Monday, June 3, 2024

ရှိခဲ့ဖူးတယ်

❝ ရှိခဲ့ဖူးတယ် ❞

လက်သမားဆရာ လင်မယား ရောက် လာ မှ ဒီ ငါးခန်း တန်းလျားကြီး ထဲ မှာ တစ္ဆေ ခြောက်တယ် ဆိုတဲ့ အသံ ကိုထွန်းလူ ကြား ရတယ် ။ လူ မနေဘဲ ပိတ် ထားတာ ကြာ တော့ တန်းလျားကြီး က တစ်ဖက် ယိုင်ထိုးပြီး အောက်ခြေ မှာ လည်း ခြတွေ စားထားတာ မြင်မကောင်း ၊ ကြာရင် ပျက်စီးတော့မှာ ။ ကိုထွန်းလူ ဆီ လာနေကျ သူငယ်ချင်း က တောင် ဒီ တန်းလျားကြီး ကြည့်ပြီး နှမြော နေ မိတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အပြင် မှာ ဆို အိမ်ငှားတွေ တင်ပြီး ငှား စား လိုက်ရရင် တစ်လ တစ်လ ပိုက်ဆံတွေ အတော် ရမှာပဲ လို့ သူ့ စိတ်ကူးလေး ကို ပြောလာတယ် ။ ခက်တာ က ဌာနဆိုင်ရာ အဆောက်အဦ ဆိုတော့ ပျက်တော့ မှ ပျက်ရော့ အထက် အမိန့် မရမချင်း မပြုပြင်ရဲဘူး ။

ခု တန်းလျားကြီး ရဲ့ မြေကွက်လပ် မှာ အဆောက်အဦ ဆောက် မှာဆိုတော့ လက်သမားဆရာ လင်မယား အရင် ရောက်လာတယ် ။ လတ်တလော ပိတ် ထားတဲ့ တန်းလျားကြီး ထဲ မှာ ပစ္စည်းပစ္စယတွေ ထား ၊ လူ ပါ ဝင် နေတော့ တစ္ဆေ ခြောက်တယ် ဆိုတဲ့ အသံ ကိုထွန်းလူ ကြား လာရ တော့ တာပဲ ။ ဒီလိုမျိုး တစ္ဆေ ခြောက်တယ် ဆိုတဲ့ အသံ ကိုထွန်းလူ ရုံး ထဲ နေ လာတာ ပင်စင် တောင် ရခါ နီးပြီ တစ်ခါ မှ မကြားဖူးဘူး ။ ပိတ် ထားတာ ကြာလို့ များ နာနာဘာဝ ၊ ဝိနာဘာဝ ၊ မကောင်းတဲ့ ဝိညာဉ်တွေ ခိုဝင် နေရင်တော့ မပြောတတ်ဘူး ။

ဒါပေမဲ့ ကိုထွန်းလူ အိပ်ရေး ပျက်တာ ဒီ လက်သမား ဆရာ လင်မယား ရောက်လာတဲ့ နေ့ က စပြီး အိပ်ရေး ပျက် တာ ။ ဘာဖြစ်လို့ လဲ ဆိုတော့ သူတို့ မှာ နို့ မပြတ်သေးတဲ့ ကလေး တစ်ယောက် ပါ လာတယ် ။ ညည ကလေး က တအား ငိုတာ ၊ ငိုတာ မှ အသံ ကို ပြာတဲ့ အထိ ငိုတယ် ။ နောက်ပြီး တိတ်သွား ပြန်ရော မကြာပါဘူး ကလေး က ဆက် ငိုပြန်ရော ၊ ကလေး မိဘတွေ တော့ မသိဘူး ။ ကိုထွန်းလူ က တော့ အိပ်ရေး ပျက်တော့တာပဲ ။

“ ညည ကလေး ငိုလိုက်တာ ၊ ဘာဖြစ်တာလဲ နေ မကောင်းလို့လား ”

ကိုထွန်းလူ က လက်သမားဆရာ လင်မယား ကို မေး ကြည့်တော့ ..

“ ကျွန်မ လည်း မပြောတတ်တော့ဘူး ၊ ရွာ မှာ တုန်း ကတော့ မိုး ချုပ်ရင် အိပ်တော့တာပဲ ၊ ကလေး နဲ့ မတည့် တဲ့ အစားအစာ ဆို သတိ ထားပြီး ကျွန်မ မစားဘူး ၊ ခုဟာ ဗိုက်နာ တဲ့အ တိုင်းပဲ နား နားပြီး ငိုတာ ။ ကြာတော့ ကျွန်မ လည်း စိတ်ညစ် လာပြီ ဦးလေး ။ ဒါနဲ့ ဗိုက် နာတယ် ထင် ပြီး ချက်နား တစ်ဝိုက် မုံညှင်းဆီလေး ပွတ်ပြီး လူး ပေး တယ် ။ ဒါပေမဲ့ ငိုတာပါပဲ ဦးလေး ရယ် ၊ မနေ့ ည က မှ ကျွန်မ ယောက်ျား ပြောလို့ သံသယ ဖြစ်ပြီး ကြောက် လာ တယ် ။ ဒီပုံအတိုင်း ဆို ကျွန်မ တို့ အလုပ် နား ပြီး ရွာ ပြန် တော့မယ် ဦးလေး ”

“ ဟုတ်တယ် ဦးလေး ၊ အစ က ကျွန်တော် လည်း ရိုးရိုး ထင်နေတာ ၊ ကလေး ငိုလွန်း မက ငိုတော့ ကလေး နဲ့ မတည့်တာတွေ စားလို့ ဗိုက် နာတာ နေမှာ ဆိုပြီး မိန်းမ ကို တောင် ရိုက်မိတော့ မလို့ ။ ခုဟာ က ပြောရင်း နဲ့ ကို ကြက် သီး ထမိတယ် ။ ခု ကျွန်တော် တို့ နေတဲ့ အခန်း ထဲ က စင်လေး ပေါ်မှာ တာအိုး အရွယ် မြေအိုးလေး တစ်လုံး တွေ့ တယ် ဦးလေး ။ အထဲ မှာ လည်း ပြာ လိုလို မြေကြီးတွေ လား မသိဘူး အပြည့် ရှိတယ် ။ နောက်ပြီး အိုးလေး ပေါ် မှာ ပါးပျဉ်းထောင် နေတဲ့ မြွေပုံလေးဆွဲ ထားတယ် ။ ဘာ သဘောလဲ မသိဘူး ။ ကျွန်တော့် အိပ်မက် ထဲ မှာ ခပ်ဖြောင့် ဖြောင့်တောင့်တောင့် မိန်းမတစ်ယောက် က ...

“ ငါ့ အိုး ကို မကိုင်နဲ့ ၊ ခု ချက်ချင်း နင်တို့ အိမ် ထဲ က ထွက်သွား ”

ဆိုပြီး အိပ်မက် မက်တယ် ။ အဲဒီ မိန်းမ အသံ ဟာ ဘယ်လောက် ကျယ်မှန်း မသိဘူး ။ ကျွန်တော် လန့် နိုးခဲ့ တယ် ။ အစ က တော့ ကျွန်တော့် မိန်းမ ကြောက်မှာ စိုးလို့ မပြောခဲ့ဘူး ။ အရင် တစ်ည က ကျွန်တော် အပေါ့ သွား ချင်လို့ အောက် ဆင်းတော့ နောက် က နေ ခြေသံ ကြား လာ တယ် ။ ကျွန်တော့် မိန်းမ လည်း အပေါ့ သွားချင်လို့ လိုက် လာတယ် ထင်မိတာ ၊ မဟုတ်ဘူး ။ မိန်းမ တစ်ယောက် ဆံပင်ဖားလျား ချပြီး ဟော့ ဟိုက ပိန္နဲပင်ကြီး ဘက် ထွက် သွားတာ ကို တွေ့ လိုက်မှ တစ္ဆေ ခြောက်မှန်း သိရတယ် ။ အရင် က ရော ဒီ တန်းလျား မှာ တစ္ဆေ ခြောက်ဖူးလား ဦးလေး ၊ ဒါကြောင့် လူ မနေဘဲ ပိတ်ထားတာလား ”

“ ဒီလို မဟုတ်ဘူးကွ ၊ အစက လိုင်းတွေ လိုင်းတွေ မှာ ဝန်ထမ်း အပြည့် လူ အပြည့်ရှိခဲ့တယ် ။ ကိုယ် ပိုင်တဲ့ မြေနေရာလေး တွေ မှာ တစ်နိုင်တစ်ပိုင် စားပင်လေးတွေ စိုက်ကြ ၊ ရောင်းကြ ပေါ့ ။ တချို့ လည်း နှစ်ရှည်သီးနှံပင်ကြီး တောင် စိုက်ထား ခဲ့ကြဟာ ။ သရက် ၊ ပိန္နဲ ၊ မာလကာ ၊ ငှက်ပျော ၊ ထောပတ်ပင် တွေပေါ့ကွာ ။ ပျော်စရာကြီး ၊
သိုက်သိုက်ဝန်းဝန်း နဲ့  ရွာကလေး တစ်ရွာ ကျ နေတာပဲ ။ ရုံး ထဲ မှာ နေ သွား လိုက်ကြတာ ပင်စင် ယူ မှ ပဲ ထွက် သွား ကြတာ ။ ကြာ လာတော့ တစ်ယောက် ပြီး တစ်ယောက် ပင်စင် ယူ သွားကြ ခုလိုပဲ လိုင်းခန်းတွေ ပို လာတယ် ။ ခု မင်း မြင်တဲ့ အတိုင်းပဲ လူ မနေတော့ ပိတ် ထား ရတာပေါ့ ။ ဘာဖြစ်လို့ လူသစ်တွေ ဆက် မခန့်တာလဲ တော့ ငါ လည်း ဂဃဏန မသိဘူး ။ စီမံကိန်း တစ်ခု ခု ရှိလို့ နေမှာပေါ့ကွာ ။ လူတွေ သာ ပင်စင် ယူပြီး ထွက် သွားကြတာ ၊ သူတို့ စိုက်ခဲ့ တဲ့ နှစ်ရှည်အပင်တွေကတော့ ပွင့်ချိန် တန် ပွင့်ပြီး သီးချိန် တန် သီး နဲ့  ။ ဟော့ ဟို ပိန္နဲပင်ကြီး ဆို စားမယ့် လူ မရှိတော့ ပိန္နဲသီးတွေ များ မှည့် ပြီး အောက် ကို ပြုတ်ကျ တာ အပင် ခြေရင်း မှာ ပွစိခတ် နေတာပဲ ။ မင်း ပြောသလို တစ္ဆေခြောက် လို့ ပိတ်ထားတာ မဟုတ်ဘူး ။ တစ္ဆေ ခြောက်တယ် ဆိုတဲ့ အသံ လည်း မကြားဖူးဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ဦး လည်း ဒီ ရုံး က ဝန်ထမ်း တစ်ယောက်ပဲ ။ ဒီ ရုံး ထဲ က အကြောင်း အတော်အသင့် သိပါတယ် ကွာ ။ ခု မင်း ပြော မှ တစ္ဆေ ခြောက်တယ် ဆိုတာ သိရတယ် ... ”

“ ဦးလေး လိုက် ကြည့်ပါလား ၊ စင် ပေါ်မှာ အိုးလေး တစ်လုံး တင် ထားတာ ”

“ မကြည့်တော့ပါဘူးကွာ ၊ ဘာ အဓိပ္ပာယ် နဲ့ ယတြာ ချေထားမှန်း မှ မသိတာ ။ တစ်ခု ခု တော့ တစ်ခု ခု ဖြစ်မှာ ပေါ့ ။ သူ့ အနေနဲ့ အသုံး တည့်လို့ တင်ထားမှန်း မှ မသိ တာ ၊ မင်း အိပ်မက် ထဲ က အမျိုးသမီး က သူ့ အိုး ကို မထိ နဲ့ တဲ့လား ”

“ ဟုတ်တယ် ဦးလေး ၊ အိပ်မက် ထဲ က အော်သံကြီး က အပြင် မှာ ကျွန်တော် လန့်နိုးတဲ့ အထိ ပဲ့တင်ထပ် နေ သလိုပဲ ... ”

လက်သမားဆရာ နဲ့ စကား ပြောပြီး ကိုထွန်းလူ အိမ် ပြန် ခဲ့ရပေမဲ့ ရင် ထဲ မှာ မွန်းကျပ်ပြီး တကယ်ပဲ လက် မားဆရာ ကြုံခဲ့တာလား ၊ ကိုထွန်းလူ အိမ် က ထွက်ရင် ဒီငါးခန်းတန်းလျား ရှေ့ က ဖြတ် ရတာ ၊ သူငယ်ချင်း မိတ်ဆွေ တွေ လာရင် လည်း ဒီလမ်း က လာ မှ ကိုထွန်းလူ အိမ် ကို ရောက်တာ ၊ ခု ဒီ လမ်းလေး ကို ပိတ်ပြီး အဆောက်အဦ ဆောက် မှ တန်းလျား ကို သတိထား ပြန် ကြည့်မိလာ တယ် ။ ခါတိုင်း အမှတ်တမဲ့ ပို နေတဲ့ မြေကွက်တွေ ပေါ် အပင်တွေ စိုက်ရင်း စိုက်ရင်း နဲ့ တန်းလျားရှေ့ မှာ တောင် ဂန္ဓမာပန်း တွေ စိုက်မိ ခဲ့တယ် ။ ဒါဆို လက်သမားဆရာ နေတဲ့ အခန်း ဟာ နောက်ဆုံး နေသွားတဲ့ သိန်းမြင့်တို့ လင် မယား အခန်း ..

•••••   •••••   •••••

ထူးဆန်းတာ က တစ်ခါတစ်ရံ အိပ်မက်တွေ က တကယ်ပဲ ဖြစ်တတ်တာလား ၊ ဆောင်းတွင်း အိပ်မက် ကယောက်ကယက် ဆိုတဲ့ စကား က ရှိသေးတယ် ။ အိပ်ရာ မသန့် လို့ ၊ တစ်ခု ခု စွဲလမ်းလို့ မက်တဲ့ အိပ်မက် အမျိုးမျိုး ရှိကြတယ် ။ ကိုထွန်းလူ ပြန် စဉ်းစား လိုက်တော့ ဒီ တန်းလျား မှာ သိန်းမြင့် တို့ လင်မယား က နောက်ဆုံး နေ သွား တာ အမှတ်ရ မိ လာတယ် ။ ဒါတောင် သိန်းမြင့် မိန်းမ မတင်မြ ဆုံးပြီး မကြာပါဘူး ၊ ဒီ တန်းလျား လူ မနေဘဲ ပိတ်ထားခဲ့တာ ခု ချိန် ထိ ။

ရုံးဝန်ထမ်း ထဲ မှာ တော့ ဂျစ်တီးဂျစ်ကန် နဲ့ သူ ဖြူ ရင် ကိုယ် မည်း တဲ့ သူမျိုး က သိန်းမြင့် ပဲ ။ ဘယ်အရာ မှ အလေး အနက် မထားဘူး ။ သူ အလေးထား တာက ညနေ ရုံးဆင်း ပြီ ဆို အထုပ်ကလေး ဆွဲလို့  ၊ အစိုးရ ( BE ) ဆိုင် သွားပြီး တစ်ခါတစ်ရံ ပုလင်း ဆွဲလို့ ။ ဒီ လုပ်ငန်း ကို တော့ သိန်းမြင့် အပျက် မခံဘူး ၊ ဟိုတုန်း က ခုလို အရက်ဆိုင် တွေ မပေါ ဘူး ၊ အစိုးရ အရက်ဆိုင် ပဲ ရှိတာ ရှိတော့ ရှိတယ် ၊ ပုန်းလျှိုးကွယ်လျှိုး နဲ့ ၄ ကွက် ၊ ဂေါ်ရခါးတန်း ထဲ က ဂေါ်ရခါး အရက်ဆိုင် တချို့ ရှိခဲ့တယ် ။ ဒါပေမဲ့ သိန်းမြင့် က ဝေးဝေးလံလံ မသွားဘူး ။ နီးရာ ( BE ) ဆိုင် ပဲ သွားတာ ။ တစ်ခါတစ်ရံ ကိုထွန်းလူ က တောင် သိန်းမြင့် ကို အပျော် အပျက် စ မိသေးတယ် ။

“ သိန်းမြင့် ... မင်း ဒီ အရက်ကို မပျက်မကွက် သောက်ပါ့မယ်လို့ သစ္စာများ ဆိုထားတာလားကွာ ”

“ ဟာ .. ဟုတ်တယ် အစ်ကိုကြီး ၊ ကျွန်တော့် မိန်းမ ပြီး ရင် ဒုတိယ ချစ်သူ က ဟောဒီပုလင်း ပဲ .. ”

ပြောပြောဆိုဆို ပုလင်းလေး ကို တောင် မြှောက်ပြီး နမ်းပြ လိုက်သေးတယ် ။ ဒါပေမဲ့ သူ့ မိန်းမ ကို တော့ အတော် ချစ်တာ ။ အစ က သိန်းမြင့် တို့ လင်မယား ဘဝလေး ဟာ ပျော်စရာလေး ပါ ။ နှစ်ကိုယ့်တစ်စိတ် လိုပဲ ၊ သူ နေတဲ့ အခန်းလေး ထဲ မှာ သူ့မိန်းမ မတင်မြ ဟာ မိန်း မပီသ ပါပေ တယ် ။ အိုးခွက်ပန်းကန်လေး တွေ ပြောင်စင်အောင် ဆေးကျောပြီး သူ့ နေရာနဲ့ သူ အစီအရီ တင် ထားတာကို တွေ့ ရတယ် ။ ကြမ်းတွေ ဆို တိုက် ထားတာ ပြောင်လက် လို့ နင်းရက်စရာ မရှိဘူး ။ တစ်ခါတစ်ရံ မတင်မြ က သိန်းမြင့် ကို ပြော ရှာတယ် ။

“ ပင်စင် က မကြာခင် ကျတော့မှာ ၊ ဒီလိုသာ အရက် ကို စွဲစွဲမြဲမြဲ သောက် နေရင် အပြင်လောက မှာ ဘာ လုပ် စားမှာလဲ ။ ဒါတောင် ကလေး မရှိလို့ ၊ ကလေး ရှိ ရင် နှင့် အဖေ က အရက်သမားကြီး လို့ ပြောခံရမယ် ။ ကျွန်မ လည်း အရက်သမား မိန်းမ လို့ အပြော မခံချင်တော့ဘူး ။ ဒီလိုသာ သောက် နေရင် ရှင် သက်ဆိုး ရှည်ပါ့မလား ... ”

“ တွေးပူ မနေနဲ့ မိန်းမ ၊ အချိန်တ န်ရင် သူ့ ဟာ နဲ့ သူ ဖြစ် သွားမှာ ၊ မင့် ကျန်းမာရေး သာ ဂရုစိုက် ၊ သိန်းမြင့် တို့ က တော့ ဒေါင်ဒေါင်မြည် ပဲ ”

တကယ်တမ်း တွေး ကြည့်ရင် မတင်မြ ဟာ သိန်းမြင့် လို လူမျိုးနဲ့ မတန်ဘူး ။ အင်မတန် မိန်းမ ပီသတဲ့ မိန်းမ တစ်ယောက် ပါ ။ အားအားရှိ တစ်ခန်း ဝင် တစ်ခန်း ထွက် လျှောက် လည်ပြီး အချိန် ဖြုန်း တတ်တဲ့ မိန်းမမျိုး လည်း မဟုတ် ။ မတင်မြ ကို တွေ့ လိုက်ရင် တစ်ခု မဟုတ် တစ်ခု လုပ် နေတာ ကို တွေ့ နေရတယ် ။ ဒါနဲ့ပဲ အချိန် ကုန်ရတာ ။ သူ့ ယောက်ျားကို  အမြဲတမ်း စိတ် ပူတတ်တဲ့ မိန်းမ ၊ တကယ်တမ်း ဖြစ်သွားတာက သိန်းမြင့် ထက် စောပြီး ရုတ်တရက် လောကကြီး ထဲ က ထွက်သွားရတာပါ ။

ကိုထွန်းလူ နဲ့ ပြောတာ ဆိုတာ က အစ သိန်းမြင့် က ပေါ့ပေါ့တန်တန် ပါ ။ တစ်ခါတစ်ရံ ကိုထွန်းလူ က အကြောင်းအရာ တစ်ခု ကို  လေးလေးနက်နက် ပြောပေမဲ့ သူ က အရွှန်းဖောက် တတ်တဲ့ လူစားမျိုး ။ ကိုထွန်းလူ စဉ်းစားမိ သလို လက်သမားဆရာ ပြော စကား ဟုတ် များ ဟုတ် နေပြီလား ၊ သိန်းမြင့် မိန်းမ မတင်မြ ဆုံးတုန်း က မြေ မမြှုပ်ခဲ့ဘူး ။ မီး သင်္ဂြိုဟ်ခဲ့ တာ ကို အမှတ်ရ နေမိ တယ် ။ တကယ်လို့များ အခန်း ထဲ က မြေအိုးလေး ဟာ မတင်မြ ရဲ့ ပြာအိုးလေးများ လား ။ အရိုးပြာ ကို တချို့က ယူ ပြီး ဂူတည်တဲ့ လူ ရှိသလို တချို့လည်း မြစ်ချောင်း အင်းအိုင် ထဲ မျှောကြတယ် ။ အစီအစဉ် တစ်ခု ခု တော့ သိန်းမြင့် မှာ ရှိချင် ရှိမှာပါ ။ သူ့ မိန်းမ ကို အင်မတန် ချစ်တဲ့ လူ ဆိုတော့ အရိုးပြာတွေ ကို ယူပြီး အများ ပြောသလို မြစ် ချောင်း ထဲ မျှောဖို့ ရှိမှာပါ ။ နောက်ပိုင်း သောက်ရင်း က အိမ် ကို လည်း အချိန်မှန် ပြန်မလာ ၊ နောက်ဆုံး လုံးဝ ကို ပြန် မလာတော့ဘဲ ခုတော့ ဆုံးပြီ ဆိုတာ ကိုထွန်းလူ ကြား လာတယ် ။ နောက်ပိုင်း အိုးလေး က အိမ် ထဲ မှာ ။

ဒါပေမဲ့ အိုး မှာ မြွေရုပ်လေး နဲ့ ၊ မြွေ မှ ပါးပျဉ်းထောင် နေတဲ့ မြွေ ၊ ဘာ သဘောလဲ ၊ ကိုထွန်းလူ တွေ့ဖူးခဲ့တဲ့ တာအိုးလေးတွေ ပေါ် မှာ များသော အားဖြင့် ပြောင်ချောရှိ သလို တချို့ ပန်းခက်ကလေး က လွဲလို့ မြွေရုပ် နဲ့ အိုး ဆိုတာ မတွေ့ ဖူးဘူး ။ နေ့နံ အလိုက် ယတြာ ချေ ထားရအောင် လည်း နေ့နံတွေ ထဲမှာ ပူး တို့ ၊ ကြွက် တို့  ၊ ကျား တို့ ၊ နဂါး တို့ ပဲ ကိုထွန်းလူ တွေ့ဖူးခဲ့တာ ။ ခုတော့ မြွေရုပ် ဆိုတာ မပါဘူး ၊ အရိုးပြာအိုး လား ၊ ယတြာအိုး လား ဆိုတာ ...

“ ပြောမယုံ ကြုံဖူးမှသိ ” ဆိုတဲ့ စကား လို ကြုံဖူးခဲ့တဲ့ လက်သမားဆရာ ပြောပေမဲ့ ကိုထွန်းလူ ရဲ့ စိတ် ထဲ ဇဝေဇဝါ ဖြစ်နေတယ် ။ တကယ်လို့ လူ တစ်ယောက် ရဲ့ အမှတ် တမဲ့ ပေါ့ပေါ့တန်တန် အပြုအမူ ဟာ ခံရတဲ့ အခြား လူ တစ်ယောက် ရဲ့ ဘဝ တစ်ခုလုံး ဒုက္ခတွေ နဲ့ ကြုံ နေရပြီ ဆိုရင်တော့ .. ။

“ ရိုးမြေကျ ပေါင်းခဲ့ပေမဲ့ ဘာဖြစ်လို့ ရှင် ကျွန်မ ကို ဒီ အခန်းထဲမှာ တစ်ယောက် ထဲ ထားခဲ့တာလဲ ” လို့ မတင်မြ ပြောမယ်ဆိုရင် ... ။

◾ မောင်သစ်ထွန်း ( ပြင်ဦးလွင် )

📖 Beauty မဂ္ဂဇင်း
      သြဂုတ် ၊ ၂၀၁၇

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment