Saturday, June 22, 2024

ဆေးမကုတဲ့ အင်ဂျင်နီယာ


 ❝ ဆေးမကုတဲ့ အင်ဂျင်နီယာ ❞


[ သူ့ အိမ် က အီလက်ထရွန်းနစ် ပစ္စည်း အဟောင်းအမြင်း အစုတ်အပျက် တွေ ထုခွဲ ရောင်းချတဲ့ ‘ ဘော်တယ်ကု,လား ’ ရဲ့ အလုပ်ခွင် နဲ့ တူ နေတယ် ။ တီဗီအိမ်ဟောင်း ၊ မီးအိမ်ပျက် ၊ ဝါယာကြိုးတန်းလန်း ဆားကစ်ပြားတွေ က သူ့ နံဘေး မှာ ဝန်းရံ နေတယ် ။


မန္တလေးမြို့ ၊ မဟာမြိုင်ရပ်ကွက် မှာ ရှိ တဲ့ သူ့ အိမ်ဝင်း ထဲ ကို လှမ်း ဝင် သွား တာ နဲ့ တရုတ်အင်ဂျင်မီးစက်သံ က ဆီးကြို နေတာ များတယ် ။ သူ က တော့ကွန်ပျူတာ အပျက် တစ်လုံး ကို နှိုက် နေတာ တွေ့ ကောင်း တွေ့ ရမယ် ၊ ဒါမှမဟုတ် သူ့ ဘေး မှာ ဝိုင်းအုံ နေတဲ့ လူငယ်လေးတွေ ကို ဆားကစ်ပြား တစ်ခု ရှေ့ ချပြီး ရှင်းပြ နေတာ တွေ့ ရကောင်း တွေ့ရ နိုင်တယ် ။


သူ ဟာ အင်ဂျင်နီယာ မဟုတ်ဘူး ။ ကွန်ပျူတာ သင်တန်းကလေး တစ်ခု လောက် တောင် သူ မတက်ဖူးပါဘူး ။ ဒါပေမယ့် မန္တလေး နည်းပညာ တက္ကသိုလ် က အီလက်ထရောနစ် အင်ဂျင်နီယာ မဟာဘွဲ့ ( Master of Engineering M.E) အတွက် လက်တွေ့ လေ့လာ သင်ယူ လို သူ တချို့ ကို သူ က ပညာ ဖြန့်ဝေ ပေး နေတယ် ။ အံ့ဩစရာ ကောင်းတာ က သူ ဟာ ဆရာဝန် တစ်ယောက် ဖြစ် နေတယ် ။ ဒေါက်တာ လှဆွေဦး ( ၃၆ နှစ် ) ဟာ ဆေး မကု ဘဲ အီလက်ထရောနစ် အင်ဂျင်နီယာ အလုပ် ကို လုပ် နေသူ ဖြစ်ပါတယ် ။


သူ့ ဇနီးသည် ဒေါက်တာ စကားသူ က တော့ ပညာ ယူ ဖို့ လာတဲ့ လူငယ်တွေ ကို မိသားစု လို သဘော ထား ပြီး ထမင်းချက် ကျွေးတယ် ။


အေးချမ်းတဲ့ သူတို့ ဘဝ ကို ကျွန်တော် ထိတွေ့ခွင့် ရခဲ့တယ် ။ သူ့ ဘဝ သူ့ အကြောင်း ကို မေးမြန်း သိရှိ ခွင့် ရခဲ့ပါတယ် ။ ]


  •••••   •••••   •••••


ကျွန်တော် House Surgen ( အလုပ်သင် ဆရာဝန် ) ဘဝ မှာ မြစ်ငယ် မီးရထားစက်ရုံ က အေအီး ကိုထွန်းထွန်းဦး က လာ ဆက်သွယ်တယ် ။ စက်ရုံ မှာ စက်ကြီး တစ်လုံး ပျက်နေတယ် ။ အဲသည် စက် ရဲ့ အစိတ်အပိုင်း တွေ ကို လုပ်ပေး နိုင် ရင် လုပ် ပေးပါ ။ နိုင်ငံခြား က လည်း မဝယ်ချင်ဘူး တဲ့ ။


နောက် ကား နဲ့ လာ ခေါ်ပြီး စက်ရုံမှူး နဲ့ တွေ့ ပေးတယ် ။ ပျက်တယ် ဆို တာ က တော်တော်တန် ကြေး ကြီး တဲ့ ဘီးခုတ်စက် ဖြစ် နေတယ် ။ ကျွန်တော် က House Surgen ဆင်းပြီး စ ဆိုတော့ အသက် က ငယ် သေးတယ် ။ ကျွန်တော့် ဘဝ တစ်ခု လုံး ကို မြစ်ငယ် မီးရထားစက်ရုံ ရဲ့ စက်ရုံမှူး က ပြောင်းလဲ ပေး လိုက် တာပါပဲ ။ သူ က အားပေးတယ် ။ ကျွန်တော့် ရဲ့ ကံ ရော ကြိုးစားမှု ရော ပါတာ ကြောင့် ပြင်တာ အောင်မြင် သွားတယ် ။ အဲသည် က စပြီး စက်ရုံ မှာ အခြား Project တွေ လည်း ရှိတယ် ။ လက်တွဲ လုပ်ကြရ အောင် လို့ ဆရာဝန် ပေါက်စလေး ကို ဖိတ်ခေါ် လိုက်တယ် ။ စက်ရုံ က Manager ဦးထွန်းဦး ၊ သူ့ လက်ထောက် အင်ဂျင်နီယာ ဆရာ ဦးမျိုးမြင့် ၊ ဆရာ ဦးဝင်းကို တို့ က စက် နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ပေးပြီး စက်ရုံ မှာ သုံး သမျှ Machine တွေ အားလုံး အကုန် ပြ ပြီး ပြင် ခိုင်းတယ် ။


အခု ဆိုရင် အေဗီအာ ( Automatic Voltage Regulator ) အချပ် ပေါင်း တစ်ရာ ကျော် လုပ်ပြီး သွားပြီ ။ အေဗီအာ က လျှပ်စစ် ဗို့အား ကို တည်ငြိမ် နေ အောင် အလိုအလျောက် ထိန်းပေး ထား တဲ့ ဟာ ။ မီးစက် တွေ မှာ သုံး လို့ ရတယ် ။ မီးရထားတွဲ တွေ မှာ ပါ တဲ့ ဂျင်နရေတာ တွေ မှာ လည်း သုံးလို့ ရတယ် ။


စက်ရုံသုံး ဂဟေဆော်စက် အမျိုးမျိုး ၊ မီးစက် အမျိုးမျိုး ၊ တွင်ခုံ တွေ မှာ သုံးတဲ့ ဆားကစ်ပြား တွေ လုပ် ရတယ် ။ ကျွန်တော် က ပြင်လို့ ရနိုင် သမျှ ပြင် ပေးတယ် ။ ပြင်လို့ မရ ရင် အသစ် စဉ်းစားပြီး ထုတ်လုပ်တယ် ။


ကျွန်တော် က အီလက်ထရောနစ် ပညာ ကို သင်ခဲ့ တာ က ခုနစ်တန်း လောက် တုန်း ကပါ ။ ကျွန်တော့် ဇာတိ မြင်းခြံမြို့ မှာ ။ ကျွန်တော့် ဆရာ က ခြောက်တန်း လောက် ပဲ အောင် တာ ၊ ကိုမင်းဦး တဲ့ ။ အင်္ဂလိပ်စာ မကျွမ်းကျင်ဘူး ။ ကျွန်တော့် ကို ဖတ် ခိုင်းတယ် ။ ကျွန်တော် က ဝါသနာ ပါ လို့ သင်ချင်တယ် ပြောတော့ သင်ပေးတယ် ။


အဲသည် ကတည်း က ရီစစ်စတာ ကာလာကုဒ် တွေ သင်ပြ ပေးတယ် ။ ရီစစ်စတာလေး တွေ ရဲ့ ခုခံမှု တန်ဖိုး ဖတ်နည်း သင်တယ် ။ ရီစစ်စတာ မှာ ခုခံမှု ကို ကာလာ နဲ့ သတ်မှတ်တယ် ။ ဥပမာ - အနက် ဆို သုည ၊ အညို တစ် ၊ အနီ နှစ် ပေါ့ ။


၁၉၈၇ မှာ ကျွန်တော် ဆယ်တန်း အောင် တော့ ရန်ကုန် စက်မှုတက္ကသိုလ် တက် ချင်တယ် ။ အဖေ က အထက်တန်းပြ ဆရာ ဦးသန်းထွန်း ၊ အမေ က ဆုံးပါး သွားပြီ ။ အဖေ က ကျောင်းဆရာ ဆိုတော့ အဝေးကြီး မှာ ကျောင်း ထား ဖို့ မတတ်နိုင်ဘူး ၊ နီး တဲ့ မန္တလေး ဆေးတက္ကသိုလ် ပဲ တက် တဲ့ ။


ဆေးကျောင်း လာ တော့ ဆေးပညာ ကို သင်ပါတယ် ။ ကျွန်တော် က နယ် က လာ တာ ဆိုတော့ အောင်ဆန်းဆောင် မှာ နေ ရတယ် ။ အဆောင် မှာ သူငယ်ချင်း တွေ ပန်ကာ ပျက်တာ ၊ မီးအိမ် တွေ ပျက်တာ ၊ ကက်ဆက် ပျက်တာ ကို တို့တိ တို့တိ လိုက် ကူညီ ပြီး ပြင်ပေး နေတာ ။ သူငယ်ချင်း တွေ က တစ်ဆင့် ဆရာ တွေ က သိ သွားတယ် ။


တတိယနှစ် မှာ အဏုဇီဝဗေဒဌာန က စက် တစ်ခု ပျက် နေတာ ပြင်ပေးပါ တဲ့ ။ ခွဲခန်း ဝင်တဲ့ အခါ သုံးမယ့် ပစ္စည်း တွေ ကို ရေနွေးငွေ့  နဲ့ ပေါင်း တဲ့ စက် ပေါ့ ။ အော်တိုမက်တစ် အလုပ် လုပ်တဲ့ ဟာ ။ ဒိုင်နာကား နှစ်စီး စာ လောက် တန်တယ် ၊ လုပ် ရရင် လုပ်ပေးပါ ပေါ့ ။


နိုင်ငံခြား က ဝယ် လာတဲ့ စက်တွေ မှာ တည်ဆောက်နည်း ပြုပြင်နည်း ၊ Manual စာရွက်စာတမ်းတွေ ဆရာစား မချန်ဘဲ ပြည့်ပြည့်စုံစုံ ပါ လာတယ် ။ ဒါတွေ ဖတ်ပြီး လုပ်တယ် ။


ပြင် လိုက်တာ ကောင်း သွား တော့ ဌာနတိုင်း က ပျက် တဲ့ စက် တွေ ကျွန်တော့် လက် ထိုး အပ်ကြတာပေါ့ ။ နှလုံးခုန်နှုန်း ပြတဲ့ အော်စီလို စကုတ် လို စက် မျိုး ၊ ပြင် ရတာ တော်တော် ခက်တဲ့ နှလုံး ကို နှိုး တဲ့ ဒီဖစ် လို စက်မျိုး ၊ အာလ်ထရာဆောင်း လို စက်မျိုးတွေ ပြင်ပေး ရတယ် ။ ကျွန်တော် ဖတ် ခဲ့တဲ့ စာအုပ်တွေ ရယ် ၊ ကျောင်း က သင် ပေးတဲ့ ရူပဗေဒ ၊ သင်္ချာ ၊ ဓာတုဗေဒဘာသာ က ပေးတဲ့ အသိပညာတွေ ရယ် ပေါင်းစပ် လိုက်တော့ သိပ် မခက်ခဲတော့ဘူး ။


မအောင်မြင်တဲ့ စက်တွေ လည်း ရှိ ပါတယ် ။ ပိုတော့ ဆိုး မသွားဘူး ။ ပြင် မရ ရင် လည်း ကျွန်တော်က ကောင်းကောင်း ရှင်းပြတယ် ။ ဘယ် အပိုင်း က ဖြင့် ဘာကြောင့် ပြင် မရတာပါ ။ ဘယ် နိုင်ငံ ကို မှာ ပြီး အစား ထည့် လိုက်ရင် ကောင်းမယ် ဆိုတာ ရှင်းပြတယ် ။


ကျွန်တော့် အတွက် ဆေးကျောင်း ဟာ တန်ဖိုး မဖြတ်နိုင်တဲ့ လူမှုရေး အသိတွေ ၊ ပညာတွေ ၊ အတွေးအခေါ် အသိအမြင်တွေ သင် ပေးလိုက်တဲ့ နေရာ ပါ ။ ကျွန်တော် မျှော်မှန်းခဲ့ တာ က လူနာတွေ အတွက် အသုံးဝင် တဲ့ ပစ္စည်း တွေ လုပ် ပေး နိုင်တဲ့ bio - engineering ပညာရှင် ဖြစ်ချင်တာပါ ။ လောလောဆယ် မှာ တော့ ဆေးပညာ နဲ့ ပတ်သက်တာ အားလုံး ကို ဈေးနှုန်း အချိုဆုံး နဲ့ ကျွန်တော် ပြင် ပေးတယ် ။ ဥပမာ အာလ်ထရာဆောင်း လို ဟာ မျိုး ထိုင်း မှာ ၁၄ - ၅ သိန်း ကုန်ကျမယ့် ဟာ ကျွန်တော့် ဆီ မှာ တစ်သိန်း လောက် နဲ့ ပြီး သွားအောင် ကူညီ ပေး နိုင်တယ် ။


အခု နောက်ပိုင်း မှာ တရုတ်ပြည် က ဝယ် တဲ့ စက်တွေ ကို ကျွန်တော် ပြင်ပေး ရတာ ရှိတယ် ။ သူတို့ က အတွင်း ပစ္စည်း နံပါတ် တွေ ဖျက်ပြီး နည်းပညာ ကွယ်ဝှက် ထားတယ် ။ ကျွန်တော့် ဘဝ နဲ့ ဆက်စပ် နေတဲ့ လုပ်ဖော်ကိုင် ဘက်တွေ ရှိတယ် ။ အမ်ခွန်ဂျာ ၊ ကိုညီညီလင်း ၊ ကိုနိုင်ငြိမ်းအောင် ၊ ကိုနေဝင်း ၊ ကိုနိုင်ဝင်း ဆိုတဲ့ မိတ်ဆွေ တွေ က ကျွန်တော့် ကို တော်တော် ကူညီတယ် ။ တရုတ်စက် တွေ မှာ နည်းပညာ ဝှက် ထား တာ တွေ ကို ကျွန်တော့် မိတ်ဆွေ တွေ နဲ့ ပူးပေါင်း ပြီး ပြန် ဖော်ထုတ် ရတယ် ။


ကျွန်တော် အဓိက ဖြစ်ချင် တာ က ပညာ လိုလားတဲ့ လူငယ် လူရွယ်လေး တွေ အတွက် အပြည့်ဝဆုံး ဖန်တီးကူညီ ပေးနိုင်သူ ပါ ။ ကျောင်းသားတွေ ကို ကျွန်တော့် ပစ္စည်း တွေ အားလုံး ခင်းကျင်း ပြသ ထားတယ် ။ လိုရင် ဖြုတ် ယူသွား ။ ကျေနပ်တယ် ။ စာရွက်စာတမ်း တွေ ဆိုရင် ကြိုက်သလို မိတ္တူ ကူးယူကြ ။ ခုနေခါ မှာ ကျွန်တော် တို့ အသုံးပြုချင် တဲ့ ပစ္စည်း နဲ့ ဝယ် လို့ ရတဲ့ ပစ္စည်း က အံဝင်ခွင်ကျ မဖြစ်ဘူး ။ ဈေးကွက် ထဲ တင်သွင်း လာတဲ့ ပစ္စည်း တွေ က ကုန်သည် က သူ့ အတွက် အဆင်ပြေ မယ့် ပစ္စည်း သွင်း လာတာ ။ ဒါကြောင့် ကျောင်းသားတွေ ကို လိုအပ်တဲ့ ပစ္စည်း ယူ ဖို့ ပေး နေတာ ၊ ပိုက်ဆံ ပေးစရာ မလိုပါဘူး ။


ကိုယ်ပိုင်လုပ်ငန်း အနေ နဲ့ Bio - Digit Group ကိုယ်ပိုင် တံဆိပ် နဲ့ မီး လာ ရင် မီးစက် ရပ်တာ ၊ ဂဟေစက် တွေ မှာ ဂဟေသား လှပ အောင် ဖျော်ပေးတာ ၊ မီးစက်တွေ မှာ လျှပ်စစ် အန္တရာယ် မဖြစ်အောင် Earth Leakage Protector တွေ ထုတ်လုပ်တယ် ။


ချမ်းသာတဲ့ ဘဝ ကို ကျွန်တော် မမျှော်မှန်း ပါဘူး ။ မိသားစု အဆင်ပြေပြေ နေ နိုင်ရင် တော်ပြီ ။ လူသား တော်တော်များများ ကို အကူအညီ ပေးတဲ့ သူ ပဲ ဖြစ်ချင်ပါတယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment