❝ ညီမသုံးဖော် နှင့် ညီနောင်သုံးယောက် ❞
တစ်ရံရော အခါ ချမ်းသာကြွယ်ဝသော ဘုရင်ကြီး တစ်ပါး တွင် အလွန်တရာ ချစ်ဖွယ် ကောင်းသော သမီးတော် သုံးပါး ရှိလေ၏ ။ ၎င်း ဘုရင်ကြီး ၏ နန်းတော် ပတ်ပတ်လည် တွင် အမျိုးမျိုး အစားစား သော သစ်ပင်များ စိုက်ပျိုး ၍ ကာရံထား၏ ။ နန်းတော် အနီး တွင် သစ်သီးမျိုးစုံ သီး သော အလွန် လှပသည့် ဥယျာဉ်ကလေး တစ်ခု တည်ရှိ လေသည် ။ ထို ဥယျာဉ်ကလေး အတွင်း ရှိ တစ်စုံတစ်ခုသော သစ်ပင် မှ အသီး အား ဆွတ်ယူ စားသောက် မိ ပါ က ထို စားသောက် မိ သော သူ သည် ပေ တစ်ရာ မျှ နက်သော မြေကြီး အောက် သို့ ဝင်ရောက် ပျောက်ကွယ် သွားတတ်သည် ဟု ဘုရင်ကြီး သည် နန်းတော်သူ နန်းတော်သား များ အား မစား မိစေရန် သတိ ပေး ထား၏ ။ မိုးဥတု ရောက် လတ်သော် ထို သစ်သီး ဥယျာဉ် ထဲ မှ အပင် အသီးသီး တို့ ၌ အလွန် စားချင့်စဖွယ် ကောင်းသော မှည့်ဝင်း သည့် အသီး တို့ ကို သီးကြကုန်လေ၏ ။ ဘုရင့် သမီးတော် သုံးပါး တို့ မြင်လေ လျှင် စားချင်လှ သော်လည်း မစားရဲကြ ရှာပေ ။
တစ်နေ့သော အခါ ညီမ သုံးဖော် ထဲ မှ အငယ်ဆုံး မင်းသမီး သည် သူ ၏ အစ်မတော် များ အား တစ်ယောက် တစ်လုံး စီ ခူး၍ စားကြရန် ပြောလေ၏ ။ ထိုကဲ့သို့ ဆွတ်စား မိပါက ဖခမည်းတော် သည် ချစ်သမီးများ အား ခွင့်လွှတ်တန် ကောင်း၏ ဟု အထင် ရှိကြ၏ ။ ဖခမည်းတော် သတိပေး တားမြစ် ထားသည် မှာ လည်း အခြားသော နန်းတော်သူ ၊ နန်းတော်သားများ အတွက် သာ လျှင် ဖြစ်သည် ဟု ဆို၍ ညီအစ်မ သုံးဖော် သည် ရွှန်းရွှန်းမှည့် နေသော အသီးများ အား တစ်ယောက် တစ်လုံး စီ ဆွတ်ချူ ၍ စားကြ လေ၏ ။ ဤသို့ စား လျှင် စားချင်း ပင် မြေကြီး သည် ကွဲအက် ၍ လာကာ ညီအမ သုံးဖော် အား အောက်သို့ မျို သွား၏ ။
ဘုရင်ကြီး သည် သမီးတော်များ အား မမြင် သော် အစောင့်အရှောက် များ အား နေရာ အနှံ့ ရှာ စေလေ၏ ။ သို့သော်လည်း သမီးတော်များ ၏ အရိပ်အရောင် ကို မျှ ပင် မတွေ့ကြရပေ ။ နောက်ဆုံး၌ ဘုရင်ကြီး သည် ၎င်း၏ သမီးတော်များ အား နန်းတော် သို့ ခေါ်ဆောင် လာနိုင် လျှင် ကြိုက်နှစ်သက်သော သမီးတော် နှင့် လက်ဆက် ၍ အိမ်ရှေ့မင်းသား အဖြစ် ပေးမည် ဟု တိုင်းပြည် အသီးသီး သို့ ကြေညာ ရ လေတော့၏ ။ ထို သတင်း ကို ကြားကြား သမျှသော တိုင်းပြည် အသီးသီး မှ မင်းညီမင်းသား များ ၊ သူဌေးသားများ နှင့် သူဆင်းရဲသားများ အစ ရှိကုန်သော အဆင့်အတန်း မရွေး မည်သူ မဆို ရှာနိုင်သည် ဖြစ်သဖြင့် မင်းသမီးများ အား အရှာ ထွက် ကြကုန်၏ ။
ထိုသို့ ညီမ သုံးဖော် ရှာပုံတော် ထွက်သည့် အထဲ တွင် အမဲလိုက်ခြင်း ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေရှာသော ညီနောင် သုံးယောက် တို့ လည်း ပါဝင်ကြ၏ ။ ၎င်း ညီနောင် သုံးယောက် တို့ သည် မင်းသမီးများ အား ရှာပုံတော် ထွက် ၍ ( ၈ ) ရက် မြောက်သော နေ့ တွင် ရဲတိုက်ကြီး တစ်ခု သို့ ရောက်သွား ကြ လေသည် ။ ထို ရဲတိုက်ထဲ ရှိ အခန်း တိုင်း တွင် အလွန်ခမ်းနား သိုက်မြိုက်၍ အရောင် တဖိတ်ဖိတ် တောက်လျက် ရှိသော အိမ်ထောင် ပရိဘောဂများ ကို မြင်ရ၏ ။ ထမင်း စားခန်း နှင့် တူသော တစ်ခုသော အခန်း ထဲတွင် မူ မကြာမီကလေး က မှ ချက်ပြုတ်၍ ပြင်ဆင်ထား သကဲ့သို့ ထမင်းများ သည် အငွေ့ တထောင်းထောင်း ဖြင့် လာ စားလှည့်ကြပါ ဟု ညီနောင်သုံး ယောက် တို့ အား ဖိတ်ခေါ် နေသည် ဟု ထင်ရ ပေသည် ။ ၎င်း ထမင်းဟင်းများ သည် မွှေးကြိုင် သည် ဖြစ်ရကား ညီနောင် သုံးယောက် မှာ ဟန် မဆောင်နိုင်တော့ သဖြင့် စားပွဲ တွင် ထိုင်၍ မြိန်ရေ ရှက်ရေ စားသောက်ကြ လေတော့၏ ။ သူတို့ သည် ထို ရဲတိုက်ကြီး မှ ပင် နေ၍ တစ်ယောက် တစ်လဲ စီ ဖြင့် မင်းသမီးများ အား ရှာရန် သဘော တူ ကြ၏ ။ ၎င်း နောက် သူတို့ သည် သဘောတူ မဲလိပ် နှိုက် ကြရာ အစ်ကို အကြီးဆုံး သည် ပထမနေ့ တွင် ရဲတိုက် အစောင့် ဖြစ်၍ ညီလတ် နှင့် ညီငယ် တို့ သာ လျှင် အရှာ ထွက်ရ၏ ။
ညနေ ရောက် သော် လူပုပုကလေး တစ်ယောက် သည် အသားကင်များ ကို ယူ လာပြီး လျှင် ရဲတိုက်စောင့် ကျန်ရစ်သော အစ်ကိုကြီး ရှေ့ တွင် ပစ်ချ ၍ “ နောင်တော် ထို အသားကင်များ ကို ကောက်ယူ စားပါလော့ ” ဟုဆို၏ ။ ထိုအခါ အစ်ကိုကြီး သည် “ ဟယ် ... လူပုလေး .. သင် သည် ဤ ရဲတိုက်ကြီး ၏ အစေခံ မဟုတ်သလော ။ အစေခံ ဖြစ်သော သင် ကိုယ်တိုင် ကောက်၍ ငါ့ အား ကျွေးလော့ ” ဟု ပြန် ပြော၏ ။ ထိုအခါ လူပုကလေး သည် အသားကင်များ ကို ကောက်ယူ ၍ ပေးပြီး လျှင် “ နောင်တော် ဤ ရဲတိုက် တွင် မည်သူသည် အရှင် ဖြစ်၍ မည်သူသည် အစေခံ ဖြစ်မည် ကို မကြာမီ သင် မြင်ရလတ္တံ့ ” ဟု ဆို၍ ထွက်ခွာ သွား လေတော့၏ ။
ဒုတိယနေ့ ညီလတ် အစောင့်ကျ ကျန်ရစ်သော အခါ တွင် လည်း လူပုကလေး သည် ရောက်လာ ပြန် ကာ အသားကင်များ ကို အောက် သို့ ချ၍ “ စားလော့ ” ဟု ဆို၏ ။ နောင်တော်လတ် လည်း ရှေးနည်း အတူပင် အစေခံ ဖြစ်သော လူပုကလေး အား ကောက်ခိုင်း လေ၏ ။
တတိယနေ့ ရောက် သော် ညီအငယ်ဆုံး သည် ရဲတိုက် တွင် စောင့် နေရစ်ခဲ့လေ၏ ။ ညနေတွင် ပင် လာနေကျ လူပုကလေး သည် အသားကင်များ ကိုယူ၍ လာ ပြန်လေ၏ ။ ရှေးနည်း တူ ပင် ညီငယ် အား လည်း အသားကင်များ အား ကောက်ယူ၍ စားရန် ပြောကြားရာ ညီငယ် သည် အလွန် ဝမ်းသာလှ သဖြင့် “ ညီပုကလေး ယခုလို ကျွေးမွေးသည့် အတွက် ကျေးဇူးတင်ပါသည် ” ဟု ပြော၍ အသားကင်များ အား ကောက်ယူ၍ စား လေသည် ။ စားသောက် ပြီး သော် လူပုကလေး သည် ညီတော်လေး အား မည်သည့် အကူအညီ မဆို တောင်းရန် ပြောကြားလေ၏ ။ သူ သည် မြေအောက် တိုင်းပြည် မှ လူပုကလေး တစ်ဦး ဖြစ်သည်ဟု ဆို၏ ။ ညီတော်လေး လည်း လူပုကလေး အား သူတို့ ညီအစ်ကို သုံးယောက် သည် ညီအစ်မ သုံးဖော် အား လိုက်လံ ရှာဖွေ နေကြောင်း ကို ပြောပြ လေသည် ။ လူပုကလေး သည် မင်းသမီးများ ရှိမည့် နေရာ ကို သိမည် ဆိုပါက ညွန်ပြပါရန် အကူအညီ တောင်းရာ လူပုကလေး သည် ညီငယ်လေး အား မင်းသမီးများ ရှိသည့် နေရာ ကို ညွန်ပြ လိုက်လေသည် ။ သို့သော်လည်း ညီငယ် တစ်ယောက် ထဲ သာ သွားသင့်ပါသည် ။ နောင်တော်များ ကို ခေါ် သွားပါက မသမာသော အကြံ ဖြင့် ညီငယ့် အား လုပ်ကြံ ပါလိမ့်မည် ဟု သတိပေး မှာကြား ကာ ထွက် သွား၏ ။
အစ်ကိုကြီး နှင့် အစ်ကိုလတ် တို့ ရဲတိုက် သို့ ပြန် ရောက် သော် ညီငယ်လေး သည် လူပုကလေး နှင့် တွေ့ဆုံပုံ အကြောင်းစုံ ကို နောင်တော်များ အား ပြောကြား၏ ။ လူပုကလေး ပြောပြ သွားသည် မှာ ထို ရဲတိုက် အနီး ရှိ တောင်ထိပ် ပေါ် မှ ရေတွင်း ထဲ တွင် ညီအစ်မ သုံးဖော် ရှိသည် ဟု ဆို၏ ။ ထို နေရာသို့ သွားရန် ညီနောင် သုံးယောက် တို့သည် သဘောတူ ဆုံးဖြတ်ကြလေ၏ ။
နောက် တစ်နေ့ နံနက် တွင် ညီနောင် သုံးယောက် တို့ သည် လူပုကလေး ညွှန်သည့် လမ်း အတိုင်း သွားကြရာ တောင်ထိပ် ရှိ ရေတွင်း သို့ ရောက်ကြလေ၏ ။ ၎င်းတို့ သည် ရဲတိုက်ကြီး ကို မဲ ချ၍ တစ်ယောက်တလဲ စောင့်ကြ သကဲ့သို့ ပင် ယခု လည်း မည်သူသည် ရေတွင်း ထဲ သို့ ပထမဦးဆုံး ဆင်းရမည် ကို မဲချကြ၏ ။ ထိုအခါတွင် လည်း အစ်ကိုကြီး ပင် ပထမ ၊ ညီလတ် သည် ဒုတိယ ဖြစ်၍ ညီငယ် သည် နောက်ဆုံး ဆင်းရန် ဖြစ်လေသည် ။
ထိုသို့ ရေတွင်း ထဲ ဆင်း ရာ တွင် ရန်သူ နှင့် တွေ့ပါက အကူအညီ တောင်းရန် အတွက် ခေါင်းလောင်းကလေး တစ်ခု စီ ရှိကြ၏ ။ ကြိုး ဖြင့် အောက် သို့ လျှော ဆင်း၍ ရန်သူ နှင့် တွေ့ပါ က ခေါင်းလောင်း တီး ၍ အပေါ် မှ နေသော နှစ်ယောက် အား ကြိုး ကို ဆွဲ တင်ရန် အချက်ပေး အမှတ် အသားသဖွယ် စီမံ ထားကြ၏ ။
ပထမအကြိမ် တွင် အစ်ကို အကြီးဆုံး သည် ရေတွင်း ထဲ သို့ ကြိုးဖြင့် လျှောဆင်း သွား လေရာ အောက် သို့ ရောက် သော် ကြောက် သဖြင့် ခေါင်းလောင်း တီး ကာ ပြန် တက် ခဲ့ရ၏ ။
ဒုတိယအကြိမ် ညီလတ် ၏ အလှည့် တွင် လည်း ယင်းနည်းတူ ပင် ဖြစ်၏ ။ တတိယအကြိမ် ညီ အငယ်ဆုံး အလှည့် သို့ ရောက်သော် ခေါင်းလောင်း မြည်သံ ကို အပေါ် မှ မကြားရတော့ချေ ။ ညီငယ် သည် ရေတွင်း အောက်ခြေ သို့ ရောက်သော် ပထမဦးဆုံး တွေ့မြင်ရသော တံခါး အား ညင်သာစွာ တွန်း ဖွင့်၍ ဝင် သွားရာ အလွန် အံ့ဩစရာ ကောင်းသော အဖြစ် ကို တွေ့ရှိ ရ လေ၏ ။ ထိုအရာ မှာ ခေါင်း ကိုးလုံး ရှိသော နဂါးကြီး တစ်ကောင် သည် မင်းသမီး တစ်ပါး အနား တွင် အိပ် ၍ စောင့် နေခြင်းပင် ဖြစ်၏ ။ ညီငယ် သည် အသင့် ပါ လာသောဓား ဖြင့် ထို အိပ် နေသော နဂါးကြီး ၏ ဦးခေါင်း အား ခုတ်ပိုင်း လိုက်လေ၏ ။ ထိုအခါ မင်းသမီး သည် ပြေး၍ လာကာ ညီငယ် ၏ ပါးပြင် ကို နမ်း ၍ သူ ၏ ရွှေလည်စည်း တစ်ခု ကို လက်ဆောင် အဖြစ် ပေး လေ၏ ။
တစ်ဖန် ညီငယ် သည် မင်းသမီး ညွန်ပြရာ ဒုတိယ အခန်း သို့ ရောက် ပြန်သော် အိပ်ပျော် နေသော ခေါင်း ခုနှစ်လုံး ရှိသည့် နဂါးကြီး အား ခေါင်းဖြတ်သ,တ်၍ မင်းသမီး တစ်ပါး ကို ကယ် လိုက်ပြန်၏ ။ ထို မင်းသမီး လည်း ညီငယ်လေး အား နမ်း ၍ လက်ဆောင် အဖြစ် သူ ၏ လက်ကိုင်ပုဝါ တစ်ထည် ကို ပေး လိုက်ပြန်၏ ။
ထို့နောက် ညီမ နှစ်ယောက် နှင့် ညီငယ်လေး တို့ သည် တတိယ အခန်း သို့ သွားရောက် ကာ ခေါင်း လေးလုံး ဖြင့် အိပ်ပျော် နေသော နဂါးကြီး အား ဓား ဖြင့် ခုတ်သ,တ် လိုက်၏ ။ မင်းသမီး အငယ်လေး လည်း ညီငယ်လေး အား ဖက် ၍ နမ်း ပြီးလျှင် သူ ၏ လက်စွပ် အား လက်ဆောင် အဖြစ် ဝတ်ဆင် ပေး လိုက်၏ ။ ညီအမ သုံးဖော် တို့ လည်း ပြန်လည် တွေ့ဆုံ ကြသည် ဖြစ်၍ ဝမ်းမြောက် ရွှင်လန်း နေကြလေ၏ ။
ညီငယ်လေး သည် သူ ၏ အချက်ပေး ခေါင်းလောင်း ကို တီး လိုက်ရာ ရေတွင်း အောက် သို့ ကြိုးစ တစ်စ ကျ လာ လေ၏ ။ ထို ကြိုးစ ဖြင့် ပင် ညီမ သုံးဖော် အသီးသီး အား အပေါ် သို့ ရောက် စေကုန်၏ ။ နောက်ဆုံး သူ့ အလှည့် တွင် စဉ်းစားမိသည်မှာ နောင်တော်များ သည် သူ့ အား မသမာသော အကြံ ဖြင့် ပြုလုပ်လိမ့်မည် ဟု လူပုကလေး သတိပေး ထားချက် ပင် ဖြစ်၏ ။ ထို့ကြောင့် သူ သည် သူ ၏ ကိုယ်အလေးချိန် နှင့် ထပ်တူမျှ သော ကျောက်တုံး တစ်တုံး ကို ကြိုးစ တွင် ချည်၍ အပေါ် သို့ တင်စေ၏ ။ အပေါ် တွင် ရှိသော အစ်ကိုကြီး နှင့် အစ်ကိုလတ် သည် ထို ကျောက်တုံး အား ညီငယ် ၏ အမှတ် ဖြင့် အပေါ် သို့ မဆွဲတင်မူ၍ ကြိုးစ ကို ဓား ဖြင့် ဖြတ် ချ လိုက် ကြလေ၏ ။
ညီအစ်မ သုံးဖော် တို့ အား လည်း ထို အဖြစ်အပျက် အလုံးစုံ ကို မည်သူ့အား မျှ မပြော ကြားရန် သစ္စာရေ တိုက်၍ အစ်ကိုကြီး နှင့် ညီလတ် တို့ သည် နန်းတော် သို့ ခေါ်ဆောင် သွားလေ တော့၏ ။
ထိုအချိန် တွင် ညီငယ်ကလေး သည် သူ ၏ လွတ်မြောက်ရာ နည်းလမ်း ကို စဉ်းစား ၍ နေစဉ် နံရံ ပေါ် တွင် ချိတ် ထားသော ပုလွေ တစ်ချောင်း ကို တွေ့ရှိလေ၏ ။ သူ သည် ထို ပုလွေ အား ယူ၍ မှုတ်ရာ ထောင်ပေါင်း များစွာသော လူပုကလေးများ သည် သူ့ ရှေ့နောက် သို့ စုရုံး ရောက်ရှိ လာကြ၍ မည်သည့် အတွက် ကြောင့် သူတို့ အား ခေါ်သည် ကို မေးမြန်းကြ လေ၏ ။ ညီငယ် ကလေး လည်း သူ့ အား ရေတွင်း ပေါ် သို့ ပြန် ပို့ပေးရန် ပြောကြားလေသည် ။ ထိုအခါ လူပုကလေး များ သည် သူ့ အား ဝိုင်း မ ၍ အပေါ် သို့ မြှောက် လိုက်ရာ ညီငယ်လေး သည် ရေတွင်း နှုတ်ခမ်း ပေါ် သို့ ကျလေ၏ ။
အပေါ် သို့ ရောက် လျှင် ရောက်ချင်း ပင် ညီငယ် သည် နန်းတော် သို့ လျင်မြန်စွာ ပြေး သွား လေ၏ ။ ထိုအချိန် မှာ ပင် အစ်ကိုကြီး ၊ အစ်ကိုလတ် နှင့် ဘုရင့် သမီးအကြီး ၊ အလတ် တို့ စုံတွဲ မင်္ဂလာ ကျင်းပ နေသည် နှင့် ကြုံကြိုက် နေလေ၏ ။ ဘုရင့်သမီးတော်များ မှာ လည်း သူတို့ ၏ အဖြစ်မှန်ကို မည်သူ့အား မျှ မတင်ပြ ရဲကြပေ ။ သူတို့ တင်ပြလျှင် သစ္စာစူး မှာ ကြောက်ရွံ့ ကြသော ကြောင့် ဖြစ်၏ ။
ညီငယ်လေး သည် ထို မင်္ဂလာပွဲ အလယ် သို့ ရောက် သော် မင်းသမီး ညီအစ်မ သုံးဖော် တို့ သည် ပြေးလာကြ လျက် ညီငယ်လေး အား အားကိုးစွာ ဖြင့် ဖက်၍ ထားကြ လေ၏ ။ ညီငယ် သည် လည်း မင်းသမီးများ လက်ဆောင် ပေးသော ပစ္စည်းများ ကို တင်ပြ၍ အလုံးစုံသော အဖြစ်အပျက်များ ကို ဘုရင်ကြီး အား လျှောက်ကြား ရာ ဘုရင်ကြီး သည် အစ်ကိုကြီး နှင့် အစ်ကိုလတ် တို့ အား သ,တ်စေလေ၏ ။
ညီငယ်ကလေး ကို မူကား သမီးတော်များ ၏ အသက် အား ကယ်ပေးခဲ့သူ ဖြစ် သဖြင့် ညီငယ်လေး ကြိုက်နှစ်သက်သော ညီမတော် အငယ်ဆုံး နှင့် လက်ဆက် ကာ အိမ်ရှေ့စံ ရာထူး အပ်နှင်းလေတော့ သတည်း ။
◾စောလွင်ဦး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ မေ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment