❝ စေတနာ ကို ထည့်ရောင်းသူ ❞
[ လက်ဖက်ရည်ဆိုင် ၏ ပုံစံ က အမိုး မြင့်မြင့် ၊ လေဝင် လေထွက် ကောင်းသည် ။ ဆိုင် ရှေ့ပိုင်း စားပွဲ က ခွေးခြေခုံ မှာ အမျိုးသမီးငယ် တစ်ယောက် ထိုင် နေသည် ။ အညာသူ ပုံ အသား ညိုညို ၊ မျက်နှာထား ချိုချို ။
ရန်ကုန် - မန္တလေး ကားလမ်းမကြီး ပေါ် မှာ ခရီး သွားရင်း တပ်ကုန်းမြို့ မှာ ခေတ္တ နား ဖို့ လက်ဖက်ရည်ဆိုင် ဝင်သည် ။ ဆိုင်ရှေ့ မှာ ကား ရပ်လိုက် သည် နှင့် ခွေးခြေခုံ မှာ ထိုင် နေ သူ အမျိုးသမီးငယ် က မတ်တပ် ထရပ် ပြီး ခရီးဦးကြို ပြုသည် ။ မိန်းကလေး မှာ မခင်သီတာမျိုး ဖြစ်ပြီး ရွှေကဖေးဆိုင် ပိုင်ရှင် ဖြစ်သည် ။
မှာကြားသည့် လက်ဖက်ရည် ကို မသီတာ ကိုယ်တိုင် ဖျော်ပေးသည် ။ ကိုယ်တိုင် စားပွဲထိုးသည် ။ သူ့ ပုံပန်း က ရိုးရိုးသားသား ကြိုးစားပုံ ပေါ် နေသည် ။ သူ ဖျော် သော လက်ဖက်ရည် က လည်း အရသာ ရှိသည် ။
သူ့ ဆိုင် ထဲ ထိုင် ရင်း သူ့ အကြောင်း တွေ မေးခဲ့ပါသည် ။ မသီတာ က မန္တလေးသူ တွေ လို သူ့ ကိုယ် သူ ကျွန်တော် နာမ်စား သုံးပြီး ပြောသည် ။ ]
••••• ••••• •••••
ကျွန်တော် လက်ဖက်ရည် ဖျော် တာ ၁၇ နှစ် ရှိ သွားပြီ ။ ဒီ ဆိုင် ကို အဖေ က ဦးစီးပြီး ဖွင့်တာပါ ။ လေးတန်းကျောင်းသူ တုန်း က ပလာတာ ဝင် ဝင် ရိုက် တယ် ။ နောက် လက်ဖက်ရည် ဝင် ဝင် ဖျော်တယ် ။ ကလေး ဖျော်တာ ဆိုပြီး အဖေ က ခွင့် မပေးဘူး ။ ဒါပေမယ့် ၁၅ နှစ်သမီး ၊ ကျွန်တော် ရှစ်တန်း ၊ ၁၉၈၇ ခု နိုဝင်ဘာလ မှာ အဖေ ကားအက်ဆီးဒင့် ဖြစ်ပြီး ဆေးရုံ တင်ရတယ် ။ အခြေအနေ အရ အဖေ တား လို့ မရတော့ဘူး ။
အဲဒီ အချိန် က စပြီး ကျွန်တော် လက်ဖက်ရည် ဖျော်ရတော့တာပဲ ။ အဖေ့ ကို ဆေးရုံ ပေါ် မှာ ခြောက်လ လောက် တင် ထားရပြီး ၁၉၈၈ ခု ဧပြီလ မှာ ဆုံးတယ် ။ အဲဒီ နှစ် က ကျွန်တော် ရှစ်တန်း ကျတယ် ။ ကျောင်း ခေါ်ချိန် မပြည့် လို့ စာမေးပွဲ မဖြေရ ဘူးလေ ။
အခုတော့ မန္တလေး တက္ကသိုလ် က မြန်မာစာ အဓိက နဲ့ ဘွဲ့ရ ပြီးပါပြီ ။ ဆယ်တန်း လည်း လေးနှစ် လောက် နေ မှ အောင်တာ ။ အိမ် နဲ့ ကျောင်း က သိပ် မ ဝေးဘူး ။ ကျောင်း တက်ခါ နီးရင် လက်ဖက်ရည်ဆိုင် ကို ပစ်ထားခဲ့ပြီး ကျောင်း ကို အပြေးအလွှား သွား ရတာပေါ့ ။ လမ်း ပေါ် က တွေ့တဲ့ စက်ဘီး ကို လိုက် ပို့စမ်း ပါ ဆိုပြီး ခိုင်းရတာပဲ ။
လက်ဖက်ရည်ဆိုင် အလုပ် က အိပ်ရာ ထ ပျင်းလို့ မရဘူး ။ မနက် လေးနာရီ အိပ်ရာ ထ ၊ ရေနွေးအိုး တည် ၊ ( လက်ဖက်ခြောက် ) အဖန်ရည်အိုး နှပ် ရတယ် ။ အဖန်ရည် ကို နာရီဝက် လေးဆယ့်ငါးမိနစ် အနည်းဆုံး နှပ် မှ အဖန်ရည် က ကျတာ ။ ကျွန်တော် က တော့ အဖန်ရည် ကို နွားနို့ နဲ့ ကစား ပြီး လက်ဖက်ရည် ကောင်း ကောင်း ဖြစ်အောင် ဖျော်တယ် ။
ဒီ လက်ဖက်ခြောက် ဒီ ရေ နဲ့ လက်ဖက်ရည် ဖျော်ကြတာ ပဲ ဆိုပေမယ့် တစ်ယောက် နဲ့ တစ်ယောက် ကွာခြား သွားတာ က စိတ်ပိုင်းဆိုင်ရာ တွေ လည်း ပါ မယ် ထင်တယ် ။ ကျွန်တော် က တော့ စေတနာ ပါ ထည့် ဖျော်တာ ။ ကိုယ် ဖျော်တာ သောက်ရတဲ့ သူတွေ ကို ကောင်းကောင်း အရသာ ရှိရှိ သောက်ကြစေ ချင်တယ် ။ လက်ဖက်ရည် တစ်ခွက် ကို သောက်ပြီး ပြီးရော မဟုတ်ဘူး ၊ သောက်သူ စိတ် ထဲ မှာ ဒီ လက်ဖက်ရည်လေး တစ်ခွက် က ဖြင့် ကောင်းသားပဲ လို့ အသိအမှတ် ပြုစေချင် တယ် ။
ကျွန်တော် က လေးတန်း ကတည်း က ရိုက်ခဲ့တာ မို့ ပလာတာ ကောင်း ကောင်း လုပ်တတ်တယ် ။ ဆယ်တန်း မှာ ပေါက်စီ လုပ်တတ်တယ် ။ အီကြာကွေး လည်း လုပ်တတ်တယ် ။ မုန့်အမျိုးစုံ လုပ်တတ် သွားပြီ ။ မုန့် ကို အလုပ်သမား ငှား ပြီး လုပ်ခိုင်း ရင် ရနိုင်ပေမယ့် လက်ဖက်ရည် ကို တော့ ကျွန်တော် ကိုယ်တိုင် ဖျော် ရ မှ စိတ်တိုင်းကျတယ် ။ ကျွန်တော် တက္ကသိုလ် တက် တုန်း က မန္တလေး က ဖျော်ဆရာ ခေါ်ပြီး ဖျော် ခိုင်းတယ် ။ တပ်ကုန်း က လက် မခံကြဘူး ။
ကျွန်တော့် ဆိုင် မှာ ပုံမှန် လာ သောက်သူ တွေ က ကုန်သည် ၊ ပွဲစား ၊ ဈေးသမား တွေ ၊ လူကြီးပိုင်း တွေ များတယ် ။ ၁၆ နှစ် ၁၇ နှစ် ကောင်လေး တွေ သိပ် မထိုင်ဘူး ။ ဆိုင် မှာ ကက်ဆက် မဖွင့်ဘူး ၊ နားအေးပါးအေး သောက်ကြစေ ချင်တာ ။ ဆိုင် မှာ တီဗီ လည်း ဖွင့် မထားဘူး ။ အခြား ဆိုင်တွေ မှာ တီဗီ ဖွင့် ပေမယ့် ကျွန်တော့် ဆိုင် က မဖွင့်ဘူး ။
ကျွန်တော့် ဆိုင် ကို ဖောက်သည်တွေ ဘာကြောင့် ပုံမှန် လာ နေကြတာ လဲ ။ ကျွန်တော် လည်း မပြောတတ်ဘူး ။ ခင်မင်မှု သံယောဇဉ် နဲ့ လာကြတာ ပဲ ထင်တယ် ။
လာတဲ့ သူတိုင်း ကို ကျွန်တော် ဂရုစိုက်တယ် ။ အပြည့်အဝ အာရုံ ထားတယ် ။ ကိုယ့် ဆိုင် မို့ ပိုပြီး ဂရုစိုက် တာ လည်း ဖြစ်နိုင်ပါတယ် ။ လူငှား အလုပ်သမား ဆို ရင် ပိုင်ရှင် လောက် တော့ ဧည့်သည် ကို ဂရုစိုက်မယ် မထင်ဘူး ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment