Sunday, June 2, 2024

သူတော်ငတေ နှင့် ရေပေါ်နင်းသွား အဆောင်

❝ သူတော်ငတေ နှင့် ရေပေါ်နင်းသွား အဆောင် ❞  


မိုးတွင်း ကာလ မိုးဖွားတွေ တဖွဲဖွဲ ကျ နေသော တစ်မနက် တွင် ဖြစ်သည် ။


ချောင်းနား မှ လယ်ကွင်း ထဲ တွင် လယ်တဲ နှင့် နေသူ ဦးတင်မြင့် မည် သော လယ်သမားကြီး သည် စောစောစီးစီး ပင် သူတော်ငတေ တို့ ရှိ ရာ ဘုန်းကြီးကျောင်း အောက် သို့ ရောက် လာလေသည် ။ ကွင်းကြီးရွာ က သူတော်ငတေ ဆီ တွင် ဗေဒင် ၊ ယတြာ ၊ ဆေးပညာ လာ သင် နေသော မောင်ဖြူလှ ဆို သူ ကျောင်းသားလေး ကို ရှာ မေးသည် ။ မောင်ဖြူလှ ကို တွေ့သောအခါ -


“ မင်း အမေ အသည်းအသန် ဖြစ် နေ လို့ တဲ့ ၊ မနေ့ ညနေ က မင်းတို့ ရွာသား ဦးအေးမောင်ကြီး ဟိုဘက်ကမ်း က ငါ့ ကို အော် ခေါ်ပြီး ပြောခိုင်း လိုက်တယ် ။ ဒီနေ့ မင်း အမ ဆီ ကို ဖြစ်တဲ့ နည်း နဲ့ ရောက်အောင် လာဖို့ ပြောပေးပါ တဲ့ ။ ငါ မနေ့ညနေ က လာ ပြောမ လို့ဘဲ ။ မိုး က လည်း လွှတ် သည်း ၊ မိုးလည်း ချုပ် မင်း အနေက လည်း ညကြီးမင်းကြီး ဆို တော့ သွားဖြစ် မှာ မဟုတ်လို့ ခု မနက် မှ လာ ပြောရတာ ၊ အဲဒါ မင်း အမေ ဆီ ကို ပြန် ဖြစ်အောင် မြန်မြန် ပြန် လိုက် နော် ကလေး ။ မင်း တို့ မှာ ဒီ သား နဲ့ ဒီ အမေ ပဲ ရှိတယ် လို့ ဦးအေးမောင်ကြီး က အတန်တန် ဟိုဘက်ကမ်း က အော် ပြော သွားတယ် ။ မင်း အမေ က မင်း ကို တတွတ်တွတ် မေး နေတယ် တဲ့ ကလေး ။ မြန်မြန်သာ ပြန်လိုက်နော် ” 


သူ့ အမေ လာ တိုင်း ကို လာ ပြောသူ ဦးတင်မြင့်


“ ဟုတ်ကဲ့ ၊ ကျေးဇူး တင်ပါတယ် ဘဘ ” 


ဟု ပင် ပြော ရန် သတိ မရတော့ သည့် မောင်ဖြူလှလေး က ချက်ချင်း ဟီးချ ငိုလိုက်သည် ။


ယခု သူ့ ကျောင်း လာ နေသော ယာတောင်ရွာ နှင့် မောင်ဖြူလှလေး တို့ ၏ ကွင်းကြီးရွာ မှာ ခြေကျင် နာရီဝက် ခရီး နီးနီး ရှိသည် ။ ယာတောင်ရွာ ကြား နှင့် ကွင်းကြီးရွာ ကြား တွင် လယ်ကွင်းကြီးများ နှင့် မိုးတွင်း ဆိုလျှင် တောင်ကျရေ အစီး ကြမ်း သော ချောင်း တစ်ချောင်း လည်း ရှိသည် ။ ထို ချောင်း မှာ ခြေလှမ်း နှစ်ဆယ် ကျော် သုံးဆယ် ခန့် သာ ကျယ် သော် လည်း မိုးတွင်း ဆိုလျှင် ခြေကျင် လျှောက် သွား ၍ မရ ။ 


အထူးသဖြင့် ရိုးမ တွင် မိုး ညို နေ လျှင် ၊ မိုးသားများ ကို လှမ်း မြင်နေရ လျှင် မည်သူမျှ ထို ချောင်း ကို ဖြတ် မကူးရဲကြ ။ ရေစီးတွေ မှာ တာတမံကြီး ကျိုးကျ လာသလို ရေစီး အလွန်ကြမ်း သည် ။ များသောအားဖြင့် မိုးတွင်း ဆို လျှင် ချောင်း ထဲ တွင် လူကြီး တစ်ရပ် ကျော်ကျော် ရေ က အမြဲ ရှိ နေ သဖြင့် ဝါးပိုးဝါးကြီး နှစ်လုံး သုံးလုံး ကို ပူးချည် ကွပ်ညှပ် ကာ တံတား တစ်ခု ထိုးထား ကြသည် ။ မိုးတွင်း ဆို လျှင် ထို တံတား မှ ပင် ဟိုရွာ သည်ရွာ ကူးလူး သွားလာ လေ့ ရှိကြသည် ။


ဦးတင်မြင့် လာ ပြော သွား၍ သူ့ အမေ အသည်းအသန် ဖြစ်နေမှန်း သိ သွား သော မောင်ဖြူလှလေး သည် ချက်ချင်း ငိုယို ကာ မိမိ ရွာ သို့ ပြန်ခွင့် ပြုပါရန် သူတော်ငတေ ကို လျှောက် သည် ။ သူတော်ငတေ က လည်း 


“ အေး ၊ သွားလိုက်ပေါ့ မင်း အမေ အသည်းအသန် ဖြစ်နေတယ် ဆိုတော့ ဘဘ လည်း ဆေး ပေး လိုက် မယ် ။ ခု မိုးတွင်း အေးတဲ့ရာသီ ဆို တော့ ဒီဆေး က ဘယ် ရောဂါမျိုး မဆို တည့်တတ်ပါတယ် ” 


ဟု ပြောကာ သောက်ဆေး တစ်ထုပ် လည်း ပေး လိုက်လေသည် ။ 


ဤသို့နှင့် မောင်ဖြူလှလေး သည် မိုးဖွားများ ကျ နေသော မနက် မှာ သူ့ အမေ ရှိရာ မိမိ ရွာ သို့ ပြန်ရန် ခမောက်ကလေး ဆောင်း ပြီး ကျောင်း က ထွက် လာ လေသည် ။


မောင်ဖြူလှလေး မှာ ငယ်ငယ် က ပင် အဖေ ရှိသူ မဟုတ် ။ ဤ အမေ ကို ပင် အဖေချစ် ၊ အမေချစ် ချစ်လာရ သူ ဖြစ် လေသည် ။ သူ့ အမေ မှာ လည်း ဤ သားကလေး တစ်ယောက် သာ ရှိလေရာ ဤ သားကလေး ကို အသည်း ပေါက် မတတ် ချစ် ရှာသည် ။ ထို့ကြောင့်လည်း ဤ သားလေး တစ်မျက်နှာ မှာ သူ့ အတွက် ကမ္ဘာကြီး တစ်ခု ပမာပင် ။ သူ့ မှာ ဆင်းရဲနွမ်းပါး ရှာသူ ဖြစ် သဖြင့် မိုးတွင်း ဆို လျှင် ကောက်စိုက် အငှား လိုက် ရပြီး နွေ ဆို လျှင် ထင်းခုတ် ၊ ထင်းတိုက် အလုပ် ကို ပင် ယောက်ျားကြီးများ နှင့်

ရင်ပေါင်တန်း ယှဉ် လုပ် နေရ ရှာသည် ။


ဤသို့ ပင်ပန်းကြီးစွာ သားလေး ကို ရှာဖွေ လုပ်ကိုင် ကျွေးမွေး လာခဲ့ရာ မှ ဆယ့်တစ်နှစ် နှစ်နှစ် အရွယ်လေး ရလာ သော သား က တခြား လယ်သမား သားသမီးများ နည်း တူ သူတို့ ရွာနီးချုပ်စပ် တစ်ဝိုက် ၌ နာမည်ကြီးနေသော ယာတောင်ရွာ က သူတော်ငတေ ထံ ၌ ဗေဒင် ၊ ယတြာ ၊ ဆေးပညာ သင်ရန် သွားကြ သောအခါ သူ့ သား ကလည်း အများနည်းတူ သွားချင်ကြောင်း ပြောလာသည် ။


ဤသည် ကို မောင်ဖြူလှလေး အမေ က အလို ကို လိုက်၍ ဆေးဆရာ ၊ ဗေဒင် ၊ ယတြာပညာ တတ်အောင် ဟူသော သဘော နှင့် သူ က သာ ပင်ပန်းအဆင်းရဲ ခံပြီး

မိစုံဖစုံ သားသမီးများ နည်းတူ သူတော် ငတေ ထံ ၌ ပညာ သင်ရန် အပ်နှံခဲ့ခြင်း

ဖြစ်လေသည် ။ သူတော်တေ ထံ ၌ သူ့ သား ပညာသင် နေခဲ့၍ တစ်နှစ် ကျော်

အကြာ ယခု မိုးတွင်း ကာလ ၌ အလုပ် ပင်ပန်း ဒဏ် ၊ အအေးမိသော ဒဏ် နှင့် သေကောင်ပေါင်းလဲ ဖြစ်ပြီး အိပ်ရာ က မထနိုင်သော အခါ မှာ တော့ တစ်ဦး တည်း သော သားကို မြင်ချင်တွေ့ချင် အနားတွင် ရှိနေစေ ချင် သဖြင့် အိမ်နီးနားပါးများ အား ခေါ်ပေးကြပါ ရန် ငိုယို၍ တောင်းပန် နေသည် ။


အိမ်နီး နား ရှိ ရပ်ဆွေရပ်မျိုး တစ်ယောက် က ယာတောင်ရွာ ရှိ သူတော် ငတေ ဆီ ၌ ပညာသွား သင် နေသော မောင်ဖြူလှလေး ကို ခေါ်ရန် သွား သော အခါ ည တုန်း က မိုးကြီး ရေပေါက် သဖြင့် ခနော်နီခနော် နဲ့ ထိုး ထား ကြသော ဝါးတံတား မှာ ဘယ် အချိန် က ပင် ချောင်းရေ ထဲ ပါ သွား သည် မသိ သဖြင့် ချောင်း ကို လည်း မကူးနိုင်ဖြစ်ကာ တံတား ရှိရာ ချောင်း နား မှ ရွာ သို့ ပြန် လာရသည် ။ 


သို့သော် လူမမာ က လည်း သူ့ သား အား ခေါ်ပေးကြပါရန် တတွတ်တွတ် တောင်းပန် နေသော အခါ ဘယ်လို လုပ်ကြရမည်နည်း ဟု ဝိုင်းဝန်း၍ အကြံဉာဏ် ထုတ်ကြသည် ။ ထိုအခါ သူတို့ ရွာသား ဦးတင်မြင့် မှာ ချောင်းနား လယ် တဲ တွင် နေသူ ဖြစ်သဖြင့်

ချောင်း တစ်ဖက်ကမ်း ရှိ ယာတောင် ရွာသား ဦးအေးမောင်ကြီး ဆီ အော် ခေါ် ပြော ခိုင်း လျှင် ကြားနိုင် သိနိုင်သည် ကို သတိ ရကြသည် ။ ယခု ရွာ နေသော မိုး နှင့် ရေကြီး နေသော ချောင်း မှာ မနက်ဖြန် မနက် ဆိုလျှင် မိုး စဲ ၍ ရေစီး လျော့ သွားနိုင်သည် ။ မနက် ရေစီး လျော့ သွားလျှင် သူ့ အမေ အသည်းအသန် ဖြစ် နေသော မောင် ဖြူလှလေး မနက် စောစော လာ နိုင် မည် ဟူသော ရည်ရွယ်ချက် နှင့် သတင်းစကား ပါးခဲ့ကြခြင်း ဖြစ်လေသည် ။


သို့သော် မိုး ကား ည က တစ်ညလုံး သဲကြီးမဲကြီး ရွာ သွား လေရာ ဤ နေ့ မနက် မောင်ဖြူလှလေး တံတား နား ရောက်လာသော အခါ တံတား ကို လည်း ရှာ မကွေ့ ၊ မိုးရေတွေ က လည်း ဒလဟော စီးဆင်း နေရာ ဘယ်လိုမှ ချောင်း ကို ဖြတ်ကူး နိုင် ရန် အခြေအနေ မရှိ ၍ မိခင်ကြီး ကို တွေ့ လို ၊ မြင်လို လွမ်းဆွေးသောက စိတ် နှင့် ငိုယိုပြီး သာ ပြန်လာရ လေသည် ။ 


သူ့ အမေ ကို တွေ့ရန် ငိုယို ပြီး ထွက်လာသော မောင်ဖြူလှလေး သည် ကျောင်း သို့ ပြန် ရောက်လာပြီး သူတော်ငတေ ကို သွား လျှောက်လေသည် ။


“ ဘဘ ၊ ဘဘ ပေး လိုက်တဲ့ ဆေး ကို အမေ သောက် ရရင် ရောဂါ ပျောက်မယ် လို့ ကျွန်တော် ယုံကြည်ပါတယ် ။ ခု အမေ့ ကို ဆေးပေး ဖို့ သွားတော့ ည က ရွာ သွား တဲ့ မိုးရေ တိုက်ချ သွား လို့ ချောင်းကူးတံတား လည်း မရှိတော့ဘူး ။ ရေစီး လည်း ဒလဟော ကြမ်း နေတယ် ။ ကျွန်တော့် လို အရွယ် မပြောနဲ့ လူကြီးတွေ တောင် လက်ပစ် ကူး ရင် မျောပါ သေသွား နိုင် ပါတယ် ။ ကျွန်တော့် အမေ သိပ် ကံဆိုး

ပါတယ် ဘဘ ၊ ဟီး .. ဟီး ” 


သူ့ တပည့် မောင်ဖြူလှလေး က သူ့ ရှေ့ လာ ငို နေသောအခါ သူတော်ငတေ မှာ လည်း သူတို့ သားမိ နှစ်ယောက် ၏ ကြီးမားသော မေတ္တာ ကို တွေး မိကာ မျက်ရည် ဝဲ လာပြီး မောင်ဖြူလှလေး ကို ငုံ့ကြည့် နေသည် ။


“ ဟင် အဘ ၊ မေမေ့ ကို တွေ့ ရအောင် ကျွန်တော် ဘယ်လို လုပ်ရမလဲ ၊ ကျွန်တော့် ကို မတွေ့ရဘဲ အမေ သေ သွားရင် ဟီး .. ဟီး. . ဟင်း .. ဟင်း သား လည်း အမေ့ ကို ဒီ တစ်သက် တွေ့ရမှာ မဟုတ် ... ဟီး ... ဟီး ” 


မတ်တတ် ရပ် နေသော သူ့ ခြေသလုံး ကို လာ ဖက် ငိုနေသော မောင်ဖြူလှလေး ကို ငုံ့ ကြည့်ကာ သူတော်ငတေ မှာ အကြံ အိုက်ပြီး ခေါင်း ကုတ် လိုက်သည် ။


“ အေး ၊ ချောင်းရေ က လည်း ဒီလောက် ကြီးနေတော့ ဘဘ လည်း မကြံတတ်ပါလားကွယ် ။ ဘယ်လို လုပ် ပြီး မင်းတို့ သားအမိ တွေ့ရ .. ” 


“ ဟီး .... ဟီး ... ဒီအတိုင်း ဆို ရင် ရေပေါ် နင်းသွား နိုင် မှ အမေ နဲ့ တွေ့ရ တော့မယ် ဘဘ ၊ ဟီး ... ” 


သူ့ ဆရာ သူတော်ငတေ ၏ စကား မဆုံးမီပင် မောင်ဖြူလှလေး က “ ဒီအတိုင်း ဆိုရင် ရေပေါ် နင်း သွားနိုင် မှ အမေ နဲ့ တွေ့နိုင်တော့မယ် ” ဟူသော စကား ကို ကြားလိုက်ရသော အခါ သူတော်ငတေ သည် ဘယ်လို ဖြစ်သွား သည် မသိ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လှုပ် သွားသည် ။ ပြီးတော့ သူ ၏ ပင်ကိုဖြူ မျက်လုံးအစုံ ကို ပိုပြီး ပြူး ကြည့်ကာ 


“ ဟင် ရေပေါ်နင်းသွား နိုင် ရင် နှင့် အမေ နဲ့ တွေ့ရမယ် ဟုတ်လား ”   


ဟု တုန်တုန်ယင်ယင် အသံကြီး နှင့် အော်ငေါက် သလို မေး လိုက်သည် ။ 


“ ဟီး မှန်ပါတယ် ဘဘ ၊ ဒီအတိုင်း ဆို ရင် ကျွန်တော် ရေပေါ်နင်းသွား နိုင်မှ မေမေ နဲ့ တွေ့ တွေ့ရတော့မယ် .. ဟီး ”  


“ ဟဲ့ ဟဲ့ ဘဘ သတိရပြီ ၊ မငို နဲ့ မငို နဲ့ ၊ နင့် ကို ဘဘ ရေပေါ်နင်းသွား နိုင် တဲ့ အဆောင်လက်ဖွဲ့ တစ်ခု ပေးလိုက်ပါ့မယ်ကွယ် ၊ တိတ်တိတ် ၊ မငိုနဲ့ တော့ ”  


“ ဟင် တကယ်လား ဘဘ ”  

ဟူသော မောင်ဖြူ လှလေး စကားမ ဆုံးမီပင် သူတော်ငတေ သည် သူ့ ဖိုရုံ ထဲ

ကမန်းကတန်း ဝင် ပြေး သွား၏ ။ ခဏ အကြာ မှာ သူတော်ငတေ ပြန် ထွက် လာသည် ။


အငို ကောင်းစွာ မရပ်သေးဘဲ ရှိုက် နေသော မောင်ဖြူလှလေး က သူတော်ငတေ ကို ခေါင်းမော့ ကြည့် နေ စဉ် သူတော်ငတေ သည် သူ့ လက် ထဲ ပါ လာသော ကြိုး တစ်ပင် ကို မောင်ဖြူလှလေး လည်ပင်း ၌ စွပ် ပေးလိုက်၏ ။ 


သူ့ ဆရာငတေ စွပ် ပေးလိုက်သော ကြိုး ကို မောင်ဖြူလှလေး စမ်း ကြည့် လိုက် ရာ ကြိုး တွင် လိပ်ပတ် ထား သော ငွေပြားပါးလေး တစ်ခု ကို စမ်း မိ သွားသည် ။ ဤသည် ကို သူတော်ငတေ က -


“ ဟဲ ၊ ဘာစမ်း ကြည့်နေတာလဲ ၊ အဲဒါ နင် ရေပေါ် နင်းသွား နိုင်တဲ့ အဆောင် ပဲ ။ နောက်ထပ် စမ်း မကြည့်နဲ့ ၊ ဘယ်သူ့ မှလဲ ပေးကိုင် မကြည့်စေနဲ့ ။ ကဲ သွားတော့ နင့် အမေ နဲ့ တွေ့ရလိမ့် မယ် ။ သွားဆို မြန်မြန် သွားစမ်း ။ လုံးဝ ကို ကိုင် မကြည့်ရဘူးနော် ”  


သူတော်ငတေ စကား ဆုံးသည် နှင့် မောင်ဖြူလှလေး သည် သူတော်ငတေ ကို ပုဆိန်ပေါက် ဦးသုံးကြိမ် ချကာ ကျောင်း မှ ပြေးထွက် လာလေသည် ။ 


မောင်ဖြူလှလေး ၏ စိတ် ထဲ မှာ သူ့ အမေ ကို တွေ့လိုစိတ် နှင့် ယခင် မိမိ ရွာ ၌ နေခဲ့စဉ်က အမေ ပြောသော စကား ၊ အမေ ၏ ယုယကြင်နာမှု ၊ သူများတွေ သူတော်ငတေ ထံ ပညာ သင် သွားကြတော့မည် ဆိုသော အခါ သူ က လည်း သူတော်ငတေ ထံ ပညာသင် သွား လိုကြောင်း သူ့ အမေ အား ပြောသော စကား ။


သူ့ အမေ က သူ့ အား -


“ ပင်ပန်းရင် ပင်ပန်းပါစေ ။ ငါ့ သား ကို သူများတွေ ဆီ မှာ ကျွဲကျောင်း ၊ နွားကျောင်းလည်း အမေ မခိုင်းရက် ပါဘူး ကွယ် ။ အမေသာ ကောက်စိုက် ၊ ပျိုးနုတ် ၊ ထင်းခုတ ထင်းတိုက် အငှား လိုက်မယ် ငါ့ သား ကြီးလာတဲ့ အခါမှာ အမေ့ လို သူများ ကူလီ မဖြစ်ရအောင် သား ကို အမေ ၊ သူတော်ငတေ ဆီ ကိုယ်တိုင် သွား အပ်ပေးမယ် စိတ်ချ ၊ ငါ့ သား ဆေးဆရာကြီး ဖြစ်လာတာ ကို အမေ မြင်ပါရစေ ။ ငါ့ သား ဆေးဆရာကြီး ဖြစ် လာရင် အမေ အပင်ပန်းခံရကျိုး နပ်ပါပြီ သားရယ် ” 


“ သား အမေ ”  ဟူသော သူ့ အမေ ၏ အပြော ကို တစ်လမ်းလုံး တွေးတော ကာ သူ့ အမေ အသံ ကို ပါ မောင်ဖြူလှလေး က ကြားနေရ သလိုပင် ၊ မောင်ဖြူလှလေးသည် တစ်လမ်းလုံး သူ့ အမေ အကြောင်း က လွဲပြီး တခြား ဘာ ဆို ဘာမှ မတွေးမိဘဲ လျှောက်လာသည် ။


မောင်ဖြူလှလေး သည် သူ့ အမေ အကြောင်း ကို မည်မျှ ထိ တွေးတော လာသနည်း ဟူ မူ သူ့ ဆရာ သူတော် ငတေ က ရေပေါ်နင်းသွား နိုင်သော အဆောင် ပေးလိုက်သည် ကို ပင် လုံးဝ သတိ မရ ။ သူ့ စိတ် ထဲ မှာ သူ့ အမေ အကြောင်း က လွဲ လျှင် ဘာမှ မရှိ ၊ ဘာ မှ မတွေးဘဲ လာ လေရာ -


“ ဟင် မောင်ဖြူလှ မဟုတ်လား ။ ဟောတော့ ဒီလောက် ချောင်းရေတွေ ကြီး လို့ တံတား တောင် မနေ့ ညနေ က ပဲ ချောင်းရေ ထဲ မျောပါ သွားပြီ ဥစ္စာ ။ ကြားသားမိုးကြိုး ဒီ ကလေး ဘယ်လို လုပ် ယာတောင်ရွာ က ကိုယ့် ရွာ ကို ရောက်လာပါလိမ့် ၊ မြတ်စွာဘုရား ” ဟု မိန်းမကြီး တစ်ယောက် နှင့် ရွာ ဝင် ဝ တွင် ရင်ဆိုင် တွေ့ကြပြီး ထို မိန်းမကြီး က အော်ပြော လိုက်တော့ မှ မောင်ဖြူလှ မှာ လည်း လန့်ဖျပ် သတိရ သွားသည် ။ မိန်းမကြီး ပြော သလို သူ တကယ် မိမိ ရွာ ကို ရောက် နေပြီ ဆိုတာ သိ လိုက်ရသည် ။ ထို မိန်းမကြီး က ပင်


“ ဟဲ့ ကလေး ရယ် မသေကောင်း မပျောက်ကောင်း ၊ ချောင်းရေ ဒီလောက် ကြီးတာ နင့် အမေ ကို တွေ့လို စိတ် နဲ့ လူလေး ချောင်း ကို များ လက်ပစ်ကူး လာ မှန်းစမ်း ၊ နင့် အဝတ် တွေ လည်း မစိုကြပါလား ။ ဘယ်လို လုပ် ကိုယ့် ရွာ ကို ရောက်လာပါလိမ့် ။ မနေ့ ညနေ က လူကြီးတွေ တောင် မကူးရဲကြ လို့ ချောင်းနား က တင်မြင့် ကို အော် ပြော ခိုင်းလိုက်ကြရတာ ။ နင် ... နင် လူလေး ဘယ်လိုများ ချောင်းရေ ကူး လာပါလိမ့် ” 


ထိုမိန်းမကြီး အံ့ဩတကြီး မေး ပြောပြောနေသည်ကို မောင်ဖြူလှ လေးကမူ တစ်ချက်သာ ခဏတွေ သွားပြီး ချက်ချင်း သူ့အမေရှိရာ အိမ် သို့ ပြေးလာသည် ။


အိမ် ပေါ် ပြေး တက်လာသော မောင်ဖြူလှလေး အား လမ်း မှာ တွေ့ခဲ့ရသော မိန်းမကြီး က အံ့ဖွယ်သရဲ ဖြစ် ကျန်ခဲ့ သလို သူ့ အမေ အား လူနာစောင့် ပြုစု နေကြသော ရွာသူ ရပ်ဆွေရပ်မျိုး ဒေါ်ကြီး ၊ ဒေါ်လေး နှစ်ယောက် နှင့် ဦးဖေအောင် ဆိုသော မောင်ဖြူလှလေး ၏ ဝမ်းကွဲ ဦးကြီး တစ်ယောက် က လည်း အံ့ဩတကြီး ဖြစ် သွားကြသည် ။


မောင်ဖြူလှလေး မှာ မည်သူ့ ကို မျှ စကား ပြန် မပြောနိုင် ။ သူ့ အမေ ကို သာ ချက်ချင်း ပြေးဖ က်ကာ - 


“ အမေ ကျွန်တော် ရောက် လာပြီ ။ သား ရောက်လာပြီး ၊ အမေ မသေစေရ ဘူး ၊ သား မှာ ဘဘ ဦးသူတော် ပေး လိုက်တဲ့ ဆေး ပါတယ် ။ အမေ သောက် လိုက်ပါဦး ” 


ဟု ပြော ကာ သူ့ အမေ ကို ဖက် ထား ရာ က ဆေး ဖျော်၍ ချက်ချင်း ထ ထိုင် ခိုင်းကာ ဆေးတိုက် ပြန်သည် ။ 


မိခင်ကြီး အား ချစ်မြတ်နိုးလွန်း သော သား ၏ မေတ္တာ နှင့် သား အပေါ် ချစ်ခြင်း ကရုဏာ ကြီးမားလွန်းသော မိခင်ကြီး ၏ မေတ္တာ ကြောင့် လား ၊ သူတော်ငတေ ၏ ဆေးစွမ်း ကြောင့် လား တော့ မသိ ။ မောင်ဖြူလှလေး ၏ အမေ မှာ ချက်ချင်း ဆို သလိုပင် သတိ ရ ၍ သူ့ သား ကို တအား ဖက် ကာ စကား ပြော လာ နိုင်လေသည် ။ လူ တွေ မှာ သူတို့ သားအမိ ၏ အဖြစ်အပျက် ကို ကြည့် ပြီး အားလုံး အံ့ဩစရာတွေ ချည်း ဖြစ် ကုန်ကြသည် ။


အထူးသဖြင့် လူကြီးတွေ ပင် ဘယ်လို မှ မကူးဝံ့ မကူးနိုင် ကြသော ချောင်း ကို မောင်ဖြူလှလေး ကူးလာ သည် ကို စိတ်ဝင်စား ၍ မေး ကြရာ မောင်ဖြူလှလေး က လည်း သူ ချောင်း ကို ဘယ်လို ဘယ်လို ကူး လာမှန်း လုံး သတိ မရခဲ့ ။ ရွာ ဝင် ရောက် ၍ မိန်းမကြီး တစ်ယောက် က အော် ပြော လိုက်တော့ မှ သူ့ ရွာ ကို ရောက် လာ မှန်း သတိရ ကြောင်း ပြော ပြသည် ။ 


ထို့နောက် မှာ သူ့ အမေအား နေထိုင် မကောင်း ဖြစ်စ က ပင် စောင့်ရှောက် ပြုစုနေသော ဝမ်းကွဲဘကြီး ဦးဖေအောင် က ည ကျ ၍ ဘယ်လူ မှ မရှိ တော့ သဖြင့် မောင်ဖြူလှလေး ကို မေး သော အခါ မောင်ဖြူလှလေး က ရေပေါ် နင်း သွား နိုင်သောအဆောင် လက်ဖွဲ့ ကို သူ့ ဆရာငတေ က ပေး လိုက်ကြောင်း နှင့် အဖြစ်အပျက် ကို ပြောပြလိုက်လေသည် ။ ထိုအခါ သူ့ ဘကြီး ဦးဖေအောင် က မင်း လက်ဖွဲ့ ကို ခဏ ကြည့် ရအောင် ဟု တောင်း၏ ။ မောင်ဖြူလှလေး က မည်သူ့ ကို မျှ ပေး မကိုင်ကြည့် ခိုင်း ရန် သူ့ ဆရာငတေ က မှာကြား လိုက် ကြောင်း ပြောပြီး ကိုင် မကြည့်ခိုင်းပေ ။


ထိုအခါ သူတော်ငတေ ပေး လိုက်သော လက်ဖွဲ့ငွေပြား တွင် မည်သို့သော အစီအမံ အင်းအိုင်ခါးလှည့် ပါသည် ကို သိချင် လိုချင် လှ သော ဦးဖေအောင် သည် အကြံအစည် နှင့် မောင်ဖြူလှလေး ည အိပ်ပျော် သော အချိန် ကို အိပ်ယောင် ဆောင်ပြီး စောင့် နေသည် ။


သူ့ အမေ က လည်း သက်သာ သွား သဖြင့် စိတ်လက် ပေါ့ပါး သွားသော မောင်ဖြူလှလေး အိပ်မောကျ နေချိန် တွင် ကြိုးခေါက် နှင့် ချည်စွပ် ၍ ကမန်းကတန်း ပေးလိုက်သော မောင်ဖြူလှလေး ၏ လည်ပင်း က သူတော်ငတေ ၏ လက်ဖွဲ့ ကို ဖြုတ်သည် ။ ပြီးတော့ မည်သို့သော ဂါထာ ၊ မည်သို့ သော အင်းအိုင် အစီအမံတွေ နှင့် လုပ်

ပေး လိုက်ပါလိမ့် ဟု လက်မ ၏ လက်သည်းခွံ သာသာ ငွေပြားလေး ကို ကြည့်သည် ။


ရေပေါ် နင်းသွား ဂါထာ အဖြစ် သူတော်ငတေ ငွေပြား တွင် ရေး ပေး လိုက်သော ဂါထာ ကို ဖတ်မိသော အခါ ဦးဖေအောင် မှာ မျက်လုံး ပြူး သွားလေ သည် ။ မောင်ဖြူလှလေး အား ရေပေါ် နင်းသွား နိုင်သော ဂါထာ ဟု သူတော်ငတေ ရေး ပေးလိုက်သော ဂါထာ မှာ - “ ဥုံဖွ အရူး ၊ မင်းတို့ အမျိုး မှာ ရေပေါ် နင်းသွား နိုင်တယ် ဆိုတာ ကြားဖူးလို့လား သွားဟ ၊ သွားဟ ” 


ဒါပဲ ဖြစ်လေသည် ။


သို့သော် ဦးရွှေအောင် သည် ထို ဂါထာ ကို ကူးယူ ပြီး အနေအထား မပျက် မောင်ဖြူလှလေး ၏ လည်ပင်း ပြန် ဆွဲ ပေးထားသည် ။ မောင်ဖြူလှလေး မသိအောင် သူတော်ငတေ အဆောင်အ တိုင်း ပြုလုပ် ကာ ရေပေါ် သွား နင်းကြည့်ရာ ရေနစ် ၍ မသေ တာ ပင် ကံကောင်း ဟု နောက်ပိုင်း တွင် ပြော ပြလေသည် ။ 


မောင်ဖြူလှလေး လည်း သူ့ အမေ နေထိုင် ကောင်း သွား၍ သူတော်ငတေ ဆီအ ပြန်တွင် ချောင်းရေ စမ်း နင်း ကြည့် ရာ တစ်ကိုယ်လုံး ရေ စို ၍ ရေကူးတတ်သူ ပီပီ ချောင်း ကို လက်ပစ်ကူး ပြန် လာ ရလေသည် ။ သူတော်ငတေ ၏ လက်ဖွဲ့ ကား ဘာမှ မစွမ်း တော့ ။


◾ စာကြွင်း


ဤ အဖြစ်အပျက် ကို ကျွန်ုပ် တို့ ရွာ ရှိ လူကြီးများ သည် ယနေ့ တိုင် သက်ကြီးစကား သက်ငယ်ကြား ပြောဆို လျက် ပင် ရှိကြသေးသည် ။ 


ဤ အဖြစ်အပျက် မှာ အမှန် တကယ် ဖြစ်ခဲ့သည် မို့ မောင်ဖြူလှလေး တို့ သားအမိ မေတ္တာဓာတ် ကြီးမား ၍ လား ၊ သူတော်ငတေ ၏ လက်ဖွဲ့  က ပဲ စွမ်းလေသလား ဆိုသည် ကို မူ စာဖတ်သူများ သာ ဆုံးဖြတ်ကြပါကုန် ။


◾ဝေယံလင်းခေါင်


📖 သူတော်ငတေ ၏ ပိတုန်းတစ်ထောင် နှင့် အခြားဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

 

No comments:

Post a Comment