Wednesday, August 19, 2026

ကျွန်မက ဟိုက်ဒရိုဂျင်


❝ ကျွန်မက ဟိုက်ဒရိုဂျင် ❞ 
( မောင်မေယု - ဘူးသီးတောင် )

ကျွန်တော်တို့ ကျောင်းမှာ အပျိုကြီး ဆရာမ တစ်ယောက်ရှိတယ်။ ကျောင်းပျက်တဲ့ အရာမှာဆို သူက ပထမ။

တစ်နေ့ သူ ကျောင်းပျက်တော့ ကျောင်းအုပ်ဆရာကြီးက မေးတယ်။

“ဆရာမ မနေ့က ဘာကြောင့်ကျောင်းပျက်တာလဲ” သူက “ကျွန်မရဲ့ ညီမလေး မင်္ဂလာဆောင်လို့ပါ” တဲ့။

နောက် သိပ်မကြာ၊ သူ ကျောင်းပျက်ပြန်ရော။ ဟိုတစ်ခါလို ဆရာကြီးက မေးတယ်။

“ဆရာမ မနေ့က ဘာကြောင့် ကျောင်းပျက်တာလဲ” စပ်ဖြဲဖြဲ ရုပ်နဲ့ သူ ဖြေလိုက်တာက “ကျွန်မရဲ့တူမလေး မင်္ဂလာဆောင်လို့ပါ” တဲ့။

နောက် သိပ်မကြာ၊ သူ ကျောင်းပျက်ပြန်ရော။ ဆရာကြီးက အရင်အတိုင်း မေးတော့ သူက “ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း မင်္ဂလာဆောင်လို့ပါ” တဲ့။

ဒီတစ်ခါ ဆရာကြီးက ပြန်ပြောလိုက်တယ်။

“တစ်ဆွေတစ်မျိုးလုံး မင်္ဂလာဆောင်နေပြီ၊ ဆရာမ ဘယ်တော့ ဆောင်မှာလဲ”

ဆိုတော့ သူက “ကျွန်မက ဟိုက်ဒရိုဂျင်ပါ ဆရာကြီး” တဲ့။

ဘာမဆိုင်၊ ညာမဆိုင်နဲ့ သူ့ကိုယ်သူ ဟိုက်ဒရိုဂျင်လို့ဆို လိုက်တော့ ဆရာကြီးက သဘောမပေါက်။ ဆရာကြီး စိတ် ကသိကအောက် ဖြစ်ပြီး-

“ဘာဟိုက်ဒရိုဂျင်လဲ၊ ဘာကို ဆိုလိုတာလဲ” ဒေါသသံလေးနှင့် ပြောလိုက်တော့ သူ ပြုံးပြုံးနဲ့ ဖြေလိုက်တာက-

“ဟိုက်ဒရိုဂျင်ရဲ့သဘာဝက မီးလောင်ကျွမ်းခြင်းကို အားပေးပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်ကျတော့ မလောင်ကျွမ်းနိုင်ပါဘူး ဆရာကြီး။ ဒါကြောင့် ကျွန်မက ဟိုက်ဒရိုဂျင်ပါ” တဲ့။

သူ့အဖြေကြောင့် ရုံးခန်းထဲရှိ ဆရာ/မ အားလုံး “တဟားဟား” ရယ်ကြပါလေရဲ့။ ။

▢ မောင်မေယု (ဘူးသီးတောင်)
📖မဟေသီ မဂ္ဂဇင်း
     စက်တင်ဘာ ၊ ၂၀၁၉

ဆူးတောမှ အပြန်

❝ ဆူးတောမှ အပြန်❞
( ဆင်ဖြူကျွန်းအောင်သိန်း )

အင်တိုင်းတော၏ အသံသည် တဒက်ဒက်မြည်နေသော ဓားသံသာ ဖြစ်၏။ ရီးဆေးရိုးသည် ဆီးခက်ကို ခက်ရင်းဖြင့် ကော်ကာ လှည်းပေါ်သို့ ပစ်တင်လိုက်ပြီး တစ်ချက် ပုတ်လိုက်သည်။ ဆီးခက်များမှာ လှည်းရံတိုင်ကို ကျော်ရုံသာ ရှိသေးသည်။ နှစ်ဖက်ဖြာပြီး ဘေးသို့ မဖြန့်ရသေး။ ရံတိုင်ပေါ်သို့ တစ်တောင်မျှ မြင့်မောက်ရန်ကား ဝေးသေးစွ။ အိပ်မပျော်သူအတွက် ညဉ့်တာသည် ရှည်လျား၏။ ထိုနည်းတူပင် ပင်ပန်းနွမ်းနယ် သူအတွက် အလုပ် ထုထည်သည် ကြီးမားလွန်း၏။

နေမပူသေးပါ။ နေလုံးသည် ‘တောင်ရွာထတော’ ပေါ်သို့ တက်မလာသေးငြား ရီးဆေးရိုးမှာ ဟိုက်နေပြီ။ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီ။ ကိုထွန်းညံ၏ ဓားသံသည် ပျောက်သွားလိုက်၊ ပေါ်လာလိုက်ပင်။ ခုတ်မည့် ဆီးပင်တစ်ပင်၏ အောက်တွင် ရီးဆေးရိုး ဝင်နားချိန်တွင် ကိုထွန်းညံ၏ ဓားသံမှာ မြန်လာ၏။ သစ်ကိုင်း ပြတ်ခါနီးတွင် ပေါ်နေကျအသံ။

ဆေးလိပ်မီးခိုးများ ကြားမှ ရီးဆေးရိုး၏ မျက်နှာတွင် အလိုမကျရိပ်များ ပေါ်လာသည်။ သူ့အာရုံက ကိုထွန်းညံ၏ ဓားသံဆီတွင် ရောက်နေသောကြောင့် သူ့မျက်နှာထား အပြောင်းအလဲက ဓားသံနှင့် ဆိုင်သည်။ သစ်ကိုင်းခုတ်ရာတွင် ဘယ်ညာပိုင်း၍ သုံးလေးချက်ဖြင့် ဖြတ်မည့် အရွယ်အစား မဟုတ်ပါက ‘ဓားခုတ်ရာ’ ကျယ်ကျယ်ထား၍ ‘ဓားစာ’ ကို ချဲ့ရသည်။ ဓားခုတ်ရာသည် တည့်တည့်ဆင်းလေ့မရှိ။ အောက်ဆုံးတွင် ကျဉ်းမြောင်းသွားသည်။ ဓားစာ လွင့်စရာ စဉ်စရာ မရှိတော့လျှင် ခုတ်ချက်တိုင်းသည် တစ်နေရာတည်း ထပ်ကာထပ်ကာ ကျနေသည်။ အောက်သို့လည်း မတိုးတော့။ သို့အတွက် ဓားစာကျယ်ကျယ် ချဲ့ရသည်။

ရီးဆေးရိုး ထိုင်စက ဓားသံသည် လွင်၏။ လွင်ပေမည်၊ ဓားစာက ကျယ်နေသည် မဟုတ်လား။ ခဏသာ ကြာသည်၊ ဓားသံ တိမ်သွားသည်။ တိုးသွားသည်။ ပြတ်ခါနီးမို့ ဓားစာ မချဲ့တော့ဘဲ အလောတကြီး ခုတ်နေခြင်းဖြစ်သည်။ အလောတကြီး ခုတ်သဖြင့် ခုတ်သံ မြန်လာသည်။ အလဟဿ လူပင်ပန်းရ၊ လုပ်အား ဆုံးရှုံးရပြီ။ ထို့ကြောင့် ရီးဆေးရိုး အလိုမကျ ဖြစ်ရသည်။ ဓားသံသည် လွင်ပြီး လွင့်စဉ် မလာဘဲ တိုတိုပြတ်ပြတ်နှင့်ပင် ရပ်သွား၏။ ‘ခွေးမသား၊ ဆီးပင် မပြတ်ဘဲ နင် အားပြတ်သွားပြီ မဟုတ်လား’ ဟု စိတ်ထဲမှ ဆဲရေးရင်း ရီးဆေးရိုး ပြုံးသည်။

မီးခိုးလား၊ နှင်းလား မကွဲပြားသော မြူထရံကို ဖောက်ခွဲလျက် နေလုံးကြီးသည် တောင်ရွာထတော ထန်းတော ထိပ်သို့ တက်လာ၏။ နေခြည် မဖြာနိုင်။ ကျီးအာသီးကြီးနှယ်သာ ရဲလောင်နေသည်။ ရီးဆေးရိုးသည် ဆီးငုတ်ပေါ်တွင် ဆေးလိပ်တိုကို တင်ထားလိုက်ကာ ဓားဆွဲပြီး ရပ်သည်။ နေမပူမီ များများရအောင် ခုတ်မှ၊ အတန်ကြာလျှင် မြူအုံကြီး ပြယ်လိမ့်မည်။ ဖြူဖွေးသော နေခြည်လက်တံများ ဖြာလာလိမ့်မည်။ သည့်နောက်ဝယ် ကျောကွဲအောင် ပူလိမ့်မည်။ သို့အတွက် သူ အရိပ်ခိုခဲ့သော ဆီးပင်ကို တအားလွှဲ ခုတ်ချလိုက်သည်။ ဓားက ‘ပိဿာစီး’ ဓားမကြီး။ လက်နှစ်ဖက်ဖြင့် ကိုင်ကာ အားရှိပါးရှိ ပိုင်းချလိုက်ရာ တစ်ချက်တည်းဖြင့် လဲကျသွားသည်။ သည့်နောက် သုံးလှမ်းကွာ၌ တစ်ပင်။ လက်တစ်လှမ်းကွာတွင် ရှိသော အပင်မှာမူ ငယ်သေးသည်။ ဓားတုံးခံ၍ မခုတ်နိုင်။ ထို့နောက် လေးလှမ်းကွာ၌ နှစ်ပင်။ ရီးဆေးရိုး တစ်ချက်တည်းဖြင့်သာ ပိုင်းချသည်။

ရီးဆေးရိုးသည် ခုတ်လိုက်သော အပင် တိခနဲ ပြတ်သွားလျှင် ကျောခိုင်းလိုက်သည်။ နောက်ထပ် ခုတ်ရန် ကြည့်သည်။ သည်တစ်ပင်က အနည်းငယ် တုတ်သည်။ တစ်ချက်တည်းဖြင့် ပြတ်နိုင်ဖွယ် မရှိငြား ဘယ်ဘက်မှ သိမ်းပြီး တစ်ချက်ခုတ်သည်။ ညာဘက်မှ သိမ်းပြီး တအားခုတ်လိုက်ချိန်တွင် ‘ဖလူး လူး’ အသံ ကြား၍ မော့ကြည့်သည်။ ဟာခနဲ အော်ရုံသာ အော်နိုင်သည်။ ဓားကို ရီးဆေးရိုး မသိမ်းနိုင်ပါ၊ မထိန်းနိုင်ပါ။ တုတ်ပေါ်တွင် ထပ်ပေါက်နေသော သက်တမ်း ငါးနှစ်အရွယ်ရှိ ဆီးခါးပင်သည် အိခနဲ ယိုင်ဆင်း သွား၏။ ရီးဆေးရိုးသည် ဓားကို ပစ်ချကာ ဆီးပင်ကို လှမ်းဆွဲသည်။ ဆီးခါးသီး သုံးလေးလုံးနှင့် အပွင့် အကင်းများသာ လက်ထဲတွင် ကျန်ရစ်ခဲ့၏။ ဒုတိယ ဓားချက်အား အသွင်းတွင် ဖလူးလူး အသံ ကြားရခြင်းမှာ ငှက်တစ်ကောင် ထပြန်ပြေးခြင်းဖြစ်သည်။ နားနေသော ငှက်သည် လူချဉ်းကပ်လာကတည်းက မြင်သည်။ ပျံပြေးပြီ။ သည်ငှက်ကား အသိုက်ထဲတွင် ဝပ်နေသော ငှက်မို့ ရန်သူကို မမြင်။ မြင်သည်ထား၊ ရင်ငွေ့ ပေးနေရသော တွယ်တာစရာတွေကို မထားခဲ့ရက်။ ငလျင်ကြီး တော်လဲပြီ။ မိခင် မနေသာတော့။ သည်သဘောကို သိသောကြောင့် ရီးဆေးရိုး ဓားချက်ကို သိမ်းငြား၊ ပိဿာစီး ဓားမသည် ရီးဆေးရိုးကို လွန်ဆန်ခဲ့သည်။ သို့အတွက် ငှက်အသိုက်ကို မျက်လုံးက အပြေးအသော့ရှာသည်။ အပေါ်က အကိုင်းများ ကြားမှာ အခက်များ အုပ်ဆိုင်းထားသော ခွဆုံတွင် ပုခက်ကလေး။

ပုခက်ကလေး ဘေးတွင်ကား သားတခဲခဲ သွေးရဲရဲဖြင့် ပျက်စီးနေရှာသော ငှက်ဥသုံးလုံး။ အပြောက် အကျားကလေးတွေ ခြယ်ထားသော ဗွတ်ချွဲဥခွံ အကွဲအကြေများ။ သွက်သွက်လှမ်း၍ ချဉ်းကပ်လာသော ခြေထောက်များ တုံ့သွားသည်။ ရီးဆေးရိုး မျက်နှာ လွှဲလိုက်ကာ ဟင်းခနဲ သက်မချသည်။ “အင်း... ကိုယ့်အိမ်ကိုယ့်ရာ လုံခြုံဖို့၊ သူ့အိမ်သူ့ရာကို ဖျက်ဆီး ရတာပါကလားနော်” မသက်မသာ ညည်းသည်။

••••• ••••• •••••

ဝါဆိုဝါခေါင်တွင် ရေဘောင်ဘင်ဝေပြီ ဆိုလျှင် ရမ်းဘိုကုန်းရွာသားများ၏မျက်လုံးသည် ငယ်ထိပ်သို့ ကပ်သည်အထိ ပြန့်ပြူးကြပြီ။ မပြူးဘဲ အဘယ်မှာ နေနိုင်ပါမည်နည်း။ စလင်းချောင်း ‘ရေစွယ်’ သည် ရမ်းဘိုကုန်းရွာ တောင်ဖျားသို့ ဦးတည်ထိုးနေသည်မှာ ကြာပါပြီကော။ တစ်နှစ်သော် တစ်တောင်ခန့် ဖဲ့ချသွား။ နောက်တစ်နှစ်သော် တစ်လံခန့် ဖဲ့ချသွားခဲ့သည်။ အိမ်ဝိုင်းများ၏ နောက်ဖေးပိုင်းသည် ကျဉ်းသည်ထက် ကျဉ်း၊ တိုသည်ထက် တိုလာ၏။ ဘယ်ကို ပြေးကြရပါ့၊ ဘယ်လို နေကြရပါ့။ သည်တစ်နှစ်တော့ သွားပြီ။ ရင်မ နေကြရဆဲတွင် သောင်ကြီး ထိုးပြီ။ ရေကြောင်း ပြောင်းသွားလေသည်။ အိမ်အသီးသီး၏ နောက်ဖေးတွင် ဒုတိယအကြိမ် သောင်ကြီး ထပ်မံပေါ်လာသေအခါ ကျေးရွာအုပ်စု လူကြီးများသည် ယခင်တစ် ကြိမ်နှယ် အလု မခံတော့ပေ။ ခြေနင်းခံသည်နှင့် ဝါးကိုင်ကာ ဝေပေးလိုက်သည်။ သူ့အိမ်ဘက် စားသည်။ ငါ့အိမ်ဘက် ယိုသည် မပြောရ၊ ကိုယ့်အိမ် နောက်ဖေးတွင် ရှိသလောက် ကိုယ်ယူ။

မြေမြင်သောကြောင့်သာ ရမ်းဘိုကုန်းသားများ လိုချင်ကြငြား အမှန်ပင် လက်ဝယ်ရောက်သောအခါ ခေါင်းချင်ဆိုင်၍ တိုင်ပင်ရပြီ။ ‘ဘယ့်နှယ်လုပ်မလဲ၊ ဘာနဲ့လုပ်မလဲ’ စသည်။ အမှန်မူ ရမ်းဘိုကုန်းရွာတွင် လယ်သမားမှာ အနည်းစု။ သို့အတွက် မြေကိုထွန် ယက်စရာ နွားနှင့် ထွန်၊ ထယ် အသင့် ရှိသူမှာလည်း အနည်းစုသာ ဖြစ်နေကြချေတော့သည်။ ရောင်းချခွင့် ကလည်း မရှိနှင့်။ နေမထိ ထိုင်မသာ။ စတုဒီသာပွဲ တော်ကြီးနှင့် ပက်ပင်းတိုးကာမှ ‘မှက်ခရုနာ’ ပေါက်နေပါတကား။

သို့သော် ရမ်းဘိုကုန်းသို့ ကိုအီဗရာဟင် ရောက်လာသည်။ ဝါးတစ်တာကို တစ်ရာနှုန်းဖြင့် ငှားပြီး အာလူးစိုက်သည်။ သည်ယာပိုင်ရှင်များပင် ကိုအီဗရာဟင် ထံတွင် တစ်နေ့ ၇ ကျပ် နေ့စား အငှား ဝင်ကြသည်။ သည်လူတွေ ထဲတွင် ရီးဆေးရိုး မပါချင်။ ကိုယ့်မှာ လယ်လုပ်ကိရိယာ အစုံ ရှိပါလျက် ငှားရသည်မှာ မကောင်း။ သို့ဖြင့် ကိုယ်တိုင်ကိုယ်ကြပ် လုပ်သည်။ အာလူး မစိုက်နိုင်ပါ။ မြေပဲ မစိုက်နိုင်ပါ။ မြေပဲစိုက်လျှင် မြေပဲဆန် အညှောက် မထိုးမီ ကလေးတွေ ဖော်စားကြသောကြောင့် ဒုတိယနှစ်တွင် ကိုအီဗရာဟင် ထိုင် ငိုခဲ့ပြီ မဟုတ်လား။ သို့အတွက် နှံစားပြောင်း ကြဲသည်။ နှံစားပြောင်းပင် တစ်ပွေ့ သာသာကို ငါးကျပ် ရသည်။ နွားစာ မရှိသူများ၊ မြင်းသမားများက ဝယ်ကြသည်။ ကလေးတွေသည် အီဗရာဟင် ယာတဲတွင် အချိန်ကုန်သဖြင့် ရီးဆေးရိုးဘက် မရောက်သေး။ သုံးနှစ် အကြာတွင် အီဗရာဟင် လက်မြှောက် သွားသောအခါ ယာတွေမှာ မုန်ညင်းမြက် သောသောနှင့် ကျန်ခဲ့သည်။

ကလေးများသည် နှံစားပြောင်းတွေကို ဝင်ချိုးသည်။ ဘာလုပ်မှာပါလိမ့်ဟု ရီးဆေးရိုး ချောင်းကြည့်သည်။ သူတို့သည် အပင်နုနုကို မချိုး၊ ရင့်သည်ကိုမှ ရွေးချိုးပြီး ကြံချောင်း အခွံခွာသလို ခွာသည်။ ကြံစုပ် သလို စုပ်သည်။ ပထမသော် လေးငါးယောက်။ ဒုတိယနေ့တွင် နှစ်ဆယ်။ တတိယမှာသော်ကား ရွာလုံးကျွတ်ကလေး တစ်ရာကျော်။ ရီးဆေးရိုး မဆဲရက်၊ မရိုက်ရက်သော်ငြား အလှူကြီး မပေးနိုင်ပါ။ ယာခရိုး လုံခြုံအောင် စီမံရလေပြီ။ ကင်ပွန်းခါးကိုင်းသည်လည်း ဆူးရှိသည်သာပင်။ ကင်ပွန်းခါးပင်ကို ရီးဆေးရိုး လိုက်လံ ရှာဖွေသည်။ ကင်ပွန်းခါးပင်များ ယခင်က ပေါခဲ့သော ရမ်းဘိုကုန်း။ ယခု ငုံးငုံးတိုနေပြီ။ သူ့ယာ ကိုယ့်ယာ နယ်နိမိတ်တိုင်ကို ကင်ပွန်းခါးတိုင်များဖြင့် သတ်မှတ်ကြ၊ အကိုင်းအခက်များဖြင့် ကာရံကြသည် မဟုတ်လား။

ရွာပြင်နှင့် မုန်းမြောင်း တစ်လျှောက်တွင်လည်း ကင်ပွန်းခါးသာ မဟုတ်၊ ထနောင်းလည်း ပြုတ်လု တည်းတည်းသာ ဖြစ်ရပေပြီ။ တစ်ပင် ခုတ်ပြီး နှစ်ပင် စိုက်ရန် မဆိုထားဘိ၊ ဆယ်ပင် ခုတ်၍မျှ တစ်ပင်စိုက်ရန် အိပ်မက် မမက်ကြပေပဲကိုး။ ရီးဆေးရိုး မမွေးမီကတည်းက ရမ်းဘိုကုန်း ပတ်ချာလည်တွင် ခဲပစ်မလွဲ၊ လက်ညှိုးထိုး မလွတ်သော ထနောင်းနှင့် ကင်ပွန်းခါးတို့ ပြုန်းတီးချိန်တွင် ခေါင်းထောင်လာသူရှိ၏။ သူကား ‘ကန္တာရ ထနောင်း’ ပေတည်း။ မနေ့တစ်နေ့ကမှ ရောက်လာသော ကန္တာရ ထနောင်း။

သည်ကန္တာရထနောင်းသီးကို နွားကြိုက်ငြား ရီးဆေးရိုး မခုတ်ရဲပါ။ သူ့ကို ခုတ်ပြီး ကာရံလျှင် ဖြစ်နိုင်ငြား သူ့ဆူးနှင့် စူးမိလျှင် မသက်သာ။ လူသာ မဟုတ်၊ သည်ဆူး ဆူးမိလျှင် နွားလည်း ခံရသည်ပင်။ သို့အတွက် ကိုထွန်းညံကို အဖော်ခေါ်ကာ အနောက်တောသို့ ထွက်လာခဲ့ကြခြင်း ဖြစ်ပေ၏။ အခါတိုင်းဆိုလျှင် မြောင်းခွကို လွန်သည်နှင့် မြူကြား၊ မင်းလွင်ကြားမှ ကြိုဆိုနေကျ သနပ်ခါးဒဟပ်နှင့် သန်းပင်များကို မတွေ့ရတော့ပြီ။ ရမ်းဘိုကုန်းနှင့် မြောင်းခွ အကွာ အဝေးလောက်ပင် နောက်ထပ်လာမှ ကိုရင်ကြီးကုန်းကို ရောက်သည်။ သည်မှာပင် မိုးစင်စင်လင်းပြီ။

ကိုရင်ကြီးကုန်းတွင် သန်းပင်ထက် ဒဟပ်နှင့် ဆီး ပေါသည်။ ဒဟပ်မှာ ဆူးမရှိ။ ရီးဆေးရိုး မလိုချင်။ သန်းပင်မူ ဆူးကား ရှိပါ၏။ ရှားလှချေသည်။ သို့ဖြင့် ဆီးခုတ်ရန် စိတ်ကူးကြသည်။ ဆီးမှာပင် ဆီးချဉ်သီးကို လူက ကောက်၊ နွားက လာစားသေးသည်။ သို့ဖြင့် လူရော နွားပါ ဘေးမဲ့ပေးထားသော ဆီးခါးကိုသာ ခုတ်ကြတော့သည်။

စောစောက ရပ်သွားသော ဓားခုတ်သံ ထပ်မံ ပေါ်လာပြန်၏။ ကလေး မဟုတ်၊ ပြောလိုစိတ် မရှိ။ အတန် ဟိုက်သွားချိန်တွင် ဓားကို နောက်ကျောဘက်မှာ ထိုးထားလိုက်ပြီး ဆီးခက်တွေ ကော်ပြန်သည်။ နှစ်ခက်မှ တစ်ပြန့်မို့ တော်တော်နှင့် မမောက်။ ခါးက ဓားကြီး ခါယမ်းခါယမ်းနှင့်ပင် သယ်ရသည်။ ချထား၍ မဖြစ်။ ကိုယ်ချထားသည့် ဓားကို ခလုတ်တိုက်ပေါင်း များပြီ။ မျက်စိမှောက်ပြီး ခြေတိုအောင် ရှာရသဖြင့် အချိန်ဖင့်ပေါင်းများပြီ။ နောက်ထပ် သုံးကော် ကော်ပြီး ဆီးခက် နှစ်ဆယ်ခန့် တင်ပြီးချိန်ကျမှ ကိုထွန်းညံ၏ အသံ ပေါ်လာသည်။ အထူးအထွေ မရှိပါ။ “မဆာသေးဘူးလား၊ ထမင်းစားကြရအောင်” အဖော်ညှိခြင်းဖြစ်သည်။

နေလုံးသည် တောင်ရွာ ထတောပေါ်သို့ တစ်တောင် ကျော်ကျော် မြင့်တက်လာပြီ။ သို့ပါလျက်နှင့် ရောင်ခြည် မဖြာသေး။ ကျီးအာသီးနှယ် နီရဲနေဆဲသာ။ ကိုးခွင်ရပ်သည် မြူအုံထူထူဖြင့် သိုင်းဖွဲ့ထားဆဲ ရှိသေးသည်။ သည်လက္ခဏာကို ရီးဆေးရိုး မကြိုက်ပါ။ လေကျမည့် လက္ခဏာဖြစ်သည်။ လေကျမှဖြင့်..။

ရီးဆေးရိုး၏ စိတ်က ရွာသို့ ပြန်သွားသည်။ သည် အရပ်၏ လေကျချိန်က ညနေ ငါးနာရီ၊ ချက်တုန်း ပြုတ်တုန်း။ မီးဖိုမီးကို မငြှိမ်းနိုင်မီ ဘီလူးထွက် ထွက်သောလေ၊ ဗြုန်းဗြင်းနောင်ဗြင်း ကျလေ့ရှိသောလေ။

သို့မို့ကြောင့် ရွာပြင် လေကွယ်တွင် ချက်သူချက်၊ မွန်တိမ်းသည်နှင့် ထမင်းအိုး တည်သူတည်။ သို့သော် ထမင်းအိုး လွှင့်မပစ်ရခြင်းနှင့် မီးအန္တရာယ် ကင်း ခြင်းသာ ရှိသည်။ လေကားသည်နှယ် ရီဝေဆိုင်းနေပါက ကျလာတော့သည်သာ။

သည်နှယ် လေကျလာပါက ခံနိုင်စေရန် နွားတင်းကုပ်ကို ကင်ပွန်းခါးတုံးဖြင့် ဖိသည်။ ကောက်ရိုးပုံကို သေသေချာချာ ခေါင်ချုပ်သည်။ အိမ်ခေါင်မိုးက အစ လွင့်စရာ လန်စရာများကို အစစ ကြိုတင်ဖိအုပ်ထားပါလျက်က လေလာချိန်တွင် လန်သေးလွင့်သေးသည်။ အိမ်မှာ ကျန်ခဲ့သော အဘွားကြီးအိုမှာ “ကိုဆေး ရိုးရေ လုပ်ပါဦး” အော်စရာ လူလည်း မရှိ။ မည်သို့ လုပ်ပါမည်နည်း။ ခြေရင်းထရံ မတုပ်ရသေးပါ တကား။ ‘အင်း ထရံကြီး ကွာကျမှဖြင့်’ တွေး၍ မဆုံးသေးမီ ကောက်ရိုးထုံးတွေက အာရုံထဲသို့ ဝင်ရောက်လာပြန်သည်။ ကောက်လှိုင်းတစ်စည်းစီကို ပုတ်ခြွေပြီးတိုင်း ပြန်၍ ထုံးဖွဲ့ထားသည်။ အနှံတွေ မပါတော့သည့် ကောက်ရိုးထုံး။ သည်ကောက်ရိုးထုံးတွေကို အိမ်က နွားတွေ အတွက်သာ စဉ်းကျွေးရသည် မဟုတ်။ ဝယ်လာသူ ရှိလျှင်လည်း ရောင်းရသေးသည်။ ‘ဘယ် အရပ်မှာ မိုးခေါင်လို့ နွားစာတစ်မျှင်မှ မရှိဘူး၊ လှူကြပါဦး’ ဆိုလာလျှင်လည်း လှူရ၊ ပေးကမ်းရသည်။ သို့လျှင် သုံးစွဲပေးကမ်းနိုင်ရန် သပ်သပ်ရပ်ရပ် ပုံထားသည်။ ထန်းရွက်ဖြင့် ဖုံးထားသည်။ ထန်းရွက်ပေါ်တွင် တုံးတွေ၊ မြေကြီးခဲတွေ၊ အုတ်ခဲတွေ တင်ထားသည်။ တင်ထားသော်ငြား လေဒဏ်မှ ခံနိုင်ပါမည်လား။

အားခွန်ဗလ ကြီးမားသော လူသန်ကြီး တစ်ယောက်သည် တဲအိုကလေးတစ်လုံးကို တအား တွန်းဖိထားဘိသို့ လေသည် တရကြမ်း တိုက်၏။ တဝေါဝေါ တဝုန်းဝုန်း တအုန်းအုန်း တဒိုင်းဒိုင်း မြည်သံမစဲ တိုက်အား မလျှော့ဘဲ တိုက်ခတ်၏။ ထိုသို့ တိုက်ခတ်နေဆဲတွင် လေပုန်းက ဝင်မွှေသေးသည်။ လေပုန်းဝင် မွှေ့ပြီ ဆိုမှဖြင့် စောစောက ဘာမျှ မဖြစ်သော ဖျာတွေလည်း အိမ်ထဲတွင် လွင့်၏။ သံပန်းကန်၊ ဒန်အိုးဒန် ခွက်များ ဝဲပျံမြူးထူးကြသည်။ ထိုကဲ့သို့ လေပုန်း မွှေခဲ့သော် အမယ်ကြီးအို ဖျာရိုက်သဖြင့် မူးဝေ လဲပြိုချေမည်လား။ ကောက်ရိုးထုံးပေါ်မှ ထန်းရွက်တွေ မမျှော်လင့်ဘဲ လန်ထွက်သဖြင့် အမယ်ကြီးအိုကို တုံးတိုတုံးစတွေ ရိုက်မိချေမည်လော။ သူ့ဘာသာသူ နေသော သောကအမှိုက်ပုံကို သွားဖွမိသည့် ခဏ၌ ဆုပ်ကိုင်ပြီးသား ထမင်းလုတ်သည် ပါးစပ်ဝ၌ တန့်နား၏။ ဖျတ်ခနဲ သတိ ဝင်လာချိန်တွင် သူ့အဖြစ်ကို ကိုထွန်းညံ သိချေပြီလော။ စောင်းငဲ့ အကဲခတ်ရင်း ထမင်းခွံ့၏။ ထမင်းနင်ပါလေတော့သည်။ ထမင်းနင်သည် ဆိုကာ ရေမသောက်ရဲ။ နင်သော ထမင်း လျှောကျအောင် ဆိုကာ ရေသောက်မိသဖြင့် အသက်ရှူ တစ်ကြိမ် မှားဖူး ကတည်းက သည်းခံစိတ် မွေးတတ်ပြီ။ ခါးကို ဆန့် ကာ အသက်ဝအောင် ရှူသည်။ လည်ချောင်းတွင်းမှ တင်းကျပ်ဆို့နင့်နေသော ဝေဒနာသည် တော်တော်နှင့် မပျောက်။

ကိုထွန်းညံကား နောက်က ရန်သူလိုက်လာဘိ သကဲ့သို့ အတင်းခွံ့ အတင်း မျိုချနေသည်။ သူ့ကို ကြည့်ပြီး မနာလိုစိတ် ဖြစ်ပေါ်လာသည်။ သို့သော် ရင်တွင်းနှင့် လည်ချောင်းတွင်းမှ အောင့်သော ဝေဒနာ မပြေသေး။ ထမင်းတစ်လုတ်ကို အရည်ပျော်လုခမန်း ညက်အောင် ဝါးပြီးမှ မျိုချ၏။ ဝေဒနာသည် ထိုအခါ ကျမှ သက်သာလေ၏။ ‘အင်း ဒုက္ခမရှိ ဒုက္ခရှာ၊ ကိုယ်လည်း ဘာမှ မတတ်နိုင်တာကို တွေးပြီး ပူမိတာကိုး’ ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။ ငါးပိဖုတ်နှင့် ငရုတ်သီးထောင်းမှာ ညက အကျန်ပေမယ့် နှမ်းဆီနံ့ သင်းသင်းနှင့်မို့ အရသာ ရှိလှ၏။ အရသာ ရှိတိုင်းလည်း အတင်း မမျိုဝံ့။ သွားဖုံးနှင့် ကြိတ်ချေနေရသေး၏။ ကိုထွန်းညံ ဆေးလိပ်သောက်၍ တစ်ဝက်ကျော် ကျသွားပြီ။ ထိုအခါတွင်မှ ရီးဆေးရိုး ထမင်းစား၍ ပြီးသည်။ နေကို မော့ကြည့်သည်။ ဆွမ်းခံဝင်ချိန် ကျော်ခဲ့ပြီ။ နေမရင့်မီ မြူမကွဲမီ သုတ်ခြေတင်မှ ဖြစ်မည်။ ရီးဆေးရိုးမှာ ရေသောက်မိသော်လည်း လက်မဆေးမီ ဓားကို ဆွဲကာ နေရာပြောင်းခဲ့၏။

••••• ••••• •••••

“ကိုဆေးရိုးရေ ပြန်ကြစို့၊ တော်ပြီလားလို့”

ကိုထွန်းညံ ထံမှ အသံ ပေါ်လာချိန်တွင် ရီးဆေးရိုးသည် ဆီးခက်များကို ‘ကုပ်ဝါး’ ဖြင့် နှိပ်နေပြီ။ တောထဲတွင် သစ်ပင်ရှိကား ရှိ၏။ လှည်းတစ်ဆုံး ရှည်သော အပင်ကား ရှားပြီ။ သို့အတွက် အိမ်မှ ဝါးနှစ်လုံး၊ ကြိုးလေးချောင်း သယ်ခဲ့သည်။ လှည်း၏ ဦးပိုင်းမှ ကြိုးများကို လှည်းသန်တွင် ချည်သည်။ လှည်းနောက်မြီးပိုင်းမှ ကုပ်ဝါးကြိုးများကို လှည်းဝင်ရိုးတွင် ချည်သည်။ ပွသည် ဖြစ်စေ ကျစ်သည် ဖြစ်စေ၊ သည်မျှဆိုလျှင် လုံလောက်ပြီ။ ဆီးဆူးပေါ် တွင် ဂုန်အိတ် ခင်းသည်။ သည်အပေါ်မှာ ဓား၊ ခက်ရင်း၊ ထမင်းထုပ်၊ ရေဘူးနှင့် နတံ (နှင်တံ)ကို တင်ထားခဲ့ပြီးမှ ကိုထွန်းညံကို ကူရန် လာခဲ့သည်။ ကိုထွန်းညံသည် နွားနှစ်ကောင်ကို ထမ်းပိုးတွင်း သွင်းနေ၏။ ဆီးခက်များကား ထိုးထောင် မို့မောက်နေသည်။

“ဟေ့ … နွား မတပ်နဲ့ဦးလေ၊ ‘ကုပ်’ နှိပ်ဦးမှပေါ့”

ကိုထွန်းညံ တန့်မသွားပါ။ အလှည့်နွားကို လည်ပတ်ကြိုးပတ်ပြီး ထမ်းပိုးကျစ် စိုက်သည်။

“ဟေ့ကောင် ကုပ်မနှိပ်ရင် မရဘူးလေ”

“ကုပ်နှိပ်လောက်တဲ့အပင် မရှိဘူးဗျ၊ ရပါတယ်ဗျာ၊ ကြိုးသိုင်းထားတာပဲ၊ လမ်း ဒါလောက် ဆိုးတာ မှတ်လို့”

ပြောရင်းကပင် အတိုင်နွားကို ကသည်။ လူသာ ပေါ့တီးပေါ့ဆ မဟုတ်၊ အသံကလည်း ခပ်ပေါ့ပေါ့ပင်။

“အေးလေ၊ ဒါဆိုလည်း သွားကြစို့” ဆိုကာ ရီးဆေးရိုး လှည့်ထွက်ခဲ့ကာ နွားတပ်ပြီး မောင်းထွက်လာသည်။ လှည်းလမ်းကြောင်းပေါ်သို့ ရောက်ချိန်တွင် ရီးဆေးရိုး လှည့်ကြည့်မိသည်။ လှည်းဆောင့်တိုင်း ခုန်နေသော ကိုထွန်းညံ။ ရီးဆေးရိုး လှည့်ပြောမည် ကြံသေးငြား မပြောဖြစ်။ အတိုင်နွားက တောရကျောင်း လမ်းခွဲဘက် ဆွဲနေသဖြင့် နှင်တံနှင့် တို့၊ ပါးစပ်က ငေါက်နေရသည့် အတွက် ပြောရန် မေ့သွားတော့သည်။

“ထွန်းညံရေ၊ တို့ပြီး မောင်းဟေ့၊ နေအေးတုန်း ခရီးတွင်အောင်”

ဆွမ်းစားခေါင်းလောင်းသံ မကြားရသေးပါ။ နေကို မော့ကြည့်ပြီး ရီးဆေးရိုး ခန့်မှန်းခြင်းဖြစ်သည်။ ကိုထွန်းညံမှာ ပြန်မပြောနိုင်ပါ။ ရှေ့သို့ လျှောလာသော ဆူးခက်တွေ နောက်တွန်းရ၊ ဘေးဆင်းနေသော ဆူးခက်တွေကို ဆွဲတင်ရနှင့် လက်ငါးချောင်းလုံး သွေး အလူးလူး ဖြစ်နေသည်။

ညောင်ကုန်းရွာ မရောက်မီပင် သူတို့ လှည်းများ ချောင်းထဲသို့ ဆင်းမိသည်။ မရှေးမနှောင်းပင် ညောင်ကုန်းကျောင်းမှ ဆွမ်းစားခေါင်းလောင်းသံများ၊ ခွေးအူသံများ ညံတက်လာ၏။ ထိုအချိန်တွင် ရီးဆေးရိုး စိတ်ထဲ၌ တစ်ခုခု ထူးခြားသလို ထင်မိ၏။ စင်စစ်သော်ကား ကိုင်းတောထဲမှ ငှက်သံများ ရပ်စဲသွားခြင်း၊ တညင်ညင် တိုက်ခတ်နေသော လေပြည် ရပ်ဆိုင်းသွား ခြင်းဖြစ်၏။ အလယ်သောင်သည် အတက် ပြေငြား အဆင်း ဆိုးလှသည်။ ရီးဆေးရိုးသည် နွားနှစ်ကောင်ကို အပြေးဆင်းခွင့် မပေးပါ။ ဖြည်းဖြည်းဆင်းအောင် ကန်ကြိုးဖြင့် ထိန်းထားသည်။ ရပ်စောင့်နေသော ကိုထွန်းညံ ဘက်သို့ မျက်နှာအလှည့်တွင် အနောက် မြောက်ဘက်မှ အလုံးကြီး တစ်လုံး ဂွမ်းမှုန် ဂွမ်းမျှင်များ လွင့်တက်သွားသည့်နှယ် ထောင်တက်လာသော ဖုန်လုံးကြီး။

“ထွန်းညံ မဆင်းနဲ့၊ လေကျလာပြီ၊ ကိုင်းတော ကွယ်မှာ ရပ်နေ”

ရီးဆေးရိုး အော်ဆဲမှာပင် ကိုထွန်းညံ၏ လှည်းက ဆင်းလာပြီ။ ရီးဆေးရိုး သူ့လှည်းပေါ်သို့ ‘လှည်းပုံ’ တောင်းပေါ်မှ လှမ်းတက်ကာ ကိုင်းတော သောင်ခုံစပ်သို့ မောင်းခဲ့သည်။ ကြီးမားသော ဆည်ကြီးတစ်ခု ပေါက်ကျဘိသို့၊ ပင်လယ်လှိုင်းလုံးကြီးများ ပြေးတက်လာဘိသို့ ကျယ်လောင်ပြင်းထန်သော အသံများ ပြေးလာသည်။ မရှေးမနှောင်းမှာပင် ကိုင်းတောကြီး တဝီဝီအော်လျက် လေပြင်းကြီးများ ကျရောက်လာတော့သည်။

ရီးဆေးရိုးသည် နွားနှစ်ကောင်ကြား ထမ်းပိုးတုံး အောက်တွင် ဝင်ထိုင်ကာ လေကို ကျောပေးထား၏။ သဲမှုန်များသည် မိုးသီးမိုးပေါက်အလား ကျလာ၏။ ကိုထွန်းညံ ဘာဖြစ်သွားသလဲ၊ ဘယ်ရောက်နေသလဲ မမြင်ရတော့ပါ။ နားထဲတွင်မူ ရှောခနဲ ဗုန်းခနဲ ကြားလိုက်သလိုရှိ၏။ လေသည် လျော့သွားလိုက်၊ တစ်ကြော့ပြန်လာလိုက်နှင့် တစ်နာရီခွဲခန့် တိုက်ပြီးမှ တိခနဲ ပြတ်သွားသည်။ သဲမှန်ပြတင်းကြီးလည်း လက်ဖြင့် ပွတ်လိုက်ဘိသို့ တဖြည်းဖြည်း ကြည်လင်လာ၏။ သောင်ခုံ အဆင်းတွင် ရပ်နေသော လှည်း၊ လှည်းရှေ့ တွင် ဆီးခက်ပုံကြီး။ ထွန်းညံ ဘယ်မှာနည်း။ ရီးဆေး ပြေးလာပြီး ဆူးခက်တွေ ဆွဲလှန်သည်။ မှောက်လျက် ကားကားကြီး သတိလစ်နေသော ကိုထွန်းညံ။ ဧကန္တ ဆူးခက်တွေ ရှေ့ အလျှောတွင် လူပါ လျှောကျပြီး နောက်မှ ပါလာသော ဆူးခက်များ အောက်သို့ ရောက်သွားခြင်း ဖြစ်ပေမည်။

ကိုထွန်းညံ သတိရချိန်တွင် လှည်းပေါ်သို့ မတက်နိုင်တော့ပါ။ သို့အတွက် ရီးဆေးရိုးမှာ ဆီးခက်တွေ အကုန် လှန်ချပစ်ပြီး ကိုထွန်းညံကို လှည်းပေါ် ပွေ့တင်ပေးရသည်။ သူ့လှည်းကို နောက်က ထားလျက် လှည့်ကြည့် လှည့်ကြည့်နှင့် ခရီးဆက်ရသည်။ အိမ်အပြန်မို့ နွားတွေ ဖြောင့်ဖြောင့် မလိုက်မှာ မစိုးရ။ လူသာ လျှောကျကျန်ခဲ့မှာ စိုးရသည်။ သို့အတွက် တငဲ့စောင်းစောင်း ပြန်ကြည့်ရသည်။ ကိုထွန်းညံကို ပြန်ကြည့်နေရသောကြောင့်လည်း ရမ်းဘိုကုန်းကို လေပြင်း မည်မျှ မွှေသွားသနည်း၊ အမယ်ကြီးအို ဘေးရန်မှ ကင်းပါစ တွေးရန် ပူရန် သတိမရပါတော့ချေ။ ‘အစက ငါ အပြောသားပဲကွာ’  ဟူ၍လည်း အပြစ်မတင် ရက်တော့ပါ။ အိမ်သို့ မသေမပျောက် ခေါ်သွားနိုင်ရေးကိုသာ ရီးဆေးရိုး စိတ်စောနေပါတော့သည်။

▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ပိတုန်းတစ်လှည့် ပန်းတစ်လှည့်


❝ ပိတုန်းတစ်လှည့် ပန်းတစ်လှည့် ❞
            ( ကိုစက်ဖေ )

အလွန် အဆိပ်ပြင်းသည့် မြွေတစ်ကောင်၏ မျက်ခုံးနှစ်ခု ကြားသို့ နကျယ်တစ်ကောင်က စွဲမြဲစွာ ကိုက်ခဲ၏။ မြွေက အမျိုးမျိုး လှုပ်ဖယ်ပါ သော်လည်း နကျယ်ကောင်မှာ မကွာ။ မခွာ။ အကြိမ်ကြိမ် ကြိုးပမ်းပါလျက် နကျယ်ကောင်၏ ရန်ပြုခြင်းမှာ မလွတ်မြောက်နိုင်ခဲ့။ နာကျင်မှုနှင့် ဒေါသကို ပြင်းစွာခံစားနေရစဉ် လှည်းတန်းကြီး တစ်ခုမှာ ဖုန်တထောင်းထောင်းနှင့် ချီမောင်းလာချေ၏။ မြွေသည် မည်သို့ ပြုမူပါမည်နည်း။

••••• ••••• ••••• 

၁။

ကုက္ကိုပင်ကြီးမှ ကိုင်းခြောက်တချို့သည် တိမ်သားတိမ်လိပ်တို့အား မမီမကမ်း လှမ်း၍ ကုတ်ဖြဲနေဟန်ရှိသည်။ တိမ်ပုပ်ကြားမှ လသည် နာတာရှည်ပန်းနာသည် တစ်ဦး ထွေးလိုက်သည့် သလိပ် တစ်စကဲ့သို့ ဝါဝါခဲခဲ လင်းလျက်။ ညငှက်တို့လည်း ဝစီပိတ် ပျံသန်းကြသည်။ ခွေးလေခွေးလွင့်တစ်ကောင်က မြေကမ္ဗလာ၏ အနွေးဓာတ်ကိုယူ၍ လက်ဝှေ့သမား၏ လက်သီးတစ်လုံးပမာ ခန္ဓာကိုယ်အား ကျစ်နိုင်သမျှ တိုး၍ ကျစ်ခွေနေလေ၏။ တစ္ဆေတစ်ကောင်ပင်လျှင် လမ်းလျှောက်ထွက်ရန် ပျင်းလောက်သည့် အခါကာလ ဖြစ်၏။ ထိုစဉ် တိတ်ဆိတ်မှုကို ဖြိုခွဲလာသည့် အသံတစ်သံ။

“သက်ကို .. ဆေးလိပ် ကုန်သွားပြီ၊ တစ်နေရာရာ သွားရှာစမ်းကွာ”

“အချိန်မှ မနည်းတော့ဘဲ ကိုကြီးမျိုး၊ ဆိုင်တွေ ပိတ်ကုန်လောက်ပြီ” 

ကိုမျိုး၏ မျက်နှာ တင်းမာပုံက ဘက်ထရီမီးရောင် မှိန်မှိန်ကလေး အောက်မှာပင် သိသာလှ၏။ သို့သော် အေးစက်စက်လေသံသည် အနိမ့်အမြင့် မရှိ။

“သောက်စကား မများစမ်းနဲ့၊ မင်းဟာမင်း ဘယ်က ရလာလာ ဆေးလိပ်ပါလာဖို့ပဲ။ ခုသွား၊ ကြာလို့ကတော့ ပြန်လာတာနဲ့ မင်း သိမယ်”

နားထောင် နေသည့် ကျော်ကြီး မနေနိုင်ဟန်ဖြင့် -

“ကိုဘာဘူတို့ ဆိုင်ကို သွားလိုက် ညီလေး၊ အစ်ကို ဝယ်ခိုင်းတာလို့ ပြောလိုက်ကွာ”

သက်ကို လည်း အချိန် မဆိုင်းရဲတော့ဘဲ ခွက်ကပ်လေးကို မော့ပြီးနောက် အရက် ဝိုင်းမှ ထ,သည်။ ပါးစောင်မှ ကျန်နေသည် အရက် ကို “ကျစ်” ခနဲ ထွေးထုတ်၏။ ဥတုသုံးလီ မှ လေးလီသို့ ပြောင်းကောင်း ပြောင်းလဲနိုင်သော်လည်း ကိုမျိုး၏ အကျင့် က မပြောင်းနိုင်။ မူးလာလေ ဘီလူးဇာတိ ပြလေသာ။ လမ်းနံဘေး ကွပ်ပျစ်မှ အရက်ဝိုင်းလည်း စကားသံများ ဆက်လက်ပေါ်လာလေသည်။

“အဲဒီကောင် သောက်ပေါကွ ကျော်ကြီးရ၊ ငါ့ဆီကို ဆိုင်ကယ်ပြင် လာသင်တဲ့အထဲ တော့ အထူဆုံးပဲ။ ပြီးခဲ့တဲ့ ဘုရားပွဲမှာ ကြက်ခေါ်လာတုန်းကလည်း ဒီကောင်က လိမ်ဖည်ဖည်နဲ့။ ကိစ္စပြီးတော့ ငါ့ဘာသာ ခေါင်းကို ပိုင်လို့ ပိုက်ဆံ မပေးတဲ့ ကိစ္စ။ ဒီ ကောင်က သူ့ ရှိတဲ့ ပိုက်ဆံ နှစ်ပဲခြောက်ပြားကို ဟိုကောင်မ သွားပေးတယ်။ နှစ်ချက်လောက် ထိုးလိုက်မှ ဒီကောင်မှတ်သွားတယ်”

“ဒီကောင်လေးကို ခိုင်းရတာ ဖင်ပေါ့ပါတယ် ကိုမျိုးရာ”

ကိုမျိုးမျက်နှာ တည်နေပုံက အရှိန်မကျ။

“ကျော်ကြီး၊ မင်း ငါ့သူငယ်ချင်းနော်”

“အေးပါ၊ ဟုတ်ပါတယ်ကွာ၊ အဲဒါ ဘာဖြစ်လို့လဲ”

“ငါ့ရှေ့မှာ အဲဒီကောင်လေးကို ကာဆီးကာဆီး မလုပ်နဲ့။ မင်းကို သတိပေးထားတာ”

ပြောရင်းပင် အရက်ခွက်ကို ဆောင့်ချလိုက်ရာ ခွက်ကျန်အချို့မှာ ဖိတ်တစ်ဝက် စဉ်တစ်ဝက်။ ကျော်ကြီး စကား မဆက်တော့ဘဲ အရက်ခွက်ကို ဖြည့်ပေးလိုက်သည်။ ငယ်ပေါင်းမို့ ကိုမျိုး အကြောင်းကို အူမချေးခါး အကုန် သိသည်။ လက်ယဉ်လှသည် မဟုတ်ပါလား။ ဆံပင်ညှပ်ဆိုင်ကလေး၏ ဝင်ငွေနှင့် ပုံမှန် သောက်နိုင်ရန် မလွယ်။ ကိုမျိုးက ဝင်ငွေ ကောင်းသလောက် လက်ဖွာသည်။ အထူးသဖြင့် အသောက်အစား၊ အပျော်အပါး၌ ပို၍ လက်ဖွာသည်။ အရက်နှင့် သည်းခံခြင်း လဲသောက်ခွင့် ရနေသည်ကို ကျော်ကြီး လက်မလွှတ်နိုင်။ တိတ်ဆိတ်နေသည့် အရက်ဝိုင်းသို့ ခြေသံအချို့ ခပ်သဲ့သဲ့ ဝင်လာသည်။ ကိုဘာဘူ နိုးပါစေကြောင်း ကျော်ကြီးတစ်ယောက် ကျိတ်ဆုတောင်းနေလိုက်၏။

••••• ••••• ••••• 

၂။

“မျိုးကြီး၊ အထဲက ကောင်မကို နည်းနည်းကြမ်းလိုက်စမ်းပါဦးကွ၊ အင်တင်တင် လုပ်နေတယ်”

အပေါင်းအသင်းကို ငြိုငြင်အောင် လုပ်တာမကြိုက်။ ဖရုသဝါစာ အကြမ်းစားကို တစ်တစ်ခွခွ ဆဲဆိုလိုက်ပြီး အရက်ဝိုင်းမှ ကိုမျိုး ငေါက်ခနဲ ထ,လိုက်သည်။ ကျန်သည့်လူအုပ်က လက်ခုပ်တီး၍ အားပေးကြသည်။

ကိုမျိုးက အိမ်တံခါးကို ဝုန်းခနဲ ကန်ဖွင့်လိုက်သည်။ အိမ်ထဲမှာ မှောင်နှင့်မည်းမည်း။

“သောက်ကောင်မ၊ အပျက်မ၊ နင် ဘာအချိုး ချိုးတာလဲ။ နင့်ရဲ့ ခေါင်း လှတင်ကို ငါ ပိုက်ဆံ ပေးပြီးသွားပြီ။ သေချင်လို့ မချေမငံ လုပ်တာလား”

“ကျွန်မ အပျက်မ မဟုတ်ဘူး၊ မိကောင်းဖခင်သားသမီး။ ရှင်တို့ အားလုံးကို ရဲ တိုင်မယ်” ဟူသော အမှောင်ထဲမှ မိန်းကလေး အသံတစ်သံ ထွက်လာ၏။ စကားသံ ကြောင့် ကိုမျိုးက ခွက်ထိုး ခွက်လန် ဟားတိုက်သည်။

“အောင်မယ်လေး ရယ်လိုက်ရတာ အမူးတောင်ပြေတယ်။ နင်တို့ အပျက်မတွေ အားလုံးရဲ့ လက်သုံးစကားက မိကောင်းဖခင်သားသမီး ဆိုတာပဲ။ ငမျိုး နားဝမှာ ကြား ရတာကြာလှပေါ့။ နင် ရဲစခန်းကို ရောက်ဖူးလား။ တိုင်တာနဲ့ နင် အရင်ထောင်ကျမှာ။ ရဲတွေ တစ်ယောက်ပြီး တစ်ယောက် တစ်တစ်ခွခွ မေးတာ ကိုရော နင်ကြားဖူးလား။ တရားရုံး ရောက်ရင် ပိုဆိုးသေးတယ်။ တိုင်လေ၊ သောက်ရှက်မရှိတဲ့အခွက်နဲ့ လူတွေ ကြားထဲမှာ မေးတာ ခံနိုင်ရင် တိုင်လေ။ သေအောင်တိုင်။ အပျက်မကများ ရာရာစစ”

ကိုမျိုးက စကားသံ အဆုံးမှာ အသံကြားရာဆီ ပြေး၍ သုံးလေးချက် ဆင့်ကန်လိုက်သည်။ မိန်းကလေး ဆီမှ အသံမထွက်လာ။

“သောက် ကောင်မ နောက်တစ်ခါ အင်တင်တင် အသံ ကြားရင် လှတင် ဆီကို အလောင်းပဲ ပြန်ပို့လိုက်မယ် နားလည်လား” 

မျိုးစုံအောင် ဆဲဆိုကြိမ်းမောင်းပြီးနောက် ကိုမျိုး အရက်ဝိုင်းအတွင်းသို့ ပြန်ဝင်လာသည်။ “မျိုးကြီးကွ”  ဟူသော ချီးကျူးသံကို ပြုံး၍ ခံယူလိုက်၏။

“သားကြီးတို့ ဘယ်သူ ဝင်ဦးမလဲ” ဟူသော အမေးကို မည်သူမျှ စိတ်ဝင်စားဟန်မပြ သည့်အဆုံး ကိုမျိုး၏ အကြည့်က ထောင့်မှာ ထိုင်နေသည့် သက်ကိုဆီ ရောက်သွား၏။

“ဟေ့ကောင် သက်ကို၊ လာဦး”

“ဗျာ၊ ကိုကြီးမျိုး ဘာခိုင်းမလို့လဲ”

သက်ကို ခပ်ရွံ့ရွံ့နှင့် ကိုမျိုး အနားသို့ တိုးသွား၏။ အနီးရောက်တော့ အင်္ကျီကော်လာစကို ဆောင့်ဆွဲခံလိုက်ရသည်။

“သွားတော့ အခု မင်း အလှည့်။ ငါ့ကောင်တွေ ဝ,ပြီတဲ့”

“ကျွန်တော် မသွားချင်ဘူး ကိုကြီးမျိုး၊ စိတ်မပါလို့ပါ”

ကော်လာစမှာ ပို၍ တင်းကျပ်လာ၏။

“သောက်ကြီးသောက် ကျယ်ပြောမနေနဲ့။ စမ်းကြည့်လိုက်လေ။ မင်း မလုပ်ရင် သွားကျွတ်အောင် ထိုးပြီးတော့ ငါ့ဆိုင်ကနေ ကန်ထုတ်ပစ်မယ်”

ဒေါသနှင့် အရက် ပေါင်းစပ်ထားသည့် အရှိန်ကြောင့် ကိုမျိုး၏ မျက်နှာ ခရမ်းချဉ်သီးမှည့်တစ်လုံးကို ညှစ်သဖြင့် ကွဲထွက်ခါနီးကဲ့သို့ ရဲတက်နေသည်။ မျက်နှာအား လာစဉ်သည့် တံတွေးစက်များကိုပင် သက်ကို မသုတ်ရဲသေး။ ကော်လာစ လွတ်ပြီးချိန် အိမ်ကလေးဘက်သို့ သက်ကို ဦးတည်လိုက်သည်။ ထိုစဉ် နောက်မှ ဆောင့်ကန်လိုက်သည့် အရှိန်ကြောင့် ဟပ်ထိုး ဟပ်ထိုးနှင့် တံခါးဝသို့ ရောက်သွားလေ၏။ ကွပ်ပျစ်ဆီမှ ရယ်သံ အချို့။ ပုလင်းလွတ်တစ်လုံးက လွင့်ပျံလာပြီး သက်ကို၏ ခြေထောက်အနီးတွင် ကွဲသွားလေ၏။ နောက်ထပ် ပုလင်းတစ်လုံး ဝဲမလာခင် သက်ကို အခန်းတွင်းသို့ ဝင်မှ ဖြစ်တော့မည်။

ဆီမထိုးတာ ကြာသည့် အခန်းတံခါးမှာ ခါတိုင်းထက် ကျယ်လောင်နေကြောင်း သက်ကို ထင်မိသည်။ ညကို အမှောင်က အထောက်အပံ့ ပေးလျက်ရှိ၏။ အခန်းကျဉ်းလေးမှာ မီးထွန်းမထား။ သို့သော် နေ,နေကျ ဝန်းကျင် ဖြစ်၍ ဘယ်အနား ဘာရှိမှန်း မှန်းဆနိုင်သည်။ ခုတင်က အခန်းထောင့်မှာ။ တစမ်းစမ်း သွားနေစဉ် အခန်းထောင့်မှ မီးခြစ်ကျောက်ခတ်သံ ထွက်လာပြီး မီးတောက်တစ်ခုက လက်ခနဲပေါ်လာ၏။ မီးခြစ် ကို လက်ဖြင့် ကာထားသဖြင့် မီးခြစ်ပိုင်ရှင်၏ မျက်နှာအား မမြင်ရ။ ဆံနွယ်အချို့ ပခုံးပေါ်သို့ ဝဲဆင်းနေသည်။ ဒူး နှစ်ဖက်ကို ထောင်ထားသည်။ ပြေပြစ်လှသည့် အဆက်အပေါက်နှင့် အဝတ်ဗလာမြင်ကွင်းကြောင့် သက်ကို၏ သွေးတို့ နွေးခနဲ တောက်လောင်လာ၏။ ရင်ဗလာကို တတ်နိုင်သမျှ ဝှက်လိုဟန်ဖြင့် လက်ဖြင့် ကာလေရာ မိန်းကလေး၏ မျက်နှာမှာ ပေါ်လာသည်။ မိန်းမချော တစ်ဦး။ ကလက်တက်တက်ဟန် မရှိ။ မျက်နှာပေါ်မှာ သွေးစ မခြောက်သည့် ဒဏ်ရာအချို့ ကိုပါ တွေ့လိုက်ရသဖြင့် သက်ကို သနားစိတ်ပေါ်လာသည်။ မီးရောင်ကလေးမှာ ဖျတ်ခနဲ ပျောက်ကွယ်သွား ပြန်သည်။ မျက်လုံးထဲ၌ နှစ်သက်ဖွယ် တစ်တစ်ရစ်ရစ်တို့မှာ ကွယ်ပျောက်မသွားဘဲ အတိုင်းသား ကျန်နေသဖြင့် သက်ကို လက်သီးကျစ်ကျစ် ပါအောင် ဆုပ်လိုက်မိသည်။ တံခါး ပြန်စေ့သွားသံက တအီအီ ထွက်ပေါ်လာသည်။

“အစ်ကို ကျွန်မ ရှင်းပြပါရစေ။ ကျွန်မ မိကောင်း ဖခင်သားသမီးပါရှင်”

ထို စကားသံမျိုးကို သက်ကို မကြာခဏ ကြားဖူးနေကျ။ ခုတင်ခြေရင်းမှာ သက်ကို ထိုင်ချလိုက်တော့ နောက်ဆုတ်သွားသည့်အသံကို ကြားရသည်။ အမှောင်သည် အမိုက်သို့ တွန်းပို့လျက် ရှိ၏။ သက်ကို မလှုပ်ရဲသေး။ အခြေအနေကို စောင့်ကြည့်နေလိုက်သည်။

“ကျွန်မ ခိုးရာလိုက်လာတာပါ။ ဒီရောက်မှ မကောင်းတဲ့ ဘဝဆီ ခေါ်လာမှန်း သိရတာပါ။ ကျွန်မရဲ့ အဝတ်တွေကိုလည်း သိမ်းထားတယ်။ ကျွန်မ ထွက်ပြေးလို့ မရဘူး။ ကျွန်မ အရမ်းလည်းပင်ပန်းနေပြီ။ လူရမ်းကားတွေ ရှစ်ယောက်တောင် ရှိနေပြီ။ ကျွန်မကို သနားပါရှင်”

ငိုသံရောရောနှင့် မိန်းကလေး၏ အသံမှာ တိုးရှကွဲ အက်နေသည်။ သည်ဖြစ်ရပ်မျိုး တကယ်ပဲ ရှိနိုင်သည်လား။ သက်ကို မတွေးချင်တော့။ ခဏမျှ ငြိမ်သက်နေလိုက်သည်။ အိမ်မှာ ကျန်ခဲ့သည့် နှမလေး သက်ရီ၏ အရွယ်သာသာ။ သက်ကို ၏ စိတ်တွေ အလိုလို လျော့ကျသွားသည်။

“ကျွန်တော့်ကို ခဏလောက်တော့ ထိုင်ခွင့်ပေးပါ။ ဘာမှ မလုပ်ပါဘူး။ ခင်ဗျား သက်သာသလိုနေပါ”

သက်ကို သက်ပြင်းမော ချကာ ဆက်ထိုင်နေလိုက်သည်။ ငိုသံကျိတ်ကျိတ်က ပေါ်လာပြန်သည်။ ထို့နောက် အံကြိတ်သံ တစ်ချက်၊ ထို့နောက် ပြင်းထန်ကျယ် လောင်လှသည့် တောက်ခေါက်သံ တစ်ချက်။ တောက်ခေါက်သံကြောင့် သက်ကို လန့်ဖျပ်သွား၏။ ကျယ်လွန်းသဖြင့် အိမ်ရှေ့က ကြားသွားမည်ကိုပင် စိုးရိမ်မိသည်။ ကြံရာ မရသည့်အဆုံး၌ ခါးက လုံချည်ကို ချွတ်ကာ မိန်းကလေး ရှိရာသို့ မှန်း၍ ပစ် ပေးလိုက်ပြီးလျှင် ...။

“ကျွန်တော် ဒီမှာ ခဏ နေမယ်နော်။ ခင်ဗျား အိမ် ပြန်ရောက်ပါစေဗျာ။ ကျွန်တော့် ပုဆိုးရဲ့ ချုပ်ရိုးထဲမှာ ဝှက်အိတ်ကလေး တစ်ခု ရှိတယ်။ အဲဒီမှာ ပိုက်ဆံနည်းနည်းပါတယ်။ လမ်းစရိတ် တော့ ရမှာပါဗျာ။ ပုဆိုးကို ဝတ်ထားလိုက်ပါဦး”

အသံတွေ တိတ်မှ သက်ကို ဘောင်းဘီတိုလေးနှင့် အပြင်ထွက်လာသည်။ ရှိုက်သံသဲ့သဲ့က နောက်မှာ ကျန်နေခဲ့သည်။ ဘက်ထရီမီးရောင် အောက်က ကွပ်ပျစ်လေးပေါ်၌ တုံးလုံးပက်လက်ဖြင့် နဂါးမင်းနှင့် သိကြားမင်း စည်းစိမ်အား ပေါင်းစပ်ခံစား နေကြသည့် လူအချို့ကို သက်ကို တွေ့ရသည်။ ကိုမျိုး၏ အိမ်ကလေးအား ကျောခိုင်း ထွက်လာခဲ့တော့သည်။

••••• ••••• ••••• 

၃။

“သက်ကိုရေ ... သက်ကို”

ခေါ်သံ ကြားသဖြင့် သက်ကို ခေါင်းထောင်ကြည့်မိသည်။ ဘယ်အရပ်ကမှန်း ရုတ်တရက် မမှန်းတတ်။ သက်ရီ၏ ပြန်ထူးသံကို ကြားရသည်။ သက်ရီ ကျောင်းသွားပုံ မရသေး။

“ရှန် ... အစ်ကို အိပ်နေတယ် ကိုကျော်ကြီးရေ၊ ညက ဘယ်အချိန် ပြန်လာမှန်းတောင် မသိပါဘူး”

အိပ်ချင်မူးတူးဖြင့် သက်ကို ထ,လာပြီး ရေတစ်ခွက် သောက်သည်။ ကျော်ကြီး ပုံက အူယားဖားယား နိုင်လှသည်။

“ထ , ဦးဟ သက်ကို ရ။ မင်းကို တွေ့မှ ငါစိတ်အေး သွားတယ်ကွ”

“ဘာဖြစ်လို့လဲ ကိုကျော်ကြီး”

ကျော်ကြီး က ပြန်ဖြေမည် ပြုပြီးမှ ရုတ်တရက် လက်ကို ဆွဲကာ အိမ်ရှေ့သို့ ခေါ်သွား သည်။ နေတောင် အတော်ရင့်နေပြီ။ မွန်းတည့်နီးပါး နေက မျက်နှာထိုးသဖြင့် ရုတ်တရက် မျက်လုံး မဖွင့်နိုင်။ သက်ရီ နေ့လယ်ကျောင်းဆင်း၍ ထမင်းစားပြန်လာတာ ဖြစ်နိုင်သည်။ ကိုကျော်ကြီး မှာ သက်ရီ မကြားစေချင်သည့် စကား ရှိပြီ ထင်၏။

“မင်းကလည်း ပုဆိုးတောင် မရှိပါလားဟ” 

“ထားပါ ကိုကျော်ကြီး ရာ၊ ဘာပြောစရာ ရှိလို့လဲ”

“ငါ မနက် ဈေးထဲမှာ ကြားလိုက်ရတယ်ကွ၊ ကိုမျိုးတို့ အုပ်စု အဖမ်းခံလိုက်ရတယ် ကြားတယ်။ အာမခံတောင် မရဘူး။ မုဒိမ်းမှုတဲ့။ မင်းရဲ့ ဆရာ ဆိုတော့ မင်း ပါပြီ ထင်တာ။ အခု မင်းကို တွေ့ရမှပဲ စိတ်ချမ်းသာသွားတော့တယ်”

ရင်ထဲမှာ တဒိန်းဒိန်း ခုန်ပြီး တုန်လှုပ်သွား၏။

“ဘာဖြစ်တာတဲ့လဲဗျ၊ လန့်လိုက်တာဗျာ”

“ညက ကိုမျိုးတို့ ကောင်မလေး တစ်ယောက် ခေါ်လာတယ် ဆိုလားကွာ။ အဲဒီ ကောင်မလေးက ခေါင်းကို လူကောင်း ထင်ပြီး ခိုးရာ လိုက်လာတဲ့ ကောင်မလေးတဲ့ဟ။ ပြန်လည်း လွတ်ရော အမှတ်သုံး ရဲစခန်းမှာ ချက်ချင်း အမှုဖွင့်တာ”

ကျော်ကြီး က ဆက် ပြော၏။ သက်ကို အသက်ရှူရ ကျပ်လာသည်။

“အေး ... ဆံပင်ညှပ်နေကျ ရဲတစ်ယောက်က ပြောသွားသေးတယ်။ ပါတဲ့ ကောင်တွေကို ဖမ်းပြီး စစ်တာကွ။ ကောင်မလေးက သက်သေခံပေးတယ်။ မျက်နှာတွေကို မီးခြစ်နဲ့ ခြစ်ပြီး မှတ်ထားတာတဲ့ကွ။ ကိုမျိုး နဲ့ သူ့ကောင်တွေ အကုန် ပါသွားတယ်။ ခေါင်းရော ဆိုရင် ကိုးယောက်တောင်ပဲ။ အကုန် ထောင်ကျမယ့် သဘောရှိတယ်။ ကောင်မလေးရဲ့ မိဘတွေကလည်း အထည်ကြီးတွေထဲကတဲ့”  

ကိုကျော်ကြီး ဘာတွေ ဆက်ပြောမှန်း မသိ။ မကြား တစ်ချက် ကြား တစ်ချက်။ သက်ကို နှမလေးအား ကျေးဇူးတင်လိုက်မိသည်။ နှမလေးကို မတွေးမိလျှင်ဖြင့် ...၊ ဟိုမိန်းကလေး ကတော့ လူ ကြားထဲမှာ ဖြေချရမည့် အရှက်ကို စွန့်၍ လူတစ်စုအား လက်စားချေ သွားလေပြီ။

••••• ••••• •••••

၄။

မြွေသည် နာကျင်မှုနှင့် ဒေါသကို ပြင်းစွာခံစားနေရစဉ် လှည်းတန်းကြီး တစ်စုမှာ ဖုန်တထောင်းထောင်းနှင့် ချီ မောင်းလာချေ၏။ မြွေသည် မည်သို့ ပြုမူပါမည်နည်း။ လှည်းဘီး အောက်သို့ ခေါင်းခံလျက် မြွေသည် မိမိ အသက်ကို စွန့်၍ နကျယ်ကောင်သေမည့်လမ်းကို ရွေးချယ်လိုက်လေတော့၏။

▢  ကိုစက်ဖေ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      စက်တင်ဘာ ၊ ၂၀၁၈

Tuesday, August 18, 2026

ကကြိုးပျက် အပြုံး


❝ ကကြိုးပျက် အပြုံး ❞
       ( လွမ်းရင့်ပိုင် )

“မပု နင့်သမီးက ပထမနှစ် တက်နေတာနော်။ ဒေးလား၊ အဝေးသင်လား”

“ဒေးမထားပါဘူး အစ်မရယ်။ မတတ်နိုင်လို့တော့ မဟုတ်ပါဘူး။ အခုခေတ်က အစ်မလည်း သိတဲ့ အတိုင်းပဲလေ”

“ဟုတ်ပါ့၊ ဟုတ်ပါ့။ ဘာထားထား ပွေရှုပ်ချင်တဲ့ သူကတော့ တားမရပါဘူးအေ။ အသိတရား ရှိဖို့သာ အရေးကြီးဆုံးပါ”

“တစ်ထောင်ဖိုး နှစ်ထုပ်”

“ဒီကို အစုံနောက်တစ်ပွဲ ထပ်ထည့်ပေးပါဦးဗျို့”

“ဟေး မိန်းမ။ အောက်က ကျွမ်းကုန်တော့မယ်။ အမြန် ဆယ်ပါကွ။ ဟိုမှာ လူကျနေတာ လက်မလည်တော့ဘူး”

မှာသံ၊ အော်သံတွေကြောင့် ယောက်ျားဖြစ်သူ လက်ကုတ်ကာ လာပြောတော့မှ အပေါ်အောက် ခပ်မြန်မြန် လှန်ဆယ်လိုက်ရတယ်။ ဒီနေ့ ပိတ်ရက် တနင်္ဂနွေနေ့မို့ထင်တယ် ကြော်ပြီး ဗန်းထဲ အရောက်မခံဘဲ တန်းရောင်းနေရတယ်လေ။

“ယောက်ျားရေ မိန်းမ ဈေးသွားဝယ်ဦးမယ်။ ကြည့်ကြက်ပြီး ရောင်းထားလိုက်။ အမြန်ပြန်ခဲ့မယ်”

ဒီအချိန်က လူပါးတော့ လိုအပ်တာတွေဝယ်ဖို့ ကျွန်မ ကား တားစီးပြီး ထွက်လာခဲ့လိုက်တယ်။ ခါတိုင်း သမီးရှိတော့ အဆင်ပြေတယ်။ ဒီနေ့တော့ ကျောင်းသွားတော့ ကျွန်မတို့ လင်မယား အချိန် မနည်းလု ရောင်းနေရတယ်။ ဒါကြောင့်လည်း အကြော်ကြော်ရင်း ဝတ်နေကျ အဖာအရာ ဗရပွ လုံချည်နဲ့ ခပ်နွမ်းနွမ်း တွန့်ကြေပြီး မုန့်နှစ်တွေ ပေပွနေတဲ့ အင်္ကျီကိုတောင် လဲမလာခဲ့မိဘူးလေ။ ဈေးလာဝယ်တာကလည်း မြန်ပါတယ်။ ခုပဲကြည့်။ ပုံမှန်လို ဝယ်နေကျ ဆိုတော့ လူမြင်တာနဲ့ ထည့်ပြီးနေပြီ။ ကျသလောက် ရှင်းပြီးတာနဲ့ ဈေးခြင်းတောင်း ဆွဲပြီး ကားမှတ်တိုင်ဆီ သုတ်သုတ်လေး လှမ်းလာခဲ့လိုက်တယ်။

“ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ကြိုပို့ယာဉ်”

ကျွန်မ ရှေ့ ထိုးရပ်လာတဲ့ ကြိုပို့ယာဉ်တစ်စီးရဲ့ အရှေ့ကစာတန်းလေး ဖတ်နေရင်းနဲ့ တက်ပဲလိုက်ရတော့မလို၊ နေပဲကျန်ရစ် ခဲ့ရတော့မလိုလို ဒွိဟ အတွေးနှစ်ခုက ထိုးဝင်လာတယ်။ ကျောင်းကားတွေ ဆိုတာကလည်း သတင်းက မွှေးလို့။ ပိုဆိုးတာက ဒီကားပေါ်မှာ ပါနေတာက ကျွန်မရဲ့ သမီးလေး။ မမြင်ချင်တဲ့ မြင်ကွင်းမျိုး တွေ့ရမှာ စိုးပေမယ့် အိမ်ပြန် နောက်ကျမှာ စိုးတဲ့စိတ်နဲ့ ကားအပေါ်တက်ကာ လိုက်ပါလာခဲ့မိပါတယ်။ ကားအပေါ်ကို မကြည့်ဖို့ ကြိတ်မှိတ်နေပေမယ့် မျက်စိအစုံက တားမရ။ ဟိုဟိုဒီဒီ ကြည့်နေမိတယ်။ ဟော ဟိုနေရာ စုံတွဲ၊ ဒီနေရာ စုံတွဲ။ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားမိတာက ကျွန်မသမီးလေး အဲဒီအတွဲတွေထဲမှာများ ပါနေမလား။ ဒီတစ်ခါတော့ သာမန်ကာ လျှံကာ မဟုတ်တဲ့ မျက်လုံးက ကျီးကန်းတောင်းမှောက် ကြည့်ကာ ရှာနေမိတယ်။ ဟော .. တွေ့ပါပြီ။ ကျွန်မရဲ့ နံဘေး တစ်ခုံကျော်မှာ သမီး ထိုင်နေတယ်။ တော်ပါသေးရဲ့။ သူ့ဘေးမှာက ကောင်မလေး တစ်ယောက်။ ကျွန်မ အတော် ဝမ်းသာသွားမိတယ်။ ကျွန်မ ထင်သလို မဖြစ်ခဲ့လို့လေ။ အဲဒါနဲ့ ကျွန်မလည်း သမီး မြင်သာတဲ့ ထိုင်ခုံအနား အသာလှမ်းပြီး ရွေ့လိုက်မိတယ်။ အဲဒီအချိန် သမီးလေး ကျွန်မဘက် လှည့်ကြည့်တယ်။ ကျွန်မ ပိုင်ဆိုင်တဲ့ အပြုံးချိုချိုလေး ပြုံးပြလိုက်တယ်။ သမီးလေး အကြည့်က ကျွန်မနဲ့ လားရာ မတူတဲ့ဘက် ခပ်မြန်မြန် ပြန်လှည့်သွားလေရဲ့။ ဟာခနဲ ဖြစ်သွားတဲ့ ရင်အတွင်းမှ ကျွန်မ နှုတ်ဖျားကို အသက်မဲ့တဲ့ စကားလုံးတချို့ ခုန်ဆင်း သွားစေတယ်။

“သမီးရယ် အမေ ပြုံးပြနေတယ်လေ”

▢ လွမ်းရင့်ပိုင်
📖 မဟေသီ မဂ္ဂဇင်း
      ဧပြီလ ၊ ၂၀၂၀

လူကလေး ငိုရှာရော့မည်

❝ လူကလေး ငိုရှာရော့မည်❞
( ဆင်ဖြူကျွန်းအောင်သိန်း )

ရီးဆေးရိုးတွင် ရောဂါတစ်ခု စွဲကပ်လာ၏။ သည် ရောဂါ မည်သည့်အချိန်က စတင် ကပ်ငြိသည်ကို သူလည်း မသိ။ အခြားသူများလည်း သတိမထားမိ။ ထို ကပ်ငြိလာသော ရောဂါမှာ သူ့မြေး မောင်ကိုကြီးကို သူ ကြည့်၍ မရသော ရောဂါပေတည်း။

မောင်ကိုကြီးသည် အဋ္ဌမတန်း ရောက်နေပြီ။ လူကြီးတွေထဲ ဝင်ဝင်ပြော၏။ သူ့စကားတွေမှာ ကလေးစကားပေမယ့် မှတ်သားစရာပါ၏။ သတိပြုစရာပါ၏။ သို့ကြောင့် လူကြီးတွေထဲ ဝင်ရှုပ်သည်ကို ရီးဆေးရိုး ကြည်ဖြူမိရိုး အမှန်။ ဂုဏ်ယူရိုး အမှန်။ ဆံပင်ရှည်ကြီးကို မဖြီးမသင် ဆီမလိမ်းဘဲ လက်ဖြင့် သပ်သပ်နေ၏။ ဤသည်ကိုလည်း “ ငါတို့တုန်းကတောင် သူ့ဘာသာသူ ထုံးလို့ရတဲ့ ဆံပင်ကို ပန်းစည်းကြိုး ‘ပေါင်’ ပြီး ထုံးကြသေးတာပဲ” စာနာစိတ်ဖြင့် ခွင့်လွှတ်၏။ ပုဆိုးကို အရှည်ကြီး ခွေးချေးသိမ်း ဝတ်သည်။ ဤသည်ကိုလည်း ကိုယ်နှင့်နှိုင်း မရိုင်းစိတ် မွေးကာ ရီးဆေးရိုး စာနာခွင့်လွှတ်သည်။ သို့ဖြစ်ငြား ‘ဥပန်း’ ကြက်ကြီး တပိုက်ပိုက် လုပ်နေခြင်းကိုကား ခွင့်မလွှတ်ပေ။ ကြည့်ရင်း ကြည့်ရင်း မျက်မုန်းကျိုးလာသည်။ အမြင်ကတ်လာသည်။

“လူလေး၊ မင့်ကြက်ကြီး အိမ်ဝိုင်းထဲ ယူမလာနဲ့ကွာ”

ပထမဆုံးအကြိမ် ကြက်ပိုက်လာချိန်က ပြောခဲ့သောစကား။

“ဘာပြုလို့လဲ ဘရဲ့”

“ဖဲသမားတစ်ယောက်၊ ကြက်သမားတစ်ယောက် ဘယ်တော့မှ မကြီးပွားလို့ပဲ လူကလေး။ ပြီးတော့ စာကို အသေအလဲ ကြိုးစားရမယ့် ရှစ်တန်း မဟုတ်လား သားရဲ့”

“အလှမွေးတာပါ ဘရာ”

သည်ဆင်ခြေမျိုး လာလိမ့်မည် ကြိုတင် သိထားပြီးမို့ သွားမရှိသော သွားဖုံးကြီးတွေ ဖော်လျက် ရီးဆေးရိုး ပြုံး၏။

“အဲဒါကစပြီး ကြက်သမားစိတ် ဝင်လာလိမ့်မယ်ကွာ။ မီးဆိုတာ မလောင်ခင်က တားရသတဲ့။ သွားသွား တစ်ယောက်ယောက်ကို ရောင်းပစ်လိုက်”

မောင်ကိုကြီး ချာခနဲ နွဲ့ယိမ်းသွားလေ၏။ ဟင် ရောင်းနိုင်ပါဘူး ပြောသည့် သဘော။ ကလေးဆန်ဆန် ရှိသေးသော အမူအရာကို ရီးဆေးရိုး ငေးမောနေဆဲမှာပင် ကြက်ပိုက်ပြီး မောင်ကိုကြီး ပြေးထွက်သွားလေ၏။ ပြေးသွားသော်ငြား သူ့ဘ၏ မျက်ခြည် စက်ဝန်းမှ မောင်ကိုကြီး မလွတ်ပါ။ ဘတို့၊ အမေကြီးတို့ အိမ်ကို သူမလာဘဲ မနေနိုင်ပါ။ မနေနိုင်ရုံသာမက ကြက်ကိုပါ အိမ်မှာ လာထားပြီ။ သည်အခါတွင်မူ ရီးဆေးရိုး၏ အသံ မိုးချုန်းသံနှယ် ထန်သည်။ မျက်နှာထားလည်း ခက်ထန်နေသည်။

“ဟေ့ကောင်သွား ၊ ဒီကြက် တပိုက်ပိုက်နဲ့ဆိုရင် ငါ့အိမ်ဝိုင်းထဲ ဘယ်တော့မှ မလာနဲ့”

ချစ်ရ အားကိုးရသော ဘ ထံမှ ကျောက်တောင်ကြီး ပြိုကျလာသံ၊ ပညောင်ပင်ကြီး တော်လဲသံဖြင့် နှင်ထုတ်လိုက်သောအခါ မောင်ကိုကြီးမှာ အံ့အားသင့်လျက် ငေးကြောင်နေ၏။ ခိုလှုံစရာအားကိုးမဲ့သော မျက်နှာကလေးဖြင့် ကျီးကြည့်ကြောင်ကြည့် ကြည့်နေရှာ၏။ သည်ပုံကို မြင်ရသည့် ရီးဆေးရိုးမှာ သနားတော့ သနားမိသား။ စိတ်မကောင်းခြင်းကြီးစွာလည်း အဖြစ်မိသား။ သို့ရာတွင် စိတ်ကို တင်းလိုက်သည်။

“ပြောနေတာ မကြားဘူးလား”

“သားလေးလာ၊ သားလေးလာ၊ နောက်ဖေးကိုလာ”

ရီးကျီးဒန့် အသံပါ။ မောင်ကိုကြီးသည် ကွင်းခေါင်ခေါင်တွင် ခိုကိုးရာမဲ့နေရာမှ ဇရပ်တစ်ဆောင် မြင်လိုက်ရဘိသို့ အပြေးကလေး ထွက်သွားလေ၏။ ရီးဆေးရိုးသည် မောင်ကိုကြီးအား ပစ်ခတ်ဟန် ခြိမ်းခြောက်သည့်သဘောဖြင့် ကောက်ကိုင်သော ဓားမောက်ကို ဒိုင်းခနဲ ပစ်ချလိုက်သည်။ တစ်ယောက်က လက်ဖြင့် ရေးသည်ကို တစ်ယောက်က ခြေဖြင့် ဖျက်သလောဟု ရီးဆေးရိုး စိတ်ဆိုးသွားပြီကို ရီးကျီးဒန် သိ၏။ သိသည့်အလျောက် အနားသို့ ချက်ချင်း ရောက်လာ၏။ အသံနှိမ့်ပြီး ရှင်းပြ၏။

“ဒီကြက်ကို အိမ်မှာ မထားရဘူးဆိုပြီး ရိုက်လွှတ်လို့ ဒီကို ရောက်လာတာတော်ရဲ့”

“ကောင်းတယ်”

“ခမျာများမှာ မိဘက လွဲရင် အားကိုးစရာဆိုလို့ ဒီအမေကြီးနဲ့ ဒီအဘပဲ ရှိတဲ့ဥစ္စာတော်”

“အတန်ကြာရင် သူတို့သားကို ငါတို့ ဖျက်တယ် ဖြစ်မယ် ကျီးဒန်။ မျက်မွေးတစ်ဆုံး မကြည့်နဲ့၊ မျက်စိ တစ်ဆုံးကြည့်”

မောင်ကိုကြီးအမေ မချောစိန် ကလည်း ဖအေကိုသာ ကြောက်ငြား၊ မအေကိုကား အရိုအသေ ခပ်တန်တန်။ အငေါ်တူးသည်၊ ငေါ့သည်၊ ထေ့သည်။ ကုန်ကုန်ပြောရလျှင် မအေတစ်ခွန်း သူတစ်ခွန်း ရန်တွေ့လား တွေ့တတ်သူ။ ရီးဆေးရိုးက သည်အချက်ကို ရည်ညွှန်းငြား ရီးကျီးဒန် မလျှော့သေးပါ။

“ချော့ချော့မော့မော့ ကျုပ် ပြောပါ့မယ်တော်၊ တခြား သွားထားရင် မမြင်ကွယ်ရာမှာ ဖြစ်ချင်ရာတွေ ဖြစ်ကုန်မှာပေါ့”

သည်စကားမှာ ငြင်းစရာ မရှိအောင် မှန်လှသဖြင့် ရီးဆေးရိုး ငြိမ်သွားသည်။ ငြိမ်သွားငြား ကြက်မုန်း စိတ်မူ ပြယ်မသွား။ သည်မှ စတင်၍ ကြက်ပိုက်သော လူကို ရွံရှာရာက မြေးကိုပါ မုန်းတီးလာခြင်းဖြစ်ဟန် တူပေ၏။

••••• ••••• •••••

“အဖေရေ၊ အဖေ့မြေး ကြက်တကိုင်ကိုင်နဲ့ ကြည့်ပြောပါဦး၊ ရှစ်တန်းဆိုတာ အစိုးရစစ်စာမေးပွဲတဲ့”

မိမိသားကို မိမိ မဆုံးမဘဲ ဘိုးအေကို လွှဲချရသလောဟု ရီးဆေးရိုး စိတ်တိုချင်၏။ သို့ဖြစ်ငြား သူ့ အသိတရားတွင် သတိထက်ကြပ်ကပ်နေသဖြင့် ပါးစပ်ထဲ ရောက်လာသော စကားသည် ချက်ချင်း ထွက်မလာ။ သို့လျှင် ထွက်မလာခြင်းသည် ကောင်း၏။ ထွက်မလာသည့်အတွက် ချင့်ချိန်ရန် အချိန်ရ၏။ ထိုအခါ ‘ဟုတ်သားပဲ၊ ကြက်ကို လာလာပိုက်တာက တို့အိမ်မှာ မဟုတ်လား၊ သူ့မိဘက ပြောတော့ကော သူလိမ်မှာပေါ့’ တွေးတောခွင့်ရသည်။ သို့ဖြင့် ဘာမျှ ပြန်မပြောဖြစ်တော့ချေ။

မှာထားသည့် အလားပင်၊ မောင်ကိုကြီးသည် ကျောင်းမှ ပြန်လာရာတွင် အိမ်သို့ ဖြောင့်ဖြောင့်တန်းတန်း မပြန်ဘဲနှင့် အမေကြီးအိမ်ကို ဝင်သည်။ လွယ်အိတ်သော်မျှ မချဘဲ ကြက်ကို ပိုက်နေသည်။ ကြက်ပိုက်နေသည်မှာ ရိုးရိုးမဟုတ်။ ကြက်ခြေထောက်ရှိ အတက်ရာ ပြောင်းဖူးစေ့ကလေးကို သံပြားဖြင့် ခြစ်နေသည်။

“လူလေး၊ ဘာလုပ်တာလဲကွ”

ရုတ်တရက်မို့ မောင်ကိုကြီး အ ခနဲ ဖြစ်သွား၏။ ရီးဆေးရိုးသည် ကောက်လှိုင်းလက်ကျန်များ စုပုံနေသောဘက်သို့ လျှောက်သွားရာက လည်ပြန်လှည့် ကြည့်ရင်း “ဟေကွ” ဟု ထပ်မေးသည်။

“ဟို ရွှံ့တွေပေနေလို့ ခြစ်ချနေတာ ဘရဲ့”

ကောက်လှိုင်းတွေကို ပုတ်သာပုတ်နေရ ရီးဆေးရိုး စိတ်ထင့်နေသည်။

တစ်ဆုပ်ပြီးတစ်ဆုပ် တစ်လှိုင်းပြီး တစ်လှိုင်းပုတ် နေရင်း မသိမသာ အကဲခတ်၏။ သူ့မြေးသည် ဥပန်း၏ အတောင်အောက်တွင် လက်ထားကာ လက်နှစ်ဖက်ဖြင့်  ‘ထွာ’ နေသည်။

သို့ဖြင့် မြေးပြန်ချိန်တွင် ရီးကျီးဒန်ထံ စုံစမ်းရ၏။

“ညည့်မြေး မနက်မနက် ကြက်ကို လာကိုင်တာ မြင်သလား”

“မြင်သားပဲ”

“ရေကိုင်တာရော မမြင်ဘူးလား”

“ဘာလဲ ရေကိုင်တယ် ဆိုတာ”

“ကြက်ရဲ့ပေါင်ကို ရေဆွတ်ပြီး ဆုပ်ဆုပ်ပေးတာကို ပြောတာဟ”

“မြင်ပါ့တော်”

ရီးဆေးရိုးသည် ဟိုဟိုသည်သည် ကြည့်၏။ မမြင်သောကြောင့် “အဲဒီကြက် ဘယ်မှာလဲ” မေး၏။

ရီးကျီးဒန် မဖြေ။

“ဘာလုပ်ဖို့လဲ” သာ ပြန်မေးလေသည်။

“မဖြစ်ဘူး ကျီးဒန်၊ ညည့်မြေး ကြက်သမား ဖြစ်တော့မယ်။ စောစောက မရှိသေးတဲ့ အတက်ကို ချွန်နေတာ၊ ကိုယ်ကို အထွာတိုင်းတာမြင်လို့ မသင်္ကာတာနဲ့ မေးတာ။ မကြာခင်မှာ ယာခင်း တစ်ခုခုထဲ သွားပြီး အလောင်းအစားနဲ့ တိုက်တော့မှာ သေချာတယ်”

“အပျော်နေမှာပါတော်”

“အပျော် ဟုတ်လား၊ အပျော်ကနေ ‘အလျော်’ ကို ရောက်သွားတာလေ မှတ်မိသေးလားဟင်၊ ဒီမှာ”

အပြောဖြင့် မဟုတ်၊ ထန်းစေ့မှုတ်ရွယ် သျှောင်ထုံးဘေးက ဆံပင်ကို ဖြဲပြသည်။ နှစ်ပေါင်း ငါးဆယ်ကျော် ကြာညောင်းပါလျက် ဆံပင်မပေါက်သော ဒင်္ဂါးအရွယ် အမာရွတ်ကြီး။

••••• ••••• •••••

ထိုနေ့က ကြက်ပွဲမှာ တကယ့် ပွဲကြီးပွဲကောင်း။ တာလမ်းမှ လှမ်းကြည့်လျှင် မြင်နေရသော နေရာ ဖြစ်ငြား သရက်ပင်များ အရိပ်ကောင်းလွန်းသည့်အတွက် ရုတ်တရက် မသိသာပေ။ အကယ်၍ ဖမ်းဆီးမည့်လူ လာစေဦးတော့၊ ပြေးစရာ ပုန်းစရာ ‘ဘုရားငါးဆူတော’ က အသင့်။ သည်ပွဲတွင် မိန်းမတွေလည်း ပါသည်။ ပါသည့် မိန်းမတွေထဲတွင် မကျီးဒန်လည်း တစ်ယောက် အပါအဝင်။

သည်အချိန်တုန်းက ညားခါစ လင်မယားမို့ အပူအပင် မရှိ။ ယောက္ခမအိမ်ခြေရင်းတွင် ‘အဖီ’ ချနေရသည်ကိုပင် ရွှေဘုံရွှေနန်း ထင်နေချိန်။ ကိုဆေးရိုး၏ ယောက္ခမသည် သူ့သမက် ကြက်ကိုင်နေသည်ကို မြင်၏။ ရိုးရိုးပဲ တွန်သံနားထောင်ချင်၍ မွေးသည် ထင်ပြီး မတားမြစ်ပေ။ ကိုဆေးရိုးကလည်း အမှန်ပင် တိုတိုတောင်းတောင်းတွန်သော ‘ပုဆိန်ပေါက်’ တွန်သံကို နားဆင်လိုသဖြင့် မွေးခဲ့သည်ပင်။ သို့သော် ကိုအောင်မြက စသည်။

“ဟေ့ အမြီး တံစဉ်ကောက်တဲ့ကွ၊ မင့်ကြက်မှာ ခြေရှိတယ်၊ ခွပ်လက် ပြကြည့်ရအောင်”

စကားဖြင့် တို့သည်။

ကိုပိတ်စကလည်း

“အသံကလည်း ပုဆိန်ပေါက်ကွ၊ ကြက်ကောင်း ပိုင်ရင် သူဌေးဖြစ်နိုင်တယ် မောင့်”

သွေးထိုးပေး၏။ ဤသို့ဖြင့် အိမ်တကာ့အိမ် လျှောက်သွားနေသော ကိုဆေးရိုး၏ မောက်လုံးကလေးသည် ပွဲတိုးဖူးသော မောက်ပြားကြီး တစ်ကောင်နှင့် ခွပ်လက်ပြမိလေ၏။ စင်စစ် ကိုအောင်မြနှင့် ကိုပိတ်စတို့က ကိုဆေးရိုးအား ဘူးသွင်းလိုက်ခြင်းသာ။

ထိုအချိန်မှ စ၍ ကိုဆေးရိုးသည် ကြက်ကို ကြိုးချည်တော့သည်။ အိုးလည်ပင်းပြတ်ပေါ် အဝတ်ဖုံးပြီး အဝတ်ထဲတွင် အစာထည့်ကာ ကြက်စာ ကျွေးသည်။ နံနက်တိုင်း ရေမှန်မှန် ကိုင်သည်။ ဤသည်ကို မကျီးဒန် တားမြစ်ရန် သတိမရ။ ကြက်နီနီကြီးကို ပွေ့ကာ ကျောပြောင်ကြီးဖြင့် သျှောင်ထုံးကြီး ကပိုကရိုဖြင့် ဆုပ်နယ်နေပုံ၊ သနေပုံကိုပင် မိုးကျနတ်သား ထင်နေခဲ့၏။

လယ်ပြင်သွားချိန်၊ ထွန်ဖြုတ်ပြန်ချိန် စော၏။ ရေယူမိုးယူထက် ကြက်ကို အာရုံကြီး၏။ နွားတွေ အတွက် နွားစာပင် လုံလောက်အောင် မစဉ်းငြား၊ ကြက်တာဝန်မူ မပျက်ချေ။ ကိုဆေးရိုးမှာ တဖြည်းဖြည်း ကြက်သမား ဖြစ်လာ၏။ လောင်းကစားသမားတို့ ထုံးစံမှာ နိုင်လျှင်လည်း နိုင်သောကြောင့် ပျော်ပျော်ပါးပါး သောက်စား၏။ ရှုံးသောအခါတွင်လည်း စိတ်ညစ်ပြေရန် သောက်ပြန်၏။ ထိုအခါ ‘ရှင်တော်ဟောသည့် အဆိပ်ရည်’ ကိုလည်း သောက်တတ်လာပြီ။ မကျီးဒန်မှာ အိတ်ထဲမှ တစ်ပြားမျှ မထွက်သည့်အပြင် မကြာခဏ ‘ရော့ ငါးကျပ်၊ ရော့ တစ်ဆယ်’ ရသည့်အတွက် ကျေနပ်နေခဲ့သူ ဖြစ်ရကား ပွဲကြီးပွဲကောင်းနေ့သို့ သူပါ လိုက်ပါလာသည်မှာ မထူးဆန်းချေ။

စည်းဝိုင်းထဲသို့ လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်တည်း ကိုးဆေးရိုး၏ မောက်လုံးကြီးက တရကြမ်း ခွပ်တော့သည်။ ခွပ်သမျှမှာလည်း ချက်ကောင်းချည်း ထိရာ တစ်ဖက်ကြက် မောက်ပြားကြီးမှာ ‘ကရော့’ ခနဲ မကြာခဏ အော်ရှာ၏။ အော်ရာက ပြန် ခွပ်ငြား မထိ။ တစ်ချီသာ ရှိသေးသည်။ ကြွေတစ် လက် ကြက်တစ်ခုန်စကားရှိပါလျက်နှင့် မောက်လုံး ဘက်မှ ‘တစ်ဆယ် တစ်ကျပ်’ ခေါ်သည်ကို မောက်ပြားဘက်မှ တစ်ကျပ် လိုက်ရဲသူ မရှိ။ သုံးချီသုံးလားမှ ခံပါ့မလား တွက်သူချည်း။ သို့လျှင် တွက်ကြငြား မောက်ပြားကြီးမှာ ခံနိုင်ရည်ရှိ၏။ လေးချီလည်း မပြေး၊ ငါးချီလည်း မလဲ။ မလဲမည့်သာ မလဲသည်၊ မပြေးမည့်သာ မပြေးသည်၊ မောက်ပြားကြီးမှာ ငါးချီ မျှဖြင့်ပင် မျက်နှာကြီး ရောင်နေပြီ။ အမောက်ကြီးမှာလည်း သွေးတရွှဲရွှဲ။

“ဖေ့သားကြီးရ ပစ်လှဲလိုက်စမ်းပါဟ”

ကိုဆေးရိုး အော်သာ အော်ရငြား မောက်ပြားကြီးကို စိမ့်၍စိမ့်၍ ကြောက်လာသည်။ မောက်ပြားကြီး၏ ခွပ်ချက် တစ်ချက်တလေသည် မောက်လုံးကို ထိခဲ့သော် မောက်ပြားကြီးကဲ့သို့ ခံနိုင်ပါမည်လား။ ငါးချီ ကုပြီးပြီ။ ထိုအခါတွင်မှ မောက်ပြားကြီး၏ခြေကို ရိပ်မိတော့သည်။ မောက်ပြားကြီး၏ ခြေမှာ ခြေနှစ် ချောင်းတွင် မရှိ။ နှုတ်သီးတွင်ရှိသည်။ အခွပ်ထက် အဆိတ်သန်သော ကြက်ပါတကား။ ဘုရား ဘုရား မျက်လုံးကို ဆိတ်မိမှဖြင့်။ ဆဋ္ဌမအချီ ကုပြန်ပြီ။

ကန်ထိုင်ကွေ့သား ‘ ကြက်စွဲ’ သည် အလွန်တော် ၏။ ယိုင်နေသော မောက်ပြားကြီးကို ချွဲချပါးလျက် တစ်ကြိမ် လုပ်ရုံဖြင့် လန်းလာသည်။ သို့သော် မပြီးသေး၊ ခြေတွေ ဆွဲဆန့်ကာ နှိပ်နယ်ပေးသည်။ ထို့နောက် လည်ပင်းကို ဆွဲဆန့်ကာ အာငွေ့ ပေးနေစဉ် ‘ဟယ်’ ခနဲ အသံကြီး ပေါ်လာ၏။ ကိုဆေးရိုးတို့မှာ ကိုယ့်ကြက်ကို ဂရုစိုက်နေသဖြင့် ရုတ်တရက် နားမလည်။ သေချာစွာ ကြည့်တော့မှ မောက်ပြားကြီးမှာ ကြက်စွဲ၏ လက်ထဲတွင် လည်ပင်းပြတ်လျက်၊ သွေးတွေ အိုင်ထွန်းလျက် ဆန့်ငင်ဆန့်ငင် ဖြစ်နေချေသည်။

ဓားမြှောင်များ ဝင်းခနဲ လက်ခနဲပေါ်လာသည်။ ဇာဝီတုတ်များ၊ မောင်းချဓားများ ကြက်စွဲခေါင်းပေါ် မိုးလာသည်။ တောင်းပန်သူက တောင်းပန်၊ ဖျန်ဖြေသူက ဖျန်ဖြေငြား ကိုဆေးရိုး စိတ်မဝင်စားပါ။ သေသောကြောင့် မခွပ်နိုင်သည်ဖြစ်စေ၊ ရှုံးသောကြောင့် မခွပ်နိုင်သည်ဖြစ်စေ မခွပ်နိုင်လျှင် ရှုံးမည်ဖြစ်၏။ သို့ကြောင့် ဒိုင်၏ လက်ထဲမှ ငွေထုပ်ကို ဆတ်ခနဲ ဆွဲယူသည်။

“ဒီလို မလုပ်နဲ့လေ၊ မောက်ပြားက ရှုံးတာမှ မဟုတ်တာ”

“မရှုံးရင် စည်းဝိုင်းထဲ ချလေ”

သည်မျှသာ မှတ်မိတော့သည်။ ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ကိုဆေးရိုး ဘာမျှ မသိတော့ပါ။

••••• ••••• •••••

“ကြက်သမားလင်မယား ငါ့အိမ်ဝိုင်းထဲ မနေနဲ့ ဆိုပြီး ညည့်အဖေ နှင်ချတာ ခံရတာနဲ့ ချိုစောင်းက အနာရွတ်ပဲ အမြတ်ရတယ်လေ”

ရီးကျီးဒန် စကား မတုံ့ပြန်နိုင်ပါ။ မျက်ရည်ဝိုင်းဝိုင်း ရင်နင့်နင့်ဖြင့် ငေးမောနေမိသည်။ ကိုဆေးရိုး ‘ဇာဝီ’ စာ မိပြီး လဲကျသွားချိန်တွင် နှစ်လုံးပြူးကြီး တကားကား ကိုင်လျက် သူကြီးနှင့် ပုလိပ်များ တာလမ်းမှ ဆင်းလာကြသည် မဟုတ်လား။

“ပုလိပ်တွေ ပုလိပ်တွေ” ဆိုကာ အခြားသူတွေ ပြေးနိုင်ငြား သူ့မှာကား မေ့လဲနေသော လင်ကို ကြံရာမရ ပွေ့လျက် ကျန်ခဲ့သည် မဟုတ်လား။ ပုလိပ်နှစ်ယောက်နှင့် စာဇင်ကို စပါး ၁၅ တောင်းနှင့် သူကြီးကို ငါးတောင်း ပေးမှ အမှုတွဲထဲမှ ကျီးဒန် ဟူသော အမည်ကို ဖျက်ပေးခဲ့သည် မဟုတ်လား။ နောက်ဆက်တွဲ အဖြစ် ဝမ်းစာ မဖူလုံသောကြောင့် ဇီးနှင့် နွားမကြီး ရောင်းပစ်ရသည် မဟုတ်လား။

“စပါး ၁၅ တောင်း ပေးတာတောင် ဟိုပုလိပ် အစွေက ကျုပ်ကို ရိသဲ့သဲ့ လုပ်သေးသတော့်”

“အေးလေ၊ ပြီးခဲ့တာတွေ ပြီးခဲ့ပြီ ကျီးဒန်”

ရီးဆေးရိုး၏ အေးအေးလူလူ ပြောသံကို ကြားတော့မှ ရီးကျီးဒန်၏ နာကြည်းမှုအတွေးများ ရပ်တန့်သည်။ အမှတ်တမဲ့ ဆဲရေးမိသည်ကို ရှက်ရမှန်းသိသည်။

“အဲသည်တော့ ငါတို့ မြေးကလေး ငါတို့ ဖြစ်သလို မဖြစ်အောင် ကြိုတင်ကာကွယ်မှ ဖြစ်မယ်။ ပထမတော့ အလှမွေးတာပဲ၊ အပျင်းပြေ ခွပ်လက် ကြည့်တာပဲ။ အဲ အဲဒီဟာက ကြက်သမားဖြစ်ဖို့ အစပဲ”

ရီးဆေးရိုး ပြောပြောဆိုဆို ကုန်းထသဖြင့်

“အခု ဘာလုပ်မလို့လဲ”

ရီးကျီးဒန် မော့ကြည့်ပြီး မေးသည်။

“ဝယ်နိုင်တဲ့လူ ရှိရင် ရောင်းမှာပေါ့အေ၊ ဝယ်ချင်သူ မရှိတော့လည်း အလကား ပေးလိုက်ရုံပေါ့”

“ကျုပ်မြေးလေးကို နားဝင်အောင် ဖျောင်းဖျကြည့်ပါရစေဦး”

ညှာတာစိတ်၊ သနားစိတ်သည် ရီးကျီးဒန့် ရင်ကို ရိုက်ခတ်သည်။ အသံတုန်ယင်အက်ကွဲဟန် ရှိပြီ။

“ဖျောင်းဖျတော့မှ ‘ဟုတ်ကဲ့’ ဆိုပြီး တစ်နေရာမှာ သွားထားရင် ဘယ့်နှယ်လုပ်မလဲ၊ ကဲ”

ရီးကျီးဒန် မဖြေတတ်။ မဖြေတတ်ငြား သူ့မြေးကို သနားသည်။ သူ မြတ်နိုးသော အရာကို ခြေရာပျောက် ဖျောက်လိုက်သဖြင့် စိတ်ညစ်ပြီး မတော်တဆ စာမေးပွဲ ကျမှဖြင့်။

“စဉ်းစားပါဦးတော်၊ ကျုပ်မြေးက စာတတ်ပါတယ်”

“မစဉ်းစားပါရစေနဲ့ ကျီးဒန်ရာ။ စဉ်းစားနေရင် ငါ့မြေးကလေး ငိုချေရဲ့၊ စိတ်ဆင်းရဲချေရဲ့နဲ့ မလုပ်ဖြစ်ဘဲ နေလိမ့်မယ်”

“အလကားတော့ ပေးမပစ်ပါနဲ့တော်”

အိမ်ပေါ်မှ ဆင်းစပြုနေသော ရီးဆေးရိုးအား လှမ်းမှာနေသဖြင့်

“ပေးသင့်လည်း ပေးရမှာပဲ ကျီးဒန်၊ မီးဆိုတာ မလောင်ခင်က တားရသတဲ့။ လောင်ခါမှ သ,တ်ရင် နိုင်တယ်ပဲ ထား၊ ထိတ်ရလန့်ရ ပင်ပန်းရတာက တစ်မျိုး၊ လောင်မိလက်စဥစ္စာ ပျက်စီးတာတစ်မျိုးနဲ့ လောင်ဖော်ကို သံယောဇဉ်ထားမနေပါနဲ့ဟာ ပြောပြီး အိမ်အောက်သို့ ငုံ့ဝင်ခဲ့သည်။ အိမ်တိုင် လေးတိုင်တွင် ကပ်ကာပြီး ခြံလုပ်ထားသည်။ အမြင့်ကြီးမှ ခုန်ချလျှင် ကြက်ခြေနာမည် စိုး၍ နှစ်တောင် အမြင့်တွင်သာ အိပ်တန်းထိုးပေးထားသည်။ ရေခွက် ဘေးတွင် ချိတ်ထားသော ကြက်ချည်ကြိုးကို ကိုင်မိချိန်တွင်ကား ရီးဆေးရိုး ကျေနပ်သွားပြီ။ “ငါလုပ်တာ မှန်တယ်၊ အခုလုပ်မှ” ဟု စိတ်တွင်းမှ ဆိုမိသည်။

အကြောင်းသော်ကား ကြက်ခြေထောက်ကို ချည်သော ကြိုးကိုပင် ကြက်၏ ခြေထောက် မနာကျင်စေရန် ကွင်းကျယ်ကျယ်ဖြင့် ကျကျနန ဖွတ်မြီးထိုးထားသောကြောင့်ပင်တည်း။ သည်အပြုအမူမှာ ကြက်သမားရင့်မကြီးတို့၏ အပြုအမူပေတည်း။

ရီးဆေးရိုးသည် ဥပန်းကြီးကို အတောင်ပေါ်မှ အုပ်ကိုင်ကာ ရင်ခွင်တွင် ပိုက်လျက် ချောင်းထဲသို့ ဆင်းလာသည်။ ချောင်းပြင်တွင်း၌ လူရိပ် မည်းမည်းမျှသာ မြင်ရတော့ငြား ရှားတောဘက်ရှိ မိုးကုပ်စက်ဝိုင်းတွင် ပုစွန်ဆီများ စက်စက်ယိုနေသေးသည်။ သည်အလင်းရောင်ဖြင့် ချောင်းကို ဖြတ်နိုင်ရမည်။ ယနေ့ည ‘ရှားတော’ အရောက် သွားကာ သူ့မြေးနှင့် ဥပန်းကို သံယောဇဉ် ဖြတ်ရမည်။ သည်လမ်းနှင့် သည်ခရီးမှာ သွားနေကျမို့ လရောင် မလို၊ ကြယ်ရောင်မလိုပါ။ ရေစပ်တွင် ရီးဆေးရိုး တုံ့ခနဲ ရပ်မိ၏။ ‘မနက်လင်းလို့ သူ့ကြက်ကိုလည်း မတွေ့ ၊ ကြက်ခြံလည်း ဟင်းလင်းပွင့်နေတာတွေ့ရင် ငါ့မြေးလေး ငိုရှာလေမလား’ တွေးမိသောကြောင့်။

ရီးဆေးရိုး စိတ်ပိုင်းဖြတ်လိုက်သည်။ ငိုပါစေတော့၊ သည်းအူပြတ်အောင် ငိုပါတော့ လူကလေး။ သည်အတွေးဖြင့် ‘ခြေသလုံးတစ်ပတ်ရစ်’ ချောင်းရေထဲသို့ ဆင်းလိုက်လေသည်။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

အမှန်တရား၏ အနားသတ်မျဉ်း


❝ အမှန်တရား၏ အနားသတ်မျဉ်း ❞

           ( မိုးရည်နိုင်   )

သည်းထန်စွာ ရွာနေသော မိုးက ရုတ်တရက် စဲသွားသည်။ မိုးသံလေသံတို့ မကြားရတော့။ ရထားပြတင်းပေါက်ကို မ,တင်၍ ဖွင့်လိုက်သောအခါ မိုးစက် မိုးမှုန်တို့ မျက်နှာကို အလုအယက် တိုးဝှေ့ ရိုက်ခတ်ကြသည်။ လေရိုင်းက ခပ်ကြမ်းကြမ်း ဝင်လာသည်။ လတ်ဆတ်၍ မိုးနံ့သင်းသော လေကို ရှူရှိုက်လိုက်ရသဖြင့် လန်းဆန်းသွားသည်။ ရေလွှမ်းနေသော လယ်ကွင်းများသည် အရှိန်နှင့် ပြေးနေသော ရထား၏ ဆန့်ကျင်ရာအရပ်သို့ ပြေးလွှားနေကြသည့်နှယ်။ မိုးမှုန်ထဲတွင် အဝေးမှ တောင်တန်းကို ခပ်ရေးရေး မြင်ရသည်။ ရန်ကုန်-မန္တလေး အမြန်ရထားသည် ယခင်ကလို ပြည့်ကျပ် မနေပါ။ တစ်တွဲလုံး ခုံပင် မပြည့်။ အမြန်ကားလမ်းမကြီး ပေါက်ပြီးကတည်းက အချိန်ကုန်သက်သာရန် ကားလမ်းခရီးကို ရွေးချယ်လိုက်ကြခြင်းလည်း ဖြစ်နိုင်သည်။ ကုမ္ပဏီက အမြန် အထူးကားနှင့် စီစဉ်ပေးသည်ကို ငြင်းပယ်ပြီးရထားနှင့် သွားရန် ဆန္ဒပြုခဲ့ သည်။ သက်သောင့်သက် သာ ရှိပြီး လွတ်လပ်မှုရှိသည့် ရထားခရီးကို ကျွန်တော် ပိုကြိုက်သောကြောင့်ဖြစ်သည်။

ဥဩသံ ရှည်ရှည်ကို ကြားရသည်။ မကြာမီ ဘူတာဝင်တော့မည်။ ရထား အရှိန်လျှော့စ ပြုလာ၏။ ပြတင်းပေါက်မှ တွေ့ရသည် က ဈေးခြင်းတောင်းကို လွယ်၍ ရထားတံခါးလက်တန်းကို တွယ်ကာတက်လာသော ဈေးသည်များဖြစ်သည်။ မိန်းမ ယောက်ျား၊ လူငယ်လူရွယ် စုံလှသည်။ ဘဝဝမ်းရေးအတွက် သက်စွန့်ကြိုးပမ်း လှုပ်ရှားရုန်းကန်နေကြ သည်ကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ ရထားက ဘူတာတွင် သုံးမိနစ်ခန့်သာ ရပ်သည်မို့ ဦးဦးဖျားဖျား ရောင်းရရန်နှင့် ရောင်းချိန်ပိုရရန် သူ့ထက်ငါ အလုအယက် တက်လာကြခြင်း ဖြစ်ပေလိမ့်မည်။ ကွမ်းယာသည်၊ နေကြာစေ့၊ ကွာစေ့ ဆီးထုပ်သည်မှ စ၍ ရာသီပေါ် သီးနှံများ၊ ဘဲဥပြုတ် ကြက်ဥပြုတ်၊ အအေး ရေနွေး ဘီယာနှင့် နိုင်ငံခြားဖြစ် အရက်မျိုးစုံအထိ ရောင်းချသော ဈေးသည် ပေါင်းစုံဖြစ်သည်။ ရထားပေါ် ရောက်သည်နှင့် ဈေးသည်တို့၏ အော်ဟစ်ရောင်းချသံက ဆူညံသွားတော့သည်။

“သစ်တော်သီးတွေ ရမယ်၊ တစ်ထောင်ဖိုး ဆယ့်ငါးလုံး”

ရထားပြတင်းပေါက်ပြင်ပရှုခင်းများကို ကြည့်နေရာမှ တွဲအတွင်းသို့ လှည့်လိုက်ရာ ဘယ်ဘက်ပခုံးတွင်သစ်တော်သီးခြင်းကို ထမ်း၍ ညာဘက်တွင် ချိုင်းထောက်ကို အားပြုထောက်လှမ်းရင်း သစ်တော်သီး အော်ဟစ်ရောင်းချနေသော လူရွယ်ကို တွေ့ရသည်။ အသက်အစိတ်ခန့်သာ ရှိဦးမည်။ အသားညိုညို၊ ကားသယောင်မေးရိုးနှင့် စူးရှသောမျက်လုံးတို့က သူ၏ ထူးခြားသော သွင်ပြင် လက္ခဏာများဖြစ်သည်။ သူ့ကို မြင်လိုက်သည်နှင့် တစ်နေရာတွင် ဆုံဖူးသည်ကို သိ  လိုက်သည်။ ရုတ်တရက် စဉ်းစားမရ။ ခုံဘေးမှ ဖြတ်သွားပြီး ခပ်လှမ်းလှမ်း ရောက်တော့မှ လွန်ခဲ့သော လေး,ငါး နှစ်ခန့်က ရထားပေါ်မှာပင် ဈေးရောင်းနေစဉ် တွေ့ခဲ့ဖူးသည်ကို သတိရသွားသည်။

••••• ••••• •••••

ထိုစဉ်က မန္တလေးမှ ရန်ကုန် အပြန်ခရီးသည် လက်မှတ်ဝယ်သည့် အချိန်မှ စ၍ လမ်းတစ်လျှောက်လုံး အခက်အခဲ ပေါင်းစုံ ကြုံရသဖြင့် ဘဝတွင် အမှတ်ထင်ထင် ရှိနေခဲ့သည်။ ရထားလက်မှတ်ရရန် ညအိပ်တန်း စီထားသော်လည်း အနား ရောက်မှ ကုန်ပြီ ဟူသော စာတန်းဖြင့် ကြိုဆိုခံလိုက်ရသည်။ ရုံးတက်မီရန် နည်း ပေါင်းစုံဖြင့် ကြိုးစားသော် လည်း သွားလိုသည့် ရထား ကို မရ။ မတတ်သာသည့် အဆုံး စာပို့ရထားကိုပင် မှောင်ခိုလက်မှတ်ရောင်းသူ ထံမှ မတန်တဆ ဈေးပေး၍ ဝယ်လိုက်ရသည်။

ရထားမထွက် မီ ကတည်းက တစ်တွဲလုံး ခရီးသည်များနှင့် ပြည့်ကျပ်နေသည်။ ခုံတန်းများကြားတွင် ပစ္စည်းများ၊ အိတ်များ၊ ခြင်းများကြောင့် ခြေချစရာပင် မရှိ။ ထိုင်ခုံရောက်ရန် တိုးဝှေ့ ကျော်လွှားခဲ့ရသည် ။ မန္တလေးမြို့၏ အပူက နေဝင်ချိန်ရောက်သည်အထိ မာန် မချချင်သေး။ ရှားရှားပါးပါး တိုက်ခတ်လာသော လေပူပူကလည်း တွဲတွင်းသို့ ဝင်ခွင့်မသာ။ တစ်ကိုယ်လုံး ချွေးဖြင့် ရွှဲနစ်နေသည်။ အနံ့ပေါင်းစုံက နှာခေါင်းအတွင်းသို့ စုပြုံတိုးဝင်လာကြသည်။ ဈေးသည်တို့၏အသံ၊ ခရီးသည်တို့၏အသံက ကျွက်ကျွက်ညံနေသည်။

ည ၇းဝဝ နာရီ ထွက်ရမည့် ရထားသည် ၉းဝဝ နာရီ ကျော်မှ မထွက်ချင်ထွက်ချင်နှင့် တအိအိ စ,ထွက်သည်။ ခုံ ကြားတွင် ထိုင်နေသော မိသားစုမှ ကလေးငယ်က အန်ချလိုက်သဖြင့် ခြေဖမိုးပေါ် အန်ဖတ်တွေ ကျလာ၏။ အိတ်ထဲမှ တစ်သျှူးကို ခက်ခက်ခဲခဲ ထုတ်ရသည်။ ကလေးမိခင်ကို တစ်သျှူးနှင့် ရေပုလင်းပေးတော့ ချက်ချင်း မယူ။ အတန်တန်ပေးမှ အားနာဟန်ဖြင့် ယူပြီး ကျေးဇူး တင်သော အကြည့်ဖြင့် တစ်ချက် လှမ်းကြည့်သည်။ နိစ္စဓူဝ ကြုံတွေ့နေရသည့် သူတို့ ဒုက္ခကို စာနာမိတော့လည်း ကိုယ့်ဒုက္ခကို မေ့သွားသည်။

ရထားက ဘူတာကြီးငယ် မျက်နှာမလိုက်ဘဲ ဘူတာစဉ် တစ်လျှောက်လုံး ရပ်သည်။ နှေးကွေးစွာ ခုတ်မောင်းနေသော ရထားသည် မကျန်းမာသော အဘိုးကြီး လမ်းလျှောက်နေသည်နှင့် တူသေးတော့၏။ ဘူတာ ရောက်တိုင်း ပစ္စည်းတွေ၊ အိတ်တွေ ပစ်တင်၍ ပြတင်း ပေါက်မှ တွဲခိုတက်လာသည့် ခရီးသည်တို့ ရန်မှ ကာကွယ် ရန် ခနော်နီခနော်နဲ့ ပြတင်း ပေါက်တံခါးကို ဆွဲချရသည်။ ပိတ်ထားသော ပြတင်းတံခါးကို ထုသူကထု၊ ရထားတံခါးမှ ကျော်တက်လာကာ ပြတင်းတံခါးကို ဇွတ်ဆွဲတင်သူက တင်။ ဆဲဆိုအော်ဟစ်ကြသည့် အထက်နှင့်အောက် ခရီးသည်တို့၏ စီးချင်းထိုးပွဲက ဘူတာတိုင်းမှာ ကြုံရ ၏။ တစ်လမ်းလုံး ဗိန်းဗောင်းသံ တညံညံနှင့်ပင် ခရီးဆက်ခဲ့ရသည်။

တောင်ငူဘူတာ ရောက်တော့ ခရီးသည်အတော်များများ ဆင်းသွားကြသည်။ ရထားပေါ်တွင် ခရီးသည်ခပ် ကျဲကျဲသာ ကျန်တော့သည်။ ပြတင်းပေါက်မှ လေတိုးဝင် လာသဖြင့် အသက်ရှူနည်း နည်း ချောင်သွား၏။ ရင်ခွင် ပိုက်ကလေးကို ချီ၍ ရှစ်နှစ် ခန့်အရွယ် ကလေးတစ်ဦးနှင့် အတူ အမျိုးသမီးတစ်ဦး ရှေ့ ခုံမှာ လာထိုင်သည်။ ပစ္စည်းပစ္စယ ဟူ၍ ခြင်းတစ်လုံးနှင့် ဆလင်းဘက်တစ်လုံးသာ ပါသည်။ အသားညိုညို၊ အရပ် ပုပြတ်ပြတ်၊ သနပ်ခါးခပ်မှုန်မှုန် ခြယ်သကာ သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော အသက်သုံးဆယ်ခန့် အမျိုးသမီးသည် ပတ်ဝန်းကျင်ကို စိတ်ဝင်စားပုံ မရ။ ကလေးကို နို့တိုက်၊ သားကို ပြစ်တင် ကြိမ်းမောင်း၊ ဘူတာရောက် တိုင်း စားစရာ တစ်မျိုးပြီး တစ်မျိုး ဝယ်စားရင်း လိုက် ပါလာသည်။

ရထားက ရန်ကုန်ဘက်သို့ တဖြည်းဖြည်း နီးလာသည်။ တစ်လမ်းလုံး နှေးကွေးစွာ ခုတ်မောင်းလာသော ရထားသည် တောင်ငူဘူတာ ကျော်ပြီးကတည်းက အရှိန် မြှင့်မောင်းတော့သည်။ ဘူတာကြီးတစ်ခုကို ရထား ဆိုက်သည်။ ဈေးသည်တွေ အလျှိုအလျှို တက်လာကြသည်။ အမျိုးသမီးက သစ် တော်သီးသည်ကို လှမ်းခေါ်သည်။ လူရွယ်က အပြေး အလွှား ရောက်လာပြီး အမျိုးသမီးခုံရှေ့တွင် သစ်တော်သီးခြင်းကို ချ၏။

“သစ်တော်သီးတွေ ရမယ်၊ တစ်လုံးတစ်ရာ တစ်ထောင်ဖိုး ဆယ့်နှစ်လုံး”

အမျိုးသမီး သစ်တော်သီး ရွေးနေစဉ် လူရွယ်က တွဲထဲသို့ လှမ်းအော်သည်။ ရထားဘီးစ,လှိမ့်သည်။ ဥသြသံကို ကြားရ၏။ အမျိုးသမီးက စိမ်ပြေနပြေ ရွေးနေသည်။ ခြင်းထဲမှ သစ်တော်သီးများကို တစ်လုံးချင်း ယူ၍ ပွတ်ကြည့်သည်။ တစ်လုံးနှင့် တစ်လုံး ယှဉ်ကြည့်ပြီး သူ ကြိုက်သည့် အလုံးကို သူ့ဘေး ခုံပေါ် တင်ထား။ ရွေးပြီးသော အလုံးများကိုပင် စိတ်တိုင်းမကျဟန်ဖြင့် ခြင်းထဲ ပြန်ထည့်ပြီး ရွေးပြန်သည်။ လူရွယ်က သူဆင်းရမည့် အချိန်ကို ချိန်သားကိုက် ဆင်းနိုင်ရန် ပုဆိုးကို တိုတို ပြင်ဝတ် သည်။

“တစ်ထောင်ဖိုး ဆယ့်ငါးလုံး ရမလား”

“ကဲကဲ ယူပါ အစ်မရယ် အရင်းပဲ ရပါတယ်၊ ဒီရထား က နောက်ဆုံးဆိုတော့ ယူ လိုက်ပါ”

ဈေးဆစ်၍ ကြိုက်ဈေး ရသဖြင့် ခြင်းထဲမှ လက်ကျန် သစ်တော်သီးများကို ခုံပေါ် သွန်ချလိုက်သည်။ သုံး,လေးလုံး ခုံအောက် လိမ့်ကျသွားသည်။

“ဒီမယ် … မိန်းကလေး သူငယ်က ဆင်းရဦးမယ်ကွဲ့”

ဘေးခုံမှ အဘိုးအို လှမ်းသတိပေးသည်။ အဘိုးအိုစကားကို ဝိုင်းထောက်ခံသံ၊ မေတ္တာရပ်ခံသံ၊ စကား သံတွေ ပျံ့လွင့်လာသည်။ ခရီးသည်တို့ အကြည့်က အမျိုးသမီးထံ စုပြုံကျရောက်လာသည်။ သူတို့မျက်နှာတွင် စိုးရိမ်သည့်အသွင် ကိုယ်စီနှင့်။ လူရွယ်အတွက် အန္တရာယ်ရှိသည် မဟုတ်ပါလား။ အမျိုးသမီးက ဆလင်းဘက်ထဲမှ တစ်ထောင်တန်တစ်ရွက်ကို ထုတ်လိုက်သည်။ အသစ် ကျပ်ချွတ် တစ်ထောင်တန်သည် လူရွယ်ဆီသို့ ရောက် မလာ။ ဆလင်းဘက်ထဲ ပြန်ရောက်သွားပြီး အဟောင်း တစ်ရွက်က လူရွယ်ထံ ကိုယ်စား ရောက်သွားသည်။ လူရွယ်သည် ခြင်းကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး တံခါးဆီသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ ထိုအချိန်တွင် ရထားဈေးသည် တစ်ဦးတစ်ယောက်မျှ ရထားပေါ်တွင် မရှိတော့ပါ။ အန္တရာယ်ကင်း ဘေးရှင်းစွာဖြင့် ဆင်းသွားကြပြီဖြစ်သည်။ ရထားအရှိန်တော်တော်ရနေပြီဖြစ်သည်။ ခရီးသည်အားလုံး လူရွယ်ကို စိုးရိမ်တကြီး ကြည့်နေကြ၏။

လူရွယ်က အချိန်ဆွဲ မနေတော့ဘဲ လေဟုန်စီးကာ ခုန်ချလိုက်သည်။ လူရွယ်သည် မြေပြင်ပေါ်သို့ အရောက် တွင် တလိမ့်ခေါက်ကွေးဖြင့် လယ်ကန်သင်းဘေးသို့ လွင့် သွားသည်ကို တွေ့လိုက်ရ သည်။ “ဟာ” “ဟင်” “အို” ဟူသော အာမေဍိတ်သံများ တစ်တွဲလုံး ဆူညံသွားသည်။ လူရွယ်၏ ကံကြမ္မာကို မည် သူမျှ မခန့်မှန်းနိုင်ကြတော့။ ရှေ့ခုံမှ အမျိုးသမီးသည် ပတ်ဝန်းကျင်ကို သတိမမူ။ ကလေးငယ် ကောက်ပေး သော သစ်တော်သီးများကို လှမ်းယူကာ အိတ်ထဲသို့ အေးအေးဆေးဆေး ထည့်နေသည်။ ရထားက သူနှင့် မဆိုင်သလို အရှိန်ပြင်းစွာ ခုတ်မောင်းလျက်ရှိသည်။

••••• ••••• •••••

အတွေးစ ပြတ်သွားချိန် တွင် ရထားပေါ်မှ ခရီးသည် တော်တော်များများ အောက် သို့ ဆင်းနေကြသည်ကိုသတိပြုမိသည်။ ဘူတာထဲ တွင် ထိုင်သူ ထိုင်၊ ဈေးဝယ် သူ ဝယ်၊ အချို့က အေးအေးလူလူ လမ်းလျှောက်နေသည်ကို တွေ့ရ၏။ ကြည့်ရသည်မှာ ရထားက ထွက်မည့်ပုံ မပေါ်သေး။ ကြာဦးမည်ထင် သည်။ အကြောင်းရင်းကို သိလိုသဖြင့် ဘေးဘီသို့လှည့် ကြည့်စဉ် သစ်တော်သီးသည် လူရွယ် အနားသို့ ရောက်လာသည်။

“ဟေ့သူငယ် လာပါဦးကွဲ့”

“သစ်တော်သီး ဝယ်မလို့လား ဆရာ”

“အေး ဝယ်တာပေါ့ကွာ ထိုင်ပါဦး၊ ရထားက ဘာလို့ မထွက်သေးတာလဲ”

လူရွယ်က သစ်တော်သီးခြင်းကို ပခုံးပေါ်မှ ချ၍ ချိုင်းထောက်ကို ထိုင်ခုံတွင် မှီကာ ထောင်လိုက်သည်။

“ရှေ့မှာ ရထားလမ်း ရေကျော်နေလို့ ဆရာ၊ ရေကျအောင် စောင့်နေတာ။ တော်တော်ကြာဦးမယ်”

“အေး ဒါဆိုလည်း အေးအေးဆေးဆေး ထိုင်စောင့်ရုံပေါ့ကွာ၊ ထိုင်ပါဦး”

လူရွယ်ကို ထိုင်ခုံပေါ် ထိုင်ခိုင်းတော့ မဝံ့မရဲထိုင်သည်။ ရထားပေါ်တွင်လည်း ခရီးသည် သိပ်မကျန်တော့ပါ။ သူ့နာမည်၊ အရောင်းအဝယ် အဆင်ပြေ မပြေ မေးရင်း စကားလက် ဆုံကျသွားပြီး မကျန်းမာ သည့် မိခင်အိုကို ဈေးရောင်း ၍ လုပ်ကျွေးနေသူတစ်ဦး ဖြစ်သည်ကို သိရသည်။

“စိတ်မရှိနဲ့နော် မောင်မြင့်မောင် ခြေထောက်က”

“ရထားပေါ်မှာ ဈေး ရောင်းရင်း ခုန်ချတုန်းက ကျိုးသွားလို့ ဖြတ်ပစ်လိုက်ရတာပါ ဆရာ”

“မင်း အံ့သြမသွားနဲ့။ အဲဒီတုန်းက ဘေးနားမှာ ကိုယ် ရှိတယ်။ မင်းအတွက် စိုးရိမ်လို့ ဝိုင်းပြောကြသေးတယ်လေ။ မင်းကလည်း မြန်မြန် ရွေးခိုင်းရမှာ အားနာနေတယ် ထင်တယ်။ ဒီနေရာမျိုးက အားမနာသင့်ဘူး”

“သူတို့က ဝယ်သူတွေပါ ဆရာ၊ စိတ်ကြိုက်ရွေးပိုင်ခွင့် ရှိပါတယ်။ ကျွန်တော် ရထားအရှိန်ပြည့်နဲ့ မောင်းနေတာတောင် ရအောင် ခုန်ချဖူးပါတယ်။ ခုန်ချတာ အချိန်အဆ လွဲလို့ ဖြစ်သွားတာပါ။ ကံဆိုးချင်တော့ ခြေထောက်က ကျောက်ခဲပေါ် တက်နင်းမိပြီး ချော်ထွက်သွားတယ်”

“မင်းခုလို ချိုင်းထောက် ကြီးနဲ့ ပြေးတက်လိုက်၊ ခုန်ချ လိုက်လုပ်ရတာ အန္တရာယ် မများလွန်းဘူးလားကွာ၊ တခြားအလုပ် ပြောင်းလုပ်ပါလား”

“တခြားအလုပ်တွေ မျိုးစုံပြောင်းလုပ်ဖူးပါတယ် ဆရာ။ ဒါပေမဲ့ အဆင်မပြေ လို့ နောက်ဆုံး ဒီအလုပ်ပဲ ပြန်လုပ်ဖြစ်တယ်”

“ခုလို သက်စွန့်ဆံဖျား ဈေးရောင်းနေတာ မင်းအမေ မသိဘူးလား”

“အစတော့ မသိပါဘူး။ ဒါပေမဲ့ ရေရှည်ဖုံးထားလို့ ဘယ်ရပါ့မလဲ။ ဟိုလူပြော၊ ဒီလူပြောနဲ့ အမေ့နား ရောက် တာပါပဲ။ အမေလည်း သိရော ငါ့သားလုပ်စာ အမေ မစား ရက်ပါဘူးဆိုပြီး ငိုတယ် ဆရာ။ နောက်တော့လည်း စားဝတ်နေရေး၊ အမေ့ဆေးဖိုးက ရှိသေးတာဆိုတော့ မလွှဲသာပဲ ခွင့်ပြုလိုက်တယ်။ ကျွန်တော်ကလည်း အန္တရာယ် ကြားက အလုပ်ကို လုပ်ပြီး အမေ့ကို လုပ်ကျွေးရတာ ပိုပြီး ကုသိုလ်ရတယ်လို့ သဘော ပိုက်လိုက်တယ်”

“မင်း ခုလို ဈေးပြန်ရောင်းနိုင်အောင် တော်တော် ကြိုးစားခဲ့ရမှာပဲနော်”

“ကြိုးစားခဲ့ ရတာပေါ့ ဆရာရယ်။ ခြေထောက် ကောင်းတုန်းကတော့ လူကလည်းငယ်၊ စိတ်ဓာတ်တက်ကြွနေတဲ့ အချိန်မို့ ရထားပေါ် ခုန်တက်ခုန်ဆင်း လုပ်ရတာ ပျော်တောင်ပျော်သေးတယ်။ ခြေထောက်ဖြတ်ပြီးတော့ ချိုင်းထောက်နဲ့ ခုန်တက်ခုန်ဆင်း လုပ်နိုင်အောင် တော်တော် လေ့ကျင့်ခဲ့ရတယ် ဆရာ။ ပထမတော့ ရထား အမြင့်လောက် ရှိတဲ့ အဆောက်အဦပေါ်က ခုန်ချကြည့်ရတယ်။ နောက်တစ်ဆင့် ခပ်ဖြည်းဖြည်းမောင်းတဲ့ ကားနဲ့ လေ့ကျင့် ရတယ်။ ရထား အရှိန် မရခင် ကျွမ်းကျွမ်းကျင်ကျင်ဖြစ်ပြီဆိုတော့မှ အရှိန်နဲ့ မောင်းနေတဲ့ ရထားနဲ့ နောက်ဆုံး ခုန်တက်ခုန်ဆင်း လုပ်ခဲ့ရတယ်။ ပထမဆုံး ခုန်ချလို့ မြေပြင်ပေါ် ချောချောမော မော ရောက်သွားတုန်းက ပျော်လိုက်တာ ဆရာရယ်။ ဆုံးရှုံးသွားတဲ့ ခြေတစ်ဖက် ပြန်ရလိုက်သလို ခံစားရတယ်”

“ဒါနဲ့ နေပါဦး မင်း အိမ်ထောင်တော့ မပြုသေး ပါဘူးနော်”

“ရထားက ကြာမှာဆိုတော့ အချိန်ရပါတယ်။ ဆရာကလည်း မေးတော့ ကျွန်တော်ကလည်း ပြောချင်တာနဲ့ အတော်ပါပဲ။ ဇာတ်နာအောင် ပြောတယ်လို့တော့ မထင်စေချင်ဘူး။ ကျွန်တော် ဒုက္ခိတဘဝ ရောက်သွားတော့ ရည်းစားကပါ ပစ်သွားရော့”

မောင်မြင့်မောင်က ခပ် ယဲ့ယဲ့ပြုံးရင်း ပြောသည်။ သူ့အပြုံးက ကြေကွဲနာကျင်မှုတွေ ရောယှက်နေသည်။ သူ့ ရင်ထဲ ရှိသမျှ မခြွင်းမချန် ပြောရန်ပြင်၏။ အနှစ်နှစ် အလလ မျိုသိပ်ခဲ့ရသော ခံစားချက်တို့သည် ထွက် ပေါက်တွေ့သဖြင့် အရှိန် အဟုန်ဖြင့် ထွက်လာတော့မည်။

“ကိုယ့်အပေါ် နှစ်နှစ်ကာကာ မချစ်လို့ ပစ်သွားတာပဲကွာ။ တကယ်အချစ်စစ်နဲ့ ချစ်ရင် နူနူဝဲဝဲ၊ ကျိုးကျိုးကန်းကန်း သစ္စာရှိရမှာပေါ့”

“ရည်းစားက ပစ်သွားတယ်ဆိုတာ စကားအဖြစ် ပြောတာပါ ဆရာ။ သူ ကျွန်တော့်အပေါ် ချစ်ရှာပါတယ်။ သူက မချစ်လို့ ပစ်သွားရင်တောင် ဒီလောက်ခံစားရမှာ မဟုတ်ပါဘူး။ သူ့မိဘဆွေမျိုးအသိုင်းအဝိုင်းက ဖျက်ကြတာပါ။ သူက ခိုးဖို့ စာ အတန်တန် ရေးပေမဲ့ ကျွန် တော် မသွားခဲ့ဘူး။ ကျွန် တော် ဒီလို အခြေအနေနဲ့ ဘယ်လိုလုပ်ပြီး သူ့ဘဝကို တင့်တောင့်တင့်တယ် ထား နိုင်ပါ့မလဲ ဆရာရယ်။ အရင် က သူ ပင်ပင်ပန်းပန်း မုန့် ဖက်ထုပ် ရောင်းရတယ်။ ခုဆို ကုန်စုံဆိုင်ပိုင်ရှင်နဲ့ လက်ထပ်သွားတော့ မပင်ပန်းတော့ဘူးပေါ့လေ”

ကြမ်းတမ်းခက်ထန်သည်ထင်ရသော မောင်မြင့်မောင်၏ မျက်ဝန်းတွင် အလွမ်းအဆွေးရိပ်တို့ ယှက် သန်းနေသည်။ အသံက တဖြည်းဖြည်း တိုးဝင်သွား ပြီး ကြေကွဲသံ ပါလာ၏။ သူ့ ကို ဖြေသိမ့်စရာ စကားက  ရုတ်တရက် ရှာမရ။ သူစကားဆက်ရန် ပြင်စဉ် ရထားတွဲအစွန်မှ မိန်းမ တစ်ဦး၏ မကျေမချမ်း အော် ဟစ်ပြောဆိုသံကြောင့် နှစ်ဦးသား တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။ အသံက သဲသဲကွဲကွဲမကြားရသဖြင့် အဖြစ်အပျက်ကို ကျွန်တော် ရုတ်တရက် မသိ။ မောင်မြင့်မောင်ကတော့ အခြေအနေကို ချက်ချင်း နားလည်လိုက်ပုံရသည်။

“ခြင်း ခဏထားခဲ့မယ် ဆရာ” ဟု ဆိုကာ ချိုင်းထောက်ကို လှမ်းယူ၍ ရထားပေါ်မှ ပြေးဆင်းသွားသည်။

••••• ••••• •••••

မကျေနပ်ချက်ကို ထပ်တလဲလဲ ပြောနေသဖြင့် ဇာတ်ကွက်က ရုပ်လုံးပေါ်လာသည်။ တွဲထဲရှိ လက်ကျန် ခရီးသည်အချို့ ထိုအမျိုးသမီး၏ ခုံနားသို့ ရောက်သွားကြသည်။ အမျိုးသမီး နားတွင် ဝိုင်းအုံကာ ဝေဖန်ပြောဆိုသံတွေ ကြားနေရသည်။

“ကောင်းကြသေးရဲ့လား။ ငါက လက်ဆောင်ပေးချင်လို့ ဈေးကြီးပေး ဝယ်လိုက်တာ မသင်္ကာလို့ ဖွင့်ကြည့်တော့ ဒူးရင်းသီးက အခွံတွေချည်းပဲ။ အထဲမှာ အပုပ်စေ့တွေ ထည့်ပြီး ကြိုးနဲ့ ချည်ထားတာ”

“အေး ငါလည်း ခံရဖူးတယ်။ ငါးချဉ်ထုပ် ဝယ်တာလေ တစ်ထုပ်လုံး ဖက်တွေချည်း အထပ်ထပ် ထုပ်ထားတယ်။ အထဲမှာ ငါးချဉ်က လက်မလောက်လေးပဲ ပါ တယ်။ စားချင်လှလို့ မဟုတ်ပါဘူး။ ပင်ပင်ပန်းပန်း လုပ် ကိုင်စားသောက်နေတာ သနားလို့ ဝယ်လိုက်တာကို။ လုပ်ရက်ကြတယ်”

“ဟာ ကျုပ်လည်း ကြုံဖူးတာပေါ့။ မနက်စောစော ပဲပြုတ်နဲ့ နံပြား စားချင်လို့ ဝယ်တာဗျာ။ စက္ကူနဲ့ အကျအန ထုပ်ထားတာ ဖွင့်ကြည့် တော့ အထဲမှာ နံပြားက တစ် ခြမ်း၊ ပဲပြုတ်က အသိုးတွေ။ အဲဒီကတည်းက ရထားပေါ် ဘာမှ ဝယ်မစားတော့ဘူး”

“ဟုတ်ပါတယ် ။ ရထားပေါ်မှာ ဈေးဝယ်ရင်တော့ သေချာစစ်ဆေးဝယ်တာ အကောင်းဆုံးပါပဲ။ ဒူးရင်းသီး၊ ငါးချဉ်၊ ကောက်ညှင်းထုပ် ဝယ်ရင် ပိုသတိထားပေတော့”

“အဆင့်အတန်းဆိုတာ ဆင်းရဲတာ၊ ချမ်းသာတာနဲ့ မဆိုင်ဘူး၊ စိတ်ဓာတ်က အရေးကြီးတယ်”

တစ်ယောက် တစ်ပေါက် ပြောဆိုနေကြသူတွေ အသံတိတ်သွားပြီး ဘူတာထဲသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြသည်။ မောင်မြင့်မောင် အဝတ်အစားနွမ်းနွမ်း၊ ဆံပင် နီကြောင်ကြောင်နှင့် ကလေး တစ်ယောက်ကို ကုပ်ဆွဲကာ အနားရောက်လာသည် ။ ကလေးငယ်က “နောက်မလုပ်တော့ပါဘူး အစ်ကိုကြီး။ ကျွန်တော် မှားသွားပါတယ်” ဟု အော်ဟစ်ပြောရင်း ယက် ကန်ယက်ကန် ပါလာသည်။

“အစ်မကြီးကို လိမ်ရောင်းသွားတာ ဒီကောင်မဟုတ်လား”

“ဟုတ်ပတော် ဟုတ်ပ၊ ဒီရုပ် ခွေးချီသွားတောင် မှတ်မိတယ်”

“ကဲ မင်း ရောင်းလို့ရတဲ့ ပိုက်ဆံ ဒီအစ်မကြီးကို ပြန် ပေးလိုက်”

ကလေးက သူ့အိတ်ထဲမှ ပိုက်ဆံကို မောင်မြင့်မောင် သြဇာ မလွန်ဆန်နိုင်သဖြင့် မပေးချင်ပေးချင်နှင့် ထုတ် ပေးသည်။ မောင်မြင့်မောင် မောင်းထုတ်လိုက်သဖြင့် ကလေးငယ် အဝေးသို့ ထွက်ပြေးသည်ကို တွေ့လိုက်ရ၏။ ပြဿနာပြေလည်သွားသဖြင့် အမျိုးသမီး၏အသံ မကြားတော့။ အနားရောက်လာသော မောင်မြင့်မောင်က ခုံမှာ ထိုင်ရင်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။

“ဒီကလေး လုပ်တယ် ဆိုတာ ဘယ်လို သိတာလဲ”

“ဒီဘူတာထဲမှာ ဘာ ပြဿနာဖြစ်ရင် ဘယ်သူ့ လက်ချက်ဆိုတာ ကျွန်တော် တန်းသိတာပေါ့ ဆရာ”

“အေးကွာ၊ ဒါပေမဲ့ ဆင်းဆင်းရဲရဲ လုပ်ကိုင်စား သောက်နေကြရတဲ့ ကလေး တွေဘဝကလည်း သနား စရာပါ”

“ဆင်းရဲတဲ့သူတွေကို သနားတာ သဘာဝကျပါတယ်။ ဒါပေမဲ့ အဲဒီလို သနားတာကို အခွင့်ကောင်း မယူသင့်ဘူး။ ရထားပေါ်က ခရီးသည်ဆိုတာ ခဏတွေ့တဲ့သူတွေပဲ ဆိုပြီး မဟုတ်တာ လုပ်ချင်ကြတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့သူ ရှိသလို တစ်နပ်စားဉာဏ်နဲ့ လုပ်စားချင်သူတွေကလည်း အများသား ဆရာရဲ့။ ကြံ ရည်ဆိုပြီး အပေါ်ယံလေးပဲ ထည့်၊ အောက်က ဆိုးဆေးရည်တွေ ခံရောင်းလားရောင်းကြရဲ့။ မုန့်ဖက်ထုပ်အသိုးတွေကို ရထားထွက်ခါနီးမှ ရောင်းလို ရောင်း။ အရက် ရေရောတဲ့ သူကလည်းရော အမျိုးမျိုးပေါ့ ဆရာရယ်။ အများ မိုးခါးရေသောက်တိုင်း လိုက် သောက်တဲ့ အထဲမှာ ကျွန်တော် မပါဘူး။ ကျွန်တော့်ရှေ့မှာ မဟုတ်တာ လုပ်ရင်လည်း ဆုံးမတယ်။ အဲဒီလိုလုပ်တဲ့ လူတွေ များလာတော့ ဘူတာလည်း နာမည်ပျက်တယ်။ ဈေးသည်ဆိုတာ ဝယ်သူ ယုံကြည်ဖို့ အရေးကြီးတယ် ဆရာရဲ့။ ကိုယ် ရောင်းတဲ့ ပစ္စည်းက အမျိုးလည်းမှန်၊ ဈေးလည်းတန်တယ်၊ ဒီဈေးသည် မှန်မှန်ကန်ကန် ရောင်းတယ်လို့ ယုံကြည်သွားရင် မစွံမှာ မပူရတော့ဘူး။ ကျွန်တော်ကတော့ ရိုးရိုးသားသား ရှာဖွေလို့ရတဲ့ ပိုက်ဆံလေးနဲ့ပဲ အမေ့ကို လုပ်ကျွေးချင်တယ် ဆရာ”

အောက်ဆင်းနေသည့် ခရီးသည်တွေ တွဲပေါ်ပြန် တက်လာကြသည်။ ရထား စက်ခေါင်းသံ ကြားရ၏။

“ဟော ရေကျသွားလို့ ရထားထွက်တော့မယ်ထင်တယ် ဆရာ”

“ဩော်အေး၊ မင်း ကျန်တဲ့ သစ်တော်သီးက မများတော့ဘူးဆိုတော့ ငါ ယူလိုက်မယ်။ ရော့ကွာ တစ်သောင်း၊ သစ်တော်သီးဖိုးက ပိုတာ မင်းအမေအတွက် ဆေးဖိုးပေါ့”

ကျွန်တော် ပိုက်ဆံထုတ် ပေးသည်ကို များသည်ဟု ဆိုကာ ငြင်းနေသေးသည်။ သူ့ အိတ်ထဲ ဇွတ်ထည့်ပေးမှလက်ခံသည်။

“အမေ့ကိုလည်း ပြန်ပြောမှာပါ ဆရာ။ ဆရာ့ကို မေတ္တာပို့ပေးမှာပါ”

“ကဲ ရထားထွက်တော့မယ် မင်းလည်း ဆင်းတော့”

သူ ဆင်းဖို့ မပြင်သေး။ အတန်တန် ပြောတော့မှ ပုဆိုးကို ပြင်ဝတ်၍ ခြင်းတောင်းလွတ်ကို ဘယ်ဘက်ပခုံးတွင် လွယ်လိုက်၏။ ရထားထွက်သည်အထိ မဆင်းသေး။ ရထားပင် အရှိန်မြှင့်တော့မည်။ သူ တံခါးဆီသို့ ခပ်ဖြည်းဖြည်း လျှောက်သွား၏။ ကျွန်တော့်ဆီ လှမ်းကြည့်ကာ ပြုံး၍ နှုတ်ဆက်သည်။ သူ ဆင်းတော့မည့်အချိန်တွင် ရထားအရှိန်ရစပြုနေပြီဖြစ်သည်။ သူ အစွမ်းပြနေချင်ပုံ ရသည်။ ယုံကြည်မှုအပြည့် ရှိနေသော မောင်မြင့်မောင် အတွက် မစိုးရိမ်တော့ပါ။

သူ လေဟုန်နှင့်အတူ ရထားပေါ်မှ ခုန်ချလိုက်သည်။ လေထဲသို့ မြောက်တက်သွားပြီး မြေပြင်ပေါ် အကျတွင် ဘယ်ခြေဖြင့် လှမ်းထောက်လိုက်ကာ ခုန်ဆွခုန်ဆွဖြင့် လေး,ငါးလှမ်း ဆက်ခုန်လိုက်သည်။ ပြီးမှ ချိုင်းထောက်ကို ကျွမ်းကျင်စွာ ထောက်လိုက်ပြီး ဟန်ချက်ကို ထိန်းလိုက်သည်။ ကျွန်တော်တို့ရှိရာ ရထားတွဲ ဆီသို့ လှမ်း၍ လက်ပြနေသည်။ သူ့မျက်နှာပေါ်မှ အပြုံးကို ခပ်ရေးရေးသာ မြင်ရ၏။ ရထားသံလမ်းဘေး မြေစိုင်ခဲများ၊ ခလုတ်ကန်သင်းများ ကြားတွင် ချိုင်းထောက်ကို ထောက်လျက် တစ်လှမ်းချင်းလျှောက်နေသော သူ့အသွင်သဏ္ဌာန်က တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားတော့သည်။

••••• ••••• •••••

ကျွန်တော် ခရီးဆောင်အိတ်ထဲမှ တက်ပလက်ကို ထုတ်၍ လက်ချာမှတ်စုဖိုင်ကို ဖွင့်လိုက်သည်။ မန္တလေးရှိ ကုမ္ပဏီခွဲမှ ဝန်ထမ်းများကို ပို့ချရန် အချိန်ယူ ပြုစုခဲ့ရ သည်။ စာအုပ်ထူထူကြီးများ၊ အင်တာနက်ဝက်ဆိုက်များ၊ မိမိ၏ ပြည်တွင်းပြည်ပ သင်တန်းအတွေ့အကြုံများကို မှီငြမ်းကိုးကားထားသည်မို့ ပြည့်စုံသော မှတ်စုစာတမ်း အဖြစ် မှတ်ယူထားသည်။ ယခု အေးအေးဆေးဆေး ပြန် ဖတ်သည့်အခါ စာအုပ်ထဲမှ သီအိုရီတိုင်းသည် လက်တွေ့ ဘဝနှင့် အံဝင်ခွင်ကျ ဖြစ်ရဲ့လား၊ ရောင်းသူနှင့် ဝယ်သူ ကြားမှ အမှန်တရား အနားသတ်မျဉ်းသည် ဝယ်သူဘက်တွင် အမြဲတမ်း ရှိသင့်ရဲ့လား၊ အချိန်အခါ နေရာ ဒေသအရ ရောင်းသူဘက်သို့ အရွေ့တစ်ခု မရှိသင့်ဘူးလား။ မေးခွန်းတို့က အစီအရီ ပေါ်လာသည်။ သက်ပြင်းကို ခပ်မျှဉ်းမျှဉ်းချရင်း တက်ပလက်ကို ပိတ်လိုက်သည်။

သင်တန်းပို့ချသည့် အခါ အခြေခံလူတန်းစား တစ်ယောက်၏ ဘဝအတွေ့ အကြုံ၊ ခံယူချက်၊ ဒဿနများကို သီအိုရီများနှင့် ပေါင်း စပ်၍ မဖြစ်မနေ ထည့်သွင်း ပို့ချရန်ကိုတော့ ဆုံးဖြတ်ချက်ချလိုက်သည်။

▢ မိုးရည်နိုင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဧပြီ ၊ ၂၀၂၀

Monday, August 17, 2026

သကြားနဲ့ တွေ့တယ် မှတ်ပါမောင်


❝ သကြားနဲ့ တွေ့တယ် မှတ်ပါမောင် ❞
    ▢ မဟော်သဓာ ရွှေဝင်း

အလွန် အပြော ကောင်းသော ပျားရည်သယ် အဘိုးကြီး ယောက် ရှိ၏။ အဘိုးကြီးသည် အပြော ကောင်းလွန်းသည့်အတွက် တနေ့ လေးဂါလံမျှ ရောင်းရလေ့ရှိသည်။

၎င်းသည် မည်သည့်အခါမျှ တနေရာတည်း ရောင်းလေ့ မရှိ၊ တနေရာ-တမြို့-တရပ်ကွက် ရောင်းပြီးလျှင် နောက်ထပ် အနည်းဆုံး သုံးလကြာမှ ပြန်ရောင်းလေ့ရှိ၏။

တနေ့သော် လူရွယ် တယောက်သည် ပျားရည်စစ်ကို လိုက်ရှာနေရာ အဘိုးကြီးနှင့် တွေ့လေ၏။

ပျားရည် စစ်စစ်ရလျှင် မိမိအဖွါးအတွက် ဆေးဖေါ်ရန် ဖြစ်သည်။ ဆေးဖေါ်ပေးမည့် ဆရာက..

“ပျားရည်စစ်စစ် ရှားလှကြောင်း၊ လိမ်ရောင်းသူတွေ ပေါကြောင်း-ပျားရည်စစ်စစ် ရလျှင် လူနာရောဂါ ဧကန်ပျောက်နိုင်ကြောင်း” မှာကြားချက်အရ ပျားရည်စစ်သာ ရလျှင် မည်မျှ ပေးရ-ပေးရ လက်နှေးမည့်သူ မဟုတ်ပေ။

“ပျားရည်တွေ-ပျားရည်တွေ၊ တပုလင်းမှ ငါးကျပ်ထဲရယ်။ ကုန်တော့မယ်နော်၊ ကြုံတုံးကြုံဆဲ ဝယ်ထားလိုက်ကြ၊ နေ့တိုင်း ကြုံနေတာ မှုတ်ဘူး၊ သုံးလေးလ ကြာမှ တခါ ရနိုင်တာ …. နို့ပြီးတော့ ပျားရည်ဆိုတာ ဓနိရည်-ထန်းရည်လို အလွယ်တကူ ခံလို့ရတဲ့ အရည် မှုတ်ဘူး”

လူရွယ်သည် အနား ကပ်သွား၏။ လက်ထဲ ပုလင်းလွတ် တလုံး ပါသည်။ အစစ် ရှာနေသူ မဟုတ်ပါလော။

“သူငယ်က တဝက်လား-တပုလင်းလား”

“တခုတော့ မေးပါရစေ ဘကြီး”

“မေးပါ-မေးပါ”

“ကျွန်တော် အဖွားအတွက် ဆေးဖေါ်မလို့ပါ၊ အစစ် ဟုတ်ကဲ့လား ဘကြီး”

“ဘကြီး မုသား မသုံးပါဘူး…ဘကြီးနဲ့ တွေ့ရတာ သကြားနဲ့ တွေ့တယ် အောင်းမေ့ပါ”

လူငယ်အား သကြားမင်းကြီးလို အထင်ရောက်အောင် ပြောခြင်း ဖြစ်သည်။ စင်စစ်ကား သကြားကို ချက်ထားသော သကြားရေ ဖြစ်ပါလေသည်။

▢ မဟော်သဓာ ရွှေဝင်း
📖လူ့ဘုံခန်းဝါ အူတက်စရာ

ကံမကောင်းတဲ့ အရောင်းစာရေး


❝ ကံမကောင်းတဲ့ အရောင်းစာရေး❞
           ( စောနိုင်ဦး )

တစ်ညနေခင်းမှာ ယာတောနားက အိမ်တစ်အိမ်ကိုအရောင်းစာရေးတစ်ယောက် ရောက်လာတယ်။ အရောင်းစာရေးက “တစ်ညတာအတွက် အစားအသောက်နဲ့အခန်းတစ်ခန်း ရနိုင်မလား” လို့ ယာသမားကို မေးလိုက်တယ်။ “အခန်းလွတ် မရှိပါဘူး” လို့ ယာသမားက သူ့ကို ပြန်ဖြေရင်း တစ်ဆက်တည်းထပ် ပြောလိုက်ပြန်တာက...

“ဒါပေမယ့် ငါ့သမီးနဲ့တော့ မင်းကို အတူပေး အိပ်နိုင်တယ်ကွ။ ငါ့သမီးကို အနှောင့်အယှက် မပေးပါဘူးလို့တော့ မင်း ကတိပေးရမယ်”

အရောင်စာရေးက တစ်ညတာ တည်းခိုရရင် ပြီးရောဆိုပြီး သဘောတူလိုက်တယ်။

အဲဒီနောက် ညစာ တစ်ဝကြီး စားပြီးတဲ့ အခါမှာ သူ အိပ်ရမယ့်အခန်းထဲကို ဝင်သွားတယ်။ အခန်းတစ်ခုလုံး မှောင်မဲနေတာပဲ။ အိပ်ရာပေါ် ပစ်လှဲလိုက်တယ်ဆိုရင်ပဲ သူ့နံဘေးမှာ ယာသမားရဲ့သမီး အိပ်ပျော်နေတာ သတိပြုလိုက်မိတယ်။ နောက်နေ့မနက် ရောက်တော့ သူက အခန်းခ ဘယ်လောက်ကျလဲလို့ ယာသမားကို မေးလိုက်တယ်။

“ခုတင်တစ်လုံးတည်းမှာ နှစ်ယောက်မျှ အိပ်ရတာဆိုတော့ နှစ်ဒေါ်လာပဲပေးပါ” လို့ ယာသမားက ပြန်ပြောတယ်။

“ခင်ဗျားသမီးရဲ့အသားကို သွားထိမိတာ အေးစက်နေတာပဲဗျာ” ဆိုပြီး အရောင်းစာရေးက စပ်စုလိုက်တယ်။ ယာသမားက “ဟုတ်မှာပေါ့.. ငါသိ ပါတယ်” လို့ပြန်ဖြေပြီး ဆက်ပြောလိုက်တာက...

“ဒီနေ့ပဲ ငါတို့ သူ့အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်ကြတော့မှာ”

( from The Worlds Best Dirty Jokes gathered by Mr.J )

▢ စောနိုင်ဦး
📖ရယ်စရာ မဂ္ဂဇင်း
     စက်တင်ဘာ ၊ ၂၀၁၅

နှမ်းကပေးသော ဝေဒနာ

❝ နှမ်းကပေးသော ဝေဒနာ ❞
  ( ဆင်ဖြူကျွန်းအောင်သိန်း )

အရိပ်ထဲသို့ မဝင်မိခဲ့လျှင် အကောင်းသား။ ယခု ဝင်မိသည်။ နားနေပြီး ဆေးလိပ်တစ်ဖွာ နှစ်ဖွာသာ သောက်ရသေးသည်။ စနေထောင့်မှ ခဲခဲမည်းမည်း တက်လာသော မိုးသားများကို မမြင်မိလျှင်လည်း အကောင်းသား။ ယခု မြင်မိသည်။ ရီးကျီးဒန်မှာ တင်ပါးကို သံချွန်ဖြင့် အထိုးခံရသော အတိုင်နွားကြီးအလား ဆတ်ခနဲ ဖြစ်သွားသည်။ ဆေးလိပ်တိုကို ပေါက်ပင်မြစ် ပါးပျဉ်းပေါ် တင်ထားခဲ့ပြီး အေးရိပ်မှ ထွက်မိသည်။ ထွက်မိသည်နှင့် တစ်ပြိုင်နက်တည်း ရီးကျီးဒန်မှာ ကျောကော့သွားရလေ၏။ ရင်ရှားထားသော ကြောင့် ချိုင်းအောက်ပိုင်းမှာ ခံသာသော်ငြား ပခုံးနှင့် လက်မောင်းမူ မီးစကြီးဖြင့် အထိုးခံရဘိသို့ ပူလှချေ၏။ ရီးကျီးဒန် နေကို မော့ကြည့်၏။ ဆွမ်းခံဝင်ချိန် သာသာပဲ ရှိဦးမည်။

“အကျိုးနည်းတော်၊ အစောကြီး ရှိသေးတာတောင် ပူလိုက်တာ၊ ကျောကွဲရချည်ရဲ့”

သူကသာ ပူလှချည့် လောင်လှချည့် မြည်တမ်းငြား၊ ကောက်ပင်များမူ နေအပူကို မထီတရီရှိကြသည်။ လေကလေးသွေးလိုက်လျှင် ညင်သာသော တေးကလေးတွေဆိုလျက် မြူးလှုပ်ကြသည်။ ရွှံ့ထဲတွင် တရွေ့ရွေ့ ရွှေ့နေသူများလည်း ကောက်ပင်များကို တုပသည်သို့ ပူ၍ ပူမှန်းမသိကြ။ ရေက ပူ၊ ရွှံ့က ပူ၊ နေက ပူနှင့်။ သို့သော် နှင်တံ အမြှောက် မပျက်၊ တဟင်းဟင်း အအော် မချွတ်။ စိုက်ရက်အတန်ရပြီး သော ကောက်ပင်များသည် အစိမ်းရင့်ရင့် ဆင်ကြပြီ။ ရေရှိနေသရွေ့ နေကို မမှု၊ အန်တုနေကြသည်။ လှန် ခါစ မဝါ့တဝါ၊ မစိမ်းတစိမ်း ကောက်ပင်များသော်မှ မြေတွင် အမြစ်စွဲပြီ၊ လေတွင် ကြွားနေကြပြီ။ အပူ အောက်တွင် ငုံ့ငိုက်နေကြသူများက မလှန်နိုင်သေးသော စိုက်ပြီးခါစ ဝါကြန့်ကြန့် ချည့်တီးချည့်နဲ့ ကောက်ပင်များသာဖြစ်၏။ ရောင်စုံဟပ်သည့် စပ် ကန့်လန့်ကာကြီးကို ကြည့်ရင်းကြည့်ရင်း ရီးကျီးဒန် မောလာ၏။ ပို၍ ပူလောင်လာ၏။

“အရီးရေ… ကြည့်စမ်းပါဦး”

နှမ်းခါရန် အငှားလိုက်လာသော မိန်းကလေးက အထိတ်တလန့် ပြောလိုက်သည်။ နေပူကို ကြည့်ကာ ရှုံ့ထားသော ရီးကျီးဒန့်မျက်နှာသည် ချွေးစေးများ၊ နှမ်းမှုန့်များကြောင့် အမြင်ရဆိုး၏။ သည်အမြင်ဆိုးထဲမှ မျက်လုံးနှစ်လုံးမှာမူ တောက်ပလွန်း၏။ လကွယ်ညကောင်းကင်ထက်မှ ကြယ်လက်လက်နှယ် တောက်ပ၏။

နှမ်းခါရန်အတွက် တိုင်လေးတိုင် စိုက်ထား၏။ ခါးလောက်မြင့်သော ဝါးသဲတုတ်များ ဖြစ်ကြ၏။ လွှာချင်းစောင်၏ ထောင့်လေးထောင့်ကို သည်တိုင်များတွင် ချည်နှောင်ထား၏။ သည်စောင်ထဲတွင် နှမ်းစေ့တွေ၊ နှမ်းရွက်တွေ တလိန်းထိုးနေကြ၏။

ရီးကျီးဒန်၏ တောက်ပသော မျက်လုံးများ၊ နှမ်းခါစောင်ဘက်သို့ ဖျတ်ခနဲ ရောက်သွား၏။ အံ့သြခြင်း၊ ထိတ်လန့်ခြင်း၊ မယုံကြည်နိုင်ခြင်း၊ မန်ကျည်းပွေး၊ မန်ကျည်းခေါက်အလား တွန့်ရွရှုံ့နေသော မျက်နှာပြင်တွင် တစ်ခုပြီး တစ်ခု ပေါ်လာသည်။ စု၍ ပြုံ၍လည်း ဖြစ်ပေါ်ပြန်သည်။

“ဟင်.. အို... ဟာ”

သည်မျှထက် ပို၍ ရီးကျီးဒန် မမြည်တမ်းတတ်။ အံ့သြထိတ်လန့် မယုံကြည်နိုင်မှုတို့က စီးနင်းချုပ်ကိုင်ထားသည်။ ဖြူတူတူ လွှာချင်းစောင်မှာ ခုနက အဖြူ၊ ယခု မည်းတုတ်နေ၏။ သန်းနှင့် တူသော်လည်း သန်းလောက် မကြီးသော နှမ်းပိုးတွေက စောင်တစ်ထည်လုံးကို မင်းမူနေပါတကား။ တစ်မိုးလုံး ဖျောက်ဆိပ် သူတို့ချည်းပါတကား။ ပိုးကောင်များကို ရီးကျီးဒန် လက်ဖြင့် ပွတ်ချ၏။ လက်ခုပ်ဖြင့် ကျုံးယူ၏။ ထစ်ထစ်ငေါ့ငေါ့ အသံလည်း ထွက်ပေါ် လာနိုင်ပြီ။

“ခုန.. ခုန ဒါတွေ မရှိပါဘူးအေ”

နှမ်းခါ အငှားလိုက်သော မိန်းကလေးသည် ရွှင်ပျစွာပြုံး၏။ သူ့ခေါင်းကို အပြန့်ကြီးသော နှီးခမောက်ကြီးဖြင့် ဆောင်းအုပ်ထားသဖြင့် မျက်နှာပေါ်သို့ နေရောင် မထိုးငြား ပါးညိုညိုပေါ်မှ ပါးကွက်နှစ်ခု ကြားတွင် ထွန်းလင်းသော အပြုံးသည် တောက်ရွှန်း၏။ လှပ၏။

“သည်အထောင်ကို ‘ခါ’ တုန်းက ဘာမှမဖြစ်ဘူး အရီးရဲ့”

“ဟင်… ဘယ်လိုဖြစ်၊ မှန်းစမ်း”

ညာဘက်အစပ်တွင် တင်ထားသော နှမ်းစည်း တစ်စည်းကို မြှောက်ကိုင်သည်။ အဖျားကို တုတ်ဖြင့် ဆဆကလေး ရိုက်သည်။ တဖြောဖြော လျှောဆင်းလာသည့် နှမ်းစေ့တွေမှာ ပကတိအဖြူ။ သို့သော် ဘယ်ဘက်အစပ်တွင် တင်ထားသည့် နှမ်းစည်း သုံးလေးစည်းထဲမှ တစ်စည်းကို ဆွဲမြှောက်ရိုက်ပုတ်လိုက်သော အခါကျလာသည့် နှမ်းစေ့က နည်းနည်း။ မည်းမည်းအကောင်တွေသာ ခဲခနဲ သဲခနဲ။

လျင်လိုက် သွက်လိုက်သည့် ရီးကျီးဒန်။ မေး၍ မဆုံးမီမှာပင် နှမ်းပင်စည်း တစ်စည်းလုံးကို ကိုင်မြှောက်ကာ လက်ဝါးထဲသို့ ခါချပြီးသွား၏။ သည်းသည်း လှုပ်နေသည့် မည်းမည်းအကောင်တွေသာ။ အစေ့အဆန် နည်းပြီး ပိုးကောင်တွေ များ၏။ ရီးကျီးဒန်သည် ပိုးကောင်တွေကို အသာအယာ မှုတ်ထုတ်၏။ ပေါ်လာသော နှမ်းစေ့များကို လက်ဖြင့် ‘ဖျစ်’ ကြည့်မိသည်။ အမောဝေဒနာသည် ရင်မှာ ခိုအောင်း လာပြီ။ လက်ဝါးပြင်ကို မျက်လုံးနား ကပ်ကြည့် သည်။ နှမ်းစေ့ကို စေ့စေ့စပ်စပ်ကြည့်သည်။ အဆန်၊ အသား ပါဟန်မတူ အခွံချည်း ရှိဟန်တူ၏။ သို့သော် မသေမချာ။

“ဟဲ့... သည်နှမ်းစေ့တွေ ကြည့်ပါဦးအေ”

နှမ်းခါမလေးသည် ရီးကျီးဒန်လက်ဝါးပြင် ရှုံ့တွတွပေါ်ရှိ နှမ်းစေ့များကို ငုံ့ကြည့်၏။

“အခွံပဲ ရှိတော့တယ် အရီးရှေ့၊ အသား မရှိတော့ဘူး။ အဆန် မရှိတော့ဘူး။ အကောင်တွေ စားပစ်တာ”

ရီးကျီးဒန်ရင်သည် ဒိန်းခနဲ အဆောင့်ခံရ၏။ ရင်တွင်း၌ ပူလောင်လာသည်တွင် ဖြေသိမ့်ဆောက်တည်ရာကို ရှာသည့်သဘောဖြင့် ဘေးဘက်သို့ မျက်လုံးဝေ့ မိ၏။ ပိုးမပါသော နှမ်းထောင်တွေ မည်မျှကျန်ပါသေးသနည်း။ နည်းသည်။ အတော်နည်းသည်။ သုံးစည်းစီ ဆိုပြီး ထောင်ထားသော “နှမ်းထောင်” နှစ်ဆယ် အစိတ်သာ ရှိတော့သည်။ ထွက်လှလျှင် သုံးစိတ်တစ်တင်း။ ဘယ်ဘက်တွင်ကား နှမ်းထောင် တစ်ရာမျှ ရှိသေးသည်။ အပေါ်ယံက ကြည့်လျှင်ကား သီးလိုက်သည့် အသီးတွေ။ လေးရှဉ်း ငါးရှဉ်းမှ ခုနစ်ရှဉ်းအထိ။ အမြင်အားဖြင့် အားရစရာ။ သည်အားရစရာကြောင့် ရီးကျီးဒန် မျက်လုံးတွေ ချောက်ကမ်းပါး အောက်က ကျောက်သံပတ္တမြားသဖွယ် တောက်ပ နေခြင်းဖြစ်၏။ ယခု သည်မျက်လုံး မှေးမှိန်ရပြီ။ မှိန် မှေးသော မျက်လုံးအိမ်တွင် ကြေကွဲခြင်း၊ ရင်ထုမနာ ဖြစ်ခြင်း မိုးတိမ်များ တရိပ်ရိပ် တက်လာလေ၏။

ရီးကျီးဒန် ငိုပစ်လိုက်ချင်သည်။ ပုလဲဓာတ်မြေသြဇာက တစ်ဧကမှာ တစ်လုံးသာရသည်။ အမှန် လိုသည်က ငါးလုံးမို့ ငါးဧက အတွက် အလုံးနှစ်ဆယ် ရှာရသည်။ သို့မှသာ စပါးထွက်မည်။ ဝမ်းစာကလေး ကျန်မည်။ ရှာဖွေ ဝယ်ယူရသည်မှာ ပိုးသတ်ဆေးပါ မကျန်။ ရှိစေတော့၊ ကုလားပဲနှင့် နှမ်းကို အားထားမည်။ ကုလားပဲမှာ ထူးထူးဆန်းဆန်း ပိုးကျသည်။ ဟော… ကုလားပဲသာမက နှမ်းမှာပါ ပိုးကျလာပြီ။

“နေပါဦး၊ ဟိုဘက်က နှမ်းထောင်တွေကျတော့ ပိုးမကျပါကလား”

သည်နှယ် အတွေးဝင်လျှင်ဝင်ချင်း ရီးဆေးရိုး၏ မျက်နှာကြီး ကွင်းခနဲပေါ်လာ၏။ နှစ်ပေါင်း ၅ဝ ကျော် နေလောင်ထားသော မျက်နှာမည်းမှောင်မှောင်ကြီး။

“မထုံတက်သေး အေးတိအေးစက်နဲ့ ဒင်း ရေသွင်းတဲ့ လယ်ကွက်ထဲက နှမ်းပင်တွေသာ ပိုးလိုက်တာ၊ ရေမသွင်းလိုက်ရတဲ့ အကွက်တွေက ပိုးမပါဘူး၊ ဒင့် ကြောင့် ဒင့်ကြောင့်”

ရီးကျီးဒန် မည်သို့ပင် ရန်ထောင်ထောင်၊ အပြစ် ပြောပြော ရီးဆေးရိုး လှုပ်မည် မဟုတ်။ “ယောက္ခမ သေမယ်မှန်း သိရင် မြင်းဝယ်စီးမှာပေါ့ ကျီးဒန်ရာ။ မိုးရွာမယ် မထင်လို့ ရေသွင်းတာပေါ့။ ကောင်းစေချင်လို့ လုပ်တာ၊ မကောင်းလည်း ကံပေါ့” ပြောမည်၊ ဆင်ခြေကန်မည် မုချ။ ကန်ပါစေ၊ ဆင်ခြေ မည်မျှ ကန်စေကာမူ ရန်တွေ့ဖြစ်အောင် တွေ့မည်။ ဆဲရေး တိုင်းထွာပြီး ထရိုက်ခါမှ ရိုက်ပေရော့၊ ကက်ကက်လန်အောင် ရန်လုပ်မည်။ သို့မှသာ ရင်ထဲက ဆို့ကျပ် ဝေဒနာ သက်သာမည်။

••••• ••••• •••••

“ကြည့်စမ်း၊ နေတောင်မဝင်သေးဘူး၊ ပြန်လာလိုက်ကြတာ အလျှိုအလျှိုနဲ့ပါကလား”

နေလုံးကြီးသည် ချောင်းအနောက်ဘက် ရှားတောရွာပေါ်တွင် မေးတင်ထားသည်။ ရောင်ခြည်များ ရုပ်သိမ်းစမို့ ကောင်းကင်ပြင်တွင် နနွင်းမဆိုး။ ‘နီပဆေး’ မခြယ်တတ်သေး။ အခါတိုင်းမူ သည်အချိန်တွင် ရမ်းဘိုကုန်းရွာသည် မစည်ကားသေး။ မှောင်ရီပျိုးမှ တချို့၊ မှောင်ကြီးမှောင်မှ တချို့ လယ်ပြင်မှ ပြန်လာကြသဖြင့် မီးခွက်ထွန်းချိန်ကျမှ လယ်ပြင်ပြန်များဖြင့် စည်ကားသည်။

ယနေ့သော်ကား ထွန်သမားများလည်း အပြန် စောသည်။ ထမ်းပိုးတုံးပေါ်တွင် ထွန်တုံးတင်လျက် နွားကို လွှတ်လိုက်သည်။ ထွန်သန်ကန့်လန့်က တဂျောက်ဂျောက် မြေကြီးကို ခြစ်လျက် လိုက်ပါလာသည်။ ထွန်သန်ဖျား၏ ပန်းချီရေးသံက တရှဲရှဲ။ အင်္ကျီဖားဖား၊ ပါးကွက်ကျားကျား၊ ခမောက်ကားကားနှင့် ကောက်စိုက်မများလည်း အပြန်စောသည်သာ။ သူတို့ ကြားတွင် ဓားမကို ခါးထိုးပြီး ငန်းပြား ထမ်းထားသူများ၊ နှမ်းထုပ်တွေ၊ ရွက်တိုင်တွေ ထမ်းလာ သူများကလည်း ရောနှောလျက်။

အိမ်ကို လှမ်းကြည့်သောအခါ တံခါးစေ့နေသည်။ မျောက်လက်တွင် သံကောက်ချိတ်ထားသည်။ လူ အချို့လည်း ရွာအရှေ့ဘက်သို့ ဆင်းဆင်းသွားကြသည်။ မြောင်းဟောင်း၏ ဟိုဘက် မလှမ်းမကမ်းတွင် လူစုစုကို မြင်တော့မှ “ဟုတ်သားပဲ၊ နီးပြီကိုး” ဆိုကာ ရင်ကို ပုတ်မိလေ၏။

ဓာတ်ပေါင်းစုဘုရား။ သီရိဓမ္မာသောကမင်းကြီး တည်ထားခဲ့သောဘုရား၊ ရမ်းဘိုကုန်းရွာ၏ အထွတ်အမြတ်ဘုရား၊ ဆွမ်းတော်ကြီးပေါင်းပွဲတော်ကျင်းပမှာက ဝါခေါင်လဆန်း ၆ ရက်။

“ဟဲ့ ဟဲ့၊ နင်ဘယ်သူလဲ”

ဘေးဘက်မှ ဖြတ်သွားသော ပါးကွက်ကျားမ၊ ကောက်စိုက်သမလေးကို လှမ်းမေး၏။

“ထွေးရည် တောင် မမှတ်မိတော့ဘူးလား၊ ဘယ် မှတ်မိတော့မလဲ၊ နှမ်းတွေရမှ သွေးကြီးနေမှကိုး”

“ဟဲ့ သောက်ကောင်မရဲ့၊ နေပူထဲက လာတာ မျက်လုံးတွေ ပြာနေပြီဟဲ့။ အဲ နေပါဦး၊ ကနေ့ လဆန်း ဘယ်နှရက်လဲ”

“ဝါခေါင်လဆန်း တစ်ရက် အရီးရှေ့၊ တစ်ရက်။ ကြား (၆) ရက်ပဲ လိုတော့တယ်။ အဲဒါကြောင့် ချုံတွေ ရှင်းနေရတာပေါ့။ ထုံးသုတ်ရဦးမှာနဲ့ တန်ဆောင်းကို ပြင်ဆင်ရဦးမှာနဲ့၊ မီမှ မီပါ့မလား”

ရီးကျီးဒန် ခေါင်းညိတ်လျက် ကျန်ခဲ့သည်။ ခေါင်းပေါ်မှ နှမ်းထုပ်သည် တစ်ခွဲသာသာမျှသာရှိနေငြား ကပြင်ပေါ် ပစ်တင်လိုက်ချိန်တွင် ခေါင်းပေါ့သွား၏။

“သာဓုတော် သာဓု သာဓု”

ချုံရှင်းသည့်ဘက်မှ လုံးလိပ်ပြီး မီးခိုးတွေ တက်လာ၏။ သည်မီးခိုးလုံးကို ကြည့်ပြီး ရီးကျီးဒန် ကောင်းချီး ပေးမိ၏။ အိမ်အရောက်တွင် ရန်ဖြစ်လိုက်မည်၊ မောင်းတင်ထားသော စိတ်သည် ပီတိတရားအောက်တွင် နစ်မြုပ်သွား၏။

“အန္တရာယ်ကင်းကြပါစေ၊ ဘေးကင်းကြပါစေတော်”

ချုံရှင်းသည်မှာ မိုးနှံချုံ၊ နဘူးချုံနှင့် ဝံသာနုချုံများကို ခုတ်ထွင်ရှင်းလင်းခြင်းဖြစ်ငြား အန္တရာယ်က များလှသည်။ မြွေစိမ်းမြီးခြောက်ကအစ မြွေမျိုးစုံတို့ တစ်နှစ်လုံး ခိုအောင်းနေသော နေရာကို ဖျက်ဆီးရခြင်းဖြစ်၏။

သို့ရာတွင် မှိုးမှိုးမှောင်မှောင်တွင် ‘ရေယူ’ ခြင်းဖြင့် မြွေအလမ္ပာယ်သမား လုပ်နေခဲ့ကြသော လယ်သမားများက မြွေကို မမှုပါ။ နေ့ခင်းကြောင်တောင်မို့ မြင်လည်း မြင်သာ၏။ မမြင်သာသော အန္တရာယ်မှာ ပျား နှင့် ပျားသန်၊ ပဆုပ်ပနီများ ဖြစ်၏။ သစ်ကိုင်းက မွဲမွဲ၊ ပျားအုံအရောင်က မွဲမွဲတို့ဖြစ်၍ ထန်းစေ့မှုတ် ပျားတွေ ဝေါခနဲ ထွက်လာမှ တောင်ပုတ် မြောက်ပုတ် လုပ်ရ၏။ ခွေးလှေးပျားနှင့် မွေးလိမ်ပျားမူ မကိုက်၊ မတုပ်။ ဆံပင် မွေးညင်း စသော အမွေးအမျှင်ရှိရာ အရပ်ကို လိုက်နားပြီး ကသိကအောက်ဖြစ်အောင် လုပ်၏။

ဤသည်ကိုလည်း ဒူပေနာပေနိုင်လှသော လယ်သမားများ အရေးမစိုက်သေးပါ။ အတုပ်ခံရလျှင် ဖျားနာသော ပျားသန်နှင့် ပဆုပ်ပနီကိုကား သေလုအောင် ကြောက်ကြသည်။ သို့ပါလျက်နှင့် ညာသံပေးကာ ချုံခုတ်သူက ခုတ်၊ ချုံကော်သူက ကော်၊ မီးရှို့သူက မီးရှို့ ။ မီးခိုးတလူလူ၊ ရယ်မောသံ တသောသောဖြင့် ကုသိုလ်ကြောင်းအတွက် မောင်းတင်နေကြသည်ကို လှမ်းမျှော်တိုင်း မြင်ရသောအခါ ရီးကျီးဒန်မှာ အားတက်လာသည်။ အမောပြေလာသည်။

“သူတို့တောင်မှ ဒါလောက် လုပ်နေကြသေးရင် ငါကကော ဘာဖြစ်လို့ ချွေးနှဲစာနဲ့ ကုသိုလ်မပါနိုင်ရမှာလဲ”

ရီးကျီးဒန်မှာ ဓာတ်ပေါင်းစုဘုရားဘက်သို့ မျှော်ကြည့်လေလေ တက်ကြွလေလေဖြစ်၏။ လုံးတက်လာသော မီးခိုးမည်း၊ မီးခိုးဝါနှင့် မီးခိုးဖြူတွေက မေးကြောကြီးတွေ ထောင်လာအောင်၊ မှိန်သော မျက်လုံးများ တောက်ပဝင်းရွဲ လာအောင် ဆွပေးသည်။ ထိုအခါ တာဝန်ကျေအဖြစ် ဒိုင်သို့ သွင်းပြီး ကတည်းက မဖွင့်ဖြစ်သော ကုလားပဲပုတ်ဘက်သို့ သွက်လက်စွာ ထလာခဲ့မိလေ၏။

••••• ••••• •••••

နှမ်းသီးထဲတွင် ပိုးပါသောကိစ္စ။

ဘုရားပွဲအတွက် ရီးဆေးရိုး လုံးပမ်းနေရသည့် နည်းတူ ရီးကျီးဒန်လည်း အနား မနေရ။ ဘုရားပွဲရက်တွင် မည်သည့်နည်းနှင့်မျှ နွားစာ မစဉ်းနိုင်။ တစ်နေ့ နည်းနည်း ပိုအောင် ရီးကျီးဒန် ကြိုးစား စဉ်းထားရသည်။ ဆွမ်းချက်ရန် ဆန်ကောင်းဆန်သန့် ရှာဖွေရ၊ သပိတ်ချောချောလှလှ မေးမြန်းရ၊ ပဲထဲမှ ခဲနှင့် အအောက်များ ရွေးရနှင့် မအားချေ။ လင်ကိုယ်မယားသာ ရှိသော အိမ်တွင် စကားမပြောမိသော ရက်များပင် ရှိလေသည်။ ဆိုင်းငှားရာသို့ လိုက်ရ၊ ဘုရား ထုံးသုတ်ရာသို့ လိုက်ရနှင့် လင်းကတည်းက ထွက်သွားလိုက်သည်မှာ မိုးကြီးစုန်းစုန်းချုပ်တော့မှ ပြန်ရောက်သည် မဟုတ်လား။ စကားသော်မှ ပြောချိန်မရသည့်အတွက် ရန်ဖြစ်ချိန်လည်း မရ။ သို့သော် ရန်ဖြစ်ကိန်းကြုံသော အခါ ရှောင်၍ မရ။ ထိုနေ့မှာ အဖိတ်နေ့။ အဖိတ်နေ့ကျမှ ရီးဆေးရိုး အိမ်ကပ်နိုင်တော့သည်။

“ဟဲ့ မုန့်လေးဘာလေး မလုပ်တော့ဘူးလား ကျီးဒန်”

ဝါခေါင်မိုးလဖြစ်ငြား ရီးဆေးရိုးမှာ အိမ်ပေါ်မှာ မနေနိုင်။ အိမ်ရှေ့က ‘မန်ကျည်းပနီ’ ပင်အောက် ဆင်းထိုင်နေရာက လှမ်းမေး၏။

“ဗယာကြော် ကြော်မလို့ တော်ရေ့”

နှမ်းလှန်းရန် ပြင်ဆင်နေချိန်တွင် မေးမိသဖြင့် မျက်စောင်းထိုးကား ခံရလေပြီ။ စောင်ကို နေပူတွင် ဖြန့်ခင်းပြီး လူက နေရိပ်တွင် ထိုင်ကာ နှမ်းရွက်များ ကောက်ပစ်နေရာက “ဗယာကြော် ကြော်ဖို့ ဆီမရှိလို့ နှမ်းလှန်းနေတာ ထွက်မသွားနဲ့ဦး၊ ဆီကြိတ်ရမယ်” တစ်ခွန်းထက် တစ်ခွန်း မာကျောတိုတောင်းစွာ လှမ်း ပြောသည်။

“အမေကြီး နှမ်းလှန်းနေတယ်ဟေ့”

ငတက်ပြားမအောက် တစ်ယောက်ခြား လှအုံးမယ်၏ အသံစူးစူးကလေးနှင့်အတူ ကလေးတစ်အုပ်ကြီး ပြေးဝင်လာကြ၏။ ရီးကျီးဒန့်လက်သည် တုတ်တစ်ချောင်းကို နောက်ပြန်စမ်းသပ်ဆွဲယူမိပြီးနေပြီ။

“လာဝံ့ရင်လာစမ်း၊ အသေပဲ”

သည်ကလေးအုပ်သာ အနားကပ်မိလျှင် တစ်ယောက် တစ်ဆုပ် ကောက်ကွေးရုံဖြင့် တစ်ပြည်ခန့် ပါသွားမည်။ သို့ရာတွင် အခြားကလေးတွေ နောက်ဆုတ်ကာ ထွက်သွားကြငြား၊ ငတက်ပြားမနှင့် သူ့ အထက်က တစ်ယောက်ကျော်မောင်ကိုကြီးတို့ ကျန်နေခဲ့၏။ အမေကြီးလက်ထဲတွင် တုတ်ရှိနေသဖြင့် ငတက်ပြားမသည် ဘေးသွားထိုင်၏။ မောင်ကိုကြီးမူ လက်ပိုက်ကာ ကျောင်းသားဟန်၊ ကျောင်းသားမူဖြင့် ရပ်နေ၏။

“နှမ်းက မရရတဲ့ အထဲဟာ၊ ဗယာကြော် ကြော်ရတယ်လို့”

ရီးကျီးဒန် မျက်စောင်းထိုးရင်း “ဘယ်ရမလဲ” ဆိုသည်။

“ရမ်းပြီး ရေသွင်းတာကိုး၊ ရေမသွင်းတဲ့ လယ်ကွက်တွေက နှမ်းဆိုရင် ဘာပိုးမှ မရှိဘူး၊ လုပ်လိုက်ရင် တဇောက်ကန်း”

“ပျက်စီးစေချင်ရင် အပင်ပန်းခံပြီး ရေယူနေဦးမလားဟာ၊ ဓားနဲ့ လျှောက်ယမ်းပစ်မှာပေါ့”

“သူ့ပြောလိုက်ရင်...”

“ဗျို ရီးဆေးရိုးတို့၊ ရီးကျီးဒန်တို့”

အော်အော် ဝင်ဝင် အိမ်ဝိုင်းထဲ ဝင်လာသော လူတစ်ယောက်ကြောင့် ရီးကျီးဒန်၏ ရန်ထောင်စကားမှာ ရပ်သွား၏။

“သာညွန့် လာဟေ့ အိမ်ပေါ်ကို”

ရီးဆေးရိုး ထရပ်ငြား ဧည့်သည်က မန်ကျည်းပင်ခြေရင်းရှိ ‘ထန်းဖုံးဖတ်’ အတိုကလေးပေါ်တွင် ဝင်ထိုင်သည်။

“အလုပ်အကိုင်ကော ဟန်ကျရဲ့လား”

“ကုန်ကြမ်းမရလို့ ငန်းပြား၊ တံစဉ်၊ ဓား ဘယ်လောက်ပဲ အော်ဒါရရ မလုပ်နိုင်ပါဘူးဗျာ၊ အခုတောင် ‘လေးသံ’  ရှိတယ်ကြားလို့ လာတာ မရခဲ့ပါဘူး”

“နို့ လယ်ကတော့ ရ မဟုတ်လား”

“လယ်ကလေး တစ်ကျိပ်စိုက်သာသာပါဗျာ၊ ဆီစားကလေးများ ရမလားလို့ နှမ်းကြဲပါတယ်၊ မိုးရွာမယ့်နေ့မှာ ရေသွားသွင်းမိလို့ ပိုးကိုက်ကုန်ပါရောလား။ အမြင်ကတော့ လေးရှဉ်း ငါးရှဉ်း အားရစရာဗျာ၊ အဲ ခါလိုက်တော့မှ ထွက်လာလိုက်တဲ့ ပိုးကောင်တွေဗျာ၊ ခြအုံကို ဖဲ့ချလိုက်သလားမှတ်ရ”

ရီးဆေးရိုးမှာ သူခိုးသေဖော်ရသဖြင့် တပြုံးပြုံးဖြစ်နေစဉ် မောင်ကိုကြီးက ရှေ့တည့်တည့်လာထိုင်၏။

“အဲဒါ မျိုးမသန့်တာဗျ”

“မဟုတ်ပါဘူးကွာ”

ရီးဆေးရိုး၏ ညည်းညည်းတွားတွား အငြင်းစကား။

“ဘပဲ စဉ်းစားကြည့်လေ၊ ဘတို့ နှမ်းတွေ လေလုံအောင်ထားပေမယ့် ထုတ်လိုက်တဲ့အခါ ပိုး ‘ထွေး’ နေတာဟာ နှမ်းစေ့ထဲမှာ ပိုးပါလို့ပေါ့ဗျ၊ အခုလည်း မျိုး မသန့်တာပဲ ဖြစ်ရမယ်”

“မင်းနားမလည်ပါဘူး သားရာ”

“အမယ် ရီးဆေးရိုး၊ ခင်ဗျားက ခင်ဗျားမြေးကို ကလေးဆိုပြီး အထင်မသေးနဲ့နော၊ သူတို့က သိပ္ပံပညာတွေ ဘာတွေ သင်နေရတာဗျနော”

‘မိုးဝင်း’ ရွာသားကြီး သူ့ဘက်မှ ဝင်ကူသဖြင့် မောင်ကိုကြီး အားတက်သွား၏။ အားတက်ငြား စကားဆက်ခွင့် မရလိုက်။ ကိုသာညွန့် လည်ပင်းရှည်ပြီး ရီးကျီးဒန်အား လှမ်းမေး၏။

“ဘုရားပွဲအတွက်လား ရီးကျီးဒန်”

“ဟုတ်ပါ့တော်၊ ဗယာကြော် ကြော်မလို့”

ထိုအခါ ကိုသာညွန့်အသံ မြင့်တက်သွား၏။ မျက်လုံးပြူး မျက်ဆန်ပြူးလည်း ဖြစ်သွား၏။

“အဲဒီအတိုင်း ဆီကြိတ်ပြီး ဗယာကြော် ကြော်ရင်တော့ တမာသီးကြော် ဖြစ်သွားလိမ့်မယ်ဗျို့ ၊ အမယ်လေး ခါးလိုက်သမှ အန်နေတာ”

ရီးကျီးဒန်၏ အကြောပြိုင်းပြိုင်းလက်များ တန့်သွား၏။

“ခင်ဗျားတို့ဘက်က နှမ်းခါတာ နောက်ကျလို့ မသိသေးတာကိုး။ ကျုပ်တို့ဆီမှာတော့ အဲဒီ နှမ်းဆီ ခတ်မိလို့ အိုးသွန်ပစ်ကြရပေါင်း များလှပြီ။ နေပါဦး၊ နှမ်းတစ်တင်း သုံးဆယ်တဲ့၊ ခင်ဗျား ကြားဖူးလား”

“အလိုလေးတော်” ဆိုကာ ရီးကျီးဒန် တုန်လှုပ်သွားသည့်နည်းတူ ရီးဆေးရိုးလည်း မျက်လုံးပြူးနေ၏။

“တစ်တောင်း ၂၅ဝ ပါဟ”

“မပြာမတီးဘဲ သွားရောင်းလို့ကတော့ သုံးဆယ် ဈေးပဲဗျား၊ ကျကျနန ပြာစင်သွားတဲ့ နှမ်း ဆိုရင်တော့ ဟုတ်ပါတယ်”

“အဲဒါ ဘာဖြစ်လို့လဲ”

“ပိုးစားတဲ့ နှမ်းစေ့တွေမှာ ဆီထွက်မယ့် အသား မရှိတော့ဘူးလေဗျာ၊ အသားမရှိတဲ့ အခွံကို ဆီကြိတ်တော့ အခါးရည်တွေ ထွက်တာပေါ့ဗျ၊ အဲဒါတွေ စင်အောင် ပြာတီးထားတဲ့ နှမ်းကျတော့မှ မခါးတဲ့ ဆီ ထွက်တာလေဗျ။ ဒီတော့ အခွံတွေ အကာတွေ ပါရင် သုံးဆယ်၊ အသားချည်းမှ ၂၅၀”

ရီးဆေးရိုး “အင်း” ခနဲ ညည်းသည်တွင် “ရှေ့နှစ်ကျရင် အိမ်ကမျိုးကို မသုံးနဲ့ ဘ၊ မျိုးကောင်းမျိုးသန့် ရှာပြီးကြဲ” ဟု မောင်ကိုကြီးက ဝင်ပြောလေသည်။ ရီးဆေးရိုးမှာ မောင်ကိုကြီး၏ စကားကို မကြားပါ။ ကိုသာညွန့် နှုတ်ဆက်ပြီး ပြန်သွားသည်ကိုလည်း မသိလိုက်ပါ။ မသုတ်သင်ရသေး၊ နေမလှန်းရသေး သဖြင့် ဂုန်အိတ်ဖြင့် ယာယီထည့်ထားသော နှမ်း သုံးလေးတင်းစာကို ရီဝေစွာ ငေးမောကြည့်နေ၏။

ရီးကျီးဒန်ကား မြေသြဇာအိတ်ခွံတွေ စပ်ဟပ် ဖြန့်ခင်းပြီး တဖြန်းဖြန်း ပြာလေပြီ။ တစ်စလယ်စာ ပြာ ပြီးတိုင်း တစ်ဆုပ်စာမျှသာ ကျန်သည်။ တစ်ဆန်ကော မဟုတ်၊ နှစ်ဆန်ကော မဟုတ်။ သုံးလေးဆန်ကောခန့် ပြာ အပြီးတွင် မျက်နှာပျက်စ ပြုလေပြီ။ နေထုတ်လှန်း ထားသော တစ်တင်းစာ နှမ်းများ ပြာတီး၍ ပြီးချိန်တွင်ကား ‘အဖျား’ များသည် အပုံကြီး မြင့်နေ၏။ မခါးအောင် ဆီကြိတ်နိုင်သည့် ‘အရင်း’ စေ့များမူ သုံးပြည်စာခန့်သာရသည်။ ရီးကျီးဒန် တင်းမထားနိုင်ပါ။

“ကိုဆေးရိုးရေ၊ သုံးလေးငါးဆုံစာ မှန်းထားတဲ့ နှမ်းတစ်တင်း၊ အခုတော့ ကြည့်ပါဦး၊ တစ်ဆုံစာလောက်ပဲ ကျန်ပါတော့ကလား”

မျက်ရည်မဝေ့ မျက်ရည်မကျငြား၊ ရီးကျီးဒန့် အသံ တုန်ယင်နေ၏။ သို့တစေ ရီးဆေးရိုးထံမှ တုံ့ပြန်သံမလာပါ။ ရီးဆေးရိုးသည် စောစောကပင် ချောင်းကမ်းနဖူးသို့ သွားရောက် ငေးမောနေခဲ့လေပြီ။

▢  ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်

ဒေါင်းကျော်ချိန်မှာ


❝ ဒေါင်းကျော်ချိန်မှာ ❞ 
       ( ကံထွန်းသစ် )

၁။

“အင်း...သင်းကလေး”

အတွေးသည် တန့်သွားပြန်သည်။ လက်ထဲက ဓားငယ်ကို ချရင်း မျက်စိဦးတည်ရာ ငေးနေမိပြန်သည်။ အကြည့်ကျ လေရာရာတွင် စောင့်နေတတ်သည်က သင်းကလေး ဖြစ်နေပြန်သည်။

ဟူး...ပြုံးနေသော၊ ရယ်နေသော၊ မဲ့နေသော၊ ငိုနေသော၊ နာကျင် ညည်းညူနေသော မျက်နှာများ၊ စိတ်ဆိုး အမျက်ထွက်ဟန် မျက်နှာကား မပါခဲ့။

အိုး...သင်းကလေး စိတ်မှ မဆိုးတတ်တာ။

သင်း...သင်းကလေး အမေလည်း ဒီလိုပါပဲလေ။

ဘယ်လောက်ဆူဆူ၊ ဘယ်လိုဆဲဆဲ အပြုံး မပျက်ဘူး။ နောက်ဆုံး ထ ရိုက်လျှင်တောင် အပြုံးက လက်ကျန်နဲ့ ခဏခဏ ရန်ဖြစ်ရတယ်။ ရန်ဖြစ်တော့လည်း မထုံတတေးနဲ့။

ဟင်း...တစ်ခါတော့ နို့စို့ကလေး၊ အဲ...ခု ကိုရင်ဝတ်နေတဲ့ ကလေးပေါ့။ နို့ဆာလို့ ငို၊ မအေလုပ်သူက မလာနိုင်၊ ဘယ်အလေလိုက်နေလဲ မသိ၊ နောက်ကြောင်း ပြန်မကြည့်ဘူး။ သွားချင်ရာ သွားနေ၊ ပြန်လာတော့ ဘာပြော ကောင်းမလဲ၊ ဝါးလုံးတိုနဲ့ ဆီးပြီး....။

ယောင်ယမ်းကာ စောစောက ချထားသော ဝါးခြမ်းကို ကောက်ကိုင်မိသည်။ သည်အခါ ဝါး လိုနေသေးသည်ကို အမှတ်ရကာ ဝါးများ စုထောင်ထားရာ အိမ်ထောင့်က ကုက္ကိုပင်ကြီးဆီ အကြည့်ရောက်သည်။

ဝါးချောချော တစ်လုံးကို ထပ်ယူရန် အထတွင် ဖျိုးဖျိုးဖျစ်ဖျစ် မြည်ကာ ခါးနှင့် ဒူးဆစ်တို့က ထိုင်နေတာ ကြာပြီ ဖြစ်ကြောင်း သက်သေခံနေကြသည်။ မတ်တတ်ရပ်ရုံရှိသေး-

“ဘကြီး ဝါးလုံးလိုလို့ လား”

“အေးကွ”

ဖြေရင်း လှည့်ကြည့်မိတော့ ကာလသားခေါင်း မောင်ဟန်၊ သူ့အဖေနဲ့ သင်းကလေးအမေနဲ့ မောင်နှမ ဆိုတော့၊ အင်း သူလည်း လာရှာမှာပေါ့လေ။ ဒီလိုခါမျိုးမှ မလာရင်လည်း။

••••• ••••• •••••

၂။

“ဪ...သင်းကလေး”

လက်ထဲမှ ဝါးခြမ်းများကို ဇောင်းသပ်ကာ ချောအောင်ပြုနေမှုကို ရပ်လိုက်မိပြန်သည်။ သင်းကလေး ရှိရာဆီ အကြည့် ရောက်ပြန်သည်။ တူမအချို့နှင့် အကြီးမကို တွေ့ ရသည်။ သူတို့၏ လေးဖင့်စွာ လှုပ်ရှားနေကြဟန်ကိုလည်း သတိထားမိသည်။ ဟုတ်တာပေါ့လေ။ ဒီလိုအခါမျိုးမှာ ဘယ်သူက ရွှင်လန်းနိုင်ပါ့မလဲ။ ငါတောင် ဟူး...။ အတွေးကို ဖျောက်၍ ဓားကို ပြန် ကောက်ကိုင်လိုက်သည်။ ပြီး ဝါးများ လိုသလို ဖြတ်တောက်ရန် တိုင်းထွာလိုက်သည်။ တစ်လံသာသာ မှန်းကာ ဝါးခြမ်းများကို ဖြတ်လိုက်သည်။ စိတ်ဖြင့် ‘ဆ’ ကာ ပုံဖော်ရင်း ဝါးခြမ်း လေးခု ဖြတ်ရမည်ကို သဘောပေါက်သည်။

အာရုံတွင် ငယ်စဉ်က ဆရာနှင့် အတူ လိုက်ခဲ့ရသော အလှူမင်္ဂလာ မဏ္ဍပ်ကြီးများ၊ ဘုန်းကြီးပျံ မဏ္ဍပ်နှင့် ကရဝိက်ဖောင်ကြီးများ၊ လောင်တိုက် ပြာသာဒ်ကြီးများကို ပြန်ပေါ်လာသည်။ အထူးသဖြင့် ရွာဦးကျောင်း ဆရာတော် ဘိုးဓမ္မစာရီ၊ ပျံလွန်တော်မူတုန်းက မြင်ကွင်းက ပိုလို့ ပြက်ထင်သည်။

ကြီးကျယ် ခမ်းနားသော မဏ္ဍပ်ကြီး အပြင် ခေါင်းတလား ပိုက်ထားသော ဗြဟ္မာရုပ်ကြီး၊ ဝါးများ စက္ကူများဖြင့် ချိုးထားတာ ဖြစ်ပေမဲ့ အချိုးကျ သက်ဝင်လှသည်မို့ ပွဲလာသူတိုင်း အံ့သြကြခဲ့၊ တစ်မျှော်ကြီး မျှော်ငေးရအောင်လည်း မြင့်မား၏။ ကုလားငွေစက္ကူ၊ ရွှေစက္ကူတို့ဖြင့် ကိုယ်ရောင် ကိုယ်ဝါ ကလည်း တလျှံလျှံ တဖိတ်ဖိတ်။ ပြီး ‘လောင်တိုက်’ ဆိုသည် အတိုင်း ပွဲပြီးသည်နှင့် ထိုဗြဟ္မာရုပ်ကြီးကိုပါ မီးရှို့သင်္ဂြိုဟ် လိုက်ကြတော့သည်။ ခုတော့ဖြင့် ဝါးတစ်လုံးက ၁၅ဝ၊ စက္ကူ တစ်ချပ်က ...၊ အင်း ဘာပဲဖြစ်ဖြစ် ဒီတစ်ခါတော့ ခဲရဦးမှာပဲ။

••••• ••••• •••••

၃။

“အင်း...သင်းကလေး..သင်းကလေး”

“အဖေ့၊ ထမင်း စားတော့မလား”

သမီးအကြီးမ၊ နွမ်းနယ်သော မျက်နှာတွင် သွေ့စမျက်ရည် စီးကြောင်းများ၊ တစ်ချက် ငေးကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။

“အဖေ၊ လေတွေ ဘာတွေ နာနေလိမ့်မယ် ထင်တယ်။ နည်းနည်းဖြစ်ဖြစ် စားလိုက်ပါလား”

ထပ်ပြီး ခေါင်းခါလိုက်သည်။ မနေ့ကလည်း ထမင်းကို ဟုတ်တိပတ်တိ မစားဖြစ်တာကို အမှတ်ရသည်။ သို့သော် ရင်ကမူ မချောင်သည့် အပြင် အတင်းကျပ်ကြီး တင်းကျပ်နေတော့သည်။

“ဆာတော့ စားတာပေါ့ကွယ်။ အဖေ အလုပ်ကလေး ဆက်လုပ်လိုက်ဦးမယ်။ သမီးတို့လည်း လုပ်စရာတွေ လုပ်ထားကြနော်”

သမီးကြီးနှင့် အဖော် လုံမတို့ အိမ်ဘက် ထွက်သွားကြသည် ကို ငေးရင်း၊ လက်က အလုပ် မဆက်နိုင်၊ အတွေးကတော့မူ...။

အင်း..သူလည်း သင်းကလေးကို ချစ်ရှာသူ ဆိုတော့...။ နောက်ပြီး မောင်နှမသုံးယောက်မှာ အထက်အောက်၊ ဒီတော့ သံယောဇဉ်က...။ ဒါတင် မကပါဘူးလေ။ ဟိုအမိုက်မကြီး ကျောခိုင်းသွားကတည်းက သူက အရာရာ ထိန်းသိမ်းခဲ့ရသူ ဆိုတော့။

“မိအုပ်၊ နင် ဒီဝါသနာကို ဖျောက်မလား။ အိမ်ပေါ်က ဆင်းမလား၊ ဒါပဲပြော”

ဒေါသနှင့် ပေါက်ကွဲ မေးသံ၊ နို့ညှာမနှင့် နို့စို့လေးတို့၏ ငိုသံများဖြင့် ပွက်ညံသွားသော ထိုတစ်ည။

ဒေါသနှင့် ရိုက်မောင်းပုတ်မောင်းသံများ၊ ခွန်းတုံ့သံများ၊ ဆဲရေးသံများ၊ ပြန်ဖြေသံများ ထိုမှ အစ။

ဒါတွေ ထားပါတော့လေ။ ဒါနဲ့ ဆီရောင်စုံ စက္ကူနဲ့ ပလတ်စတစ် ကြိုးခွေ မှာလိုက်တော့ ဈေးသွားတဲ့ သူတွေ ပါလာကောင်းပါရဲ့။

ပြီးတော့ ကော် နည်းနည်းလည်း ကျိုခိုင်းရဦးမယ်။ ဒါမှ...။

••••• ••••• •••••

၄။

“ဟူး...သင်းကလေး”

အတွေးသည် ထိုနေရာ၌သာ ဝဲနေသည်မို့၊ အလုပ်မဖြောင့်ချင်၊ အာရုံကို လွှဲရန် ကြိုးစားမိသည်။ ရုတ်ချည်း အထလိုက်တွင် ခေါင်းသည် မိုက်ခနဲ ဖြစ်သွားသည်။ ခဏ ငြိမ်နေလိုက်ကာ နှုတ်မှ အနိစ္စ ဘုရား...ဘုရား ဟု ရေရွတ်လိုက်မိသည်။

စဉ်းငယ်ကြာမှ အညီ ဖြတ်ထားသော ဝါးလေးပိုင်းကို ချကာ ရာထားမိသည်။ အားလုံး ပြီးရင်တော့ တပ်ဆင်ဖို့ မိကင်းရဲ့ သားကို အကူ ခေါ်ရမယ်။ ဒီကောင်က ဝါသနာလည်း ရှိ၊ အတွေ့အကြုံလည်း ရှိဆိုတော့။

ပြန်ထိုင်ချမိပြန်သည်။ ဈေးပြန်တွေက ပေးသွားသော စက္ကူတွေကို၊ ကိုက်ရန်ဖြတ်ရန် အမှတ်ရသောကြောင့်ပင်၊ ဆီစိမ်စက္ကူခေါ်၊ မှန်ရောင် စက္ကူတချို့နှင့် ရောင်စုံစက္ကူတချို့ကို ကြည့်ရင်း ငယ်ငယ်ကဆို စက္ကူတစ်ချပ်မှ ဆယ်ပြားရယ်။ ဪ ပြောင်းလဲတတ်တဲ့ သဘောပဲဟာ။ အစစ ရှေးကနှင့် ဘယ်တူနိုင်တော့မလဲ။ ‘ရှိတာလေးနှင့် လှအောင်ဆင်’ ဆိုသလိုပေါ့။ နိုင်သလောက်လေးနဲ့ လှအောင်တော့ ဆင်ရမှာ ပေါ့။ မှန်းစမ်း အနီ ၃ ရွက်၊ အဝါ ၃ ရွက်၊ အစိမ်း...အစိမ်း ၆ ရွက်၊ ဟုတ်ပြီ။ အပြာ လောက်နိုင်ပါတယ်။

ဟုတ်ပြီ၊ သင်းကလေးက အသားဖြူတော့ အစိမ်းလေးနဲ့ ဆို မှန်ပါးစက္ကူဆိုတော့ အတွင်းကို ဖောက်ပြီး ထင်းနေမှာ။ ဪ....သင်းကလေး ၊ သင်းကလေး။ အသားလေးက ဖြူဖြူ၊ ရုပ်ကလေးလှလှနဲ့ အင်း အဲလို ရုပ်ကလေးလှလို့လည်း ခုလို သူ၊ သူ့ချစ်သူနဲ့ ကောက်ကောက်ပါသွားတော့ အသက်မှ ၁၇ နှစ်ထဲ ဝင်ခါစ။ စိတ်ဆိုးလိုက်တာလေ။ တွေ့တဲ့ နေရာ လိုက် ရိုက်ချင်လိုက်တာ။ ဟိုကောင်လေးကို သဘောမကျတာထက်၊ ကိုယ့်ဟာလေးကိုယ် နှမြောလို့။ ကိုယ်ကတော့ နို့စို့တောင် မစင်သေးဘူး အောက်မေ့နေတာ သင်းကဖြင့် ဟင်း။

ဒီလိုနှင့် နေစမ်းပစေဆိုပြီး ပစ်ထားလိုက်သည်။ မင်္ဂလာဆောင်တွေ ဘာတွေ လာပြောတော့ အားလုံး ငြင်းလွှတ်လိုက်ခဲ့သည် လျစ်လျူရှုခဲ့သည်မှာ သည် အချိန်ထိပင်။ အင်း ဘယ်လောက် ပစ်ထားထား၊ အချိန်တန်တော့လည်း ဟူး။

••••• ••••• •••••

၅။

“သင်းထိုက်နဲ့ သင်းကံပဲ ဖြစ်ပစေ။ မသွားဘူး၊ မသွားဘူး ဟင်း”

“ဗြိ”

“ဟယ်”

ပြန်သစ်လာသော ဒေါသဟောင်းကြောင့် သတိလွတ်သွားကာ ကနုတ်ဖော်နေသော စက္ကူကို လက်လွတ်၍ ကတ်ကြေးဖြင့် ညှပ်မိသွားသည်။

‘တောက်...ငါ့နှယ်’

ကတ်ကြေးကို အသာ ပြန်ချရင်း ဟိုသည် ငေးမိတော့ စိတ်ကို လွှတ်ပေးလိုက်သလို ဖြစ်ကာ အတွေးတို့သည် ပြန့်ကျဲသွားပြန်၏။

ကြားလိုက်ရစဉ်က ဆောက်တည်ရာမရခဲ့။ ထလိုက်၊ ထိုင်လိုက်၊ အိမ်ထဲဝင်၊ အိမ်ပြင်ထွက်နှင့် နှုတ်ကသာ ‘ဖြစ်ပစေ၊ ဖြစ်ပစေ။ မသွားဘူး၊ မသွားဘူး’ ဟု မြည်ရွတ်နေသော်လည်း စိတ်ကမူ အကြိမ်ကြိမ် ပြေးသွားနေသည်။
ငူငူငိုင်ငိုင် နေချိန်မှာပင်-

“ကိုကြီးတင် ဟိုအိမ်ကို သွားကြစို့လေ”

အင်းမလုပ်၊ အဲမလုပ် ငုတ်တုတ်။ ကြာတော့ လာခေါ်သော ဖိုးထွန်းတင်ပင် ယောင်နနနှင့် ထသွားရသည်။ အင်း သူ ငါ့ကို စာနာနိုင်မှာပါ။ ပင့်သက်ချရင်း တွေးမိပြန်သည်။ “မသွားလို့ မတော်ဘူး ထင်ပါရဲ့။ အို မသွားဘူး၊ မသွားဘူး။ နေနိုင်အောင် နေလာခဲ့ပြီးမှ ခုမှ သွားတော့ ဘာ ထူးတော့။ အင်း ထူးတော့ ထူးတယ်။ ခုဟာက နောက်ဆုံးဆိုတော့ အို”

ရုတ်ခနဲ ထလိုက်မိသည်။ အံကိုတစ်ချက် ကြိတ်လိုက်သည်။ ရင်သည် တစ်ဆို့ တစ်ဆို့ ဖြစ်လာပြန်သည်။ သင်းကလေးနဲ့ နောက် တွေ့ဖို့ ဆိုတာ...

“ငါ...ငါ သွားမှပါ။ နောက်ပြီး သူ့အတွက်”

“အဖေရယ် တစ်ရွာလုံးက ကိစ္စတွေမှာ အဖေပဲ ဦးဆောင်ပေးခဲ့ပြီး ကိုယ့်သမီးကျမှ မသွားဘူးဆို”

သမီးကြီးရဲ့ ရှိုက်သံနှင့် လက်စသတ်သွားတဲ့ အဲဒီစကား တစ်ခွန်းကြောင့်ပင် နှစ်ရက်နီးပါး ဟန်တင်း မာန်တင်းမှုကို ရုပ်သိမ်းကာ ယခုနေရာသို့ ရောက်ရှိလာခြင်းပင်။

“ဘကြီး ရေနွေးသောက်ပါဦး”

မော်ကြည့်မိတော့ လူသုံးလေးယောက်၊ ဘယ်သူ့သားတွေပါလိမ့်။ မသဲကွဲ၊ အချိန်ကြောင့်လည်း ဖြစ်မည်ထင်ရဲ့။

“ကျွန်တော်တို့ ဘာဝိုင်းလုပ်ပေးရမလဲ ဘကြီး”

သူတို့ကို ခိုင်းရန် စိတ်မှန်းကြည့်သည်။ လောလောဆယ်တော့ မရှိသေး။

••••• ••••• •••••

၆။

“သင်းကလေးရေ”

“ဟယ် ငါနှယ့်နော်။ ဘယ်နာမည်ကို ခေါ်နေမိပါလိမ့် ခေါ်တာက ‘အေးသောင်းရေ’ လို့ ခေါ်တာ၊ နှုတ်က ထွက်သွားတာက ‘ သင်းကလေး’ တဲ့၊ ဩော် ဒုက္ခ၊ ဒုက္ခ”

“အေးသောင်းရေ ငါ့နား မီးခွက်ထွန်းပေးကြကွယ်၊ ငါ မသဲကွဲတော့ဘူး”

“ဦးကြီး မိုးချုပ်ပါပြီ။ မနက်မှ ဆက်ပါတော့လား”

“မဖြစ်ပါဘူးကွယ်။ မနက်ကျ ကသီလင်တ နေလိမ့်မယ်။ ဒီညပဲ ပြီးသလောက် ဖြစ်အောင် လုပ်ထားမှ၊ ကဲ သွားသွား၊ ငါ့ကို ဘတ္ထရီ မီးသီးလေး ဖြစ်ဖြစ် ထွန်းခဲ့ကွာ”

“ဘတ္ထရီမီးလုံးက ကာလသားတွေ သုံးနေတယ်”

“အေး၊ ဒါဆိုလည်း လေကွယ်အောင် လုပ်ပြီး မီးခွက် ထွန်းပေး”

အေးသောင်း ပြောမှ သတိပြုမိသည်။ ဟုတ်တာပေါ့။ အိမ်မှာ ဝိုင်းဖွဲ့ နေတဲ့ ကလေးတွေ ပိုကာလား၊ ကိုးမီးလား မသိ။

ဟိုတုန်းကတော့ ‘ကက်ဆွဲ’ ကြတာ။ ထုံးခွေတမ်းပေါ့လေ။ ဒါမှလည်း လူကလေး၊ သူကလေး ရှိလေတော့ လူလာအောင် တမင်္ဂလာ လုပ်ပေးတဲ့ ထုံးစံ ဖြစ်နေပါပြီ။ အဲ ‘ကက်’ တော့ သူတို့ ဆွဲတတ်ဖို့ ဝေးရော၊ မြင်တောင် မြင်ဖူးကြဟန် မတူတော့ဘူး။ ခုခေတ် ‘ဖဲ’။ ‘ဖဲ’ ကိုတော့ ကြားတောင် မကြားချင်ဘူး။ မပြောသာလို့သာ ဟင်း နို့မဟုတ်ရင်လား။

ဪ မိအုပ် မိအုပ်။ ငါနဲ့ သားသမီးတွေကိုတော့ ပြတ်သားလိုက်တာ။ ဖဲကြတော့ နောက်ဆုံး အချိန်ထိ ကစားသွား ဆိုပဲ။ အင်း သူ့ဝါသနာကလည်း ငါနဲ့ အကြောင်း မပါခင် ကတည်းက ပါလေ။ အိမ်ရောက်လို့ မကြာခင်မှာဘဲ ဇာတိ ပြတော့တာ။ အစကတော့ ခုလို ဝိုင်းလေးတွေမှာ အပျော်သဘော။ အပျင်းပြေ သဘောပါတဲ့။ ဘယ်ဟုတ်လို့ တုန်း။ ဖဲနဲ့ ပတ်သက်လာရင် ဒင်းက တကယ်သွေးကြီးတာကိုး။ သွေးကြီးလို့လည်း ခုလို မကြံသင့်တာကို ကြံမိ၊ မိသားစုလို ဖြစ်နေသော ခင်ပွန်းသည် လုပ်ငန်းလုပ်သည့် သူရင်းဒိုင် အိမ်မှာ အတွင်းပစ္စည်းများကို အကြံကုန်၍ ဆားချက်ခဲ့သော ပြဿနာ။

ထိုပြဿနာကို သူရင်းဒိုင်တို့ သိသွားသောအခါ အလိုတူအလိုပါလို့ သတ်မှတ် စွပ်စွဲခံရသောအခါ အရှက်သည်းသော၊ နာကြည်းသော ပေါက်ကွဲမှု ပဋိပက္ခ၊ ထိုညမှာ ပင် သင်းကလေးတို့ အမေကို မတွေ့ကြရတော့။

••••• ••••• •••••

၇။

“အဟင်း....သင်းကလေး”

တစ်ခါတလေ နောက်တီး နောက်တောက်ရယ်။ မှတ်မိသေးတော့ သင်းကလေး ငယ်ငယ်၊ ခုလို အိမ်တစ်အိမ်မှာ အသံချဲ့စက်က-

      ဘဝသံသရာ ..... ရှည်လျား ..... ထွေပြား .... မနေမနား တစ်သွားတည်း သွားကြတာ ....

အဲဒီ သီချင်းကိုလည်း ကြားရော သင်းကလေးက-

“အဘ ကြံသကာ ချိုသလား၊ ချဉ်သလား၊ တစ်စားတည်း စားကြတာ” တဲ့။

အဲဒီတုန်းက ရယ်လိုက်ရတာ။ ခု တွေးမိတော့တောင် အဟင်း..။

အင်း..ခုတော့လည်း ဒီသီချင်းက သူ့အတွက် ဖွင့်ပေးနေရသလိုပါလား။ နေဝင်ဖြိုးဖျက ရောက်လာတဲ့ အသံချဲ့စက်က ဟွန်းနှစ်လုံးကို ကုက္ကိုပင်ပေါ်တင်ပြီး ဖွင့်နေလိုက်တာ။ အရင်တုန်းကတော့ အသံချဲ့စက်ကို အလွန်ကြိုက်တာပေါ့။ သာရေး ရှိရှိ၊ နာရေး ရှိရှိ အသံချဲ့စက်ကလည်း အမြဲပါ။ သာရေးဆို အလှူမင်္ဂလာသီချင်းတွေ တွံတေးသိန်းတန်၊ မောင်မောင်ညွန့်တို့ ရဲ့ ဘောက်ပြားတွေ၊ ပြဇာတ်တွေ၊ ညပိုင်းဆို ရွှေမန်းတင်မောင်တို့ ၊ အောင်မောင်းကြီးတို့ ၊ ရွှေကျီးညိုတို့ရဲ့ ဇာတ်ထုပ်တွေ၊ နာရေး ဆိုရင်တော့ တေဘုမ္မာတို့ ၊ ဘဝသံသရာတို့ ၊ တရားခွေတို့ ၊ ခင်ခင်ညွန့်တို့ ပေါ့။ ဘာပြောကောင်းမလဲ မိုးလင်းဖွင့်ရင် မိုးလင်း နားထောင်လိုက်တာပဲ။ ခုတော့ ဘာတွေ ဖွင့်လို့ ဘာတွေ ဖွင့်သွားမှန်း မသိ။ ဒီ ဘဝသံသရာ ဆိုတာ ကြားလိုက်ရမှ -

“အဖေ အိပ်ပါတော့လား အဖေရယ်၊ ညဉ့်ကြီး နက်လှပြီ”

“ဟေ အေး အေး အိပ်တာပေါ့ကွယ်”

“အသံချဲ့စက်သမားတွေတောင် သိမ်းသွားကြပြီ”

“အေး အေး လက်စသတ်လုပါပြီကွယ်။ တပ်ရုံ ဆင်ရုံ ကျန်ပါတော့တယ်။ ကဲ ကဲ သမီး သွားအိပ်ချေတော့။ ဒါနဲ့ အဖော်တွေရော ရှိသေးလား”

“ရှိတယ် အဖေ၊ မချောတို့၊ မထွေးတို့ လာကြတယ်”

“အေး အေး အေးသောင်းတို့၊ မောင်ဟန်တို့ ကော”

“သူတို့ စောစောကတော့ အသံချဲ့စက်နားမှာ၊ ခု ဝိုင်းထဲ ရောက်နေကြလား မသိဘူး။ အဖေ ဘာခိုင်းချင်လို့လဲ”

ကော်တွေ ကပ်ရမည်။ ဝါးခြမ်းများကို ချည်ရတပ်ရမည်။ ဝါးတို့ကို ဘောင်ဖွဲ့၊ ဆက်တွန့်စလေးတွေဆက် စသည် စသည် တွေးရင်း-

“နေပစေတော့ သမီးရယ်၊ အဖေပဲ လုပ်လိုက်တော့မယ်။ ပြီးလုပါပြီကွယ်။ ကဲ ကဲ သွားအိပ်ချေ”

••••• ••••• •••••

၄။

“သင်းကလေးရယ်”

စကားပြောဖို့ ဝေး၊ မျက်နှာချင်းပင် မဆိုင်ဖြစ်သည်မှာ တစ်ခါလည် မကတော့။ ထို မပြောဖြစ်သော စကားတွေကို ပြောပြနေမိသည်။ သင်းကလေးကမူ ဥပေက္ခာ။

သင်းကလေး ရှိနေမည့် နေရာသို့ ရမ်းဆကြည့်မိသည်။ မနက်ဖြန်ဆို သင်းကလေး ထွက်ခွာ။

သင်းကလေး၏ ခရီးသည် ချောပြေစေချင်သည်။ မခမ်းနားသည့်တိုင် လှပစေချင်သည်။ မကြီးကျယ်သည့်တိုင် မသိမ်ငယ်စေချင်။ အဲဒါကြောင့်လည်း ခုလို အားထုတ်နေမိခြင်းပါ။ အဖေ့ရင်ထဲက ဘယ်လိုမှ လျော့မသွားသေးတဲ့ စေတနာ မေတ္တာတွေပါ သမီး။ သင်းကလေး ယုံမှ ယုံပါ့မလား။

ဘာပဲဖြစ်ဖြစ် သင်းကလေး၏ ခရီး အဆင်ချောဖို့ အာ အခုမှ သတိရတယ်။ ဘီးနှစ်ခု လိုနေသေးပါလား။ ဘယ်မှာ ရနိုင်မလဲ။ လှည်းယဉ်ဘီးဆို ပိုကောင်းတာပေါ့။ ရှိမှ ရှိပါ့မလား။ မရရင်တော့ မရရင် လူတွေထမ်း၊ ဟာ မဖြစ်ဘူး မဖြစ်ဘူး။ လူတွေက မူးမူးရူးရူးနဲ့ဆို သင်းကလေးခမျာ ဘီးရမှ ဖြစ်မှာပါ။ ရဖို့က မလွယ်လှဘူး။ လူတွေက အယူ သီးကြပါဘိသနဲ့ ဒါမျိုးဆို ငှားချင်ကြမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်ကို အရှာခိုင်းရန် လှမ်းကြည့်မိသည်။ ညဉ့်နက် လှပါပကော။ လမွန်းတိမ်းရုံပင် မကတော့။ လူငယ်တို့ ဝိုင်းကမူ ကောင်းဆဲ၊ ခုထိ မပြီးသေး။

ဟာ ဟုတ်ပြီ၊ ခုမှ သတိရတယ်။ ရဟန်းအစ်မကြီး ဒေါ်ကံအိမ်မှာ လှည်းအိမ် မရှိတဲ့ ဘီးတစ်စုံ ရှိတာပဲ။ သွားငှားရင် ရဟန်းအစ်မကြီးက တစ်ဖက်သားကို သိပ်ကူညီတတ်တာ ဟုတ်ပြီ ဒီအတွက် စိတ်အေးပြီ ကျန်တာ ရုပ်လုံးဖော်မှ။

ထိုစဉ် လေတစ်ချက် သုတ်လိုက်၍ မီးခွက်က ဟုတ်ခနဲ ငြိမ်းသွားသည်။ ဝန်းကျင်ကို ငေးကြည့်မိတော့ လရောင် မတောက်တော့။ မော်၍ ကြည့်မိလိုက်သောအခါ တိမ်တစ်စိုင်က လကို အုပ်ဖုံးလျက်။

ဘုရား၊ ဘုရား မိုးများ ရွာဦးမှာလား။ မိုးရွာလို့ ကတော့ ဘုရား၊ ဘုရားမလို့ မိုးမရွာပါစေနဲ့။ မရွာပါစေနဲ့။ ကံဆိုးမ သွားရာ မိုးလိုက်လို့ ရွာ တဲ့ ၊ ဒီတစ်ခါတော့ သင်းကလေး ကံကောင်းပါစေ ဘုရား။

“ မဌေး တစ်ယောက် မီးမဖွားနိုင်လို့ တဲ့”

လွန်ခဲ့သော နှစ်ရက်လောက်က လာသော သတင်း။

ငထိန်ကလည်း ဆရာမ သွားပင့်ပါဆို မူးမူးရူးရူးနဲ့ ဘယ်သဝေထိုး နေလဲ မသိဘူး။ မရောက်သေးဘူးတဲ့၊ နားကိုလည်း ပူစေ၊ ရင်ကိုလည်း ဆူဝေစေသည့် သတင်းများပင်။ အင်္ဂုလိမာလသုတ်မှ ရွတ်ပေးမည့်သူ ရှိပါလေရဲ့လား။ ကြာကြာ အောင့်မနေနိုင်။ အကြီးမကို လိုက်သွားစေချင်သည်။ သတင်းကိုလည်း နားစွင့်နေမိသည်။

နံနက် သုံးချက်တီး အချိန်လောက်မှာတော့ စီခနဲ၊ အော်ငိုသံတွေ ကြားလိုက်ရသည်။ သင်းကလေး ကိုယ်ဝန်ဆိပ် တက်တာတဲ့။ ကြားမကြားဖူးပေါင်။ ယောက်ျားလေးတဲ့။

••••• ••••• •••••

၉။

“နီးပါပကော သင်းကလေးရေ”

တောက်သစ်စ နေရောင်ဝယ် ရွှေရောင်၊ ငွေရောင် ဖိတ်နေသည်။ ပန်းရထားလေး တစ်စင်း။

နှုတ်မှ ထုတ်ဖော် မပြောသည့်တိုင် မြင်သူတိုင်းက ‘လှလိုက်တာ’ ဟု လက်ခံမိကြသည်။ ကလေးတွေက တငေးတမော လာကြည့်ကြသည်။ အိမ်ခြေ ၆၀ဝ ခန့် ရွာတွင် တစ်မုဟုတ်ချင်း သတင်းပျံ့ခဲ့ပြီး လူမှုရေးလာသူများနှင့် အရှုအငေး လာသူတွေ တဖွဲဖွဲ။

ဒီလိုနှင့် နေရင့်ခဲ့ပြီ။ ဪ သင်းကလေး သွားဖို့ မကြာတော့။

“ကိုကြီး ခေါင်းပေါ် ဒေါင်းကျော်ချိန်ရောက်ပြီ”

အချိန်တန်ပြီဟု မောင်ကျော့က တီးတိုး လာပြောခြင်းပင်။ သူရိယ ရှင်နေမင်း မွန်းတိမ်းပြီဟု အဓိပ္ပာယ်၊ မွန်းလွဲမှ ချရသော ဒေသ အစဉ်အလာကို လာပြောခြင်း ဖြစ်သည်။

ခေါင်းညိတ်လိုက်လျှင် သင်းကလေး ထွက်ခွာပျောက်ကွယ်၊ အို...မညိတ်ဘူး...မညိတ်ဘူး။ ငါ...ငါ သည်အခိုက် သမီးကြီးနှင့် ဆွေမျိုးတစ်သိုက်၏ ငိုယိုသံက ညံလာသည်။ သင်းကလေးရဲ့ ယောက်ျား ဟိုအကောင်တောင် ငိုကြီးချက်မနဲ့။

“ကိုကြီးတင် ချကြစို့၊ ရပ်ဝေးဧည့်သည်တွေလည်း ပြန်ရ ပြုရဦးမှာနဲ့”

ဟုတ်ပါရဲ့ အိမ်ဝိုင်းတွင်းမှာ လူတွေ ပြည့်လုနီးပါး။ ဪ သင်းကလေးက လူချစ်လူခင် များသူပေပဲ။ သင်းကလေးကို ကြည့်ရန် ပန်းရထားဆီ ကပ်ခဲ့သည်။ လူတွေ ရှဲပေးကြသည် ကို သတိထားမိသည်။ ထိုအခိုက် အသံချဲ့စက်မှ ‘ ခင်ခင်ညွန့်ကြီး’ အသံက-

“လိုက်ရရှာသော် ...မှန်စွာမယွင်း ... နေအိမ်က ဆင်းရပါပေါ့ ... ကင်းတဲ့ ... ဝိညာဉ်” တဲ့။ ကြည့်စမ်း ဝိညာဉ်ကင်းတယ် ဆိုတာ ဟုတ်ပါ့မလား။ သင်းကလေး အိပ်နေတာလား။ မျက်နှာလေးက ဝင်းဝါလို့ အစိမ်းရောင် စက္ကူမှန်ခေါင်းလေးထဲမှာ ပြုံးယောင်ယောင် မျက်နှာလေးနှင့်-

“ကိုကြီးတင်၊ ချစို့ သံဃာတွေ...”

လူတွေ ထကြ လှုပ်ရှားကြပြီမို့ ခေါင်းကို ညိတ်ရန် ကြိုးစားမိသည်။ ညိတ်လို့ မရ။ နောက်တစ်ကြိမ် ထပ်၍ -

ဒူဝေ..ဝေ...ဝေ

ဒူဝေ..ဝေ...ဝေ

••••• ••••• •••••

၁၀။

ပန်းရထားလေး တလိမ့်လိမ့် ထွက်ခွာသွားလေပြီ။ လူတွေကလည်း တရွေ့ရွေ့ဖြင့် မြင်ကွင်းက ဝေဝါးလာသည် မို့ ပခုံးပေါ်က ဖျင်တဘက်ကလေးကို ယူကာ မျက်လုံးတို့ကို ပွတ်လိုက်သည်။ သို့သော် ဝေဝါးမှုက အရှိန်မလျော့..။

▢  ကံထွန်းသစ်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မေလ၊ ၂ဝဝ၄ ခုနှစ်