❝ ငတုံး ❞
တခေါင်းလုံး မူးနောက် နေတုန်း နားထင်ကြော ၂ - ခုစလုံး တဒိတ်ဒိတ် နဲ့ ၊ အာခေါင် နဲ့ လည်ချောင်း တလျှောက် က ခြောက်သွေ့ လောင်ကျွမ်း တဲ့ ဒဏ် ၊ ရေငတ် တဲ့ ဒဏ် ၊ ရင်ပူ တဲ့ဒဏ် တို့ ကို တစုတဝေး အလူးအလဲ ခံစား နေရတုန်း ။ မျက်စိ နှစ်ကွင်း ကို ကျိန်းစပ် မတတ် စူးရှတဲ့ နေမင်း ရဲ့ အလင်းတန်းများ ကြောင့် မျက်စိ ကို မှေး ထားပြီး ဖွင့် ကြည့်တယ် ဆို ရုံ လောက် ။ နိုင်လွန် ခြင်ထောင် အသစ် အဝါနု နဲ့ ပိတ်ပါး ခြင်ထောင် အမိုး တို့ ကို မှေးကြည့် နေယင်း ၊ အိုက်စပ်စပ် နဲ့ မို့ ခရီးလမ်းဆုံး ဖြစ် တဲ့ “ တောင်ကြီးမြို့” မှ ဟုတ်ရဲ့လား လို့ သံသယ ဖြစ်မိတယ် ။ အနား မှာ တော့ အတူ လာ တဲ့ သူငယ်ချင်း တွေ တယောက် မှ မမြင်မိ ။ ရှိစု မဲ့စု တံတွေး ကို စုပြီး မျို ကြည့်တယ် ။ တံတွေး က စု လို့ မရ ။ လျှာ နဲ့ နှုတ်ခမ်း လျက် ကြည့် တော့ နှုတ်ခမ်း ရဲ့ ခြောက်သယောင်း တဲ့ သဘော ကို လျှာ က သာ သိ သွားတယ် ။ လျှာ ဆီ က စိုစွတ်မှု ကို နှုတ်ခမ်း က မရလိုက် ။ သူငယ်ချင်း တွေ တလမ်းလုံး သောက်လာ ခဲ့တဲ့ အရက်ရောင်စုံ ၊ တံဆိပ်ရောင်စုံ တွေ မြင်ယောင် နေတယ် ။ ကျွန်တော် မသောက်ချင် ပေမယ့် ဇွတ်အဓမ္မ အနိုင်ကျင့် ကြတဲ့ စီးပွားရေး အရ အောင်မြင် နေကြတဲ့ သူငယ်ချင်း တစု ။ ခြင်ထောင် ထဲ မှာ တွဲလွဲ ခိုနေတဲ့ သွေးဝ ခြင်ကောင် တွေ ကိုကြည့်ယင်း ၊ နွားသေ ကို ကြိုးတုတ် ရိုက် သလို ကျွန်တော် အိပ် နေတုန်း စိတ်တိုင်းကျ သွေးစုပ် ထားတဲ့ ခြင်တွေ ကို လက်ဝါး နဲ့ ရိုက်သ,တ် မိတယ် ။
“ ဟား - ဟား - ဟား - ငတုံး နိုးနေပြီလား ။ အံမယ် မျက်ထောင့်နီကြီး နဲ့ ၊ ဇက်လေး နေပုံ ရတယ် ။ နည်းနည်းလောက် ဖြေလိုက်ပါအုံးလား ငတုံး ရ ၊ ဒါမှ နည်းနည်း နေသာ ထိုင်သာ ရှိ သွားမယ် ။ အလကားတော့ မရဘူး မောင် ၊ မင်း အခု ဘယ်မြို့ ရောက် နေတယ် ဆိုတာ မှန်အောင် ပြောနိုင်မှ ဖြေဆေး ရမယ် ”
ငွေယားလေး က ပါတော့ တောင် ဆို မြောက် ရောက် တဲ့ အကောင် တွေ ။ အခုလည်း တောင်ကြီး သွားမယ် ဆိုပြီး ...
နဂိုက မှ မကြိုက်လို့ မသောက်တာ ကို “ ငတုံး ” တဲ့ ။ “ ငတုံး ” လို့ ခေါ်တာ ရယ် ၊ “ ဘယ်မြို့ ရောက် နေတယ် ဆိုတာ မှန်အောင် ပြောနိုင်မှ ” ဆိုတဲ့ စကားလုံး တွေ ရယ် က ကျွန်တော် ရဲ့ မခံချင်စိတ် ကို ဆွ လိုက်တယ် ။ ခြင်ထောင် ကို အသာ လှပ် ကြည့်တော့ အိပ်ရာ နံဘေး စားပွဲ ပေါ် က ဆေးလိပ်ပြာခွက် ထဲ မှာ နဂါးဆေးပေါ့လိပ်တို လေးငါးတို ၊ ကျွန်တော် တို့ တည်း နေတဲ့ အိမ် က လည်း မီးလောင်သွပ်ပြားအဟောင်း တချို့ကို ဆေးနီ သုတ်ပြီး သွပ်ပြားအသစ် တွေ နဲ့ ရော မိုးထားတဲ့ နံကပ်တိုက် အသစ် ခပ်သေးသေး ။ ဆေးလိပ်ပြာခွက် အောက် မှာ ဖုန် တက် နေတဲ့ အရှင် ဦးဝိစိတ္တ ရဲ့ သံဝေဂလင်္ကာ ပါတဲ့ အသုဘမှာ ကမ်း တတ် တဲ့ ယပ်တောင် တချောင်း ။ သံဝေဂ လင်္ကာ ကို ရိုက်ထားပုံ က မင်ကျမင်န မကောင်းလှ ။ နံကပ်တိုက် ရဲ့ အသားပြား ပေါ် မှာ “ ကြွက် ရောင်းရန် ရှိသည် ” ဆိုတဲ့ မြေဖြူ နဲ့ရေး ထားတဲ့ မဝိုင်း တဝိုင်း လက်ရေး က နေရာ ယူ ထားတယ် ။ ခြေရင်း က ကြိုးတန်း ပေါ် မှာ တော့ အဆင် ညံ့ညံ့ ပုဆိုးကြမ်း အသစ် တထည် တင် ထားတယ် ။ ပုဆိုးတန်း ကို ကျော်ပြီး ကြည့် လိုက်တော့ မီးဖိုချောင် မှာ ဒန်အိုး ဒန်ခွက် အသစ် နဲ့ ဝါးလုံးရှည် နှစ်ချောင်း ရဲ့ ထိပ် မှာ
မီးကပ်ချိတ် နဲ့ မီးကပ်ပြား ညီနောင် က လည်း အသစ်ကျပ်ချွတ် ။
“ ဒါနဆန် မေတ္တာရပ်ပါတယ် ရှင့် ” ဆိုတဲ့ အသံစာစာ ကြား လို့ လှည့် အကြည့် လိုက်မှာ မယ်သီလ ငါးပါး ။ သုံးထပ်သား ပေါ် မှာ က ကြွက် ရောင်းရန် ရှိသည် ဆိုတဲ့ စာပိုင်ရှင် ရဲ့ လက်ရေး နဲ့ ရေးထားတာ က ...
“ သီလရှင် တပါး လျှင် ဆွမ်းဆန် တဇွန်းကျ ကိုယ်တိုင် လောင်းလှူပါ ၊ ပြီးတော့ သာဓု ခေါ်ပါ ” တဲ့ ။ မယ်သီလများ စာတန်း ပါ အချက် နဲ့ အညီ ကျင့်ကြ ပါတယ် ။
နောက် သူငယ်ချင်း တယောက်က ထပ်ပြီး စိန်ခေါ်ပြန်တယ် ။ ဘယ့်နှယ်လဲ ငတုံး ... ဘယ်မြို့ ရောက်နေတယ် ဆိုတာ မှန်အောင် ပြောနိုင်ယင် မင်း ကြိုက်တာ ...
“ တကယ်လား ၊ ငါတို့ အခု မန္တလေး ရောက် နေတာပါ ကွာ ”
ကျွန်တော့် သူငယ်ချင်းတွေ ရဲ့ ပါးစပ်ပေါက် တွေ ပိတ် သွားပြီး မျက်လုံး တွေ ပြူး လာကြတယ် ။
◾ညီပုလေး
📖 မဟေသီ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၁၉၈၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment