❝ ကြက်သမားနတ် ❞
မြန်မာနိုင်ငံ ၌ ကြက် တိုက်ခြင်း ကို မည်သည့် ခေတ် က စခဲ့ သနည်း ။ ယင်း မေးခွန်း အတွက် မည်သည့် သမိုင်းဆရာ က မှ ရှာဖွေ တင်ပြခြင်း မရှိ မူ၍ ကျွန်တော့် လို ပေါက်တတ်ကရ စာရေးဆရာ အဖို့ ဘာ တာဝန် မျှ မရှိ ချေ ။ သို့သော် “ မရောင်ရာ ဆီလူး ” သည် ဟု ဆိုချင် ဆိုတော့ ။ မတော်တဆ ကျွန်တော် သိရှိရသည် ကို ဖော်ပြရပါ မူ မြန်မာပြည် ၌ ကြက် တိုက်ခြင်း သည် မြန်မာ ရာဇဝင် ကို သမိုင်းဆရာ တို့ စတင် အတည် ပြုသော အနော်ရထာ မတိုင်မီ ရှေး ပဝေသဏီ ပုဂံခေတ် ကတည်း က ပင် ဖြစ်ကြောင်း ရွှေစစ်ပင် နတ် ရာဇဝင် ကို ကြည့် ၍ သိရသည် ။
ရွှေစစ်ပင်နတ် သည် ၃၇ မင်း ဝင် ဖြစ်သည် ။ သူ လူ့ဘဝ နေစဉ် က ဘုရင့်သား မင်းသား ကြက်သမား ခင်ဗျ ။ မယုံမရှိ နဲ့ ။ သူ့ ရာဇဝင် ကို စာ တွင် တွေ့သည့် အတိုင်း ဖော်ပြရပါမူ .. ။
ရွှေစစ်ပင်မင်းသား သည် ပုဂံပြည့်ရှင် ဘုရင် စောမွန်နစ်မင်း ၏ မိဖုရားခေါင်ကြီး ဖြစ်သော စကား မင်းသမီး မှ ဖွားမြင်သည့် သား ဖြစ်၍ ရုပ်ရည် ချောမော လှပပေသည် ။ လက်ရုံးရည် နှလုံးရည် နှင့် ပြည့်စုံသည် ။ အချိန်တန် လျှင် အရိုက်အရာ ခံရမည် ဖြစ်၍ မင်းသား ဘဝ တွင် ခမည်းတော်ဘုရား က လှိုင်းတက်နယ် ကို အပိုင်စား ပေးတော်မူ သဖြင့် လှိုင်းတက်မင်း ဟူ၍ လည်း ခေါ်တွင်၏ ။
တစ်နေ့သော အခါ ပုဂံဘုရင် စောမွန်နစ် ၏ လက်အောက်ခံ ဖြစ် သော ယွန်းမြေဒေသ မှ ကျိုင်သင်းမင်းငယ် က ခြားနားသည် ကို သားတော် အား သွားရောက် နှိမ်နင်းစေရာ မင်းသား သည် ခမည်းတော် ၏ အမိန့် ရောက် လျှင် ရောက်ခြင်း မသွား ဖြစ် ၊ လှိုင်းတက် တွင် ကြက်တိုက် နေခိုက် ဖြစ်၍ ကြက် နှစ်ကောင် ခွပ် တာ က လည်း သိပ် ကြည့်ကောင်း နေတော့ စစ် ချီတက် ရန် ကြက် တစ်ပွဲစာ မျှ အချိန် ဖင့် မိသည် ။
ကြက်ဝါသနာများ တယ် ကြီးသနော် ။ ဤ နေရာ တွင် မင်းသား ကို ကျွန်တော် ကိုယ်ချင်းစာ မိသည် ။ ကျွန်တော် ငယ်စဉ် က ကိုယ်တွေ့ ကြုံခဲ့ ဖူး၏ ။ ကျွန်တော် တို့ တွင် ရွာ နှင့် ကပ်လျက် ကုန်းလယ်ကလေး ရှိ၏ ။ ဤ ကုန်းလယ်ကလေး မှာ ရေ အတင် နောက်ကျ ၍ နောက် မှ စိုက်ရ သဖြင့် နောက် မှ ရိတ် ရ၏ ။ အခြား ကွင်းလယ် တွေ ရိတ် ပြီး ၍ နွားများ လယ် ထဲ လွှတ်ချိန် ရောက် သော်လည်း ဤ ကုန်းလယ်ကလေး က မရိတ်သေး သော ကြောင့် နွား လွှတ်ချိန် သွင်းချိန်များ မှာ လူ သွား၍ စောင့် ရ၏ ။ ယင်းမှာ ကျွန်တော့် တာဝန် ကျလေရာ တစ်နေ့သော နွား လွှတ်ချိန် တွင် ကျွန်တော့် မှာ ကြက်ပွဲ ဝင် ကြည့်နေမိ၍ စပါးပင်တွေ တော်တော်များများ နွား ဝင် စား သွား သောကြောင့် ကျွန်တော့် အဖေ သည် ကျွန်တော့် အား နွားကြိမ် နှင့် တော် တော်ပဲ ဆော် လိုက်၏ ။
ကျွန်တော်တို့ သားအဖ က လယ်သမား ၊ စပါး နှင့် နွား ကိစ္စ သာ ဖြစ်၍ သားငယ် အား နွားကြိမ် နှင့် တော်ရုံ ဖြင့် ပြီး၏ ။ ဟို ရှင်ဘုရင် အဖ က တော့ တိုင်းရေးပြည်ရေး ကြီး ခင်ဗျာ ။
ရွှေစစ်ပင် မင်းသား သည်လို စစ်ထွက် နောက်ကျ တာ ခမည်းတော် ဘုရား သိ လေတော့ ဒေါသ လည်း ထွက် ၊ ရှက် လည်း ရှက် နေ မိမိ သွေးရင်း သားရင်း က အမိန့်တော် ဖီဆန် ခိုင်းစရာ နှေးကန်သည် မှာ ရာဇဝင် ရိုင်းလှချည့် ။ ကိုင်း - မှတ်လောက် သားလောက် သားအရင်း ခေါက်ခေါက် ပေ ကမင့် မထောက်မညှာ ပြစ်ဒဏ် ပေးမှပဲ ဟု သားတော် ကို ဖမ်း ၊ လူသွားလမ်း လေဟာပြင် မှာ တစ်နေ့ တာ မြေထိပ် ခတ်စေ ။
မြေထိပ်ခတ် သည် ဆိုသည် မှာ ကျင်း တူး၍ ဒူးအထိ နှစ်အောင် မတ်တပ် မြှုပ် ထားခြင်း ဖြစ်သည် ။ ဤ အပြစ်မျိုး သည် လူသွားလမ်းဆုံ တွင် ဖြစ်ရကား အများ ၏ ကြည့်ရှု လှောင်ပြောင်ခြင်း ကို လည်း ခံ ရ၍ အရှက် လည်း ရ စေ၏ ။
ရွှေစစ်ပင်မင်းသား သည် ချစ်လှစွာသော ခမည်းတော်ဘုရား က ဤမျှ အထိ ဖြင့် ရက်စက်လိမ့်မည် ဟု မအောက်မေ့ ဘဲ ယခု အမှန်တကယ် ကြုံရတော့
အောင်မယ်လေး ...
ကြုံသေးတယ် ကုံဆွေးဗျာထုကြွယ် ...
ဘယ်ရှေးကံငယ် စီမံဖန်လာခြယ် ...
လို့ ငိုချင်း ချ ပြီးတော့ ရှက်လွန်း စိတ် ထိခိုက်လွန်းလှ သောကြောင့် နှလုံးသား ပေါက်ကွဲသည် ။ တောင်စွယ် နေကွယ် ၍ အပြစ် ပေးချိန် စေ့ သဖြင့် မင်းချင်းတို့ သွား လွှတ် ကြတော့ မင်းသား ခမျာ မှာ အသက် မရှိတော့ ကပြီ ။ အဲသည်မှာ ရွှေစစ်ပင်နတ် ဖြစ်သွား ဆိုသကိုး ဗျ ။ ဒါကြောင့် ရွှေစစ်ပင်နတ်သံ မှာ ...
“ x x x ပုဂံဘုရင်သခင် ဧကရာဇ် ၊ ရန်မျိုးနှင်သည် စောမွန်နစ် တည့် ၊ သည်းချာငယ်မှ ဝမ်းဝင် ၊ ငါလျှင်တမူ ၊ မယ်တော်ရင်နှစ် ၊ တိုင်း သူချစ်သည့် ရွှေစစ်ပင် ဥကင်ကြငှန်း ၊ ရိုက်ရာမှန်းသည် နောင်နန်းရံ ၊ ကျော် ဝင်ကာမှ ချီကြွေးလှိုင်းတက်သာဂရ ၊ သည်ဒေသကို ဘရာဇာပိုင်စားပေလို့ ကံကြွေးငယ်မှ ပြီးစည် ကျိုင်သင်းမင်းတည် ၊ ယွန်းတို့ပြည်ကို ရက်ရှည်မနေ မိန့်တော်ရွှေနှင့် ၊ ချီလေခန့်သော် ၊ ပုဂံပန်းညိုဘာနှင်းရာသည့် ငါမင်းပျိုသည် ယွင်းမှာကတိ ၊ မွေးဘဖြစ်လို့ အချစ်တယ် ယုံကြည် ၊ အမိန့်တော်ရည်က မတည်ရှိအောင် လွှဲဘိအာဏာ ၊ မြို့လှိုင်းတည့်ကြက်တိုက်ပါလို့ နေမိရာ ကို အောင်ချာနန်း ၊ မွေးသဖခင်ကသို့ စင်စစ်စော်ကား ၊ သင့်သလားဟု နောင်သားကြောက်စေ ၊ မြေထိပ်ကြပ်အောင် ၊ ခတ်ထားလေသော် ၊ မပြေ ငယ်စိတ်က မွေးသဖကို အကြင်သည်းသည် ဝမ်းနည်းလှလို့ ၊ သောကကြီး စွာ ရင်ကွဲနာနှင့် မိစ္ဆာမှောင်ရစ် ခန္ဓာပြောင်းလို့ နတ်ကောင်းဖြစ်သော် x x x တိုင်းလုံးကျော်တည့် ကော်ရော်ရှိခိုး ၊ ငါ့ကိုယ်ကိုးသော် ကောင်းကျိုးပြည့်စေ မင်းတတွေတို့ ” တဲ့ ခင်ဗျ ။
အဲဒါ ခင်ဗျား တို့ က ကျွန်တော့် ကို “ ကြက်သမား ငရဲ သွားမှာပဲ ” ဆိုကြမှာ စိုး လို့ ကြက်သမားတိုင်း အပါယ် မလားပါဘူး ။ နတ် ဖြစ်တဲ့ ကြက်သမား တောင် ရှိပါသေးတယ် လို့ တင်ပြတာပါပဲ ။ ကဲ - နောက်ပြီးတော့ နတ် ကိုးကွယ်သူ တို့ ရဲ့ အသဲကြော် ဦးမင်းကျော်ကြီး ကော ခင်ဗျ ။ သူ ဟာ လူ့ ဘဝ တုန်း က ကြက်သမား အရက်သမားကြီး ခင်ဗျာ ။ “ ပျိုတို့မောင် ရွှေ ရောင်ငိုက်ကယ် ကြက်ပိုက်လို့မူး ” သူ့ ကို ပသတဲ့ အခါမှာ နတ်ဝင်သည် တွေ က ဆိုကြရတယ် ။ နတ် ကို ကိုးကွယ်တဲ့ ကစားသမား ကြက်သမား တွေ ဆိုရင် ကြက်တိုက် သွားခါ နီး မှာ ဦးမင်းကျော် ကို အရက် နဲ့ တင်မြောက် ကြတယ် ။ တချို့ ကြက် ဟာ ဆိုရင် နတ် တင်ပြီးသား အရက် ကို ခွက် ထဲ ထည့် ၊ သူ့ ရှေ့ မလှမ်းမကမ်း မှာ ချ ပေး လိုက်ရင် အတောင် တဖြန်းဖြန်း ခတ် ရင်း ပြေး လာပြီး နှုတ်သီး နဲ့ တစ်ငုံစာ နှစ်ငုံစာ လောက် သောက် တာ ကို တွေ့ရဖူးပါတယ် ။ အဲလိုဆိုရင် ဒီ ကြက် ဟာ ဒီ နေ့ နိုင်ပြီ လို့ ယုံကြည် ကြတာပေါ့ ။
ဒီလို နတ် ကို တိုင်တည် ပသ ပြီး တိုက်တဲ့ အရက် ကို သောက် တဲ့ ကြက် ကျွန်တော် ကိုယ်တွေ့ မြင်ဖူးတာတော့ ယခု ဖော်ပြတော့မယ် ရှဖီး ပဲ ။
◾၁၉၇၆ ခုနှစ် ရှဖီး
ရှဖီး သည် မနှစ် က အမွှေးအတောင် တွေ စုတ်ပြတ် နေ၍ လည်ပင်းမွေး လည်း တစ်ပင် မျှ မရှိ သဖြင့် ကြက် ထက် ဠင်းတပနီ နှင့် တူ နေရာ မှ ကိုကံညွှန့် နှင့် မောင်မြင့်ခိုင် တို့လက် ထဲ ရောက်သော အခါ နောက်ထပ် ခွပ် ခိုင်းခြင်း မပြုတော့ဘဲ လုံးဝ အနားပေး လိုက် သောကြောင့် တစ်လ လောက် ကြာသည် ၌ ခွပ်သား ရှိသား နှင့် ရဲရဲတောက် နေသော သူ့ လည်ပင်း တစ်လျှောက်လုံး မှာ မွေးနုတွေ အပ်များ စီ စိုက်ထား သကဲ့သို့ တညီတညာ တည်း တပြိုင်တည်း ပေါက် လာလေ၏ ။ ထိုမှ တစ်ဖန် နောက်ထပ် နှစ်လ မျှ ကြာသော အခါ ရှဖီး ၏ အမွေးဟောင်း အတောင်ဟောင်း တွေ အားလုံး လဲ ပြီး၍ အမွေးအရောင် အသစ် နှင့် ရှဖီး အသစ် ဖြစ်လာ လေ တော့သည် ။ မနှစ် က စုတ်ပြတ် နေသော ရှဖီး နှင့် လုံးဝ မတူတော့ချေ ။
ကြက်တို့ မည်သည် မှာ တစ်နှစ် လျှင် တစ်ခါ အမွေး လဲ လေ့ ရှိ သည် ။ နောက်နှစ် လဲသော အမွေး မှာ မနှစ်က အာမွေး ထက် ပိုရှည် ပိုသန် ပြီး ပို၍ အရောင် တောက်ပမြဲ ဖြစ်လေရာ လွန်ခဲ့သော နှစ် က စုတ်ပြတ်မွဲခြောက် နေသော ရှဖီး အား မြင်ခဲ့ရသူ တို့သည် ယခု နှစ် ရှဖီး ကို လုံးဝ မမှတ် မိတော့ပေ ။ မနှစ် က ဠင်းတ သည် ယခု နှစ် ဒေါင်း ဖြစ်နေချေသည် ။
ရှဖီး က လည်း ကြက်ထွား အကောင် အကြီးစားကြီး မဟုတ် ။ ဒေါက် အမြင့် က ၉ ပြားခွဲ မျှ ( ၉ လက်မခွဲ ခန့် ) အမွေးရှည်ရှည် နှင့် အရပ် ခပ်ဝဲဝဲ ဖြစ် နေရာ အတက် က လည်း မနှစ် ကတည်းက ကျိုး ထား၍ ပြောင်းဖူးစေ့ သာသာ မျှ ရှိ သဖြင့် သူ့ ကို မနှစ် က တိုက်ပြီးသား တမွှေးထိုး ကြက်ကြီး ဟု မထင်ရ ယခု နှစ် မှ ကြက်လားမြောက် သည့် ကြက်ပေါက်ကလေး ဟု အောက်မေ့ ကြရသည် ။
မနှစ်က ကြက်တိုက်ဖော်များ အား “ ဒါ - ရှဖီးပဲ ” ဟု ပြော မှ သူတို့ အံ့သြစွာ ယုံကြည် ကြသည် ။ ထို့ကြောင့် “ ဒီလိုဆို ဟန်ကျပြီ ဗျို့ ၊ ဒီနှစ် ရှဖီး တိုက် ရ ရင် ကြက်ပေါက်လေးတွေ နဲ့ တိုက်ရမှာ ဗျ ။ သူတို့ မသိ ရင် ဒီ နှစ် ကြက်ပေါက် ပဲ အောက်မေ့ကြ မှာ သေချာတယ် ” ကျွန်တော် တို့ အိမ်နီးပါးနား က ကြက်သမား တစ်စု ဝမ်းသာအားရ ပြောကြသည် ။ အကြောင်း မှာ ကြက်ရင့် နှင့် ကြက်နု ( မနှစ် က တမွေးထိုးကြက် နှင့် သည်နှစ် ကြက်ပေါက် ) တိုက် ရလျှင် အကောင်းချင်း တူပါ က ရေရှည် ကြိတ်ကြရသော အခါ ကြက်ရင့် က နိုင်မြဲ တည်း ။
◾ကြက်ပွဲရာသီ
မြန်မာပြည် ကြက်ပွဲရာသီ မှာ ဆောင်းဦးပေါက် မှ သည် မိုးဦးကျ အထိ ဖြစ်၏ ။ ဤ ကြက်တိုက်ခြင်း သည် မြန်မာလူမျိုး တောင်သူလယ်သမား တို့ ၏ ကျေးရွာဓလေ့ ဖြစ်၍ ဆောင်းရာသီ တွင် ကောက်ပဲသီးနှံများ ပေါ်သော အခါ ငွေကြေး ရွှင်ကြသည် ၌ အပျော် လောင်းကစားခြင်း ပြု ကြသည် ။ မိုးဦး ကျပြီ ဆိုသော် ကျေးရွာသား တို့ သည် ထွန်တုံးထွန်တံ ကိုင်ကြ၍ အလုပ် မအား တော့ပြီ ၊ ဆောင်း နှင့် နွေ က တိုက် ထားသော ကြက်ဖ တို့ လည်း အမွေးဟောင်းများ ချွတ်၍ အမွှေးသစ်များ လဲ နေကြပြီ ဖြစ်သောကြောင့် တိုက် လို့ မဖြစ်တော့ပြီ ၊ သူတို့ မွှေးဟောင်း မှ မွှေးသစ် ပြောင်းသည် မှာ ၄ လ မျှ ကြာသည် ဖြစ်သော ကြောင့် နယုန်လ က အမွှေး ချ ခဲ့သော ရှဖီး သည် သီတင်းကျွတ်လ မှ အမွေး စုံ၍ တန်ဆောင်မုန်းလ မှ မွေးနု အားလုံး ရင့်သည် ။ ဤ အခါ မှ ခွပ်လက် ချ ရသည် ။
ကြက်သမား စကား “ ခွပ်လက် ချသည် ” ဆိုသည် မှာ ငွေတမ်း ကြေးတမ်း တိုက်သေးသည် မဟုတ် ။ ကြက်ခွပ် လေ့ကျင့် ပေးရုံ မျှ ဖြစ် သည် ။ ကိုယ့် မိတ်ဆွေ ကြက် အချင်းချင်း ရွယ်တူ တန်းတူ ရှာ၍ လေ့ကျင့်ခန်း ပေးသည် ။ ဤလို လေ့ကျင့် ပေး မှ လည်း ကြက် အမော လုံ ၍ ခွပ်နိုင် လာသည် ။ ထို့ပြင် လူ ၏ တာဝန် မှာ ကိုယ် တိုက်မည့် ကြက် ကို မနက်စောစော တိုင်း ရေ တဝ ခွံ့ ပေးရသည် ။ သက်လုံ ကောင်း၍ အမော လုံရန် ဖြစ် သည် ။ အားကစားသမားများ နံနက် စောစော ရေအဝ သောက် ဘိ သို့ ပေါ့ ခင်ဗျာ ။ ကြက် က တော့ သူ့ ဟာ သူ သောက်ရမှန်း မသိ မူ ၍ အတင်း ခွံ့ ပေး ရသည် ။ နို့ပြီး လည်ပင်း ၊ ရင်ဘတ် ၊ တောင်ပံရိုး ၊ ပေါင်တံ ၊ ဒူးဆစ် တို့ ကို လည်း လက်ရေ ဆွတ်၍ ဖျစ်ညှစ် ပေးရသည် ။ အသားအရေ အကြောအခြင် မာကျော လာအောင်ပေါ့ ခင်ဗျာ ။ ဒါကို ကြက် “ ရေကိုင် ” သည် ဟု ခေါ်သည် ။
ကြက်ဖ တစ်ကောင် တိုက် တော့မည် ဆိုသော အခါ၌ နေ့စဉ် အချိန် မှန်မှန် တစ်နေ့ သုံးကြိမ် လောက် ရေကိုင် ပေးရသည် ။ အစာ ကို မှန်မှန် ကျွေး ရသည် ။ ကြက်မ တွေ လိုက် မနေရန် ထိန်းသိမ်း ရသည် ။ လူ ကြည့် နေနိုင် သော အခါ ၌ အညောင်းပြေ လွှတ် ထား ရ၍ လူ မကြည့်နိုင်သော အခါ ခြံ လှောင် ထားရသည် ။ သို့မဟုတ် ကြိုး ချည် ထားရသည် ။ ထို့ကြောင့် “ ကြက် ကောင်း ကြိုး မကွာ ” ဆိုသော စကား ပေါ်ခဲ့သည် ။ ကြက် တစ်ကောင် တိုက်ဖို့ မွေးရသည် မှာ လွယ်ကူသည် မဟုတ်ချေ ။ အင်မတန် ဝါသနာကြီးသူ များ မှ မွေးနိုင်သည် ။ ကြက် အကောင်းချင်း တူ လျှင် ကြက်မွေး ကောင်းသူ ၏ ကြက် က နိုင်မြဲပင် ။ ငွေကြေး အကြီးအကျယ် လောင်းသော တကယ့် ကြက်သမားကြီးများ သည် မိမိ ကြက်များ ကို ကြက်မွေး ကောင်းသော ကြက်သူရင်းငှားများ နှင့် ထားကြသည် ။
◾သည်နှစ် ပွဲဦးထွက် ရှဖီး
ရှဖီး ကို တန်ဆောင်မုန်းလ ထဲ တွင် ပထမဦးဆုံး အကြိမ် ခွပ်လက် ချ လိုက်သည် ။
များသောအားဖြင့် မနှစ် က တိုက်ပြီး နား ထား လိုက်သော ကြက် တို့ သည် နောင်နှစ် အစ တွင် မခွပ်နိုင်ဘဲ မောဟိုက် ပျော့ခွေ နေ တတ်သည် ။ ရှဖီး မူ ကား ဤသို့ မဟုတ် ။ အမွေးအတောင် စုံစုံလင်လင် အားသစ် ခွန်သစ် နှင့် မနှစ် က ထက်ပင် လှလှပပ ခွပ်သည် ။ တစ်ဖက် ကြက် ကို ခဏလေး နှင့် အပြတ် ခွပ် ပစ်လိုက်သည် ။ ထိုကြောင့် ဒီနှစ် သူ့ သခင်များ ဖြစ်ကြ သော ကိုကံညွန့် ၊ ကိုအောင်ချစ် ၊ မောင်မြင့်ခိုင် တို့ ညီအစ်ကို တတွေ ရွှေ ထုပ် ကောက်ရ သကဲ့သို့ ဝမ်းသာအားရ ဖြစ်ကြကာ ရှဖီး ကို ကျကျနန မွေးမြူကြ တော့သည် ။
စင်စစ် မနှစ် က ကြက် သည် ဒီနှစ် အစ မှာ ခြေ ပေါ် ခဲသည် ။ များသောအားဖြင့် တစ်မွေးထိုး ကြက် တို့သ ည် ခွပ်လက် နှစ်ခါ သုံးခါ လောက် ချလိုက် မှ အမောခံ နိုင်၍ ခြေ ပေါ် လာ တတ်သည် ။ ခြေ ပေါ်သည် ဆိုသည် မှာ မနှစ် က တိုက်ပွဲများ တုန်းက ခွပ် သည့် ခြေမျိုး ပြန် ခွပ်နိုင်ခြင်း ကို ဆိုသည် ။ ရှဖီး မူ ကား ယခု နှစ် တွင် စလျှင် စချင်း မနှစ်က ခြေမျိုး ခွပ်နိုင် နေ သောကြောင့် ဒုတိယအကြိမ် မှာ အလကားကြေး ခွပ်လက် မဟုတ်တော့ဘဲ ၊ ငွေ နှင့် ကြေး စမ်း ကစားပစ် လိုက်လေ၏ ။
သည်နှစ် ရှဖီး ဈေးဦးပေါက် နိုင် လေပြီ ။
ကိုကံညွန်တို့ ညီအစ်ကို တွေ ပျော် တပြုံးပြုံး ...
ယောက်ဖ ဖြစ်သူ မောင်မြင့်ခိုင် က ...
“ ကဲ ... သည် ကြက် ဟာ ကျွန်တော့် ကြောင့် အစ်ကို တို့ ရလိုက်တာ ”
ရှဖီး ကို တစ်ယောက် တစ်လဲ ကိုင် ကြရင်း သူတို့ သမီးယောက်ဖ တွေ ပြော နေကြသောစကား ကျွန်တော် က နား မလည်၍ ...
“ ဘယ်လို ကိုမြင့်ခိုင် ရဲ့ ”
“ ဒီလို အန်ကယ် ရဲ့ ၊ မနှစ်က ကု,လားလေး ရှဖီး က ဒီ ကြက် လာ ရောင်း တော့ ၄ဝိ ဆိုတာ ကို အစ်ကို့ မှာ ၂ဝိ ထဲ ရှိလို့ ကျွန်တော် က ၂ဝိ ထည့် ဝယ်လိုက်ရတယ် ”
“ ဒါဖြင့် ခင်ဗျားတို့ နှစ်ယောက် စပ်တူ ပိုင်ပေါ့ ”
ကိုမြင့်ခိုင် က ဘာမျှ ပြန် မပြော ။ ကိုကံညွန့် က ပြုံးစိစိ နှင့် ...
“ ဒါဖြင့် အခု မင်း ငွေ ၂ဝ ပြန် ယူလေကွာ ”
“ အောင်မယ် ... ဒါတော့ ဘယ်ရမလဲ အစ်ကို ရာ ၊ ကဲ ... အခု တန်ဖိုး ၁ဝဝိ ထား ပြီး ၅ဝိ ပေး ရင် ပေးလေ ”
ဆိုတော့လည်း ကိုကံညွှန့် က ...
“ အောင်မယ်လေး ကွာ ... ခု နိုင်ခဲ့တာ မှ ငွေလေး ၄ဝိ လောက် ဟာ ကို ၊ ရော့ ကွာ - ဝက်သား ၅ဝ သား ဝယ်ချက် ” ဟု ဆို၍ ငွေ တစ်ဆယ် ထုတ် ပေးလိုက်၏ ။
သူတို့ အိမ် မှာ ကိုမြင့်ခိုင် သည် အချက်အပြုတ် ဝါသနာ ပါ၍ ဟင်းချက် ကောင်းသူ လည်း ဖြစ်၏ ။
ယင်းသို့ ညီအစ်ကိုတွေ အကြည် ဆိုက်ကြဖို့ ဆယ့်လေးငါးရက် မျှ ကြာသည် ၌ ရှဖီး သည် နောက် တစ်ပွဲ နိုင် ပြန်လေ၏ ။
ဤအခါ၌ ကား ရှဖီး အား သူတို့ ညီအစ်ကိုတွေ သာ မဟုတ် အနီး ပတ်ဝန်းကျင် ရှိ အခြား ကြက်သမားကြီး များ လည်း စိတ်ဝင်စား လာကြလေ ၏ ။ ကျွန်တော် အပါအဝင် ပေါ့ ။
မနှစ် က ဒီ ကြက် ကု,လားလေး ရှဖီး လက် ထဲ မှာ ၅ ပွဲ တိုက်ခဲ့သည် ဆိုသော် လည်း ၄ ပွဲ ကို မမြင်ဘူး ။ နောက်ဆုံး ပဉ္စမပွဲ မှ သာ ကိုကံညွှန့် တို့ ခြံ ထဲ ကျွန်တော့် အိမ် နောက်ဖေး တည့်တည့် မှာ မို့ ကျွန်တော် မြင်ခဲ့ရသည် ။ ဤ ပွဲ မှာ သူ နိုင်သည် ဆိုသော် လည်း ခံပြီး မှ နိုင်ရသည် ဖြစ်၍ ဒီ ကြက်မျိုး ကျွန်တော် မကြိုက် ။
ထိုစဉ်က ဤ ကြက် နိုင်သည် မှာ လည်း ကြက်စွဲ လုပ်သူ ဦးစံလင်း ၏ ဇွဲလုံ့လ လည်း ပါ၏ ။ ရှုံး နေပြီ ထင်သော ကြက် ကို နိုင်အောင် စွဲနိုင် သည် မှာ ကြက်စွဲ ၏ ဂုဏ်သိက္ခာ တစ်ရပ်ပင် ။ ဤပွဲ ပြီးသော အခါ ကြက် မှာ များစွာ ဒဏ်ရာ ရနေသည် ဖြစ်၍ ကု,လားလေးရှဖီး က ဦးစံလင်း အား “ ဦးလေး ပဲ ကြည့်ရှု ကုသပေးပါဦး ” ဆိုပြီး ဦးစံလင်း အိမ် မှာ ထားပစ်ခဲ့၏ ။
ထိုနောက် ကြက် မှာ ဒဏ်ရာ တွေ ပျောက်ကင်း သော အခါ သူ့ ကြက် ပြန် မယူချင်တော့ပါဘူး ။ သူ တခြား ပြောင်း တော့မှာ မို့ ငွေ ၅ဝိ သာ ပေး ပါတော့ဟု ပြောသည်၌ ဦးစံလင်း က ယူသင့် မယူသင့် ကျွန်တော် နှင့် တိုင်ပင်၏ ။ ထိုအခါ ကျွန်တော် က ..
“ ဒီနှစ် လည်း သုံးနိုင်တော့ တာ မဟုတ် ၊ ရှေ့နှစ် ထိ သက်ဆိုး ရှည်မယ် လည်း မပြောနိုင် ၊ နို့ပြီး ဒီ ကြက် ခွပ်ပုံ ခံပုံမျိုး လည်း ကျွန်တော် မကြိုက်ပါဘူးဗျာ ” ဟု ပြောလိုက်ခြင်း ဖြင့် ဤ ကြက် သည် ဖော်ပြခဲ့သည့် အတိုင်း ငွေ ၄ဝိ နှင့် ကိုကံညွန့် တို့ သမီးယောက်ဖ လက် ထဲ ရောက်ခဲ့ခြင်း ဖြစ် သည် ။
ဟော ... သည်နှစ် ရှဖီး နှစ်ပွဲ တက် လာသော အခါ ၌ ဦးစံလင်း က လိုချင်လာ ပြန်ပြီ ။
“ ဆရာ .. ရှဖီး ကို တစ်ရာ လောက် နဲ့ ရရင် ယူထား လိုက်ရ မကောင်းဘူးလား ”
သူ နှင့် ကျွန်တော် သည် တိုင်တိုင်ပင်ပင် နှင့် ကြက်ဈေး များ နေ လျှင် နှစ်ယောက် စပ်တူ ဝယ်ယူ လေ့ လည်း ရှိပါသည် ။
“ ဦးစံလင်း ... ရှဖီး ဒီနှစ် ခွပ်တာ မြင်ရပြီလား ”
“ ကမာရွတ် ကမ်းနား မှာ နောက်ပွဲ ခွပ်တာ မြင်လိုက်ရတယ် ”
“ ဘယ့်နှယ်လဲ ”
“ မနှစ်က အတိုင်း ကြက်ခွပ် ၊ ကြက်ခံ ၊ ကြက်မိုက်ဖဲ ဒါပေမယ့် ဒီနှစ် သိပ် ခြေကောင်း လာတယ် ။ မဲခြေ မာန်ခြေ မှ ပီးခြေ ရှိတယ် ။ ကြက် သုံးနိုင်တယ် ဆရာ ၊ တစ်ရာ လောက် နဲ့ ရရင် မဆိုးဘူး ”
“ ၁ဝဝိ နဲ့ ရောင်းမယ် ပြောလို့လား ”
“ မောင်မြင့်ခိုင် က ပြောတာပဲ ”
“ မောင်မြင့်ခိုင် သဘော တစ်ခု နဲ့ မပြီးပါဘူး ”
“ သူ နဲ့ ကိုကံညွန့် နဲ့ နှစ်ဦးစပ် ဝယ်ထားတာတဲ့ ”
“ ဘယ်သူ နဲ့ စပ်စပ် အဲသည် အိမ် မှာ ကြက် နဲ့ ပတ်သက်လာရင် ကိုအောင်ချစ် သဘောတစ်ခု ပဲ ၊ ကိုအောင်ချစ် ဟာ ကြက် တစ်ကောင် ကို သူ့ စိတ်ကြိုက် တွေ့ နေရင် ဘယ်လောက် ပေးပေး မရောင်းဘူး ။ အဲ - သူ မကြိုက်တော့ဘူး ဆိုရင်ဖြင့် အလကား ပေး ပစ်တယ် ။ အခု ရှဖီး ကို ဖိုးအောင်ချစ် တော်တော် သဘော တွေ့ နေတယ် ။ ကိုကံညွှန့် က လည်း သူ့ ညီ စိတ်ကို မလွန်ဆန် တတ်ပါဘူး ။ သူတို့ ညီအစ်ကို တွေ အကြောင်း ကျွန်တော် ကောင်းကောင်း သိတယ် ။ ငွေ ထက် ကြက် ကို မက် တဲ့ လူတွေ ဗျ ။ နို့ပြီး ဒီ ကြက် သူတို့ လက် ထဲ ရှိ နေလည်း ကျွန်တော့် ကြက် လိုပါပဲ ”
“ တခြား ရောင်း ပစ်လိုက်မှာ စိုးရတယ် ”
“ မစိုးနဲ့ ကျွန်တော့် တာဝန် ထား ”
◾ကြက်ညီနောင်
ကိုကံညွန့် နှင့် ကိုအောင်ချစ် တို့ ညီအစ်ကို နှစ်ယောက် ကို ကျွန်တော် က ‘ ကြက်ညီနောင် ’ ဟု ခေါ်၏ ။ အကြောင်း မှာ ကြက် ဝါသနာ တော်တော် ကြီးကြသူများ မို့ ။
၁၉၆ဝ ခုနှစ် ကျွန်တော် သည် ၇ မိုင် ရွာတန်းရှည် မှ ယခု ၆ မိုင် မာလကာခြံ သို့ ပြောင်းရွှေ့ လာသောအခါ ဒီ အရပ်မှာ ငါ လို ကြက်သမား များ ရှိပါလေလား ဟု ( မရှိမှာ ကို ) စိုးရိမ်စိတ် နှင့် ကြည့် လိုက်လေတော့ ကျွန်တော့် အိမ် နောက်ဖေး ဘက် ပေ ၂ဝဝ × ၈ဝ ခန့် ကင်ပွန်းပင် ဆူးပုတ်ပင် တို့ ဖြင့် ပြီးသော ခြံဝင်းကျယ်ကြီး ထဲ မှာ ဟောင်းမြင်းသော သစ်သား များနှင့် ဖြစ်ကတတ်ဆန်း ဆောက် ထားသော အိမ်အို တစ်ခု ထို အိမ်ရှေ့ မှာ တိုက်ကြက်ဖ တစ်ကောင် ။
ဟာ ... ဒါ မြင်ရတော့ ကျွန်တော့် မှာ ‘ အပျိုရှာ ကညာတွေ ’ သပေါ့ ။ ချက်ချင်းပဲ ထို အိမ် သို့ သွား၍ ထို ကြက် ပိုင်ရှင်များ နှင့် မိတ်ဆွေ ဖြစ်သွားကြ လေတော့သည် ။ ကြက်သမား အချင်းချင်း ၊ အရက်သမား အချင်းချင်း နော် အင်မတန် မိတ်ဆွေ ဖြစ်ရန် မြန် သဗျ ။
ထိုစဉ်၌ သူတို့ အိမ် တွင် အိမ်ထောင်သည် မရှိသေး ။ အကြီးဆုံး ကိုကံညွန့် ၊ ကိုအောင်ချစ် ၊ သိန်းသိန်း ၊ အငယ်ဆုံး မဥ ။ သူတို့ အမေ ဒေါ် ရေပေါ ၊ သူ့ အစ်မ ဒေါ်မြရင် ( အပျိုကြီး ) ။ မူလက ထန်းတပင်မြို့နယ် မှ လယ်သမားများ ဖြစ်ကြသည် ။
၁၉၄၈ - ၄၉ ခုနှစ် ကရင်သူပုန် အရေးကြောင့် ဤ အရပ် သို့ ပြောင်းရွှေ့ လာခဲ့ရပြီး ဖြစ် သလို လုပ်ကိုင် စားနေခဲ့ရ ရာ မှ ယခု ကျွန်တော် နှင့် တွေ့ ချိန် တွင် ကိုကံညွှန့် က အစိုးရဌာန တစ်ခု မှာ ရုံးလုလင် ၊ ကိုအောင်ချစ် နှင့် သိန်းသိန်း က ရက်ကန်းစက်ရုံ မှာ ၊ မဥ က ကျောင်းသူမလေး ။ ထိုစဉ်က သူတို့ အိမ် မှာ သူတို့ လူ ခြောက်ယောက် နှင့် အလွန် ကျဉ်းမြောင်း နေသည် ။ အိမ်သစ် ဆောက်ရန် ငွေ စုဆောင်း နေခိုက် ဖြစ် ပေရာ ကျွန်တော် ရောက် သွား တော့ အဆင်သင့်ပဲ ။ ကျွန်တော့် မိတ်ဆွေ ဗိုလ်ကြီးကြည် က ကျွန်တော် နှင့် နီးနီးနားနား နေချင်ပါသည် ။ မြေ ရှာပေးပါ ဆိုသည်နှင့် ဒေါ်ရေပေါ ခြံ သုံးပုံ တစ်ပုံ ခန့် ကို ငွေ ၂ဝဝဝ နှင့် အရောင်းအဝယ် လုပ် ပေး လိုက်သည် ။ သူတို့ နှစ်ဦး စလုံး အဖို့ ပိုမို ကောင်းမွန်သွားသည် ကား ထိုစဉ် တွင် ဗိုလ်ကြီးကြည် သည် သစ် အလွန် ပေါသော ပဲနွယ်ကုန်း မှာ တပ်စွဲ နေရ ရာ ၊ သောင်းကျန်းသူများ ရန် မှ သူ ကာကွယ် ပေးထား ရသော သစ်စက်ပိုင်ရှင်များ ထံ မှ သစ်များ ကို သူ လိုသလောက် ဖောခြင်း သောခြင်း ။ ယင်း ကို ကျွန်တော် ပြော ပြ၍ သိ သွား သော ဒေါ်ရေပေါ က “ ဗိုလ်ကြီး ခြံဖိုး ကို ငွေ မပေးပါ နဲ့ သစ် ပဲ ပေးပါ ” ဆိုသည် နှင့် ကျွန်တော့် အိမ် ထက် ကြီးမားခန့်ထည်သော ဗိုလ်ကြီးကြည် အိမ် နှင့် ဒေါ်ရေပေါ အိမ် သည် ၁၉၆၂ ခုနှစ် တွင် ရှေ့ဆင့် နောက်ဆင့် ပြီးစီး သွားကြလေ သတည်း ။
ဒေါ်ရေပေါ မူ ကား ကျွန်တော့် အိမ် နောက်ဖေး တည့်တည့် တွင် နောက်ထပ် အိမ်ကလေး တစ်လုံး ပင် ဆောက် လိုက်သေး၍ ယခု တစ်လ တစ်ရာ နှင့် အိမ်ငှား ထား၏ ။
ယင်းသို့ဖြင့် သူတို့ မိသားစု သည် အိမ်ကြီးရခိုင် နှင့် ကျကျနန ဖြစ်သွားကြပြီး နောက် နှစ် အနည်းငယ် ကြာသော အခါ ကိုအောင်ချစ် နှင့် မဥ တို့ သည် ရှေ့ဆင့် နောက်ဆင့် အိမ်ထောင် ကျ ကြကုန်၏ ။
မဥ ၏ ယောက်ျား မှာ ယခု ကျွန်တော် ဖော်ပြခဲ့သော ကြက်ရှဖီး ကို ကိုကံညွှန့် နှင့် စပ်တူ ဝယ် လိုက်သော မောင်မြင့်ခိုင် ။ သူ သည် မဥ နှင့် လက်ထပ် စဉ် က တပ်မတော်သား ဖြစ်၍ သူတို့ လင်မယား သည် တပ် ထဲ သွား နေကြသည် ။ ၄ ၊ ၅ နှစ် မျှ ကြာသော အခါတွင် မောင်မြင့်ခိုင် က ဆေးပင်စင် ယူ ရ၍ မအေ့ အိမ် ပြန် ရောက် လာကြသည် ။ ထိုအခါ သူတို့ လင်မယား ချည်း မဟုတ်တော့ဘဲ သားကလေး နှစ်ယောက် နှင့် မောင်မြင့်ခိုင် ၏ ညီမ အပျိုလေး တစ်ယောက် ပါ ၊ စုစုပေါင်း ၅ ယောက် ဒေါ်ရေပေါ အိမ် တွင် ရုတ်တရက် တိုး လာခြင်း ဖြစ်သည် ။ သို့သော် အခက်အခဲ မရှိပါ ။ အထက် အောက် နှစ်ထပ် နေ နိုင်သော ဒေါ်ရေပေါ အိမ် က အကျယ်ကြီး မို့ ကိုအောင်ချစ် က မွေးသော ကလေး ၂ ယောက် နှင့် စုစုပေါင်း မြေး ၄ ယောက် ၊ ဒေါ်ရေပေါ အိမ် မှာ ဝေဝေဆာဆာကြီး ဖြစ်သွား လေသည် ။
သူတို့ အိမ်ထောင်သည် လူချမ်းသာများ မဟုတ်ကြပါ ။ လက်လုပ်လက်စား ဆင်းရဲသားများ ဖြစ်ပါသည် ။ အလုပ် နှင့် လည်း ရှိ၏ ။ အလုပ်လက်မဲ့ လည်း ရှိ၏ ။ ဝင်ငွေ ကောင်းသူ လည်း ရှိ၏ ။ နည်းသူ လည်း ရှိ၏ ။ သို့ရာတွင် အိမ်ထောင် အိုးခွဲ မထား ။ မရှိ အတူ ရှိ အတူ အားလုံး တစ်အိုးတည်း စား၏ ။ ညီအစ်ကို မောင်နှမချင်း ချစ်ခင်ကြ၏ ။ သမီး ယောက်မ သမီး ယောက်ဖ ချင်း သင့်တင့်ကြ၏ ။ ကလေး နှစ်ယောက် နှင့် နှမအပျို အပို ပါ လာသော မောင်မြင့်ခိုင် မှာ ဆေးပင်စင် တစ်လ တစ်ရာ လောက် မျှ ဖြစ်သော်လည်း ကိုကံညွှန့် တို့ ညီအစ်ကို က ငြူစူခြင်း မရှိကြပါပေ ။
ကျွန်တော် သည် သူတို့ မိသားစု စိတ်ဓာတ် ကို သဘောကျ၏ ။ ချီးကျူးမိ၏ ။ စိတ်နှလုံး အေးချမ်းငြိမ်သက်သော အိမ်ထောင်စု ဖြစ်၏ ။
ကိုကံညွန့် နှင့် ကိုအောင်ချစ် သည် အရက် ကို လုံးဝ မသောက်တတ် ။ မောင်မြင့်ခိုင် က တော့ တော်တော် အရက်ကြိုက်သူ ဖြစ်၍ တစ်ခါတစ်ရံ အမူး လွန် လာသော အခါ မဥ နှင့် လင်မယားချင်း ပူညံပူညံ ဖြစ်တတ် သော် လည်း ကိုကံညွှန့် တို့ ညီအစ်ကို က တော့ ဘာမျှ ဝင်ရောက် စွက်ဖက်ခြင်း မပြုတတ် ။ မောင်မြင့်ခိုင် ကို လည်း အရက် မသောက် နှင့် ဟု မတားမြစ်ပေ ။ “ ကြိုက် ရင် သောက်ပေါ့ ကွာ ၊ မူး မှန်း လူ သိရင်တော့ မကောင်းဘူးပေါ့ ကွာ ” ဟု လောက် သာ ပြောတတ်၏ ။
ထိုစဉ်က ကျွန်တော့် အိမ် နောက်ဖေး မှာ ကြက်ပွဲ လုပ်လေ့ ရှိသည် ။ မြေနေရာ ကတော့ ကိုကံညွှန့် တို့ ခြံ ၊ ဒိုင်လူကြီး လုပ်သူ က ကျွန်တော် ဖြစ်၍ ရသော အကောက်ငွေ ကို တစ်ယောက် တစ်ဝက် ယူကြသည် ။
◾ရှဖီး ကြေးကြီး အချီးနှီး
ထိုနေ့ က နှစ်ပွဲ တိုက် ဖြစ်သည် ။ ကြက် တိုက်မည့် နေရာ ကို မောင်မြင့်ခိုင် က သိမ်းဆည်း ပေးသည် ။ ရေဖျန်း ပေးသည် ။ ကြက် တိုက် နေစဉ် မှာ လည်း ရဲများ လာလေမည်လား ဟု နံဘေး ပတ်ဝန်းကျင် အရိပ်အခြည် ကို ကြည့် ပေးသည် ။ ထို့ကြောင့် ပထမ တစ်ပွဲ ပြီးသော အခါ ကျွန်တော့် အတွက် ရသော အကောက်ငွေ ထဲ မှ မောင်မြင့်ခိုင် ကို ငွေ ၁၆ ကျပ် ပေး လိုက်သည် ။
ဒုတိယပွဲ ကား ရှဖီးပွဲ ပင် ။
ရှဖီး ကို ကျွန်တော်တို့ ရပ်ကွက် ကြက်သမားအုပ်စု က တော်တော် ယုံကြည် စိတ်ချ နေကြပြီ ဖြစ်၍ ငွေ တော်တော်များများ လောင်း ကြသည် ။ လက်ရင်းလက်ဖျား တစ်ထောင် ကျော် နှစ်ထောင် နီးပါး ပေါက် သွားသည် ။
ဤ ပွဲ မှာ ရှဖီး က တော်တော်ကြီး လှလှပပ ခွပ် ပစ် လိုက်သည် ။ ရှဖီး ကို လူကြိုက် များ သွားပေပြီ ၊ ပွဲ ပြီးသော အခါ ရောင်း လျှင် ၊ ၂ဝဝိ ပေးမည် ဟူသော အသံ ထွက် လာ၏ ။ ဤ အသံ သည် မမျှော်လင့်သော အကြောင်း ရပ် တစ်ခု ကို ဖန်တီး လေတော့သည် ။
အသို့ဟူမူ
ထိုနေ့ ညနေ ကြက်ဝိုင်း ပြီး သွားအခါ ကျွန်တော်တို့ ရပ်ကွက် က ကြက်သမားတွေ ပျော်ရွှင် နေကြသည် ။ ရှဖီး ကောင်းမှု ကြောင့် တစ်ဆယ် နှစ်ဆယ် မှ သည် သုံးလေးရာ ထိ ရလိုက် ကြ သူတွေ ။
ထို ည ထမင်း စားသောက် ပြီးကြသော အခါ ကြက်စွဲဦးစံလင်း အိမ် မှာ လူ စုပြီး ညနေ က ကြက်ဝိုင်း အကြောင်း ရှဖီး ဘယ်လို က ဘယ်လို ခွပ်လိုက်ပုံ တွေ ကို ဝမ်းသာအားရ စမြုံ့ပြန် နေကြသည် ။
ဦးစံလင်း အိမ် ကျွန်တော် ရောက် သွားသော အချိန် မှာ တော်တော် မှောင် နေပါပြီ ။ မောင်မြင့်ခိုင် တော်တော် မူးနေသည် ကို တွေ့ရသည် ။
အာလေး လျှာလေးအသံ နှင့် “ တကယ်ဆို ဒီ ကြက် က ကျွန်တော် တစ်ဝက် ပိုင် တာပဲ ။ သူတို့ နိုင် လည်း နိုင်တယ် ၊ အကောက် လည်း ရတယ် ။ ဒါတောင် ကျွန်တော့် ကို တစ်ပြား မှ မပေးဘူး ၊ အန်ကယ် သော်တာဆွေ က ၁၆ ကျပ် ပေးလို့ ”
ကျွန်တော် က သူ့ စကား ဖြတ်၍ ...
“ အေး ... အဲဒါနဲ့ အခု မင်း သောက်ရ ပြီးရော မှုတ်လားကွ ”
“ မပြီးဘူး အန်ကယ် ၊ ဒီ ကြက် သူတို့ လက် ထဲ မထားဘူး ၊ ရောင်း ပစ်မယ် ၊ ရတဲ့ ငွေ တစ်ယောက် တစ်ဝက် ယူမယ် ”
ထိုစဉ် ဦးစံလင်း က သူ့ ဇနီး လာ ပေးသော ငွေ နှစ်ရာ ကို ယူပြီး မောင်မြင့်ခိုင် လက်ထဲ ထည့် လိုက်သည် ။ ငွေ ရ လျှင် ရချင်း မောင်မြင့်ခိုင် ထွက် သွားတော့ ကျွန်တော် က နားမလည်ဘဲ ဦးစံလင်း အား ...
“ ဒီ ငွေ က ဘာဖြစ်လို့ ပေးလိုက်ရတာလဲ ”
“ ကြက် ၂ဝဝိ ပေး တဲ့ လူ ရှိတယ် ။ ရောင်းပစ်မယ် ဆိုတာ နဲ့ ဒီ ကြက် တခြား လူ လက်ထဲ ရောက် မသွားအောင် ကျွန်တော် က ဝယ်လိုက်တာပဲ ”
“ အာ ... ကိုကံညွန့် နဲ့ ကိုအောင်ချစ် က သူတို့ ကြက် ဘယ်လောက် ပေးပေး မရောင်းပါဘူးဗျာ ”
“ မြင့်ခိုင် အပြော က တော့ ဒီ ကြက် ကံညွန့် နဲ့ သူ နှစ်ဦးစပ် ပိုင် တာမို့ ကြက်ဖိုး ၂ဝဝိ ထား ၊ ၁ဝဝိ ပေး ခဲ့ပြီး ဒီ ကြက် ယူခဲ့မယ် ဆိုတာပဲ ”
“ ဟာ ... သူ စိတ် ထင်တိုင်း ဖြစ်မလားဗျ ၊ ဒီကောင် မူးမူး နဲ့ မဖြစ်သင့်တာတွေ ဖြစ်ကုန်တော့မှာပဲ ။ ကျွန်တော် လိုက် သွားဦးမယ် ” ဆိုပြီး ဦးစံလင်း အိမ် မှ ထွက် ခဲ့သည် ။
သို့သော် ကျွန်တော် နောက်ကျ လေပြီ ။ ကိုကံညွန့်တို့ အိမ်ရှေ့ ရောက်သည် ၌ ကျွန်တော် ကြားရသည် မှာ ကိုကံညွန့် အသံ ...
“ မင်း လုပ်စာ ဘာမှ ရှိတာ မဟုတ်ဘဲ နဲ့ မင်း တစ်အိမ်ထောင်လုံး ငါတို့ က တင် ကျွေး ထားရတာ ၊ ဒီ ငွေရေးကြေးရေး ကိစ္စ မင်း ဒီလောက် တောင် ဖြစ် နေရင် မင်း ပြောတဲ့ အတိုင်းပဲ ကြက်ဖိုး ၂ဝဝိ ထားပြီး မင်း တစ်ဝက် ဆိုင် တဲ့ အတွက် ရော့ ၊ ဟောဒီမှာ ငွေ တစ်ရာ ယူသွား ၊ ဒီ ကြက် မင်း နဲ့ ဘာမှ မဆိုင်တော့ဘူး ။ မင်း လည်း ငါ့ အိမ် မှာ မနေနဲ့ တော့ မင်း မျက်နှာ ငါ မကြည့် ချင်တော့ဘူး ။ မင်း သားမယား က လိုက်မယ် ဆိုရင် ခေါ်သွား ”
“ အောင်မယ်လေး မလိုက်သေးဘူး ၊ ဒင်း အိမ် က ထွက်သွားစေချင် နေတာ ကြာလှပါပြီ ”
“ ဒီလိုဆို ငါ က လည်း သွားတာပေါ့ ”
မြင့်ခိုင် က အောက်ကျ မခံသံ နှင့် ခပ်ထန်ထန် ပြောပြီး ၊ လူ လည်း ခေါင်းငိုက်စိုက် နှင့် ထွက် လာ ကာ မှောင် ထဲ မှာ ပျောက်ကွယ် သွားလေသည် ။
ထိုအချိန် သည် သူငယ်အိပ်ဆိတ် ကြက် တွန်ချိန် ဖြစ်ရာ အခြား ကြက်တွန်သံများ နှင့် မရှေးမနှောင်း ကိုကံညွန့် တို့ အိမ် ပေါ် မှ ရှဖီးတွန်သံ ကို လည်း ကြားလိုက်ရပါသည် ။
◾သော်တာဆွေ
📖 ကြက်ဋီကာ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment