Thursday, June 13, 2024

ကြွက်စား သွားသော အသည်း တစ်ခြမ်း


 ❝ ကြွက်စား သွားသော အသည်း တစ်ခြမ်း ❞  


မျက်လုံး အစုံ ဖျတ်ခနဲ ပွင့် သည် နှင့် စိတ်အာရုံ က “ ချိုမာ ” ဆီ တန်းခနဲ ရောက်သည် ။ မိန်းမချောလေး ၏ ချစ်စဖွယ်သော ပျိုမျစ် နုနယ် သည့် လှရုပ်သွင် က သူ့ စိတ်ကူး ထဲ တဝဲလည်လည် နှင့် ပေါ် လာသည် ။


သည်မှာ ရင်ထဲ နွေးခနဲ ခံစား လိုက်ရသည် ။ တမ်းတမိသည် နှင့် အမျှ အရမ်း ကို တွေ့ချင် လာသည် ။


“ ကိုကို ကိုမြတ်သူ နဲ့ လိုက် ဖြစ်အောင် လိုက်လာခဲ့နော် ။ ချိုမာ ကိုကို့ ကို မျှော်နေမယ် ။ ကိုကို လိုက်မလာ လို့ က တော့ အသိပဲ နော် ။ ပြီးတော့ မှ ချိုမာ့ ကို စိတ်မဆိုးနဲ့  ... ဒါပဲနော် ကိုကို ”


မနေ့ က ဖုန်းလိုင်း ထဲ မှ တီတီတာတာ ချိုသံသာလေးတွေ ကို ပြန်လည် ကြားယောင် လာသည် နှင့် ...


ဝုန်းခနဲ အိပ်ရာ က ထသည် ။ ချိန်းထားတာ အချိန်မီ သွား နိုင်ဖို့ ဗာဟီရတွေ ခပ်သွက်သွက် လုပ်သည် ။ ဇနီး ဖြစ်သူ နှင်းနု က သူ့ လှုပ်ရှားမှုတွေ ကို မသိမသာ အကဲ ခတ် နေမှန်း သူ သိသည် ။ ဆိုတော့ သူ့ ရင် ထဲ တင်းတင်းကျပ်ကျပ်ကြီး ဖြစ် သွားရသည် ။


စိတ် ထဲ မှာ မိန်းမ ဖြစ်သူ ကို ဘယ်လို မှ အလို မကျ ။ ဤ နေရာ မှ အဝေးဆုံး ဆိုသည့် နေရာ သို့ ရောက် သွားအောင် ကန် ထုတ် ပစ်ချင် နေသည် ။


အို ... သူ ဘာမှ သိရှာမှာ မဟုတ်ပါဘူးလေ ။ စိတ် ကို တင်းရင်း လုပ်စရာ ရှိတာ ဆက် လုပ်သည် ။


ဆံကေသာ အကျအန ဖြီး နေဆဲ ၊ ကျော ဘက် မှာ ရပ် လာတဲ့ နှင်းနု ကို မှန် ထဲ က မြင်ရသည် ။ ဘာတွေများ စပ်စုဦးမလဲ လို့ ရင် ထဲ က ပူ နေမိသည် ။ ဖြစ်နိုင်ရင် နှင်းနု နှင့် ဘာ စကား ကို မှ မပြောချင် ။ 


“ ကိုမောင် ” 


“ ဟင် ”


မိန်းမ ရဲ့ မဝံ့မရဲ ခေါ်သံ ကြောင့် မထူးချင် ထူးချင် နဲ့ ထူး လိုက်သည် ။ အခြေအနေ ကို နားလည် နေပုံ ရတဲ့ နှင်းနု ရဲ့ မျက်နှာ ထက် မှာ ရွာတော့မည့် မိုး သို့ ပါလား ။


“ ကိုမောင် ဘယ် သွားဦး မလို့လဲ ဒီနေ့ ရုံးပိတ်ရက် လေ ” 


“ အင်း ဟဲ ဟိုလေ ”


ခြောက်ကပ်ကပ် ရယ်သံ နဲ့ လိပ်ပြာ မလုံသည် မို့ ရုတ်တရက် ဘာ ပြန် ဖြေရမှန်း မသိ ။


“ နှင်းနု သိပါတယ် ၊ ကိုမောင် အပြင် သွား မလို့ မဟုတ်လား ”


သူ ခေါင်း ညိတ်သည် ။


“ မသွားလို့ မရဘူးလား ကိုမောင် ရယ် ။ အိမ် မှာ သားလေး က လည်း နေကောင်းတာ မဟုတ်ဘူး ။ ဒီ ညနေ ဆေးခန်း သွား ပြဖို့ က လည်း ရှိ သေးတယ် ။ နောက်ပြီးတော့ သားကြီး က လည်း လမ်းထိပ် က ဗီဒီယိုရုံ မှာ သူ့ ကို ဒီနေ့ လိုက် ပြပါ တဲ့ ။ မနေ့ တည်း က ပူဆာ နေတာ ”


“ မဟုတ်သေးဘူး .. နှင်းနု ”


သူ့ အသံ မာ သွားသည် ။ နှင်းနု ကို ကြည့်တဲ့ သူ့ အကြည့် က အတော့် ကို စူးရှတင်းမာ နေပြီ ။ နှင်းနု မှာ တော့ မျက်နှာငယ်လေး နှင့် ။ 


“ ကိုမောင် အိမ် ရဲ့ အခြေအနေတွေ ကို အားလုံး သိတယ် ။ အားလုံး နားလည်တယ် ။ ဒါပေမဲ့ ဒီနေ့ က ရုံး မှာ အချိန်ပို ဆင်း ရမှာ ”


ရုံး မှာ အချိန်ပို ဆင်းတတ်သည် မို့ နှင်းနု က - 


“ ဪ မသိလို့ပါ ကိုမောင် ရယ် ” ဟု သာ ပြော ရှာသည် ။ ပြင်ဆင်ပြီး အိမ် က ထွက်မယ် အလုပ် နှင်းနု က ညှိုးလျတဲ့ မျက်နှာ နဲ့ ... 


“ ကိုမောင် အိမ် ကို စောစော ပြန်ခဲ့နော် ”


“ အိုကွာ နှင်းနု က လည်း ကိုမောင် တစ်နေကုန် မနေပါဘူး ။ အလုပ် ပြီးတာ နဲ့ ချက်ချင်း ပြန် လာခဲ့မှာပါ ။ သားလေး ဆေးခန်း ပို့ဖို့ က လည်း ရှိသေးတယ် မဟုတ်လား ”


နှင်းနု က မယုံကြည်ရဲစွာ ခေါင်းညိတ် လိုက်သည် ။ သူမ ၏ စိုစွတ် နေသော မျက်လုံးများ ၌ လင်ယောက်ျား အပေါ် ခွင့်လွှတ် သည့် ဝမ်းနည်းရိပ်များ က ယှက်သန်း နေသည် ။


သူ ထွက် လာတော့ မြင်းရုပ်ပေါ် ခွစီး နေတဲ့ သားကြီး က လှမ်း အော်သည် ။


“ ဖေဖေကြီး သား ကို ဗီဒီယို လိုက် ပြနော် ” 


သူ လှည့် ကြည့်ပြီး ...


“ အေး အေး ဖေဖေ ပြန် လာရင် သား ကို လိုက် ပြမယ်နော် ”


အိမ် ထဲ မှ ချာခနဲ ထွက် ခဲ့သည် ။


 •••••   •••••   •••••


အိပ်ရာ က လန့် နိုးလာသည် ။ ဘေးဘီ ကို ကြည့်သည် ။ ဘေး နား မှာ ချိုမာ က ကွေးကွေးလေး အိပ်ပျော် နေသည် ။ လက် က နာရီ ကို ကြည့် တော့ အချိန် က မနည်းတော့ ။


ချိုမာ ကို လှုပ် နှိုးပြီး ရန်ကုန် ပြန်ဖို့ ပြင်သည် ။ ချိုမာ က လည်း အိပ်မှုန်စုံမွှား နှင့် ထ လာသည် ။ သူတို့ တည်းခိုခန်း က ထွက် လာတော့ လက်ဖက်ရည်ဆိုင် က ထွက် လာတဲ့ မြတ်သူ တို့ စုံတွဲ နှင့် တွေ့သည် ။ အားလုံးရဲ့ ရင် မှာ အပျော်လေးတွေ ကိုယ်စီ နှင့် ။


ပဲခူး က ပြန်လာကြ ပေမယ့် နှလုံးသားတွေ က ပဲခူး မှာ ကျန် ခဲ့သည် ။ အပြန် ကား ပေါ် မှာ ချိုမာ က သူ့ ရင်ခွင်ကျယ် ထဲ မှာ မျက်နှာ ကို ဝှက် ပြီး လိုက် လာသည် ။ ဘယ်လိုမှ မခွဲနိုင် မခွာရက် သည်မို့ အချစ်တွေ က ချစ်လို့ ကို မဝနိုင် သလိုပါပဲ ။


ရန်ကုန် ပြန် ရောက်တော့ စားတော်ဆက် တစ်ခု ထဲ ဝင်ပြီး ပျော်ပျော်ပါးပါး စားသောက် နေဆဲ ။


ဘေးနား နီး စားပွဲ ဆီ က ထူးထူးဆန်းဆန်း စကားသံ ကြောင့် သူ အထိတ်တလန့် ဖြစ်သွားသည် ။ နားရွက် မျက်နှာ တွေ နီ မြန်း ထူအမ်း ကုန်သည် ။ ရှိသမျှ အမွေးအမျှင် တွေ တောင် ထောင် ထ သွားရော့လေ သလား ။


ပါးစပ် ထဲ ထည့်မယ့် ကြက်သားကြော် တစ်တုံး သည် ပင် လျှင် ပါးစပ် ထဲ မရောက်နိုင်တော့ ။ အသားတွေ တဆတ်ဆတ် တုန် ယင် လာခဲ့သည် ။


ရင် ထဲ မှာ လှိုက်မောခြင်း ဝေဒနာ ကို ပြင်းပြစွာ ခံစား နေရ ပြီ ။ ခန္ဓာကိုယ် တစ်ခုလုံး နွမ်းနယ် နုံးချိ လာ ခဲ့သည် ။ နှင်းနု ကို သူ ညာ ခဲ့သည် ။ ရုံး မှာ အချိန်ပို ဆင်းဖို့ အကြောင်း ပြ ခဲ့သည် ။ တစ်နေကုန် အချစ်သစ် နှင့် အပျော်တွေ ဆက် ခဲ့သည် ။ 


အခုတော့ တာဝန် မဲ့ ခဲ့ပြီ ။ ထိတ်လန့်ဖွယ် စကားတွေ ကို သူ ကြားရ ပြန်သည် ။


“ မီး က တော်တော့် ကို လောင်သွားတာ ဗျ ။ ရပ်ကွက် သုံး လေးခု လောက် ကို ပါ သွားတာ ။ နောက်ပြီး တော့ အဲဒီ နား မှာ က လောင်စာဆီ လှောင်တဲ့ လူတွေ က လည်း များတယ် လို့ ပြောနေကြတာပဲ ဗျ ”


“ ဟာ လောင်စာတွေ နဲ့ ဆို ပို ဆိုးတာပေါ့ ။ ပါ သွားတဲ့ လူ တွေ က တော့ သနားစရာပဲဗျ ”


အနား က လူ နှစ်ယောက် ရဲ့ စကားတွေ က သူ့ နှလုံးသား ကို ခြေမွ ပစ် လိုက်ပြီ ။


“ ဘုရား ဘုရား မီး လောင်တဲ့ နေရာတွေ က ငါ နေတဲ့ ရပ်ကွက် ၊ ငါ နေတဲ့ လမ်းတွေပါလား ။ သူတို့ ပြော နေတဲ့ နေရာ တွေ က ငါ တို့ အနား က နေရာတွေ ပဲ ဘုရား ဘုရား ။ မဟုတ်ပါစေ နဲ့ မဖြစ်ပါစေ နဲ့ ။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ ” 


ထိတ်ထိတ်ပျာပျာ နဲ့ ဘုရား ကို သာ တ မိတော့သည် ။ 


“ ဟာ ဒုက္ခပါ ပဲ ၊ နှင်းနု တို့ သားအမိတွေ ဘယ်လို နေကြလဲ မသိဘူး ”


တစ်ယောက်တည်း ဗျာ များရင်း စိုးရိမ်စိတ် တွေ က အထွတ် အထိပ် သို့ ရောက် လာခဲ့သည် ။


ဘယ်လိုမှ ဟန် မဆောင်နိုင် တော့ ။ အားလုံး ကို တောင်းပန် နှုတ်ဆက် ကာ အငှားကား နှင့် ပြန်ခဲ့သည် ။


 •••••   •••••   •••••


အလာ ကောင်းပေမယ့် အခါ နှောင်းခဲ့လေပြီ ။ သူ ရောက် လာတော့ မီးလောင်ပြင် က ဆီးကြို နေသည် ။ မီးခိုးတွေ အူ နေဆဲ ။ 


ကိုယ့် အိမ် နေရာ ကို တောင် မမှတ်မိနိုင်တော့ ။ လည်ချောင်း ထဲ မှာ တစ်ဆို့ဆို့ကြီး ဖြစ်လာသည် ။ အသက် ရှူ ရတာလည်း မွန်းကျပ် လာသည် ။


“ နှင်းနု ... နှင်းနု ဘယ်ရောက် နေလဲ ။ ပြီးတော့ သား သားလေးတွေ ” 


ခုမှ ပင် ဇနီး နှင့် သား နှစ်ယောက် ကို သတိရ နိုင်တော့သည် ။ နောင်တ တရား လည်း အလိုလို ရ လာသည် ။ တာဝန် ရှိသူတွေ က ဘယ်သူ့ ကို မှ အဝင် မခံ ။ သူ့ မှာ ဟို ယောင်ယောင် ဒီ ယောင်ယောင် နှင့် ဘယ် သွားလို့ ဘယ် လာရ မှန်း မသိ ။


ရပ် ကြည့် နေသော များပြားလှ သည့် လူအုပ်များ ကြား ထဲ မှာ နှင်းနု တို့ သားအမိ ကို အပြေးအလွှား လိုက် ရှာသည် ။ သို့သော် မတွေ့ ။


သည်မှာ မထင်မှတ်ဘဲ အိမ်နီးချင်း ဦးထွန်းမောင် ကို လူအုပ် ကြား ထဲ ဘွားခနဲ တွေ့သည် ။ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း ။ 


“ ဦးလေးထွန်းမောင် နှင်းနု တို့ ကော ဟင် ။ နှင်းနု တို့ သား အမိ ကို ဦးလေးထွန်းမောင် မတွေ့မိဘူးလား ဗျာ ”  


ငိုသံပါကြီး နှင့် အငမ်းမရ သူ မေးသည် ။ သူ့ ကို မြင်တော့ ဦးထွန်းမောင် ရဲ့ မျက်လုံးတွေ က ပြူးထွက် လာသည် ။ 


“ ဟေ့ကောင် ကိုကိုမောင် မင်း ဘယ်တွေ လျှောက် သွား နေ တာလဲ ။ နှင်းနု တို့ သားအမိတွေ ခမျာမယ် သနားစရာတွေ ပါ ကွယ် ” 


“ နှင်းနု ကလေး နေမကောင်း လို့ ဆေးခန်း သွားနေတာ နဲ့ ဘာမှ မရလိုက်ဘူး ၊ နောက်ပြီး မင်း ရဲ့ သား အကြီးကောင် လည်း ပျောက် နေတယ် ။ ခုထိ ရှာ မတွေ့သေးဘူး ။ အဲဒါ ငါတို့ အခု လိုက်ရှာနေကြတာ ”


“ ဗျာ ” 


“ လာ ... လာ ခုမှ ဗျာ မနေနဲ့ အချိန် မရှိဘူး နှင်းနု က  ဒေါ်ကြီးသိန်း အိမ် မှာ ”  


မျက်ရည်များ က ချက်ချင်း စီးကျ လာသည် ။ ကယောင် ချောက်ချား ဖြစ် ကာ လူတွေ ကို ဝင် တိုက် ကုန်သည် ။ သားကြီး သတင်း ရသည် ။ လျှောက်ပြေး နေသော ကလေး တစ်ယောက် ကို လူ တချို့ က ချော့မော့ ခေါ်ဆောင်ပြီး ရဲစခန်း ပို့ထားသည် ဟူ၍ ။


ဟို ရောက်တော့ ဟုတ်သည် ။ မျက်လုံး ကြောင်တောင်လေး နှင့် ရှိုက် နေသော သားကြီး ကို သနားစဖွယ် တွေ့ ရသည် ။ သူ့ ကို မြင်တော့ သားကြီး က ငို ပင် မငိုနိုင်တော့ ။


သားကြီး ကို တင်းကျပ်စွာ ဖက် ပြီး ၊ ဒေါ်ကြီးသိန်း အိမ် ကို တုန်တုန်ယင်ယင် နှင့် ရောက် လာခဲ့သည် ။


သူ ရောက်လာတော့ လူတွေ အားလုံး က အထူးအဆန်း သဖွယ် ဝိုင်း ကြည့်ကြသည် ။

သားအဖ နှစ်ယောက် ကို မြင်သည် နှင့် နှင်းနု က ပြေး လာ ကာ လင် နှင့် သား ကို သိုင်းဖက် ရင်း ပျော့ခွေ ကာ သတိ လစ် သွားသည် ။


အားလုံး ဝိုင်းပြီး နှာနှပ် ယူ ကြမှ နှင်းနု သတိ ပြန် ရလာ သည် ။ နှင်းနု သည် ချစ်လင် ကို  အပြစ် မမြင် ။ ခွင့်လွှတ်သော အကြည့် နှင့် ငေး ကြည့်ရင်း ရှိုက် နေသည် ။


နေမကောင်း ဖြစ် နေသော သားငယ် မှာ ဖျာတိုလေး တစ်ချပ် ပေါ် ဝယ် ပက်လက်ကလေး အိပ်ပျော် နေသည် ။ သားကြီး က သူ့ အမေ ကို လွတ်ထွက် မသွားအောင် အတင်း ဖက် ထားသည် ။ သူ အံကို တင်းတင်း ကြိတ်သည် ။ ဆုံးဖြတ်ချက် တစ်ခု ကို

အခိုင်အမာ ချသည် ။


ဖြူစင်သော အနာဂတ်ပုံရိပ် သည် လှပစွာ ပေါ်ထွန်း လာခဲ့သည် ။


◾တက္ကသိုလ်စိုးနောင် 


📖 ရုပ်ရှင်သစ္စာ မဂ္ဂဇင်း

      အမှတ် ( ၂၃၆ )

      ၂၀၀၁ ခုနှစ် ၊ ဇွန်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment