Sunday, June 9, 2024

ဘသိန်းလှ အရက် ပို သောက်ဖြစ်ခြင်းအကြောင်း


 ❝ ဘသိန်းလှ အရက် ပို သောက်ဖြစ်ခြင်းအကြောင်း ❞


၁ ။


ပြောမယ် ဆိုရင် ဘသိန်းလှ ရဲ့အဖြစ် က ရယ်ရ ခက် ငိုရ ခက် ။ 


ဘသိန်းလှ ဆိုတာ က သူတို့ သောက်ဖော် သောက်ဖက် တွေ ထဲ မယ် အသက် အကြီးဆုံး ။ ပြီးတော့ ပညာ လည်း အတတ်ဆုံး ၊ ခု ခေတ် လုံးချင်းဝတ္ထု တွေ ထဲ က ဇာတ်လိုက် တွေ ပညာ တတ်တယ် ဆိုတာ ဘသိန်းလှ အိပ်နေ သလောက် ပဲ ရှိတယ် ။ ဘာသာစကား ငါးမျိုး လောက် ကို ထုံး လို ချေ ရေ လို နှောက် နိုင်တယ် ။ အဘိဓာန် တစ်ချက် လှန်စရာ မလိုဘဲ ရေးနိုင် ၊ ဖတ်နိုင် ၊ ပြောနိုင် တယ် ။ ဒါပေမယ့် ခုအချိန် မှာ တော့ အဲဒီ ပညာ တွေ ဟာ အရက် မူး လာတဲ့အခါ ကိုယ့် ကိုယ် ကို ပြန် ဆဲ ဖို့ လောက် ပဲ ဘသိန်းလှ အသုံးချ တော့တယ် ။ အဲခြွင်းချက် အနေနဲ့ သူ အိမ် နား ကောင်လေး တစ်ယောက် စ နှစ်ယောက် စ ကို အင်္ဂလိပ်စာ ပြ ပေးပြီး အရက်ဖိုး ရှာတာတော့ ရှိတာပေါ့ ။


ညနေ တိုင်ပြီ ဆို အမြည်း တစ်ပွဲ နဲ့ အရက် တစ်လုံးဖိုး အင်္ကျီအိတ် ကပ် ထဲ ထည့်ပြီး ကြယ်နီ ကို ဘသိန်းလှ ရောက် လာလေ့ ရှိတယ် ။ ကြယ်နီ ဆိုတာ က သူတို့ အုပ်စု ပုံမှန် ထိုင် နေကျ အရက်ဆိုင် ပေါ့ ။ ညနေ ငါးနာရီ မှာ ဆိုင် ဖွင့်ပြီး ည ဆယ့်တစ်နာရီ ထိုးတာနဲ့ ဆိုင် ထဲ က လူတွေ အကုန် အပြင် ဆွဲ ထုတ် ပြီး တံခါး ပိတ် တတ်တဲ့ အရက်ဆိုင် ။ ကြယ်နီ ရဲ့ အချိန် တိကျလိုက်ပုံ က ငါးနာရီ မထိုးမချင်း ဘယ်တော့ မှ ဆိုင်တံခါး မဖွင့်ဘူး ။ တကယ်လို့ ငါးမိနစ် ဆယ်မိနစ် စောပြီး ဖွင့် မိလို့ ဆိုင် ထဲ သောက်မယ့် လူ ဝင် လာ ရင် လည်း ငါးနာရီ ဒေါင်ခနဲ မထိုး မချင်း အဲဒီ လူ ရဲ့ဝိုင်း ကို ဘယ်တော့မှ အရက်ပုလင်း လာ မချဘူး ။ အဲလောက် ထိ အောင် ကို တိကျတယ် ။ ဆိုင်ပိုင်ရှင် ကိုကြယ်နီ ပြောနေကျ စကား တစ်ခွန်း ရှိတယ် ။


“ လူ တစ်ယောက် ဟာ ဘဝ မှာ တစ်ခု ခု ကို တော့ လေးစား ဖို့ လို တယ် ။ မိဘ ၊ ဆရာသမား ၊ ဒါမှမဟုတ် တရားဥပဒေ ။ အဲ ဘာကို မှ မလေးစားဘူး ဆိုရင် တောင် အချိန် ကို လေးစား သင့်တယ် ။ အဲဒါကျုပ် ရဲ့ ကျင့်စဉ် ပဲ ”


ကိုကြယ်နီ အချိန် ကို လေးစားသလို သူတို့ အုပ်စု က လည်း ကိုကြယ်နီ ဆိုင် က ရေ ရောတယ် ဆိုရုံလေး ရော ထားတဲ့ အရက် ကို လေးစားတယ် ။ ဒီ ခေတ်ကြီး မယ် ရေ မရောတဲ့ အရက် ဆိုတာ က လည်း ရှားပေသကိုး ။ ဒီတော့ ရော ချင်းရော ရေ နည်းနည်း ပဲ ရော တဲ့ ကိုကြယ်နီ့ အရက် ကို သူတို့ အားပေး ကြတယ် ။ ညနေ စောင်းပြီ ဆိုတာ နဲ့ သူ တို့ အုပ်စု တွေ တစ်ယောက် ပြီးတစ်ယောက် ဆို သလို ကိုကြယ်နီ့ ဆိုင် ကို ရောက် လာ ကြတယ် ။ အဲဒီနောက် ရည်ရွယ်ချက် မျိုးစုံ ၊ အကြောင်းပြချက် မျိုးစုံ နဲ့ ကိုကြယ်နီ အရက် ကို သောက်ကြတော့တာပါပဲ ။


ရှေ့နေ ကိုဗလ က တော့ ရှင်းတယ် ။ သူ က အရက် ကို ကြိုက်လို့ သောက်တာ ။ အဲ ရုံးစာရေး ကိုဌေးမင်း က တော့ အရက် ကို ရစ် ချင် လို့ သောက်တယ် ။ သူ က မိန်းမ ကြောက်ရသူပေ ကိုး ၊ နောက်ပြီး ရုံး မှာ က လည်း တစ်နေ့လုံး အအော် ခံရ အငေါက် ခံရ ဆိုတော့ ညနေ စောင်းပြီ ဆိုတာ နဲ့ ကိုကြယ်နီ ဆိုင် လာပြီး သူ့ အောင့်လုံးတွေ ကို ဖောက်ခွဲ ပစ် တော့တာပါပဲ ။ ဘောလုံးပွဲ ရှိတဲ့ နေ့များ ဆို ရင် ကိုကြယ်နီ ဆိုင်တင် မက ဘူး ။ ဘောလုံးပွဲ ထဲ ထိ အောင် သူ့ ဒေါသ တွေ ကို သွား ဖောက်ခွဲ ပစ်လေ့ ရှိတယ် ။ တစ်ခါက ပါးစပ် နဲ့ တင် ဖောက်ခဲ့ လို့ အားမရဘဲ လက်ထဲ က ပြောင်းဖူးရိုး နဲ့ ကွင်း ထဲပစ် လိုက်လို့ စခန်း ကို တစ်ည အိပ် အလည် ရောက် သွားတဲ့ အထိ ပါပဲ ။ ကိုဌေးမင်း ရဲ့ အောင့်လုံး တွေ က အဲ့လောက်ထိ အောင် ကို များပါတယ် ။


ပန်းချီဆရာ ကိုရွှေကိုဆိုးဟန် ရဲ့အကြောင်းပြချက် က တစ်မျိုး ၊ သူ က တစ်နေ့လုံး ဆေးရောင် တွေ နဲ့ လုံးထွေး ခဲ့ရသူ မို့ လို့ ဘာ ဆေးရောင် မှ မပါတဲ့ အရက်ဖြူ နဲ့ သူ မျက်လုံး အမြင်အာရုံ ကို လာ ဆေးကြော တာ ပါတဲ့ ။ ပြောမယ် ဆိုရင်တော့ တစ်ယောက် တစ်မျိုးစီ ပါပဲ ။ အဲဒီ ထဲ မယ် ဘသိန်းလှ ရဲ့ အကြောင်းပြချက် က စိတ်ဝင်စားစရာ အကောင်းဆုံး ပဲ ။ သူ က အရက် ကို သေချင် လို့ သောက်တာ တဲ့ ။


မူး လာပြီ ဆိုရင် မျက်ရည်တွေဝေ့ဝဲ ပြီး ဆို နင့်ကြေကွဲသံကြီးနဲ့ “ သေသွား ရင် ကောင်းမယ် ဗျာ ။ ဟော့ဒီ ကောင်ကြီး မြန်မြန် သေသွား ရင် ကောင်းမယ် ” လို့ ဘသိန်းလှ မကြာခဏ ရေရွတ်လေ့ ရှိတယ် ။ သူ့ အဖြစ် က လည်း သေချင်တယ် လို့ ညည်းညူရ လောက်အောင် ကို ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ခဲ့ပေ သကိုး ။ ပြောမယ် ဆိုရင် ဘသိန်းလှ ရဲ့ အဖြစ် ကို လွန်ခဲ့တဲ့ လေးနှစ် မဟာသိပ္ပံ တက် နေတဲ့ အချိန် လောက် က စ ရ လိမ့်မယ် ။


••••• ••••• •••••


၂ ။


အဲဒီတုန်း က ဘသိန်းလှ ဟာ ခုလိုမျိုး အရက် ကို တစ်နေ့ လုံး သောက် ဖို့ မပြော နဲ့ ဘီယာနံ့ တောင် မခံနိုင်ဘူး ဆိုပဲ ။ ဘီယာနံ့ များ ရှု မိရင် သူ့ ခမျာ တစ်နေ့လုံး ခေါင်း မူး လို့ မဆုံးနိုင်ဘူး တဲ့ ။ အဲ့လောက် ထိအောင် ကို ရိုးသား ခဲ့တာ ။ နောက်ပြီး ခုလိုမျိုး အထီးကျန် ဘဝမျိုး လည်း မဟုတ်ဘူး ။ သူ့ မှာ အလွန် လှတဲ့ နန်းခင်အေး ဆိုတဲ့ ချစ်သူ တစ်ယောက် ရှိတယ် ။ နန်းခင်အေး က ကွတ်ခိုင်သူ  ။ ဘသိန်းလှ က မြစ်ဝကျွန်းပေါ်သား ။ သူတို့ ဖူးစာ က ဆန်းကြယ် သလို သူတို့ ရဲ့အချစ် က လည်း လက်ဖျား ခါ လောက်တယ် ။


အဲ့ဒီတုန်း က တက္ကသိုလ် မယ် သူတို့ နှစ်ယောက် အတွဲ ကို မသိတဲ့ လူ ဆိုတာ ခပ်ရှားရှား ၊ ဘသိန်းလှ က နန်းခင်အေး ကို ခေါင်းဖြီး ပေး နေတာမျိုး ။ ဘသိန်းလှ ကို နန်းခင်အေး က ခြေသည်းလက်သည်း လှီးပေး နေတာမျိုး ဆိုတာ မမြင်ချင် မှ အဆုံး ။ အချို့ ကောင်လေး ၊ ကောင်မလေး တွေ ဆိုရင် သူတို့ နှစ်ယောက် ကို အားကျပြီး သမီးရည်းစား တွေ ဖြစ် ကုန်ကြတဲ့ အထိ သူတို့ ရဲ့ အချစ် က သည်းခဲ့ကြတာ ။ 


ကျောင်း ပြီးတာ နဲ့ လက်ထပ်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ဘသိန်းလှ တစ်ဖက် တစ်လမ်းက ငွေ ရှာတယ် ။ အင်္ဂလိပ် ၊ ပြင်သစ် ၊ ဝတ္ထု အချို့ ကို ရှဲဒိုးဘာသာပြန် ပေးတယ် ။ ဂျပန်စာ လိုက် ပြတယ် ။ အတော်အတန် ငွေ စုမိ လာ တော့ လက်ထပ် ပြီးတဲ့ အခါ နေဖို့ နှစ်ဦး သဘောတူ အိမ်ခန်း လိုက် ရှာကြတယ် ။ ကျောင်း လည်း ပြီး အိမ်ခန်း  လည်း ရှာ ပြီးတဲ့ အခါ မိဘ ကို အကျိုးအကြောင်း ပြောပြမယ် ဆိုပြီး နန်းခင်အေး နယ် ပြန်တယ် ။ ပြန် လာရင် လက်ထပ်မယ် ပေါ့ ။ ဘသိန်းလှ လည်း နယ် က မိဘ တွေ ဆီ သူ လက်ထပ်တော့မယ့် အကြောင်း စာ လှမ်း ရေးတယ် ။ ပြီးတော့ ငှား ထားတဲ့ အိမ်ကလေး ကို နန်းခင်အေး အကြိုက် ပြုပြင် မွမ်းမံ ရင်း နန်းခင်အေး ပြန် အလာ ကို စောင့်တယ် ။


ဒါပေမယ့် ရက်တွေ သာ ကြာသွားတယ် ။ နန်းခင်အေး တော်တော် နဲ့ ပြန်ရောက် မလာဘူး ။ ရောက်လာ ပြန်တော့လည်း သူ ကိုယ်တိုင် မဟုတ်ဘူး ။ စာ တစ်စောင် ။ စာ မှ ကျွန်မ ရှင့် ကို မယူ နိုင်တော့ပါဘူး ဆိုတဲ့ ဖြတ်စာ ။ မိန်းမ များ ဘယ်လောက် နားလည်ရ ခက်လိုက်ပါ သလဲ ။


တကယ်ဆို အဲဒီ အချိန် က ဘသိန်းလှ အရက်သမား ဖြစ်သင့်တယ် ။ ဒါပေမယ့် ကံကြမ္မာ က သူ့ အပေါ် ကောင်း ရှာတယ် ထင်ပါ ရဲ့ ။ ဘသိန်းလှ အရက်သမား မဖြစ်သေးဘူး ။ အသားဆတ်ဆတ် တုန် အောင် နာကြည်းဒေါသ ဖြစ်တာပဲ ရှိတယ် ။


အဲဒီ စိတ် နဲ့ တစ်ခါမှ မရောက်ဖူး တဲ့ ကွတ်ခိုင် ကို သူ လိုက်သွားတယ် ။ နန်းခင်အေး ကို သွား တွေ့ပြီး ပက်ပက်စက်စက် ပြောတယ် ။ နှစ်ပြား မတန် အောင် ပြောတယ် ။ သူ တတ်သမျှ ဘာသာပေါင်းစုံ နဲ့ ဆဲတယ် ။ အားရပါးရ ပါးရိုက်တယ် ။ နောက် သူ့ ဇာတိမြို့ ကလေး ကို အပြီး ပြန်လာတယ် ။ ပြောမယ် ဆိုရင် အဲဒီအချိန် အထိ လည်း ဘသိန်းလှ အရက် မသောက်ဖြစ် သေးဘူး ။


တကယ် သောက်ဖြစ်တာ က နောက် သုံးလေးလ အကြာ ကိစ္စ တစ်ခု နဲ့ ရန်ကုန် သွား ဖြစ်ရာ က နေ နန်းခင်အေး ရဲ့ သူငယ်ချင်းမ တစ်ယောက် နဲ့ တွေ့  ပြီး မှ သောက် ဖြစ်တာ ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ သူ ငယ်ချင်းမ က တစ်ဆင့် နန်းခင်အေး ရဲ့ အဖြစ်မှန် ကို သိခဲ့ရတာ ကိုး ။ ဖြစ်ပုံက ဒီလို ။ နန်းခင်အေး က မွေးရာ ပါ တီဘီရောဂါရှင် ။ ဆေးပေါင်းစုံ သောက် ပေမယ့် လည်း သူ့ ရောဂါ က ထူး ပြီး သက်သာ မလာဘူး ။ နောက်ဆုံး ဘသိန်းလှ နဲ့ ယူခါ နီး အထူးကု ဆရာဝန်ကြီး တစ်ယောက် ဆီ သွား ပြ ကြည့်တော့ မှ သူ့ရောဂါ က တစ်သက်လုံး မပျောက်နိုင် တဲ့ အပြင် ဘသိန်းလှ ကို ပါ ဆိုးဆိုးဝါးဝါး ကူးစက်နိုင်ကြောင်း သိလာရ သတဲ့ ။ အဲဒါကြောင့် ဘသိန်းလှ နဲ့ ယူ ရင် ဘသိန်းလှ ကို ရောဂါ ကူး မှာ စိုးလို့ သူ့ အပေါ်  စိတ်နာ မုန်းသွား ပါစေတော့ ဆိုပြီး ဖြတ်စာ ပို့လိုက် တာ တဲ့ ။


ဒီတော့ မှ ဘသိန်းလှ တစ်ယောက် ရင်ကွဲ ပက်လက် ဖြစ်ရတော့ တာပါပဲ ။ နာကြည်းစိတ် နဲ့ နန်းခင်အေး အပေါ် ရင့်ရင့်သီးသီး ပြောခဲ့ တာ တွေ ၊ ပါး ရိုက်ခဲ့မိတာ တွေ ကို နောင်တ ရပြီး ယူကျုံးမရ စိတ်နဲ့ ဘသိန်းလှ တစ်ယောက် လေလွင့် သွားလိုက်တာ ဟာ နောက်ဆုံး တစ်နေ့ ကို အရက်တစ်လုံး မသောက် ရ ရင် ခြေတုန် လက်တုန် ဖြစ်ရတဲ့ အထိ ပါပဲ ။ တကယ်တော့ ဘသိန်းလှ အရက် သောက်ဖြစ် တာ ဟာ ရိုးသား ဖြူစင်တဲ့ ချစ်သူ အပေါ် စော်ကားမိတဲ့ ကိုယ့် ကိုယ် ကို ခွင့်မလွတ် နိုင်တဲ့ စိတ် နဲ့ သောက် ဖြစ်တာ ။ တစ်နည်းအားဖြင့် ကိုယ့် ဘဝ ကို အရက် နဲ့ ကိုယ် ဘာသာ ကို ပြန် ပြီး သေကြောင်း ကြံစည်တာ ။


တကယ်တော့ တစ်နေ့ ကို အရက် တစ်လုံး ဆိုတဲ့ နှုန်း ဟာ ဘသိန်းလှ ရဲ့ ဆန္ဒ ကို သိပ် မကြာခင် ပြည့်ဝ သွားစေနိုင်တဲ့ ပမာဏ ပါ ။ ဒါပေမယ့် သူတို့ အားလုံး က ဘသိန်းလှ ကို အဲ့လောက် ထိ မဖြစ်စေချင် ကြဘူး ။ မိန်းမ တစ်ယောက် ကြောင့် ဘဝ ကို အရက် ထဲ နှစ်မြုပ် ထားတဲ့ ဘသိန်းလှ ကို အားလုံး က ဝိုင်းပြီး သနားကြတယ် ။ နန်းခင်အေး နဲ့ ပတ်သက် တဲ့ အတိတ် က ကိစ္စ တွေ ကို မေ့နိုင် လောက်အောင် လည်း ဘသိန်းလှ ကို ဝိုင်းပြီး ဖျောင်းဖျ ကြတယ် ။


ဒါပေမယ့် ဖျောင်းဖျ ခါ မှ ဖျောင်းဖျ ရော ဘသိန်းလှ က တော့ ဘယ်လိုမှ မမေ့နိုင်ခဲ့ဘူး ။ ဒါကြောင့်လည်း ညနေ တိုင်ပြီ ဆိုရင် အမြည်း တစ်ပွဲ နဲ့ အရက် တစ်လုံးဖိုး အိတ်ကပ် ထဲ ထည့်ပြီး ကိုကြယ်နီ ဆိုင် ကို ဘသိန်းလှ ပုံမှန် ရောက်ဖြစ် နေခဲ့တာပါပဲ ။


••••• ••••• •••••


၃ ။


ပညာတတ် တစ်ယောက် ဖြစ်လျက် နဲ့ ကိုယ့် ကိုယ် ကို အနစ်မွန်း ခံ နေတဲ့ ဘသိန်းလှ အဖြစ် ကို မကြည့်ရက် တဲ့ သူတွေ ထဲ မှာ ငါးခြောက် ကုန်သည် ကိုအေးလှ ဆိုတဲ့ လူက ရှေ့ဆုံး က ပါတယ် ။ သူ ငယ်ငယ်ကလေး ကတည်း က ဘသိန်းလှ ကို အားကျ လေးစားခဲ့ သူ ပေကိုး ။ နောက်ပြီး ပြောမယ် ဆိုရင် သူ ဆယ်တန်း အောင် ခဲ့တာ ဘသိန်းလှ ရဲ့ ကျေးဇူးတွေ မကင်းဘူး ။ ဒါကြောင့်လည်း ဘသိန်းလှ ရဲ့ ရင် ထဲ က အစွဲ ကို ချွတ်ဖို့ နေ့စဉ်မပြတ် သူကြိုးစား ခဲ့တယ် ။


အရက် ကို မကြိုက်လှ ပေမယ့် ညနေ တိုင်း ဘသိန်းလှ နဲ့ အတူ ကိုကြယ်နီ ဆိုင် ကို လိုက်တယ် ။ တစ်နေ့ တစ်လုံးစ နှစ်လုံးစ နဲ့ ဘသိန်းလှ ကို သူ ဖျောင်းဖျတယ် ။ အတိတ် က အကြောင်း တွေ ကို မေ့ ပစ်ဖို့နားချ တယ် ။ ဒါပေမယ့် လည်း ပြောပြီးပါပကော ။ ဘသိန်းလှ က တော့ မမေ့ ရေးချ မမေ့ ထဲ က ပဲ ။ သူ က မေ့ဖို့ပြောလေ ဘသိန်းလှ က ပိုပြီး သတိရလေ ။ သူ က “ ပြီးခဲ့တာတွေ လည်း ပြီးပြီပဲဗျာ ” လို့ အစချီ လေ ဘသိန်းလှ က မျက်ရည် ဝဲ လေ ။


ကြာတော့ ကိုအေးလှ နည်းနည်း စိတ်ဓာတ်ကျ လာတယ် ။ ဒါပေမယ့် ဘသိန်းလှ ရဲ့အစွဲကို မကျွတ် ကျွတ်အောင် ချွတ်မယ် ဆိုတဲ့ သူ ရဲ့ ဆုံးဖြတ်ချက် ကို တော့ မစွန့် လွှတ်သေးဘူး ။ တစ်နေ့ နေ့တော့ သူ ရအောင် ချွတ်နိုင်လိမ့်မယ် လို့ ယုံကြည် နေတုန်းပဲ ။ ယုံကြည်တဲ့ အတိုင်း လည်း ဘသိန်းလှ ရဲ့ဘဝ ကို ပြောင်းလဲ ပစ် နိုင်မယ့် နည်းလမ်း တွေ ကို သူ နေ့စဉ်မပြတ် စဉ်းစားတယ် ။ သူ့ ခေါင်း ထဲ မယ် အချိန်ပြည့် ဘသိန်းလှ ကို အရက် ပြတ်အောင် လုပ်နိုင်ဖို့ အကြောင်း ပဲ ရှိတယ် ။ ဘသိန်းလှ ရဲ့ ရင် ထဲ က နန်းခင်အေး ကို ဆွဲထုတ် နိုင်ဖို့ အကြောင်းပဲ ရှိတယ် ။


ဒါပေမယ့် ရက်တွေ သာ တစ်ရက် ပြီး တစ်ရက် ကုန်သွားတယ် ။ လတွေ သာ တစ်လ ပြီး တစ်လ ကြာ သွားတယ် ။ သူ ရည်ရွယ်ချက် ကို အထမြောက် စေမယ့် နည်းလမ်း တစ်စုံတစ်ရာ သူ ရှာ မတွေ့ နိုင်ခဲ့ဘူး ။ ဒီလိုနဲ့ ဘသိန်းလှ ရဲ့အဖြစ် ကို မချင့်မရဲ ဖြစ်ပြီး နေလာလိုက် တာ တစ်ရက် တော့ တိုက်ဆိုင်မှု လို့ ပဲ ဆိုရမလား ။ ကံကောင်း ထောက်မမှု လို့ပဲ သတ်မှတ်ရ မလား မဆိုနိုင်ဘူး ။ ဘသိန်းလှ ကို အရက်ပြတ် အောင် လုပ်နိုင်မယ့် နည်းလမ်း တစ်ခု ကို သူတွေ့ လာခဲ့တယ် ။


တွေ့ပုံက ဒီလို ၊ သူ က ငါးခြောက်ကုန်သည် ပီပီ ရန်ကုန် ကို မကြာခဏ တက်ရတယ် ။ ရန်ကုန် တက် တိုင်း လည်း သူ နဲ့ ရင်းနှီး တဲ့ ပွဲရုံ က လူ မှန်သမျှ ကို သူတို့ မြို့ က ဘသိန်းလှ ဆိုတဲ့ လူ တစ်ယောက် အကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ နဲ့ မကြာခဏ ပြောပြတတ်တယ် ။ ကြာ တော့ ပွဲရုံ က လူ တွေက မမြင်ဖူး ရင် သာ နေမယ် ။ ဘသိန်းလှ ဆိုတဲ့ နာမည် ကို တော့ ကောင်း ကောင်းကြီး နားရည်ဝ လာ ကြတယ် ။ အဲဒီ က နေ သူတို့ မိတ်ဆွေ ကိုအောင်ဝင်း ဆိုတဲ့ သူ ကို ပြန် ပြောရာ က ကိုအောင်ဝင်း နဲ့ ကိုအေးလှ တို့ ဆုံစည်း ဖြစ်ခဲ့ကြတာပဲ ။


ကိုအောင်ဝင်း ဆိုတာ က ကျောင်း တုန်းက ဘသိန်းလှ နဲ့ တော်တော် ရင်းရင်းနှီးနှီး တွဲဖြစ်ခဲ့တဲ့ သူငယ်ချင်း ။ ဒီတော့ ဘာပြော ကောင်း မလဲ နဂိုက မှ ဘသိန်းလှ အကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြချင် နေတဲ့ ကိုအေးလှ က ကိုအောင်ဝင်း ကို ဆိုင် တစ်ဆိုင် ခေါ်သွားပြီး ဘသိန်းလှ အကြောင်း ရင်ဖွင့်တော့ တာပါပဲ ။ နန်းခင်အေး ရဲ့ တီဘီရောဂါ က နေ စပြီး နောက်ဆုံး ဘသိန်းလှ ရဲ့ လက်ရှိ အရက်စံချိန် အထိ ဆိုပါတော့ ။ စကား လည်း ဆုံးရော ကိုအောင်ဝင်း က ...


“ နန်းခင်အေး ကြောင့် သာ အရက် သောက်ဖြစ် နေတာ ဆိုရင် ဒီကောင် အရက် ပြတ်သွားစေရမယ်ဗျာ ။ ကျွန်တော် ရဲရဲကြီး ကတိ ပေးတယ် ” တဲ့ ။


ကတိ ပေးရဲ လောက်အောင် လည်း နန်းခင်အေး နဲ့ ဘသိန်းလှ ရဲ့ ဇာတ်လမ်း တွေ ထဲ မှာ ဘသိန်းလှ မသိသေးတဲ့ မြှုပ်ကွက်တွေ က ရှိနေခဲ့ တာကိုး ။ အဲဒီ မြှုပ်ကွက် က တော့ နန်းခင်အေး ရဲ့ မွေးရာပါ တီဘီရောဂါ ဆိုတာပါပဲ ။ နန်းခင်အေး မှာ က ဘသိန်းလှ အပြင် သူ မြို့ မှာ လည်း ရည်းစား တစ်ယောက် ရှိတယ် ။ ဘသိန်းလှ ကို လက်ထပ်ခါ နီး သူ့ မြို့ ပြန်တော့ ငယ်ရည်းစား က ဘယ်လို က နေ ဘယ်လို စည်းရုံး လိုက် တယ် မပြောတတ်ဘူး ။ နန်းခင်အေး တစ်ယောက် ငယ်ရည်းစား နောက် ကို ကောက်ကောက်ပါ သွားတော့တာပဲ ။ အဲဒါကြောင့် လည်း ဘသိန်းလှ ဆီ ကို ဖြတ်စာ ပို့လိုက်တာ ။


ဒါပေမယ့် သူ့ ဆီ ကို ဘသိန်းလှ လိုက်လာ လိမ့်မယ် လို့ မထင်ဘူး ။ တကယ် လည်း ဘသိန်းလှ လိုက် လာပြီး ရန်တွေ့ ရော နန်းခင်အေး တစ်ယောက် တုန်လှုပ်ရ တော့တာပဲ ။ ဟုတ်တယ်လေ ။ သူ က ငါးရံ့ နှစ်ကောင် တစ်ပြိုင်တည်း ဖမ်းခဲ့သူ မဟုတ်လား ။ နောက်ပြီး အဲသည် အကြောင်း သာ ဘသိန်းလှ သိ သွားလို့ သူ နဲ့ သူ့ ငယ်ရည်းစား ရဲ့ အိမ်ထောင်ရေး ကို ဆက်ပြီး နှောင့်ယှက် နေရင် မခက်ပါလား ။ ဒီတော့ မိန်းမဉာဏ် ပဲ ဆိုပါစို့ ။ ကြံမိ ကြံရာ သူ့ သူ ငယ်ချင်းမ တစ်ယောက် နဲ့ တိုင်ပင်ပြီး မွေးရာ ပါ တီဘီရောဂါသည် ဖြစ်လာရတော့တာပါပဲ ။ 


အဲဒီ အကြောင်း လည်း ကိုအေးလှ သိရော ဝမ်းသာလိုက်ပုံများ မဟာ ကံထူးရှင် ကံစမ်းမဲပေါက် တဲ့ အတိုင်းပါပဲ ။ ကိုအောင်ဝင်း ကို လည်း ထိုင် ရှိခိုး မတတ် ကျေးဇူး တင် သွားတယ် ။ ကိုအောင်ဝင်း က လည်း ကျောင်းတုန်း ကတည်း က ဘသိန်းလှ ကို လေးစား ခင်မင်ခဲ့ သူ ဆိုတော့ ဘသိန်းလှ ရဲ့ နစ်မွန်း နေတဲ့ဘဝ ကို မဖြစ် ဖြစ်အောင် ကယ်တင်မယ် လို့ ခိုင်ခိုင်မာမာကြီး ဆုံးဖြတ်ချက် ချလိုက်တယ် ။ သူ့ အစီအစဉ် ပိုပြီးသေချာ အောင် လည်း နန်းခင်အေး လက်ထပ်တုန်း က ဖိတ်စာ ကို အချိန်ကုန် ခံပြီး ကိုအောင်ဝင်း မရ အရ လိုက်ရှာတယ် ။ တစ်ပတ် လောက် ကြာတော့ မှ ကျောင်း တုန်း က ဆရာမ တစ်ယောက် ဆီ ကတစ်ဆင့် ရှားရှားပါးပါး ရလာခဲ့တယ် ။


အဲဒီ နောက်တော့ ဘသိန်းလှ ဘဝ ကယ်ဆယ်ရေး အစီအစဉ် ကို သူတို့ နှစ်ယောက် ပူးတွဲ စတင် တော့ တာပါပဲ ။ မြို့ ပြန်ရောက်တယ် ဆိုရင်ပဲ ကိုအောင်ဝင်း နဲ့ ဘသိန်း လှ တွေ့ ဆုံပွဲ ဖြစ်မြောက်ရေး ကို ကိုအေးလှ တစ်ယောက် အလျင်အမြန် စီမံ တော့တယ် ။ ကိုကြယ်နီ ဆိုင် မှာ ဆိုရင် ဘေး လူတွေ ရှိနိုင်တာ မို့ တွေ့ ဆုံပွဲ ကို သူ့ အိမ်မှာ ပဲ ကိုအေးလှ ကျင်းပ လိုက်တယ် ။ ကွဲကွာ နေတဲ့ သူငယ်ချင်းဟောင်း နဲ့ ပြန်တွေ့ တာမို့ လို့ အစပိုင်း မှာ ဘသိန်းလှ အတော်ပဲ နှုတ် သွက်ခဲ့တယ် ။ ဒါပေမယ့် နောက်ပိုင်းမှာ တော့ နန်းခင်အေး ကို သတိရ သွားဟန် နဲ့ နှုတ်ဆိတ် သွား လိုက်တာ နောက်ဆုံး “ ကျုပ် သေသွားရင် ကောင်းမယ်ဗျာ ” ဆိုတဲ့ ဓာတ်ပြားဟောင်းကြီး ကို စတင် ဖွင့်လှစ်တော့တာပါပဲ ။


အဲဒီတော့မှ ကိုအေးလှ နဲ့ ကိုအောင်ဝင်း တစ်ယောက် ကို တစ်ယောက် မျက်စ ပစ်ပြီး သူတို့ ရဲ့ဝှက်ဖဲ ကို တစ်ချပ် ပြီး တစ်ချပ် ချပြ ကြ တော့တယ် ။ နောက်ပိုင်း ကိုအေးလှ ရဲ့ ပြန်ပြော စကား အရ အဲဒီတုန်း က ဘသိန်းလှ ရဲ့ မျက်နှာ ဟာ ကမ္ဘာမြေကြီး ပျောက်ကွယ် သွားပြီ ဆိုတဲ့ သတင်း ကို ကြားလိုက်ရတဲ့ လူ တစ်ယောက် ပမာ တုန်လှုပ်ချောက်ချား ဟန် အပြည့် နဲ့ ကြက်သေသေ နေခဲ့ပါသတဲ့ ။ နန်းခင်အေး လက်ထပ် သွား ခဲ့တဲ့ အကြောင်း ကို ခိုင်မာစေမယ့် မင်္ဂလာဆောင် ဖိတ်စာ ကို ချပြ ပြီးတဲ့ အဆုံး မှာ တော့ ဘာ စကား မှ မပြောနိုင်ဘဲ ငူငူကြီး ငြိမ်သက် သွားတော့ တယ် ။


အတော်ကြီး ကြာမှ မေးကြောတွေ ထောင်ထ လာလောက် အောင် အံ ကို တင်းတင်း ကြိတ်ပြီး ဘသိန်းလှ ဟာ တက် တစ်ချက် ကို ခပ်ပြင်းပြင်း ခေါက်လိုက်တယ် ။ အဲဒီတော့ မှ ပဲ ကိုအေးလှ နဲ့ ကိုအောင်ဝင်း သက်ပြင်း ကိုယ်စီ ချနိုင်ပါတော့တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ချစ်သူ အပေါ်  မှားခဲ့မိလေခြင်း ဆိုတဲ့ နောင်တ စိတ် နဲ့ အရက် သောက် ဖြစ် နေတဲ့ သူ တို့ ရဲ့ မိတ်ဆွေကြီး အရက်ပြတ် သွားတော့မယ် ဆိုတာ သေချာ သွား လို့ပါပဲ ။


( ဤတွင် ဝတ္ထု ပထမပိုင်းပြီး၏ ။ )


•••••   •••••   •••••


( ဒုတိယပိုင်း )


( ဘသိန်းလှ အရက် ပိုသောက်ဖြစ်ခြင်း အကြောင်း လို့ အမည် ပေး ထားတဲ့ ကျွန်တော့် ရဲ့ဝတ္ထု ကို ဘသိန်းလှ အရက် ပို သောက် ဖြစ်နေတဲ့ အချိန် လောက် နဲ့ စတင်ရပါ လိမ့်မယ် ။ )


ဆိုကြပါစို့ ။ အရင် က ညနေပိုင်း ဖွင့် တဲ့ ကိုကြယ်နီ ဆိုင် မှာ တစ်နေ့ တစ်လုံး လောက် သာ သောက် ဖြစ်ခဲ့တဲ့ ဘသိန်းလှ ဟာ ခုတော့ ကိုကြယ်နီ ဆိုင် တင် မဟုတ်တော့ဘဲ ၊ ဆိုင် တကာ စုံတဲ့ အထိ နေ့ ရော ည ပါ သောက် နေပါတော့တယ် ။ သူ့ ရဲ့ သောက်နှုန်း က လည်း တစ်လုံး တင် မကတော့ ဘဲ ၊ တစ်လုံးခွဲ ကနေ နှစ်လုံး လောက် ဖြစ်လာပါတော့တယ် ။ ( ဘယ်လိုများ ဖြစ်သွားတာပါလိမ့် )


နန်းခင်အေး အပေါ်  ရက်စက်ခဲ့ မိတယ် ၊ မှားယွင်းစွာ စော်ကား မိခဲ့တယ် ဆိုတဲ့ သူ  ရဲ့အစွဲ ကို လည်း ကိုအေးလှ နဲ့ ကိုအောင်ဝင်း တို့ ချွတ် ပေးခဲ့ကြပြီး မဟုတ်ပါလား ။ တစ်မြို့လုံး တအံ့တသြ ဖြစ်နေကြ  သလို ကိုအေးလှ တစ်ယောက် လည်း နားမလည် နိုင်အောင် ဖြစ် နေမိတယ် ။ နောက်ဆုံး သူ့ အစီအစဉ် မှာ ပူးတွဲ ပါဝင်ခဲ့တဲ့ ကိုအောင်ဝင်း ကို ရန်ကုန် က နေ လှမ်း ခေါ်ရတော့တာပဲ ။ ကိုအောင်ဝင်း လည်း အံ့ဩ တကြီး သုတ်သီးသုတ်ပျာ ပေါက်ချ လာတယ် ။ ပြီးတော့ ထုံးစံ အတိုင်း ကိုအေးလှ အိမ် မှာ သူတို့ သုံးယောက် ဆုံစည်း ဖြစ်ကြတယ် ။ အဲဒီမှာ ဘသိန်းလှ ကို ကိုအောင်ဝင်း က စ မေး လိုက်တယ် ။


“ နေပါဦး ၊ ခင်ဗျား ဘယ်လိုဖြစ်လို့ အရက်တွေ ဆက် သောက် နေရတာလဲ ”


ဘသိန်းလှ ဘာမှ အဖြေ မပေးဘဲ ငူငူကြီး ငြိမ်သက် နေတယ် ။ အတော်ကြီး ကြာ မှ အာလေးလျှာလေးသံကြီး နဲ့ ဆို့နင့်စွာ အဖြေ ပေး တယ် ။


“ သေချင်လို့ဗျာ ” တဲ့ ။


“ ဟာ မဟုတ်တာ ၊ ဘာဖြစ်လို့ သေချင်ရတာတုံး ၊ အစကတော့ ထားပါတော့ ခင်ဗျား နန်းခင်အေး ကို ပါး ရိုက်မိခဲ့တဲ့ အတွက် ကိုယ့် ကိုယ် ကို ခွင့်မလွှတ် နိုင်လောက် အောင် ဖြစ်ပြီး ငါ သေသွားရင် ကောင်းမယ် ဆိုတဲ့ စိတ် နဲ့ အရက် သောက်တယ် ။ သေချင်တယ် ။ ဒါပေမယ့် ခု အဲဒီလို မှ မဟုတ်တော့တာပဲ ။ နန်းခင်အေး ကို ခင်ဗျား စော်ကားခဲ့တာ မဟုတ်ဘူး ။ သူ က သာခင်ဗျား ကို လှည့်စား သွားတာ မဟုတ်လား ။ ဘာဖြစ်လို့ သေချင်နေရတာလဲ ”


တစ်ယောက် တစ်ပေါက် ဝိုင်းမေး ကြတယ် ။ အားမလို အားမရ နဲ့ မချိတင်ကဲ ဝိုင်း မေးကြတယ် ။ ဘသိန်းလှ တော်တော်နဲ့ မဖြေဘူး ။ သူ့ ရှေ့ က အရက်ခွက် ကို သာ ငေးစိုက်ပြီး ပြန် ကြည့် နေခဲ့တယ် ။နောက် ဆုံးမှ သက်ပြင်းရှည်ကြီး ချပြီး ဘသိန်းလှ ခပ်လေးလေး အဖြေ ပေးတယ် ။


“ ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ ကျုပ် သူ့ အပေါ်  စော်ကား မိလေခြင်း ရယ် လို့ နောင်တတွေ ရပြီး နှစ်ပေါင်း များစွာ ကိုယ့် ကိုယ် ကို အရက် နဲ့ သေကြောင်း ကြံခဲ့မိတယ် ။ သူ့  အတွက် စိတ် မကောင်း ဖြစ်ပြီး ကြေကွဲ နေခဲ့မိတယ် ။ သနားကရုဏာ သက် နေခဲ့မိတယ် ။ ဒါပေမယ့် သူ က တော့ ကျုပ် သူ့ အတွက် အရက် သောက် ဖြစ်နေတဲ့ တစ်ချိန်လုံး သူ့ ရည်းစား နဲ့ ပျော်ရွှင် နေမှာဗျ ၊ ကျုပ် က သာ သူ့ လှည့်စားမှု ကို အဟုတ်ကြီး ထင်ပြီး နှစ်ပေါင်းများစွာ ကျုပ် ဘဝ ကို ကျုပ် ဘာသာ ပြန်ပြီး ဖျက်ဆီး နေခဲ့မိတာ ။ ခင်ဗျား တို့ တွေး ကြည့်စမ်း ၊ ကျုပ်  လောက် တုံးတဲ့ ၊ မိုက်တဲ့ကောင် ဟောဒီ လောကကြီး ထဲမှာ ရှိသေးရဲ့လား ။ ကျုပ်  လို ငတုံး တစ်ကောင် ဟာ ဟောဒီ လောကကြီး ထဲ မှာ ဆက် ပြီးရော နေသင့်ရဲ့လား ။ တောက် .... ဘယ်လောက်များ နွား ကျလိုက်တဲ့ ကျုပ် လဲ ၊ ကျုပ် လို နွား ကျတဲ့ ငတုံးငအ တစ်ကောင် ဟာ ဒီ လောကကြီး ထဲ က နေ ပျောက်ကွယ် သွား ရင် အကောင်းဆုံးပဲ ။ ကျုပ် သေ သွား ရင် အကောင်းဆုံးပဲ ။ ဒါကြောင့် ဟော့ဒီအရက် ကို ကျုပ် ဆက်သောက် နေခဲ့တာ ။ ပိုပြီးသောက် နေခဲ့တာ ”


ဆို့နင့် အက်ကွဲ တဲ့ စကားသံကြီး အဆုံး မှာ တော့ ဘသိန်းလှ ဟာ သူ့ ရှေ့ က အရက်ခွက် ကို တစ်ကျိုက်တည်း မော့ချ လိုက်ပါတော့တယ် ။


( ဤတွင် ဝတ္ထု ဆုံး၏ )


◾နေနော်


📖 နှောင်ကြိုး တစ်မျှင်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment