Wednesday, June 19, 2024

ဒေါသပင် က သီးတဲ့ လက်သီး


 

❝ ဒေါသပင် က သီးတဲ့ လက်သီး ❞

ဘယ်တုန်း က မှ ပေါင် တစ်ရာ မပြည့်ဖူးတဲ့ ကောင်မလေး တစ်ယောက် ထီး အကြားကြီး အောက် မှာ ထိုင် နေတယ် ။ သူ့ ရှေ့ က ခေါက်စားပွဲ ပေါ် မှာ တယ်လီဖုန်းလမ်းညွှန် စာအုပ်ထူကြီး တစ်အုပ် ၊ စာရင်းစာအုပ်လေး တစ်အုပ် နဲ့ တရုတ်ပြည် လုပ် ဆင်စွယ်ရောင် တယ်လီဖုန်း တစ်လုံး ရှိမယ် ။ သူ ထိုင် နေတဲ့ ပလတ်စတစ် ကု,လားထိုင် နောက်နား မှာ ဒီ တယ်လီဖုန်းဆိုင်လေး ကို အိမ် က နေ နေ့တိုင်း နင်း နင်း လာရတဲ့ သူ့ အဖော် စက်ဘီး နီညိုရောင်လေး တစ်စင်း ထောင် ထားတယ် ။ အသွား သုံးမိုင် ၊ အပြန် သုံးမိုင် ခရီး ပေါက် အောင် စက်ဘီးလေး နဲ့ စက်ဘီးပိုင်ရှင် ကောင်မလေး တို့ တစ်ဦး နဲ့ တစ်ဦး အပြန်အလှန် အဖော် ပြုပြီး ခရီးနှင်ကြရတာလေ ။ စက်ဘီး နီညိုလေး ရဲ့ လက်ကိုင် ရှေ့ က ခြင်းဖြူဖြူလေး ထဲ မှာ သုံးဆင့် စတီးလ်ချိုင့်လေး တစ်လုံး ၊ ရေပုလင်း တစ်ပုလင်း နဲ့ ခင်နှင်းယု ၊ ဒါမှမဟုတ် ခင်ဆွေဦး ၊ ဒါမှမဟုတ် မိုးမိုး ( အင်းလျား ) တို့ ရဲ့ ဝတ္ထု စာအုပ် တစ်အုပ် ရှိတယ် ။

စတီးလ်ချိုင့် ထဲ မှာ တစ်ဆင့် က အကြော်အလှော်ဟင်း တစ်မျိုး ပါမယ် ။ နေ့လယ်စာ အတွက် ဒုတိယ အဆင့် ၊ ညစာ အတွက် တတိယဆင့် မှာ ထမင်း တွေ ထည့် ဖိသိပ် ထားတယ် ။ စတီးလ်ဇွန်း တစ်ချောင်း က တော့ ထမင်းလုံး တွေ ကြား မှာ ခွေခွေလေး ပါ လာ တာပေါ့ ။

တရုတ်တန်းလမ်း အတိုင်း တောင်ဘက် က နေ မြောက်ဘက် သွား တဲ့ အခါ ညာဘက် ကို ကြည့် သွားရင် အဲဒီ ပေါင်တစ်ရာ မပြည့်တဲ့ ကောင်မလေး အင်္ကျီအဖြူလေး ဝတ် ထားပြီး ထိုင်နေတာ တွေ့ရမယ် ။ အဖြူရောင် ကို နှစ်သက်လွန်း လို့ နေ့တိုင်း လောက် နီးနီး ဝတ် နေသူ တော့ မဟုတ်ပါဘူး ။ ဌာနဆိုင်ရာ ဝတ်စုံ အနေနဲ့ ဝတ် နေတာ လည်း မဟုတ်ပါဘူး ။ အရင် အလုပ် လုပ်ခဲ့ ဖူးတဲ့ ဌာန တစ်ခု က ဝတ်စုံတွေ ကို အခု ဆက် မဝတ်ချင်ဘဲ ရွေးစရာ အထည် သိပ် မရှိ လို့ ဆက် ဝတ် နေရှာတာလေ ။

တရုတ်တန်းလမ်း ပေါ် မှာ နှုတ်ခမ်းနီတာရဲရဲ ဆိုး လို့ ၊ ဂျင်းဘောင်းဘီ ကျပ်ထုပ်ထုပ် ဝတ် လို့ ၊ ခွာမြင့် ဖိနပ် လှလှလေး စီး ထားတဲ့ အသားဖွေးဖွေး တွေ ၊ ရွှေနီရောင် ဆံပင်တွေ ဖြောင့်တွန့် တွေ နဲ့ ဆိုင်ကယ် နဲ့ တစ်မျိုး ကားရောင်စုံ နဲ့ တစ်ဖုံ ၊ ခေတ်ပေါ် ခါးပေါ် ၊ ချက်ပေါ် အပျိုဖျန်းလေး တွေ ဥဒဟို သွား လာ နေကြပေမဲ့ သူတို့ ကို ကောင်မလေး စိတ်မဝင်စား အားဘူး ။ တချို့ လည်း သူ့ တယ်လီဖုန်းဆိုင် မှာ လာပြီး ရည်းစားစကား ပြောကြပေမဲ့ ကောင်မလေး က တော့ ငှား လာတဲ့ စာအုပ် အဖတ် မပျက်ဘူး ။

ကောင်မလေး ဟာ စာဖတ် နေရာ က မျက်ရိုး တွေ ကိုက် လာတဲ့ အခါ မှာ ခေါက်စားပွဲ ပေါ် က ဖုန် တွေ ကို သုတ် ရင် လည်း သုတ် လိမ့်မယ် ။ သူ့ ကို ကူညီ နေတဲ့ ဆင်စွယ်ရောင် တယ်လီဖုန်းလေး ကို လည်း အဝတ် နဲ့ ပွတ်သပ် သန့်ရှင်း နေလိမ့်မယ် ။ ဗိုက် ဆာတဲ့ အခါ ထမင်းချိုင့် ကို ဖွင့်ပြီး သေးသွယ်သွယ် လက်ချောင်းလေး နဲ့ စတီးလ်ဇွန်း ကိုင် ပြီး ထမင်း စား ရင် စား လိမ့်မယ် ။ ပြီးရင်တော့ ဖတ်လက်စ စာအုပ် ပြန် ဖွင့်ပြီး မျက်မှောင် အသာ ကြုတ်ပြီး စာအုပ် ဆက် ဖတ် နေ လိမ့်မယ် ။ ကောင်မလေး ကို လျှောက်ပြန်သံပေး ၊ လေချွန်သံပေး ၊ မော်တော်ဆိုင်ကယ် ဟွန်းတီး ပိုးသူတွေ ကို တောင် သူ ဂရု မစိုက်အားဘူး ။

ဟွန်းတီးသူ ၊ လည်ချောင်း ရှင်းသံ ပေးသူ ၊ လေချွန်သံ ပေးသူ တွေ ခမျာ သနား ဖို့ ကောင်းတယ် ။ တစ်ယောက် က ထူထဲ တဲ့ မျက်ခုံးမွေးလေး နဲ့ ယောင်ယောင်လေး ကောက်တဲ့ ဆံနွယ်စလေး တွေ က ချစ်စရာ ကောင်းတာ လို့ ပြောရင် ကျန်တဲ့သူ တွေ က သဘော တူ ကြ မှာ မဟုတ်ဘူး ။ ဖြူဝင်း တဲ့ အသားအရေလေး နဲ့ မျက်လုံးရွဲ တွေ ကြောင့် လှတာပါဗျာ လို့ စောဒက တက် လိမ့်မယ် ။ မဟုတ်ဘူး ၊ ဟင့်အင်း မင်း တို့ အားလုံး သူ့ အလှ ကို မခံစား တတ်ကြဘူး ။ သူ့ သွားတက်လေး နဲ့ မေးစေ့ချွန်ချွန်လေး ကို သတိ မထားမိ ကြဘူးလား ။ ပြီးတော့ ဘယ်ဘက်ပါး က ပါးချိုင့်လေး လို့ ကောင်မလေး ရဲ့ အလှ ကို တစ်ယောက် က ဖွဲ့လိမ့်မယ် ။

ကောင်မလေး က တော့ ဆက်သွယ်ရေးရုံး ကို ပေးဆောင်ရမယ့် ငွေ အပြင် သူ့ အတွက် ကျန်အောင် ဝင်ငွေလေး ရဖို့ ၊ ညီအစ်မ တစ်တွေ စု နေကြ တဲ့ အိမ်ကလေး စရိတ် ကာ မိဖို့ပဲ သူ အာရုံ ရောက် နေတယ် ။

သူများ တကာ ထက် ထူးခြားတဲ့ အရည်အချင်း ရှိတယ် ။ သူ့ ဆိုင် မှာ လာ ပြောနေကျ ဖောက်သည်တွေ ခေါ်လေ့ ခေါ်ထ ရှိတဲ့ ဖုန်းနံပါတ်တွေ ကောင်မလေး က အလွတ် ရတယ် ။ ပြီးတော့ ဦးလေး တန် လေးလေး ၊ အဒေါ် တန် ဒေါ်ဒေါ် ၊ အစ်မ တန် မမ ၊ ညီမ တန် ညီမလေး လို့ အဖျား ဆွတ် ခေါ်ပြီး မဆုတ်မနစ် တဲ့ လုံ့လ နဲ့ ခေါ် ချင်တဲ့ တယ်လီဖုန်း ကို မရ ရအောင် ခေါ်ပေးတတ်မှု ပဲ ။ လူကြီးမင်း ခေါ်ဆိုတဲ့ တယ်လီဖုန်း ဟာ ဆက်သွယ်ရေး ပြင်ပ သို့ ရောက်ရှိ နေပါသဖြင့် ဆိုလည်း သူ ရအောင် ကြိုးစား ခေါ်ပေး တာပဲ ။ အဝေးလိုင်းများ မအားလပ်သေးပါ သဖြင့် ခေတ္တ စောင့်ဆိုင်းပြီး မှ ပြန်လည် ခေါ်ဆိုပါရှင် ဆို လည်း မရဘူး ၊ ပေါင်တစ်ရာ မပြည့်တဲ့ ကောင်မလေး နဲ့ တွေ့ တော့ အားလပ် သွားတာပဲ ။

တယ်လီဖုန်း ပြောခ ကျသင့်ငွေ ကို တွက်ချက်ပြီး လို့ ပြန်အမ်းစရာ ငွေ ငါးဆယ်တန် ၊ တစ်ရာတန် အနုတ် တွေ ပြန် အမ်း နိုင်အောင် ဒီပါးချိုင့်လေး စီစဉ်ထားတယ် ။ တယ်လီဖုန်း ပြောပြီးသွားတဲ့ အခါ “ ကျေးဇူးပဲ နော် ဒေါ်ဒေါ် ၊ နောက်လည်း သမီး ဆိုင်လာပြောပါနော် ” လို့ သွားတက်လေး ပေါ် ရုံ ချိုချိုသာသာ ပြောတဲ့ အခါ အဒေါ်အခေါ် ခံရသူ က တယ်လီဖုန်း ပြော နေရင်း သူ သတိထားမိ ဂရုစိုက် ကြည့်မိတဲ့ ကောင်မလေး ရဲ့ မျက်ခုံးမျက်လုံး က နေ ပါးချိုင့်လေး သွားတက်လေး ဆီ ဖြစ်ဖြစ် အာရုံ ရောက် သွားလိမ့်မယ် ။

လမ်းနံဘေး က တယ်လီဖုန်းဆိုင်လေး ဆိုတာ လူမျိုး တစ်ရာ့ တစ်ပါး ကို ဆက်ဆံ ကြုံတွေ့ ရတာလေ ။ အရောင်းအဝယ် ၊ အပေါင်အနှံ ၊ အလောင်းအစား ၊ အချေးအငှား ၊ အသွေးအသား ၊ အလဲအထပ် ၊ အဖွင့်အပိတ် ၊ အတိုးအလျှော့ ၊ အကူအညီ ၊ အချီအချ ၊ အယူအဆ ၊ အပြန်အလှန် ၊ အကြောက်အကန် ၊ အချေအတင် ၊ အလွမ်းအသော ၊ အတွန်းအတိုက် စကားမျိုးစုံ လာ ပြောကြတာ ဟုတ်လား ။

အိုဇုန်းလွှာ ပေါက်ပြဲတဲ့ အကြောင်း က နေ ခြင်ထောင် ပေါက်ပြဲ တဲ့ အကြောင်း အထိ ၊ စိန်ကြောင်နီလာ ပတ္တမြား ကနေ ခရမ်းချဉ်သီး ကြက်သွန် ဆူးပုပ်ရွက် အထိ ၊ နျူကလီးယား ဓာတ်ပေါင်းဖို က နေ မီးဖိုချောင် ထဲ က ပေါင်းအိုး အထိ ၊ ဖန်လုံအိမ်ပြဿနာ က နေ ယင်လုံအိမ်သာ အထိ ၊ ကြက်ငှက် တုပ်ကွေး က နေ သားဆက်ခြားစီမံကိန်း အထိ ၊ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် က နေ မော်ဒန်ခေတ်လွန် အထိ သဗ္ဗာရနံ ပေါင်း ပြောကြတာ ဟုတ်လား ။

ဘုန်းကြီး ၊ မယ်သီ ၊ မော်လဝီ ၊ သင်းအုပ်ဆရာ လည်း လာ ပြောသလို ၊ ကဗျာဆရာ ၊ ကျောင်းဆရာ ၊ ပန်းရံဆရာ ၊ လေးဘီးဆရာ ၊ ပန်းချီဆရာ ၊ ဂရပ်ဖစ်ဆရာ ၊ ဓာတ်ပုံဆရာ ၊ ဘုရားကိုးဆူဆရာ လူပေါင်း စုံအောင် လာတယ် ။ အိမ်မြေယာ အကျိုးဆောင် ၊ ဥပဒေ အကျိုးဆောင် ၊ ဒေဝ အကျိုးဆောင် တွေ လည်း ပေါင်တစ်ရာ မပြည့် တဲ့ ကောင်မလေး ရဲ့ဆိုင် ကို လာကြ တယ် ။ စိုင်းစိုင်းခမ်းလှိုင် ရဲ့  ပရိသတ် ၊ ဒွေး ရဲ့ ပရိသတ် ၊ ရော်နယ်ဒင်ညို ရဲ့ ပရိသတ် တွေ လည်း လာကြတယ် ။ သားရေး သမီးရေး ၊ ရောင်းရေး ဝယ်ရေး ၊ သာရေး နာရေး ၊ လှူရေး တန်းရေး တွေ လည်း ပါတာ ပေါ့ ။ ဆေးပေး မီးယူ ၊ သားပေး သမီးယူ တွေ ရော စုံ နေအောင် ပြောကြတယ်လေ ။

တောရမ်းမယ်ဘွဲ့ ရောက်တတ်လေးဆယ် တွေ လည်း ပါ ၊ မှုတ်လှန် ခွက်လှန် လည်းမကျန်ဘူး ။ နား နဲ့ မနာ ဖဝါး နဲ့ နာ ရတဲ့ စကားတွေ ပါ သလို ၊ ခေါင်းခဲ လည်နာ အကြောင်း ပါမ ကျန်ဘူး ။ တချို့ က ပြော တော့ မူး လူး တော့ အိုင် ၊ တချို့ က ခေါက်ချိုး ပြော လျှင် စောက်ထိုး နားလည် ရမယ့် စကားတွေ ပြော ကြတယ် ။

နေ တကယ် ပူပြီ ဆိုတော့ တစ်သောင်းတန် ထီးကြားကြီး လည်း ကောင်မလေး ကို လုံအောင် မကာကွယ်နိုင်ပါဘူး ။ တိုက် နေတဲ့ လေ တွေ က လည်း နေပူပူကြီး ကို ဖြတ် တိုက် ရတဲ့ လေပူပူ တွေ ဆိုတော့ ထီးကြားကြီး အောက် ထိုင် ရတာ နံပြားဖို နား ထိုင်ရတာ နဲ့ မထူးလှပါဘူး ။

ဥတုရာသီ က ဒီလောက် ပူပြင်း တော့ တယ်လီဖုန်း ဆက်မယ့် သူ လည်း ကျဲ ပြီ ပါးပြီလေ ။ သင်္ချာ နဲ့ ဘွဲ့ ရတဲ့ ကောင်မလေး ဂဏန်းပေါင်းစက် အကူ အညီ မပါဘဲ နဲ့ သူ့ ပိုက်ဆံအိတ် ထဲ မှာ ဒီနေ့ ပိုက်ဆံ နည်းနေသေးတယ် ဆိုတာ သိ နေတယ်လေ ။

မိတ္ထီလာ ဖြစ်ဖြစ် ၊ ရွှေဘို ဖြစ်ဖြစ် ၊ မူဆယ် ဖြစ်ဖြစ် ဒါမှမဟုတ် နေ့ ဘက် အခေါ်ရ ခက် တဲ့ အောင်ပန်း ကို  ပဲ ဖြစ်ဖြစ် စကားကြော ရှည်ရှည် ပြောမယ့် သူ ကို ကောင်မလေး မျှော် နေမိတယ် ။ ဒါမှ မဟုတ်ရင် လည်း ချစ်သူ ရည်းစား နဲ့ တဖွဲ့တနွဲ့ ချွဲချွဲပျစ်ပျစ် စကားဖောင်ဖွဲ့ တတ် တဲ့ ချစ်ဝါသနာရှင်လေး တစ်ယောက် လောက် လာရင် သိပ် ကောင်းမှာပဲ လို့ အောက်မေ့မိတယ် ။

ဝတ္ထုစာအုပ် ကို အာရုံစိုက် ဖတ် နေတုန်းမှာ တယ်လီဖုန်း ပြောမယ့် သူ တစ်ယောက် ရောက် လာတယ် ။ အသက် က တော့ လေးဆယ် လောက် ရှိမယ် လို့ ထင်ရတဲ့ လူ တစ်ယောက် ၊ သပ်သပ်ရပ်ရပ် ဝတ်စား ထားတယ် ။ အရင် လာ ပြောဖူး လို့ မျက်မှန်းတန်း မိ နေသူ တစ်ယောက် တော့ မဟုတ်ဘူး ။

ကိုယ်လုံး ခပ်ပြည့်ပြည့်လူ ပြောတဲ့ နံပါတ် ကို ကောင်မလေး က နှိပ်ပေး လိုက်တယ် ။

“ အေး အထူး ဆေးခန်း က လား ” လို့ မေးလိုက် လို့ ကောင်မလေး ကို ခိုင်း နေတယ် ။ သူ ခိုင်းတဲ့ အတိုင်း မေးမယ် အလုပ် မှ တစ်ဖက် က တယ်လီဖုန်း ကို ကောက်ကိုင် လိုက်ပြီး “ မင်္ဂလာပါရှင် ၊ အေး အထူးဆေးခန်း က ပါ ” လို့ ဖြေသံ ကြားတာနဲ့ ကောင်မလေး က တယ်လီဖုန်း ကို လက်ပြောင်း ပေးလိုက်တယ် ။

ဒီ လူ နဲ့ အေးအထူးဆေးခန်း နဲ့ စကား ပြောကြတာ သိပ် မကြာပါဘူး ။ နောက်ထပ် နံပါတ် တစ်ခု အနှိပ် ခိုင်း ပြန်ရော ။ ဒီတစ်ခါ လည်း “ သိန်းသန်း ဆေးခန်း က လား ” လို့ မေးပေးပါ တဲ့ ။ ကောင်မလေး က မေးတော့ အမှန်ပဲ ။ ဒီတော့ တယ်လီဖုန်း ကို လက်လွှဲ ပေးလိုက်ရ ပြန်တယ်လေ ။

ဖတ်လက် စ ဝတ္ထု က  တော်လှန်ရေးရဲဘော်တွေ နဲ့ ဖက်ဆစ် တွေ နဲ့ စစ်တောင်းမြစ် နား မှာ တိုက်ပွဲ ဖြစ်ကြတော့မယ့် အခန်း ရောက် နေပြီ ။ စာအုပ် ကို ပြန် ကောက် အကိုင် မှာ ...

“ သမီး ဘယ်နှနာရီ ထိုး နေပြီလဲ ”

“ ငါးနာရီ မတ်တင်း ပါ ဦး ”

“ အင်း အလုပ် တစ်ခု ပေါ် လာရင် ဆေးခန်းတွေ ဒီလိုပဲ လိုက် ပြီးတော့ အချိန်တွေ ရွှေ့တာ ၊ သမီး ရယ် ဆရာ့ ကို ဒီ တစ်ခါ ဖုန်း ခေါ် ပေးပါဦး ” ဆိုပြီး နာမည်ကြီးဆေးခန်း တစ်ခု ရဲ့ဖုန်း ခေါ် ပေးရ ပြန်တယ် ။ အဲဒီ ဆေးခန်း နဲ့ စကားပြော နေရင်း နဲ့ ကားမြန်မြန် လွှတ် ပေးဖို့ အခု ချက်ချင်း လွှတ် ပေးဖို့ ပြောနေသံ တော့ ခပ်ကျယ်ကျယ် ပြောလို့ ကောင်မလေး စာဖတ် နေရာ က ကြား လိုက်မိတယ် ။ တယ်လီဖုန်း ပြန် ချ ပြီးတော့ ...

“ ဪ ... ဒါထက် သမီး သူငယ်ချင်း ထဲ မှာ အလုပ် လုပ်ချင်တဲ့ သူများ ရှိသလား ၊ ဆယ်တန်း တော့ အောင် ရမှာပေါ့ ”

“ ရှိတယ် ဦး ... ဘယ်မှာ လုပ်ရမှာလဲ ”

ကောင်မလေး က သူ့အ ချစ်ဆုံး သူငယ်ချင်း နှစ်ယောက် သူ နဲ့ တစ်မေဂျာ တည်း ဘွဲ့ ရ ပြီးသား နီနီ နဲ့ မော်မော်မြင့် တို့ ကို ချက်ချင်း သတိရ မိတယ် ။

“ ဗဟိုမြို့မ ဆေးခန်း မှာ လူ လို နေတယ် ။ နှစ်ယောက် လောက် လိုတာ ”

ကောင်မလေး ရဲ့ မျက်ဝန်းတွေ မှာ အရောင် လက် သွားတယ်လေ ။ မေးစေ့လေး လည်း နှစ်ချက် လောက် အောက် ကို ဆွဲ ညိတ် မိတယ် ထင်တာပဲ ။

“ လစာ တော့ ဘယ်လောက် ရမှာလဲ ဆရာ ”

ကောင်မလေး က ဦး လို့ ခေါ်ဝေါ်  ရာ က ဆရာ လို့ ပြောင်းပြီး သုံးနှုန်း လိုက်တယ် ။ ဒီ ဆရာ လိုချင် တာ လည်း နှစ်ယောက် ဆိုတော့ နီနီ နဲ့ မော်မော်မြင့် တို့ ပြုံးပျော်နေမယ့် မျက်နှာ တွေ ကို မြင်ယောင်မိ တယ်လေ ။

“ လစာ သုံးသောင်းခွဲ ရမယ် ။ တစ်လ ကို ၂ ရက် နားခွင့် ရှိတယ် ။ ရက်ပျက် မရှိ ရင် သုံးသောင်းရှစ်ထောင် ၊ လေးသောင်း လောက် ရမယ် ”

“ ဒါဆိုရင် ဆရာ့ ကို ဘယ်လို ဆက်သွယ်ရ မလဲ ”

“ ဆရာ နဲ့ ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ်တွေ ရေးပေးခဲ့မယ် ”

ကောင်မလေး ရဲ့ စာရင်းစာအုပ် မှာ ဒေါက်တာစိန်မင်း လို့ လက်ရေး ခပ်သော့သော့ နဲ့ ရေးပြီး တယ်လီဖုန်း နံပါတ် သုံးခု ကို တောက် တောက် တောက် တောက် နဲ့ ရေး လိုက်တယ် ။

“ ဘယ်နှနာရီ ရှိပြီလဲ သမီး ”

“ ငါးနာရီ ကျော် သွားပြီ ဆရာ ”

“ ဆေးခန်း က လာ ကြိုမယ့် ကား က လည်း ကြာ လိုက်တာ ၊ ဟိုမှာ လူနာ တွေ က လည်း ဆရာ့ ကို စောင့် နေကြတာ ၊ ရပ်ဝေး က လူနာ တွေ ကို အားနာစရာ ကောင်း နေပြီ ။ သမီး ဆရာ့ ကို ငွေ လေးထောင့်နှစ်ရာ လောက် ခဏ ပေးပါလား ၊ ကား က ဆီပြတ် သွားလို့ ”

“ ဘယ်နားမှာလဲ ဆရာ ”

ကောင်မလေး က ဆီပြတ် လို့ ရပ်နေတဲ့ ကား တစ်စင်း မှ မတွေ့တော့ လှမ်းမျှော် ကြည့် ရင်း မေး မိတယ် ။

“ စိန်နန်းတော် ဟိုတယ် ရှေ့ မှာ ရပ်ထားခဲ့ ရတယ် ”

နီနီ နဲ့ မော်မော်မြင့် တို့ အလုပ် ရဖို့ အရေး က လည်း ရှိသေးတယ် ဟုတ် လား ။ ကောင်မလေး သူ့ ပိုက်ဆံအိတ် ဖွင့်ပြီး ဒီဇယ်ဖိုး ထုတ်ပေး လိုက်တယ် ။

“ ဆရာ ဆေးခန်း က အပြန် ဝင် ပေးမယ် နော် ”

သူ လှည့်ထွက် သွားတော့ ပထမဆုံး လုပ်တဲ့ အလုပ် က နီနီ နဲ့ မော်မော်မြင့် တို့ဆီ တယ်လီဖုန်း ဆက်ပြီး သတင်းကောင်း ပြော တာပါပဲ ။ တစ်ဆင့် ခေါ် ရတဲ့ ဖုန်း က သွား ခေါ်ပေးရတာ ဆိုတော့ နည်းနည်းတော့ စောင့် ရ တာပေါ့ ။ သူငယ်ချင်း တွေ မလာ လေ ဝမ်းသာစကား က ပြောချင် လေ ၊ ရင် ထဲ မှာ တစ်လှိုက်လှိုက် တက်တက် လာတယ် ။

ခဏ နေ တော့ တယ်လီဖုန်း နှစ်လုံး ရဲ့ ဝါယာကြိုး တွေ ထဲ မှာ ဝမ်းသာသံ တွေ ၊ ရယ်သံ တွေ ၊ ကျေးဇူးစကား တွေ ပြည့်နှက် သွားတယ် ။ ကောင်မလေး အဲဒီ နေ့ က ဝင်ငွေ မကောင်းပေမဲ့ စိတ်ချမ်းသာ နေတယ် ။ ဒါပေမဲ့ အဲဒီ စိတ်ချမ်းသာမှု ပျော်ရွှင်မှုလေး က တစ်ခဏ ပဲ ။ သေချာ အောင် လို့ ဒေါက်တာ စိန်မင်း ဖုန်း ဆက် ခဲ့တဲ့ ဆေးခန်း တွေ ၊ သူ ရေး ပေးတဲ့ ဖုန်းနံပါတ် တွေ ဆက် ကြည့် တော့ စေတနာ ကို အစော်ကား ခံလိုက်ရမှန်း သူ သိ သွားပြီ ။ အသားလတ်လတ် ၊ အသက် လေးဆယ် လောက် ဆံပင် အလယ်ခွဲ နဲ့ ဒေါက်တာစိန်မင်း ဆိုတာ လေ ။ တစ်ဘက် က မရှိပါဘူးလို့ ချည်း ဖြေ ကြ တယ် ။ တစ်ခုသော ဖုန်း က ပြန် ပြောပုံ ကို ကြား ရတော့ ပေါင် တစ်ရာ မပြည့်တဲ့ ကောင်မလေး သွေး ပေါင်ချိန် တွေ တောင် ကျကုန် သလားပဲ ။

“ ခု ပြောနေတဲ့ ညီမလေး က ပီစီအိုဖုန်း က မဟုတ်လား ”

“ ဟုတ်ပါတယ် အစ်မ ”

“ ဘယ်နား က ပီစီအို လဲ ”

“ တရုတ်တန်း လမ်းမ ပေါ် က ပါ ”

“ အဲဒီ လူ က ဒီဇယ် တစ်ဂါလန်ဖိုး ရော ချေး သေးတယ် ဟုတ်လား ”

ကောင်မလေး က မှင်တက် မိပြီး နှုတ်ပါ ဆို့ သွားတယ် ။ 

ထူထဲ တဲ့ သူ့မျက်ခုံးလေး မြင့်တက် သွားတယ်လေ ။

“ ဟုတ် ဟုတ် ဟုတ်ကဲ့ရှင့် ”

“ ဒါပါနဲ့ ဆိုရင် ဒီနေ့ တစ်နေ့ တည်း ပီစီအို တွေ က ညီမလေး လို စုံစမ်းတာ ငါးဆိုင် ရှိသွားပြီ ” တဲ့ ။

ကောင်မလေး ရုတ်တရက် ကောက်ခါငင်ခါ ဖျား သလိုလို ချမ်း သလိုလို ခံစား လိုက်ရတယ် ။

ဒီ အဖြစ်အပျက်တွေ အားလုံး သူ ချစ်တဲ့ သူငယ်ချင်း တွေ ဆီ မခြွင်းမချန် ပြန် ပြောမိတယ် ။

“ ပိုက်ဆံ လေးထောင့်နှစ်ရာ ကို ငါ မနှမြောပါဘူး ။ ငါ့ သူငယ်ချင်း တွေ ရော ၊ ငါ့ ကို ပါ လိမ် သွားတဲ့ လူလိမ် ကို ဆရာ လို့ ခေါ် လိုက်မိတာ ငါ ဒေါသ ဖြစ်လို့ မဆုံးဘူး ၊ ရှက် လို့ မဆုံးဘူး ၊ ဝမ်းနည်း လို့ မဆုံးဘူး ”

ကောင်မလေး မျက်ဝန်း မှာ မျက်ရည် တွေ ရီဝေ လာပြီး အသံ တိမ် ဝင် သွားတယ် ။

ဒါပေမဲ့ ကောင်မလေး မငိုဘူး ။ လက်သီး ဆုပ် ပြီး အံကြိတ် ထားတယ် ။

◾ညီပုလေး

📖 တတိယမြို့တော်သား ရဲ့ အလွမ်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment