Tuesday, June 18, 2024

စာရေးဆရာ အတွက် စာရေးစရာ


 

❝ စာရေးဆရာ အတွက် စာရေးစရာ ❞

မိတ်ဆွေတို့ ...

ကျွန်တော့် အိမ် သို့ လာကြမည် ဆိုလျှင် ခြံဝင်း အနှံ့ ၊ ကြက် တွေ ၊ ဘဲ တွေ ၊ မန်ဒါလီ တွေ ၊ ငန်း တွေ တွေ့ရပါ လိမ့်မည် ။ ကျွန်တော့် အိမ် ထဲ သို့ ဘယ်သူ မှ တိတ်တဆိတ် မလာနိုင် ။ ငန်း တွေ က တကျော်ကျော် အော် ပါ လိမ့်မည် ။

ဒါတွေကို ဘာကြောင့် မွေးထားရသနည်း မေးပါ လျှင် ဥ လည်း စားရ သည် ။ အသား လည်း စားရသည် ။ သူတို့ အကြောင်း စာ လည်း ရေးရသည် ။ ယခုပဲ ကြည့်ဦးလေ ။ ကျွန်တော် ကြက် တိုက် ရင်း စာ ရေး ၊ စာ ရေး ရင်း ကြက်တိုက် နေသည် မဟုတ်ပါလား ။

“ ကိုယ့် လုပ်ငန်းရပ် သည် ကိုယ် စာ ရေးဖို့ ကုန်ကြမ်းပစ္စည်း ဖြစ်ရ မည် ” ဤကား ကျွန်တော် ၏ ဆောင်ပုဒ် ။ “ ကိုယ် ဘာလုပ်လုပ် စာ ရေးဖို့ ပစ္စည်း ရ,ရမည် ”

ယခု အချိန် တွင် ကျွန်တော် မှာ အသက်အရွယ် ကြီးပြီ မို့ ဟိုဟိုဒီဒီ ဝေးဝေးလံလံ လျှောက်ပြီး မပွေ နိုင် ၊ မတေ နိုင် တော့ ။ ကိုယ့် လက်လှမ်း မီရာပဲ ရေးစရာ ရှာရတော့သည် ။

ကဲ ... ယခင်လ က ကြက် အကြောင်း ဆက်ကြဦးစို့ ။

◾ကြက်သမားတို့ အယူအဆ

ကြက် သည် မျိုးရိုး ကို အလွန် လိုက် တတ်သည် ။ တိုက်ပွဲ တွင် မျက်လုံး ကန်း သွားသော ကြက် ၏ သား သည် သူ့ အဖေ လိုပဲ ကန်း တတ်သည် ။ ခွပ် ရင်း ပြေး သော ကြက် ၏ သား သည် လည်း သူ့ အဖေ လို ပဲ ပြေး တတ်သည် ။ ထို့ကြောင့် အနှီ ကြက် တစ်ကောင် ပြေးပြီ ဆိုလျှင် ထို ကြက်မျိုး ကို ဆက်လက် မမွေးမြူတော့ ဘဲ ဥ ပါ မကျန် အစ ဖြတ် ပစ် လိုက်ကြသည် ။

ခြွင်းချက် ။ ကြက်ပြေး ဆိုရာ၌ တစ်ဖက် ကြက် က မိမိ ထက် ခွပ်ရေး အလွန် သာ၍ မိမိ မှာ မခံမရပ် နိုင်သော ဒဏ်ရာ ဒဏ်ချက် တွေ ကြောင့် မျက်စိများ လည်း ကောင်းစွာ မမြင်ရတော့ သဖြင့် စိတ် က မလျှော့ သော်လည်း ကိုယ် က မတတ်နိုင် တော့၍ ခေါင်း လှည့် တိမ်းရှောင် သွားသည်မျိုး ကို မဆိုလိုပါ ။ သူ ကြိုက် ကိုယ် ကြိုက် ( ကြက်သမားများ ခေါ် ) “ ရထားလု ” တွင် ဇွဲ လျော့ပြီး မပြေးသင့် သေး ဘဲ နှင့် ပြေးတာမျိုး ကို ဆိုလိုပါသည် ။ ပုံစံ ပြပါ မည် ။

လွန်ခဲ့သော နွေရာသီ က ကြေးကြီးဝိုင်း တစ်ခု ၌ လက်ရင်း ၃၃ဝဝိ နှင့် ၊ ၄၄ဝိ ၊ ကြက် နှစ်ကောင် အကြိတ်အနယ် သူတင် ကိုယ်တင် “ ဗုံလုံ တစ်လှည့် ၊ ငါးပျံ တစ်လှည့် ” ခွပ်ကြ သဖြင့် တစ်နာရီ ကျော်ကျော် ကြာသည့် တိုင် ဘယ် ကြက် နိုင်မည် ။ မခန့်မှန်း နိုင်သေး သဖြင့် လက်ဖျား လောင်းကြေး တွေ ထွက် ထွက် လာလိုက်ရာ စုစုပေါင်း ၆ဝဝဝိ ကျော် လေပြီ ။ ကြက်ဝိုင်း တွင် ကြက်ရှင် များ က သာ မိမိ ကြက် ၏ နာမည် ကို ထုတ်ဖော် အားပေးလျက် ရှိသော်လည်း ဘေး မှ လောင်းကြသူများ က မူ ကြက်မွေးရောင် ကို သာ ခေါ်ဝေါ် လောင်းကစား ကြသည် ။ ဤ ပွဲ မှာ ကြက် အနီ နှင့် အပြာ ဖြစ်သည် ။ အပြာ ကို ကြက်သမားများ နှုတ် က “ ဗြာ ” ဟု ခေါ် ကြသည် ။

ခွပ်ချိန် တစ်နာရီခွဲ လောက် ရှိသော အခါ၌ ဗြာ က အနီ ထက် တစ်စ တစ်စ သာ လာ သဖြင့် သူ က အထက်ကြေး တက်၍ လာလေရာ နောက်ဆုံး တွင် တစ်ရာ လျှင် တစ်ဆယ် ကို အနီ ဘက် က အောက်ကြေး မှ မလောင်းရဲ ကြသော အခြေအနေ သို့ ရောက်ကြလေ၏ ။ အနီ က အခံ သက်သက် ပဲ ဗြာ က ချည်းပဲ ဖိ ခွပ် နေချေပြီ ။ သူ့ ဘက် က လောင်းသူများ ရင်အေး နေကြပြီ ။ အနီဘက် က လူများ က မူ ဒို့ ကြက် ထွက်ပြေး တော့မှာပဲ ။ သို့မဟုတ် ပုံရက် လဲ တော့မှာပဲ ဟု ရင် တဒိတ်ဒိတ် ရှိကြချေပြီ ။

သို့သော် အနီ သည် မည်မျှပင် နာနာ ဇွဲသတ္တိ မလျော့ပါဘူး ။ ဗြာ က ခွပ် လိုက်လို့ ခွေကောက် ယိုင်လဲ သွားတောင်မှ ပြန် ထ ပြီး ခေါင်း ထောင် ၍ တစ်ဖက် ကြက် ကို ရင်ဆိုင်လျက် ရှိသည် ။ ဤသို့လျှင် ဝိုင်း ထဲ မှာ တစ်ဖက် သာ တစ်ဖက် နာ ကြာ လာတော့ ဝိုင်းကြီး ထုံးစံ အတိုင်း ဖြတ်ကြေး ခေါ် ရသည် ။

ဖြတ်ကြေး ဆိုသည် မှာ ၁ဝဝိ နှင့် ၅၀ိ ၊ ကြက်သာ ဘက် က တစ်ရာ ကို ကြက်နာ ဘက် က ငါးကျပ် ၊ ဒါကို ကြက်နီ ဘက် က မဆွဲဝံ့တော့ ဘူးဆို လျှင် အရှုံး ပေးရတော့မည် ။

ထိုအခါ ကြက်စွဲ နှင့် ကြက်ရှင် ခေါင်းချင်းရိုက် ကြ တော့သည် ။

“ အို .. နောက်ထပ် ငွေ ၅၀ိ တော့ ကုန်ပါစေကွာ ၊ လက်ရင်း လက်ဖျား ၇ဝဝဝိ တောင် ကျော် နေမှ ”

ဒါနှင့် တစ်ဆိုင်း ဆွဲ လိုက် သဖြင့် နောက် တစ်ရေ လွှတ်ရ ပြန်သည် ။

ဤ တစ်ချီ နှင့် လည်း မပြီးသေး ။ ဝိုင်း ပြန် ရောက်၍ ပြန် ကောက်ရ သဖြင့် ကြက်သာ ဖက် က တစ်ရာ ငါးကျပ် တစ်ဆိုင်း ထပ် ခေါ်ပြန်သည် ။

ယင်းသို့ သုံးဆိုင်း ဆွဲ ပြီးနောက် ကြက်နီ ဘက် က စိတ်လျှော့ သံ ပေါ်လာသည် ။

“ မနိုင်နိုင်တော့ပါဘူးကွာ ၊ ကောက်လိုက်ပါတော့ ”

သို့သော် ကြက်စွဲ က “ ဟေ့ ... သူတို့ ကြက် ခွပ်အား လျော့လာ တယ်ကွ ၊ ငါတို့ ကြက် က နာ လို့ မခွပ်နိုင်တော့ပေမယ့် လက် ထဲ မှာ အမာကြီး ရှိသေးတယ် ။ တွဲ မိရင် ခွပ်ချင်စိတ် ရှိသေးတယ် ”

ယင်းသို့ဖြင့် တစ်ရာ ငါးကျပ် နှင့် စတုတ္ထမြောက် အချီ အလွှတ် တွင် ကြက်နီ ၏ ကြက်စွဲ ပြောသည့် အတိုင်း ပင် ဗြာ က ကြက်ခွပ် လျော့ သွား၍ နှစ်ကောင် ပူးကပ် သွားသည် တွင် ကြက်နီ က မျက်စိမှုန်ဝါးဝါး ဖြင့် ရမ်း ဆိတ်ပြီး တစ်ချက်တည်း ခြေသွန် အားကုန် ခွပ် ထည့် လိုက်ရာ ဗြာ သည် ကိရောက် ကိရောက် အော်ပြီး ပြေးတော့ သတည်း ။

“ ဒါ အသဲ စကား ပြောတာ ”

“ ဓားမ, ရေပေါ်ပြီ ပိဿာလေး ရေကူးတယ် ” 

ကြက်သမား တို့ ၏ တခဲနက် အသံ ။

မိမိ က သာ သော အခြေအနေ ရောက် နေရာ မှ ပြေးသော ကြက်သည် ကြက်ပြေး မျိုးတည်း ။ ကြက်ခွပ် ဘယ်လောက် ကောင်းကောင်း ဇွဲသတ္တိ မရှိ သော ကြက်မျိုး သည် အချည်းနှီးတည်း ။ သူ က သာ နေ၍ နိုင်ပြီ ထင်ပြီး ကြေးကြော ပေး လောင်း တတ်သော ကြက်သမားကြီး တို့ ကြီးစွာ ရှံးကြ၏ ။ ကြည့်စမ်း ၊ နောက်ဆုံး ဝိုင်း ပြီးခါနီး မှာ တစ်ရာ ငါးကျပ် နှင့် ၄ ဆိုင်း ဆိုတော့ ငွေ ၄ဝဝိ တောင် အဆစ် ပါ သွားသေးသည် မဟုတ်တုံလော့ ။ ဒင်းကြောင့် ကြက်ရှင် လည်း ပြစ်တင် ဆဲရေးခြင်း ခံရ၏ ။ “ ကြက်သမား ပါးစပ်လား ဗျာ ၊ ဘယ် ဝိုင်း တုန်းက ဘယ်သူ့ ကြက်ဖြင့် ကွာ ” ဟူသော ပြောစမှတ် ပြုခြင်း လည်း ခံရ၏ ။ ထို့ကြောင့် ဒီ ကြက်မျိုး ကို ကြက်သမား တို့ သည် ဥ က စ၍ မျိုး ဖြုတ် ကြ ကုန်၏ ။

ကြက်ကန်း ကို မူကား သား ပါ ကန်းတတ်သည် ဆိုစေကာမူ ထို ကြက် အနိုင် များ ခဲ့ လျှင် ၊ ကြက်ခွပ် ကောင်း ခဲ့ လျှင် ၊ ဇွဲသတ္တိ ရှိလျှင် များစွာသော ကြက်သမား တို့ က ဆက်လက်မွေးမြူ ၍ သားဖောက် လေ့ ရှိသည် ။ ထို့ကြောင့် ရှဖီး မျက်လုံး တစ်ဖက် ကမ်း၍ ရှုံးပြီ ဖြစ်သော်လည်း ကိုမြလှိုင် သည် မျိုး ဖြတ် မပစ်ဘဲ ကျိုက်လတ် သို့ ပို့၍ သားဖောက် ယူခြင်း ဖြစ်သည် ။ ( မှတ်ချက် ။ ဤ ကိုမြလှိုင် သည် စာရေးဆရာ မြလှိုင် ပဲ လား ဟု မေးကြသည် ။ မဟုတ်ပါ ။ စာရေးဆရာ မြလှိုင် သည် တိုက်ကြက် ကို နားမလည်ပါ ။ အခြား ကြက်မျိုး သာ နားလည် ပါလိမ့်မည် ။ )

◾ဖအေ မကန်းမီ သား နှင့် ကန်းပြီး မှ သား

သည် နှစ် ( ၁၉၇၇ ) တွင် ထွန်းထွန်းပေါက်ပေါက် ရှဖီး ၏ သား နှစ်ကောင် ကို သုံးရလေရာ ၊ တစ်ကောင် က ဤ တိုက်ကြက်များ အကြောင်း အစ ( ဧပြီလ ) က ဖော်ပြခဲ့သည့် ကျွန်တော့် ကြက် ပုညှက်ညှက်ကလေး မို့ မေ့ မွေးနေ့ မှာ အုန်းနို့ခေါက်ဆွဲ ဟင်းချက်စားမည် လုပ်ရာ လက်မတင်လေး ကြက်ကောင်း မှန်း သိ၍ နောင် ၌ “ ရွှေဂေါင်းပြောင် ” ဟု နာမည် ထွက် လာသည် ။ တစ်ကောင် က ကိုမြလှိုင် က ကျိုက်လတ် မှ သားဖောက် ယူခဲ့သော ကြက် ။

ဤ နှစ်ကောင် မှာ ကျွန်တော့် ကြက် သည် ရှဖီး ကိုကံညွန့် တို့ အိမ် မှာ အကောင်း ပကတိ ရစဉ် က ပေါက်ပွား ခဲ့သည်မို့ ဖအေ မကန်းမီ က သား ၊ ကိုမြလှိုင် ကြက် မှာ ရှဖီး ရှံးပြီး ကျိုက်လတ် ရောက် မှ ပေါက်သည် မို့ ၊ ဖအေ ကန်း ပြီး မှ သား ။ ဒီ နှစ်ကောင် မည်သို့ ခြားနား မည်နည်း ။ ကျွန်တော်တို့ ကိုယ်တွေ့ ဖော်ပြရပါမည် ။

◾ရွှေဂေါင်းပြောင် ဟု နာမည် ထွက်လာခြင်း

ကျွန်တော့် ကြက်ကလေး ကို အုန်းနို့ခေါက်ဆွဲ ချက်စားမည် ကြံစည် ပြီး မှ ချက် မစားဖြစ်သောအခါ ၊ သူ့ အား “ အုန်းနို့ခေါက်ဆွဲ ” ဟု ကြက်သမားများ က ခေါ်ကြကုန်သည် ။ နောက်နောင် ၌ သူ့ ပုံသဏ္ဌာန် က သူ့ နာမည် ကို ပြောင်း ပစ်လေသည် ။ အသို့ဟူ မူ သူ့ ကို ပထမဆုံး အကြိမ် ( သတ် စားမည်ဟု ) ခွပ်ခိုင်း ကြည့်ပြီး နောက် သူ ကောင်းမှန်း သိ လာ သော အခါ ၊ ကျွန်တော် သေချာစွာ မွေးမြူ ထားပြီး ၊ ဒုတိယအကြိမ် မှာ ကြေးစမ်း ၅၅ိ ကြေး တိုက် ပစ် လိုက်သည် ။ သူ လှလှပပကြီး နိုင်ပါသည် ။ သို့သော် သူ့ မှာ ရောဂါ ကူးစက် ခဲ့သည် ။ ဤ ရောဂါ မှာ တိုက်ကြက် တို့ တွင် ဖြစ်လေ့ ဖြစ်ထ ရှိသည် ။ “ ပွေး ” ဟု ခေါ်သည် ။ ကြက် မျက်နှာ တွင် နီရဲ မနေတော့ဘဲ အဖြူမှုန် တွေ အဖြူဖတ် တွေ မှိုတက် သလို အသား ထဲ မှ ထွက် နေခြင်း ဖြစ်သည် ။ ဤ ပွေး သည် မျက်နှာ သာ မက အမွေး ထဲ ရောက် သွားပါက အမွေးတွေ ကို ကျွတ် စေသည် ။ ဤ ရောဂါ မှာ ကြက် ကို သေစေနိုင်သည် မဟုတ် သော် လည်း ရုပ်ပျက်ဆင်းပျက် ဖြစ်စေသည် ။ ခွပ် သော အခါ ကြက် ကို မော စေ တတ်သည် ။ အခြား ကြက် နှင့် ခွပ် လျှင် ဟို ဘက် ကြက် ကို ပါ ကူးစေသည် ။ ကျွန်တော့် ကြက် ကို ဤလို ပွေး ရှိသော ကြက် နှင့် တိုက်မိသော ကြောင့် ကူးစက် ခဲ့ခြင်း ဖြစ်ပါသည် ။

သည် ရောဂါ ရ လျှင် ကြက် မျက်နှာ ကို သွေး စို့အောင် လက်သည်း နှင့် ဆိတ်ဖဲ့ ပွတ်တိုက် ပစ်ပြီး ဓနိရွက်ခြောက် ကို ပြာ ချ၍ အုန်းဆီ နှင့် လူး ပေးခြင်း ၊ သင်္ဘော မယ်ဇလီရွက် နှင့် ပွတ်တိုက်ခြင်း စသော နည်းများ ရှိသည့် အနက် ကျွန်တော့် ကြက်ကလေး ကို မူ ( လူ တစ်ယောက် ၏ ပို၍ ကောင်းသည် ဟု ပြောစကား အရ ) သံပုရာသီးစိတ် နှင့် မနက်တိုင်း နေ့စဉ် မှန်မှန် ပွတ်တိုက် ပေးသည် ။ ပွေးအဖတ် တွေ ကွာ၍ မျက်နှာ မှ သွေးစို့သည် ၌ သံပုရာ အချဉ် ဓာတ် က လည်း စပ်စေပါလိမ့်မည် ။ သို့နှင့် ဤ ပွေးရောဂါ ပျောက် ရတော့ ၏ ။ သို့သော် ကျွန်တော့် ကြက်ကလေး ပွေး မှာ မျက်နှာ သာ မက နောက်ဆက် အုပ်ခွံ အထိ ရောက် သဖြင့် အမွှေးတွေ ကျွတ် ကုန်သောကြောင့် တခေါင်းလုံး နီရဲပြောင်လက် နေသည် ၌ သူ ၏ အုန်းနို့ခေါက်ဆွဲ နာမည် ပျောက်ပြီး ကာတွန်း အောင်အောင် ၏ ဇာတ်လိုက် “ ရွှေဂေါင်းပြောင် ” ဟု ခေါ်ကြတော့၏ ။ ရွှေဂေါင်းပြောင် က လူစွမ်းကောင်း ၊ ကျွန်တော့် ကြက် က လည်း ကြက်စွမ်းကောင်း ပေါ့ ခင်ဗျာ ။

သည် နာမည် ရအောင် သူ့ ခေါင်းတွင် စွဲကပ်သော ပွေးတွေ ကုရ သည် မှာ တစ်လ လောက် ကြာသည် ။ ပွေး ပျောက်သော အခါ၌ ခွပ်ထောက် ( ခွပ်ရက် )  ဝေး နေ သဖြင့် ငွေကြေး နှင့် မတိုက်ဝံ့ သေးဘဲ ခွပ်လက် တစ်ခါ ချ ကြည့်ရသေးသည် ။ အလား - သည်တစ်ပွဲ မှာ သူ ယခင် က ထက် ပင် ပို၍ ကြက်ခွပ် ကောင်း လာသည် ။ ခြေ ပြင်း လာသည် ။ ဤကား ကြက်ကောင်း တို့ ၏ သဘောပင် ။ ကြက်ကောင်း တို့ မည်သည် တစ်ပွဲ ထက် တစ်ပွဲ တက် လာ သည် ။ ညံ့ သည့် ကြက် တို့ မှ မတိုး သည့် ပြင် ဆုပ် ၍ ပင် လာတတ်သည် ။ သူ့ ကို ကျွန်တော်တို့ ကြက်သမား အုပ်စု ကြိုက်သွားကြ လေပြီ ။ ရှဖီး သား ရွှေဂေါင်းပြောင် ဟူသော သြဘာသံ ဖြင့် ငွေကြေး များများစားစား တိုက်ကြ တော့မည် ။

◾ချိန်းဝိုင်းကြီး

ရန်ကုန်မြို့နယ် မှာ ကြက်ဝိုင်း တွင် နှစ်မျိုး ရှိသည် ။ ချိန်းဝိုင်းကြီး နှင့် ဖ,ဆွယ်တိုက် ။ ဒုတိယ တစ်မျိုး မှာ ကျွန်တော့် အိမ် နောက်ဖေး က ဝိုင်းကလေး မျိုး ။ အသို့ဟူ မူ အနီးပတ်ဝန်းကျင်တွ င် မျက်မြင် ကြည့် ထားကြပြီး ဘယ်သူ့ ကြက် နဲ့ ဘယ်သူ့ ကြက် တော့ နီးစပ်သဟေ့ ဆိုပြီး တစ်ဖချင်း ဆွယ် တိုက်သည် ကို ဖ,ဆွယ်တိုက် ( ဝါ ) ကျိတ်ဝိုင်းကလေး ဟု ခေါ်ကြသည် ။ ကြေး များချင် များမည် ဖြစ်သော်လည်း လူ က တော့ မများ ။

ချိန်းဝိုင်းကြီး ကား ဘယ်နေ့ ဘယ်နေရာ မှာ ဟု ရန်ကုန်မြို့နယ် ရှိ ကြက်သမားထု ကို တစ်ဆင့် စကား တစ်ဆင့်နား ကြော်ငြာ ထားခြင်းဖြင့် ဝေးနီး ပတ်လည် မှ လာကြသော လူတွေ ရော ကြက်တွေ ရော များပြား လှသည် ။ ဤ ဝိုင်းမျိုး သည် နံနက်ခင်း မှ မိုးချုပ်သည် ထိ ၊ ကြာ တတ်သည် ဖြစ်သော ကြောင့် စားဖွယ် သောက်ဖွယ် ရာများ တည့်ခင်း ရောင်းချကြသည့် ဆိုင်များ က လည်း အပြည့်အစုံ ။

ဤ နေရာမျိုး သည် မြို့နယ် ဆင်ခြေဖုံး တွင် ဖြစ်ပါသည် ။ ကျွန်တော် တို့ လူ အဖွဲ့ သားဆယ့်လေးငါးယောက် နှင့် ရွှေဂေါင်းပြောင် ကို ချ သွားသော ဝိုင်း ကျင်းပရာ ပထမ ဒေါဂျစ်ကား တစ်စီး ကို ၂ဝိ ပေး ၍ ငှား စီး သွား ရသည် ။ ထို့နောက် ပေတစ်ရာ လမ်းမကြီး မှ တစ်မိုင် လောက် ဝေးသော လယ်ကွင်း ထဲ သို့ ခြေလျင် လျှောက် သွားရသည် ။ “ တောင်ယာလေးဝိုင်း ” ဟု ခေါ်သည် ။

ဟုတ်ကဲ့ ... ဟင်းသီးရွက်ပင်များ စိုက်သည့် တောင်ယာခင်းလေး ပါ ။ ရွာ မဟုတ် ။ တဲအိမ်ကလေး ။ ဟို တစ်လုံး သည် တစ်လုံး စုစုပေါင်း လေးငါးဆယ်လုံး မျှ ရှိပါလိမ့်မည် ။ ကျွန်တော် တို့ ရောက်သွားသည် မှာ ဆောင်းရာသီဖြ စ်၍ မုန်ညင်း ၊ မုန်လာ ၊ ဂေါ်ဖီပင်များ စိုက်ပျိုး ထားပါသည် ။ သစ်ပင် ကြီးကြီး ထီးထီးမားမား မရှိ ။ လယ်ယာကန်သင်းဆုံ တို့ မှာ လူ တစ်ရပ် တစ်ထိုင် မျှ သာ မြင့်သော ခြုံပုတ် အချို့ သာ ရှိကြပါသည် ။ လေ တဝှီးဝှီး နှင့် အင်မတန် အေးမြ သာယာ ရှိလှပါသည် ။

ဝိုင်း လုပ်သော နေရာမှာ တဲအိမ် တစ်ခု ရှေ့ တွင် အထူးသဖြင့် စီမံ ဆောက်လုပ် ထားသော ဗူးစင်ကြီး အောက် တွင် ဖြစ်ပါသည် ။

လာကြသူများ မှာ တစ်ရာ့လေးငါးဆယ် နှစ်ရာ မျှ ရှိသည် ဖြစ်သော် လည်း ကြက်သမား တို့ အား နေရာထိုင်ခင်း ပေးရန် မလိုပါ ။ သူတို့ ဟာ သူတို့ သင့်လျော်ရာ တွင် နေကြပါသည် ။ ကိုယ့် အုပ်စု နှင့် ကိုယ် ... ။

“ ကဲ .. လာကြ .. လာကြ ... တိုက်မယ့် ကြက်များ ဝိုင်း ထဲ ချခဲ့ကြ ” ဟု ဒိုင် လုပ်သူ က ဆော်သြ လိုက် တော့ မှ ကြက် တွေ ဝိုင်းထဲ စုပြုံ ရောက်လာ ကြသည် ။

ဟောင်းမယ်လေးဗျ ၊ နံနက် ၉ နာရီ လောက် မှာ ကြက် တွေ နှစ်ဆယ် အစိတ် လောက် ရောက်လာကြပါ သော်လည်း ကျွန်တော့် ကြက် အပုအညှက် ကလေး ရွှေဂေါင်းပြောင် နှင့် တော်သည့် ကြက် တစ်ကောင် မျှ မတွေ့ ။ ကိုယ့် ကြက် ထက် ကြီး တဲ့ ကြက် ချည်းပါကလား ။

“ အင်း .. .ဒါကြောင့် ကျွန်တော် သူ့ ကို ချက်စား ပစ်မယ် လုပ်တာ ဗျ ” 

ကျွန်တော် က စိတ်ပျက် စကား ပြော မိတော့ ရွှေဂေါင်းပြောင် ကို ပိုက်ထား သူ ကိုအမ်း က  ...

“ စိတ် မပျက်ပါနဲ့ဦး ဆရာ ၊ အခုမှ အစောကြီး ရှိသေးတာ ၊ ဒီ ကြက် အရွယ်ကလေးတွေ ရှိပါတယ် ဆရာရဲ့ တော်ကြာ လာပါလိမ့်မယ် ”

သို့နှင့် အခြား ကြက် နှစ်ကောင် တည့် သွား၍ လက်ရင်း ၁၁ဝဝိ ၊ ၃၃ဝိ ကြေး ထပ် ပြီး လွှတ်သည် ။

နောက်ထပ် ဘက်ညီသည့် ကြက်များ လည်း ဆွယ် မိပြီး ဖြစ်နေ ကြသည် ။ အနှီလို ပုံဖြင့် ကျွန်တော့် ကြက်ကလေး ဒီနေ့ ဝိုင်း မှာ ဖြင့် တိုက် ရတော့မည် မဟုတ် ဟု စိတ်ပျက် အားလျော့ လိုက် ကာ...

ကျွန်တော့် အိတ် ထဲ တွင် ငွေ ၅ဝဝိ ကျော် ပါသည့် အနက် ကိုအမ်း အား တစ်ရာ ၊ ကု,လားကိုလှတင် ကို တစ်ရာ ၊ တွတ်ပေး လိုက်ပြီး

“ စရိတ်ကလေး ကာ မိအောင် ခင်ဗျား တို့ ပဲ ကြည့် ကစားပေးတော့ ဗျာ ” အကြောင်း မှာ ကိုလှတင် နှင့် ကိုအမ်း ကို ကျွန်တော် ကြက်ဝိုင်းများ တွင် လေ့လာမိသည် ။ သူတို့ သည် ကြက် နှစ်ကောက် ခွပ်ပုံကို  တစ်ရေ ကောက် နှစ်ရေ ကောက် လောက် ကြည့်မိသည် ၌ နိုင်မည့် ကြက် ကို အတတ် ပြောနိုင် သလောက် ဖြစ်သည် ။ မမျှော်လင့် ဘဲ တစ်ချက် နှင့် အပြီး ခွပ် တတ်သော “ ဖောက်ခြေ ” ရှိသော ကြက် နှင့် ဇွဲ ပါး ၍ ထွက်ပြေး သောကြက်မျိုး နှင့် တွေ့ လျှင် သာ သူတို့ ရှုံးတတ်သည် ။

သို့နှင့် ကျွန်တော် သူတို့ အား ငွေ ပေး ပြီး၍ တစ်ဝိုင်း ပြီးသွားသော အခါ ကိုအမ်း က “ တစ်ရာ့လေးဆယ် နဲ့ တစ်ဆိုင်း ရလိုက်တယ် ဆရာ ၊ ဒီတော့ အခု အနိုင် ၃၆ ကျပ် ရတာပေါ့ ” ( တစ်ဆယ် တစ်ကျပ် အကောက် နှုတ်ထား သည် ။ )

“ ဒါဖြင့် အနိုင် ကျွန်တော့် ပေး ပါ ၊ အရင်း တော့ နောက် တစ်ပွဲ ဆက် ကစားဦး ၊ ကိုလှတင် ကောဗျ ”

“ ကျွန်တော် မဆွဲလိုက်ရဘူး ဆရာ ”

“ ဒါဖြင့် ခင်ဗျား လည်း ဆက် ကစား ပေး ဗျာ ”

သူတို့ ကို ကျွန်တော် စိတ် ချသည် ။ အချိန် မှာ မွန်းတည့် ၁၂ နာရီ ခန့် ရှိပြီ ဖြစ်၍ ကျွန်တော် ဗိုက် ဆာလာပြီ ဖြစ်သော ကြောင့် ရွှေဂေါင်းပြောင် ကို ထိန်းကျောင်း နေသော ကိုကံညွန့် အား ကြက် နှင့် အတူ ခေါ် ခဲ့ပြီး စားသောက် ဆိုင်များ ရှိရာ သို့ လာခဲ့ကြသည် ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment