❝ ပတ္တမြားလက်စွပ် ❞
အချိန် ကို ကြည့် လိုက်တော့ ရှစ်နာရီ ဆယ့်ငါးမိနစ် ပဲ ရှိသေးတယ် ။ ကိစ္စ မရှိဘူး ။
ဗာဒံပင်လေး အောက် က အုတ်ခုံ မှာ ထိုင်ရင်း စောင့်ရတော့မှာပဲ ။
နဝရတ်တိုက်ကြီး ရဲ့ အောက်ထပ် တံခါးတွေ က လည်း ပိတ် ထားတုန်းပဲ ရှိသေးတယ် ။ ကား ကို ပြန်လွှတ် လိုက်မယ် ။ ကလေးတွေ ကျောင်းပို့ ပြီး မှ တစ်ခါတည်း ဝင် ကြိုတော့လို့ မှာ လိုက်ရတယ် ။
ဗာဒံပင်ကလေး ဆီ ကို လျှောက် လာတော့ အဲဒီ ဗာဒံပင်ကလေး အောက် မှာ ပဲ ဆလွန်းကား လှလှလေး တစ်စီး ညင်ညင်သာသာ ထိုးရပ်လိုက်တာ ကို တွေ့ရတယ် ။ ကား ပေါ် က မိန်းမချော တစ်ယောက် ဆင်း လာ တယ် ။
အသက် ကတော့ သုံးဆယ် ဝန်းကျင် လောက် ရှိပြီ ထင်ရတယ် ။ ဆလွန်း ကားကလေး ထွက် သွားတော့ အဲဒီ မိန်းမချော က ဗာဒံပင် အောက် မှာ ရပ် ရင်း တောင်မြောက် ဝဲယာ ကို ကြည့်ရင်း အကဲခတ် ရင်း ကျန်ရစ်တယ် ။
အောက်ဆုံးထပ် တံခါး မဖွင့်သေးတဲ့ နဝရတ်တိုက်ကြီး ကိုလည်း ကြည့်တယ် ။
ဪ ... တိုက်တိုက်ဆိုင်ဆိုင် ပါပဲလား ။ သူ လည်း ဒီ နဝရတ်တိုက် ကို လာတာပဲ ။ စောနေသေးလို့ ကား ကို ပြန်လွှတ် လိုက်ပြီး ဒီ ဗာဒံပင်အောက် က ရပ်စောင့်ဖို့ စဉ်းစားပုံချင်း လည်း တူ နေပုံရတယ် ။
သူ က ဗာဒံပင် ရဲ့ မြောက်ဘက် မှာ ရပ် နေတယ် ။ အဲဒီတော့ ကိုယ် က လည်း ဗာဒံပင် ရဲ့ တောင်ဘက် အုတ်ခုံစွန်း မှာ ဝင် ထိုင် လိုက်ရတယ် ။ အင်း ... သူ ကလည်း ကိုယ့် ကို လှမ်း ကြည့်ပြီး အကဲခတ်ရင်း ကိုယ့် လိုပဲ တွေးမိပုံ ရတယ် ။ ထားပါ ။ ကျောင်းဆရာမ တစ်ယောက် နဲ့ တူပါတယ် ။
ကိုယ် လိုပဲ အိမ်ထောင် ရှိသလား ၊ မရှိသလား ဆိုတာတော့ မသေချာဘူး ။
အမှတ်တမဲ့ ကြည့်ရတာတော့ အပျိုကြီး ဖြစ်ဖို့ များတယ် ။ ကဲ .. ကဲ .. ကဲ .. ဘာပဲဖြစ်ဖြစ် သိပ် ကြည့် လို့ တော့ မကောင်းဘူး ။ သူ အနေအထိုင် ခက် နေလိမ့်မယ် ။ ဘာသိဘာသာ ပဲ နေလိုက်တာ ကောင်းပါတယ် ။
သူ့ ကို မကြည့်ဘဲ နေလိုက်ပေမယ့် သူ့ အကြောင်းတော့ နည်းနည်း ဆက် တွေး နေမိသေးတယ် ။ ဒီ တိုက် ကို လာတယ် ဆိုတော့ ဘာ ကိစ္စများပါလိမ့် ။
ဒီ တိုက် အောက်ထပ် မှာ က တော်တော် ကျယ်တယ် ။ တစ်ပိုင်း မှာ နိုင်ငံခြားလေယာဉ်ကုမ္ပဏီ တစ်ခု ရဲ့ ကိုယ်စားလှယ် ရုံးခန်း ရှိတယ် ။
ပြီးတော့ ဆေးခန်း တစ်ခုလည်း ရှိတယ် ။ အရေပြား နဲ့ ပတ်သက် တဲ့ ရောဂါပါရဂူ ဆရာဝန်ကြီး တစ်ယောက် ထိုင်တယ် ။ နောက်ပိုင်း မှာတော့ အိမ်ရှင် နေတဲ့ အခန်းကျယ်ကြီးတွေ လည်း ရှိသေးတယ် ။
အဲဒီ အိမ်ရှင်တွေ ကပဲ သတင်းစာ မှာ ကြော်ငြာထည့်ပြီး စန္ဒရားဆရာ အလိုရှိတဲ့အကြောင်း ကြေညာ ထားတယ်လေ ။
နေဦး ။ ကိုယ် က ထိန်းထိန်းသိမ်းသိမ်း လုပ်ပြီး သူ့ ကို ( မိန်းမချော ) မကြည့်ဘဲ နေပေမယ့် သူ က များ ကိုယ့် ကို ကြည့်နေလေမလား ၊ အကဲခတ် နေလေမလား လို့လည်း တွေးမိသေးတယ် ။ ကိုယ့် ဟာ ကိုယ် တောင် အမှတ်တမဲ့ ပြုံးလိုက်မိသေးတယ် ။
ဘေးလူ တွေ မြင်သွားရင် တော့ ဘာ ထင်ကြမလဲပဲ ။ တစ်ယောက် တည်း ပြုံးနေတယ် ဆိုတော့ ဝမ်းတွင်းရူး လို့ ထင် သွားကြမလားပဲ ။ ဒါပေမယ့် လမ်း ပေါ် မှာ လူ အသွားအလာ က တော်တော်နည်း နေသေးလို့ တော်သေး တယ် ။
လိုအပ်တာ ထက် ပိုပြီး ဆူဆူညံညံ ဒုံးဒုံးဒိုင်းဒိုင်း နဲ့ ဘတ်စ်ကားကြီး တစ်စင်း လမ်း တစ်ဖက် က မှတ်တိုင် မှာ ထိုး ဆိုက် လာတယ် ။ ပုံ ကြည့်ရတာ ခရီးသည် တော်တော်များများ ဝေါခနဲ ဆင်းလာကြမယ့် ပုံပဲ ။
ဒါပေမယ့် ဘတ်စ်ကား ချက်ချင်း ဆိုသလို ပြန်ထွက်သွားတော့ ခရီးသည် တစ်ယောက် ပဲ ဆင်းတာ ကို တွေ့ရတယ် ။
တော်တော် သတိဝီရိယ လွန်ကဲတဲ့ လူ ဖြစ်ပုံ ရတယ် ။ အတော်ကြီး ကို အသွားအလာ ကျဲတဲ့ လမ်း ကို ဖြတ် မကူးခင် ဘယ်ကြည့် ညာကြည့် ၊ ဘယ် ပြန်ကြည့် ဆိုတာတွေ ဘာတွေ လုပ်လိုက် သေးတယ် ။
ပြီးတော့မှ ခပ်သုတ်သုတ် လမ်း ကို ဖြတ်ကူး လိုက်တယ် ။ ဒီဘက် ရောက်လာတော့ မှ ခြေလှမ်း တုံ့ သွားတယ် ။ နဝရတ်တိုက်ကြီး အောက်ထပ်တံခါးတွေ မဖွင့်သေးတာ ကို သတိထားမိ သွားပုံ ရတယ် ။ အင်း ... သူ လည်း ဒီ တိုက် အောက်ထပ် မှာ ကိစ္စ ရှိလို့ လာတဲ့ လူ ပဲ ကိုး ။
သူ က တော့ ဗာဒံပင် အောက်ကို မလာဘဲ ပလက်ဖောင်း ထိပ် မှာပဲ ရပ်ပြီး နာရီ ကြည့်လိုက် ၊ တိုက် ကို ကြည့်လိုက် နဲ့ လုပ် နေတယ် ။ သူ့ လို လူ နှစ်ယောက် ဗာဒံပင် အောက်မှာ ရှိနေတယ် ဆိုတာ သိပုံ မရဘူး ။ စဉ်းစားမိပုံ လည်း မရဘူး ။ သူ့ ကိစ္စ သူ စိတ်ဝင်စားတတ်တဲ့ အကျင့် ရှိပုံ ရတယ် ။
အဲဒီ အချိန် မှာ သတိ မေ့ပြီး ဟို မိန်းမချော ကို ဖျတ် ခနဲ လှမ်း ကြည့် လိုက်မိသေးတယ် ။ တော်သေးတာပေါ့ ။ သူ က ကိုယ် ကို ကြည့် မနေလို့ ။
သူ က လည်း ကြည့်နေတယ် ဆိုရင် သိတယ် မဟုတ်လား ။ အကြည့်ချင်း ဆုံသွားတာ တို့ ၊ မျက်လုံးချင်း ဆုံသွားတာ တို့ ဆိုတာမျိုးတွေ ရှုပ် ကုန်နိုင်တယ် ။ ကိုယ် က အဲလိုမျိုး မှ မဟုတ်ဘဲ ။
ဟောဗျာ ... ဒုက္ခပဲ ။ မိုးဖွဲလေး ကျ လာပြီ ။ ဘယ်လို လုပ်ကြမလဲ ။ ဗာဒံပင် အောက် ဆိုပေမယ့် လုံလုံ လဲလဲ တော့ မဟုတ်ဘူး ။ အပင် က သေးတယ် ။ အကိုင်း ကျဲတယ် ။
သုံးယောက် သား ညှိစရာ ၊ တိုင်ပင်စရာ တောင် မလိုဘူး ။ နဝရတ်တိုက် ရှေ့ က ဆင်ဝင်ပေါက် ကလေး အောက် ကို ပြေး ဝင် ကြရတယ် ။ နေရာက သိပ် ကျယ်ကျယ်ဝန်းဝန်း ရှိလှတာ မဟုတ်ဘူး ။
သုံးယောက်သား တစ်ယောက် နဲ့ တစ်ယောက် နှစ်ပေစီ လောက် ခြားပြီး ရပ်မိကြတယ် ။ ဒါပေမယ့် တစ်ယောက် ကို တစ်ယောက် မိတ်ဆက် စကား မေးလား မြန်းလား မလုပ်မိကြဘူး ။ ဒီလိုပဲ ။
မိုးရေမိုးပေါက်တွေ ကျလာတာ ကို အကဲခတ် လိုက် ၊ ခေါင်း ပေါ် ၊ ပါး ပေါ် ၊ အဝတ်ပေါ် က ရေစက်ရေပေါက် တွေကို ခါလိုက် ၊ ပွတ်သပ်ချလိုက် ဆိုတာမျိုး တွေ ပဲ လုပ်နေ မိကြတယ် ။
မိန်းမချော က အလယ် မှာ နေရာ ယူမိလျက်သား ဖြစ်နေတယ် ။ သူ က လည်း ဘယ်သူ့ မျက်နှာ ကို မှ မကြည့် မိအောင် ပြေပြေပြစ်ပြစ် နဲ့ ဟန် လုပ် နေနိုင်ပါတယ် ။ ဟို လူ လည်း လမ်းဘက် ကို ပဲ အကြည့် များတယ် ။
ကိုယ် က တော့ မိန်းမချော ရဲ့ မျက်နှာ ကို မကြည့်ဖြစ်ပေမယ့် သူ့ ဘယ်ဘက် လက် ကိုတော့ ခါး ဆီ ၊ ပေါင် ဆီ မှာ မို့ အမှတ်မဲ့ ငဲ့ စောင်း ကြည့်မိတယ် ။ စိတ် ထဲမှာ ထိတ် ခနဲ ဖြစ်သွားတယ် ။
မိန်းမချော ရဲ့ ဘယ်ဘက်လက် လက်သူကြွယ် မှာ ပတ္တမြားလက်စွပ် လှလှကလေး တစ်ကွင်း ဝတ် ထားတာ ကို တွေ့ရတယ် ။
ပတ္တမြားလှလှကလေး တစ်ပွင့် ကို စိန်တွေ ဘာတွေ ဘာမှ မရံဘဲ သူ့ ချည်း သပ်သပ် တစ်ပွင့်တည်း ကွင်း ထားတဲ့ လက်စွပ် ကလေး ပဲ ။
ကျွန်တော့် ရင်တွေ သိသိသာသာ ခုန် လာတယ် ။ တစ်ချိန်တည်း မှာ ပဲ မိန်းမချော ကို ကျော်ပြီး ဟိုဘက် က လူ ရဲ့ လက်တွေ ကို လည်း ကြည့်မိသွားတယ် ။
အဲလို ကြည့် လိုက်မိတော့ စိတ်တွေ ပိုပြီး လှုပ်ရှားစရာ ဖြစ်ကုန်ပြန်တယ် ။ အဲဒီ လူက သူ့ရဲ့ ညာဘက် လက် နဲ့ သူ့ အင်္ကျီအိတ် ထဲမှာ ရှိတဲ့ မီးခြစ် ကို ထုတ် ယူတဲ့ အချိန် နဲ့ တိုက်ဆိုင် နေတယ် ။
သူ့ ညာဘက် လက် မှာ လက်သူကြွယ်ကလေး တစ်ချောင်း ပြတ် နေတာပဲ ။ သူ့ ဘယ်ဘက် လက်က တော့ အကောင်း ပကတိ ပါပဲ ။ သူ့ လက်ချောင်းတွေ ဟာ သွယ်ပျောင်း ရှည်လျားပြီး တော်တော် သပ်သပ်ရပ်ရပ် နဲ့ ကြည့်လို့ ကောင်း တဲ့ လက်ချောင်းတွေ ပါပဲ ။ သူ့ ညာဘက် လက် က လက်သူကြွယ်ကလေး ပြတ်နေတာ တစ်ခု ဟာ တော်တော်ကြီး စိတ် မကျေနပ်စရာ ကြေကွဲစရာ ကောင်းပါတယ် ။
ကိုယ့် အဖို့ ကတော့ မိန်းမချော ရဲ့ ဘယ်ဘက် လက် ၊ လက်သူကြွယ် က ပတ္တမြားလက်စွပ် ရယ် ထို လူ ရဲ့ ညာဘက် လက် မှာ လက်သူကြွယ် ပြတ် နေတယ် ဆိုတဲ့ အကြောင်းတွေ ဟာ အလွန် စိတ်လှုပ်ရှား စရာ ကောင်းတဲ့ တိုက်ဆိုင်မှုတွေ ပါပဲ ။
ဘာပြုလို့လဲ ဆိုတော့ ကျုပ် ရဲ့ ဘယ်ဘက်လက် ရဲ့ လက်သူကြွယ် ပေါ် လက်စွပ် ဝတ် ရမယ့် နေရာ မှာ နီရဲ နေ တဲ့ အနာ တစ်ခု ရှိ နေတယ်လေ ။ သာမည ရိုးရိုး အနာ မဟုတ်ဘူး ။ ကိုယ့် ဘဝ မှာ တော်တော်ကြီး ကို စိတ် အနှောင့်အယှက် ပေးခဲ့တဲ့ အနာ ဖြစ်နေတယ် ။ ဖြစ်နေတာမှ တော်တော် ကို ကြာခဲ့ပြီ ။
ကျုပ် ခပ်ငယ်ငယ် လူပျိုပေါက် အရွယ် က ထူးထူးခြားခြား အိပ်မက် တစ်ခု ကို လေးငါးဆယ်ခါ ဆက်တိုက် မက် ဖူးတယ် ။
အိပ်မက် ထဲ မှာ နေရာ တွေ ၊ ဒေသ တွေ ၊ အချိန် တွေ သာ အပြောင်းအလဲ ရှိတယ် ။ အကြောင်းအရာ တစ်ခု ကတော့ ထပ်ပြန် တလဲလဲ ပါ လာ တတ်တယ် ။
အဲဒါက ဘာလဲ ဆိုတော့ ကျုပ် ရဲ့ ဘယ်ဘက် လက် လက်သူကြွယ် ပေါ် မှာ ပတ္တမြားလက်စွပ်ကလေး မျက်စိ ထဲ မှာ သိပ် လှနေတယ် ။ သိပ် ကို စွဲစွဲလမ်းလမ်း ဖြစ်ခဲ့တယ် ။
အိပ်ပျော် နေရာ က နိုး လို့ အိပ်မက် မှန်း သိရတဲ့ အခါ ကျုပ် ရင် ထဲ မှာ အကြီးအကျယ် ဟာ ပြီး ကျန်ရစ် တတ်တယ် ။
သာမန် အားဖြင့် ကျုပ် ငယ်ငယ် က လက်စွပ် ဝတ်ဖို့ လုံးဝ ဝါသနာ မပါပါဘူး ။ တကယ်ဆို ကျုပ် မိဘ များ က အတော်အသင့်တော့ တတ် နိုင်ကြပါတယ် ။ ဒါပေမယ့် ကျုပ် က ဝါသနာ မပါတော့ ဘာ လက်စွပ် မှ ဝယ် မပေးကြပါဘူး ။ ခက်တာ က ကျုပ် အိပ်မက် ထဲ က ပတ္တမြားလက်စွပ်ကလေး မျိုးလည်း အပြင် မှာ ရှိမယ် လို့ ကျုပ် လုံးဝ မထင်မိဘူး ။
ဟိုနေရာ ဒီနေရာ ဆို သလို ကြုံ ရင် ကြုံ သလို ရှာဖွေကြည့်မိပါတယ် ။ ကျုပ် အိပ်မက် ထဲ မှာ တွေ့တဲ့ ပတ္တမြားလက်စွပ်ကလေး လို လှ တဲ့ ပစ္စည်း မတွေ့မိတာတော့ လည်း အမှန်ပဲ ။
ဒီတုန်းက ကျုပ် မိဘများ ကို လည်း တကူးတက နားပူနားဆာ မလုပ်မိပါဘူး ။ ဘာပြုလို့လဲ တော့ မပြော တတ်ဘူး ။ အဲဒီလို ပူဆာ လို့ ရမယ့် ပတ္တမြားလက်စွပ်မျိုး ကိုလည်း ကျုပ် မလိုချင်ပါဘူး ။
ဒါပေမယ့် သိပ် ခက်နေတာ က ခဏခဏ မက် မက် နေတဲ့ ပတ္တမြားလက်စွပ် အိပ်မက်တွေ ပဲ ၊ ကျုပ် ပြောခဲ့ သလိုပဲ နေရာ ဒေသ တွေ ၊ အချိန်ကာလ တွေ ၊ ပတ်ဝန်းကျင်အခြေအနေ တွေ အကြောင်း အရာ တွေ သာ ပြောင်း ပြောင်း သွားတယ် ။
ကျုပ် ဘယ်ဘက် လက် လက်သူကြွယ် မှာ တော့ ပတ္တမြားလက်စွပ်ကလေး က ရှိ ရှိနေတယ် ။ အဲဒီ အိပ်မက် ကို မက်တိုင်း မက်တိုင်း လည်း ကျုပ် မှာ အဲဒီ ပတ္တမြားလက်စွပ်ကလေး ကို မက်မက်စက်စက် ကြည့် မိ ၊ စွဲလမ်း မိတာ က တော့ အမြဲပဲ ။
အိပ်မက် က နိုး နိုး လာတိုင်း မကျေမနပ် ဖြစ်ရတဲ့ အဖြစ် က ပို ဆိုး ဆိုးလာတယ် ။
ဒါပေမယ့် အဲဒီ အိပ်မက် တကယ်တမ်း အကောင်အထည် ပေါ်လာတဲ့ နေ့ မှာ တော့ ပထမ ကျုပ် မပြုံးဘဲ ဝါးလုံးကွဲ ရယ်လိုက်ချင်တယ် ဆိုတာလို ဖြစ်မိတယ် ။ တစ်ည မှာ ပတ္တမြားလက်စွပ် အိပ်မက် ကို ခါတိုင်း ထက် အချိန် ကြာကြာ မက်တယ် ။ နောက် အိပ်ရာ က နိုးလာတယ် ။ မနက် မိုးစင်စင် လင်း နေပြီ ။
ခါတိုင်းလို ပဲ ကျုပ် ရဲ့ ဘယ်ဘက်လက် လက်သူကြွယ် မှာ ကြည့် လိုက် တော့ နီရဲ နေတဲ့ အနာကလေး တစ်လုံး ပေါက်နေတာ တွေ့ရတယ် ။ ကဲ ကျုပ် ပြော သလို ရယ်စရာ မကောင်းဘူးလား ။
အဲဒါ ရယ်စရာ မဟုတ်ဘူး ခင်ဗျ ။ အဲဒီ အနာကလေး က ပေါက်ခါစ မှာ သာ နီနီရဲရဲကလေး နဲ့ ပတ္တမြား လက်စွပ် ကလေး ကို ရသေ့ စိတ်ဖြေ ကျေနပ်စရာ ဖြစ် ပေမယ့် နောက်ပိုင်း ကျ တော့ အကြီးအကျယ် ယားယံလာ တယ် ။
ပွတ် လို့ မရ ၊ ကုတ် လို့ မရနဲ့ အခြေအနေ က သိပ် ခံပြင်းစရာ ကောင်းတယ် ။ အယား ပျောက် အောင် စိတ်ရှိ လက်ရှိ ကုတ် ပစ် လိုက် ပြန် ရင် လည်း အနာ ပဲ့ ထွက် သွားပြီး ပြဿနာ ပို ကြီးလာ မှာ လည်း ကြောက်ရ သေး တယ် ။
အဲဒီ အနီဖုကလေး ရဲ့ ဘေးပတ်လယ် က ပတ်ပြီး အသာအယာ ပွတ် သပ် ကုတ်ပြန် တော့လည်း ယား တဲ့ ယံ တဲ့ ဝေဒနာ က မသက်သာဘူး ဖြစ် နေတယ် ။
ပို ဆိုးတာက နောက် တစ်နေ့လည်း ရောက် ရော ယားယံ တဲ့ အဆင့် က ကျော်ပြီး နာ လာ ကိုက် လာ တယ် ။ နောက်တော့ အကြီးအကျယ် နာ တော့ ကိုက် တော့ တာပဲ ။
အဲဒီ ကတည်း က ပြဿနာ စလာ လိုက်တာ ခုဆို တစ်နှစ်တောင် ကျော် လာပြီ ။ ဆရာဝန် တွေ လည်း စုံပြီ ။ တိုင်းရင်းဆေး ဆရာတွေ လည်း များလှပြီ ။ ဗေဒင်ယတြာ ကိစ္စ ရော ၊ စုန်းတင် ၊ နတ်တင် ဆိုတဲ့ ကိစ္စ ရော အများကြီး ... အများကြီး လုပ်ခဲ့ ပြီးပြီ ။
ဘယ်နည်းနဲ့ ပဲ ဖြစ်ဖြစ် ကု ရင် ပို ဆိုး လာ တတ်တယ် ။ မကုဘဲ ထား ရင် ပျောက် တော့ မပျောက်ဘူး ။ ဒါပေမယ့် ကြီး မလာ ၊ ကျယ် မလာဘူး ။
အဲ ... ဟို ပတ္တမြားလက်စွပ် က ပတ္တမြားလေး အရွယ်လောက်မှာ တန့် ခံ နေတတ်တယ် ။
ဒီလိုနဲ့ ပဲ ခု နောက်ပိုင်း မှာ တော့ ကျုပ် ကု လည်း မကုရဲတော့ဘူး ။ အလွန်ဆုံး ဝမ်းနုတ်ဆေးလေး ဘာ လေး စားပြီး တတ်နိုင်သမျှ သက်သာအောင် သာ နေရတော့တာပဲ ။
အဲလို ဆိုရင် အနာကလေး က ပတ္တမြားလက်စွပ်ကလေး ဝတ်ထား သလိုပဲ နီရဲ နေတယ် ။ ကျုပ် မှာ အဲဒီ ပြဿနာ နဲ့ ငို ရ မလို ရယ် ရ မလို ဖြစ် နေတာ ကြာပါပြီ ။
အဲဒီတော့ မိန်းမချော ရဲ့လက် က ပတ္တမြားလက်စွပ် ကို မြင်မိတော့ ကျုပ် စိတ် ထဲ မှာ ထိတ်ခနဲ ဖြစ် သွားတာ လွန်သလားဗျာ ။
ကျုပ် က အဓိက အားဖြင့် လက်မှုပညာသည် တစ်ယောက် ပါ ။ ကျုပ် လက်နှစ်ဖက်စလုံး ရဲ့ သန်စွမ်း ကျန်းမာမှု ၊ ကြံ့ခိုင်တည်ငြိမ်မှု ဟာ အလွန် အရေးကြီးတယ် ။ ကျုပ် လက်သူကြွယ် ပေါ် က အနာကြောင့် ကျုပ် အလုပ်အကိုင် မှာ အများကြီး အနှောင့်အယှက် ဖြစ်ခဲ့ရတယ် ။ ဘာလေး လုပ်လိုက် လုပ်လိုက် ဒီ အနာ က တစ်မှောင့် ဖြစ် နေ တယ် ။
ဒီ အနာကလေး ရှိနေတဲ့အတွက် ကျုပ် လက်မှုပညာ ဟာ အထွတ်အထိပ် ရောက်နိုင်ဖို့ လုံးဝ မဖြစ်နိုင် တော့တာဟာ ဝမ်းနည်း စရာပဲ ။ ခဏခဏ တွေး တွေးပြီး ကြေကွဲဝမ်းနည်း ရတဲ့ အတွက် စိတ်ကူး စိတ်သန်း သိပ် ပျက်တယ် ။ အကြံအစည် တွေ လည်း ပျက်ပေါင်း များပြီ ။ ကျုပ် ပြောသလို နည်း အမျိုးမျိုး နဲ့ ကု လာ လည်း မပျောက် ၊ ပိုတောင် ဆိုး လာ တတ်သေးတယ် ။
ဒီအတိုင်း ထားလို့ က လည်း ပိုသာ ဆိုး မလာတယ် ။ ပျောက်သွား သက်သာသွား တာကတော့လည်း မဟုတ်ပြန် ။
ပတ်တီး တို့ ၊ ပလတ်စတာ တို့ ၊ ဂွမ်းစ တို့ စည်းထား ပတ်ထား မရှိတဲ့ အခါ ပတ္တမြားလက်စွပ်ကလေး ဝတ်ထားသလို ဖြစ်နေတဲ့ ကိစ္စ က ကျုပ် ဘဝကြီး တစ်ခုလုံး ကို မထီတထီ နဲ့ လှောင်ပြောင် နေတာလို ခံစား ရ တယ် ။
ဘာလိုလို နဲ့ မိုး တောင် ပြန် တိတ် သွားပြီ ။ ကား အသွားအလာ ၊ လူသူ အသွားအလာ လည်း တော် တော် စည်ကား လာပြီ ။
ဟိုဘက် အစွန် က လူ ဘာ စိတ်ကူး ပြန် သလဲ မသိဘူး ။ ကပျာကယာ နဲ့ အင်္ကျီအိတ် ထဲ က လက်ကိုင်ပဝါ ကို ဆွဲ ထုတ်လိုက်တယ် ။
အဆင်မသင့် ချင်တော့ အိတ်ထဲ က တခြား စာရွက်တို စာရွက်စ တွေ ရော ၊ ပိုက်ဆံတွေ ရော ၊ တိုလီ မုတ်စတွေရော ဝေါခနဲ အားလုံး ထွက်ကျကုန်တယ် ။ ပလက်ဖောင်း ပေါ် က တစ်ဆင့် လမ်း ပေါ် ကျ ကုန်ပြန် တော့လည်း အကုန် ပြန့်ကျဲ လွင့်စဉ် ကုန်တယ် ။
ကျုပ် လည်း ဘယ်လို ဘယ်လို ရောက် သွားသလဲ မသိဘူး ။ သူ့ ပစ္စည်းလေး တွေကို ကူညီ ကောက်ပေး ဖို့ လုပ်မိတယ် ။ အဲဒီ အချိန်မှာ မိန်းမချော က ရုတ်တရက် လမ်းတစ်ဖက် ကို ကပျာ ကယာ ကူး သွားတယ် ။
ဟို လူ ရဲ့ ပစ္စည်းလေးတွေ ကို တတ်နိုင်သမျှ ကောက်ပေးရင်း လှမ်း ကြည့် လိုက်တော့ သူ့ ကို လာကြို တဲ့ ကား ရောက် နေတာ တွေ့ရတယ် ။ မစောင့်နိုင်တော့ လို့ ပြန်တော့မယ် ထင်တယ် ။
အဲဒီ အချိန် မှာ ပဲ ကျုပ်တို့ ရှိတဲ့ ပလက်ဖောင်း ဘက် ကို ဆလွန်းကား နှစ်စီး ရှေ့ဆင့် နောက်ဆင့် ထိုး ဆိုက်လာတယ် ။ တစ်စီး က အရေပြားရောဂါပါရဂူကြီး ရဲ့ကား ပဲ ။ ဆရာကြီး ဣန္ဒြေရရ နဲ့ ဆင်း လာတယ် ။
နောက် တစ်စီး မှာ ကတော့ လေယာဉ်ကိုယ်စားလှယ်ရုံး က တာဝန်ခံ အမျိုးသမီး ရယ် ။ စာရေးမလေး ရယ် ၊ တောက်တိုမယ်ရ လျှောက်လုပ်ရတဲ့ အသားဖြူဖြူ နဲ့ လူတစ်ယောက် ရယ် ခပ်သွက်သွက် ဆင်း လာကြ တယ် ။
အဲဗျ ... အချိန် ကိုက် နေတာပဲ ။ နဝရတ်တိုက်ကြီး ရဲ့ ဥပစာတံခါးမကြီး က လည်း အထဲ က ဖွင့် လိုက် လို့ ပွင့် လာတယ် ။
ဆရာဝန်ကြီး လည်း ဝင်မယ် လုပ်ရော သူ့ အကူ နှစ်ယောက် ဖြစ်တဲ့ အမျိုးသမီး နပ်စ် နဲ့ ကွန်ပေါင်ဒါ လို လူ လည်း ဘယ်က ဘယ်လို မှန်း မသိဘူး ရောက် လာတယ် ။
ကျုပ် က မရွှေချော ရှိရာ ကို လှမ်း ကြည့် မိတယ် ။ သူ လည်း အခြေအနေ အားလုံးကို မြင်တဲ့ သဘော ပါပဲ ။ ဒီဘက်လမ်း ကို ပြန် ပြီး ကူးလာတယ် ။
လက်သူကြွယ်ကလေး တစ်ချောင်း မရှိတဲ့ ဆရာ က လည်း ကျုပ် ကို ကျေးဇူး တင်တဲ့ အကြောင်း ပြော ရင်း သူ့ ပစ္စည်း တိုလီမုတ်စတွေ ကို စစ်ရင်းဆေးရင်း အိတ်ထောင် ထဲ ကို ပြန် ထည့် နေတယ် ။
အထဲ ကို ဝင် သွားတဲ့ လူတွေ အလုပ်ခန်း အသီးသီး မှာ နေသားတကျ ဖြစ်ပါစေဦး ဆိုတဲ့ စိတ် နဲ့ ကျုပ်တို့ အထဲ ကို မဝင်ကြသေးဘဲ ခဏ လောက် စောင့် နေကြသေးတယ် ။ သင့်လောက်ပြီ ဆိုတဲ့ အချိန်ကျ မှ ကျုပ် က မရွှေချော ကို လှမ်း ကြည့် လိုက်တယ် ။ မိန်းမသား ကို ဦးစား ပေးတဲ့ သဘော ၊ မရွှေချော က လည်း ကျုပ် ကို ကျေးဇူးတင်ပါတယ် ဆိုတဲ့ အပြုံး နဲ့ ရှေ့ဆုံး က ဝင်သွားတယ် ။
ဟိုလူ က လည်း ကျုပ် ကို ဦးစားပေး တဲ့ အနေ နဲ့ ကြည့် တယ် ။
ကျုပ် က လည်း သူ့ လက်သူကြွယ်လေး မရှိတာ ကို ညှာတာတဲ့ အနေ နဲ့ သူ ပဲ ဝင်ပါ ဆိုတဲ့ သဘော လက်ပြပြီး ဦးစား ပေး လိုက်တယ် ။ ဒီလိုနဲ့ ပဲ ကျုပ် တို့ သုံးယောက် ရှေ့ဆင့် နောက်ဆင့် ဆိုသလို အထဲ ကို ဝင်ခဲ့ကြတယ် ။
အမှန်က တော့ ကျုပ်တို့ သုံးယောက်စလုံး မှာ တစ်ယောက် ကို တစ်ယောက် ဦးစားပေး ငဲ့ညှာစရာ အကြောင်း ဘာမှ မရှိပါဘူး ။
ဘာပြုလို့လဲ ဆိုတော့ တိုက်ကြီး ထဲ ရောက်ကြတဲ့ အခါမှာ မရွှေချော က အရေပြား အထူးကုဆရာကြီး ရဲ့ ဆေးခန်း ထဲ ဝင် သွားပါတယ် ။ ကျုပ် က နိုင်ငံခြားလေယာဉ်ခရီးစဉ် ကိုယ်စားလှယ် ရဲ့ ရုံးခန်း ထဲ ကို ဝင်ခဲ့ပါတယ် ။
ဟို လူ ကတော့ စန္ဒရားဆရာ အလိုရှိတယ် လို့ သတင်းစာ ထဲ မှာ ကြောငြာ ထည့် ထားတဲ့ အိမ်ရှင် ဆီ ကို အလုပ် လာ လျှောက်တာ ဖြစ်ပါတယ် ။
လက်ချောင်း ဆယ်ချောင်း နဲ့ တီး ရတဲ့ စန္ဒရား ကို ညာဘက် လက် လက်သူကြွယ်ကလေး တစ်ချောင်း ပြတ် နေ တဲ့ စန္ဒရားဆရာ ဟာ ဘယ်လိုများ လုပ်မှာပါလိမ့် ။ သူ အလုပ် မှ ရပါ့မလား ။
◾ဝင်းဖေ
📖 ရေကြည်ရေသန့် ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment