❝ ခွေးလေး တစ်ကောင် ဖမ်းမိတယ် ❞
“ သမီး ညည်း ဟယ် ဒီ မည်းတူး စုတ်ပြတ် နေတဲ့ ခွေး ကို ဘယ် က ခေါ်လာတာတုံး ။ နောက်ပြီး အမကြီး ”
“ အမေ က လည်း အဲဒီ ယောက်ျား ၊ မိန်းမ ခွဲခြားတဲ့ ဟာတွေ ဒီ ခေတ်ကြီး မှာ မရှိသင့်တော့ပါဘူး ”
“ ဟဲ့ စုမေ ငါ ပြောချင်တာ ဒီ ခွေး အစုတ်အပဲ့ ကို မမွေးချင်ဘူး လို့ ပြောတာ ဒါပဲ ”
“ မရတော့ဘူး အမေ ၊ မွေး ကို မွေးမှ ရတော့မှာ ။ သမီး ကတိ ပေးခဲ့ပြီ ”
ခပ်မြန်မြန် စကား ဖြတ်ပြီး အမေ့ နား က ပြေးထွက် လာ ခဲ့သည် ။ အမေ ပြောမှ ပဲ ဒီ ခွေးလေး ကို ဘယ်လို နာမည် ပေးရမလဲ စဉ်းစား မိ သွား၏ ။ မဲတူ ... မဲတူ ဆိုတာ သူ နှင့် အလိုက်ဖက်ဆုံး နာမည် ပင် ။ မဲတူလေး ကို သေချာ မွေး ရမည် ။ ကျွေး ရမည် ။ အမေ ပြော လည်း ပြောချင်စရာ ပင် ။ မဲတူ ၏ အမွေးများ က အမည်းရောင် နက်နက် မဟုတ်ဘဲ မွဲတေ နေသော အမည်းရောင် မျိုး ပင် ။ မွဲ နေသော အရောင် နှင့် အတူ သေးကွေးပိန်လှီ လှသော မဲတူ ၏ အသွင်အပြင် က တစ်စက် မှ နှစ်လိုဖွယ်ရာ မရှိ ။
မည်သို့ပင် ဖြစ်စေ သူ က တော့ ဈေးကြီးပေ့ ဆိုသော ခွေးတွေ ကဲ့သို့ မွေးမည် ၊ ကျွေးမည် ဟု ဆုံးဖြတ် ထားသည် ။
••••• ••••• •••••
“ မဲတူ ရေ ၊ သမီးလေး ”
"ဟဲ့ စုမေ အဲဒီ ခွေး ငါ ကြည့် ရတာ မဟုတ်ဘူးနော် ။ ပို ကြည့် မရအောင် မလုပ်နဲ့ ”
“ အမေ က လည်း မဲတူလေး က ဘာ လုပ်လို့လဲလို့ ”
“ ဘာ လု ပ် ရမှာလဲ အသွေးအမွေး နဲ့ လိုက် လည်း လိုက်တယ် ။ စည်း မရှိ ကမ်း မရှိ တွေ့ကရာ နေရာ ချေး ပါ သေး ပေါက် နဲ့ ”
“ အမေ ရယ် ၂၁ ရာစု ကို ရောက်လာပါပြီ အသားအရောင် ခွဲခြားတာ မရှိသင့် တော့ဘူး ။ ဘောလုံးသမား တစ်ယောက် တောင် အသားအရောင် ခွဲခြားလို့ ဆိုပြီး ဘောလုံးအဖွဲ့ချုပ် ရဲ့ အပြစ် ပေး ခံ သေးတယ် မဟုတ်လား ”
အမေ့ မျက်နှာ ရှုံ့မဲ့ သွား ၏ ။ ပြော မရ မှန်း သိ သဖြင့် မျက်စောင်း သာ အခါခါ ထိုး နေတော့သည် ။ တစ်အိမ်လုံး နှင့် ဆန့်ကျင်၍ မဲတူ ကို ချစ် ရသည် ။ ကာကွယ် ရသည် ။ စောင့်ရှောက် ရသည် ။ အမေ ပြော လည်း ပြောချင် စရာပင် ။ မဲတူလေး က အတော့် ကို ဆိုးသည် ။ ညစ်ပတ်သည် ။ သို့သော်လည်း မဲတူလေး ကောင်းကောင်းမွန်မွန် ကြီးပြင်း လာဖို့ က သူ့ မှာ တာဝန် အပြည့် ရှိ၏ ။
••••• ••••• •••••
“ သေတော့မယ် ဒီ ခွေး တော့ ”
ဒီ တစ်ခါတော့ အဖေ့ အသံ ။ မဲတူ ဘာ သွား လုပ် တယ်မသိ ။
“ မိစု ညည်း ခွေး တော့ ငါ လုပ်ရင် သေတော့မယ် ”
“ ဘာလို့လဲ အဖေ ”
“ ဒီမှာ ငါ့ ပုဆိုးတွေ ကိုက်ဖြဲ ထားတယ် ”
“ အဖေ ရယ် သမီး အသစ် ပြန် ဝယ် ပေးပါ့မယ်နော် ။ သူ က ကိုက်ချင် လို့ ကိုက်တာ မဟုတ်ပါဘူး ။ လေ တိုက်ပြီး ကျ လာလို့ ကိုက် လိုက် ရတာပါ ”
“ အဖေ က ပြန် ဝယ်ပေးဖို့ ပြောတာ မဟုတ်ဘူး ။ စည်းကမ်းမဲ့ လို့ ၊ အဓိပ္ပာယ် မရှိတာ ကို လုပ်လို့ ပြောနေရတာ ”
“ ဟုတ်ကဲ့ပါ အဖေ ရယ် ၊ သမီး ဒီကောင့် ကို ဆုံးမ ထားပါ့မယ် ”
အဖေ လည်း မဲတူ ကို မာန် ပါပါ ကြည့်ရင်း ထွက် သွား တော့သည် ။ မဲတူ က လည်း မဲတူ ပင် ။ သူများ ခွေး တွေ ဆို လျှင် မီးခြစ် ယူ ပေးရတာ နှင့် ၊ ပစ္စည်း ရှာ ပေးရတာ နှင့် ၊ သူ က တော့ ဒီလို မဟုတ် ။ ကျ နေသော ပုဆိုး ကို ကိုက် ပင် ကိုက် ဖြဲ လိုက်သေးသည် ။ ကောင်းရော ။
“ မဲတူ ၊ ငဆိုးမ ”
သူ ထိုကဲ့သို့ ပြောလိုက် သော အခါ မဲတူ က အဓိပ္ပာယ် ပါသော မျက်လုံးများ ဖြင့် ကြည့် နေ သလိုလို ပင် ထင်မိ လာသည် ။ မဲတူ ၏ မျက်လုံး များ ကို သူ ကြာကြာ ရင် မဆိုင်တော့ ဘဲ ထွက် သွား မိသည် ။ တကယ်တော့ မဲတူလေး ဆိုး နေတာ အားလုံး သူ့ ကြောင့် ပင် ။ သူ အလို လိုက် ထားသော ကြောင့် မဲတူ က တစ်နေ့တခြား ဆိုး လာခြင်း သာ ဖြစ်၏ ။
••••• ••••• •••••
သူတို့ မိသားစု လည်း မဲတူ ၏ ဆိုးခြင်း ၊ ပေခြင်း များ နှင့် တစ်နေ့တစ်နေ့ လုံး ချာလိုက် နေရသည် ။ အိမ် ထဲ ဝင် ၍ လည်း ချေးပါ သေးပေါက် လုပ်တတ်သေးသည် ။ အိမ် ကို လာ သော ဧည့်သည် မှန်သမျှ ကို လည်း ဆွဲမယ် တကဲကဲ ခြိမ်းခြောက် တတ်သည် ။ ထမင်း စား လျှင် လည်း အသား ပါ မှ စား၏ ။ မည်မျှပင် ဆာ နေကာ မူ သူ ကြိုက်သော အသား မပါ လျှင် မစား ။ အသေ သာ ခံသွားမည့် ပုံမျိုး ။
တစ်ခါက သူ့ ကို ကာကွယ်ဆေး ထိုးရန် တိရစ္ဆာန် ဆေးကုခန်း သို့ ရောက်သွား၏ ။ လာ သမျှ ခွေး မှန် သမျှ အကုန် အမွေးပွ ခွေးလေး တွေ ၊ ဒိုဘာမင် တွေ ၊ တယ်ရီယာ လို ခွေးတွေ ချည်း ပင် ။ မဲတူ က အားလုံး ထဲ မှ တစ်သွေးတစ်မွေး ထူး နေပြန်သည် ။ ခွေးပိုင်ရှင်တွေ က တော့ ပိုင်ရှင် သူ့ ကို ရော ၊ ခွေး ကို ပါ နှာခေါင်း ရှုံ့ ချင် နေ၏ ။ ဘယ်လို ကလေကချေ ခွေး ကို ဒီလို ဈေးကြီး သည့် ဆေးတွေ လာ ထိုး ပေး နေပါလိမ့် ဆိုသည့် အကြည့် တွေ က အထပ်ထပ် ။ ဘာပဲဖြစ်ဖြစ် ထို နေ့ က ဆေးထိုးခ သက်သာ သွားတာ တော့ အမှန်ပင် ။
မဲတူလေး ကို ကြည့် ပြီး ဆရာဝန် က ဆေးဖိုးဝါးခ လျှော့ ပေး လိုက်သည် ။ သို့ပေမဲ့ တစ်ဖက် က ပြန် ကြည့် လျှင် မဲတူလေး ကို အခြား ခွေးများ နှင့် ခွဲခြား မြင် နေသော ကြောင့် ဈေးလျှော့ ပေးလိုက်သည် ဟု ပင် စိတ် ထဲ သိပ် မခံချင်ပေ ။
“ အစ်မ ၊ ဆေး ထိုးမယ့် ခွေး က ဒီ ခွေးလား ” လို့ မေး ရလောက် အောင် ပင် မဲတူ ၏ ရူပကာ ကား ချူချာ လှသည် ။ သို့ပေမဲ့ လည်း သူတို့ ခွဲခြားတာ ကို အပြစ် မမြင်နိုင် ။ မဲတူ က လည်း မည်းလွန်း တူးလွန်း သည် ပင် ။
••••• ••••• •••••
မဲတူ နှင့် စတင် ဆုံစည်း ချိန် က မကြာသေး သလိုပင် ။ ယခု ဆိုလျှင် မဲတူ ၏ အသက် ပင် တစ်နှစ်သား ရှိနေလေပြီး မဲတူ ကား အရင် လို ပင် ဆိုးတုန်း ၊ ပေတုန်း ၊ တေတုန်း ။
“ မမစု ရေ ၊ လုပ်ပါဦး ”
အိမ်ရှေ့ မှ ကလေး တစ်ယောက် အော်သံ က သူ့ အတွေး ကို ပြတ်တောက် သွား စေ၏ ။ ကလေး တစ်ယောက် ၏ ခြေသလုံး ကို သဲကြီးမဲကြီး ကိုက်ခဲ ထားသော မဲတူ ကို တွေ့ရတော့ ဘာ လုပ်လို့ ကိုင် ရ မှန်း မသိတော့ပေ ။
“ ဟဲ့ဟဲ့ ဪ မဲတူ လွှတ်စမ်း ။ နင် သေတော့မှာပဲ လွှတ်ဆို ”
နောက်ဆုံး မတတ်နိုင် သည့် အဆုံး တွင် မဲတူ ၏ ကျောပြင် ကို ခပ်ပြင်းပြင်း ရိုက် လိုက် ရ တော့သည် ။ ထိုအခါ မဲတူ သည် သခင် ကို မှုန်တေတေ ကြည့်ပြီး အဝေး သို့ ပြေး ထွက် သွား လေ၏ ။ မဲတူ ကိုက်ပစ် လိုက်သော ကလေး ကို တစ်ဖက် မှ ဆွဲ ထားရင်း မဲတူ ဘယ်များ ထွက်သွား သလဲ ဟု မျှော်ကြည့်မိ လိုက်ရင်း က -
“ ဟဲ့ မဲတူ ၊ ဘယ် သွား မလို့လဲ ”
သူ့ ကို တစ်ချိန်လုံး ချစ်ခင် ကျွေးမွေး ဂရုစိုက် လာ သည့် သခင် ကို ပင် တစ်ချက် မျှ လှည့် မကြည့်တော့ ။
“ အဲဒီလို ခွေးမျိုး ပြန် မလာတာ တောင် နည်း သေး တယ် ။ ဘယ့်နှယ် အေ မြင်နေ ကျ လူများ ကိုက်ရတယ် လို့ ။ မဟုတ်တာ ဆို အကုန် လုပ်တဲ့ ခွေး ”
အမေ့ ရဲ့ စကားသံတွေ က သူ့ ရင် ထဲ က အပူမီး ကို ပို၍ ကျွမ်းလောင် စေလေသည် ။
မဲတူ ညနေ ကတည်း က ပင် အိမ် ပြန် မလာ ။ သူ က တော့ အချိန်တန် ပြန်လာမည် ဟု အထင် နှင့် မဲတူ ကြိုက်တတ် သော အမဲရိုး ကို ချက် ထား ကာ စောင့် နေခဲ့သည် ။ သို့သော် နောက်နေ့ မနက် အထိ မဲတူ ၏ အရိပ်အယောင် ပင် မမြင်ရ ။ ညနေစောင်း ခါ မှ ကလေး တစ်ယောက် က သတင်း ပေး လာသည် ။
“ မမစု ရေ ၊ မဲတူ ကို လမ်း မှာ တွေ့ခဲ့တယ် ”
“ ဟေ ၊ ဟုတ်လား ။ ဘယ်မှာတုံး ”
“ အမှိုက်ပုံ နား မှာ မမစု ရဲ့ ။ ဘာတွေ ရှာ စားနေတယ် မသိဘူး ”
ဪ ၊ မဲတူ ... မဲတူ ။ အိမ် မှာ နေတုန်း က တော့ ထမင်း ကို အဆီအနှစ် နှင့် နယ် ကျွေး လျှင် တောင် မစား ။ သူ ကြိုက်တာ မှ စား တတ်သည့် ခွေးမျိုး ။ အခုတော့ အမှိုက်ပုံ မှာ တောင် ရှာစား နေပါလား ။
အိမ် ပေါ် က ဆင်းသွား သည့် သားသမီး ကို ပြန်လိုက် မခေါ်သည့် မိဘ ရယ် လို့ ရှား
ပါသည်လေ ။
“ မဲတူ သမီး လေး ။ လာ လာ အိမ် ပြန်ကြမယ် ။ နောက် တစ်ခါ မရိုက်တော့ဘူးနော် ”
မဲတူ က ခပ်ပေပေ ကြည့် လို့ ။ နောက်တစ်ခါ ဆိုရင်တော့ မရဘူးနော် ။ အိမ် ကို လုံးဝ ပြန် မလာဘူး ဆိုတဲ့ အထာမျိုး နှင့် ။ ဒီလောက် ဆွဲခေါ် နေတာ တောင် အင်တင်တင် လုပ် နေတုန်း ပင် ။ တတ် လည်း တတ်နိုင်သည့် မဲတူ ။ အိမ် ပြန် ရောက် တော့ ရေ သေချာ ချိုး ပေး ရသေးသည် ။ အစား ကို လည်း သူ ကြိုက်သည့် အစာလေး ချက် ကျွေးရ၏ ။ ဒါတောင် မစား ချင် စား ချင် စားရသည် ပုံ လုပ်သေးသည် ။ တတ် လည်း တတ်နိုင်သည့် မဲတူစုတ် ။
••••• ••••• •••••
တကယ်တော့ မဲတူ နှင့် သူ ၏ ရေစက် ကား ထူးဆန်းလှသည် ။ သူ့ တစ်သက်တာ တွင် မမေ့နိုင်စရာ အဖြစ်အပျက် တစ် ခုပင် ။ အဲ ဒီနေ့ က သွားစရာ တစ်ခု ရှိလို့ ကမန်းကတန်း ကားမောင်း ထွက် လာ ခဲ့သည် ။ ကား မောင်းခါ စ ဖြစ် သဖြင့် ကား အထာ ကို သိပ် မသိသေးပေ ။ ကား ကို မနည်း ထိန်း မောင်း လာရ၏ ။ လမ်းကြိုလမ်းကြား တစ်ခု ထဲ အရောက် တွင် ဘယ်က ဘယ်လို ဖြတ် ကူးလာမှန်း မသိ သည့် ခွေး တစ်ကောင် ကို သွား တိုက် မိ၏ ။ အရှိန် က သိပ် မပြင်းပေ မဲ့ ခွေးခေါင်း ကို တစ်ခု ခု နှင့် ဆောင့် သွားပုံ ပေါ်သည် ။ ခွေး ခမျာ တစ်ချက် သာ အော်လိုက် နိုင်ပြီး သေသွား ရှာ၏ ။
သူ လည်း ကားမောင်း ခါစ တစ်ခါ မှ မဖြစ်ဖူးသော ကြောင့် လန့်ဖျပ် နေ၏ ။ ဘာ လုပ်လို့ ဘာ ကိုင်ရမှန်းမသိ ။ ခွေးအသေကြီး ကို ပဲ ကား ပေါ် တင် သွားရမလား ။ လမ်း ပေါ် မှာပဲ ဒီ အတိုင်း ပစ် ထားခဲ့ရ မလား ။ ဆွဲပြီး လမ်းဘေး ဖယ်ချ ထားခဲ့ရမလား ။ ဝေခွဲ မရ ။ အဲဒီ အချိန် မှာ ပဲ တအိအိ အော်သံ နှင့် အတူ ခွေးလေး တစ်ကောင် လဲ နေသည့် ခွေးမကြီး ဗိုက် နား သို့ ပြေးဝင် လာ လေ၏ ။ ခွေးလေး က မည်းမည်းတူးတူးလေး ။ နို့ ပြတ်သေးပုံ မပေါ် ။ နောက်ဆုံး သူ ဆုံးဖြတ်ချက် တစ်ခု ခု ကို ခိုင်ခိုင်မာမာ ချ လိုက်သည် ။ ထို ခွေးလေး ကို သူ နှင့် တစ်ပါ တည်း ခေါ်သွားရန်ပင် ။
သူ ခွေးကလေး ကို ခေါ် သွားဖို့ လှမ်း အဆွဲ ခွေးကလေး က သူ့ အမေ နို့ ကို အငမ်း မရ စို့ နေ သေး၏ ။ သူ တော်တော် ကြာ အောင် စောင့် နေ ပေး လိုက်သည် ။ သူ့ အမေ နို့ ကို နောက်ဆုံး စို့ရခြင်း မို့ ပင် ။ ခွေးမည်းမည်းကလေး ခမျာ နို့ စို့ရင်း အိပ်ပျော် သွား တော့သည် ။ ထိုအခါ မှ အသာလေး ပွေ့ ခေါ် လာခဲ့ရ၏ ။ ခွေးကလေး သည် နောက် ဘယ်တော့ မှ သူ့ အမေ နို့ ကို မစို့ရတော့ ဟု တွေးမိပြီး သူ တော်တော်လေး စိတ် မကောင်း ဖြစ်မိပြန်သည် ။ မတတ်နိုင် ။ ခွေးမကြီး အသက် ကို သူ ယူ လိုက်မိပြီ ဖြစ်၏ ။
ဘယ်သူ မှ မကြား အောင် ခွေးမကြီး ကို စကား တစ်ခွန်း ပြောခဲ့သည် ။
“ ငါ နင့် ကလေး ကို သေချာ မွေးမှာပါ ဟာ ”
••••• ••••• •••••
အချိန် ကာလ တွေ ပြောင်းလဲ လာ သလို မဲတူ လည်း သဘာဝ ၏ တိုက်ခိုက်ခြင်း ကို ခံလိုက်ရ တော့သည် ။ မိဘ ဆို တာ သားသမီး ဆိုးမွေ ကောင်းမွေ ကို ခံရစမြဲ မို့ မဲတူ ၏ ပြောင်းလဲခြင်း ကို သူ ပါ လိုက် ခံရတော့ သည် ။ မဲတူ က တော့ သူ့ ကို အရင် လို အနိုင်ယူတုန်း ။နောက် ထပ် အနိုင်တွေ ယူဖို့ ပင် ထပ်မံ ကြိုးစား နေတုန်း ဖြစ်သည် ။
မဲတူ ၏ အသံ ကား သူ့ နား ထဲ မခံမရပ် နိုင်အောင် ပင် ။ တော်တော် နာကျင် နေသည့် ပုံစံ နှင့် ။ ဒီလောက် ဂျစ်တီး ဂျစ်ကန် နိုင်သည့် ခွေး အသံ တောင် ပြာချင် နေလေပြီ ။ တအိအိ သာ အသံ ထွက် တော့သည် ။ မဲတူ သည် သူ့ ကို အသနား ခံသော မျက်လုံးများ ဖြင့် ကြည့် နေ လေသည် ။ မတတ်နိုင် ။ ဒီ တစ်ခါ တော့ မဲတူ ၏ ဒုက္ခ ကို သူ ဘယ်လိုမှ မတတ်နိုင်ပေ ။ မဲတူ ရှိရာ မှ အသံလေး တစ်သံ ထွက် လာသည် ။
“ အိ ... အိ ... အိ ... ”
ဟော ၊ မည်းမည်းလေး တစ်ကောင် ထွက်ပြီ ။ ဟော နောက် တစ်ကောင် ။ နောက် တစ်ကောင် က လည်း အမည်းလေး ပဲ ။ မဲတူ နှင့် တစ်ပုံစံ တည်း မည်းမည်းတူးတူး လေး သုံးကောင် ။ မဲတူ ကား မောလွန်း လို့ အသံ ပင် မထွက် နိုင် တော့ ။ ချ ထား ပေးသည့် ရေခွက် ကို ပင် ထ မသောက် နိုင် ။ မဲတူ သည် သူ့ ဘဝ တွင် တစ်ခါ မှ မပင်ပန်း ဖူးသော ပင်ပန်းမှုမျိုး ကို ကြုံ လိုက်ရ လေသည် ။ ကလေး တွေ လည်း ရပြီ မို့ မဲတူ ၏ ဆိုးပေခြင်းတွေ လျော့ကျ လာလေမလား ဟု ခပ်ယဲ့ယဲ့ မျှော်လင့် မိသည် ။
မဲတူ ၏ ကလေး သုံးကောင် သူတို့ အမေကြီး မဲတူ ထံ မှ နို့ ကို အသည်းအသန် စို့ နေ လေသည် ။ မဲတူ ငယ်ငယ် က နောက်ဆုံး နို့ စို့ နေပုံ ကို မြင်ယောင် လာ မိသည် ။ ခွေးကလေး တွေ ကံကောင်း ပါ သည် ။ မဲတူ လို ငယ်ငယ်ရွယ်ရွယ် နှင့် မိခင် မဆုံးရှုံး အောင် သူ ထိန်းသိမ်း စောင့်ရှောက် ပေးရ လိမ့်မည် ။ ကား ဖြင့် တိုက် လိုက် မိသော မဲတူ့ အမေ အပေါ် တင် ထားသည့် အကြွေး များ ကျေ သလောက် ရှိပြီ ဟု ထင်ပါ၏ ။
◾ ယုယ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အောက်တိုဘာ ၊ ၂၀၁၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment