Thursday, June 27, 2024

ကံဆောင် တဲ့ သားမောင်


 

❝ ကံဆောင် တဲ့ သားမောင် ❞
           ( ချစ်စရာ )

တစ်ခါတုန်း က တိဗက်ပြည် မှာ အဘွားအိုကြီး တစ်ယောက် ရှိသည် ။ ထို အဘွားအို တွင် ဆယ့်ငါးနှစ် ရွယ် သား လူပျိုပေါက်ကလေး တစ်ယောက် သာ ထွန်းကားသည် ။ ငယ်စဉ် က ပင် ထို သားငယ် သည် ဖတဆိုး ဖြစ်ခဲ့သည့် အတွက် အဘွားအို သည်ထို သား ကို အလွန် ချစ်သည် ။ အရွယ် ကြီး မှ အိုသီးကလေး ဖြစ်သည့် အတွက် လည်း ထို သားငယ် ကို အလွန် ယုယ ခဲ့သည် ။ အလို လိုက်ခဲ့သည် ။

သို့သော် တိဗက်လူမျိုး တို့ ၏ ထုံးစံ အတိုင်း လူပျိုလူရွယ် များ သည် အရွယ် ရောက်လာ လျှင် ကိုယ့်ဒူးကိုယ်ချွန် စီးပွားရှာ လုပ်ကိုင် စားသောက် ကြရမြဲ ဖြစ်သည့် အတွက် အဘွားအိုကြီး လည်း သားပျို ကို ရင်အုပ် မကွာ စောင့်ရှောက် မထားနိုင်ရှာဘဲ ရပ်ဝေး သို့ ခွဲခွာ လွှတ်လိုက် ရ ရှာ သည် ။ သားပျို သည် ဆယ့်ငါးနှစ် တင်းတင်း ပြည့် သည့် နှစ် မှာ ပင် မိခင်ကြီး အား ရိုသေစွာ ကန်တော့ ခဲ့ ပြီးလျှင် စီးပွား ရှာဖွေရန် အိမ် မှ ထွက်ခွာခဲ့ လေသည် ။

သားပျို လည်း ခြေဦး တည့်ရာ ထွက်ခွာ ခဲ့ရာ တောင်ကုန်း တွေ ကို တက် ၊ ကုန်းမြေမြင့် တွေ ပေါ်ဖြတ် ၊ ချောင်းတွေ ကျော် ဖြင့် ခရီး အတော် ပေါက်ခဲ့သည် ။ တစ်နေ့ တစ်နေ့ ဖြင့် မိမိ နေထိုင်ရာ ရွာ နှင့် အတော် ဝေးခဲ့သည် ။ ဘယ်ဆီ သို့ ရောက် ၍ ဘယ်ဆီ သို့ ဆက်ကာ ဘာ လုပ်ရ မှန်းပင် မသိဘဲ ခြေ သယ်ရာ သို့ သာ ကိုယ် ပါ ၍ သွား နေပေသည် ။ ခရီးလမ်းပန်း တွင် လည်း ဘေးအန္တရာယ် တစ်ခု မှ မတွေ့သည့် ပြင် စီးပွား ဖြစ်ထွန်းရာ လမ်း ကို လည်း တစ်ခု မျှ မမြင် သောကြောင့် သားပျို ပင် စိတ် ပျက်စ ပြုလာ၏ ။ ခရီး သွား ရသည် ပင် ပျင်းရိ ငြီးငွေ့ ခြောက် သွေ့စရာ ဖြစ်လာ၏ ။

တစ်နေ့ ၏ ညနေစောင်း သို့ ရောက်သော အခါ သားပျို သည် ပေါ်ပလာပင်ကြီး တစ်ပင် အောက် သို့ ရောက် လာ၏ ။ ထို သစ်ပင်ကြီး သည် ည အတွက် အိပ်ရန် သင့်တော်သော သစ်ပင် ဖြစ် သဖြင့် သားပျို သည် သစ်ပင် ပေါ် တက် ပြီး လျှင် ကိုင်း ကောင်းကောင်း တစ်ခု ခု ကို ရွေး ၍ အိပ် လေတော့ သည် ။ ထို ည အဖို့ သားပျို သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွား လေသည် ။ နံနက် အရုဏ် တက်ခါနီး အချိန် မှ အိပ်ရာ မှ နိုးလေသည် ။

အရှေ့ဘက် တလွှား ၌ ရောင်ဖြူများ သန်းလာလေပြီ ၊ ကျီးများ ပင် ဝေရီဝေလင်း ကြား ထဲ မှ နိုးစ အော်စ ပြုကြ လေပြီ ။

သားပျို အိပ် နေသော သစ်ကိုင်း အပေါ် ဆီ မှ ကျီးဖို နှင့် ကျီးမ တို့ လည်း အိပ်တန်း မှ ထကြ ပြီး သော် အသိုက် ထဲ ၌ ပင် စကားစမြည် ပြောသံ ကို သားပျို သည် သဲသဲကွဲကွဲ ကြား ရ၏ ။

ကျီးမကြီး က “ ကျီးအဖ ရယ် အိပ်ရာ က ထပါတော့လား ..  ။ ည က များ ဘာကြောင့် အိပ်တန်း တက် တာ နောက်ကျ မှန်း မသိပါဘူး ။ အိပ်ရာ က စောစော တောင် မထနိုင်တော့ဘူး ” ဟုပြော၏ ။

ကျီးဖို က “ ရှင်မ က လည်း ကွာ တလွဲ ထင်တတ်ပြီကော ။ ငါ မနေ့ က တစ်နေ့ လုံး ရှေ့ က ရွာ မှာ ရှိတဲ့ အိမ်ကြီး နား မှာ ကျက်စားခဲ့ တယ်ကွဲ့ ၊ အဲဒီ အိမ်ကြီး က အိမ်ရှင်မ ဟာ ဘယ်ဘက် နား တစ်ဖက် ကိုက်လွန်း အားကြီး လို့ အော် နေရ သကွဲ့ ။ သူ့ နား ရောဂါ ပျောက် အောင် သူတို့ ရွာ ထဲ က ဘယ်သူ မှ မကုနိုင်ဘူး ။ ဆရာ ပေါင်း လည်း စုံလှပြီ ။ အနီးအနား မှာ ရှိတဲ့ လားမားဘုန်းတော်ကြီး တွေ ကို ပင့်ပြီး မန်းလို့ မှုတ်လို့ လည်း မရဘူး ။ လူနာ ဟာ သေချင်စော် နံနေတာပေါ့ကွ ။ အိမ်သူအိမ်သား တွေ လည်း ပျာလောင်ခတ် နေကြတာပေါ့ ။ ခြေ မကိုင်မိ လက် မကိုင်မိ နဲ့ ဘာ လုပ်ရမှန်း မသိကြဘူး ။ သူတို့ အထင် က တော့ သမားကု ကုလို့ မရဘူး ။ ဘုရားကု ကု မှ ရမယ် ထင်ပြီး ဘုရား မှာ ဆွမ်းတော် တင် ၊ နတ် တွေ ကို တင် နဲ့ နေ့တိုင်း အစားအသောက် တွေ တင် တာ ကွာ ။ ဆိုင်ရာပိုင်ရာ တွေ ကို လည်း တစ်နေ့လုံး အစားအသောက် တွေ ပူဇော်ကြတာပေါ့ ကွာ ။ ဘုရား အကျန် နတ်ကျန် တွေ ကို အိမ် အပြင်ဘက် မှာ စွန့်ထားတာ မနည်းပါဘူးကွာ ။ ငါ ဆိုတာ တစ်နေ့လုံး စား ကောင်းကောင်း နဲ့ ပါးစပ် နဲ့ အစား နဲ့ မပြတ်အောင် စားတာပဲကွာ ... ဗိုက် ကို တောင့် ရော ... ” ဟု ပြော၏ ။

ကျီးမ က “ ကြားရတာ သနားစရာ ရှင် ... ရှင့် မှာ လူ တစ်ယောက် သေ မလောက် ဖြစ်နေတာတောင် ကိုယ့် အစာကလေး ဖောဖောသီသီ စားရတာ နဲ့ ဝမ်းသာ နေလိုက်တာ ရှင် ။ တစ်လုပ် စားဖူး သူ့ ကျေးဇူး တဲ့ ။ အဲဒီ အိမ်ရှင်မကြီး အသက် မသေပါစေနဲ့ နော် ။ ကျုပ် တော့ ဆု တောင်းပါတယ် ”

“ ရှင်မ နှယ် ကွာ ... ဒီလို ဆုတောင်း ရုံ နဲ့ လူနာ ရောဂါ ဟာ သက်သာ မတဲ့လား ။ ဒီ ရောဂါ ကို လူတွေ မကုနိုင်ပေမယ့် ငါ ကုနိုင်ပါတယ် ကွာ ။ သူတို့ တွေ က ရောဂါ မသိလို့ စမ်းတဝါးဝါး ဖြစ် နေတာ ။ စင်စစ်တော့ ဒီ လူနာ ဟာ မသေနိုင်ပါဘူး ။ နာတာရှည် ခံရမှာ ကွ ။ အမှန် က အိမ်ရှင်မ နား ရောဂါ ကို မရှိဘူး ကွယ့် ။ အိမ်ရှင်မ အိပ် နေတုန်း မှာ သူ့ အိမ် ထဲ က ပင့်ကူမကြီး နဲ့ သားသမီး တွေ ဝင်ပြီး အိပ် နေကြတာကွ ။ ဒီတော့ ဒီ ရောဂါ ကို ဘယ်လို ဆေး နဲ့ မှ ကုလို့ မရဘူး ။ ဉာဏ် ဆင် မှ ရမှာကွ ။ ရှင်မ လည်း သိသားပဲကွာ ။ ပင့်ကူ ဆိုတာမျိုး က အိပ် မိရင် မနိုးတော့ဘူး ကွ ။ မိုးသံ လေသံ ကြား လို့ မိုးဦးလေး ပေါက် မှ အိပ်ရာ က ထ တဲ့ အကောင်မျိုး ကွ ။ ဒီတော့ ဒီ ပင့်ကူတွေ ကို ပရိယာယ် နဲ့ တစ်ပတ်ရိုက် ရမယ် ကွဲ့ ။ သူ တို့စိတ် ထဲ မှာ မိုးဦး ပေါက် လာပြီ လို့ ယုံကြည်အောင် အသံ သွင်းရမယ်ကွ ။ ဒါမှ သူတို့ ထွက် လာကြမှာ ဒီလို မလုပ် သမျှတော့ ဝေးပါသေး ... ။ ပင့်ကူ တွေအိပ်ရေး တောင်  ပျက် မှာ မဟုတ်ဘူး ... ”

“ ရှင့် နှယ် ရှင် ... ဆန်းဆန်းပြားပြား တော့ တကယ် ပြောတတ်တာပဲ ။ ပင့်ကူ တွေ ကို မိုးဦး ပေါက်ပြီ ရယ် လို့ ယုံအောင် ဘယ်လို လုပ် ပြီးတော့ အယုံသွင်း နိုင်မလဲ ”

“ ရှင်မ က လည်း ကွာ ... တယ် ဉာဏ် ဝေး သကိုး ။ ဉာဏ်ကလေးများ လည်း ထုတ်ဦး မှ ပေါ့ ။ ဘာ ခက်တာလဲကွာ ။ ဒီလို ကုထုံးတွေ ဟာ ရှေးပဝေသဏီ ထဲ က သမားတော်ကြီး တွေ ကု ခဲ့တဲ့ ကုထုံး ကွဲ့ ၊ ကဲ ... မသိရင် လည်း သေသေချာချာ မှတ်ထားပေါ့ကွာ ။ လူနာ ကို သမားတော် ဟာ အဝတ်စိမ်းစိမ်း တစ်ခု ကို ရှာရမယ် ကွယ့် ။ အဲဒီ အဝတ် ကို စားပွဲ ပေါ်  မှာ ဖြန့်ခင်း ၊ အဝတ် ကို လည်း ရေ စိုရွှဲ နေ အောင် ဆွတ် ထားရမယ် ကွယ့် ။ အိမ်ရှင်မ ဟာ သူ့ ဘယ်ဘက် နား ကို အဲဒီ အဝတ် ပေါ် မှာ စောင်း နေရမယ်ကွယ့် ။ နား ထဲ က ပင့်ကူတွေ နိုးအောင် ပေါ့ကွာ ။ ဒါမှ ပင့်ကူ တွေ ဒီ အဝတ် ကို မြင်တဲ့ အခါ မှ လယ်ပြင်စိမ်းစိမ်း တွေ လို့ ထင် မှာပေါ့ ။ မိုးတွေ ဖြိုင်ဖြိုင် ရွာ လို့ ရေ တွေ တောင် အိုင် နေပြီ လို့ သိမှာပေါ့ကွာ ။ ဒီတော့ ပင့်ကူတွေ ဟာ သား တွေ ၊ မြေး တွေ ကို ခေါ်ပြီး တော့ မိုးကျပြီ ဟေ့ ။ ဒို့ အိမ် ထဲ က ထွက်ကြစို့ လို့ ပြောလိမ့်မယ် ။ သူတို့ တစ်တွေ မြူးကြလိမ့်မယ် ။ ဒါပေမယ့် ပင်ကူတွေ က ဉာဏ် အရှိသား ။ မိုးဦး ကျတာ မှ ဟုတ်ကဲ့လား ။ ဒို့များ အထင် မှား သလား လို့ တွေးပြီး နေကြလိမ့်ဦးမယ် ။ ဒီတော့ သမားတော် လုပ်မဲ့ သူ က ပင်ကူတွေ သံသယ ကင်းရ အောင် စည် တစ်လုံး လောက် အသင့် ဆောင် ထားပြီး ထု ရလိမ့်မယ် ။ ဒီတော့မှ စည်သံ ကြား ရင် ပင့်ကူတွေ ဟာ ဟုတ်ပြီဟေ့ ။ မိုးဦး ကျပကွဲ့  ... ထွက်ကြ ဆိုပြီး တော့ သူတို့ တစ်တွေ မနေတော့ဘဲ ထွက်လာ ကြလိမ့်မယ် ။ သူတို့ တစ်တွေ ထွက်လာကြ လို့ နား ထဲ မှာ ပင့်ကူ တစ်ကောင် မှ လည်း မကျန် ရော စားပွဲ ပေါ် မှာ ခင်း ထားတဲ့ အဝတ် နဲ့ သူတို့ တစ်တွေ ကို ချက်ခြင်း ထုတ် ယူရမယ် ။ လုံလုံခြုံခြုံ ထုတ် ယူရမယ် ။ နောက်ပြီးတော့ အဲဒီ အထုပ်ကြီး ကို ဝေးဝေး ယူ သွားပြီး ပင့်ကူ တစ်ကောင် မှ မကျန်အောင် သ,တ်ပစ်ရမယ် ။ ဘာဖြစ်လို့ ဒီလို လုပ်ရ မလဲ ဆိုတော့ ပင့်ကူ ဆိုတဲ့ အကောင်မျိုး က အမျှင်ကလေး တစ်တန်းတန်း ရယ် ။ သူတို့ ကို သာ အဝတ် နဲ့ မထုပ်ဘဲ နဲ့ ဝေးဝေး သွား မပစ်ဘူး ဆိုရင် သူတို့ အမျှင် အတိုင်း ပြန် လိုက် လာ ပြီးတော့ နား ထဲ ပြန် ဝင် မှာ အမှန်ပဲကွ ။ ဒီတော့ သူတို့ ကို ကိစ္စတုန်း စီရင်ပစ် မှ နောက် ကို နား ထဲ ပြန် မဝင် မှာ နို့မဟုတ် ရင် တစ်နေ့ နေ့ မှာ နား ထဲ ပြန် ဝင်ဦးမှာပဲ ”

ကျီးမကြီး က သူ ၏ ခင်ပွန်းသည် ၏ စကား ကို စူးစိုက်စွာ နားထောင် နေ၏ ။ အံ့ဩ ကြည်ညိုသော မျက်စေ့ အစုံ ဖြင့် သူ့ လင် ကို ငေးကြည့် နေ၏ ။ ကျီးဖို ပြောသော စကားများ သည် မှတ်သားစရာများ ပင် ဖြစ်၏ ။ ရောဂါရှင် အား ဤအတိုင်း သာ ကု လျှင် ရောဂါ ပျောက်ကင်းမည် ကို သူ ယုံကြည်၏ ။ သူ့ လင် ကို သူ ကြည့် ရင်းပင် ကျီးဖို ၏ မျက်နှာမှာ မသာမယာ ရှိနေသည် ကို ကျီးမ သည် အကဲခတ် မိ၏ ။

“ ရှင့် ကြည့် ရတာ မျက်စေ့မျက်နှာ မကောင်းပါလား ရှင် ... ဘာဖြစ်လို့လဲ ” ဟု စိုးရိမ် တကြီးမေး၏ ။

“ ရှင်မ ရာ မနေ့ က အစာတွေ ကို မဆံ့မပြဲ စားခဲ့မိလို့ပေါ့ ကွာ ။ တစ်ည လုံး မအီမလယ် ဖြစ်နေစတယ် ။ ငါ တော့ စားပိုးနင့် နေပြီပေါ့ကွာ ။ ငါတို့ အမျိုး ဟာ စောစော ထ နေကျ ငှက်မျိုး မဟုတ်လား ။ ငါ အိပ်ရာ က မထတာ ဟာ အကြောင်း ရှိလို့ပေါ့ကွာ ။ ငါ မနေ့ က အစားကြီးခဲ့ မိတာ ငါ့ အသက် ကို ရန်ရှာ လိမ့်မယ် ထင်တာပဲ ။ ငါ အသိုက် ထဲ က မထ ဘဲ မှိန်း နေတာ လည်း မသက် သာပါဘူး ။ တဖြည်းဖြည်း တဖြည်းဖြည်း နဲ့ ဗိုက် ထဲ က အောင့်အောင့် လာပြီကွယ် ။ ငါ တော့ သေ မှာ အမှန်ပဲ ။ ငါ မသေခင် ငါ့ ကို ကတိ တစ်ခု ပေးပါလား ။ ဒို့ တိဗက်လူမျိုးတွေ ရဲ့ထုံးစံ အတိုင်း သေပြီး တဲ့ နောက် သုံးနှစ် ၊ သုံးလ ၊ သုံးရက် တိုင်တိုင် ငါ့ ကို သစ္စာ ရှိရှိ နဲ့ ငိုကြွေး မြည်တမ်း နေပါ့ မယ်လို့ ”

ကျီးမကြီး က သူ့ လင် ၏ စကား ကို ကြားသော အခါ စိတ် အလွန် ထိခိုက် သွား လေ၏ ။ သေမည့် ဆဲဆဲ သူ တစ်ဦး ၏ တောင်းပန်သော စကား ဖြစ်သဖြင့် ဝမ်းနည်း ကြေကွဲ လှ၏ ။ ထိုကြောင့် လည်း ရက်ရက်ရောရောပင် ကတိ ပြုရှာ၏ ။

ကျီးဖို လည်း သူ့ မယား ၏ သစ္စာ တည်မြဲလှသော စကား ကို ကြားသော အခါ စိတ် ကျေနပ် သွား၏ ။ အသက် ထွက်ရန် ကို ပင် မနှောင့်မနှေး မကြောင့်ကြတော့ပေ ။ အသိုက် ထဲ ၌ ပင် တစ်ခဏ မျှ မှိန်း နေ လိုက်စဉ် ၌ အသက် ထွက်၍ သွားတော့၏ ။

သစ္စာ ရှိလှစွာသော ကျီးမ လည်း သူ့ လင် သေဆုံး သွားလျှင် သွားချင်း ဤသို့ စဉ်းစား ၏ ။ ငါ့ လင်မှာသော စကား မှာ ထုံးစံ နှင့် ညီညွတ်ပါ၏ ။ သို့သော် ဤ အသေကောင်ကြီး ကို အသိုက် ထဲ မှာ သုံးနှစ်သုံးမိုး ထား ရမည် မှာ ဝန်လေးလှ၏ ။ ငါ့ မှာ လည်း သားသမီး တွေ ကို အစာ ရှာ ကျွေးရန် တာဝန် က ရှိ သေးသည် ။ ထုံးစံ ကို လိုက်နာ၍ သုံးနှစ် ကျော်ကျော် ငိုကြွေး မြည်တမ်း နေရ လျှင် ငါ သာ ဒုက္ခ ရောက်တော့မည် ။ ဤ အသေကောင် ကို မြန်မြန် စွန့်ပစ် မှ ငါ့ မှာ ဆောင်ရွက်စရာ ကိစ္စ တွေ ကို ဆောင်ရွက်နိုင်မည် ဟု စဉ်းစားပြီး လျှင် အသေကောင်ကြီး ကို အသိုက် ထဲ မှ နှုတ်သီး ဖြင့် ထိုးထုတ် ၍ မြေ သို့ ကျစေလေ၏ ။ ပြီး မှ သားသမီး များ အတွက် အစာ ရှာရန် အသိုက် ထဲ မှ ပျံသန်း ထွက်ခွာ သွား လေသည် ။

ကျီးသိုက် အောက် မှ နားထောင် နေသာ သားပျိုကလေး လည်း ကျီးဖို နှင့် ကျီးမ တို့ ပြောဆိုသော စကား ကို အစအဆုံး သေသေချာချာ ကြားခဲ့ရ သောကြောင့် သစ်ပင် ပေါ် မှ ဆင်းသက် ပြီး နားရောဂါ ဝေဒနာရှင် ရှိရာ ရွာ ဆီ သို့ လျောက်လာခဲ့ လေ၏ ။ လမ်း တွင် လည်း ကံဆောင် ၍ ကြား ခဲ့သော ကျီး တို့ ၏ စကား အတိုင်း အခွင့်အရေး ယူ ကာ သူ့ အား လူအများ က ဝိဇ္ဇာ တစ်ယောက် ဟု အထင် ရောက်အောင် ကြံဖန်မည် ဟု ဆုံးဖြတ် သွား၏ ။ ကျီးဖို ပြောခဲ့သော အိမ် သို့ ရောက်သော အခါ အိမ်ရှင်သည် အမယ်လေး အဘလေး တ တုန်း ကို တွေ့ ရ၏ ။ အိမ်သူ အိမ်သား များ လည်း မျက်နှာ ညှိုးငယ်စွာ ဖြင့် ညည်းညူ နေသည် ကို တွေ့ရ၏ ။

သားပျို လည်း အိမ် ထဲ သို့ တန်းတန်းမတ်မတ် ဝင်သွား ကာ အဘယ်ကြောင့် ဤ အိမ် တွင် ဆူဆူညံညံ ဖြစ်နေသည် ကို မေး၏ ။ အိမ်သူအိမ်သားများ မျက်နှာ မသာမယာ အဘယ်ကြောင့် ဖြစ်နေသည် ကို စုံစမ်း၏ ။ အိမ်သူအိမ်သားများ က အကျိုးအကြောင်း ကို ပြန် ပြောပြ သော အခါ သားပျို လည်း ဟန် နှင့် မာန် နှင့် ဣန္ဒြေရရ ဖြင့် “ မပူကြပါနဲ့ ကျုပ် ဝိဇ္ဇာမယဣဒ္ဓိတန်ခိုး နဲ့ ဒီ ရောဂါ ကို ချက်ချင်း ပျောက်အောင် ကု ပေးပါ့မယ် ။ ကျုပ် ကို တစ်တောင် ပတ်လည် စတုရန်း ရှိတဲ့ အဝတ်စိမ်းစိမ်း တစ်ခု ၊ ရေသန့်သန့် တစ်ခွက် ၊ ဗုံကလေး နှစ်လုံး သာ ပေးကြပါ ” ဟု တောင်း ၏ ။ အိမ်သူအိမ်သားများ လည်း အလွန် အံ့ဩ သွားကြ ကာ ဘွားကနဲ ပေါ်လာသော သမားတော် ဝိဇ္ဇာဓိုရ် ကို အကဲခတ် ကြည့် နေကြ လေသည် ။ သမားတော်ကြီး များနှင့် လားမား ဆရာတော်ကြီး များ က လက်လျှော့ ထားရသော ရောဂါ ကို နုနုနယ်နယ် ပျိုပျိုရွယ်ရွယ် လုလင် တစ်ယောက် က အဝတ် တစ်ခု ၊ ရေ တစ်ခွက် ၊ ဗုံ နှစ်လုံး နှင့် ကုမည် ဆိုသည် ကို ပိုမို အံ့ဩ နေကြ၏ ။ သို့ရာတွင် သူ တောင်းသော အရာတို့ မှာ ဘာမျှ ဝန်မလေးသည် တစ်ကြောင်း ၊ ရောဂါ ကို လက်လွှတ်ရမည့်အတူတူ ပျောက်လို ပျောက်ငြား ကုစေချင်သည့် အတွက် ကြောင့် တစ်ကြောင်း သားပျိုကလေး တောင်းသည့် အတိုင်း ပင် ပေးလိုက်ကြ လေသည် ။

ဘွားကနဲ ပေါ် လာသော ဝိဇ္ဇာဓိုရ် လက်သစ် က လည်း သူ တောင်း သမျှသော ပစ္စည်း တို့ ကို ရသော အခါ လူနာ အား အလင်း သို့ ဆောင်ယူ လာ စေကာ ကုတင် ပေါ် တွင် လက်ဝဲ ဘက် သို့ စောင်း ၍ အိပ် စေ၏ ။ ထို့နောက် မှ နား အောက် တွင် အဝတ်စိမ်းစိမ်း ဖြန့် ခင်း၏ ။ ရေခွက် မှ ရေ ကို ယူ ၍ အဝတ် အောက် သို့ ရွှဲရွှဲ ဆွတ် လိုက်၏ ။ နား ထဲ မှ ပင့်ကူ တို့ လည်း နား အောက် တွင် စိမ်း နေသော ရှုခင်း နှင့် ရေစို နေသည် ကို မြင်သော အခါ မိုးဦး ပေါက်၍ လယ်ယာများ ရေတင် နေပြီ ဟု ထင် သောကြောင့် ပင်ကူမကြီး သည် စုံစမ်းရန် နား တွင်း မှာ ဆင်းသက် လာ၏ ။ သူ့ ချည်မျှင် တန်းလန်း ကို နားတွင်း ၌ ပင် ထား ၍ အဝတ် ပေါ် တွင် ထိုမှ ဤမှ လျှောက် ကြည့်၏ ။

အိမ်သူအိမ်သားများ လည်း အဝတ်စိမ်းကလေး ဖြန့် ခင်းရုံ နှင့် နား ထဲ မှ ပင့်ကူကြီး ထွက် လာသည် ကို မြင်ရသော အခါ အလွန် ထူးဆန်း အံ့ဩ သွားကြ ပြန်သည် ။ ဆရာကလေး ကို လည်း ဝိဇ္ဇာဓိုရ် အစစ် ပင် ယုံကြည် လာကြ၏ ။

သမားတော်ကလေး က မူ မည်သူမျှ ပင့်ကူ ကို လက် နှင့် မတို့ ရန် ဣန္ဒြေ ကြီးစွာဖြင့် အမိန့် ပေး၏ ။ တိတ်တိတ်ဆိတ်ဆိတ် နေကြရန် ကို လည်း လက်ဟန် ခြေဟန် ဖြင့် ပြ၍ တား မြစ်၏ ။

ပင့်ကူမကြီး လည်း အဝတ်စိမ်းစိမ်း ပေါ် တွင် တအောင့် လောက် ကြာ အောင် လှည့် ပတ် လျှောက် ကြည့် ပြီး မှ မိုးဦး ကျပြီ ဟု တကယ် ယုံကြည် သွားသော အခါ မှ နား ထဲ သို့ အမျှင်တန်း မှ  တက် သွား ကာ သားငယ် သမီးငယ်များ အား သတင်းကောင်း ပြောကြား၏ ။ ထိုအခါတွင် သမားတော်ကလေး သည် ဗုံ နှစ်လုံး ကို ပြင်းထန်စွာ တီး လေ၏ ။ နား ထဲ မှ ပင့်ကူမကြီး နှင့် သားသမီးများ လည်း မိုးသံလေသံ ကို ထပ်မံ ကြားရ ပြန်သော အခါ အမှန်တကယ် မိုးဦး ကျပြီ ဟု တစ်ထစ်ချ ယုံကြည် စိတ်ချရ သောကြောင့် တစ်ကောင် စီ တစ်ကောင် စီ နားဝ မှ ထွက် လာကာ အမျှင်တန်း မှ လျှောကနဲ လျှောကနဲ အဝတ် ပေါ် သို့ ခုန် ချကြ လေသည် ။ နောက်ဆုံး မှ ပင့်ကူကြီး သည် လျှော ဆင်းလာ၏ ။ သမားတော်ကလေး လည်း ပင့်ကူကလေးများ နှင့် ပင့်ကူမကြီး ပါ အောက် သို့ ရောက်သည် နှင့် တစ်ပြိုင်နက် အဝတ်စ ဖြင့် ပင့်ကူ အားလုံး ကို လျင်မြန်စွာ ထုပ် ၍ အပြင် သို့ ထုတ်ယူ သွားပြီးသော အခါ သ,တ်ပစ်လိုက်လေသည် ။

အိမ်ရှင်မကြီး ၏ ရောဂါ လည်း ယူပစ် လိုက် သကဲ့သို့ ချက်ချင်းပင် ပျောက်လေ၏ ။

စင်စစ် အားဖြင့် လည်း ရောဂါ ကို ယူပစ် လိုက်ခြင်း ပင် ဖြစ်သည် ။

အိမ်ရှင်မကြီး နှင့် အိမ်သူအိမ်သား အားလုံး လည်း သမားတော်ကလေး အား လွန်စွာ ကျေးဇူး တင် ကြ၏ ။ သူတို့ စိတ်ထဲ ၌ ဝိဇ္ဇာဓိုရ် ပင် တကယ် လာ၍ ကုသသည် ဟု ထင်ကြ၏ ။ အိမ်ရှင်မကြီး နှင့် တစ်ကွ တစ်ရပ်လုံး တစ်ရွာလုံး က ပါ သမားတော်ကလေး အား သူတို့ ရွာ ၌ အမြဲ နေရန် တောင်းပန်ကြသည် ။ သမားတော်ကလေး အား လက်ဆောင်ပဏ္ဏာ ပစ္စည်း များစွာ ကို လည်း ပေး ကြသည် ။ အိမ်ရှင်မကြီး က မူ သူ ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်ပါပေသည် ဟု သမားတော်ကလေး အား ရှိသမျှ ပစ္စည်း ကို လိုချင်သမျှ ယူရန် ပေးအပ် လေသည် ။

သမားတော်ကလေး သည် ထို ရွာ ၌ အမြဲ နေရန် ခက်သည် ။ ယခု တစ်ကြိမ် တွင် ကျီးဖို ကျီးမ ပြောသည့် စကား ကြောင့် ရောဂါ ကို ပျောက် အောင် ကု နိုင် သော်လည်း နောက် ကို မည်သည့် ရောဂါ ကို မျှ ကုနိုင်မည် မဟုတ်သည့် အတွက် ထို ရွာ ၌ အမြဲ နေရန် ခက်ခြင်း ဖြစ်သည် ။

ထို့ကြောင့် ရက် အနည်းငယ်မျှ နေ ပြီးသော် ပစ္စည်းဥစ္စာများ ကို မြင်း တစ်စီး ပေါ် ၌ တင် ၍ မိခင် ရှိ ရာ ရွာ သို့ ပြန်လာခဲ့ လေသည် ။

သမားတော်ကလေး သည် ဝိဇ္ဇာဓိုရ် ဖြစ်ကြောင်း သတင်း ကား ရွာတန်းရွာစဉ် တစ်လျှောက် သို့ ပျံ့နှံ့ သွားခဲ့ လေသည် ။

သားပျိုကလေး သည် တစ်တော ဝင် တစ်တောင် တက် ဖြင့် သွားလမ်း အတိုင်း ပြန် လာ ခဲ့ရာ တောင်ဆင်း တစ်ခု ၏ အဆုံး အရောက် တွင် ချုံကွယ် မှ ကြောက်မက်ဖွယ် ကောင်း သော လူကြီး တစ်ယောက် သည် ဗြုန်းခနဲ ထွက် လာ ပြီး လျှင် လမ်း အလယ် ၌ မားမား ရပ် နေ လေ၏ ။ ထို သူ ၏ ညာဘက် လက် တွင် တင်းပုတ်ကြီး ကို ကိုင် လျက် လက်ဝဲ လက် ကို မူ လက်သီး ဆုပ် ၍ ထားလေသည် ။

“ ကဲ ... လူလိမ်ကလေး မင်း သေဖို့ ရာ ပြင် ပေတော့ ။ ဟို ရွာ မှာတုန်းက မင်း ကိုယ် မင်း ဝိဇ္ဇာမယဒ္ဓိ အတတ် တတ်တယ် လို့ လိမ်ခဲ့တယ် ။ အခု ငါ နဲ့ မင်း နဲ့ ရင်ဆိုင် တွေ့ပြီ ။ မင်း အတတ် ပညာ ဘယ်လောက် တတ်တယ် ဆိုတာ ငါ စမ်းမည် ။ ငါ မေးတာ ကို မင်းဖြေ နိုင်ရင် မင်း ကို ရွှေ ကိုးလှည်း ပေး လိုက်မယ် ။ မဖြေနိုင်ရင် ဟောဒီ တင်းပုတ် နဲ့ ထုသ,တ်မယ် ။ ငါ့ ဘယ်ဘက် လက် ထဲ မှာ ဘာကို ဆုပ်ထားသလဲ ... ဖြေစမ်း ”

သားပျိုကလေး ကား ရုတ်တရက် တွေ့ ရသော လူကြီး နှင့် ထို သူ ၏ စကား တို့ ကြောင့် အကြောက်ကြီး ကြောက်၏ ။ ဘာ ပြော၍ ဘာ ဆိုရမှန်း မသိ ။ ဘာ လုပ်၍ ဘယ်လို ထွက် ပြေးရန် ပင် မကြံတတ်အောင် ရှိ၏ ။

ထို့ကြောင့် လွတ်လို လွတ်ငြား တောင်းပန် ကြည့်မည် ဟု စိတ် မှ ကြံ ပြီး လျှင် “ ဦးကြီး သ,တ်မယ် ဆိုရင်လည်း သေရမှာပေါ့ဗျာ ... သ,တ်ချင် လည်း သတ်ပေါ့ ... ။ ကျွန်တော် က ခင်ဗျား လက် ထဲ ရောက် နေမှကိုး ... ခင်ဗျား လက် ထဲ မှာ ဆုပ်ထားတဲ့ ယင်ကောင်ကလေး ကို ခင်ဗျား သ,တ် ချင်သ,တ် ... လွှတ်ပစ် ချင် ပစ်နိုင်တာပေါ့ဗျာ ” ဟု ပါးစပ် မှ ကရားရေသွန် သလို ပြော သွား လေ၏ ။

သားပျိုကလေး ၏ စကား ဆုံး သွားသော အခါ ထို လူကြီး ၏ အမူအရာ မှာ သိသိသာသာ ကြီး ပြောင်း သွား လေသည် ။ သားပျိုကလေး အား ကြောက်ရွံ့ပုံ ၊ လေးစားပုံ တို့ မှာ သူ့ အမူအရာ တွင် ထင်ရှားစွာ ပေါ်လာလေသည် ။

“ မောင် ရယ် ... ကျုပ် ဘယ်ဘက် လက် ထဲ မှာ ယင်ကောင်ကလေး ဖမ်း ပြီး ဆုပ် ထားတာ အမှန်ပဲ မောင် ဟာ မမြင်နိုင်တဲ့ အရာ ကို မြင်နိုင်တာ ဟာ တကယ့် ဝိဇ္ဇာဒ္ဓိ အတတ် တတ်တာ အမှန်ပဲ ။ အကြားအမြင် ရတဲ့ ဝိဇ္ဇာဓိုရ် ဆိုတာ ကျုပ် ယုံပါတယ် ။ မောင့် ကို ကျုပ် ရှိခိုး ကန်တော့ ပူဇော် ပါတယ် ။ မောင့် ကို သံသယ ဖြစ်ခဲ့မိတာ ကို လည်း ခွင့်လွှတ်ပါ ။ ကျုပ် ကတိ အတိုင်း မောင် ရွာ တိုင်အောင် ကျုပ် ကိုယ်တိုင် ရွှေ ကိုးလှည်း ကို လိုက် ပို့ပေးပါ့မယ် ” ဟု တောင်းပန် လေသည် ။

သားပျိုကလေး ကား မိခင် အိမ် မှ ထွက်လာခဲ့ စဉ် က လက် ချည်းဗလာ သက်သက် ဖြစ်သော်လည်း ရွာ ကို ပြန် သွားသောအခါ ကံဆောင် သည့် အတွက် ရွှေသူဌေး ငွေသူဌေး ဖြစ်သွား လေ တော့သည် ။

◾ချစ်စရာ

📖 ရှုမဝ မဂ္ဂဇင်း
       ၁၉၅၈ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment