Tuesday, June 4, 2024

စစ်မှန်သော အချစ်


 

❝ စစ်မှန်သော အချစ် ❞ 

( ၁ )

နေမင်းကြီး က ဝင်းခနဲ ထွက်ပေါ် လာသည် ။ ဖြူဖွေး နေတဲ့ ငွေနှင်းမှုန်တွေ က ရုတ်ချည်း ပျောက်ကွယ် သွားကြသည် ။ အေးစိမ့် နေရာ က အနွေးဓာတ်လေး က လွှမ်းခြုံ လာသည် ။ တစ်ချက် တစ်ချက် သုတ်ဖြူးလေတဲ့ မြောက်ပြန်လေ ကြောင့် ချမ်းစိမ့်စိမ့် ခံစား ရသည် ။
နံနက်ခင်းစာ အတွက် လက်ဖက်ရည်ဆိုင် သို့ ဦးတည် လျှောက်ရင်း ဂျင်းဂျာကင် ကို ရှေ့ ကြယ်သီးတွေ တစ်လုံးချင်း တပ် နေမိသည် ။

သစ်ဆိုင် ရှေ့ အရောက် မှာ ..

“ ကိုစိုး ... ကိုစိုး ဟို အမျိုးသမီး ခင်ဗျား ကို ကြည့် နေတယ် ”

လက်မောင်း ကို လှုပ်ကိုင် ယမ်းခါ ရင်း သူငယ်ချင်း စောမူ က သတိ ပေးသည် ။ ဘာရယ် မဟုတ် ၊ သူ ညွှန်သည့် နေရာ ကို လှမ်း ကြည့် ဖြစ်သည် ။

အပေါ်ဖြူ ၊ အောက်ပြာ နှင့် လှပကြော့ရှင်း နေသော မိန်းမလှ တစ်ဦး ၊ ဖယ်ရီ စောင့် နေသည့် ဝန်ထမ်း အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း သိလိုက်သည် ။

သူမ သည် ဘာကြောင့်မှန်း မသိ ငေးပြီး စိုက်ကြည့် နေပါ လား ။ သိလို့ လား ၊ လူမှားနေတာလား ။ တစ်ခု ခု ဖြစ်နိုင်သည် ။ ရင် ထဲ မှာ ဘာမှ ဖြစ်မလာခဲ့ ။ အမျိုးသမီး ထံ မှ အကြည့် ကို ရှေ့ သို့ လွှဲဖယ် ရင်း လမ်း ဆက် လျှောက်ခဲ့သည် ။

“ ကိုစိုး ခင်ဗျား သူ့ ကို သိလား ”

သူငယ်ချင်း က တအံ့တသြ လုပ် ရင်း မေးသည် ။

“ ဟင့်အင်း မသိဘူး ”

တာဝန်ကျေ ဖြေရင်း ရေးလက်စ ဝတ္ထုရှည် တစ်ပုဒ် အတွက် ခေါင်း ထဲ မှာ ဇာတ်လမ်းတွေ တွေး နေမိသည် ။

သူငယ်ချင်း က လှည့်ကြည့် လှည့်ကြည့် နှင့် လက်ဖက်ရည်ဆိုင် ထဲ ထိ ပါလာခဲ့သည် ။

  •••••   •••••   •••••

( ၂ )

နောက် နေ့ပေါင်း များစွာ လက်ဖက်ရည်ဆိုင် သွား တိုင်း သည် နေရာ က အဲသည့် မိန်းကလေး ကို သတိထား မိလာသည် ။

သူမ ရှေ့ က ဖြတ် သွားတိုင်း သူမ က လည်း ငေး ပြီး ကြည့် နေတတ်သည် ။

အကြည့် တွေ က ဘယ်လိုပင် ဆုံ ပေမယ့် ရင် ထဲ မှာ ဘာမှ ဖြစ် မလာခဲ့ ။

တစ်ညနေ ...

အမ်စီစီကုမ္ပဏီ က ဖွင့် နေတဲ့ စီးပွားရေး လုပ်ငန်းရှင်များ အတွက် လုပ်ငန်း အုပ်ချုပ်မှု သင်တန်း သို့ တက်ရောက်ရန် အိမ် က ထွက် လာခဲ့သည် ။

မှတ်တိုင် သို့ အသွား ရိပ်သာလမ်းသွယ် ထိပ် အရောက် မှာ အစိမ်းရောင် ရုံးဖယ်ရီကား တစ်စီး က ဘေးနား မှာ လျှောခနဲ ထိုး ရပ်သည် ။

ကား ပေါ် က အမျိုးသမီး ဝန်ထမ်း တချို့ ဆင်း ကြသည် ။ သည်မှာ ...

မနက်တိုင်း တွေ့ နေကျ အမျိုးသမီး ကား ပေါ် က ဆင်း ဖို့ လုပ်ရင်း လှမ်း အကြည့် နဲ့ အကြည့်ချင်း ဆုံဖြစ် သွားပြန်သည် ။ ထူးခြားချက် က သူမ ရဲ့ မျက်နှာ ထက် ချက်ချင်း အသွင် ပြောင်း ကာ မကျေမနပ် အကြည့် နဲ့ လှမ်း ကြည့် နေပါလား ။

အံ့သြခဲ့ရသည် ။ ဘာမှ သူမ နဲ့ မပတ်သက်ခဲ့ရပါပဲ လျက် ဘာကြောင့် မကျေနပ် တဲ့ အကြည့် နဲ့ ဘုကြည့် ကြည့် သွားရတာလဲ ။

စဉ်းစားရ ကျပ်ပါဘိ ။

မြို့ထဲက ပြန်ခဲ့သည် ။

  •••••   •••••   •••••

( ၃ )

မြို့ ထဲ က ပြန်ခဲ့သည် ။

မီ ရာ ဘတ်စ်ကား တစ်စီး ပေါ် သို့ တိုးတက်ခဲ့သည် ။

စာအုပ် ထုတ် ဖို့ အပေါင်းအသင်းတွေ နဲ့ တိုင်ပင် ဆွေးနွေး ခဲ့သည် မို့ ခေါင်း ထဲ မှာ အလုပ် ကိစ္စတွေ ပဲ ရောက်နေသည် ။

စာမူ ကို ကွန်ပျူတာ ရိုက်ရန် ၊ စာပေစိစစ်ရေး တင်ရန် ၊ မျက်နှာဖုံး ပန်းချီ အပ်ရန် စသည် စသည်ဖြင့် .. ။

ဘတ်စ်ကား က ကျပ်လွန်းသည် ။ ညနေဘက် မို့ အဆင်း ထက် အတက် က များသည် ။ လူတွေ တစ်ယောက် နဲ့ တစ် ယောက် ထပ် ကုန်သည် ။

မမျှော်လင့်ဘဲ အမျိုးသမီး တစ်ဦး နဲ့ ရင်ချင်းအပ် မိသည်ကြောင့် အားနာလွန်းစွာ သူမ မျက်နှာ ကို အကြည့် သူမ က လည်း အထိတ်တလန့် နဲ့ ပြန် အကြည့် ...

အကြည့် နှစ်ခု နီးနီးလေး ဆုံဖြစ် ချိန် မှာ မနက်တိုင်း တွေ့ နေ ကျ အမျိုးသမီး မှန်း သိလိုက်သည် နှင့် ...

ရင် ထဲ မှာ ဒိန်းခနဲ ဆောင့် ခုန်သွားသည် ။ ရင်ခုန်သံ က တဒိတ် ဒိတ် နဲ့  မြန်လွန်းသည် ။ နှလုံးခုန်သံ ကို ထို အမျိုးသမီး ကြား လောက်သည် ။

အသားတွေ လည်း တဆတ်ဆတ် တု န်လာသည် ။ ဒူးတွေ လည်း မခိုင်ချင် တော့ ။ ရှက်သွေး ၊ ကြောက်သွေး တွေ က တစ်ကိုယ်လုံး သို့ ပျံ့နှံ့ သွားသည် ။

သည် နေရာ က အဝေးဆုံး ဆိုသော နေရာ သို့ အတောင် ပေါက် ပြီး ပျံပြေး သွားချင်သည် ။

တဒင်္ဂ အတွင်း သည်လောက်ကြီး ဖြစ်သွားရခြင်း အတွက် ကိုယ့် ကိုယ် ကို မကျေနပ် ချင် ။

သူမ ကို ကြည့် လိုက်တော့ ပို ဆိုးသည် ။

သူမ မျက်နှာ ထက် ရဲရဲနီ နေသည် ။ သူမ ၏ နှုတ်ခမ်းသားလေး များ တဆတ်ဆတ် တုန် နေသည် ။ ရှက်ကိုးရှက်ကန်း နှင့် ရဲရဲ မကြည့်ရဲ ရှာ ။

တစ်ချက် တစ်ချက် ရှက်လန့်တကြားလေး နဲ့ ငေးခနဲ ကြည့်တတ်သည် ။

သူမ ရင် ထဲ ဘာတွေ ဖြစ်နေလဲတော့ မသိ ။ သည် က ရင် ထဲ မှာ တော့ ဗလောင်ဆူ နေပြီ ။

အလိုလိုနေရင်း ဘတ်စ်ကားကြီးကို ကျေးဇူးတွေ တင်နေမိသည် ။

သည်မှာ အသိ တစ်ခု နိုးကြား လာသည် ။

လူ့ ဘဝ မှာ အနှစ် ၄ဝ နီးပါး နေ လာသည် အထိ မပေါ်ခဲ့ဖူး လေသော ကာလနဂါး အချစ် သည် ခေါင်းထောင် ၍ ထ လာခဲ့ပါ ပြီ ကော ။

ရက်ပေါင်း များစွာ မနက်တိုင်း တွေ့ နေတဲ့ သည် အမျိုးသမီး နဲ့ ခု ကျ မှ ဘာကြောင့်များ စိတ်တွေ လှုပ်ရှား ခဲ့ရပါလိမ့် ။

သိ လိုက်သည် ။

ရင် ထဲ က ဖြူစင်သော မေတ္တာပန်း သည် သူမ ၏ ရင်ငွေ့ ကို ခိုလှုံပြီး မှ ပွင့်လန်းခဲ့ရပါပြီကော ။

ဆိုတော့ သူမ အကြောင်း ၊ သူမ ဘဝ ကို ချက်ချင်းကြီး သိချင် လာသည် ။

မှတ်တိုင် တစ်ခု မှာ ကား အရပ် ၊ ဝေ့ခနဲ တစ်ချက် ကြည့် ပြီး သူမ ဆင်း သွားသည် ။ ချက်ချင်း သူမ နောက် က လိုက် ဆင်း သည် ။

သူမ နဲ့ မသိမသာ ခွာ ပြီး လိုက်သည် ။ နာမည်လေး မေး လိုက်ချင်ပေမယ့် မတော်တဆ အိမ်ထောင်သည် ဖြစ်ခဲ့သော် ဆိုသော အသိ နဲ့ လိုက် မမေးဖြစ် ။

သူမ သည် မူလတန်းကျောင်း တစ်ခု ဘေး မှ ဖြတ်သန်းပြီး ခြံဝင်းကြီး တစ်ခု ထဲ ဝင်သွားသည် ။

တိုက် ဆင်ဝင် ရှေ့ အရောက် နောက် ကို လည်ပြန် တစ်ချက် ကြည့်သည် ။ သည် ည အတွက် လွမ်းစရာ နှုတ်ဆက် အကြည့်လေးပါလား ။

သူမ နေထိုင်သော အိမ် ကို  အသေအချာ သိ လိုက်ပြီ ။

  •••••   •••••   •••••

( ၄ )

နောက် တစ်နေ့ မနက် သူမ လာရာ လမ်းထိပ် က အုတ်ခုံ မှာ တစ်ယောက် တည်း ထိုင် စောင့်သည် ။

တစ်ခါမျှ မလုပ်ဖူးသော အလုပ် မို့ ပတ်ဝန်းကျင် ကို ရှက် လိုက်သည့် ဖြစ်ခြင်း ။

သိပ်ပြီး မစောင့်လိုက်ရ ။ ခပ်လှမ်းလှမ်း မှာ လှုပ်လီလှုပ်လဲ့ ယိမ်းနွဲ့ ကာ ပင် လျှောက်လှမ်း လာသည့် မရွှေချော က ပေါ် လာ သည် ။

နီး လာ တော့ ဘယ်စောင်း ညာငဲ့ နဲ့ လူ ကို သေသေချာချာ လှမ်း ကြည့် နေပြန်သည် ။

အနီးဆုံး အရောက် မှာ သူမ မျက်နှာ ထက် အံ့သြဝမ်းသာ ရိပ်ကလေးတွေ ယှက်ဖြာ နေသည် ကို သတိထား မိသည် ။ ဆို တော့ ရင် မှာ ကြည်နူး မိသည် ။

ခုမှ သေသေချာချာ ကြည့် ဖြစ်သည် ။

သူမ သည် အတော် လှ သော မိန်းမချော တစ်ယောက် ပါလား ဟူ၍ ။

အရပ်ကြီး က မြင့်လွန်းသည် ။ တောင့်တောင့်တင်းတင်း နှင့် ခန္ဓာကိုယ် အချိုးအဆက် က အချိုးအစား ကျနသည် ။

လှတစ်မျက်နှာ က လပြည့်ည လမင်းကြီး လို ပြည့်ပြည့် ဝိုင်း ဝိုင်း နှင့် ။ မျက်လုံးလေးတွေ က ကြည်လင်ပြီး အရောင် လဲ့ နေသည် ။

စင်း နေသော နှာတံ နဲ့ ပိရိသော နှုတ်ခမ်း အစုံ က သွေးရောင်လေး ရဲ နေသည် ။ အသားအရေ က လည်း ဖြူဖွေးသည် ။ ထူး နေသည် က နား ။ နား က နည်းနည်းလေး ကား နေသည် ။ နဂါးမျိုးများ ဖြစ်ရော့လား မသိ ။

နက်မှောင် နေ တဲ့ ဆံပင် ကို စုစည်းပြီး ကျောလယ် မှာ ထားသည် ။ ဆံပင် ကို သိမ်းထား တာ မို့ မျက်နှာ အလှ က ရှင်းပြီး ပေါ် နေသည် ။

ရုပ်ရည်က သန့်ပြန့်လွန်းသည် ။ ဘယ်လိုပဲ ကြည့်ကြည့် အင်မတန် မှ ကျက်သရေ ရှိလှသည့် ရုပ်ရည်မျိုး ဖြစ်သည် ။

မျက်နှာပေး အမူအရာ ၊ သွားပုံ လာပုံ ၊ ဝတ်ပုံ စားပုံ က အစ မြင်တာ နဲ့ အတော့် ကို အဆင့်အတန်း ရှိသော အထက်တန်း ကျသည့် အမျိုးကောင်း သားသမီး မှန်း သိသာသည် ။

ဣန္ဒြေတွေ ၊ သိက္ခာတွေ အပြည့် နဲ့ မို့ မြန်မာ ပီသသော မြန်မာမလေး တစ်ယောက် ပါပဲ လို့ ။

အနား ရောက် မှ စကား တစ်ခွန်း က ခုန်ပျံ ထွက် သွားသည် ။

“ သိပ် လှတာပဲ ”

သူမ မျက်နှာ ပြုံးခနဲ ဖြစ် သွားသည် ။

ရပ်နေ ကျ သစ်ဆိုင် ရှေ့ မှာ သွား ရပ်သည် ။ စလင်းဘတ် ကို လွယ်လျက် ၊ လက် တစ်ဖက် က ထမင်းချိုင့် ဆွဲခြင်း ကို ကိုင်လျက် ။ ဖယ်ရီ ရောက် လာသည် ။ သူမ သည် ဆွဲခြင်း ကို အပေါ် မှ လူ တစ်ယောက် ဆီ လှမ်း ပေးသည် ။

လှေကား မတက်မီ သည် မှာ ဘက် ကို တစ်ချက် လှမ်း ကြည့် သည် ။ ကား ပေါ် အတက် မှာ လုံချည် အောက် အနားစ က အပေါ် သို့ တက် သွားသည် ။

သည်မှာ ဖြူဖွေး နေ တဲ့ သလုံးသား ဝင်းဝင်းလေး ကို လှစ်ခနဲ တွေ့ လိုက်ရသည် ။ ရင် ထဲ မောရပါဘိ ။

  •••••   •••••   •••••

( ၅ )

အလုပ် များရတဲ့ အထိ မပျက်ရဲ တဲ့ တာဝန်တွေ က ပို လာ သည် ။ မနက် တစ်ကြိမ် ၊ ညနေ တစ်ကြိမ် ၊ ဖယ်ရီ အသွား အပြန် ချစ်သူ ကို အကြိုတော် ထောက် ရသည် ။

ချစ်သူ ၏ အလှ ကို ငေးပြီး ရှုစားခွင့် ရသည် ။ အကြည့်ချင်း ဆုံ ပြီး မျက်လုံးချင်း စကား ပြောရသည် မှာ အရသာ ရှိလွန်းသည် ။

ရင်ခုန်သံ တဒိတ်ဒိတ် နဲ့ ရင် ထဲ မှာ ပူနွေးသော ဝေဒနာ ကို ခံစားရင်း အချစ် ၏ ချိုမြိန်သော အရသာ ကို ကြည်ကြည်နူးနူး လေး ခံစားရသည် ။

အခွင့် သာ သည် နှင့် သူမ အနား ကို ကပ်ပြီး စကားတွေ ပြော ကြည့်သည် ။ နှလုံးသား စာလွှာတွေ ဆက်သ ခဲ့သည် ။

သို့ပေတည့် သူမ သည် စကား ကို ဟုတ်တိပတ်တိ  ပြန် မပြော ။ လမ်းမ ၏ ဟိုဘက် သည်ဘက် ရှောင် ပြေးသည် ။

နောက်ပိုင်း အဖော်တွေ ပါလာသည် ။ အစ်ကို တွေ ၊ မောင် တွေ ၊ ဦးလေး တွေ ရောက် လာသည် ။ စက်ဘီး နှင့် တစ်မျိုး ၊ ဆိုင်ကယ် နဲ့ တစ်သွယ် ၊ ကား နဲ့ တစ်ဖုံ လိုက်ပါ စောင့်ရှောက် လာ ကြသည် ။

အခွင့်အရေး မသာ တော့ ။ အနှောင့်အယှက် က စုံ လာသည် ။ ရင် မှာ မသက်မသာ ခံစား လာရသည် ။ သည်လောက်တော့ ရှိ မှာပေါ့ ဟု ဖြေသိမ့်မိသည် ။

တစ်မနက် သူမ ကို စောင့်နေဆဲ စက်ဘီး တစ်စီး က အနား မှာ ကျွီခနဲ ထိုး ရပ်သည် ။ လူငယ် တစ်ယောက် ဖျတ်ခနဲ ဆင်း လာပြီး စက်ဘီး ကို ပလက်ဖောင်း ပေါ် ဝုန်းခနဲ လှဲချလိုက်သည် ။ မီးဝင်းဝင်း တောက် နေသော မျက်လုံး အစုံ နဲ့ ရှေ့ တည့်တည့် မှာ လာရပ်သည် ။ လက်သီး နှစ်ဖက် ကို လည်း ကျစ်ကျစ် ပါ အောင် ဆုပ် ထားသည် ။

“ ခင်ဗျား ကျွန်တော့် အစ်မ ကို လိုက်ပြီး မနှောင့်ယှက်ပါ နဲ့  ၊ ဒါ နောက်ဆုံး အကြိမ် ဖြစ်ပါစေ ၊ နောက် တစ်ခါ ဆို ကျွန်တော် တို့ ကို အဆိုး မဆိုနဲ့ ”

ရန် လိုတဲ့ စကား ၊ မုန်းတီး တဲ့ အကြည့် နဲ့ ပြော လာပြီ ဆို တော့ သူမ ၏ မိသားစု အသိုင်းအဝိုင်း သည် ဘယ်လိုမှ သဘော မတူနိုင် ဆိုသည့် သဘောပေပဲပေါ့ ။

  •••••   •••••   •••••

( ၆ )

ရန်လို နေသော အစ်ကို ၊ မောင် တွေ က စောင့်ကြည့် နေပြီမို့ သူမ ဆီ မသွားလိုတော့ ။

သည် မနက် အချိန် စောပြီး လက်ဖက်ရည်ဆိုင် ဘက် ထွက် ခဲ့သည် ။ ဆုံ နေကျ အုတ်ခုံ အရောက် မှာ ခပ်သုတ်သုတ် လျှောက် လာတဲ့ သူမ နဲ့ ရင်ဆိုင် တိုးသည် ။

ရင် ထဲ နွေးခနဲ ဖြစ် သွားသည် ။ သူမ က အရင်ဆုံး အားရပါး ရ ပြုံး ပြသည် ။ ချစ်သူ အပြုံး ကြောင့် တစ်လောကလုံး ကို ရင်ဆိုင် ရဲ သွားသည် ။

အလိုအလျောက် နှစ်ဦးသား အနီးဆုံး ဆိုသော နေရာ ထိ ချဉ်းကပ် လိုက်ကြသည် ။

ဦးဆုံး တစ်ယောက် ကို တစ်ယောက် ငေးပြီး ကြည့် နေမိ သည် ။ နောက် စကားတွေ အပြန်အလှန် ပြော ဖြစ်သည် ။ တစ်ယောက် အကြောင်း ကို တစ်ယောက် အငမ်းမရ မေးကြသည် ။ ဖြေကြသည် ။ ပျော်လိုက်သည် ဖြစ်ခြင်း ။

အချစ်ကမ္ဘာ ၏ အကြင်နာ တံခါး ကို နှစ်ဦးသား ပြိုင်တူ ဖွင့် လိုက်ကြသည် ။ ဝမ်းသာခြင်း ပီတိ အဟုန် သည် ရင်မှာ လှိုင်း ခတ်သံ အပြည့် နှင့် ။

တစ်လောကလုံး မှာ တို့ နှစ်ယောက် သာ ရှိတော့သည် ဟူ၍ ကြည်နူးလိုက်သည့် ဖြစ်ခြင်း “ ချစ်လို့ရယ်တဲ့မှ ၊ အို မကုန်နိုင်တယ် ” ဟူဘိ သို့ ။

သည့်နောက် လျင်မြန်စွာ လူချင်းခွဲလိုက်ကြသည် ။ အခိုက်အတန့် ကွဲကွာသွားကြပေမယ့် နှလုံးသားချင်းကတော့ ထာဝရ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည် ။

ထိုမှ သည် မကြာခဏ ဆိုသလို ချစ်သူ တို့ နားခိုရာ နေရာလေးတွေ ဆီ ရောက်ဖြစ်ကြသည် ။ ဘုရား တွေ လည်း စုံအောင် ဖူးကြသည် ။ သစ္စာတွေ တိုင်တည် လို့ ။ နှစ်ကိုယ်တူ နီးရဖို့ အရေး ကြိုးစားကြသည် ။

  •••••   •••••   •••••

( ၇ )

ရင်းနှီးသူ တစ်ဦး ထံ မှ သူမ တို့ အကြောင်း မိသားစု ရာဇဝင် အားလုံး သိခွင့် ရသည် ။

သူမ သည် ရိုးသည် ၊ အေးသည် ၊ သဘော ကောင်းသည် ၊ ရည်းစား မရှိ ၊ အိမ် ထဲ က အိမ်ပြင် မထွက် ။ ပွဲလမ်းသဘင် ဝါသနာ မပါ ။ ဘယ်ကို မှ အသွားအလာ မရှိ ၊ နောက်ကြောင်း ရှင်းသည် ။

သို့သော် ...

ထို သို့သော် အတွက် ရင် ထဲ က မျှော်လင့်ချက်တွေ လျော့ရဲ အားနည်း ကုန်သည် ။

သူမ ကို ဆရာဝန် တစ်ဦး နဲ့ ချမ်းသာသော နှစ်ဖက် မိဘ များ က သဘော တူထားပြီး တရားဝင် စေ့စပ် ထားသည် ဟူ၏ ။ သည်အ ကြောင်းတွေ ကို ဘာလို့များ မပြောပြခဲ့ရတာလဲ ဟု သူမ ကို မကျေမနပ် ဖြစ်ရသည် ။

ရက်စက်ပါ့ ဖူးစာကံရယ် ဟု ဝမ်းနည်းစွာ ကြေကွဲ မိသည် ။ စိတ် အပျက်ကြီး ပျက်ကာ သူမ ဆီ မသွားတော့ ။ အတတ်နိုင်ဆုံး မေ့ ပစ်လိုက်သည် ။

သို့သော် ရင် ထဲ က ဝေဒနာတွေ က ပျောက် မသွား ။ ကြီးထွား လာသည် ထက် ကြီးထွားလာသည် ။ တွေ့ချင် မြင်ချင် စိတ် က ထောင်းထောင်း ထ လာသည် ။ မတွေ့ရ ရင် သေရတော့ မတတ် ခံစား လာရသည် ။

ပူလောင် လွန်းသော ဝေဒနာ က ရင် မှာ ပြင်းပြစွာ မခံမရပ် နိုင် အောင် ဟုန်းဟုန်းကြွလာသည် ။

သူမ နှင့် မတွေ့ရတာ ဘာလိုလို နှင့် တစ်လ ကျော် လာသည် ။ အလိုလို နေရင်း သူမ အပေါ် အသနားတွေ ပို လာသည် ။ အချစ် တွေ က လည်း တစ်ဆင့် ပြီး တစ်ဆင့် ပေါက်ကွဲ ထွက် လာသည် ။

သူမ ထံ မသွားခဲ့သည့် အချိန်တွေ အတွက် ခုမှပဲ နှမြော တသ မိသည် ။ ကိုယ့် ကိုယ် ကိုယ် လည်း မကျေနပ် ချင် ။

တစ်နေ့ ရုံးစားပွဲ ပေါ် က သတင်းစာ ကို ဟိုသည် လှန်လှော ရင်း တစ်နေရာ မှ စေ့စပ်ကြောင်းလမ်း ဖျက်သိမ်းခြင်း နှင့် သူမ နာမည် ကို တွေ့ရသည် ။

နှုတ် မှ “ ဟိုက် ” ခနဲ ဖြစ်သွား လောက်အောင် အံ့သြ မဆုံး ဖြစ်ရသည် ။ ဝမ်းသာလိုက်သည် မှာ ဆိုဖွယ်ရာ မရှိတော့ ။

သူမ ကို ဘယ်လို တွေ့ ချင်မှန်း မသိရ လောက် အောင် အရမ်း ကို တွေ့ချင် လာသည် ။

  •••••   •••••   •••••

( ၈ )

ရိပ်သာလမ်းသွယ် ထိပ် အုတ်ခုံ မှာ အစောကြီး ထဲ က သွား ထိုင် နေခဲ့သည် ။ မိုးလေး က အုံ့တုံ့တုံ့ နှင့် ရာသီဥတု က သာသာယာယာ ။

မကြာပါ သူမ သည် နီညိုရောင် အပေါ် အောက် ဝမ်းဆက် နှင့် တလှုပ်လှုပ် လျှောက်လှမ်း လာနေသည် ကို တွေ့သည် ။

မနီးမဝေး သို့ ရောက် လာသည် ။ သူမ သည် အစွမ်းကုန် လှ နေပါလား ။ မိတ်ကပ် တွေ ၊ နှုတ်ခမ်းနီ တွေ လိမ်းခြယ် လို့ အလှတွေ ပြင်ထားပါ ပေါ့ လား ။

သူမ မျက်လုံး အစုံ က အံ့သြရိပ်တွေ နဲ့ ကြည်နူးဝမ်းသာ သည့် အရိပ်လက္ခဏာ တွေ ယှက်သန်း နေသည်ပဲ ။

ပြူးဝိုင်း နေတဲ့ မျက်ဝန်းအစုံ နဲ့ ပါးစပ်ကလေး ပင် အဟောင်း သား ဖြစ်ရ လောက် အောင် တဒင်္ဂ ရပ်ပြီး ငေးကြည့် နေရှာသည် ။

ပျောက်ဆုံး နေသော ချစ်သူ ကို ရှေ့မှောက် မှာ တကယ်ကြီး ပြန် တွေ့ နေရပြီ မို့ ခမျာ ဣန္ဒြေ ပင် မဆောင်နိုင် လောက်အောင် ဝမ်းသာ သွား ရှာသည် ။

နှုတ်ခမ်း အစုံ ကို ဖွင့်ပြီး အစွမ်းကုန် ရယ် ပြသည် ။ သည် က လည်း အစွမ်းကုန် အားရပါးရ ရယ်ပြ လိုက်သည် ။ လွင်ချိုသော ရယ်သံ နှစ်ခုက ဝန်းကျင် တစ်ခို ဝယ် ပဲ့တင် ထပ်သွားသည် ။

တစ်ယောက် ဆီ တစ်ယောက် အမြန် ရောက်အောင် အပြေး သွား ကြသည် ။ သဏ္ဌာန် နှစ်ခု တစ်ခု ထဲ ဖြစ်သွားသည် ။

အချစ်ပန်း ရနံ့လေးများ သင်းထုံ သွားသည် ။ ကြည်လဲ့လဲ့ အပြုံးမြမြလေးတွေ နဲ့ သူ့ မျက်နှာ ကိုယ့် မျက်နှာ အပြန်အလှန် ကြည့်ရင်း ဘာတွေ ရှာဖွေ နေကြသည် မသိ ။

စစ်မှန်သော ချစ်ခြင်းမေတ္တာ သည် ချစ်သူ နှစ်ဦး အတွက် ရိုးသားစွာ ခိုင်မြဲခဲ့လေပြီ ။

◾တက္ကသိုလ်စိုးနောင်

📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း
      အမှတ် ( ၂၂၉ )
      ၂၀၀၀ ပြည့်နှစ် ၊ စက်တင်ဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment