❝ ကျွန်မ နိုင်ငံခြားပြန် ❞
ဇင်မေ ခု တလော အိမ်တွင်းပုန်း မင်းသမီး လုပ် နေတယ် ။
ဟို က ပြန် လာ ရင် လည်လိုက် ပတ်လိုက်ဦးမဟဲ့ ဆိုတဲ့ ဇင်မေ ရဲ့ ကနဦး အစီအစဉ် ဟာ အိမ် ထဲ မှာ ပဲ ခိုအောင်း ပြီး အနားယူဖို့ ဘက် ကို မပြောင်းချင် ဘဲ ပြောင်း လဲပစ်လိုက်ရတာ စိတ်တွေ ရှုပ်ထွေး လွန်းလို့ပါ ။
“ ဘယ်တော့ ပြန်သွားမှာလဲ ၊ ဘယ်လောက်ကြာ မှာလဲ ” ဆိုတဲ့ ခါတိုင်း လို အမေး တွေ ကို “ ဟင့်အင်း ပြန် မသွားတော့ဘူး ၊ အပြီး ပြန်လာတာ ” လို့များ ဇင်မေ ဖြေ ရင် သူတို့ တွေ ဝမ်းသာအားရ ကြိဆိုကြ မှာ ပဲ လို့ ဇင်မေ ထင်ခဲ့ သမျှ အလွဲကြီး လွဲတာပဲ ။ “ ဟင် တကယ်လား ။ ဘာဖြစ်လို့လဲ ၊ ဟိုမှာ အဆင် မပြေလို့လား ” ဆိုပြီး မေးသမျှ လူတိုင်း လောက် နီးပါး ပြန် မေးခွန်း ထုတ် နေကြ တော့ ဇင်မေ နည်းနည်း စိတ်ညစ် လာတယ် ။ “ ပြေပါ တယ် ။ သူများ နိုင်ငံ မှာ အကြာကြီး မနေနိုင်ပါဘူး ။ ပြန်ချင်လို့ ပြန်လာတာ ။ မိသားစု နဲ့ အတူတူ နေချင်လို့ ပေါ့ ” ဆိုပြီး ဇင်မေ က ထပ် ဖြေမှ ပို ဆိုးသွားတယ် ။ တကယ့် ကို နားမလည် နိုင်ပါဘူး ဆိုတဲ့ အကြည့် စိန်းစိန်း တွေ နဲ့ ။ ဇင်မေ လည်း ကိုယ့် အဖြေ ဟာ ဘာများ နားမလည် နိုင်စရာ ကောင်း လောက်အောင် ဖြစ်နေလို့လဲ လို့ တွေး မရတာ နဲ့ တော်တော်လေး ခေါင်းရှုပ်မိ ပါတယ် ။ ကိုယ့် နိုင်ငံ ကိုယ် ပြန် လာတာ ၊ ကိုယ့် မိသားစု နဲ့ ကိုယ် အတူ ရုန်းကန် နေထိုင်ဖို့ ဆုံးဖြတ်တာ ဘာများ မှား သွား လို့လဲ ။ ရောက် ရောက်ချင်း လေဆိပ် က အထွက် မှာ တင် တက္ကစီသမား အပြော မှာ ဇင်မေ့ ရင် ထဲ က ခပ်လေးလေး ။ အဲဒီ တက္ကစီသမား က အိမ်နားလေး က ။ ဇင်မေ့ အန်တီ သူငယ်ချင်း ရဲ့ အစ်ကို ဆိုတော့ အန်တီ့ သူငယ်ချင်း က ခေါ် သလို ကိုကို လို့ လိုက် ခေါ်ကြတာ ။ ဇင်မေ့ ကို ကြိုမယ့် နေ့ မှာ ကိုကို့ ကား ကို ပဲ အိမ် က ညီမ က ငှား လာတယ် ။ ကား ပေါ် ရောက်တော့ ကိုကို က မေးပါလေရော ။
“ ဇင်မေ ဒီ တစ်ခေါက် ဘယ်လောက် ကြာမှာလဲ ။ ပြန် မလာတာ တော့ တော်တော် ကြာပြီနော် ”
“ ဟုတ်တယ် ကိုကို ရေ ၊ တစ်ခါတည်း အပြီး ပြန် မယ် စဉ်းစားပြီး ပိုက်ဆံစု နေခဲ့တာနဲ့ပေါ့ ”
“ ဟင် ဒါဆို ဒီ တစ်ခေါက် က အပြီး ပြန်လာတာပေါ့ ”
“ ဟုတ် ကိုကို ။ ပင်ပန်းပြီ ကိုကို ရေ ၊ ဒီထက် ကြာကြာ ပို နေရရင် လုံးပါး ပါး တော့မယ် ”
“ ဪ .... ဇင်မေ ရယ် ၊ ဟိုမှာ က ပင်ပန်း သလောက် ငွေ ဝင် သေးတယ်လေ ။ ဒီမှာ က ပင်ပန်း သလောက် ရတဲ့ ဝင်ငွေ က စားဖို့ တောင် အနိုင်နိုင် ။ ပြန် သွားလို့ ရသေး ရင် ပြန် သာ သွား ဇင်မေ ရေ ၊ ပြန် လာဖို့ ဆုံးဖြတ်ရ မှာ စောသေးတယ် ”
အပြီး ပြန်လာပါတယ် ဆိုတဲ့ ဇင်မေ ရောက်ရောက် ချင်း ဆောက် နဲ့ ထွင်း သူ ကိုကို့ စကား ကြောင့် ပျော်ရွှင် တက်ကြွမှုတွေ ကြက်ပျောက် ငှက်ပျောက် ပျောက် ကုန် တယ် ။ ဘာလို့လဲ ၊ စီးပွားရေး အခြေအနေ ကြောင့် များ လား ။ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေ တော့ မသိဘူး ။ ကိုကို့ အခြေအနေ သိချင်ရင် တော့ သူ့ ကား သာ ကြည့် လိုက်တော့ ။ ဇင်မေ့ မှာ Luggage နှစ်လုံး ပါလာတာ ၊ အသေးတစ်လုံး ပဲ ကား နောက်ခန်း အဖုံး မှာ ဆံ့တယ် ။ ဒီလောက် ကား အကောင်းစား ၊ ကားအပျံစား တွေ တစ်ပုံ တစ်ခေါင်းကြီး ပေါ်လာတဲ့ အချိန်မှာ ကိုကို့ ကား က ဟိုးနိုင်တီးဂွမ်းတီး က ကားစုတ်သေးသေးကွေးကွေးလေး ပဲ ။ တံခါး ကို အပြင် က ဆင်း ဖွင့် ပေးရတယ် ။ ကား နောက်ခန်း မှာ မဆံ့ လို့ ဇင်မေ နဲ့ ညီမလေး ထိုင် နေတဲ့ ထိုင်ခုံ ကြား မှာ ထိုးထည့် ထားရတဲ့ ဇင်မေ့ Luggage ကြီး က ညီမအစ်မ နှစ်ယောက် ကို အေးအေးဆေးဆေး စကား ပြောခွင့် မပေးဘူး ၊ အိမ်ပြန် ရောက်မှပဲ ညီမလေး က ပြော ပြတယ် ။
“ နင့် ကို လာ ကြိုမယ် ဆိုတော့ ငါတို့ လည်း တခြား ကား က ငှား မလို့ပါပဲ ။ ဒါပေမဲ့ ငါ တို့ ကို မြင်မြင် ချင်း ကိုကို က ဘယ် သွားမှာလဲ ဆိုပြီး ဇွတ် မေးတော့ အားနာနာ နဲ့ ငှား လာရတော့ တာ ။ ငါတို့ က ခါတိုင်း သူ့ ကား ကို ပဲ စုတ်စုတ်ပြတ်ပြတ် ကိုယ့် လူ အချင်းချင်း ဆို ပြီး သုံး ပေး ကြပါတယ် ။ ဒီနေ့ က တော့ နင် လည်း ပစ္စည်း တွေ ပါလာမယ် ဆိုတာ သိလို့ ကားကြီးကြီးလေး ငှား ဖို့ စိတ်ကူး ပေမဲ့ သူ က လက်ဦး သွားတယ် ။ သူ က လည်း အဲဒီ လမ်းထိပ် က လက်ဖက်ရည်ဆိုင် မှာ အချိန်တိုင်း လောက် နီးပါးပဲ ။ ကိုကို တို့ လည်း အခြေအနေ မဟန် ပါဘူး ဟာ ”
“ ဟန်စရာလား ဟယ် ၊ သူ့ ကား ကို လည်း ကြည့်ပါ ဦး ။ တံခါးချက် တွေ လည်း တစ်ခု မှ မရှိဘူး ။ ဆိုဖာတွေ က အစုတ် ။ ပြီးတော့ ဘာ ပစ္စည်း မှ တင်လို့ မရဘူး ။ ဒီလောက် တက္ကစီတွေ ပေါ နေတဲ့ အချိန်မှာ ဘယ်သူ က အဲဒီလို ကား မျိုး စီး မှာတုံး ၊ ဒီ ခရီး ဒီ စရိတ် အတူတူ ပဲ ဟာ ကို ကောင်းကောင်းသန့်သန့် စီး မှာပေါ့ ။ ဒါနဲ့ ဘယ်လို ဖြစ်လို့ သူ့ ကားကြီး က တစ်ခေါက် လာ တစ်ခါ ပို စုတ် ဖြစ်ရတာလဲ ”
“ အမယ်လေး ဇင်မေ ရာ ၊ သူ့ မှာ အဲဒီ ကားလေး ငှားလို့ ရထား တာ ကံကောင်း ။ ကိုကို တို့ က မလိမ္မာဘူး ဟ ။ အင်းစိန်မြေကွက်လေး ကို လည်း မမဟန်နီ ရော ၊ ဒယ်ဒီ့ ကို ရော အသိ မပေးဘဲ ရောင်း ပစ် လိုက်တာ ဟ သိလား ။ ပြီးတော့ သူ နဲ့ ဟန်နာ နဲ့ နှစ်ယောက် ခွဲယူ လိုက်ကြတာ ”
“ ဟင် အဲဒါဆို ပိုက်ဆံတွေ က ဘယ် ရောက်ကုန်တုံး ”
“ သူ့ သား တူးတူး ကို ထိုင်း ကို လွှတ် လိုက်တာ လေ ။ တူးတူး ရဲ့ သူငယ်ချင်း က အဲဒီ က နေ အမေရိက ကို သွားဖို့ လုပ်ပေးမှာ ဆိုလား ။ အမေရိက တော့ မရောက်ဘူး ၊ ပိုက်ဆံ ကုန်ပြီး ရန်ကုန် ပဲ ပြန် ရောက် လာ တယ် ။ ဒါ့ကြောင့် အခု နင့် ကို မလေးရှား တို့ ၊ စင်ကာပူ တို့ လမ်းကြောင်း တွေ မေး နေတာပေါ့ ။ ကြည့်ကျက် သာ ပြောပေတော့ ဟေ့ ။ စကား မမှားလေ နဲ့ ”
ညီမလေး စကား ကို ကြား တော့ သက်ပြင်းအရှည်ကြီး ချမိတယ် ။ နိုင်ငံခြား သွား အလုပ်လုပ် ၊ နိုင်ငံခြား မှာ ရုန်းကန် နေရတဲ့သူတွေ ဆိုရင် အစစအရာရာ အကုန် အဆင်ပြေ သွားပြီး ဘာ ပူပင်သောက မှ မရှိတဲ့သူတွေများ လို့ ထင်တတ် မြင်တတ် ရုံ မက နိုင်ငံခြား ဆိုတဲ့ အရပ် ကို လွယ်လွယ် သွား အလုပ် လုပ်လို့ ရတဲ့ နေရာ တစ်ခု လို သတ်မှတ်တွေးခေါ် ထားတဲ့ အချို့ အချို့ လူတွေ ရဲ့ အတွေး တွေ မပြောင်းလဲသေးပါလား ။ အင်း တကယ် တော့ အပြင် လောက ကို ထွက် မကြည့်သေး ခင် က ဆိုရင် ကိုယ် လည်း သူတို့ ထဲ မှာ တစ်ယောက် အပါဝင် ဖြစ်ခဲ့ တာပါပဲ ။ ဂျပန် မှာ နေတဲ့ အဒေါ် က တစ်ခေါက် တစ်ခေါက် ပြန် လာလို့ နိုင်ငံခြား မှာ မပျော်တဲ့ အကြောင်း ညည်း ရင် ညူ ရင် “ ဟိုမှာ ဒီလောက် ဖွံ့ဖြိုး တိုးတက်ပြီး နေပျော်စရာ ကောင်းနေတာ ဘာများ စိတ်ညစ်စရာ ရှိလဲ မသိ ” လို့ မညှာမတာ တွေးခဲ့ဖူးတာပဲ ။ ကိုယ် ကိုယ်တိုင် အပြင် ရောက်ခါ မှ ပဲ “ အန်တီ ရေ မခံစားနိုင်တော့ဘူး ။ သမီး ပြန်တော့မယ် ” လို့ လွယ်လွယ်ကူကူ ပြော မထွက် ဖြစ်အောင် ကိုယ့် စိတ် ခံစားချက် ကို ပြောင်းလဲ ချိုးနှိမ် ပစ်ခဲ့ရတဲ့ နေ့ရက်တွေ အကြောင်း ကိုယ်တွေ့ စာနာ နား လည်နိုင်တော့တယ် ။
တချို့ က ထင် သေးတယ် ။ ငွေတွင်းကြီး ဖင်ခု ထိုင် ထားတဲ့ အတိုင်း ။ ဒီ လူတွေ အတွက် ငွေ ဆိုတာ လွယ်လွယ် ရှာလို့ ရနေ သလို ၊ ဘဝ ကို ဖြစ်သလို ရုန်းကန် နေတဲ့ လက်လုပ်လက်စားသမား တွေ က အဲလို ထင်မြင်တတ် တယ် ဆိုတာ ထားလိုက်ပါ ။ ပညာ နဲ့ တွေးခေါ် မြော်မြင် သုံးသပ်နိုင်စွမ်း ရှိတဲ့ ကိုယ့် သူငယ်ချင်းတွေ က ပါ တစ်မျိုးတစ်မည် ထင် လာတော့ ဇင်မေ သိပ် စိတ်ပျက် မိတယ် ။ UFL တုန်းက အရမ်း ခင်ခဲ့တဲ့ ဘိုဘို ဆိုတဲ့ သူငယ်ချ င်းနဲ့ စင်ကာပူ ရောက်ခါမှ သဘောထား ကွဲလွဲ ကြရတာ ။ ဇင်မေ က အဲဒီတုန်း က ရောက်ခါ စ အချိန် ဆိုတော့ အလုပ် ရှာ ရ ၊ အလုပ်ရ ပြန်တော့လည်း ပတ်ဝန်းကျင် အသစ် မှာ ဘာသာစကား ကျွမ်းကျင်မှု အခက်အခဲ ၊ နေထိုင်မှု တွေးခေါ်မှု စနစ်တွေ ပြောင်းလဲရမှု နဲ့ အဲဒါတွေ နောက် မမီ မီ အောင် ကြိုးစား လိုက် နေရရင်း လူ က လည်း ချုံးချုံးကျ နေချိန် ။ သူ နဲ့ အွန်လိုင်း မှာ မကြာခဏ တွေ့ တော့ ကိုယ် က ဟိုတုန်း က လို အချိန် ပေးပြီး စကား မပြော နိုင်တော့ဘူး ။ သူ မေးလာ ပြောလာ သမျှ လည်း လိုရင်း တိုရှင်း ဆိုတော့ ဇင်မေ က ဒီ ရောက်ပြီး ဘာမှ မကြာသေး ဘဲ နဲ့ အချိုးတွေ ပြောင်း ၊ ဘဝင် တွေ မြင့်နေတယ် လို့ သူ့ စိတ် ထဲ ထင်ပုံ ပေါ်ပါတယ် ။ ဇင်မေ့ ကို ပိုစိုးပက်စက် ပြောတာ ။
“ ဒီမှာ ဇင်မေ ၊ နင့် ဘာသာ နင် အဲဒီ ရောက်ပြီး ဘာ ရာထူး ဘာ အလုပ် နဲ့ ပဲ လုပ်နေ လုပ်နေ မိတ်ဆွေ သူငယ်ချင်း ဆိုတာတော့ မမေ့သင့်ပါဘူး ။ သိပ် လည်း ကြီးကျယ် မနေပါနဲ့ ။ ဒီလောက်ကြီး ပြောင်းလဲ သွားရ အောင် နင် က ငါတို့ ထက် ဘယ်လောက် ကွာဟ မြင့်တက်သွားလို့လဲ ။ စင်ကာပူ မှာ အလုပ်လေး တစ်ခု ရသွား တာနဲ့ ဘဝင် လေဟပ် ဖြစ်မသွားစမ်းပါနဲ့ ”
“ အမ် ဘိုဘို ၊ နင် ဘယ်လို ပြောလိုက်တာလဲ ။ ငါ နင် နဲ့ နေရာချင်း လဲပြီး အလုပ် လုပ်လို့ ရမယ် ဆိုရင် ခု ပြန် လုပ်ချင်တယ် ။ ဒီမှာ ဘယ်လောက် စိတ် ပင်ပန်းရ လဲ ၊ ရတဲ့ ငွေ နဲ့ တန်အောင် စိတ်ခွန်အား တွေ ဘယ်လောက် ရင်းနှီး ပေးဆပ်ရလဲ ၊ နင် မသိဘူးနော် ။ အချိန် မပေးနိုင်ဘူး ဆိုတဲ့ ကိစ္စ ကိုတော့ အပိုတွေ သိပ် မပြောချင်ပေမဲ့ လိုအပ်လာတော့ လည်း ရှည်ရှည်လျားလျား ရှင်းပြရဦး မှာပေါ့ ။ အလုပ် ထဲ မှာ လည်း အလုပ် ထဲ မှာ မို့ မြန်မာနိုင်ငံ အလုပ်တွေ လို လက်ဖက်ရည်ဆိုင်လေး ခဏ ဆိုပြီး ထွက်သွား အချိန်ဖြုန်း လို့ မရဘူး ။ အင်တာနက် သုံးတာ သုံးတာပဲ ။ မန်နေဂျာ တွေ ကိုယ့် နောက် မှာ မျက်စိ ဒေါက်ထောက် ကြည့်နေတဲ့ ကြား ထဲ က နေ စိတ်လက် အပန်းဖြေလေး သိသာ သိစေ မမြင်စေ သဘောမျိုး ခိုး သုံး ရတာ ။ အဲဒါကို လွတ်တယ် ၊ ချောင်တယ် ဆိုပြီး အွန်လိုင်း ပေါ် တက်လာသမျှ သူငယ်ချင်း တွေ နဲ့ ချက်တင် ထိုင် မနေနိုင်ဘူး ကိုယ့် ဆရာ ။ အဲဒါကို သဘောပေါက် ။ နင့် ကို ငါ အကြိမ်ကြိမ် ပြောတယ် ။ အရေးကြီး ရင် email ပို့ ထားပါ ။ နောက်အကျဆုံး ငါ အလုပ် က ပြန် ရောက်တဲ့ အချိန်လေး အထိပါပဲ ။ တတ်နိုင် သလောက် အမြန်ဆုံး အကြောင်း ပြန် ပေးပါ့မယ် ဆိုတာကို ၊ နင့် ဘာသာ ရုံးချိန် သော ဘာ သော နားမလည် ဘဲ ဇွတ် ခေါ်နေတာ ငါ ဘယ်လို လုပ် ပေးရမလဲ ။ ဒီလောက်မှ နားမလည် ပေး နိုင်ရင် သဘောပဲ ။ ထင်ချင်ရာ ထင်နိုင်တယ် ဘိုဘို ”
အဲဒီလို များ ရှည်ရှည်ဝေးဝေး ရှင်းပြ ပြီးလို့ နားလည်မှု ရသွားပြီလား အောက်မေ့တယ် ။ ဇင်မေ့ နောက်ကွယ် မှာ အခြား သူငယ်ချင်းတွေ ကို ပြောလိုက်ပုံများ ဇင်မေ လည်း “ ဆီးသီးသည် မဗျိုင်း ” ကို ဖြစ်လို့ ။ ထပ် တွေ့ ပြန် တော့ လည်း စကားတွေ နဲ့ ခနဲ့ဒဏ် မခံနိုင် လို့ နောက်ပိုင်း အဆက်အသွယ် လုံးဝ ပြတ်တောက် သွား ပါရောလား ။ ဪ .. ခင်မင်ရင်းနှီးသူ များ နဲ့ တောင် စိတ် ဝမ်းကွဲ စေတဲ့ စင်ကာပူ ရောက် အစောပိုင်း နေ့ရက်များ ရဲ့ စိတ် ပင်ပန်းမှုတွေ နားလည် ပေးဖို့ မကြိုးစားချင် နေပါစေ တော့ ။ တကယ်လို့ များ စင်ကာပူ လာ အလုပ် လုပ်ချင်ကြ တယ် ဆိုရင်သာ စိတ်ဒုက္ခ များလှတဲ့ ကျွန်းကြီး ပေါ် ခံစား မျှဝေဖို့ အဖော် တစ်ယောက် တိုးလာခြင်း အတွက် မကန့်မကွက်ဘဲ ဝမ်းသာ အားရ ကြိုဆိုချင်ကြောင်းပါ ။
အဲဒါက ကိုယ့် ကို ခင်တဲ့ သူငယ်ချင်း တွေ နဲ့ နား လည်မှု ကွဲလွဲရင်း လမ်းခွဲရမှု ။ စဉ်းစား ကြည့်တော့ အဲဒီလို သူငယ်ချင်းမျိုး တွေ က တောင် သူတို့ ထင်ချင် သလို ထင် ပြီး သုံးသပ်ကြ သေးတာ ကိုကို တို့ လို လူတွေ နဲ့ အချို့ အချို့တွေ အတွေး မှာ နိုင်ငံရပ်ခြား ဆိုတာ ဘယ်လို အဆင့် အတန်း ၊ ဘယ်ပုံဘယ်နည်း ငွေ ရှာရ လွယ်တာ လို့ ထင်မြင် နေတာ ဆန်းတော့ မဆန်းပါဘူး ။ သူ့ သား တူးတူး ကို မလေးရှား ကျတော့ မလွှတ်ချင်ဘူး ။ လွှတ် ချင်း လွှတ် စင်ကာပူ လောက် မှ လွှတ်ချင်တယ် ဆို ပြန် တော့ ဇင်မေ က စင်ကာပူ ကို လာဖို့ အဲလောက် မလွယ်ဘူး လို့ ရှင်းပြရ မှာ အခက် တွေ့နေတဲ့ ကြား က ကိုကို့ ကို အံ့သြမိ ပြန်ရော ။
ဒီလို ကျတော့ လည်း ကိုကို က ဗဟုသုတ မနည်း ပါလား ။ မလေး ကို သွားကြတဲ့ သူတွေ ဟာ ထင်သလောက် အဆင် မပြေကြပါဘူး ။ ရတဲ့ ဝင်ငွေ က ဘာမှ ပြောပ လောက်အောင် မရှိတော့ မိန်းကလေး ဆို လည်း ပျက်စီး ဖို့ အရမ်း လွယ်ကူ ပါတယ် ။ တကယ်တော့ ယောက်ျားလေး ပဲ ဖြစ်ဖြစ် နိုင်ငံခြား ကို ရောက်တဲ့ အချိန်မှာ အလိုအပ်ဆုံး က စိတ်ဓာတ် ကြံ့ခိုင်မှုပါ ။ စင်ကာပူ မှာ က အလုပ် ပင်ပန် မှု ဆိုတာ လူ ပင်ပန်းတာ ကို ပြောတာ မဟုတ်ပါဘူး ။ နိုင်ငံတကာ သတ်မှတ်ချက် စံချိန်စံညွှန်း တွေ အတိုင်း လုပ်ရတယ် ။ ဘာသာစကား အသုံးအနှုန်း သူတို့ လို သွက်လက် ချက်ချာမှုမျိုး ဖြစ်ဖို့ အမီ လိုက်ရတယ် ။ ကမ္ဘာ အရပ် ရပ် နဲ့ ယှဉ် လုပ်ရတယ် ဆိုတော့ စိတ် ပင်ပန်းမှု များတယ် ။ ဒါပေမဲ့ ဝင်ငွေ ၊ ကိုယ့် လုံခြုံရေး အရ ကြည့်ရင် မလေး နဲ့ စင်ကာပူ ဟာ ဟိုဘက် ဒီဘက် ကပ် နေ သလောက် အရမ်း ကွာခြား သွားပါတယ် ။
ဝင်ငွေ အရ ကြည့်ပြန် ရင် လည်း မြန်မာနိုင်ငံ မှာ အဲဒီ လောက် တောင် မပေးနိုင် လို့ သာ မလေးရှား မှာ လာ လုပ်နေကြရတာပါ ။ တကယ့် တကယ် မှာ တော့ ကြမ်းပေ့ ၊ ဆင်းရဲပေ့ ဆိုတဲ့ အလုပ်မျိုး ။ ဒါမှ မဟုတ်ရင် လည်း နေရေး ၊ စာရေး ထောက်ပံ့ထားပြီး ဝင်ငွေ က တစ်လ နေလို့ အိမ် ကို ၁ သိန်း လောက် ပို့နိုင်ရုံ လောက် အလုပ်မျိုး သာ ရှိပါတယ် ။ နောက် အလုပ်ချိန် အရမ်း များ ၊ ပင်ပင်ပန်းပန်း လုပ် ရပြီး လုံခြုံရေး လည်း စိတ်မချရ ပါဘူး ။ အဲဒီတော့ အဲဒီ ကို ရောက် သွားတဲ့ မိန်းကလေး တွေ ဆိုရင် များသော အားဖြင့် အားကိုးရာ ရှာ ရင်း ယောက်ျား ရ သွား တတ်ပါတယ် ။ သား မှတ်မှတ် ၊ မယား မှတ်မှတ် ပေါင်းမယ့် သူ ရ သွားရင် တော်သေး ၊ နှမချင်း လို စောင့်ရှောက်မှု မရှိဘဲ အခွင့်အရေး ယူတတ်တဲ့ အိမ်ထောင်သည် ယောက်ျား တွေ နဲ့ ( ဒါမဟုတ် ) အခြား နိုင်ငံသား တွေ နဲ့ ဖြစ်သွားကြတဲ့ သူတွေ တွေ့ရ ၊ ကြားရ တဲ့ အခါ သူတို့ ဘဝ ကို သနား စာနာ ရင်း စိတ်မကောင်း ဖြစ်မိရုံ က လွဲ ပြီး ကိုယ်လ ည်း ဘာမှ မတတ်နိုင်ပါဘူး ။ ဘယ်အနေ အထား ကို ကြုံကြုံ စိတ်ဓာတ် မယိုင်မလဲ နဲ့ နေဖို့ ဆိုတာ တော်တန်ရုံ သတ္တိ မျိုး ၊ ကြံ့ခိုင်မှု မျိုး နဲ့ မရဘူးလေ ။ “ လွယ်လိုက်လေခြင်း ” လို့ အပြစ်တင် လိုက်ဖို့ တော့ ဇင်မေ ဘယ်တုန်း က မှ မလုပ်ခဲ့ပါဘူး ။ ကိုယ် ကိုယ် တိုင် သူများ ကြုံတွေ့ ရင်ဆိုင် နေရတဲ့ ဘဝမျိုး ကို လက်တွေ့ မဖြတ် သန်းဖူး ဘဲ နဲ့ လွယ်လွယ်ဝေဖန် ရှုတ်ချတာမျိုး ကို ဇင်မေ မကြိုက်ပါဘူး ။
မလေး ကို လွှတ် ရတာ ယောက်ျားလေး လည်း ယောက်ျားလေး မို့ လို့ ၊ မိန်းကလေးက တော့ မလွှတ် ရင် အကောင်းဆုံးပါပဲ လို့ ကိုကို က သိနေတာ ကို တော့ ဇင်မေ တကယ် ဝမ်းသာမိ ပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် အခြေခံ ဗဟုသုတလေး တွေ နဲ့ တွေးတတ် ခေါ်တတ် တော့ ရှိလာ ကြပြီ ။ ဒါပေမဲ့ ဒီလို ဒီလို တွေ ရှိတာမို့ မလေး ကို မလွှတ် နဲ့ လို့ အကြံပေး ရမှာ လွယ် သလောက် စင်ကာပူ ကို လာ ချင်ရင် ဆိုပြီး ရှင်းပြဖို့ ကျတော့ သူတို့ နားလည် အောင် အလွယ်ဆုံး ပြောပြဖို့ရာ ဘာလို့ ခက်ခဲ နေပါလိမ့် ။
စင်ကာပူ ၊ စင်ကာပူ ။ ဒီမှာ လာပြီး ကာယ ၊ ဉာဏ စွမ်းအားတွေ နဲ့ ရုန်းကန် နေရတဲ့ သူတိုင်း ပြောလေ့ ရှိတဲ့ စကား တစ်ခွန်း ရှိပါတယ် ။ စီ ကာ စဉ် ကာ ပူ ရတဲ့ စင်ကာ ပူ တဲ့ ။ သွေး ထွက်အောင် မှန်တဲ့ စကား ။ ရောက်ခါစ က ဇင်မေ ပြောပါ့ရော ။ ဘာသာစကား ၊ အလေ့အထ ၊ ကျယ်ပြောတဲ့ လုပ်ငန်းဆောင်တာ တွေ ကြား ထဲ မှာ ကိုယ် က အသားကျ ဖို့ ၊ အမီလိုက်နိုင် ဖို့ ကြိုးစားရတယ် ဆိုတာ လုပ်ငန်းခွင် ထဲ ရောက်မှ အလုပ် ရပြီ ဆိုမှ စ ကြုံတွေ့ ရ တဲ့ သောက ။ အလုပ် မရခင်က သောက ထက် အပုံကြီး ဆိုး တယ် ။ ကိုယ် က တော့ အလုပ်ရပြီ ဆိုပြီး စိတ်အေး ရ မလား အောက်မေ့တာပေါ့ ။ “ အလုပ် စ လုပ်ခါ မှ တကယ့် အခက်အခဲကြီး စတာဗျ ” လို့ စင်ကာပူ ရောက် ဝါရင့် ပုဂ္ဂိုလ်များ ပြောကြားကြ တာ မှန် လိုက်လေ ။ ညနေ စောင်း လို့ အလုပ် က ပြန် လာရင် နောက် တစ်နေ့ မနက် အလုပ် ပြန် သွားဖို့ ကို ငရဲပြည် သွားနေရတဲ့ အလား ကြောက်စိတ် ဝင်မိတယ် ။ ဒါတောင် ကိုယ် က ဟိုမှာတုန်း က လည်း အလုပ် အတွေ့အကြုံ သေးလှတယ် ၊ နည်းလှ တယ် မဟုတ်ဘူးနော် ။ ဘာသာစကား ဆိုတာလည်း ပြောဖို့ ရှက်ခြင်း ၊ ကြောက်ခြင်း မရှိတဲ့ အပြင် ကိုယ်တိုင် က ကို အင်္ဂလိပ် လို ရေးဖတ်ပြော ရ မှာ ဝါသနာ ကို ပါတာ ။ အဲဒီတော့ အလုပ် မရခင် က ထင်မိတာ က အလုပ် ရရင် တော့ အစစအရာရာ အဆင်ပြေ သွားမှာပါလို့ ။
အထင်အမြင် တွေ နဲ့ လက်တွေ့ ဘဝတွေ ဟာ တခြားစီ ၊ အင်ဂျင်နီယာ ၊ အိုင်တီ စသဖြင့် Technical Skill ဘာမှ မရှိဘဲ မြန်မာနိုင်ငံ က လုပ်သက် ၈ နှစ် ဆိုတဲ့ အနေအထားလေး နဲ့ ရိုးရိုး သာမန်ဘွဲ့လေး တစ်ခု ကို အားကိုး လာတဲ့ ဇင်မေ ဟာ ရောက်ရောက် ချင်း နှစ် မှာ စိတ်ရော ကိုယ်ပါ ချုံးချုံးကျ လို့ ။ သူများ ကို အားပေးဖို့ နေနေသာသာ ကိုယ့် ဘာသာ တောင် မနည်း ကျားကန် ထားရတဲ့ ဘဝ ။ အဲဒီလို ကိုယ် ရင်ဆိုင် နေရလို့ နောက် လာမယ့် သူတွေ ဆို သေချာစဉ်းစားကြနော် လို့ ကိုယ် က စေတနာ ရှေ့ထား ပြောမိပါတယ် ။ သူ ကျ သွားပြီး နောက် လူ အားပေးမယ် မရှိဘူး ။ လက်တွဲ မခေါ်ပုံ ၊ မုဒိတာစိတ် မရှိပုံများ တဲ့ ။ ဒုက္ခ ။ မုဒိတာ မရှိဘူးပဲ ဖြစ်ရသေးတယ် ။ လာပါ ၊ လာစမ်းပါ ၊ ရှင်းပြ နေရတာ လေ ကုန် ၊ အချိန် ကုန် ပါတယ် ။ ကိုယ်တွေ့ လာ ရင်ဆိုင် ကြည့်လိုက် ၊ ပြော တာ ထက် ပို ဆိုးမယ့် အခြေအနေတွေ ကို လက်တွေ့ သိရ တာပေါ့ ။ ဟုတ်ဘူးလား ။
အလုပ် မရခင် က စိတ်သောက တွေ အကြောင်း ပြောပြရ ဦးမလား ။ အလုပ် ရှာ ၊ အလုပ် လျှောက် ဖို့ မနက် စောစော ငါးနာရီ ၊ ခြောက်နာရီ လောက် ထ သတင်းစာ ဝယ် ။ သတင်းစာ က အလုပ်ကြော်ငြာ တွေ ရှာဖတ် ။ အင်တာနက် ပေါ် က အလုပ် တွေ လည်း ကြည့် ပြီးပြီ ဆိုရင် စ ပေတော့ ။ အလုပ် လျှောက်တဲ့ တာဝန် ။ ပြီးမှ ခဏ ပြန်အိပ် ။ နောက် “ အလုပ် ရ မှ ရပါ့မလား ၊ ငါ ချေး လာတဲ့ ပိုက်ဆံတွေနဲ့ အလုပ် မရဘဲ ပြန်များ ပြန်လိုက်ရရင် ” ဆိုတဲ့ စိတ်ကြီး နဲ့ အိမ် မှာ သာ နေ တာ စိတ် လည်းမနား ၊ လူ လည်း မနား တစ်နေကုန် တစ်နေခန်း ဘုရားထိုင် ရှိခိုး ။ ကိုယ် လည်းအကောင်းဆုံး ကြိုးစား ပြီးပြီ ဆိုတဲ့ နောက်မှာ တော့ အဲဒီ တစ်ခု သာ ပဲ အားကိုးရာ အစစ်အမှန် ကျန်တော့ သလို ယုံကြည်စိတ် လေး နဲ့ ။ ပြီးတော့ ဇင်မေ တို့ ရောက်တဲ့ နှစ် မှာ မှ သူတို့ ဆီ မှာလည်း စီးပွားရေး ကျဆင်းမှုတွေ ဖြစ် ၊ အခြား နိုင်ငံခြား သားတွေ ကို အလုပ် ခန့်လို့ သူတို့ အလုပ် မရှိဖြစ်ရပါတယ် ဆိုပြီး အစိုးရ ကို Local ( နိုင်ငံသား ) တွေက အကြီး အကျယ် ဆန့်ကျင် နေကြတဲ့ အချိန် ။ ဒါပေမဲ့ လည်း အခြား နိုင်ငံခြားသား တွေ ရဲ့ အလုပ် လုပ်နိုင်တဲ့ စွမ်းအား ၊ အပင်ပန်းခံနိုင်မှု ၊ သိပ် အတွန့် မတက်မှု ၊ လစာ အနည်းအများ ကို ထည့် မတွက်နိုင်မှု တွေ ကို သဘောကျ တဲ့ အလုပ်ရှင်တွေ က တော့ ခန့်မြဲ ခန့်ဆဲ ပါပဲ ။
ဒီလိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်ကြပြီ ၊ အခြေကျပြီ ဆိုတော့ အဆင်ပြေ သွားပြီ ၊
စင်းလုံးချောပြီ တဲ့လား ။ နိုင်ငံခြား မှာ နေတဲ့ ဘဝ ဆိုတာ ကို အလွန် သက်သောင့် သက်သာ ရှိတယ်လို့ ဘယ်သူ က များ အဓိပ္ပာယ် ဖွင့်ဆို လိုက်မှန်း မသိ ။ စက်မှု တိုးတက်ထွန်းကား ၊ လူနေမှု အဆင့်အတန်းတွေ မြင့်မား သလို အရာရာ ကို လျင်လျင် မြန်မြန် ချောချောမွေ့မွေ့ မပင်မပန်း နေရထိုင်ရတယ် ဆို တာနဲ့ ပဲ ဘဝ က နတ်စည်းစိမ် လို ဖြစ်ရောလား ။ ကိုယ် ငှား ထားတဲ့ အခန်းလေး တစ်ခန်း ထဲ က အခန်းဖော် နဲ့ လည်း အခန်းဖော် နဲ့ မို့ ၊ အိမ်ရှင် နဲ့ လည်း အိမ်ရှင် နဲ့ မို့ ကိုယ့် စိတ် နဲ့ ကိုယ် နေခွင့် မရတဲ့ အချိန်တွေ ၊ အလုပ် က ပြန် ရောက် လို့ မှ ကြိုဆိုမယ့် မိသားစု မရှိ ။ ညစာ မနက်စာ ကိုယ့် ဘာသာ တစ်ယောက် တည်း ဖြစ်သလို နေစား သွားရ တဲ့ အထီးကျန် နေ့ရက်တွေ ။ ဒါတွေကို အိမ် မှာ ကျန်ခဲ့တဲ့ မိသားစု ၊ ဟိုမှာ ရှိနေတဲ့ ကိုယ့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ခု ဘယ်လို နားလည်နိုင်မှာတဲ့ လဲ ။ ဒီက လူတွေ က ရော ပြော မတဲ့လား ။ သူတို့တွေ ဘာမှ လုပ်ပေးနိုင် မှာ မဟုတ်တဲ့ ကိစ္စတွေ ကို သွား ပြောပြပြီး ဘာလို့ အပို သော က တွေ မျှဝေ နေမှာတုံး ။
ဒီလို စိတ် ၊ ဒီလို အတွေးမျိုး နဲ့ အဆိုးဆုံး ကာလတွေ ကို ရော ၊ နေသားကျ သွားပြီ ဖြစ်တဲ့ အခြေအနေ တစ်ခု မှာ ရော ကိုယ့် ဘာသာပဲ ကြိုးစား ဖြတ်သန်း နေတော့ ဒီမှာ ရှိ နေတဲ့ ဘဝ ကို ဘာမှ ပူပန်သောက မရှိ သလို သူတို့ ထင်လာမြင်လာ တာလည်း ဆန်းတော့ မဆန်းဘူးပေါ့ လေ ။ လ ကုန်လို့ အိမ် ကို ငွေ ပို့ပြီး ရင် ခံစားပျော်ရွှင်ရ တဲ့ ပီတိလေး ကို သိမ်းဆည်း ပြီး ကျန်တဲ့ တစ်လ တာ လုံး မှာ အလုပ် ထဲ က ပြေလည်မှု တွေ ရော ၊ မပြေလည်မှု တွေ ရော “ ပြန်မယ် ၊ မနေဘူး ။ နင်တို့ ဆီ မှာ တစ်သက်လုံး နေပါ ဆိုတောင် မနေဘူး ” လို့ စိတ် ထဲ ကနေ အကြိမ်ကြိမ် ပြန် ပြော မိတဲ့ အစာမကြေ ခံစားချက်တွေ ကို ကိုယ့် နေရာမှာ သူတို့ မရောက် သရွေ့ နားလည်နိုင်မယ် မထင်ဘူး ။
အဲဒီလို မျိုသိပ်ခံစားရမှု တွေ များ သထက် များ လာပြီး တဖြည်းဖြည်း နဲ့ “ စိတ် လည်း ဘယ်လောက် တည်ငြိမ်အေးချမ်းအောင် ထားထား ငြိမ်းချမ်းတယ် မရှိပါလား ။ ဒီလောက် ဒေါသမောဟ တွေ ဖုံးလွှမ်း နေပုံ နဲ့ တော့ သေချာပြီ ၊ အခုနေများ ငါ သေသွားရင် ဘယ် ဘဝ ရောက်မလဲ ” လို့ တွေးရ င်းတွေးရင်း ကြောက်လန့်တတ် လာတဲ့ ဇင်မေ တစ်ယောက် နောက်ဆုံး အပြီး ပြန်ဖို့ ဆုံး ဖြတ်ချက် ချ မိတယ် ။ အိမ် က တော့ ဘာ ပြောမှာတုံး ။ ထွက်သွားတုန်း က လည်း ဇင်မေ့ သဘော ၊ ပြန်လာမယ် ဆိုတော့ လည်း ဇင်မေ့ သဘောပဲ ။ အိမ် က လူတွေ ဟာ ဇင်မေ့ စိတ်ဆန္ဒ ၊ ဆုံးဖြတ်ချက် တစ်ခု ခု ကို ဝင်ရောက် စွက်ဖက်ခဲတယ် ။ စွက်ဖက် လည်း တားမရ ဆီးမရ ၊ လုပ် ချင်ရာ လုပ်တတ်တယ် ဆိုတာ သိပြီးသားတွေ မို့ ဘာမှ ထူးပြီး ပြောမနေကြဘူး ။
ခက်တာ က အိမ် က မိသားစု မဟုတ်ဘူး ။ သူတို့ က ကိုယ် ပြန်လာခြင်း ၊ မပြန်လာခြင်း အပေါ် သိပ် အာရုံ မရဘူး ။ “ သူ ထွက် သွားသွား ၊ သူ ပြန် လာလာ သူ ဘာလုပ်မယ် ဆိုတာ သူ သိတယ် ။ ငါတို့ ဘာမှ ဝင်ပြော ဖို့ မလိုဘူး ” လို့ နားလည်ခံယူထားတဲ့ သူတွေ ။ ခက် နေ တာ က တော့ ပတ်ဝန်းကျင် က လူ တချို့ပဲ ။ ပြန်လာပြီ ဆိုတော့ ခါတိုင်း လို ပဲ ခဏတစ်ဖြုတ် အလည် မှတ်လို့ လာ နှုတ်ဆက်ကြ ၊ စကားလာ ပြောကြ ၊ လက်ဆောင် လာ တောင်းကြ ။ ဇင်မေ က “ ဒီ တစ်ခေါက် အပြီး ပြန် လာတာ ၊ ပြန် မသွားတော့ဘူး ” လည်း ဆိုရော အစ ပထမ တော့ သူ မို့ မိုက်မိုက်မဲမဲ ဆိုတဲ့ အကြည့်မျိုး နဲ့ နားမလည် စွာ ကြည့် တယ် ။ နောက်တော့ ဇင်မေ ရှင်းပြ ၊ ပြောပြ တဲ့ ရှည်လျား ထွေးပြား ခံစားချက်ကြီး ကို သူတို့ စိတ် မပါ တပါ နားထောင် ကြတယ် ။ ပြီးသွား ရင် တော့ နားလည်ရ ခက် တဲ့ အကြည့်တွေ က ဒီတိုင်း ဒီအတိုင်း ပဲ ။ ဘာမှ ပြောင်းလဲ မသွားဘူး ။ သူတို့ အမြင် က ကိုယ် ဟာ ဒီက လူနေမှုဘဝ ၊ ဒီမှာ ရုန်းကန် နေရတဲ့ အခြေအနေတွေ ကို ဘာမှ နား မလည်သေးတဲ့ ၊ နောင် ကျ မှ နောင်တ ပြန် ရမယ့် နလပိန်းတုံး တစ်ယောက် လို ။
ပြန် လာလာချင်း နေ့ မှာ တင်ပဲ ကိုကို့ စကား နဲ့ တင် ရှေ့ဆက်ရ ကောင်းနိုးနိုး ၊ နောက်ပြန် ဆုတ်ရ ကောင်းနိုးနိုး ဖြစ်နေတဲ့ ဇင်မေ မန္တလေး ကို ရောက်သွားတဲ့ အချိန်မှာ တော့ လူတွေ နဲ့ ၊ ပတ်ဝန်းကျင် နဲ့ ၊ သူတို့ အတွေးတွေ နဲ့ သဟဇာတ သိပ် မဖြစ်တော့ဘူး ။ ကြာ လာတော့ နိုင်ငံခြားပြန်ကြီး ဒေါ်ဇင်မေ တစ်ယောက် လူတွေ နဲ့ ဆုံတွေ့ စကား ပြော ရ မှာ ကြောက်လာ သလို ကိုယ့် ဆုံးဖြတ်ချက် တွေ ၊ သူတို့ အကြံဉာဏ် တွေ ကို လည်း မျှဝေ နားထောင် ရမှာ စိုးရွံ့ နေပြီ ။ အာလာပသလ္လာပလေး အနည်း အကျဉ်း လောက် ပြောဆို နှုတ်ဆက်ပြီး လို့ ဘယ်တော့ ပြန်မှာလဲ ဆိုတဲ့ ခေါင်းစဉ် ကို ရောက်သွားပြီ ဆိုရင်ဖြင့် ဇင်မေ မသိမသာ နဲ့ ဟိုလို ဒီလို လုပ်ကာ ရှောင်တိမ်းပြီ ။
အဲဒီလို နဲ့ မန္တလေး မှာ နေ နေတဲ့ ရက်တွေ အတွင်း အိမ် ထဲ မှာ ပဲ အိပ်လိုက် စားလိုက် ၊ စာဖတ်လိုက် နဲ့ တတ်နိုင်သမျှ လူတွေ ကို သိပ်မတွေ့ဖြစ် အောင် ကြိုးစား နေတဲ့ ဇင်မေ က တစ်ရက် ကျတော့ အမေ့ ကို ပြောလိုက်တယ် ။ “ အမေ ဗာလချောင်ကြော်လေး ရယ် ၊ ချဉ်ပေါင်ကြော် ရယ် ခပ်များများ လုပ်ထားပေးပါဦး ။ ဟို ယူသွားဖို့ ” ဆိုတော့ အမေ က ဇင်မေ့ ကို အံ့ဩတကြီး ကြည့်တယ် ။ အမေ ဘာမှ ထပ် မမေးနိုင်ခင် ဇင်မေ က ကိုယ့် ဘာသာ တစ်ယောက် တည်း ညည်း နေ သလိုနဲ့ ပြော လိုက်တယ် ။ ဒီမှာ အပြီး ပြန်လာ နေဖို့ စောသေး သလားလို့ ။ ဟိုမှာပဲ ခဏ ပြန် အလုပ် လုပ်နေတာ ကောင်းမယ် ထင်ပါတယ်လို့ ။ တကယ်တော့ ဇင်မေ ဘာဖြစ်ချင် မှန်း ကို ဇင်မေ့ ဘာသာ ဇင်မေ မသိတော့ပါ ဘူး ။ အဲဒီ အချိန် မှာ ဇင်မေ့ စကား ကို နားစွန်နားဖျား ကြား သွားတဲ့ အန်တီ အငယ် က ဘုမသိ ဘမသိ နဲ့ ဝင်ပြော တယ် ။ “ အေးပေါ့အေ ၊ ဟိုမှာ အကြာကြီး နေပြီး ပြန်လာမှ တော့ ဒီမှာ ညည်းတို့ ဘယ် နေတတ်မှာကုံး ” တဲ့ ။
ဇင်မေ က သူ့ ကို ဘာမှ တော့ ပြန် မပြောဖြစ်ပါဘူး ။ သူတို့ မသိတဲ့ နေနိုင်ခြင်း ၊ မနေနိုင်ခြင်း တွေ ထက် ပို လေးနက် ခက်ခဲတဲ့ ဝိရောဓိတွေ အကြောင်း ဇင်မေ ပြော လည်း သူတို့ နားလည် မှာ မှ မဟုတ်တာ ။ ဒီမြေ ဒီရေ ဆို တာ ဇင်မေ မွေးဖွားကြီးပြင်းလာခဲ့ ၊ အနှစ် ၃၀ လောက် ရှင်သန် နေထိုင်ခဲ့တဲ့ နေရာ ။ ဘာမှ မနေတတ် စရာ အကြောင်း မရှိဘူး ။ ခဏ တစ်ဖြုတ် တော့ မနေတတ် မထိုင်တတ် တာလေး တွေ ရှိမှာပေါ့ ။ ခက်တာ က အနှစ် ၃ဝ လောက် နေထိုင်လာခဲ့တဲ့ နေရာ ကို ခဏ စွန့်ခွာပြီး သူစိမ်း တို့ အလယ် မှာ ငါးနှစ် လောက် သွား နေပြီးခါ မှ ဘယ်လိုမှ ဆက်စပ်လို့ မရတော့တဲ့ အတွေး ကွာဟမှု တွေ အကြောင်း နိုင်ငံခြားပြန် တွေ အချင်းချင်း ပြောခါမှ ပဲ နားလည်နိုင်ကောင်းမယ် ထင်ပါရဲ့ ။
တကယ်တော့ သူများ နိုင်ငံ မှာ သွား နေရတာ ကိုယ် က ဧည့်သည် ၊ အပြင်လူ ။ ရောက်တာ ကြာ သွား လို့ ၊ နေတာ ကြာပြီ ဖြစ်လို့ ကိုယ် ဟာ Permanent Stay တစ်ခု ခု ရထားပြီ သူ ဖြစ်ရင် ဖြစ်မယ် ။ ဒါမှမဟုတ် သူတို့ နိုင်ငံသား ဆိုတဲ့ စတေးတပ်စ် တစ်ခု ရချင် လည်း ရ နေပြီ ဖြစ်မယ် ။ ဒါပေမဲ့ ကိုယ် ဟာ သူတို့တွေ အမြင် မှာ ရှိနေတဲ့ သူစိမ်း ၊ အခြား နိုင်ငံသား ဆိုတဲ့ သတ်မှတ်ချက် အောက် က လုံးလုံးလျားလျားကြီး လွတ် မသွားဘူး ။ အိမ်ရှင် ခွင့်ပြုချက် နဲ့ နေ နေရတဲ့ ၊ ဘယ်တော့မှ အိမ်သား မဖြစ်မယ့် အမြဲတမ်း ဧည့်သည် ပဲ ။ ဘယ်အချိန် ငြိုငြင် သွားမလဲ မသိ ၊ ဘယ်အချိန် သဘောကောင်း ကြည်ဖြူ နေမယ်မှန်း မသိ ။ ပြီးတော့ ကိုယ် ကိုယ် တိုင် က လည်း အဲဒီက လူတွေ ၊ အဲဒီက ဘဝတွေ နဲ့ တစ်သားတည်း ဖြစ် သွားတယ် လို့ ဘယ်တော့မှ မခံစားခဲ့ရဘူး ။ ဘယ်တော့မှ လည်း ခံစားရမယ် မထင်ဘူး ။ အဲဒီ ဝိရောဓိ တွေ လူတိုင်း နီးပါး လို ခံစားရမယ် လို့ ဇင်မေ ယုံတယ် ။
အဲဒီလို သူများ ဌာနေ မှာ ဝိရောဓိ ခံစားချက် တွေ နဲ့ နေ နေတဲ့ ဧည့်သည် ဆိုတဲ့ ခင်မေ တို့ ဟာ ကိုယ့် နိုင်ငံ ကိုယ့် ဒေသ ကို ပြန် ရောက်တော့ လည်း ဧည့်သည် လို ပြန် ဖြစ် နေပြန် သေးတယ် ။ ကိုယ့် ရဲ့ အိမ် ဖြစ်ခဲ့တဲ့ အရပ်ဒေသ တစ်ခု မှာ ကိုယ့် ကဏ္ဍ တစ်ခု ပျောက် ၊ ကိုယ့် နေရာ တစ်ခု ဆုံးရှုံး နေသလို ဖြစ် ။ တစ်ခု ခု ကို ကိုယ် က ပြောမယ် ဆို တော့လည်း သူတို့ နဲ့ အထာ မကျဘူး ။ ကိုယ် က သူတို့ ပြောဆို ဆွေးနွေးတာ ကိုပဲ နားထောင်မယ် ဆိုတော့ လည်း ကိုယ် ရဲ့ စိတ်ဝင်စားမှု က ဝတ်ကျေတမ်းကျေ ဘောင် အတွင်း က နေ ရုန်းထွက် ကြည့်လို့ မရ ။ လွဲ နေတယ် ။ ဇင်မေ လား ၊ သူတို့ လား ။ ဇင်မေ လည်း မရှင်းပြတတ်တော့ဘူး ။ ကိုယ် တစ်လျှောက်လုံး နေထိုင် ကြီးပြင်း လာရာ အရပ် တစ်ခု မှာ ကျတော့ လည်း သူစိမ်း ပြင်ပြင် ဖြစ်သွားတဲ့ ခံစားချက်တွေ နဲ့ ။ သူများ ဌာန မှာ လည်း ကိုယ် မဟုတ် သလို ၊ ကိုယ် ဖြစ်ချင်တာတွေ မဟုတ် သလို မနေတတ် နေတတ် နဲ့ နေ နေရတဲ့ ဧည့်သည် ခံစားမှုတွေ နဲ့ ။ နေရာ ဒေသ နှစ်ခုလုံး မှာ ဧည့်သည် ဆိုတဲ့ အသုံးအနှုန်း ဘောင် အတွင်း ခံစား နေရတာချင်း အတူတူ ဟို ဘက်က ပို ညှိရ လွယ်သွား သလိုလို ။ နောက်ဆုံး တော့ ဇင်မေ ကိုယ့် အတွေးတွေ ကို ကိုယ့် ဘာသာ တစ်ယောက်တည်း အတည် ပြုပြီး ချပြီး သား ဆုံးဖြတ်ချက် ကို ပို ခိုင်မာစေ လိုက်ပါတယ် ။
တစ်ခု ပဲ ဇင်မေ့ ခေါင်း ထဲ မှာ မရှင်းမရှင်း ဖြစ် နေတဲ့ ပုစ္ဆာ တစ်ပုဒ် ရှိနေတယ် ။ အဲဒါ အပြီး ပြန်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ပြန်လာတဲ့ ဇင်မေ က စင်ကာပူ က ဇင်မေ့ အခန်းလေး ကို ဘာလို့ အပြီး မအပ်ဖြစ်ခဲ့ သေးတာလဲ ။ ပြီးတော့ လေယာဉ်လက်မှတ် ကို One - way ticket ဝယ်ရမယ့် အစား Roundtrip ဘာလို့ ဝယ်လာခဲ့တာလဲ ဆိုတာပဲ ။ ထားလိုက်ပါတော့ လေ ၊ လေယာဉ် ပေါ် ရောက်ခါ မှ ပဲ အဲဒီ ပုစ္ဆာ ရဲ့ အဖြေ ကို အေးဆေး စဉ်းစားပါ တော့မယ် ။ အခု အရေးကြီးဆုံး က ပြန်ဖို့ ပြင်ဆင်ဖို့ ပဲ မဟုတ်လား ။ ကျန်တဲ့ ကိစ္စ တွေ ကို နောက် မှ အဖြေ ရှာ တာပေါ့ ။ ပြန် သွားဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ ဘာကြောင့် ပဲ ပြန်သွားပြန်သွား ဟို ကို မြန်မြန် ပြန် ရောက်သွားဖို့ က လွဲရင် ကျန်တာ ဘာမှ အရေး မကြီးတော့ဘူး လေ ၊ ဟုတ်တယ် မလား ။
◾မိဇုစံ
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
မေလ ၊ ၂၀၁၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment