Wednesday, June 12, 2024

မုန်လာဥနီ နှင့် ကလေးများ


 ❝ မုန်လာဥနီ နှင့် ကလေးများ ❞

         ( မိုးမိုးသွင် )

         

ဟို ရှေးရှေးတုန်း က ရွာ တရွာ မှာ အဘိုးကြီး နဲ့ အဘွားကြီး လင်မယား နှစ်ယောက် ဟာ ဟင်းသီးဟင်းရွက် စိုက်ပျိုး ရောင်းချပြီး နေထိုင်ကြ သတဲ့ ကွယ် ။ အဘိုးကြီး က ကြင်နာသနား တတ်ပြီး ညှာတာလေ့ ရှိပေမယ့် အဘွားကြီး က တော့ လင်ယောက်ျား အပေါ် ညှင်းပန်းလေ့ ရှိတယ် ။


တစ်နေ့ တော့ အဘွားကြီး က အဘိုးကြီး ကို မုန်လာဥအနီ တွေ စိုက်ချင်တဲ့ အကြောင်း ပြော သတဲ့ ။ ဒါပေမယ့် အဘိုးကြီး က မြေ နေရာ မရှိ လို့ စိုက်နိုင်မှာ မဟုတ်ဘူး လို့ ပြန် ပြောလိုက် တာ နဲ့ အဘွားကြီး က “ မြေ နေရာ မရှိရင် ခိုအိမ် ပေါ် မှာ မြေကြီး ပုံပြီး စိုက်ရမယ် ” လို့ ပြန် ပြော သတဲ့ ။ အဘိုးကြီး က လည်း အမြဲတမ်း အဘွားကြီး ကို ကြောက်ရတာ မို့ အဘွားကြီး ပြောတဲ့ အတိုင်း မြေကြီးတွေ ကို ကြောင်လိမ်လှေကား နဲ့ ခိုအိမ် ပေါ် ကို သယ် တင်ပြီး မုန်လာဥတွေ စိုက် သတဲ့ ကွယ် ။


ပြီးတော့ မုန်လာပင်တွေ ကို နေ့စဉ် တက် ကြည့်ရမယ် လို့ အဘွားကြီး က ပြောထား တာ နဲ့ အဘိုးကြီး ဟာ နေ့တိုင်း ခိုအိမ် ပေါ်  ကို ကြောင်လိမ်လှေကား နဲ့ တက် တက် ကြည့် ရတယ် ။ တစ်နေ့ တော့ အဘိုးကြီး ဟာ သူစိုက် ထားတဲ့ ခိုအိမ် ပေါ် က မုန်လာဥနီ တွေ ကို တက် ကြည့် ပြီး ပြန် အဆင်း မှာ အဘွားကြီး ကို မုန်လာဥနီ တွေ ပျောက်ဆုံး နေတဲ့ အကြောင်း ပြော ပြတယ် ။ ဒီတော့ အဘွားကြီး က ဒေါပွပြီး ... “ ရှင် ဂရုမစိုက် လို့ မုန်လာဥ ပျောက်တာ ။ ဒီ မုန်လာဥ ခိုး တဲ့ သူခိုး ကို မိအောင် ဖမ်း ပေးရမယ် ” လို့ ဆို သတဲ့ ။


ဒါနဲ့ အဘိုးကြီး လည်း သူခိုး ရှာ ဖို့ တော ထဲ ကို တစ်ယောက် ထဲ ထွက် လာ ခဲ့ရတယ် ။


တော ထဲ ကျ တော့ တဲ တစ်လုံး တွေ့တယ် ။ အဲဒီ တဲ ထဲ ကို ကြည့် နေတုန်း တဲ ထဲ က ကလေး တစ်ယောက် ဟာ မုန်လာဥနီကလေးတွေ ကို မြှောက် ပြီး အဘိုးကြီး ကို လှောင်ပြောင် ရင်း ပြေး ထွက် လာကြတယ် တဲ့ ။


“ မင်း တို့ ဘာဖြစ်လို့ ငါ့ မုန်လာဥနီ တွေ ခိုးလဲ ။ မင်းတို့ က တော့ မုန်လာဥနီတွေ ရ လို့ ပျော်ပျော်ရွှင်ရွှင် ကစား နေနိုင် ကြတယ် ပေါ့ ။ ငါ့ မှာ တော့ အကြိမ်းအမောင်း ခံရတယ် ” လို့ အဘိုးကြီး က မြူးတူး ပျော်ရွှင် နေတဲ့ ကလေးတွေ ကို ကြည့်ပြီး တစ်ယောက် တည်း ညည်းညူ နေ ရှာ သတဲ့ ။


အဲဒီတော့ ကလေး တစ်စု ဟာ အဘိုးကြီး ကို သူတို့ တဲငယ် ရှိရာ ကို ဖိတ်ခေါ်ပြီး အစား အသောက်တွေ ကျွေးမွေးရင်း အဘိုးကြီး ပျောက်ဆုံးသွားတဲ့ မုန်လာဥနီ တွေ အစား လျော်ပေး မယ့် အကြောင်း တောင်းပန် ပြောဆိုကြ သတဲ့ ။


အဘိုးကြီး ပြန်ခါနီး ကျတော့ ထူးဆန်း တဲ့ စားပွဲခင်း တစ်ခု ကို ပေး လိုက်တယ် ။ အဲဒီ စားပွဲခင်း က တော့ “ စားပွဲခင်း ရေ အထက်အောက် လှန် လိုက်စမ်း ” လို့ ဆိုတာ နဲ့ စားပွဲခင်း ဟာ မိုး ပေါ် မြောက်တက်ပြီး ပြန် ကျတဲ့ အခါ မှာ စားဖွယ်သောက်ဖွယ် အမျိုးမျိုး ပြင်ဆင်စီမံ ပြီးသား အဆင်သင့် ရ သတဲ့ ။


အဘိုးကြီး အိမ် ရောက်တဲ့ အခါ မှာ အဘွားကြီး ကို ထူးဆန်းတဲ့ စားပွဲခင်း အကြောင်း ပြောပြတယ် ။ ပြီးတော့ သူတို့ ရဲ့ ခိုအိမ် ပေါ်  က မုန်လာဥနီ တွေ ဟာ လည်း အရင် အတိုင်း ပြန်ပေါက် နေကြ သတဲ့ ။


အဘွားကြီး က လည်း အဘိုးကြီး ယူ လာတဲ့ စားပွဲခင်း ဟာ “ ငါ့ မုန်လာဥတွေ ကြောင့် အလျှော် ရတာ ” ဆိုပြီး စားပွဲခင်း ကို ဝှက် ထားလိုက် သတဲ့ ။


နောက်နေ့ အဘိုးကြီး မုန်လာပင် တွေ တက် ကြည့်တဲ့ အခါမှာ မုန်လာဥတွေ ပျောက်ဆုံး နေတာ ကို တွေ့ရတာနဲ့ အဘွားကြီး ကို ပြော ပြတော့ အဘွားကြီး က “ ဒီ သူခိုး ကို မိအောင် ပြန် ဖမ်းပေးရမယ် ” လို့ ဆိုပြန် သတဲ့ ။


အဘိုးကြီး လည်း ကြံရာ မရ နဲ့ ကလေးများ စုဝေး နေတဲ့ တော ထဲ က အိမ် ကို သွားပြန် သတဲ့ ။ ဒီ တစ်ခါ တော့ ကလေး တွေ က ချေ လိုက် ရင် ရွှေ တွေ ရ တဲ့ ဆိတ် တစ်ကောင် ကို ပေး လိုက် တယ် ။ အဘိုးကြီး လည်း အားရဝမ်းသာ နဲ့ အိမ် ကို ပြန် လာ တော့ ခိုအိမ် ပေါ် မှာ အရင် က အတိုင်း မုန်လာဥ တွေ ပြန် ပေါက် နေကြ သတဲ့ ။ အဘိုးကြီး ဟာ ကလေး တွေ ပေး လိုက်တဲ့ ဆိတ် အကြောင်း အဘွားကြီး ကို ပြောပြ လိုက် ပြန်တာပေါ့ ။ ဒီတော့ လည်း အဘွားကြီး ဟာ “ ငါ့ မုန်လာဥ တွေ အတွက် အလျှော် ရတာပဲ ” ဆိုပြီး ဆိတ်ကလေး ကို ပါ ဝှက်ထား လိုက်ပြန်ရောတဲ့ ကွယ် ။


နောက် နေ့ မှာ မုန်လာပင် တွေ ပျောက် နေတာ ကို တွေ့ရပြန် လို့ အဘိုးကြီး က အဘွားကြီး ကို ပြော ပြတော့ “ ဒီ သူခိုး ကို အမိ ဖမ်း ပေးရမယ် ” လို့ ဆိုပြန် သတဲ့ ။ ဒါနဲ့ အဘိုးကြီး လည်း ကလေး တွေ နေတဲ့ တော ထဲ က တဲ ကို ကတိုက်ကရိုက် နဲ့ ထွက် လာရတာပေါ့ ကွယ် ။


ဒီ တစ်ခါ တော့ တော ထဲ က ကလေးတွေ က အဘိုးကြီး ကို ပီပီကလေး တစ်ခု လက်ဆောင် ပေးလိုက် သတဲ့ ။ အဘိုးကြီး လည်း အိမ် ရောက် တာနဲ့ တစ်ပြိုင်နက် အဘွားကြီး ကို ပီပီကလေး တစ်ခု ရခဲ့တဲ့ အကြောင်း ဝမ်းသာအားရ နဲ့ ပြောပြသတဲ့ ။ ခိုအိမ် ပေါ်  တက် ကြည့်တဲ့ အခါ မှာ လည်း သူတို့ ပျောက်ဆုံး သွားတဲ့ မုန်လာဥနီပင် တွေ ပြန် ရောက် နေတာ တွေ့ကြရ သတဲ့ ။ အဘိုးကြီး ခိုအိမ် ပေါ် တက် နေခိုက် အဘွားကြီး ဟာ ပီပီကလေး ကို ယူပြီး “ ငါ့ မုန်လာဥ တွေ အတွက် ရတဲ့ ပီပီလေး ပဲ ” ဆိုပြီး လိုချင် လောဘဇော နဲ့ မှုတ် လိုက် သတဲ့ ။ အဲဒီလို အဘွားကြီး က ပီပီလေး ကို မှုတ် လိုက်တာ နဲ့ တစ်ပြိုင်နက် ကြာပွတ်ကြီး သုံးခု ဟာ အဘွားကြီး ကို ဝိုင်း ရိုက် ကြသတဲ့ ကွယ် ။ အဘွားကြီး လည်း ကြာပွတ် ဒဏ် ကို မခံနိုင်တာ နဲ့ အဘိုးကြီး ဆီ က ယူပြီး ခိုးဝှက် ထားတဲ့ စားပွဲခင်း နဲ့ ဆိတ်ကလေး ကို အဘိုးကြီး ထံ ပြန် ပေးတော့ မှ ကြာပွတ် လည်း အရိုက် ရပ် သွားတယ် ။ အဲဒီ နေ့ က စပြီး အဘွားကြီး ဟာ လင် ဖြစ်တဲ့ အဘိုးကြီး ကို မညှဉ်းပန်း တော့ဘဲ ကျိုးကျိုးနွံနွံ နေသွား သတဲ့ ကွယ် ။


ဒီ အချိန် က စပြီး သူတို့ စိုက် ထားတဲ့ မုန်လာဥ တွေ လည်း ပျောက်ဆုံးခြင်း မရှိတော့ဘူး တဲ့ ကလေးတို့ ရယ် ။


◾မိုးမိုးသွင် 


📖 ရှုမဝ မဂ္ဂဇင်း

       ၁၉၅၈ ၊ မေ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment