Monday, June 17, 2024

ကြက်ကောင်း တစ်ကောင်


 

❝ ကြက်ကောင်း တစ်ကောင် ❞

ကျွန်တော့် ဇနီး မေ ၏ မွေးနေ့ သည် အောက်တိုဘာလ ၊ ၁၈ ရက် နေ့ ဖြစ်ပေရာ နှစ်စဉ်ပင် ဤ ရက် နီးလာပြီ ဆိုလျှင် ကျွန်တော် မှာ ခေါင်း နားပန်း ကြီးရသည် ။ အဘယ်ကြောင့် ဟူမူ သူတို့ သည် ခရစ်ယာန်မျိုးရိုး ဖြစ်၍ သူတို့ မိရိုးဖလာ ဓလေ့ အတိုင်း “ မွေးနေ့ပွဲ ” ကလေး မျှ မကျင်းပ ရ ပါ လျှင် သူ့ အမေ ဗိုက် ထဲ ပြန် ဝင်ရတော့မည် အလား အလွန်ပင် အရေး ထား သော ကိစ္စ တစ်ရပ် ဖြစ် နေပါသည် ။ ရန်ကုန် ရှိ သူ့ ဆွေမျိုးသားချင်း များ က “ ဒီနှစ် မွေးနေ့ ဘာ ကျွေးမလဲ ” ဟု မေးကြသည် ။ တောင်ကြီး ရှိ အစ်မများ က သူတို့ ခရစ်ယာန်ထုံးစံ အတိုင်း ဘုရားသခင် ထံ ညီမ အတွက် မွေးနေ့ ဆုတောင်း မေတ္တာစာများ ပေးပို့ ကြသည် ။ ထို့ကြောင့် ဒီ နှစ် အောက်တိုဘာလ ၁ဝ ရက် ကျော် လျှင် ပင် မေ သည် ကျွန်တော့် အား စကား ကြောင်း လှမ်း လေသည် ။

“ ဒီနှစ် မေ့ မွေးနေ့ မှာ အုန်းနို့ခေါက်ဆွဲ ကျွေး ချင်တယ် ၊ အိမ် မှာ ကြက် ဘယ်နှစ်ကောင် ဟင်းစား ရမလဲ ”

မိတ်ဆွေတို့ သိကြသည့် အတိုင်း ကျွန်တော် သည် ကြက်သမား ၊ အိမ်တွင် တိုက်ကြက်မျိုး တွေ မွေး ထားသည် ။ ဤ အထဲ မှ ကြက်မများ နှင့် မစွံ ပုံ ပေါ်သည့် ကြက်ဖများ ကို ဟင်းအိုး ထဲ ပို့ ရသည် ။

“ မင်း ကြက် ဘယ်နှစ်ပိဿာ လောက် လိုချင်သလဲ ၊ လူ ဘယ်လောက် ဖိတ်မယ် စိတ်ကူး သလဲ ”

"များများစားစား မလုပ်နိုင်ပါဘူး ၊ အိမ်နီးပါးနား ဝေဖို့ နဲ့ ဖော့ကန် နဲ့ အလုံ က လူသိုက် လောက် ဟာ ပဲ မုန့် ခြောက်ပိဿာ လောက် ဆို တော့ ကြက် သုံးပိဿာ လောက်ပဲ ”

“ အုန်းသီး ကော ကွာ ”

“ ၅ လုံး ၆ လုံး လောက် ”

သည်ခေတ် တွင် ရန်ကုန် မှာ အုန်းသီး တစ်လုံး ၅ ကျပ် ၆ ကျပ် ၊ ကြက် တစ်ပိဿာ အစိတ် အထက် ၊ ဒါတွေသာ ဈေး က ဝယ်ရမည် ဆိုလျှင် ကျွန်တော်တို့ အဖို့ တော်တော် ခက်ခဲပေမည် ။ သို့သော် ကျွန်တော့် မှာ ကံအားလျော်စွာ အုန်းသီး အလကား ပေးမည့် သူ ရှိ နေသည် ။ စံပယ်ခြံ မှ ဒေါက်တာလှမော် ။ သူ့ ခြံ ထဲ တွင် အုန်းပင် တွေ တော်တော်များများ ရှိ နေ၍ “ ဆရာ အုန်းသီးများ လိုချင် ရင် အချိန်မရွေး ကြိုက် သလောက် လာ ခူးပါ ” ထို့ကြောင့် ကျွန်တော် အုန်းပင် တက် နိုင်သူ ခေါ် သွားပြီး အလုံးကြီးကြီး ရင့်ရင့် ၅ လုံး တစ်ခိုင် ယူ ခဲ့သည် ။

ကြက် ကား ကျွန်တော့် အိမ်ပေါက် ထဲ မှ ရွေး ထုတ် လိုက် တော့ မဒန်းမ ၇၀ သား ၊ ၈ဝ သားလေး ၃ ကောင် နှင့် တစ်ပိဿာ ခန့် ရှိမည့် ၈ လသား ကြက်ဖလေး တစ်ကောင် ။ သူ သည် တိုက်ကြက်မျိုး ပင် ဖြစ်လင့် ကစား ပုညှက်ညှက်ကလေး ဖြစ် နေ၍ တိုက်ပွဲ တွင် သုံးရန် အား မကိုးလောက် သဖြင့် ခွပ်လက် မျှ ခုန် မကြည့် ဘဲ အုန်းနို့ခေါက်ဆွဲ ထဲ ထည့် ရန် ရွေးချယ် လိုက်ခြင်း ဖြစ်ပါသည် ။

◾သို့သော် - သူ့ ကြမ္မာ

အောက်တိုဘာလ ၊ ၁၈ ရက်နေ့ မှာ ကျွေးမွေးရမည် ဆိုတော့ ၁၇ ရက်နေ့ ည မှာ ဟင်း ကိုင် ရပေမည် ။ ထို ၁၇ ရက်နေ့ ညနေခင်း ၌ မိတ်ဆွေ ကြက်သမား တစ်စု သည် သူတို့ တိုက်ကြက်ကလေး တစ်ကောင် နှင့် ကျွန်တော့် အိမ် ရောက် လာ ကြပြီး ...

“ ဒီနေ့ လည်း မတိုက်ခဲ့ရပြန်ဘူး ဗျာ ။ အဲဒါ ဆရာ့ ဟို ကြက်ဖလေး နဲ့ တစ်ခုန် နှစ်ခုန် လောက် ခြေကျော်ထိုးပါရစေ ”

ဤ နေရာ ၌ စာဖတ်သူ များ အား ကြက်သမား တို့ ၏ အယူအဆ ကို ပြောထားရပါ ဦးမည် ။ အကြင် ကြက် တစ်ကောင် ကို တိုက်ရန် အလို့ငှာ ၊ သည် နေ့ ဝိုင်း သို့ ချ သွားသည် ။ သို့သော် တိုက်ဖက် အဆင် မသင့်၍ မတိုက်ခဲ့ရ ။ ထိုအခါ ဤ ကြက် ကို သည် နေ့ အတွင်း မှာ ပဲ အခြား ကြက် တစ်ကောင် ကောင် နှင့် ခေတ္တခဏ ပဲ ဖြစ်ဖြစ် ခွပ် ခိုင်း လိုက်ရသည် ။ အဘယ် အကြောင်းကြောင့် ဟူ၍ မပြောနိုင် သော်လည်း အများအားဖြင့် ကြက်သမား တို့ ၏ လုပ်ရိုးလုပ်စဉ် “ ဝိုင်းပြန် ဆို ခြေကျော် ထိုးလိုက် ” ၊ “ စတိ နည်းနည်း ပါးပါး ခုန်လိုက် ” ၊ ကြက်သမား တို့ ၏ စကား ၊ တစ်ဖက်သား ကို တစ်ချက် တည်း နှင့် ဒုက္ခ ပေးနိုင်သော အတက်ရှည်ကြီးများ နှင့် ဆိုလျှင် ၄င်း အတက် တွေ ကို မစူး နိုင် အောင် အဝတ်စ နှင့် ပတ်ထုပ် ပြီး ခွပ် ခိုင်း ရသည် ။

ယခု ဝိုင်း မှ မတိုက်ရ ဘဲ ပြန် လာသော သူတို့ ကြက်ကလေး မှာ အတက်ချွန်ကလေး ဖြစ်နေ သော်လည်း ကျွန်တော့် ကြက်ကလေး မှာ မကြာမီ ကိစ္စတုံး တော့ မှာ မို့ ...

“ ကဲ ... ကြာတယ် ၊ ခင်ဗျား တို့ ကြက် အတက် ထုတ် မနေပါနဲ့တော့ ဗျာ ... ၊ ခင်ဗျား တို့ကြက် ဘယ်လောက် စူးသလဲ ဆိုတာလဲ သိ ရအောင် ဒီ အတိုင်းပဲ လွှတ် လိုက် ”

သူတို့ အင်မတန် သဘောကျ သွားကြသည် ။

သို့ရာတွင် ...

သို့ရာတွင် ...

ကြက် နှစ်ကောင် ခွပ် နေကြသည် ကို ကြည့် နေကြရာ မှ သူတို့ မျက်နှာ တွေ တစ်မျိုး တစ်မျိုး ဖြစ် လာကြသည် ။ အထင် နှင့် အမြင် လွဲ လွဲ လာ သဖြင့် ပြောင်းလဲ လာကြသည့် မျက်နှာမျိုး တွေ ။

အကြောင်းမှာ သူတို့ ကြက် ထက် ကျွန်တော့် ကြက်ကလေး က ခွပ်ရေး သာ၍ သာ၍ လာ သောကြောင့် ... ။

ကြက်ကောင် က လည်း သူတို့ ကြက် က ကြီးသည် ။ အသက် က လည်း ကြီးသည် ။ နို့ပြီး သူတို့ ကြက် က တိုက် ဖို့ ပြင်ပြီး ဆင်ပြီး သား ။ ခွပ်လက် ခွပ်သား လည်း ဝ လို့ ။ ကျွန်တော့် ကြက် က ကြက်လား မြောက် မှ တစ်ခါ မျှ မခွပ်ဘူးသေး ။ သို့သော် သူတို့ ကြက် ကို ကျွန်တော့် ကြက် က နိုင်ချေ ရောက် နေသည် ။

“ အား ... ဒီ ခရမ်း က ဒီ ဖောင်းလေး မှ အပြတ် မခွပ်နိုင်ရင် တော့ .. ”

“ အောင်မာ ဖောင်းလေး က ခွပ်ပစ်မှာ ဗျ ၊ လမ်း ရော ပညာ ရော သာ နေတယ် ”

“ ဖောင်းလေးခြေ က အဆစ်အမြစ် လဲ ကျ သဗျ ”

“ ခရမ်း ရဲ့ လမ်းတွေ ကို အကုန် ဖျက် နိုင်တယ် ”

သူတို့တွေ တစ်ယောက် တစ်ခွန်း ပြော လာကြတယ် ။ ကျွန်တော့် ကြက်ကလေး ကို ချီးမွမ်း ကုန်ကြသည် ။ “ ဖောင်း ” ဆိုတာ က ကျွန်တော့် ကြက်ကလေး အမွေးရောင် ။ “ ခရမ်း ” ဆိုတာ က သူတို့ ကြက် ။

ကြက်ချင်း ခွပ် ကြ၍ ၁ဝ မိနစ် မျှ လောက် ကြာသည် ၌ ကျွန်တော့် ကြက်ကလေး အပေါ် ကျွန်တော့် ဆုံးဖြတ်ချက် ပြောင်းပြီ ဖြစ်၍  ...

“ ကဲ ... မတော်ချင်ကြသေးဘူးလား ဗျို့ ၊ ခင်ဗျားတို့ ကြက် က အတက်ချွန် နဲ့ မတော် မတည့် ကျွန်တော့် ကောင်လေး မျက်လုံး မျက်ဆံ ထိ မှာ စိုးရတယ် ”

ကိုယ့် ကြက် ကောင်း နေမှန်း သိ၍ ဒီတော့ မှ ကျွန်တော် စိုးရိမ် လာသည် ။

“ အောင်မလေး ... မစိုးရိမ်ပါ နဲ့ ဆရာ ရယ် ၊ ခရမ်းခြေ က ဆရာ့ ကြက်ခေါင်း မရောက်ပါဘူး ။ ကျွန်တော် က ဆရာ့ ကြက်ကလေး ဘက် က တောင် လောင်းရဲသေးတယ် ။ ဟော ဒီမှာဟေ့ ငွေ တစ်ဆယ် ညနေစာ အရက်ဖိုးလေး ဘယ်သူ ဆွဲမလဲ ”

ဤတွင် တစ်ယောက် က “ တကယ်လား ” ဆိုပြီး ထို ဆယ်တန် ကို လက် လှမ်းသည် ၌ ကျွန်တော် က “ ဟာ .. မလုပ်ကြနဲ့ ဗျာ ၊ တကယ် တိုက် ကြရင်တော့ ကျွန်တော့် ကြက်ကလေးက ဘယ်လောက်ကြာ ခွပ်နိုင်မှာ မို့လဲ ၊ တော်ကြာ ပျော့ ပြီး အမောဆို့ သွားတော့မှာပေါ့ ”

“ ဟာ ... ဆရာ့ ကြက် ဒီလောက် မောတာ မဟုတ်ဘူး ၊ ပျော့ လည်း မပျော့ဘူး ၊ ခွပ်နိုင်ပါတယ် ဆရာ ရယ် ၊ ခွပ်လမ်း ချင်း ဒဏ်ရာပေး ချင်း တူ တာမှ မဟုတ်ဘဲ ၊ တစ်ချီ ချီ မှာ ခရမ်း လဲ လိမ့်မယ် ထင်တယ် ၊ ဆရာ့ ဖောင်းလေး ခွပ်တာ က ဟို ကြက် နား ကြား မျက်စိ ကြား မှာ ချည်းပဲ ”

သူ့ ထင်မြင်ချက် မှန် ပေသည် ။ နောက်ထပ် ၅ မိနစ် လောက် ကြာသည် ၌ ထို ကြက် တုံးကနဲ လဲ လေသည် ။ တုံးလုံး တစ်စောင်း ဖြစ် နေလေ တော့ အားလုံး အံ့သြကြ လျက် .. ။

“ ဟာ ... ဘယ်နေရာများ ခွပ်လိုက်တာပါလိမ့် ”

“ အုပ်ဆက် ဗျ ... အုပ်ဆက် ၊ မင်း ကြက် ကောက် ကု တော့ ”

ကျွန်တော့် ကြက်ကလေး က တက်နင်း ဆွဲဆိတ် နေသည် ကို ဟို ဘက် ကြက်စွဲ က ကောက်၍ ကုသည် ။ ကုသ ၍ ပြေသွား ပါ သော်လည်း ထို ကြက် သည် နောက်ထပ် ကြာကြာ မခွပ်တော့ ချေ ။ ဒုတိယ အချီ လဲ ပြီး သော အခါ ၌ ကိရောက် ကိရောက် အော်၍ ပြေးလေ သတည်း ။ ကြက် သမားများ အံ့သြ ဝမ်းမြောက် ကြ လျက် ... ။

“ ဒဏ်ရာလေး က လည်း မှန်လိုက်တာ ဗျာ ၊ ဆရာ့ ကြက် ... ကြက်ကောင်းလေး ပဲ ”

ကျွန်တော် လည်း အားရဝမ်းသာ ဖြစ် လျက် ...

“ ကျွန်တော် ခင်ဗျား တို့ ကို ကျေးဇူး တင်တယ်ဗျာ ၊ နို့မဟုတ် ရင် ကျွန်တော် ဒီ ကြက်ကလေး ခု ည အုန်းနို့ခေါက်ဆွဲဟင်း ထဲ ထည့် ပစ်တော့မလို့ ”

“ အောင်မယ်လေး မလုပ်ပါနဲ့ ဆရာ ရယ် ၊ သူ့ အစား တခြား နှစ်ကောင် ဝယ်ပါ ၊ ကျွန်တော် အခု ၅၀ ပေးခဲ့ပါမယ် ”

“ အောင်မာ .. မင်း တစ်ရာ ပေးထားရတဲ့ ကြက် တောင် အပြေး ခွပ် ပစ်တဲ့ ကြက် ကို ငါးဆယ် နဲ့ ရ မလားကွ ”

“ ဒါဖြင့် တစ်ရာ ပဲ ပေးပါ့မယ် ဆရာ ”

သူ က တကယ် ဝယ်သည် ကို ဒီလို ကိုယ့် အိမ်ပေါက် ကြက်ကောင်း မျိုး ကျွန်တော် က ဘယ်လောက် ပေးပေး ရောင်းမည် မဟုတ် မူ၍ ။

“ အောင်မလေး ဝယ် မနေကြပါနဲ့ ဗျာ ၊ ကျွန်တော့် ဆီ ကြက် ရှိနေ လည်း ခင်ဗျား တို့ နဲ့ အတူ တူ တိုက် ရတာပဲ ဟာ ကို ဒီ ကြက် ဝိုင်း ဆင်း ရင် ခင်ဗျားတို့ နဲ့ အတူတူ သွားကြမှာပဲ ”

သည်တော့ သူတို့ အားလုံး ဝမ်းသာအားရ ဖြစ်ကြလျက် ကျွန်တော့် ကြက်ကလေး ကို တစ်ယောက် တစ်လဲ ဆီ ကိုင် ကြည့်ကြကာ ။

“ ကြက်ကလေး က ညှက် ပေမယ့် အဆက် အပေါက် ဂွင်ဂွ ကျတယ်ဗျ ၊ ကြက်ထိုင် ကောင်းတယ် ၊ ခြင်္သေ့ ထိုင် ပဲ ”

“ အမွှေးအရောင် လည်း အမွှေး မှန် ဗျ ၊ သန့်တယ် ”

“ ဝိုင်း ထဲ မှာ ဒီ အရွယ်မျိုးလေးတွေ ရှိပါတယ် ။ သူ့ ဒေါက် ဟာ ၈ ပြား လောက် တော့ ရှိတာပဲ ဗျ ”

ကြက် ၏ ဒေါက် အမြင့် ကို တိုင်း ရာ ၌ ခြေဖဝါး မှ နေ၍ အတောင်ပံ အရိုး ရှိ ဗု နီနီ အထိ ၊ ရှေးခေတ် က ဒင်္ဂါးပြား နှင့် တိုင်း ရသည် ။ ထို ဒင်္ဂါးပြား အလျှောက် ကြက် ၏ အရပ် အမြင့် ကို ၈ ပြား ၊ ၉ ပြား ၊ ၁ဝ ပြားခွဲ ၊ ၁၁ ပြား စသည် ဖြင့် ခေါ် ကြသည် ။ တိုက်ကြက်များ တွင် ၈ ပြား သည် ကြက် အပုဆုံး ၊ အငယ်ဆုံး ဖြစ်၍ ၁၁ ပြား ၊ ၁၂ ပြား မှာ ကြက် အမြင့်ဆုံး အကြီးစားကြီး များ ဖြစ်ကြသည် ။

“ သူ့ ကြက်အိုး ကြက်ထိုင် က တော့ ဒေါက် တူရင် လာခဲ့ရော ဗျို့ ... ”

“ သူ့ ထက် နည်းနည်း မြင့် လည်း ကြိုက်တယ် ။ သူ က အောက် မျှော်ခွပ် ကောင်းတာပဲ ၊ ခုန ခရမ်း ကို လဲအောင် ဟာ အောက် ကနေ ပင့် ရိုက် လိုက်တာပဲ ”

“ ဒီလို တုံးကနဲ လဲအောင် ခွပ် နိုင်တဲ့ ခြေ က တော့ ရှား တယ် ဗျာ ။ ဆရာ ဒီ ကြက်ကလေး ဘယ်က ရတာလဲ ”

“ ကျွန်တော့် အိမ်ပေါက် ဗျ ”

“ နို့ ... ဒီ တစ်ကောင် ထဲ လား ”

“ သားခွဲ မှာ ကြက်နာ ဝင် လိုက်တာဗျာ ၊ သူ တစ်ကောင် တည်း ကျန်တယ် ၊ မအေ ရော သေတာပဲ ”

“ မအေ က ဘယ်က မျိုး လဲ ”

လူ အမျိုး ကြက် အရိုး ဆိုစကား ရှိသည် ။ တိုက်ကြက်များ မှာ မိဘ မျိုးရိုး စစ်မှန်ဖို့ ၊ ကောင်းဖို့ အရေး ကြီး လှသည် ။

“ သူ့ အမေ က နတ်တလင်း က ကိုမောင်လန်း ကြက်မျိုး ဗျ ”

“ အလာ့ လား  .... ဒါကြောင့် ဒီလောက် ကောင်းတာကိုး ဗျ ” 

( ကိုမောင်လန်း သည် ၁၉၇၆ ခုနှစ် က ကွယ်လွန်ပြီ ဖြစ်သော်လည်း တကယ့် ကြက်ကောင်း ကိုင် ၍ ထောင်သောင်း ချီ တိုက်သော ကြက်သမားကြီး ဖြစ်ကြောင်း ရန်ကုန် က ကြက်သမားများ သိ ကြသည် ။ )

“ နို့ .. ဖအေ က ကော ”

“ ဖအေ က တော့ ရှဖီး ပဲ ဗျ ”

“ အော ... ရှဖီး .. ရှဖီး ၊ ဆရာ က ရှဖီးမျိုး ရလိုက်သေး တာကိုး ”

“ ရှဖီး ” ဆိုသည့် ကြက် နာမည် ကို သူတို့ အားလုံး လို သံပြိုင် ရွတ် လိုက် ကြသည် ။ ရှဖီး သည် ၁၉၇၅ - ၇၆ ခု ၂ နှစ် တိုင် ၁ဝ ပွဲ တိုက် ခဲ့ရ သော ကြက် ဖြစ်သည် ။ ကျွန်တော်တို့ အရပ် ရှိ ကြက်သမား တိုင်း ရှဖီး ၏ ကျေးဇူး မကင်းခဲ့ကြ ။ ရှဖီး ကောင်းပုံ ၊ ထူးခြားပုံ ၊ ဇွဲသတ္တိ ရှိပုံ ကို သူတို့ ချီးကျုး ခဲ့ကြရသည် ။

သစ် တစ်ပင် ကောင်း ငှက် တစ်သောင်း နားရသည် ဆိုဘိ သို့ ကြက် တစ်ကောင် ကောင်း လူပေါင်း များစွာ စားရသည် ဟု ဆို နိုင်သည် ။ ရှဖီး သည် ကျွန်တော် တို့ လူစု ကို လုပ်ကျွေး ခဲ့သည် မှာ ငွေ တစ်သောင်း ထက် ဘယ် အောက် မည်နည်း ။ ရှဖီး အကြောင်း ကျွန်တော် ကိုယ်တွေ့ သိ သမျှ ထူးခြားသော ကြက် တစ်ကောင် အနေ နှင့် စာ တစ်စောင် ဖွဲ့လောက်သည် ဟု ထင်ပါသည် ။ ထို့ကြောင့် အခုန ကျွန်တော့် ကြက်ကလေး ဟင်းအိုးပြန် အကြောင်း မဆက်မီ ရှဖီး ကို တစ် ကဏ္ဍ ဖွင့် လိုက်ပါမည် ။

◾ရှဖီး ၏ ဘဝ ဖြစ်စဉ်

ရှဖီး သည် ၁၉၇၅ ခုနှစ် ၊ ကြက်ပေါက်ကလေး ဘဝ က ပင် အောင်ပွဲများ ဆင် လာခဲ့ သော်လည်း ထို ပထမနှစ် မှာ ကြေး နည်းသော ဝိုင်းကလေး များ သာ ဖြစ်၍ ကျော်ကြား ထင်ရှားခြင်း မရှိခဲ့သေးချေ ။ သူ့ မျိုးရိုး က လည်း ဘယ်ကမှန်း မသိ ။ သူ့ မူလ ပိုင်ရှင် က လည်း ကလေးသာသာ ကြက်ရူးကလေး မျှ ဖြစ်၍ ဤ ချာတိတ် ကြက် ကို ကြက်သမားကြီးများ က အထင် မကြီးကြ ။ နို့ပြီး ရှဖီး ၏ ခွပ်ပုံခွပ်နည်း မှာ လည်း အခုန ကျွန်တော့် ကြက်ကလေး လို စ , လွှတ် လိုက်သည် ဆို ကတည်း က ချက်ချင်း လူကြိုက် များ အောင် တစ်ဖက် ကြက် ကို အပြတ်အသတ် ခွပ် လိုက်သည် မဟုတ် ။ သူ တင် ငါ တင် ရေရှည် ကြိတ် ပြီး မှ ရှဖီး က နောက်ဆုံး တွင် အောင်ပွဲ ဆင်သည် ။ ဤသို့ နိုင်ပုံ နိုင်နည်း ကို ကျွန်တော့် လို လူစား သည် မကြိုက် ။ “ ရင် ပူရတယ် ” ဟု ဆိုရမည် ။ အခုန ကျွန်တော့် ကြက်ကလေး လို မှ “ ရွှေရင်အေး ” ဟု ကြွေးကြော်မည် ။

သို့သော် တကယ့် ကြက်သမားကြီးများ က ရှဖီး လို နိုင်ပုံ နိုင်နည်း မှ သဘောကျ ကြသည် ။ “ လက်ဖျား ထွက် မှ ငွေ ရတဲ့ ကြက် ” ဟု ဆိုကြသည် ။

ဤနေရာ ၌ ကြက် လောင်းပုံ လောင်းနည်း ကို ( စာဖတ်သူများ ကိုယ်တိုင် ကြက် မတိုက် သော်လည်း ဗဟုသုတ အလို့ ငှာ ) ဖော်ပြပါမည် ။

ကြက် လောင်း ရာ ၌ “ လက်ရင်း ” “ လက်ဖျား ” နှစ်မျိုး ရှိသည် ။ လက်ရင်း ဆိုသည် ကား ကြက် နှစ်ကောင် မလွှတ် မီ တစ်ဖက် နှင့် တစ်ဖက် ထပ်သော ကြေး ။ လက်ဖျား က ကြက် နှစ်ကောင် ဝိုင်း ထဲ ခွပ် နေသော အခါမှ လောင်းသော ငွေ ။ ယင်း၌ သာ သော ကြက်ဖ က အလေးကြော ပေး၍ ခေါ် ကြသည် ။

“ တစ်ဆယ် နဲ့ ရှစ်ကျပ် ၊ တစ်ရာ နဲ့ ရှစ်ဆယ် ”

ဤမျှ နှင့် ခေါ်၍ မရသေးဘူး ဆိုပါ က ...

“ တစ်ဆယ် - ခုနစ်ကျပ် - ခုနစ်ကျပ် ”

သူ့ ကြက် က ပို၍ သာ လာပြီ ဆိုလျှင် ...

“ ဟာ - ခြောက်ကျပ် - ခြောက်ကျပ် ”

“ ကဲဟာ နှစ်လေး - နှစ်လေး ၊ တစ်ဆယ် နဲ့ ငါးကျပ် ၊ တစ်ရာ နဲ့ ငါးဆယ် ၊ ဟောဒီမှာ ကြိုက်သလောက် ရမယ် ” ဟု ငွေတွေ အထပ်လိုက် ထုတ်ပြ ။

ထိုအခါ အချို့ သည် “ ကြွေ တစ်လက် ကြက် တစ်ခုန် ” ဆိုစကား အရ အောက်ကျ နေသော ကြက် ဖက် က မျှော်လင့်ချက် နှင့် အောက်ကြေး ဆွဲ တတ်ကြ၏ ။

အချို့သော ဝိုင်းတွေ မှာ ဤသို့ မျှော်လင့်သည့် အတိုင်း ပင် အောက် ကျ နေသော ကြက် က ပြန် သာ လာပြီး ၊ အထက်ကြေး ဖြစ်သွားသည်များ လည်း ရှိတတ်၏ ။ တစ်ခါတစ်ရံ မူ ဟို ကြက် က အထက်ကြေး ဖြစ်လိုက် ဒီ ကြက် က အထက်ကြေး ဖြစ်လိုက် နှင့် ဗုံလုံ တစ်လှည့် - ငါးပျံ တစ်လှည့် ပွဲမျိုး လည်း ကြုံရတတ်၏ ။

တစ်ဖက် ကြက် က သတ်သတ် ခံ နေရ၍ ပြန် မလှန်နိုင်တော့ဘူး ထင် ရသော အခြေ ရောက်သည် ၌ ၁ဝဝိ နဲ့ ၁ဝိ ၊ ၅ ကျပ် နဲ့ ၁ဝဝိ အထိ များ ပင် ကြေးကြော ပေး ကစား တတ်ကြသည် ။ ဤ အခါမျိုး ၌ “ ကြက်ကန်းခွပ် လို့ ပွဲကျွတ်အောင် နိုင်သေးသပ ” ဆိုသည့် ဦးပုည စာမျိုး လည်း ဖြစ်တတ်သေး ၍ အောက်ကြေး မှ ထီ ထိုး သလို ကစား သူများ လည်း ရှိကြသေး၏ ။

နို့ပြီး ကြက် ကစား ရာ ၌ ကိုယ့် ကြက် ဖက် က မှ ကိုယ် လောင်းရမယ် ၊ ဟို ဘက် ကြက် က မလောင်းရဘူး ဟူ၍ မရှိချေ ။ ကြိုက် သလို ကစား နိုင် သည် ။

ဥပမာ ဗျာ စာဖတ်သူ က ခဏ ကျွန်တော် နဲ့ အတူ စိတ်ကူး ထဲ က ကြက်သမား လုပ်ဗျာ ။  ( ဒါလောက်ကလေး နဲ့ ငရဲ မကြီးပါဘူး လေ ) ။

“ ကဲ .. ခင်ဗျား ကြက် နဲ့ ကျွန်တော့် ကြက် လက်ရင်း ၅၅ဝ ကြေး လွှတ်ပြီ ။ ( ကြက်လောင်း တာ မှာ ၁၀% အကောက် တင်ပြီး လက်ရင်း မှာ ၁၁ဝ ၊ ၃၃ဝ ၊ ၁၁ဝဝ စသည်ဖြင့် လောင်းရသဗျ ) ။ လွှတ် ပြီး တစ်ခါ ကောက် နှစ်ခါ ကောက် လောက် ဆိုပဲ ခင်ဗျား ကြက် က သာ နေပြီ ။ စိတ် ထဲ ကျွန်တော့် ကြက် က ရှုံးမယ် လို့ ထင် နေပြီ ၊ အဲသည် အခါ မှာ ကျွန်တော့် အိတ် ထဲ ၅၅ဝိ ထဲ ပါတာ ။ ကိုယ့် ကြက် ကို ယုံပြီး ပုံ လိုက်မိတယ် ။ အပြန်စရိတ် နဲ့ သောက်ဖိုး စားဖိုး တောင် မရှိတော့ဘူး ။ ခက်ပြီ ပေါ့ ။ နိုး - ကြက်သမားကြီးတွေ အဖို့ မခက်ပါဘူး ။

“ ဒီ အချိန် မှာ ခင်ဗျား ကြက် ဖက် က သာ နေလို့ တစ်ဆယ့်ရှစ်ကျပ် ၊ ခုနစ်ကျပ် ခေါ်နေတယ် ။ အောက်ကြေး က လောင်းမယ့် လူတွေ အင်တင်တင် ဖြစ်နေတယ် ။ နှစ်လေး ပေး လည်း အကောင်းသား လို့ တွက် နေကြ တယ် ။ ဒီတော့ ကျွန်တော် က ခင်ဗျား ကြက် ဖက် က က , ပျက် ယ , ပျက် လုပ်တဲ့ သဘောလည်း ပါ အောင် ”

“ တစ်ရာ့ နဲ့ ငါးဆယ် ဗျာ ၊ အထက်လေး က တစ်ဆိုင်း တော့ ရှိ တယ် ” ဆိုလိုက်တော့ အောက်ကြေးသမားတွေ အလုအယက် ထ , လာကြ ပါရော ဗျ ။ ကျွန်တော် က ငွေ ထပ်ထုတ်စရာ မလိုဘူးဗျ ။ ကြက်ဒိုင် ဆီ မှာ ကျွန်တော့် ငွေ ၅၅ဝိ တောင် ရှိတယ်လေ ။ ကျွန်တော့် ကြက် နိုင်တော့ ဘာ အရေးလဲ ။ သူ ဒီ တစ်ရာ နှုတ်ပြီး အောက်ကြေးသမား ကို ၉ဝိ ပေး လိုက်မှာ ပေါ့ ။ အဲ - ခင်ဗျား ကြက် က လဲ နိုင် ရော ကျွန်တော် ၄၅ ကျပ် ရ သဗျ ။ တကယ်လို့ နှစ်ဆိုင်း ဆိုရင် ၉ဝိ ”

ဒါ ကြက်သမားကြီးတွေ က ကိုယ့် ကြက် က အရေး မလှပုံ ပေါ်ရင် ပြန် ကြိုတဲ့ နည်းပဲ ။ ဒါပေမယ် လို့ ကြက်သမားကြီး မဟုတ် ၊ ကြက်ဝါသနာရှင် မျှ သာ ဖြစ်တဲ့ လူတွေ က တော့ ကိုယ့် ကြက် ဖက် က လွဲရင် တခြား ကြက် က မလောင်းရက်တော့ဘူး ။ ကိုယ့် ကြက် က နိုင် ဖို့ပဲ စိတ် စော နေတော့တာပဲ ။ ကိုယ့် ကြက် က နိုင်အောင် ခွပ်စေချင် တဲ့ စေတနာ တစ်ဖက်တည်း ရှိနေတော့ တာပဲ ။ ဒါဟာ ကြက်သမားကြီး တွေ နဲ့ ကြက်ဝါသနာရှင် ခြားနားချက် ပဲ ။ ဒီတော့ ကျွန်တော့် ကိုယ် ကျွန်တော် ဆန်းစစ် ကြည့်တဲ့ အခါမှာ ကျွန်တော် သည် “ ကြက်သမားကြီး ” မဟုတ် ၊ “ ကြက်ဝါသနာရှင် ” မျှ သာ ဖြစ်တယ် ဆို တာ သိရတယ် ။

အဲဒါကြောင့် သူတို့ ကြက်သမားတွေ ပြောကြတာ က “ ကြက်သမားကြီးများ ဘယ်တော့မှ ပက်ပက်စက်စက် မရှုံးဘူး ” တဲ့ ဗျ ။ ရှုံးစရာ ရှိ နည်းနည်း နိုင်စရာ ရှိ များများ ” တဲ့ ။ ဒါလည်း တရားသေ တော့ မဟုတ်ပါဘူး ဗျာ ။

အခုန ဖော်ပြခဲ့တဲ့ ကျွန်တော့် မိတ်ဆွေ နတ်တလင်း က ကြက်သမားကြီး ကိုမောင်လန်း အကြောင်း ပြောရဦးမယ် ။

၁၉၆၂ ခုနှစ် က ဆီမီးဆွဲ ၊ ပေါင်းတည် ၊ နတ်တလင်း က သူတို့ လူစု ၊ ကြက် ၅ ကောင် နဲ့ လာ ၊ ကျွန်တော့် အိမ် မှာ တည်း ပြီး ကြက် တိုက် ကြတယ် ။ ဒိုင် က တာမွေ က ဗိုလ်ရဲချစ် ။ ဝိုင်း နေရာ က ဂွတ္တလစ် ရေကူးကန်လမ်း ၊ နောက်ဖေးဘက် အောက် ချိုင့် ထဲ က ဗူးစင် အောက် ။

အဲသည် နေရာ ဟာ အင်မတန် ချောင် ကျလှ ပေမယ် လို့ ကြက်သမား တွေ က တော့ အရပ်ရပ် က လာ ကြတဲ့ ပဂေး တွေ ပဲ ။ ကြေး က မနည်းကြ ပေဘူး ။ ကိုမောင်လန်း ကြက် နဲ့ သိန်ချောင်း က ကြက် နဲ့ လွှတ် ကြတော့ လက်ရင်း ၃၃ဝဝိ ဗျာ ။ ကျွန်တော်တို့ ဘက် က ၅၅ဝဝိ လောက် ကစား ချင် တယ် ။ သို့သော် သိန်ချောင်းသားများ က “ ခင်ဗျားတို့ ကြက် က နည်းနည်း စီးတယ် ဗျာ ၊ လက်ဖျား ကြည့်ကြသေးတာပေါ့ ”

မှန်ပါသည် ။ လွှတ်ပြီး တစ်ခါ ကောက် လောက် ဆိုပဲ သူတို့ ဘက် က လက်ဖျား ခေါ်ပါရော ။ ဒါပေမယ့် ကျွန်တော်တို့ ဘက် က မလောင်းရဲ ဘူး ။ ကိုမောင်လန်း မျက်နှာ ပျက် လို့ ။

“ ကြက် ရေပြောင်း မြေပြောင်း မှာ အိပ်တန်း ပျက် မို့ ကြက် မခွပ် နိုင်တော့ဘူး ။ အရင် ဒီလို ဘယ် ဟုတ်မလဲဗျာ ။ ဒီ ခွပ်ပုံမျိုး ဆို ကျွန်တော် ဘယ် သုံးမလဲ ကိုသော်တာ ရယ် ခု ခင်ဗျား အိမ် ရောက်တာ ဒီနေ့ ၆ ရက် ရှိပြီ ဆိုတော့ ကြက်အိပ်တန်းကြီး ပျက် ဗျ ၊ လွန်ခဲ့တဲ့ ၃ ရက် လောက် က တိုက် ရရင် ခုလို မဖြစ်ဘူး ”

တစ်ရပ် တစ်နယ် က လာ ရသော ကြက်များ မှာ ဒီလိုပဲ အအိပ် အနေ ပြောင်း သဖြင့် ကျန်းမာရေး အခြေအနေ ချို့ယွင်း ၍ ခွပ်လမ်း ပျက် တတ် သည် ။

ကြက် နှစ်ကောင် ခွပ်နေပုံ မှာ အများ နားလည်အောင် ပြော ရ လျှင် သိန်ချောင်းကြက် က တိုက်စစ် ၊ နတ်တလင်းကြက် က ခံစစ် ။ တစ်ရေ ထက် တစ်ရေ အရေး ရှံးနိမ့် လာခဲ့ရာ တစ်နာရီ ကျော် မျှ ကြာသည် ၌ နတ်တလင်း ကြက် သည် မျက်လုံး တစ်ဖက် ကမ်း လေ၍ မျှော်လင့်စရာ မရှိတော့သော အခြေ သို့ ရောက် လေပြီ ။ ခမျာ တစ်ဖက် မမြင် နှင့် တစ်ဖက်သတ် ခံ နေရ ပြီ ။ ထို့ကြောင့် သိန်ချောင်းကြက် ဖက် က တစ်ရာ့လေးဆယ် မှ တစ်ရာ့နှစ်ဆယ် အထိ ခေါ်လေပြီ ။

သည် အခြေ ၌ အောက်ကြေး က မည်သူမှ မလောင်းရဲကြ ။ တစ်ရာ့ တစ်ဆယ် ဆိုရင် တော့ ထီ ထိုးချင်တယ် ဆိုတဲ့ အသံမျိုး ထွက် လာသည် ။ သို့သော် သိန်ချောင်းကြက် ဖက် က “ တစ်ရာတစ်ဆယ် တော့ မပေးထိုက် သေးဘူးဗျာ ။ ဟို ဘက် ကြက် မှာ အတက်ကြီး နဲ့ ခုန်နိုင် ပျံနိုင်တုန်းဟာ ပဲ ” ဟု ပြော၏ ။

ထိုအခါ ကိုမောင်လန်း က ကျွန်တော့် အား “ နည်းနည်းပါးပါး တော့ ပြန် ကာမိအောင် လုပ်ဦးမှပဲ ဗျာ ” ဟု ဆိုပြီး ကြက်ဒိုင် ဗိုလ်ရဲချစ် အနား သို့ သွား ၍ တီးတိုး ပြော၏ ။

ထိုအခါ ဗိုလ်ရဲချစ် က “ သိန်ချောင်းကြက် က တစ်ရာတစ်ဆယ် တစ်ရာတစ်ဆယ် ရှိတယ် ” ဟု ထ အော်လေရာ ထီ ထိုးချင်သူ ၅ ယောက် ပေါ်လေ၍ သူတို့ ၅ဝဝိ ကို ဆွဲ လိုက်ကြ၏ ။

အမှန်ပင် သူတို့ ထီ ပေါက် သွားကြပါပေသည် ။ အကြောင်း မှာ သူတို့ လောင်းပြီး ၁ဝ မိနစ် မျှ အကြာ တွင် နတ်တလင်းကြက် က သိန်ချောင်း ကြက် ကို ကြက်ကန်းဆွဲ ဆွဲပြီး တစ်ချက် ထဲ ခွပ် လိုက်ရာ နားအုံ တွင် တက်မြုပ် စူး သောကြောင့် သိန်ချောင်းကြက် ကရောက် ကရောက် အော်ပြီး ပြေး လေ သတည်း ။

“ ဟ ... ဓားမ ရေပေါ်ပြီ ”

“ ပိဿာလေး ရေကူးပဟ ”

အောက်ကြေး က တစ်ရာ့တစ်ဆယ် နှင့် လောင်းသူများ က ထ အော် ကြ၏ ။ ရတတ်သမျှလေး ပြန် ယူမဟဲ့ ဟု အထက်ကြေး ပြန် ကြိုသော ကြက်သမားကြီး ဦးမောင်လန်း မှာ ငွေကလေး ၄၅ ကျပ် ပြန်ရမှာ နှင့် သူ့ ကြက် နိုင်သည့် အထဲ က ငွေ ၅ဝဝိ ပဲ့ ပါ သွားလေ သတည်း ။

ကိုမောင်လန်း ၏ ကြက် သည် မျိုးရိုး စစ်မှန်၍ ဇွဲသတ္တိ ကောင်း သည် ။ သူ အရေး ရှုံးနိမ့် နေသော်လည်း မသေမချင်း အလျော့ မပေးဘူး ဟူသော စိတ် ဖြင့် သူများ ခွပ် သမျှ အောင့်အည်း ခံနေပြီး ၊ ဟို ကြက် က သူ တစ်ဖက်သတ် သာ နေပြီ ရယ် ဟူ၍ ပေါ့ပေါ့ဆဆ လုပ်မိသည် ၌ မှားကွက် တွေ့ ပြီး တစ်ချက်တည်း ဆွဲ ခွပ်လိုက်ခြင်း ဖြစ်သည် ။

ကိုမောင်လန်း ကြက် သည် ဇွဲသတ္တိ နှင့် ခြေပိုင်ရှိသော ကြက် ပေ တည်း ။ ယခု ကျွန်တော် ရေးသား ဖော်ပြမည့် ရှဖီး လည်း ဤ ကြက်မျိုး ပင် ။

◾ ရှဖီး ဟု ခေါ်တွင်ခြင်း

သူ့ ကို မူလ ပိုင်သော သူ မှာ ရှဖီး ဟု ခေါ်သော ကု,လားကလေး ဖြစ်၏ ။ နောင် ဤ ကု,လားလေး လက် ထဲ မှ သည် ကြက် ကို ဝယ်ယူသူများ က အရင် သခင် နာမည် “ ရှဖီး ” ဟု ခေါ်ကြခြင်း ဖြစ်သည် ။ ဟို ယခင်တုန်း က မူ “ ရှဖီးကြက် ” “ ရှဖီးဖောင်းလေး ” ဟု သာ ခေါ်ကြသည် ။ အမွေးအရောင် က “ ဖောင်း ” သို့မဟုတ် “ ဥပန်း ” လည်း ခေါ်သည် ။

ရှဖီး လက် ထဲ ၌ ရှိစဉ် ကာလ က ဤ ကြက် သည် ကြည့်ချင်စရာ ပင် မကောင်းပေ ။ ကု,လားလေး ရှဖီး သည် အသက် ၂ဝ မျှ ကြက်ရူးကလေး ဖြစ်၍ သူ့ ကြက် ခွပ်တာ မြင်ရပြီးရော ဟု သူ့ ကြက် သန့်သန့် မသန့်သန့် ၊ ကြက်ချင်း ရွယ် တူတူ ၊ မတူတူ သူများ က လာ စ တိုင်း ခဏခဏ ခွပ် ခိုင်း နေသောကြောင့် ကြက်သမား စကား နဲ့ ပြောရသော် “ ဒီ ကြက် မှာ မျက်နှာ အားရတယ် ကို မရှိဘူး ” ဟူ၏ ။ အဓိပ္ပါယ် မှာ ဤ ကြက် မျက်နှာ တွင် သန့်စင် ရသည် မရှိ ။ ဒဏ်ရာ မပြတ် ၊ ခွပ်ရာ မပျောက် အစဉ်ပင် ဒဏ်ရာ ဒဏ်ချက် နှင့် ဖြစ်နေ ပေသည် ။ နို့ပြီး လည်ပင်းမွေး က လည်း လည်ဂုတ် နှင့် စလုတ် မှ စပြီး တစ်ပင် မျှ မရှိချေ ။ “ ဟဲ့ ရှဖီး နင့် ကြက် လည်ပင်းမွေးတွေ ဘယ်ရောက် ကုန်သလဲ ” မေးတော့ တခြား ကြက် က သူ့ ကြက် လည်ဆံမွေး ဆွဲ ခွပ် မှာ စိုး လို့ ရိပ်ထားတာ ဟု ပြော၏ ။ ထို့ကြောင့် သူ့ ကြက် မှာ ကြက် နှင့် မတူ ၊ ဠင်းတပနီ နှင့် တူ နေချေသည် ။

သို့တိုင် ဤ ကြက် သည် ကု,လားလေး လက် ထဲ ၌ ၁၉၇၅ ခုနှစ် တွင် ၅ ပွဲ တိုက် ခဲ့ရာ ၅ ပွဲ စလုံး နိုင် ခဲ့သည် ။ ကြေး က တော့ မများပေ ။ အပျင်းပြေ ကလေးဝိုင်း မျှသာ ။ ထို နှစ် က သူ ၏ နောက်ဆုံး ပဉ္စမပွဲ မှာ ကျွန်တော် ၏ အိမ် နောက်ဖေး တွင် ဖြစ်၍ ရှဖီး ခွပ်ပုံ ကို ကျွန်တော် သေသေချာချာ ကြည့် လိုက်ရသည် ။

◾ ဇွဲသတ္တိခဲ

ရှဖီး သည် ကြက်မိုက် ဖြစ်၏ ။ ကြက်သမား အခေါ် “ ကြက်ခွပ် ကြက်ခံ ” ။ အဓိပ္ပါယ် မှာ သူများ ကို လည်း ခွပ်၏ ။ သူ က လည်း ခံ၏ ။ နင် တစ်ချက် ငါ တစ်ချက် ဆော်လိုက်စမ်း ဆိုသည့် သဘောမျိုး ။ သူများ ခွပ် တာ ခံရပြီ ဆိုလျှင် သူ က ဒေါသတကြီး ခြေပြင်းပြင်း နှင့် ပြန်၍ နှစ်ချက် ဆင့် သုံးချက် ဆင့် ခွပ် လိုက်တတ်၏ ။ ဒါကို ကြက်သမား က ကြက်မဲ ကြက်မာန် ကောင်းသည် ဟု ဆိုကြ၏ ။

သို့သော် ယခု ပွဲ မှာ သူ က ခွပ်သား မာ၍ အသက် ရင့် သော်လည်း တစ်ဖက် က ကြက် က သူ့ ထက် အကောင်ကြီး ခွန်အားကြီး ဖြစ်သော ကြောင့် ရှေးဦးပိုင်း မှာ သူ က ချည်း ခံ နေရသည် ။ သူ ချည်း နာ နေ၏ ။ ဟို က ချည်း ဖိ ခွပ်နေ၏ ။ ခု ပွဲ တော့ ဒီ ကု,လား ကြက်ကလေး သွားပြီ ဟု ပြော နေကြပြီ ။ ခွပ် ၍ တစ်နာရီခွဲ မျှ ကြာသည် ၌ ရှဖီး မှာ လည်ပင်း မထောင်နိုင် တော့ ။ စင်းပြီး တန်း နေ၏ ။ ခေါင်း လည်း စောင်း နေ၍ ညာဘက် မျက်နှာ တစ်ခြမ်း က မြေကြီး နှင့် ကပ် နေပြီ ။ သို့သော် ရှဖီး သည် အလျှော့ မပေး ၊ တစ်ဖက် ကြက် ခွပ် သမျှ ကို ခံရင်း သူ့ ခွပ်ကွက် ရဖို့ ကြိုးစား တုန်း ပင် ။

အားလုံး အမြင် မှာ ရှဖီး ရှုံးပြီ ။ ဘယ်နည်းနှင့် မျှ မနိုင်တော့ ။ ဒီ ကြက် သတ္တိ ကို လေးစားသော အားဖြင့် သူ့ သိက္ခာ မကျအောင် ခေါင်း လှည့် မပြေးမီ ကောက်လိုက်ပါတော့ ဟူ၍ ကြက်စွဲ ကို ပြောကြ၏ ။ ကြက်စွဲ ဦးစံလင်း က “ စိတ် က တော့ နည်းနည်းမျှ မချသေးဘူးဗျ ။ ကျုပ် တော့ ထားလိုက်ချင် သေးတယ် ။ ဘယ်နှယ့်လဲ ရှဖီး ” ဟု ကြက်ရှင် ကို မေးသော အခါ၌ “ အို - ဦးလေး သဘောပဲ ” ဟု ဆို သဖြင့် ဆက်လက်၍ လွှတ် ကြကာ

“ ကဲဟေ့ အသဲချင်း ပေါက် ရတာကွ ၊ အသဲ ကောင်း ရင် နိုင် နိုင်ပါသေးတယ် ” ဟု ကြက်စွဲ က သူ့ ကြက် သူ အားပေး လိုက်၏ ။

ဟုတ်ပါ၏ ။ ဤ ကြက် ကား တကယ် အသဲကောင်း ဇွဲကောင်း ပါ ပဲ ။ ဒီလိုချည်း သူ တစ်ဖက်သတ် ခံနေရ ရာ မှ ကြက်ပွဲ ၂ နာရီ မျှ အကြာ တွင် ရှဖီး သည် ကြက်ရမ်း ဆွဲ ဆွဲ ၍ တစ်ချက် တည်း ခွပ် လိုက်ရာ ဟို ကြက် အော်ပြီး ပြေးလေ သတည်း ။

ဤမှ ရှဖီး၏ ခံနိုင်ရည် နှင့် ဇွဲသတ္တိ ကို ကြက်သမားကြီးများ ချီးမွမ်းကြ လေ၏ ။ ဒီ ကု,လားကလေး ဘယ်က ရလာသည် မသိ ၊ တိုက်ကြက် မျိုးစစ်မျိုးမှန် ပဲ ဟု ပြောကြကုန်၏ ။

ရှဖီး သည် ဤပွဲ ၌ သူ အနိုင် ရ လိုက် သော်လည်း လည်ပင်း စောင်း ၍ ခေါင်း မထူနိုင် ဖြစ်နေသောကြောင့် ၄ ၊ ၅ ရက် မျှ အစာရေစာ မကောက် နိုင် ။ လူ က ခွံ့ ကျွေးရ၏ ။

တိရစ္ဆာန်များ ထဲ တွင် တိုက်ကြက်ကောင်း သည် ဇွဲသတ္တိ အရှိ ဆုံး ဖြစ်သည် ။ ထိုကြောင့် ရာဇောဝါဒ ကျမ်း ထဲ တွင် “ မင်းတို့ အား စစ် ပြုရာ၌ ကြက်ဖ ကဲ့သို့ ရဲရင့်ရမည် ” ဟု ဆိုသည် ။

◾ လက်ပြောင်းခြင်း

ယင်း တိုက်ပွဲ ပြီးသော အခါ၌ ဤ ကြက်ကလေး မှာ ခွပ်ဖန် များ ၍ အမွေးအတောင် တွေ လည်း စုတ်ပြတ် နေပြီ ။ ခွပ် ရာ တွင် ခံထားရသော ဒဏ်ရာဒဏ်ချက် တွေ လည်း များနေ သဖြင့် သည်နှစ် မသုံးနိုင်တော့ပြီ ။ အနား ပေး ၍ ဘေးမဲ့ လွှတ် ထားရတော့မည် ။ ဒီတော့ ခွပ် နိုင်သည့် ကြက် ကို မှ သူ့ လက် ထဲ ထား လိုသော ကု,လားလေးရှဖီး သည် ဒီ ကြက် ရောင်းချင်သည် ဟု ဆို လာသည် ။ သို့သော် ယခု နှစ် မသုံးနိုင် တော့ပြီ ဖြစ်သော ကြက် ကို ကြက်နာရောဂါ တွေ နှင့် ရှေ့နှစ် ထိ သက်ဆိုး ရှည် နေပါဦးမည်လား ဟု တွက် ဆ ကာ ဝယ်မည့် သူ ရှား နေသည် ။

ကျွန်တော့် အိမ် နောက်ဖေး အိမ် ၌ ကိုကံညွှန့် ၊ ကိုအောင်ချစ် နှင့် သူတို့ ယောက်ဖငယ် မောင်မြင့်ခိုင် မည်သော ကြက် ဝါသနာအိုး များ ရှိကြ လေရာ တစ်နေ့သ၌ ရှဖီး သည် သူ့ ကြက်ကလေး ပိုက် လာ ကာ ...

“ အစ်ကို တို့ ရာ ကျွန်တော့် ကြက်ကလေး ဝယ်ကြစမ်းပါ ဗျာ ၊ အရင်တုန်း က တရာပေး တောင် မရောင်းခဲ့တာ ၊ အခု ၅ဝိ နဲ့ ပေးပါမယ်ဗျ ”

ဒီတော့ မောင်မြင့်ခိုင် က သူ့ ယောက်ဖကြီး ကိုကံညွှန့် အား “ အစ်ကို ဝယ်လိုက်ဗျာ ” ဟု တိုက်တွန်းသည် ၌ ကိုကံညွှန့် က “ ဟာ ငါ့ မှာ ငွေ မထောဘူးကွ ၊ ဟောဒီမှာ ၂ဝိ ပဲ ရှိတယ် ၊ ဒီ ၂ဝိ နဲ့ ရမယ်ဆို ထားခဲ့ကွာ ”

ထိုအခါ ရှဖီး က “ ဟာ ဒါတော့ နည်းလွန်းတယ်ဗျာ အသားဖိုး တောင် မရှိဘူး ၊ ၄ဝိ တော့ ပေး ဗျာ ”

ယင်း၌ မောင်မြင့်ခိုင် က “ ဟာ အဆင်သင့် ပဲ ၊ ကျွန်တော့် မှာ လည်း ၂ဝိ တော့ ရှိတယ် ၊ ကဲ အစ်ကို နဲ့ ကျွန်တော် နဲ့ နှစ်ယောက် စပ်ပေါ့ဗျာ ” ဟု ဆိုပြီး ထို ကြက် ကို ယူထား လိုက်ကြလေ သတည်း ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment