Sunday, November 1, 2026

ဧကရီ


❝ ဧကရီ ❞ 
▢ ဥဩ ( ချယ်ရီမြေ )

ဒီမယ်၊ ကျုပ်လည်း ကိုယ့်သားသမီးကို ချစ်တာပေါ့တော်။ ချစ်လွန်းလို့လည်း ကျုပ်တစ်ဘဝလုံး တော်တို့ သားအဖတွေ အတွက်ပဲ မြှုပ်နှံထားခဲ့တာလေ။ အခုတော့ တော်ကပါ ကျုပ်ကို ပြောပြီပေါ့ ဟုတ်လား။ ကျုပ်အသက် နှစ်ဆယ်ကျော်လောက် ကတည်းက တော့်မျက်နှာ တစ်ရွာ ထင်ပြီး လိုက်ခဲ့တဲ့သူပါ၊ ပြောစမ်းပါဦး။ မိသားစုနဲ့ ပတ်သက်လို့ ကျုပ်တာဝန် ဘယ်နေရာမှာ လစ်ဟင်းခဲ့ဖူးလဲ။ တော်နဲ့ ကျုပ် ပေါင်းလာခဲ့တဲ့ အိမ်ထောင်သက် လေးဆယ့်ငါးနှစ်တာ ကာလမှာ ကျုပ်ဘယ်တုန်းက တာဝန် မကျေခဲ့ဖူးသလဲ။ အိပ်ရာထ , ချိန်ကနေ နောက်ဆုံး အိပ်ရာ ဝင်ချိန်အထိ တော်တို့ သားအဖတွေ အတွက် လုပ်ပေးခဲ့တာပဲ မဟုတ်လား။ မနက်ဆို တော်တို့ သားအဖတစ်တွေ အိပ်ရာ မထ,သေးပေမဲ့ ကျုပ် အစောကြီး ထပြီး ထမင်းနွေး၊ ဟင်းနွေး ရတယ်။ တော်တို့ အိပ်ရာက ထ,တဲ့ အခါ စားနိုင်အောင် ပြင်ဆင်ပေးရတယ်။ တော်တို့ သွားတိုက်ဖို့က အစ သွားပွတ်တံထဲမှာ သွားတိုက်ဆေး ထည့်ပေးထားခဲ့တယ်။ အဲ့ဒီအတွက် ကျုပ် ဘယ်တုန်းက ငြိုငြင်ခဲ့ဖူးလို့လဲ။ အခုတော့ ကျုပ်ကို တစ်ယောက်မှ နားမလည်ကြပါလားတော်။ ကျုပ် ဝမ်းနည်းလွန်းလို့၊ ဝမ်းနည်းလွန်းလို့ပါ အီး ဟီး။ တော်တို့ အိပ်ရာထ,ကြတဲ့ အချိန်မှာ ကျုပ် ဈေးက ပြန်လာပြီလေ။ ဟော မောမောပန်းပန်းနဲ့ ဈေးခြင်းတောင်းကြီး ဆွဲပြီး ပြန်လာရပေမဲ့ ကျုပ် ဘယ်မှာ နားရလို့လဲ။ တော်တို့ အိပ်ရာတွေကို သိမ်းရတယ်လေ။ ဆွမ်းလောင်းဖို့ အမီ ကျုပ်မှာ ချက်ရပြုတ်ရတယ်လေ။ တစ်နေ့ကုန် ဘုရားရှိခိုးတဲ့ အချိန်နဲ့ အိပ်တဲ့ အချိန်ပဲ ကျုပ်မှာ နားခဲ့ရတယ်။ ပြီးတာနဲ့ တော်တို့ သားအဖတစ်တွေ အတွက် ထမင်းချိုင့် ထည့်ပေးရတယ်။ အဲ့လို ထမင်းချိုင့် ထည့်ပေးဖို့ အတွက်က လွယ်တယ် မှတ်လို့လား။ တော့်ကို တစ်ရက်လောက်လေးပဲ ဈေးဝယ်ခိုင်းချင်တယ်။ ကျုပ်မှာ တစ်လ တစ်လ တော် ပေးတဲ့ လစာငွေလေးနည်းနည်းနဲ့ အဆင်ပြေပြေ လောက်ငအောင် ချက်ပြုတ်နိုင်အောင် ဘယ်လောက်တောင် ဦးနှောက်ခြောက်ခံခဲ့ရတယ် ထင်လဲ။

တော်တို့ သားအဖတစ်တွေ မနက်စာ ထမင်းကြော် စားနေကြတဲ့ အချိန်မှာ ကျုပ်မှာ နားနေရလား ကဲ ပြော၊ ပြောလေ။ အိမ်အောက်က ခွေးတွေကို ကျွေးရသေးတယ်။ ပြီးတော့ တော်တို့ ရုံးအမီ၊ ကျောင်းအမီ ချက်ပြုတ် နေရတယ်လေ။ တကယ်ပါပဲတော်၊ ကျုပ် ခံစားရလွန်းလို့ပါ။ အခုလို ပြောပြနေရတာ ကျုပ် ခံစားရလွန်းလို့ပါ အီး ဟီး။ တစ်သက်လုံး ပေါင်းလာတဲ့ မိန်းမဘက်က မတွေးဘဲ တော့်သားသမီးတွေ ဘက်ကနေ တွေးပြီး ကျုပ်ကို ပြောရက်နိုင်လို့ပါ။

တော်တို့ သားအဖတစ်တွေက ရုံးနဲ့ ကျောင်းကို အဝတ်အစား ကော့နေအောင် ဝတ်ပြီး သွားနိုင်ဖို့ ကျုပ် ခါးတွေ ညောင်းအောင် အဝတ်တွေလျှော်၊ မီးပူတွေတိုက်ပေးခဲ့ရတာလေ။ ဘယ်တုန်းက အဲ့လို လုပ်ပေးနေရလို့ ညည်းတွားဖူးလဲ။ ထမင်းစားပြီးရင် တော်တို့ သားအဖတစ်တွေက လက်ဆေးပြီး ထ,သွားကြပေမဲ့ ကျုပ်မှာ တော်တို့ စားထားတဲ့ ပန်းကန်တွေကို သိမ်းရဆည်းရတယ်၊ ဆေးရကြောရတယ်။ ပန်းကန်တွေ ဆေးပြီး၊ အဝတ်တွေ လျှော်ပြီးလို့ ကျုပ် ထမင်းစားတိုင်း ဆယ့် နှစ်နာရီကျော်တယ် ဆိုတာ တော်တို့ သိကြရဲ့လား။ ကျုပ် မှာ သားနဲ့ သမီးအတွက် လိုက် ဖက်အောင် ဆင်ပေးရ၊ တော့် အတွက် အဆင်ပြေပြေ ဝတ်နိုင်အောင် ဝယ်ပေးရနဲ့ ကျုပ် အတွက်တောင် မဝယ်နိုင်ခဲ့ဘူး။

ဒါပေမဲ့ ကိုယ့်လင်သား၊ ကိုယ့်သားသမီး လှပနေရင်ပဲ စိတ်ချမ်းသာခဲ့ရတယ်။ ကျုပ်က အဲ့ဒီ ပီတိတွေနဲ့ပဲ လူဖြစ်ခဲ့တာပါတော်။ ကျုပ် သားသမီးတွေကို ကျုပ် မချစ်ဘဲ နေပါ့မလားတော်။ အားလုံးကို ခြောက်တန်းကျောင်းသား အရွယ်ရောက်တဲ့အထိ ကျုပ်ကိုယ်တိုင် ရေမိုးချိုးပေး၊ ကြေးညှော်တွန်းပေးခဲ့ရတာပါ။ အငယ်ဆုံးကလေးဆို ခဏခဏ ချူချာလွန်းလို့ ကျုပ် ရင်အုပ်နဲ့မကွာ ဂရုတစိုက် မွေးခဲ့ရတာပါ။ နောက်ဆုံး သားကျန်းမာရေးအတွက် သား ချေးကိုတောင် နေ့စဉ် ကြည့်ခဲ့ရတဲ့သူပါ။ ချေး ပျော့နေလား၊ မာနေလား၊ အရည်တွေချည်းပဲ ပါနေလား တော် ဘယ်နှခါ ကြည့်ဖူးလို့တုံး ပြောစမ်းပါ ဦး။ တော့်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ တော်က ကျုပ်ကို သားသမီးတွေကို ဂရုမစိုက်ဘူး ပြောလို့ပါ။ ကျုပ် ရင်နာလွန်းလို့ပါတော် အီး ဟီး။

တော်တို့ သားအဖတစ်တွေ ရုံးသွား၊ ကျောင်းသွား နေတဲ့အချိန်မှာ ကျုပ်က အိပ်ရာထဲမှာ ဇိမ်နဲ့နေနေတယ်လို့ရော ထင်ဦးမလား။ ခြံထဲမှာ သီးပင်စားပင်တွေ စိုက်ရတယ်။ အခု အိမ်ခေါင်းရင်းက သရက်ပင်၊ အိမ်ရှေ့က မာလကာပင်၊ အိမ်နောက်ဘေးက အုန်းပင်တွေက ကျုပ် စိုက်ခဲ့တာလေ။ အခု အသီးတွေ စားနေရတော့ ဘယ်သူ စိုက်ခဲ့တာလဲ တော် မေ့နေပြီလား။ ကျုပ်မှာ ကျုပ် ခြံထဲမှာ သာယာအောင် လုပ်ရတယ်။ အိမ်ထဲကို ဝင်တဲ့ လမ်းက ဗွက်တွေထနေလို့ တော်တို့ သားအဖတွေ ရွံ့ မပေအောင် အုတ်ခဲတွေနဲ့ စီပြီး လမ်းလုပ်ရတယ်။ ခြံထဲမှာ ထ,နေတဲ့ မြက်တွေကို ရှင်းရတယ်။ ကျုပ်သာ ယောက်ျား အလုပ်၊ မိန်းမ အလုပ် ခွဲနေခဲ့ရင် ကျုပ်တို့ခြံ အခုလို သာယာနိုင်ပါ့မလား။ အခုလို ပြောနေရတာတောင် ကျုပ် ရှက်လှပါပြီ။ ဒါပေမဲ့ တော်က ကျုပ်ကို အပြစ်ပြောလို့ ပြောပြနေရတာပါတော်။

အိမ်ထဲမှာ ဆိုလည်း ကြမ်းတိုက်တာက အစ၊ အဝတ်အစားတွေ လျှော်ဖွပ် မီးပူတိုက်၊ သိမ်းဆည်းတာ က အစ၊ နောက်ဆုံး တော်တို့ စားပြီးသား ပန်းကန်တွေ ဆေးကြောရတာ အဆုံး ကျုပ်ပဲ အစအဆုံး လုပ်ပေးခဲ့တာပါတော်။ ဘုရားစင်မှာ ဆိုလည်း ဘယ်တုန်းက ဘုရားတင်ထားတဲ့ ပန်းတွေ ညှိုးဖူးလို့လဲ။ တစ်နေကုန် လျှော်ဖွပ်၊ ဆေးကြော သန့်ရှင်းရေး လုပ်နေရတာနဲ့တင်၊ ခြံထဲမှာ စိုက်ပျိုးနေရတာနဲ့တင် တစ်နေ့တစ်နေ့ အချိန်တွေ ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူးလေ။ တော်တို့ ပြန်လာတဲ့ အချိန်ကျရင် တော်တို့ ထမင်းချိုင့်တွေကို ဆေးရကြောရလည်း ပင်ပန်းတယ် မထင်ခဲ့ဖူးဘူး။ ထမင်းတွေ၊ ဟင်းတွေ ကုန်တာ မြင်တိုင်း ကျုပ် ပင်ပင်ပန်းပန်း ချက်ကျွေးတာကို စားကြလို့ ကြည်နူးတောင် ကြည်နူးမိပါသေးတယ်တော်။

တစ်လတစ်လ ရတဲ့ငွေလေးနဲ့ အလျဉ်မီအောင် ချက်ပြုတ်နေရပေမဲ့ တော်တို့ သားအဖတစ်တွေ ကြိုက်တတ်တဲ့ ဟင်းတွေကို ချက်ပေးနေတာပဲလေ။ ဘယ်တုန်းကမှ ကျုပ်ကြိုက်တဲ့ ဟင်းကို ရွေးပြီး မချက်ခဲ့ပါဘူးတော်။ အဲ့ဒါ တော်တို့ သားအဖကို ချစ်လို့၊ ကျုပ် ချစ်လို့ပေါ့။ နေဦး။ တော် ဘာမှ ဝင်မပြောနဲ့။ ကျုပ်ပြောချင်တာတွေကို ပြီးအောင် ပြောပါရစေ။ တစ်ခါမှ စကားရှည်ရှည်မပြောခဲ့ဖူးပေမဲ့ အခုတော့ ပြောပါရစေ။ ဒီလိုမှ ဖွင့်မထုတ်ရရင် ကျုပ်ရင်ထဲမှာ ဆို့နေရမှာ မို့လို့ပါတော်။ ကျုပ် ပြောတာကိုပဲ ဆုံးအောင် နားထောင်ပေးပါ။

ကျုပ်လည်း လူပဲ၊ ကျုပ်လည်း မိန်းမပဲတော်။ တစ်ခါတလေ ဈေးထဲမှာ အဝတ်စလှလှလေးတွေ မြင်ရရင် လိုချင်တာပေါ့။ ဒါပေမဲ့ အဲဒီ အဝတ်စ ဝယ်မယ့်အစား သားအတွက် လွယ်အိတ် ဝယ်ဖို့၊ သမီးအတွက် ဂါဝန်ဝယ်ဖို့ကို အမြဲတမ်း ရွေးခဲ့တာပါ။ အခုအချိန်ထိ တော့်ကို ကျုပ်က ဘာပူဆာဖူးသလဲ။ ဘာမှ ဝယ်မပေးတဲ့ အတွက်ရော ဘယ်တုန်းက ပြစ်တင်ခဲ့ဖူးသလဲ။ တော်လည်း ကျုပ်တို့ သားအမိတစ်တွေကို ချစ်လို့ ရတဲ့ နည်းနဲ့ ရှာဖွေကျွေးမွေးနေတာ ကျုပ် သိနေတာပဲလေ။ ကျုပ်ကြောင့် တော့်ကို စိတ်မဆင်းရဲစေချင်ပါဘူး။ ကျုပ်သားသမီးတွေကို စိတ်မဆင်းရဲစေချင်ပါဘူး။ ကျုပ် ဘုရားမှာ သစ္စာဆိုဆို ဆိုရဲပါတယ်တော်။

အခု တော် ကျုပ်ကို ပြောတာ သားသမီးတွေကို ချစ်လို့ဆိုတာ ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ်ကို ကျတော့ ဘယ်သူမှ နားမလည်ကြတာ စိတ်မကောင်း ဖြစ်လွန်းလို့ပါတော်။ ဟိုတုန်းကတည်းက သားသမီးတွေကို တစ်ခုခု ပြောဆိုဆုံးမနေရင် တော်က အမြဲတမ်း ကာဆီးကာဆီးလုပ်တယ်။ ကျုပ်လည်း ကျုပ်သားသမီးတွေကို ချစ်တာပေါ့တော်။ ဒါပေမဲ့ ပြောသင့်တာကိုတော့ ပြောရမှာပေါ့။ ဆုံးမစရာ ရှိတာကို ဆုံးမရမှာပေါ့။ တော်က တော် ရှာလို့ရတဲ့ ငွေကို အပ်ပြီးရင် တာဝန်ကျေတယ်လို့ ထင်နေတာလေ။ အဲ့ဒီငွေနဲ့ တစ်မိ သားစုလုံး လောက်လောက်ငင စားရဖို့၊ သားသမီးတွေ ကျူ ရှင်လခပေးနိုင်ဖို့ ကျုပ် ဘယ် လောက်ခေါင်းစားခဲ့ရတယ် ထင်သလဲ။ ပြီးတော့ ကျုပ် နှလုံးသားထဲမှာ ဘယ် လောက်တောင် ခံစားခဲ့ရ တယ်ထင်လဲ။

ဈေးသွားတဲ့ အခါတိုင်း တော်တို့ သားအဖတစ်တွေကို အသားဟင်းကောင်းကောင်း ချက်ကျွေးချင်တဲ့စိတ် အမြဲပေါ်တယ်။ ဒါပေမဲ့ ကျုပ်ရဲ့ လက်တွေကို ကျုပ်ရဲ့ နှလုံး သားကို တစ်နေ့တာ ဈေးဖိုးက ဆွဲဆွဲထားတယ်လေ။ ပုဆိုးကောင်းကောင်းလေးတွေ မြင်ရင် တော့်ကို ဝယ်ပေးချင်လိုက်တာ။ အင်္ကျီလှလှ၊ ဘောင်းဘီလှလှလေးတွေ မြင်ရရင် သားနဲ့သမီးကို ဝယ် ပေးချင်လိုက်တာ။ အဲ့ဒီ ခံစားချက်တွေနဲ့ ကျုပ်မှာ ငရဲ ကျနေသလို ဖြစ်ရတယ် ဆိုတာ တော်တို့ တွေးမိကြလို့ လား။ အမြဲတမ်း မဝယ်ပေးနိုင်ရင်တောင် တစ်ခါတလေတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီး ကျုပ် ဝယ်ပေးခဲ့ဖူးတယ်။ တော်တို့ သားအဖတစ်တွေ ပုဆိုးအသစ်၊ အင်္ကျီအသစ်၊ ဘောင်းဘီအသစ်၊ ဂါဝန်အသစ်တွေရလို့ ပျော်နေကြတာ ကြည့်ပြီး တစ်လတာ အသုံးစရိတ်ကို ဘယ်လို ထေမိအောင်သုံးရမလဲ ဆိုတာကို ဦးနှောက်ခြောက်အောင် စဉ်းစားရတော့မယ်။ သူများ ဆီကနေ အောက်ကျခံပြီး ပိုက်ဆံချေးရတော့မယ် ဆိုတာကို မေ့ပြီး ကျုပ်မှာ ကြည်နူးခဲ့ရတယ်။ တကယ်ဆို ဒါတွေ ဘယ်တုန်းကမှ ပြောဖို့ စိတ်ကူးမရှိခဲ့ဖူးဘူး။ အခုတော့ ကျုပ် မခံစားနိုင်လွန်း လို့ ပြောပြနေရတာပါတော်။

သားက ဂျင်းဘောင်းဘီ လိုချင်တယ်ဆိုတော့ ဝယ် ပေးချင်တာပေါ့။ သမီးက ပိုက်ဆံအိတ်လေး လိုချင် တယ်ဆိုတော့ အခုချက်ချင်းပဲ ပြေးဝယ်ပေးချင်တယ်လေ။ ဒါပေမဲ့ အဲ့သလို ဝယ်ပေးနိုင်ဖို့က ငွေ ငွေပဲလေ။ မဝယ်ပေးနိုင်တာကို အမြဲပူဆာပြီး သားနဲ့သမီး စိတ်ဆင်းရဲနေရမှာ စိုးလို့ ရင်အနာခံပြီး ဆူမိတော့ တော်က ကလေးတွေ ဘက်ကနေ ဝင်ပြီး ကျုပ်ကို အပြစ် ပြောတယ်လေ ။ တကယ်ဆို အဲ့ဒီလို ဝယ်ပေးနိုင်ဖို့အတွက် တော့်ကို ဖိအား မပေးချင်တာ ကျုပ် စေတနာပါတော်။ ဒါတွေကို ဘာလို့ ပြန်ပြောပြနေရသလဲဆိုတော့ သားသမီးတွေကို ကျုပ်က မချစ်ဘူး၊ အလိုမလိုက်ဘူးလို့ တော့် စိတ်ထဲမှာ စွဲနေမှာစိုးလို့ ရှင်းပြရတာပါ။

အခု အချိန်ထိလည်း တော်က တော့်သားသမီးတွေ ဘက်ကနေပြီး ကျုပ်ကို အပြစ် ပြောနေတုန်းပဲလေ။ ကိုယ့်သားသမီးဆီမှာ ဘယ်မိဘမဆို နေချင်တာပေါ့တော်။ တကယ်ဆို ကျုပ်လည်း သားဆီမှာ နေချင်တာပေါ့။ သွားလည်း နေခဲ့တာပဲလေ။ အခု သားဆီကနေ ပြန်လာမိတာနဲ့ပဲ ကျုပ်က သားသမီးကို ဂရုမစိုက်ဘူးဖြစ်ရရောလားတော်။ ဟုတ်ပါတယ်။ တော် ပြောသလိုပါပဲ။ သားအိမ်က ကျုပ်တို့ အိမ်ထက် အများကြီး ပိုကောင်းပါတယ်။ သားကလည်း ကျုပ်ကို စိတ်ချမ်းသာအောင် ထားပါ တယ်။ ကျုပ်မြေးလေးကိုလည်း ကျုပ်ချစ်ပါတယ်။ ဒါပေမဲ့ သားအိမ်မှာ တစ်သက်လုံး ကျုပ် မနေနိုင်ဘူး။ ဒါ အမှန်အတိုင်းပြောတာပဲလေ။ သားအိမ်မှာ မနေတာ သားကို မချစ်လို့ မဟုတ်ဘူး ဆိုတာ သေချာပါတယ်။ တော် ပြောသလို သားကို ဂရု မစိုက်လို့လည်း မဟုတ်ပါဘူး။

သားက အကြိမ်ကြိမ် ခေါ်ခဲ့ပေမဲ့ အရင်တုန်းက သားအိမ်ကို သွားမနေခဲ့တာ တော့်ကို စိတ်မချလို့ပေါ့ ။ ကျုပ် မရှိရင် တော့်ကို ဘယ်သူ ချက်ကျွေးမှာလဲ။ တကယ်လို့ လာစေချင်တယ် ဆိုရင်လည်း ကျုပ်တို့ လင်မယားနှစ်ယောက်စလုံးကို ခေါ်ရမှာလေ။ အခုတော့ ကျုပ် တစ်ယောက်တည်းကိုပဲ ခေါ်နေတာဆိုတော့ မသွားချင်တာ အမှန်ပဲလေ။ တော်ကတော့ ပြောမှာပေါ့။ သားက တော့်ကိုလည်း ခေါ်ချင်ပါတယ်၊ ဒါပေမဲ့ သားအိမ်က ကျဉ်းလို့ နေထိုင်ရမှာ ကျဉ်းကျပ်မှာစိုးလို့ မခေါ်တာပါ ဆိုပြီးတော့လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ အသက်အရွယ်က တစ်ယောက်နဲ့ တစ်ယောက် ခွဲနေရတော့မယ့်အရွယ် မဟုတ်တော့ဘူးလေ။

ဒါပေမဲ့ သားကလည်း သူ့ဇနီးသည်က ကလေးမွေးထားလို့ ခဏခဏခေါ်၊ တော်ကလည်း သွားဖို့ အတင်း တိုက်တွန်းတာနဲ့ ကျုပ် သွားခဲ့တယ်လေ။ ကျုပ် ရောက်လာတော့ သားနဲ့ သူ့ဇနီးက ဝမ်းသာသွားကြပါတယ်။ ကျုပ်လည်း ကျုပ်သား၊ ကျုပ်မြေး၊ ကျုပ်ချွေးမနဲ့ တွေ့ရတာ ဝမ်းသာမိတာပေါ့။ သားက ကျုပ်ကို ဂရုစိုက်ပါတယ်။ အမေ ဘာစားမလဲ ဆိုပြီးတော့ ခဏခဏ မေးရှာပါတယ်။ ချွေးမကလည်း ကျုပ်ကြိုက် မယ်ထင်တဲ့ ဟင်းတွေကို အိမ်ဖော်ကောင်မလေးကို ချက်ခိုင်းပြီး ကျွေးရှာပါတယ်။ ကျုပ်ကို မီးဖိုချောင်ခန်းထဲကို မဝင်ခိုင်းဘူး။

ပြီးတော့ ပြင်ဦးလွင်မြို့ထဲက လည်စရာပတ်စရာ နေရာတွေ အကုန်လုံးကိုလည်း လိုက်ပို့ပေးရှာပါတယ်။ တစ်နေ့တစ်နေ့ ကျုပ်မှာ ဘာမှ လုပ်စရာမရှိဘူး။ မြေးလေးကို ချီပြီး ထိန်းရတယ်။ တစ်ခါ မြေးလေးကို သားတို့ငယ်ငယ်တုန်းကအတိုင်း ကျုပ်ခြေထောက် နှစ်ဖက်ကြားမှာ ထည့်ပြီး ထမင်းဝါးပြီး ခွံ့မယ်လုပ်တော့ ချွေးမက လက်မခံဘူးလေ၊ တားတယ်။ နေ့စဉ်နေ့တိုင်း ထမင်းဟင်းကို အပျံစား၊ အကောင်းစားတွေကို ချက်ကျွေးကြရှာပါတယ်။ ချွေးမက သူကောင်းမယ် ထင် တဲ့ ဟင်းတွေကို စီစဉ်ပေးပါတယ်။ ကျုပ်ကိုယ်တိုင် ဝင်ပြီး စီမံချက်ပြုတ်ပေးပါမယ်ဆိုတာ ပြောလို့ကို မရဘူးလေ။ ဒါဆို ဘာကြောင့် အဲ့ဒီမှာ မပျော်တာလဲလို့ တော်က မေးချင်နေပြီ မဟုတ်လား။ ကျုပ် သိပါတယ်။ ကျုပ်မှာလည်း မပျော်ရတဲ့အကြောင်း အရင်းရှိတာပေါ့တော်။

သားအိမ်မှာ အဝတ်လျှော်တာက စက်နဲ့ လျှော်တာဆိုတော့ မြန်တယ်လေ။ ဒါပေမဲ့ ကျုပ်ကတော့ အားမရပါဘူးတော်။ ကျု ပ်တစ်သက်လုံး ကျောက်ပြားပေါ်မှာပဲ တဖုန်းဖုန်း လျှော်ဖွပ်လာခဲ့တာဆိုတော့ ပင်ပန်းလည်း ပန်းပါစေ အဲ့ဒီလို လျှော်ရဖွပ်ရတာပဲ စိတ်ပါ တယ်။ ဒါနဲ့ အဝတ်တွေကိုလည်း ကျုပ်ပဲ လျှော်ပေးပါမယ် ဆိုတာကို အိမ်ဖော် ကောင်မလေးကိုပဲ လျှော်ခိုင်းတယ်လေ။ ညနေဘက်မှာ အဝတ်တွေကို မီးပူတိုက်ပေးမယ် ဆိုတော့လည်း ချွေးမ မတိုက်ပါနဲ့ အမေရယ်၊ ကောင်မလေးကိုပဲ တိုက်ခိုင်းမယ်တဲ့။ သူကတော့ ကျုပ် ပင်ပန်းမှာစိုးလို့ မလုပ်ခိုင်းတာဆိုတာ ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ ကျုပ် ကျုပ် အလုပ် မရှိဘဲ ထိုင်နေရတာ တစ်မျိုးပဲ။

ညနေဘက် ထမင်းစားတဲ့အခါကျတော့ တို့စရာ တညင်းသီး မရှိဘူးလားကွယ်လို့ ပြောမိတော့ ချွေးမက တညင်းသီးအနံ့ကို မခံနိုင်လို့ ဆိုပြီး ပြောတယ်။ အမေ ကြိုက်တတ်ရင် ဝယ်ခိုင်းလိုက်ပါ့မယ်လို့တော့ ပြောရှာပါတယ်။ နေပါစေကွယ် ဆိုပြီးပဲ ကျုပ်ပြောခဲ့ရတယ်။ တကယ်ဆို ကျုပ်က တညင်းသီး သိပ်ကြိုက်တာ တော် အသိပဲလေ။ ချွေးမက တညင်းသီးစားရင် ချုပ်တတ်တယ် အမေလို့ ပြောပြတော့ အမယ်လေး သမီးရယ် အမေ့တစ်သက် တညင်းသီး စားလာခဲ့တာ ကြာပါပြီကွယ်။ တစ်ခါမှ ဆီးမချုပ်၊ ဝမ်းမချုပ်ဖူးပါဘူးကွယ် ဆိုပြီး ပြောပြချင်လိုက်တာ ပါးစပ်ကို ယားနေတာပဲ။ ဒါပေမဲ့ ကျုပ် မပြောခဲ့ပါဘူး။

သားအိမ်မှာ နေရတဲ့ နှစ် လ၊ သုံးလလောက်အတွင်းမှာ ကျုပ် အသားတွေတောင် နည်းနည်း ဖြူလာတယ်။ အိမ် ကောင်းကောင်းမှာ အစားအသောက်ကောင်းတွေ စားပြီး သက်သက်သာသာ နေနေရပေမဲ့ ကျုပ် မပျော်ဘူး။ ရောက်ခါစ တစ်လလောက်တုန်းက သားနဲ့မြေးကို တွေ့နေရတာကြောင့် ပျော်ခဲ့ရပေမဲ့ တစ်လ ကျော်လာတော့ စိတ်ကျဉ်းကျပ်လာတယ်။ တော်ကတော့ ဆိုချင်မှာပေါ့။ မင်းကွာ၊ သားနဲ့သမီးက ဒီလောက်တောင် ပျော်အောင်ထားတာ ပျော်အောင်နေမှပေါ့လို့။ ကျုပ် ကျုပ် မညာချင်ဘူး။ သားကို မချစ်လို့လည်း မဟုတ်ဘူး၊ မြေးကို မချစ်လို့လည်း မဟုတ်ဘူး၊ ချွေးမကို မကျေနပ်လို့လည်း မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်မပျော်တာကတော့ အမှန်ပဲ။

အိမ်ကောင်းကောင်းမှာ နေနေရပေမဲ့ တဲအိမ်သာသာ ကျုပ်အိမ်လေးကို လွမ်းတယ်။ အစားအသောက် ကောင်းကောင်း ကျွေးမွေးပေမဲ့ ဆန်ကြမ်းထမင်းနဲ့ ဟင်းကိုပဲ စားချင်နေမိတယ်။ သက်သက်သာသာ နေနေရပေမဲ့ ပင်ပင်ပန်းပန်း လျှော်ဖွပ်၊ စိုက်ပျိုးနေခဲ့ ရတဲ့ ဘဝကို တမ်းတတယ်။ အဓိကက အိမ်မှာတစ်ယောက်တည်း ကျန်နေခဲ့တဲ့ တော် အဆင်မှ ပြေရဲ့လားလို့ တွေးနေမိတယ်။ တစ်ဘဝလုံး ကျုပ် ပြုစုခဲ့တာကိုပဲ ခံနေခဲ့ရတာဆိုတော့ တော် မနေတတ်မှာ စိုးတယ်။ ကျုပ် စိုက်ပျိုးထားတဲ့ ပန်းပင်တွေ တော် ရေမှန်မှန် မလောင်းလို့ သေသွားကြမှာကို စိုးရိမ်တယ်။ အိမ်မှာ မွေးထားတဲ့ တိရစ္ဆာန်လေးတွေကို တော် အစာမှန်မှန် မကျွေးမှာ စိုးတယ်။ ကျုပ် တစ်ဘဝလုံး ပြုစုပျိုးထောင်ထားခဲ့ရတဲ့ ကျုပ်အိမ်လေးနဲ့ ခြံကို သတိရတယ်၊ လွမ်းတယ်။ သားအိမ် ရောက်ပြီး တစ်လကျော်နောက်ပိုင်း ကျုပ် ဘယ်လိုမှ နေလို့ မရတော့ဘူးလေ။ ဒါပေမဲ့ သားလေး အားငယ်နေမှာစိုးလို့ ကျုပ် ဆက်နေပေးခဲ့ပါတယ်။ အရင်တုန်းက ဘဝကို ကျုပ် သိပ်ပြီး သတိရတာပဲတော်။ ကျုပ် သားသမီးတွေနဲ့ အရင်လို ပြန်နေခွင့်ရရင် ဘယ်လောက်များ ကောင်းလိမ့်မလဲနော်။ အချိန်တွေကလည်း အကုန် မြန်လိုက်တာ။ နှစ်ပေါင်းငါးဆယ်ဟာ ဘယ် လိုများ ကုန်သွားခဲ့ပါလိမ့် တော်။ အခု ကျုပ်အသက်က ခြောက်ဆယ့်ကိုးနှစ် ဆိုတော့ တော့် အသက်က ခုနစ်ဆယ့်တစ်နှစ်ပေါ့လေ။ ကျုပ်တို့ အသက်တွေ မငယ်ကြတော့ဘူးနော်။ ကျုပ်တို့ အတွက် သေခြင်းတရား ဆိုတာ နေ့လား ညလားပဲ။ ဘာပဲဖြစ် ဖြစ် ကျုပ် သေရင် ကျုပ်အိမ်လေးမှာပဲ ခေါင်းချချင်တယ် တော်။ ကဲ ကျုပ်ကို ရေတစ်ခွက် ခပ်ပေးစမ်းပါ။ ပြောနေရတာ အာခြောက်လာလို့။ အမယ်လေး သောက်ရတာ အရသာ ရှိလိုက်တာ။ အခုလို ကျုပ်ပြောနေသမျှကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်တော်။

အခု ကျုပ်သားနဲ့ ကျုပ်သမီး တင့်တောင့်တင့်တယ် ဘဝနဲ့ နေနိုင်ကြတာ ဝမ်းသာမိတာပေါ့ တော်။ သူတို့ဘဝလေးတွေ အတွက် စိတ်အေးနေရတာကိုပဲ ကျုပ်တို့အတွက် ကံကောင်းလှပါပြီ။ သားနဲ့ သမီးကလည်း သူတို့မိဘတွေကို ပြန်ပြီး စောင့်ရှောက်ချင်ကြမှာ ကျုပ် နားလည်ပါ တယ်။ ဒါပေမဲ့ သူတို့အိမ်မှာ ကျုပ် ကျုပ်မနေနိုင်ဘူး။ အခုလိုပဲ ကိုယ့်အိုးကိုယ့်အိမ် လေးမှာပဲနေချင်တယ်။ ကိုယ် လုပ်နေကျ အလုပ်လေးတွေပဲ လုပ်နေချင်တယ်။ အပင်လေးတွေ ရေလောင်းရင်း၊ တိရစ္ဆာန်လေးတွေ အစာကျွေးရင်းပဲ နေချင်တယ်။ တကယ်လို့ တော်က သားနဲ့ သမီးနဲ့ မခွဲနိုင်လို့ သွားနေမယ်ရင်လည်း မတားပါဘူးတော်။ ကျုပ် ကျုပ်ကတော့ အဝေးကနေပဲ သားနဲ့သမီးအတွက် မေတ္တာပို့နေပါတော့မယ်။ တကယ်ပါ။ ကျုပ်သားနဲ့ ကျုပ်သမီးကို ကျုပ် အများကြီး ချစ်ပါတယ်တော်။

အပျိုဘဝတုန်းက တော် ပြောတဲ့ စကားတစ်ခွန်းကို ကျုပ် အမှတ်ရနေမိတယ်တော့။ ဘာတဲ့ မင်းက ကိုယ့် ဘဝရဲ့ ဧကရီပါ ဟုတ်လား။ မရယ်နဲ့။ တော် ပြောခဲ့တာလေ။ မှတ်မိသေးလား။ ကျုပ်ကတော့ နားထဲမှာ စွဲနေ အောင် မှတ်မိတယ်။ ကျုပ် သူငယ်ပြန်နေတာ မဟုတ်ဘူးနော်။ တော် ပြောခဲ့တဲ့ ဧကရီ ဆိုတဲ့ စကားကို ကျုပ် သိပ်ပြီး သဘောကျတယ်။ ဧကရီ ဆိုတာ တစ်ဦးတည်းသော ဘုရင်မ ဆိုတဲ့ အဓိပ္ပာယ်ရတယ်လို့ ရှင် ပြောခဲ့တယ် မဟုတ်လား။ ကျုပ်ရဲ့ အသက်အရွယ်အရ သားတွေ သမီးတွေ အိမ်မှာ ဘုရင်မ မဖြစ်နိုင်တော့တာ ကျုပ် သိပါတယ်တော်။ ဒါပေမဲ့ ကျုပ် အိမ်လေးထဲမှာတော့ ကျုပ်က ဘုရင်မပဲလေ။ ကျုပ်လက် ကျုပ်ခြေနဲ့ လွတ်လွတ်လပ်လပ် နေနိုင်တယ်။ စီမံခန့်ခွဲနိုင်တယ်လေ။

သားအိမ်မှာတုန်းက သားက မချုပ်ချယ်သလို ချွေးမကလည်း ကျုပ်ကို မချုပ်ချယ်ပါဘူး။ သူတို့က အသက်အရွယ်ကြီးရင့်နေတဲ့ ကျုပ်ကို ဝိုင်းပြီးတောင် ဂရုစိုက်ကြရှာပါတယ်။ အဲ့ဒီလို ဂရုစိုက်လေ ကျုပ်အတွက် ဘဝအဓိပ္ပာယ်တွေ ပျောက်ဆုံးလေပါပဲ။ သူတို့ အိမ်မှာ ကျုပ်ကိုယ် ကျုပ် အဓိပ္ပာယ်ရှိတဲ့ လူလို့ မခံစားရဘူး။ ပြီးတော့ သူတို့တစ်တွေက ကျုပ်ကို မလိုအပ်ကြပါဘူး။ သူတို့ ဘဝမှာ ကျုပ် မရှိလည်း အရာရာ ပြည့်စုံနေကြပြီးသားပါ။ ကျုပ် မရှိဘဲ မပြည့်စုံနိုင်ကြတာက တော်နဲ့ ကျုပ် မွေးထားတဲ့ တိရစ္ဆာန်လေးတွေပဲလေ။ ဒါကြောင့် ကျုပ် ကျုပ် အိမ်ပြန်လာခဲ့တာပါတော်။ တော် ပြောသလို သားကို ဂရုမစိုက်လို့ မဟုတ်ပါဘူး။ တကယ်လို့သာ သားက ကျုပ်ကို မဖြစ်မနေ လိုအပ်နေတယ် ဆိုရင် ကျုပ် ဆန္ဒတွေ မျိုသိပ်ပြီး နေသွားပေးမှာပါ။ ကျုပ်လည်း ကျုပ်မွေးထားတဲ့ သားသမီးကို ချစ်တာပေါ့တော်။

ဒါပေမဲ့ ကျုပ်ကို ဧကရီ အဖြစ် တန်ဖိုးထားတဲ့သူဆီမှာပဲ ကျုပ် နေချင်တယ်။ ကျုပ် ကောင်းတယ်ထင်လို့ စီစဉ်ပေးသမျှ လက်ခံနေကြမယ့် သူတွေ ဆီမှာပဲ ကျုပ် နေချင်တယ်။ တကယ်တော့ ဒီစကားတွေကို သားနဲ့သမီးကို ပြောမပြရက်လို့ တော့်ကိုပဲ ပြောပြရတာပါ။ သူတို့လေးတွေက ကျုပ်ကို ဧကရီလို့ မသတ်မှတ်ကြတော့ဘူး ဆိုရင်တောင် သူတို့ကို အပြစ်မတင်ပါဘူးလေ။ တကယ်တော့ ဒါက လောက ဓမ္မတာပါပဲ။ တစ်ချိန်တုန်းက ကျုပ်တို့ ကိုယ်တိုင်လည်း ကျုပ်တို့ရဲ့ အမေတွေကို နန်းချခဲ့ကြဖူးတာပဲ မဟုတ်လား။

ကဲ ကျုပ် ပြောချင်နေတာတွေ အားလုံးကို ပြောလို့ ပြီးသွားပြီ။ အခု သားအိမ်မှာ မနေဘဲ ပြန်လာခဲ့တဲ့အတွက် တော် ကျုပ်ကို ဆက်ပြီး ဆူချင်သေးလား၊ ဆူနေဦးမှာလား ဟင်။

▢  ဥသြ ( ချယ်ရီမြေ )
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဇူလိုင် ၊ ၂၀၁၈