Thursday, June 6, 2024

မောင်တစ်ထမ်း မယ်တစ်ရွက်


 

❝ မောင်တစ်ထမ်း မယ်တစ်ရွက် ❞

[ မန္တလေးမြို့ ၊ မြောက်ပြင် မှာ တစ်ရပ်ကွက် တည်း နေသူချင်း မို့ သူတို့ လင်မယား နဲ့ ကျွန်တော် ရင်းနှီးပါသည် ။

“ အောင်ထွန်းထွန်း မိသားစုကဖေး ” အမည် ဖြင့် လက်ဖက်ရည်ဆိုင် တွေ တစ်ဆိုင် ပြီး တစ်ဆိုင် သူတို့ က အသစ် ဖွင့် တာ မျက်စိ အောက် တွင် လေးဆိုင် ရှိ သွားပြီ ဖြစ်သည် ။ သူတို့ သား နဲ့ သမီး လေးယောက် လည်း မျက်စိ အောက် မှာ ပဲ လူလား မြောက် လာကြသည် ။ ဘွဲ့တွေ ရ လာကြသည် ။

ဦးကျော်ဝင်း ( ၅၃ ) နှစ် ရော ဒေါ်ခင်သန်းမြင့် ( ၄၉ ) နှစ် ပါ အနေ ရိုး သည် ။ ကျေးလက် က မြို့ သို့ တက် လာခဲ့တာ ၊ အတန်းပညာ အခြေခံ နည်းခဲ့တာ ၊ ငယ်စဉ် က ချို့တဲ့ခဲ့ကြတာ ကို မကွက်မဝှက် အမြဲ ပြော တတ်သည် ။ ယနေ့ အချိန် မှာ ကိုယ်ပိုင်ကား ရှိသည် ။ ဆဲလ်ဖုန်း ခါးကြား ထိုး နိုင်သည် ။ ပုံမှန် ငွေ ဝင်သော လက်ဖက်ရည်ဆိုင် လေးဆိုင် ပိုင်ဆိုင်သည် ။ သို့ပေမယ့် လင် ရော မယား ပါ ဝီရိယ ကောင်းကောင်း ဖြင့် အလုပ် ကို ကြိုးစား လုပ်နေဆဲ ။ သူတို့ ရည်ရွယ်ချက် က သား သမီးတွေ ကို အင်္ဂလန် ပို့ပြီး ကိုယ့် ပညာ နဲ့ ကိုယ် ရပ်တည် သည့် သားကောင်း သမီးကောင်း တွေ ဖြစ် လာ အောင် သူတို့ လင်မယား ရည်မှန်းချက် ထားသည် ။

သူတို့ ဘဝ ၊ သူတို့ ကြိုးပမ်းခဲ့ရမှု နဲ့ သူတို့ အတွေးအမြင် ကို တစ်ခု သော နေလယ်ခင်း မှာ သူတို့ အိမ် သို့ ကျွန်တော် သွားပြီး နေ့လယ်စာ စားရင်း ပြောကြ တာ ကြား ခဲ့ရသည် ။ ]

•••••   •••••   •••••

ဦးကျော်ဝင်း ။  ။ ၁၉၇၃ ခု ကျွန်တော်တို့ အိမ်ထောင် ကျတော့ ကျွန်တော် က ဆံပင်ညှပ်သမား ။ သင့်မိတ်ဆွေ ဆံသ မှာ လက်ခစား ။ ဆံပင် ညှပ် တာ ကိုယ်ပိုင်ဆိုင် မဟုတ်တော့ ရတဲ့ အခ ကို တစ်ဝက် ပဲ ရတယ် ။ မိုးတွင်း မှ တစ်ခါတလေ တစ်နေ့ ဝင်ငွေ တစ်ကျပ်ခွဲ ၊ နှစ်ကျပ် ပဲ ရတယ် ။ အိမ်ထောင် ကျ သမီး ရ တော့ ရတဲ့ ဝင်ငွေ နဲ့ မလုံလောက် တော့ဘူး ။

ကျွန်တော် ဆံပင် ညှပ် ပေး နေကျ ဖောက်သည် ဦးကျော့ မောင် ဆိုတာ ရှိတယ် ။ သူ က ပုလင်းခွံ ကောက်တာ ။ ထမ်းဆိုင်း နဲ့ အရပ်တကာ လည်ပြီး ပုလင်းခွံတွေ စက္ကူဟောင်းတွေ ဝယ်ပြီး ဒိုင် ပြန် သွင်းတာ ။ ငါတို့ လုပ်ငန်း က ပင်ပန်းတယ် ၊ မင်း လုပ်ချင် သင် ပေးမယ် တဲ့ ။

ဆံပင်ညှပ်ဆိုင် နောက်ကျော မှာ ကျီဝင်း စာကြည့်သင်း ရှိတယ် ။ ကျွန်တော် က စာအုပ်တွေ ငှား ဖတ်တယ် ။ ပီမိုးနင်း စာအုပ်တွေ ကို စွဲစွဲမြဲမြဲ ဖတ်တယ် ။ ကိုယ်ပိုင် လုပ်ငန်း လုပ်ဖို့ အမြဲ စိတ်ကူး နေတာ မို့ ပုလင်းခွံ ကောက် တဲ့ အလုပ် ပန်းချင် ပန်း ပါစေ လုပ်မယ်လို့ ဆုံးဖြတ် တော့ ဦးကျော့မောင် က ဝယ်ပုံ ဝယ်နည်း ပစ္စည်း အမျိုးအစား ခွဲပုံ ခွဲနည်း တစ်ပတ် လောက် သင် ပေးတယ် ။

ဒေါ်ခင်သန်းမြင့် ။  ။ လင် ရော မယား ပါ မောင် တစ်ထမ်း မယ် တစ်ရွက် လုပ် ကြတာ ။ ကျွန်မတို့ မှာ အတန်းပညာ အခြေခံ အနည်း အကျဉ်း ရှိတယ် ။ ကျွန်မ ရော သူ ရော ကိုးတန်း ထွက် လာကြ တာ ။ တောင်းထမ်း ပုလင်းခွံ သယ် ချင်း တူပေမယ့် ကျွန်မတို့ က အမြင် ပို ရှိတယ် ။ ရုံးတွေ ကို ရင်းနှီးမှု ယူတယ် ။ မိန်း Main ကျ တဲ့နေရာတွေ နဲ့ ချိတ်မိတော့ ရုံး ကယူ သမျှ သတင်းစာဟောင်း တွေ စာရွက်စာတမ်းဟောင်းတွေ အများကြီး ရတယ် ။

ဒိုင်တွေ က ကျတော့ လည်း ကျွန်မ တို့ က ပစ္စည်း ရှာ နိုင်တဲ့ သူ ဆိုတော့ ငွေရင်း လိုရင် လိုသလောက် ချက်ချင်း ရအောင် ဖန်တီး ပေးတယ် ။ တစ်သိန်း လို သလား ၊ တစ်သိန်း ပေးတယ် ။

ဝင်း ။  ။ ကျွန်တော်တို့ က ပညာ အခြေခံ ရှိတော့ ၁၅ နှစ် ပြည့် ရင် ဒိုင် ထောင်မယ် လို့ ရည်မှန်းချက် ထားတယ် ။ အရင်းအနှီး လည်း စုတယ် ။

မြင့် ။  ။ အဲဒီ အလုပ် လုပ်တာ ကျွန်တော်တို့ မှာ အကျိုး နှစ်မျိုး ရ တယ် ။ အသက်မွေး ဝမ်းကျောင်း အလုပ် လည်း ဖြစ်တယ် ။ စာ လည်း ဖတ် ရတယ် ။ အရင် က အချို့ ဝန်ထမ်းတွေ က စာအုပ် တွေ တော်တော် ဝယ် ဖတ်တယ် ။ သူတို့ ပြောင်းရ ရွေ့ရ ရင် အုပ်တွေ ကို မသယ်နိုင် တော့ ချရောင်း ပစ်တာ ။ အဲသည်တော့ စာအုပ်ကောင်း တွေ ရတယ် ။

ရတဲ့ စာအုပ်တွေ ထဲ က မိသားစု အတွက် ဖတ်ဖို့ အမြဲ သိမ်း ရမယ့် စာအုပ် ဆိုရင် သိမ်းတယ် ။ အချို့ စာအုပ်တွေ ကို ဖတ် ပြီးရင် စာအုပ်ဆိုင်တွေ မှာ ပြန် သွင်း ပေးတယ် ။ စာအုပ်တွေ ဒိုင် သွင်းလို့ သုံးကျပ် ပဲ ရပေမယ့် စာအုပ်ဟောင်း ရောင်းတဲ့ ဆိုင် က တစ်ပိဿာ တစ်ဆယ် ပေးတယ် ။

မြင့် ။  ။ တောင်းထမ်း ပုလင်းခွံသယ် လုပ်ရင်း သားကြီး ကို ရှင်ပြု နိုင်ခဲ့တယ် ။ သားသမီးတွေ အားလုံး ကို ကျောင်း ကောင်းကောင်း မှာ ထား နိုင်တယ် ။ နေဖို့ ကိုယ်ပိုင် အိမ် တစ်လုံး ဆောက် နိုင်တယ် ။

ဒိုင် ထောင် တော့မယ် လို့ ရည်မှန်း ထား တဲ့ နှစ် မှာ မန္တလေး မီးလောင် တော့ အိမ် က မီး ထဲ ပါ သွားရော ။ အရင်းအနှီး လုပ် မယ့် ငွေ အိမ် ပြန် ဆောက် ရမယ့် အထဲ ပါ သွားရော ။ 

ဝင်း ။  ။ ၁၉၈၈ ခု မှာ ကျွန်တို့ ဘဝ တစ်ဆစ်ချိုး ပြောင်း တာပါပဲ ။ စက္ကူဟောင်း ၊ သတင်းစာဟောင်း ဝယ်နေကျ ဖောက်သည်ရုံး က လည်း ဝယ်လို့ မရတော့ဘူး ။

မန္တလေးနန်းတွင်း တစ်ခု လုံး ဝယ်ယူခွင့် ပါမစ် ကို အခွန် ဆောင်ပြီး တစ်ဦးတည်း ကိုယ်စားလှယ် ရ ထားတာ လည်း နိဋ္ဌိတံ သွားတယ် ။

မြင့် ။  ။ လင်မယား နှစ်ယောက် ဘာ လုပ်စားရ ရင် ကောင်းမှာလဲ လိုက် ရှာတော့ လက်ဖက်ရည်ဆိုင် တစ်ဆိုင် နဲ့ သွား ဆက်မိ တယ် ။ 

ဆိုင်ရှင် မှာ စာပွဲ ငါးလုံး ရှိတယ် ။ ကိုယ်တိုင် တော့ ဆိုင် မဖွင့် ချင်ဘူး ။ ဒါနဲ့ ကျွန်မ တို့ လင်မယား ကို ရောင်း ခိုင်းတယ် ။ ကျွန်မ တို့ က လက်ဖက်ရည် ရောင်း ၊ သူတို့ က ကြက်ဥပေါင်မုန့်ကြော် ၊ မုန့်နဲ့ ဆေးလိပ် ရောင်းတယ် ။

ဆိုင်မှာ ဧည့်သည် ကျ ရင် သူ ( ဦးကျော်ဝင်း ) က စာပွဲ ထိုး ၊ ကျွန်မ က လက်ဖက်ရည် ဖျော်တယ် ။ ဆက်ဆံရေး က ကောင်း တော့ လုပ်ငန်း က ဖြစ်တယ် ။ လုပ်ငန်း ဖြစ်တာ ကြည့်ပြီး ဆိုင်ရှင် က ကိုယ်တိုင် ပဲ လုပ်တော့မယ် ဖြစ်ရော ၊ ဒါနဲ့ အဲဒီ လုပ်ငန်း လည်း ရပ် လိုက်ပြန်တယ် ။

  •••••   •••••   •••••

❝ ခေတ်မီမီ ကမ္ဘာ့ကြည့် ကြည့်မြင် ❞

[ ခြေဖဝါး ၊ လက်ဖဝါး သာ အရင်းအနှီး ရှိတဲ့ ဦးကျော်ဝင်း နဲ့ ဒေါ်ခင်သန်းမြင့် မောင်နှံ ဟာ ပုလင်းခွံဟောင်း ၊ စက္ကူဟောင်း ဝယ်တဲ့ အလုပ် ကို နေပူစပ်ခါး မှာ သွားလာ လုပ်ကိုင်ရင်း ၁၅ နှစ် ကြာ ရင် ဒိုင် ထောင်မယ် လို့ ရည်မှန်းချက် ထား ခဲ့တယ် ။ အရင်းအနှီး လည်း ထိုက်တန်သရွေ့ ရ ၊ ရည်မှန်း သလို ဒိုင်ထောင် ရမယ့် အချိန်ကာလ ရောက်ချိန် မှာ မန္တလေး မီးဘေးကြီး က ဝါးမြို သွား လို့ ခြေဗလာ ၊ လက်ဗလာ အခြေအနေ ပြန် ရောက် သွားတယ် ။

ပြာပုံ ထဲ က နေ သူတို့ လင်မယား ရုန်းထ ခဲ့ကြတယ် ။ အားမာန် တင်းပြီး လက်ဖက်ရည်ဆိုင် လုပ်ငန်း လုပ်ဖို့ ကြိုးစား ကြ ပြန်ပါတယ် ။ ]

  •••••   •••••   •••••

မြင့် ။  ။ လက်ဖက်ရည်ဆိုင် ဖွင့် ချင်တယ် ဆိုရင် နေရာ တစ်နေရာ တော့ ရှိတယ် လို့ ကျွန်မတို့ နဲ့ ခင်မင်နေတဲ့ ကျောင်းဆရာကြီး က ပြောတယ် ။ စာကြည့်သင်း နား က သ/မဆိုင် ဘေး နေရာဟောင်း မှာ ။ စားပွဲ ၊ မီးဖို ၊ ကရားအိုးတွေ အဆင်သင့် ရှိ တယ် ။ ဒါပေမယ့် မြေခံ က မကောင်းဘူး ၊ ဖွင့်တဲ့ ဆိုင် တစ်လ မခံ ဘူး ။ လုပ်ရဲလား လုပ်ချင်ရင် ပြောပေးမယ် တဲ့ ။

နေရာ က ၁၁ လမ်း နဲ့ ၇၇ လမ်းထောင့် ၊ နေရာ ကောင်း ။ ရေ လည်း အဆင်ပြေတယ် ။ ဘာကြောင့် မလုပ်ရဲရမှာ လဲ ဆိုပြီး သမလူကြီးတွေ နဲ့ တွေ့ တယ် ။ ခြောက်လ ငှားဖို့ စာချုပ် ချုပ်ပါ ဆိုတာ လူကြီးတွေ က လက် မခံဘူး ။ သုံးလ ပဲ လုပ်ကြည့်ပါဦး ၊ အဆင်ပြေ မှ ဆက် ချုပ် တာပေါ့ တဲ့ ။

ဝင်း ။  ။ ကျွန်တော်တို့ က ကိုယ်ပိုင် လုပ်ငန်း လုပ်ချင် နေတာလေ ။ ဒီတော့ ကြိုးစား လုပ်တယ် ။ ကိုယ့် ဆိုင် ကို မေတ္တာ ရှိလို့ လာတဲ့ လူ တစ်ယောက် ကို ကျေနပ် အောင် လုပ်ပေးဖို့ ကျွန်တော် တို့ က တာဝန်လို့ ခံယူတာ ။

မြင့် ။  ။ ကျွန်မတို့ က ကောင်တာ မှာ ထိုင် နေ ပေမယ့် စားသုံးသူ ကို အကဲခတ် ရတယ် ။ လက်ဖက်ရည် ကို သူတို့ နှစ်နှစ်ခြိုက်ခြိုက် သောက် နေသလား ၊ မသောက် ချင် သောက် ချင် သောက် နေ တယ် ။ တစ်ဝက် လောက် နဲ့ ချန် ပစ်ခဲ့ရင် သူ ပဲ ကျန်းမာရေး မကောင်း လို့လား ၊ ကိုယ့် လက်ဖက်ရည် ပဲ ချွတ်ယွင်းချက် ရှိ သလား အကဲခတ် ရတယ် ။  

ရင်းနှီးတဲ့ လူ ဆိုရင် သူ့ ဆီ သွား မေး ရတယ် ။ ဘာ အဆင် မပြေ သလဲ ၊ စိတ်တိုင်း မကျတာ ဘာ ရှိသလဲ မေးတယ် ။

ဝင်း ။  ။ စားသောက်ဆိုင် မှာ ဆယ်မိနစ် လောက် ဧည့်သည် ထိုင် နေ ပေမယ့် စားပွဲထိုး မရောက်တာ သည်းခံတယ် ။ လက်ဖက် ရည်ဆိုင် မှာ ငါးမိနစ် သည်းမခံဘူး ။ ဒါကို ဂရုစိုက်တယ် ။ ဝင် လာလာချင်း ခရီးဦးကြို ပြုသင့်တဲ့ သူ ဆို ပြု ပေးရတယ် ။

မြင့် ။  ။ အလေးယူ အသိအမှတ် ပြု ခံ ချင်တဲ့ ပုဂ္ဂိုလ် ဆိုရင် သူ ကြိုက် တဲ့ ပုံစံလေး နဲ့ ခေါ်ပြီး ခရီးဦးကြို ပေး ရတယ် ။ အစ်ကိုကြီး ၊ ဆရာ ၊ လောပန် ၊ ပွဲစား စတဲ့ အခေါ်လေးတွေ နဲ့ နှုတ်ဆက်ပြီး ပွဲစား က ဘာ မှာ နေကျနော် ဆိုတာမျိုး ကိုယ် က ဦးအောင် ပြော ပေး လိုက် ရင် ကျေနပ် သွားတယ် ။

ဝင်း ။  ။ကျွန်တော်တို့ ဆိုင် နာမည် ကြီး တာ က စေတနာ ထား တာ နဲ့ လက်ဖက်ရည် ကောင်းလို့ ။ အဖန်ခြောက် နှပ်တာ ။ အဖန်ရည် နဲ့ ရေနွေး စပ်တာ ၊ နို့ဆီ ထည့်တာ ၊ အဖန်ရည် ထည့်တာ ဖျော်တာ ကို ပုံစံ မှန် ပြီး ကောင်း နေအောင် စီစဉ် ရတယ် ။ အထည်ချုပ် ဆိုင် မှာ ဒီ အဝတ်စ ကို ပဲ ဒီ ပုံတိုင်း နဲ့ ကပ်ညှပ်ပြီး ချုပ်တာ ချင်း တူပေမယ့် ဝတ်လို့ ကွာ တာ ဖြစ်သလိုပဲ လက်ဖက်ရည် ဖျော် ရာ မှာ လည်း စိတ်ဝင်စားမှု ကွာ ရင် ကွာ သလို လက်ဖက်ရည် ချင်း ကွာတယ် ။ ဖျော်တဲ့ ကလေးတွေ ကို သဘော ပေါက် အောင် ရှင်းပြ ရတာ ။

မြင့် ။  ။ ကျွန်မတို့ အမြဲတမ်း ချင့်ချိန်ရတာ ကတော့ ပစ္စည်းဈေး တက်ရမယ့် ကိစ္စ ပဲ ။ ကိုယ် ဝယ်တဲ့ ပစ္စည်း ဈေး တက်ပြီ ဆိုရင် အဲဒီ ဒဏ် ကို ကိုယ် က ဈေး မတက်ဘဲ ဘယ်လောက် ခံနိုင်သလဲ ပြန် တွက် ရတယ် ။

ကျွန်မတို့ က ကုန်ကြမ်း ပစ္စည်း ကို တစ်လ မှ နှစ်ကြိမ် ပဲ ဝယ် တာမို့ ဈေးနှုန်းတွေ နေချင်း ညချင်း တက် သွားဦး ၊ ဝယ်ပြီး သား ကုန်ကြမ်းတွေ က များကြီး ရှိလို့ ဆယ်ရက် လောက် ဈေး မတက် သေးဘဲ တောင့် ခံနိုင်တယ် ။

အတက်အကျ မမှန် သေးတဲ့ အခါ ဆိုရင် အဲဒီ ဒဏ် ကို ကျွန်မ တို့ က ခံတယ် ။ ကိုယ်တွက် ကျန် တုန်းက ကျန် ခဲ့ပြီ မို့ အခု ကိုယ့် ထဲ က ပါ ပေမယ့် ဈေး မတက်ဘဲ နေတယ် ။ အတက်နှုန်း က ကျွန်မတို့ ခံနိုင်ရည် ထက် သိသိသာသာ ထိခိုက်လာပြီ ဆိုမှ ဈေး တက်ဖို့ စဉ်းစားတယ် ။

သူများ ဆိုင်တွေ ဈေးတွေ တက် ပေမယ့် ကျွန်မတို့ က မတက်သေးဘဲ နေတယ် ။ ဆယ်ရက် ၊ ဆယ့်ငါးရက် နေ လို့ မတက်ရင် မဖြစ်တော့တဲ့ အခြေအနေ မို့ ဈေး တက်ရပြီ ဆိုရင် လည်း စားသုံးသူ က လက်ခံယ် ။ သူများ ဆိုင်တွေ ဈေးတက် နေ တာ ကြာပြီ ၊ ဒီ ဆိုင် က မတတ်သာ လို့ တက်ရ ရှာတာပဲ ဆိုပြီး အချို့က ကိုယ့် အပေါ် မှာ နားလည်မှု ပေးတယ် ။

ဝင်း ။  ။ ကျွန်တော်တို့ က ရတဲ့ အရင်းနှီး ကို မဖြုန်းဘဲ စုဆောင်း ထားတယ် ။

သားသမီး လေးယောက် ရှိတာ ၊ ကလေး တစ်ယောက် ကျောင်း ပြီး တိုင်း နေရာသစ် ခွဲပြီး လက်ဖက်ရည်ဆိုင်သစ် ထပ် ဖွင့်တာ ၊ အခု မန္တလေး မှာ ဆိုင် လေးဆိုင် ရှိသွားပြီ ။ အောင်ထွန်းထွန်း မိသားစုကဖေးဆိုင် ( ၁ ) က ၁၁ လမ်း နဲ့ ၇၇ လမ်းထောင့် မှာ ၊ ဆိုင် ( ၂ ) က ၇၆ လမ်း ၊ သပိတ်တန်း မှာ ၊ ဆိုင် ( ၃ ) က ၁၂ လမ်း နဲ့ ၈ လမ်းထောင့် ပွဲစားဝင်း မှာ ၊ ဆိုင် ( ၄ ) က လမ်း ၂၀ နဲ့ ၈၃ လမ်း ထောင့် ပုလဲငွေရောင် မှာ ရှိတယ် ။

မြင့် ။  ။ ကျွန်မတို့ က သားသမီးတွေ ကို ကျောင်းတက် နေရင်း ပေ မယ့် ဆိုင်လုပ်ငန်း ထဲ အချိန် သတ်သတ်မှတ်မှတ် နဲ့ ဝင် လုပ်ခိုင်း တယ် ။ ဒီတော့ လုပ်ငန်း မှာ အနယ်ကျပြီး ရင်းနှီးပြီးသား ဖြစ် သွားတယ် ။ ဧည့်သည် နဲ့ ဆက်ဆံရေး ၊ အလုပ်သမား နဲ့ ဆက်ဆံရေး နားလည်တယ် ။ ဆိုင် မှာ သုံး တဲ့ ပစ္စည်း လက်ကျန် အသုံး ချိန်ဆ တွက်ချက် တက်တယ် ။

ဝင်း ။  ။ ကလေး တစ်ယောက် ကို တစ်ဆိုင် စီ ထောင်ပြီး တာဝန် ပေး ထားတယ် ။ ဝင်ငွေ အရ ကလေးတွေ ရဲ့ ဘဝလမ်း မှာ ကြီးပွားနိုင်တဲ့ လုပ်ငန်းတွေ တည် ပေး ထားပြီး သားပါ ။

ဒါပေမယ့် ဒါလောက်ကလေး နဲ့ ကလေးတွေ ကို မထားခဲ့ နိုင်ဘူး ။

မြင့် ။  ။ ကျွန်မတို့ ပုလင်းခွံဟောင်း ၊ စာအုပ်ဟောင်း ဝယ်တုန်း ရောင်းတုန်း က အခြား သူတွေ နဲ့ ယှဉ်ရင် ကျွန်မတို့ က ပညာ အခြေခံ ပို ရှိတယ် ။ စာ ဖတ်တယ် ။ သင့် သလောက် အတွေး အခေါ် ရှိတော့ မိန်း Main ကျတဲ့ သူ ကို သိတယ် ၊ ပေါင်းနိုင် တယ် ၊ လုပ်ငန်း ပို ဖြစ်တယ် ။

အခု ကလေးတွေ ဘွဲ့ ရတော့ ဘွဲ့ ရတဲ့ အသိ နဲ့ ပိုပြီး လုပ်ငန်း ကျယ်ပြန့် လာအောင် စွမ်းဆောင် နိုင်တယ် ။ ဒါထက် တစ်ခါ နိုင်ငံတကာ အတွေ့အကြုံ အသိပညာတွေ ရှိရင် ပိုပြီး စွမ်းဆောင်နိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ် ။ ဒါကြောင့်လည်း သား ကို အင်္ဂလန် ပို့ ဖို့ ပြင်ဆင် နေတယ် ။ ရန်ကုန် မှာ နေပြီး အင်္ဂလိပ် ဘာသာ နဲ့ လိုအပ်တာတွေ လေ့ လာ ခိုင်း ထားတယ် ။ သား သွား ခွင့် ရပြီး မကြာခင် မှာ သမီး ကို ဆက် ပို့မယ် ။ သူတို့ ကို ပို့ချင် တာ က ဟို လွှတ်ပြီး အလုပ် လုပ် ခိုင်းဖို့ ငွေတွေ ကျွန်မ တို့ဆီ ပြန် ပို့ဖို့ မဟုတ်ပါဘူး ။ ငွေ ကို ကျွန်မ တို့ မိသားစုတွေ အိုးမကွာ ၊ အိမ်မကွာ ဒီမှာ တင် ရှာ နိုင်ပါတယ် ။ အသိပညာ အတတ်ပညာ နိုင်ငံတကာ အသိအမြင် တွေ ရှိကြစေချင် လို့ပါ ။

ဝင်း ။  ။ ကျွန်တော် တို့ အသက်အရွယ် ငယ်ပါ သေးတယ် ။ အလုပ် တွေ အများကြီး လုပ်နိုင်ကြ သေးတယ် ။ သူတို့ ကို ပညာ သင် ခိုင်း ဦးမယ် ။

မြင့် ။  ။ ကျွန်မတို့ က အခု စီးပွား ရှာမယ် ။ သားသမီးတွေ က သူတို့ တတ်တဲ့ ၊ သိမြင်တဲ့ အသိပညာတွေ နဲ့ ပေါင်းစပ်ပြီး ကျွန်မတို့ နိုင်ငံ မှာ ကိုယ်ပိုင် လုပ်ငန်း ကို ခေတ်မီ တိုးတက်အောင် လုပ်ကြစေ ချင်တယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment