Friday, June 7, 2024

ဖွားဖက်တော်


 

❝ ဖွားဖက်တော် ❞
      ( ဝင်းဖေ )

မန္တလေး လေယာဉ်ကွင်း ၊ ဧည့်ခန်း မှာ သူတို့ နှစ်ယောက် ပထမဆုံးကြိမ် ဆုံကြ တုန်း က မြင်ရတဲ့ သူတွေ အားလုံး ကြည်ကြည်နူးနူး ဖြစ်ကြရတာ အမှန်ပဲ ။

ဒီတုန်း က မောင်အောင် ရော ဝေလွင် ရော ဘွဲ့ ရပြီး ခါစ ၊ အား နဲ့ မာန် နဲ့ နုပျိုခြင်း ၊ တက်ကြွ ဖျတ်လတ် ခြင်း ဆိုတာတွေ နဲ့ ကျက်သရေ ရှိနေခဲ့ကြတာကိုး ။

မောင်အောင် က လည်း ရန်ကုန် သွားပြီး အလုပ် အင်တာဗျူး တစ်ခု ထိုင်ရ မှာ ။ ဝေလွင် က လည်း အပြင် လုပ်ငန်း တစ်ခု မှာ အလုပ် ဝင်ဖို့ သွားရမှာ ။

လေယာဉ်ကွင်း ဧည့်ခန်း ထဲ မှာ ဆုံမိကြတော့ မိတ်ဆက် ဖြစ်ကြတာပေါ့ ။ သူတို့ နှစ်ယောက် စလုံးရဲ့ အကြောင်းတရားတွေ ကလည်း တိုက်ဆိုင် လိုက်ကြတာ ။ နှစ်ယောက်စလုံး မိဘများ မရှိကြတော့ဘူး တဲ့ ။ မိဘ အမွေ ကလေးတွေ နည်းနည်းပါးပါးစီ ရလိုက်ကြတာ ချင်း လည်း တူနေတယ် ။ အဒေါ် တွေ ၊ ဦးလေး တွေ ဆီ မှာ တက္ကသိုလ် ပညာရေး မပြီးမချင်း မှီခို နေထိုင်ခဲ့ကြတာ ချင်း လည်း တူ နေပြန်ရော ။ တစ်ခု ပဲ ရှိတယ် ။ ဝေလွင် က မန္တလေး တက္ကသိုလ် ၊ မောင်အောင် က ရန်ကုန် တက္ကသိုလ် ၊ ဒါပဲ ကွာတယ် ။ ဒါတောင် မောင်အောင့် အမျိုးတွေ ကျ တော့ မန္တလေး က ကုန်သည်တွေ ပဲလေ ။

အဲဒါကြောင့် တစ်ယောက် နဲ့ တစ်ယောက် မိတ်ဆက်ရင်း စကား ပြောမိကြတော့ ရယ်စရာ မဟုတ်ဘဲ နဲ့ နှစ်ယောက်သား ကြည်ကြည်နူးနူး နှစ်နှစ်ကာကာ ရယ်မိကြတယ် ။ ကိုယ့် အကြောင်း သူ့ အကြောင်း ဆိုတာတွေ က ခပ်ဆင်ဆင်တွေ ဖြစ်နေတာ မဟုတ်လား ။

အထူးခြားဆုံး က ဘာလဲ ဆိုတော့ သူတို့ နှစ်ယောက် စလုံး ရောက်တတ်ရာရာ ပြောကြရင်း နဲ့ ဂျပန် ရုပ်ရှင် တစ်ခု ကို ကြည့်မိ ၊ ကြိုက်မိတာ ချင်း လည်း တူ နေပြန်တယ် ။ တစ်ခါ အံ့ဩစရာ အကောင်းဆုံး က အဲဒီ ရုပ်ရှင်ကား ထဲ က အကြိုက်ဆုံး အခန်း လည်း လာ တူ နေပြန်တယ် ။

အဲဒီ အခန်း မှာ မင်းသမီး နဲ့ မင်းသား လက်ထပ် ပြီးတော့ အိမ်ကလေး တစ်လုံး မှာ ပျားရည်ဆမ်းခရီး ထွက်ရင်း တည်းခို ကြတယ် ။

မင်္ဂလာဦးည လွန်မြောက်လို့ နောက် တစ်နေ့ မိုး လည်း လင်းရော သူတို့ နှစ်ယောက် အတူ ပြတင်းပေါက် ကလေး ကို ဖွင့် လိုက်တဲ့ အခါ မှာ အိမ် နဲ့ ကပ်လျက် နီးပါး ရှိနေတဲ့ ချယ်ရီပန်း အကိုင်း အခက် တွေ ၊ ချယ်ရီပန်း တွေ ပွင့် နေလိုက်တာ ၊ ဝေ နေတာပဲ ။ အဲဒီ ချစ်သူ နှစ်ယောက် မှာ လည်း သိပ်ကို ကြည်နူး သွားကြ တာပေါ့ ။ အဲဒီ အခန်းလေး ကို ရိုက်ထားတာ သိပ် လှတာပဲ ဆိုပြီး နှစ်ယောက် စလုံး အကြိုက်  တူ နေကြတယ် ။ ဘယ်လို လှတာ ၊ ဘယ်လို ကြည်နူးစရာ ကောင်းတာ ဆိုပြီး နှစ်ယောက်သား အလုအယက် ပြော မိကြတာပေါ့ ။

သူတို့ စီးရမယ့် လေယာဉ် ရောက်လာ တော့ မှ စကားစ ပြတ် သွားကြ တယ် ။ လေယာဉ် ပေါ် တက်ကြ ရ တော့ နှစ်ယောက်သား အဖော် လုပ်ပြီး အတူ ထိုင်ကြဖို့ ကြိုးစားကြပါ သေးတယ် ။ ဒါပေမယ့် အဆင်မပြေ ဖြစ်သွားတယ် ။ တစ်ယောက် နဲ့ တစ်ယောက် သုံးလေးခုံ လောက် တောင် ခြား သွားတယ် ။

ရန်ကုန် ရောက် တော့လည်း ဝေလွင် ကို သူ့ သူငယ်ချင်း တွေ က လာကြိုတယ် ။ မောင်အောင် က တော့ တက္ကစီ ငှားရတာပေါ့ ။

မောင်အောင် အရာရှိငယ် ဖြစ်ဖို့ အင်တာဗျူး ထိုင် တော့ အစစအရာရာ အဆင်ပြေ ပါတယ် ။ ဒါပေမယ့် အလုပ် ဝင်ကြရဖို့ က ရက် တော်တော် စောင့်ရ မလို ဖြစ်နေတယ် ။

တည်းခိုကြ တော့ မောင်အောင် က ရန်ကုန်မြို့ ထဲ မှာ ။ ဝေလွင် က တောင်ဥက္ကလာ မှာ ။ ဒါပေမယ့် ဝေလွင့် ဆီ ကို မောင်အောင် ခဏခဏ ရောက်ပါ တယ် ။ ဝေလွင့် သူငယ်ချင်း တွေ က လည်း ဝေလွင့် ကို ထုံးစံ အတိုင်း ဝိုင်း စကြတာပေါ့ ။

အဲဒီမှာ အားလုံး ဟာ ပိုပြီး အဆင်ပြေ ကုန်တော့တာပဲ ။ သူတို့ ချင်း က လည်း ခပ်ငြိငြိ ၊ ဘေး က လည်း ဝိုင်း ဝိုင်းပြီး ခဏ ခဏ စ ကြတော့ မစွမ်းရင်း က လည်း ရှိ ၊ ကန်စွန်းခင်း က လည်း ငြိ ပြီပေါ့ ။

မောင်အောင် နဲ့ ဝေလွင် က သိပ် ကို ရှေ့သွား နောက်လိုက် ညီ ကြတာ ။ နှစ်ယောက် စလုံး က အလှကြီး အချောကြီး တွေ မဟုတ်ကြပေမယ့် ငယ်ဂုဏ် ၊ နုပျိုဂုဏ်ကလေး တွေ ကိုယ်စီ နဲ့ ဆိုတော့ ကြည့်ရ မြင်ရ တာ တယ် ကျက်သရေ ရှိတာပဲ ။

ဟုတ်ပါပြီ ။ အပ်ကျ မတ်ကျ ရယ်လို့ မဟုတ်ပေမယ့် သူတို့ နှစ်ယောက် စလုံး သိပ် ကြိုက်ကြတဲ့ ဂျပန် ရုပ်ရှင်ကားလေး ထဲ က အတိုင်းပဲ ။ သူတို့ နှစ်ယောက် တွေ့ကြဆုံကြ ပုံ ရော မိတ်ဆွေ ဖြစ်ကြ ပုံ ရော ၊ နောက်ပြီး နှစ်ဦး သဘောတူ တစ်ဦး အပေါ် တစ်ဦး သံယောဇဉ် ဖြစ်မိကြ ပုံ ၊ ချစ်မိကြ ပုံ တွေ က သိပ် ကို ဆင်တာ ။

ကဲ ... ဒါဆို ဘာ စဉ်းစား နေစရာ လိုတော့လို့လဲ ။ နှစ်ယောက် စလုံးမှာ က ပညာ တွေ လည်း စုံကြပြီ ။ အလုပ် အကိုင် ဆိုတာ တွေ က လည်း လက် တစ်ကမ်း လက် တစ်လှမ်း မှာ ရှိနေပြီ ။ နှစ်ယောက်စလုံး မှာ မိဘတွေ က လည်း ရှိကြတော့တာ မဟုတ် ။ ဦးလေး တွေ ၊ အဒေါ် တွေ ဆိုတာ က လည်း မည်ကာမတ္တ မှီခို ရုံ ရယ် ။ ပြီးတော့ သူတို့လေး ရဲ့ အနေအထိုင် အကျင့်စရိုက် ၊ ကြိုးစားပုံ ၊ တည်ငြိမ်ပုံ က စ တွေ့နေကြရတာ ဆိုတော့ ကန့်ကွက်မယ့် သူ မရှိ ၊ ကြာကြာ စဉ်းစား နေစရာ မလိုဘဲ လက်ထပ် လိုက် ဖို့ ဆုံးဖြတ် လိုက်ကြတာပေါ့ ။

အလုပ်အကိုင် အခြေအနေ ၊ နေဖို့ ထိုင်ဖို့ ကိစ္စတွေ အားလုံး ပြင်ဆင် ပြီးကြတာ နဲ့ လက်ထပ် လိုက် ကြရုံပဲ ။

အင်တာဗျူး အ‌ဖြေ အတိအကျ မထွက်ခင် မှာ မောင်အောင် နဲ့ ဝေလွင် တတွဲတွဲ ပေါ့ ။ သွားလိုက်ကြ ၊ လာလိုက်ကြ ၊ စားလိုက်ကြ ။ သောက်လိုက်ကြ နဲ့ ပျော်လိုက်ကြတာ ။ ဘေး က လူတွေတောင် အားကျမိကြတဲ့ ထိပဲ ။

မှတ်မှတ်ရရ ရန်ကုန် ရောက် ၊ အင်တာဗျူး ထိုင်ပြီး လို့ နှစ်ဆယ့်ရှစ်ရက် တိတိ ကြာတဲ့ အခါ မှာ မောင်အောင့် အတွက် အဖြေ ထွက် လာတယ် ။ အလုပ် က ရမယ် ၊ သေချာတယ် ။ အလုပ် ဝင်တဲ့ နေ့ က စ ခန့် တယ် ။ ဒါပေမယ့် မြေလတ်ပိုင်း က မြို့လေး တစ်မြို့ မှာ တဲ့ ။

ပြဿနာ က စပြီ ။ ဝေလွင် ရဲ့ အလုပ် က ရန်ကုန် မှာ လုပ်ရမှာ ။ မောင်အောင် က မြေလတ် က မြို့နယ် လေး တစ်မြို့ မှာ ။ ဒီ ကိစ္စ ဝေလွင့် ကို ဖွင့် ပြောရမှာ မောင်အောင် အခက် တွေ့ နေတယ် ။ ဒါပေမယ့် ဝေလွင် က သူ့ ဟာ သူ သိ သွားတယ် ။ ပြဿနာ မကြီးပါဘူး ။ သျှောင်နောက် ဆံထုံး ပါ ဆိုတာ လို မောင်အောင် အလုပ် ရတဲ့ မြို့လေးကို ပဲ ဝေလွင် လိုက်ရမှာပေါ့ တဲ့ ။ ရန်ကုန် က အလုပ် ကိုတော့ စိတ်လျှော့ လိုက်တော့ပေါ့ ။

တကယ်တမ်း ကျတော့ လက်ထပ် ပြီး ကြရင် ဝေလွင် အိမ်ရှင်မ ပီပီပြင်ပြင် လုပ်ပြီး မောင်အောင့် ကို ကောင်းကောင်းကြီး ပြုစုချင်သေးတယ်လေ ။ မောင်အောင် က အလုပ် သွား နေတုန်း ဝေလွင် က အိမ် မှာ အိမ်မှုကိစ္စတွေ လုပ် ၊ မောင်အောင် ပြန် လာတော့ အဆင်သင့် ကျွေးလို့ မွေးလို့ ပြုစုလို့ တစ်ယောက် ကို တစ်ယောက် ကြင်နာတာ တွေ ၊ ယုယတာ တွေ ရှိရမှာပေါ့ ။

ဝေလွင် တစ်ဖက်တစ်လမ်း က အလုပ် လုပ်ချင်တယ် ဆိုရင်တော့ နောက်များ မှ ဖြည်းဖြည်း မှ ပဲ စဉ်း စားတော့မယ် ။ မောင်အောင် ရောက်လေရာ တာဝန် ကျလေရာ အရပ် မှာပဲ ဝေလွင် လည်း ကျောင်းဆရာမ ၊ ကျူရှင်ဆရာမလေး ဘာလေး လုပ်မယ်ပေါ့ ။

အင်း .. အဲလို ဆိုတော့ လည်း ဟန်ကို ကျလို့ ။ မောင်အောင် နဲ့ ဝေလွင် တို့ အကျဉ်းရုံးပြီး လက်ထပ် လိုက်ကြ တယ် ။

တာဝန်ကျတဲ့ မြို့ကလေး ကို ပူပူနွေးနွေး ဇနီးမောင်နှံ ထွက်ခဲ့ကြတယ် ။ ပထမ တည်းခိုခန်း မှာ တည်းကြ တယ် ။ ဟန်းနီးမွန်း ထွက်ကြမယ် ။ နောက် အိမ်ခန်း ငှားဖို့ ရှာကြမယ် ။ အဆင်သင့် လို့ ဌာနဆိုင်ရာ က နေဖို့ ကွာတား ပေးမယ် ဆိုရင် တော့ သိပ် ကောင်းတာပေါ့ ။

မြို့နယ်ကလေး က တည်းခိုရိပ်သာကလေး က လည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း နဲ့ အတော် သာယာတဲ့ နေရာကလေး ပါပဲ ။ မောင်အောင် တို့ ဇနီးမောင်နှံ အဖို့ က တော့ မိုးမမြင် လေမမြင် ပဲပေါ့ ။ ပျော်တပြုံး ပြုံး မော်မဆုံး ပဲ ပေါ့ ။

“ ကိုအောင် ”

“ ဗျာ ”

“ လွင် တို့ အိမ် ငှားရင် နှစ်ထပ် အိမ်ကလေး ရရင် ကောင်းမှာနော် ”

“ ဘာပြုလို့လဲ ”

“ ဪ .. ကိုအောင် ကလည်း ၊ ဟို ဂျပန်ရုပ်ရှင် ထဲကလို လေ .. အထက်ထပ် အိပ်ခန်း ပြတင်းပေါက် ကလေး ကို ဖွင့် လိုက်ရင် ချယ်ရီ တွေ ဝေ နေအောင် ပွင့်နေတဲ့ အကိုင်း တွေ ၊ အခက်တွေ နဲ့ ငှက်ကလေး တွေ ကို မြင်ရအောင်လေ ”

“ လွင် ကလဲ ကွာ .. ကလေး ကျနေတာပဲ ။ စိတ်ကူး ကလည်း ယဉ်လိုက်တာ ။ နှစ်ထပ် အိမ်ကလေး ရဖို့ ဆိုတာက မခက်ဘူးကွ ။ ရနိုင်တယ် ။ ဒါပေမယ့် အထက်ထပ် အိပ်ခန်းပြတင်း ကို ဖွင့် လိုက်တဲ့ ချယ်ရီပန်းတွေ မြင်ရဖို့ ဆိုတာကတော့ ဒါက ဗမာပြည် လေ ဝေလွင် ရဲ့ ။ ပြီးတော့ ရှမ်းပြည်ဘက် မှာ ဆိုလည်း ဟုတ်သေး ။ ဘယ် ကလာ ချယ်ရီပန်း တွေ ဝေ နိုင်မှာလဲ ”

ဝေလွင် သက်ပြင်း မချပါ ။ သူ့ မှာ သူ့ ဟာ နဲ့ သူ စိတ်ကူး က ရှိပြီးသား ။

“ ကိုအောင် ”

“ ဗျာ ...”

“ ကိုအောင် ဖွားဘက်တော်ပင် ဆိုတာ သိတယ် မဟုတ်လား ”

“ ဟင့်အင်း ၊ သိချင် လည်း သိမှာပေါ့ ။ ကြားတော့ ကြားဖူး သလိုပဲ ။ မြင်ချင် လည်း မြင်ဖူးမှာပေါ့ ။ သတိ မထား မိဘူး ။ ဘာပြုလို့လဲ ”

“ ဖွားဘက်တော်ပင် ဆိုတာ ပွင့်ချိန်တန် လို့ အပွင့် တွေ ပွင့်ပြီ ဆိုရင် ချယ်ရီပင် လိုပဲ ကိုအောင် ရဲ့ ။ နီးနီး စပ်စပ် မဟုတ်ပေမယ့် ပွင့်ပုံချင်းက တော်တော် ဆင်တယ် ။ အကိုင်းတွေ မှာ ကပ်ပီး ဝေနေအောင် ပွင့်တတ် တယ်လေ ။ အရောင် က လည်း ပန်းနုရောင် ပဲ ”

“ ဪ ... အင်း ၊ ဟုတ်ပြီ ... ဟုတ်ပြီ ။ ကိုအောင် လည်း မြင်ဖူးတယ် ။ ဟုတ်တာပေါ့ ။ အဲလို အပင်မျိုး ကတော့ ဒီလို မြေလတ်ပိုင်းတွေ မှာ လည်း ရှိတတ်တယ် ”

“ ဝေလွင် တို့ နှစ်ထပ်အိမ်ကလေး တစ်လုံး ရှာ ငှား ပြီးရင် အိပ်ခန်းပြတင်း ဘက် မှာ ဖွားဘက်တော်ပင် စိုက် ရအောင်နော် “

“ အင်း .. ကောင်းတယ် ။ တစ်ခု တော့ ရှိတယ် ။ အဲဒီ ဖွားဘက်တော်ပင် လည်း ကြီးလာ ရော ၊ အထက်ထပ် ပြတင်း ကို လည်း ကိုင်းတွေ ရောက် ရော ၊ တို့ လည်း ထရန်စဖာ လုပ်ရရော ဆိုရင်တော့ ပြဿနာပဲ ”

“ ဟုတ်တယ်နော် ၊ ကိုအောင် ဒီမှာ ဘယ်လောက် ကြာကြာ နေရမှာလဲဟင် ”

“ အဲဒါတော့ ကိုယ် လည်း မပြောတတ်ဘူး ”

“ ဘယ်လိုပဲ ဖြစ်ဖြစ် ဝေလွင် တော့ ဖွားဘက်တော်ပင် စိုက်မှာပဲ ”

တကယ်တမ်း ကျတော့ သူတို့ ဖွားဘက်တော်ပင် စိုက်စရာ မလိုပါ ။ မြို့ကလေး ရဲ့ တောင်ဘက်ခြမ်း မှာ ခြံငယ်ကလေး နဲ့ နှစ်ထပ်အိမ်ကလေး တစ်လုံး တွေ့ကြပါတယ် ။ ပိုင်ရှင် က ဒေါ်အုန်း တဲ့ ။ တစ်ကိုယ်ရည် တစ်ကာယ နေတာ ။ ခြံ နောက်ပိုင်း မှာ တစ်ထပ် မြေစိုက် အိမ်ကလေး တစ်လုံး ရှိ သေးတယ် ။ အဲဒီမှာ နေမှာ တဲ့ ။

အဲဒီ အိမ်ကလေး ကို သွား ကြည့် ကြတော့ အပေါ်ထပ် မှာ အိပ်ခန်းကလေး လည်း ရှိတယ် ။ အကျယ် အဝန်း ၊ အနေအထား က လည်း ကောင်းတယ် ။ ဂျပန်ရုပ်ရှင်ကား ထဲ က နဲ့ ခပ်ဆင်ဆင် ပဲ ။ ဆိုကြပါစို့ ။ အဲဒီ အိပ်ခန်း ရဲ့ ပြတင်း ကို လည်း ဖွင့်လိုက်ရော ပြတင်း နဲ့ နှစ်ပေ သုံးပေ လောက် ပဲ လှမ်းမယ် ။ သစ်ကိုင်းသစ်ခက် သစ်ရွက်စိမ်း သစ်ရွက်ဝါနုလေး တွေ ကို လှလှပပ မြင်ကြရတယ် ။

ကိုအောင် ရော ဝေလွင် ရော ရုတ်တရက် အံ့ဩ ဝမ်းသာ သွားကြတယ် ။ ဒါနဲ့ ဒေါ်အုန်း ကို မေးမိကြ တယ် ။ ဘာပင် လဲ ပေါ့ ။

ဖွားဘက်တော်ပင် တဲ့ ။

“ ကဲ ..”

“ အဟုတ် ..”

“ အဟုတ် ပြောတာပေါ့ တူမလေး ရယ် ။ အဲဒါ ဖွားဘက်တော်ပင် ပေါ့ ”

မောင်အောင် နဲ့ ဝေလွင် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် မိကြတယ် ။ အကြောင်းတရားများ တိုက်ဆိုင် လိုက်တာ ။ ကြည့်စမ်း .. ။ ဒါ နည်းနည်းနောနော တိုက်ဆိုင်မှု မဟုတ်ဘူးနော် ။ သိပ်ကို အံ့ဩစရာ ကောင်းလောက်အောင် တိုက်ဆိုင်နေတယ် လို့ ဆိုရမယ် ။

သူတို့ အိမ် ငှားဖို့ စပြီး စုံစမ်းကြတော့ ဒီ ခြံကလေး ကို စ တွေ့တာ မဟုတ်ပါဘူး ။ တခြား နှစ်ထပ်အိမ် ကလေးတွေ ၊ သုံးလေးလုံး ကြည့်ပြီးပါပြီ ။ အနေအထားလေး တွေက သိပ်ပြီး စိတ်တိုင်း မကျကြဘူး ။ အတော် အသင့် ကောင်းတာလေး တွေ တွေ့ပြန်တော့ လည်း အိမ်ငှားခ လခ က ညှိ မရ ဖြစ်နေတယ် ။

ခု ဒီ ခြံလေး နဲ့ အိမ်ကလေး က လည်း တောင်းတဲ့ ဈေးကတော့ နည်းနည်း များနေတယ် ။ ဒါပေမယ့် ဆစ်လို့ ရမယ် မထင်တော့ဘူး ။ ဘာလို့လဲ ဆိုတော့ ဒေါ်အုန်း ရှေ့မှာ မောင်အောင် ရော ဝေလွင် ပါ ဣန္ဒြေ ပျက်လောက် အောင် ဝမ်းသာ အံ့ဩ နှစ်ခြိုက်မှု ကို ပြမိလျက်သား ဖြစ်သွားပြီ ။

ကဲ .. မတတ်နိုင်တော့ဘူး ။ ဒေါ်အုန်း တောင်းတဲ့ ဈေး ကို ပေးပြီး ချက်ချင်းပဲ ငှားလိုက်ကြတယ် ။ စိတ် ထဲ မှာ အားမလို အားမရ ဖြစ်စရာ ဆိုလို့ အကြောင်း တစ်ခု ပဲ ရှိတယ် ။ ဖွားဘက်တော်ပင် တွေ က ဒီလ ဒီရာသီ မှာ မပွင့်သေးဘူး တဲ့ ။ ဘယ်လ ဘယ်ရောက်မှ ပွင့်မှာလဲ ။

“ ဒီမှာတော့ ဇန်နဝါရီ ၊ ဖေဖော်ဝါရီလ လောက် မှာ ပွင့်တတ်တာပဲ ”

“ ဟင် .. ခုမှ ဇွန်လ ရှိသေးတယ် ”

“ ဝေလွင် က လည်း ကွာ ၊ အစ က အပင် တောင် စိုက်ပြီး စောင့်ကြည့်ဖို့ စဉ်းစားခဲ့ကြတာပဲ ဟာကို ။ ခု ဘယ်လောက် အဆင်ပြေလဲ ။ ခု ဇွန် ဆိုတော့ နောက် ( ၆ ) လ ၊ ( ၇ ) လ ဆိုရင် ပွင့်ပြီပေါ့ ”

“ ဟုတ်တယ် ၊ ဒီ အပင် က ပွင့်ပြီ ဆိုရင်လေ သိပ်လှတာ ။ ဝေ နေအောင် ပွင့် တတ်တာ ။ မသိတဲ့ လူဆို ရင် ချယ်ရီပင် လား အောက်မေ့ရတာ ”

“ ဟုတ်လား ”

“ ဟုတ်ပ တော် .. အမယ်လေး အဲဒီ အချိန် ဆိုရင် ငှက်ကလေးတွေ က လည်း အဲဒီ အကိုင်း တွေ ပေါ် ၊ အရွက်တွေ ကြား ၊ အပွင့်တွေနား မှာ နားကြ ၊ ခိုကြ ၊ လာကြ ၊ သွားကြ နဲ့ သိပ် ကြည့်လို့ကောင်းတာကွဲ့  ”

မောင်အောင် က ဝေလွင့် မျက်နှာလေး ကို ကြည့်မိ ပြန်တယ် ။ ဝေလွင့် မျက်နှာလေး တစ်ခုလုံး ဟာ ကြည်ပြီး ဝင်းနေတာပဲ ။ မောင်အောင် ကိုယ်တိုင် လည်း ဒီလိုပါပဲ ။

သိပ် ကို ဟန်ကျ သွားတယ် ။ ခြံကလေး နဲ့ နှစ်ထပ်အိမ်ကလေး မှာ ဇနီးမောင်နှံ အသစ်စက်စက် စုံတွဲလေး ဟာ တက်ညီ လက်ညီ နဲ့ သိပ်ပြီး ပျော်စရာ ကောင်းခဲ့ကြတာပေါ့ ။

မောင်အောင် က ရုံးတက် ရုံးဆင်း သိပ် မှန်တယ် ။ အလုပ် သွားရင် လည်း သပ်သပ်ရပ်ရပ် ခံ့ခံ့ညားညား ရှိတယ် ။ ဒီတော့ ဝေလွင် က လည်း အားကျ မခံပေါ့ ။ မနက် မိုး လင်းတာ နဲ့ မောင်အောင် ထက် ဦးအောင် အိပ်ရာ က ထတယ် ။ ဇနီးကောင်း တို့ ဝတ္တရား မို့လား ။ မောင်အောင် နိုး လာရင် မနက်ခင်း အတွက် အားလုံး အဆင်သင့် စီကာ စဉ်ကာ လုပ်ပြီးသား ။ သူ့ ကိုယ် သူ လည်း ဝေပြီး လွင် နေအောင် သနပ်ခါး ရည်ကျဲ လေး နဲ့ ၊ ကိုယ်နံ့ကလေး တသင်းသင်း ဖြစ်အောင် ပြင်ထားဆင်ထားတတ် တယ် ။ နေ့လယ် နေ့ခင်း လျှော်ဖို့ ဖွတ်ဖို့ ၊ သိမ်းဖို့ဆည်းဖို့ အကုန် တာဝန် ကျေတယ် ။ ညနေ ဘက် ၊ ည ဘက် ဘာမှ ငြိုငြင်စရာ မရှိအောင် နှစ်ယောက် စလုံး က နေတတ် ကြတာ ။

အဲ .. တစ်ခု တော့ ရှိတယ် ။ လင်မယား နှစ်ယောက်စလုံး မကြာခဏ ဆိုသလို အိပ်ခန်းပြတင်းပေါက် ကို ဖွင့် ဖွင့်ပြီး ဖွားဘက်တော်ပင် ကို ကြည့်ရတာ အမော ။ ဖူးများ ဖူးနေပြီလား ၊ ပွင့်များ ပွင့်တော့မှာ လား ရယ် လိုပေါ့ ။ အရူး ထ ကြတာလေ ။

အိမ်ရှင်ဒေါ်အုန်းကြီး က တော့ ဒီ လင်မယား နှစ်ယောက် ဖွားဘက်တော် ပွင့်ချိန် ကို စောင့်ရင်း အရူး ထ နေကြတာ ကို တအံ့တဩ ဖြစ် နေတာပေါ့ ။ ကြာတော့ သူ ကိုယ်တိုင် တောင် ဒီနှစ် ဖွားဘက်တော်ပင် က စောပြီးများ ပွင့်လာလေ မလား လို့ ထင်မိ မျှော်မိ ရှာတဲ့ ထိ ပဲ ။

ဘာ ကြာ လိုက်လို့လဲ ။ သူတို့ အဲဒီ အိမ် ရောက်လို့ နှစ်လ လောက် လည်း ရှိရော ရုံးချိန် ၊ နေ့လယ်ကြီး အိမ် မှာ ဝေလွင် တစ်ယောက် တည်း ရှိ နေတုန်း စာတွေ တပုံကြီး အထုပ်လိုက် ရောက် လာတယ် ။

မောင်အောင် ရဲ့ ရည်းစားဟောင်း ဆီ က ပို့လိုက်တာ လေ ။ တစ်ချိန်က မောင်အောင် သည်းခဲ့ ကဲခဲ့ တဲ့ စာတွေပေါ့ ။ ဝေလွင် သတိလက်လွတ် မဖြစ်ရအောင် ထိန်းပါတယ် ။ စာတွေ အားလုံး စေ့အောင် တည်တည် ငြိမ်ငြိမ် နဲ့ ဖတ်နိုင်အောင် ကြိုးစားပါတယ် ။ မဆိုးပါဘူး ။ စာတွေ အားလုံး ပြီး အောင် နှစ်နာရီ လောက် မရပ်မနား တစ်စောင် ပြီး တစ်စောင် ပြီးအောင် ဖတ်နိုင်ပါတယ် ။

ဒါပေမယ့် မျက်ရည်တွေက တော့ တားမရ ဆီးမရ စီး စီး ကျလာတာတော့ မတတ်နိုင်ဘူးပေါ့ ။ စာတွေ ရဲ့အဓိပ္ပာယ်တွေ က ရှင်းပါတယ် ။ မောင်အောင် က အဲဒီ ထွေး ဆိုတဲ့ မိန်းမ ကို အသေအလဲ ခ ယ ခဲ့တာပဲ ။ နောက်တော့ စွံရော ဆိုကြပါစို့ ။ အဲဒီ အချိန်မှာ မောင်အောင် ချွဲချွဲပျစ်ပျစ် တွေ ရေး ထားတာကတော့ တစ်ဆိတ် လွန် လွန်းတယ် ။ နောက်ပိုင်း စာတွေကျ တော့  “ ထွေး ” က မောင်အောင့် ကို ခါထုတ် လို့ မောင်အောင် ကြွေ တဲ့ စာတွေ ၊ ဝပ်တွားခယ တောင်းပန် ရတာတွေ ၊ ဒူးထောက် ဦးညွတ် ရတာတွေ ပါပဲ ။

ဘာဖြစ်လဲ .. ။ တစ်ချိန်က ကိုအောင့် မှာ ချစ်သူ ရှိခဲ့ဖူးတာပဲ ။ ခု မရှိတော့ဘူး ။ ပြတ် သွားပြီ ။ ဒါ အရေး အကြီးဆုံး ပဲ မဟုတ်လား ။ ခု ကိုအောင်  “ ထွေး ” ဆို တာကို မေ့လိုက်ပြီ မဟုတ်လား ။ ဒါဆိုရင် လည်း ပြီးရော ပေါ့ ။ ဝေလွင် ဖြေ ကြည့်ပါတယ် ။ ရပါတယ် ။ ဒါပေမယ့် စီး စီး ကျလာတဲ့ မျက်ရည် တွေ က ခက်တယ် ။

ပြီးတော့ ဒီ စာတွေ ကို ဘာ လုပ်ရမှာလဲ ။ ကိုအောင့် ကို ပေး ပြရမှာလား ။ ပြရင် ပြဿနာ တွေ ပို ရှုပ်ကုန် နိုင် သလား ။ မပြ ရင် လည်း ကိုယ် က သတ္တိ နည်းရာ ကျနေတာလား ။ မရိုးသား ရာ ကျနေသလား ။

ဘာပဲဖြစ်ဖြစ် အဲဒီ နေ့ ညနေ ကိုအောင် ပြန် လာတော့ အဲဒီ စာတွေ အားလုံး ပေး ပြ လိုက်ပါတယ် ။

မောင်အောင် က ခဏပဲ ဣန္ဒြေ ပျက်တာပါ ။ ချက်ချင်း ဆိုသလို ပါပဲ စာတွေ အားလုံး ကို ခြံထဲ ဆင်း ပြီး မီးရှို့ ပစ် လိုက်တယ် ။

ဒီလို အတိတ်မျိုး ဟာ ဒီလိုပဲ မီးရှို့ ပစ်ရမှာပဲ ။ ပြီးတာပဲပေါ့ ။

ဘယ် ပြီးလိမ့်မှာလဲ ။ အဲဒီ နေ့ က စပြီး ဝေလွင် နဲ့ မောင်အောင် ရဲ့ ဆက်ဆံရေး မှာ ဖျောက်ဖျက် လို့ မရ တဲ့ အမာရွတ် တစ်ခု ။ ဒါမှ မဟုတ် မကြာခဏ မျက်ခနဲ မျက်ခနဲ ဖြစ်တတ်တဲ့ ဒဏ်ရာဒဏ်ချက် တစ်ခု ရှိသွား ပြီပေါ့ ။

ကိုအောင် နဲ့ အတတ်နိုင်ဆုံး ပုံမှန် နေနိုင်အောင် ဝေလွင် ကြိုးစားပါတယ် ။ ဒါပေမယ့် နဂိုမူလ က ရှိခဲ့တဲ့ အခြေအနေ ကို ပြန် မရောက်တော့ဘူး ဆိုတာ နှစ်ယောက် စလုံး သိနေကြတာ ခက်တယ် ။

ဝေလွင် ဖြေ နိုင်ဖို့ ကောင်းပါတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ ဝေလွင် ကိုယ်တိုင် လည်း အသည်းခိုက် အောင် ချစ်ရသူ ရှိခဲ့ဖူးတာပဲ မဟုတ်လား ။

အဲဒီ အကြောင်း ကိုကော ကိုအောင် သိသလား ။ ကိုအောင် က လည်း မမေးဖူးဘူး ။ ဝေလွင် က လည်း မပြော ဖူးဘူး ။

တကယ်တမ်း ကျတော့ ကိုအောင် က လည်း ဝေလွင် ရဲ့ အတိတ် ကို ဘယ်က ဘယ်လို မှန်း မသိရပေ မယ့် အရှိ ကို တော့ အရှိ အတိုင်း သိလာ ခဲ့ပြန်တယ် ။

“ ကိုထွန်းမြင့် က လည်း ဝေလွင် ရဲ့ စာတွေ ကို လှမ်း မပို့ဘူး လို့ မပြောနိုင်ဘူး နော် ” တဲ့ ။

သေပြီ ။

ကိုအောင် ဘယ်လိုလုပ် သိသွားရတာတဲ့ လဲ ။

“ ဝေလွင် သူ့ ဆီ ကို စာ သုံးစောင် ပဲ ရေးဖူးတာပါ ”

“ အင်း .. ဟုတ်မှာပါ ။ ဒါပေမယ့် အချစ်ဦး မို့ ရူးရတယ်ကွယ် ဆိုတဲ့ စာကြောင်းလေးကတော့ ..”

“ ဟင် .. ဒီ စာကြောင်း ကို သူ သိနေတယ် ။ ဘယ်လိုလုပ် သိနေတာလဲ ”

ဝေလွင် ထုတ် မမေးရဲပါဘူး ။ ကိုအောင် ကလည်း ဆက် မပြောပါဘူး ။ သူတို့ နှစ်ယောက်ဟာ ပြီးခဲ့ပြီ ဖြစ်တဲ့ အတိတ် နဲ့ ပတ်သက်ပြီး သေးသိမ်တဲ့ စကားနာ ထိုးတာ တို့ ၊ အထအန ကောက်တာ တို့ မလုပ်မိ အောင် ပြင်းပြင်း ထန်ထန် ကြိုးစားကြပါတယ် ။

ဒါပေမယ့် ကြိုးစား နေကြရတာ ကို တော့ အချင်းချင်း သိနေကြတာ ခက်တယ် ။

ကိုအောင် အသွားအလာ ဖောက်စ ပြုလာတယ် ။

ဝေလွင် ကြိတ်ကြိတ်ပြီး ငိုမိတဲ့ အကြိမ် များ များ လာတယ် ။

ကိုအောင့် မှာ အပေါင်းအသင်း နဲ့ အသောက်အစား များ လာတယ် ။

ဝေလွင် လည်း အပေါင်းအသင်း ရှာ စ ပြုလာတယ် ။ ရုပ်ရှင် တွေ ။ ပွဲ တွေ ထွက် ကြည့်တတ် လာတယ် ။

အိမ် ထဲ မှာ အတူ နေကြရင်း တစ်ယောက် ကို တစ်ယောက် ဟန်ဆောင်ပြီး တာဝန် ကျေ ပြနေ ကြတာတွေ ဟာ ပါးစပ် က ထုတ်ပြီး ဆဲရေး ပြစ်တင် နေတာတွေ လို ခံစား လာကြရတယ် ။

ကြာ လာ တော့ လည်း ဟန် မဆောင်နိုင်ကြတော့ဘူး ။ တကျက်ကျက် နဲ့ ကြိတ်ပြီး ရန်ဖြစ်စ ပြုလာကြတယ် ။

အိမ်ရှင်ဒေါ်အုန်း ခမျာ လည်း လင်မယား နှစ်ယောက် အကြား ဝင် ရှာပါတယ် ။

ဒါပေမယ့် နောက်ပိုင်းပွဲ တွေ ကျတော့ ဝုန်းဒိုင်း ကျဲ ကုန်ကြတယ် ။ ဒေါ်အုန်း လည်း ကြောက် လို့ မဝင်ရဲ တော့ဘူး ။

မှတ်မှတ်ရရ ဇန်နဝါရီလ ( ၆ ) ရက် နေ့ က တော့ အပြင်းထန်ဆုံး ပေါက်ကွဲ ကြတယ် ။

ဝေလွင် က သူ့ ပစ္စည်းလေး တွေ ယူပြီး ဆိုက်ကား နဲ့ သင်္ဘောဆိပ် ကို အပြီး ဆင်း သွားတယ် ။

မူး နေတဲ့ မောင်အောင် က ပစ္စည်းတွေ တော်တော်များများ ကို ပေါက်ခွဲ ဖျက်ဆီး ပစ်တယ် ။

နောက်တော့ ဒေါ်အုန်း ကို ခေါ်ပြီး နောက်ဆုံး ကျန်တဲ့ အိမ်လခ ကို ပေးချေတယ် ။ မူးမူးရူးရူး နဲ့ ကန်တော့တယ် ။ ပြီးတော့ မှ အိမ် က ဆင်း သွားတဲ့ ဝေလွင် ကို ကျိန်ဆဲ ရင်း သူ လည်း အိမ် ပေါ် က ဆင်း သွား တယ် ။

ဝေလွင် မီ လိုက်တဲ့ သင်္ဘော က ညနေသင်္ဘော ။

မောင်အောင် လိုက်သွားတဲ့ သင်္ဘော က နောက် နေ့ မနက် စောစော ထွက်တဲ့ သင်္ဘော ။

သိသာပါတယ် ။ နှစ်ယောက် စလုံး ပြတ်ကြပြီ ။ နံနက် ၆ နာရီ ဆို တော့ မိုး က လည်း စင်စင် လင်းပြီ ။

အိမ်ရှင်ဒေါ်အုန်း က အိမ် ကို ရှင်းရ လင်းရဦးမယ် ။ အထက်ထပ် အိပ်ခန်းပြတင်း ကို တွန်း ဖွင့်လိုက် တော့ -

ဖွားဘက်တော်ပင်ကြီး တစ်ပင်လုံး ဖွေးဖွေးလှုပ် နေအောင် ပွင့် နေပါပေါ့လား ။ ငှက်ကလေး တွေ လည်း ကျီကျီကျာကျာ နဲ့ လာကြပါ ပေါ့လား ။

ဖွားဘက်တော်ပင်ကြီး ပွင့် နေမှာ ကို သတိရ ကြ ပြီး သူတို့ နှစ်ယောက် ပြန် လာကြတန် ကောင်းပါရဲ့ ။

◾ဝင်းဖေ

📖 ရေကြည်ရေသန့် ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment