ခဲ့ရတာ။ ပိတ်ချင်းမြောင်မှာ သူတို့ မိသားစုရဲ့ ကောင်းမှုတွေလည်း အများကြီး ရှိတယ်။ ပိတ်ချင်းမြောင်က ယခုအခါ စည်စည်ကားကား သာသာယာယာ ဖြစ်နေတယ်။ ဒါတွေကို သူက ပြချင်တာလည်း ပါမယ်။

ဝက်ဝံရွာကနေ ပိတ်ချင်းမြောင်ဘက်ကို သွားတဲ့ ကားလမ်းအတိုင်း သွားပြီး ကားလမ်းဘေးက ခြံကျယ်ကျယ် တစ်ခုကို ဝင်တယ်။ ခြံအမည်က ချင်းတွင်းသား တဲ့။ ပိတ်ချင်းမြောင်က ဘုရားဆင်းတုနဲ့ ပန်းပုတွေကို ဦးစီး ထုလုပ်တဲ့ ဆရာဦးမျိုးမြင့်ရဲ့ ခြံ။ ခြံက တော်တော်ပဲ သာယာတယ်။ မက်မန်းပင်၊ သရက်ပင်၊ ပိန္နဲပင်တွေနဲ့ စိမ်းစိမ်းစိုစို ရှိတယ်။ ခြံကို သစ်ပင်တောအုပ် အုပ်အုပ် ဆိုင်းဆိုင်း၊ တောင်စောင်း တောင်တန်း မှိုင်းမှိုင်းညို့ညို့နဲ့ ဝန်းရံထားတယ်။ ခြံထဲက သစ်ခွပင်တွေကလည်း ပန်းတွေ ပွင့်လို့။

ခြံဝင်းထဲက တိုက်အိမ်အဝင် ဝရန်တာမှာ ပန်းပုရုပ်တွေ အများကြီး တွေ့ရတယ်။ ဘုရားဆင်းတုတွေလည်း ပါရဲ့။ လဲလျောင်းနေတဲ့ ကိုယ်လုံးတီး အမျိုးသမီးပုံလည်း ပါရဲ့။ ရိုးရာဟင်္သာပုံလည်း ပါရဲ့။ ဦးမျိုးမြင့် ရဲ့ လက်ရာ သရုပ်မှန် အပီအပြင် ပုံဖော်ထားတဲ့ ပန်းပုလက်ရာတွေပါ။ အဲသည် ပန်းပုတွေ ကြားမှာ ခေတ်သစ်ဟန်ပန် ထုထားတဲ့ ပန်းပုရုပ်တွေက ကျွန်တော့်ကို ဆွဲဆောင် နေတယ်။ လက်ရာရှင် ဘယ်သူလဲ။

ခေတ်သစ်ဟန် မော်ဒန်ပန်းပုတွေကို ဖန်တီးထားတဲ့ လက်ရာရှင်က ဆရာဦးမျိုးမြင့်ရဲ့သား ကိုထွန်းထွန်းလှိုင်တဲ့။ သူက ယဉ်ကျေးမှုတက္ကသိုလ်က ပန်းပုပညာ အထူးပြုပြီး ဂုဏ်ထူးတန်းဘွဲ့ ရထားတာ။ ထူးခြားတာက ကိုထွန်းထွန်းလှိုင်က ခန္ဓာကိုယ် အောက်ပိုင်း မသန်စွမ်းဘူး။ သူ့ ပန်းပုရုပ်တွေ အကြောင်းကို ကျွန်တော် မေးချင်တယ် ဆိုတော့ ချိုင်းထောက်နဲ့ တစ်လှမ်းချင်း လှမ်းပြီး အိမ်နောက်ပိုင်း အဖီထဲမှာ ထိုင်နေရာက ထွက်လာတယ်။

ကျွန်တော် သိချင်လို့ ညွှန်ပြတဲ့ သူ့လက်ရာ ပန်းပုရုပ်ကို သူ့သားသမီး ရင်းချာလို ပွေ့ပိုက်ပြီး ကျွန်တော့်ကို ရှင်းပြတယ်။

ပန်းပုရုပ်တစ်ရုပ်ရဲ့ ပုံစံကို ကြည့်လိုက်တော့ မျက်နှာမှာ ခံစားမှုတစ်ခု ရှိနေတယ်။ အမည်ကို မေးတော့ ကြိတ်မနိုင်ခဲမရ တဲ့။ ဘယ်လို ရည်ရွယ်ချက်နဲ့ ထုတာလဲ မေးတော့ စိတ်ထဲမှာ ဖြစ်နေတဲ့ အတိုင်း ထုတာတဲ့။ စိတ်ထဲမှာ ဘာတွေ ဖြစ်နေတာလဲ ကျွန်တော်က ထပ်မေးတယ်။ စိတ်ထဲမှာ တစ်ခါတလေတော့ မကျေနပ်ဘူးတဲ့။

ကိုထွန်းထွန်းလှိုင် က ခပ်ယဲ့ယဲ့ ပြုံးလိုက်တော့ ကွမ်းစားထားလို့ ရဲနေတဲ့ သူ့သွားတွေ ပေါ်လာတယ်။ မကျေမနပ် ခံစားချက်တွေ များတဲ့ တချို့သူတွေက ကွမ်းယာ တစ်ယာပြီး တစ်ယာ ဖိကာ ဝါးတယ်ဆိုတာကို ကျွန်တော် သတိရ သွားတယ်။

“installation ဆန်ဆန် ထုထားတာ”

သူက ပန်းပုပုံကို ပြပြီး ဆက်ပြောတယ်။

“ကိုယ့်ခြေထောက်ကိုယ်ကို အားနဲ့ ဆုပ်ကိုင်ထားတယ်၊ လက်ထဲမှာ ဒေါသတွေလည်း ပါတယ်”

နောက်ထပ် အရုပ် တစ်ခုက ခေါင်းက သေးသေး၊ အင်မတန် ကြီးမားတဲ့ လက်ချောင်းကြီးတွေနဲ့။ ပျော့ပျောင်းသွယ်လျတဲ့ လက်တစ်ခုက တခြား လက်ကို အုပ်မိုးပြီး ကိုင်ထားပုံ ထုထားတယ်။ အမည်က နှစ်သိမ့်မှုတဲ့။

“ဒီလက်တွေက ယောက်ျားလေးလက်နဲ့ မိန်းကလေးလက်ပေါ့”

သူက ရှင်းပြတယ်။

“မိန်းကလေးက မိခင်လား၊ ချစ်သူလား”

ကျွန်တော်က မေးတယ်။

“ချစ်သူလို့ ရည်ရွယ်တာပါ”

သူက ထပ်ပြုံးလိုက်ပြန်တယ်။

သူ့မှာ ခန္ဓာကိုယ် အောက်ပိုင်း သန်စွမ်းမှု အားနည်းတယ်။

ကျွန်တော်က ပွင့်ပွင့်လင်းလင်းပဲ အဲသည် အကြောင်းကို မေးခွန်းထုတ်တယ်။

“ကျွန်တော် ရှစ်တန်းလောက်မှာ သူငယ်ချင်းတွေ သွားရာလာရာ ကိုယ်က သူတို့လို မလိုက်နိုင်ဘူး။ မလိုက်နိုင်လည်း ဘာမျှ မဖြစ်ပါဘူးကွာ၊ ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ဆော့လည်း ဖြစ်တာပဲ”

ဘယ်အရွယ်မှာ ပိုလီယို စဖြစ်လဲ မေးတော့၊ အမေတို့ ပြောတာက ဆယ်လသားလို့ ဆိုတယ်။ သူ့မှာ ကြိတ်မနိုင်ခဲမရ ဖြစ်မယ်။ ကျွန်တော်က သူ့ ဒေါသတွေကို မေးတယ်။

“ကိုယ်ချင်တဲ့ဟာကို မလုပ်နိုင်ဘူး၊ ကျွန်တော်က ဘောလုံးဝါသနာ ပါတယ်၊ မကန်နိုင်ဘူး၊ ကနေတာပဲ ဖြစ်ဖြစ်၊ ကိုယ်က ထိုင်ကြည့်ရုံပဲ၊ အထီးကျန် လာတာပေါ့”

ပြောလက်စကို ခဏ ရပ်လိုက်ပြီး ကိုထွန်းထွန်းလှိုင်က ဟိုးအဝေးက တောင်တန်းတွေဆီ ငေးကြည့်နေတယ်။ ပြီးမှ ဆက်ပြောတယ်။

“တစ်ခါတလေတော့လည်း အထီးကျန်တယ် မခံစားရပါဘူး၊ တစ်ခါတလေတော့လည်း အထီးကျန်သလိုပဲ”

“ကိုယ့်အတွက် အဖော်က ဘာလဲ”

“ကွန်ပျူတာ ကိုင်ပြီး ဒီဇိုင်းတွေ ဆွဲပစ်လိုက်တယ်၊ တစ်ခါတလေ ကျတော့ ပန်းပုထုတယ်၊ တစ်ခါတလေ ကျတော့ အိုးတွေမှာ ပန်းချီဆွဲတယ်”

ပန်းပုပြတင်းပေါက် ပေါင်ပေါ်မှာ တင်ထားတဲ့ မြေအိုးကလေးဆီ ကျွန်တော့် မျက်လုံးက ရောက်သွားတယ်။ မြေအိုးလေးတွေ ပေါ်မှာ ပန်းချီဆွဲထားတာတွေ ရှိသလို အိုးတချို့ကိုတော့ ထွင်းဖောက်လှီးထုတ်ပြီး အမြင်သစ်အောင် လုပ်ထားတာ တွေ့ရတယ်။

သူ့လက်ဖျံကို ပြပြီး ဆက်ပြောတယ်။

“တစ်ခါတလေ လက်မှာ tattoo ( ဆေးမင်ကြောင် ) တွေ ဆွဲလိုက်တယ်၊ စိတ်ဖြေလိုက်တဲ့ သဘောပေါ့”

သူ ပညာသင်ယူခဲ့တဲ့ ကျောင်းတွေ အကြောင်းကို မေးပါတယ်။ မုံရွာ ဒေါင်းကျောင်း၊ ဝက်ဝံ အ.မ.က၊ ဈေးကုန်း အ.လ.က၊ ပြင်ဦးလွင် စာပန်းအိမ် တို့မှာ သူ နေခဲ့တာ ပြောပါတယ်။ ကျွန်တော်က သူ ငယ်စဉ်က ရည်မှန်းချက်ကို မေးတယ်။

“ကျွန်တော် အဓိက ဝါသနာပါတာက ကစားစရာပုံစံငယ်တွေ ထုတ်တာ၊ ပန်းပုလည်း ဝါသနာပါတယ်၊ ယဉ်ကျေးမှုတက္ကသိုလ် တက်ဖို့ပဲ ရွေးချယ်လိုက်တယ်”

၂၀၀၂ ခုနှစ်မှာ ၁၀ တန်းကို နှစ်ချင်းပေါက် အောင်မြင်ပြီး မန္တလေး ရွှေစာရံက ယဉ်ကျေးမှုတက္ကသိုလ်ကို သူ သွားတက်တယ်။ ရွေးချယ်ရတဲ့အကြောင်း တစ်ခုကတော့ တက္ကသိုလ် တည်ရှိတဲ့ နေရာက ကားတွေ၊ ဆိုင်ကယ်တွေ ရှုပ်ထွေးတဲ့ မြို့ပြ မဟုတ်တာလည်း တစ်ကြောင်းပါတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်တက်ဖို့ သူ ပြင်ဆင်ခဲ့ရပုံတွေကို ကျွန်တော်က မေးပါတယ်။

“ကျွန်တော် ၁၀ တန်းအထိ စက်ဘီး မစီးတတ်သေးဘူးဗျ၊ ပိတ်ချင်းမြောင်မှာ အကြော်ဆရာ လာလုပ်တဲ့ ကိုမျိုး နဲ့ ကျွန်တော်နဲ့ ဂီတာတီးရင်း ခင်သွားတာ ရှိတယ်၊ ၁၀ တန်းအောင်ပြီး တက္ကသိုလ်တက်မယ်ဆိုရင် ကျွန်တော် စက်ဘီး စီးတတ်မှ ဖြစ်မယ်ဆိုတော့ သူ သင်ပေးမယ်တဲ့”

ပိုလီယိုကြောင့် ခြေမသန်လို့ ချိုင်းထောက် အားထားပြီး လမ်းသွား နေရတဲ့ လူငယ်တစ်ယောက် စက်ဘီးစီး သင်မယ့်ကိစ္စကို ကျွန်တော် စိတ်ဝင်စားနေမိတယ်။

“ကိုမျိုးက သူ ကိုင်ပေးမယ်တဲ့၊ ကျွန်တော်က စက်ဘီးပေါ် တက်နင်းတော့ သူက နောက်ကနေ လိုက်ထိန်းပေးတယ်၊ အစီးသင်ခါစမှာ လဲတယ်၊ လဲလဲ ဘာဖြစ်လဲ၊ ပွန်းရုံပဲပေါ့၊ ကြိုးစားပြီး နင်းတာ တစ်လလောက်နဲ့ စက်ဘီး စီးတတ်သွားတယ်၊ အဖေက စက်ဘီး ဝယ်ပေးတယ်၊ အစတော့ ဘီးဟောင်းလေးပေါ့”

သူ ကျောင်းတက်စဉ် ကာလ တက္ကသိုလ်က အတွေ့အကြုံတွေကို မေးတယ်။

“ကျွန်တော် ကောင်းကောင်း မှတ်မိနေတာက ကျွန်တော်က အချိန်ပေး တက်တယ်၊ တကယ် သင်နိုင်တဲ့ ဆရာက သုံးလေးယောက်ပဲ ရှိတာ၊ ကျွန်တော့်ကို ကောင်းကောင်း Training ( လေ့ကျင့်သင်ပြ ) ပေးတာက ဆရာ ဦးမင်းရင်ဆနှိုင်း၊ ဆရာက စိတ်ရှည်တယ်၊ စကားနည်းတယ်၊ ပြောပြတာ မရှိပေမယ့် လက်တွေ့လုပ်ပြတယ်၊ ဆရာက ရိုးရာနိုင်အောင် သင်ပြပေးတယ်၊ Anatomy ( ခန္ဓာဗေဒ ) က ဒေါ်သိင်္ဂီငြိမ်း၊ Perspective ( အမြင် ရှုထောင့် ) နဲ့ ပတ်သက်ရင် ကောင်းကောင်း သင်ပေးတာက ဒေါ်တိုးရီငယ်၊ သူတို့ သုံးယောက်ကတော့ ကျွန်တော့် လက်ဦးဆရာတွေပဲ”

ရိုးရိုးဘွဲ့ ဆိုရင် သုံးနှစ်ပဲ တက်ရမှာ ဖြစ်ပေမယ့် ကိုထွန်းထွန်းလှိုင်က ဂုဏ်ထူးတန်း ဆက်တက်လို့ လေးနှစ် တက်ရတယ်။ ၂ဝဝ၇ ခုနှစ်မှာ B.A ( Hons; Sculpture ) ဘွဲ့ရတဲ့ အကြောင်းကို ပြောပြတယ်။

“ကျောင်းတက်တဲ့အခါ အချိန်အကြာကြီး မတ်တတ်ရပ်ရတာ ရှိသလား”

“ရှိတာပေါ့၊ ပုံတူ ထုတဲ့အခါ အကြာကြီး ရပ်ရတယ်” 

“ပင်ပန်းသလား”

“ပင်ပန်းမှန်းကို မသိလိုက်ဘူး”

“ကျောင်းပြီးခဲ့ပြီ၊ ဘာဆက်လုပ်မှာလဲ”

“ပန်းပုကို ဆန်းသစ်မှုတွေ ထုချင်တယ်၊ မတူတဲ့ ရသတွေနဲ့ ဖန်တီးချင်တယ်”

ရုပ်ပိုင်းအရ အားနည်းကြတဲ့သူတွေ ရှိတယ်၊ သူတို့ကို ဘယ်လို အားပေးချင်သလဲလို့ ကျွန်တော် မေးမိတယ်။ သူ့အဖြေကို ကြားရတော့ ကြက်သီးထမိတယ်။ ရုပ်ပိုင်းမှာ အားနည်းတယ်ဆိုတဲ့ သူတွေကို ဘာမျှ အားပေးဖို့ မလိုပါဘူး။ သူတို့ဟာ သူတို့ အားတင်းနိုင်တဲ့ သူတွေပါတဲ့။ အားငယ်တဲ့ စိတ်ရှိတာ နည်းပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချွတ်ယွင်းချက်ရှိတဲ့သူတွေမို့ အမြဲ အားတင်းထားတယ်တဲ့။

ကျွန်တော့်ရဲ့ နောက်ဆက်တွဲ မေးခွန်းက ဘယ်လို အားတင်းသလဲ။

“ကျွန်တော် ခြေထောက် မသန်ဘူး။ ခြေထောက် မသန်တာ ဘာအရေးလဲ၊ လက်နဲ့ လုပ်လို့ရတာတွေ အများကြီး ရှိတယ်”

ကျွန်တော် သူ့မျက်နှာကို စူးစူးစိုက်စိုက် ကြည့်နေမိတယ်။ သူ့မှာ အားမာန် အပြည့် ရှိနေတယ်။ သူ့မျက်နှာပေါ်မှာ အပြည့်ပဲ။

“သူ တစ်ခု လုပ်နိုင်ရင် ကိုယ်တစ်ခု လုပ်နိုင်ရမယ်၊ သူ ပြေးသလိုတော့ ကိုယ် မပြေးနိုင်ဘူးပေါ့၊ ဒါပေမဲ့ ပြေးတာထက် လျင်မြန်တာတွေ အများကြီး ပေါ်နေပြီပဲ၊ ဆိုင်ကယ်နဲ့ သွားမယ်၊ သူ့ထက်တောင် မြန်ပါသေးတယ်”

ကိုထွန်းထွန်းလှိုင်က ရယ်တယ်။

ဆိုင်ကယ် စီးတတ်သလား မေးတော့ စီးတတ်တယ်တဲ့။

သူက ဘာမျှ မပြောသေးဘဲ တွေးနေတယ်။ သူ့မှာ ပြောစရာ တစ်ခု ရှိပုံ ရတယ်။ ကျွန်တော်ကလည်း ဘာမျှ မမေးဘဲ ငြိမ်နေလိုက်တယ်။ ခဏနေတော့ သူ ပြောပါတယ်။

“တက္ကသိုလ်မှာ ကျွန်တော်တို့ နှစ်က ဂုဏ်ထူးတန်း ဆက် တက်တာ ကျွန်တော် တစ်ယောက်တည်းရယ်၊ ဘွဲ့ရပြီးတော့ ကျောင်းမှာ နည်းပြဆရာ သွားလျှောက်တယ်၊ ဒါပေမဲ့ ကျွန်တော် မဖြေလိုက်ရဘူး၊ ကျွန်တော့်ထက် သုံးလေးနှစ် နောက်ကျတဲ့ တခြား တစ်ယောက်ကို ဆရာ ခန့်လိုက်တယ်၊ သူနဲ့ ကျွန်တော် မယှဉ်ပြိုင်လိုက်ရဘဲ သူ့ကို ဘာကြောင့် ရွေးလိုက်တာလဲ၊ မယှဉ်ပြိုင်လိုက်ရဘဲ ကျွန်တော် ဘာကြောင့် ရှုံးနိမ့်ရတာလဲ”

ကိုထွန်းထွန်းလှိုင်က မေးခွန်း ထုတ်တယ်။ အဲသည် မေးခွန်းက ကျွန်တော့်ကို မေးတာတော့ မဟုတ်ဘူး။ သက်ဆိုင်ရာ ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ရှိ သူတွေကို မေးတာလား၊ လောကကြီးကို မေးတာလား။

သူ့မေးခွန်းအတွက် အဖြေကို ကျွန်တော် မပေးနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်က သူ့လက်ရာကောင်းတွေကို မြင်တွေ့ထားသူမို့ ယဉ်ကျေးမှုတက္ကသိုလ် အတွက်တော့ ဆရာကောင်း တစ်ယောက် ဆုံးရှုံးသွားတယ်လို့ တွေးနေမိပါတယ်။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

Saturday, September 12, 2026

ချိကယ်ထေးသမ


❝ ချိကယ်ထေးသမ ❞

[ တိုင်းရင်းသား ကယားလူမျိုးတွေက ‘ချိကယ်ထေးသမ’ ကို ကောင်းကောင်းသိကြတယ်။ ကယားဘာသာနဲ့ ‘ကျောက်စရစ်ရွာကလေး’ လို့ အဓိပ္ပာယ်ရတယ်တဲ့။ ချိကယ်ထေးသမ ဆိုတာ လွိုင်ကော်မြို့က ရပ်ကွက် တစ်ခုရဲ့ အမည်ပါ။ အရင်ကတော့ လွိုင်ကော်ကို ရောက်တဲ့သူတွေက တောင်ကွဲစေတီ၊ ငွေတောင်ဆည်နဲ့ ဒွေးမယ်နော်တို့ ကိန္နရီညီအစ်မ ခုနစ်ဖော် ရေကစားတဲ့ ကန် ခုနစ်ဆင့်သာ ရင်းရင်းနှီးနှီး ဖြစ်ကြရတယ်။ ၁၉၉၅ ခု နောက်ပိုင်းမှာတော့ လွိုင်ကော် ရောက်ရင် ချိကယ်ထေးသမ ကလည်း ရောက်သင့်တဲ့ နေရာတစ်ခု ဖြစ်လာပါတယ်။

အဲသည်မှာ ကိုညွန့်တင်လေးရဲ့ ကယားရိုးရာ အထည်ရက်လုပ်ငန်း ရှိတယ်။ လက်ရက်ကန်း၊ စက်ရက်ကန်းတွေနဲ့ တွင်တွင်ကျယ်ကျယ် ရက်လုပ်နေတယ်။ ကယား ပြည်နယ်ကို အလည်လာတဲ့ နိုင်ငံခြား ဧည့်သည်တွေက ရိုးရာ လက်ရက်ကန်းကို ကြည့်ဖို့ လာတယ်။ မြန်မာနိုင်ငံသားတွေကတော့ ဈေးနှုန်းချို၊ အရည်အသွေးကောင်းတဲ့ ရိုးရာအထည်တွေကို အမှတ်တရ ဝယ်ယူဖို့ ရောက်လာကြတယ်။

ကယားရိုးရာအထည်တွေကို ဆန်းသစ် တွင်ကျယ်အောင် လုပ်ကိုင်နေတဲ့ ဦးညွန့်တင် (၁၉၅၂ ခု မွေးဖွား) ကို သူ့ဒေသကတော့ ကိုညွန့်တင်လေးလို့ပဲ ချစ်ခင်ရင်းနှီးစွာ ခေါ်ကြတယ်။ သူက ‘ညွန့်တင်လေး’ အမည်နဲ့ ကယားပြည်နယ် အလှပန်းချီသီချင်းတွေ သီဆိုလေ့ရှိတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

အများစုက သူ့ကို ကယားအမျိုးသားလို့ ထင်ကြတယ်။ တကယ်တော့ သူက အညာသားပါ။

လွိုင်ကော်မြို့က သူ့နေအိမ်မှာ ရေနွေးကြမ်းအခါးရေ အတူ သောက်ရင်း သူ့ဘဝ ရုန်းကန်ခဲ့ရတာတွေကို ကျွန်တော် သိခွင့်ရခဲ့တယ်။ ]

••••• ••••• •••••

ကျွန်တော့်ကို လွိုင်ကော်မှာ မွေးတယ်။ မိဘတွေက တောင်သူလယ်သမားတွေ။ ကျွန်တော်တို့ဒေသ သာစည် ဟံဇားမှာ မိုးခေါင်ပြီ ဆိုရင် ဘာပင်မှ မစိုက်နိုင်တော့ဘူး။ ဒါနဲ့ လွိုင်ကော်ကို မိဘတွေ ပြောင်းလာခဲ့တာ။

လောပိတစက်တွေ တည်တဲ့ အချိန်။ သည်မှာ အလုပ်ရှိလို့ အလုပ် လာလုပ်တာ။ ကျွန်တော် သည်မှာ မွေး၊ သည်မှာ ကျောင်းနေတယ်။

တောင်ကွဲ အဆင်းနားက ဆရာမကြီး ဒေါ်မြသီ မူလတန်းကျောင်းမှာ နှစ်တန်း အထိ နေခဲ့တယ်။ လောပိတ အလုပ်ကနေ မိဘတွေ ဟံဇား ပြန်တော့ ကျွန်တော်လည်း ပြန်ပါသွားတယ်။

ဟံဇားမှာ ကျောင်းပြန်နေတယ်။ ကျွန်တော်တို့ အိမ်နီးချင်းတွေက ရက်ကန်းစင် တွေရှိတယ်။ ကျွန်တော့်မိဘတွေက ဆင်းရဲတယ်။ မွေးချင်းတွေ များတယ်။ ကျွန်တော့် အစ်မ နှစ်ယောက်က ရက်ကန်း ခတ်ရတယ်။ ကျွန်တော်က ကလေးမို့ ဆော့ရင်းပြုရင်း အစ်မတွေရဲ့ ရက်ကန်းစင်ကို ဝင်ဝင်ခတ်တယ်။ အစ်မတွေကလည်း သက်သာချင်တော့ ချည်ပြတ်ရင် ပြန်ဆက်ပေးတယ်။ ကျွန်တော် ခတ်ရင် ခြေနင်းကို နင်းမိအောင် တိုတို လုပ်ပေးတယ်။ ခြေနင်းနာမှ ချည်သားဝင်တာ။

အသက် ၁၁ နှစ်၊ ၁၂ နှစ်မှာ အစ်မတွေရဲ့ ရက်ကန်းစင် ဝင်ခတ်ရင်း ကျွန်တော် ရက်ကန်းခတ်တတ်လာတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ လက်ခစား ဝင်ခတ်တယ်။

ကျွန်တော် ခုနစ်တန်း အောင်တော့ မိဘက ကျောင်းဆက်မထားနိုင်တာနဲ့ ကျောင်းထွက်လိုက်တယ်။ ရက်ကန်းခတ်ရတော့တာပေါ့။ ကလေးဘဝ ဆိုတော့ နေ့ရောညပါ ခတ်မှ ခုနစ်ကွင်း၊ ရှစ်ကွင်း ရတယ်။ ညမှာ ရေနံဆီမီးခွက်ကြီး ထွန်းပြီး ခတ်ရတာ။ ညပိုင်းခတ်တော့ ရက်ကန်းလည်း ခတ်ရသေး။ မီးခွက်က မှိုင်းသီးကြီးတွေ ချည်ပေါ်ပြုတ်မကျအောင်လည်း ဂရုစိုက်ရသေးတယ်။ မှိုင်းသီး ခြွေရတယ်။ ချည်ပေါ် ကျရင် ချည်မီးလောင်တတ်တယ်။

နောက်တော့ အမေတို့ကို ခွင့်တောင်းပြီး ကယားကို ပြန်သွားတယ်။ လွိုင်ကော် ကို တစ်ယောက်တည်း တက်ခဲ့တာ။ ပိုက်ဆံက ၃၅ ကျပ် ပါတယ်။ သာစည်က တောင်ကြီးကို ဂျစ်ကား။ တောင်ကြီး လွိုင်ကော် ကားခက ခုနစ်ကျပ်ပဲ ရှိသေးတာ။

လွိုင်ကော်မှာ တစ်-နှစ်-သုံး မုန့်ဆိုင် ရှိတယ်။ ကျွန်တော့် မွေးစား အဖေ အမေ ပေါ့။ အဲဒီမှာ သွားနေတယ်။ သူတို့နဲ့ မုန့်အတူ လုပ်တယ်။ မုန့်က မုန့်ကြမ်းတွေပါ။ မုန့်ကြွပ်တို့၊ ငါးမုန့် ဆင်မုန့်၊ မုန့်အရုပ်ကလေးတွေ၊ ဘီစကစ်တွေ လုပ်ရတယ်။ အဲသည်တုန်းက နေဖို့စားဖို့လည်း ပေးတယ်။ လုပ်အားခလည်း ပေးတယ်။

ကျွန်တော့် သူငယ်ချင်းက သမဝါယမမှာ ဝင်လုပ်ပါလား ပြောတယ်။ နေ့စားနဲ့ ဝင်လုပ်ကြည့်တယ်။ အဲဒါ ၁၉၇၅-၇၆ ခုနှစ်၊ မြို့နယ် သမဝါယမအသင်း ပွဲရုံလုပ်ငန်းမှာ အရောင်းစာရေး လုပ်ရတာ။ နောက်တော့ အရောင်းတာဝန်ခံ ဖြစ်သွားတယ်။

၁၉၇၄-၇၅ ခုလောက်မှာ ကျွန်တော်က ရိုးရာကယားလုံချည် ဝတ်ချင်တယ်။ ဝယ်ချင်လို့ မေးတော့ လွိုင်ကော်မှာ မထွက်ဘူးတဲ့။ ကယားလုံချည်ကို အမရပူရက ရက်ပြီး ပို့တယ်။ ကယားပြည်နယ်မှာ ကယားလုံချည်တော့ ထွက်သင့်တာပေါ့လို့ ကျွန်တော် စဉ်းစားတယ်။

ကျွန်တော်ရတဲ့ လခကလေးတွေ စုဆောင်းပြီး ဝက်ကလေးတွေ မွေးတယ်။ ဝက်ကလေးတွေ ကြီးလာတော့ မော်ချီး သွားရောင်းတယ်။ ၁၉၇၇-၇၈ မှာ ကျွန်တော် ဟံဇားကို ပြန်ဆင်းသွားပြီး ဝက်ရောင်းရတဲ့ ငွေနဲ့ ရက်ကန်းစင် ဝယ်တယ်၊ ခြောက်စင် ဝယ်နိုင်တယ်။ ရက်ကန်းခတ်တတ်တဲ့သူလည်း ဟံဇားက ခေါ်ခဲ့တယ်။

အဲသည်အချိန်မှာ ကျွန်တော်က လူပျို၊ အိမ်ထောင်ကျတာက ၁၉၉၄ ခု ကျမှ၊ မြို့နယ် သမဝါယမအသင်းမှာ လုပ်ငန်းတာဝန်က ပွဲရုံကနေ ကုန်ပဒေသာဆိုင်ကို ပြောင်းရတာ။ ကျွန်တော့် အမျိုးသမီး မထူးမြာက ဆိုင်တာဝန်ခံ။ အဲသည်မှာ တွေ့ပြီး အိမ်ထောင်ကျတာ။

ရက်ကန်း စလုပ်ခါစမှာ ဖြုန်းအား မရှိတော့ လုပ်လိုက်၊ ရပ်လိုက်။ အထည်တွေ ရက်ထားပြီး ရောင်းလို့က မထွက်ဘူး။ နောက်ထပ် လည်ပတ်ဖို့ ငွေက မရှိ။ ရှိတာလေးနဲ့ လုပ်ရတာ။ ကိုယ် ခေါ်လာတဲ့ အလုပ်သမားတွေ ရပ်တည်နိုင်အောင် ကျွန်တော် ရှာခဲ့ရတယ်။ ငွေကို အတိုးနဲ့ ယူပြီး လုပ်ရတာ။

လုပ်ငန်းကတော့ လိမ်ဖည်လိမ်ဖည်ပဲ။ ဇွဲမလျှော့ဘဲ လုပ်လာတာ ၁၉၉၅ ခုနှစ် ရောက်လာတယ်။ လွိုင်ကော်မှာ ကျောင်းသားပွဲတော် လုပ်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လာကြတယ်။ ကယားပြည်နယ် အမှတ်တရ ဆိုပြီး ဝယ်ကြတာ။ ပွဲမှာ ရောင်းဖို့အတွက် ကြိုလုပ်ထားတာ။ နှစ်ရက်နဲ့ ကုန်သွားတယ်။

ဦးနှောက်ခြောက် စိတ်ဆင်းရဲခံပြီး လုပ်ခဲ့ရတာ။ သည်တစ်ခါတော့ အောင်ပြီလို့ တွက်လိုက်တယ်။ ချက်ချင်း အားဖြည့်ပြီး ရက်တာ။ ကယားဝတ်စုံကို တစ်နိုင်ငံလုံးက သိသွားပြီး ဝယ်ကြတယ်။ လုပ်ငန်းချဲ့မှဖြစ်မယ် ဆိုပြီး ချဲ့တယ်။

ကယားရိုးရာ အထည်က အနီအနက်ကို အဓိက ထားတယ်။ အရင်က ရှိခဲ့တဲ့ ဂျပ်ခုတ် အထည်တွေကို အခြေခံဒီဇိုင်း မပြောင်းဘဲ အရောင်သစ်တွေ ဆန်းသစ်တီထွင်ဖို့ ကယားယဉ်ကျေးမှု လူကြီးတွေ ဆီက အကြံဉာဏ် ယူတယ်။ ယခုတော့ ရိုးရာမပျက် ဒီဇိုင်းမှာ ကာလာစုံ ဖြစ်လာတယ်။ ဆန်းသစ်တီထွင် ကယားဖက်ရှင် ဆိုပြီး ဖြစ်လာတယ်။

၁၉၉၆ ခုနှစ်မှာ သမဝါယမအသင်း ဝန်ထမ်းအလုပ်က ထွက်လိုက်ပြီး ရက်ကန်း အလုပ်ကို ဇောက်ချလုပ်တယ်။

အရောင်အသွေးစုံတဲ့ ကယားရိုးရာဝတ်စုံကို အကြိုက်များလို့ နိုင်ငံတစ်ဝန်းလုံးမှာ ဈေးကွက် ကျယ်သွားပြီး အပြောင်းအလဲမှာ အရှိန်နဲ့ တွန်းတက်ခဲ့တာ။

ကျွန်တော် ငယ်ငယ်က လွိုင်ကော် ပြန်တက်လာခဲ့တာ မှန်သွားတယ်။ ဟံဇား မှာသာ နေနေရင် ခုလောက်ဆို ဘဝပျက်မှာပဲ။ မိဘက ဆင်းရဲ၊ ဒေသက မိုးခေါင်ရေရှား။ မိုးခေါင်ပြီဆို ဘာမှ မစိုက်နိုင်ဘူး။

▢ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၁ 

Saturday, September 5, 2026

မိတ်ဆွေကောင်းတွေ ရှိတဲ့သူ


❝ မိတ်ဆွေကောင်းတွေ ရှိတဲ့သူ ❞

[ ကိုသိန်းထွဋ် ( ယခု အသက် ၄၇ နှစ် ) က အလုပ်တွေ အများကြီး လုပ်တဲ့သူ၊ အလုပ်မျိုးစုံ လုပ်နေတဲ့သူ ဖြစ်ပါတယ်။

ပုဂံညောင်ဦး နဲ့ မန္တလေး ပြေးဆွဲတဲ့ “ရွှေပုဂံမန်း” ခရီးသည်တင် ကားလိုင်း တစ်ခုကို သူပိုင် ကားတွေနဲ့ ပြေးဆွဲနေတယ်။ ညောင်ဦးမန်း၊ ညောင်ဦးသား ကားလိုင်းတွေထဲမှာလည်း သူ့ကား ထည့်ထားတယ်။ ပုဂံလောကနန္ဒာ ဘေးမဲ့တော ထဲက သစ်ရိပ် ဝါးရိပ်တွေ အောက်မှာ သူ့ရဲ့ နန္ဒဝန် ဆိုတဲ့ စားသောက်ဆိုင် ရှိတယ်။ ညောင်ဦးမြို့မှာ သူ့ရဲ့ “ အိုအေစစ် ” တည်းခိုခန်း ရှိတယ်။ သစ်စက်လည်း ရှိတယ်။

သူက ကန်ထရိုက်လုပ်ပြီး ဈေးဆိုင်တွေ၊ ကျောင်းတွေ၊ ရုံးတွေ၊ ဟိုတယ်တွေ၊ အိမ်တွေလည်း ဆောက်တယ်။ ကျောက်ပန်းတောင်းတို့ ပေါက်တို့မှာ ရေနံမှော်တွေ ပေါ်လာတော့လည်း သူက ရေနံ တူးလိုက်သေးတယ်။

စက်မှုလက်မှု ဝါသနာ ပါတော့ ကိုသိန်းထွဋ် က ကားဆင်တယ်။ ညောင်ဦးမြို့က သူ့ခြံဝင်းထဲမှာ ကားပစ္စည်း သံတိုသံစတွေ နဲ့ ပြည့်နေတယ်။ ကားဖရိမ်တွေ၊ အင်ဂျင်တွေ၊ အိတ်ဇယ်တွေ အစုံပဲ။

ကိုသိန်းထွဋ် အကြောင်း ဘဝဇာတ်ခုံမှာ တင်ဆက်ဖို့ စီစဉ်နေတာ ကြာပြီ။ ကျွန်တော် ပုဂံကို ရောက်တုန်းက သူ့ ဓာတ်ပုံတွေ ရိုက်ယူထားတာ သုံးနှစ်လောက် ရှိသွားပါပြီ။ သူနဲ့ လူချင်း ဆုံပြီး အေးအေးဆေးဆေး စကားပြောဖို့ သူ့ဘက်က အချိန် သိပ်မရဘူး ဖြစ်နေခဲ့တယ်။

သူရော ကျွန်တော်ပါ ဦးလေးလို မိဘလို ဖြစ်နေတဲ့ ဦးတင်အုန်း ထိုင်းနိုင်ငံ ဘန်ကောက် ဆေးရုံကြီးကို ဆေးသွားစစ်ဖို့ အကြောင်းပေါ်လာတယ်။ သူရော ကျွန်တော်ပါ အဖော် လိုက်သွားတယ်။

ကျွန်တော်နဲ့ သူ တစ်ပတ်လောက် ဘန်ကောက်မှာ အတူ နေဖြစ်ကြတယ်။ ကိုသိန်းထွဋ်က သူ့ အကြောင်းတွေကို စိတ်လိုလက်ရ ပြောပြပါတယ်။ ]

••••• ••••• •••••

အဖေနဲ့ အမေက ဝန်ထမ်းတွေ ဆိုတော့ အမေ့ဇာတိ ရေနံချောင်း မှာ မွေးတာပါ။ အမေက ဒေါ်တင်အုန်းမြင့်၊ သားဖွားဆရာမ။ အဖေက ကျန်းမာရေးမှူး ဦးတင်အောင်။

ကြီးပြင်းတာကတော့ မိဘတွေ တာဝန်နဲ့ ရွှေ့ပြောင်းရာ နေရာတွေမှာ။ ပုပ္ပား၊ ကျောက်ဆည်၊ ပုဂံညောင်ဦး မှာ အကြာဆုံးပေါ့။ ၁၉၇၃ ခု ပုဂံညောင်ဦး ရောက်တော့ ကျွန်တော် လေးတန်းပေါ့။

ပုဂံညောင်ဦး ကနေ မိတ္ထီလာကောလိပ် နှစ်နှစ်၊ မကွေးတက္ကသိုလ် နှစ်နှစ် တက်တယ်။ ၁၉၈၄ ခုမှာ ရူပဗေဒအဓိကနဲ့ ဘွဲ့ရပြီး မန္တလေးတက္ကသိုလ်မှာ ဂုဏ်ထူးတန်း တက်တယ်။ တစ်နှစ်ပဲ တက်ပြီး ပြီးအောင် ဆက်မတက်ဘဲ ပုဂံ ပြန်တယ်။

ကျွန်တော်တို့ မမွေးခင် ကတည်းက အဖေ့မှာ ကားရှိတယ်။ ထရပ်ကား။ ကျွန်တော်တို့ အိမ်က ဆောက်လုပ်ရေးဌာနနဲ့ မျက်နှာချင်းဆိုင်။ ကျွန်တော်တို့ ကားက ဆောက်လုပ်ရေးကို ကားအငှား လိုက်တယ်။ အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ သစ် လိုတဲ့ဟာကို တိုက်ပေးရတာ။ မိတ္ထီလာ မှာ ကျောင်းတက် နေရင်းက ကျွန်တော် ပုဂံ ပြန်ပြန်လာပြီး ကားလိုက်မောင်းတယ်။

ဘွဲ့ရပြီးတော့ ပုဂံ မှာ registered guide ( လိုင်စင်ရ ခရီးသွားလမ်းညွှန် ) လုပ်တယ်။ အဲဒါ ၁၉၈၇ မှာ။ ဂိုက် လုပ်ချင်တော့ အင်္ဂလိပ်စာ သင်ရတာပေါ့။ အခု အမေရိကား ရောက်နေတဲ့ ဂိုက်ဦးရဲ ဆီကနေ သင်ယူတယ်။ လေဆိပ်မှာ ဧည့်သည်နဲ့ တွေ့ရင် ဘာစပြောရမယ်၊ ဘယ်ဘုရား ရောက်ရင် ဘာတွေ ရှင်းပြရမယ်၊ ပြတိုက်မှာ သူတို့ ဘာတွေ စိတ်ဝင်စားတယ်၊ ယွန်းဆိုင် မှာ ယွန်းထုတ်လုပ်ပုံ အဆင့်ဆင့် ရှင်းပြပုံတွေ သင်ရတယ်။

ဂိုက်လုပ်ငန်း သက်တမ်း တိုပါတယ်။ လိုင်စင်ရပြီး သိပ်မကြာဘူး ဆက်မလုပ်ဖြစ်တော့ဘူး။ ဆရာဦးကိုလေး နဲ့ အတူ ချောက် မှာ ချက်ဒီဇယ် အရောင်းအဝယ် သွားလုပ်တယ်။ ရေနံစိမ်း ကို ကားမောင်းလို့ရတဲ့ ဒီဇယ်အချော ချက်တာ။ ဒါလည်း ခဏပဲ။

ဆောက်လုပ်ရေးမှာ ကားနဲ့ ပစ္စည်းတွေ တိုက်ပေးရင်းနဲ့ အက်စ်အေအီးတွေ အေအီးတွေနဲ့ ခင်မင်နေတယ်။ အဖေ ကလည်း ကျန်းမာရေးမှူး ဆိုတော့ ဆေးကုပေးရင်း ရင်းနှီးနေကြတာ။

အေအီးဦးအောင်ကြည် က ကျွန်တော့်ကို ကန်ထရိုက်လိုင်စင် လျှောက်ပေးတယ်။ အင်ဂျင်နီယာ ဦးကိုကိုအောင် နဲ့ တွဲပြီး ကန်ထရိုက်လုပ်ငန်းတွေ ကျွန်တော် လိုက်လုပ်တာပေါ့။ ကျွန်တော်က ဆောက်လုပ်ရေးထဲမှာ ကားလုပ်ငန်းလုပ်တာ ဆိုတော့ အဆောက်အအုံ ဆောက်တာတို့ အခေါ်အဝေါ်တို့ အထိအတွေ့ ရှိတယ်။

ကျွန်တော်တို့ လုပ်ငန်းတွေ အများကြီးရတယ်။ ပုဂံမြို့ဟောင်းနဲ့ မြို့သစ် အပြောင်းအလဲ လုပ်ချိန်ဆိုတော့ ဈေးအဆောက်အအုံတွေ၊ ရုံးတွေ၊ ကျောင်းတွေ အများကြီး ဆောက်ရတယ်။

ကျွန်တော်က ကန်ထရိုက်လုပ်ငန်း သစ်တောဌာန ဦးစီးအရာရှိ ဦးကျော်မြင့် နဲ့ ဆက်သွယ်မိပြီး သစ်စက်လိုင်စင် လျှောက်တယ်။ ကိုယ့်မှာ သစ်စက် ရှိတော့ ကိုယ့်စက် နဲ့ ကိုယ်ခွဲတယ်။ သစ် ကလည်း ကျွန်တော်တို့ ဆီမှာ ပေါတယ်။ ပုံတောင် ပုံညာ ရော၊ ဂန့်ဂေါ ဘက်က ဆင်းတယ်။ ချင်းတွင်း ဘက်က ဆင်းတယ်။

သစ်က ကိုယ့်စက်နဲ့ ကိုယ် ခွဲတော့ ဈေးသက်သာတယ်။ ကိုယ့်မှာ ကားတွေ ရှိတော့ ကိုယ့်ကားနဲ့ ပစ္စည်းသယ်နိုင်တယ်။ ကျွန်တော် ဆောက်တဲ့ အဆောက်အအုံတွေ သူများထက် ဈေးသက်သက်သာသာ လုပ်ပေးနိုင်တယ်။ ဈေးသက်သာပြီး ကောင်းတယ်။ ဆောက်တာလည်း မြန်တယ်။ သစ်တောဦးစီး ဦးအောင်ဝင်း လက်ထက်မှာ သစ်တော ဧည့်ရိပ်သာတွေ ဆောက်ရတယ်။ ညောင်ဦးစိမ်းစိုရုံး ဆောက်ရတယ်။ ဝန်ကြီး က ကျွန်တော် ဆောက်တာ သဘောကျသွားပြီး ပုပ္ပားမောင်တိန်းရီဆော့ ဆောက်ခိုင်းတယ်။ အာဆီယံအစည်းအဝေး လာတက်သူတွေ နားဖို့ အိပ်ဆောင်ငါးဆောင် ဆောက်ရတယ်။

ကျွန်တော်က အင်ဂျင်နီယာ ဝါသနာပါတယ်။ ဆယ်တန်းအောင်တော့ အမှတ်မမီလို့ Physics ပဲ ယူရတာ။

ကျွန်တော်တို့ ခေတ်တုန်းက နိုင်ငံခြားသွား အလုပ် လုပ်ချင်ရင် ငွေခုနစ်သောင်း ရှိရင် ထွက်လို့ရတယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ဂျပန် ထွက်သွားတာ အခု ပြန်လာပြီ။ သူက အတူ သွားရအောင် ခေါ်တယ်။ အဲဒီတုန်းက ငွေခုနစ်သောင်း ဆိုတာ ကလည်း အိမ်မှာ ရှိသမျှပစ္စည်း တော်တော် ကုန်အောင် ရောင်းမှ ပြည့်မှာ။ ကိုယ်က ဟိုမှာ အဆင်မပြေရင် ခွကျမှာ။ ကျွန်တော်က ညီအစ်ကို မောင်နှမ လေးယောက်မှာ အကြီးဆုံး။ ကျွန်တော့် ညီက သွားချင်တယ် ဆိုလို့ သူ့ကို ဦးစားပေးလိုက်တယ်။ သူက ဂျီတီအိုင် ဆင်းတော့ စင်ကာပူ သွားအလုပ် လုပ်တယ်။ စင်ကာပူ မှာပဲ ဆုံးသွားလို့ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် သွားပြီး ဟိုမှာပဲ သင်္ဂြိုဟ်ခဲ့ရတယ်။

ကျွန်တော်တို့ ငယ်ငယ် ကတည်းက အဖေက စာသင်ပေးတယ်။ ကျွန်တော် ရှစ်တန်း၊ ကိုးတန်းနှစ် နွေရာသီ ကျောင်းပိတ်ရက်မှာ အဖေက ဝပ်ရှော့ဆရာ ဦးဖေစိန် ဆီခေါ်သွားပြီး ကားပညာ သင်ပေးတယ်။ အဖေ့သူငယ်ချင်း ဦးလှမောင် ဆီမှာ ရေဒီယို ပြင်တဲ့ ပညာသင်ရတယ်။ အသက်မွေးဝမ်းကျောင်းပညာ တတ်စေချင်တဲ့ သဘောပါပဲ။

အဖေက မိသားစုနဲ့ အတူ တစ်နှစ်တစ်ခါ ခရီးထွက်တယ်။ မိသားစုလိုက် ကျိုက်ထီးရိုး၊ ကျိုက္ခမီ၊ အင်းလေး၊ ရန်ကုန်၊ မန္တလေး အစုံပို့တယ်။

မှတ်မှတ်ရရ ကျွန်တော် တက္ကသိုလ်မှာ ဒုတိယနှစ် တက်နေတုန်း ကျိုက္ခမီ စက်စဲ သွားကြတာ။ သာစည်ဘူတာမှာ ရထားလက်မှတ် မရတော့ ကြုံသလို လိုက်ရတာ။ ပဲခူး မှာ ရထား စီးကြတော့လည်း မိသားစု ခြောက်ယောက်ကို ရထားတစ်တွဲစီ တကွဲတပြားပါသွားတာ။ တက်တက်တက်ဆိုလို့ အဆင်သင့်ရာ တွဲကို ဇွတ်ရော အတင်းရော တက်လိုက်ရတာ။ အဲဒီခေတ်က အခုလို ခရီးသွားရာ အဆင်သင့်အောင် စီစဉ်လို့ မရဘူး။ ရထားလက်မှတ်က ခက်ခဲတယ်။ ဒါပေမဲ့ အဖေကတော့ မိသားစုလိုက် ခရီးထွက်တာပဲ။

အဲဒီ အလေ့အထကို ကျွန်တော် ဆက်ခံပြီး မိသားစုလိုက် ခရီးထွက်ပါတယ်။

၂၀၀၇ ခုတုန်းက မိသားစု အလိုက် ရခိုင်ပြည်နယ် ကို သွားကြတယ်။ အဓိက ကတော့ တီဗွီထဲမှာ မြောက်ဦးဘုရားတွေ တွေ့တော့ အမေ့ကို ပို့ချင်တာ။ သားသမီးတွေကို ငပလီ ပို့ချင်တာ၊ မြောက်ဦး နဲ့ ငပလီ တခြားစီ၊ တောင် နဲ့ မြောက် ဆိုတာ မသိဘူး။

မိတ်ဆွေ စက်ဆရာကို ခေါ်ပြီး သင်္ကြန်တွင်းမှာ ကိုယ့်ကားနဲ့ ကိုယ် သွားကြတာ။

ငပလီ ကို အရင် သွားတယ်။ အောင်လံ အဝင်မှာ ခဲနဲ့ တိုက်မိပြီး အင်ဂျင်ဝိုင်ဆီကန် ပေါက်တယ်။ သင်္ကြန်အကြတ်နေ့မှ သံတွဲ ရောက်တယ်။ သံတွဲ မှာ ထမင်းဆိုင်က သံတွဲ - စစ်တွေလမ်းတွေ မတရားကောင်းတယ် ပြောတာနဲ့ အမေ့ကို မြောက်ဦး ပို့ဖို့ ထွက်ခဲ့တယ်။

ကားက စပယ်ယာဘီး နှစ်လုံးပါတယ်။ တောင်ကုတ် နဲ့ အမ်းလမ်း က မြေလမ်းကြီး၊ အသစ်လုပ်ပြီးစ။ အမ်း မရောက်ခင် ကားဘီးတွေ ပေါက်လိုက်တာ စပယ်ယာဘီး နှစ်လုံး ကုန်ပြီ။ ကားမှာ တပ်ထားတဲ့ ဘီးလေးလုံးပဲ ကျန်တယ်။ ရှေ့ကြည့်လည်း တောင်တွေ၊ နောက်ပြန်ကြည့်တော့လည်း တောင်တွေ။ ကားဘီး လေးလုံးကို ရေတွေ့ရင် ရေလောင်းပြီး မောင်းရတာ။

အမ်း မှာ ကျွတ်အသစ်တွေ ဝယ်တယ်။ သင်္ကြန်အတက်နေ့၊ ဆိုင်က ရေကစား နေလို့ စောင့်ပြီးမှ ဝယ်ရတယ်။

မြောက်ဦးဘက် သွားတဲ့ လမ်းကလည်း ခဲလမ်းတွေ ချည်းပဲ။ အမ်း က ထွက်ပြီး သိပ်မကြာဘူး၊ ဘီးက ပေါက်ပြန်ရော။ ကဏန်းပို့တဲ့ စခန်းတဲတွေ ရောက်မှ ဘီးဖာပြီး ခရီးဆက်ရတယ်။ မြောက်ဦး မရောက်ခင် မှောင်သွားလို့ လမ်းမှာ တွေ့တဲ့ ထမင်းဆိုင် မှာပဲ ခွင့်တောင်းပြီး ညအိပ်လိုက်ရတယ်။

နောက်နေ့မှ မြောက်ဦး ရောက်ပြီး ရှေးဟောင်းက သူငယ်ချင်း ကိုရဲလွင် ရဲ့ အခန်းမှာပဲ တည်းကြပြီး မြောက်ဦး က ဘုရားတွေ ဖူးကြတယ်။

မိသားစု ဘဝ တစ်လျှောက်မှာ ခက်ခက်ခဲခဲ သွားခဲ့ရတဲ့ မှတ်တမ်းလေး တစ်ခုပါပဲ။ အခက်အခဲကို အတူ ရင်ဆိုင်ကြရတော့ မိသားစု ပိုပြီး စည်းလုံး ချစ်ခင်သွားတယ်။ ကျွန်တော့် အိမ်ထောင်ဖက် က ကျောင်းဆရာမ။ သူ့ အမည်က မခင်ကျော့လွင်။ ဇနီးမောင်နှံ ဒိုးတူပေါင်ဖက် အတူ လက်တွဲပြီး အလုပ် လုပ်ကြတယ်။

ကျွန်တော်တို့ အလုပ်တွေ အများကြီး လုပ်ကြတယ်။ ကျွန်တော်က စက်မှုပိုင်း ဝါသနာပါတယ်။ လုပ်ငန်းမှာ ကျွန်တော် ဝါသနာပါတာတွေ လျှောက်လုပ်သလို ဖြစ်နေတယ်။ လောဘနဲ့ ဝါသနာနဲ့ ပေါင်းပြီး လုပ်တာတွေများတော့ ဟိုစပ်စပ် သည်စပ်စပ် လျှောက်လုပ်သလို ဖြစ်နေတယ်။ လုပ်ငန်းတွေက များ၊ ဖိဖိစီးစီး မလုပ်နိုင်တော့ ဟာတဲ့နေရာ ဟာတယ်။ ကျွန်တော် ချုံ့သင့်တာတွေ ချုံ့ပြီး တကယ် လုပ်ချင်တဲ့ အလုပ်၊ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တဲ့ အလုပ်ကို ဦးစားပေး လုပ်ရတော့မယ်။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

Saturday, August 22, 2026

ယမင်းသူဇာ


❝ ယမင်းသူဇာ ❞

ယမင်းသူဇာ ဦးမြတ်ကျော် (ယခု အသက် ၇၄ နှစ်) ကို ဓာတ်ပုံလောက က လေးစားကြတယ်။

“ဆရာက ခေတ်အလိုက် လိုက်တယ်။ ကင်မရာတွေ ခေတ်ပြောင်းသလို ဆရာက ပြောင်းကိုင်တယ်။ ကာလာကူးစက်လည်း ခေတ်အလိုက် လိုက် ပြောင်းဝယ်တယ်။ လူငယ်တွေနဲ့ ပြောဆို နေထိုင်ရာမှာလည်း ခေတ်အလိုက်ပဲ”

လို့ ဘိုဓာတ်ပုံအဖွဲ့က ဓာတ်ပုံကိုဇော်ဇော် က ပြောပြတယ်။ ဆရာဦးမြတ်ကျော် ဟာ တစ်ခေတ်တစ်ခါက အောက်ဒိုးဓာတ်ပုံ နာမည်ကြီးတယ်။ အထက်မြန်မာနိုင်ငံ ဓာတ်ပုံအသင်း မှာလည်း ဥက္ကဋ္ဌတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းခဲ့တယ်။ ယခုအခါ ကာလာဓာတ်ပုံကူးလုပ်ငန်းကို လုပ်နေတယ်။ မန္တလေးမြို့က ဘိုဓာတ်ပုံတိုက်မှာ ဆရာနဲ့ တွေ့ဆုံခိုက် ဆရာ့ ဘဝအကြောင်းကို ကျွန်တော် မေးပါတယ်။

“ကျွန်တော့် မိဘတွေက ငါးပိ၊ ငါးခြောက် ရေချိုကုန် ရောင်းတာ။ ဓာတ်ပုံလုပ်ငန်းနဲ့ ဘာမှမဆိုင်ဘူး။ ဓာတ်ပုံဝါသနာ ပါတာက ၁၃၁၃ ခုနှစ်၊ မန္တလေးမှာ ပြည်ထောင်စုသင်္ကြန်ကြီးကျင်းပတဲ့အချိန်။ အမျိုးသမီးအသင်းပေါင်း ၃ဝဝ လောက်၊ အမျိုးသား အသင်းပေါင်း ၂ဝဝ လောက် ရေသဘင်ပွဲ နွှဲကြတာ။ ကျွန်တော့်နှမ တစ်ယောက်က မြဝတီလုံမေ ဆိုတဲ့ အသင်းထဲမှာ ပါတယ်။ သူ့ကို ဓာတ်ပုံရိုက်ပေးပါ ပြောတာနဲ့ ၁၅ ကျပ်တန် ဘောက်စ် (box) ကင်မရာလေး ဝယ်ပြီး ရိုက်ပေးတာ။ အဲဒီခေတ်က ဘောက်စ် ကင်မရာခေတ်”

“အရင်က ရိုက်ဖူးရိုက်စ မရှိဘူးလား”

“ကျွန်တော့်အသက် ၁၅ နှစ်လောက်တုန်းက ဘေဘီဘရော်လီ ဆိုတဲ့ ဘောက်စ် ကင်မရာလေးနဲ့ ကျွန်တော့် အမေ ဘုရားသွား ကျောင်းတက်တာ၊ မန္တလေးတောင်ပေါ် သွားတာတွေ ရိုက်ပေးဖူးတယ်။ ၁၇ နှစ်လောက်ကျတော့ သင်္ကြန်မှာ နှမကို ရိုက်ပေးရတာ”

“ကျောင်းတက်တာကကော”

“မူလတန်းတုန်းက သကျသီဟဘုရားနားက ဆရာကြီးဦးလှဝင်းကျောင်းမှာ တက်ခဲ့တာ။ အသင်အပြ ဆုံးမသြဝါဒ အင်မတန် ကောင်းတဲ့ကျောင်း။ သွားတာ လာတာ၊ နေတာ ထိုင်တာက အစ သင်ပေးတဲ့ကျောင်း။ ငါးတန်းရောက်တော့ ပုဏ္ဏားကြီး ဦးမောင်ကြီးကျောင်း၊ ခြောက်တန်းက ကိုးတန်း အထိတော့ ဆရာကြီး ဦးဖေတင်နဲ့ ဦးပေါ်ထွန်းတို့ ထောင်တဲ့ ဖီးလစ်အင်စတီကျူ။ သင်္ချာနဲ့ အင်္ဂလိပ်စာတော့ နိုးတူးပဲ။ ဆယ်တန်းကျ နေရှင်နယ်ကျောင်း။ အဲဒီအချိန်မှာ ဓာတ်ပုံက တအား ဝါသနာပါနေပြီ။ စာမကြိုးစားတော့ဘူး။ ၁၉၅၄ ခုမှာ ကျောင်းထွက်တယ်”

“ကျောင်းထွက်ပြီးတော့”

“လက်နှိပ်စက်တို့၊ စာရင်းကိုင်တို့ သင်တန်းတွေ တက်တယ်။ ၁၉၅၆ ခုနှစ် ရောက်တော့ ခရိုင် လက်ကား သမဝါယမမှာ အရောင်းစာရေး ဝင်လုပ်တယ်။ အဲဒီလို လုပ်နေရင်း ပါကိုတူး ကင်မရာလေး ကျွန်တော် ဝယ်တယ်။ အသိမိတ်ဆွေတွေရဲ့ အလှူ၊ မင်္ဂလာဆောင်တွေ လိုက်ရိုက်တယ်။ မီး မသုံးနိုင်ဘူး၊ ဒေးလိုက် (day light) နဲ့ပဲ။ စာရေးလုပ်ရင်း လခ စုတယ်။ လခကနေ တစ်လတစ်လ ကျပ်ငါးဆယ် (ကျပ် ၅၀) စုသွားပြီးနောက် ကျပ်ရှစ်ရာ (ကျပ် ၈ဝဝ) နဲ့ ရိုလီကော့ ကင်မရာ ဝယ်တယ်”

“ပထမဆုံး ပိုက်ဆံရတဲ့ ဓာတ်ပုံအကြောင်း ပြောပါဦး”

“၃၃ လမ်း၊ ၈၃-၈၄ လမ်းကြားမှာ ပုံနှိပ်တိုက် ရှိတယ်။ သတို့သမီးက မအမာတဲ့။ သူ့ မင်္ဂလာဆောင်မှာ ရိုက်တာ။ အဲဒီတုန်းကတော့ ဒေးလိုက်နဲ့ အတိုင်း ရိုက်ရတာ။ မီးလုံးတွေ မသုံးနိုင်သေးဘူး။ မဏ္ဍပ်ကို အမိုးဖွင့် ရိုက်တယ်။ လူတွေ မဏ္ဍပ်ရှေ့ ထွက်ခိုင်းပြီး ရိုက်ရတယ်”

“ဝန်ထမ်း တစ်ဖက်နဲ့ပေါ့”

“ဟုတ်တယ်။ ၁၉၅၈ ခုနှစ်ကျတော့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ဆိုရင် TTC (ဆရာအတတ်သင်သိပ္ပံ) သွားရိုက်တယ်။ တချို့ကလည်း မန္တလေးတက္ကသိုလ် သွားရိုက်ပါလား အကြံပေးတယ်။ ဓာတ်ပုံလုပ်ငန်း ဇောက်ချ လုပ်ချင်တာနဲ့ ၁၉၆၁ ခုမှာ အလုပ်က ထွက်တယ်။ ၁၉၆၁ ခု၊ ဇူလိုင်လ ၂၂ ရက်မှာ ငွေစံပယ်ဓာတ်ပုံ စတူဒီယိုကို ဖွင့်တယ်”

“ဓာတ်ပုံတိုက်ဖွင့်ဖို့ အလုပ်က ထွက်တာလား”

“ကျောက်ဆစ်တန်း ဦးတင်အေး၊ စစ်ကိုင်းဦးချစ်မောင်တို့က မင်း ကွာလတီ ကောင်းနေပြီ၊ ဓာတ်ပုံဆိုင် ဖွင့်ပါလို့ တိုက်တွန်းကြတာ။ ဆိုင်နေရာက အငှား၊ ဆိုင် စထောင်တော့ ငွေကျပ်လေးထောင့်ငါးရာ (ကျပ် ၄၅ဝဝ) နဲ့ စတာ။ ကင်မရာတော့ မပါဘူးပေါ့။ ဒီငွေနဲ့ ဆိုင်ထောင်လို့ရတာ။ ခုနေဆိုတော့ ဟာသဖြစ်နေမယ်”

ဦးမြတ်ကျော်က ပြောရင်း ရယ်တယ်။

“တက္ကသိုလ်ကို သွားပြီး အောက်ဒိုး ဓာတ်ပုံ ရိုက်တယ်။ တက္ကသိုလ်မှာ တခြား ဓာတ်ပုံဆရာတွေလည်း ရှိတယ်။ အပြိုင်ဆိုတော့ ကျွန်တော်က ကြာသပတေး၊ သောကြာမှာ ဓာတ်ပုံ အပ်တယ်၊ တခြား ဓာတ်ပုံဆရာက စနေ၊ တနင်္ဂနွေမှ အပ်တာ”

“ကိုယ်က တစ်ပန်း သာနေတာပေါ့”

“စောအပ်တဲ့ အတွက် ကျောင်းသူတွေက ပုံကို ပိုပြီး မြန်မြန် မြင်ရတယ်။ ပုံ စောမြင်ရလို့ ကျွန်တော့်ကို သူတို့က ပိုပြီး ဒိတ် (date) လုပ်တယ်။ စနေနေ့ ရိုက်ကြမယ်၊ တနင်္ဂနွေနေ့ ရိုက်ကြမယ် ဆိုတာမျိုးပေါ့”

“သီးခြား ဘော်ဒါတွေ ရတာပေါ့”

“မြို့ထဲက အလှူ၊ မင်္ဂလာဆောင်တွေလည်း ရိုက်ရတယ်။ ကျွန်တော် ကံကောင်းတာက ကျောင်းပိတ်တော့မယ့် ရာသီဆိုရင် မြို့ထဲက အလှူ၊ မင်္ဂလာ ဆောင်တွေ ပေါတယ်။ ဝါဝင်လို့ အလှူ၊ မင်္ဂလာဆောင် ပါးပြီဆို ကျောင်းက ဖွင့်ပြီ။ စာမေးပွဲနီးလေ၊ သူတို့က အောက်ဒိုးရိုက်လေ”

“Group Photo လည်း ရိုက်ကြတာ တွေ့ဖူးတယ်”

“မေဂျာအလိုက် အသင်းအဖွဲ့တွေ ရိုက်ကြတယ်။ အဲဒီ ခေတ်က တက္ကသိုလ်တွေ ဒါလောက် မများသေးတော့ မန္တလေးတက္ကသိုလ်ကို အဝေးက လာ တက်ကြတယ်။ ရခိုင်ဘက်က၊ မွန်က၊ ရှမ်းက၊ ကချင်က၊ ချင်းက ဒေသအလိုက် ဂရု (ပ်) ဖိုတိုတွေ အရမ်း ရိုက်ရတယ်။ ဂရု (ပ်) ဖိုတိုတွေ သိပ်ရိုက်ရတော့ ကျွန်တော် ကိုင်နေတဲ့ ဝမ်းတွမ်တီး ကင်မရာလေးက သေးတယ်။ ကွာလတီ ပိုကောင်းအောင် ဆိုပြီး လင်းဆော့ကင်မရာကြီး ဝယ်တယ်။ ပုံတွေ ပိုပြီး ညက်ညောပြေပြစ်တယ်”

“အဲဒီခေတ်က ဆရာဦးမြတ်ကျော် ဓာတ်ပုံလုပ်ငန်း နာမည် ပြောင်းတာ မှတ်မိတယ်”

“၁၉၆၁ ခုမှာ ဓာတ်ပုံဆိုင် စဖွင့်တော့ ငွေစံပယ်၊ ငွေစံပယ် ဆိုတဲ့ နာမည်ကို ဗေဒင်ဆရာက မင်းက ငွေစတွေကို ပယ်တဲ့ သဘော ဖြစ်နေတယ်။ မိုးကျော် သွားအောင် မိုးကျော်သူလို့ ပြောင်းခိုင်းတာ”

“ဗေဒင်ဆရာ ကသာ ငွေစတွေ ပယ်တယ် ပြောပေမယ့် ပိုက်ဆံတွေတော့ ဝင်နေတာပဲ မဟုတ်လား”

“အများကြီး ရနေတာပါ”

“နာမည် ပေါက်ပြီးသားကို ပြောင်းလိုက်ရတာ မနှမြောဘူးလား”

“၁၉၆၃ မှာ မိုးကျော်သူ အမည်ပြောင်းတယ်။ တက္ကသိုလ်မှာ မိုးကျော်သူ လည်း နာမည်ကြီးပါတယ်”

“ဆရာက တက္ကသိုလ်မှာ အောက်ဒိုးရိုက်သလို၊ ဓာတ်ပုံတိုက်က စတူဒီယိုမှာ အင်ဒိုးရိုက်တယ်၊ အလှူပွဲ၊ မင်္ဂလာပွဲတွေလည်း ရိုက်တယ်နော်”

“ကျွန်တော်က ဂျာဝါးဆိုင်ကယ်နဲ့ လိုက်ရိုက်တာ။ ယ/၇၆၆ ကြီး ခန်းမ ၂ အောက် ရပ်ထားရင် ဒီပွဲ ကျွန်တော် ရိုက်နေပြီလို့ လူတွေ သိတယ်။ ရိုက်ရတာ အလှူ၊ မင်္ဂလာပွဲတွေက ဆက်နေတာ။ ကျောင်းမှာ ရိုက်တော့လည်း မနက် ၇း၃၀ - ၈းဝဝ နာရီက စပြီး ကျောင်းသူက အုံလိုက်တာ။ နာရီပြန် ၂းဝဝ ချက်ထိုး အထိ ထမင်း မစားရဘူး။ ခုလို သောက်ရေသန့်ခေတ်လည်း မဟုတ်တော့ ရေအိုးစင် ရှာသောက်ရတာ။ နောက်ဆုံး အစာအိမ်ရောဂါ ဖြစ်လို့ ဒေါက်တာဂူးဟား ဆေးခန်း သွားကုရတယ်”

“အလှူ၊ မင်္ဂလာပွဲတွေ ဓာတ်ပုံရိုက်တာ၊ ရိုက်ပြီးမှ ပုံတွေပျက်တာမျိုး ကြုံဖူးလား”

“အဲဒါမျိုးတော့ မရှိဘူး။ တစ်ခါက ကင်မရာ အခိုးခံရတယ်။ အဲဒီခေတ်က ကာလာကို ငွေကြေး တတ်နိုင်တဲ့ မင်္ဂလာဆောင် အကြီးကြီးတွေမှ ရိုက်တာ။ ကင်မရာ နှစ်လုံး ဆောင်ရတယ်။ အဖြူအမည်း တစ်လုံး၊ ကာလ တစ်လုံး။ ဒီအကွက်ဖြင့် ကာလာ၊ ကာလာဆိုမှ ကာလာဖလင် ထည့်ထားတဲ့ ကင်မရာနဲ့ ထုတ်ရိုက်တာ။ နိုင်ငံခြားလှမ်း ပို့ပြီး ကူးရဆေးရတာ”

“ကင်မရာ အခိုး ခံရပုံလည်း ပြောပါဦး ဆရာ”

“ခိုးသွားတဲ့ သူက အနုပညာလောကထဲက နာမည်ကြီးရဲ့သား။ ဖိုး (ဘိန်းဖြူ) က ပေါ်နေတော့ ဖိုးရှူဖို့ ဆိုပြီး ခိုးတာ။ သူတို့က မင်္ဂလာခန်းမ အိမ်သာ ဆင်းတဲ့ လှေကားကနေ တက်တက် လာပြီး ခိုးတာ။ အဲဒီနေ့က သတို့သမီး၊ သတို့သားက ရွှေမိုးငွေမိုး ရွာတယ် ဆိုပြီး ပိုက်ဆံကြဲတယ်။ ကျွန်တော် ကင်မရာ အစောင့်ထားတဲ့ ကလေးက ပိုက်ဆံ ထလုတော့ ကင်မရာ ပါသွားရော”

“ပြန်ရသလား”

“ပြန်ရတယ်။ ခိုးတဲ့ကောင်က ကျွန်တော့် ကင်မရာမှန်း သိလို့ ပြန်ပေးတယ်။ မုန့်ဖိုး နှစ်ထောင် (ကျပ် ၂ဝဝဝ) ပေးရမယ်တဲ့။ သူတို့ လာတောင်းတဲ့ အချိန် ကျွန်တော့် အိတ်ထဲ ပိုက်ဆံက မပါဘူး။ အဲဒီအချိန်မှာ သူငယ်ချင်း ဖြစ်တဲ့ ဓာတ်ပုံဆရာ၊ နန်းရှေ့မှာ နေတဲ့ ကိုဘိုကြီး လာတယ်။ ဒါနဲ့အတော်ပဲ ဟိုမှာ ဘိုကြီး လာပြီ၊ သူ့ဆီက ချေးပေးမယ်လို့ ပြောတယ်။ အဲဒါ ရဲဗိုလ်၊ စစ်ဗိုလ် ထင်လို့ ဟိုကောင်တွေ လစ်ပြေးရော”

ဦးမြတ်ကျော်က ပြောပြီး ဟက်ဟက်ပက်ပက် ရယ်တယ်။

“ဆရာ အိမ်ထောင် ကျတာကကော”

“၁၉၆၈ မှာ အိမ်ထောင်ကျတာ။ သူက ရွှေရတနာ အငြိမ့်က မင်းသမီး။ အငြိမ့်ကြော်ငြာ ပိုစတာ အတွက် ဓာတ်ပုံ လာရိုက်တာ၊ ၁၉၆၃ - ၆၄ - ၆၅ - ၆၆ သုံးလေး နှစ်လောက် ဆက်တိုက် ဓာတ်ပုံ လာရိုက်တော့ ရင်းနှီး သွားတယ်။ ကျွန်တော် အငြိမ့် လိုက်ကြည့်တယ်။ အိမ်တွေ ဘာတွေ အလည် သွားတယ်။ နောက်ဆုံးကျ ထွက်ပြေးကြရော”

ဆရာက ပြောရင်း ရယ်ပြန်တယ်။

“ဆရာ ဓာတ်ပုံကူးစက် ထောင်ဖြစ်တာလည်း ပြောပြပါဦး”

“၁၉၇၅ ခုနှစ်လောက် ရောက်တော့ နောက်တက် လူငယ်တွေ အများကြီး ပေါ်လာတယ်။ တက္ကသိုလ်မှာ မရိုက်တော့ဘူး။ ဓာတ်ပုံတိုက်ပဲ လုပ်မယ်။ စတူဒီယိုနဲ့ အလှူ၊ မင်္ဂလာပဲ ရိုက်မယ်ပေါ့။ ၁၉၇၉ ခုကျ ကာလာလက်ကူး လုပ်တယ်။ မန္တလေးမှာ ကာလာကူးစက်က ၁၉၈၇ ခုမှာ စပေါ်တယ်။ ၃၅ သိန်း တန်တယ်။ ကျွန်တော်တို့ မဝယ်နိုင်ဘူး”

“အခု ဝယ်တာက ဘယ်လောက်လဲ”

“ဒေါ်လာ ၈၅၀၀၀ ကျပ်နဲ့ဆို သိန်း ၁၀၀ - ၁၁၀ လောက်ကျတယ်။ ဒစ်ဂျစ်တယ် မပေါ်သေးဘူး။ ၁၉၉၆ မှ တင်းအိုဝမ်း ပေါ်တယ်။ စက်တွေက တစ်နှစ်ပြီး တစ်နှစ် မော်ဒယ် အသစ်တွေ ပေါ်လာတယ်။ မော်ဒယ်သစ်က ပိုကောင်းတယ်။ ကွာလတီ မြင့်တယ်။ အချိန်ကုန် သက်သာတယ်။ အဟောင်းကို ဖက်တွယ်နေလို့ မဖြစ်ဘူး။ ခေတ်နဲ့ အညီ ပြောင်းရတာပဲ”

“အကြိမ်ကြိမ် ပြောင်းခဲ့တာပဲလား”

“ပြောင်းတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ နိုရစ်ဆု ၂၆ဝဝ မော်ဒယ်။ အဲဒီခေတ်က ၂၂၅ သိန်း ပေးရတယ်”

“နှစ်နှစ်ပဲ ကြာတယ်။ ၂၀၀၂ ခုကျတော့ ပုံကြီးစက်ကြီး ဝင်လာတယ်။ မော်ဒယ်က 1601 ၊ ဈေးက သိန်း ၁၅ဝ ပဲ ရှိတော့တယ်။ စက်ဟောင်းကို ဈေးလျှော့ ရောင်းလိုက်တယ်”

“၂ဝဝ၄ ခုကျ 3200 မော်ဒယ် ပေါ်လာတယ်။ ခုတစ်ခါ 3207 မော်ဒယ် ပြောင်းသုံးရတယ်”

“ကျွန်တော်သုံးတဲ့ နော်ရစ်ဆုစက်တွေက ကိုဒတ်အုပ်စု။ မြန်မာပြည် အကြိုက်က ဖူဂျီ။ အဲဒါ တစ်ခါ ပြောင်းရဦးမယ်”

“ဆရာ ဓာတ်ပုံ ပြိုင်ပွဲတွေလည်း ရိုက်ခဲ့သေးတယ်နော်”

“၁၉၇၁ ခုမှာ အထက်မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ပေါ်လာတယ်၊ ဒါနဲ့ ပြိုင်ပွဲ လိုက်ရိုက်တယ်၊ ကျွန်တော်ရယ်၊ နန်းရှေ့ကိုဘိုကြီးရယ်၊ စစ်ကိုင်းလှမြင့်ရယ်၊ ကျွန်တော်တို့ သုံးယောက် လစဉ်ပြိုင်ပွဲတွေ ဝင်ကြတယ်။ ၁၉၇၃ ခု စစချင်း တံခွန်စိုက် ပထမဆု ရတယ်၊ ဒုတိယနှစ် မှာလည်း ပထမ၊ သုံးနှစ်ဆက်တိုက် ပထမ ဆိုရင် ဒိုင်းအပိုင် ရမှာ၊ တတိယနှစ်မှာ ကိုဘိုကြီး က ပထမရသွားတယ်၊ နောက်နှစ်ကျ ပထမပြန်ရတယ်”

“ဘယ်လောက်ကြာကြာ ပြိုင်ပွဲဝင်ခဲ့လဲ”

“၁၉၇၆ မှာ ပထမရပြီး နားလိုက်တယ်။ ကျွန်တော်က ပြိုင်ပွဲ ပွဲရိုက် သွားစရာရှိရင် အလှူ၊ မင်္ဂလာဆောင် လက်ခံထားတာကို လူစားထိုးပြီး ရိုက်ခိုင်းတယ်။ ဒါကို အလှူဒကာတွေက မကြိုက်ဘူး။ ကျွန်တော် ကိုယ်တိုင် ရိုက်စေချင်တာ။ စီးပွားရေး လုပ်နေတဲ့ အချိန် မိတ်ပျက်တယ် ဆိုပြီး ပြိုင်ပွဲလုပ်တာ နားပြီး ဓာတ်ပုံကူးစက်ကိုပဲ လုပ်နေတော့တယ်”

☐ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

Saturday, August 8, 2026

အလုပ်ကို ကြိုက်သူ


❝ အလုပ်ကို ကြိုက်သူ ❞

ကိုဝင်းအောင်တို့ မိသားစုနဲ့ အတူ ပုဂံဘုရားဖူးခရီး ကျွန်တော် သွားဖူးတယ်။ သူတို့လင်မယား တက်ညီလက်ညီ အလုပ်ကြိုးစားတာကို သိတယ်။ ကိုဝင်းအောင်ရဲ့ ဘဝမှာ စိတ်ဝင်စားစရာ အချိုးအကွေ့လေးတွေ ရှိနေတာကို ကျွန်တော် စိတ်ဝင်စားတယ်။

သူ့ဘဝအကြောင်းကို စာရေးချင်လို့ ခွင့်တောင်းတော့ ကိုဝင်းအောင်က သူ သိပ်မချမ်းသာသေးဘူး၊ သိပ်မအောင်မြင်သေးပါဘူးလို့ အကြောင်းပြပြီး ငြင်းတယ်။ ကျွန်တော်က ကြိုးစား ရုန်းကန်ရတဲ့ ဘဝ အတွေ့အကြုံတွေကို ပိုပြီး စိတ်ဝင်စားတဲ့ အကြောင်း ပြောပြမှ သူက လက်ခံပါတယ်။

မန္တလေးမြို့ ၈၃ လမ်းက ကိုဝင်းအောင်ရဲ့ အလုပ်တိုက်ကို ကျွန်တော် သွားတာ ဥပုသ်နေ့ပါ။ မန္တလေးမြို့ရဲ့ထုံးစံက ဥပုသ်နေ့မှာ အလုပ်ပိတ်လေ့ ရှိတယ်။ သူ့လုပ်ငန်းက အော့ဖ်ဆက်ပုံနှိပ်၊ ဗီနိုင်းပုံနှိပ်လုပ်ငန်းပါ။ ဥပုသ်နေ့မှာ ဘာကြောင့် အလုပ် မနားတာလဲလို့ ကျွန်တော် ကိုဝင်းအောင် ကို မေးတယ်။

“တစ်အချက်ကတော့ customer ( အလုပ် လာအပ်သူ ) တွေမှာ ဥပုသ်နေ့ ရယ်လို့ မရှိဘူး။ နယ်က လာတဲ့ သူတွေ ဆိုရင် ဥပုသ်နေ့မှ အားတာတို့ ရှိတယ်၊ ဥပုသ်နေ့ ပိတ်လိုက်လို့ ရှိရင် လျော့သွားမယ့် ပိုက်ဆံက အဓိက မဟုတ်ဘူး၊ ကိုယ့်ဆီ လာတဲ့သူ အဆင်မပြေမှာ။ ဒါကြောင့် ဖွင့်တာ” လို့ ကိုဝင်းအောင်က ရှင်းပြတယ်။

သူ့အလုပ်တိုက် ဧည့်ခန်း မှန်ခန်းထဲကို ကျွန်တော် ဝင်ခဲ့တယ်။ မှန်ခန်း မှန်ပြားပေါ်မှာ ရုပ်ပုံတွေ ကပ်ထားလို့ အခန်းတွင်းကို မမြင်ရဘူး။ အခန်းထဲက ကျတော့ ကပ်ထားတဲ့ ရုပ်ပုံတွေကို ထွင်းဖောက်ပြီး အပြင်ကို မြင်နေရတယ်။ နိုင်ငံခြားမှာ ရထားတွေ၊ ဘတ်စ်ကားတွေရဲ့မှန်မှာ ကြော်ငြာရောင်စုံတွေ ကပ်တာမျိုးပါ။ အပြင်က ကြည့်ရင် အရုပ်တွေ ၊ စာသားတွေ၊ အတွင်းက ပြန်ကြည့်ရင် ထွင်းဖောက် မြင်တဲ့မှန်။ ဒါမျိုး သူ့ဆီမှာ လုပ်နိုင်သလား မေးတော့ ရတယ်လို့ ပြောတယ်။

သူ့ဧည့်ခန်းဆိုဖာမှာ ထိုင်ရင်း ဘေးဘက်ကို မျက်စိ ကစားကြည့်လိုက်တော့ နံရံက တီဗွီမှာ CCTV 10 ဖွင့်ထားတယ်။ ကျွန်တော်က သတင်းကြည့်ဖို့ CCTV 7 ကိုတော့ ကြည့်မိတယ်။ သူ ဖွင့်ထားတဲ့ CCTV 10 တော့ စိမ်းတယ်။

ကိုဝင်းအောင် ကတော့ CCTV 10 အမြဲ ကြည့်တယ်တဲ့။ အဲဒီလိုင်းက တီထွင်ထားတဲ့ ပစ္စည်းတွေအကြောင်း အသေးစိတ် ရှင်းပြတယ်။ လူတစ်ယောက် ဘယ်လောက်အထိ စွမ်းဆောင်လုပ်ကိုင်နိုင်တယ် ဆိုတာတွေကို ပြတယ်လို့ သူက ပြောတယ်။ ကျွန်တော် ရောက်တဲ့ အချိန်မှာတော့ စက်ရုပ်ငှက်ကလေး ဘယ်လို စွမ်းဆောင်နိုင်သလဲ ဆိုတာနဲ့ ငှက်ကလေးရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံကို ပြနေတယ်။

ကျွန်တော်က ကိုဝင်းအောင်ရဲ့ ဘဝအစကို မေးပါတယ်။

“မွေးကတည်းက ဈေးချို ထဲမှာ အူဝဲ ဆိုပြီး ကျွန်တော်က မွေးလာတာ။ မွေးပြီးတော့ ၂၄ ရက်သားပဲ ရှိသေးတယ်၊ ရန်ကုန် ရောက်သွားတာ”

“ဘယ်လို ရောက်သွားတာလဲ”

“ကျွန်တော့် အမေက အဲဒီတုန်းက ဈေးချို ဂျီရုံထဲမှာ အလှကုန်နဲ့ ပလတ်စတစ် တွေရောင်းတာ။ တစ်ပတ်တစ်ခါလောက် အနည်းဆုံး ရန်ကုန်ကို ဆင်းရတယ်။ ကျွန်တော့်ကို မွေးပြီး ရက် ၂ဝ ကျော်တော့ သူ မနေနိုင်တော့ဘူး။ ကျွန်တော့်ကို ပိုက်ပြီး ရန်ကုန်ဆင်း၊ သူ့ညီမဝမ်းကွဲတော်တဲ့ သူရဲ့အိမ်မှာ ကျွန်တော့်ကို ထားခဲ့ပြီး မနက်ပိုင်း ဈေးထွက်ဝယ်၊ နေ့လယ်ပိုင်းမှာ ပြန်လာ၊ ကျွန်တော့်ကို ပြန်ကြည့်၊ ဈေးပြန်ဝယ်၊ ကျွန်တော့်ကို နို့ဘူး တိုက်ပြီး ကြီးလာတာ။ ကျွန်တော်က ဈေးချိုထဲမှာ ကြီးရတော့ ဂျီရုံတစ်ဖွဲ့လုံးက တအား ရင်းနှီးတာ။ ကျွန်တော် ခုနစ်နှစ်၊ ရှစ်နှစ်သားလောက်မှာ ဈေးထဲကို ငွေလှည့်ခံနေပြီ”

ငွေခံတယ် ဆိုတာက ရစရာရှိတဲ့ ကြွေးကို ငွေလည်ပြီး ကောက်ခံတာပါ။ ကလေးပေါက်စ ငယ်ငယ်က ဈေးဆိုင်တကာ လည်ပြီး ငွေခံတယ်ဆိုတော့ ကျွန်တော်က ရယ်မိပါတယ်။

“ကျောင်းနေတော့ကော”

“လေးတန်းအထိ ကတော့ အမက - ၂၁၊ ငါးတန်းက စပြီး ဆယ်တန်းအောင်တဲ့ အထိက အမှတ် - ၁ အထက်တန်းကျောင်း”

“ကျောင်းသား ကတည်းက မိဘ အလုပ်ထဲ ဝင်ပါနေရတာပေါ့”

“ညနေ ၃း၁၅ နာရီ ကျောင်းဆင်းပြီဆို အဖေက လာခေါ်တယ်။ ငယ်ငယ်လေး ကတည်းက ဈေးချိုထဲမှာ ငွေခံ ထွက်ရတယ်။ သားရေကွင်းတွေလည်း ရောင်းတယ်။ ကလေးမြို့က တအား ဝယ်တာ။ သားရေကွင်းအိတ်လိုက်မှာ ပေါင် ၂ဝဝ ပါတယ်။ ဝယ်သူက ပေါင် ၂ဝဝ အိတ်လိုက်ကြီး ဝယ်တာ မဟုတ်ဘူး။ ညပိုင်းကျ ကျွန်တော်တို့က အစိတ်သားထုပ်တို့၊ တစ်ပေါင်၊ ပေါင်ဝက်၊ ပေါင်တစ်စိတ်အထုပ်လေးတွေ မိသားစုလိုက် ပြန်ထုပ်ရတာပေါ့။ အထုပ်တွေ အများကြီး ပြန်ထုပ်ပြီး ပို့ရတာ”

ကိုဝင်းအောင်ရဲ့ဇနီး မလင်းလင်းအောင် က အခန်းထဲ ဝင်လာပြီး အချိုရည်၊ သောက်ရေသန့်အေးအေး၊ ဘီစကွတ်မုန့်တွေ လာချတယ်။ ကိုဝင်းအောင် ဘေးမှာ ဝင်ထိုင်ပါတယ်။

“တဖြည်းဖြည်း ကြီးလာရာက ကျွန်တော် ငါးတန်း ရောက်တော့ အဖေက ၂၈ လမ်း၊ ၈၄ - ၈၅ ကြားမှာ နေရာ တစ်နေရာ ဝယ်တယ်။ သရဖူ ဆိုတဲ့ အမည်နဲ့ ပလတ်စတစ်ဆိုင် ဖွင့်ပြီး ဂျီရုံထဲက ဆိုင်ကို ပိတ်လိုက်တယ်။ ကျွန်တော်တို့မှာ ငွေအင်အားက နည်းတယ်။ ပလတ်စတစ်အင်အား သိပ်မဖြည့်နိုင်ဘူး။ လာဝယ်တဲ့အခါ ဆိုင်မှာ ရှိရင် ဆိုင်ရှိတာရောင်း၊ ဆိုင်မှာ မရှိရင် ကျွန်တော်တို့ ဆိုင်ခန်းလေးက ကျဉ်းတော့ ဂိုဒေါင် သွားယူပေးမယ် ဆိုပြီး ဆိုင်ကြီးသမားတွေဆီ ပြေးပြေးယူရတာပေါ့”

“အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့ အဆင်ပြေရဲ့လား”

“အလုပ်ထဲမှာ စိတ်ဝင်စားတော့ စာပေါ်မှာ စိတ်ဝင်စားမှု နည်းတယ်။ နွေရာသီ ကျောင်းပိတ်ရက်လို ကျောင်းပိတ်ရက်တွေဆိုရင် ကျွန်တော်က ဆိုင်ထဲ စထိုင်နေပြီ။ ကျွန်တော် ရှစ်တန်းလောက်မှာ အိမ်က ပလတ်စတစ် ပုံနှိပ်လုပ်ငန်း စလုပ်တယ်။ အစ်ကိုတွေက ပုံနှိပ်လုပ်ငန်းကို ဦးစီးတယ်။ ၁၉၉၅ ခုနှစ်မှာ ကျွန်တော် ဆယ်တန်း အောင်တော့ ဆိုင်ထဲ လုံးလုံး ဝင်လိုက်တာ”

“တက္ကသိုလ် မတက်ဘူးလား”

“၁၉၉၆ မှာ တက္ကသိုလ် ကျောင်းဖွင့်တယ်။ ကျောင်းဖွင့်ပြီးတော့ Day ( နေ့ကျောင်း ) ကို သုံးလလောက်ပဲ တက်လိုက်ရတယ်။ စာမေးပွဲဖြေပြီး ပထမနှစ် ပြီးသွားရော။ ဒုတိယနှစ်ကို နောက်သုံးနှစ် နေမှ အဝေးသင် ပြောင်းပြီး တက်တာ။ Zoo ( သတ္တဗေဒ ) နဲ့ ကျောင်းပြီးသွားတယ်”

“ကျောင်းပြီးတော့ အလုပ်ထဲ နှစ်လုပ်သလား”

“တက္ကသိုလ် တက်ရင်း ဆိုင်အလုပ်ကို လုပ်သလို ကားဝယ်ရောင်းလည်း လုပ်တယ်။ ဘွဲ့ရပြီးနောက် နိုင်ငံခြားသွားဖို့ speaking ( အင်္ဂလိပ်စကားပြော ) တွေတက်၊ ရန်ကုန်မှာ တစ်နှစ်လောက် သွားနေပြီး နိုင်ငံခြားသွားဖို့ ပြင်ဆင်တယ်။ အင်္ဂလန်မှာ အဲဒီအချိန်က ကျောင်းသားတွေ များလို့ ဆိုပြီး consular ( ကောင်စစ်ဝန် ) နဲ့ ဝင်တွေ့တဲ့ အချိန်မှာ reject ( အပယ်ခံ ) ထိတယ်။ reject ထိတော့ ဒီနိုင်ငံမှာလည်း ဘယ်လိုပဲ လုပ်စားလုပ်စား နိုင်ငံခြားဝင်ငွေတော့ ရနိုင်တယ် ဆိုပြီး မသွားတော့ဘဲ မန္တလေး ပြန်လာခဲ့တာ”

သူ့ဘေးမှာ သူ့ဇနီး မလင်းလင်းအောင် က အတူတူ ထိုင်နေတာမို့ ဘယ်မှာ တွေ့ကြပြီး ရည်းစားဖြစ်တာလဲ မေးတယ်။ တတိယနှစ်လောက်မှာ သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး တွေ့ကြတာ။ ၂ဝဝ၁ ခုနှစ်မှာ နှစ်ဦးသဘောတူ အိမ်ထောင်ပြုကြတယ်လို့ ပြောပြတယ်။

“အိမ်ထောင် ကျခါစမှာလည်း ကျွန်တော် ကားဝယ်ရောင်း လုပ်လိုက်သေးတယ်။ အဆင်ပြေတယ်။ ဘာသွားပြီး ကံမကောင်းလဲ ဆိုတော့ ကားတွေ နာမည် ပြောင်းရမယ်၊ အမြတ်ခွန်တွေ ဆောင်ရမယ် ဆိုတဲ့ ကိစ္စ ဖြစ်လာတယ်။ အဲဒီတုန်းက အမြတ်ခွန် ကလည်း တော်တော်လေး ကျတယ်။ ကျွန်တော် ကားနှစ်စီးမှာ ၁၂၅ သိန်းလောက် ရှုံးတယ်”

မလင်းလင်းအောင် က အချိုရည်သောက်၊ မုန့်စားပါဦးလို့ ဝင်ပြောတယ်။ သူတို့ ဧည့်ခံတဲ့ ဘီစကွတ်က တော်တော် ကောင်းပါတယ်။

“ကားဝယ်ရောင်း ဆိုတာကလည်း ပုံမှန် ဝင်ငွေရတာ မဟုတ်ဘူး။ တစ်ခါတလေ ရှိသမျှ ပိုက်ဆံ ခြစ်ခြုတ်ပြီး ဝယ်တယ်။ တစ်ခါတလေ လက်ထဲ ဟင်းဖိုး ပိုက်ဆံတောင် မရှိဘူး။ သားလေး ရလာတော့ ကလေးက နို့မစို့ဘူး။ နို့မှုန့်ဘူးဝယ်ရတာ။ နို့မှုန့်တစ်ဘူးက ကျပ် ၅၅၀ဝ၊ ကျွန်တော့်သားက တစ်လ ၁၁ ဘူး သောက်တယ်”

အိမ်ထောင်ဦးမှာ သူ ဘာလုပ်သလဲ။

“ဒီအတိုင်းတော့ မဖြစ်ဘူး။ ကားကလည်း ရှိတော့ သူငယ်ချင်း အဆက်အသွယ်နဲ့ တိုးရ်လိုင်း နှစ်လိုင်း ချိတ်တယ်။ အရင်က စပီကင်လည်း တတ်ထားတော့ ဖော်ရိန်နာတွေက ဂိုက် မပါလည်း ကျွန်တော်က ပြောပေးနိုင်တော့ အဆင်ပြေတယ်။ ကျွန်တော့်ကို တော်တော်လေး ခေါ်ချင်တယ်။ တစ်လမှာ ရက် ၂ဝ၊ ၂၅ ရက်လောက် လိုက်ရတယ်။ တစ်နှစ် နီးပါးလောက် ကားဆွဲတာ။ ကျွန်တော့်ကို ကလေးတစ်ယောက်က ကားမမောင်းနဲ့တော့လို့ ပြောလို့ ရပ်လိုက်တာ”

“ဘယ်လိုကြောင့် ပြောတာလဲ”

“စကားနဲ့ ပြောတာတော့ မဟုတ်ဘူးပေါ့။ ပြင်သစ်လင်မယားကို မန္တလေး ကနေ ရွှေကြက်ယက် သင်္ဘော သွားပို့ရတာ။ ကန်ပတ်လမ်းကနေ ပတ်မောင်းတာ၊ ကျွန်တော် တို့ တိုးရ်ကားတွေ ဆိုတာ အမြန်မောင်းလို့ မရဘူး။ ပုံမှန်ပဲ မောင်းနေတာ။ ကလေးတစ်ယောက်က လမ်းကို ဖြတ်ပြီး ပြေးလိုက်တာ။ အဲဒါ ကျွန်တော် မြင်တယ်။ မြင်လိုက်တာနဲ့ ဘရိတ်အုပ်ပြီး ပလက်ဖောင်း ဝင်အောင်းချင် အောင်းစေတော့လို့ စတီယာရင် ခေါက်လိုက်တာ။ ခေါက်လိုက်တော့ ဘီးနဲ့ ပလက်ဖောင်းနဲ့ တိုက်ပြီး ကားဘီးလည်း ပေါက်သွားတယ်။ ကလေးက ကျွန်တော့် ကားကို ဝင်တိုက်မိပြီး ပက်လက်လန် လဲသွားတယ်။ ကလေးလည်း ဘာမှ မဖြစ်ဘူး။ ကျွန်တော်လည်း ဘာမှ မဖြစ်ဘူး၊ ဒါပေမဲ့ ကားမောင်းတဲ့ အလုပ် ဆိုတာ တစ်ချိန်လုံး အန္တရာယ်ကို လက်ယပ် ခေါ်နေတာမို့ အဲဒီ နောက်ရက်က စပြီး ဖော်ရိန်နာကား မလိုက်တော့ဘူး။ ကားကိုလည်း ချက်ချင်း ရောင်းပစ်လိုက်တယ်”

“တိုးရ်ကား မလိုက်တော့ ဘာဆက်လုပ်သလဲ”

“ကျုခုံ ခေတ္တ ထောင်တယ်။ အဲဒီအချိန်မှာ ဘာပေါ်သလဲ ဆိုတော့ ရီဇိုစက်တွေ စပေါ်တယ်၊ မန္တလေးမှာ တစ်လုံး ဝယ်တယ်။ ရီဇို စဆွဲတယ်”

“ရီဇိုစက် ဆိုတာ ဘာလဲ ရှင်းပြပါဦး”

“ရီဇိုစက်က စာကူးစက် တစ်မျိုးပဲ။ ဖယောင်း ဖောက်တာကို လေဆာရောင်ခြည်နဲ့ ဖောက်တယ်။ တစ်မိနစ်ကို အရွက် ၁၂ဝ ကနေ ၁၆ဝ ကြား ဆွဲလို့ရတယ်။ ကျွန်တော် တရုတ်ပြည်သွားပြီး ရီဇိုစက်တွေ သွားဝယ်တယ်။ ဒီမှာ ပြန်ရောင်း၊ တစ်လကို သုံးခေါက်လောက် တက်ဖြစ်တယ်”

“ဗီနိုင်း လုပ်ဖြစ်တာကကော”

“၂ဝဝ၆ ခုနှစ်လောက်မှာ ဗီနိုင်းစက် စထောင်တယ်။ စစချင်းမှာ ဗီနိုင်းလိပ် ဝယ်ဖို့ ပိုက်ဆံ မရှိဘူး။ လက်ငင်း မဝယ်နိုင်ဘူး။ မြတ်တဲ့ အမြတ်လေးစု၊ ဗီနိုင်း အလိပ် လေးဝယ်၊ နှစ်လိပ် ကနေ သုံးလိပ်၊ သုံးလိပ် ကနေ ငါးလိပ်၊ ငါးလိပ် ကနေ ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ဝယ်၊ စက်ပျက်ရင် ကိုယ့်ဟာကိုယ် ရအောင်ပြင်၊ ပြင်ရင်း ပြင်ရင်းနဲ့ စက်က ကိုယ့်ကို သင်ပေးသွားတယ်”

“တော်တော် ပြင်တတ်သလား”

“အချင်းချင်း ကျွန်တော် လိုက်ပြင်ပေးတယ်။ ပြင်ပေးရင်း လူတစ်ယောက်နဲ့ ချိတ်မိ သွားပြီး သူက စက်သွင်း၊ ကျွန်တော်က ဆားဗစ်ပေးပေါ့။ စက် လိုက်ဆင်ပေးရတာ မြန်မာနိုင်ငံအနှံ့ပါပဲ”

“ဘဝကို ပြန်ကြည့်ရင် တော်တော် ကြိုးစားခဲ့ရသလား”

“တော်တော် ကြိုးစားခဲ့ရပါတယ်၊ ကျွန်တော်က အလုပ် လောဘကြီးတယ်၊ ကျွန်တော် အလုပ် လုပ်နေတာ ချမ်းသာဖို့ မဟုတ်ဘူး၊ တအားကြီး ချမ်းသာပြီး ကိုယ့်အပေါ် ဖိစီးမှု များနေရင် အဆင်မပြေဘူး။ တိုက်နှစ်လုံး ရှိလို့၊ နှစ်လုံးလုံးမှာ တစ်ပြိုင်နက် မအိပ်နိုင်ဘူး။ သားသမီးတွေ ပေးခဲ့ရအောင်လည်း သူတို့ ကံတရားက မရထိုက်ရင် ကြိုက်သလောက် ရှာထားခဲ့၊ မခံစားရပါဘူး။ သားသမီးကို ကျွန်တော် ပညာသင်ပေးမယ်။ အခု ကျွန်တော် ကြိုးစား လုပ်နေတာက အလုပ် လုပ်ရတာကို ကြိုက်လို့။ အလုပ်ကို ကျွန်တော်က ကြိုက်တာ”

☐ ကျော်ရင်မြင့်
📖ဘဝကြေးမုံ အဖြစ်စုံ

Tuesday, July 28, 2026

ဆီမီးတစ်တိုင်


❝ ဆီမီးတစ်တိုင် ❞

[ မောက်စ်ကို ကလစ် တစ်ချက် ခေါက်လိုက်တော့ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ဘာအပြောင်းအလဲတွေ ပေါ်လာမှာလဲ ။ ဦးပဉ္စင်းလေးတွေ စိတ်ဝင်တစား စောင့်ကြည့်နေကြတယ် ။

ကွန်ပျူတာ သင်တန်းဆရာ အရှင်ဣန္ဒာစာရက သင်တန်းသား ရဟန်းတော်တွေကို ကွန်ပျူတာပညာ သင်ပြပေးနေတာပါ ။

စစ်ကိုင်းမြို့ နန်းဦးမြို့သစ်ရပ်က ရွှေစေတီ ဘာသန္တရ သင်တန်းကျောင်းမှာ ကွန်ပျူတာပညာ အခမဲ့သင်ပေးတယ် ။

ရဟန်းတော်တွေ ကွန်ပျူတာ တတ်ဖို့ လိုရဲ့လား ။ ကွန်ပျူတာ သင်တာ အပို အလုပ် မဟုတ်ဘူးလား တွေးမယ် ဆိုရင် တွေးနိုင်ပါတယ် ။ ရွှေစေတီ ဘာသန္တရ သင်တန်းကျောင်း ကွန်ပျူတာ လှူဒါန်းပွဲမှာ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ် ပါမောက္ခချုပ် မဟာသုဗောဓာရုံတိုက်အုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ နန္ဒမာလာဘိဝံသ ကတော့ “ ကွန်ပျူတာ ဆိုတာ အင်မတန် စွမ်းရည်သတ္တိရှိတဲ့ စွမ်းဆောင်နိုင်တဲ့ လိုအပ်တဲ့ ကိစ္စတွေကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်တဲ့ ကိရိယာ တစ်ခုပဲ ၊ ဘုန်းကြီးတို့ နိုင်ငံမှာ ဒါမျိုး မရှိဘူးဆိုလို့ရှိရင် အများကြီး နောက်ကျ ကျန်ရစ်မှာ ၊ ဘာနဲ့ ဥပမာ တူသလဲ ဆိုလို့ရှိရင် သူများက လေယာဉ်ပျံ စီးသွားတဲ့ အချိန်မှာ ကိုယ်က လှည်းကြမ်းကြီး မောင်းတုန်းပဲ ရှိသေးတဲ့ အနေအထားမျိုးပဲ ။ ဟိုလူက အခေါက်ပေါင်း တစ်ရာလောက် အသွားအပြန် လုပ်ပြီးမှ ကိုယ်က တစ်ခေါက်တောင် မရောက်သေးတဲ့ အနေအထားမျိုး ဖြစ်သွားမှာပဲ ။

သာသနာ့ဝန်ထမ်းတွေဆိုတော့ သည်ကွန်ပျူတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အသုံးချနိုင်သလဲ ။

ကွန်ပျူတာထဲမှာ စီဒီချပ်လေး တစ်ခု ထည့်ထားလို့ ရှိရင် ပိဋကတ်သုံးပုံ ပါဠိတော် အုပ်ရေ ၄ဝ ၊ အဋ္ဌကထာ ၅၂ အုပ် ၊ ဋီကာ ၂၆ အုပ် ရှိသမျှ information ( သတင်း အချက်အလက် ) တွေကို မိနစ်ပိုင်းလေး အတွင်းမှာ အကုန်လုံး ရှာလို့ ရတယ် ။

လျင်လျင်မြန်မြန် သိတော့ လျင်လျင်မြန်မြန် ကိစ္စ ဆောင်ရွက်နိုင်တာပေါ့ ။ နောက်ကျမှ သိရင် နောက်ကျမှ ဆောင်ရွက်နိုင်တယ် ၊ လူတွေရဲ့ သက်တမ်းဟာလည်း အလွန်မှ တိုတောင်းလာတယ် ။ တိုလာသည့် အတွက်ကြောင့် လျင်လျင်မြန်မြန် ဒီလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ရာ ကွန်ပျူတာဟာ အသုံးဝင်လှပါတယ် ” လို့ အမိန့်ရှိတာ တွေ့ ရတယ် ။

အဲသည် အခမဲ့ ကွန်ပျူတာသင်တန်းကို တည်ထောင်ထားတဲ့ ဆရာတော် ကိုယ်တိုင်က ပညာရေး အားနည်းတယ်တဲ့ ။ ကိုယ်တိုင် ပညာရေး အားနည်းလို့ သူများတွေရဲ့ ပညာရေးကို အားပေးဖို့ ရွှေစေတီဆရာတာ် ဘဒ္ဒန္တရေဝတက သင်တန်းကျောင်း ဖွင့်ထားတာတဲ့လို့ အောင်သမာဓိ စိန်ရွှေရတနာ ရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် ဦးအောင်ဆန်းဝင်းက သတင်း ပြောပါတယ် ။

ကျွန်တော် စိတ်ဝင်စားလို့ သင်တန်းကျောင်းကို သွားပြီး လေ့လာတယ် ။ ယခုအခါ သက်တော် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ရွှေစေတီဆရာတော်က သူ့သင်တန်းကျောင်းကို လိုက်ပြတယ် ။

သင်တန်းကျောင်းက စစ်ကိုင်းတောင်ရိုး တောင်စွယ် တောင်ခါးပန်း တစ်ခုမှာ တည်ရှိတယ် ။ တစ်ဧကလောက် ကျယ်ဝန်းတဲ့ နေရာကို ရှင်းလင်း မြေညှိပြီး သင်တန်းခန်းမတွေ ဆောက်ထားတာပါ ။ ဆောက်လက်စ အဆောက်အအုံတွေ အများကြီး ။ သစ်ပင်ပန်းမန်တွေလည်း အသင့်အတင့် စိမ်းလန်းဖူးပွင့် ဝေဆာနေပြီ ။

ခန်းမဆောင်ထဲ မှာတော့ ရဟန်းတော်တွေကို ကွန်ပျူတာ သင်ပေးနေတယ် ။ ရွှေစေတီ ဘာသန္တရ သင်တန်းကျောင်းက ကွန်ပျူတာပညာ တစ်ခုတည်း သင်ပြတာ မဟုတ်ဘဲ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ မြန်မာစာ ဘာသာရပ်တွေလည်း သင်ပေးတယ် ။ ရဟန်းတွေချည်း မဟုတ်ဘဲ သူ့အချိန်နဲ့သူ ခွဲပြီး သီလရှင်တွေကိုလည်း သင်ပေးတယ် ။

စေတနာရော လုပ်ကိုင်ပုံပါ အားရစရာပါ ။ သင်တန်းကျောင်းကို လှည့်ပတ် ကြည့်ရှုပြီးတဲ့နောက် ပန်းရုံအောက်က ကွပ်ပျစ်မှာ ထိုင်ပါတယ် ။ အဲသည် အချိန်မှာ ဆရာတော် ဘဒ္ဒန္တရေဝတက သူ့အကြောင်းကို စာစောင်တွေထဲမှာ မရေးစေချင်ဘူးလို့ မိန့်ဆိုတယ် ။

ကျွန်တော်ကလည်း ခွင့်မပြုရင် ( ကျင့်ဝတ်အရ ) မရေးနိုင်ဘူး ။ ဆရာတော် လက်ခံနိုင်အောင် လျှောက်ထားမှ ရေးခွင့်ရတယ် ။ သင်တန်းကျောင်း ဖြစ်လာပုံကို ဆရာတော်က ရှင်းပြတယ် ။ ]

••••• ••••• •••••

သင်တန်းကျောင်းမှာ အင်္ဂလိပ်စာ သင်ပေးတာ ၂၀၀၁ ခုနှစ် ကတည်းက ၊ ကွန်ပျူတာကတော့ ၂၀၀၄ ခုနှစ်ကျမှ ၊ ကွန်ပျူတာ စလုပ်ဖြစ်ပုံက သီတဂူဆရာတော်ကြီးကို သီတဂူ အာယုဒါန ဆေးရုံအတွက် ဆေးပဒေသာပင် ငွေကျပ်တစ်သိန်း သွားလှူတော့ ဆရာတော်ကြီးက ကွန်ပျူတာ ရိုက်ဖြစ်သလား မေးတယ် ။ လက်နှိပ်စက်ပဲ ရိုက်တတ်ပါတယ် ဆိုတော့ ဆရာတော်ကြီးက ကျောင်းပြန်ရောက်ရင် လက်နှိပ်စက်ကို လွှင့်ပစ်လိုက် ၊ ပြန်လှည့် မကြည့်တော့နဲ့ ။ လက်နှိပ်စက်ခေတ် မဟုတ်တော့ဘူးတဲ့ ။ ကွန်ပျူတာခေတ် ရောက်နေပြီ တတ်အောင် သင်ထား ။ ကွန်ပျူတာ တစ်လုံးတော့ ကျောင်းမှာ ထူထောင်ထားတဲ့ ။

တကယ်တော့ ချက်ချင်း ကွန်ပျူတာ မဝယ်ဖြစ်ပါဘူး ။ ဘုန်းကြီးရဲ့တူက ဘွဲ့ ရပြီး ရဟန်းဝတ်တယ် ။ အရှင်ဣန္ဒစာရ ၊ သူက ကွန်ပျူတာဝါသနာပါတော့ ရှိတာလေး ထုခွဲရောင်းချပြီး ကိုယ်ပိုင် ကွန်ပျူတာ တစ်လုံး ဝယ်ထားတယ် ။ အရင်က စစ်ကိုင်း ရွာသစ်ကြီးမှာ နေတာ ။ နောက် သည်ကျောင်းမှာ သီတင်းလာသုံးတော့ ကွန်ပျူတာလည်း ပါလာတယ် ။

သည်ခေတ်မှာ ဦးပဉ္စင်းတွေ ၊ သီလရှင်တွေ ကွန်ပျူတာပညာ တတ်ဖို့ လိုတယ် ။ ကျောင်းမှာ ကွန်ပျူတာလည်း ရှိလာတော့ ပညာပါရမီဖြည့်တဲ့ အနေနဲ့ ကွန်ပျူတာသင်တန်း ဖွင့်လိုက်တယ် ။

ဘုန်းကြီးတို့ရဲ့ ငယ်ဆရာ ရွှေစေတီဆရာတော်ကြီးက ခေတ်ပညာတတ်တယ် ။ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရွာမှာ ဆရာတော်ဘုရားကြီးရဲ့ ရဟန်းအစ်မကြီး အိမ်ဝင်းထဲမှာ စာသင်ကျောင်းကြီး ဆောက်လှူပြီး အလယ်တန်းကျောင်းဖွင့်တယ် ။ ဆရာ ၊ ဆရာမတွေ အကူအညီ တောင်းပြီး လောကီပညာ ခုနစ်တန်း အောင်တဲ့ အထိ ဘာသာစုံ ဖွင့်ပေးခဲ့ဖူးတယ် ။ ဘုန်းကြီးက ကျေးဇူးတော်ရှင် ရွှေစေတီဆရာတော်ဘုရားကြီးက လောကီ လောကုတ္တရာပညာ သင်ကြားပေးရေးကို လုပ်တာ ဂုဏ်ယူ အားကျခဲ့တယ် ။

ဘုန်းကြီးလည်း ရွာသစ်ကြီးရွာ ဇာတိပဲ ။ ခမည်းတော်က ဦးငြိမ်းဆွေ ၊ မယ်တော်က ဒေါ်သိန်းတင် ။ ၁၃ဝ၈ ( ၁၉၄၅ ခု ) မှာ မွေးတယ် ။ ခမည်းတော်က စစ်ကိုင်း မြို့နယ် ဝါဒိုင်မှူး ၊ စစ်ကိုင်းမှာ တာဝန်ကျတယ် ။ ဘုန်းကြီးကို အဖေက ခေတ်ပညာ သိပ်တတ်စေချင်တာ ။ စစ်ကိုင်း အမှတ် ၁ အထက်တန်းကျောင်းမှာ ကလေးဘဝက တစ်နှစ် နေဖူးတယ် ။

ဘုန်းကြီး ကိုးနှစ်သားမှာ အမေ့အစ်မကြီးက ရှင်ပြုပေးလို့ ကိုရင် ဝတ်ရာက သာသနာတော်မှာ မြဲသွားတာ ။ ဘုန်းကြီးမှာ မွေးချင်းကလည်း တစ်ဦးတည်း ၊ အဖေ ကတော့ လူထွက်ပြီး ခေတ်ပညာ သင်စေချင်တာ ။ ဒါပေမဲ့ ကိုရင်ဝတ်နဲ့ပဲ ရွာမှာနေပြီး ဗုဒ္ဓဘာသာ အခြေခံစာပေဘက်ကို လိုက်ဖြစ်သွားတယ် ။

၁၃၂၇ ခုမှာ ရဟန်း ပြုတယ် ။ ရွာသစ်ကြီးမှာ တစ်ဝါ နေပြီး စစ်ကိုင်း ရွှေစည်ဆရာတော်ကြီး ဆီမှာ စာပေပရိယတ္တိ သင်ယူတယ် ။ ပထမငယ် ၊ ပထမလတ် ၊ ပထမကြီး သင်တယ် ။ ပထမကြီး အောင်တဲ့ အထိ သင်ယူဖြစ်တယ် ။ ရွှေစည်ဆရာတော်ကြီး ရေးတဲ့ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ ကျမ်းစာက ဘုန်းကြီးကို စာချပေးရင်း ရေးဖြစ်တာ ။

ဘုန်းကြီးက ပညာရေး အားနည်းပါတယ် ။ ဒါကြောင့် သူများ ပညာရေးကို အားပေးဖို့ သည် ဘာသန္တရ သင်တန်းကို ထူထောင်တာပါ ။

အဂ္ဂမဟာပဏ္ဍိတ ကျေးဇူးတော်ရှင် ရွှေစည်ဆရာတော်ဘုရားကြီး ပျံတော်မူတော့ တပည့်တွေ ဖြစ်ကြတဲ့ ဝက်လက်ဦးတိဿ ၊ ဖက်ပင်အိုင်ဆရာတော်ကြီး ဦးကောသလ္လ ၊ မန္တလေး ရွှေစည်ဆရာတော် ၊ လယ်တီဦးကုလိသ တို့နဲ့ အတူ ရွှေစည်သာသနာ့ ရိပ်သာကြီးကို စီမံနေခဲ့ရတယ် ။

ဘာသန္တရသင်တန်း ထူထောင်ချင်တာနဲ့ သည်ဘက်မှာ တစ်ဧက ကျယ်တဲ့ မြေနေရာကို ခုတ်ထွင် ရှင်းလင်းပြီး ဖွင့်တာ ။

၁၃၆၁ ( ၂ဝဝ၁ ) မှာ အင်္ဂလိပ်စာသင်တန်းကို စဖွင့်တယ် ။ သီလရှင် ဆရာလေးတွေကို အခြေခံ အင်္ဂလိပ်စာ ၊ အေဘီစီမှ စပြီး ဆယ်တန်းအဆင့် အထိ သင်ပေးမယ် ဆိုတဲ့ စီမံချက်နဲ့ သင်တာပါ ။ စစ်ကိုင်းက ဆရာ ၊ ဆရာမတွေကလည်း ပညာပါရမီ ဖြည့်တဲ့ အနေနဲ့ ကုသိုလ်ဖြစ် လာသင်ပေးကြတယ် ။

ယခုခေတ်မှာ အင်္ဂလိပ်စာဟာ တတ်ဖို့ လိုအပ်တဲ့ ဘာသာရပ် တစ်ခု ဖြစ်နေပြီ ။ ကွန်ပျူတာ သုံးမယ် ဆိုရင်လည်း အင်္ဂလိပ်စာ တတ်မှ ဖြစ်မယ် ။ သီလရှင်ဆရာလေးတွေ အစိုးရပထမကြီး စာမေးပွဲအောင်မှ သင်ယူရမယ် ဆိုရင် အသက်အရွယ်က ၂၅ နှစ် ၊ ၃ဝ အရွယ်ကို ရောက်ပြီး အသက်ကြီးမှ မသင်ချင်ကြတော့ဘူး ။ အင်္ဂလိပ်စာ အသံထွက် မလိုက်နိုင်တဲ့ အတွက် ရှက်ကြောက်နေမိတတ်တယ် ။ ဆရာလေးတွေ ပထမပြန်စာမေးပွဲ ဖြေဆို အပြီး နွေရာသီ မိဘရပ်ထံ ပြန်ကြတဲ့ အချိန်မှာ မပြန်ကြပါနဲ့ ၊ အင်္ဂလိပ်စာ သင်ပေးမယ် ဆိုပြီး သင်ပေးလိုက်တာ ။ တစ်နှစ်ကို ဆရာလေး ၃ ၊ ၄ ၊ ၅ဝ ရှိတယ် ။ ပထမအသုတ်က ဆရာလေးအချို့ ဆိုရင် ပြည်ပမှာ သီတင်းသုံးနေတာ ရှိတယ် ။

အင်္ဂလိပ်စာသင်တန်း ဖွင့်ပြီး နှစ်နှစ်အကြာမှာ သင်္ချာ တစ်ဘာသာ ထပ်တိုးပြီး တစ်တန်းမှ ရှစ်တန်းအထိ သင်္ချာပညာ သင်ပေးတယ် ။ များသောအားဖြင့် ဘုန်းကြီး ကျောင်းတွေ ၊ သီလရှင်တိုက်တွေမှာ သင်္ချာကို ဦးစားပေးပြီး သင်မပေးကြဘူး ။ တွက်တတ် ၊ ချက်တတ်အောင် ၊ စာရင်းဇယား လုပ်တတ်အောင် သင်္ချာတတ်ဖို့လိုလို့ သင်ပေးတာ ။

၁၃၆၆ ခုမှာ ဘုန်းကြီးရဲ့တူ အရှင်ဣန္ဒစာရရဲ့ အကူအညီနဲ့ အခြေခံ ကွန်ပျူတာ ဘာသာရပ် တစ်ခုကို တိုးပြီး သင်ကြားပေးခဲ့ပါတယ် ။ အင်္ဂလိပ်စာ ခြောက်တန်း ၊ ခုနစ်တန်း တတ်ပြီး ပထမကြီး အောင်မြင်ပြီးတဲ့ သီလရှင် ဆရာလေးတွေကို ကွန်ပျူတာ သင်ပေးတယ် ။ အဲဒါ ၂ဝဝ၄ ခု ၊ ယခု ငါးနှစ် ရှိသွားပြီ ၊ ကွန်ပျူတာ တစ်လုံးတည်းနဲ့ စဖွင့်တာပါ ။

နောက်နှစ် နွေရာသီ သင်တန်းဖွင့်ပွဲကို ဘုန်းကြီးရဲ့အစ်မနဲ့ တူမများကို ဖိတ်ကြားခဲ့တယ် ။ ကွန်ပျူတာတွေ အမှန်တကယ် လိုအပ်နေတာကို မျက်မြင် တွေ့ သွားကြတဲ့အတွက် သူတို့က ကွန်ပျူတာ သုံးလုံး လှူကြတယ် ။ အားလုံး ကွန်ပျူတာ လေးလုံး ရှိလာတယ် ။ နောက်ထပ် အပြင်က ကွန်ပျူတာ တစ်လုံး ငှားပြီး ကွန်ပျူတာ ငါးလုံးနဲ့ သင်ပေးတယ် ။

ပထမကြီး အောင်ပြီး ဓမ္မာစရိယတန်း ရောက်တဲ့ ကိုရင် ၊ ဦးပဉ္စင်းတွေကို သင်ပေးတယ် ။ သူတို့ အဆင့်ရောက်ရင် စာသင်စာချ လုပ်ရပြီ ။ ကျောင်းထိုင်ဆရာတော် ဖြစ်လာရင် ပုစ္ဆာတွေ ထုတ်ဖို့ ကွန်ပျူတာ တတ်သင့်တယ် ။ အရင်ကတော့ လက်နှိပ်စက်နဲ့ ထုတ်ကြတာ ။

ကွန်ပျူတာ အရစ်ကျ လှူတာလည်း ဘုန်းကြီးတို့က လက်ခံတော့ လှူတဲ့ သူတွေလည်း လှူနိုင်ကြတယ် ။ ယခုဆိုရင် သင်တန်းပိုင် ကွန်ပျူတာ ကိုးလုံးနဲ့ ငှား သုံးတာ တစ်လုံး ၊ အားလုံးပေါင်း ဆယ်လုံး ရှိသွားပြီ ။ ယခုအခါ ကွန်ပျူတာသင်တန်း တက်နေတာ ရဟန်း ၃၆ ပါး ၊ သီလရှင် ကိုးပါး ၊ အားလုံး ၄၅ ပါးရှိတယ် ။ သူ့အုပ်စုနဲ့ သူ သီးခြားခွဲပြီး သင်ပေးတာပေါ့ ။

နေ့ဆွမ်း ဘုဉ်းပေးပြီး နေ့လယ် ၁၂းဝဝ နာရီမှ ၂းဝဝ နာရီအထိ တစ်ချိန် ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သင်တန်းအပြီး ညနေ ၄း၃၀ မှ ၆း၃၀ အထိ တစ်ချိန် ၊ နှစ်ချိန်ခွဲပြီး သင်ပေးတယ် ။

ရဟန်းတော် သီလရှင်တွေ မြန်မာစာ သိပ်မကျွမ်းကျင်ဘူး ဆိုလို့ ယခုအခါ မြန်မာစာလည်း သင်ပေးနေတယ် ။

ကွန်ပျူတာကို ငါးနှစ်လောက် သင်ပေးလိုက်တော့ အချို့လည်း ဓမ္မာစရိယ အောင်ပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ဘီအေတန်း ဝင်နေပြီ ။

ကွန်ပျူတာ ၁၅ လုံးလောက် ထားပြီး သင်ပေးမယ်လို့တော့ မျှော်မှန်းထားပါတယ် ။ ကွန်ပျူတာနဲ့တင် မပြီးဘူး ။ အင်ဗာတာ ၊ မီးစက် ၊ ပရင်တာတွေလည်း တည်ထောင်ကုန်ကြရတယ် ။ ဘုန်းကြီးရဲ့ နဝကမ္မ ဝတ္ထုငွေလေးတွေ စုဆောင်းပြီး ကြိုးကြိုးစားစား ဖွင့်လှစ်နေတာပါပဲ ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၁ 

Friday, July 24, 2026

ဗေဒင်မယုံတဲ့ ဗြာဟ္မဏဆရာ


❝ ဗေဒင်မယုံတဲ့ ဗြာဟ္မဏဆရာ ❞

မှတ်မှတ်ရရ တစ်မနက်ပါ ။

ကျွန်တော်က အိပ်ရာက စောစော နိုးလေ့ရှိတယ် ။ အဲသည်နေ့ မနက်မှာလည်း ကျွန်တော် စောစော နိုးနေတယ် ။ ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ ၊ ဟဲယာရွာမက ဦးစံလင်းရဲ့ အိမ်မှာ ကျွန်တော် တည်းခိုနေတာပါ ။ ရှမ်းပြည်နယ် ဆောင်းက အေးတယ် ။ အိပ်ရာက နိုးတော့ ဂွမ်းပုံထဲမှာ အပျင်းဆက်ထူနေတယ် ။

အင်းလေးဒေသမို့ အရာရာက အေးအေးချမ်းချမ်း တိတ်ဆိတ်နေပါတယ် ။ နားထဲမှာ ထူးဆန်းတဲ့ အသံ တစ်ခု ကြားရတယ် ။ အိန္ဒိယ ဂန္ထဝင် ရုပ်ရှင်ကားတွေထဲ ကလို သံစဉ် အနိမ့်အမြင့်က အင်မတန် နားထောင်ကောင်းတဲ့ အသံ ။ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အိမ်ဦးခန်းထဲမှာ ဂန္ဓာရီ ဆန်ဆန် မြင်ကွင်းကို မြင်လိုက်ရတယ် ။ ဝတ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ် တစ်ယောက် ထိုင်နေတယ် ။ သူ့ကို ပတ်ချာဝိုင်းပြီး ဖယောင်းတိုင် ဆီမီးတွေ ထွန်းထားတယ် ။ လေအဝေ့မှာ မီးတောက်တွေက လှုပ်လို့ အရိပ်တွေက ယိမ်းထိုးနေတယ် ။

အဲသည် မြင်ကွင်းကို မြင်တွေ့ခဲ့ရတာ နှစ်ပေါင်း ၃ဝ ခန့် ရှိပြီ ဖြစ်ပေမယ့် ကျွန်တော့် စိတ်မှာ အမှတ်ထင်ထင်ပါ ။ စဉ်းစားရင် ပြန်မြင်ယောင်တယ် ။

ဝတ်ဖြူစင်ကြယ်နဲ့ ပုဂ္ဂိုလ်ကို သေသေချာချာ ကြည့်လိုက်တော့ ကျွန်တော်တို့ရဲ့ ခရီးဖော် ဦးလှညွန့် ဖြစ်နေတယ် ။

ကြံတိုင်းအောင် လွယ်အိတ်လုပ်ငန်းရှင် ဦးအောင်မင်း က အင်းလေးဒေသမှာ ရှိတဲ့ သူ့ရက်ကန်းလုပ်ငန်းတွေကို သွားကြည့်တယ် ။ ကျွန်တော်နဲ့ ဦးလှညွန့် က အဖော်အဖြစ် လိုက်သွားကြတာပါ ။ ဦးလှညွန့် က ကျွန်တော့် အတွက် စိတ်ဝင်စားဖို့ ကောင်းသူ ဖြစ်တယ် ။ နောင် နှစ်ပေါင်း ၃ဝ လောက် ကြာတဲ့အခါ သူ့ကို ယောဂအကျင့် ကျင့်လိုသူတွေကို စေတနာ့ဝန်ထမ်း သင်ပြပေးနေတဲ့ ဆရာကြီး အဖြစ် ပြန်တွေ့ရပါတယ် ။

ဆရာ ဦးလှညွန့် နေထိုင်တဲ့ မန္တလေးတက္ကသိုလ် အနီးက အရှေ့ပုဏ္ဏားကုန်း လို့ ခေါ်ကြတဲ့ ရပ်ကွက်က နေအိမ်ကို ကျွန်တော် သွားရောက်ပါတယ် ။ အိမ်ဝင်းထဲမှာပဲ ဘုရားကျောင်း ရှိတယ် ။ ဘုရားကျောင်းထဲမှာပဲ ထိုင်ရင်း ဦးလှညွန့် နဲ့ ကျွန်တော် စကားစမြည် ပြောကြပါတယ် ။

“ မွေးတာက မန္တလေးမှာပဲ ၊ ဒီနေရာမှာ အရင်က အိမ်ကလေး ရှိတယ် ”

ကျွန်တော်က ပတ်ဝန်းကျင်ကို စောင်းငဲ့ ကြည့်လိုက်မိတယ် ။ အိမ်ဝင်းက မန္တလေးမြို့ရဲ့ down town လို့ခေါ်တဲ့ ရန်မျိုးလုံ ရပ်ကွက်ထဲမှာ ဖြစ်ပေမယ့် အကျယ်ကြီး ။ ခြံကျယ်ဝင်းကျယ် ။ သူတို့ အိမ်ကလည်း အိမ်ကြီးရခိုင် ။

“ မိဘတွေက ဈေးချိုတော် စီရုံမှာ စာအုပ်ဆိုင် ထွက်တယ် ၊ ဝတ္ထု မပါ ပညာပေး စာအုပ်တွေပေါ့ ၊ စာရေးကိရိယာလည်း ရောင်းတယ် ၊ ကျွန်တော့်အဘိုး လက်ထက် ကတည်းက ၊ ကျွန်တော့်ဘကြီးက အိန္ဒိယနဲ့ အဆက်အသွယ် ရှိတယ် ၊ အိန္ဒိယက ပစ္စည်းကို မှာရောင်းတာ ”

“ ပညာသင်ယူခဲ့တာကို ပြောပြပါဦး ”

“ ငါးနှစ် ၊ ခြောက်နှစ်သားမှာ ဖားသားလဖုန်းကျောင်း တက်ရတယ် ။ ကျောင်းပို့တဲ့ အချိန်မှာ ကျွန်တော်က မြန်မာစကား မတတ်တော့ တအား ဒုက္ခရောက်တယ် ။ အိမ်မှာက ကိုယ့် ဘာသာစကားပဲ ပြောတာ ”

“ ဘာ ဘာသာစကား ပြောလဲ ”

“ ဘင်္ဂါလီ ၊ ကျွန်တော့်အဖေရဲ့ အဘိုးက သီပေါမင်းရဲ့ ပုဏ္ဏားတော်ပညာရှိ ဦးစိန္တာ ၊ အိန္ဒိယမှာ ကွယ်လွန်တယ် ၊ ကျွန်တော်က ကျောင်းသွားရင် ဖျားတာပဲ ၊ အဲဒီနှစ်က စာမေးပွဲ မအောင်ဘူး ”

သူက ရယ်တယ် ။ ကလေးတစ်ယောက်အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ များနေတာ ဖြစ်မယ်လို့ ကျွန်တော်က တွေးတယ် ။

“ ကျောင်းမှာက လဖုန်း ကျောင်းတံဆိပ်ပါတဲ့ ဗလာစာအုပ်ပဲ ဝယ်ကိုင် ရတယ် ၊ ကျွန်တော့် အိမ်က စာရေးကိရိယာ ရောင်းတာဆိုတော့ ကျောင်းက ဗလာစာအုပ် ဝယ်မပေးဘူး ၊ ဆရာမက ကျောင်းတံဆိပ်ပါတဲ့ စာအုပ် ဝယ်ရမယ်လို့ ပြောတယ် ၊ နက်ဖြန်ခါ ဝယ်မယ်လို့သာ ကျွန်တော် ပြန်ပြောတယ် ၊ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင်လည်း ပြန်မပြောတတ်ဘူး ၊ ဆရာမက နေ့တိုင်းပဲ အတန်းရှေ့ ထုတ်ပြီး ဒူးထောက်ထိုင်ခိုင်းတယ် ”

ကျောင်းသားကလေးတစ်ယောက် အနေနဲ့ ကျောင်းမပျော်ဘဲ အမြဲ စိတ်ဆင်းရဲနေမယ့် အခြေအနေမျိုးပါပဲ ။

“ ကျွန်တော့်ကို မိဘတွေက ကျူရှင်လည်း ထားပေးတယ် ၊ ဆိုက်ကားကို လပေးငှားပြီး အိမ်နဲ့ကျောင်းနဲ့ ကျူရှင်နဲ့ ကူးရတာပေါ့ ၊ တစ်နေ့တော့ ကျူရှင်က ဆရာမကို ကျွန်တော် ကျောင်းမှာ နေ့တိုင်း ဒူးထောက်ထိုင်ရတယ်လို့ ပြောပြမိ တယ် ၊ ဆရာမက ဘာကြောင့် အဲဒီလို အပြစ်ပေး ခံရတာလဲ ပြန်မေးတော့ ကျွန်တော်က သူ နားလည်အောင် မြန်မာလို မပြောတတ်ဘူး ”

ဘာသာစကား အတားအဆီးနဲ့ သူ ဒုက္ခရောက်ခဲ့ရပုံက သင်ခန်းစာ ယူဖို့လည်း ကောင်းတယ် ။ လူ့အသိုက်အဝန်းမှာ လူများစုကြားမှာ နေထိုင်ရသူ လူနည်းစုရဲ့ ခံစားမှု ၊ အဆင်မပြေမှုတွေ ကိုလည်း စာနာတတ်ကြဖို့ ကောင်းတယ်လို့ ကျွန်တော် တွေးမိပါတယ် ။

“ ကျူရှင်ဆရာမက ဆိုက်ကားဆရာကို မှာလိုက်တယ် ၊ ကလေးကျောင်းမှာ နေ့တိုင်း ဒူးထောက် ထိုင်နေရတယ်တဲ့ ၊ ဘာကြောင့်လဲ မေးဖို့ သူ့မိဘတွေကို ပြောပါဦးတဲ့ ”

ကျူရှင်ဆရာမရဲ့ စေတနာကို လေးစားဖို့ ကောင်းတယ် ။

“ ဘကြီးက မေးတော့ ကျွန်တော်က ကျွန်တော် နားလည်တဲ့ ဘာသာစကားနဲ့ ပြန်ပြောပြတယ် ၊ ကျောင်းတံဆိပ်ပါတဲ့ ဗလာစာအုပ်ကို ဝယ်ကိုင်ရမှာ ၊ မဝယ်လို့ အတန်းရှေ့ထုတ်ပြီး ဒူးထောက်ခိုင်းတယ်လို့ ၊ ဘကြီးက ကျောင်းလိုက်လာပြီး ကျောင်းအုပ်ဆရာကြီးနဲ့ တွေ့တယ် ၊ ကျွန်တော်တို့က စာရေးကိရိယာ ရောင်းတာ ၊ ကျွန်တော့်ကလေးတွေ ကိုယ့်ဆိုင်က ပစ္စည်းကို မသုံးရဘူးလား မေးတယ် ”

မိဘအုပ်ထိန်းသူရဲ့ သတ္တိကိုလည်း တစ်စွန်းတစ်စ မြင်လိုက်ရပါတယ် ။

“ သူတို့က မသုံးနဲ့လို့ ပြောလို့ မရဘူးလေ ၊ ဒါကြောင့် ကျွန်တော့် စာအုပ်တွေ ယူခဲ့ပါ ဆိုပြီး ကျောင်းတံဆိပ် ရိုက်ပေးတယ် ၊ ကျွန်တော် ဘာသာစကား မတတ်လို့ သိပ်ဒုက္ခရောက်တယ် ၊ ကျွန်တော့်ဒုက္ခမျိုး ကျွန်တော့် ကလေးတွေ မရောက်ရအောင် ကလေးတွေကို ငယ်စဉ် ကတည်းက မူကြိုပို့တယ် ”

ဦးလှညွန့်က ပြောနေရင်း အသံတွေ တုန်ယင် လာတယ် ၊ သူငယ်စဉ်က ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ပြန် အမှတ်ရတာရော ၊ ဘာသာစကား ခြားနားတဲ့ သူတွေ ကြားမှာ သူစိမ်းတွေလို ဖြစ်ပြီး အဆင်မပြေမှုတွေ သူ့သားသမီးတွေ ခံစားကြရမှာကို စိုးရိမ်ကြောင့်ကြတာရော ၊ အကြောင်းအရာပေါင်းစုံက ခံစားချက် ပြင်းထန်စေတာ ဖြစ်နိုင်ပါတယ် ။

“ မူကြိုဆရာမကို ပြောတယ် ၊ ဒီကလေးကို စာတတ်ဖို့ မူကြိုပို့တာ မဟုတ်ပါဘူး ၊ မြန်မာစကား တတ်စေချင်လို့ပါ ၊ သင်ပေးပါလို့ ”

ဦးလှညွန့်တို့က ဘင်္ဂါလီ ဘာသာစကားကို ပြောတယ်လို့ ဆိုတယ် ။ ရခိုင် မှာ ဖြစ်နေတဲ့ ပဋိပက္ခမှာ ဘင်္ဂါလီတွေ ဆိုတဲ့ အသုံးအနှုန်းကို တွေ့ရတယ် ။ ဦးလှညွန့်တို့က ဟိန္ဒူဘာသာ ကိုးကွယ်တယ် ။ ဘင်္ဂါလီလို့ ပြောရင် လူတွေက မွတ်စလင်လို့ ယူဆတယ် ။ ကျွန်တော့် စိတ်မှာ မရှင်းလို့ သူ့ကို မေးခွန်းထုတ်တယ် ။

“ ဗမာလူမျိုးထဲမှာ ခရစ်ယာန်လည်း ရှိတယ် ၊ ဗုဒ္ဓဘာသာလည်း ရှိတယ် ၊ မွတ်စလင်လည်း ရှိတယ် ၊ ကိုးကွယ်တာပဲ ကွာတာ ၊ ဘင်္ဂါလီက လူမျိုး ၊ ကိုးကွယ်တဲ့ ဘာသာချင်းတော့ ကွာနိုင်တယ် ”

သူတို့ရဲ့ ထုံးတမ်းဓလေ့တွေကို ကျွန်တော် မေးတယ် ။

“ ကျွန်တော့်အသက် ခုနစ်နှစ် ၊ ရှစ်နှစ် လောက်မှာ စလွယ်တင်တဲ့ အခမ်းအနား လုပ်တယ် ”

ပုဏ္ဏားဓလေ့ စလွယ် တင်တာကို ခမ်းခမ်းနားနား လုပ်လေ့ရှိတာကြောင့် ကျွန်တော်က စိတ်ဝင်တစား ရှိပါတယ် ။

“ အရပ်ထဲက ပညာရှိတွေကို ကျွန်တော့်ဇာတာ ပြတယ် ၊ အခါကောင်းကို ရွေးတယ် ၊ သူတို့က တွက်ချက် ညှိနှိုင်းပြီးတော့ အခါရွေးတယ် ၊ ဘယ်နေ့ ဘယ်အချိန်မှာ စလွယ် တင်ရမယ်လို့ ဆုံးဖြတ်တယ် ၊ ဒီအိမ်ဝင်းထဲမှာပဲ မဏ္ဍပ် ထိုးတယ် ၊ သုံးလေးရက် စလွယ်တင် အခမ်းအနား လုပ်တယ် ”

ကျွန်တော်က စိတ်ဝင်စားလို့ စကား မထောက်ဘဲ နားထောင်နေတယ် ။ ဦးလှညွန့်က ဆက်ပြောပါတယ် ။

“ စတဲ့ရက်မှာ အရပ်ထဲက အမျိုးတွေ အားလုံးကို ကွမ်းနဲ့ ကွမ်းသီးနဲ့ အိမ်ပေါက်စေ့ ကျွန်တော်တို့ မိသားစုက လိုက်ပြီး ဖိတ်ရတယ် ၊ ညနေပိုင်းကျ လူကြီးတွေကို ကိုယ်တတ်နိုင်တဲ့ အင်္ကျီအဝတ်အစားတွေနဲ့ လိုက်ကန်တော့ပြီး သူတို့ရဲ့ မေတ္တာခံယူရတယ် ၊ နောက်ရက် စလွယ် မတင်ခင် တစ်ရက် အကြိုမှာ အမျိုးသမီးတွေက ရေအိုးလွတ်လေးတွေ ရွက်လို့ ရှေ့မှာ ဗုံသမားတွေ ၊ လင်းကွင်းသမားတွေနဲ့ ရပ်ကွက်ထဲ လှည့်တယ် ”

အဲသည်လို အခမ်းအနားမျိုး လှည့်လည်တာကို ကျွန်တော် မန္တလေး တက္ကသိုလ်မှာ ကျောင်းသားဘဝက ပုဏ္ဏားကုန်းမှာ ဖြတ်သွားဖြတ်လာ မြင်ဖူးပါတယ် ။

“ ရောက်ခါနီးမှာ ရေတွင်းကို ပူဇော်ရတယ် ၊ ရေကို ငင်ပြီး ရေအိုးတွေ ရေဖြည့်ရတယ် ၊ ရေဖြည့်ပြီးရင် ဖိနပ် မစီးရဘူး ၊ ဗုံသမားနဲ့ အရပ်ထဲ လှည့်တယ် ၊ ရေအိုးတွေကို သီးသန့်ထားတယ် ၊ ညနေကျတော့ စလွယ်တင်မယ့် ကလေးကို ဝေါပေါ်တင်ပြီး ဗုံအတီးတွေနဲ့ ရပ်ကွက်ထဲ လှည့်တယ် ၊ ပျော်တဲ့ အနေနဲ့ သီချင်းတွေ ဆိုတယ် ”

ကျွန်တော်က တိတ်ဆိတ်စွာ နားထောင်နေတယ် ။

“ စလွယ်တင်မယ့် မနက်ကျ ခေါင်းတုံး တုံးရတယ် ၊ ရေချိုးသန့်စင်ပြီး သင်္ကန်းရောင် ဒိုတီကို ဝတ်ပေးတယ် ၊ မနက်က စပြီး ရေအိုးလေးတွေ ချပြီး မယ်တော် ပူဇော်တယ် ၊ ပုရောဟိတ်က မန္တာန်ရွတ်ပြီး မီးဟုန်းပူဇော်တယ် ၊ အဲဒီ မီးနဲ့ အဲဒီနေ့ ကျွန်တော် စားရမယ့် အစာ နွားနို့နဲ့ ထမင်းချက်တယ် ၊ ဒါပဲ စားရတယ် ၊ ပုရောဟိတ်က ဗြာဟ္မဏတွေကို အချိန်ကျပြီလား မေးတယ် ၊ အချိန်ကျပြီ ဆိုတော့ စလွယ် စတင်တယ် ၊ စလွယ်ကို အသက်ထက်ဆုံး တင်ထားတယ် ”

“ စလွယ်ကို ဘယ်လို လုပ်ထားတာလဲ ”

ဦးလှညွန့်က ထိုင်နေရာက ထပြီး အရွက်တစ်မျိုးကို ယူပြတယ် ။ အရွယ် ရှည်ရှည် ၊ မြက်နဲ့ ဆင်တူပါတယ် ။

“ အရွက်တစ်မျိုးနဲ့ ချည်ကြိုးနဲ့ လုပ်ထားတဲ့ စလွယ် တင်ပေးတယ် ၊ ရွက်ရမယ့် မန္တာန်ကို ရွတ်ဖတ်တယ် ၊ စလွယ် တင်ပြီးတာနဲ့ အရပ်ထဲကို ဆွမ်းခံ ထွက်ရတယ် ၊ ထွက်သွားချိန်မှာ လူ့လောကကို စွန့်ပြီး အပြီးတိုင် ထွက်ခွာသလို ရည်ရွယ်ချက်မျိုးနဲ့ သွားရတာ ၊ အမေ ဖြစ်သူက ငယ်ပါသေးတယ် မသွားပါနဲ့ဦး ဆိုတဲ့ သဘောနဲ့ ပြန်ပြီး ချီခေါ်လာတယ် ၊ ဗြာဟ္မဏ တစ်ယောက်အနေနဲ့ အရပ်ထဲက အသိအမှတ် ပြုတယ် ၊ အဲဒီညကျ အမျိုးသားတွေက သီချင်း ဆိုပြီး အရပ်ထဲ လှည့် တယ် ”

မြန်မာ့ရှင်ပြုအလှူနဲ့ ဆင်ဆင်တူတယ်လို့ စဉ်းစားမိတယ် ။

“ နောက် ၁ဝ ရက်တိုင်တိုင် ဘုရားကျောင်းမှာ နေပြီး မနက်ဆို အိမ်တိုင်းစေ့ ဆွမ်းခံရတယ် ၊ သက်သတ်လွတ် စားရတယ် ၊ ၁ဝ ရက်စေ့မှ ကိုရင်ဘဝက ထွက်တာ ”

“ စလွယ် တင်လိုက် ပြီးတော့ ကိုယ့်မှာ တစ်ခုခု သိဒ္ဓိ ရှိသလို ခံစားလာရသလား ”

“ အဲဒီအချိန်ကတော့ သိပ်ထူးထူးခြားခြား မရှိပါဘူး ၊ နောင်ကျမှ ဘာသာတရားကို လေးလေးနက်နက် လိုက်စားမှ ”

သာသာတရားကို လိုက်စားတော့ ဘာထူးခြားမှုတွေ တွေ့ရပါသလဲ ။ ကျွန်တော် စိတ်ဝင်စားနေမိတယ် ။

ဆရာ ဦးလှညွန့်က ပြောလက်စ ဖြတ်ပြီး ကျွန်တော့်ကို ခင်ဗျား ဘုရားကို ယုံသလား မေးခွန်းထုတ်တယ် ။ ယုံပါတယ်လို့ ပြန်ဖြေလိုက်တယ် ။ ယုံရင် ( ကျွန်တော့် ပါးစပ်ကို လက်နဲ့ ညွှန်ပြပြီး ) သည်ပါးစပ်က လုံးဝ မလိမ်ဘူးလား မေးတယ် ။ ( ကျွန်တော်က ရယ်ကျဲကျဲနဲ့ ) လိမ်ဖူးပါတယ်လို့ ပြန်ဖြေပါတယ် ။ ဒါဆိုရင် ဘယ်မှာ ဘုရားကို ယုံတာ ဟုတ်မှာလဲ ။ ယုံကြည်ရင် လိုက်နာရမယ် ။ ဒါ ကျွန်တော့်ရဲ့ ခံယူချက်ပဲလို့ ပြောတယ် ။

“ ကျွန်တော် ဗေဒင် မယုံဘူး ၊ ငါ သိပ္ပံသမား ၊ ကိုယ် လုပ်ရင်ကိုယ် ခံစားရမယ်လို့ပဲ ယုံကြည်တာ ၊ ဒါပေမဲ့ လက်တွေ့ ခံရတယ် ၊ ခံရမှ ဘုရားကို ယုံကြည်လာတယ် ”

••••• ••••• •••••

❝ ယောဂ ဆရာကြီး ❞

ဗြာဟ္မဏနွယ်ဖွား ဦးလှညွန့် က ယခုအခါ မန္တလေးမြို့မှာ ယောဂကို စိတ်ဝင်စားလို့ လေ့ကျင့်ချင်သူတွေကို မနက်တိုင်း စေတနာ့ဝန်ထမ်း သင်ပြပေး နေတဲ့ ဆရာကြီး ဖြစ်ပါတယ် ။ သူ နေထိုင်ရာ ရန်မျိုးလုံရပ်ကွက်က ဗြာဟ္မဏ ဘုရားကျောင်းမှာ အတူထိုင်ရင်း ကျွန်တော် သိချင်တာတွေကို မေးပါတယ် ။

“ ၁၉၇၁ ခုနှစ်မှာ ကျွန်တော် ၁၀ တန်း အောင်တယ် ၊ ဓာတုဗေဒ အဓိကနဲ့ တက္ကသိုလ် ဆက်တက်တယ် ၊ ၁၉၇၅ ခုနှစ်မှာ ကုန်ထုတ်ဓာတုဗေဒ သိပ္ပံဘွဲ့ ရတယ် ”

ဦးလှညွန့် က သူ့ပညာရေး အကြောင်းကို ပြန်ပြောပါတယ် ။ ကျွန်တော်က ကျွန်တော် သိချင်တာတွေကို ပြန်မေးတယ် ။

“ ရိုးရိုး ဓာတုဗေဒဘွဲ့ကို မန္တလေးတက္ကသိုလ်မှာပဲ တက်ပြီး ယူနိုင်တယ် ၊ ကုန်ထုတ်ဓာတုဗေဒက ရန်ကုန်တက္ကသိုလ် သွားတက်ရမယ် ၊ ကိုယ့်အိမ်နဲ့ ခွဲရမယ် ၊ ဘာကြောင့် ယူတာလဲ ”

“ ကျွန်တော့်အဖေရဲ့ အမြင်က မြန်မာနိုင်ငံမှာ သစ်သားပေါတယ် ၊ ခဲလည်း ပေါတယ် ၊ ဒါပေမဲ့ ခဲတံကို မြန်မာပြည်မှာ မထုတ်နိုင်သေးဘူး ၊ ထုတ်ချင်တယ် ဆိုပြီး ကျွန်တော့်ကို ထုတ်ကုန်ဓာတုဗေဒ သင်ခိုင်းတာ ”

“ ရန်ကုန်မှာ နေတော့ကော ”

“ ကျွန်တော်က ဘာသာရေးကို အလေးထားတော့ စားရေးသောက်ရေး အခက်အခဲရှိလို့ မင်္ဂလာတောင်ညွန့် မှာ ရှိတဲ့ အစ်ကိုဝမ်းကွဲအိမ်က တက်တယ် ၊ နောက်နှစ်ကျ အဆင်မပြေလို့ တက္ကသိုလ် အဆောင်ကို ပြောင်းတယ် ”

အဆင်မပြေတဲ့ အကြောင်းကို ကျွန်တော် မေးတယ် ။

“ မန္တလေးက အဘိုး ဆုံးတယ် ၊ ဘာသာရေး အရ ကျွန်တော်က သူတို့ အိမ်မှာ မနေရဘဲ ရှောင်ရတယ် ၊ ဒါကြောင့် တက္ကသိုလ်ထဲက သူငယ်ချင်း အဆောင်မှာ ၁ဝ ရက် သွားနေတယ် ၊ ပြန်လာတော့ သန့်ရှင်းရေး လုပ်ပြီးမှ အိမ်ကို ဝင်ရတယ် ၊ သူတို့က ကျွန်တော် ပါလာတဲ့ အဝတ်အထည် အားလုံး လျှော်ခိုင်းတယ် ၊ လည်သာဂျာကင်ကြီးပါ လျှော်ခိုင်းတော့ ကျွန်တော် တော်တော် စိတ်ပျက်သွားတယ် ၊ ဒါကြောင့် အဆောင်ကို ပြောင်းခဲ့တယ် ”

“ အဆောင်မှာ နေတော့ စားရေးသောက်ရေးကိစ္စ ဘယ်လို ဖြေရှင်းသလဲ ”

သူတို့ ဘာသာရေးအရ အစားအသောက် ကိစ္စမှာ ရောရောနှောနှော မစားဘဲ အလွန်ပဲ စည်းစနစ် တင်းကျပ်တာကို သိလို့ ကျွန်တော် မေးပါတယ် ။

“ အိမ်ကနေ ပူရီတွေ လုပ်ပြီး ချိုင့်ကြီးနဲ့ ပို့ပို့ပေးတယ် ၊ တော်တော်လေးကို ဒုက္ခခံပြီး တက်ခဲ့ရတယ် ၊ ကျွန်တော် တက္ကသိုလ် တက်ချိန်မှာ ဦးသန့် အရေးအခင်း ၊ မှိုင်းရာပြည့် အရေးအခင်းတွေ တစ်ခုပြီး တစ်ခု ကြုံခဲ့ရတယ် ”

ရန်ကုန်မှာ တစ်နယ်တစ်ကျေး ကျောင်းတက်ရင်း ကြုံရဆုံရတာတွေကို ကျွန်တော် မေးတယ် ။

“ ကျွန်တော်က အဆောင်ကို အပြန်လမ်းမှာ လူနှစ်ယောက်နဲ့ တွေ့တယ် ၊ သူတို့ကို ဘတ်စ်ကားမှတ်တိုင် လိုက်ပို့ပေးပါတဲ့ ၊ လိုက်ပို့ချိန် လမ်းမှာ ဆွဲကြိုး တစ်ကုံး တွေ့တယ် ၊ အမှန်က အဲဒီဆွဲကြိုးက သူတို့ ချထားတာ ၊ အနီးအနားမှာ ရှိတဲ့ လူတစ်ယောက်က ဒီဆွဲကြိုးကို ခင်ဗျားတို့ အတူတူ တွေ့တာ ခင်ဗျားလည်း ဆိုင်တယ်တဲ့ ၊ ကျွန်တော်က လောဘ ဝင်သွားမိတယ် ၊ ဒီအချိန်မှာ ဆွဲကြိုးကို ဘယ်မှ သွားရောင်းဖို့ အချိန်မရှိဘူး ၊ ဆွဲကြိုးကို ခင်ဗျားယူ ၊ သူတို့ကို ခင်ဗျားနာရီ ချွတ်ပေးလိုက်လို့ သူက ဝင်ပြောတယ် ၊ နောက်နေ့ အဲဒီဆွဲကြိုးကို ဆိုင်သွားရောင်းတော့ အတု ဖြစ်နေတယ် ”

ဒါမျိုးက ဖြစ်နေကျ လိမ်နည်းပါ ။ ဒါပေမဲ့ မရိုးနိုင်ဘဲ အလုပ် ဖြစ်နေဆဲ လိမ်နည်းလည်း ဖြစ်ပါတယ် ။

“ ဒါတွင်မကဘဲ အဆင်မပြေမှုတွေ အများကြီး ကြုံလာရတယ် ၊ ကျွန်တော်က ဗေဒင် ယုံတဲ့ကောင် မဟုတ်ဘူး ၊ ဒါပေမဲ့ မန္တလေးက မိဘတွေကို ကျွန်တော့် ဇာတာ စစ်ကြည့်စမ်းပါလို့ လှမ်းမှာလိုက်တယ် ”

ဗြာဟ္မဏနွယ်ဖွား တစ်ယောက်က ဗေဒင် မယုံဘူး ဆိုတော့ ကျွန်တော့် အတွက် ပြုံးချင်စရာ ဖြစ်သွားပါတယ် ။

“ ဗေဒင်ဆရာက ဘာဘာလုပ်လိုက်ပါတဲ့ ၊ ကျွန်တော်က သိပ်အလေး မထားဘူး ၊ ကျောင်းပိတ်တော့ သူငယ်ချင်းတွေ မန္တလေး အလည် လိုက်လာတယ် ၊ မေမြို့ကို သွားလည်တယ် ၊ ကျွန်တော့် အဖေက ကျွန်တော့်ကို ကားမမောင်းနဲ့ ၊ ဒရိုင်ဘာ ခေါ်သွားလို့ သတိပေးတယ် ၊ မေမြို့က ပြန်ရောက်တော့ ဒရိုင်ဘာက သူ ရေချိုးဦးမယ် ၊ မင့် သူငယ်ချင်းတွေကို မင်း လိုက်ပို့တဲ့ ”

တစ်ခုခုတော့ ဖြစ်တော့မှာလားလို့ ကျွန်တော် တွေးပူနေမိပါတယ် ။

“ ကျွန်တော် မောင်းတော့ ကားတိုက်တာပဲ ၊ အဖေက ပြောတယ် ၊ မင်း ဗေဒင် မယုံဘူး မဟုတ်လားတဲ့ ၊ ကျွန်တော်က မယုံဘူး ၊ ကျွန်တော်က သိပ္ပံသမား ၊ ကျွန်တော် လုပ်တာ ကျွန်တော် ဖြစ်မှာပဲ ဆိုတော့ အဖေက မင်း ဒီစာရွက် ဖတ်ကြည့်တဲ့ ၊ ကျွန်တော် ဖြစ်မှာတွေ အကုန် ရေးထားတယ် ၊ အဲဒီတော့မှ ကျွန်တော် ဗေဒင် ယုံသွားတယ် ”

ကျွန်တော်က ဘယ်ဗေဒင်ဆရာ ဟောတာပါလိမ့်လို့ သိချင်လာတယ် ။

“ ယုံလာပြီးနောက် ကျွန်တော့် အမေကို ဗေဒဆရာက တန်ဆောင်မုန်းလ မကျော်ဘူး ဟောတယ် ၊ ဒါနဲ့ အမေ့ဇာတာကို ယူပြီး ရင်းနှီးတဲ့ ဗေဒင်ဆရာကို မေးတယ် ၊ အမေ သေမှာလား ၊ မသေဘူးလား အတိအကျ ဟောလို့ ၊ ဗေဒင်ဆရာက အခြေအနေ ကတော့ သိပ်မကြိုက်ဘူးဗျာ ၊ ဘုရားပဲ အားကိုးတဲ့ ”

ဘာဖြစ်မှာလဲ ။

သိချင်ဇောက ထက်သန်လာတယ် ။

“ ကျွန်တော် အိမ်ပြန်လာတယ် ၊ ဘုရားရှေ့မှာ သစ္စာအဓိဋ္ဌာန် ပြုတယ် ၊ တပည့်တော် ဘုရားရှင်ထံက ဘာအခွင့်အရေးမျှ မတောင်းခဲ့ဖူးပါဘူး ၊ မတောင်းခဲ့ရိုး မှန်ပါရင် တပည့်တော်ရဲ့ မိခင်အသက်ဟာ ဗေဒင်ဆရာတွေ ပြောကြတဲ့ တန်ဆောင်မုန်းလကို ကျော်လွှားသွားပါစေ ၊ မသေအောင် တောင်းနေတာ မဟုတ်ပါဘူး ၊ ဒါတွေ ဒါတွေ ကျွန်တော် လုပ်ပါမယ်လို့ အဓိဋ္ဌာန်ပါတယ် ”

ပြောနေရင်းနဲ့ သူ့အသံက ကြေကွဲသံ ပါလာတယ် ။

“ သစ္စာဆိုတဲ့ အတိုင်းပဲ ကျွန်တော် လုပ်တယ် ၊ အမျိုးတွေက အမေ သေတော့မယ် ဆိုပြီး လုပ်စရာတွေကို ပြင်ဆင်နေကြပြီ ၊ အမေ ကိုယ်တိုင်ကလည်း သူ့ကို ဟောထားတာ သိတယ် ”

တကယ်ကော ကျော်လွှားနိုင်ပါရဲ့လား ။ ကျော်လွှားလို့သာ ဦးလှညွန့်က ပြန်ပြောပြတာ ဖြစ်ပါလိမ့်မယ် ။

“ အမေက နှလုံးရောဂါ ၊ ဆီးချို သွေးတိုးရောဂါ ရှိတယ် ၊ အခြေအနေက မကောင်းဘူး ၊ ဒါပေမဲ့ သူတို့ ပြောတဲ့ တန်ဆောင်မုန်းလ မသေဘူး ၊ ကျွန်တော် ဘုရားကို ယုံသွားပြီ ၊ အဒေါ်လည်း ဒီလို ဖြစ်ပြန်ရော ၊ ကျွန်တော် ဒီနည်းနဲ့ပဲ ပြန်ချတာ ၊ ရတယ် ၊ ဒါကြောင့် ဒီနေ့ ဒီအချိန်အထိ ဘာသာရေးကို ကျွန်တော် လိုက်တယ် ”

သူ့ဖခင်က ပြည်တွင်းမှာ ခဲတံထုတ်ချင်တယ် ၊ သူ ဘွဲ့ရတော့ ဘာလုပ်သလဲ ။

“ ၁၉၇၅ ခု ဘွဲ့ရတော့ မိဘတွေ ဆိုင်ဖွင့်ထားတဲ့ ဈေးထဲ လိုက်တယ် ၊ ကျွန်တော့် ဇာတာက ဘုန်းကြီးဇာတာ ၊ ဈေးရောင်းရင် အလုပ် မဖြစ်ဘူး ၊ သား ရှိလာတော့ ဆိုင်ကို သားနဲ့ လွှဲပြီး ဘုရားတရားပဲ လုပ်တော့တယ် ”

“ ဆရာတို့ ဓလေ့အရ အိမ်ထောင် ဘယ်လိုချထားလဲ ”

“ ဘွဲ့မရခင်လေး ၊ ၁၉၇၅ မှာပဲ အိမ်ထောင်ကျတယ် ၊ ကျွန်တော် ၁၀ တန်း နှစ်မှာ အဘွားက အသည်းရောဂါနဲ့ အိပ်ရာထဲ လဲနေချိန်မှာ ကျွန်တော့်ကို မိန်းမ ယူပါတဲ့ ၊ ယူပါ့မယ်လို့ ၊ ကျွန်တော် ယူချင်တာက အဘွားနဲ့ မြေးတော်တဲ့ မိန်းကလေး ၊ ဒီမှာ အမျိုးတွေက ထပ်နေတာ ၊ ဒါနဲ့ အမျိုးသမီးဘက်က ကျွန်တော့် ဇာတာ တောင်းစစ်တယ် ၊ ကိုက်ပြီ ၊ ပေးစားမယ် ဆိုတဲ့အချိန် အဘွား ဆုံးသွားတယ် ၊ မင်္ဂလာကိစ္စ မလုပ်ရဘူး ၊ တစ်နှစ် ရွှေ့သွားတယ် ”

သူတို့ ဓလေ့က စိတ်ဝင်စားစရာပါ ။

“ နောက်နှစ်ကျတော့ ကျွန်တော်က ရန်ကုန် ကျောင်းသွားတက်လို့ တစ်နှစ် ရွှေ့ပြန်ရော ၊ နောက်တစ်နှစ် ကျတော့ ဗေဒင်ဆရာက အခါ မရဘူးတဲ့ ၊ အိမ်က ဒရိုင်ဘာက မြှောက်ပေးတယ် ၊ ထွက်ပြေးကြကွာတဲ့ ”

တူနှစ်ကိုယ် နီးဖို့ရာ ခရီးက ဝေးလှတယ်ဆိုတဲ့ သီချင်းစာသားကို သတိရလိုက်တယ် ။

“ ကျောင်းပြီးခါနီးမှပဲ အိမ်ထောင်ပြုဖြစ်တော့တယ် ”

ဦးလှညွန့် ယောဂကျင့်စဉ်နဲ့ ပတ်သက်လာပုံကို မေးပါတယ် ။

“ ကျွန်တော် ဂျူဒို ကစားဖူးတယ် ၊ ကရာတေး ကစားဖူးတယ် ၊ ကြက်တောင် ရိုက်ဖူးတယ် ၊ ဘောလုံး ကန်ဖူးတယ် ၊ လမ်းလျှောက်ဖူးတယ် ၊ လုပ်ခဲ့သမျှထဲမှာ ယောဂ လုပ်ရတာ အပျော်ဆုံးပဲ ”

“ ယောဂနဲ့ ဘယ်လိုက စပြီး ဆက်စပ်မိတာလဲ ”

“ ၁၉၇၂ - ၁၉၇၃ လောက်က ဗိုလ်မင်းဟံ ရေးတဲ့ သင့်ဘဝအတွက် ယောဂ ကျင့်စဉ်စာအုပ်ကို ဖတ်မိတယ် ၊ စာအုပ်ဖတ်ပြီး နည်းနည်းပါးပါး လုပ်ကြည့်ပေမယ့် ဟုတ်တိပတ်တိ မလုပ်ဖြစ်ဘူး ”

ဦးလှညွန့် ပြောတော့ ဗိုလ်မင်းဟံစာအုပ်ကို ကျွန်တော်လည်း ဖတ်ဖူးတာ ၊ အသက်ရှူတာနဲ့ ပတ်သက်ပြီး ဘယ်ဘက် နှာခေါင်းပေါက် ၊ ညာဘက် နှာခေါင်းပေါက် လေဝင်လေထွက် ပမာဏ မတူတာ ၊ အသက်ရှူ လေ့ကျင့်ခန်းတွေ လုပ်ကြည့်ခဲ့ဖူးတာ ၊ နောက်ကျ မေ့မေ့ပျောက်ပျောက် ပစ်ထားမိတာ ပြန်သတိရပါတယ် ။

“ ၁၉၉၃ ခုနှစ် လောက်ကျတော့ ကျောက်တံခါး မိဘမဲ့ ကလေးကျောင်း ၊ ကျောင်းအုပ် လုပ်နေတဲ့ ဆရာက မန္တလေး လာပြီး ၁ဝ ရက် ယောဂသင်တန်း လာပြတယ် ၊ ၁၉၉၅ မှာ နောက်တစ်ခါ လာပြီး ၁၀ ရက် သင်တန်းဖွင့်တယ် ၊ အခမဲ့ ချည်းပဲ ၊ ကျွန်တော် မသိလိုက်ဘူး ၊ ၁၉၉၈ ကျ နောက်တစ်ခါ လာတယ် ၊ ကျွန်တော် သိပြီး သွားတယ် ၊ အဲဒီကျမှ နည်းစနစ်ကျကျ လေ့လာဖို့ လိုအပ်တာကို ကျွန်တော် နားလည် သွားတယ် ”

“ ၁ဝ ရက်ပဲလား ”

“ ၁ဝ ရက်ပဲ ၊ ဆရာ ပြန်သွားတော့ အိမ်မှာ သုံးလေးရက် လုပ်ပြီး နောက်ကျ မလုပ်ဖြစ်ဘူး ၊ ၂ဝဝ၃ ခုနှစ်မှာ ၁၀ ရက် သင်တန်း လာပေးပြန်တယ် ၊ သင်တန်းဖော် အယောက် ၂ဝ လောက် ရှိတယ် ၊ အာရိယဓမ္မာရုံမှာ ”

“ ဆက်လုပ်ဖြစ်သေးလား ”

“ မလုပ် ဖြစ်ပြန်ဘူး ၊ ၂ဝဝ၆ ခုနှစ် ကျတော့ ဆရာက တစ်ခေါက် လာပြန်တယ် ၊ ကျွန်တော့်ကို ကူပြပေးပါလို့ ဆရာက ခိုင်းတယ် ၊ ဆရာ ပြန်သွားပေမယ့် ကျွန်တော် ဆက်ပြဖြစ်သွားတယ် ၊ ၂၀၀၆ ခု ၊ နိုဝင်ဘာလ ၂၅ ရက်နေ့က စပြီး ဒီနေ့ အထိပဲ မြဲနေတာ ”

“ သင်တန်းသားတွေလည်း စွဲစွဲမြဲမြဲ လာတယ်ပေါ့ ”

“ လာတယ် ၊ ဆရာ ပြပေးတဲ့ နည်းလောက်နဲ့တွင် ဆိုရင်တော့ ဒါလောက် လာကြမှာ မဟုတ်ဘူး ၊ ကျွန်တော်က ယောဂနဲ့ ပတ်သက်တဲ့ ဆရာ့ဆီက စာအုပ်တွေ ၊ နိုင်ငံခြား စာအုပ်တွေ ဖတ်တယ် ၊ မသိရင် အဘိဓာန်တွေမှာ ရှာတယ် ၊ ဖတ်တတ်တဲ့ သူတွေကို အဓိပ္ပာယ်မေးတယ် ၊ စာအုပ် တစ်အုပ်ထဲမှာ စာလုံးတစ်လုံး တွေ့တယ် ၊ ဘင်္ဂါလီ - ဘင်္ဂါလီ ရှာတယ် ၊ ဘင်္ဂါလီ - အင်္ဂလိပ် ရှာတယ် ၊ အင်္ဂလိပ် - မြန်မာ ရှာတယ် ၊ ဒေရှင်နယ်ရီပေါင်းစုံမှာ ရှာတယ် ၊ မတွေ့ဘူး ၊ နန်းတော်ရှေ့က ခရစ်ယာန် အမျိုးသမီးကြီး တစ်ယောက် အင်္ဂလိပ်စာ ကျွမ်းတယ်ဆိုလို့ သွားမေးတယ် ၊ မရဘူး ၊ နောက်ဆုံး အင်တာနက်မှာ ရှာမှ အသားတု ဆိုတာ တွေ့တယ် ”

တော်တော်ကြိုးစား လေ့လာတာပဲလို့ ကျွန်တော် မှတ်ချက်ချမိတယ် ။

“ ယောဂသင်တန်းကို စေတနာ့ဝန်ထမ်း သင်တာ ဆိုတော့ လေးစားကြရဲ့လား ”

“ ကျွန်တော် ကတော့ မိုးကြီးလေကြီး ကျနေပါစေ ၊ သင်တန်းရှိရာကို သွားတယ် ၊ တစ်ယောက် လာရင် တစ်ယောက်ကို သင်ပြတယ် ၊ ဘယ်အခြေအနေမှာ မဆို ကျွန်တော် လာတယ် ဆိုတာကို သူတို့ သိလာတော့ မိုးရွာလည်း လာကြတယ် ”

“ အကျိုး ခံစားရလို့လား ”

“ ကျွန်တော် ယောဂ နေ့တိုင်း လုပ်နေတာ ရှစ်နှစ် ရှိလာပြီ ၊ သူ့အကျိုးကို ပိုပြီး သိလာတယ် ၊ ကိုယ့်အရွယ်တွေ သေသူ သေ ၊ ကျန်းမာရေး မကောင်းသူ မကောင်း ဖြစ်တာ မြင်ရတော့ ကျွန်တော် ယောဂ လုပ်လို့ပဲ ဆိုတာ သိလာတယ် ၊ ယောဂ လုပ်တော့ အာရုံတွေကို ကျွန်တော် ထိန်းတယ် ”

“ သင်တန်း လာတက်တဲ့ သူတွေကကော ဘာအကျိုးကို မျှော်ပြီး လာကြတာလဲ ”

“ တချို့က ပြောတယ် ၊ သူတို့မှာ ဆီးချိုရှိတယ် ၊ တချို့က ကျီးပေါင်းတက်နေတယ် ၊ တချို့က သွေးတိုးရှိတယ် ၊ တချို့က ခေါင်းကိုက်တယ် ၊ ယောဂ စာအုပ်တွေထဲမှာ သွေးတိုးသမား ဆိုရင် ဘာလုပ် ၊ ဆီးချိုသမား ဆိုရင် ဘာလုပ် ဆိုတာတွေ ရှိတယ် ၊ ကျွန်တော်က သင်ပြတဲ့အခါ တစ်ကိုယ်လုံးအတွက် လုပ်ပေးတယ် ၊ ဆီးချို အတွက် ဆိုရင် အိမ်မှာ ဘယ်လို ဘယ်လိုလုပ် ၊ စားတာ ဘယ်လိုစား ဆိုတာ ညွှန်ပေးတယ် ၊ အိန္ဒိယက ထုတ်တဲ့ စာအုပ်တွေထဲမှာ သူ့နည်းနဲ့ သူ ရှိပြီးသား ”

ဆရာ ဦးလှညွန့်ကို မန္တလေး ၊ ကန်တော်ကြီးမှာ သင်ပြပေးဖို့ မြို့တော် စည်ပင်သာယာရေးအဖွဲ့က အကူအညီ တောင်းတာ ။ Road to Mandalay နိုင်ငံခြားသား အပျော်စီး အပန်းဖြေ သင်္ဘောကြီး ပုဂံ - မန္တလေး - ဗန်းမော် ခရီးစဉ်များမှာလည်း ဆရာဦးလှညွန့်က နိုင်ငံခြားသားတွေကို ယောဂ လိုက် သင်ပြပေးနေတာကို ကျွန်တော်သိပါတယ် ။ သူ သင်ပြနေတာတာဟာ စေတနာသက်သက်လို့လည်း သိတာမို့ အဲသည် အကြောင်းကို မေးတယ် ။

“ မူရင်း ယောဂ စာအုပ်တွေကို ဖတ်တဲ့အခါ ဒီပညာနဲ့ စီးပွား မရှာဖို့လို့ ပါတယ် ၊ ဒါကြောင့် ကျွန်တော် ယောဂကို စေတနာ သက်သက်နဲ့ပဲ သင်ပြပေးနေတာပါ ”

သူ့စေတနာက မှန်လို့ပဲ ဖြစ်ပါမယ် ။ သူ့ ယောဂလေ့ကျင့်ခန်းသင်တန်းက မနက်တိုင်း လူ ၅ဝ လောက် ရှိတယ် ။ အမျိုးသား ၊ အမျိုးသမီး အသက်အရွယ် ပေါင်းစုံဟာ မနက်ခင်း ဝေလီဝေလင်းက စလို့ ယောဂ လေ့ကျင့်နေကြတာကို နေ့စဉ် တွေ့မြင်ရပါတယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ စုစည်းမှု - ၈

Friday, July 3, 2026

ပေစုတ်စုတ်နဲ့ ရွှေထုပ်တဲ့မြပဝါ


❝ ပေစုတ်စုတ်နဲ့ ရွှေထုပ်တဲ့မြပဝါ ❞

[ မန္တလေးမြို့ ၊ မြို့သစ်က အိမ်တစ်အိမ်ပေါ်မှ ကောင်မလေး တစ်ယောက်နဲ့ ကောင်လေး တစ်ယောက် အချေအတင် စကားများနေတဲ့ အသံ ကြားနေရတယ် ။

ကက်ဆက်တစ်လုံး ပျောက်သွားလို့ ကောင်မလေးက ကောင်လေးကို ရန်တွေ့ နေတာပါ ။ ကောင်လေးက မိသားစုပိုင် ကက်ဆက်ကို ရောင်းပြီး လောင်းကစား လုပ်တာတဲ့ ။ ကောင်မလေးရဲ့ ခပ်စွာစွာ အသံမှာ ဒေါသတွေ ထွက်လာပုံရတယ် ။ ကောင်လေးက သည်းမခံနိုင်တော့ဘဲ ကောင်မလေးကို အိမ်ပေါ်က ဆင်းသွားဖို့ နှင်ချလိုက်တယ် ။

ကောင်လေးနဲ့ ကောင်မလေး အချေအတင် စကားပြောနေကြတဲ့ ရှေ့မှာ ဆံပင်စုတ်ဖွား ၊ အဝတ်အစား ပေစုတ်စုတ်နဲ့ လူတစ်ယောက်က ထိုင်ပြီး စေ့စေ့စပ်စပ် ကြည့်နေတယ် ။ သူတို့ကို ဝိုင်းအုံ ကြည့်နေသူတွေလည်း အများကြီးပဲ ။

ဒါကတော့ ပြဇာတ် ဇာတ်ဝင်ခန်း တစ်ခု အတွက် ဇာတ်တိုက် နေကြတာပါ ။ ပေစုတ်စုတ် ဆရာကတော့ ပြဇာတ်ဒါရိုက်တာ အနုပညာ မောင်ဌေးကြည် ( စလင်း ) ဖြစ်ပါတယ် ။

ကိုဌေးကြည်ဟာ ကဗျာဆရာ တစ်ယောက်လည်း ဖြစ်တယ် ။ သူ့ကဗျာတွေကို လစဉ်ထုတ် မဂ္ဂဇင်းတွေမှာ ဖတ်ရတယ် ။ သူက ဇာတ်သဘင်အဖွဲ့တွေ အတွက် ပြဇာတ်တွေလည်း ရေးတယ် ။ မန္တလေး ၊ မော်လမြိုင် ၊ ချောက် ၊ ပခုက္ကူ ၊ ငသိုင်းချောင်းမြို့တွေကို လှည့်ပြီး သူက ပြဇာတ်တိုက်ပေးတယ် ။

မန္တလေးမြို့ကို ကိုဌေးကြည် ရောက်လာခိုက် သူ ပြဇာတ်တိုက်နေတဲ့ အလုပ်ခွင်ကို သွားပြီး သူ့ဘဝကို ကျွန်တော်က မေးပါတယ် ။ ]

••••• ••••• •••••

ကျွန်တော့်ကို စလင်းမြို့မှာ မွေးတာ ။ မိဘတွေက ပွင့်ဖြူ အနောက်ဘက် မုန်းဒေသက ။ အဖေ့ရွာက လေးအိမ်စု ၊ အမေ့ရွာက ကနီရွာသစ် ။ ကျွန်တော့် အဖေနဲ့ အမေက ဖူးစာဆုံပြီး စလင်း ပြောင်းနေကြတာ ။ သူတို့က ၁၂ ပွဲလည်ပြီး ပွဲတော်တွေမှာ ထင်းရှူးသေတ္တာကြီးတွေ လည်ရောင်းတာ ။ ပျဉ်းမနားတို့ ၊ လယ်ဝေးတို့ ၊ ရှမ်း ပြည်နယ်တို့က ထင်းရှူးသားတွေ ဝယ်ပြီး ပွဲတကာ လိုက်ရောင်းတာ ။ ကျွန်တော် ကလေးဘဝ ကတည်းက ဇာတ်တွေနဲ့ ရင်းနှီးခွင့်ရခဲ့တယ် ၊ ဇာတ်တွေ ကြည့်ရတယ် ။ အောက်ဆိုရင် အောင်လံ ၊ သရက် ။ အထက်ဆိုရင် ပခုက္ကူ ၊ ဧရာဝတီမြစ်တစ်ကြော အနှံ့ ရောက်ရတယ် ။

ငယ်တုန်းကတော့ စလင်းမှာ ကျောင်းထားပေးတယ် ။ ကျောင်းပိတ်ရက်မှ ကျွန်တော်က မိဘတွေနောက် တကောက်ကောက်လိုက်သွားတာ ။ ကျွန်တော့်အရီးနဲ့ စလင်းမှာ ထားပစ်ခဲ့တာ ။ ကျောင်းနေတာ ဆယ်တန်းတော့ ကျွန်တော် မအောင်ဘူး ။ ရှစ်တန်း ဒုတိယနှစ်နဲ့ ကျောင်းထွက်ပြီး မိဘတွေ ၁၂ ပွဲ သွားတဲ့နောက် လျှောက်လိုက်တယ် ။ ကျွန်တော်က တစ်ဦးတည်းသော သား ။ ကျွန်တော့်နာမည် မောင်ဌေးကြည် ကို ယူပြီး ‘ ဌေးမေတ္တာ ’ သေတ္တာဆိုင်လို့ နာမည်ပေးတယ် ။

ကျွန်တော်က မိဘနဲ့အတူ ပွဲတော်တွေ လိုက်သွားတဲ့အခါ နေ့ခင်းမှာ သေတ္တာ ရိုက် ၊ သေတ္တာရောင်း ၊ ညကျ ပွဲဝင်ကြည့် ။

မှတ်မိနေတဲ့ သူကတော့ ဘီအီးဒီအောင်သိုက် ပေါ့ ။ မှတ်မှတ်ရရ မလွန်မှာ သူက ‘ မငြိမ်းနွဲ့ ချွတ်ခန်း ’ ကတယ် ။ ဇာတ်ထဲမှာ ပါတဲ့ စက်ဆရာက ကိုသန်းမြင့်တဲ့ ။ ကျွန်တော်က ဇာတ်ရုံထဲဝင်ရအောင် သူ့ကို ဆေးလိပ်တစ်လိပ် ပေးပြီး ဇာတ်ထဲဝင်တယ် ။ သူက အသံချဲ့စက်ဆရာ ၊ သူ့ကို ပေါင်းရတာပေါ့ ။ သူ့နေရာက ထိုင်ကြည့်တာ ။ အဲသည်မှာ ကျွန်တော် လေ့လာပြီး ဦးအောင်သိုက်ရဲ့ ပြဇာတ်ဖိုင်ကို သူတို့ဆီက တောင်းဖတ်တယ် ။

ရွှေမန်းကျော်အောင်ဇာတ်နဲ့လည်း သွားလေရာတွေ့တာ ။ ပြဇာတ်ဒါရိုက်တာက တေးလုလင်မြတ်စိုး ။ ကျွန်တော်က ကိုမြတ်စိုးနဲ့ စကားသိပ်ပြောချင်တာ ။ အဲသည်တုန်းက အသက် ၁၅ နှစ်လောက်ပဲ ၊ မလောက်လေး မလောက်စားပေါ့ ။ ကြာတော့ မျက်မှန်းတန်းမိလာတယ် ၊ ပြုံးပြတာမျိုး ရှိလာတယ် ။

ဇာတ်တွေနဲ့က အမြဲ တွေ့ နေတာ ။ ကျွန်တော်က ပြဇာတ်ဒါရိုက်တာတွေနဲ့ ရင်းနှီးချင်တယ် ။ ဆင်ပေါင်ဝဲမှာ ဦးစိန်အောင်မင်းဇာတ်က စန္ဒရားလူမော်နဲ့ ရင်းနှီးတယ် ။ ပွဲက ၁၂ ပွဲ ဆိုတော့ တစ်ဇာတ်မဟုတ် တစ်ဇာတ် ဆုံတွေ့ နေရတာပဲ ။ ကျွန်တော် အတွေ့ချင်ဆုံးကတော့ မြို့တော် မောင်ယဉ်အောင် ။ မှတ်မှတ်ရရ ကျွန်တော် ခုနစ်တန်းမှာ မြို့တော်သိန်းအောင်ကို မှန်းပြီး ပြဇာတ်ရေးဖူးတယ် ။ ကိုယဉ်အောင် ( အကယ်ဒမီ မောင်ယဉ်အောင် ) ကို သိပ်တွေ့ ချင်တာ ။ ရေနံချောင်း သောင်ပြင်ပွဲမှာ ကိုယဉ်အောင်ကို ချဉ်းကပ်ပြီး ကျွန်တော် ရေးသားတဲ့ ပြဇာတ်ကို ပြကြည့်တယ် ။ ကိုယဉ်အောင်က လေးလေးစားစားပဲ ဖတ်ပြီး ဒါက ကလို့ မရဘူးတဲ့ ။ ကိုယဉ်အောင် ကို ဘယ်လောက် သဘောကျခဲ့လဲဆိုရင် သူက လက်ဖက်ရည်ဆိုင်မှာ စာရေးပြီး သူ မကြိုက်ရင် ဆုတ်ဖြဲပြီး ချပစ်ခဲ့တာ ။ ကျွန်တော်က စာရွက်စုတ်ကလေးတွေ လိုက်ကောက် ၊ ပြန်ဆက် ၊ ဖတ်ပြီး သိမ်းထားတာ ။

ကျွန်တော့်ဘာသာ ကျွန်တော် ပြဇာတ်တွေတော့ ရေးနေတာပဲ ။ ကျွန်တော့် ပြဇာတ်ကို ပထမဆုံး ကပေးတာက ဂျိုးဖြူ ၊ ပြဇာတ်က တိုတိုလေး ။ ပြဇာတ် နာမည်က ‘ ညမွှေးပန်း၏ လျှောက်လဲချက် ’ တဲ့ ။ မနက်ဖြန်ည ကျွန်တော့် ပြဇာတ် ကမယ်ဆိုတော့ ဒီနေ့ညမှာ ဂျိုးဖြူက ဇာတ်ခုံပေါ်က ကြေညာတယ် ။ မနက်ဖြန် စလင်းမောင်ဌေး ကြည်ရဲ့ ပြဇာတ်အသစ်ကို ကမှာတဲ့ ။ ပရိသတ်ရှေ့မှာ ကြေညာလိုက်တာ ၊ ပီတိ အဖြစ်ဆုံးပါပဲ ။ ကတာကလည်း ကျွန်တော့်ဇာတိ စလင်းမြို့မှာ ။ ကိုယ့်မြို့သားရဲ့ ပြဇာတ် ဆိုတော့ အဲဒီညက ကြည့်တဲ့ ပရိသတ်ကလည်း ရုံပြည့်ရုံလျှံပဲ ။ ကျွန်တော့် ပါရမီတစ်မျိုးကတော့ စလင်းမှာ ကျွန်တော့် ပြဇာတ် ကရင် ခုနစ်ထုပ်လောက် ကတယ် ။ မြို့ကလည်း အားပေးတယ် ။

နောက်နှစ်ကျတော့ ဦးစိန်အောင်မင်းဇာတ်က ပြဇာတ်တင်တယ် ။ ‘ စလင်းမြို့သူ မသည်းဖြူ ’ တဲ့ ။ ရောက်တဲ့မြို့မှာ နာမည်ကို ပြောင်းကသွားတယ် ။ မန္တလေးရောက်ရင် ‘ ရွှေမန်းမြို့သူ မသည်းဖြူ ’ ပေါ့ ။

တစ်နိုင်ငံလုံးမှာ ကတဲ့အရသာနဲ့ စလင်းမှာ တစ်ညကတဲ့ အရသာ မတူဘူး ၊ ပျော်ကို ပျော်တာ ။ ဇာတ်ခုံပေါ် တိုင်ဖုံးကြားက ကိုယ်က ချောင်းကြည့်ပြီး ဘယ်သူတွေ ဘယ်သူတွေ လာကြည့်ကြပါလားပေါ့ ။ အပျော်ဆုံးပဲဗျာ ။ မိဘတွေကလည်း စလင်းမြို့မှာ အနေအထိုင်တော်တော့ ကျွန်တော့်ကိုလည်း ချစ်ကြတယ် ။ သူတို့က ဂုဏ်လည်း ယူတယ် ။ ဇာတ်မင်းသားတွေ မင်းတို့ဟာ မင်းတို့ နာမည်ကြီးချင်သလောက် ကြီးစမ်း ။ ငါတို့ မြို့သား ခိုင်းတာ ကရတာပဲလို့ သူတို့က ပြောတာ ။ တကယ်တော့ ကိုယ့်မြို့က လက်ခံဖို့ဆိုတာ မလွယ်ဘူး ။ ရွာနားကမြက် ရွာနွားမစားဆိုတာကိုး ။ ဒါရိုက်တာဖြစ် ဖို့ အချိန်တန်လာတော့ မလွန်မှာ မန္တလေးသိန်းဇော် ဇာတ်ကနေတယ် ။ ကျွန်တော်က ၁၉၇၆ ကတည်းက ကဗျာတွေ ရေးနေပြီ ။ ကျွန်တော်ရေးတဲ့ ကဗျာလေးတွေနဲ့ ပတ်သက်ပြီး ကိုသိန်းဇော်နဲ့လည်း ခင်မင်နေကြပြီ ။ ကျွန်တော် ရေးထားတဲ့ ‘ လ တစ်ခြမ်းရဲ့ လွမ်းအလင်္ကာ ’ အော်ပရာကို ကိုသိန်းဇော်က စင်တင်တယ် ။ အဲသည် အော်ပရာက မမျှော်လင့်ဘဲနဲ့ ပေါက်ထွက်သွားတယ်ဗျာ ။ အဲဒါ ၁၉၈၆ လောက်ဖြစ်မယ် ။ အဲသည်က စလို့ ဇာတ်ထဲ ပါတော့တာပဲ ။

ကျွန်တော်တို့ရဲ့ ပြဇာတ်ဒါရိုက်တာ အလုပ်က အိပ်ရေး သိပ်ပျက်တာ ။ တစ်ရက် မှာ ၂၅ နာရီ ရှာရတဲ့အလုပ် ။ မင်းသားက ညမှာ ပက်လက်လန်အောင် က ၊ ပြီးရင် အိပ် ။ ဆိုင်းဆရာက လက်ကြီးပေါက်အောင် တီး ၊ ပြီးရင် နား ။ မင်းသမီးကလည်း အချိန်တန် က ၊ ပြီးရင် နား ။ ကျွန်တော်တို့ ပညာက မနားရဘူးဗျ ။ စာဖတ်ရတယ် ၊ ပြီးရင် တွေး .. တွေး ၊ မအိပ်ရဘူး ။ ကြာတော့ ကြောက်ကြောက်လာတယ် ။ တစ်ခါတလေ အလုပ်တွေ မပြီးမှာ စိုးလို့ အိပ်ချင်လျက်နဲ့ စာတွေရေး ၊ စာလုံးတွေက တွန့်ပိန်ပြီး ပုရွက်ဆိတ် လမ်းကြောင်းလို ကောက်ကောက်တွေ ဖြစ်ကုန်ရော ။

ပခုက္ကူမှာ တွံတေးသိန်းတန်နဲ့ ဇာတ်တိုက်နေတုန်း အဖေ ဆုံးတယ် ။ ပြဇာတ် နာမည်က ‘ အချစ်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်ရှိသည် ’ တဲ့ ။ အဖေ ဆုံးတယ် အကြောင်းကြားလိုက်တော့ ကျွန်တော် ဘယ်နေရမှန်း မသိဘူး ။ ဘဝမှာ နေစရာ မရှိတဲ့ ညပါပဲ ။ နောက်မနက်မှာ တန်းပြန်တာပဲ ။ မှတ်မှတ်ရရ ကိုသိန်းတန်က ငွေ ၁ဝဝဝ ပေးလိုက်တယ် ။

အဖေဆုံးသွားတော့ သေတ္တာရောင်းတဲ့ အလုပ်ကို အမေနဲ့တွဲပြီး ၁၂ ပွဲ လည် ရောင်းတယ် ။ တစ်ဖက်မှာ ပြဇာတ်လေးတွေ ရေး ၊ ဒါရိုက်တာလုပ်ပြီး ဇာတ်တိုက်ပေး အဲသည်လို နေတာ ။ အမေက ချော်လဲပြီး အိပ်ရာက မထနိုင်အောင် ဖြစ်သွားရော ။ အိပ်ရာထဲ ပက်လက်နေရတယ် ။ ကိုးနှစ်လောက် ပြဇာတ်တွေ ရေးပြီး အမေ့ကို လုပ်ကျွေးတယ် ။ ကိုးနှစ်လောက်နေတော့ အမေ ဆုံးသွားတယ် ။ အမေ ဆုံးတဲ့အချိန်မှာ ကျွန်တော် ဘေးမှာရှိတယ် ။ ကျွန်တော့်မှာ နေစရာ မရှိဘူး ၊ နေစရာ မရှိတဲ့ သောက ပေါ့ ။

ကျွန်တော်က ဇာတ်တကာလှည့်ပြီး အလုပ်လုပ်ပေးတယ် ။ အလုပ်ပြီးလို့ ပြန်လာတဲ့အခါ တစ်သိန်းရရ ၊ ငါးကျပ်ရရ လင်ပန်းထဲ ရသမျှငွေ အကုန်ထည့်ပြီး အမေ့ကို ကန်တော့တာ ။ အမေက ပြန်ပေးတာကိုပဲ ကျွန်တော် သုံးတာ ။ အမေဆုံးပြီးတဲ့ နောက် မန္တလေးမှာ ဦးဆန်နီတို့ဇာတ် အလုပ်လုပ်ပြီး စလင်းပြန်တယ် ။ ရလာတဲ့ ပိုက်ဆံတွေ ကန်တော့စရာ အမေ မရှိတော့ဘူး ။ ကျွန်တော် လင်ပန်းကြီးထဲ ငွေတွေ ထည့် အမေ့ကိုယ်စား ဘုရားတင် ကန်တော့ပြီး အမေ့ကို အမျှဝေတယ် ။ အမေ မရှိတော့တဲ့ အိမ်ကလေးမှာ ကျွန်တော်တစ်ယောက်တည်းရယ် ။

ကျွန်တော် အရေးချင်ဆုံးက ကဗျာ ဗျ ။ ပြဇာတ်က ထမင်းစားဖို့ ရေးနေရတာ ။ အနုပညာသည် ဘဝက ကြမ်းတယ် ၊ သိပ်ကြမ်းတယ် ၊ ကြောက်လောက်အောင်ကို ကြမ်းတာ ။ လူဖြစ်ရှုံးလှချည့်လားကွာလို့ တစ်ခါတလေ တွေးမိတယ် ။ ခေါင်းက ခံနိုင်ပါ့မလားဗျာ ။ မချိမဆံ့ တွေးပြီး ဖန်တီးရတာ ။

ကျွန်တော်နဲ့ မန္တလေးသဘင်လောကနဲ့ ဆက်မိတာက ဆရာ ပျော်ဘွယ်စိုးမြင့် အောင်ရဲ့ ကျေးဇူး ။ သူ့ ရုပ်ရှင်အောင်လံမဂ္ဂဇင်း မှာ ကျွန်တော်က ကဗျာရေးတယ် ။ မန္တလေးမှာ ကိုဆန်နီရှိတယ် ။ ပြဇာတ် ရေးစမ်းပါကွာတဲ့ ။ ကျွန်တော်က မရေးဘူး ။ သူက အထပ်ထပ် တိုက်တွန်းတာနဲ့ အော်ပရာနှစ်ပုဒ် ရေးလိုက်တယ် ၊ လှမ်းပို့လိုက်တယ် ။ သူက ပိုက်ဆံ လွှဲပေးတယ် ။ မန္တလေး လာခဲ့ပါ ခေါ်တယ် ။ အဲဒါ ၁၉၈၁ - ၈၂ ။ အဲဒါကစပြီး မန္တလေးမှာ ပြဇာတ်တွေ ရေးဖြစ်တာပဲ ။ ခုတော့ ဇာတ်တွေ အများကြီး အတွက် ရေးပေးနေရတယ် ။

ကျွန်တော်က နေတာထိုင်တာ ဟိတ်ဟန် မထုတ်တတ်ဘူး ။ ကျွန်တော့်ကို အရက်သမားလို့ အချို့က ထင်တာ ။ ပေစုတ်စုတ် နေတာကိုး ။ ဒါပေမဲ့ ကျွန်တော် အရက် မသောက် ၊ ဆေးလိပ်လည်း မသောက် ၊ ကွမ်းလည်း မစားဘူး ။ မိန်းကလေးလည်း မရှုပ်ဘူး ။ ( ရယ်လျက် ) ။

တစ်ခါတုန်းက ရေနံချောင်းမှာ ကျွန်တော့် ကဗျာစာအုပ်လေးတွေ ပွဲခင်းမှာ တင်ရောင်းတယ် ။ ရေနံချောင်းတက္ကသိုလ်ကျောင်းသူလေးတွေ ဝယ်ဖတ်ပြီး ကြိုက်ကြတယ် ဆိုကိုး ။ ကောင်မလေးတစ်ယောက်ရဲ့ အဖေက ကျွန်တော့်ကို သိတယ် ။ သမီးတို့ ဝယ်ဖတ်တဲ့ ကဗျာဆရာက သူပဲလို့ ကျွန်တော့်ကို ပြတော့ သမီး လူမြင်ရင် ဝယ်မိမှာ မဟုတ်ဘူးတဲ့ ( ရယ်လျက် ) ။

ကျွန်တော့်ကို ဖိုသီဖတ်သီ မောင်ဌေးကြည်လို့ ခင်မင်သူတွေက ခေါ်ကြတယ် ။

အနုပညာကတော့ ကိုယ့်ဘက်က အားကောင်းကောင်းနဲ့ ဖန်တီးနိုင်အောင် ကြိုးစားထားရတာပေါ့ ။ တစ်နှစ် တစ်နှစ်ကို ရေးရတဲ့ ပြဇာတ်တွေက မနည်းဘူး ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ ၁၀၁