Friday, June 21, 2024

ကြောက်ချေးအိုး

❝ ကြောက်ချေးအိုး ❞


ဆွေမျိုးသားချင်း တွေ ၊ မိတ်ဆွေ အပေါင်းအသင်း တွေ က ဝိုင်း တားကြပါ သေးတယ် ။ တားပေမယ့် မရတော့ဘူး ။ ဦးလေးဖြိုး က လူတကာ ကို သူ့ လို စိတ်ကောင်း စေတနာကောင်း ရှိတဲ့ လူတွေ ချည်း မှတ် နေတာ ။ ကိုထောကြည် က လည်း အပြော က ခပ် ကောင်းကောင်း နဲ့ ။ ဦးလေးဖြိုး ခမျာ ကိုထောကြည် ရဲ့ ကျော့ကွင်း ထဲ မှာ မသိမသာ ဝင် လို့ ဝင်မှန်း မသိ ၊ မိလို့ မိမှန်း မသိ ဖြစ်သွား ရှာတယ် ။ မိတ်ဆွေ တွေ က ဒီလူ နာမည်ပျက် ရှိတယ် ။ သူများ သားပျို သမီးပျို ဖျက်ဆီး တတ်တယ် ။ သူတစ်ပါး ပစ္စည်း ကို ဘယ်လို အချောင် နှိုက်ရမလဲ ၊ သိပ် ပိုင်တဲ့ လူ ၊ အကြွေးတွေ လည်း အများကြီး တင် နေတဲ့ လူ ။ သတိ ထား လို့ ပြောကြ ဆိုကြ တဲ့ ကြား က ကို ပဲ ကိုထောကြည် ရဲ့ အပြော မှာ မျော သွားတယ် ။ ကိုထောကြည် က ရုပ်ကလေး က ခပ်သွယ်သွယ် ၊ အသားလတ်လတ် နဲ့ သွားပုံ လာပုံ က မင်းသားဟန်ကလေး နဲ့ ။ အပြောကျ သိပ် ညက်တဲ့ လူ ။ ကိုထောကြည် အဆွယ် ကောင်း တာ နဲ့ အရောင်းအဝယ် စပ်တူ လုပ်ကြပါရောလား ။ ဒေသ ထွက်ကုန် တွေ ဖြစ်တဲ့ စပါး ၊ ပဲ ၊ နှမ်း ၊ ပြောင်း အရောင်းအဝယ် လုပ်ကြတာ လေ ။ တစ်ချီတည်း တော့ မဟုတ်ပါဘူး ။ ဦးလေးဖြိုး စုထားတာလေး တွေ လဲပင်ကြီး က လဲမှို့ တွေ လို တဖြည်းဖြည်း ပျောက် သွား တာပါပဲ ။ 


ကိုထောကြည် က ဦးလေးဖြိုး ကို ဘယ်လောက် တောင် မှ စည်းရုံး ထားတယ် မသိဘူး ။ သူ့ အိမ် ကို ရောင်းပြီး ဦးလေးဖြိုး နဲ့ ပိုက်ဆံ ထပ် စပ်ကြ သတဲ့ ။ သူ ကိုယ်တိုင် က တော့ ဦးလေး ဖြိုး ခြံဝင်း ထဲ က လွတ် နေတဲ့ အိမ် တစ်လုံး ပေါ် တက် နေ လိုက်တယ် ။ ဒီ ငွေ လည်း သိပ် ကြာ ရှည် မခံလိုက်ပါဘူး ။ အရက်ပျံ အငွေ့ပျံ သလိုမျိုး တငွေ့ ငွေ့  နဲ့ ကုန်ရော ။


ဦးလေးဖြိုး က လူအေး လူဖြောင့် တရားဓမ္မ သီလ နဲ့ လူချစ်လူခင်များတဲ့ ပုဂ္ဂိုလ် ၊ ဟို လူ က သောက်သောက်စားစား လူ့ မင်းသား ၊ အကစား က ဖက် လိုက်သေးတယ် ။ သူတို့ ကြာရှည် လက် မတွဲနိုင် ကြပါဘူး ။ ဦးလေးဖြိုး မှာ လည်း မရှိမဲ့ ရှိမဲ့လေးတွေ က ကုန် နေပြီလေ ။ 


ဦးလေးဖြိုး က ကုန်သွား တဲ့ ငွေတွေ နဲ့ ပတ်သက်ပြီး ဘာမှ မပြောပါဘူး ။ တရား သဘော နဲ့ ဖြေ ရှာတယ် ။ ဒါပေမဲ့ ကိုထောကြည် မျက်နှာ ကို သူ မကြည့်ချင်ဘူး ။ မမြင်ချင် လောက် အောင် ဖြစ်လာတယ် ။ ဦးလေးဖြိုး က “ မောင်ထောကြည် မင်း ဒီ အိမ် မှာ မနေနဲ့တော့ကွယ် ” လို့ ပြော ရတယ် ။ အဲဒီလို ပြောတော့ ဟို လူ က အင်း မလှုပ် အဲ မလှုပ် ။ ခပ်တည်တည် ပဲ ၊ ဒီ ကြား ထဲ ဦးလေးဖြိုး က အတတ်နိုင်ဆုံး သည်းညည်းခံ ပြီး အောင့်အည်း နေပါ သေးတယ် ။ မိတ်ဆွေ အပေါင်းအသင်း တွေ က နံဘေး က မခံချိ မခံသာ ဖြစ်ကြလှပြီ ။ ကိုထောကြည် ကလိမ်ကျ ၊ ယုတ်မာ နေ မှန်း သိလို့ လူတွေ က အံတွေ ခွက် နေအောင် ကြိတ်ထား မိကြပြီ ။ ဦးလေးဖြိုး က သည်းခံ နေတုန်းပဲ ။ ကာလသာခေါင်း ထွန်းထွန်းအောင် က တောင် မှ သူတို့ လူငယ်နည်း နဲ့ လုပ်လိုက်ရမလား ပြောလာ သေးတယ် ။ ဦးလေးဖြိုး က မလုပ်ပါနဲ့ တဲ့ ။


ကိုထောကြည် က ကြာလေ မကောင်းလေ ဆိုတော့ ဦးလေးဖြိုး ကြာကြာ သည်းမခံ နိုင်ရှာဘူး ။ အရင် တစ်ခါ ပြောပြီး တစ်လ လောက် ကြာ တော့ “ မောင်ထောကြည် မင်း အိမ် က ဆင်းတော့ ” တဲ့ ဦးလေးဖြိုး ရဲ့ လေသံ နည်းနည်း မာ လာတယ် ။ ဟို လူ က ပို နေမြဲ ကျား နေမြဲ ပဲ ။ ဦးလေးဖြိုး စကား “ - ” ကြား တောင် မညှပ်ဘူး ။ ဦးလေးဖြိုး ကို ဖုတ်လေတဲ့ ငါးပိ ဆိုတဲ့ အထဲ က ပဲ ။ အရက် သောက်မြဲ သောက်လျက် ပဲ ။ တစ်ခါတလေ စောင်းမြောင်း ဆဲ တတ်သေး တယ် ။ ဒီ လူ က မူး ရင် ဆောင်း ထားတဲ့ မင်းသားခေါင်း ကျွတ်ကျ တတ်တဲ့ သူ ။


ကိုထောကြည် အရက် ကို ဝယ် သောက် တာ နည်းနည်း ။ ဘာသာ ချက် သောက်တာ ။ သူ့ အရက်ဖို ကြောင့် ဘယ်နေ့ မီး စွဲ မှာပါလိမ့် လို့ ဦးလေးဖြိုး က အစ ရွာ ထဲ ကပါ တထိတ် ထိတ် နဲ့ နေကြရတာ ။


အပေါင်းအသင်း စုံရင်တော့ ဖဲ ကို ရိုက် နေလိုက်တာ ရက်ဆက် ပဲ ။ ဒီ ကြားထဲ စပါး ပေး ၊ နှမ်းပေး နဲ့ လာ ပျော် ကြတဲ့ အပျက်မတွေ နဲ့ လည်း တရုန်းရုန်း ရှိတဲ့ အခါ ရှိတတ် တယ် ။ ဒီ လူ ကြောင့် ဦးလေးဖြိုး ခြံ လည်း လာဘ် တိတ်လှပြီ ။ ရွာ လည်း ကျက်သရေ ယုတ် လှပြီ ။


တစ်နေ့ တော့ ကိုထောကြည် ရဲ့ ညာဘက် လက်ဖျံ မှာ အနာကလေးတွေ ပေါက်တယ် ။ မိတ်ဖုလေးတွေ လို ပဲ ။ မတ်စေ့ဝိုင်း လောက် အကွက်ကလေး တွေ ၊ မိုးပြတ် သွားပြီး နေပြင်း လာလို့ ထွက် တဲ့ မိတ်ဖုလေးတွေ လို့ သူ ထင် နေတာ ။ နောက်တော့ အနာကလေးတွေ ပွား လာ လိုက်တာ ကျပ်ပြားဝိုင်း လောက် ဖြစ်လာရော ။ အနာ က ထိပ် မှာ အရည်လေးတွေ လည်း တည်လို့ ။ တစ်ချက် တစ်ချက် တစစ် စစ် နဲ့ စပ်ဖျဉ်းဖျဉ်း နိုင် လှတယ် ။ အနာလေး ရဲ့အရွယ် က မကြီး ပေမယ့် အခံရ ခက် လှတယ် ။


ကိုထောကြည် ဘာပဲ လုပ်လုပ် စိတ် က ဒီ အနာလေးတွေ ဆီ ကို ပဲ ခဏခဏ ရောက် နေတာ ။ ညှင်း တို့ ၊ စပိတ် တို့ ပွတ် ကြည့်ရာ မှာ တောင် စိတ် က ဖြောင့် တာ မဟုတ်ဘူး ။ ကျပ်ပြား လောက် က နေ အနာ က တဖြည်းဖြည်း နဲ့ ကြီး လာ လိုက်တာ ခုံညင်း လောက် အထိ ဖြစ် လာပြီး လက်ဖျံ ကို တစ်ပတ် ပတ် တော့မယ့် ပုံစံ နဲ့ သူ နဲ့ တေဖော်တေဖက် တွေ က ကန့် နဲ့ ရေနံချေး ရော လိမ်းရတယ် ဆိုလို့ လိမ်းတာ လည်း မပျောက်ဘူး ။


နောက်တော့ ဆရာကြယ် ဆီ သူ သွားတယ် ။ ဆရာ က ဒီ နယ် မှာ တော့ နာမည် ရ ဆရာ ပဲ ။ ကိုထောကြည် ရဲ့ အနာ ကို သေသေချာချာ ကြည့် ပြီး သောက်ဆေး ရော လိမ်းဆေး ပါ ပေး လိုက်တယ် ။ မင်း ဥစ္စာ အပူများ လို့ ဖြစ်တာ ။ အစပ် ၊ အပူ ၊ အငန် ရှောင် ဖို့ ပြောတယ် ။ ကန်စေ တတ်တဲ့ အစား အစာတွေ မစား ဖို့ လည်း မှာ လိုက် သေးတယ် ။


ကိုထောကြည် က ဆရာ့ ဆေး ကို သောက် လည်း သောက်တယ် လိမ်း လည်း လိမ်း တယ် ၊ ဆရာ ရှောင် ခိုင်းတဲ့ အပူ ၊ အစပ် ၊ အငန် တွေ လည်း ရှောင်တယ် ။ နှစ်ရက် ၊ သုံးရက် ရှောင်တာ ဘာမှ မထူးဘူး ။ ဒီ လူ က လူရွတ် ၊ ဆရာ့ စကား ဆရာ့ ဆေး အကုန်ပယ်ပြီး ဓာတ်ကြမ်း တိုက် တော့တာပဲ ။ ဒီတော့ အနာ တွေ က လည်း ပိုပို ပွား လာတယ် ။ သားနံရည် တစိုစို နဲ့ သားနံရည် စီးတဲ့ တစ်လျှောက် အနာတွေ ပွား တော့တာပဲ ။ အနာတွေ မပျောက် တော့ ကိုထောကြည် အဖို့ မူး တဲ့ အခါ ထည့် ဆဲစရာ လူ တစ်ယောက် တိုး သွား တာပေါ့ ။


လက်ဖျံ က အနာ က မှ မသက်သာ သေးဘူး ။ အဲဒီ အနာ ထက် ဆိုး တဲ့ အနာ တစ်မျိုး ပေါင် မှာ လာ ပေါက်တယ် ။ ပေါင်လယ် လောက် မှာ ။ ဒီ အနာ က လည်း ပွား တာပဲ ။ ပုဆိုး နဲ့ အမြဲ ထိ နေတဲ့ နေရာ ဆိုတော့ ကိုထောကြည် ပို အခံရ ခက် တာပေါ့ ။


ဒီ တစ်ခါတော့ ဆရာကြယ် ဆီ မသွားဘဲ ‘ ခွေးတောက်တော ’ က ဆရာမောင် ဆီ သွား ပြတယ် ။ 


ဆရာမောင် ပေါင်လယ် က အနာ က အရေးကြီးတယ် ။ ဒါ ခါးပတ်ရေယုန် လို့ ခေါ် တယ် ။ လက်ဖျံ က အနာလေးတွေ က ခဏ နဲ့ ပျောက်နိုင် သတဲ့ ။


ဆရာမောင် က ပါဒရက် သုံးပါး ၊ ကြောင်ကုတ်မီး ၊ ထိပ်စွဲ ၊ ဝက်ရူး ၊ မြင်းသရိုက်နာ တွေ အကုကောင်း တဲ့ ဗိန္ဓောဆရာ ၊ အနာပေါက် ဆရာ မဟုတ်ဘူး လေ ။ ဒီလို အနာပေါက် ဆိုရင် ‘ ကျွဲခြေထောက် ’ က ဆရာ ဦးထွန်းတင် ဆီ သွား လို့ ဆရာမောင် က အကြံ ပေးတယ် ။


‘ ကျွဲခြေထောက် ’ ဆိုတဲ့ အသံ ကြား လိုက် ကတည်း က ကိုထောကြည် တွန့်ခနဲ တစ်ချက် ဖြစ်သွားမိတယ် ။ ဟန် ကိုယ့် ဖို့ လုပ် နေရတယ် ။ ဆရာမောင်က တော့ သတိ မထားမိပါဘူး ။ သူ့အနာတွေ ပျောက်ချင်တာ တော့ ချက်ချင်း ကို ပျောက်သွား ချင်တာ ။ ဒါပေမယ့် ‘ ကျွဲခြေထောက် ’ တော့ ကိုထောကြည် မသွားချင်ဘူး ။ ဆရာမောင် ကို ပဲ ပျောက် အောင် ကုပေးပါ ဆရာ ၊ အားကိုးပါရစေ ဆရာ နဲ့ တွင်တွင် ပြော နေတယ်လေ ။


ကိုထောကြည် က “ ကျွဲခြေထောက် ” ကို မသွားချင်တာ ထက် မသွားဝံ့တာ လို့ ပြော မှ မှန်မယ် ။ ‘ ကျွဲခြေထောက် ’ မှာ သူ့ ဇာတ်လမ်း တစ်ပုဒ် ရှိခဲ့ဖူးတယ် ။ ဒီ တစ်ခါ ‘ ကျွဲခြေထောက် ’ မြေ ကို နင်း မိရင် တော့ သူ့ မှာ မျက်နှာ သစ် စရာ ခေါင်း ရှိတော့မယ် မထင်ဘူး ။ ဒါမှမဟုတ် အနည်းဆုံး ကိုယ့် အူ ကိုယ် ပွေ့ ပြန်လာရမလား မသိ ၊ တစ်ခု ခု တော့ ဖြစ်မှာ သေချာလှ တယ် ။


ဆရာမောင် က လည်း ဆရာကြယ် လိုပဲ အပူ ၊ အစပ် ၊ အငန် တွေ ရှောင်ဖို့ မှာ လိုက် တယ် ။ အမဲသား ၊ ကျွဲသား ပါ မစားဖို့ ဆရာ က မှာတယ် ။ ဆရာမောင် နဲ့ တွေ့ မှ ကိုထောကြည် ပို စိတ်ပျက် သွားတယ် ။ အမဲသား က သူ သိပ် ကြိုက်တဲ့ အသား နေ့တိုင်း ချက်နိုင် ရင် နေ့တိုင်း စားမယ့် ကြိုက်နည်းမျိုး နဲ့ ကြိုက်တဲ့ အသား ။ အသား တကာ မှာ ကိုထောကြည် က အမဲသား ကို အချိုဆုံး ၊ အရသာ အရှိဆုံး လို့ထင်တာ ။


ဆရာမောင့် ဆီ က အပြန် အရက်ကလေး ခပ်ထွေထွေ နဲ့ ဓာတ်ကြမ်း ဖိ တိုက်ပါလေ ရော ။ ဆရာ တွေ ရှောင် ခိုင်း တာတွေ အကုန် ပြောင်းပြန် လှန် လိုက်တယ် ။ မျှစ် နဲ့ မတည့်တာ ကို မျှစ်ဟင်း ခပ်စပ်စပ် ချက် ၊ အမဲနှပ် ကို အမြည်း လုပ်လို့ပေါ့ ။


ကိုထောကြည် ဒီလို ဓာတ်ကြမ်း တိုက် တော့ သူ့ အနာ တွေ လည်း လန့် သွားတယ် ထင်ပါရဲ့ ။ စပ်ဖျဉ်းဖျဉ်း ဖြစ်ရာ က နည်းနည်း သက်သာ သလို ၊ တချို့ သားနံရည်တွေ က ခြောက်သွားပြီး အရေပြား က တင်း လာတယ် ။ အမှန်တော့ အနာ တွေ ငုပ် တဲ့သဘောပါ ။ နောက်တော့ လည်း လက်ဖျံ က အနာ က တဖြည်းဖြည်း နဲ့ ပွား လာ သလို ခါးပတ်ရေယုန် က လည်း တင်ပါး ကို ရောက် လို့ ခါး ဆီ ကို လှမ်းစ ပြုနေပြီ ။


ဒီ ကြား ထဲ ဘယ်ဘက် ခြေသန်း နဲ့ ခြေသူကြွယ် ကြား ထဲ မှာ ဝဲလိုလို အနာ က ပေါက် လာ လိုက် သေးတယ် ။ မိတ်ဆွေ တစ်ယောက် က တော့ အဲဒါ ဝဲနှင်းခူ လို့ ခေါ် သတဲ့ ။ အဲဒီလို အနာမျိုး  သူ့ မိန်းမ မှာ လည်း ပေါက်ခဲ့ဖူး သတဲ့ ။ ကိုထောကြည် ဒီ စကား ကြား တော့ စိတ်ဝင်စား သွားတယ် ။ ဘယ်သူ ရဲ့ ဘာဆေး နဲ့ သက်သာ သွားသလဲ လို့ အားတက် သရော မေး တော့ သူ့ မိတ်ဆွေ က ရယ်တယ် ။


ဆရာ လည်း စုံပြီး နှစ်နှစ် ကျော်ပြီ ။ ခုထက်ထိ မပျောက်သေးဘူး တဲ့ ။ သူ့ မိတ်ဆွေ စကား ကို ကြား တော့ ကိုထောကြည် ပို မူး သွားတယ် ။


ဒီလို အနာတွေ ပေါက်တဲ့ ကြား က သူ က လည်း သူ ပဲ ။ ကိုထောကြည် အစားအသောက် သာ မကဘူး ။ အနေအထိုင် ပါ မဆင်ခြင်ဘူး ။ ဒီတော့ လည်ပင်း မှာ အနာတွေ ထွက် ပြန် တယ် ။ အရက် လာ သောက်တဲ့ လူ တစ်ယောက် က ‘ ကျပ်ပတီးနာ ’ လို့ သူ့ အနာ ကို ကင်ပွန်း တပ် တယ် ။ နောက် တစ်ယောက် က တော့ ဒါ ကျပ်ပတီးနာ မဟုတ်ဘူး ။ “ ဆင်ခူ လည်ပြတ်နာ ” လို့ ခေါ်သတဲ့ ။ ကိုထောကြည် ကုသိုလ်ကံ အတော် နိမ့် နေတဲ့ ရက်တွေ ပဲ ။ ဆင်ခူ လည်ပြတ်နာ က တစ်လုံး ပြီး တစ်လုံး ထွက် နေ တုန်း ချိုင်း မှာ ‘ ကိန္နရာနာ ’ က ထွက် လာ သေးတယ် ။ ပြီးတော့ လက်ပြင် မှာ ‘ တောင်စဉ် ခုနစ်ထပ်နာ ’ က ပေါက် ၊ ခြေဖဝါး က ဖက် ခွက်နာ ဆိုရင် ယင် တလောင်းလောင်း နဲ့ ။


ကိုထောကြည် က ပျော်ပျော် နေ တတ်တဲ့ လူ ။ ပွဲတကာ သူ မရောက်တဲ့ ပွဲ မရှိဘူး ။ ကြက်ပွဲ အစ ဗွီဒီယို အဆုံး ခပ်ထွေထွေ နဲ့ ရောက်ရောက် လာ တတ်တဲ့ သူ ။ အခုလို အနာတွေ နဲ့ ဆိုတော့ တိုးဝှေ့ ကြည့်ရမယ့် ပွဲတွေ သူ သွားချင် ပေမယ့် မသွားနိုင် တော့ဘူး ။ နံဘေး က လူ ကို အားနာ လို့ အနာ တွေ က ကြည့် မကောင်း လို့ မဟုတ်ဘူး ။ မတော်တဆ အသာ ကလေး ထိမိတာ ကို ပဲ အသည်း ခိုက် မတတ် သူ ခံရတာ မဟုတ်လား ။ ဒါကြောင့် လူတွေ ကြား သူ မသွားဝံ့ဘူးလေ ။   


ဒီ အကြောင်း တွေးပြီး နေ့စဉ် နဲ့ အမျှ စိတ်ညစ် နေ ရတယ် ။ စိတ်ညစ်လွန်း မ က စိတ်ညစ် ပြီး ‘ ကျွဲခြေထောက် ’ က ဆရာ ဆီ ကို များ စွန့်စားပြီး သွားရ ကောင်းမလား လို့ တွေးမိတဲ့ အထိ ပဲ ။ တကယ်တမ်း လက်တွေ့ ကျတော့ ‘ ကျွဲခြေထောက် ’ ကို သူ မသွားဝံ့ဘူး ။ သူ ခြေတော်တင် ပစ်ခဲ့တဲ့ မိန်းကလေး ရဲ့ မျက်နှာလေး အစား မတော်လိုက် ရတဲ့ ယောက်ဖ တွေ ရဲ့ မျက်နှာကြီး တွေ ကို မြင်ယောင် မိတယ် ။


အခု ပေါက် နေတဲ့ အနာတွေ က မသေလောက်ဘူး ။ တစ်နေ့ နေ့ ကျရင် သူ့ အနာ တွေ သက်သာ လာ မှာ ။ ကျွဲခြေထောက် ကို တော့ ဘယ်လို နည်း နဲ့ မှ သွားလို့ မဖြစ်ဘူး ။ အနာ ကို လာ နား တဲ့ ယင်ကောင် တွေ ကို မောင်း ရင်း သူ တွေး နေမိတယ် ။ အခုလို အနာ တွေ စုံတော့ မှ ဆရာ တွေ ရဲ့စကား ကို ပြန် ကြားမိပြီး ကိုထောကြည် အပူ ၊ အစပ် ၊ အငန်တွေ လျှော့ စား တယ် ။ အမဲသား ၊ ကျွဲသား လုံးလုံး မစားတော့ဘူး ။ သူ ကြိုးစားပြီး ရှောင် ပစ် လိုက်တယ် ။ အရက် လည်း တော်တော် ကို လျှော့ သောက် နဲ့ အပြောင်းလဲကြီး ပြောင်းလဲ ပစ် လိုက်တယ် ။ အဲဒီလို ရှောင်ပါ မှ ဒွါရဘေး မှာ အကျိတ်တွေ ထွက် လာတယ် ။ အနာ နဲ့ ပတ်သက်တဲ့ ဗဟုသုတ အတော် စုံ နေတဲ့ ကိုထောကြည် က ဒါ ‘ ဂရင်ဂျီနာ ’ ဖြစ်နိုင်တယ်လို့ တွက်ပြီး သား ။


ဒီတစ်ခါ တော့ ကိုထောကြည် က ဆရာပေါ နဲ့ ပြ ကြည့်တယ် ။ သူ ပထမ သွားတဲ့ ညနေ မှာ ဆရာပေါ ကို မတွေ့ ခဲ့ရဘူး ။ ‘ ပိတ်စွယ်ဖြူ ’ က လာ ပင့်လို့ အဲဒီကို ကြွသွား သတဲ့ ။ ဆရာပေါ က ဒီနယ် မှာ တော့ ဒေါက်တာ တစ်ယောက် ပဲ ဆိုပါစို့ ။ လူတွေ ရဲ့ ကျန်းမာရေး ကို ကု သလို တိရစ္ဆာန် တွေ ရဲ့ ကျန်းမာရေး ပါ ကုသ ပေးနေတဲ့ စွယ်စုံ ပုဂ္ဂိုလ်ပါ ။ ဆရာပေါ က ဆေးသေတ္တာ ထဲ မှာ ထိုးဆေးပုလင်းတွေ ကို အရောင်စုံ စီရီ ညဦး ကတည်း က ထည့်ထားလေ့ ရှိတယ် ။


ပထမ လာ ပြတဲ့ လူမမာ ဒါမှမဟုတ် နွားမမာ ကို ဆေးဂျပ်ဘူး ရဲ့ ညာ အစွန်ဆုံး က အဝါရောင် ဆေး ထိုး ပေးမယ် ။ ဒုတိယ လူမမာ ၊ ဒါမှမဟုတ် နွားမမာ ကို အနီရောင် ထိုးဆေး ၊ တတိယ ကို ဘာ အရောင် ဆိုပြီး အစဉ်အလိုက် ထိုး ပေးတဲ့ ဆရာ ပေါ့ ။


ကိုထောကြည် ရဲ့ အနာတွေ ကို ဆရာ က သေသေချာချာ လှန်လှော ကိုင်တွယ် ကြည့် တယ် ။ ပြီးတော့ လျှာ ထုတ် ခိုင်းတယ် ။ လက်ကောက်ဝတ် က သွေး စမ်းတယ် ။ ဆရာပေါ ပါးစပ် ကလည်း ဘာမှ မစိုးရိမ် နဲ့ ဘာမှ မစိုးရိမ် နဲ့ လို့ အဲဒီလို ကြည့် နေတုန်း မှာ ပြောတတ် တယ် ။


နှာရိုး ပေါ် က လျှောကျ နေတဲ့ နီကယ်ရောင် တောက် နေတဲ့ မျက်မှန်ကိုင်း ကို အပေါ်  ပင့် တင်ပြီး ပြဒါးတိုင် ကို လည်း ဖတ် တတ်တယ် ။ မျက်လုံး နှစ်ဖက်စလုံး ကို ဖြဲ ကြည့်ရင်း ပျောက် သွားမှာပါ ၊ သက်သာ သွားမှာပါ လို့ ပြောလေ့ ရှိတယ် ။


ဆရာပေါ စဉ်းစားပြီး ဆေးဂျပ်ဘူး ထဲ က ဆေးပုလင်း နှစ်လုံး ကို ထုတ် လိုက်တယ် ။ အနီ တစ်လုံး ၊ အဝါ တစ်လုံး ပေါ့ ။ ကိုထောကြည် ရဲ့ တင်ပါး နှစ်ဘက်စလုံး ဆရာပေါ ရဲ့ အပ်ချက်ကြောင့် အောင့် သွားပြီး သောက်ဆေး တွေ လည်း အရောင် စုံ နေအောင် ပေးလိုက် တယ် ။


ကိုထောကြည် က ဆရာပေါ ပြောလိုက်တဲ့ အညွှန်း အတိုင်း ဆေးတွေ ကို သူ့ အချိန် နဲ့ သူ ဂရုစိုက်ပြီး သောက်တယ် ။ ဆရာပေါ ချိန်း တဲ့ ရက်တွေ မှာ လည်း မပျက်မကွက် သွား တယ် ။ ဆရာပေါ က လည်း တစ်ခေါက် နဲ့ တစ်ခေါက် အရောင်တွဲ မတူအောင် တစ်ခါ လာ နှစ်လုံးထိုး နှုန်း နဲ့ ကုသ ပေး နေတယ် ။ သောက်ဆေး တွေလည်း အရောင်စုံ လက် တစ်ဆုပ်ကြီး ပေး တတ်တယ် ။


ဒီလို ကု နေပါရက် နဲ့ ပေါင်ခြံ မှာ ကျိတ်စိတွေ ထွက် လာပါ ရော ။ ကိုထောကြည် က စိတ်ဓာတ်တော်တော် ကျ လာပြီ ။ အနာမျိုး ကိုးဆယ့်ခြောက်ပါး သူ့ မှာ စုံသလောက် ရှိ နေပြီ ။ ဒီတစ်ခါ ထွက် တဲ့ ကျိတ်စိတွေ က ‘ ဘင် ’ နာ ပေါက် မလို့တဲ့ လေ ။ ရှေ့ပြေး သင်္ကေတ ပဲ ။ မစိုးရိမ်ပါနဲ့ သက်သာ သွားမှာပါပဲ လို့ ဆရာပေါ က ပြောရင်း နားကြပ် ကို လည်ပင်း မှာ ချိတ်တယ် ။


တင်ပါး တွေ ကျိန်း နေတဲ့ ကိုထောကြည် က တော်တော် ကို စိတ်ဓာတ် ကျ လှပြီ ၊ သူ ခံစား နေရပုံတွေ ကို သူ့ သူငယ်ချင်း ကိုသောင်း လာ တော့ ကိုထောကြည် ရင် ဖွင့် တော့တာပါ ပဲ ။ တစ်သက်လုံး ခပ်ပျော်ပျော် နေ လာခဲ့တဲ့ လူ တစ်ယောက် ဆီ က အခုလို စိတ်ညစ်စဖွယ် ညည်းညူသံ တွေ ပြော ထွက်လိမ့်မယ်လို့ ကိုသောင်း မမျှော်လင့်ခဲ့ဘူး ။ သူ့ သူငယ်ချင်း ရဲ့ စကားတွေ နားထောင်ရင်း သူ စိတ်မကောင်း ဖြစ်မိတယ် ။ ကိုယ်ချင်း လည်း စာ မိတယ် ။


ကိုထောကြည် စိတ်ဓာတ် ကျပြီး အိမ်တွင်း အောင်း နေချိန်မှာ ဦးလေးဖြိုး လည်း တော် တော့် ကို နေထိုင် မကောင်း ဖြစ်တယ် ။ သာမန် အအေးမိ တာပါပဲ ။ ဒါပေမယ့် လူကြီး ဆို တော့ တော်တော်ကို ခံရ ရှာတယ် ။ ဟို လူ့ ကို နှင် နေတာ ဟို လူ က မဆင်း တဲ့ အပြင် အခု ရက် အိမ် ထဲ က ထွက်တာတောင် မှ မမြင်မိတော့ အိမ် ထဲ တွင် ဘာတွေ လုပ်နေတာပါလိမ့် လို့ ဦးလေးဖြိုး တောင်တွေး မြောက်တွေး တွေးရ သေးတယ် ။


ကိုသောင်း က သူ့ သူငယ်ချင်း ကို အရင် အတိုင်း ရွှင်ရွှင်လန်းလန်း နဲ့ ပျော်ပျော် နေတာ ကို တွေ့ ချင်တယ် ။ ဒီလို မျက်နှာသေကြီး နဲ့ စိတ်ပျက်လက်ပျက် မှိုင်တွေ ချ နေတာ ကို သူ မကြည့်ရက်ဘူး ။ ကိုထောကြည် ပျော်အောင် ၊ ရယ်အောင် ဘယ်လို လုပ်ရမလဲ လို့ ကိုသောင်း တွေး နေတယ် ။ စိတ်ကူး တစ်ခု ဖြုန်းခနဲ ရ လိုက်လို့ ကိုသောင်း စိတ် ထဲ တွင် ကျိတ်ပြီး ပြုံးမိတယ် ။ မှိုင်တွေ ချ နေတဲ့ ကိုထောကြည် အနား အသာ တိုး သွားပြီး ဘာမပြော ညာမပြော နဲ့ အလစ် မှာ ကလိ ထိုး လိုက်တယ် ။


အမှတ်တမဲ့ မို့ ကိုထောကြည် လန့် သွားပြီး ကိုယ် လေးငါးခြောက်ချက် တွန့်ခါ သွားရင်း “ အာ တော်ပါ တော်ပါ အံမယ်လေး တော်ပါတော့ ၊ မလုပ်ပါနဲ့ ” လို့ အော်တယ် ။ အော်သံ က ရယ်သံ မစွက်ဘဲ ငယ်သံ ပါ နေလို့ ကလိအထိုး ရပ် လိုက် ရတယ် ။ ကိုသောင်း က သူ့ ဘာသာ သဘောကျ ပြီး ပြုံးပြုံးကြီး နဲ့ ကိုထောကြည် ကို ကြည့် လိုက်တော့ ကိုထောကြည် ရဲ့ ရယ်တာ ၊ ပြုံးတာ ၊ မြင်ချင် ကြည့်ချင် တဲ့ လူ မမျှော်လင့်တဲ့ မြင်ကွင်း ကို မြင်လိုက်ရတယ် ။ 


အနာတွေ ဗရပွ နဲ့လူ မဟုတ်လား ။ ကိုထောကြည် မရယ်နိုင်ဘူး ။ မရယ်နိုင်တဲ့ ဟိုဘက် လွန်ပြီး မျက်ရည်ပေါက်ကြီးတွေ ကျ လို့ အနာတွေ က သိပ် နာပြီး အထိ ကို မခံနိုင် တော့ဘူးလေ ။


တစ်နေ့ဆီ ကတည်း က တော်တော် နေမကောင်း ထိုင်မကောင်း ဖြစ်ခဲ့တဲ့ ဦးလေးဖြိုး ဒီနေ့ တော့ ကောက်ယူ ပစ်လိုက်သလို ပျောက် သွားတယ် ။ သူ့ ပါးစပ် က သာ ထုတ် မပြောတာ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ထမ်းထားရာ က လွတ် သွားတဲ့ ပုံ ကို ပေါက် နေတာပဲ ။ ပေါ့ ပါးပြီး စိတ် ချမ်းသာတဲ့ မျက်နှာ နဲ့ ၊ ကိုထောကြည် လည်း သေ ရော ဦးလေးဖြိုး လည်း လူကောင်း ပကတိ ပြန် ဖြစ်တော့တာပဲ လို့ မိတ်ဆွေ တွေ က ပြော ယူရတဲ့ အထိ ။


ကိုထောကြည် မှာ တော့ တစ်ကိုယ်လုံး အနာတွေ ဒီလောက် စုံနေအောင် ပေါက်နေ ပါ လျက် နောက်ဆုံး အနာ့ပဆုတ် ဆိုတာကြီး ပေါက်လိုက် သေးတယ် ။ ‘ အနာ့ပဆုတ် ကျော လုံးပုပ် ’ ဆိုတဲ့ အနာမျိုး ပေါ့ ။ ကျောလုံး တော့ မပုပ်သေးပါဘူး ။ ဒါပေမယ့် အနာ က လှိုက် စား ထား လိုက်တာ နည်းတဲ့ အပေါက် အခေါင်းကြီး မဟုတ်ဘူး ။ ကိုထောကြည် တစ်ယောက် အနာမျိုးစုံ ပေါက် ၊ စိတ်ဓာတ် အကြီးအကျယ် ကျ ၊ အနာမန်းတွေ ဝင်ပြီး ဆုံးပါလေ ရော ။


ဒီ ရွာ ရဲ့ ထုံးစံ က တစ်ရပ်တစ်ကျေး မှာ သေ ခဲ့တဲ့ မသာ ဆိုရင် အလောင်း ကို အိမ် ထဲ မှာ မသွင်းကြဘူး ။ အိမ် အပြင် မှာ ပဲ ပြင် ထား ကြရတယ် ။ ဒါပေမဲ့ ဦးလေးဖြိုး က လူ တစ်မျိုး ကိုထောကြည် သေ တော့ တစ်ရပ်တစ်ရွာ က သေလာတာ မဟုတ်ဘဲ နဲ့ အလောင်း ကို အိမ် ရဲ့ အပြင် မှာ ထုတ် ထား လိုက်တယ် ။ ဦးလေးဖြိုး အိမ် အပြင် ဆို တော့ ကိုထောကြည် ရဲ့ အလောင်းကြီး က ရွာ လမ်းမ ပေါ် ရောက် နေတာပေါ့ ။ ဦးလေးဖြိုး က ကိုထောကြည် ကို စိတ် အနာကြီး နာပြီး အလောင်း ကို လမ်းပေါ် ထုတ် ထားတာ ကို ပဲ အကြောင်း မသိတဲ့ လူတွေ က ဦးလေးဖြိုး အနိစ္စ ရောက်ရှာပြီ အထင် နဲ့ အသုဘ လာ မေးကြတယ် ။ နောက်မှ ဦးလေးဖြိုး မဟုတ်ဘဲ ဟို လူ ရဲ့ မသာ ကိစ္စ မှန်း သိ သွားကြတယ် ။


ကိုထောကြည် ရဲ့ အမျိုး ဆို လို့ ‘ ဆိတ်ဖြူစု ’ မှာ ညီဝမ်းကွဲ တစ်ယောက် ‘ တောင်သာယာ ’ နှမဝမ်းကွဲ တစ်ယောက် ရှိတယ် ကြားလို့ ဆို လို့ လူ လွှတ်ပြီး အကြောင်းကြား ခိုင်း ရတယ် ။


ကိုထောကြည် မသာ ကို ပြင်ဆင်မယ့် လူ က ခပ်နည်းနည်း ပဲ ။ သူ့ အပေါင်းအသင်း တွေ ရဲ့ စိတ်ဓာတ် အမှန် သိရတဲ့ အချိန် လေ ။ ကိုသောင်း ၊ မောင်ဘော် တို့ ပဲ အလောင်း ကို ပြင်ကြရတယ် ။ ညီ နဲ့ နှမဝမ်းကွဲ တွေ ဆီ အကြောင်းကြား ခိုင်း လိုက်တဲ့ သူတွေ ပြန် လာတော့ မှ ဘယ်ဆွေမျိုး ဘယ်သူမှ လိုက် မလာကြမှန်း သိ ကြရတယ် ။ ကိုထောကြည် ကိစ္စ က ရွာ က ကာလသားတွေ အပေါ်  လုံးလုံး ရောက်လာတော့ တာပေါ့ ။


သင်္ဂြိုဟ် ခါ နီးတော့ ဦးပဉ္စင်းတုတ်တို က သရဏဂုံ တင် ပေးတယ် ။ ကာလသား တချို့ က ဝတ်ကျေဝတ်ကုန် သရဏဂုံ တင် သီလ ခပ်မြန်မြန် ယူပြီး ရေစက်ချ လိုက်ကြတယ် ။ ဦးပဉ္စင်းတုတ်တို ဟောခဲ့ဖူးတဲ့ ရေစက်ချ တရား တွေ ထဲ တော့ ဒီ တရား က အတိုဆုံး ဖြစ်လိမ့်မယ် ထင်တယ် ။ ကိုထောကြည် အလောင်း က အပုပ် မြန်တာကိုး ။ အနာ ဗရပွ နဲ့ လူ သေတဲ့ မသာ မို့ ထင်ပါရဲ့ ။ တော်တော် ဆိုးဆိုးဝါးဝါး ကို နံတယ် ။ လက်ဖက်ခြောက် တွေ ထည့် ၊ ကျောက်ဖရုံသီး အောက် က ခံထားတာ လည်း မရဘူး ။ ကာလသားတွေ နှာခေါင်း ပိတ်ပြီး တရား နာရတယ် ။


ဆွေမျိုး လည်း စောင့်စရာ မလို ၊ သိပ် လည်း ပုပ်စော်နံတာ နဲ့ သတ်မှတ် ထားတဲ့ အချိန် ထက် စောပြီး သင်္ဂြိုဟ် လိုက်ကြတယ် ။ ကိုသောင်း နဲ့ မောင်ဘော် တို့ က တောင် မြန်မြန် သင်္ဂြိုဟ် လိုက်တာ ကောင်းပါတယ် တဲ့ ။ သူတို့ နှစ်ယောက် စလုံး သုသာန် အထိ တော့ လိုက် မပို့ကြတော့ဘူး ။ မောင်ဘော် က သွေးတိုး ပြီး ဇက်ကြောတွေ တက် နေ သတဲ့ ။ သူ့ သူငယ် ချင်း ရဲ့ စိတ် နဲ့ ဖြစ်တာ လိုလို ၊ ကိုသောင်း က တော့ အနာ ပေါက် နေတာ ၊ မသာ ကို လာ ရင် အနာ ရင်း မှာ သိရက် နဲ့ မလာ မဖြစ် လို့ လာ လုပ်ကိုင် ပေးနေရတာ ။ သုသာန် အထိ တော့ သူ မလိုက်တော့ဘူး တဲ့ ။


ထွန်းထွန်းအောင် တို့ ကာလသား တစ်သိုက် ပဲ ကြေးစည်သံ ခပ်ကျဲကျဲ နဲ့ အလောင်း တစ်လှည့် စီထမ်း လို့ မသာ ချခဲ့ကြတယ် ။ လိုက် ပို့တဲ့ လူတွေ ခပ်နည်းနည်း ဆိုတော့ လူလွတ် လူပို မပါ ပါဘူး ။ ကြေးစည် ထမ်း ရင် ထမ်း ၊ မထမ်း ရင် အလောင်းထမ်း ဒါမှ မဟုတ် ရင် တူးဖို့ ယူ လာတဲ့ ပေါက်ပြား တွေ တူရွင်း တွေ ကို ထမ်း ၊ အအား မနေကြရပါဘူး ။ ဒီ ကြား ထဲ တံတွေး တပျစ်ပျစ် ထွေး ကြရသေးတယ် ။ ဘယ်သူမှ ကြာကြာ မထမ်းနိုင်ကြဘူး ။ နံလွန်း တော့ လူ ခဏခဏ ပြောင်း ထမ်း ကြရတယ် ။


သင်္ချိုင်း က အရင် နေရာဟောင်း မှာ မဟုတ်တော့ဘူး ။ ရွာ နဲ့ တော်တော် ဝေးဝေး ကို ရွှေ့ ထားတယ် ။ ဒါကြောင့် ကြေးစည် ထု တဲ့ လူတွေ လည်း ကြေးစည် ကို အလေးခံ သယ် မနေကြတော့ဘူး ။ ရွာစွန် က ဦးဉာဏ်ထွန်း တို့ တဲ မှာ အပ်ထား ခဲ့ကြတယ် ။


လမ်း တစ်ဝက် အရိပ် ကောင်းတဲ့ နေရာ မှာ အလောင်း ကို အောက်ချ ပြီး ခဏ နားကြ ရသေးတယ် ။ လမ်း တစ်လျှောက်လုံး ရော ၊ အခုလို နား နေတဲ့ အချိန် မှာ ရော လူတွေ က ကိုထောကြည် အကြောင်း သူတို့ ပြောကြတဲ့ အခါ ဒီ လူ ရဲ့ ကောင်းပုံ ကောင်းကွက် တစ်ခု မပါဘူး ။


သုသာန် က အစ က ထက် ပို ဝေးတော့ သူတို့ ခမျာ လည်း ပို ပင်ပန်း ပြီး ခြေပစ်လက်ပစ် ထိုင်နေ လိုက်ကြတယ် ။ အခုလို မောနေ ၊ ညောင်းနေ တုန်းမှာ သူတို့ ထဲ က တစ်ယောက် က သင်္ချိုင်း က ဒီလောက် ဝေးပြီး ကွေ့ ကွေ့ ကောက်ကောက် သွား နေရ မှတော့ တော်ရုံတန်ရုံ တစ္ဆေ ဆိုရင် ရွာ ကို ပြန် လာနိုင်မှာ မဟုတ်ဘူး ။ မျက်စိ လည် နေမှာ လို့ အရွှန်း ဖောက်လိုက် လို့ သူတို့ ပြုံးကြရသေးတယ် ။ သူတို့ ထိုင်ပြီး နားနေတုန်း ခရီးသွား တစ်ယောက် က ၏ လှမ်းလှမ်း က လှမ်း မေး လိုက်တယ် ။ ဘယ်သူ့ ကိစ္စတုံးဗျ တဲ့ ။ ကာလသား တစ်ယောက် က “ ကိုထောကြည် ပါ ဦးလေး ” ဆိုတော့ ခရီးသွား က အလောင်း ကို တစ်ချက် လှမ်း ကြည့်ပြီး သူတို့ အရိပ် ခို နေတဲ့ သစ်ပင် နား လျှောက် လာတယ် “ ထောကြည် အကုသိုလ်ကောင် သေပြီ လား ” လို့ ပြောပြီး ခေါင်း တညိတ်ညိတ် လုပ်ရင်း ကာလသားတွေ ကို တစ်ချက် အကဲခတ် လိုက်တယ် ။ ပြီးမှ ဆက် ပြီး -


“ ထောကြည် ဖြင့်ရင် အပင်ပန်းခံပြီး ကျင်းတူး မနေကြနဲ့ကွာ ခေါင်း သာ မှောက်ပေး လိုက် အဝီစိ သူ့ ဘာသာ ယက်ပြီး ဆင်းသွား လိမ့်မယ် ” လို့ ပြောလို့ ကာလသား ရော ပြုံးကြ ၊ ရယ်ကြရတယ် ။


ခရီးသွား က ဆက်ပြီး “ ငါ တော့ ရွာ ကို ပြောစရာ သတင်းကောင်း တစ်ပုဒ် ရလာပေ ကွာ ၊ ကဲ ကဲ အားလုံး သွားမယ်ဟေ့ ” ဆိုပြီး မြောက်ဘက် ထဲ ထွက် သွားတယ် ။


ထွန်းထွန်းအောင် က အဲဒီ လူ ခပ်လှမ်းလှမ်း ရောက် မှ “ ဦးလေး က ဘယ်သူတုံး ” လို့ လှမ်း အော် မေးတော့ “ ကျွဲခြေထောက် က ဘသိန်း ပါ ကွာ ” လို့ ဟို လူ က အသံသြကြီး နဲ့ ပြန် အော် သွားတယ် ။ အဲဒီလို အော် ပြော လိုက်တဲ့ အချိန် ကိုထောကြည် ရဲ့ အခေါင်း က ညိတ်ခနဲ တစ်ချက်လှုပ် သွားတာ ကို မြင်တဲ့ လူ က မြင်တယ် ။ ဒါပေမဲ့ ခေါင်း ချ ထားတဲ့ မြေနေရာ က မညီလို့ လား ၊ လေကပဲ တိုးလို့ လား ၊ တစ်ခု ခု ပဲလို့ သူတို့ ထင်မိကြတယ် ။ ဒီပြင် လည်း ထင်စရာ အကြောင်း က မရှိဘဲကိုး ။


သူတို့ ခေါင်း ကို ဆက် ထမ်း ပြီး သင်္ချိုင်း ကို ခပ်သွက်သွက် လှမ်း ခဲ့ကြတယ် ။ နေ က တော်တော် ပူ ၊ အလောင်း က ပုပ်စော်နံ ၊ သင်္ချိုင်း က တော်တော် နဲ့ မရောက်နိုင်နဲ့ လူတွေ အတော် ပင်ပန်းကြတာ ကလား ။ ကျွဲခြေထောက် က ဦးဘသိန်း ဆိုတဲ့ လူကြီး အမှတ်တမဲ့ ပြော လိုက်တဲ့ စကား က ကာလသားတွေ ရဲ့ နား ထဲ မှာ စွဲ နေတယ် ။ ဒါနဲ့ တူးရွင်း နဲ့ ပေါက်ပြား လည်း အလေးခံ ပြီး သယ် မနေတော့ဘူး ။ လမ်း နံဘေး က ချုံကောင်းကောင်း တစ်ခု ထဲ မှာ ထိုးဝှက် ထားပစ် ခဲ့ကြတယ် ။


တကယ်လည်း သင်္ချိုင်း ရောက် တော့ ကိုထောကြည် ကို ခေါင်း မှောက် ပေး လိုက်ကြ တယ် ၊ တွင်းတူး မနေကြတော့ဘူး ။ တူးစရာ လည်း ဘာ လက်နက် ကိရိယာ မှ မပါတော့ ဘူး ။ ခွေးမဆွဲ လင်းတ မထိုးအောင် ကျောက်တုံး ခပ်ကြီးကြီးတွေ နဲ့ ခေါင်း ကို ဖိထား ပစ်ခဲ့ ကြတယ် ။


သူတို့ ဒီလို လုပ်ခဲ့ကြတဲ့ အကြောင်း ကိုသောင်း တို့ ဘယ်လို က နေ ဘယ်လို သိတယ် မဆိုနိုင်ဘူး ။ ကိုသောင်း ရော ၊ မောင်ဘော် ပါ တော်တော် စိတ်ဆိုး နေကြပြီး ကာလသား တွေ နဲ့ စကား များ ကြတယ် ။ သူတို့ သူငယ်ချင်း ကို ဒီလို လက်လွှတ်စပယ် လုပ် ပစ်ခဲ့ရ ကောင်းလား ဆိုတဲ့ အနေနဲ့ ။


ကိုသောင်း နဲ့ မောင်ဘော် တို့ လှည်း တစ်စီး ငှားတယ် ။ လှည်းငှားခ ကိုတာတီး ဖို က သုံးပုလင်း ပေးရမယ် လို့ ဈေးတည့် သွား ကြတာလေ ။ တူးရွင်း တွေ ပေါက်ပြား တွေ ပါ တင် ၊ တွင်းတူးမယ့် လူတွေ လည်း အရက် ပါ တိုက် လို့ သင်္ချိုင်း ဘက် ကို ထွက် လာခဲ့ကြတယ် ။


သင်္ချိုင်း ရောက် တော့ ကိုထောကြည် ရဲ့ ခေါင်း ပေါ် က ကျောက်တုံး ကျောက်ခဲ တွေ ဘေး တွန်း ချပြီး ခေါင်း ကို လှန် ကြည့် လိုက်တော့ အလောင်း ကို  မတွေ့ ရတော့ဘူး ။ မြေတွေ ကျွံ နေတာပဲ တွေ့ ရတယ် ။ ကျွံ တာ မှ တော်တော် ကို နက် တဲ့ အထိ ကျွံ နေတာ ၊ မျက်စိ တစ်ဆုံး ပဲ ။


ကိုထောကြည် အဝီစိ ကို ကိုယ့် ဘာသာ ယက် ပြီး တကယ် ဆင်း သွားတယ် ထင်ပါရဲ့ ။


◾ညီပုလေး


📖 ပေဖူးလွှာ မဂ္ဂဇင်း

      ၁၉၉၀ ၊ အောက်တိုဘာ


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment