Saturday, June 1, 2024

အခြားသူတွေ အတွက် မွေးဖွားလာသူ


 

❝ အခြားသူတွေ အတွက် မွေးဖွားလာသူ ❞

( ကမ္ဘာ တစ်ဝှမ်းလုံး မှာ ယူနီဆက် ( Unicef ) ဝန်ထမ်းပေါင်း ၈၄ဝဝ လောက် ရှိတဲ့ အထဲ က အခြားသူများ အတွက် ထူးခြားစွာ စွမ်းဆောင် ပေးသူ ဝန်ထမ်း ၂၄ ဦး ကို ရွေးချယ် ဂုဏ်ပြု ခဲ့ပါတယ် ။ သည် ၂၄ ဦး ထဲ မှာ မြန်မာနိုင်ငံ က ဦးမောင်မောင်လှ ( ၄၃ နှစ် ) ပါဝင်တယ် ။

ဦးမောင်မောင်လှ ဟာ ရန်ကုန် ယူနီဆက်ရုံး က ယာဉ်မှူး ဖြစ်တယ် ။ ယူနီဆက်ရုံး ကို အဝင်အထွက် များ တဲ့ မဆုမွန်အေး က ဦးမောင်မောင်လှ ကို တွေ့နိုင် ဖို့ စီစဉ် ပေးတယ် ။ လုပ်ငန်းတာဝန်တွေ များ တဲ့ ဦးမောင်မောင်လှ က
ရုံးဆင်းချိန် မှာ တွေ့ ဖို့ အချိန် ပေးတယ် ။

ယူနီဆက်ရုံး ဝန်ထမ်း စားသောက်ခန်းမ စားပွဲ မှာ သူ နဲ့ ကျွန်တော် နှစ်ဦးသား ထိုင်ပြီး စကား ပြော တော့ ညနေ ခြောက်နာရီ ထိုးပြီ ။ ဆောင်းတွင်း မို့ မှောင်ရီ သမ်း နေပြီ ။ ဝန်းထမ်း တော်တော်များများ လည်း ရုံးဆင်း သွားကြပြီ မို့ အသံ တိတ်ဆိတ် နေတယ် ။ ဦးမောင်မောင်လှ က အကြော် နဲ့ ရေနွေးကြမ်း နဲ့ ကျွန်တော့် ကို ဧည့်ခံပါတယ် ။ ဝန်ခံရမယ် ဆိုရင် တော့ ကျွန်တော် ကြိုက်တဲ့ အစားအစာ ပါ ။ ကျွန်တော် ဗိုက် လည်း ဆာ ပါပြီ ။ ဒါပေမယ့် သူ့ ဘဝ သူ့ အကြောင်း ကို စ ကြားရ ချိန် မှာ ကျွန်တော် ဗိုက် ဆာ နေတာ မေ့ သွားတယ် ။ အကြော် ကို မစားဖြစ်ဘူး ။ ရေနွေးကြမ်း
မတ်ခွက် က စားပွဲ ပေါ် မှာ အေးစက် သွားပါတယ် ။

••••• ••••• •••••

ကျွန်တော့် အသက် ၁၂ နှစ်သား မှာ ကျွန်တော့် အဖေ ပင်စင် ယူ သွားတယ် ။ အဖေ က ကျန်းမာရေးမှူး ၊ အမေ က အလယ်တန်းပြ ကျောင်းဆရာမ ။ ကျွန်တော်တို့ မိသားစု က ချမ်းသာတဲ့ မိသားစု မဟုတ်ဘူး ။ ကိုယ့် ဟာ ကိုယ် ရုန်းကန် ရပ်တည် ရသူ တွေပါ ။

အဖေ ပင်စင် ယူချိန် မှာ ကျွန်တော် တော်တော်လေး ရုန်းကန် ရတယ် ။ ကျွန်တော် က ငယ်ငယ် ကတည်း က စာ တအား ဖတ်တယ် ။ ဖတ်ခဲ့တဲ့ စာတွေ ထဲ က စွဲ နေတဲ့ စာတွေ ရှိတယ် ။ လင်းရောင်ခြည် မဂ္ဂဇင်း ထဲ မှာ ခေါင်းဆောင်မှု အကြောင်း ဆောင်းပါး ဖတ် ရတယ် ။ ဘယ်သူ ရေး တာလဲ တော့ မသိဘူး ။ အဲဒီ ဆောင်းပါး ဟာ ကျွန်တော့် ဘဝ အတွက် တစ်စိတ်တစ်ပိုင်း ပဲ ။ နောက် တစ်ပုဒ် က တော့ ကန္တာရ ထဲ က စမ်းရေ ဆိုတဲ့ ဆောင်းပါး ။ ဒါတွေ ဖတ်မိပြီး သူများ အကျိုး လုပ်ရမယ် ဆိုတဲ့
စိတ်ဓာတ် သန္ဓေ တည် မိတာပဲ ။ ကျွန်တော့် ဘဝ မှာ အသက်ရှင် နေတဲ့ အချိန် တိုင်း မှာ သူများ အတွက် ဖြစ် ရင် ဖြစ် ၊ မဖြစ်ရင် ကျွန်တော့် အသိပညာ တိုးတက်ရာ တိုးတက်ကြောင်း အတွက် ဖြစ်ရမယ် ။ ကျွန်တော် အချိန် မဖြုန်းဘူး ။ အားတဲ့ အချိန်
မှာ စာ ဖတ်ရင် ဖတ် ၊ မဖတ်ရင် အလုပ် တစ်ခု ခု လုပ်တယ် ။

ကျွန်တော် ငယ်ငယ် က တော်တော်လေး ရုန်းကန် ခဲ့ ရတော့ ကိုယ့် လို လူငယ် တွေ မရုန်းကန် မပင်ပန်း စေချင်ဘူး ။ Thinking ( အတွေးအခေါ်  ) ကို change ( ပြောင်းလဲ ) ပေးရမယ် လို့ ကျွန်တော် တွေးတယ် ။ ငယ်ငယ် ကတည်း က သူငယ်ချင်း တွေ ကို ဦးစီးခေါင်းဆောင် လုပ် ပေးတယ် ။ သူတို့ က ကာလသားခေါင်း လို့ ကျွန်တော့် ကို ခေါ်ကြတယ် ။ ကျွန်တော် က လည်း အရည်အချင်း မရှိတဲ့
ခေါင်းဆောင် တော့ မဖြစ်စေရဘူး ဆိုပြီး စာ တအား ဖတ်တယ် ။ သူများ ကို ကူညီတယ် ။

ကျွန်တော် ဆယ်တန်း အောင်တယ် ။ စီးပွားရေး တက္ကသိုလ် ပထမနှစ် တက် ပြီး ဆက် မတက်ဖြစ်တော့ဘူး ။

ကျွန်တော် အလုပ် မရွေးဘူး ။ ကျွန်တော့် အလုပ် က သမ္မာအာဇီဝ ဖြစ်ရမယ် ၊ သူများ အတွက် အကျိုး ရှိရမယ် ။ ဒါ ငယ်ငယ် ကတည်း က ကျွန်တော့် မှာ ရှိတဲ့ Thinking ( အတွေးအမြင် ) ပါ ။

ကျွန်တော် နေတဲ့ သမိုင်း က နေ သုဝဏ္ဏ ကို မနက် လေးနာရီ ဆို စက်ဘီး နဲ့သွားပြီး ကန်စွန်းရွက် တစ်စည်း ၁၇ ပြား နဲ့ ဝယ်တယ် ။ ဘာတာဈေး မှာ ငါးမူး နဲ့ ရောင်း ရတယ် ။ ညနေ မှာ လည်း တစ်ခေါက် ဝယ်ရောင်း သေးတယ် ။

နောက်တော့ ဆေးဝါး အရောင်းအဝယ် လုပ်တယ် ။ သူငယ်ချင်း တစ်ယောက် က ဆေး နဲ့ ဆေးပစ္စည်း ကော်ပိုရေးရှင်း မှာ ၊ သူ က ငါတို့ ဆီ မှာ ကလိုရိုဖနီကော ပြတ် တော့ မှာ ၁၇ ကဒ် ပဲ ကျန်တော့တယ် လို့ ပြောတယ် ။ အဲဒါ ၁၉၈၇ ခု ဩဂုတ်လ ပေါ့ ။ ဒါနဲ့ စိန်ဂျွန်းဈေး ၊ ဗိုလ်ချုပ်ဈေး ၊ သိမ်ကြီးဈေး မှာ ရှိ တဲ့ ဆေးကဒ် နှစ်သောင်း ကို ကျွန်တော် သိမ်း လိုက်တယ် ။

တနင်္လာနေ့ မှာ ဆေးကဒ် နှစ်သောင်း ကို ၁၇ ကျပ် နဲ့ သိမ်းပြီး သောကြာနေ့ မှာ ၂၁ ကျပ် နဲ့ ပြန်ရောင်းတယ် ။ အဲဒီတုန်း က ၁ ကျပ် ဆိုတာ တန်ဖိုး ရှိတယ် ။ ငါးရက် နဲ့ လေးကျပ် မြတ်တာ ။ စနေနေ့ ကျ တော့ ရောင်းရ ငွေတွေ အားလုံး တရားမဝင်ဘဲ ကြေညာ တဲ့ အထဲ ပါ သွားရော ။ ကံအားလျော်စွာ ပဲ ယူနီဆက် မှာ လူ လိုတယ် သတင်း ကြားလို့ သွား လျှောက်တယ် ။ ၁၉၈၇ ခု ၊ အောက်တိုဘာ ၁၃ ရက် မှာ အင်တာဗျူး ဝင် တာ ၊ ၁၄ ရက် ကျ အလုပ် ဆင်းတော့ တဲ့ ။

ကျွန်တော် ရတဲ့ ငွေ ကို အများအကျိုး အတွက် ကျွန်တော် သုံးတယ် ။ ကျွန်တော် တို့ လင်မယား ရဲ့ ဝါသနာ က နယ် က ကလေး တွေ ကို ပညာ တတ်စေ
ချင်တယ် ။ ကျောင်း ထား ပေးတယ် ။ ကျွန်တော့် လက် က ထွက်တာ အယောက် နှစ်ဆယ် လောက် ရှိပြီ ။ အချို့ က သူတို့ နယ် မှာ သူနာပြုဆရာမ ဖြစ် နေပြီ ။ အချို့က ကျောင်းဆရာ ဆရာမ တွေ ဖြစ် နေကြပြီ ။

ပညာရေး တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ မိန်းကလေးတွေ ကို လည်း အသက်မွေး ဝမ်းကျောင်းမှု ဖြစ်အောင် ရေကြည် ဘက် က ဆရာကို တစ်လ လေးသောင်း ပေး ငှားပြီး ကြိမ်ထိုးနည်း သင်တန်း သင် ပေးတယ် ။ မိန်းကလေး ၃ဝဝ ကျော် ပြီ ။ သူတို့ ကို on the job training လုပ် ပေးတယ် ။ သုံးလ နေ လို့ တော်တော် ကျွမ်းပြီ
ဆိုရင် ကျွန်တော့် မိတ်ဆွေ ရဲ့ ကြိမ်ရုံတွေ မှာ လုပ်ဖို့ စီစဉ် ပေးတယ် ။

နယ် က လူတွေ အတွက် ဆေး ကုဖို့ ဆိုတာ လည်း အခက်အခဲ တစ်ခု ပဲ ။ ကျွန်တော့် အိမ် က ဆေးရုံ လဲ နီး တော့ နယ် က ဆေးရုံ လာတက် ကြတယ် ။ အဝေးဆုံး လားရှိုး ဘက် က အထိ ဆေးရုံ လာ တက်တယ် ။

အိမ် မှာ နေပြီး ဆေးရုံ တက် တော့ အိမ် က ပဲ ကျွေးတယ် ၊ မွေးတယ် ။ ဆေးဖိုး မရှိ ရင် လည်း ကျွန်တော် ပေးတယ် ။ ကျွန်တော် မတတ်နိုင် ရင် ရုံး က လူတွေ ကို အလှူ ခံတယ် ။ ရုံး က လူတွေ လည်း ဝိုင်း ထည့်တယ် ။

တွံတေး က ရောက်လာတဲ့ တစ်ယောက် ဆိုရင် hope less ( မျှော်လင့်ချက် မရှိတော့ဘူး ) ပဲ ။ ခေါ် လာတော့ ဆရာ က သိပ် နောက်ကျ နေပြီ ဖြစ်ပါ့မလား တဲ့ ။ ကျွန်တော် က ဘုရား လက် ထဲ အပ် ပြီးပြီ ၊ သူ နဲ့ ဘုရား နဲ့ ပဲ ဆိုင်တယ် ။ ကု လို့ ရသလောက် ကုမယ်ပေါ့ ။ အခု ကျန်းမာ လို့ ကျောင်းဆရာမ ပြန် လုပ် နေပြီ ။

အိမ် မှာ လောလောဆယ် တီဘီရောဂါသည် ရှိတယ် ။ ကျွန်တော့် အိမ် မှာ ကျွန်တော့် မိသားစု နဲ့ အတူတူ နေတာပဲ ။ ကူးနိုင်တယ် ဆိုတာ ကျွန်တော် သိပါတယ် ။

ကျွန်တော့် သားသမီး မြေး အားလုံး ကို လက် တင်ပြီး ကျွန်တော် ဆုတောင်းတယ် ။ ဒီ ရောဂါ ကလေးတွေ ကို မကူးအောင် ဘုရားသခင် ကာကွယ် ပေးတော်မူပါ ။ သူတို့ မိသားစု က မတတ်နိုင် မကျွေးနိုင် လို့ ဒီ လူ ကို တပည့်တော် မကယ် လို့ မရပါဘူး ။ ကယ် ရ မှာ ဖြစ်ပါတယ် ။ ကိုယ်တော် ဒီ ကလေးတွေ ကို စောင့်ရှောက်ပါ ။ ကျန်တဲ့ သူ အားလုံး အတွက် စောင့်ရှောက်တော်မူပါ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment