❝ အချစ် ၏ ချောင်းမြောင်း လုပ်ကြံခြင်း ကို ခံရပြီးသည့် နောက် ❞
( ၁ )
လူ တစ်ယောက် ရဲ့ မှတ်ဉာဏ် က သိပ် အံ့သြဖို့ ကောင်းတယ် ။ တစ်ခါတလေ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် လောက် က အဖြစ်အပျက် တစ်ခု ကို အသေးစိတ် မှတ်မိ နေတတ်ပြီး ၊ တစ်ခါတလေကျ မနေ့ည က ဘာ ဟင်းနဲ့ ထမင်း စားခဲ့လဲ ဆိုတာ ကိုတောင် စဉ်းစားလို့ မရတာမျိုး ရှိတယ် ။ ဘာမှ အရေး မကြီးတဲ့ အသေးအဖွဲ ကိစ္စလေး တွေ ကို သတိတရ ရှိ နေပြီး ဘဝ အတွက် အရေးပါတဲ့ ကိစ္စမျိုး မှ မေ့လျော့ နေတာမျိုးလည်း ဖြစ်တတ်တယ် ။
ကျွန်တော် လည်း မှတ်ဥာဏ် သိပ် ကောင်းတဲ့ သူ တစ်ယောက်တော့ မဟုတ်ဘူး ။ ထီး တို့ သော့ တို့ စာအုပ် တို့ လိုပစ္စည်းတွေ မကြာခဏ မေ့ကျန် ပျောက်ရှ ဖူးတယ် ။ လက်ဖက်ရည်ဆိုင် ကို စက်ဘီး နဲ့ သွားပြီး အပြန် မှာ စက်ဘီး ကို မေ့ပြီးလမ်းလျှောက် ပြန်လာခဲ့ ဖူးတယ် ။ ဒါပေမဲ့ ကျွန်တော့် မှတ်ဉာဏ် ထဲ ကနေ အပြီးအပိုင် မေ့ ပစ်လိုက်ချင်တဲ့ အရာ တစ်ချို့ ကို မေ့လို့ မရ နိုင်တာ တော့ ကိုယ့် ကိုယ် ကိုယ် စိတ်ပျက် မိတယ် ။
ကျွန်တော် ကြားဖူး တာ တစ်ခု ရှိတယ် ။ လူ တစ်ယောက် ရဲ့ ဦးနှောက် က အကြောင်းအရာ တစ်ခု ကို ( ၃ ) မိနစ် ပဲ မှတ်ထား နိုင်တယ် ။ ( ၃ ) မိနစ် ကျော် သွားရင် ဦးနှောက် က မေ့ ပစ်လိုက်ပြီး လိုအပ်တဲ့ အခါမှာ မှတ်ဥာဏ် ပြန် ခေါ်ပြီး အသုံးချတယ် တဲ့ ။ မလိုအပ်တဲ့ အကြောင်းအရာတွေ ကို တော့ တစ်ခါ တည်း အပြီးအပိုင် ဖျက် ပစ်လိုက်တယ်တဲ့ ။ အခု ကျွန်တော့် အတွက် မလိုအပ်တော့ တဲ့ အကြောင်းအရာ တွေ ကို ခဏခဏ မှတ်ဉာဏ် ပြန် ခေါ် နေတာ ဟာ ကျွန်တော့် မှတ်ဥာဏ်စနစ် မှာ တစ်စုံတစ်ခု ချို့ယွင်း နေပြီလို့ ထင်တယ် ။
ကျွန်တော့် မှတ်ဉာဏ် တွေ ထဲ ကျွန်တော် မတွေးချင် ဘဲ အမြဲ ရောက် ရောက် လာတဲ့ လက်သည်းရှည် ချွန်မြမြလေးတွေ ၊ Mistine တံဆိပ် စတော်ဘယ်ရီနှုတ်ခမ်းဆိုးဆေးတောင့် ၊ အဝါရောင် မှာ အနက် အစက်အပြောက်လေးတွေ ပါတဲ့ ခေါင်းစည်းကြိုး ပြီးတော့ အရှည် တစ်တောင် လောက် ရှိတဲ့ ဘက်နက်ဓားမြှောင်ကြီး တစ်ချောင်း ။ အတွေး ထဲ အဲဒီ ဓားမြှောင်ကြီး ရောက် လာတာ နဲ့ ရင်တွေ တဒိတ်ဒိတ် ခုန်လာပြီး အကြောက်တရား က နှလုံးသွေးကြော တွေ ထဲ အထိ စီးဝင် ပျံ့နှံ့လာတယ် ။ လေးနှစ် ကျော်ကြာပြီ ဆိုပေမယ့် ပြန် တွေး လိုက်တိုင်း မနေ့ တစ်နေ့ က ဖြစ်ခဲ့ သလို ကြောက်ရွံ့နာကျင်မှု က ပူနွေး လတ်ဆတ် နေဆဲပဲ ။
အတိတ် ဆိုတာ ကြည်နူးနှစ်သိမ့်စရာတွေ ချည်း ပဲ မဟုတ် တာ ကို ကျွန်တော် နားလည်ပါတယ် ။ ဒါပေမဲ့ ထိရှနာကျင်စရာ တွေ ကြောက်ရွံ့စရာ တွေ ရောပြွန်း နေတဲ့ အတိတ်ဆိုးကြီး ကိုတော့ ဘယ်သူမှ ပြန်မတမ်းတ ချင်ကြဘူး မဟုတ်လား ။ ဖြစ်နိုင်မယ် ဆိုရင် ကျွန်တော့် မှတ်ဉာဏ် ထဲ က အဲဒီ အစိတ်အပိုင်း တချို့ ကို ပဲ ကွက်ပြီး အတိတ် မေ့ ပစ်လိုက်ချင်မိပါတယ် ။
( ၂ )
တနင်္ဂနွေနေ့ ဆိုတာ လူ တော်တော်များများ အတွက် အားလပ်ရက် ဖြစ် ပေမယ့် ကျွန်တော် တို့ လက်ဖက်ရည်ဆိုင်သမား တွေ အတွက် တော့ တခြား နေ့တွေ ထက် ပိုပင်ပန်းတဲ့ နေ့ ပဲ ။ ကျွန်တော် က လက်ဖက်ရည်ဆိုင် မှာ အီကြာကွေး တို့ ပလာတာ တို့ ကြော်ရတဲ့ မုန့်အကြော်ဆရာ ။ ဒီနေ့ လည်း မနက် ငါးနာရီလောက် ကတည်း က အီကြာကွေး ကြော် နေရတာ လက် ကို မလည်ဘူး ။ ဆီအိုး ထဲ က ဆယ်တာ နဲ့ ချက်ချင်း ကုန်တာပဲ ။ ပါဆယ် ယူမယ့်
သူတွေ က လည်း တန်းစီ လို့ ။ အဲဒီလို အလုပ် ရှုပ် နေတဲ့ အချိန်မှာ ကျွန်တော့် ဘေးနား ကို ဖက်ဖူးရောင် အရိပ်လေး တစ်ခု ရောက် လာတာ ဖျတ်ခနဲ တွေ့ လိုက်တယ် ။ ဆီညှော်နံ့ တွေ ကြား က ပဲ ရှန်ပူနံ့ သင်းပျံ့ပျံ့လေး ရမိလို့ လှည့် ကြည့်စရာမလိုဘဲ သူမှန်း သိလိုက်တယ် ။
“ ကိုကြီး ၊ လက်ဖက်ရည် တစ်ခွက် အီကြာကွေးကြွပ်ကြွပ်လေး တစ်ချောင်း”
ကျွန်တော် မကြားချင်ယောင် ဆောင်ပြီး ဆီအိုး ထဲ က အီကြာကွေး တွေ ကို ဟိုဖက် ဒီဖက် လှည့် ပေးနေတယ် ။ သူက ကျွန်တော် မကြားဘူး ထင်ပြီး ထပ် ပြောတယ် ။ ကျွန်တော် လှည့် မကြည့်ဘူး ။ မုန့်ခုံ မှာ ကပ် နေတဲ့ ဂျုံတွေ ကို မုန့် ဖြတ်တဲ့သံပြား နဲ့ ခြစ် နေ လိုက်တယ် ။
“ ဟာ ၊ ပြောနေတာ မကြားဘူးလား ၊ ဘာလဲ မရောင်းချင်လို့လား ”
ဒီတော့မှ ကျွန်တော် လည်း စပ်ဖြဲဖြဲ နဲ့ လှည့် ကြည့်လိုက်ပြီး
“ ကြားသားပဲ ၊ ဒီနား မှာ ကြာကြာ ရပ် နေအောင် မကြားချင်ယောင်
ဆောင် နေတာ ”
“ ဘာမှန်းလဲ မသိဘူး ၊ အကျင့် ကို မကောင်းဘူး မုန်းစရာကြီး ”
နှုတ်ခမ်းလေး ချွန်ကာ မျက်စောင်း ထိုးရင်း ပြော လိုက်တယ် ။ အဲဒီ အမူအယာတွေမှာ ပဲ ဒီကောင် ကျရှုံး နေရတာလေ ။ ခေါင်း လျှော်ပြီး ကာ စ မို့ နက်မှောင် ရှည်လျား တဲ့ ဆံနွယ် တွေ ကို ကျော မှာ ဖြန့်ချ ထားတယ် ။ ဖုတ်ပြီး ကာ စ ပေါင်မုန့် အပေါ်သားလေး လို နုထွေးဖောင်းအိ နေတဲ့ ပါးပြင် ပေါ်မှာ သနပ်ခါးပါးကွက် က တစ်ဝက်တပျက် ပဲ ခြောက် သေးတယ် ။ အနီဖျော့ဖျော့ ဆေး ဆိုးထားတဲ့ နှုတ်ခမ်းဖူးဖူးလေး က စတော်ဘယ်ရီ ဂျယ်တုံးလေး အလား ပဲ ။ အဲဒီ ဂျယ်လီနှုတ်ခမ်းလေး ကို ထိတွေ့ ရဖို့ မကြာခဏ အိပ်မက် တွေ မက် ဖူးတယ် ။ ချစ် လိုက်ရတာ မိစု ရယ် ။
“ ဟား ဘာလို့ အဲဒီလောက် ကြည့်နေတာလဲ ၊ တော်ပြီ သွား တော့ မယ် ။ ဆိုင် မှာ ဘယ်သူမှ မရှိဘူး ၊ လက်ဖက်ရည် နဲ့ အီကြာကွေး အမြန် လာ ပို့ပေး ”
ရှက်ဝဲဝဲလေး ပြောပြီး လှည့် ထွက် သွားတဲ့ မိစု ရဲ့ နောက်ပိုင်း ကို ကြည့် ရင်း ဒီလိုလည်း လှတာပဲ လို့ စိတ် ထဲ က တွေး လိုက်မိတယ် ။ စားပွဲထိုး တစ်ယောက် ခေါ်ပြီး သူတို့ ဆိုင် လက်ဖက်ရည် သွား ပို့ခိုင်းတော့ စားပွဲထိုးလေး က ဆရာ့ ယောက္ခမ ဆိုင်ကို လား လို့ မကြားတကြား ပြောတယ် ။ ကျွန်တော် က လည်း
“ အေး ဟုတ်တယ် ၊ ငါ့ အသည်းလေး အတွက် ” လို့ ပြန် ပြော လိုက်တယ် ။ တစ်နေ့ တစ်နေ့ အဲဒီလို ပါးစပ် အရသာ ခံပြီး ကျေနပ် နေရတာပဲ မဟုတ်လား ။
( ၃ )
သူ့ နာမည် က စုသက်သက်ငြိမ်း ။ အနောက်ပိုင်းတက္ကသိုလ် မှာ ဒုတိယနှစ် တက်နေတယ် ။ ကျွန်တော် တို့ လက်ဖက်ရည်ဆိုင် နဲ့ မျက်စောင်းထိုး က သူတို့ အိမ် မှာ စာရေးကိရိယာနဲ့ မုန့်ဆိုင်လေး ဖွင့်ထားတယ် ။ သူ က သူ့ အဖေ ၊ အမေ နဲ့ နေ့တိုင်း ဆိုင်မှာ လက်ဖက်ရည် လာ သောက်နေကျ ဆိုတော့ ‘ သူ့ကိုမြင်ပါများတော့ စိတ်မှာချစ်ကျွမ်းဝင် ’ပေါ့ ။ ဒါပေမဲ့ သူ့ အဖေ ကို တော့ နည်းနည်း ရှိန်ရတယ် ။ သူ့ အဖေ က တစ်ကိုယ်လုံး အရုပ် တွေ ၊ အင်းကွက် တွေ အပြည့် ထိုးထားပြီး ဗန်တိုဗန်ရှည် လည်း တတ်တယ်တဲ့ ။ ရပ်ကွက် စကား နဲ့ ပြောရရင် ‘ ဇ ’ ရှိတဲ့ သူတစ်ယောက်ပေါ့ ။ နောက်ပြီး သူ့ သမီး ကို လိုက် ကပ်တဲ့ ကောင် နှစ်ယောက် ၊ သုံးယောက် ကို ခေါင်း ရိုက်ခွဲ ဖူးတဲ့ ရာဇဝင်လည်း ရှိတယ် ။ ဒီလို ဂုမ္ဘန် စောင့်တဲ့ ပန်းကလေး မို့ လည်း အနှောင့်အယှက် ကင်းကင်း နဲ့ ဖူးပွင့် လှပ နေတာပဲ လို့ ကျွန်တော် ထင် မိတယ် ။
ဘာပဲဖြစ်ဖြစ် ကိုယ် က ချစ်မိသူ ဆိုတော့ လည်း စွန့်စားရ မှာပါ့ ။ ကြောက်တတ် လျှင် လွဲ ရဲ လျှင် မင်း ဖြစ် လို့ ဆိုတာကိုး ။ အဲဒီ အချိန် က တော့ မင်း ဖြစ်ရင် မင်း ခံရမယ် ဆိုတာ နည်းနည်းလေး မှ တွေး မထားခဲ့မိဘူး ။ ပထမဆုံး သီရိ ဆိုတဲ့ သူ့ ညီမဝမ်းကွဲလေး ကို မုန့် ကျွေးပြီး စည်းရုံး ရတယ် ။ ပြီးတော့ မှ နှင်းဆီဆေးပေါ့လိပ် နှစ်လိပ် နဲ့ လက်ဖက်ရည်တိုင်ကီ တစ်ခွက် ကုန် အောင် တစ်ညလုံး သီကုံး ထားတဲ့ ချစ်သဝဏ်လွှာလေး ကို သီရိ က နေ တစ်ဆင့် သူ့ နှလုံးသား ဆီရောက်အောင် ပါး လိုက်တယ် ။ စာ ပေးပြီး နောက် တစ်နေ့ ကျ သီရိ ကို အခြေအနေ မေးကြည့်တော့ စာဖတ်ပြီး ထိုင် ရယ်နေတယ် တဲ့လေ ။ ကျွန်တော် နည်းနည်း တော့ ဖီးလ် သွားတယ် ။ ကျွန်တော့် ချစ်ခြင်းမေတ္တာ ဟာ လှောင်ပြောင် ရယ်မောစရာ မဟုတ်ဘူး ။ အဲဒါနဲ့ပဲ ဒုတိယ မြားတစ်စင်း ထပ်ပြီး ပစ်လွှတ်ဖို့ ပြင်ဆင် လိုက်တယ် ။ ဒီတစ်ခါ တော့ သူ့ နှလုံးသား ရဲ့ အလယ်ဗဟို ကို ထိမှန် စေရမယ် လို့ စိတ် ထဲ က ကြုံးဝါး လိုက်တယ် ။
ဒုတိယစာ ကို ကိုယ်တိုင် ပေးမယ် လို့ ဆုံးဖြတ် ပြီး ဆိုင် မှာ သူ တစ်ယောက် တည်း ရှိတဲ့ အချိန် ဈေးဝယ် သလိုနဲ့ ဆရာဖေမြင့် ရဲ့ မဖြစ်နိုင်ဘူး ဆိုတာ သေချာပြီလား ဆိုတဲ့ စာအုပ် ကြား စာ ညှပ်ပြီး သူ့ လက် ထဲ ထည့် ပေး လိုက်တယ် ။
“ စာအုပ် ကြား ထဲ စာ ပါတယ် ၊ ဖတ်ပြီး တစ်ခု ခု တော့ပြောပါ ”
သူ က စာအုပ် ကို လက် ထဲ ကိုင် ထားရင်း ကျွန်တော့် ကို ကြည့်ပြီး –
“ ကိုကြီး အကြော်ဆရာ က သမီး ကို ဘာလို့ ချစ်တာလဲ ”
မထင်မှတ် ထားတဲ့ မေးခွန်း မို့ ကျွန်တော် ဆွံ့အ , သွားမိတယ် ။ ပြီးတော့ ကျွန်တော့်စိတ် ထဲ ရှိသလို အမှန်အတိုင်း ပဲ ဖြေလိုက်တယ် ။
“ မသိဘူး ”
သူ သက်ပြင်း တစ်ချက် မသိမသာ ရှိုက်လိုက်ပြီး
“ သမီးကို မချစ်ပါနဲ့ ... ”
“ ဘာဖြစ်လို့လဲ ၊ ကိုယ် က လက်ဖက်ရည်ဆိုင် က အလုပ်သမား မို့လို့လား ”
“ အာ .. မဟုတ်ပါဘူး ၊ အချစ် ဆိုတာကို သမီး နားမလည်ဘူး ၊ ကိုယ် နားမလည်တဲ့အရာ ကို သူများ ကို လည်း မပေးချင်ဘူး ”
စကား ပြောရင်း သူ့ မျက်လုံး ထဲ မှာ မျက်ရည်စတွေ ဝဲ လာတာ တွေ့ တော့ ကျွန်တော် ထိတ်လန့် သွားတယ် ။ ကျွန်တော့် ကြောင့် သူ စိတ်ထိခိုက် သွားရ ပြီ ထင်တယ် ။
“ ဆောရီး မိစု ။ ကိုယ့် ကြောင့် စိတ် အနှောင့်အယှက် ဖြစ်သွား တယ် ဆို ကိုယ်တောင်းပန်ပါတယ် ။ မင်း ဆီ က အဖြေ ကို ကိုယ် အတင်း အကျပ် မတောင်းဆိုပါဘူး ။ ဒါပေမဲ့ ကိုယ် ချစ်တာ ကို မချစ်ပါနဲ့ လို့ တော့ မတားပါ နဲ့ ။ မင်း ဘက် က တုံ့ပြန်ပြန် မပြန်ပြန် မင်း ကို ဆက် ချစ်ခွင့် ရ နေသမျှ ချစ်နေဦးမှာပဲ .. ”
ပြောပြီး သွားတာနဲ့ ဗီဒီယိုဇာတ်ကားတွေ ထဲ က လို ခေါင်းငုံ့ပြီး ချာခနဲ လှည့်ထွက်လာခဲ့လိုက်တယ် ။ အဲဒီ အချိန်မှာပဲ “ ဟေ့ မုန့်ဆရာ ဘာ လာဝယ်တာလဲ " ဆိုတဲ့ သူ့ အဖေရဲ့ အသံကြီး ကို ကြား လိုက်ရလို့ ခေါင်းမွှေးတွေ ထောင် သွားပြီး “ ဟို ... ဆပ် ဆပ်ပြာ လာဝယ်တာ ” လို့ ပြောပြီး ဆိုင်ဘက် ကို သုတ်ချေတင် ခဲ့ရတော့တယ် ။
( ၄ )
အဲဒီ ကိစ္စတွေ ဖြစ်ပြီး လေးငါးရက် လောက် ကျွန်တော် သူ့ ဆိုင် ကို မသွားဘဲ နေတယ် ။ ဆို င်မှာ သူတို့ လက်ဖက်ရည် လာ သောက်ရင် ကျွန်တော် ဆိုင် နား က ကွမ်းယာဆိုင် မှာ ထွက်ပြီး ထိုင် နေလိုက်တယ် ။ ပြီးတော့ သူ့ ကို မသိမသာ ခိုးခိုးကြည့် ပြီး ( တကယ်တော့ တမင် သူ သတိထား မိအောင် ကြည့် တာ ) သူ ပြန် ကြည့်ရင် ဖျတ်ခနဲ မျက်နှာ လွှဲပြီး ဒရာမာတွေ ချိုးပြတယ် ။ ဖြစ်ချင်တော့ ဒီ ရက် ထဲ ဘောပွဲတွေ ဆက်တိုက် ရှုံးပြီး အကြွေးတွေ တင်လို့ ငူငူငေါင်ငေါင် ဖြစ် နေတာ ကို သူ့ ကြောင့် လို့ ထင်ပြီး သူ့ ညီမ သီရိ က တစ်ဆင့် မေးခိုင်း သေးတယ် လေ ။ ကျွန်တော် လည်း ခပ်တည်တည် နဲ့ နှလုံးသား ခန္ဓာ ရှိလို့ အချစ်ဝေဒနာ ရှိတာ မဆန်းပါဘူးကွာ လို့ ရော ချ လိုက်တယ် ။
ဒီတစ်ခါ ကျွန်တော် ပစ်လိုက်တဲ့ မြား က သူ့ နှလုံးသား ကို တည့်တည့်မတ်မတ် စိုက်ဝင် သွားပြီ ထင်တယ် ။ သူ ကျွန်တော့် အပေါ် ဆက်ဆံရေးတွေ ပြောင်းလာတယ် ။ အရင် ကိုကြီးအကြော်ဆရာ လို့ ခေါ်နေရာ က ကိုကြီး ပဲ ခေါ်တော့တယ် ။ အအေးဆိုင် တွေ ဘာ တွေ အတူ ထိုင်တယ် ။ မီးခွက်ဈေး မှာ ဈေးတွေ ဘာတွေ သွားဝယ်ရင်လည်း ကျွန်တော့် ကို ဆိုင်ကယ် နဲ့ လိုက် ပို့ ခိုင်းတတ်တယ် ။ ဆိုင်ကယ် မောင်း ရင်း ဘရိတ်အုပ် လိုက် လို့ ကျွန်တော့ ကျောပြင် ကို သူ့ ပုခုံးလေး နဲ့ ဖိကပ် မိ သွားရင် အသက်ရှူ ဖို့တောင် မေ့ မေ့သွားတယ် ။ အသား ယူချင်လို့ မလိုအပ်ဘဲ ဆိုင်ကယ်ဘရိတ် ခဏခဏ နင်းရင် သူ က ရိပ်မိပြီး ကျွန်တော့် ခါး ကို လက်သည်းချွန်ချွန်လေးတွေ နဲ့ ဆိတ် ဆွဲ တတ်တယ် ။ သူ့ လက်ချောင်း သွယ်သွယ်လေးတွေနဲ့ လက်သည်းရှည်ချွန်ချွန်လေး တွေ က အရမ်း လှ တာပဲ ။ လက်သည်း တွေ ကို အဝတ်အစား အရောင် နဲ့ လိုက်အောင် တစ်နေ့ တစ်မျိုး ဆေးဆိုး တတ်တယ် ။ သူ့ လက်သည်းချွန်ချွန်လေး နဲ့ အဆိတ် ခံရလို့ အရာ ထင် တာကို အချစ် ရဲ့အမှတ်တံဆိပ် ခပ်နှိ ပ်ခံရတယ် လို့
တာ ။ အဲဒီ အချိန်တုန်း က တော့ ဒီ လက်သည်းချွန်ချွန်လေး တွေ ဟာ ကျွန်တော့် နှလုံးသား ကို အနာတရ ဖြစ်စေမယ် လို့ မသိခဲ့တော့ သာယာ ခဲ့ ရတာပေါ့ ။
နောက်ပိုင်း သူ နဲ့ ကျွန်တော့် ကို တစ်ရပ်ကွက်လုံး က သမီးရည်းစား တွေ လို့ ထင်လာ ကြတယ် ။ “ မင်း နဲ့ မိစု က ဘယ်လိုလဲ ” မေးလာတဲ့ သူတွေ ကို “ ဘာမှ မဟုတ်ပါဘူးဗျာ ရိုးရိုး ခင်တာပါ ” လို့ သွားဖြီးကြီး နဲ့ ငြင်း နေရတယ် ။ ကျွန်တော် တို့ ဆိုင်ရှင် က လည်း မင်္ဂလာဆောင် ရင် သူ့ ဆိုင် မှာ မင်္ဂလာပွဲ ဖရီး လုပ်ပေးမယ် တဲ့ ။ ဒီ ကြားထဲ မနာလိုသူ တွေ က သူ့ အဖေ ကို သွားပြီး အတို့ အထောင် လုပ်ကြသေးတယ် ။ “ ခင်ဗျား သမီး လက်ဖက်ရည်ဆိုင် က အကြော်ဆရာ နဲ့ ကြိုက် နေလား မသိဘူး ” ဆိုတော့ သူ့ အဖေ က “ ကြိုက်တော့ ဘာဖြစ် လဲ ဗျာ ပေးစား လိုက်မှာပေါ့ ။ အကြော်ဆရာ မှာ ဘာမှ ပြောစရာမရှိဘူး ” တဲ့ ။ မိစု ပြန် ပြောလို့ သိရတာ ။ စိတ်ထဲ က နေ ယောက်ခမကြီး က ဒီလောက် လည်း မဆိုးပါဘူး ၊ အရင် ကောင်တွေ တုန်းက ခေါင်းရိုက် ခွဲတာ ငါ့ လို လူကောင်း သူကောင်း မဟုတ်လို့ ။ သူ့ သမီး မကောင်း တဲ့ ကောင် နဲ့ တွေ့မှာ စိုးလို့ပဲလို့ တွေး လိုက်မိပါတယ် ။
( ၅ )
“ သီရိ ရယ် မဟုတ်တာ မပြောစမ်းပါ နဲ့ ၊ ဘာလဲ မင်းတို့ ညီအစ်မ ရန်ဖြစ်ကြပြန် ပြီလား ”
“ ဟုတ်တယ် ၊ အဲဒီကိစ္စကြောင့်ပဲ ရန်ဖြစ်လာတာ ”
“ အဓိပ္ပါယ် မရှိတာပဲကွာ ”
“ အကြော်ဆရာ့ ဟာမ က အဲဒီ အဓိပ္ပါယ် မရှိတာ လုပ်နေတာလေ ”
“ ဟာ ... တိုးတိုး ပြောပါကွာ ၊ သူများ ကြားလို့ မကောင်းဘူး ”
ဆောင့်ကြီးအောင့်ကြီး နဲ့ ရေခဲသုပ် စား နေတဲ့ သီရိ ကို ကြည့်ပြီး ကျွန်တော် လည်း ဘာ ပြောရမှန်း မသိတော့ဘူး ။ ကြားရတဲ့ သတင်း က မကောင်းဘူး ။ မိစု က ကိုအေးထွန်း ဆိုတဲ့ လူ နဲ့ ကြိုက်နေတာ ကြာပြီ တဲ့ ။ ကိုအေးထွန်း ဆိုတာ ဒီ အပိုင်း မှာ နာမည်ကြီး လူမိုက် ။ လူသတ်မှု နဲ့ ထောင်ကျ ပြီး လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်လာတာ တစ်နှစ် လောက် ရှိပြီ ။ ကျွန်တော် တို့ ဆိုင် ကို မကြာခဏ လာတတ်လို့ မျက်မှန်းတန်း မိ နေတယ် ။ နောက်ပြီး ကိုအေးထွန်း က အိမ်ထောင်ပျက် ၊ ကလေး တစ်ယောက် လည်း ရှိ သေးတယ် ။ ဒီလို လူမျိုး နဲ့ မိစု လိုတက္ကသိုလ်ကျောင်းသူ က ဖြစ်နေကြတယ် ဆို တာ ဘယ်လိုမှ မယုံနိုင်ဘူး ။
“ သီရိရယ် မင်း ပြောတာ ဟုတ်ရော ဟုတ်ရဲ့လား ”
“ ဟုတ်ပါတယ် ဆို ၊ အဲဒီ လူ နဲ့ ဖြစ် နေတာ သူ့ အဖေ သိရင် သ,တ်မှာ ၊ အဲဒါကြောင့် ရပ်ကွက် ထဲ က သူ့ ကို အကြော်ဆရာ နဲ့ ကြိုက်နေတယ် ထင်ပြီး သူ့ အဖေ ကို သွား ပြောကြတာ ကို ငြိမ် နေတာ ”
ကျွန်တော့် ရင် ထဲ ကျင်ခနဲ ဖြစ် သွားတယ် ။ သီရိ ပြောတာ က ကျွန်တော့် ကို ကာဗာ လုပ် ထားတာ ဆိုတဲ့ သဘော ။ ဒီ ကိစ္စ ကို ဘယ်လိုမှ လက်မခံနိုင်ဘူး ဖြစ်နေတယ် ။ ကျွန်တော့် ဘဝ နဲ့ ရော သူ့ ဘဝ နဲ့ ပါ ဆိုင်တဲ့ ကိစ္စ ဖြစ်လို့ မိစု ကို ပွင့်ပွင့်လင်းလင်း မေး ကြည့်ဖို့ ကျွန်တော် ဆုံးဖြတ် လိုက်တယ် ။
သူ နဲ့ ကျွန်တော် မီးခွက်ဈေး မှာ ဈေးသွား ဝယ်ရင်း ပြောစရာ ရှိလို့ ဆိုပြီး လူ ရှင်းတဲ့ ဆိုင် တစ်ဆိုင် မှာ ဝင် ထိုင် လိုက်တယ် ။ ပြီးတော့ ကျွန်တော် ကြားထားတဲ့ ကိစ္စ ဟုတ် ၊ မဟုတ် ပွင့်ပွင့်လင်းလင်း ပဲ မေး လိုက် တယ် ။ သူ ကျွန်တော့် မျက်နှာ ကို စိုက်ကြည့် နေပြီးမှ အိခနဲ ငို ချလိုက်တယ် ။ ပြီးမှ တစ်ရှူး နဲ့ မျက်ရည် သုတ်ရင်း
“ ကိုကြီး ကို ပြောသားပဲ ၊ သမီး ကို မချစ်ပါနဲ့ လို့ ”
“ ဒါ .. ဒါဆို ကိုအေးထွန်း နဲ့ ဖြစ်နေတာ တကယ်ပေါ့ ”
သူ ပါးစပ် က မပြောဘဲ လက် ထဲ က တစ်ရှူး ကိုလိ မ်ကျစ် နေရင်း ခေါင်းညိတ် ပြတယ် ။
“ ဟား ... မိစု ရာ ”
ကျွန်တော့ ရင် ထဲ မှာ ဟာလာဟင်းလင်းကြီး ဖြစ် သွားတယ် ။ ကျွန်တော့် ဘဝ ရဲ့ အစိတ်အပိုင်း တစ်ခု ခု ကို ဆုံးရှုံး သွားရ သလို ခံစားရတယ် ။ ဘာဖြစ်လို့လဲ ။ ဘာဖြစ်လို့လဲ မိစု ရယ် ။ ကျွန်တော့် လို လက်ဖက်ရည်ဆိုင် က မုန့်အကြော်ဆရာ ကို ပြန် မချစ်တာ လက်ခံ ပေးနိုင် တယ် ။ ကိုအေးထွန်း လို လူသတ်သမား ထောင်ထွက် လူမိုက် ကို ရွေးချယ်တာ ကို တော့ ဘယ်လိုမှ နား မလည်နိုင်ဘူး ။ ကိုအေးထွန်း ကို တကယ် ချစ်လို့ ရွေးချယ်တာလား လို့ မေးတော့ မသိဘူး တဲ့ ။ အခု အချိန် မှ တော့ တကယ် ချစ် မချစ် တွေး နေလို့လည်း မထူးတော့ဘူး တဲ့ ။ သူတို့ နှစ်ယောက် အခြေအနေ တွေ လွန်ပြီး နေပြီ ။ ဒီ အကြောင်းတွေ သူ့ ကို ထပ် မပြောပါနဲ့ တော့ လို့ တောင်းပန်တယ် ။ အချစ် ဆိုတာ ကို ကျွန်တော် လည်း နားမလည်တော့ဘူး ။ ကျွန်တော် နားမလည် တဲ့ အရာ ကို တစ်စုံတစ်ယောက် ဆီ က လည်း တောင်း မယူချင် တော့ဘူး ။ အခုမှ တော့ တောင်း ယူလို့ လည်း မဖြစ်တော့ဘူးလေ ။ ဒါ့ကြောင့် သူ့ ကို ညီမ တစ်ယောက် လို သူငယ်ချင်း တစ်ယောက် လို သဘော ထားပြီး ဆက် ခင်သွားပါ့မယ် ဆိုတဲ့ စကား နဲ့ ပဲ နောက်ဆုတ် နေခဲ့ဖို့ ဆုံးဖြတ် လိုက် တယ် ။
( ၆ )
ကျွန်တော် က သာ နောက်ဆုတ် လိုက် ပေမယ့် ပြဿနာ က တော့ ရှေ့ ကို နှစ်ဖာလုံ လောက် ရောက်သွားပါပြီ ။ မိစု နဲ့ စကား ပြောပြီး နောက် တစ်နေ့ ည မှာ ကျွန်တော် အာလူးကြက်သွန် လှီး နေတုန်း သီရိ အမေ မဌေးမြင့် ရောက် လာပြီး ကိုအေးထွန်း က ကျွန်တော့် ကို တွေ့ချင် လို့ ခေါ် ခိုင်းကြောင်း ပြောပါတယ် ။ စိတ် ထဲ ထိတ်ခနဲ ဖြစ် သွားပြီး ပြဿနာ တော့ စပြီ လို့ သိ လိုက်တယ် ။
“ အကြော်ဆရာ ၊ နင်သွားလို့ဖြစ်ပါ့မလား ”
မဌေးမြင့် က လည်း သူ့ သမီး ပြော ပြလို့ ကျွန်တော် တို့ ကိစ္စ ကို သိထားပုံ ရတယ် ။
“ ဖြစ်ပါတယ် ။ သူ နဲ့ ကျွန်တော် ဘာ အကန့် မှ မရှိဘဲ ”
“ ဘာ အကန့် မှ မရှိဘူး လုပ်မနေနဲ့ ။ မနေ့က မီးခွက်ဈေး က အအေးဆိုင် မှာ နင် နဲ့ မိစု ကို သူ့ တပည့် တစ်ယောက် က တွေ့ခဲ့လို့ တဲ့ "
မသွားလို့ လည်း ဖြစ် မှ မဖြစ်ဘဲ ။ မသွားဘဲ ရှောင် နေရင် နောက်ပိုင်း
စိတ် တထင့်ထင့် နဲ့ နောက်ကျော မလုံ ဖြစ်နေရမှာ ထက် အခု ရှင်း လိုက်တာ ပိုကောင်းမယ် ထင် လို့ ကိုအေးထွန်း ချိန်းတဲ့ နေရာ ကို ထွက်လာခဲ့တယ် ။ ချိန်းထားတဲ့ နေရာ ရောက်တော့ ကိုအေးထွန်း က အုတ်ခုံပေါင် ပေါ် ထိုင်ပြီး ဆေးလိပ် သောက် နေတယ် ။ ကျွန်တော့် ကို မြင်တဲ့အ ခါ ဆေးလိပ် ကို အုတ်ခုံ ပေါ် ထိုးချေပြီး မတ်တပ် ရပ်လိုက်တယ် ။
“ အစ်ကို ကျွန်တော့်ကိုခေါ်တယ်ဆို ”
“ အေး ၊ ယောက်ျားချင်း ပွင့်ပွင့်လင်းလင်း ပဲ မေးမယ် ကွာ ၊ မင်း နဲ့ မိစု နဲ့ က ဘာတွေလဲ ”
“ ဘာမှ မဟုတ်ဘူး အစ်ကို ၊ ရိုးရိုး ပဲ ခင်တာ ”
“ ဘာ ရိုးရိုးလဲ .. ၊ မင်း မိစု ကို ပေးတဲ့ စာတွေ ငါ အကုန် ဖတ်ပြီးပြီ ”
ကောင်းရောပဲ ။ ကျွန်တော် ဘာ ဆက် ပြောရမှန်း မသိတော့ ။
“ မဟုတ်ဘူး အစ်ကို ၊ ကျွန်တော် သူ့ ကို စာ ပေးတာ မှန်တယ် ။ ဒါပေမဲ့ သူ့ ဘက်က ကျွန်တော့် ကို ဘာမှ မတုံ့ပြန်ဘူး ။ သူ့ မှာ ရည်းစား ရှိတယ် ပြောလို့ ကျွန်တော် ဆက် မလိုက်တော့ဘူး ”
“ ငါ နဲ့ ဖြစ်နေတာ မင်း မသိဘူးလား ”
“ တကယ် မသိဘူး အစ်ကို ၊ အစ်ကို နဲ့ ပတ်သတ်နေမှန်း သိရင် ကျွန်တော် ရှောင်တာပေါ့ ”
“ မဟုတ်သေးဘူး ။ ဒီ ကိစ္စ ကို မင်း နဲ့ ငါ ခု အပြတ် ရှင်းမှ ရမယ် ”
ပြောပြောဆိုဆို နဲ့ နောက် ခါးကြား ကို လက်နှိုက် ပြီး ဆွဲထုတ် လိုက် တော့ ဓားတစ်ချောင်း ပါလာတာ တွေ့ လိုက်ရတယ် ။ ဓား က သေနတ် ထိပ် မှာ တပ်တဲ့ ဘက်နက်ကြီး ၊ အရှည် တစ်တောင် လောက် ရှိတယ် ။ ဒါ ကြီး ဗိုက် ထဲ ဝင် သွားရင် ကျောက ဖောက် ထွက် သွားမှာ ။ ကျွန်တော် ဆက် မတွေးရဲတော့ဘူး ။ ကိုအေးထွန်း က ဓားကြီး တရွယ်ရွယ် နဲ့ စကားတွေ ဆက် ပြောနေတယ် ။ သူ ဘာတွေ ပြောနေလဲ ကျွန်တော် မသိတော့ ။ ကျွန်တော် သူ့ ကို ဘာတွေ ပြန် ပြောနေမှန်း လည်း မသိတော့ဘူး ။ ကျွန်တော့် ရင်တွေ တဒိုင်းဒိုင်း ခုန် နေတာ နှလုံးသား တောင် ထွက်ကျလာမလား ထင် ရတယ် ။ အာခေါင် ထဲ လည်း တံတွေး တစ်စက် မှ မရှိတော့ပဲ ခြောက်သယောင်း နေပြီ ။ ကျွန်တော့် တစ်သက်လုံး မှာ အဲဒီ အချိန်က အကြောက်တရား က အကြီးမားဆုံး ပဲ ။ ( အခု ပြန် တွေးကြည့် ရင် တောင် ရင် ထဲ တလှပ်လှပ်နဲ့ ) ကျွန်တော့် အာရုံ က သူ့ လက်ထဲ က ဓား ဆီ မှာ ပဲ ရှိတယ် ။ သူ လက် လှုပ်လိုက်တာ နဲ့ ပြေးဖို့ အသင့် ပြင်ထားပြီးသား ပဲ ။ သူ က လူ သတ်ပြီး လက်ယဉ် နေတဲ့ လူမိုက် ။ ကျွန်တော် က လက်သီး တောင် ကောင်းကောင်း ထိုးဖူး တာ မဟုတ် ဘူး ။ အချစ် အတွက် အသက် ပင် သေသေ ဆိုတာ ဝတ္ထု တွေ သီချင်း တွေ ထဲ ပဲ ဖတ် လို့ ကောင်း ၊ နားထောင် လို့ ကောင်းတာလေ ။
ကိုအေးထွန်း က ကျွန်တော့် ကို စကား ပြောရင်း သူ့ အိတ် ထဲ က ဆေးလိပ်ဘူး ထုတ်ပြီး ဆေးလိပ်တ စ်လိပ် မီးညှိ လိုက်တယ် ။ ဆေးလိပ် မီး ညှိတဲ့ အခါ လေတိုက်နေ လို့ ဓား ကိုင် ထားတဲ့ လက် နဲ့ လေ ကာပြီး မီးညှိ တော့ ကျွန်တော့် ကို ရွယ်ထား တာ က ခဏ လွတ်သွားတယ် ။ အဲဒီ အချိန်မှာ မထင်မှတ် ထားတာ တစ်ခု ကို ကျွန်တော် ပြုမူ လိုက်တယ် ။
“ အစ်ကို ကျွန်တော့် ကို လည်း ဆေးလိပ် တစ်လိပ် လောက် တိုက်ပါလား ”
ကိုအေးထွန်း က ပေစောင်းစောင်း နဲ့ ကြည့်ပြီး ရော့ ဆိုပြီး ဆေးလိပ်ဘူး နဲ့ မီးခြစ် ထိုး ပေးတယ် ။ ကျွန်တော် လည်း ဆေးလိပ် တစ်လိပ် မီး ညှိ ဖွာရှိုက် ပြီး ဆေးလိပ်ဘူး နဲ့ မီးခြစ် သူ့ ကို ပြန် ပေးလိုက်တယ် ။ ကိုယ့် ကို ဓားကြိမ်း ကြိမ်း နေတဲ့ သူ ဆီ က ဆေးလိပ် တောင်း သောက်လို့ ကျွန်တော့် ကို ထီ မထင်တဲ့ ‘ အာဂကောင် ’ လို့ ထင်ကြ လိမ့်မယ် ။ တကယ်တော့ ကြောက်ကြောက်လန့်လန့် နဲ့ လုပ်မိ လုပ်ရာ လုပ်လိုက်တာ ။ ဆေးလိပ် နှစ်ဖွာ သုံးဖွာ ဖွာ လိုက်တော့ စိတ် ထဲ နည်းနည်း ငြိမ်သွားတယ် ။ ဒီတော့မှ ကျွန်တော် သူ့ ကို မရဲတရဲ နဲ့ မေး လိုက်တယ် ။
“ အစ်ကို ၊ အကို က မိန်း မတစ်ယောက် အတွက် နဲ့ ထောင် ထဲ ပြန် ဝင် မှာလား ”
ကိုအေးထွန်း တွေခနဲ ဖြစ် သွားတယ် ။ ပြီးမှ -
“ အေး ၊ မဝင်နိုင်ဘူး ငါ့ အသိုင်းအဝိုင်း ထဲ မှာ နာမည် ကျတယ် ”
ပစ်ချက် မှန်သွားတယ် ။ သူ့ အသိုင်းအဝိုင်း ဆိုတာ လူမိုက် အသိုင်းအဝိုင်း ကို ပြောတာ ။ လူမိုက် တစ်ယောက် မှာ လည်း သူ ထိန်းသိမ်းရမယ့် မိုက်ဂုဏ်လေး ရှိနေတယ် မဟုတ်လား ။ ကျွန်တော် အားတက် သွားပြီး ဆက် ပြောလိုက်တယ် ။
“ ကျွန်တော် လည်း မိန်းမ အတွက် နဲ့ အသေ မခံနိုင်ဘူး ။ အဲဒီတော့ အစ်ကို ဘာ ဖြစ်စေချင်လဲ ၊ မိစု နဲ့ မပတ်သက်စေချင်ဘူး ဆို ကျွန်တော် သူ နဲ့ လုံးဝ မပတ်သက်တော့ဘူး ”
ကိုအေးထွန်း ကို ကတိ အထပ်ထပ် ပေးပြီး သူ စိတ် မပြောင်းခင် အမြန် ပြန် လစ်လာခဲ့ရတယ် ။ အဲဒီ ညက ကျွန်တော့် ကို ဓား နဲ့ ထိုးမယ့် သူ ဆီ က ဆေးလိပ် တစ်လိပ် တောင်း သောက်ပြီး အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ ပါတယ် ။ နောက် ရက်တွေ မှာ မိစု နဲ့ အဆက်အဆံ မလုပ်တော့ဘူး ။ တစ်ခါ တလေ သူ့ အကြောင်း တွေး မိရင် တစ်ထောင် လောက် ရှိတဲ့ ဘက်နက်ကြီး ပါ သွား မြင်ပြီး ဗိုက် ထဲ ယားကျိကျိ ဖြစ် လာလို့ စိတ် ကို ချက်ချင်း ဖျောက်ဖျက် ပစ် ရတယ် ။ လ ကုန်တာနဲ့ အဲဒီ လက်ဖက်ရည်ဆိုင် က ပါ အလုပ် ထွက်ပြီး ပြောင်း ခဲ့ လိုက်တယ် ။
( ၇ )
အဲဒီ အချိန်တည်း က စပြီး အခု ထိ ကျွန်တော် အချစ် ကို ထပ် မရှာ ဖြစ် တော့ဘူး ။ ဘာဖြစ်လို့လည်း ဆိုတော့ အချစ် ကို ကျွန်တော် နားမလည် သေးဘူး ထင် လို့ ။ ကျွန်တော် နားမလည် တဲ့ အရာ ကို သူများ ဆီ ကလည်း တောင်း မယူချင်ဘူး ။ တစ်နေ့ နေ့ တော့ ကျွန်တော် အချစ် ကို နားလည် နိုင်လိမ့်မယ်လို့ ထင်တယ် ။ နောက်ပြီး အချစ် ကို နားလည်တဲ့ တစ်စုံတစ်ယောက် က ကျွန်တော့် ကို အချစ်တွေ ပြန် ပေးနိုင်မယ် လို့ လည်း မျှော်လင့် မိတယ် ။ ဒါပေမဲ့ အဲဒီ အချိန် ကျရင် ကျွန်တော် တို့ ရဲ့ အချစ်ဇာတ်လမ်း ထဲ တစ်တောင် လောက် ရှိတဲ့ ဓားကြီး ပါ မလာ ဖို့တော့ ဆုတောင်း နေရပါတယ် ။
◾ လင်းခေတ်ဇော်
၂၈ . ၂ . ၂၀၁၉
ည ( ၁၁ ) နာရီ ( ၅၂ ) မိနစ်
📖 တစ်ယောက် တစ်ဘဝ ( ၃ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment