❝ အဖော်မဲ့ ❞
သီသီမာ သည် ပြတင်းပေါက် ပေါင် ပေါ် တွင် လက်ဝါး နှစ်ဖက် ကို ထောက် ၍ အားပြုကာ လေးလံ တုံ့ဆိုင်း နေဟန် ရှိသော ခန္ဓာကိုယ် အပေါ်ပိုင်း ကို လက်မောင်း နှစ်ဖက် ၏ ထောက်ကန်အား ပေါ် မှာ မတ်မတ် ဆန့် ထားလိုက်၏ ။
လည်တိုင်ဖြူဖြူသေးသေး ကို ဆန့်တန်း ထားပြီး ဖြစ်ရာ မြင်ကွင်း ထဲ သို့ ပြာမှိုင်းမှိုင်း ဝါဖန့်ဖန့် ညနေ ၄ နာရီ မိုးကောင်းကင်ကြီး သည် လေးတွဲ့တွဲ့ လျှော ဝင် လာသည် ။ သီသီမာ တွေ့ ရသည် က မြောက်ဘက် ကောင်းကင်ယံ ဖြစ်ပြီး တိမ် မရှိ ၊ ပျံသန်း နေသော ကျေးငှက် တို့ မရှိကြဘဲ ပျင်းရိစရာ ဗလာ ကျင်း နေသည် ။
အကြည့် လမ်းကြောင်း ကို နှိမ့်ချ လိုက်သော အခါ နေရောင်ခြည် ထဲ မှာ လှုပ် ခါစိုလဲ့နေသော ညိုဖြောင့်ဖြောင့် အသားစိုင်တွေ ကို တွေ့ရသည် ။ ကျောပြင် ကျယ်ကျယ် ၊ ပခုံးလက်ရုံး ကြွက်သားစိုင် တွေ ပြည့်တင်းတင်း ၊ ခါး က ကျဉ်းပြီး တင်ပါးကား ကာ ပုဆိုးတိုတို အောက်နားစ က ပြင်ဘက် မှ မည်းပြောင်ပြောင် ခြေသလုံး တစ်စုံ သည် ပလွေ ( ပြွေ ) ရိုးအလား သေးလှီ ဖြောင့်မတ် ကြသည် ။ ထူးခြားသည် မှာ ညာဘက် ခြေသလုံး က ဝဲဘက် ခြေသလုံး လို ပုံမှန် အရွယ်အစား မဟုတ်ဘဲ သိမ်ချိုင့်ပိန်ဟိုက် နေခြင်း ။ ငယ်ငယ်က တော မှာ မြွေဆိုးကိုက် ခံခဲ့ရပြီး ဘေးဆိုး ဒဏ်ချက် ၏ နောက်ကျန် ခြေရာ ဖြစ်သည် ။ လမ်း လျှောက် လျှင် ထို ခြေထောက် က မသိမသာ တရွတ် ဆွဲ ချင်သည် ။ ဪ ... သနားစရာ စိုးသက်အောင် ။
ချွေး တလုံးလုံး ဖြင့် ပေါက်တူး ကို မြှောက်ကာ မြှောက်ကာ လွှဲယမ်း ၍ မြက်ရိုင်းတွေ ကို ရှင်းလင်း နေသော စိုးသက်အောင် ဆီ မှ သီသီမာ မျက်စိ မလွှဲနိုင် ။ ခုလိုအချိန် မှာ စိုးသက်အောင် ကို ခြေထောက် တစ်ဖက် မသန်စွမ်းသူ ဟု ဘယ်လို ပြောနိုင်မှာလဲ ။
စိုးသက်အောင် က ‘ မသန်ပေမဲ့ စွမ်းသူ ’ ဟု သီသီမာ က ထင်သည် ။ ‘ မတတ်ပေမဲ့ ကျွမ်းသူ ’ ဟု လည်း ထင်သည် ။ ၈ တန်း မျှ သာ ပညာ သင် ဖူး သော်လည်း ကျောင်းစာရေးကြီး ၏ သားကြီး ပီပီ ဖခင်ကြီး ၏ ရုံးလုပ်ငန်း ဆိုင်ရာ ကိစ္စ အဝဝ ကို စိုးသက်အောင် က တတ်ကျွမ်း နားလည်သည် ။ ဖခင်ကြီး သည် သီသီမာ တာဝန်ကျ ရာ ( အထက ) ကျောင်းမှာ ကျောင်းစာရေး တာဝန် ထမ်းရွက်ပြီး ကျောင်းဝင်း တစ်နေရာ မှာ ပဲ အိမ်ကလေး ဆောက်၍ မိသားစု နှင့် အတူ နေသည် ။ စိုးသက်အောင် က ၅ တန်း မှ ၈ တန်း အထိ မြန်မာစာ ဆရာမ သီသီမာ ၏ အရင်းနှီးဆုံး တပည့် နှင့် အယုံကြည်ရဆုံး “ လက်ကသုံး တောင်ဝှေး ” ဖြစ်ခဲ့သည် ။ တစ်နွယ်ငင် တစ်စင်ပါ ကာ စိုးသက်အောင် ၏ မိသားစု တစ်စုလုံး ဤ တောမြို့ကလေး ၌ ဆွေမျိုးညာတိ တစ် ယောက် မှ မရှိသော သီသီမာ အတွက် ခင်ရာ ဆွေမျိုးများ ဖြစ်လာကြသည် ။
အသက် ၅၂ နှစ် ထဲ ဝင်လာသော အခါ သီသီမာ ခမျာ ( ဝိပါက ဝဋ် ကြွေးကြောင့်လား မသိ ) အဆုတ်နာရောဂါ ၏ မတော်တဆ ကြုံကြိုက်သူ သားကောင် ဘဝ ရောက်ခဲ့ရ၏ ။ ကျန်းမာရေး အသိ ၊ ခေတ်မီ ဆေးဝါး နှင့် ငွေကြေး သုံးစွဲနိုင်မှု ကြောင့် လည်း ဖြစ်မည် ။ ၂ နှစ် ကြာတော့ သီသီမာ နာလန် ထူ ပြီး လူကောင်း ဘဝ ရောက်ခဲ့ရ၏ ။သို့သော် အသက် မပြည့်မီ ကျောင်းဆရာမ အလုပ် မှ အငြိမ်းစား ယူလိုက်သည် ။ လေကောင်းလေသန့် ရပြီး တိတ်ဆိတ် အေးချမ်းသော ဤ တောမြို့ကလေး မှာ ပဲ အခြေစိုက်မည် ဟု ဆုံးဖြတ်သည် ။
ယခင် ခေတ် က မြို့နယ်ပညာရေးမှူးရုံး အဆောက်အုံ သည် လည်း ယခု တော့ ရပ်ဝေး မှာ နေထိုင်ကြသော ဆရာမများ အတွက် ‘ ဘော်ဒါဆောင် ’ ဖြစ် လာသည် ။ အုတ်ခံ ၊ သွပ်မိုး ၊ ပျဉ်ထောင် အရုပ်ဆိုးဆိုး အဆောက်အုံကြီး မှာ သီသီမာ ခိုနား နိုင် ရန် ရေကန် အသင့် ကြာ အသင့် အသုံးတော် ခံနေသည် ။ ရေမီး အပြည့်အစုံ ရှိပြီး လူနေရပ်ကွက် နှင့် ဝေး သဖြင့် သီးခြား ဆန်ပြီး တိတ်ဆိတ်ငြိမ်းချမ်းသည် ။ တစ်ခု ပဲ ရှိသည် ။ လောလောဆယ် ဤ အိမ်ကြီးမှာ သီသီမာ က လွဲ၍ တည်းခို နေထိုင်သူ နတ္ထိ ။
ည ဘက် ဆို လျှင် စိုးသက်အောင် နှင့် သူ့ အောက် က ညီမ ၁၀ တန်း ကျောင်းသူကလေး တို့ က သီသီမာ နှင့် အဖော် လာ အိပ် တတ်ကြသည် ။
“ သားကြီး ရေ ... ကြီးရင် မှီ ၊ ငယ်ရင် ချီ တဲ့ကွ ။ မင်း ဆရာမ က အမွေ တွေ ရထားတာ မနည်းဘူး တဲ့ ။ သူ့ ပုံ က နွမ်းနွမ်းပါးပါး ပေမဲ့ ဘဏ် မှာ ငွေ တွေ အပ်ထားတာ သိန်း ရာချီ ပြီး ရှိသတဲ့ ကွ ။ အတွေး မလွဲနဲ့နော် .. သားကြီး ဟားဟားဟား ”
တစ်ည မှာ အမောပြ အပန်းပြေ ယမကာလေး ထွေတေတေ နှင့် ကျောင်းစာရေးကြီး က အတည် လိုလို အပြောင် လိုလို နှင့် ပြော လာ တော့ လန့်ဖျပ် တုန်လှုပ် သလို ခံစား လိုက်ရ၏ ။ ဒေါသ က ကပ်ပါ လာ သော်လည်း မွေးသဖခင် ကျေးဇူးရှင်ကြီး ဖြစ် နေ၍ စိတ် လျှော့ ချ လိုက်သည် ။
“ တောက်တီးတောက်တဲ့ တွေ မပြောပါနဲ့ အဖေ ရာ ။ ကျွန်တော် က ဆရာမ ကို အစ်မကြီး တစ်ယောက် လို ပဲ သဘောထားပါတယ် ” ဟု စိုးသက်အောင် က ငြင်းပယ်သည့် ကြား က ...
“ ဆရာမ သီသီမာ က ပိန်သာ ပိန်တာ မိန်းမချော ကွ ၊ မျိုးကောင်းရိုးကောင်း က ဆင်းသက် လာတာ ။ ရန်ကုန် မှာ သူ့ သွေးချင်းသားချင်း တွေ က မျက်နှာကြီး တွေ ချည်းပဲ ။ ဆရာမ က လည်း မင်းအပေါ် ထူးထူးခြားခြားကြီး သံယောဇဉ် ဖြစ်နေတာကွ ။ အသက်အရွယ် ကွာခြားတာ က ပြဿနာ မဟုတ် ပါဘူးကွာ ... ၊ ကိုယ့် အပေါ် ကြင်နာတတ်ဖို့ ... ၊ အလိုလိုက် ”
“ တော်ပါတော့ အဖေ ၊ အဖေ့ စကားကြောင့် ကျွန်တော် မိုးကြိုး ပစ်ခံနေရဦးမယ် ”
“ ဟီးဟီး ... ငါ က ရယ်စရာ ပြောတာပါကွာ ။ တကယ်တော့ ဆရာမ သီသီမာ ဟာ တစ်ကောင်ကြွက် အထီးကျန် မို့ သနားစရာပါ ။ ခုလည်း ကြည့် ၊ သူ က တီဘီ ဖြစ်ဖူးတော့ ရောဂါ ပျောက် သွားတာတောင် လူတွေ က သံသယ နဲ့ ဆက်ဆံပြီး ဝေးဝေး က ရှောင်နိုင် သမျှ ရှောင်ကြတယ် ။ သူ့ မှာ ရောဂါ မစင် သေးရိုး မှန်ရင် သူ နဲ့ ညဘက် သွား အိပ်နေကြတဲ့ မင်းတို့ မောင်နှမ ကို ကူးပြီ ပေါ့ ။ ဆရာမ သီသီမာ က သနားစရာ ပါ ကွာ ။ ငါ လည်း သူ့ ကို နှမ တစ်ယောက် လို သဘောထားတာပါကွ ”
အဖေ က အနှောင့် မလွတ် အသွား မလွတ် သော စကား ကို ‘ လျှော ’ ချ လိုက်ချိန် မှာ စိုးသက်အောင် ရင် တဒိန်းဒိန်း ခုန်၍ ကျန်ရစ်သည် ။ မဖြစ်နိုင် တာဘဲ ။ လုံးဝမ ဖြစ်နိုင်တာဘဲ ။ ဆရာမ က ငါ့ အမေ အရွယ် လောက် ရှိနေတာ ။ မကြံကောင်း မစည်ရာကြီး ။ ဆရာမ မှာ ပိုက်ဆံတွေ တောင်ပုံ ယာပုံ ရှိပစေဦး ငါ က ကြံရမှာ လား ။
သား ၏ အမူအရာ ကို ကြည့်ရှု အကဲခတ် မိသော ကျောင်းစာရေးကြီး က လည်း နောက်နောင် ဒီလို ကျီစယ်ပြောင်ပြက် ဖို့ စိတ် မကူးဝံ့တော့ပါ ။ မောင် လို နှမ လို ၊ အဒေါ် နဲ့ တူ လို ရိုးရိုးသားသား ခင်မင်ကြ ၊ ဆက်ဆံကြတာ ပဲ လိပ်ပြာ သန့်ပါလိမ့်မယ် ။ တကယ်ဆို ဆရာမ သီသီမာ ကို ငါတို့ က စောင့်ရှောက် နေကြရတာ မဟုတ်လား ။
ကျောင်းစာရေးကြီး ကိုယ်တိုင် က သီသီမာ တစ်ကိုယ်တော် နေထိုင်ရာ အိမ်ကြီး ဆီ သို့ သုံးရက် တစ်ကြိမ် လောက် ရောက်လာ တတ်ပြီး အကဲခတ် ကြည့်ရှု တတ်သည် ။ ဧက တစ်စိတ်ခန့် ရှိသော ခြံဝင်း ထဲ မှာ မိုးဦး ကျ ကတည်း က တောထ မင်းမူ နေခဲ့သော ချုံနွယ်ပိတ်ပေါင်း တွေ ကို ရှင်းရန် လိုအပ် လိမ့်မည် ။
“ ဆရာမ ရေ မနက်ဖြန် ကျရင်တော့ ဆရာမ ရဲ့ ခြံ ထဲ က မဟာမြိုင် တောအုပ်ကြီးကို ရှင်းဖို့ စိုးသက်အောင် ကို လွှတ် လိုက်မယ် ခင်ဗျ ” ဟု ကျောင်းစာရေးကြီး ပြောလျှင် သီသီမာ က အားတုံ့အားနာ မျက်နှာထား ဖြင့် ...
“ ကလေး က ကျောင်း အလုပ် တစ်ဖက် နဲ့ ပင်ပန်းပါတယ် ။ အလုပ်သမား ငှား လို့ ရရင် ငှား ပေးပါ့လား ဦးဘအောင် ”
“ ဘာလို့ ပိုက်ဆံ အကုန် ခံမှာလဲ ဆရာမ ရဲ့ ။ ဆရာမ တပည့် က ပေါက်တူး ကိုင်ကျွမ်းပါတယ်ဗျ ။ တစ်ညနေ လောက် ရှင်း လိုက်ရင် ဆရာမ ခြံ ထဲ မှာ ပြောင် သွားမယ် ။ ဟဲဟဲ လုပ်အားခ ပေးချင်ရင်တော့ စိုးသက်အောင် ကို ပေး လိုက်ပေါ့ဗျာ ။ ဟဲဟဲ ဖိတ်ချင်း ဖိတ် ကိုယ့် အိတ် ထဲ ဖိတ် ရတယ်လို့ ဆိုရတယ် မို့လား ဟဲဟဲ ”
အရယ်အရွှန်း ပြောဆို ရတာ ဝါသနာ ပါသော ဦးဘအောင် နှင့် ဆုံရတိုင်း သီသီမာ မှာ ရယ်မောရွှင်ပျဖို့ သတိရ လာတတ်သည် ။
စိုးသက်အောင် က တော့ ဖအေ့ စရိုက် နှင့်တခြားစီ ။ အပြုံး အရယ် နည်း သည် ။ အရွှန်း အသော အပြောင်အပြက် စကားမျိုး ဆိုလေ့ မရှိ ။ သူ့မိ ခင် ဘက် က စရိုက်များလား ဟု သီသီမာ တွေး ကြည့်ဖူးသည် ။ စိုးသက်အောင် ၏ မိခင် က ဗုဒ္ဓဘာသာဝင် ဟိန္ဒူကပြား ၊ အသား နက်ကြုတ်ကြုတ် နှင့် စကား မပြော တုံဏှိဘာဝေ သာ နေတတ်သည် ။ ကွမ်း တမြုံ့မြုံ့ နှင့် အလုပ် ကို ဇယ် ဆက် သလို မနားတမ်း လုပ်နေတတ်သည် ။
“ စိုးသက်အောင် ရေ နားတော့ကွဲ့ ”
ဟု သီသီမာ က လှမ်း ပြောလိုက်သော အခါ ပေါက်တူး သည် ဖြည်းဖြည်း ချင်း အောက် သို့ ကျသွား၏ ။ သီသီမာ ဘက် သို့ သမင်လည်ပြန် လှည့် ကြည့် သောအခါ မျက်နှာသွယ်သွယ် ညိုပြောင်ပြောင် သည် ချွေးရောင် ဖြင့် ဝင်း ပြက် နေသည် ။ ပင်ပန်းမှု ကို ချုပ်တည်း ထား ဟန် ပြနေသည် ။ သီသီမာ ကိုယ်တိုင် စိုးသက်အောင် လို မောပန်းနေသည့် အလားပင် ယောင်မှား ခံစား လိုက် ရသည် ။
“ မင်း အိမ် ပြန်ပြီး ရေမိုးချိုးရဦး မှာ မဟုတ်လား ။ မင်း ပြန်လာ မှာ နဲ့ ထမင်းတွေ ဟင်းတွေ ကျက် နေမှာက အတော်ပဲ ။ ဆရာမ ဘဲဥကုလားဟင်း ချက် ထားတယ် ။ ပြီးရင် ကန်စွန်းရွက် ကြော်မယ် ။ ရခိုင်ငါးပိထောင်း လည်း ရှိတယ် ။ ဘယ့်နှယ့်လဲ ဆရာ မစီစဉ်တဲ့ ဟင်းတွေ အဆင်ပြေတယ် မဟုတ်လား ”
စိုးသက်အောင် က ပေါက်တူး ကို ကမ်း ရင်း သီသီမာ ရှိရာ ပြတင်းပေါက် ဘက် သို့ လျှောက် လာသည် ။
“ ကျွန်တော် တို့ အိမ် က ထမင်းဟင်း ထက်တော့ အပုံကြီး သာတယ် ဆရာမ ”
စိုးသက်အောင် တို့ မိသားစု ဝင်ငွေ ကို သိနေသော သီသီမာ က ပင့်သက် ရှူ လိုက်ရသည် ။ ကျောင်းစာရေးကြီး ၏ အငြိမ်းစား လစာငွေ ၊ စိုးသက်အောင် ကြုံရာကျပန်းအလုပ်ကြမ်း လုပ်ရာ မှ ရရှိသော ဝင်ငွေ တို့ ကို ပေါင်း လိုက်လျှင် သူတို့ မိသားစုဝင် ၆ ယောက် နေ့ည ထမင်း နပ်မှန် ရုံ သာ ရှိသည် မဟုတ်လား ။
“ ဆရာမ တစ်ခု စီစဉ်ထားသေးတယ် ။ စိုးသက်အောင် မင်း ပြန်လာ ရင် မြို့ ထဲ က ခေါက်ဆွဲဆိုင်က ချိုချဉ်ကြော် တစ်ထုပ် ဝယ်လာခဲ့ ။ ဆရာမ ပိုက်ဆံ ပေးလိုက်မယ် ။ ညနေ ၆ နာရီတိတိ မှာ ဆရာမ တို့ ညစာ စားကြ မယ် ”
စိုးသက်အောင် ၏ မျက်နှာ ပေါ်တွင် တစ်စုံတစ်ရာ ကို အားနာ နေ သလို လို အရိပ်အယောင် ပေါ်လာသည် ။
“ မြက် ရှင်းရတာ မင်း ပင်ပန်းတော့ ဆရာမ က မင်း ခွန်အားတွေ ပြန် ပြည့်အောင် ထူးထူးခြားခြား ကျွေး ချင်တယ် ။ မင်း ကြက်ဥမွှေကြော် စားချင် တယ် ဆိုရင်လည်း ခေါက်ဆွဲဆိုင် က ပဲ ဝယ်လာခဲ့ ”
“ ကျွန်တော် မစားချင်ပါဘူး ဆရာမ ”
“ မင်း မစားချင် လည်း ငါ က ကျွေးချင်တယ် ဆိုရင်ကော ”
စိုးသက်အောင် အဖြေရ ခက်သွားပုံ ပေါ်သည် ။ မျက်လွှာ ချပြီး ခေါင်း ကို သာ ငုံ့ လိုက်သည် ။
“ မင်း ညီမလေး ကို လည်း ဆရာမ က ကျွေးချင်တယ် ။ မင်း ပြန်လာရင် သူ့ ကို ပါ စက်ဘီး ပေါ် တင်ပြီး ခေါ်ခဲ့ကွဲ့ ”
“ ချိုသန့် က ကျူရှင် တက်ရဦးမှာ ဆရာမ ။ အရင်လို ပဲ ည ၇ နာရီ ထိုး မှ အဖေ က ဒီကို လိုက်ပို့မှာ ”
“ ဒါဆိုလည်း ဒင်နာပါတီ ကို တို့ နှစ်ယောက် ပဲ ဆင်နွှဲရတော့မှာပေါ့ကွာ ”
အငြိမ်းစား ယူပြီး ဤ အိမ် မှာ စတင် နေထိုင် ကတည်း က သီသီမာ သည် များသောအားဖြင့် တစ်ကိုယ်တော် ချက်ပြုတ်စားသောက် ခဲ့ရသည် က များ သည် ။ တစ်ခါတစ်ရံ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာမ တချို့ လာရောက် ပြီး ချက်ပြုတ်စားသောက်တတ်ကြ၏ ။ စိုးသက်အောင် တို့ မောင်နှမ က ညစဉ် လာ အိပ်ကြသည့် တိုင် သီသီမာ ဆီ မှာ ညစာ စား ခဲ ကြသည် ။ သီသီမာ ဖျော် တိုက်သော ကော်ဖီ ကို ပင် စိုးသက်အောင် တို့ က ညတိုင်း မသောက် ကြ ။ ‘ ပေးတိုင်း မယူ ၊ ကျွေးတိုင်း မစား ’ သော လူမှုကျင့်ဝတ် ကို စောင့်ထိန်း တတ်သော မောင်နှမ ဟူ၍ ပင် သီသီမာ ကျိတ်၍ ချီးကျူးရပါသေးသည် ။
စိုးသက်အောင် စက်ဘီး နှင့် ပြန် ထွက်သွားချိန် မှာ ညနေ ၅ နာရီ ကျော်ပြီ ။ စိုးသက်အောင် တို့ နေအိမ် က သီသီမာ ၏ အိမ်မှ ၁ မိုင်ကျော်ကျော် ဝေးသည် ။ စိုးသက်အောင် အိမ်ပြန် ရေချိုး မှာ ခေါက်ဆွဲဆိုင် ဝင်ပြီး ဝယ် မှာ ခြမ်း မှာ နဲ့ ဆိုရင် မိမိ ထံ သို့ ၆ နာရီ ကျော် မှ ပဲ ပြန် ရောက်မည် ဟု သီသီမာ တွက်မိသည် ။
အထီးကျန် ဘဝ မှာ တစ်ခါတစ်ရံ ခင်မင်ရင်းနှီးသူ တစ်ယောက် ယောက် နှင့် ထမင်းလက်ဆုံ စားရခြင်း ကို သီသီမာ ကြည်ကြည်နူးနူး ခံစားရပါသည် ။ စိုးသက်အောင် လို တပည့် အလိမ္မာ ၊ တပည့်ချစ်ကလေး နှင့် ထမင်း လက်ဆုံ စားရသည့် အတွေ့အကြုံ က တော့ တဒင်္ဂ ဘဝ ချမ်းသာ ။
ညစာ စားပြီး ကြ လျှင် ကော်ဖီ ဝိုင်းဖွဲ့ ၍ နှစ်ယောက်သား ရောက်တတ် ရာရာ စကားစမြည် ပြောကြဦးမည် ။ ည ၇ နာရီ လောက် မှ ရောက်လာ တတ် မြဲ စိုးသက်အောင် ၏ ညီမလေး ချိုချိုသန့် က တော့ စကားဝိုင်း မှာ မပါ ။ အိမ်စာတွေ လုပ်ရင်း ည ၉ နာရီ ထိုး လျှင် ရုပ်မြင်သံကြား ကြည့်ပြီး ၁၀ နာရီ လောက် မှာ အိပ်ရာ ဝင်သည် ။ သီသီမာ တို့ က ရုပ်မြင်သံကြား ကြည့် လေ့ မရှိ ။ စကား ပြောရင်း နှင့် ၁ဝ နာရီ ၊ ၁၁ နာရီ ထိုးသွား တတ်သည် ။ နံနက် ၆ နာရီ ထိုး လျှင် တော့ စိုးသက်အောင် က လက်သမားအလုပ် ( သို့မဟုတ် ) ပန်းရန်အလုပ် ရှိရာ သို့ စက်ဘီး ဖြင့် ထွက် သွားတတ်သည် ။ သီသီမာ က အရင်းအနှီး စိုက်ထုတ် ပေးပြီး စိုးသက်အောင် တို့ မိသားစု ကို ကုန်စုံ ဆိုင်တစ်ဆိုင် တည် ပေးလိုသည် ။ သို့သော် စိုးသက်အောင် ၏ ဖခင်ကြီး က သူတစ်ပါး၏ အကူအညီကို မယူလို ။ ကိုယ့် ခြေထောက် ပေါ် ပဲ ကိုယ် ရပ် လို သည် ဟု ရင်ဖွင့် ပြောကြားဖူးသည် ။
“ ကျုပ် တို့ က ဆင်းရဲ ပေတဲ့ သူများ ဆီ က အကူအညီ ကို မယူချင်ကြပါ ဘူးဗျာ ။ ကိုယ် က ပဲ သူများ ကို ကူညီချင်ပါတယ် ” ဟု အငြိမ်းစား ကျောင်းစာရေးကြီး က ရိုးရိုးသားသား ပဲ ပြောရှာသည် ။ ယခု လည်း ဝင်ငွေကလေး မလောက်မင နှင့် ပင် စိုးသက်အောင် တို့ မိသားစု သည် ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း သာ နေထိုင်လျက်ရှိကြသည် ။ သည် ည တော့ မိမိ အကူအညီ ကို စိုးသက်အောင် လက်ခံအောင် တွန်းတွန်းတိုက်တိုက် ပြောဦးမည် ဟု သီသီမာ ဆုံးဖြတ်သည် ။
သီသီမာ သည် မီးဖိုခန်း ထဲ သို့ ကသုတ်ကရက် ဝင် လာသည် ။ ပူပူနွေးနွေး စားရန် ရည်ရွယ်ပြီး ကြိုတင်ပြီး ကြော် မထားခဲ့သော ကန်စွန်းရွက် ကြော် ဖို့ စီစဉ်ရ ဦးမည် ။ ကန်စွန်းရွက် ကြော် ဖို့ ပြင်ဆင် နေစဉ် ဒီ ကနေ့ တစ်နေ့လုံး မိမိ စိတ်လှုပ်ရှားတာ တွေ သွက်လက် မြန်ဆန်ခဲ့ပုံ ကို သတိရ ဆင်ခြင် မိသည် ။ ငယ်မူငယ်သွေး တွေ ပြန်လည် နိုးကြားလာခြင်းပါ ကလား ။ ဒါပေမဲ့ တီဘီ နှိပ်စက် သွားကတည်း က နေ စိုပြည်သော အသွင်အပြင် ပြန် မရနိုင်သေးသော ခြောက်ကပ်ကပ် ပိန်ပါးပါး ခန္ဓာကိုယ် ကို တော့ အား မရ နိုင် ။
ကန်စွန်းရွက် ကြော်ရင်း မေ့ပျောက်သူ ကျော်စွာမြင့် ကို ဖျတ်ခနဲ သတိ ရသည် ။ သင်္ဘော ဖြင့် ကမ္ဘာ တစ်ပတ် ပတ်၍ ငွေ ရှာပြီး ပြန် ရောက်လျှင် လက်ထပ်မည် ဟု ကတိပြု ထားခဲ့သော ချစ်ဦးသူ ကျော်စွာမြင့် ကြမ္မာဆိုး က သူ့ ကတိသစ္စာ ကို ပြက်ရယ် ပြုလိုက်သည် ။ ပစိဖိတ်သမုဒ္ဒရာ တစ်နေရာ တွင် ကျော်စွာမြင့် တာဝန်ထမ်းဆောင်ရင်း သမုဒ္ဒရာ ရေပြင်အောက် သင်္ချိုင်း ရှိ ရာ သို့ ထိုးဆင်း သွားသည် ။
အားလုံး ကြေကွဲခဲ့ကြ၏ ။ သီသီမာ့ မှာ ကြေကွဲ ဖို့ ရာ ခွန်အား တစ်မှုန် တစ်စ မကျန်တော့ လောက်အောင် အရုပ်ကြိုးပြတ် ဖြစ်သွား ရှာသည် ။ နေရာ ဟောင်း ရန်ကုန် တွင် ကျော်စွာမြင့် ကို သတိရစရာတွေ များလှ၏ ။ ထို့ကြောင့် ရန်ကုန် နှင့် ဝေးလှမ်းရာ တောမြို့ ကလေး သို့ တရားဝင် ပြောင်းရွှေ့ လာခဲ့၏ ။ ဘာလိုလို နှင့် ဤ တောမြို့ကလေး မှာ အခြေချ ခဲ့သည် က ပင် ၁ဝ နှစ် နီးပါး ရှိခဲ့ပြီ ။
သီသီမာ တွေ့ စ က ၁၀ နှစ်သား အရွယ် ၅ တန်းကျောင်းသားကလေး စိုးသက်အောင် ပင် ယခုတော့ အသက် ၂ဝ အရွယ် လူပျိုကြီးဖားဖား ဖြစ် နေခဲ့ပြီ ။ ကျော်စွာမြင့် နေရာ မှာ အစားထိုး စရာ ရရှိလာခြင်းလား တော့ မသိ ။
အနည်းဆုံး တော့ မိမိ ၏ မေတ္တာ စေတနာတွေ ကို စိုးသက်အောင် ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက် လာ အောင် ယခု ည ဖွင့် ဟဖော် ထုတ် ရလိမ့်မည် ။ မင်း အပေါ် မှာ ဆရာမရဲ့ မေတ္တာတရား က အနှိုင်းအဆ မဲ့ ပါကွယ် ။
“ ရုတ်တရက် ဆရာမ သေသွားရင် လေ ဘဏ် က ပိုက်ဆံတွေ စိုးသက်အောင် ထုတ်ယူနိုင်ဖို့ ၊ အမွေ ဆက်ခံနိုင်ဖို့ပေါ့ ကွယ် ။ မကြာခင် ဆရာမ စီစဉ်ခဲ့မယ်ကွဲ့ ”
သီသီမာ က မိမိ ဘာသာ ကြားရုံကလေး လေသံ ဖြင့် တစ်ကိုယ်ရည် ရေရွတ် ရင်း ပီတိ ဖြစ် နေပြန်သည် ။
ကန်စွန်းရွက် ကြော်ပြီးချိန် မှာ ညနေ ၆ နာရီ ထိုးပြီ ဖြစ်ကြောင်း အိမ် ရှိ လျှပ်စစ်မီးပွင့်တွေ က လင်းဖြာ လာကြပြီး အချက်ပြ သည် ။ သည် တောမြို့ကလေး မှာ က လျှပ်စစ်မီး ကို ညနေ ၆ နာရီ မှာ ဖွင့်ပေး တတ်ပြီး နံနက် ၆ နာရီ မှာ ဖြတ် လိုက်သည် ။ လျှပ်စစ်မီး အလင်း ထဲ မှာ ချိုချဉ်ကြော်ထုပ် လက် ဆွဲ ၍ ဝင် လာမည့် စိုးသက်အောင် ကို မြင်ယောင်ရင်း သီသီမာ ရင် တလှုပ်လှုပ် ခုန်မိသည် ။ သည်ကနေ့ ညနေ စိတ်နှလုံး မြူးကြွ လှုပ်ခတ်ရခြင်း ကို မိမိ ကိုယ်တိုင် နားလည် ၍ မရ ။
“ ဘဏ် က ရမယ့် ဆရာမ ရဲ့ ပိုက်ဆံတွေ က မင်း ရဲ့ ဘဝ ကို အကောင်း ဆုံး ပြောင်းလဲ ပေးနိုင်မှာပါ စိုးသက်အောင် ”
တိုးတိုးကလေး ရေရွတ်ရင်း ကြည်နူး တက်ကြွစိတ် က ရင် ထဲ မှာ ပြည့် လျှမ်း သွားပြန်သည် ။
ကိုယ့် စိတ် သည် တစ်မိနစ် ပြည့်အောင် ပင် မတည်တံ့နိုင်ခဲ့ ။ မြင်လိုက် ရသော မြင်ကွင်း က သီသီမာ့ အာရုံ အလုံးစုံ ကို ကပြောင်းကပြန် ဖြစ် သွား စေသည် ။
အိမ်ရှေ့ သို့ စိုးသက်အောင် စက်ဘီး ရုတ်တရက် ထိုးစိုက် လာသည် ။ စက်ဘီး ပေါ်က နေ စိုးသက်အောင် က ဒယီးဒယိုင် ကမန်းကတန်း ခုန်ဆင်း ရင်း စက်ဘီး ကို ဘေး သို့ ဝုန်းခနဲ တွန်းလှဲ ချလိုက်၏ ။ ဘုရား ဘုရား ။
စိုးသက်အောင် သည် ဆံပင်စုတ်ဖွား ၊ မျက်လုံးကြီးတွေ ပြူးလျက် အိမ် သို့ ကသောကမျော ပြေး ဝင်လာသည် ။ သူ့ ရှပ်အင်္ကျီအဖြူ မှာ စွန်းပေ နေသော သွေးတွေ က မီးရောင် အောက် မှာ စိုလက်တောက်ပ နေကြသည် ။
သီသီမာ ကြောင်အ နေသည် ။
“ ဆရာမ ... ဆရာမ ဂုဏ်သိက္ခာ အတွက် ကျွန်တော် လူ သ,တ်လာခဲ့ပြီ ။ နှစ်ယောက် ကို သတ်လာတာ ”
“ အို ... အမယ်လေး ”
လူချင်း ကပ်မိ သွားပြီး သီသီမာ က ပဲ စ၍ စိုးသက်အော င်ကို ကျုံးပွေ့ ဖက်ညှစ် ထား လိုက်မိ၏ ။
“ ရပ်ကွက် ထဲ က ကလေကချေ ကောင် နှစ်ကောင် ပေါ့ ။ ဒီ ကောင်တွေ ကျွန်တော့် ကို ကော ဆရာမ ကို ပါ စော်ကား နေခဲ့ကြတာ ကြာပြီ ။ ဒီနေ့ တော့ ကျွန်တော် သည်း မခံတော့ဘူး ။ ခေါက်ဆွဲဆိုင် ထဲ မှာ ဒီကောင် တွေ မူးမူး နဲ့ ဝိုင်း စကြတော့ ကျွန်တော် ဘာ လုပ်မိမှန်း မသိတော့ဘူး ။ တစ်ယောက် ကို ပုလင်း နဲ့ ခေါင်း ရိုက်ခွဲ လိုက်တယ် ။ နောက် တစ်ယောက် ကို တော့ ပုလင်း ကွဲ နဲ့ ဗိုက် ကို ထိုးထည့် လိုက်တယ် ”
“ အမယ်လေး ... ဘုရား ... ဘုရား ၊ မင်း ကို ဘယ်လို စလို့ပါလိမ့် ကွယ် ။ ဟင် ဘယ်လို စကြလို့ တုံး ”
သီသီမာ က ရှိသမျှ အားဖြင့် စိုးသက်အောင် ကို လှုပ်ခါ နေစဉ် စိုးသက်အောင် အင်္ကျီ မှ သွေး တွေ က သီသီမာ့ ရင်အုံ ဆီ သို့ ကူးဆက်စိမ့်ဝင် လာကြ သည် ။
“ ပြောစမ်း ... မင်း ကို ဘယ်လို စလို့တုံး ... ဟင် ”
“ ဆရာမ ရဲ့ လင် ၊ ဆရာမ ရဲ့ လင် နဲ့ စကြတာဗျ ”
ထိုအချိန်မှာ ပဲ ခြံဝ သို့ သူတို့ ၏ မော်တော်ဆိုင်ကယ် တွေ ရောက် လာ ကြသည် ။ သူတို့ ထဲ မှ တစ်ယောက် ၏ ခါးပတ် မှာ ချိတ် ထားသော နစ်ကယ်စိမ် သံမဏိလက်ထိပ်ကွင်း တွေ က မီးရောင် ထဲ မှာ ဖွေးဖွေးလက် လို့ ။
◾ ကြူးနှစ်
📖 ရတုမြေ ရသစုံ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၂၀၁၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment