Saturday, June 15, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၅ )


 

မကောင်းတဲ့ ဉာဉ် လို့ ပြောရမလား ၊ ကောင်းတဲ့ ဉာဉ် လို့ ပြောရ မလား ၊ မပြောတတ်ဘူး ။ ကိုဘဂျမ်း မှာ အသစ် တီထွင်ချင် တဲ့ ဉာဉ် ၊ လုပ်ရိုးလုပ်စဉ် မဟုတ် တဲ့ အလုပ် ကို လုပ်ချင် တဲ့ ဉာဉ် ၊ အများနဲ့ မတူချင် တဲ့ ဉာဉ် ရှိတယ် ။ အဲသည် ဉာဉ် က ပဲ သူ့ ရဲ့ ဘဝ ကို အောင်မြင် စေခဲ့တယ် ။ အဲသည် ဉာဉ် ကပဲ သူ့ကို သ,တ် သွားတယ် ။

နောက် တခု လဲ ရှိသေးတယ် ။ အဲဒါက တော့ အခြေအနေ ဆိုပါတော့ ။

ကိုဘဂျမ်း ကုသိုလ်ကံ ကောင်းတယ် လို့ ပဲ ပြောရမလား ၊ ကုသိုလ် ကံ မကောင်းဘူး လို့ ပဲ ပြောရမလား မသိဘူး ။ အဲသည် အခြေအနေ က ပဲ ကိုဘဂျမ်း ရဲ့ ဘဝ ကို တိုးတက် ကြီးပွားအောင် လုပ်ဆောင် ပေးခဲ့တယ် ။ ပြီးတော့ အဲသည် အခြေအနေ က ပဲ နောက်ဆုံး ကာလ မှာ ကိုဘဂျမ်း ကို ဒုက္ခ အမျိုးစုံ ပေးပြီး သ,တ် သွားတယ် ။

သည်လို ရှိတယ်လေ ။

သည် အကွက် မှ မရွှေ့ ယင် သည့်ပြင် အကွက် လဲ ရွှေ့စရာ မရှိပါဘူး ။ မင်္ဂလာဆောင် ပြီး တာ နဲ့ တပြိုင်နက် မအေးနု တို့ အိမ် ကို ကိုဘဂျမ်း ပြောင်း လာခဲ့ရတယ် ။

မအေးနု တို့ အိမ် က ကျယ် ပါတယ် ။ ခြံကလေး ဝင်းကလေး လဲ ရှိတယ် ။ အိမ် ရဲ့ ဘေး ပတ်ပတ်လည် မှာ မြေလွတ် ရှိတယ် ဆိုပါ တော့ ။ အိမ် က တော့ တပေ လောက် မြင့် တဲ့ အုတ်ခုံ ပေါ် မှာ ဆောက် ထားတယ် ။ သာမန် လေးပင်သုံးခန်း အိမ် ပါပဲ ။ အိမ် ရှေ့ မှာ အလယ်ခန်း ကို ရှေ့ ထုတ်ပြီး ဆင်ဝင် လုပ် ထားတယ် ။ အိမ် နောက်ဘက် မှာ သီးသန့် ဆောက် ထားတဲ့ မီးဖိုဆောင် ရှိတယ် ။ အိမ် က တော့ ပျဉ်ထောင် ၊ ပျဉ်ခင်း ၊ သွပ်မိုး ၊ နှစ်ထပ် အိမ် ပါပဲ ။

ဘယ် ခုနစ် လောက် က ဆောက် ထားတယ် တော့ မပြော တတ်ဘူး ။ ကိုဘဂျမ်း ရောက်တဲ့ အချိန် မှာ တော့ အိမ်ကလေး က အတော် ဟောင်း နေပြီ ။ အညာ အိမ် ဆိုတော့ ထုံးစံ အတိုင်း တနှစ် တကြိမ် ရေနံချေး သုတ် တာပေါ့လေ ။ ရေနံချေး သုတ် တယ် ဆိုတော့ သိတဲ့ အတိုင်း ညိုမည်း နေတာပေါ့ ။

ကိုယ် မပိုင်ပေမယ့် လဲ တိုက် နဲ့ နေလာခဲ့တဲ့ ကောင် ဆို တော့ မအေးနု တို့ အိမ် ကို ရောက် စ က နည်းနည်း အနေရ ခက် တယ် ။ ပြတင်းပေါက် တွေ ဖွင့် ထား ပေမယ့် အထဲ မှာ မှောင် နေတယ် ။ သစ်သားအိမ် ဆိုတော့ အောက်ထပ် က လဲ သိပ် မမြင့် လှဘူးလေ ။ ကု,လားထိုင်ပေါ် က တက်ပြီး မတ်တတ် ရပ် လိုက် ယင် ကြမ်းခင်း ကို လက် နဲ့ လှမ်း ထိ လို့ ရတယ် ။ မီးချောင်း က ဟောင်း လို့ နည်းနည်း လှည့် ပေး မှ လင်းတယ် ဆိုယင် သည်လို ပဲ လှမ်း လုပ်ရတာပဲ ။

သန့်သန့်ရှင်းရှင်း မနေတတ်ဘူး လို့ တော့ မဝေဖန်ချင် ပါဘူး ။ ဒါပေမယ့် အိမ် ထဲ မှာ ရှုပ်ပွ နေတာပဲ ။ အောက်ထပ် မှာ အခန်း နှစ်ခန်း က လဲ ဖွဲ့ ထား လိုက် သေးတယ် ။ တခန်း မှာ က မအေးနု တို့ အမေ နဲ့ အငယ်ဆုံး နှစ်ယောက် နဲ့ အိပ်တယ် ။ နောက် တခန်း မှာ က ခင်မောင်ဦး နဲ့ ခင်မောင်လတ် အိပ်တယ် ။ လေးပင်သုံးခန်း အိမ် မှာ ဘေး နှစ်ဘက် က အခန်း နှစ်ခန်း လုပ် ထား လိုက်တော့ အလယ် ခန်း တခန်း ပဲ  လူသွားလမ်း ရှိတော့ တယ် ။ အဲသည် လူသွားလမ်း က နောက်ဖေး ပေါက် ကို ထွက် တယ် ။ မီးဖိုဆောင် ကို သွားရတယ် ။

ပြဿနာ က မအေးနု တို့ အမေ လဲ သည် အိမ်ထောင်ကြီး ကို တယောက် တည်း ဘယ် ထိန်းသိမ်း သန့်ရှင်း နေနိုင်ပါ့ မလဲ ။ သားသမီး ကိုးယောက် ရဲ့ တာဝန် ဆိုတာ က နည်းတာ မှ မဟုတ် ပဲ ။ အချိန်မီ ဈေး သွားရတယ် ။ ကျောင်းသမား တွေ အတွက် ကျောင်းချိန် မီ ကို ချက်ရ ပြုတ်ရ တယ် ။ ဈေးသမား အတွက် ဈေးချိန် မီ အောင် ချက်ရ ပြုတ်ရ တယ် ။ နေ့ခင်း နေ့လယ် ဘက် ကျတော့ လဲ ဆေးရ ကြောရ ၊ လျှော်ဖွပ်ရ နဲ့ အားရတယ် လို့ ကို မရှိပါဘူး ။ သည် အထဲ မှာ အငယ်တွေ က ရှိ သေးတယ် ။ ကျောင်း မထားရသေး တဲ့ အရွယ် ကို က နှစ်ယောက် ရှိသေးတယ် ။

နောက် တခု က လဲ သားသမီး ကိုးယောက် မှာ ယောက်ျား ကလေးတွေ က များတယ် ။ အကြီးဆုံး ဖြစ်တဲ့ မအေးနု ရယ် ၊ ပဉ္စမမြောက် ဖြစ်တဲ့ လှနု ရယ် ၊ နို့ညှာ ဖြစ်တဲ့ ထွေးနု ရယ် က လွဲလို့ ကျန်တဲ့ ခြောက်ယောက် က မျောက်လောင်းတွေ ချည်းပဲ ။ ခင်မောင်ဦး နဲ့ ခင်မောင်လတ် က တော့ သူတို့ အဖေ မရှိတော့ တဲ့ နောက်ပိုင်း မှာ အတိုင်းအတာ တခု အထိ လိမ္မာ လာကြပါရဲ့ ။ အိမ် အလုပ် ကို လဲ တတ်နိုင်သမျှ ကူညီ လုပ်ဆောင်ကြပါရဲ့ ။ ဒါပေမယ့် ကျန်တဲ့ အငယ် ခြောက်ယောက် အတွက် က တော့ အမေ က ပဲ တာဝန် ယူရ တယ် ။

ပြောရယင် မအေးနု တို့ မောင်နှမ တတွေ က စည်းကမ်း မရှိကြဘူး ။ သူတို့ အဖေ လက်ထက် တုန်း က တော့ ဘယ်လို စည်းကမ်းတွေ နဲ့ ဘယ်လို နေထိုင်ခဲ့ကြတယ် မပြောတတ်ဘူး ။ ကိုဘဂျမ်း တွေ့ ရတဲ့ အချိန် မှာ တော့ ကိုယ့် အိပ်ရာ ကိုယ် မသိမ်းကြ ဘူး ။ ကိုယ့် အဝတ် ကိုယ် မလျှော်ကြဘူး ။ ကိုယ့် အခန်း ကိုယ် တံမြက်စည်း မလှည်းကြဘူး ။ ယုတ်စွ အဆုံး ၊ ကိုယ် စား တဲ့ ထမင်းပန်းကန် တောင် ကိုယ် မဆေးကြဘူး ။ အမေ လုပ်တဲ့ လူ က လဲ ဘာမှ မပြောဘူး ။ ဆုံး လဲ မဆုံးမဘူး ။ သူ တယောက် တည်း အကုန် သိမ်းကျုံး ပြီး လုပ်တာပဲ ။ ပြဿနာ က ဝင်းကလေး ခြံကလေး ရှိတယ် ဆိုပေမယ့် အိမ်ဘေး ပတ်ပတ်လည် က မြေနေရာ လွတ် တွေ မှာ လဲ နေရောင် သိပ် မရလှဘူး ။ အိမ်ဘေး ပတ်ပတ်လည် မှာ က မန်ကျည်းပင်ကြီး တွေ ရှိ နေတယ် ။ အိမ်ဝင်း ထဲ မှာ ကို မန်ကျည်းပင် က လေးပင် ရှိတယ် ။ မြေနေရာ လွတ် ဆိုတာ က လဲ တကယ်တော့ သိပ် ကျယ်လှတာ မဟုတ်ပါဘူး ။ ဘေး နှစ်ဘက် မှာ က အလွန်ဆုံး ကျယ်လှယင် လေးပေ ပေါ့ ။

အိမ် ရှေ့ မှာ က လဲ ဆင်ဝင် ရဲ့ ညာဘက် မှာ ရေတိုင် ရှိ တယ် ။ နောက်ဖေး မှာ ရေတိုင် မရှိဘူး ။ တအိမ်လုံး အတွက် ရေ တတိုင် ပဲ ရှိတယ် ဆိုတော့ ရေ လာတဲ့ အချိန် မှာ စည်ပိုင်းတွေ ၊ စဥ့်အိုးတွေ နဲ့ ရေခပ် ထား ရတယ် ။ သုံးရေ နဲ့ သောက်ရေ အတွက် က ရာဝင်အိုး နှစ်လုံး ။ ချိုးဖို့ နဲ့ လျှော်ဖို့ ဖွပ်ဖို့ အတွက် က စည်ပိုင်း နှစ်လုံး ။ ရေ လာချိန် မှာ ဒါတွေကို အပြည့် ဖြည့် ထား ရတယ် ။ သုံးဖို့ သောက်ဖို့ အတွက် က တော့ သည် စဉ့်အိုး နှစ်လုံး က ကောင်းကောင်း လောက် ပါတယ် ။

ဒါပေမယ် ချိုး ဖို့ အတွက် က တော့ နွေ ဆိုယင် မလောက် ဘူး ။ ဆောင်းတွင်း ဆိုတော့ များသော အားဖြင့် နေ့စဉ် ရေ မချိုးကြဘူး လေ ။ ခင်မောင်လတ် တို့ ခင်မောင်ထွေး တို့ ဆိုယင် တဆောင်းတွင်း လုံး နေလို့ ရေ တခါ ချိုးတာ မမြင်ရဘူး ။ ဈေး နား တဲ့ ရက် ၊ ကျောင်း အားတဲ့ ရက် ၊ နေပူချိန် မှာ သူတို့ အမေ က ချိုးပါ ပြောတာ တောင် မချိုးကြဘူး ။

အဲ .... နွေဘက် မှာ ဆိုယင် တော့ အလုအယက် ပဲ ။ နွေဘက် မှာ ဆိုယင် မအေးနု တို့ အမေ့ မှာ လဲ ရေ လာတဲ့ အချိန်ကလေး အတွင်း မှာ ကလေးငယ်တွေ ကို ရေချိုး ပေးရတယ် ။ လျှော်ရ ဖွပ်ရတယ် ၊ အား မှ လုပ်လို့ မရဘူး ။

ဆိုပါတော့ ။ အိမ်ရှေ့ ဆင်ဝင် ရဲ့ ညာဘက် မှာ က ရေ ချိုးတဲ့ နေရာ ။ ဆင်ဝင် ရဲ့ ဗယ်ဘက် မှာ က တော့ သစ်သား ကွပ်ပျစ်ကြီး တလုံး ချ ထားတယ် ။ မန်ကျည်းပင် တပင် က လဲ ရှိတော့ အဲသည် ဘက် က အရိပ် ရတယ် ။ နေ့ မှာ ဆိုယင် အိမ် အပြင်ဘက် အဲသည် ကွပ်ပျစ် ပေါ် မှာပဲ  တချို့ ထွက် အိပ်ကြတာပဲ ။

အိမ် ရဲ့ အနောက်ဘက် မှာ ကျတော့ လဲ အလယ် တည့်တည့် မှာ မီးဖိုဆောင် ဆောက်ထားတယ် ။ အညာ က မီးဖိုဆောင် ဆို တာ သိတဲ့ အတိုင်း ကျယ်ဝန်းတယ် ။ အထဲ မှာ ချက်ပြုတ်ဖို့ မီးဖို နေရာ လဲ ရှိတယ် ။ ဆေးကြော ဖို့ နေရာ လဲ ရှိတယ် ။ ပန်းကန်စင် ရှိတယ် ။ ကြောင်အိမ် ရှိတယ် ။ သုံးရေအိုး တယ် ။ သောက်ရေအိုးစင် လဲ ရှိသေးတယ် ။ ဒါကို တခြမ်း မှာ က ကွပ်ပျစ် အပြည့် ခင်း ထား လိုက်သေးတယ် ။ အဲသည် ကွပ်ပျစ် ပေါ် မှာ စားပွဲဝိုင်း ခင်းပြီး တင်ပျဉ်ခွေ ထိုင် စား ကြတာပဲ ။

ဆိုတော့ ကာ မီးဖိုဆောင် ရဲ့ ညာဘက် နဲ့ ဗယ်ဘက် မှာ မြေကွက်လပ် ရှိဘယ် ။ အဲသည် မြေကွက်လပ် နှစ်ခု မှာ က တော့ အိမ်သာ ပဲ ။ အိမ်သာ ဆိုတာ က တော့ တွင်း အိမ်သာ ပါ ။ ညာဘက် မှာ တွင်း ပြည့် သွားယင် ဗယ်ဘက် မှာ တူးတယ် ။ အိမ်သာ ကို ရွှေ့တယ် ။ ဗယ်ဘက် မှာ ပြည့် သွား ပြန်ယင် ညာဘက် မှာ ပြန် တူးတယ် ။ အိမ်သာ ကို ရွှေ့တယ် ။ တလှည့်စီ ပဲ ။

ဆိုလိုတာ က ခြံကလေး ဝင်းကလေး ရှိတယ် ဆိုပေမယ့် မကျယ်ဝန်းပါဘူး ။ ပြီးတော့ မန်းကျည်းပင်တွေ အုံဆိုင်း ထား တဲ့ အတွက် နေရောင် ကောင်းကောင်း မရဘူး ။ နွေဘက် မှာ ဆိုယင်တော့ အရိပ် လဲ ရပါရဲ့ ။ အေး လဲ အေးပါရဲ့ ။ ဒါပေမယ့် မန်ကျည်းရွက်ကြွေ တွေ က အမှိုက် ရှုပ်တယ် ။ လှည်း လို့ မနိုင်ဘူး  ။

အဲ ... ဆောင်းတွင်း တို့ မိုးတွင်း တို့ ဆိုယင်တော့ သည် မန်ကျည်းပင်ရိပ်တွေ ကြောင့် အေးပြီး စိမ့် နေ တော့တာပဲ ။

ပြီးတော့ အိမ် ထဲ မှာ မှောင် လဲ မှောင်တယ် ။ နေဝင်စ အချိန် မှာ ပြတင်းပေါက် တွေ အကုန် ပိတ်ပြီး နနှင်းမှိုင်း တိုက်တာ တောင် ညဘက် ကျ ယင် ခြင်တွေ က တပ် နဲ့ ချီ လာတယ် ။ သဲ နဲ့ ဆုပ်ပြီး ပက်သလိုပဲ ဆိုတာ တရားလွန် တင်စား ပြောတာ မဟုတ်ဘူး ။ အဖြစ်မှန် အတိုင်း ပြောတာ ။ ပြောယင် ယုံချင် မှ ယုံမယ် ။ ဒန်အိုး စလောင်းဖုံး ကို ဆီ သုတ် ပြီး လေးငါးဆယ်ချက် ရမ်း လိုက်ရုံ နဲ့ တဘက် တဘက် မှာ ခြင် အကောင် တရာ ကျော် စီ ကပ်ပြီး ပါလာတာ ကို တွေ့ရတယ် ။

အိမ် ရှေ့ မှာ ရေမြောင်း လဲ မရှိပါဘူး ။ ရေ ဝပ်တဲ့ နေရာ လဲ မရှိပါဘူး ။ မိုးတွင်း မှာ က လွဲယင်ပေါ့ လေ ၊ ဒါပေမယ့် အိမ် ထဲ မှာ ကို က ခြင် အောင်းစရာ နေရာတွေ များတယ် ။ အခန်း တွေ က လဲ ရှိသေးတယ် ။ ခုတင်တွေ က လဲ ရှိသေးတယ် ။ စာအုပ် တွေ ၊ စာဖောင် တွေ တင် ထားတဲ့ သစ်သားစင်တွေ က လဲ ရှိသေး တယ် ။ ပြီးတော့ သည် အောက်တွေ မှာ က ရှုပ်ပွ နေတယ် ။ နှစ် နဲ့ ချီ ပြီး မလှည်းမကျင်း ပဲ ထားတယ် ။ ခြင် ကို ဘယ် နှိမ်နင်းနိုင် ပါမလဲ ။

ကိုဘဂျမ်း တို့ အတွက် တော့ အပေါ်ထပ် ဆင်ဝင် မှာ အခန်းကလေး တခန်း ဖွဲ့လိုက်တယ် ။ ကိုဘဂျမ်း မရောက်ခင် က အပေါ် ထပ် မှာ အခန်း လုံးဝ မရှိဘူး ။ ဇရပ်ကြီး လို ပဲ ။ ဒါပေမယ့် အပေါ်ထပ် မှာ လဲ နေရာလွတ် သိပ် မရှိပါဘူး ။ စာအုပ်ထုပ် တွေ ၊ စာဖောင်ထုပ် တွေ ၊ စက္ကူထုပ် တွေ နဲ့ ပြည့် နေတယ် ။ မျက်နှာကြက် က လဲ မရှိ ၊ ပြတင်းပေါက်တွေ မှာ အခန်းဆီး က လဲ မရှိ တော့ ၊ လေ တိုက်တိုင်း ဖုန်တွေ ဝင် လာတယ် ။ အဲသည် ဖုန်တွေ က လဲ မလှည်းမကျင်း တာ ကြာ တော့ ဘယ်နေရာ ကိုင်လိုက် ကိုင်လိုက် ၊ ဘယ်နေရာ ထိုင်လိုက် ထိုင်လိုက် လူ ကို ပေ ကုန်တယ် ။ လှည်းဖို့ ကျင်းဖို့ ဆိုတာ က လဲ မလွယ်ဘူးလေ ။ ကြမ်းပြင် ချည်း ဆိုယင် တော့ လွယ်တာပေါ့ ။ အခုတော့ ဆိုင် က ပစ္စည်းတွေ နဲ့ ပြည့် နေတယ် ။ သည် စာအုပ်ထုပ် တွေ ပေါ် မှာ က လဲ ဖုန်တွေ တက် နေတယ် ။ ခေါင်မိုး ကို မော့ ကြည့် လိုက် ယင် လဲ ပင့်ကူမျှင် တွေ နဲ့ ။ မလွယ်ပါဘူး ။

ကိုဘဂျမ်း တို့ ဆိုယင် လှေကား က တက် လာပြီး ကိုယ့် အခန်း ကိုယ် သွားမယ် ဆိုပါတော့ ။ အပေါ် တက် မှာ မို့ ဖိနပ် မစီးချင် ပေမယ့် စီးရတယ် ။ ဖိနပ် မစီးယင် ခြေဖဝါးတွေ ဖုတ်တွေ ပေ ကုန်မယ် ။ မည်း ကုန်မယ် ။ အိပ်ရာ ပေါ် တက် လိုက် ယင် အိပ်ရာခင်း လဲ မည်း ပြီပေါ့ ။ သည်တော့ စီး ရတယ် ။ မအေးနု လဲ စီး တာပဲ ။ အဲ ... ခြင်ထောင် ချ လိုက်ပြီ ဆိုယင် လဲ ခြင်ထောင် အောက်စ တွေ ကို လင်မယား နှစ်ယောက် မြန်မြန် ဖိ ရတယ် ။ ဒါတောင် ခြင်ထောင် ထဲ မှာ သုံးလေးငါးကောင် လောက် က တော့ ဝင် တာပဲ ။ အဲဒါကို မီးချောင်း ထွန်းပြီး မအိပ် ခင် မှာ လိုက် ရိုက်သ,တ်ရတယ် ။

ဒါပေမယ့် မီးခလုတ် ကို ဘယ်သူ ထွက် ပိတ်မလဲ ။ ညဘက် မှာ ကော အပြင် မထွက်တော့ဘူးလား ၊ ရေ ထွက် မသောက်တော့ ဘူးလား ။ မရပါဘူး ။ ဝင်တာပါပဲ ။ မနက် မိုး လင်း လာ လို့ ကြည့် လိုက်ယင် ခြင်ထောင် ထဲ မှာ သွေးဝ နေတဲ့ ၊ ကောင်းကောင်း မပျံနိုင်တော့ တဲ့ ခြင်ကောင် တကောင် နှစ်ကောင် လောက် က တော့ တွေ့ရမြဲပါပဲ ။

ပြောလို့ ပြောတာ မဟုတ်ဘူး ။ တိုက် နဲ့ နေလာခဲ့ရတာ ခုနစ်နှစ် ရှစ်နှစ် ကြာ လာတော့ သည် အိမ် ကို ပြောင်းလာခါ စ တုန်း က ကိုဘဂျမ်း မနေတတ်ဘူး ။ မနေချင်ဘူး ။ သစ်သား အိမ် ဆိုတာ တိုက် နဲ့ စာယင် လေဝင်လေထွက် ပို ကောင်းရမယ့် အစား ၊ သည် အိမ် မှာ ကတော့ ပို မွမ်းကျပ်တယ် လို့ ထင်တယ် ။ ဒါပေမယ့် ဆောင်း မှာ ကျတော့လဲ လေ မလုံပြန်ဘူး ။ တိုက် မှာ ထက် ပို အေးတယ် ။ နွေဘက် ရောက် ပြန် တော့လဲ မျက်နှာကြက် က မရှိတော့ သွပ်မိုး အရှိန် နဲ့ ပို ပူတယ် ။ မိုးတွင်း ညဘက် မှာ များ မိုး ရွာ လိုက်ပြီ ဆိုယင်လဲ ကိုဘဂျမ်း အဟုတ် ကို လန့်နိုးတယ် ။ သွပ် ပေါ် ကို မိုးပေါက် ကျတဲ့ အသံ ကိုဘဂျမ်း မကြားရတာ ကြာ ပြီလေ ။

ဒါပေမယ့် ကိုဘဂျမ်း ချေး မများတတ်ပါဘူး ။ အထိုက် အလျောက် နေ တတ်ပါတယ် ။ မအေးနု တို့ မိသားစု ရဲ့ စရိုက် ကို မပြောနဲ့ ။ ကိုယ် က ချစ်တဲ့ ၊ ကိုယ့် ကို ချစ်တယ် ဆိုတဲ့ မအေးနု ရဲ့ စရိုက် ကို တောင် ကိုဘဂျမ်း မဝေဖန်ပါဘူး ။ အကောင်း အဆိုး မပြောပါဘူး ။

မိုး လင်းတယ် ဆို ယင် မအေးနု က မိန်းမ ဆိုတော့ ကိုဘဂျမ်း ထက် စော ထ ရလေ့ ရှိတယ် ။ မအေးနု မှာ က သာမန် မျက်နှာသစ် ရုံ တွင် မကဘူး ။ ဆွမ်းတော် တင် ရမယ် ။ သောက် တော်ရေ လဲ ရမယ် ။ ဘုရား ဝတ်ပြုရမယ် ။

ပြီးတော့ အမေ့ ကို အချိန် ရသခိုက် ကူနိုင်သမျှ ကူ ရ မယ် ။ ပြီးတော့မှ ရေမိုး ချိုးရမယ် ။ အလှပြင် ရမယ် ။ အဝတ် လဲ ရမယ် ။ ဈေး သွား ရမယ် ။ ဆိုလိုတာ က အလုပ် များတယ်လေ ။

ကိုဘဂျမ်း အဖို့ က တော့ အိပ်ရာ က ထ ၊ မျက်နှာ သစ်ပြီး ယင် ပြီးတာပဲ ။ ယောက်ျား ဆိုတော့ ပုဆိုးကလေး အင်္ကျီ ကလေး ကောက် စွပ် လိုက်ရတာက လဲ ခဏပဲ ။ ဆံပင် ဖြီးတယ် ဆိုတာ က လဲ မှန် မကြည့်ပဲ ဘီးကလေး နဲ့ ဆွဲ ခြစ် လိုက်ရုံပဲ ။ စုစုပေါင်း ငါးမိနစ် မကြာပါဘူး ။

မနက်စာ လက်ဖက်ရည် တို့ ၊ မုန့် တို့ ဆိုတာ က လဲ မအေးနု တို့ အိမ် မှာ က စားလေ့စားထ မရှိကြဘူးလေ ။ ကျောင်းသား တွေ အတွက် နဲ့ အငယ်တွေ အတွက် သာ ကိုယ် ကြိုက်ရာ ကိုယ် ဝယ် စားဖို့ မုန့်ဖိုး ပေးလေ့ ရှိ သတဲ့ ။ ဒါကလဲ သူတို့ အဖေ ရှိတုန်း ကတည်း က လုပ်ထားခဲ့တဲ့ အကျင့် လို့ ပြောတယ် ။ ဈေးသမားတွေ အတွက် က မလိုဘူး ။ ဈေး ရောက်တော့ မှ လက်ဖက်ရည်ဆိုင် ထိုင် ချင် လဲ ထိုင် ။ မုန့်တီခေါက်ဆွဲ စား ချင် လဲ စား ။ အိမ် မှာ စားစရာ မလိုဘူး ။ သည်တော့ ကိုဘဂျမ်း အဖို့ က အိပ်ရာ က ထ ပြီး လို့ ဆယ်မိနစ် ဆိုယင် အပြင် ထွက်လို့ ရပြီ ။

ဒါကြောင့်လဲ မအေးနု ထ , တဲ့ အချိန် မှာ ကိုဘဂျမ်း လိုက် မထဘူး ။ အလကား ထိုင်စောင့် နေရမယ် အတူတူ တော့ မအေးနု ဘုရားဝတ်ပြု ပြီးတော့မှပဲ အပေါ်ထပ် က ရော ဆင်း လေ့ ရှိတယ် ။

တခု တော့ ရှိတာပေါ့လေ ။ အိပ်ရာ က နောက် မှ ထတဲ့ လူ ဆိုတော့ ၊ ကိုယ့် အိပ်ရာ ကိုယ် သိမ်းရတယ် ။ မိန်းမ ရဲ့ အလုပ် ပေမယ့် မိန်းမ က မအားဘူး မဟုတ်လား ။ သည်လိုပဲ ပေါ့ ။ လင် နဲ့ မယား နှစ်ယောက် တည်း ရှိတဲ့ ကိစ္စ မှာ ၊ မယား မအားယင် လင် က ကူ လုပ်ရမှာပေါ့ ။ လင် မအားယင် လဲ မယား က ကူ လုပ် ရမှာပေါ့ ။ အိပ်ရာ သိမ်းတယ် ဆိုတာ က တော့ မဆန်းပါဘူးလေ ။ လူပျိုလူလွတ် ဘဝ တုန်း ကလဲ ကိုယ့် အိပ်ရာ ကိုယ် သိမ်းခဲ့ ရတာပဲ မဟုတ်လား ။

မအေးနု က တော့ ပြောရှာပါတယ် ။ မလုပ်ပါနဲ့ တဲ့ ။ သူ အားယင် လုပ်ပါ့မယ် တဲ့ ။ ဒါပေမယ့် ကိုဘဂျမ်း ကြည့် နေ ခဲ့ပေါင်း များပြီလေ ။ မအေးနု ၊ အိပ်ရာ သိမ်း ဖြစ်တယ် ဆိုတာ အများဆုံး တပတ် မှ တရက် ပါ ။ ကျန်တဲ့ ရက်တွေ မှာ က မသိမ်း ဖြစ်ပါဘူး ။ သည်တော့ ကိုဘဂျမ်း လဲ ကြည့် မနေတတ်တာ နဲ့ လုပ် လိုက်တယ် ။ လုပ် လိုက်တော့ လဲ ပြီးသွားတာပေါ့လေ ။ ဘာ ပင်ပန်းတာ မှတ်လို့ ။ တခု တော့ ရှိတာပေါ့ ။ လုပ်လိုက်တော့ လဲ ကိုယ့် အလုပ် ဖြစ်သွားတာပေါ့ ။ ကိုဘဂျမ်း အိပ်ရာ သိမ်း ။

အမှန် ပြောရမယ် ဆိုယင် တော့ မအေးနု ရဲ့ စရိုက် ကို အခု မှ ပဲ ကိုဘဂျမ်း သိတော့တယ် ။ အေးလေ .. အတူတူ နေတော့မှ ပဲ သည် စရိုက်မျိုးတွေ ကို သိနိုင်တော့ မပေါ့ ။ လူ အကြောင်း ၊ ပေါင်း မှ သိ လို့ ဆိုတယ် မဟုတ်လား ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment