Wednesday, June 26, 2024

ရွာ မြက် ရွာ နွား မစား


 ❝ ရွာ မြက် ရွာ နွား မစား ❞


မိချို နှင့် ဒီ လူ ကို ကျွန်မ မသင်္ကာ နေသည် မှာ ကြာပြီ ။ ဘာကိစ္စ နှင့် ဒီ လူ မိချို ဆိုင် သို့ ခဏခဏ လာ နေရ သနည်း ။ အရောင်းအဝယ် ကိစ္စ နှင့် ဝင်ထွက် သွားလာ နေ သည်တော့ မဟုတ်နိုင် ။ အရောင်းအဝယ် နှင့် လာသည် ဆိုလျှင် သိသာသည် ။ ဟန်ပန် အမူအရာ အပြောအဆို က အစ သူများ နှင့် ကွာခြားသည် ။ အချိန်ဖြုန်း မနေတတ် ၊ သုတ်သုတ် လာ သုတ်သုတ် သွား ၊ ကိစ္စ ပြတ် လျှင် သုတ်သုတ် ပြန် သွားကြသည် သာ ဖြစ်သည် ။ ယခုတော့ ထိုသို့ မဟုတ် ၊ လာ လျှင် ဆိုင် နောက်ပိုင်း ထင်းရှူးသေတ္တာကြီး ပေါ် ထိုင်ကာ တွတ်တွတ် တွတ်တွတ် နှင့် စကားတွေ ပြော နေတတ်သည် ။ တော်တော် နှင့် မပြန် ၊ ဘာတွေ ပြော နေကြမှန်း လည်း မသိရ ။ လာ လျှင် ပစ္စည်း တစ်ခု ခု ပါ တတ်သည် ။ ဘာ ပစ္စည်း မှန်း မသိ ။


တစ်ခါတလေ လည်း ခေါက်ဆွဲ ထုပ် လား ဒံပေါက် ထုပ် လား မသိ ၊ စားစရာ တွေ ဆွဲ ကာ ဝယ် လာ တတ်သည် ။ ကနေ့ လာ ပြန်ပြီ ။ ဒူးရင်းသီးကြီး နှစ်လုံး ဆွဲ လို့ ။ မိချိုဆိုင် နှင့် ကျွန်မ ဆိုင် မှာ ထရံ တစ်ချပ် သာ ခြားသည် ။ သည်တော့ သည်လို လူစိမ်း တစ်ယောက် ဝင်ထွက် နေသည် ကို မြင် နေရသည် ။


ဈေး ထဲ တွင် ကြီး၍ အရွယ် ရောက် ကတည်း က ဈေးသည် ဖြစ် လာသော ကျွန်မ သည် လူပေါင်းစုံ နှင့် ထိတွေ့ ဆက်ဆံ လာခဲ့ရသူ ဖြစ်သည့် အလျောက် လူကဲခတ် မညံ့ပေ ။ ထို လူ သည် ကျွန်မ တို့ ဈေးသည် လောက မှ မဟုတ် နိုင်သည် ကို သတိထား မိသည် ။


ထို လူ ကို မိချို က အစ်ကိုကြီး ဟု ခေါ်သည် ။ ထို လူ ကတော့ မိချို ဟု ခေါ်ဝေါ်သည် ။ သူ့ အသက် မှာ လေးဆယ် လောက် ဖြစ်သည် ။ လူရည် သန့်သည် ။ ရည်မွန်သည် ။ တည်ကြည် သော မျက်နှာထား ရှိသည် ။ ကြည့်ပျော် ရှုပျော် ရှိသော ယောက်ျား တစ်ယောက် ။ မိချို အသက် က သုံးဆယ် လောက် ၊ ကျွန်မ က သူ့ ထက် သုံးလေးနှစ် လောက် ပဲ ကြီးသည် ။ ရွယ်တူ လောက် ပဲ ဆိုကြပါစို့ ။


အသက် ရွယ်တူ လောက် ဖြစ် သလို ဘဝချင်း က လည်း တူသည် ။ ဈေးချို တွင် ရောင်းဝယ် နေသော ဈေးသည်ချင်း လည်း ဖြစ်သည် ။ ပြီးတော့ သူ ရော ကျွန်မ ပါ အိမ်ထောင်မဲ့ များ ဖြစ်ကြသည် ။ အားကိုး အားထား လင်သား မရှိ ၊ ကိုယ့်ထူး ကိုယ်ချွန် ရောင်းဝယ် ဖောက်ကား စားသောက် နေကြသော တစ်ကိုယ်တော် မင်းသမီးများ ဖြစ်ကြသည် ။ သူ က တစ်ခုလပ် ၊ ကျွန်မ က မုဆိုးမ ။ 


ထို့ကြောင့် ကျွန်မ တို့ အလွန် ခင်ကြသည် ။ သွား အတူ လာ အတူ ဖြစ်သည် ။ သက်တူ ရွယ်တူ လို ဖြစ် နေပြန် သောကြောင့် ညီအစ်မ လို ဖြစ်နေကြသည် ။ အဝတ်အစား ဆင်တူ ဝတ် ကြသည် ။ သူ့ ဟင်း ကိုယ့် ဟင်း မခွဲဘဲ ပေါင်း စားကြသည် ။


သည်လောက် ရင်း ကြ သော်လည်း ထို လူ အကြောင်း ကို ကျွန်မ ဖွင့် မေးရန် ရင်လေး နေမိသည် ။ မသင်္ကာစရာ တော့ မသင်္ကာစရာ အမှန်ဖြစ်သည် ။ ထို လူ ဝင်ထွက် နေ သည် မှာ နှစ်လ လောက် သာ ရှိ သေးသည် ။ သူ့ ဖောက် သည် သူ့ ကုန်သည် တွေ ကို ကျွန်မ သိ သလို ကျွန်မ ဖောက်သည် ကျွန်မ ကုန်သည် တွေ ကို လည်း မိချို သိပါ သည် ။ ရောထွေး ယှက်တင် သာ မနေကြပါ ။ သို့သော် ထို လူ သည် မိချို ဆိုင် သို့ ဝင် နေကျ ထွက် နေကျ မဟုတ်ပါ ။


ဈေး သို့ လာ သူသည် အရောင်းအဝယ် ကိစ္စ နှင့် လာ တတ်သူ သာ ဖြစ်သည် ။ အခြား ကိစ္စ နှင့် လာချင် လည်း လာမည် ။ သို့သော် ... ဆိုင် တစ်ဆိုင် သို့ စွဲစွဲမြဲမြဲ လာ၍ လာ၍ လာ ကာ ဆိုင် ထဲ ဝင် ထိုင်ပြီး ဆိုင်ရှင် နှင့် တိုးတိုး တိုးတိုး ပြောဆို တိုင်ပင် နေကြသည် က တော့ စဉ်းစားစရာ ဖြစ်သည် ။ ဆိုင်ရှင် က ယောက်ျားသား ဆို လျှင် ထား တော့ ။ လာ လည် သူ က ယောက်ျားသား ဆိုင်ရှင် က မိန်းမသား ဆိုတော့ သာ၍ အထင် မှားစရာ မသင်္ကာစရာ မဟုတ်ပါလား ။


ဟုတ် မဟုတ် နောက်ထား ၊ ကျွန်မ က တော့ မိချို ကို ဟို လူ လာ ချိတ်နေသည် ဟု ထင်သည် ။ ကျွန်မ က မိချို ကို နောက် အိမ်ထောင် မပြုစေလို ။ ကျွန်မ ကဲ့သို့ ပင် လွတ်လွတ်လပ်လပ် လုပ်ကိုင် ရှာဖွေ စားသောက် နေစေ့ ချင် သည် ။ ယောက်ျား မရှိ လည်း မိန်းမသား တစ်ယောက် တည်း ရှာဖွေ စားသောက် နေ နိုင်သည် ဟူသော မာန ထား စေ့ ချင်သည် ။ မိချို အပြော အားဖြင့် သိရသည် မှာ မိချို ယောက်ျား သည် အတော် ဆိုးခဲ့ပုံ ရသည် ။ အသုံးအစွဲ ကြီး သည် ။ အပျော်အပါး များသည် ။ အသောက်အစား ကျူး သည် ၊ လင့် ဝတ္တရား မကျေ ဟု ဆိုသည် ။ ထို့ကြောင့် ခွဲခဲ့ ရ သည် ဟု သိရသည် ။


ယခု မိချို စိတ် အတော် ချမ်းသာ နေသည် ။ ကိုယ်ပိုင် အိမ် နှင့် ယာ နှင့် ၊ လက်ဝတ်လက်စား တွေ အပြည့်အစုံ နှင့် ကိုယ်ပိုင် ဆိုင်ခန်း နှင့် ၊ ငွေစက္ကူ တွေ အထပ် လိုက် အလိပ် လိုက် နှင့် ၊ လှူလို့ တန်းလို့ ပူပင်သောက မရှိ ။ ကြောင့်ကြ စရာ မရှိ ၊ ပျော်ရွှင် နေသည် ။ ယခု အတိုင်း သူ ပျော်ပျော် နေ သွား စေချင်သည် ။ နောက် အိမ်ထောင် မပြုစေချင် ။


ဟို လူ ဝင်ထွက် နေသည် ကို ကျွန်မ မရှုဆိတ် သလို ၊ ဝန်တို သလို ဖြစ်နေမိသည် ။ ထို လူ လာ လျှင် မိချို က မုန့်တီ ဝယ် ကျွေးသည် ။ လက်ဖက်ရည် မှာ တိုက်သည် ။ အရေး ပေး လွန်းသည် ဟု ကျွန်မ ထင်မိသည် ။ ဟို လူ ကလည်း တော်တော် နှင့် မပြန် ။ တစ်ခါတလေ မိချို မသယ်နိုင် မချနိုင် သော ဝန်စည်များ ကို ကူ မ ချပေး တတ်သေးသည် ။ ဆိုင်ကြီးရှင် ကျ နေ တော့သည် ။


ကနေ့ ဒူးရင်းသီးကြီး နှစ်လုံး ဆွဲကာ ဝင် လာသည် ။ မကြာခင် ပင် ဒူးရင်းသီး အမွှေးနံ့ သည် ကျွန်မ အခန်း ဘက် သို့ စူး ဝင် လာသည် ။


“ မမထား ဒူးရင်းသီး ” ဟု မိချို အသံ ကြား လိုက် ရသည် ။


“ စားကွ စားကွ ”


“ အို မဟုတ်တာ ၊ ပေါ်ဦးပေါ်ဖျား စားပါဦး ” ဟု ပြော ကာ ပန်းကန်ပြား နှင့် ဒူးရင်းသီး အမြွှာ လေးငါးမြွှာ ကျွန်မ ဆိုင် ဘက် သို့ လာ ပေးသည် ။ အားနာပါးနာ နှင့် လက်ခံ ထားလိုက်ရ သော်လည်း ကျွန်မ စိတ် သည် မကြည် သလို ဖြစ် နေသည် ။ ဘာ့ကြောင့် ဟူ၍ လည်း မစဉ်းစား တတ်ပါ ။


မိချို ကို ကျွန်မ အလွန် သနားသည် ။ ဘဝတူ မို့ လည်း ပို၍ ခင်သည် ။ သံယောဇဉ် လည်း ကြီးသည် ။ ထို လူ ကို ကျွန်မ ဘယ်သူဘယ်ဝါ ဟူ၍ မသိဘဲ ထို လူ ကို မကျေမနပ် ဖြစ် နေမိသည် ။ ထို လူ ဝင်ထွက် နေသည် ကို အခြောက်တိုက် အလိုမကျ ဖြစ်နေသည် ။ မိချို ကို အပိုင်စီး မည့် အချောင်သမား များ လား ။ မိချို အရောင်းအဝယ် ကောင်းသည် ကို မြင်ပြီး အရ ချိုင်မည့် သူများလား ဟု ကျွန်မ စိုးရိမ် နေမိသည် ။ ဈေး သာ ရောင်း နေ ရသည် ။ ကျွန်မ စိတ် သည် တစ်ဖက်ခန်း မှ ထို လူ ကို ငြူစူ နေ မိ သည် ။


နောက်ဆုံး မိချို ကို ကျွန်မ ဖွင့် မေးတော့မည် ဟု ဆုံး ဖြတ် လိုက်တော့သည် ။ ဟုတ်သည် ၊ မိတ်ဆွေ တို့ ဝတ္တရား သတိ ပေးတန် ပေး ရမည် မဟုတ်ပါလား ။


“ မိချို ”


“ ရှင် ... မမထား ”


“ မနက်ဖြန် ရှမ်းထမင်းသုပ် လုပ် စား မလို့ လာမှာ လား ” ဟု လှမ်း ပြောလိုက်သည် ။


“ အစား နဲ့ သာခေါ် သေမင်းပြည် တောင် လိုက်တယ် ” ဟု မိချို က သူ့ ဝါသနာအ တိုင်း အရွှန်းကလေး ဖောက် ၍ ပြော လိုက်သည် ။


ကျွန်မ တွင် သမီး တစ်ယောက် ရှိသည် ။ ဈေး နား သည့် အခါ၌ သာ သားအမိ အချိန်များများ တွေ့ခွင့် ရကြ သည် ။ ထို့ကြောင့် ဈေး နား သည့် အခါ အိမ် တွင် တစ်စုံ တစ်ခု လုပ်၍ စား တတ်ကြသည် ။ မိချို ကို လည်း ဖိတ်ရ သည် ။ မဖိတ် လည်း သတင်းကြား နှင့် ပေါက် လာတတ် သည် ။ သူတို့ အိမ် တွင် တစ်စုံတစ်ခု မုန့်ပဲသရေစာ လုပ် ခဲ့ လျှင် လည်း ကျွန်မ တို့ သားအမိ ကို ဖိတ်သည် ။ မသွား လျှင် လာ ပို့ တတ်သည် ။


ကျွန်မ တို့ နှစ်ယောက် ကို ဈေး ထဲ က ရော အရပ် ထဲ က ပါ သဘောကျ ကြသည် ။ အားရ ကြသည် ။ အားကိုး အားထား လင်သား မရှိပေမင့် တည်တည်ကြည်ကြည် ရိုးရိုးသားသား လုပ်ကိုင် ရှာဖွေ စားသောက် ကြသည် ။ ကိုယ့်အား ကိုယ် ကိုး ကာ မိန်းမသား တစ်ယောက် တည်း ရွပ်ရွပ်ချွံချွံ ရှာဖွေ လုပ်ကိုင် နိုင်သည် ဟု ချီးမွမ်း ကြသည် ။ အိမ်ထောင် မပြုဘဲ အပျိုကလေးတွေ လို ဝတ်စား ဆင်ယင် နေကြသည် ကို ပဲ ချီးကျူး မပြီးနိုင်ကြ ။


နောက် တစ်နေ့ မိန်းမစီး စက်ဘီးကလေး နှင့် သူ ပေါက် လာသည် ။ အိမ်ရှေ့ ရောက် မှ သူ မှန်း ကျွန်မ သိ သည် ။ ဘယ်က ကျောင်းသူလေးများ ပါလိမ့် ဟုပ င် ကျွန်မ အထင် မှား နေမိသည် ။ အိမ် ထဲ ရောက် လာမှ မိချို မှန်း ကျွန်မ သိ တော့သည် ။ လှလိုက်သည့် မိချို ၊ ဈေး မှာ တော့ ဟုတ်တိပတ်တိ အလှ ပြင်ခြင်း မရှိ ။ သနပ်ခါး ဘဲကျားရိုက် နှင့် ဆံပင် ကို စုစည်းကာ နောက်စေ့ လှန် ကလစ် နှင့် တွယ် ထားသော ဆင်ယင်ထုံးဖွဲ့မှု ၊ ဈေးသည် ဆို တော့ အလှ ပြင်ချိန် မရ ။


ယနေ့ မိချို ကို မြင်ရသည် မှာ မယုံနိုင်စရာ ဖြစ်သည် ။


ဈေးပိတ်ရက် မို့ ခေါင်း လျှော်လာသည် ။ ကောင်း လိုက်သည့် ဆံပင် ၊ ဒူးကောက်ကွေး ထိ နေသည် ။ သနပ်ခါး ရေကျဲကလေး လိမ်း ထားပြီး မန်းသူ တို့ ထုံးစံ အတိုင်း ဘီးကလေး နှင့် ခြစ် ထားသည် ။ ဘီးခြစ်အရာကလေး တွေ ပေါ် နေသည် ။ အသေအချာ ကြည့် မှ အသေအချာ ချစ်စရာ ကောင်းသော ကောင်မလေး တစ်ယောက် ဟု ကျွန်မ မြင် မိသည် ။


အင်း ... နောက် အိမ်ထောင် ပြုမယ် ဆိုလည်း ရနိုင် သေးတဲ့ အရွယ် ပါ ကလား ဟု ကျွန်မ သက်ပြင်း ချ လိုက်မိ သည် ။


ဒါလောက် ချစ်စရာ ကောင်းသည့် ကလေးမလေး တစ်ယောက် ကို ဘာကြောင့်များ သူ့ လင် က ပစ်သွားပါ လိမ့် ဟု လည်း မခံချိမခံသာ ဖြစ်သွား မိပါသည် ။ အိမ် ထဲ ရောက်ရောက် ချင်း


“ စားရတော့မလား ဟင် လုပ်ပြီးကြပလား ” ဟု မေး လိုက်သည် ။


“ လုပ်ပြီးပါပြီ တော် ၊ ဖြည်းဖြည်း လုပ်စမ်းပါ ၊ သမီး လာ အောင် စောင့်ပါဦး ”


“ သီသီ က ဘယ် သွားလို့လဲ ”


“ သူ့ ဆရာမ ဆီ ထမင်းသုပ် သွား ပို့တယ် ” 


“ ဒါဖြင့် ဟန်ကျတာပဲ ”


“ ဘာ ဟန်ကျတာလဲ ”


“ အော် ... မမ နဲ့ နှစ်ယောက် တည်း ဆွေးနွေးစရာ ရှိလို့ ”


“ ဘာများလဲ တော် ”


မိချို သည် ကျွန်မ နား ကပ် ထိုင် လိုက်ကာ ကျွန်မ နား သို့ တိုး ၍ ...


“ အိမ်ထောင်ရေး အိမ်ထောင်ရေး ” ဟု ပြောင်သလို လှောင်သလို မျက်နှာမျိုး ဖြင့် ပြော လိုက်ပါသည် ။ 


ကျွန်မ အံ့အားသင့် သွားမိသည် ။ တစ်ခါ မှ အိမ်ထောင်ရေး ကိစ္စ ပြောဖူး ဆိုဖူးခြင်း မရှိခဲ့ သော ကြောင့် အံ့အားသင့် သွားမိခြင်း ဖြစ်ပါသည် ။


“ အံ့အားသင့် သွားသလား ”


ကျွန်မ က ခေါင်းညိတ် ပြ လိုက်သည် ။ 


“ ကျွန်မ ပြော မှာ ကြား ရရင် မမ ပိုပြီး အံ့အားသင့်ဦးမယ် ”


“ ဆိုစမ်းပါဦး ၊ ဘာတွေများတုံး ” 


“ စိတ်တော့ မဆိုးရဘူးနော် ” 


“ ဘာပြုလို့ ဆိုးရမှာတုံး ”


“ ကျွန်မ ကို အထင် လည်း မသေးရဘူး ” 


“ အမယ်လေးဟဲ့ ... ရှည်လိုက်တဲ့ လျှာ ”


“ ဒီလို ... ကျွန်မ ဆိုင် ကို လာ လာ နေတဲ့ ဟို လူ ကို သတိထား မိလား ”


“ ဘယ်သူလဲ ၊ အော် ... သိတယ် ၊ ဘယ်သူလဲ လို့ မေးတောင် မေး မလို့ ”


“ သဲတော က ရက်ကန်းရုံပိုင် ၊ ပိုက်ဆံ သိပ်ရှိတာပဲ ၊ ကျွန် မနဲ့ ငယ်သူငယ်ချင်း တစ်ရပ် တည်း နေ တစ်ရေ တည်း သောက် နာမည် က ကိုထွန်းလှိုင် တဲ့ ”


“ အော် ဟုတ်လား ၊ ဒါပေမဲ့ သူ့ ကြည့်ရတာ လူချမ်းသာ နဲ့ မတူပေါင် ”


“ ဟုတ်တယ် ၊ သူ က ဒီလိုပဲ ၊ ဝင့်ဝင့်ကြွားကြွား မနေ တတ် မပြောတတ်ဘူး ။ ရိုးတာ လည်း အလွန်ပဲ စေတနာ ရှိတာ လည်း အလွန်ပဲ ”


ကျွန်မ ထင်ထားသည့် ကိန်း အတိုင်း ဆိုက်ချေပြီ ဟု ကျွန်မ တွက်လိုက်မိ ပါသည် ။ ကျွန်မ စိတ် တွေ လှုပ်ရှား နေသည် ။ သူ့ ကို ကျွန်မ နှမြော နေမိသည် ။ သူ အိမ်ထောင်ပြု သွားမည်ကို စိုးရိမ် နေသည် ။ ယခု လို အပျို ကလေး လို ဝတ်စားသွားလာ နေသည် ကို ပဲ မြင်ချင် နေမိ သည် ။ အိမ်ထောင် ပြုပြီ ဆိုလျှင် တာဝန် တွေ ပိုလာ တော့ မည် ။ အိမ်ထောင့် ဒုက္ခတွေ အနည်း နှင့် အများ ခံစားရ တော့မည် ။ ချုပ်ချယ်မှုတွေ ရှိလာတော့မည် မဟုတ်လား ။


အိမ်ထောင် မပြုဖူးသည် မှ မဟုတ်ဘဲ ။ အိမ်ထောင် အကြောင်း အဆိုးအကောင်း ကို သိရ ပြီးပြီ မဟုတ်ပါ လား ။ ဘာကြောင့် ဒုက္ခများ သော အိမ်ထောင်သည် ဘဝ ကို ပြန် ရောက် ချင်ရသေး သနည်း ။ ကျွန်မ စဉ်းစား နေ ဆဲ မှာ ပင် သူ က ဆက် ပြောပြန်သည် ။


“ သူ လည်း ကျွန်မ တို့ လို အိမ်ထောင် မရှိဘူး ၊ မုဆိုးဖို ”


“ ဟုတ်လား ... ”


“ ကင်ဆာ ဖြစ်ပြီး ဆုံး သွားတာ ငါးနှစ် လောက်ရှိပြီ ” 


“ အော် ... ကျွတ် ... ကျွတ် ... ကျွတ် .. ”


“ သားသမီး လည်း မရှိဘူး ”


“ အင်း .. ”


“ သူ က ကျွန်မ ကို ပြောတယ် ”


ကျွန်မ အာရုံ ပို စိုက် လိုက်မိသည် ။


“ သူ့ မှာ သုံး မကုန်အောင် ပစ္စည်းဥစ္စာ ချမ်းသာ ကြွယ်ဝ ပေမဲ့ မရှိ မဖြစ်တဲ့ ဘဝ အဖော် လိုနေတယ် တဲ့ ။ သူ့ အနေ နဲ့ လိုချင် ရင် ဘယ် မိန်းမ ဖြစ်ဖြစ် ခေါင်းခေါက် ယူ နိုင်တယ် တဲ့ ။ ဒါပေမဲ့ သူ စိတ်တိုင်းကျ တဲ့ မိန်းမ ရှာ မတွေ့ ဖြစ်နေတယ် တဲ့ ”


“ အံမယ် ... လူ ကြည့်တော့ ရိုးပုံရိုးလက် နဲ့ အပြော တော့ အကောင်းသား ”


“ ခေတ်ပညာတတ် ပဲ ၊ ဘယ် ခေလိမ့်မလဲ ”


သူ့ စကား အလာ ကို ကျွန်မ စိတ် ထဲ က ကြိတ် ၍ ရယ် ချင် နေသည် ။ ရှမ်း ကြိုက် တော့ နွား ချော ဆိုသလို ကိုယ့် ငါးချဉ် ကိုယ် ချဉ်ပြ နေသည် ဟု အောက်မေ့ လိုက် သည် ။


“ ကဲပါ .. လိုရင်း ပြောစမ်းပါ ၊ သိုင်းလိုက် ဝိုင်းလိုက် ရတာ ”


“ ပြောပါ့မယ် ဖြည်းဖြည်းပေါ့ ၊ သူ က ပြောတယ် .. ”


“ အင်း  ”


“ သူ ဟာ ခေတ်ပညာတတ် ဘွဲ့ ရပြီးတဲ့ လူ တစ်ယောက် ဖြစ်ပေမဲ့ စီးပွားရေးသမား တစ်ယောက် ဖြစ်တယ် တဲ့ ။ လွတ်လွတ်လပ်လပ် စီးပွား ရှာချင်တယ် တဲ့ ။ ဒီတော့ သူ့ မှာ ရှိတဲ့ စည်းစိမ်ဥစ္စာ တွေ မယိုမဖိတ် အောင် နောက်ပိုင်း က ထိန်းသိမ်း ပေးနိုင်မယ့် မိန်းမမျိုး စီးပွားဘက်မျိုး မှ လိုချင်တယ် တဲ့ ”


“ တယ် ဆိုတဲ့ စာပါလား ”


“ ဟုတ်တာပေါ့ မမ ရဲ့ ၊ ရည်ရွယ်ချက် ကြီးကြီး ထား ပြီး စဉ်းစားတတ်တယ် လို့ ဆိုရမှာပေါ့ ၊ မဟုတ်ဘူးလား ” 


“ ဟုတ်ပါသတဲ့ တော် ... ဟုတ်ပါသတဲ့ ” 


ကျွန်မ ခပ်ငေါ့ငေါ့ ပြန် ပြော လိုက်သည် ။ 


“ မမ က ငေါ့ပြီ ” ဟု မျက်စောင်းကလေး တစ်ချက် ထိုး ကာ ကျွန်မ လက်မောင်း ကို လှမ်း ဆိတ် လိုက်သည် ။ နားထောင် ရင်း ကျွန်မ ရင်တွေ ခုန် နေ ပါသည် ။ သူ ဆက် တော့မည့် စကား ကို ကျွန်မ ရိပ်မိပါသည် ။ ထို့ကြောင့် ရင်တွေ ခုန် လာခြင်း ဖြစ်ပါသည် ။ ငိုချင် သလို ရယ်ချင် သလိုကြီး လည်း ဖြစ် နေပါသည် ။ သို့သော် ကျွန်မ မျက်နှာ ကို ပြုံး၍ ထားပါသည် ။ 


သူ့ ကိုယ် မှ နံ့သာဖြူ သနပ်ခါးနံ့ တို့ သည် ကျွန်မ နှာခေါင်း သို့ ဝင် ရောက် နေသည် ။ မွှေးကြူ နေသည် ။ 


“ ဒီနောက် သူ က ဘယ်လို ပြောသလဲ ဆိုတော့ ... ” 


ကျွန်မ အားမလို အားမရ ဖြစ်လာ ပြန်သည် ။ 


“ ပြောမှာ ပြောစမ်းပါ အေ ရယ် ၊ ဟိမဝန္တာ ချီးကျူးခန်းတွေ လုပ် မနေစမ်းပါနဲ့ ”


ဤ တွင် သူ က ကျွန်မ ကို သွားတက်ကလေး ဖော် ကာ ပြုံး ကြည့် လိုက်သည် ။


“ မမ စိတ် မဆိုးနဲ့နော် ၊ ကျွန်မ နဲ့ မမ ဟာ ညီမ အရင်း လို နေလာကြတာ မဟုတ်လား ၊ ကျွန်မ ကောင်းစားတာ မြင်ချင် သလို မမ ကောင်းစားတာ လည်း မြင်ချင်မှာပဲ မဟုတ်လား ”


“ အေးပါ .. ဒါတွေ ပြောနေစရာ မလိုပါဘူး ” 


“ ဒီလို မမ ရဲ့ သူ ကျွန်မ ဆီ ကို လာ လာ နေတာ သိသလား ”


“ သိသားပဲ ၊ မြင်နေတဲ့ ဥစ္စာ ”


“ မဟုတ်ဘူး ၊ သူ ကျွန်မ ဆိုင် လာ လာ နေတဲ့ ရည်ရွယ်ချက် ကို ”


“ အကြောင်း တစ်ခု ခု ရှိလို့ နေမှာပေါ့ ”


ကျွန်မ က ပြုံးရင်း ဖြေ လိုက်သည် ။


“ ဟုတ်တယ် ... အကြောင်း ရှိတယ် ။ ဒီလို ... ”


ဤနေရာ တွင် မိချို သည် တစ်စုံတစ်ခု ပြောရန် နှုတ်လေး နေ သလို ငြိမ် နေ ပြန်သည် ။ ကျွန်မ က သူ့ အရိပ်အကဲ ကြည့် နေ မိသည် ။


“ သူ က မမ ကို လိုချင်တယ် တဲ့ ”


“ ဘာ ”


ကျွန်မ အံ့အားသင့် သွားကာ “ ဘာ ” ဟု လွှတ်ခနဲ ထွက် သွားခြင်း ဖြစ်ပါသည် ။


“ မမ စိတ်ဆိုး သွားသလား ”


ကျွန် မက ဘာမျှ ပြန် မဖြေဘဲ ငေးကြည့် နေမိသည် ။ သူ က ဆက် ပြောပြန်သည် ။


“ ... သူ လိုချင်တဲ့ မိန်းမမျိုး ဟာ မမ လို မိန်းမစား မျိုး တဲ့ ၊ အရောင်းအဝယ် တတ်ပြီး ချက်ချက်ချာချာ ၊ ခြယ်ခြယ်လှယ်လှယ် ရှိတယ်တဲ့ ။ အိမ်ထောင် ပြုဖူးတဲ့ အတွက် လည်း အိမ်ထောင့် တာဝန်ဝတ္တရား နားလည်ပြီး လည်း ဖြစ်တယ် တဲ့ ။ ဒါကြောင့် ဖြစ်နိုင်မယ် ဆိုရင် လက်ဆက် ပါရစေ တဲ့ ။ ကျွန်မ ကို ပြောခိုင်း နေတာ ကြာပြီ ၊ မမ ကို ကျွန်မ ပြောရမှာ အားနာ နေလို့ ... အဲဒါပဲ ”


ကျွန် မနား ကျွန်မ မယုံ သလို ဖြစ်နေ ပါသည် ။ ကျွန်မ အထင် နှင့် အမြင် တခြားစီ ဖြစ်နေ သဖြင့်လ ည်း အံ့အား သင့် နေပါသည် ။


“ မမ ကျွန်မ ကို စိတ်ဆိုးပြီ ပေါ့ ” 


ကျွန်မ ခေါင်းခါ ပြ လိုက်သည် ။


“ ဒါဖြင့် မမ သဘော ကို သိပါရစေ ” 


“ အို ... မမ နောက် အိမ်ထောင် ပြုဖို့ စိတ် မကူးတော့ပါဘူး ”


“ ဘယ် ဒီလို လည်း ဟုတ်ပါ့မလဲ မမ ရယ် ၊ မမ ကြီးသေးတာ မှ မဟုတ်ဘဲ ၊ ဘဝ အဖော် ဆိုတာ ရှိရမှာ ပေါ့ ” 


ကျွန် မက “ ညည်း ယူ လိုက်ပါလား ” ဟု ပြန် နှက် လိုက်ချင်သည် ။ သို့သော် ကျွန်မ နှုတ် မှ မထွက်ရက်ခဲ့ပါ ။ သို့သော် ....


“ မမ ကို သာ ပြော နေတယ် အမိ ကျတော့ ကော ” ဟု ပြန် မေးလိုက်သည် ။ သူ က ဟက်ဟက်ပက်ပက် ရယ် လိုက်သည် ။


“ ကြိုက်တာ တွေ့ ရင် ယူမှာ ပေါ့ ၊ ဘယ် တစ်သက် လုံး ဒီလို နေနိုင်ပါ့မလဲ မမ ရဲ့ ။ မိန်းမ တစ်ယောက် ဟာ လင် မရှိဘဲ မတင့်တယ်ဘူး တဲ့ ။ အားကိုးအားထား မရဘဲ မနေကောင်းဘူး တဲ့ ။ လင် ရှိ မှ တင့်တယ်တယ် တဲ့ ။ လင် မရှိ ရင် သူများ အထင်သေး ခံရတယ် တဲ့ ။ အစော်ကား ခံရတတ်တယ် တဲ့ ”


“ ဒါ ဘယ်သူ က ပြောတာတုံး ” 


“ မေမေ က ပြောတာ ”


“ ဒါကြောင့် လင် ယူရမယ်တဲ့ လား ” 


“ ဘယ်လောက် ဆိုး နေနေ ကိုသိန်းမောင် ကို ပြန် ပေါင်း တဲ့ ၊ နူမွဲ နေပေ့စေ ၊ ငါ့ မှာ လင် ရှိတယ် ဆိုတာ တအား ပဲ တဲ့ ၊ ဒါကတော့ မေမေ တို့ လူကြီး စကားပေါ့ လေ  ၊ တဖြည်းဖြည်း နားချ ရင် လူကောင်း ဖြစ်လာရမှာပေါ့ တဲ့ ” 


“ အဲတော့ ... ”


“ ပြောတတ်သေးဘူး လေ ၊ လင် မရှိ ရင် အားငယ် စရာ ကောင်းတာတော့ အမှန်ပဲ ” ဟု ပြော ကာ မိချို က ကျွန်မ ပေါင် ကို လှမ်း ဆိတ် လိုက် ပါသည် ။ နောက် တခိခိ ရယ် သေးသည် ။ နောက် ဆက် ပြန်သည် ။


“ ကဲပါ ကျွန်မ စိတ် ချမ်းသာတာ မြင်ချင် သလို မမ စိတ်ချမ်းသာ တာ လည်း မြင်ပါရစေ ” 


“ မမ ဟာ မမ အေးအေး နေစမ်းပါရစေ ၊ ဒုက္ခ မပေးချင်ပါ နဲ့ ”


“ ဘယ်ကလာ ဒုက္ခ ရမှာလဲ ၊ လက်ခံ လိုက်ပါ မမ ရယ် ၊ သနားပါတယ် ။ ကျွန်မ ကို ပူဆာ နေတာ ကြာလှပြီ ” 


“ အံမယ် သူ က ကလေး လား ”


“ ကလေး လို ပဲ ”


“ ဒါဖြင့် ညည်း ယူ လိုက်ပါလား ”


ဤ အကြိမ် တွင် စောစောက မထွက်ရက် သော စကား လည်း လွှတ်ခနဲ ထွက် သွားပါသည် ။ 


“ သူ က ကျွန်မ ကို ကြိုက်တာမှ မဟုတ်ဘဲ ၊ မမ ကို ကြိုက်နေတဲ့ ဥစ္စာ ”


မိချို က နှုတ်ခမ်းကလေး စူ ကာ ပြောလိုက်သည် ။ ကျွန်မ က ကျီစားသလို ပြောလိုက်ခြင်း ဖြစ်သည် ။ သူ က ဆက်၍ ..


“ ဒီ က သူ ကောင်းစားအောင် စေတနာ နဲ့ ပြောတာ ” ဟု ပြော ပြန်သည် ။


ကျွန်မ က သူ့ ကို ဆက်၍ ကလိ လိုက် ပြန်သည် ။ 


“ နေပါဦး အမိ ၊ အောင်သွယ်ခ ဘယ်လောက် ရသလဲ ”


ဤတွင် မိချို ဟန် မဆောင်နိုင် တော့ ၊ မျက်ရည် ပေါက် ပေါက် ကျလာသည် ။


“ ကျွန်မ ကို မမ ဒီလို မထင်ကောင်းပါဘူး မမရယ် ” ဟု ပြောကာ ကျွန်မ ကို ဖက်၍ ငို ပါလေတော့သည် ။


“ ကျီစား တာပါ ညီမ ရယ် ၊ မမ မှားပါတယ် ၊ ဟော သမီးလေး ပြန် လာပြီ စားကြသောက်ကြရအောင် ”


•••••   •••••   •••••


ကျွန်မ အဖြစ် ကို ကျွန်မ စဉ်းစားပြီး ရယ်ချင် နေမိ သည် ။ ယောက်ျား တွေ ၏ သဘော ကို မစဉ်းစား တတ် အောင် ဖြစ်မိသည် ။ ကျွန်မ လို အရောင်းအဝယ် လည်း  တတ် ၊ စီးပွားရေး အမြင် လည်း ရှိ ၊ ကျွန်မ ထက် ချက်ချက် ချာချာ ခြယ်ခြယ်လှယ်လှယ် လည်း ရှိ ၊ ပြီးတော့ ကျွန်မ ထက် လည်း ငယ် ၊ ကျွန်မ ထက် လည်း ချောပြီး ချစ်စရာ ကောင်း သော မိချို ကို ကျော် ကာ ကလေး တစ်ယောက် အမေ ကျွန်မ ကို မှ အဘယ်ကြောင့် ကြိုက်ရလေ သနည်း ။ ကိုထွန်းလှိုင် နှင့် ကျွန်မ ရကြသော အခါ ထို မေးခွန်း

ကို သူ့ အား ကျွန်မ မေး ကြည့်မိသည် ။


“ ဟာ .. ထား က လည်း ရွာမြက် ရွာနွား မစားဘူး ဆို တဲ့ စကား မကြားဖူးဘူးလား ” တဲ့ ။


◾နှင်းဦး 


📖 သွေးသောက် မဂ္ဂဇင်း 

      သြဂုတ် ၊ ၁၉၇၉


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment