Wednesday, June 19, 2024

ရွှေနှင်းဆီ


 

❝ ရွှေနှင်းဆီ ❞

၁၉၅၅ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ ၁၉၆၀ ခုနှစ် ဇူလိုင်လ အထိ ကျွန်တော် သည် ပြည်လမ်း ၇ မိုင် ရွာတန်းရှည်ရွာ တွင် နေထိုင်ခဲ့သည် ။ ထို ရွာ မှာ ယခု ကျွန်တော် နေသော ပြည်လမ်း ၆ မိုင် မာလကာခြံ ထက် ကြက်သမား ပေါသည် ။ အိမ်တိုင်း လိုလို ပင် တိုက်ကြက် သို့မဟုတ် ဟင်းစားကြက် များ မွေးကြသည် ။ ကြက် မမွေး သော အိမ် ဟူ၍ မရှိ သလောက် ။ ဟိုအချိန် က ခြံတွေ ဝင်းတွေ က လည်း ကျယ်လှပါဘိသည် ။

ယခင်လ က ဖော်ပြခဲ့သည့် မောင်သာရ မန္တလေး မှ ရောက်စ ခေတ္တ ငှားရမ်း နေထိုင်ခဲ့သော ကျွန်တော့် အိမ်ရှေ့ တည့်တည့် က အိမ်မှာ ထိုစဉ်က တစ်မြို့ တစ်နယ် တွင် တာဝန်ကျနေ သော ရဲအရာရှိ ဦးလှမောင် ၏ အိမ် ဖြစ်သည် ။ ကျွန်တော် ထို ရွာ ရောက်စ အချိန်မှာ ဤ အိမ် တွင် နေထိုင်သူ မရှိ ။ သော့ခလောက်ကြီး ပိတ် ထားသည် ။ ဦးလှမောင် ခေတ္တ နယ် မှ ပြန်ရောက်လာ စဉ် သူ နှင့်ကျွန်တော် သည် အရက်သမား အချင်းချင်း ၊ ပုလင်း နှင့် ဖန်ခွက် ပေါင်းဖက် မိကြ၍ လူချင်း ခင်မင်သွားသောအခါ သူ့ အိမ်သော့ ကို ကျွန်တော့် ပေးခဲ့၏ ။ ငှားမည့် လူများ ရှိ ကြည့်ရှု့ငှားရမ်း ပေးပါ ။ အိမ်လခ လည်း သင့်လျော် အောင် တောင်း ပေးပါ ။

သို့သော်လည်း ထိုအချိန် က အိမ်မြေ ရှားပါးသည် မဟုတ်သေး ။ ယခုလို စဘော် တွေ နင့် နေအောင် ပေးပြီး မောင်းထုတ် ၍ မရသော ခေတ် မဟုတ်မူ ၍ ထို အိမ် တွင် ကျွန်တော် နှင့် ပတ်သက်ပြီး လာ နေကြသူ တို့ မှာ တစ်ဦး ပြီး တစ်ဦး သိပ်ပြီး ကြာကြသည် မဟုတ်ချေ ။

ပထမ မောင်သာရ ဇနီး မောင်နှံ ၊ နို့စို့ကလေးငယ် တစ်ယောက် နှင့် ။ ဒုတိယ ကာတွန်းစိန်ကြီး တို့ လင်မယား ညားခါစ ။ တတိယ ဆရာသခင် ဘသောင်း လာပြီး စာ ရေးဖို့ တဲ့ ။ ရှုမဝဦးကျော် က ငှားသည် ။ စတုတ္ထ ဂျာနယ်ကျော် မမလေး ၊ အေးအေးဆေးဆေး စာ ရေးချင်လို့ တဲ့ ။ ဒါပေမယ့် သူ စာရေး နေတာ တစ်ခါမျှ မမြင်ရပါဘူး ။ မကြာမီတွင် ငွေကြေး ချမ်းသာတဲ့ သီလရှင် လူနာ တစ်ယောက် ( မုံရွာ က တဲ့ ) သူ့ ခြွေရံသင်းပင်း နှင့် လာ ထားသည် ။ ဆေးဆရာ ဒေါ်မမလေး က ထိုစဉ်က သူ့ ကိုယ်ရံတော် ဒဂုန်တာရာ နှင့် ခဏခဏ လာ၍ လူနာ ကြည့် ကြသည် ။ ဤလူနာ မုံရွာ ပြန် သွားသောအခါ အိမ် ကို ကျွန်တော့် ပြန် အပ်သည် ။ အိမ် သည် အတော်ကြာ အားလပ် နေပြီး နောက် ကျွန်တော် မြင်းလှည်းသမား ဘဝ က ပင် သိကျွမ်းခင်မင် ခဲ့သော ဒေါ်အေးသာ ( မုဆိုးမ ) မိသားစု က ပဉ္စမမြောက် ။ နောက်ဆုံး ဆဋ္ဌမ ကား ကျွန်တော် ဤ ရွာ မှ ထွက်ခါနီး ကျွန်တော့် တပည့် စာရေးဆရာ ငွေမောင်း လင်မယား ၊ မူလတန်းကျောင်းသားလေး နှစ်ယောက် နှင့် အကြီး က မောင်မောင်ဦး ၊ အငယ် က အော်လီဆန် ။

ဤ အိမ်ငှားစာရင်း တွေ ဖော်ပြ နေသည် က အကြောင်း ရှိပါသည် ။ ကျွန်တော် နှင့် ပတ်သက်ပြီး ဤ အိမ် ရောက်လာသူများ မှာ ဖော်ပြခဲ့သော စာရေးဆရာများ သာ မက ကာလ အတန်ငယ် ကြာသော အခါ နောက်ထပ် လည်း စာရေးဆရာ နှစ်ယောက် ဖြစ်မြောက် လာသေး၏ ။ ( ၁ ) ကလျာ ( ဝိဇ္ဇာသိပ္ပံ ) သူ က ကာတွန်းစိန်ကြီး ဇနီး ။ ( ၂ ) တင်သန်းဦး ( စစ်တက္ကသိုလ် ) သူ က ငွေမောင်း သားကြီး မောင်မောင်ဦး ။ ထို့အပြင် ဤ စာရေးဆရာ တွေ ထက် ကျွန်တော့် အတွက် အသုံးကျ ၍ ယခု တိုင် ဆွေး တသသ နေရပါသော ရွှေနှင်းဆီ ။

◾ခြေကြေး သုံးဆယ် ဝိုင်းကြီး ပယ်

ဖော်ပြခဲ့သော ဤ မြေချာ ၊ ဤ ဂေဟာ သို့ ကျွန်တော် နှင့် ပတ်သက် ပြီး ရောက်လာကြ သူများ အနက် စာပေသမား မဟုတ်ပေသော ဒေါ်အေးသာ မိသားစု တစ်စု သာ လျှင် “ ရောမ , နေ ရောမ , သား လို ကျင့် ” ဟူသော စာပေ စကား အတိုင်း လိုက်နာ ပေသည် ။ အကြောင်း မှာ ဒေါ်အေးသာ သည် ရောက် လာတယ် ဆိုတာ မကြာပါဘူး ။ အခြား အိမ်တွေ မြင်၍ အားကျပြီး ကြက်တွေ တော်တော်များများ ပဲ မွေးမြူပါလေရော ခင်ဗျာ ။ ဦးလှမောင် ခြံဝန်း က လည်း ဧက သုံးမတ် ရှိတာကလား ။ သူ့ ကြက်တွေ က မျိုးစုံ ပဲ ၊ ရရာ နေရာ က ဝယ် လာ ပြီး မွေးတဲ့ ဟင်းစားကြက် တွေ တချီ တချီ ထုတ် ရောင်း လိုက် လျှင် ဆယ့်လေး ငါးပိဿာ ၊ ကလေးတွေ အဝတ်ဖိုး ရ သတဲ့ ။
ဒေါ်အေးသာ ရောက်ပြီး ၆ လ လောက် အကြာ တစ်နေ့ သော ညနေခင်း ဝယ် အသက် ၂ဝ ခန့် ရှိ ကြက်သမားလေး မောင်စောတင် သည် ကြက် တစ်ကောင် ပိုက်၍ သူ့ အပေါင်းအသင်း လေးငါးယောက် နှင့် ကျွန်တော့် အိမ် ရောက် လာပြီး သူ့ ကြက် ကျွန်တော့် ရှေ့ ပစ်ချ လိုက် ကာ ....

“ ဒီနေ့ လည်း မတိုက်ခဲ့ရပြန်ဘူး ဦးလေးဆွေ ရယ် ”

သူတို့ သည် တံတားလေးရွာဝိုင်း သို့ သွားပြီး ပြန်လာခဲ့ကြခြင်း ဖြစ်သည် ။

“ အဲဒါ ခြေကျော် ထိုး လိုက်ချင်တယ် ”

ဝိုင်းချ သွားပြီး မတိုက်ဘဲ ပြန်ခဲ့ရသော ကြက် ကို “ ခြေကျော်ထိုး သည် ” ( ခေတ္တ ခွပ် ခိုင်းရသည် ) ကို စာဖတ်သူများ သိပြီးကြပါပြီ နော် ။ ထို့ကြောင့် ကျွန်တော် က ...

“ အေး ဒါပေမယ့် ငါ့ မှာ အခု ကြက် မှ မရှိတာပဲကွ ၊ မင်း ကြက် ငါ့ ဆီ ယူ လာလို့ အလကား ပေါ့ ကွ ”

“ ဟို .... အိမ်ရှေ့ အိမ် က ကြက်ကြီး နဲ့ ချချင်လို့ ဆရာ ရယ် ”

သူ့ အဖော် ထွန်းတင် က ဝင် ပြောသည် ။ ဒေါ်အေးသာ ကြက်ဖကြီး ကို ပြောခြင်း ဖြစ်ရာ ...

“ ဟ ... တစ်ခါမှ ခွပ်ဖူးပုံ မရတဲ့ အဲဒီ စစ်တကောင်းကြက်ကြီး က မင်း ကြက် ကို ဘယ် ခွပ်နိုင်ပါ့မလဲကွာ ”

“ ခွပ်နိုင်သမျှ ပေါ့ ဦးလေး ရယ် ၊ ဒီ အနီးအနား မှာ ကျွန်တော့် ကြက် နဲ့ ရွယ်တူ တာ မရှိလို့ပါ ”

“ ဟ ... ဟို အိမ်ရှေ့ အိမ် က ကြက်ကြီး က တော့ မင်း ကြက် နဲ့ အကောင်ချင်း ရွယ်တူ ပေမယ့် ကြက်မ ၄ - ၅ - ၆ ကောင် နဲ့  ပစ် ထားတဲ့ စစ်တကောင်းကြီး ကွာ ၊ မင်း ကြက် က တိုက်မယ် လို့ ပြုပြင် ထားတဲ့ ကြက် ၊ မင်း ကြက် က ခဏလေး ခွပ် ပစ်မှာပေါ့ ”

“ ခွပ် ပစ်လို့ ပျက်စီး သွားရင် အဲဒီ ကြက် ကို ဆရာ က စားပစ် ၊ ကျွန်တော်တို့ က ဒေါ်အေးသာ ကို ကြက်ဖ အစား ဝယ် ပေးလိုက်မယ် ” ဟု ဘသာ ဆိုသူ က စွာကျယ်ကျယ် ဝင် ပြော လေတော့ စောတင် ကြက် မှာ အတတ်ချွန်ကြီး က လက် တဆစ် လောက် ရှိသည် မို့ ဒေါ်အေးသာ ကြက် တော့ ပျက်စီးမှာ ပဲ ဟု ကျွန်တော် က တွက်ဆ၍ ငါ တော့ ကြက်သား စားရချေသေး ရဲ့ ပေါ့ ။

“ အေး ... ဒါဖြင့် သွား ဖမ်းချေကြကွာ ”

ကြက် နှစ်ကောင် ကို ကျွန်တော့် အိမ်ရှေ့ ဝိုင်း မှာပဲ လွှတ် လိုက်ကြ သည် ။ လွှတ်တယ် ဆို စောတင်ကြက် က တိုက်ကြက် ပီပီ လှလှပပ ခွပ်သည် ပေါ့ ။ ဒေါ်အေးသာ ကြက်ကြီး က ခွပ်သား ရေသား မရှိသည် မို့ ဖရိုဖရဲ ပျော့ပျော့ စိစိကြီး ။ ဒါပေမယ့် စောတင်ကြက် ခွပ် သည် ကို တော့ သူ လွတ်အောင် ရှောင် တတ်သည် ။ ဤသို့လျှင် ဒေါ်အေးသာ ကြက်ဖကြီး သည် ခံစစ် ချည်း နေရ ရာ မှ ၈ မိနစ် လောက် အကြာ မှာ ထင်သည် ။ စောတင်ကြက် ခုန် အပစ် လိုက် ကို သူ က ဆီး ဆိုင် ၍ နှစ်ကောင် ပျံတက် သွားကြရာ အောက်ပြန် အကျ ၌ စောတင်ကြက် ဝမ်းလျား မှောက် ၍ နှုတ်သီး မြေထောက် နေ တော့၏ ။

ကြက်ဝိုင်း တွေ ထဲ မှ အသေ ခွပ်ကြတာ ကို ကျွန်တော် တွေ့ဖူး ခဲ့ပါသည် ။ အချို့ တော်တော် နှင့် မသက် မထွက်နိုင်ကြပါ ။ ဖြိုးဖြိုးဖျတ်ဖျတ် နှင့် ဆန့်ငင်ဆန့်ငင် ဖြစ်နေ တတ်ကြသေးသည် ။ ယခု စောတင်ကြက် သေပုံ ကား မြေကြီး ပေါ် ပြန် ကျတယ် ဆို တုတ်တုတ်မျှ မလှုပ်တော့ ။ ကောက် ကြည့် သောအခါ ၌ လည်ပင်းကြီး တွဲလွဲ ကျ၍ အသက် မရှိတော့ချေ ။ ဒဏ်ရာ ရှာ သော အခါ၌ အုတ်ဆက် ကို တက်မြှုပ် ထိုး ထားသည် ။ ဦးနှောက် ထွက် ကရော ။

စောတင်ကြက် ပုံရက်သား ကျ နေသော အခါ၌ ဒေါ်အေးသာ ကြက် က လည်ပင်း တက် နင်း၍ တစ်ခွန်း တွန် လိုက်သည် နှင့် ပင် ကျွန်တော် က သူ့ ကို ကောက်ယူလိုက်ကာ ရေ ခွံ့ ပြီး အမော ဖြေ ပေး လိုက်သည် ။

◾ကြက်အင်္ဂါ

ဒေါ်အေးသာ ကြက် မှာ တိုက်ကြက် ပုံသဏ္ဌာန် နည်းနည်း မျှ မရှိ ။ အမွေးရောင်များ ဘုတ်ဝါမွေးခြောက် ဟု ခေါ်ရမည် ။ ခါးဆံလည်ဆံများ က မွေးပြား မွေးတို ဖြစ်သည် ။ အမြီး ထောင်ထောင် ၊ ခေါင်း ထောင်ထောင် နှင့် သူ့ အမောက် က ခေါင်း ပေါ် မှာ နှင်းဆီပန်းပွင့်ကြီး တင် ထားသည့် အတိုင်း ဝိုင်းဝိုင်းကြီး ။ အတွန့်အလိပ်တွေ နှင့် ။ အင်မတန် တွေ့ရခဲသော အမောက်မျိုး ဖြစ်သည် ။ အချို့က မောက်တရာ ခေါ်သည် ဟု ပြောကြသည် ။ နို့ပြီး မေး အောက် မှာ လည်း ဥစားကြက်မျိုး လို ပယပ်ကြီး နှစ်ခု က ဗတ်လတ် ပါသေး သည် ။ အထူးဆန်းဆုံး ကား သူ့ ခြေကြေး ပင် ။

ကြက် တို့ တွင် ခြေသလုံး မှာ ခြေကြေး သည် နှစ်ခွ ကွဲ နှစ်တန်း နှင့် သုံးခွ ကွဲ သုံးတန်း ဟူ၍ နှစ်မျိုး ရှိလေရာ သူ့ ခြေကြေး ကား အဲသည် နှစ်မျိုးစလုံး တွင် အကျုံး မဝင် ။ အခွ ကွဲ မရှိ ။ အတန်း မရှိ ။ မြွေအကြေး ကဲ့သို့ ငယ်ငယ်ဝိုင်းဝိုင်းလေး တွေ ပြွတ်သိပ် နေ၏ ။ နို့ပြီး ကြက်သမား တို့ သည် မိမိ ကြက် ခြေခလယ် ခြေကြေး ကို ရေတွက် ကြည့်လေ့ ရှိကြသည် ။ ခြေသည်း အဖျား မှ နေပြီး အတက် အထိ ရေတွက် ရသည် ။ များစွာသော ကြက်တို့ သည် အနည်း ဆုံး ၂၄ မှ အများ ဆုံး ၂၈ အထိ ရှိ တတ်သည် ။ ၂၉ ရှိ သည့် ကြက် ပင် အလွန်ရှား ။ ယခု ဒေါ်အေးသာ ကြက်ဖကြီး ကို ကျွန်တော် ရေတွက် ကြည့် လိုက် တော့ ၃ဝ အထိ ခင်ဗျာ ။ နှစ်ဖက် စလုံး ပဲ ။

သည်တော့ မှ ကျွန်တော့် နား ထဲ “ ခြေကြေး သုံးဆယ် ဝိုင်းကြီပယ် ” ဆိုသော စကား ကြားယောင် လာ လျက် လွန်စွာမှ ဝမ်းသာ သွား တော့၏ ။ အဓိပ္ပါယ် ကား ဤသို့ ခြေကြေး ၃၀ ရှိသော ကြက်မျိုး ကို ဘယ် ကြက် က မှ ခံ မတိုက် ။ ဝိုင်းကြီး များ က ပင် ပယ်သည် ဟု ဆိုးရိုး ပြု ကြသည် ။ ဤ စကား ကို ကျွန်တော်သ ည် ငယ်စဉ်တောင်ကျေး ကြက်သမားလေး ဘဝ ကပင် ကြားဖူး ခဲ့ သော်လည်း ခြေကြေး ၃၀ ရှိသောကြက် ကို ယခင် က တစ်ခါမျှ မတွေ့ဖူး ပါသဖြင့် “ သက်သက် မရှိတာကို စကား လုပ် ပြောတာပဲ ” ဟု အောက်မေ့ ခဲ့ရာ ဟော အခုတော့ မျက်မြင် ဒိဋ္ဌ တွေ့ရပါပေပြီ ။

ဒေါ်အေးသာ အား ဤ ကြက်ကြီး ဘယ်က ရသနည်း မေး ကြည့်တော့ ...

“ ကု,လားခြင်း ထဲ က ဝယ်လာတာပဲ ကွဲ့ ၊ ဒီပြင် ကြက်ဖတွေ အများ ကြီး ထဲ ငါ သူ့ ကို ရွေး လိုက်တာက မင်း ကြည့်ပါလား ၊ သူ့ အမောက်ကြီး က နှင်းဆီပန်းကြီး လို ပဲ ၊ ငါ့ အိမ် က ခလေးတွေ က သူ့ ကို ‘ ရွှေနှင်းဆီ ’ လို့ ခေါ်ကြ တယ် ”

ယင်း အမည် ကို ကြက်စာ ကျွေးစဉ် မှာ သူ့ ကလေး တွေ ခေါ် နေကြ တာ ။ ကျွန်တော် ကြား နေသားပဲ ။ ဒါပေမယ့် လို့ ဘာ မဟုတ်တဲ့ ကြက်ကြီး ရယ် လို့ ကျွန်တော် သတိ မမူခဲ့ ။ ကျွန်တော် တို့ ညနေ က ကြက် ခွပ်လက် ကြည့် ကြစဉ် ဒေါ်အေးသာ မရှိ မူ၍ ကျွန်တော် က အကျိုးအကြေင်း ပြောပြ ပြီး ....

“ ရွှေနှင်းဆီ ကို ကျွန်တော် ယူ တိုက်မယ် ဒေါ်အေးသာ ၊ ခင်ဗျား ကို ကြက်မတွေ နဲ့ သားဖောက် ဖို့ သူ့ ထက် ကြီးတဲ့ ကြက်ဖကြီး ဝယ် ပေးမယ် ”

ဒီအချိန် က ကြက်သားဈေး ဘယ်လောက် ရှိသလဲ ၊ တစ်ပိဿာ မှ ၄ ကျပ် ရယ် ။ ခြင်း ထဲ မှာ ကြက်ဖ ကြီးကြီး ဝယ် ရင် လေးကျပ်မတ်တင်း ရယ် ။ ကျွန်တော် ဒေါ်အေးသာ ကို တစ်ပိဿာ ခြောက်ဆယ်သား ရှိသော စစ်တကောင်း ကြက်ဖကြီး တစ်ကောင် ဝယ် ပေး လိုက်သည် ။

ရွှေနှင်းဆီ ကား ကြက် အကြီးစား ထဲ က မဟုတ် ။ တစ်ပိဿာ ကျော် ကျော်လေး မျှ ရှိသည် ။ ဒေါက် က ၁ဝ ပြား လောက် ၊ ကိုယ်လုံး က ညိုဆိုင် ။ တိုက်ဖက် ပေါသော အရွယ် ဖြစ်ပေသည် ။ သူ့ အသက် က နှစ်ခါလည် ကျော် ၊ တမွေး ထိုး ၊ တက်ရိုး လက် တစ်ဆစ် လောက် ရှည်သည် ။ လူ မပြုပြင်ရဘဲ နှင့် ချွန်မြ နေသည် ။ နို့ပြီး သူ့ ခြေသလုံး နှင့် အတက်ရောင် က နနွင်းတက် ကဲ့သို့ ဝါရွှေ နေသည် ။ တိုက်ကြက် တို့ ၏ အရောင်အသွေး မဟုတ် ။ နောက် တစ်ခု ထူးခြားသည် ကား သူ့ ကိုယ် ကို ရေ ကိုင်သော အခါ ကြက် အနံ့ မထွက် ဘဲ ငါးပုပ်ပြားခြောက် စော် နံ လှသည် ။ သူ့ ရေ ကိုင်ပြီး လျှင် ကျွန်တော့် လက် ကို ဆပ်ပြာ နှင့် ဆေး ပစ်မှ ထို အနံ့ ပျောက်သည် ။ သူ့ ပုံသဏ္ဌာန် သည် မည်သည့် လက္ခဏာ မျှ တိုက်ကြက် နှင့် မတူသော် လည်း မျက်လုံး မျက်ခုံး များ သာ လျှင် တကယ့် တိုက်ကြက်ကောင်း ၏ အင်္ဂါရုပ် ဖြစ်သည် ။ မျက်တွင်း နက်နက် နှင့် သိန်းငှက် ကဲ့သို့ ရဲရင့် စူးရှသော ကြက် ပုံမျိုး ရှိသည် ။

ဤ ကြက် ကို ကျွန်တော် အိမ် မှာ ထားပြီး တိုက်ရန် ပြုပြင် နေ သည် ကို ထွန်းတင် တို့ လူသိုက် က ရယ်သွမ်းသွေး ကြသည် ။

“ ဘယ်က မျိုးရိုး မှန်း မသိ ၊ အလေဏတော ကြက်ကြီး ၊ စောတင် ကြက် ကို မတော် ခြေစူးတာပါ ဆရာ ရယ် ” ဟု ဘသာ က ပြောသည် ။

မတော်ခြေ ဆိုသည် မှာ မတော်မဆ ဟု ဆိုလိုသည် ။ ထို့ကြောင့် ကျွန်တော် က ....

“ အေး .... မတော်တဆ လား ၊ သူ့ မူလ လား ဆိုတာ သိရအောင် မင်းတို့ မှာ ကြက် ရွယ်တူ ရှိ ယူခဲ့လကွ ။ ဒို့ ရွာသားချင်း ဘဲ ၊ ကြေးစမ်း တိုက် ကြည့် ရအောင် ”

ဤတွင် ထွန်းတင် က  “ တကယ်လား ဆရာ ”

“ တကယ်ပေါ့ကွ ”

“ ဒါဖြင့် ... .ကျွန်တော့် ချိတ်ကြီး နဲ့ ချမလား ”

“ မင်း ချိတ် က ငါ့ ကြက် ထက် နည်းနည်း ဒေါက် မြင့်တယ် ၊ လည်တိုင်း မြင့်တယ် ။ ဒါပေမယ့် ယူခဲ့ ကွာ ၊ ဒို့ချင်း နည်းနည်းပါးပါး ချကြတာပေါ့ ”

သို့နှင့် ကျွန်တော့် အိမ်ရှေ့ က သရက်ပင်ကြီး အောက် မှာ ပဲ ၂၂ ကျပ် ကြေး လွှတ်ကြသည် ။ မလွှတ် ခင် ကျွန်တော် က ပြောသည် ။

“ ဟေ့ .. ဒါ ခွပ်လက် စမ်းတာ မဟုတ်ဘူး ၊ ငွေ နဲ့ တိုက်တာနော် ၊ ဒီတော့ ကြက်ဝိုင်း ထုံးစံပဲ ၊ မင်း တို့ ကြက် ဝိုင်း ထဲ မှာ ‌ေ သ ရင် ငါ့ ကို ပေးခဲ့ ရမယ်နော် ”

( စောတင် ကြက် ကဲ့သို့ ဝိုင်း ထဲ ‌ေ သ လျှင် နိုင်သူ ကို ပေးခဲ့ရသည် )

သည်တော့ ထွန်းတင် က

“ အောင်မာ ဘယ်သူ့ ကြက် ‌ေ သ မလဲ ကြည့်ပါ ။ ကျွန်တော့် ကြက် က စောတင် ကြက်မျိုး မဟုတ်ပါဘူးဗျ ”

“ ဟား ... ဘယ်သူ့ ကြက် ‌ေ သ ‌ေ သ နှစ်ခါလည် ကျော် ကြက်ကြီး တွေ တော်တော်နှင့် နူး မှာ မဟုတ်ဘူး ” ဟု တစ်ယောက် က ပြောတော့ အခြား တစ်ယောက် က အောင်မယ်လေး သင်္ဘောသီး သာ ထည့် ချက်စမ်းပါ ၊ တစ်ရေ နဲ့ နူး ရစေ့မယ် ။

မှန်ပါသည် ၊ စာဖတ်သူများ မှတ်ထားကြပါ ။ ဈေး မှ ကြက် ရင့်ရင့် ကြီး ဝယ်လာ မိ၍ တော်တော် နှင့် မနူးပြီ ဆိုသော အခါ သင်္ဘောသီး အမှည့် သော် လည်းကောင်း ၊ အစိမ်း သော် လည်းကောင်း အနည်းငယ် မျှ ထည့် ချက် လိုက်ပါ ။ စင်စစ် ကြက် နှင့် သင်္ဘော သည် ဓာတ်ချင်း မတည့်ပေ ။ ကြက် တစ်ကောင် ကို သင်္ဘောပင် တွင် ကြိုးချည် ထားရုံ နှင့် ၄င်း ကြက် မှာ အလိုလို မောဟိုက် ၍ လာ တော့သည် ။ ထို့ကြောင့် မိမိ တိုက်ကြက် ကို သင်္ဘောသီး များ ကျွေးမည် စိတ်မကူးလေ နှင့် ။ ကြက် ၏ ဝမ်းနှုတ်ဆေး သည် သင်္ဘောရွက် ဖြစ်၏ ။

◾ရွှေနှင်းဆီ ပထမပွဲ

“ ကဲ .... ရွှေနှင်းဆီ ရေ ‌ေ သ တွင်းချီ ပြလိုက်စမ်းကွာ ” ဆိုပြီး ကြက် နှစ်ကောင် လွှတ်လိုက်သည် ။

ဤ ပွဲတွင် ရွှေနှင်းဆီ သည် စောတင်ကြက် နှင့် တုန်း ကလို ဂယိုးဂယိုင် ပျော့ခွေခွေကြီး မဟုတ်တော့ ၊ ကြက်မတွေ မလိုက်စေဘဲ ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစု ထား သောကြောင့် တောင့်တောင့်တင်းတင်း နှင့် လှလှပပ ခွပ် လေပြီ ။

လေးငါးခြောက် မိနစ် လောက် ပဲ ကြာမည် ။ ထွန်းတင် ချိတ် ခြေလှမ်း အမှား မှာ ရွှေနှင်းဆီ က လှမ်း ပုတ် လိုက်ရာ သူ့ ကြက် က ဒေါက်မြင့် လေတော့ ခေါင်း မရောက် ဘဲ ဘယ်ဘက် လည်ဆစ် သွား စူးလေရာ ထွန်းတင်ကြက် ၏ ညာဘက် ခြေ သည် မထောက်နိုင် တော့ဘဲ နောက် ထွက်ပြီး တန်းတန်းကြီး ဖြစ် အသွား ၊ အားလုံးသော ရွှေပွဲလာများ အံ့အားသင့် သွားကြလျက် ....

“ ဟာ ... ဘယ်နှယ့် ဖြစ် သွားပါလိမ့် ။ ဘယ်နှယ့် ဖြစ် သွားပါလိမ့် ”

ထွန်းတင် ကြက် မှာ ရှေ့ လည်း မတိုးနိုင် ၊ နောက် လည်း မဆုတ်နိုင် ဖြစ် နေတော့ ကျွန်တော် က ...

“ ဟေ့ ထွန်းတင် မင်း ကြက် ကောက် ကုတော့ ”

ဤသို့ ဝိုင်း ထဲ မှာ “ ကောက် ကုတော့ ” ဟု ပြောလိုက်ခြင်း သည် ကြက်သမား တို့ ၏ အင်မတန် ဂုဏ် ယူသော စကား ဖြစ်သည် ။ ထို့ကြောင့် အချို့ ကြက်စွဲ သည် လူချင်း အောက်ကျ ခံ၍ ကောက် မကုဘဲ “ ဟာ ‌ေ သပစေ့ ကွ .... ” ဟု ထား တတ်ကြ၏ ။ ဤသို့ ထားလျှင် ရွှေနှင်းဆီ ခြေမျိုး နှင့် နောက် တစ်ချက် ခွပ် ပါက အုတ်ဆက် ပွင့်၍ ‌ေ သမည် ဖြစ်သောကြောင့် ထွန်းတင် သည် ကပျာကရာ ကောက်၍ ကု၏ ။ သို့သော် မရတော့ပြီ ။ ဘယ်ဘက် လည်ဆစ် စူး၍ ညာဘက် ခြေထောက် တန်း သွားခြင်း ဖြစ်သောကြောင့် ဒေါင့် တန်းကြော လိုက်သည် ဟု ခေါ်သည် ။ ကျွန်တော် လည်း ဤကဲ့သို့ ဖြစ်ပုံမျိုး ကို ယခင် က တစ်ခါမျှ မမြင်ဖူးခဲ့ ။ အချို့ ကြက် မှာ လည်ပင်း စူး၍ သွေး တောက်တောက် ကျ သော်လည်း ကောက် ကုလိုက်ပါ က ပြေပျောက် ၍ ပြန် ခွပ်နိုင်သေးသည် ။ ယခု ထွန်းတင် ကြက် မူ အိမ် ရောက်ပြီး ၃ ရက်မျှ ကြာ သော်လည်း ဤ ဒေါင့်တန်းကြောမပြေဘဲ ခြေနောက်ဆွဲ နေ သဖြင့် ကိစ္စတုံး ပစ် လိုက်ရ၏ ။

သည်တော့ မှ ရွှေနှင်းဆီ သည် မတော်ခြေ မဟုတ် ။ တစ်ချက် ခွပ် လိုက်ရုံနှင့် ကိစ္စပြီးသော ကြက်ကောင်း ဟု သြဘာပြု ကြလျက် နောက် နောင် တွင် ကိုယ့် ရွာသားချင်း မဟုတ်ကြတော့ဘဲ အခြား က ကြက် နှင့် ကြေးကြီး တိုက်ကြတော့မည် ဟု ကျွန်တော် တို့ ရွာ က ကြက်သမားများ ဆုံးဖြတ်ချက် ချ လိုက်ကြလေသည် ။

“ ‌ေ သတွင်းချီ ရှိတဲ့ ရွှေနှင်းဆီ ”

◾ထွန်းကြက်

တိုက်ကြက် တို့ မှာ မျိုးရိုး စစ်မှန်ဖို့ က အရေးကြီး လှသည် ဆိုသော် လည်း ဤလို ကြက်မျိုး ကို ကား ခြွင်းချက် နှင့် ထားရပေမည် ။ သူတို့ သည် ဘယ် မျိုးရိုး က လာမှန်း မသိသော် လည်း အခြား ကြက်များနှင့် မတူ ။ ထူးထူးခြားခြား ထွန်းထွန်းပေါက်ပေါက် ကောင်း နေသည်မို့ “ ထွန်းကြက် ” ဟု ခေါ်သည် ။ ဥပမာ အားဖြင့် ရာဇဝင် မျိုးရိုး မဟုတ်ပါဘဲ လျက် ဘုရင် ထ , ဖြစ် သော သရေခေတ္တရာ တွင် ငါ့တစ်ပါးမင်း ၊ အနော်ရထာ မတိုင်မီ ပုဂံခေတ် တွင် တောင်သူကြီးမင်း ၊ ပဲခူး ရာဇဝင် တွင် ဝါရီရူမင်း တို့နှင့် နှိုင်းသော် မလျော် ဟု ဆိုကြမည်လား ၊ ရာဇောဝါဒကျမ်း တွင်မူ မင်း တို့ သည် စစ် တိုက်ရာ၌ တိုက်ကြက် ကဲ့သို့ ရဲရင့်ရမည် ဟု ဆိုသည် ။

ယင်းသို့သော ကြက် သည် ပုံသဏ္ဌာန် အားဖြင့် တိုက်ကြက် နှင့် မတူ တတ်ပေ ။ အမွှေးရောင် နှင့် ကြက်အင်္ဂါ မှာ ကြက်ကောင်း ဟု ထင်စရာ မရှိပေ ။ သို့သော် ဒင်း တို့ ကောင်းပဟေ့ ဆို လျှင် အခြား မျိုးစစ် ထိပ်သီး ကြက်တွေ က ပင် သူတို့ ကို မနိုင် ။ မတိုက်ဝံ့ သော “ ဝိုင်းပယ်ကြက် ” မျိုး ဖြစ်နေတတ်ပေသည် ။ ဤ ကြက်မျိုး က အခြား မျိုးစစ် မျိုးမှန် ကြက်တွေ လို မည်သို့မည်ပုံ ခွပ်သည် ဟု သူ့ ခွပ်လမ်း ကို ပြောပြရန် ခဲယဉ်းသည် ။ သူ ခွပ်ချင် သလို ခွပ်ပြီး တစ်ချက် တည်း နှင့် ကိစ္စ ပြီး သွားသော ခြေမျိုး ရှိ၏ ။ ဥပမာ ရွှေနှင်းဆီ စောတင် ကြက် နှင့် ထွန်းတင် ကြက် ကို ခွပ်သည့် ပုံမျိုး ။

ဤ ကြက်မျိုး က လည်း ကြက် အကောင် တစ်သောင်း မှာ တစ်ကောင် မရှိတတ်ပါ ။ ကျွန်တော့် တစ်သက်တာ တွင် တွေ့ခဲ့ရသည် မှာ ယခု ဖော်ပြခဲ့ သော ရွှေနှင်းဆီ သည် ပထမ ဖြစ်၍ ဒုတိယ အကြိမ် နောက် တစ်ကောင် ကား မြောက်ဥက္ကလာပ တွင် ဖြစ်ပါသည် ။

အခါသမယ အားဖြင့် ၁၉၆၂ ခု ၊ နှစ်ဦးပိုင်း ပ - ထ - စ ခေတ်၏ နောက်ဆုံး နေ့များ ရက်ပိုင်း လောက် ပဲ ကျန်တော့သည် ။ ထိုအချိန် ၌ ကျွန်တော် သည် ယခု နေသော ၆ မိုင် မာလကာခြံ သို့ ရောက် နေပါပြီ ။ ဒီ အခါ မှာ နတ်တလင်း ကိုမောင်လန်း အမှူးပြုသော ကြက်သမားများ ကျွန်တော့် အိမ် တွင် စတဲချ ကာ ရန်ကုန်မြို့နယ် မှာ ကြက် လာ တိုက် နေကြသည် ။ သူတို့ သည် တစ်သုတ် လာ လိုက် လျှင် လူ ၄ - ၅ - ၆ ယောက် ။ ကြက်ဖ ၃ - ၄ ကောင် ။ တိုက်လေ သမျှ ၃ ပွဲ တွင် ၂ ပွဲ နိုင်သည် ဟု ပြောနိုင်သော အခြေသို့ ရောက် နေသည် ။ ပေါင်းတည် ၊ ဆင်းမြီးဆွဲ ၊ သဲကုန်း ၊ နတ်တလင်း တို့မှ လက်ရွေးစင် ယူ လာသော ကြက်တွေ က လည်း ကောင်းလှသည် ။ ငွေ က လည်း ကြေးကြီး တိုက် နိုင်သည် ။

ထိုအခါတွင် မြောက်ဥက္ကလာပ ၌ ကြက်ချင်း တူ လျှင် ကြေး မရှောင် တိုက်မည့် ကြက် တစ်ကောင် ရှိ ကြောင်း သတင်း ရောက်လာ၏ ။ ဒါပေမယ့် တာမွေနယ် က တော့ ဒီ ကြက် ကို မတိုက်ဝံ့ ။ ဝိုင်းပယ် ထားသည် ဟု ကြားရ၏ ။

“ အို ... ကြက် မှာ ရာဇာ မရှိပါဘူးဗျာ ။ ဘယ်လို ကြက် မို့လို့လဲ ၊ သွား ကြည့် ရအောင် ”

ကျွန်တော် တို့ သုံးဘီး တစ်စီး ငှား၍ မြောက်ဥက္ကလာ သို့ သွားကြ၏ ။ ညွန်ကြား လိုက်သည် က ဈေးလမ်းမ , မှာပဲ ။ ခေါက်ဆွဲဆိုင် ။ ဆိုင်းဘုတ် နာမည် နှင့် ။

ထို ခေါက်ဆွဲဆိုင် ထဲ ကျွန်တော် တို့ ဝင် ထိုင် ၊ အစိမ်းကြော် တစ်ခွက် နှင့် အရက် တစ်ပုလင်း မှာ လိုက်ပြီး ( ထိုစဉ်က ခေါက်ဆွဲဆိုင် ရှိ အရက် ရှိ ) ဆိုင်ပြင်ဘက် ပတ်လည် မှာ သူတို့ ပြောသည့် ကြက် ကို မျက်စိ ရှာ ကြည့်ကြသည် ။ သို့သော် တိုက်ကြက် နှင့် တူတာ ဆို၍ တစ်ကောင် တစ်မြီး မျှ မတွေ့ ။ ထို့ကြောင့် ကျွန်တော် တို့ စားပွဲပြန်ထိုင် ကြပြီး အစိမ်းကြော် လာချသော အခါ၌ ကြော်သော သူ အား ...

“ ခင်ဗျားတို့ ဆီ မှာ တိုက်ကြက် တစ်ကောင် ရှိတယ် ဆိုလို့ ”

ထို သူ က “ ဪ ခင်ဗျား တို့ က ကြက် ကြည့်ရအောင် လာကြ တာလား ၊ ရှိပါတယ် ” ဆိုပြီး အိမ်ခန်း ထဲ ဝင် သွား၏ ။

◾ထူးပေဆန်းပေ့ ဗျာ

မကြာမီ ၌ အမြင့် ၃ ပေ ၊ အလျား ၂ ပေ ၊ ဗျက် ၁ပေ ရှိသော ကျွန်းသား ပျဉ်ပြားလေး ၃ ခု ကို ဘောင်ခတ် ထားသော အပေါ် က လက်ကိုင် ကိုင်း နှင့် သေတ္တာ တစ်ခု ကို ဆွဲထုတ် လာသည် ။ အထဲ က တစ်မိုက် လောက် မြင့် တဲ့ တန်းကလေး ပေါ်မှာ က ကြက် ခင်ဗျာ့ ၊ ဝပ် လို့ ။ ကျွန်တော် တို့ ရှေ့ လာ ချ တော့လည်း ဒီ ကြက် က မထဘူး ။ အရုပ် လို ပဲ ငြိမ် လို့ ။

ဒီတော့ ကိုမောင်လန်း က ...

“ ကိုင် မကြည့်ရဘူးလား ခင်ဗျာ ”

ထို လူ တရုတ်ကပြား က ...

“ ဟာ တိုက်မဲ့ ကြက် ပဲ ၊ အလုံးဒေါက် ကြည့်ရအောင် ကိုင် နိုင်ပါ တယ်ဗျာ ” ဆိုပြီး ကြက် ကို သူ က ထုတ် ပေး၏ ။

ကိုမောင်လန်း လက် ထဲ ရောက် တော့ လဲ ကြက် က ဝပ်လျက် ပဲ ။ သူ့ ဒေါက်မြ င့် သိရအောင် လူ က သူ့ ကိုယ် ကို မ , ကြည့်ရ၏ ။

“ အို ... ခင်ဗျား ကြက် က လည်း မထ,ပါလားဗျ ”

“ ကြက်ဖချင်း ယှဉ် ပြရင် ထ , ပါသဗျ ”

အင်း .... ကြုံဖူးသေးဘူး ။

လူ လူချင်း မျက်နှာ ကို ကြည့်၍ အသက် ခန့်မှန်း နိုင်၏ ။ နွားမွေး သူ သည် နွားမျက်နှာ ကို ကြည့်၍ အသက် ကို သိ၏ ။ ကြက်သမား လည်း ထို့ အတူ ကြက် ကို ကြည့်၍ အသက် ကို ပြောနိုင်၏ ။ ဤ ကြက်သည် သုံးမွေး ထိုး ပြီး၍ ၄ နှစ်သား ထက် မအောက်တော့ ပြီ ။ သူ့ အမွှေးရောင် က ခရမ်းဝါ ခေါ်မည် ။ အမွှေး တွေ က ရှည်လှသည် ။ အခြား တိုက်ကြက်များ ကဲ့သို့ အမွှေး ကျွတ်ခြင်း အသား နီရဲခြင်း မရှိ ။ တစ်ခါမျှ မခွပ်ဖူးသော ပကတိ ကြက်စိမ်းကြီး နှင့် တူသည် ။ အမောက်ကြီး က လည်း ပြားပြား ၊ မေး အောက် က လည်း ပယပ်ဗတ်လတ်ကြီး ပါသေး၏ ။ တိုက်ကြက် ၏ အင်္ဂါ မဟုတ် ။ သူ့ အတက်ကြီး က ရှည် လည်း ရှည် ၊ ချွန် လည်း ချွန် ၊ လက် နှစ်ဆစ်ခန့် ကော့ကော့ကြီး ။ လမ်း လျှောက် လျှင် သူ့ ခြေထောက် မှ သူ့ အတက် လွတ်ပါ့မလား ဟု ထင်ရသည် ။ ဒီ ကြက်မျိုး လမ်းဘေး တွေ့ လျှင် ဘယ် ကြက်သမား မှ လှည့် ကြည့် လိမ့်မည် မဟုတ် ။

ကျွန်တော် တို့ အသီးသီး ကိုင် ကြည့် ပြီး ကြသော အခါ ကြက်ရှင် က ....

“ ခင်ဗျား တို့ မှာ သူ နဲ့ တူတဲ့ ကြက် ရှိ သလား ”

“ အလုံးဒေါက်တူ တဲ့ ကြက် ရှိ သဗျာ ။ ဒါပေမယ့် ရိုးရိုး မှန်တာ ပြောရမယ် ဆိုရင် ကျွန်တော့် ကြက် က ခင်ဗျား ကြက် ထက် ခွပ်သား ရေသား သာ နေပေလိမ့်မယ် ”

ထို လူ က လွယ်ကူစွာ ပင် ....

“ အာ .... ဒါကတော့ သာပစေ ၊ ကြက် အား မစီး ရင် ဘဲ ကျွန်တော် တို့ က တော်ပြီ ။ အဲ တခုတော့ ကျွန်တော် ပြောချင်တယ် ။ ကျွန်တော် တို့ ကြက် ဟာ ၃၃ဝဝိ အောက်တော့ မတိုက်ဘူးဗျာ ” ဟု ဆိုပြီး သူ့ ကြက် ကို သေတ္တာ ထဲ ပြန် သွင်းပြီး အိမ်ခန်း ထဲ ပြန် ယူသွား သဗျ ၊ ကြည့်စမ်းဗျာ အဲသည် တုန်း က ငွေ ဒီလောက် မပေါသေးပါဘူး ၊ ဆီ တစ်ပိဿာ နှစ်ကျပ်ခွဲ ၊ ဆန် တတင်း ၁၅ိ ထက် မပိုသေးပါဘူး ။ ဒါနဲ့များ ၃၃ဝဝိ အောက် မတိုက်နိုင်ဖူး တဲ့ ။ အို - ဒီ ငွေလောက် ကျုပ်တို့ လူသိုက် က လည်း မမှုပါဘူးလေ ။ အဲ  စဉ်းစား ရ မှာ က ဒီလို ကြက် ပုံသဏ္ဌာန်ကြီး က ဒီလောက် ငွေများများ တိုက်ချင်တာ ဘာကြောင့်ပါနည်း ။ တာမွေသား တွေ က တော့ မတိုက်ဝံ့ ၊ ဝိုင်းပယ် ထားဟု ဆိုကြသည် ။ ကဲ - ကျုပ်တို့ တာမွေ သွားပြီး စုံစမ်းကြစို့ ။

ထိုစဉ်က ရန်ကုန် မြင်းပွဲ ရှိ၍ တာမွေ သည် လောင်းကစားခြင်း ပြိုင်ဆိုင်ဆုံး သော ရပ်ကွက် ဖြစ်၏ ။ တနင်္ဂနွေနေ့ မှာ မြင်းပွဲ ၊ အခြား နေ့များ မှာ ဖဲရိုက်ခြင်း ၊ ကြက်တိုက်ခြင်း ။ ဖဲရိုက်ခြင်း မှာ သူတို့ အရပ်သားချင်း ပဲ ည အချိန် တွင် ဖြစ်၍ နေ့ မှာ ကြက်ဝိုင်း ၊ အနယ်နယ် အရပ်ရပ် က ကြက်သမား တွေ လာ ကြသည် ။ ဤနေရာ တွင် အလျဉ်းသင့် ၍ ကြက်သမားကြီး တစ်ယောက် ၏ စကား ကို ပြောပြချင်ပါသည် ။

◾ကြက် နှင့် မယား

ကျွန်တော် တာမွေကြက်ဝိုင်း တွေ ရောက်ဖူးစ အချိန် ၊ ကြက်သမား အစုံ ကို မသိသေးသော ကာလ ။ မြင်းထရိန်နာ ဦးညိမ် ၏ ဝိုင်း ၊ သူ့ အိမ် နောက်ဖေး မြင်းဇောင်း ထဲ မှာ ကြက်တွေ တော်တော်များများ ရောက် လာ ကြသည် ။ ပွဲ မဖြစ်သေး ။ တစ်ကောင် နှင့် တစ်ကောင် ဆွယ်ကြ ကပ်ကြ တုန်း ။ ထိုစဉ် မြင်းဇောင်း ထောင့် တစ်နေရာ မှာ အသက် ၆ဝ မျှ ခန့်မှန်း ရသော တောသား အင်္ဂါရုပ် နှင့် လူကြီး တစ်ယောက် ။ အသက် ၄ဝ ရွယ် အမျိုးသမီး နှစ်ယောက် ၊ အလယ် မှာ ကွမ်းအစ် ချ ၍ ထိုင် နေကြလျက် သူတို့ အနီး မှာ ကြက်ဖ က နှစ်ကောင် ။ ကြက်ပွဲများ တွင် သူတို့ ကို ကျွန်တော် ပထမဦးဆုံး အကြိမ် မြင်ဖူးခြင်း ပင် ။

ယင်းအခိုက် ကျွန်တော် နှင့် ခင်မင် ပြီး သား တာမွေသား တစ်ယောက် ကြက် တစ်ကောင် ကို ကျွန်တော့် လာ ပေး လျက် ...

“ ဒီ ကြက် ဟို အဖိုးကြီး ဖေါင်း နဲ့ သွား ကပ်စမ်းပါ ”

ကျွန်တော် က ကြက် နှစ်ကောင် ကို ခန့်မှန်း ကြည့် လိုက်ရာ သူ့ ကြက် က စီး နေပုံ ပေါ် သဖြင့် ...

“ ဟာ .... အဖိုးကြီး ကြက် ရှောင်မှာ ပေါ့ ဗျ ”

“ ခင်ဗျား က မျက်နှာစိမ်း ဆိုတော့ ခင်ဗျား အထင် သေးပြီး တိုက် ချင် တိုက်မှာ ။ သွားဗျာ ရှောင်ကာ မှ ရှောင် ရောပေါ့ ”

သို့ဖြင့် ကျွန်တော် အဖိုးကြီး နား သွား ၊ ကြက် ချင်း ယှ ဉ် ပြလိုက်တော့ အဖိုးကြီး က ကျွန်တော့် မျက်နှာ စေ့စေ့ ကြည့် လျက် ....

“ ဟော လာပြန်ပြီဟေ့ တစ်ယောက် ၊ ဒီမှာ သူငယ် ”

ဟု ဆိုပြီး သူ့ အနီး က အမျိုးသမီး နှစ်ယောက် ကို ပြလျက် ...

“ ဟောဒါ ငါ့ မိန်းမ နှစ်ယောက် ကွ ၊ မင်း ကြိုက်တဲ့ တစ်ယောက် ကို ယူသွား ကွာ ၊ ငါ့ စိတ် က ကြက် တော့ အစီး မပေးဘူးဟေ့ ၊ မိန်းမ ပဲ ပေးမယ်ကွ ”

ဟု ကျယ်လောင်စွာ ပြော လိုက် လေ တော့ လူများ ဝိုင်း ဟားကြ ကုန်၏ ။ နောက် ကျွန်တော် သိရသည် မှာ ဒီ လူကြီး မှော်ဘီ က တဲ့ ။ ဒီလိုပဲ မယား နှစ်ယောက် ဂျစ်ကား တစ်စီး နဲ့ ကြက် လျှောက် တိုက်နေကျ ။ သူ့ ကြက် ထက် စီးတဲ့ ကြက် နဲ့ လာ ဆွယ်ရင် ဒီလိုပဲ ပြော လွှတ်လိုက်ကရော ။

◾နတ်ကြက်

ကျွန်တော် တို့ တာမွေ သို့ ရောက် ကြ၍ မြောက်ဥက္ကလာ ကြက် အကြောင်း ပြောပြသော အခါ သူတို့ က မျက်လုံးပြူး မျက်ဆံပြူး နှင့် -

“ အောင်မယ်လေး ခင်ဗျား တို့ ငွေ မနှမြော ရင် ရေ ထဲ သာ ပစ်ချလိုက်ကြဗျာ ၊ အဲဒီ ကြက်တော့ သွား မတိုက်ကြပါနဲ့ ”

“ ဘာလို့လဲဗျ ၊ ဒီ ကြက်ကြီး ပုံ ကြည့် ရတာ နာရီဝက် တောင် ခွပ် နိုင် ပုံ မပေါ်ဘူး ”

“ ခင်ဗျားတို့ ကြက် ကို နာရီဝက် လည်း မခွပ်ဘူး ၊ ၁ဝ မိနစ် လည်း မခွပ်ဘူး ၊ ၅ မိနစ် လည်း မခွပ်ဘူး ၊ သူ က တစ်ချက် ခုန် ပဲ ။ နှစ်ကောင် ဆိုင် ခုန် လို့ ပြန် ကျတဲ့ အခါမှာ ခင်ဗျားတို့ ကြက် အသက် ရှိ သေးရင် အာဂ ပဲ ။ ဟာ သူ့ အတက်ကြီး နှစ်ဖက် နဲ့ စုံတက်မြှုပ် စူးတာလားဗျ ။ ဘယ်နေရာ စူးစူး ကိစ္စ ပြီး တာပဲ ”

ကျွန်တော် တို့ မှာ မယုံရ အခက် ၊ ယုံရ ခက် ။ မျက်လုံးလေး တွေ ကြောင်တောင်တောင် နှင့် ဖြစ်နေလေတော့ တစ်ယောက် က ဆက်လက် ၍ ....

“ ခင်ဗျား တို့ ကြက် နဲ့ ကြေးထပ် ပြီးရင် မလွှတ်ခင် သူတို့ က နှစ်လေး က စ,ခေါ် လိမ့်မယ်ဗျ ။ အဲ - ခင်ဗျား တို့ ဘက် က မထွက်ဝံ့တော့ဘူး ဆိုရင် ကြက်ရှုံး ကြက်နိုင် တောင် မဟုတ်တော့ဘူး ။ ခင်ဗျားတို့ ကြက် ဝိုင်း ထဲ မှာ ‌ေ သ - မ‌ေ သ နဲ့ ၊ ဝိုင်း ထဲ က ထွက် ပြေးနိုင် - မပြေးနိုင် ကို လောင်းကြေး ခေါ်လိမ့်ဦး မယ်ဗျ ”

“ ဟာ .... ဒီလောက်တောင် ပဲလား ”

“ ကျုပ်တို့ က ခံဖူးလို့ သိတာဗျို့ ၊ ဒီ ကြက် ရာဇဝင် က ဒီလိုဗျ ။ မူလ က ဟင်္သာတနယ် က ကြက် ၊ အဲဒီမှာ ၂ နှစ် တိုက် လိုက်တာ ကြက်ပိုင်ရှင် ဟာ လယ်တွေ ၊ မြေတွေ ၊ မော်တော်တွေ ဝယ် နိုင်လို့ သူဌေး ဖြစ်သွားရော ၊ အဲဒီ မှာ လဲ နောက်ထပ် သူ့ ခံ တိုက်ဝံ့ တဲ့ ကြက် လည်း မရှိတော့ဘူး ။ ဒါနဲ့ ဒီ နှစ် တန်ဆောင်မုန်းလ လောက် မှာ မြောက်ဥက္ကလာ ရောက် လာတာ ဗျ ၊ ပထမဦးဆုံး ခံ လိုက်ရတာ က ကျုပ်တို့ တာမွေသားတွေ ပေါ့ ဗျာ ၊ ဒုတိယ သိမ်ချောင်း ကွင်းမဝိုင်း ဗျ ၊ တတိယ မင်္ဂလာဒုံ ဗျ ။ အဲဒီ ၃ ပွဲ နဲ့ သူတို့ ဒီ ကြက် က တစ်သောင်း ကျော် လောက် ရ သွားပြီ ။ နောက် အခု ရန်ကုန်မြို့နယ် မှာ ဖြင့် ဘယ် ဝိုင်း က မှ အဲဒီ ကြက် ကို ခံ မတိုက်ကြတော့ဘူး ၊ ခင်ဗျားတို့ ပေါင်းတည် နတ်တလင်းသား တွေ ပဲ ကျန် တော့တယ် ”

“ ဟုတ်လား ဒီလောက်တောင် ပဲလား ”

“ မယုံရင် ခင်ဗျား တို့ သွား တိုက်ကြည့်ချေလေဗျာ ၊ တချို့က ပြောတော့ အဲဒါ သာမာန် ရိုးရိုးကြက် မဟုတ်ဘူး ၊ နတ်ကြက် တဲ့ ဗျ ၊ ဒါကြောင့် ဘယ်လို ထားသလဲ ၊ ခင်ဗျားတို့ တွေ့ခဲ့ကြမှာပေါ့ ”

“ ဟုတ်တယ်ဗျ ဟုတ်တယ် ၊ နတ်စင်လေး လို လုပ်ပြီး အိမ်ခန်း ထဲ မှာ ထားတယ် ”

သို့နှင့် ကျွန်တော် တို့ ဤ ကြက် ကို သြချ၍ ပြန်ခဲ့ရ တော့သည် ။ ကြက် မှာ ရာဇ မရှိဘူး ။ သူ့ ကြက် နှင့် ရွယ်တူ လျှင် ဗိုလ် မထားဘူး ဆိုသော ကိုမောင်လန်း က တော့ မကျေနပ်လှပေ ။

“ ဒီမှာ ကိုသော်တာ ၊ သူတို့ ကြက် နတ်ကြက် ဆိုတာ ယုံသလား ”

“ ကျွန်တော် က နတ် ဆိုတာကို ထည့် စဉ်းစားတဲ့ လူ မဟုတ်ပါဘူး ၊ ဒါပေမယ့် ကိုမောင်လန်း ‘ ခြေကြေး သုံးဆယ် ဝိုင်းကြီးပယ် ’ ဆိုတဲ့ စကား ကြားဖူးတယ် မဟုတ်လား ”

“ ဒါတော့ ကြားဖူးတာပေါ့ဗျ ”

“ ကျွန်တော် အဲဒီ ကြက်ကြီး ခြေကြေး ရေ ကြည့်ခဲ့တယ် ၊ ၃၀ ရှိတယ်ဗျ ”

“ ဒီတော့ ဘာဖြစ်ရောလဲ ”

“ ဘာဖြစ်ရမလဲ .... သိပ် ကောင်းတယ် ၊ တာမွေ က လူတွေ ပြော လိုက် သလိုပဲ တစ်ချက် ထဲ နဲ့ အပြီး ခွပ် လိမ့်မယ် ဆိုတာ အမှန် ”

“ ခင်ဗျား .... ဘယ်နှယ်လုပ် သိလဲ ”

“ ကျွန်တော် ကိုယ်တိုင် အဲဒီ ခြေကြေး ၃၀ ကြက်မျိုး တကောင် ရ ဘူးတယ် ”

အစချီ ပြီး ရွာတန်းရှည် တုန်း က ရွှေနှင်းဆီ အကြောင်း ပြောပြသည် ။ ပထမဦးဆုံး စောတင်ကြက် ကို အ‌ေ သ ခွပ်လိုက်ပုံ ၊ ဒုတိယ ကြေးစမ်း တိုက် သော အခါ ထွန်းတင်ကြက် ကို လည်ဆစ်စူး ၍ တစ်ချက် တည်း နှင့် ဒေါင့်တန်းကြော ဆွဲ၍ ကိစ္စ ပြီးသွားပုံ ပြောပြတော့ ကိုမောင်လန်း က ကျွန်တော့် စကား ဖြတ် ၍ ....

“ ဟာ .... ဒီလောက် ကောင်းတဲ့ ကြက် ရရဲ့သား နဲ့ ကိုသော်တာ မချမ်းသာသေးဘူးလားဗျာ ၊ နောက် ဆက် မတိုက် ဘူးလား ”

“ တိုက်တာပေါ့ဗျာ ၊ အဲ - အဲ သောက်ကျိုးနဲ ချင်တော့ မစဲ နဲ့ သွားတိုက်မိသဗျ ”

“ ဟင် .... မစဲ ကျတော့ ခင်ဗျား ခြေကြေး ၃၀ မခွပ်နိုင်တော့ဘူးလားဗျာ ”

“ ဟာ .... ခွပ်တာ မှ ခဏလေး ရယ် ”

( မဂို မစဲ မယား ဆဲ ဆိုသော စကား ကြားဖူးပေလိမ့်မည် ။ ဤ ကြက်မျိုးတွေ က သူတို့ က ချည်း ခွပ် နေရ လျှင် ကောင်းသည် ။ သူတို့ ခံရပြီ ဆိုလျှင် ဇွဲသတ္တိ မရှိ ။ မစဲ ၁၀ ကောင် မှာ ၈ ကောင် လောက် က ထွက်ပြေး တတ်သည့် အတိုင်း ) လွှတ်ပြီး လေးငါးခြောက်ခုန် ခုန် ရသေးတယ် ။ ကျွန်တော့် ကြက် က နားတွင်း သွား စူးတာ ဟာ - မစဲ ပီပီ ထွက်ပြေး လိုက်တာဗျာ ၊ သူ့ ကြက်စွဲ ကို ဖမ်း မမိလိုက်ဘူး ၊ တောက် အဲဒီ ကြက် သာ မစဲ မဟုတ်လို့ ရုတ်တရက် ထွက် မပြေးသေးဘူး ဆိုရင် ကျွန်တော့် ကြက် က နောက် တစ်ချက် ဝိုင်း ထဲတွင် အ‌ေ သ ခွပ် မှာဗျ ။ ခုတော့ ... ဆိုပြီး ကျွန်တော့် မှာ ရွှေနှင်းဆီ တွက် တွေးတွေး ပြီး ဆွေး လွန်လွန်းလို့ စကား မဆက်နိုင်ဘဲ ရှိရာ ကိုမောင်လန်း က ...

“ ဘာလဲဗျ .... ခင်ဗျား စကား ဆက်ပါဦး ”

“ ဆက်ရမယ် ဆိုရင် ကျွန်တော့် အိမ်ရှေ့က ဝိုင်း နေရာ ပြောရမှာဘဲ ၊ ခြံစည်းရိုး နဲ့ ကပ် နေတယ်ဗျ ၊ စည်းရိုး က တတောင် လောက် စီ ခြားတဲ့ သံဆူးကြိုး သုံးချောင်း နဲ့ ကြက်ဆူပင် ကျိုးတိုးကျဲတဲ ပဲ ရှိတယ် ။ ကျွန်တော့် ကြက် ခွပ် လိုက် တာ က အဲဒီ စည်းရိုး နားမှာကိုး ဗျ ။ ဟာ - မစဲ က စည်းရိုး တိုး ထွက်ပြီး လမ်းမ ပေါ် တက် အပြေး ကျွန်တော့် ကြက် က လည်း စိတ်ကြီး မာန်ကြီး နဲ့ နောက် က အလိုက် ဂျစ်ကား တစ်စီး မောင်း လာတာဗျာ ၊ ရှေ့ က ထွက် ပြေးတဲ့ ကြက် တော့ လွတ် သွားပြီး နောက် က လိုက် တဲ့ ကျွန်တော့် ကြက် တက် နင်း လိုက်တာ ရွှေနှင်းဆီ ပွဲချင်းပီး ‌ေ သ ပါရောလား ”

“  ဟာ .... ”

နားထောင်ကြသူ အားလုံး ပါးစပ် အဟောင်းသား ဖြစ် သွားကြပြီး နောက် မင်းလှ ကိုကြီးမောင် က ....

“ ကဲ .... ဒီတော့ ကြက်ရှံး ကြက်နိုင် ဘယ်လို ဆုံးဖြတ်ကြလဲ ”

“ အဲဒါ ပြဿနာ ဖြစ်တာပေါ့ဗျ ၊ ကျွန်တော့် ဘက် က လူတွေ က ဟို ကြက် ဝိုင်းပြင် ထွက်ပြေး တဲ့ အတွက် သူတို့ အရှုံး ၊ သူတို့ ဘက် က လည်း ထုံးစံ အတိုင်း ဝိုင်း ထဲ မှာ နောက်တခါ ပြန် ပြ ရအုံးမယ် ။ အဲသည်ခါ ခံ မခွပ် မှ သာ သူတို့ က အရှုံး ပေးနိုင်မယ် ”

“ ဒါလဲ ဝိုင်းထုံးစံ မှန်သဗျ ”

ကျွန်တော့် နောင်တော် ပေါင်းတည် ကိုစံလွင် က ဝင် ထောက်၏ ။

“ အဲသည် ပွဲမှာ ကျွန်တော် က ဝိုင်းဒိုင် ကို ဗျ ၊ ဒါကြောင့် ကဲ - ဒါဖြင့် ကောင်းပြီ ၊ ကျွန်တော့် ကြက်‌ေ သ ကို မတ်တတ် ရပ် ပြီး ဝိုင်း ထဲ မှာ ပြန် ပြမယ် ၊ အဲသည် အခါမှာ ခင်ဗျားတို့ ကြက် က ခွပ်စိတ် ရှိတယ် ၊ လည်ဆံ ကမ်းတယ် ဆိုရင် ကျွန်တော်တို့ က အရှုံး ၊ ဒါမှမဟုတ် ခင်ဗျားတို့ ကြက် က ကျွန်တော့် ကြက်‌ေ သကြီး ကို မှ မျက်နှာချင်း မဆိုင်ရဲဘူး ၊ ခေါင်း လှည့် သွားမယ် ဆိုရင် ခင်ဗျား တို့ အရှံး ၊ ဒီလိုမှ မဟုတ်လည်း ပြန်ပြ မနေပါနဲ့တော့ဗျာ ၊ သရေ လုပ် လိုက် ၊ ကျွန်တော် အကောက် တောင် မယူပါဘူးဗျာ ”

“ အား ဟုတ်တယ် ၊ ခင်ဗျား ပြောတာလည်း တရားနည်းလမ်း ကျပါတယ် ”

ဆင်မြီးဆွဲ ကိုဟန်စိန် က ထောက်ခံ၏ ။

‘“ ဒါနဲ့ သူတို့ ကျွတ်စီ ကျွတ်စီ နဲ့ တိုင်ပင်ကြသဗျ ”

“ လောင်းကြေးငွေ က ဘယ်လောက်မို့ တုန်း ”

“ ၃၃ဝိ ထဲ ပါ ။ ဒါပေမယ့် အဲသည် ရွာသားတွေ အဖို့ အဲသည်ခေတ် မှာ အများကြီး ပေါ့ ၊ ဒါနဲ့ သူတို့ ဘက် က နောက်ဆုံးတော့ အသံ ထွက် လာတယ် ။ သရေ ဆိုတာ နွား မှာ ပဲ ရှိတယ် ၊ ရှုံးချင် နိုင်ချင်လို့ တိုက်တာပဲ ၊ ပြန် သာ ပြကွာ ၊ ဒီ ကြက်‌ေ သကြီး ကို မှ ခံ မခွပ်တော့ဘူး ဆိုရင် မင်း ကြက် ကိုင်သာ ရိုက် ပစ်လိုက်တော့တဲ့ ။ ဒါနဲ့ ကျွန်တော် ကြက်‌ေ သ ကို ပေါင် ကြား ထဲ လက် ထိုး မြှောက် ၊ လည်ဆံမွှေး ဆွဲ ထောင်ပြီး ကြက် နှစ်ကောင် ခေါင်းချင်း ဆိုင် ပြ လိုက်ပါတယ်ဗျာ ။ သူတို့ ကြက် ဟာ ကျွန်တော့် ကြက် ကို မျက်နှာချင်းဆိုင် မကြည့်ရဲဘူး ၊ ကိရောက် ကိရောက် အော်ပြီး ခေါင်း လှည့် သွားပါရော ”

“ ဪ ... ရွှေနှင်းဆီ ရွှေနှင်းဆီ ။ ငွေ တော့ ရအောင် လုပ်ပေး သွား ရှာသေးသည် ။ ဤ ကြက် သာ ကျွန်တော့် လက် ထဲ သက်ဆိုး ရှည် ခဲ့ပါ လျှင် ဟူသော အတွေး နှင့် ကျွန်တော့် တိုက်ကြက်များ အကြောင်း ဤတွင် နိဋ္ဌိတံ လိုက်ပါပြီ ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment