❝ ဘမျိုးဘိုးတူ ချိုကလေးနဲ့ ❞
သူ့ ကို တစ်ရပ်ကွက်လုံး က “ ဖာဂူစီ ” လို့ ခေါ်ကြတာ ကလေး ၊ လူကြီး အကုန် နှုတ်ကျိုး နေကြတော့တာပဲ ။ ပရီမီယာလိဂ် ဘောလုံးအသင်း တွေ က မန်ချက်စတာ ယူနိုက်တက် အသင်းကြီး ရဲ့ ဂုဏ်ထူးဆောင် နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ကို စံနမူနာ ထားပြီး ခေါ်တာ ဆို ပြီး သူ က သဘောကျ နေတာလေ ။ အင်မတန် စကားထစ် လှပါတယ် ဆိုတဲ့ “ ရွှေအ ” က လည်း သူ့ ကို ဖာဂူစီ လို့ ပဲ ခေါ်တာလေ ။ တခြား သူတွေ ခေါ်တာ က သူ့ အတွက် ပြဿနာ မရှိဘူး ။ ရွှေအ ခေါ်တဲ့ အခါ ကျတော့ သူ့ နာမည် ဆုံးအောင် မရောက်ဘူး ။ “ ဖာ ... ဖာ ဖာ ” နဲ့ တစ် နေတာ က အမြဲတမ်း လိုလို ဆိုတော့ ဖာဂူစီ က အရမ်း ရှက်တာပေါ့ ။
“ ဟေ့ကောင် ရွှေအ တခြား သူတွေ ခေါ်တာတော့ ခေါ်ပါစေပေါ့ကွာ ၊ မင်း က တော့ ငါ့ နာမည် အရင်း ဘစီ လို့ ပဲ ခေါ် စမ်းပါ ။ မင်း ငါ့ နာမည် ခေါ်သံ ကြား ရင် ငါ့ ကျောချမ်းလွန်းလို့ပါ ” လို့ ပြောပြီးတော့ တောင် ယူရ တယ် ။ အဲဒီ အခါ ကျတော့ ရွှေအ က သူ့ နာမည် အရင်း ကို ခေါ်တယ် ။ အဲဒီလို ကျတော့ လည်း ရွှေအ က မထစ်ပြန် တော့ဘူး ။ အမှန်တော့ ' ဘစီ ' က လည်း သူ့ နာမည် အရင်း တော့ မဟုတ်ဘူး ။ သူ့ နာမည် အရင်း က “ သိန်းနိုင် ” တဲ့ ။ ဒါပေမဲ့ သူ့ အဖေ ဦးတင်ကြိုင် ကိုယ်တိုင် က ... “ ဒီ ကောင်လေး ငယ်ငယ်လေး တည်း က ဗီဇ မကောင်းဘူး ” လို့ လူ ထူ ရင် မကြာမကြာ ပြော တတ်တယ် ။ သိန်းနိုင် အမေ ဒေါ်မယ်ရီ က ...
“ ကိုတင်ကြိုင် ရှင် မွေးထားတဲ့ ကလေး ကို ဗီဇမ ကောင်းဘူး လို့ မပြောပါနဲ့ ၊ ဗီဇမကောင်းဘူး ဆိုရင် ရှင်တို့ ဘက် က အမျိုးတွေ ကို တူပြီး ဗီဇ မကောင်းတာပဲ ဖြစ်ရမယ် ။ ဘယ်နှယ့် တော် ကိုယ် မွေးထားတဲ့ ကလေး ဗီဇ မကောင်းဘူး လို့ ရှင် မို့ ပြောထွက်တယ် ” ဆိုပြီး ဗျစ်တောက်ဗျစ်တောက် ပြောတော့တာပဲ ။ အဲဒီ အခါမျိုး ကျ ရင် ဦးတင်ကြိုင် က မခံနိုင်ဘူး ။ အမျိုး ထိ မချိ အောင် နာတတ်တဲ့ သူ ဆိုတော့ သူ့ ကိုယ် မှာ ရှိတာတွေ နဲ့ တိုင်းထွာ ပြီး ဆဲတော့တာပဲ ။ ဒေါ်မယ်ရီ က တော့ သိပ် အသံ မထွက်ဘူး ။ အနား မှာ ရှိတဲ့ ထင်းချောင်း ၊ သစ်သား ငရုတ်ကျည်ပွေ့ တွေ နဲ့ ကောက် ပေါက်ပြီး ပတ်ကြမ်း တိုက် လိုက်တော့ မှ ဦးတင်ကြိုင် က ပတ်မကြီး လက် ဖနောင့်နဲ့ ဖိတီးလိုက်သလို “ ဂျိ ” ဆို ငြိမ်ကျ သွားတော့ တာလေ ။ ဒေါ်မယ်ရီ က တော့ လူပုစိတ်တို မဟုတ်လား ။
အဲဒီလို မိဘတွေ က နောင်ဂျိန် ချ နေရင် မျက်လုံး ကလယ်ကလယ် နဲ့ ကြည့် နေတဲ့ သိန်းနိုင် က အနား မှာ ရှိ နေတဲ့ သူငယ်ချင်း ကို “ ဟေ့ကောင် ငါ့ အဖေ နဲ့ အမေ ရန်ဖြစ် နေတာ ဘယ်သူ က စပြီး အသံတိတ် မလဲ ဆိုတာ လောင်း မလား ။ ဇီးပြား ဝယ်ကျွေး ကြေးလေ ” ဆိုပြီး လောင်းကြေး ခေါ် တတ်တယ် ။ သူ က သူ့ အဖေအမေ တွေ ရဲ့ အကြော ကို သိပြီသား ဆိုတော့ အရင် အသံတိတ် မှာ သူ့ အဖေ ဆိုပြီး လောင်းတယ် ။ ဒီလောက် ဆူပူ တိုင်းထွာ ဆဲရေး နေတဲ့ ဦးတင်ကြိုင် က အရင် အသံတိတ် မယ် ဆိုတာ ဘယ်သူက ယုံမှာလဲ ။ ဒီတော့ သူငယ်ချင်း တွေ က သူ့ အမေ ဘက် က လောင်းတာပေါ့ ။ ဒီ လူကြီး စိတ် မထင်ရင် ဒေါ်မယ်ရီ ကို ကောက် တွယ်လိုက်တာ နဲ့ ဒေါ်မယ်ရီ တိတ်သွားမယ် ထင်တာကိုး ။ ဒါပေမဲ့ အထင်က အထင် အမြင် က အမြင် မဟုတ်လား ။ ဒေါ်မယ်ရီ က ဒီလောက် ဆဲ နေတဲ့ လင်ကြီး ကို တွယ် ရအောင် နီးစပ်ရာ ထင်းစ ဖြစ်ဖြစ် ဓားမ ဖြစ်ဖြစ် ကောက် ကိုင် လိုက်တာ နဲ့ ဦးတင်ကြိုင် ဆဲဆို နေရာက “ ပတ်တော ပိတ် ဂျိတ် ” တော့တာပဲ ။ ဒီ အချိန်မျိုး ဆိုရင် သိန်းနိုင် က လောင်းကြေး နိုင်တဲ့ ဇီးပြားလေး ကို တပြွတ်ပြွတ် နဲ့ စား ရင်း “ မြိန်လိုက်တာ ... မြိန်လိုက်တာ ” လုပ်နေတတ် တာမျိုး ။
သူ့ အဖေ က သိန်းနိုင် ကို အဲဒီ လောင်းကြေးစားကြေး လုပ်တတ်တာ ကို မကြိုက်တာ ။ သိန်းနိုင် က လည်း သိန်းနိုင် ပဲ ။ ဘာလေး လုပ်လုပ် လောင်းကြေးလေး ထည့် လိုက်ရ မှ စားဝင်အိပ်ပျော် ရှိတဲ့ ကောင်မျိုး ။ ကစား တာ တောင် လောင်းကြေး မပါတဲ့ ကစားနည်းမျိုး ဆိုရင် မကစားဘူး ။ ကျောက်ဒိုး ရိုက် လည်း လောင်းကြေး နဲ့ ။ အရုပ်ကား ထပ် ရင် လည်း လောင်းကြေး နဲ့ ။ များများ စားစား လောင်းတာမျိုး တော့ လည်း မဟုတ်ဘူး ။ ငါးပြား ကြေး ဆယ်ပြား ကြေး ၊ မုန့်ဝယ်ကြွေး ကြေး လောက် လောင်းတာလေ ။ သူ့ အဖေ က အဲဒီလို လောင်းကစား တာ မကြိုက်တော့ “ ဗီဇ မကောင်းဘူး ၊ ဗီဇ မကောင်းဘူး ” လို့ ပြောတာပေါ့ ။ ပြောဖန် များလွန်း တော့ နား ရည်ဝ နေတဲ့အိမ်နီးချင်းတွေ က သိန်းနိုင် ကို ဗီဇ ... ဘဇီ ၊ ဗီဇ ... ဘဇီ လို့ နောက်ပြောင် ကြ ရင်း သိန်းနိုင် နာမည် က ပျောက်ပြီး ဘဇီ ဖြစ် သွားတော့တာပေါ့ ။ နောက်ကျ တော့ ကာလ ရွေ့လျှော တာလား ။ အာစ ရွေ့လျော တာလားတော့ မသိဘူး ။ ဘစီ .. ဘစီ ဆိုပြီး ဖြစ်ကုန်တော့ တာပဲ ။ အခု ဆိုရင် သူ့ နာမည် က သိန်းနိုင် ဆိုတာ ဘယ်သူ က မှ မသိကြတော့ဘူး ။ အကုန်လုံး ဘစီ ပဲ သိ တော့တယ် ။
အခု ကြီး လာတော့ ဘောလုံးပွဲတွေ အထူး သဖြင့် ပရီမီယာလိဂ် ဘောလုံး အသင်းတွေ ကို ကြည့်ပြီး လောင်း တော့တာပဲ ။ “ ဝါသနာဘာဂီ ဆက်တိုင်းမီ ” ဆို တာ သူ့ အတွက် ထားခဲ့သလား တောင် အောက်မေ့ရ တယ် ။ နိုင်ငံခြားဘောလုံးအသင်း တွေ မှာ ဘယ်သူ က ဘယ်လို ဆိုတာ အကုန် သိတယ် ။ ဘယ်လောက် တောင် သိလဲ ဆိုရင် ဘယ်ပွဲ မှာ ဘယ်သူ က နာ ထားလို့ ဘယ်ပွဲ ကျ မှ ဝင် ပါနိုင် တော့မယ် ။ ဘယ်ဝါ က ဖြင့် နှစ်ဝါ တစ်နီ ထိ ထားတာမို့ ဘယ်ပွဲ မှာ ဝင် မကစားနိုင်ဘူး ဆိုတာ ပထမ ပွဲထွက် စာရင်းက အစ သူ အကုန် သိတယ် ။ နည်းပြ တွေ ကို တောင် ဖာဂူဆန် ၊ အာဆင်ဝင်းဂါး ၊ မော်ရင်ဟို ဘယ်လိုတွေ ကစားမယ် ဆိုတာ သူ အကုန် ပြောနိုင်တယ် ။ အဲဒါကြောင့်မို့ လို့ သူ့ သူငယ်ချင်း တွေ က သူ့ ကို နောက်ပြီး ဖာဂူဆန် အစား ဖာဂူစီ လို့ ခေါ်ကြတာ ပေါ့ ။ ဒါပေမဲ့ စောစောက ပြော သလို ဘစီ က လောင်း ကြေး သာ ထပ်တာ များများစားစား လောင်းကစား တတ် တာမျိုး လည်း မဟုတ်ပြန်ဘူး ။ သူ့ အပြောအတိုင်း ပြောရ ရင် ...
“ ဟေ့ကော င်တွေ ငါ က ငွေကြေး အတွက် လောင်း ကစားတာ မဟုတ်ဘူးကွ ၊ ဂုဏ်သိက္ခာ အတွက်လောင်း ကစား တာ ။ ငါ က ဉာဏ် ကို အရင်းပြု ပြီး လောင်းတာ ။ ဂုဏ်သိက္ခာ အတွက် ကွ ၊ မှန်းချက် နဲ့ နှမ်းထွက် ကိုက် အောင် ချိန်ဆ ပြီး အဆို တင်သွင်းတာ ကို မယုံကြည်တဲ့ သူတွေ ရှိ လာလို့ လောင်းကြေး ဆိုတာ ရှိလာတာ မဟုတ် လား ။ ငါ က ဘယ် အသင်း နိုင်မယ် လို့ ပြောတာ ကို လက် မခံတဲ့ သူ ရှိလာ လို့ လောင်းကြေး ဆိုတာ ပေါ်လာ တာလေ ။ ငါ ပြောတာ ကို လက်ခံ လို့ အတိုက်အခံ မရှိ ရင် ဘယ်မှာ လောင်းကြေး ဆိုတာ ရှိလာမှာလဲ ” လို့ ပြော တတ်တယ် ။ သူ ပြောတာ လည်း ဟုတ် နေတာကိုး ။ သူ ပြောတာ ကို မယုံ လို့ လောင်းကြေး ထပ်ကြတာ မဟုတ် လား ။ ဘစီ က လောင်းကစားသမား မဟုတ်တာ က တော့ သေချာတယ် ။ သူ က တကယ့် ကို ငွေရေးကြေး ရေး အတွက် ကို လောင်းတာ မဟုတ်ဘူး ။
ပြောရင် ယုံချင် မှ ယုံကြမှာ တော့ သေချာတယ် ။ ဘစီ က ဟိုးအရင် က ဆို ဘောလုံးပွဲ အကြောင်း ဘာမှ သိတဲ့သူ မဟုတ်ဘူး ။ သူ က မျိုးချစ်စိတ် ကြောင့် ဘောလုံးပွဲ ကို မမှိတ်မသုန် ကြည့်ပြီး လောင်းကြေးမဲ့ လောင်းကစားသမား ဖြစ်လာတာလေ ။ လောင်းကြေးမဲ့ ဆိုတာ က သူ ပြော သလို ဂုဏ်သိက္ခာ နဲ့ လောင်းတာ ။ တစ်နည်း ပြော ရ ရင် မျိုးချစ်စိတ် နဲ့ လောင်း တာ ဆိုတော့ လောင်းကြေး ဆိုတာ မပါခဲ့သေးဘူး ။ သူ ဒီလို လောင်းတတ် လာတာ သူ့ သူငယ်ချင်း ထိန်လင်း ကြောင့် ဆိုရင် မမှားဘူး ။ ထိန်လင်း ဆိုတဲ့ ကောင် က ကြမ်းပိုး ကို လိပ် ဖြစ်အောင် ပြောတတ်တဲ့ ကောင် ၊ မဟုတ်တာ ဆို အရမ်း ပြောတယ် ။
“ ဟေ့ကောင် ဘစီ ... မန်ချက်စတာယူနိုက်တက် အသင်း မှာ ကန် နေတဲ့ စီရော်နယ်ဒို ကို သိလား ” လို့ တစ်ရက် မှာ ထိန်လင်း က မေးလိုက်တယ် ။ ဘစီ က
“ ငါ့ အမျိုး မှ မဟုတ်တာ ၊ ဘယ်လိုလုပ် သိမှာလဲ ။ ဘာလဲ ဒီကောင် က မင်း နဲ့ သိလို့လား ” လို့ ပြန် မေး လိုက်တယ် ။ ဘစီ က အငေါ်တူး ပြီး ပြန် မေး လိုက်ပေမဲ့ ထိန်လင်း က ပြုံးပြုံးပဲ ။
“ အဲဒီ ကောင် ဘယ်နိုင်ငံ က လဲ ဆိုတာ မင်းသိလား ” လို့ ထပ် မေးလိုက်တယ် ။ ဘစီ က နဂို ကတည်း က ဘောလုံး ဆို စိတ် မဝင်စား တဲ့ ကောင် မဟုတ်လား ။
“ ထိန်လင်း မင်း ပြောစရာ ရှိတာ ပြောစမ်းပါကွာ ၊ မင်း ပြောတဲ့ ကောင် က ဘယ်နိုင်ငံ က ဘာကောင် ဆိုတာ ငါ စိတ်မဝင်စားဘူး ။ မင်း ဘာပြောချင်တယ် ဆိုတာသာ ပြော ” လို့ စိတ်တိုတို နဲ့ ပြောချ လိုက်တယ် ။ ထိန်လင်း က ခပ်တည်တည် နဲ့ ...
“ မင်း က အဲဒါ ခက်တာပေါ့ ။ မင်း မျိုးချစ်စိတ် ရှိ တယ် ပြောတာ ဘာ မျိုးချစ်စိတ် လဲ ၊ ဒီလောက် နာမည် ကြီး တဲ့ ကောင် ဘယ် အမျိုးအနွယ် ဆိုတာ မသိတာတော့ တုံးပါ့ ” လို့ ပြော လိုက်တယ် ။ ထိန်လင်း က သူ့ ကို ခပ် နှိမ်နှိမ် ပြော လိုက်တော့ ဘစီ က မခံချင်ဘူး ။ “ မင်း ဘောလုံးသမား နဲ့ မျိုးချစ်စိတ် ဘာ ဆိုင်လို့လဲ ” လို့ ပြောပြီး ထိန်လင်း ကို ဘုကြည့် ကြည့်တယ် ။
“ ဟ အဲဒီ စီရော်နယ်ဒို ဆိုတာ က ပေါ်တူဂီနိုင်ငံသား ကွ ၊ ပေါ်တူဂီ ဆိုတာ ဒို့ နိုင်ငံ ကို နယ်ချဲ့ သွားတဲ့ ကောင် တွေ လေ ။ သံလျင်မြို့စား လုပ်သွားတဲ့ ငဇင်ကာ က ပေါ် တူဂီနိုင်ငံသား ကွ ။ သူ့ နာမည် ရင်း ဒီဘရစ္စတို လို့ ခေါ် တယ် ။ အခု ငါ ပြောနေတဲ့ စီရော်နယ်ဒို ဆိုတာ ငဇင်ကာ လို့ ခေါ်တဲ့ ဒီဘရစ္စတို ရဲ့ မြစ် တော်တယ် ။ နာမည် ကို ကြည့် လိုက်ပါလား ။ ဒို နဲ့ ကို အဆုံးသတ် အမည် ဘာ ကွာ လို့လဲ ။ ဒို့ ဆီ က လူတွေ က ဒိုလေး ဒိုလေး နဲ့ အမျိုး တွေ့ တာ ကျနေတာပဲ ။ ငါ အဲဒါကို မခံချင် လို့ မင်း ကို ပြောပြတာ ” လို့ ထိန်လင်း က ပြောတော့ ဘစီ က ဝေဝေ ဝါးဝါး နဲ့ ...
“ မင်း က ဟုတ်ကော ဟုတ်လို့လား ကွာ ။ ငါ တော့ မကြားမိပါဘူး ။ မင်း ဘယ်သူက ပြောလဲ ” လို့ မေးတယ် ။
“ ဟုတ်ပါတယ် ကွ ၊ စီရော်နယ်ဒို ရဲ့ အကြောင်း အကုန် ဖတ်ပြီးသား ကွ ၊ ငါ ပြောမယ် ၊ စီ ဆိုတာ ခရစ္စတီ ယာနို ရဲ့ အတိုကောက် စာလုံး လေ ။ ငဇင်ကာ က လည်း ဒီဘရစ်တို ခရစ္စ နဲ့ ဘရစ် ၊ ကဲ ဘယ်လောက် ကွာလို့လဲ ။ သူတို့ က မျိုးရိုး အမည် အလေးထားတာ လေ ။ အခု မင်း ကို ပြောတဲ့ အတိုင်း အမည် တောင် မကွာတာ ကို ကြည့် ပေတော့ ” လို့ ပြောလိုက် တော့ ဘစီ က ပြန် မငြင်းနိုင် တော့ဘူး ။ ထိန်လင်း က အထောက်အထား မျိုး နဲ့ရိုးနဲ့ ပြောပြ နေတာကိုး ။ ဟုတ်တော့ ဟုတ်တယ် ။ သူ သာ ဘောလုံးပွဲတွေ ကို သေသေချာချာ မကြည့်ဖြစ်တာ ။ ဘောလုံးပွဲ ကြိုက်တဲ့ ကလေး လူကြီး ဘောလုံးပရိသတ် တွေ နှုတ်ဖျား မှာ တော့ “ ဒိုလေး ... ဒိုလေး ” ဆိုတာ အမြဲ လိုလို ကြားနေရတာ မဟုတ်လား ။
“ ဟုတ်တယ် ။ ငဇင်ကာ ဆိုတာ လူယုတ်မာ ကွ ။ ဒို ဓမ္မစေတီခေါင်းလောင်းကြီး သယ် သွားတာ ဒင်း ပဲ ။ အခုထိ ပုစွန်တောင် မြစ်ဝ က နေ ဆယ်လို့ မရသေးတာ မင်းအသိပဲ ။ အခု ဒီ အယုတ်တမာကောင် ရဲ့ မြေးမြစ် တီကျွတ် ကို အားပေး နေတာ ဘာမှ အဓိပ္ပာယ် မရှိဘူး ။ အားပေးမယ့် အားပေးရင် စစ်သူကြီး မဟာဗန္ဓုလ အမျိုး တွေ ကို အားပေးရမှာ မဟုတ်လား ” လို့ ထိန်လင်း က ပြောတော့ ဘစီ က ယောင်တောင်ပေါင်တောင် နဲ့ ခေါင်း ညိတ် လိုက်တယ် ။
“ ဟုတ်တာပေါ့ ကွ ” လို့ တောင် ပါးစပ် က ထောက်ခံချက် ပေးလိုက် သေးတယ် ။ ပြီးတော့ မှ ...
“ ဟေ့ကောင် နေ နေပါဦး စစ်သူကြီး မဟာ ဗန္ဓုလအမျိုး တွေ ဘောလုံး ကန်တယ်ဆိုတာ ငါ တော့ တစ်ခါ မှ မကြားဖူးသေးပါဘူး ။ ဘယ်သူတွေ လဲ ပြော စမ်းပါဦး ” ဆိုတော့ မှ ထိန်လင်း က တဟားဟား ရယ် ပြီးတော့ ...
“ မျိုးရိုးလေ ကွာ မျိုးရိုး လိုက်ပြီး အစ နာမည် ၊ အဆုံး နာမည် တွေ ခေါ်တယ်ဆိုတာ မင်း လည်း သိရက်သားနဲ့ ။ ဒီမှာ ဗန်နစ္စတယ်ရွိုင်း တို့ ၊ ဗန်ပါစီ တို့ ဆိုတာ ဗန္ဓုလ အမျိုး က လွဲလို့ တခြားသူ ဖြစ်နိုင်ပါဦးမလား ။ မင်း အင်မတန် ကြိုက်ပါတယ် ဆိုတဲ့ အက်ရှင်ကားတွေ က ဗန်ဒိန်း တောင် စစ်သူကြီး မဟာဗန္ဓုလ အမျိုးပဲ ဖြစ်မှာ ” လို့ ပြောတော့ မှ ဘစီ က သူ့ ကို ထိန်လင်း ပေါက်ကရ တွေ ပြောနေတယ် ဆိုတာ သဘောပေါက် တော့တယ် ။
ဘာပဲဖြစ်ဖြစ် အဲဒီ ကစပြီး ဘစီ က ဘောလုံးပွဲ တွေ ဝါသနာ ပါ သွားတာတော့ အမှန်ပဲ ။ ဒါကလည်း သူ ငယ်ငယ် က ဗီဇ လို့ အပြော ခံရတဲ့ ဝါသနာ ပြန် ခေါင်း ထောင် ထတာ လည်း ပါမှာပေါ့ ။ ထူးထူးခြားခြား ဘစီ စိတ်ဝင်စားတာ က ဘောလုံးသမားတွေ ကို မဟုတ်ဘူး ။ ဘောလုံးနည်းပြတွေ ကို သဘောကျတာ ။ နည်းပြ တွေ ရဲ့ ဘောလုံးသမား လူ ထုတ်ပုံ အခင်းအကျင်း ကို သူ စိတ်ဝင်စားတာ ။ အထူးသဖြင့် တော့ မန်ချက်စတာ ယူနိုက်တက် အသင်း က နည်းပြကြီး ဖာဂူဆန် ကို သူ အရမ်း သဘောကျ တာလေ ။ ဖာဂူဆန် က ပီကေ တွေ အဆက် မပြတ် ဝါးပြီး ကွင်းဘေး က နေ ညွှန်ကြားပြီး အနိုင် ယူ သွားတဲ့ ပွဲတွေ ကို သဘောကျ တာပေါ့ ။ ချယ်လ်ဆီး အသင်း က မော်ရင်ဟို ၊ အာဆင်နယ် အသင်း က အာစင်ဝင်းဂါး တို့ ကို ကျော်ပြီး အနိုင် ရတဲ့ နေ့များ ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်း က ပထမ ပွဲထွက် စာရင်း က သူ ထုတ်ထားတဲ့ အတိုင်း ပြောလို့ ကို မဆုံးနိုင်ဘူး ။ ကြာတော့ သူ့ သူငယ်ချင်းတွေ က သူ့ ကို ‘ ဖာဂူစီ ’ လို့ ခေါ်လာ ကြတာ သာ ကြည့်ပေတော့ ။
နည်းပြတွေ ကို စိတ်ဝင်စား လွန်း အားကြီး လို့ ဘစီ ရဲ အဖမ်း ခံရတော့ မလို ဖြစ်သေးတယ် ။ ကံကောင်း လို့ အဖမ်း မခံရတာ ။ ဖြစ်ပုံက တစ်ရက် ကျတော့ ဘစီ က လမ်းထိပ် က ကွမ်းယာဆိုင်တန်းလျား မှာ ထိုင် ရင်း စာရွက်တစ်ရွက် ဘောပင်တစ်ချောင်း နဲ့ အလုပ် ရှုပ်နေ တယ် ။
သူ့ စာရွက် ထဲ မှာ လေး သုံး သုံးတွေ ၊ ငါးသုံးနှစ် တွေ ၊ နှစ်သုံးငါး တွေ ၊ သုံးလေးသုံး တွေ စုံ နေတာပဲ ။ ပါး စပ် က လည်း တတွတ်တွတ် နဲ့ ဘာတွေ ရွတ် နေမှန်း မသိ ဘူး ။ တစ်ယောက် တည်း အလုပ် ကို ရှုပ်နေတာ ။ အနား ကပ် ပြီး နားစိုက် ထောင်ရင်တော့ ဘောလုံးသမား တွေ အမည် ဆိုတာ သိနိုင်တာပေါ့ ။ ဒါပေမဲ့ မြန်မာဘော လုံးသမား အမည် တော့ တစ်ယောက် မှ မပါဘူး ။
မကြာပါဘူး ။ ကွမ်းယာဆိုင် ဘေး က လက်ဖက် ရည်ဆိုင် မှာ ချဲသမားတွေ ဝင် ဖမ်းတယ် ။ ချဲသမားတွေ တောင်ပြေး မြောက်ပြေး ပြေး ကြတော့ ရဲတွေ က ကွမ်းယာဆိုင် ဘက် ရောက် လာပြီး စာရွက် တစ်ရွက် နဲ့ အလုပ်ရှုပ် နေတဲ့ ဘစီ ကို တွေ့ သွား တာပေါ့ ။ ရဲတွေ က သူ့ လက် ထဲ က စာရွက် ကို ကြည့် လိုက်တော့ စောစောက သူ ရေးထားတဲ့ ဂဏန်း တွေ ကိုတွေ့ တယ် ။ သေချာပြီ ။ ချဲသမား ပဲ ပေါ့ ။ ဘစီ က ဘာ ပြန် ပြောရမှန်း မသိဘူး ။ သူ ရေးထားတာ က လည်း သုံးလုံးဂဏန်း တွေ လို ဖြစ်နေ တာကိုး ။ သူ့ ကိုယ် မှာ ရှာ ကြည့်တော့ လည်း ပိုက်ဆံ တစ်ပြား တောင် မတွေ့ဘူး ။ ချဲ ဘောက်ချာ လည်း မတွေ့ ဘူး ။ မတွေ့ ဆို ၊ သူ မှ ချဲ မထိုးတာ ။ လက်ထိတ် ခတ် ခါ နီး မှာ ကွမ်းယာဆိုင်ရှင် ဦးရဲမြ င့်က ဝင် ရှင်း ပြရတယ် ။ ဂဏန်းတွေ က ဘောလုံးသမားတွေ ကစားမယ့် ကစား ကွက် တွေ ကို ရေးထားတာ ဖြစ်ကြောင်း ၊ ဘစီ ချဲသမား မဟုတ်ကြောင်း ပြောပြတယ် ။ ဒါတောင် ရဲကြီးတွေ က မယုံဘူး ။ လေးသုံးသုံး ဆိုတာ ဘယ်လို အခင်းအကျင်း လဲ လို့ မေး လည်း မေးလိုက်ရော ဘစီ က ရှေ့တန်း လေးယောက် က ဘယ်သူတွေ ၊ အလယ်တန်း သုံးယောက် က ဘယ်သူတွေ ၊ နောက်ဆုံး သုံးယောက် က ဘယ်သူတွေ ဆိုတာ ဒေါက်ဒေါက် ဒေါက်ဒေါက် နဲ့ ရွတ်ပြ သွား တယ် ။ ငါးနှစ်သုံး ဆိုရင် လည်း အဲဒီ အတိုင်းပဲ ။ အခင်း အကျင်း ချထားပုံ ကို ရွတ်ပြ လိုက်တာ ဖာဂူဆန် တောင် သူ့ လောက် ဂျောင်းဂျောင်းပြေး ပြောနိုင်မယ် မထင်ရ ဘူး ။ ဖမ်းမယ် ဆီးမယ် လုပ်တဲ့ ရဲကြီး တွေ တောင် ပါးစပ် အဟောင်းသားတွေ ဖြစ်လို့ ။ ပြီးတော့ ...
“ အရမ်း အရမ်း ကို လေးစားတယ်ဗျာ ” လို့ ပြောပြီး ပြန် သွားရတယ် ။ အဲဒီ နောက်ပိုင်း ဘစီ က ‘ ဖာဂူစီ ’ ဆို ပြီး နာမည် ကြီး တော့တာပဲ ။ ရဲ က တောင် လေးစားရ တယ် ဆိုကိုး ။
ဘစီ အိမ်ထောင် ကျ တာတောင် အလောင်းအစား လေး နဲ့ ကျလာတာ ကို သာကြည့်တော့ ။ သူ့ အရပ် ထဲ မှာ ဒေါ်ပု ဆိုတဲ့ မိန်းမကြီး တစ်ယောက် ရှိတယ် ။ အဲဒီ မိန်းမ ကြီး က ဝဝကြီး ၊ သူ က ဝ သလောက် သူ့ သမီး ပိန်ပိန် သေးသေး တစ်ယောက် ရှိတယ် ။ ကောင်မလေး နာမည် က အေးအေးမော် တဲ့ ။ အေးအေးမော် က ဘစီ နဲ့ ရွယ်တူ တန်းတူပဲ ။ ကောင်မလေး က သဘော မနော မဆိုးလှ ဘူး ။ ဒါပေမဲ့ သူ့ အမေ ဒေါ်ပု ရဲ့ အာစလျှာစ ကို ကြောက်တာ ကြောင့် ဘယ် ကာလသား မှ မချဉ်းကပ်ရဲဘူး ။ မသိ လို့ သွား ကပ်မိလို့ သူ့ အမေကြီး မသိရင်တော့ ထား တော့ ။ သိသွားလို့ က တော့ ဘယ်လောက် ဝေးပေး ရောက်အောင် သွားပြီး အိမ်ရှေ့ က နေ ကလော်တုတ် တတ် တော့ ဘယ် ကာလသား က မှ မစရဲ ဘူး ။
ဘစီ အဖေ ဦးတင်ကြိုင် က ဆဲ တဲ့ နေရာ မှာ ဗိုလ် မထား တတ်တဲ့ သူ ဆိုတော့ကာ သူ့ ထက် အာစောင်း လျှာစောင်း ထက်ပါတယ် ဆိုတဲ့ ဒေါ်ပု ကို ကြည့် လို့ မရဘူး ။ ဒေါ်ပု က လည်း နေရာတကာ စပ်စပ်စပ်စပ် ဝင် ပါတတ် ပြီး ပြဿနာ ရှာတတ်တဲ့ ဦးတင်ကြိုင် ကို မျက်စိ စပါးမွေး စူး တာမှ အရမ်း ပဲ ။ နှစ်ယောက် က တစောင်းစေး နဲ့ မျက်ချေး ဆိုတာ ထက် တောင် ပို ဦးမယ် ။ တစ်ရက် ကျ တော့ ဒေါ်ပု က အိမ် မှာ နတ် ကိုး ရအောင် နတ်မြင်းရုပ် တစ်ရုပ် ဝယ် လာတယ် ။ သူ က ဝယ် လာတဲ့ နတ်မြင်း ကို တရိုတသေ ကိုင်မြှောက်ပြီး ယူ လာတာလေ ။ မြင်းခြေထောက် တောင် မလှုပ်ရအောင် ရင်ခွင် ထဲ မှာ ပိုက်ပြီး သယ် လာတာ ။ တိုက်တိုက်ဆိုင်ဆိုင် ဦးတင်ကြိုင် သမီး အကြီး ရဲ့ ကလေး က ငှက်ပျောရွက် ကို ဖက်တွေသပ် ပြီး အရိုး ကို မြင်းလုပ် စီးနေကြတယ် ။ ကလေး တွေ က သူ့ သဘာဝ ပေါ့ ။
“ ရွှေဘိုမြင်း ရယ် လေ လျှာသံ ခွာသံ ပြင်းတယ် လေး လေ့ ၊ ရွှေဘိုမြင်း ရယ် လေ လျှာသံ ခွာသံ ပြင်းတယ် လေး လေ့ ” ဆိုပြီး ငှက်ပျောလက် ခွ ပြီး ပြေးကြ လွှားကြ ဆို နေကြတာပေါ့ ။ အဲဒီ အထိ က ပြဿနာ မဟုတ်သေး ဘူး ။ ကလေးတွေ က “ ငါးပိ ငါးချဉ် ငါးလူး ငါးလဲ ၊ ငါးပိ ငါးချဉ် ငါးလူး ငါးလဲ ” ဆိုပြီး ဆက် ဆို ကြတယ် ။ အဲဒီတော့ မှ ပြဿနာ က စ တက်တာလေ ။ ဦးတင်ကြိုင် မြေး သီချင်း ဆိုရင်း မြင်းစီး နေတာ ကို ဘေးနား က ကလေး တစ်ယောက် က ...
“ ဟေ့ကောင် ငါးပိ ငါးချဉ် ငါးလူး ငါးလဲ ကြား ထဲမှာ တောက် ခေါက်သံ ပါတယ်ကွ ” လို့ ပြောတယ် ။ ဦးတင်ကြိုင် မြေး က တောက်ခေါက်သံ မပါဘူး လို့ ပြော ရင်း ငြင်းကြ တာပေါ့ ။ ငြင်း နေတဲ့ ကလေး နှစ်ယောက် က သူတို့ စီး နေတဲ့ ငှက်ပျောပလပ်မြင်း တွေ နဲ့ တစ်ယောက် ကို တစ်ယောက် ရိုက်ကြ ရန်ဖြစ်ကြ တာပေါ့ ။ ကလေးတွေ ကစား နေတာကို ကြည့်ပြီး မျက်စိ ရှုပ်နေ တဲ့ ဦးတင်ကြိုင် က သူ့ ဝါသနာအ တိုင်း ထ တုတ်တော့တာပေါ့ ။
“ နွားလေး တွေ ဒီ သောက်မြင်းတွေ သယ်သယ် မလာပါနဲ့ လို့ ပြော ထားတာ ။ ပြောလို့ ကို မရဘူး ။ အခု ဒီ သောက်မြင်းတွေ ကြောင့် ရန်ဖြစ် ကြပြန်ပြီ ။ သွား မင်း တို့ မြင်းတွေ နောက်ဘက် က အိမ်သာကျင်း ထဲ သွား ပစ်ခဲ့ကြ ” လို့ ပြောလိုက် တယ် ။ တိုက်တိုက်ဆိုင်ဆိုင် အဲ ဒီ အချိန် မှာ မြင်းရုပ် သယ်လာတဲ့ ဒေါ် ပုက အိမ် ရှေ့ ကို ရောက် နေပြီ ။ ဦးတင်ကြိုင် အာကျယ် အာကျယ်နဲ့ ဆဲဆို နေတဲ့ အသံ ကြားရတော့ ဒါ သူ့ ကို စောင်းပြီး ပြောတာ ဆဲတာ လို့ ထင် သွားတာပေါ့ ။
“ ဟဲ့ အကောင် နင် က ဘာ စကား ပြောတာလဲ ၊ ငါ့ နတ်မြင်း ငါ သယ် လာတာ နင် ယောက်ျားကြီး တန်မဲ့ စောင်းမြောင်း ပြောစရာ အကြောင်း မရှိဘူး ။ ပြောစရာ ရှိရင် တည့်တည့် ပြော ၊ ငါ့ မြင်း က နင့် ကို ဘာလုပ်လို့ လဲ ” ဆိုပြီး အိမ်ရှေ့ က ဆဲ ပါလေရော ။ ဦးတင်ကြိုင် က လည်း သူ ဘာမှ ပြောတာ မဟုတ်တော့ ...
“ ဟဲ့ ကောင်မ ... ငါ က နင့် ကို ဘာ ပြောလို့လဲ ။ ကလေး တွေ ကို ပြော နေတာ ။ နင့် လင်တွေ မို့ လို့ နင် က နာ နေတာလား ။ နင့် လို ဟာမ ကို ငါ က အဖက် လုပ်ပြီး ပြောစရာ မရှိဘူး ။ နင့် ဟာ နတ်မင်း ကိုး ရုံ မကလို့ ယူ ပဲ ထားထား ၊ ငါ က ဘာ ဂရုစိုက်ရမှာလဲ ” ဆိုပြီး အယုတ္တ အနတ္တ တွေ ပါ ကုန်ပါရော ။ တကယ်လည်း ဦးတင်ကြိုင် က ဒီ တစ်ခါ တော့ မမှားဘူး ။ သူ့ မြေးတွေ ကို ဆူတယ် ညံတယ် ဆိုပြီး ရိုးရိုးသားသား ပြောတာ ။ ဒေါ်ပု က လက် မခံဘူး ။ သူ့ ကို ပြောတယ် ဆိုပြီး ဆဲကြ ဆိုကြ ရန်ဖြစ် လိုက်ကြတာ ။ လမ်း ထဲ က ထွက် ကြည့်တဲ့ သူတွေ ဆိုတာ မျက်လှည့်ပွဲ လူဝိုင်း တဲ့ အတိုင်းပဲ ။ ဦးတင်ကြိုင် မိန်းမ ဒေါ်မယ်ရီ က ဒါမျိုးကျ တော့ မရဘူး ။ သူ့ ယောက်ျား ကို ထိပြီဆိုတော့ လူပု စိတ်တို ဆိုတဲ့ အတိုင်း ထင်း ခွဲခြမ်း ဆွဲပြီး ထွက် လာတာပေါ့ ။ ဒေါ်ပု က ဒေါ်မယ်ရီ ထွက် လာတာ လည်း မြင်ရော ဆက်ပြီး မဆဲတော့ဘူး ။ လစ် အောင် ခြေလှမ်း ပြင် တာပေါ့ ။ သူ က ဒေါ်မယ်ရီ အကြောင်း တော့ ကောင်းကောင်း သိတယ် ။ ဒေါ်မယ်ရီ စိတ် တို ရင် စကား ပြောတာ မဟုတ်ဘူး ။ တွေ့တာ နဲ့ ကောက် တွယ်တတ်တယ် ဆိုတာကို ။ အဲဒါနဲ့ မြင်းရုပ်ကလေး ရင် မှာ ပိုက်ပြီး ခပ်သုတ်သုတ် အိမ်ရှေ့ က ခွာ တာပေါ့ ။ ဒေါ်မယ်ရီ က ထွက်မ ပြေးခင် မီလိုမီငြား ထင်းခြမ်းခွဲ နဲ့ အိမ် ထဲ က လှမ်း ပေါက်တယ် ။ ဒေါ်ပု က ဒေါ်မယ်ရီ ခြံပြင် မထွက်ခင် ပြေး တာပေါ့ ။ ဒေါ်မယ်ရီ က လည်း ဆွဲ ထားတဲ့ သူတွေ ကြား ထဲ က ပြေး ထွက် တယ် ။ ထွက် ပြေးတဲ့ ဒေါ်ပု က အိမ်ရှေ့ နားမှာ တင် မှောက်ရက် လဲ တယ်လေ ။ သူ မှောက်ရက် လဲတာ က အကြောင်း မဟုတ်ဘူး ။ သူ့ ရင်ခွင်ပိုက် မြင်းရုပ် က ကိုင် ရိုက် သလို ဖြစ်ပြီး ကျိုးပဲ့ ကုန်တယ် ။ ညနေ ကျတော့ ဒေါ်ပု က ရပ်ကွက်အုပ်ချုပ်ရေးမှူး ကို သွား တိုင်တယ် ။ သူ့ ကို ဝိုင်း ရိုက်ဖို့ လုပ်လို့ သူ့ မြင်းရုပ် ကျိုးသွားပါတယ် ဖြစ် ရော ။
နောက်ဆုံး တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး က ဦး တင်ကြိုင် ၊ ဒေါ်မယ်ရီ တို့ လင်မယား ကို ဒေါ်ပု မြင်းရုပ် ကျိုး သွားတဲ့ အတွက် ပိုက်ဆံ သုံးထောင် ပေးခိုင်းတယ် ။ ဦးတင်ကြိုင် က သူ့ ဘာသာသူ မှောက်ရက် လဲ လို့ မြင်းရုပ် ကျိုးသွားတာ လို့ ပြောတာပဲ ။ ဒေါ်ပု က လည်း မလျှော့ ဘူး ။ သူ့ ကို ဝိုင်း ရိုက်ဖို့ လုပ်လို့ သူ ထွက်ပြေး ရတာပါ ။ ထွက်ပြေး ရ လို့ ချော်လဲ ပြီး မြင်းရုပ် ကျိုးရတာပါ ဆိုပြီး ပြော တာပေါ့ ။ အုပ်ချုပ်ရေးမှူး က တော်ကြာ အကျယ် အကျယ်တွေ ဖြစ်ကုန်ပါ ဦးမယ် ။ မြင်းရုပ်ဖိုး နှစ်ထောင် တော့ သူ မနာ ကိုယ် မနာ ယူလိုက် ပေးလိုက် ကြ ဆိုပြီး အဆုံးသတ် ပေးလိုက်တယ် ။ ဦးတင်ကြိုင် က မကျေနပ် ပေမဲ့ လူကြီး ဆုံးဖြတ်တာ ဆိုတော့ ပေးလိုက်ရတော့ တာပေါ့ ။ စိတ် ထဲ က တော့ နည်းနည်း မှ မကျေနပ်ဘူး ။
“ ဟေ့ကောင် ဘစီ ၊ ဒီ ဒေါ်ပု ဆိုတဲ့ ကောင်မ ကို ငါ နည်းနည်းလေး မှ မကျေနပ်ဘူး ။ အဓိပ္ပာယ် မရှိကွာ ဘာ မှမဆိုင်ဘဲ ပြဿနာ လာ လုပ်သွားတာ ၊ တောက် ” ဆိုပြီး မကျေမချမ်း ဖြစ်နေတော့ တာပေါ့ ။ နဂိုတည်း က ဒေါ်ပု ကို ကြည့်လို့ မရတဲ့ အထဲ အခုလို ဖြစ်သွားတော့ ဦးတင်ကြိုင် က ပို ဆိုးတော့တာပဲ ။ ဒေါ်ပု ဒုက္ခ ရောက်ဖို့ ဆိုရင် ဘာပဲ လုပ်ရလုပ်ရ လေ ဆိုတဲ့ သီချင်း ထဲ က အတိုင်း ကို ဖြစ် နေတော့တယ် ။
အဲဒီ မှာ တင် နေရာတကာ အလောင်းအစား အင်မတန် ဝါသနာ ကြီးလှတဲ့ ဘစီ က အားရပါးရ တစ်ထောင့် တစ်နေရာ က ဝင် ပါလာတော့တာပေါ့ ။
“ အဖေ ဒီ မိန်းမကြီး မကြာခင် မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ် ကို ဖြစ်ရမယ် အဖေ နဲ့ ကျွန်တော် နဲ့ လောင်းမလား ” တဲ့ ။
“ ဒီကောင် ငါ စိတ်တို နေရတဲ့ အထဲ မင်း က တစ် မှောင့် ၊ ဘာ လုပ်လုပ် လောင်းကစားလေး က ပါလိုက် ချင်တယ် ငါ ပြောလိုက်ချင်ဘူး ” ဆိုပြီး ဦးတင်ကြိုင် ဆဲ တော့ ဘစီ က ...
“ အဖေ့ ကို ကြောသွားတဲ့ မိန်းမကြီး ကို ကျွန်တော် ပြန်ပြီး ဒုက္ခ ရောက်အောင် လုပ်ပြ မလို့ပါဆို ။ အဖေ က မယုံဘူးလား ။ သားအဖချင်း ပေမဲ့ အလကား တော့ မရဘူးနော် ” လို့ ပြောလိုက်တယ် ။
ဘစီ က စိတ်ရော ကိုယ်ပါ ပြောနေတာ ဆိုတော့ ဦးတင်ကြိုင် က “ ဟေ့ ကောင် ... မင်း မဟုတ်က ဟုတ်က တွေ တော့ သွား မလုပ်လိုက်နဲ့ဦး နော် ။ တော်တော်ကြာ သူ က ဒုက္ခ မရောက်ဘဲ မင်း အချုပ်ထဲ ရောက်နေဦးမယ် ” လို့ ပြော လိုက်တာပေါ့ ။
ဘစီ က ဒီလောက်တော့ ပိုင်ပါတယ် ဆိုတဲ့ ပုံစံ နဲ့ ...
“ ကဲပါ အဖေ ဒီ မိန်းမကြီး စိတ်ဆင်းရဲ တာ မြင် ချင်တယ် မဟုတ်လား ။ အဖေ ဖြစ်စေချင်သလို မြင် ရရင် အဖေ ဘာ ပေးမလဲ ပြော ” လို့ မေး လိုက်တယ် ။ ဦးတင်ကြိုင် က မလုပ်ရင် အလျင်း လုပ်ရင် တစ်လွဲ ဖြစ်တတ်တဲ့ ဘစီ အကြောင်း ကောင်းကောင်း သိတာပေါ့ ။
“ ဒီလောက် ဖြစ်လှတဲ့ ကောင် မင်း ပြောသလို ကောင်မ စိတ်ဆင်းရဲတယ် ဆိုရင် မင်းလုပ်ချင်တာ ပြော ငါ မဖြစ် ဖြစ်အောင် လုပ်ပေးမယ် ” လို့ ပြော လိုက်တော့ ဘစီ က သူ့ အဖေ ကို “ အဖေ ကတိ နော် ” တဲ့ ။
သူ့ အဖေ က လည်း “ အေး ကတိ ကတိ ” လို့ ပြော လိုက်တယ် ။ သူ တို့ သားအဖ နှစ်ယောက် ပြောတာ ကို ကြည့် နေတဲ့ ဒေါ် မယ်ရီ က တောင် ...
“ ဟဲ့ကောင် နင် ပေါက်ကရ လေးဆယ် တွေ လျှောက် လုပ် မနေနဲ့နော် ၊ တော်ကြာ ရုံးရောက် ဂတ်ရောက် ဖြစ်ကုန်ရင် ရှက်စရာကြီး ” လို့ သတိပေး လိုက် တယ် ။
ဘစီ က “ အမေ ဘာမှ စိတ် ပူ မနေနဲ့ အဖေ့ ကို သာ ကတိ တည်ပလေ့စေ ” လို့ ပြောလိုက်တယ် ။
အဲဒီ နောက်ပိုင်း ဘစီ က ထိန်လင်း နဲ့ တီးတိုးတီးတိုး သဖန်းပိုး လုပ်နေကြတာ အကြိမ်ကြိမ်ပဲ ။ ဦးတင်ကြိုင် က ဒီ နှစ်ကောင် တစ်ခု ခု ကြံစည် နေတာ ကို တော့
သိတယ် ။ ဘာအကြောင်း ကို သာ မသိတာ ။ သူ အနား ရောက် သွားရင် ကောင် နှစ်ကောင် က တခြား အကြောင်း တွေ တောင်ပြော မြောက်ပြော ပြော ပစ်လိုက် ကြတယ် ။ ဦးတင်ကြိုင် က တောင် တစ်ခါတလေ ဘစီ ကို နောက် သလို ပြောင်သလို နဲ့ ...
“ ဟေ့ကောင် ဟို ကောင်မကြီး စိတ်ဆင်းရဲ ဖို့ နီးစပ်ပြီလား ” လို့ ရယ်ရယ်မောမောပြော တတ်သေးတယ် ။
ဘစီ က “ မပြီးခင် ဗမာ မမြင်စေနဲ့တဲ့ အဖေ ရ ၊ တဖြည်း ဖြည်းတော့ နီးစပ် လာပါပြီ ၊ ဒေါ်ပု စိတ်ဆင်းရဲ ရင် သာ အဖေ့ ကတိ အဖေ မမေ့ပါနဲ့ ” တဲ့ ။
ဦးတင်ကြိုင် က ပြော မယ့် သာ ပြောနေတာ ။ သူ့ စိတ် ထဲ ဒေါ်ပုအကြောင်း ဘာမှ သိပ် ရှိတော့ တာ မဟုတ်ဘူး ။ သူ ဆဲ ကိုယ် ဆဲ တစ်ရပ် တည်းသားတွေ မဟုတ်လား ။ ဒေါ်မယ်ရီ က ထင်းခွဲခြမ်း နဲ့ လှမ်း ပေါက်လို့ ဒေါ် ပုထွက်ပြေးရတာ လည်း အမှန်ပဲလေ ။ ဒေါ်မယ်ရီ လက်သံ ကို ကြောက်လို့သာ ဒေါ်ပု က ထွက် ပြေးတာ ။ ဦးတင်ကြိုင် ရဲ့ သင်္ကြန် အမြောက် ပါးစပ် လောက်တော့များ တော့ ဒေါ်ပု က ပျင်းတောင် ပျင်းသေး ။ ဒေါ်မယ်ရီ ကို တော့ ဦးတင်ကြိုင် ကိုယ်တိုင် ကြောက် ရတာလေ ။ အဲဒီနေ့ က ဒေါ်ပု ကို ဒေါ်မယ်ရီ သာ မီ သွားရင် မလွယ်ဘူး ။ လူပုစိတ်တို ဒေါ် မယ်ရီ က အရေတောင် ဆွဲ ဆုတ်လိုက် မလား အောက် မေ့ရတယ် ။ ဦးတင်ကြိုင် က သူ့ အမှား လည်း ပါတာ ပေါ့ ဆိုပြီး မေ့မေ့ပျောက်ပျောက် တောင် ဖြစ်နေပြီ ။ သူ့ သား ဂုဏ်သိက္ခာ အလောင်းအစားသမားကြီး ကို စချင် နောက်ချင် လို့ သာ ပြောပြောနေတာပါ ။
တစ်ရက် ကျ တော့ ရပ်ကွက် ထဲ မှာ ဒေါ်ပု တစ်ယောက် မျက်စိမျက်နှာ မကောင်းဘဲ ဟိုလျှောက် ဒီလျှောက် ဖြစ်နေတာ တွေ့ရတယ် ။ ဘယ်သူ့ ကို မှ လည်း ဘာ အကြောင်း မှ မပြောဘူး ။ သူ့ ဘာသာ သူ တစ်ယောက် တည်း ညနေစောင်း ကတည်း က သုတ်သီးသုတ်ပျာ ဗျာကရာ ဖြစ်နေတာပေါ့ ။ မိုး နည်းနည်း ချုပ်လာတော့ သူ တစ်ယောက်တည်း မဟုတ်တော့ဘူး ။ သူတို့ အိမ်နား က မိန်းမကြီးတွေ ပါ ပါ လာပြီ ။ ဒေါ်ပု က လည်း မျက်ရည် လည်ရွဲ ဖြစ်နေပြီလေ ။ အစပိုင်း တော့ ဦးတင်ကြိုင် က မသိသေးဘူး ။ နောက် ကျတော့ ဒေါ်မယ်ရီ က စုံစမ်း ရင်း သိလာတယ် ။
“ ကိုတင်ကြိုင် ဒေါ်ပု သမီး အေးအေးမော် အိမ် က ပျောက် သွားလို့တဲ့ ။ ကလေးမလေး က ယောက်ျား နောက် များ လိုက် သွားသလား မသိဘူး ။ အလုပ် ဆင်း ချိန်တန် လို့ ပြန် မလာတော့ ဒေါ်ပု ဟိုဟိုသည်သည် လိုက် မေးနေတာ ။ အခု မိုးချုပ် နေပြီ ဆိုတော့ ယောက်ျား နောက် လိုက်ဖို့ များသွားပြီ ” လို့ ပြောတယ် ။
ဦးတင်ကြိုင် က တောင် “ ဒီ ကောင်မလေး က ရိုးရိုး အေးအေး လေး ။ သူ့ မေ နဲ့ ဘာမှ မဆိုင်ဘူး ။ သူ့ အမေ နဲ့ ဒီအတိုင်းသာ နေရင် ယောက်ျား ရဖို့ တောင် မလွယ် ဘူး ။ သူ့ အမေ နှုတ်စအာစ ကို ကြောက်ကြလို့ လူကောင်း သူကောင်းလေး ရပါစေ ” ဆုတောင်းပေးလိုက်သေး တယ် ။ အိမ် ထဲ မှာ နားထောင် နေတဲ့ ဘစီ က ...
“ အဖေ ဒေါ်ပုကြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေ ပြီ ၊ မြင်တယ် မဟုတ်လား ၊ အဖေ့ ကတိ တည်ပလေ့စေ နော် ၊ အဖေ နဲ့ ကျွန်တော် လောင်းထား တာ မှတ်မိတယ် မဟုတ်လား ” လို့ ဝင် ပြောလိုက်တယ် ။ ဦးတင်ကြိုင် က သူ့ သား ကို ကြည့်ပြီး ...
“ ဟေ့ကောင် ဘာတွေ လာ ပြောနေတာလဲ ။ ဒေါ်ပု သူ့ သမီး လင်နောက် လိုက်လို့ စိတ်ဆင်းရဲတာ ၊ မင်း နဲ့ ဘာ ဆိုင်လို့လဲ ၊ သူများတွေ စိတ်ဆင်းရဲ နေတဲ့ အထဲ မင်း က လည်း တစ်မှောင့်ပဲ ” လို့ ပြော လိုက်တာပေါ့ ။ ဘစီ က သူ့ အဖေ ကို ကြည့်ပြီး ...
“ အဖေ ပဲ ပြောခဲ့တာလေ ။ ဒီ မိန်းမကြီး စိတ်ဆင်းရဲ တာ မြင်ချင်တယ် ဆိုတာကို ၊ အခု သူ စိတ်ဆင်းရဲတာ မြင် ရပြီ မဟုတ်လား ။ အဖေ ပြောတဲ့ အတိုင်း မဖြစ် ဖြစ်အောင် လုပ် ပေးတော့ ” ဆိုပြီး ပြောတယ် ။ ဦးတင်ကြိုင် က ..
“ ဟေ့ကောင် တော်စမ်းပါကွာ ” လို့ ပြော နေတုန်း မှာပဲ ထိန်လင်း က ရောက် လာတော့ ဦးတင်ကြိုင် တို့ သားအဖ ပြော နေတဲ့ စကား ကို ရပ်လိုက်ရတာပေါ့ ။ ထိန်လင်း က ...
“ ဘစီ လာ ဟေ့ကောင် မင်း က အေးအေးဆေး ဆေး လုပ်နေတယ် ” လို့ ပြောပြီး ဦးတင်ကြိုင် ကို လှမ်း ကြည့် လိုက်သေးတယ် ။ ဦးတင်ကြိုင် က စိတ် မထင်ရင် ဆဲတတ်တာ မဟုတ်လား ။ ဦးတင်ကြိုင် က ဒီကောင် နှစ်ကောင် လက်ဖက်ရည်ဆိုင်သွားရအောင် ထုံးစံ အတိုင်း လာခေါ်တယ် ထင် လို့ ...
“ ဟေ့ကောင် တွေ ညဉ့်နက်သန်းခေါင် ထိ ထိုင် မနေနဲ့ဦးနော် ” လို့ လှမ်း မှာ လိုက်ရင်း သူ့ စိတ် ထဲ မှာ ဒေါ်ပု တစ်ယောက် သူ့ သမီးလေး ရှာ တွေ့ပြီလား လို့ တောင် မဆီမဆိုင် တွေး လိုက်သေးတယ် ။
အဲဒီ ည က ဘစီ အိမ်ပြန် မအိပ်တော့ဘူး ။ ဦးတင်ကြိုင် ရော ဒေါ်မယ်ရီ ပါ သူ့ သား ပြန် လာနိုး ပြန် လာနိုး နဲ့ ည က စောင့် ရင်းနဲ့ အိပ် မပျော်ကြဘူး ။ ဒေါ်မယ်ရီ က တောင် “ ခေတ်ကာလ သားသမီးများ ပြောလို့ ဆိုလို့ မကောင်းဘူး ” လို့ ပြောလိုက်သေးတယ် ။ မနက် မိုး လင်း တော့ စိတ် ပူရတာ ဦးတင်ကြိုင် ၊ ဒေါ်မယ်ရီတို့ အလှည့် ပေါ့ ။ ဦးတင်ကြိုင် က ဘစီ ကို ည က လာ ခေါ်တဲ့ ထိန်လင်း အိမ် ရောက်တော့ ထိန်လင်း က အိပ်ရာ က တောင် မနိုး သေးဘူး ၊ ဦးတင်ကြိုင် က ...
“ ထိန်လင်း မင်း သူငယ်ချင်း ညက အိမ် ပြန် မလာ ဘူးကွ ၊ မင်း လာ ခေါ်သွားပြီး ဘယ် သွားကြသေးလဲ ” လို့ မေး လိုက်တော့ ထိန်လ င်းက အဖြေ ခက်နေတဲ့ ပုံ နဲ့ ဖင် ကုတ် ခေါင်းကုတ် လုပ် နေလိုက်သေးတယ် ။ ချက်ချင်း မဖြေသေးဘူး ။ ဦးတင်ကြို င်က အကဲ မရတဲ့ ထိန်လင်း ကို ကြည့် ပြီးတော့ ...
“ မောင်ထိန်လင်း ရာ ပြောစရာ ရှိတာသာ ပြောပါ ၊ ဒီကောင် ဘာတွေ လုပ်နေသလဲ ” လို့ မေး လိုက်တယ် ။
ဒီတော့မှ “ ဦးလေး ... ဘစီ က မိန်းမ ခိုး သွားတာ ခင်ဗျ ။ မနေ့က ညနေစောင်း ကတည်း က စက်ရုံ က နေ ခိုး လာ ပြီး သူငယ်ချင်း တစ်ယောက် အိမ် ပို့ ထားတာ ။ သူ က အိမ် ပြန်ပြီး ပိုက်ဆံ နဲ့ အဝတ်အစား နည်းနည်း ပြန် ယူ တာ ၊ ဒီကောင် ပြန် မလာရင် ကောင်မလေး ပြဿနာ ဖြစ် မှာ စိုးလို့ ည တုန်း က ကျွန်တော် ကိုယ်တိုင် ဘစီ ကို လာ ခေါ် တာပေါ့ ။ သူတို့ နှစ်ယောက် က ဦးလေး တို့ မြင်းရုပ် ပြဿနာ မတက်ခင် ကတည်း က ကြိုက် နေကြတာ ” လို့ ပြော လိုက်တော့မှပဲ ရှင်း သွား တော့တာပဲ ။
နောက် ကျ တော့ ဦးတင်ကြိုင် ဒေါ်မယ်ရီ တို့ က ဘစီ တို့ လင်မယား ကို ခေါ်ပြီး မိသားဘသား ပီပီ ဒေါ်ပု ဆီ မှာ သွား တောင်း ပေးကြပါတယ် ။ ဒေါ်ပု က လည်း လွန် နေပြီ ဆိုတော့ ကာ ဘာမှ မပြောတော့ပါဘူး ။ ပြော တာ က ဘစီ ပဲ ...
“ အဖေ အဖေ ပေးထားတဲ့ ကတိ အတိုင်း ကျွန်တော် ဖြစ်ချင် သလို လုပ် ပေး ပေတော့ ” ဆိုပြီး တောင်းဆို တော့တာပဲ ။ သားအဖချင်း လုပ်ထားတဲ့ အလောင်း အစား ဆိုတော့ ဦးတင်ကြိုင် က ဘာမှ မပြောသာဘူး ။ ဒါတောင် မင်္ဂလာကိစ္စ မှာ ဘစီ က သူ လုပ်ချင်တာတွေ ပြောတော့ ဦးတင်ကြိုင် က အင်တင်တင် လုပ်တယ် ။ ဘစီ က လေသံလေး နဲ့ ...
“ အဖေ အဖေ ဒေါ်ပု စိတ်ဆင်းရဲ သွားတာ အဖေ မြင် ပြီးပြီနော် ။ အဖေ နဲ့ကျွန်တော် အလောင်းအစား လုပ် ထားတာ အဖေ ကတိ မပျက်နဲ့ ၊ သားတို့ က ဂုဏ်သိက္ခာ အတွက် လောင်းတာ ၊ အဖေ ကတိ ပျက်ရင် ဂုဏ်သိက္ခာ မဲ့ နေဦးမယ် ” လို့ တခြား သူတွေ မကြားအောင် သူ့ အဖေ နား ကပ်ပြီး ပြော လိုက်သေးတယ် ။
သူ့ အဖေ က သူ့ ကို အသံ ထွက်ပြီး ဆဲ တော့ သူ က စပ်ဖြဲဖြဲ နဲ့ ရယ် နေလိုက် သေးတယ် ။ နောက် ကျတော့ ဦးတင်ကြိုင် က သူ့ ကတိ အတိုင်း သူ့ သား ဂုဏ်မငယ် ရအောင် မင်္ဂလာပွဲ ကို ခမ်းခမ်းနားနား လုပ် ပေးလိုက် တယ် ။
ဒေါ်ပု က လည်း ဘာပဲ ပြောပြော ဦးတင်ကြိုင် ဒေါ် မယ်ရီ တို့ ဘက် ကနေ မိသားဘသားပီ ပီ လုပ်ကိုင် ပေး တော့ ဝမ်းသာတာပေါ့ ။ အရင် က အဖြစ်ဟောင်းတွေ တောင် ရယ်ရယ်မောမော နဲ့ ဝန်ချတောင်းပန် ကြလို့ ခမည်းခမက် တွေ အဆင် ပြေကုန်ကြတယ် ။ အဲဒီ အထိ တော့ အကုန် အဆင်ပြေ နေကြသေးတယ် ။ နောက် အဆင် မပြေတာ က မင်္ဂလာ ဆောင်ပြီး တစ်လ လောက် လည်း ကြာရော ..
“ ကိုစီ ရှင် ကျွန်မ အမေ စိတ်ဆင်းရဲတာ မြင်ချင် လို့ ကျွန်မ ကို ရအောင် ယူခဲ့တာ ဆိုတာ ဟုတ်လား ” လို့ သူ့ မိန်းမ အေးအေးမော် က မေး တော့တာပဲ ။ ဘစီ က ပါးစပ် အဟောင်းသား နဲ့ ...
“ တောက်တီးတောက်တဲ့ ကွာ ... မဟုတ်တာ ၊ အေး နဲ့ ကိုယ် နဲ့ က တစ်ယောက် ကို တစ်ယောက် ကြိုက်ကြလို့ လူကြီးတွေ သဘော မတူ မှာ စိုးလို့ ခိုးတောင် ယူခဲ့ကြတာ လေ ” လို့ ရှင်းပြတယ် ။ အေးအေးမော် က လက်မခံဘူး ။ ဘစီ အမြှုပ် ထွက်အောင် တောင်းပန်ပြီး ရှင်းပြ ပေမယ့် တငို တည်း ငိုနေ တော့တာပဲ ။ ဘစီ က ဒီ အကြောင်း ဘယ်သူ က များ ပြောလိုက်ပါလိမ့် ဆိုပြီး စဉ်းစားတာ ပေါ့ ။ ဒီ အကြောင်း ဟုတ်၏ မဟုတ်၏ သိတာ ဆိုလို့ သူ့ အဖေ ဦးတင်ကြိုင် နဲ့ သူ့ သူငယ်ချင်း ထိန်လင်း တို့ နှစ်ယောက် ပဲ ရှိတာ ။
သူ့ အဖေ ဦးတင်ကြိုင် က တော့ သား လုပ်တဲ့ သူ ပြဿနာ ဖြစ်အောင် ချွေးမ ကို တော့ ချွန်တွန်း မလုပ် လောက်ဘူး ။ ချွန်တွန်း လုပ်တတ်တာ ဆိုလို့ ဟိုကောင် ထိန်လင်း ပဲ ဖြစ်မယ် လို့ အတပ် တွေးတာပေါ့ ။ ဒီတော့ ထိန်လင်း ကို သူ လိုက် ရှာ ပြီးတော့ ...
“ ဟေ့ကောင် မင်း က တော့ ပေါက်ကရ ပြောပြီး နောက် လိုက်တာ ။ ငါ့ မိန်းမ က အခု အိမ် က ဆင်းမယ် တောင် ဖြစ်နေပြီ ။ မင်း လိုက် ပြောပေးဦး ” လို့ ပြော တယ် ။ ထိန်လင်း က တော့ ရယ် နေတာပေါ့ ။ ရယ်နေ တာ မှ အားရပါးရ ကို ရယ် နေတာလေ ။ ဘစီ က ထိန်လင်း ကို ကြည့်ပြီး “ အေး ရယ် ... ရယ် သေအောင်ရယ် ” ဆိုပြီး ဆဲလိုက်တယ် ။ ထိန်လင်း က ..
“ ဟုတ်တယ်လေ မင်း ပဲ မင်း အဖေ နဲ့ အလောင်း အစား လုပ်ပြီး မင်း ယောက္ခမ ဒေါ်ပု စိတ် ဆင်းရဲအောင် လုပ်ခဲ့တာ မဟုတ်လား ” လို့ ပြောလိုက်တော့ ...
“ ငါ့ မိန်းမ က အဲဒါကို အဟုတ် မှတ်နေတာကွ ။ သူ နဲ့ ငါ နဲ့ ကြိုက်တာက အဖေ နဲ့ ဒေါ်ပု ရန် မဖြစ်ခင် ၊ ရပ်ကွက်ရုံး မရောက်ခင် ကတည်း က ကြိုက်နေတာ လို့ ပြော တာ လည်း လက်မခံဘူး ။ တငိုငို တရယ်ရယ် နဲ့ လုပ် နေ တာ ဒုက္ခပဲ ” စိတ်ပျက်လက်ပျက် ညည်းနေတယ် ။ ထိန်လင်း က စဉ်းစားပြီး တော့ ..
“ သူငယ်ချင်း အလောင်းအစား ကိစ္စ ကို အလောင်း အစား နဲ့ ပြန် ချေဖျက်မှ ရမှာ ။ ဒီလိုလုပ် ” ဆို ပြီး ဘစီ ကို တိုးတိုးလေး ပြောပြတယ် ။ ထိန်လင်း ပြောပြတဲ့ အကြောင်း ကို နားထောင်ရ င်း မျက်နှာကြီး က ပြုံးဖြီးဖြီး ဖြစ်လာတယ် ။ နောက် တစ်နေ့ကျတော့ ဘစီ က သူ့ မိန်းမ အေးအေးမော် ကို “ အေး ” လို့ ခေါ် လိုက်တော့ အေးအေးမော် က မထူးဘူး ။ နောက် တစ်ကြိမ် ထပ်ခေါ် တော့မှ “ ဘာလဲ ” လို့ ဆောင့်ကြီးအောင့်ကြီး ပြန် ထူး တယ် ။ ဘစီ က ...
“ အေး မင်း နဲ့ ကိုစီ နဲ့ အလောင်းအစား တစ်ခု လောက် လုပ်လိုက်ရအောင် ” လို့ ပြောတော့ အေးအေးမော် က ...
“ ရှင် ဘာတွေ မဟုတ်က ဟုတ်က တွေ လုပ်ဦးမှာ လဲ ။ ရှင် ကျွန်မ ကို ရအောင် ယူပြီး ကျွန်မ အမေ စိတ် ဆင်းရဲအောင် လုပ် ပြီးတာ တောင် အားမရသေးဘူး ။ အခု ဘာအလောင်းအစား လုပ်ချင်သေးတာလဲ ။ မလုပ်ဘူး ။ ကျွန်မ ဒီ ညနေပဲ အမေ့ အိမ် ကို ပြန်တော့ မလို့ ဆုံးဖြတ် ပြီး နေပြီ ။ ရှင့် ဘာသာ ရှင် တစ်ယောက် တည်း နေခဲ့ တော့ ” လို့ ပြောလိုက်တယ် ။
“ အေး က လည်း ခက်တော့တာပဲ ။ အခု အဲဒီ ကိစ္စ အလောင်းအစား လုပ်ချင်တာ ၊ အေး ဒီ ညနေ တော့ အမေ့ အိမ် မပြန်နဲ့ဦး ။ မနက်ဖြန် ကျမှ ပြန် ၊ အိမ်ပြန် ရောက်ရင် အေး အမေ ကို မေးကြည့် ၊ အေး ကိုစီ ကို ယူခဲ့လို့ အမေ စိတ်ဆင်းရဲခဲ့ရတယ် ပြောရင် အေး ကြိုက်သလို ဆုံး ဖြတ် ၊ သူ စိတ်ဆင်းရဲ ခဲ့တာ မဟုတ်ဘူး ဆိုရင် နောက် ဘယ်တော့ မှ အဲဒီ စကားမျိုး မပြောနဲ့တော့ ” လို့ ပြော ချ လိုက်တယ် ။ ဘစီ က ခပ်တည်တည် ပြောချ လိုက်တော့ အေးအေးမော် တောင် မှ ဇဝေဇဝါ ဖြစ်သွားတယ် ။ သူ့ ကို ထိန်လင်း ပြောပြတာ က အသေအချာ မဟုတ်လား ။ တကယ်တော့ ဘစီ က ပါးစပ် ထဲ ရှိတာသာ ပြော ချလိုက် တာ ။ သူ့ ဘက် က ဘာမှ သေချာသေးတာ မဟုတ်ဘူး ။ သူ့ မိန်းမ အိမ် က အ ခုမဆင်းရင် ပြီးရော ဆိုပြီး ပြော လိုက် တာလေ ။ သူအကြံ ထုတ် ရအောင် အိမ်ရှေ့ ထွက် လာ တုန်း မှာပဲ အေးအေးမော် က နောက်ဖေးဘက် ရေစ င်ကို ပြေး သွားပြီး အန်ချ လိုက်တယ် ။ ဘစီ က နောက် ကနေ လိုက်သွားပြီး သူ့ မိန်းမ ပခုံး ကို နှိပ် ပေးတော့ အေးအေးမော် က “ သွား ဘာမှ မဖြစ်ဘူး ။ အစာ မကြေလို့ အန် တာ ” တဲ့ ။
ဘစီ က ချက်ချင်း သူ့ အမေ နဲ့ သူ့ ညီအစ်ကိုမောင် နှမတွေ အကြောင်း သွား စဉ်းစားမိတယ် ။ သူ့ ညီအစ်ကို မောင်နှမတွေ ကြား ထဲ မှာ သူ က ပဉ္စမမြောက် သားလေ ။ သူ့ အောက် မှာ နှစ်ယောက် ရှိသေးတယ် ။ ဒါတောင် အထက် တစ်ယောက် က ဆုံး သွားလို့ ဆိုတာ သူ့ အမေ က နည်းနည်း အရွယ် ရောက်လာတော့ ပြောပြလို့ သိရတာ ။ သူ့ အဖေ ဘက် က ဘကြီးတင်အောင် က ပြောပြလို့ ... သူ မေ့လို့ မရဘူး ။ “ မင်း အဖေ က နွားသိုးမျိုး ကွ ၊ တစ်နှစ် တစ်သား မှန်နေတာပဲ ” တဲ့ ။ ပြော လို့သာ ပြောတာ ဘကြီး တင်အောင် ရဲ့ သား ဦးတင်ကြိုင် ရဲ့ ညီအစ်ကို မောင်နှမ အရင်းတွေ က ဟင်္သာတမြို့ မှာ ခြောက်ယောက် တောင် သက်ရှိထင်ရှား ရှိ နေသေးတယ် ။ သူ့ ဘကြီး က သူ့ ကို တောင် ငယ်ငယ် က ချစ်စနိုး နဲ့ စတတ် နောက်တတ် သေးတယ် ။ “ ဘမျိုးဘိုးတူ ချိုကလေး နဲ့ တဲ့ ။ အဲဒါ သွား စဉ်းစားမိတော့ ဘစီ က လက်ခမောင်း ခတ်တာပေါ့ ။
ညနေ ကျတော့ ဘစီ က သူ့ ယောက္ခမ ဒေါ်ပု ဆီ ကို အပြေး သွားတယ် ။ သူ သွားတာ အလကား တော့ မဟုတ်ဘူး ။ ဒေါ်ပု အမြဲကိုး တတ်တဲ့ နတ်မြင်းရုပ်ကြီး တစ်ရုပ် ပါ တယုတယ သယ်သွားတယ် ။ ပြီးတော့ “ အမေ ကျွန်တော့် အဖေ က ပြောတယ် ။ သားသမီး ရတနာ ရတော့မယ် ဆိုတာ သိရင် အိမ်တွင်း က အုန်း ငှက်ပျောတွေ ၊ နတ်မြင်းတွေ အသစ် ကိုးရတယ် ပြောပြီး အမေ့အတွက် နတ်မြင်း ဆက်ရအောင် ဝယ် ပေးလိုက် တယ် ” လို့ ပြောတော့ ဒေါ်ပု က ကိုရီးယားရုပ်ရှင်ကား ဘာသာ ပြန်သလို “ ဒါ ဘာ အဓိပ္ပာယ်လဲ ” လို့ မေးလိုက်တယ် ။
“ အမေ့ သမီး မှာ ကိုယ်ဝန် ရှိနေပြီ တဲ့ ။ သူ က တော့ ရှက်လို့ နဲ့ တူတယ် ။ အမေ့ ကို မပြောပါနဲ့ လို့ မှာ လိုက် သေးတယ် ။ အမေ ဝမ်းမသာဘူးလား ” လို့ ဘစီ က ပြော လိုက်တော့ “ ဟဲ့ ဘယ်နှယ့် ဝမ်းမသာဘဲ နေပါ့မလဲ ” လို့ ဒေါ်ပု က ပြန် ပြောတာပေါ့ ။ ဘစီ က “ အမေ ဝမ်းသာ တယ် ဆိုရင် အမေ့ သမီး ဘာ မေးမေး ကျွန်တော် နဲ့ ယူ တာ စိတ်ချမ်းသာတယ် လို့ ပြောရမယ် နော် ” လို့ ပြော လိုက်တယ် ။ ဒေါ်ပု က “ အေးပါဟဲ့ ဒီ ကောင်လေး ကလေး တောင် မရသေးဘူး ။ သားဦး အရူး ဆိုတာ ကလေး ကိုပြောတာ မဟုတ်ဘူး ။ မိဘ တွေ ကို ပြောတယ် ဆိုတာ အမှန်ပဲ ” လို့ ပြောပြီး ရယ်နေတယ် ။ ဘစီ က တော့ “ ဟေး ” ဆို အော်ပြီး ပြန် ပြေးလာ ခဲ့တာပေါ့ ။
နောက် တစ်နေ့ နေ့လယ် ဘက် ဘစီ နဲ့ အေးအေးမော် က ဒေါ်ပု အိမ် ကို သွားတယ် ။ ဒေါ်ပု က အုန်း ငှက်ပျော တွေ လဲ ရအောင် ပြင်ဆင် နေတာကို တွေ့ရ တယ် ။ အေးအေးမော် က “ အမေ သမီး ကူရဦးမလား ” လို့ ပြော လိုက်တော့ ဒေါ်ပု က “ နေ နေ သမီး အမေလုပ် နိုင်တယ် ” တဲ့ ။ ဒေါ်ပု က အုန်းငှက်ပျောပွဲတွေ ကို နံ့သာဖြူ ၊ ကရမက် အမွှေးရည်တွေ နဲ့ ပက် ပြီးတော့ မော လို့ လား မသိဘူး ။ ထိုင် လိုက်တယ် ။ သူ့ အမေ ထိုင် နေ တုန်းမှာ အေးအေးမော် က ...
“ အမေ ကိုဘစီ နဲ့ သမီး လိုက် ပြေးတုန်း က အမေ အရမ်း စိတ်ဆင်းရဲမှာပဲနော် ” လို့ မရဲတရဲ မေး လိုက်တော့ ဒေါ်ပု က သူ့ သမီး ကို ခြေဆုံး ခေါင်းဆုံး ကြည့် လိုက်ပြီး ရယ် လိုက်တယ် ။ အေးအေးမော် က ပါးစပ် အဟောင်း သား ဖြစ်လို့ ။ ဒေါ်ပု က အားရ အောင် ရယ်ပြီးတော့ “ ငါ့ သမီး မရူးမကောင်း ဟယ် ။ နင် ဘစီ နဲ့ လိုက်ပြေးတယ် လည်း ဆိုရော အဲဒီတော့ မှ အလုံးကြီး ကျတာ ၊ ငါ့ သမီး လင်ကောင်း သားကောင်း လေး တော့ ရပြီ ဆိုပြီး စိတ် ချမ်းသာ သွားတာမှ အရမ်းပဲ ။ သမီးရှင် မို့ လို့သာ ဣန္ဒြေ ဆောင် ထားရတာ ။ ထ တောင် က ပစ်လိုက်ချင်တာ ” ဆို ပြီး ခြေဟန်လက်ဟန် နဲ့ တကယ် က တော့မယ့် အတိုင်း ပြော လိုက်တယ် ။ ဘစီ က တော့ ဣန္ဒြေကြီး တစ်ခွဲသား နဲ့ ပေါ့ ။ အေးအေးမော် က တော့ ဘစီ ကို လှည့် ကြည့်ပြီး ပြုံးလို့ ။ ဒေါ်ပု အိမ် က နေ လင်မယား နှစ်ယောက် အတူ ပြန် လာ ကြတော့ ...
“ ကိုစီ အေး နောက်ကို ကိုစီ စိတ် အနှောင့်အယှက် ဖြစ်မယ့် စကားမျိုး ဘယ်တော့မှ မပြောဘူးနော် ” တဲ့ ။
ဘစီ က “ ဟေ့ကောင် ထိန်လင်း မင်း ရှုပ်ထားတဲ့ ပြဿနာ ကို ငါ့ ဘာသာ ငါ ဖြေရှင်း လိုက်ပြီးပြီ ” လို့ ပြော လိုက်တော့ ထိန်လင်း က ဘယ်လို ဖြေရှင်းပြီး လင် မယား အဆင်ပြေ သွားတာလဲ လို့ စိတ်ဝင်တစား မေး တာပေါ့ ။ ဘစီ က သူ့ ကုလားဖန် သူ ထိုး ၊ သူ့ ဖဲ သူ ချိုး လိုက်ပုံ ကို ပြောပြတယ် ။ သူ့ စကား လည်းဆုံးရော ထိန်လင်း က စိုးရိမ်တကြီး နဲ့ ...
“ ဟေ့ကောင် မင်း မိန်းမ ကိုယ်ဝန် ရှိတာ သေချာ လို့လားကွ ၊ တော်ကြာ ကိုယ်ဝန် မရှိတာ ကို ရှိတယ် စကား လွန်ပြီး တကယ် မရှိရင် မင်း ယောက္ခမ ဆဲနေဦး မယ် ” ဆိုတော့ ဘစီ ခဏ တော့ တွေ သွားသေးတယ် ။ ပြီးတော့မှ သူ့ ဘကြီး ပြောတဲ့ ဘမျိုးဘိုးတူ ချိုကလေး နဲ့ ဆိုတာကို တွေး မိပြီး ...
“ ဟေ့ကောင် ထိန်လင်း ငါ့ မိန်းမ ကိုယ်ဝန် ရှိ မရှိ မင်း လောင်းဦးမလား ” တဲ့ ။
◾ကျော်ပြေစိုး
📖 ပိတောက်ပွင့်သစ် မဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၄
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment