Monday, June 10, 2024

ဥစ္စာပေါ ရုပ်ချော ၊ သဘောဖြူ


 

❝ ဥစ္စာပေါ ရုပ်ချော ၊ သဘောဖြူ ❞

[ ၁ ]

ကျွန်တော် သည် လူသာမန် တယောက် မျှ သာ ဖြစ်ပါသည် ။ ဆိုလိုသည် မှာ အနည်း နှင့် အများ ဟူ၍ နှစ်ဖက် နှစ်တန် ရှိရာ၌ မည်သည့် ဘက်သို့ မျှ အလေး မသာ သူ ဖြစ်ကြောင်း ။ ကျွန်တော် သည် ယေဘုယျ ထက် ပို၍ ချောမွေ့သူ ၊ ခန့်ညားသူ ၊ တည်ကြည်သူ ၊ ခိုင်ကြံ့သူ လည်း မဟုတ်ပါ ။ သို့သော် ကျွန်တော့် အား အရုပ် ဆိုးသည် ၊ အကြည့် တန်သည် ဟု လည်း ဆိုနိုင်မည် မထင်ပါ ။ ကျွန်တော် သည် ဝင်ငွေ ကောင်းသူ တယောက် လည်း မဟုတ်ပါ ။ ဆင်းရဲချို့ငဲ့ နေသူ တယောက် လည်း မဟုတ်ပါ ။

အကြမ်းဖျင်း အားဖြင့် ဆိုရ လျှင် တစုံ တယောက် သော သူ သည် အဖက်ဖက် တွင် စွမ်းစွမ်း ပေါက်ပေါက် ကျွမ်းကျင် တတ်မြောက်မြဲ ၊ အမှတ်ရ များတတ်မြဲ ဖြစ်ပါသည် ။ ကျွန်တော် ကား ထိုသို့ မဟုတ်ခဲ့ပါ ။ သို့သော် မည်သည့် ဘက် မှာ ဖြစ်စေ ၊ ညံ့သည် ဟူ၍ လည်း တရံတခါ မျှ အပြောအဆို မခံခဲ့ရပါ ။ ကျွန်တော် သည် မည်သူ့ အတွက် ပင် ဖြစ်စေ ၊ ဆိုးသွမ်းခဲ့သူ တယောက် လည်း မဟုတ်ပါ ။ ကောင်းကျိုးချမ်းသာ ဖြစ်ထွန်းစေခဲ့သူ တယောက် လည်း မဟုတ်ပါ ။

ပညာ သင်ရာ ၌ လည်း ကျွန်တော် သည် အခါမလပ် စာ ဖတ်လေ့ ဖတ်ထ ရှိသူ တဦး အဖြစ် ဖြင့် လူသိ များ ပါသည် ။ ထို့ကြောင့်ပင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော အတန်းတင် စာစစ်ပွဲများ ကို ကျွန်တော် သည် အလွယ်တကူပင် အောင်ပန်း ဆွတ်ယူခဲ့လေ့ ရှိပါသည် ။ သို့သော် မည်သည့် အခါက မျှ ပထမ ၊ ဒုတိယ ၊ တတိယ စသော မျက်နှာစာ နေရာများ ကို ကျွန်တော် မရခဲ့ပါ ။

အဖက်ဖက် ၌ ကျွန်တော် သည် ဤကဲ့သို့ အထက် လည်း မကျ ၊ အောက် လည်း မကျ သော ဘဝ ဖြင့် သာ နေခဲ့ရ ပါသည် ။ ကျွန်တော် သည် မည်သည့် ကိစ္စ ၊ မည်သည့် တာဝန် မှာ ဖြစ်စေ မိမိအလိုအလျောက် ဝင်ရောက် ဆောင်ရွက် တတ်ပါသည် ။ သို့သော်လည်း ကျွန်တော့်  အား မည်သူ က မှ မချီးမွမ်းပါ ။ မည်သူ က မျှ မကဲ့ရဲ့ပါ ။ တနည်း ဆိုသော် အပင့် လည်း မခံ ရပါ ၊ အချ လည်း မခံရပါ ။ ကျွန်တော် သည် သာမန် လူ တယောက် မျှ သာ ဖြစ်ပါသည် ။

မိတ်ဆွေ သူငယ်ချင်းများ က မူ ကျွန်တော့် ကို မုန်း လည်း မမုန်းကြပါ ၊ ခင်မင်မှု ထက် ပို၍ ချစ် လည်း မချစ်ကြပါ ။ သူတို့ သည် ကျွန်တော့် အား ကောင်းစွာ သိထား နားလည်ကြ ပါသည် ။

ယခု ဆို လျှင် ကျွန်တော့် ကို သင် က လည်း မည်သို့သော သူ ဖြစ်ကြောင်း နားလည်ပြီ ထင်ပါသည် ။ သို့သော် ကျွန်တော် ကဲ့သို့သော သူ က ကျောင်း ဆည်းလည်း သဖွယ် လှပ သိမ်မွေ့သော ကြည်ကြည်အေး အား နှစ်သက်စွဲလမ်း နေပါသည် ဟု ဆိုသော အခါ၌ သင် သည် ကျွန်တော့် အား နားလည် နိုင်တော့မည် မထင်ပါ ။

ကျွန်တော် သည် သာမန် တို့ ထက် အဆ ရာထောင် ပို၍ လှပသိမ်မွေ့သော ကြည် ကြည်အေး ကို မည်သည့် အတွက် နှစ်သက် စွဲလမ်း ရပါ သနည်း ။

အမှန်ကို ဆိုရသော် ကျွန်တော့် အတွက် ကြေကွဲဘွယ် ဝမ်းနည်းရန် ချည်း သာ ဖြစ် ပါသည် ။ ကြည်ကြည်အေး ၌ ကိုကို ရှိပါသည် ။ ကိုကို သည် ကြည်ကြည်အေး နှင့် လက်တွဲ ၍ ဖက်နွှဲ နေခွင့် ရသူ ဖြစ်ပါသည် ။ ကိုကို သည် ရုပ်ရည် အားဖြင့် လည်း ကျွန်တော့် ထက် သာ ပါသည် ။ အခြေအနေ အား ဖြင့် ကား နှိုင်း ပင် မနှိုင်းသာပါ ။ ကျွန်တော့် ထက် သာလွန် ကောင်းမွန် ခိုင်မာပါသည် ။ ပညာ အရည်အချင်း အား ဖြင့် လည်း ကျွန်တော် နှင့် ကြည်ကြည်အေး တို့ ထက် နှစ်တန်း မျှ သာ ပါသည် ။ ကိုကို သည် အမိ ဝမ်းတွင်း မှ ကျွတ်လွတ် ကတည်း က ပင် အပူပန် အကြောင့်ကြ မရှိရသော သူ ဖြစ်ပါသည် ။ ကိုကို သည် တဖက် ၌ ပညာ သင်ကြား နေ လျက် နှင့် ပင် အခြား တဖက် ၌ ကိုယ်ပိုင် ရက္ကန်းရုံ တရုံ ကို စီရင် အုပ်ချုပ် နေသူ ဖြစ်ပါသည် ။ ရက္ကန်း ရုံ မှာ စင်ပေါင်း ၁၆ဝ ခန့် ရှိပါသည် ။ ကိုကို ၏ ဖခင် သည် ကုန်သည် သူကြွယ် တယောက် ဖြစ်သည့် အားလျော်စွာ သား ဖြစ်သူ ကို သူ ၏ ဗဟိုရက္ကန်းရုံ ၌ ( အရှည် ကို မြှော် ၍ ) တာဝန် ချထားခြင်း ဖြစ်ပါသည် ။ ကိုကို ၏ အနာဂတ် ကား ဤမျှ စိတ်ချရ ပါသည် ။

ကျွန်တော် ၏ အနာဂတ် မူ ကား ဝိုးတဝါး သာ လျှင် ဖြစ်ပါသည် ။ မည်သို့ပင် ဖြစ်စေ ၊ ကျွန်တော် သည် လည်း လူ အများ ကဲ့သို့ပင် ရည်မှန်းချက် ပန်းတိုင် ရှိသော် လည်း မမြင့်မားလှပါ ။ စမ်းချောင်း နှင့် ရေကျော် ကဲ့သို့သော တိုင်းရင်းသား များ သည့် ရပ်ကွက်ကလေး တခု ခု တွင် ဖွင့်ထားအပ်သော စာအုပ်ဆိုင်ကလေး တဆိုင် ကို ပိုင်လိုမှု သာ လျှင် ဖြစ်ပါသည် ။ တခါတရံ ၌ ပိုင်ဆိုင်ရမည် ဟူ၍ လည်း ကြုံးဝါး မိ ပါသည် ။ ပိုင်နိုင်ရန် လည်း ကြိုးစားမည် ဟု ဆုံးဖြတ် ခဲ့ ပါသည် ။

စင်စစ် ကျွန်တော် ဆိုလိုရင်း မှာ ဤ အကြောင်းအရာများ မဟုတ်ပါ ။ ကြည်ကြည်အေး သည် ကျွန်တော့် ကို ပင် ရွေးမည် လော ။ ကိုကို့ ကို ပင် ရွေးမည် လော ဟူသော ပြဿနာ သာ လျှင် အကြောင်းရင်း ဖြစ်ပါသည် ။ အမှန်ကို ဆိုရသော် ကြည်ကြည်အေး နှင့် လက်ဆက် ခွင့် ရရန် မှာ ကျွန်တော့် ထက် ကိုကို က ပို၍ သေချာပါသည် ။ သင်္ချာ အားဖြင့် ဆိုရလျှင် ကျွန်တော် ရရန် မှာ ၁ ရာခိုင်နှုန်း သာ ရှိ၍ ကိုကို ရရန် မှာ ၉၉ ရာခိုင်နှုန်း ရှိပါသည် ။

သို့သော် ကြည်ကြည်အေး ကား ဆန်းပြားတတ်ပါသည် ။ ကြည်ကြည်အေး ကို နမိတ် ဖတ် ၍ ရနိုင်အံ့ ကျွန်တော် မထင်ပါ ။ ကြည်ကြည်အေး ၏ အမြင် များသည် အများတကာ ၏ အမြင်များ နှင့် ခြားနား တတ်ပါသည် ။ အများတကာ က သင် သိသည့် အတိုင်း ပင် လိမ္မာ ရန် ခက်သည် ။ မိုက် ရန် လွယ်သည် ဟု ယူဆ ယုံကြည် ကြပါသည် ။ ကြည်ကြည်အေး က မူ ကား ထိုသို့ မဟုတ်ပါ ။ လိမ္မာ ရန် လွယ်သည် ဟု ဆို လျှင် မိုက် ရန် လည်း လွယ်သည် ။ လိမ္မာရန် ခက်သည် ဟု ဆိုလျှင် မိုက် ရန် လည်း ခက်သည် ဟု ယူဆပါသည် ။ ကြည်ကြည်အေး သည် ညီမျှခြင်း တရား ကို စွဲလမ်းယုံကြည် သူ ဖြစ်ပါသည် ။

ဤ ဆန်းပြားသော ကြည်ကြည်အေး ၏ ညီမျှခြင်း အဘိဓမ္မာ ကို လက်ဦး ပထမ ကျွန်တော် သတိပြုမိသည် မှာ ငယ်စဉ် အခါ က ကျွန်တော် တို့ ခြံ ထဲ ရှိ သရက်ပင်များ အောက် တွင် ကြည်ကြည်အေး နှင့် ကျွန်တော် နှစ်ယောက် တည်း ကစား ခဲ့ကြရပါသည် ။ ထိုနေ့ က မူ ကျွန်တော် တို့ သည် ပေသီးပစ်တမ်း ကစား ခဲ့ကြပါသည် ။ ကျွန်တော် တို့ ၏ ပေသီးများ မှာ လည်ကျဉ်း ဘိလပ်ရည် ပုလင်း ထဲ မှ ဖတ်လုံးကလေး များ ဖြစ်ပါသည် ။ ကြေး မပါပါ ။

ကြည်ကြည်အေး သည် တကြိမ် တခါ မျှ ကစားဘူး ဟန် မတူပါ ။ ကြည်ကြည်အေး  သည် ပစ်ဒိုး ကို ကျွန်တော် တို့ ကဲ့သို့ လက်ညှိုး နှင့် သော်၄င်း ၊ လက်ခလယ် နှင့် သော်၄င်း ၊ ထောက် ၍ မပစ်တတ်ပါ ။ လှိမ့် ၍ သာ ကစား ပါသည် ။ သို့သော် ကြည်ကြည်အေး ၏ လှိမ့်ဒိုး မှာ ကျွန်တော် တို့ ကစား နေကျ အကောင်များ ၏ ထောက်ဒိုး ကဲ့သို့ ပင် ပြင်း ပါသည် ။ တည့် လည်း တည့်ပါသည် ။ မဆိုးပါ ။

ဤနေရာ မှာ ပင် ကြည်ကြည်အေး ၏ အဘိဓမ္မာသစ် ကို ကျွန်တော် စတင်၍ သိကြား ခဲ့ရပါသည် ။ ကြည်ကြည်အေး သည် မည်သို့သော ကစားနည်းမျိုး မှ ပင် ဖြစ်စေ ၊ အဘိဓမ္မာ ထုတ်ယူ တတ်သော အလေ့အထ ရှိသူ ဖြစ်ပါသည် ။

လိုရင်းသို့ အကျဉ်းရုံးရမည် ဆိုလျှင် ကြည်ကြည်အေး ၏ ဒိုး သည် ပထမ တွင်း ကို စိမ် ရာ၌ အောင်မြင်စွာ ဝင် သွားပါသည် ။ ကျွန်တော် မအံ့ဩပါ ။ ကြက်ကန်း ဆန်အိုး တိုး ခြင်း သာ ဖြစ်သည် ဟု ကျွန်တော် မှတ်ယူ လိုက်ပါသည် ။ သို့သော် အတန် ကွာ လှမ်းသော ဒုတိယ တွင်း သို့ ဆက်လက် စိမ် ပြန်သော အခါ ၌ ကား ကျွန်တော် အံ့သြ ရ ပါတော့သည် ။ ကြည်ကြည်အေး ၏ ဒိုး သည် တွင်း နှင့် တမိုက် သာသာခန့် အကွာ မှ တွင်း ကို ကျော်လွန် ၍ သွားပြီး နောက် မြေကမူကလေး ပေါ် သို့ တက် သွားပါသည် ။ ကမူကလေး ၏ ထိပ် သို့ မရောက် မီ မှာ ပင် ဒိုး သည် အရှိန်သေ ကာ လက်ျာဘက် သို့ ကွေ့ ၍ တွင်း ရှိရာဘက် သို့ တဖန် ပြန် လိမ့် လာ ပါသည် ။ နောက်ဆုံး၌ မူ တွင်း ထဲ သို့ စိုက်စိုက်မတ်မတ် ပင် ဝင် သွား ပြန်ပါတော့သည် ။

ကျွန်တော် က မူ ဤ အဖြစ် ကို ဆန်းသည် ၊ ဖြစ်ခဲသည် ဟု ထင်မိပါသည် ။ ခဲယဉ်း သည့်အဖြစ် ကို ကြုံရ၍ လည်း အားရမိပါသည် ။ အားရ၍ လည်း “ မတတ်တဲ့ လူ က တယ် ဟုတ် နေလိုက်ပါ့ကလား ဟ ၊ ဝင်ပုံကလေးကတော့ ဆန်းပေကွာ ” ဟု ပင် မဆင်မခြင် ဟစ်မိပါ သည် ။

ကြည်ကြည်အေး က မူ ကား ကျွန်တော် ကဲ့သို့ တုန်လှုပ်ခြင်း မရှိပါ ။ ဤအဖြစ် ကို ဆန်းသည် ဟု ယူဆ ထင်မြင်ဟန် လည်း မတူပါ ။ တောသား တယောက် မြို့ သို့ရောက် ၍ ပေါက်တတ်ကရ မြင်သမျှ ကို ဖွင့်ဟအံ့သြ မဆင်မခြင် ပြောသည် တွင် မြို့သား က ပြုံး သကဲ့သို့ ကြည်ကြည်အေး သည် ကျွန်တော့် ကို ပြုံး၍ ကြည့် ပါသည် ။ သရော်သည့် သဘော လည်း ဖြစ်ပါ လိမ့်မည် ။ အတွေ့အကြုံ နည်းသည် ဟူ၍ လည်း သတ်မှတ် ပါလိမ့်မည် ။ တွင်း ထဲ သို့ မဝင် လျှင် ဝင်အောင် စိမ်သည် ။ ထိုအခါ ဝင်သည် ။ မည်သည့် အတွက်ကြောင့် ဆန်းနေရ ဘိ သနည်း ဟူသော မေးခွန်းများ ၏ လက္ခဏာ တို့ သည် လည်း ထို အပြုံး တွင် ပါဝင် ပါသည် ။ ကျွန်တော် သည် ဘဇာကြောင့် ဣန္ဒြေ မရ ဟစ်ကြွေး နေရပါသနည်း ဟု လည်း ကြည်ကြည်အေး က မေးပါသည် ။

ဤ အဖြစ်ကလေး ကို ကျွန်တော် လေ့လာ ကြည့်မိပါသည် ။ အလွန်တရာ ကျွမ်းကျင် သော သူများ ပင်လျှင် ဤသို့သော ဝင်ပုံ ဝင်နည်း ဖြင့် ဝင်ရန် မှာ ခဲယဉ်း ပါသည် ။ အလှည့် တရာ တွင် တခါ သာ ဝင်နိုင်လိမ့်မည် ဟု ကျွန်တော် ထင် မိပါသည် ။

ဤ ကျွန်တော့် အထင် နှင့် ကျွန်တော့် အတွေး ကို ဤနေရာ မှာ ပင် ကြည်ကြည်အေး အား ပြောပြမိ ပါသည် ။ ကြည်ကြည်အေး က “ ဘာများ ဆန်းလို့လဲ ကျော်ဆွေ ရယ် ၊ နင် ရူး များ နေရော့သလားဟယ် ၊ ကဲ ကဲ ငါ့ ကို ပြောစမ်းပါ ၊ ဆန်းတယ် ဆိုတာ က ဘာလဲ ၊ ဘယ်လို ဟာ ကို ခေါ်သလဲ ၊ ပြီးတော့ မဆန်းဘူး ဆိုတာ က ကော ဘာလဲ ၊ နင် ကြောင်တာပါ ဟာ ၊ တကယ်တော့ ဆန်းတာ နဲ့ မဆန်းတာ ဟာ ညီတူညီမျှ ပါဘဲ ဟ ၊ အခု ဒီမှာလဲ ဒီလိုဘဲ ပေါ့ ၊ ငါ က တွင်း ထဲ ကို ဝင် အောင် စိမ်တယ် ၊ ဝင် သွားတယ် ၊ ဘာ ဆန်းသလဲ ၊ သူ ဝင်ချင် ဝင်မယ် ၊ သူ မဝင်ချင် မဝင်ဘူး ၊ ဝင်ဘို့ နဲ့ မဝင်ဘို့ နှစ်လမ်း ထဲ ရှိတာဘဲ မဟုတ်လား ” ဟူ၍ ဖြေပါသည် ။

“ အေး ဝင်တာက တော့ ဟုတ်ပါပြီ ၊ ငါ အခု ပြောနေတာ က ဝင်ပုံ ဆန်းတာ ကို ပြောနေတာ ၊ ဒီလို ဝင်ဘို့က ခဲယဉ်းတယ် မဟုတ်လား ၊ ကဲ ဒီအတိုင်း ဝင် အောင် နင် နောက် တခါ စိမ်ကြည့်စမ်းပါလား ၊ ဝင်အုံးမလားလို့ ” ဟု ကျွန်တော် က ကြည်ကြည်အေး ၏ စကား ကို အညွန့် တက် ၍ ပြောသော အခါ ကြည်ကြည်အေး က အားမလို အားမရဟန် ဖြင့် ထပ်မံ ရှင်းပြ နေပြန်ပါသည် ။

“ ဝင်တာ ဟာ ဝင်တာဘဲ ပေါ့ ကျော်ဆွေ ရယ် ၊ နင့် နှယ် ခက်လိုက်ပါဘိတော့ ။ ခုန် ပြီးတော့ ဝင်ဝင် ၊ လိမ့် ပြီးတော့ ဝင်ဝင် ၊ ရှေ့ က ဝင်ဝင် ၊ ဝင်တာဟာ ဝင်တာဘဲ ပေါ့ ။ မဝင် ရင် လဲ လက် တလုံး လောက် ကွာကွာ ၊ တထွာ လောက် ကွာကွာ ၊ တလံ လောက် ကွာကွာ ၊ မဝင်တာ ဟာ မဝင်တာဘဲ ပေါ့ ။ ကဲ ငါ မေးပါအုံးမယ် ၊ ဒီလို ဝင်တာမျိုး နင် မတွေ့ဘူးဘူးလား ၊ မတွေ့ဘူးဘူး ဘဲ ထားပါတော့ ၊ ဒီ ဆီမီးခွက် လောက် သာ ရှိတဲ့ တွင်းကလေး ထဲ ကို ဟောဒီ ပေသီး တလုံး ဝင်ဘို့ လမ်း ဘယ်နှစ်လမ်း ရှိသလဲ ၊ ကဲ ဟယ် နင် နားလည်အောင် ပြောပြမယ် ၊ တွင်း ဘေး ပတ်ပတ်လည် ကို ထုံးတွေ ဖြူး ထားလိုက် ၊ ဒို့ တနေ့လုံး ကစားမယ် ဆိုပါစို့ ၊ ညနေ ကစား လို့ ပြီးတော့ အဲဒီ ထုံး ပေါ် မှာ သေသေချာချာ ကြည့်စမ်း ၊ ဒိုး မလိမ့်ဘဲ လွတ်ကျန် နေခဲ့ တဲ့ နေရာ ရှိအုံးမလား လို့ ၊ ဘယ် ရှိနိုင်ပါ့မလဲ ဟယ် ၊ တွင်း ပတ်ပတ်လည် မှာ ဒိုး လိမ့်ရာချည်း ဘဲ တွေ့ရမှာပေါ့ ၊ ကဲ ဒီတော့ အခုလို တဖက်ဖက် ကို ဝင်တာ ဟာ ဆန်းသေး သလား ”

ကျွန်တော် သည် မည်သို့မျှ မပြောတတ်တော့ပါ ။ ကြည်ကြည်အေး ၏ အမြင် သည် ပင် ကျွန်တော့် အတွက် ဆန်းကြယ် နေပါသည် ။ ကျွန်တော် သည် ကြည်ကြည်အေး ကဲ့သို့ မိမိ ယုံကြည်ရာ ကို စွမ်းစွမ်းပေါက်ပေါက် ၊ ဖြစ်ဖြစ်မြောက်မြောက် မရှင်းပြတတ်ပါ ။ ကြည်ကြည်အေး မှား နေသည် ဆိုသည် ကို တော့ ကျွန်တော် သိပါသည် ။ သို့သော် ကျွန်တော် မချေနိုင်ပါ ။ ကမ္ဘာတခွင် ၌ ကြည်ကြည်အေး ကို ချေချွတ် နိုင်သူလည်း ရှိအံ့ ကျွန်တော် မထင်ပါ ။

မည်သို့ပင် ဖြစ်စေ ၊ ကျွန်တော် သည် လွယ်လွယ်ကူကူ နှင့် ဝန်မခံပါ ။

“ နောက်ပြီးတော့ နင် စဉ်းစား ကြည့်စမ်း ၊ တွင်းဝကလေး က ကျဉ်းကျဉ်းကလေး မဟုတ်လား ၊ ဒီ အထဲ ကို ဝင်ဘို့ က ပိုခက်တာပေါ့ ၊ တွင်းဝကလေး နဲ့ တွင်းဝ အပြင်ဘက် က မြေပြင်ကျယ်ကြီး ရဲ့ အချိုးအစား ကိုလဲ ကြည့်အုံးမှ ပေါ့ ၊ ဒီတော့ ဝင်တာ ဟာ မဝင်တာ ထက် ခက်မယ် မဟုတ်လား ၊ ခက်တယ် ဆိုရင် ကြုံရခဲမယ် မဟုတ်လား ၊ ကြုံရခဲရင် ဆန်းတာဘဲ ပေါ့ ... ”

ဤသည် ကို မူ ကြည်ကြည်အေး က အလွယ်တကူ ပင် ဖြေပါသည် ။

“ တွင်းကလေး က လဲ တနေရာ ဘဲ ၊ နင် ပြောတဲ့ မြေပြင်ကျယ်ကြီး ဆိုတာ ကလဲ တနေရာ ဘဲ ၊ အေး ... အချိုးအစား ချင်း တော့ မတူပေဘူးပေါ့ ။ ဒါပေမယ့် ဒိုး ကို ပစ်တော့ တွင်း ရှိရာ ကို ပစ်သလား ၊ မြေပြင်ကျယ်ကြီး မှာ ရောက်ချင် ရာ ရောက် ဆိုပြီး ရမ်း ပစ်လိုက်သလား ၊  အဲဒီ ပစ်တဲ့ သူ ရဲ့ ရည်မှန်းချက် အချိုးအစား ကိုလဲ ကြည့်အုံး မှ ပေါ့ ကျော်ဆွေ ရယ် ၊ နင် ပြောတာ မှန်ပါတယ် ၊ တွင်းကလေး က ၁ ရာခိုင်နှုန်း ဆိုရင် မြေပြင်ကျယ်ကြီး က ၉၉ ရာခိုင်နှုန်း ရှိမယ် ၊ ဒါကြောင့် အခါ တရာ စိမ် မှ တကြိမ် သာ တွင်း ထဲ ဝင်မယ်လို့ တွက် ရင် နင် မှားမှာ ပေါ့ ၊ စိမ် တဲ့ လူ က ၉၉ ရာခိုင်နှုန်း တောင် မဟုတ်ဖူး ၊ ရာခိုင်နှုန်း အပြည့် ရည်မှန်းကြည့်တာ ၊ ဒီ တွင်း ထဲ ဝင်ရမယ် လို့ဘဲ ရည်မှန်း တာ ၊ ဒီဘက် က လဲ ပြန် တွက်အုံးမှပေါ့ ဟယ် ”

“ ကဲ .. ထားပါတော့ ၊ တွင်း ထဲ မဝင်ဘဲ အပြင်ဘက် လိမ့်သွားရင် လဲ ဘယ်လောက် ဝေးဝေး မဝင်တာဘဲ ပေါ့ ၊ ဝင်ရင် လဲ ဝင်တာဘဲ ပေါ့ ၊ ဝင်ဘို့ နဲ့ မဝင်ဘို့ နှစ်လမ်း ထဲ ရှိတာဘဲ ၊ မြေကြီး ရဲ့အခြေအနေ နဲ့ ပြောရင် မဝင်ဘို့ က များတယ် ၊ ဒီလို ဟယ် ငါ ပြောချင်တာ က ပြုလုပ် တဲ့ ဘက် က ကြည့် ရင် ဝင်ဘို့ များတယ် ၊ အပြုလုပ် ခံရတဲ့ ဘက် က ကြည့် ရင် မဝင်ဘို့ များတယ် ။ အချင်းချင်း ချေ လိုက်တော့ အညီအမျှ ဘဲပေါ့ ။ ဝင်ဘို့ နဲ့ မဝင်ဘို့ အခွင့်အလမ်း ချင်း အညီ အမျှ ပါဘဲ ကျော်ဆွေ ၊ နင်  ထင် နေလို့ပါ ”

ကျွန်တော် မည်သို့ ပြောရပါတော့အံ့နည်း ။

[ ၂ ]

ကြည်ကြည်အေး သည် နှစ်ခါ သုံးခါ ဆက်လက်၍ ဝင်ပုံ နှင့် နှစ်ခါ သုံးခါ ဆက်လက်၍ လွဲပုံ ကို ပုံစု ပြဆို လာပြန်ပါသည် ။ ကြည်ကြည်အေး သည် ကျွန်တော် တွေဝေလျက် ရှိပြီ ကို သိဟန် တူပါသည် ။ ထို့ကြောင့် ကျွန်တော် ၏ အယူအဆဟောင်း ကို အမြစ်ပါ မကျန် အကြွင်း မဲ့ သုတ်သင်ရန် ဟန်ပြင် လာပြန်ပါ၏ ။

“ တခါတုန်းက ဗိုလ်ချုပ်ဈေးထဲ မှာ ကစားသမား တယောက် ကို ငါ တွေ့ခဲ့ဘူးတယ် ကျော်ဆွေ ၊ အဲဒီ လူ က ဒင်္ဂါးတပြား ကို အသေအချာ ပြပြီး လာသမျှ လူ ကို ခေါင်းပန်း အမြှောက် ခိုင်းတယ် ၊ ခေါင်းကျ ရင် သူ က လျော်တယ် ၊ ပန်း ကျ ရင် သူ က စားတယ် ၊ နင် သိတဲ့ အတိုင်း ဘဲ အကစား ဆိုရင် ငါ က ခပ်ဝါသနာ ပါပါ မဟုတ်လား ၊ အသေအချာ ငါ ကြည့် ခဲ့တာပေါ့ ၊ ငါ့ မျက်စိ ရှေ့ မှာ တွင် လူ လေးငါးယောက် လာမြှောက် ကြတယ် ၊ အခါ နှစ်ဆယ် လောက် ထင်ပါရဲ့ ၊ ကဲ ငါ မေးမယ် ၊ ဒီ အခါ နှစ်ဆယ် မှာ ခေါင်း ဘယ်နှစ်ခါ ကျပြီး ပန်း ဘယ်နှစ်ခါ ကျမလဲ ”

“ ဒါကတော့ ရှင်းသားဘဲဟ ၊ အဲဒီ လူကြီး က အကစားသမား ဘဲ ၊ သူ အရှုံး ခံပြီး ကစားပါ့မလား ၊ ဘာဘဲ ဖြစ်ဖြစ် သူ စားရအောင် တနည်းနည်း နဲ့ လုပ်ထားမှာပေါ့ ၊ ပန်း ဘက် ကလဲ အကျ များမှာပေါ့ ”

“ အတွေး မခေါင်စမ်းပါနဲ့ ကျော်ဆွေ ရာ ၊ မှန်မှန်ကန်ကန် တွေးစမ်းပါ ၊ ပန်း ဘက် က  အကျ များအောင် ဘယ်လို လုပ် ထားနိုင်မှာမို့လဲ ၊ ဒင်္ဂါး ကို မြှောက်မယ့် လူ က လိမ်ထားတယ် ဆိုရင် ဘယ်သူ ကအမိုက် ခံပြီး မြှောက်ာနေပါအုံးမလဲ ၊ တကယ်တော့ အဲဒီ ပွဲမှာ နင် ပြောသလို ပန်း ဘက်က အကျ မများဘူး ၊ သူ ရှုံးသွားတယ် ကျော်ဆွေ ၊ အခါ နှစ်ဆယ် မှာ ဆယ့်လေးငါး ခါ တိတိ ခေါင်း ချည်း ဘဲ ကျတယ် ၊ အဲဒီ အချိန် မှာ ဘေးနား က ဖြတ် သွား တဲ့ လူစု ရဲ့ မှတ်ချက် ချသံကို လဲ ငါ့ နား နဲ့ ဆတ်ဆတ် ကြား လိုက်ရတယ် ။ “ ဒို့ ကို လိမ် သွားတဲ့ ငနဲကြီး ဒီမှာ လာ လိမ်နေပြန်ပြီ ” တဲ့ ။ တကယ်တော့ အဲဒီ လူစု မြှောက် တုန်း က နင် ပြော သလို ပန်း ဘက် က အကျ များ ပါလိမ့်မယ် ။ လူတွေ ကို က ခက်တာပါ ဟာ ၊ အကစား ကို ကိုယ်တိုင် က တော့ လုံးဝ မကင်းနိုင်ဘဲ နဲ့ အကစား နဲ့ ထမင်း စား တဲ့ လူတွေ ကို အထင် သေး ကြတယ် ၊ အကစား နဲ့ ထမင်း စားတဲ့ လူ ဆိုရင် လူလိမ် ချည်း ဘဲ လို့ ထင်တတ်ကြတယ် ၊ တကယ်တော့ ဒီ လူကြီး ဟာ တနေရာ မှာ ရှုံးတယ် ၊ တနေရာ မှာ နိုင်တယ် ၊ တနေရာ မှာ ခေါင်း အကျ များတယ် ၊ တနေရာ မှာ ပန်း အကျ များတယ် ။ လူ ဆိုတာ က အခက်သား ကလား ၊ မကောင်း တာ ဆိုရင် တွေ့ရာ နေရာ မှာ တွေ့ရာ လူ ကို ပြောပြတတ် ကြတယ် ဟ ၊ သဘော က တော့ ဟယ် ကဲ့ရဲ့တတ်ကြ တယ် ၊ ကောင်းတာ ကို တော့ ဖွင့် ချီးမွမ်း ဘို့ ဝန်လေး တတ်ကြတယ် ။

“ မှန်မှန်ကန်ကန် တွက်မယ် ဆိုရင် ခေါင်း နဲ့ ပန်း ဟာ အညီအမျှ ဘဲ ကျတာဘဲ ၊ တနေရာ ထဲ မှာတော့ မဆုံးဖြတ်နဲ့ပေါ့ ၊ လူ တယောက် ကို တနေရာ ထဲ မှာ တဖက် ထဲ ကကြည့် ပြီး ဆုံးဖြတ် လို့တော့ အဖြေမှန် ကို ဘယ် ရနိုင်မတုန်း ၊ မျက်မမြင် ပုဏ္ဏားခြောက်ယောက် က ဆင် တကောင် ကို ပြောသလို ဘဲ ဖြစ်မှာပေါ့ ကျော်ဆွေ ”

ကျွန်တော် ကြည်ကြည်အေး ကို အရှုံး ပေးပါပြီ ။

[ ၃ ]

ထိုစဉ်အခါ က ကျွန်တော် တို့ သည် ကလေး အရွယ် သာသာ မျှ သာ ရှိကြပါ သေးသည် ။ ထို့ကြောင့် လည်း ဤသို့ နှစ်ယောက် တည်း ကစားခွင့် ရှိနေခြင်း ဖြစ်ပါသည် ။ ကြည်ကြည်အေး ၏ မိဘ များ က မူ တိုးတက်ခေတ်ဆံ သဖြင့် ချုတ်ချယ်မှု မပြုတတ်ပါ ။ ကျွန်တော် ၏ မိဘများ က သာ လျှင် ချုတ်ချယ် လေ့ ရှိပါသည် ။ သို့သော် ထိုစဉ် က ကျွန်တော် ၏ မိဘများ သည် ကျွန်တော့် ကို ထွေလည်ကာလည် စိတ် ရှိသည့် အရွယ် သို့ မရောက်သေး ဟု ယူဆ ကာ ခွင့်ပြုခဲ့ပါသည် ။

ထို့အပြင် အခြား အကြောင်း တကြောင်း လည်း ရှိပါသေးသည် ။ အမှန် ကို ဆိုရသော် ကြည်ကြည်အေး ၌ အဖော် မရှိ၍ ကျွန်တော့် ထံညသို့ လာရောက် ကစားခြင်း သာ ဖြစ်ပါသည် ။ ကြည်ကြည်အေးထံ သို့ ကျောင်း ပိတ်ရက် တိုင်း လာရောက် လည်ပတ် ကစားလေ့ ရှိသော ၊ တနည်းအားဖြင့် ဖျော်ဖြေလေ့ ရှိသော ကိုကို သည် ရန်ကုန် ၌ မရှိသောကြောင့် ဤသို့ အခွင့်ရခြင်း ဖြစ်ပါသည် ။ ကိုကို သည် သူ ၏ ဖခင် နှင့် ဝါ ကိစ္စ အတွက် စစ်ကိုင်းမြို့ သို့ ထွက်ခွာ သွား နေရပါသည် ။

အကယ်၍ ကိုကို သာ ရန်ကုန် ၌ ရှိနေပါ လျှင် ဤသို့သောအချိန် ၌ ကြည်ကြည်အေး တို့အိမ် သို့ ကိုကို ရောက်နေမည် သာ ဖြစ်ပါသည် ။ ကိုကို သည် ပေါင်းတတ် သင်းတတ် သူ ဖြစ်ပါသည် ။ နှုတ် ချို ပါသည် ။ ကိုကို သည် ကြည်ကြည်အေး ၏ မိဘများ နှင့် လည်း ကျွမ်းကျွမ်း ဝင်ဝင် ရှိပါသည် ။ မိဘချင်း က လည်း သင့်မြတ်ကြပါသည် ။ ကိုကို သည် ကြည်ကြည်အေး ထံ သို့ လာရောက်၍ ကြည်ကြည်အေး ၏ အကြိုက် ဖြစ်သော သတင်းစာများ ကို လည်း ပြောကြား တတ် ပါသည် ။ တခါတရံ တွင် အိမ်ထောင်စု နှစ်စု ပေါင်း၍ ရုပ်ရှင် ကြည့်သည့်အခါ ကြည့်ရန် ၊ ပျော်ပွဲစား ဖြင့် လည်း ထွက်သည့် အခါ ထွက်ရန် ကိုကို က ကြံဆောင် တတ်ပါသည် ။

ကျွန်တော် က မူ ကိုကို ကဲ့သို့ ကြည်ကြည်အေး တို့ ကို မပြုစုနိုင်ပါ ။ ကျွန်တော် သည် သာမန် အတန်းအစား မျှ သာ ဖြစ်သော မိဘ ၏ အရိပ် ကို ခိုလှုံ နေရ သူ တယောက် မျှ သာ ဖြစ်ပါ သည် ။ ကြည်ကြည်အေး ကို ချစ်ခြင်းမေတ္တာ မှ လွဲ၍ အခြား ဘဇာမျှ မပေးနိုင်ပါ ။ ကျွန်တော်  သည် ကျွန်တော် ၏ သည်းအူနှလုံး မှ အပ အခြား မည်သည့် ပစ္စည်း ကို မျှ နှင်းဆက် နိုင်သူ  မဟုတ်ပါ ။

စင်စစ်သော် ကျွန်တော် သည် ၈ တန်း မအောင်မီ ကတည်း က ပင် ကြည်ကြည်အေး ကို ချစ်ကြိုက်စွဲလမ်း နေခဲ့သူ ဖြစ်သည် ဟု ထင်ပါသည် ။ သို့သော် ထိုစဉ်က ကျွန်တော့်  ကိုယ် ကို ကျွန်တော် မသိပါ ။

ကျွန်တော် နှင့် ကြည်ကြည်အေး တို့ သည် ဤ တမြို့ ထဲ ဤ တရပ် ထဲ ဤ တလမ်း ထဲ ၌ ပင် ဖွားမြောက် သန့်စင် လာခဲ့ကြသူများ ဖြစ်ပါသည် ။ စကား ပြောတတ်ခါစ အရွယ် ကတည်း က ပင် ကြည်ကြည်အေး နှင့် ကျွန်တော် သည် ကစားဘော် ကစားဘက် များ ဖြစ်ခဲ့ကြပါသည် ။

တည သော် ကြည်ကြည်အေး ကို ကျွန်တော် မည်မျှ နှစ်နှစ်ကာကာ ချစ်ကြိုက်စွဲလမ်း နေကြောင်း ကျွန်တော့် ဖာ သာ သိ လာပါသည် ။ ထို ည မှာ ကျွန်တော် ၏ အသက် ၁၈ နှစ် ပြည့် ရန် တလ တိတိ သာ လိုတော့သော ည ဖြစ်ပါသည် ။ ထိုစဉ် အခါ က ကြည်ကြည်အေး နှင့် ကျွန်တော် သည် တက္ကသိုလ်ဝင် သင်တန်း တွင် သင်ကြား နေကြခိုက် ဖြစ်ပါသည် ။ ထို ည မှာ ခရစ်စမတ်ပွဲတော် ၏ အကြိုနေ့ ည လည်း ဖြစ်ပါသည် ။

ထိုနေ့ ည စာ ကို ကျွန်တော် တို့ ထုံးစံ အတိုင်းပင် အိမ်သား စုံညီစွာ ဖြင့် စားခဲ့ပါသည် ။ စား ၍ ပြီးသော အခါ ကျွန်တော် ၏ အဖေ သည် သတင်းစာများ ကို ယူ၍ စာကြည့်ခန်း ထဲ ၌ အေးအေးလူလူ ဖတ် နေပါသည် ။ ကျွန်တော် ၏ အမေ နှင့် အမ တို့ လည်း အိုးခွက်ပန်းကန်များ ကို ဆေးကြော သိမ်းဆည်း နေကြပါသည် ။ ကျွန်တော် သည် တယောက် တည်း မို့ ပျင်းပျင်း ရှိလှ သည် နှင့် အိမ် ရှေ့ သို့ ထွက်ခဲ့မိ ပါသည် ။ လမ်း ပေါ် ၌ ခရစ်ယာန်ဘာသာဝင် တို့ သည် ယာဉ် အမျိုးမျိုး ဖြင့် သီချင်းများ ဟစ်ကြွေး သီဆိုကာ ပျော်ရွှင်လှုပ်ရှား သွားလာ လျက် ရှိကြပါသည် ။ ထိုအခါ  ခရစ်စမတ်ပွဲတော် ၏ ထုံးစံ အလျောက် ကြည်ကြည်အေး ကို လက်ဆောင် ပေး လိုသော စိတ် ဆန္ဒ သည် ကျွန်တော် ၏ ခေါင်း ထဲ သို့ ဝင်ရောက် လာပါသည် ။

ကြည်ကြည်အေး သည် အဖေ  အင်္ဂလိပ် ၊ အမေ ရှမ်း မှ ဆင်းသက်လာ သူ ဖြစ်၍ ခရစ်ယာန်ဘာသာဝင် ဖြစ်ပါသည် ။ ဤသို့သော အခါသမယ တွင် ကြည်ကြည်အေး သည် လည်း ကြည်ကြည်အေး တို့ ဘာသာ အစဉ်အလာ အရ ပွဲတော် အတွက် ပြင်ဆင် ရွှင်လန်း ၍ နေရော့မည် ဟု တွေးထင် မိ ပါသည် ။ ထို့ကြောင့် ကြည်ကြည်အေး တယောက် ရွှင်လန်း နေသည်ကို ကြည့်လို မြင်လို သော ကျွန်တော် သည် ကြည်ကြည်အေး တို့ အိမ် ဘက် သို့ ကူးသွား မိ ပါသည် ။ ကူး ၍ သာ သွားမိပါ သော်လည်း စင်စစ် ကျွန်တော် ၌ ကြည်ကြည်အေး သို့ လက်ဆောင် ပေးရန် မည်သည့် ပစ္စည်း မျှ မပါပါ ။ သို့သော် ကျွန်တော် ၏ ဘောင်းဘီအိတ် ထဲ ၌ မူ ကျွန်တော် တခါတရံ မှုတ်လေ့ ရှိသည့် ဘာဂျာကလေး တလက် ပါလာသည် ကို စမ်းမိပါ သည် ။ ဤ ဘာဂျာ ဖြင့် ကြည်ကြည်အေး အတွက် လက်ဆောင် အဖြစ် ရည်ညွှန်းကာ သီချင်း တပုဒ် မှုတ်၍ ပြမည် ဟု ရုတ်ခြည်း ပင် အကြံ ရ မိပါသည် ။ ကြည်ကြည်အေး တို့ အိမ် သို့ ရောက် သော အခါ ကြည်ကြည်အေး က ကျွန်တော့် ကို အားရဝမ်းသာစွာ ကြိုဆို ပါသည် ။ ကျွန်တော် ၏ လက် နှစ်ဖက် ကို သူ ၏ လက် နှစ်ဖက် ဖြင့် ဆွဲ၍ ဧည့်ခန်း သို့ နောက်ပြန် ခေါ်ဆောင် သွား ပါသည် ။

“ နင် လာတာ နဲ့ အတော်ဘဲ ၊ နို့မဟုတ်ရင် နင့်ဘဆီ ကို ငါ လာအုံးမှာ ၊ နင့် ဘို့ ငါ လက်ဆောင် တခု ဝယ် ထားတယ် ၊ အခု ကတဲ က ငါ ပြောထားမယ် နော် ၊ ငါ ပေးတဲ့ ပစ္စည်း ကို ရိုရိုသေသေ သုံးရမယ် ၊ ဘယ်သူ့ မှ လဲ ပေး မပစ်ရဘူး ၊ လာ ငါ့ အခန်း ထဲ လိုက်ခဲ့ ” ဟူ၍ ကြည်ကြည်အေး က ပင် စတင် ကာ လက်ဆောင် စကား ကို ပြောလာပါသည် ။ ကျွန်တော် လည်း “ ဒါလောက် တော့ ငါ လဲ နားလည်ပါတယ် ဟာ ၊ ဒါပေမယ့် အရင် နှစ်တွေ တုန်း က လို စားစရာ ကစားစရာ တွေ ပေးရင်တော့ ငါ မယူဘူး မိကြည် ” ဟူ၍ ပြောရင်း ကြည်ကြည်အေး နောက် သို့ လိုက်ပါ သွားခဲ့ရပါသည် ။

ကြည်ကြည်အေး ၏ အခန်း ထဲ သို့ ရောက်သော အခါ ကြည်ကြည်အေး အိပ်သည် ဟု ထင် ရသော တယောက်အိပ် ကုတင် ၏ ခေါင်းအုံး အောက် မှ စက္ကူအိတ် တအိတ် ကို ကြည်ကြည်အေး ၏ လက်ရေး ဖြင့် ကျွန်တော် ၏ အမည် ကို တွေ့ရပါသည် ။ ကျွန်တော့် လက် သို့ ရောက် သောအခါ ဤ စက္ကူအိတ် ထဲ မှ ပစ္စည်း သည် လက်ကိုင်ပုဝါ ပင် ဖြစ်ရမည် ဟု ခန့်မှန်း မိပါသည် ။ သို့သော် အိတ် ကို ဖွင့် ၍ ကြည့် လိုက်သော အခါ၌ ပိုးသက္ကလပ် လည်စည်း တခု ဖြစ်နေသည် ကို တွေ့ရပါသည် ။ ထို   လည်စည်း သည် အပြာရောင် ဖြစ် ၍ လည်စည်း ၏ အနား ပတ်ဖျား တွင် ( Flewde L.s ) ဟူသော အမှတ်အသား တခု ကို လည်း တွေ့ရပါသည် ။ ထို စာလုံး ၏ အဓိပ္ပာယ် ကို ကျွန်တော် မသိပါ ။ ကြည်ကြည်အေး တို့ ဖေဖေ က မူ ပြင်သစ်ပြည် မှ အလှဆုံး ဖြစ်သော ပန်း ၏ အမည် ဖြစ်သည် ဟု ပြောပြပါသည် ။ ကျွန်တော့် အဖို့ မူ ဤနေ့  ဤအခါ သည် ကျွန်တော့် တသက်တာ တွင် မေ့ရက်နိုင် စရာ မရှိပါ ။ ဤနေ့ ဤအခါ သည် ကျွန်တော် ၏ မဟာ ပျော်ရွှင်ခြင်း အခမ်းအနား ကို စတင် ဖွင့်လှစ်ချိန် ဖြစ်သည် ဟု ပင် ဆိုရပါမည် ။

ကျွန်တော် သည် ကြည်ကြည်အေး ကို ချစ်မြတ်နိုးသော အကြည့် ဖြင့် ကြည့်မိပါသည် ။ ကြည်ကြည်အေး က လည်း ကျွန်တော့် ကို နှစ်သက် စုံမက်စွာ ပြန်လည် ၍ ကြည့် ပါသည် ။ ထို့နောက် ကျွန်တော် သည် ကြည်ကြည်အေး ၏ လက် ကို ကျွန်တော် ၏ လက် နှစ်ဖက် ဖြင့် တယုတယ ဆုပ်ကိုင် နေမိပါတော့သည် ။ ဤသည် ကို တဖက်ခန်း မှ လှမ်း မြင် နေရသော ကြည်ကြည်အေး တို့အဖေ က ရိပ်မိ သဖြင့် “ သူငယ်ချင်း နှစ်ယောက် ဘာတွေများ အပြန်အလှန် လက်ဆောင် ပေး နေကြသလဲ ” ဟု အသံ ပြု လိုက်ပါသည် ။ ထို့ကြောင့် ကျွန်တော် တို့ သည် ကိုယ်ချင်း အနည်းငယ် ခွာ ကာ ဧည့်ခန်း ဘက် သို့ ထွက်လာ ခဲ့ကြပါသည် ။

နေရာတကျ မထိုင်မီ မှာ တွင် ကြည်ကြည်အေး အတွက် လက်ဆောင် အဖြစ် ဖြင့် သီချင်း တပုဒ် မှုတ်၍ ပြပါရစေ ဟု တောင်းပန် မိပါသည် ။ ထိုစဉ် က ကျွန်တော် မှုတ်ပြသော သီချင်း မှာ “ မြန်မာပြည် မှ နှင်းဆီဝါ ” ဟူသော သီချင်း ပင် ဖြစ်ပါသည် ။ ကြည်ကြည်အေး ၏ ခရစ်ယန် အမည် မှာ ( Rosemary Dors ) ဖြစ်၍ ကျွန်တော် ၏ ( Yellow Rose of Burma ) သီချင်း မှာ တနည်း အားဖြင့် ဆိုလျှင် ကြည်ကြည်အေးအတွက် ရည်းစားစကား ဖြစ် နေပါသည် ။ အမှန်ပင် ကြည်ကြည်အေး ကို ကျွန်တော် ချစ်ကြောင်း ဖွင့်ဆို ခဲ့ပါပြီ ။

သီချင်း ဆုံးသော အခါ “ နင် က ပေမယ့် အလာကြီးဘဲ ၊ ကျေးဇူး တင်ပါတယ် ကျော် ဆွေ ရယ် ” ဟူ၍ ကြည်ကြည်အေး က ပြော ပါသည် ။ ကျွန်တော် နားလည်ပါသည် ။ တခါ ကြည်ကြည်အေး ၏ စကား တို့ သည် လှိုင်းကြက်ခွပ်ကလေးများ ပမာ အတွန့်တွန့် အလွန့်လွန့် လှုပ်ရှား လျက် ရှိသည် ကို ကျွန်တော် သိပါသည် ။

ထိုအခိုက် မှာ ပင် လက်ခုပ် သြဘာ ပေး ၍ ကြည်ကြည်အေး ၏ အဖေ သည် ဧည့်ခန်း ထဲ သို့ ဝင် လာပါသည် ။ “ ကဲ ... မောင်ကျော်ဆွေ လဲ လာတုန်း ပျော်ပျော်ပါးပါး ကစားကြ ရအောင် ” ဟု ကြည်ကြည်အေး တို့ အဖေ က အဆို တင်ပါသည် ။ မကြာမီ ပင် ကြည်ကြည်အေး တို့ အမေ လည်း ဖဲထုပ် တထုပ် နှင့် ကျွန်တော် တို့ အနား သို့ ရောက် လာပါသည် ။ ကျွန်တော် တို့ သည် နှစ်ဆယ့်တပေါက် ကစား ကြပါသည် ။ ကျွန်တော် နှင့် မျက်နှာချင်းဆိုင် တွင် ကြည်ကြည်အေး အဖေ က ထိုင် ၍ ဒိုင် လုပ်ပါသည် ။ ကျွန်တော် ၏ လက်ျာ ဖက် ၌ ကြည်ကြည်အေး ရှိ၍ ကျွန်တော် ၏ လက်ဝဲ ဘက် ၌ ကြည်ကြည်အေး ၏ အမေ ရှိပါသည် ။ ဖဲ ဝေ၍ ပြီးသော အခါ လက်ဦးဆုံး ဆွဲရမည့် သူ သည် ကြည်ကြည်အေး ဖြစ်ပါသည် ။ သို့သော် ကြည်ကြည်အေး က မဆွဲပါ ။ ကျွန်တော့် အလှည့် သို့ ရောက်ပါပြီ ။ ကျွန်တော့် ဖဲ သည် ကျွန်တော့် အတိုင်းပင် မနည်း လည်း မနည်း ၊ မများ လည်း မများ ၊ ဆက် တွဲရန် လည်း မရဲနိုင် ၊ ချို ထားရန် လည်း မရဲနိုင် သော အဆင့် ၌ ရှိနေပါသည် ။ ကျွန်တော် ၏ လက် သည် ချည်တုံချတုံ ဖြစ်နေပါ သေးသည် ။ နောက်ဆုံး တော့ ကြည်ကြည်အေး တို့ အဖေ သည် တဆယ် အနီ တချပ် နှင့် တစ် အနက် တချပ် လှန် ပြကာ အားလုံး ၏ ထိုးငွေများ ကို စား သွားပါသည် ။ ထိုအခါ ကြည်ကြည်အေး က သူ ၏ ထိုးငွေ ကို လိုက် ၍ ဆွဲကာ သူ့ ဖဲ ကို လှန် ပြပါသည် ။ ကြည်ကြည်အေး ၏ ဖဲ မှာ တစ် နှစ်ချပ် ဖြစ် နေပါသည် ။

သည် တခါမူ ကျွန်တော့် နှုတ် မှ မည်သို့မျှ ဖွင့် မပြောရဲတော့ပါ ။ ကြည်ကြည်အေး ၏ အဖေ က မူ အလေ့အကျင့် ဖြစ်နေ၍ လော မပြောတတ် ၊ ဘုရားသခင် ကို ပင် တ လိုက်ပါသည် ။

ကြည်ကြည်အေး သည် သူ ၏ အဘိဓမ္မာ ကို သူ့ အဖေ အား ချပြ ပြန်ပါသည် ။ ဤ အတွဲကို မရ လျှင် အခြား အတွဲ ရမည် ၊ ဖေဖေ လည်း အခြားအတွဲ ကို ရမည် ။ မည်သို့ပင် ဖြစ်စေ ဤ တလှည့် မှာ မူ သူ ၏အတွဲ က အနိုင် ရမည်သာ ဖြစ်သည် ဟု ဆိုပါသည် ။ သည် တခါ မူ နိုင်မည် ၊ နောက် တခါ တွင် မူ ရှုံးမည် ။ ကစားသည် ဆိုရာ၌ အရှုံး နှင့် အနိုင် သာ လျှင် ရှိသည် ။ ရှုံးသော အခါ ရှုံးမည် ။ နိုင်သော အခါ နိုင်မည် ။ အညီအမျှ ပင်တည်း ဟူ၍ လည်း သူ့ အလေ့ အလျောက် အဘိဓမ္မာ ထုတ်ပြန် ပါသည် ။

ထိုအခါ ကြည်ကြည်အေး ၏ အဖေ သည် လိမ္မာစွာ ပင် “ သမီး ကို ဖေဖေ က ချစ်တယ် မဟုတ်လား ၊ သမီး ပြောတဲ့ စကား က အတည် ဖြစ်ရမှာပေါ့ ၊ မဟုတ်ဖူးလား နော် ... မောင်ကျော်ဆွေ ” ဟူ၍ အစသိမ်း ပါသည် ။ ကျွန်တော် က လည်း ခေါင်းညိတ် လိုက်ရပါသည် ။

[ ၄ ]

ထိုနေ့ ည က ကျွန်တော် အိပ် ၍ မပျော်နိုင်ခဲ့ပါ ။ ကြည်ကြည်အေး သည် ကျွန်တော် ၏ မျက်ရိပ် အောက် မှ မပျောက်နိုင်ပါ ။ ပိုးချည် ကဲ့သို့သော ကြည်ကြည်အေး ၏ ဆံပင်များ က လည်း ကျွန်တော် ၏ နှလုံးသည်းချာ ၌ သံယောဇဉ် သဖွယ် ငြိတွယ် ရစ်ပတ် ၍ လာကြပါသည် ။ ကြည်ကြည်အေး ၏ နီမြန်းသော ပါးမို့မို့ အစုံ က လည်း ကျွန်တော် ၏ အာရုံ ကို ညွတ်ပျောင်း စေ ပါသည် ။ ကျွန်တော် သည် ကြည်ကြည်အေး နှင့် တွေ့ဆုံ နေရသည့် အခါများ ၌ ကျွန်တော် ၏ အခြေအနေ မှန် ဖြစ်သော လူ သာမန် ဘဝ ကို ပင် မေ့ချင်ချင် ဖြစ်၍ လာတတ်ပါသည် ။ ကြည်ကြည်အေး သည် ကျွန်တော့် အား မေတ္တာ မျှတန်ရာသည် ဟု တွေးယူ မိပါသည် ။

ထို ည က ကြည်ကြည်အေး ၏ ဆင်စွယ်လက် သွယ်သွယ်များ ကို ကိုင်တွယ် ယုယ ခွင့် ရခဲ့ပုံ ၊ ကြည်ကြည်အေး အပါး ၌ ခိုနားခွင့် ရခဲ့ပုံ ၊ ကြည်ကြည်အေး အား ချစ်ကြောင်း ဖွင့်ဆို နိုင်ခွင့် ရခဲ့ပုံ ၊ စသည် စသည် တို့ ကို ပြန်တွေး ၍ ငေး နေမိပါသည် ။ စင်စစ် ကြည်ကြည်အေး သည် ကျွန်တော့် ကို မရက်စက်တန်ရာ ဟု တွေးယူ မိပါသည် ။

သို့သော် ကျွန်တော် ၏ အသိ ထဲ သို့ ကိုကို သည် မာရ်နတ် သဖွယ် ဝင်ရောက် ၍ လာပြန် ပါသည် ။

အကျဉ်းချုံး ၍ ရုန်းရမည် ဆို လျှင် ကျွန်တော် သည် ကြည်ကြည်အေး ကို စွန့်လွှတ်ရန် ဆုံးဖြတ်မိ ပါသည် ။ ကြည်ကြည်အေး ကို စွန့်လွှတ်မည်ဟု ဆုံးဖြတ်သည် နှင့် တပြိုင်နက် ကျွန်တော် ၏ စိတ်ကူး စာအုပ်ဆိုင်ကလေး ကို လည်း စိတ်ကူး ထဲ မှ ပင် ဖျက်သိမ်း လိုက်ရ ပါတော့သည် ။

စင်စစ်သော် ထို ည သည် ကျွန်တော် ၏ ဘဝ ကို ပြောင်းလဲ လိုက်သော ည ဖြစ်ပါသည် ။ ကျွန်တော် သည် တက္ကသိုလ်ဝင် စာစစ်ပွဲ ကို ပင် ဝင်ရောက် ဖြေဆိုရန် စိတ် မပါတော့ပါ ။ တက္ကသိုလ်ပညာရေး ဆိုသည် ကို လည်း ကျွန်တော် မမက်မော မိတော့ပါ ။

[ ၅ ]

သို့သော် ကျွန်တော့် အမည် ပါသော အောင်စာရင်း ကို တပ် ထဲ မှာ ကျွန်တော် ဖတ်ရပါသည် ။ မည်သည့် အတွက်ကြောင့် မသိ ၊ တပ်ရေး တပ်မှူးများ သည် ကျွန်တော့် ကို သဘောကျ ကြ သည် ။ ဗထူး စစ်တက္ကသိုလ် သို့ပင် စေလွှတ် သင်ကြား စေပါသည် ။ ထိုသို့ စေလွှတ်ခြင်း ခံရစဉ် က အောင်စာရင်း သည် မထွက်သေးပါ ။

တက္ကသိုလ်ဝင် စာစစ်ပွဲ ကို စိတ် မပါ့ တပါ ဖြင့် သာ ကျွန်တော် ဖြေ ခဲ့ပါသည် ။ သင်္ချာ မေးခွန်းလွှာများ မှအပ အခြား ဘာသာရပ် များ တွင် မည်သည့် နည်း နှင့် မျှ အောင်မှတ် ရမည် မဟုတ်ကြောင်း ကို ကျွန်တော် သိပါသည် ။ ကျွန်တော် မဖြေနိုင်ခဲ့ပါ ။ ထို့ကြောင့် အလွန် တရာ အအောင် နည်းသော ဤ တက္ကသိုလ်ဝင် စာစစ်ပွဲ ၌ ကျွန်တော် ကျရန် မှာ ၉၉ ရာခိုင်နှုန်း သေချာပါသည် ။

သို့သော် ကျွန်တော် အံ့သြရ ပါပြီ ။

စစ်တက္ကသိုလ် မှ ကျွန်တော် ၏ အမည် ပါသော အောင်စာရင်း ကို တွေ့ရပါသည် ။ ကျွန်တော် သည် မကြုံစဖူး ထူးဆန်းသော ကံကောင်းခြင်း နှင့် ကြုံရပါပြီ ။ ကျွန်တော် သည် ခေါင်းပန်း အကစားသမား ၏ အလှည့် ကဲ့သို့ ဤတခါ ဤနေရာ တွင် အနိုင် ရပြန်ပါပြီ ။ ပန်း ဘက်က အကျ များ ပြန်ပါပြီ ။

သို့သော် ကျွန်တော် သည် ကြည်ကြည်အေး ၏ အဘိဓမ္မာသစ် ကို မယုံကြည်ပါ ။ ကြည်ကြည်အေး သည် ‘ ငါ့ စကား နွားရ ’ ပြောသည် ဟု သာ ထင်မိပါသည် ။

ဤ ကြည်ကြည်အေး ၏ အဘိဓမ္မာသစ် ကို လက်မခံ သော် ငြား လည်း ကြည်ကြည်အေး ကို ကျွန်တော် မမေ့ပါ ။ ကြည်ကြည်အေး နှင့် ကျွန်တော် ၏ သူငယ်ချင်း လည်း ဖြစ် ၊ ကျောင်းနေဘက် လည်း ဖြစ်သော ဇင်အောင် ထံ မှ စာများ အရ ကြည်ကြည်အေး အကြောင်း ကို သိကြား နေရပါသည် ။ တက္ကသိုလ်ဝင် စာစစ်ပွဲ တွင် ကျ သဖြင့် ကြည်ကြည်အေး ကျောင်း ထွက်ခဲ့ပုံ ၊ ဥပစာ ( ခ ) ပိုင်း ကို ကိုကို အောင်မြင်ခဲ့ပုံ ၊ ကိုကို နိုင်ငံခြား သို့ ပညာသင် စေလွှတ် ခံရပုံ ၊ ပဲခူးတိုင်း မယ်ရွေးပွဲ တွင် ကြည်ကြည်အေး ဒုတိယ ရခဲ့ပုံ ၊ စသည် စသည် ဖြင့် ကြည်ကြည်အေး ၏ သတင်းစုံ ကို ကျွန်တော် အကုန် ကြား နေရပါသည် ။

[ ၆ ]

ဤသို့ဖြင့် ပင် နှစ်တို့ သည် ကုန်လွန် ခဲ့ကြရပါသည် ။ ကျွန်တော် သည် သင်တန်း ဆုံးပြီ မို့ မိဘ ရပ်ထံ ပြန်ရန် အခွင့် တလ ရခဲ့ပါပြီ ။ ပြန်လိုလှသည် မဟုတ် သော် လည်း ရန်ကုန် သို့ ပင် ကျွန်တော် ပြန်ခဲ့ပါသည် ။ စိတ် ထဲ ၌ မူ ကြည်ကြည်အေး ကို မြင်လို တွေ့လို သည် မှာ အမှန်ပါ ။ ရန်ကုန် သို့ ရထား ဆိုက် သော် ကျွန်တော် အံ့သြရ ပြန်ပါသည် ။ ကျွန်တော့် ကို လာရောက် ကြိုဆို နေသူများ ထဲ တွင် ကြည်ကြည်အေး ပါ ပါသည် ကို တွေ့ရပါသည် ။ ကျွန်တော် ဟူ သော ဒိုးကလေး သည် တွင်း ကို ကျော် ၍ လိမ့်သွား ပြီးမှ ပြန်လည် လိမ့် လာပြန် ကာ တွင်းကျဉ်းကျဉ်း ကလေး ထဲ သို့ အံ့ဩဘွယ်ရာ ဝင် သွား ပြန်ပါပြီ ။

ခရီး ရောက် မဆိုက် ခင် ကြည်ကြည်အေး သည် ကျွန်တော့် အပါး သို့ ချဉ်းကပ် လာ ကာ “ ငါ့ ကို မှတ်မိသေးရဲ့လား ကျော်ဆွေ ” ဟု ငေါ့ ပါသည် ။ ကျွန်တော် က ပြုံး မိပါသည် ။ ကျွန်တော် ၏ အပြုံး က “ ငါ့ နှလုံးသား က တသက် မေ့ မှာ မဟုတ်ပါဘူး ဟယ် ၊ ငါ့ ကို တော့ သိပ် ငေါ့ မနေပါနဲ့ ၊ သည်မှာ ကြည့် ” ဟူ၍ ပြန်လည် ဖြေကြား ပါသည် ။

ကျွန်တော် ၏ လက်ဝဲ လက် သည် ကြည်ကြည်အေး ၏ လက် ကို တယုတယ ကိုင် ၍ နယ် နေ မိပါသည် ။ လက်ျာ လက် က မူကား ကျွန်တော့် လည်ပင်း မှ ကြည်ကြည်အေး ၏ လက်ဆောင် ဖြစ်သော ပြင်သစ်လည်စည်းကလေး ကို ကိုင် ပြ နေမိပါသည် ။

ကြည်ကြည်အေး သည် ကျွန်တော့် အား ချစ်သည် ကို မူ ကျွန်တော် နားလည် ပါပြီ ။ သို့သော် မည်သို့ ချစ်သည် ကို မူ ကျွန်တော် မပြောတတ်ပါ ။ နား မလည်ပါ ။

ကြည်ကြည်အေး သည် ကျွန်တော် ၏ တဖက် သောလက်မောင်း ကို သူ့ ရင်ခွင် မှာ ထား၍ ဖက် ကာ ကျွန်တော် နှင့် တတွဲတွဲ နေပါသည် ။ ကျွန်တော် ၏ အမေ က မူ ကျွန်တော် မသိသော အဓိပ္ပာယ် တခု ဖြင့် ပြုံးပါသည် ။

ထိုအခါ ကျွန်တော် ၌ ပြဿနာ တရပ် ဝင် လာပါသည် ။

ထို ပြဿနာ မှာ ကြည်ကြည်အေး ကို ကျွန်တော် ရနိုင် မရနိုင် ဟူသော ပြဿနာ ဖြစ်ပါသည် ။

နဂို က မူ ကိုကို သာ လျှင် ရနိုင်စရာ အကြောင်း ရှိပါသည် ။ ကျွန်တော့် အတွက် မူ ကား မြှော်လင့်ချက် မရှိပါ ။ သို့သော် သည် တခါမူ ကျွန်တော် မြှော်လင့် လာ မိပြန်ပါသည် ။ ကျွန်တော့် အတွက် လည်း ရနိုင်စရာ ရှိသည် ဟု ထင် မိပါသည် ။ ကြည်ကြည်အေး သည် မျှတ သော သဘော ၊ အဂတိ ကင်းသော သဘော ၊ ဖြူစင်သော သဘော ရှိသူ မို့ ကိုကို နှင့် ကျွန်တော့် ကို မြင်ရာ သတ်မှတ်ရာ စဉ်းစားရာ လည်း အညီအမျှ ပင် သတ်မှတ် စဉ်းစား လိမ့်မည် ဟု ထင်မိ ပါသည် ။ ကြည်ကြည်အေး ၏ အယူအဆ သဘော အရ ဆိုလျှင် ကျွန်တော့် အတွက် လည်း များစွာ မြှော်လင့်ချက် ရှိသည် မဟုတ်ပါလော ။

ထို့ကြောင့် ပင် ကြည်ကြည်အေး အား ကျွန်တော် က ကိုကို့ အကြောင်း နှင့် ပတ်သက်၍ မည်သို့ သဘောထားပုံ ၊ မည်သို့ သတ်မှတ်ပုံ ကို စောင်းပါးရိပ်ခြည် မေး မိပါသည် ။ ထိုအခါ ကြည်ကြည်အေး က ခေါင်း ကို တွင်တွင် ခါလျက် ကိုကို့ ကို ယူမည် မဟုတ်ကြောင်း ဖြေပါ သည် ။

သို့ဆိုလျှင် ကျွန်တော့် အတွက် ဝမ်းသာစရာ ချည်း ဖြစ်ပါတော့သည် ။ လောက ၌ ကြည်ကြည်အေး ချစ်သူ ကျွန်တော် တို့ နှစ်ယောက် သာ လျှင် ရှိပါသည် ။ ကြည်ကြည်အေး ရွေးချယ် ထိုက်သော သူ တို့ မှာ လည်း ကျွန်တော် တို့ နှစ်ယောက် သာ လျှင် ဖြစ်ပါသည် ။ ဤ နှစ်ယောက် အနက် ကိုကို့ ကို စာရင်း မှ ပယ်လိုက်ပြီ ဟု ဆိုသော အခါ၌ ကျွန်တော် တယောက် သာ လျှင် ကျန် တော့သည် မဟုတ်ပါလော ။

ထို့ကြောင့် ကျွန်တော် သည် ဝမ်းသာအားရ နှင့် ကျွန်တော့် ကို လည်း မည်သို့ သဘော ထားမည် ၊ သတ်မှတ်မည်နည်း ဟု မေးလိုက် မိ ပါသည် ။

ကျွန်တော် အံ့သြရ ပြန် ပါသည် ။

သည် တခါ လည်း ကြည်ကြည်အေး က ခေါင်း ကို တွင်တွင် ခါ ပြပါသည် ။ ကျွန်တော်  ဝမ်းနည်း ၍ မဆုံးပါ ။

ကျွန်တော် သည် ကြည်ကြည်အေး နှင့် လူချင်း ခွဲကြသည်အထိ တခွန်း တပါဒ မျှ စကား မဟမိပါ ။ တွေငေး ၍ သာ နေမိပါသည် ။ ကြည်ကြည်အေး သည် ကျွန်တော့် ကို ရက်စက်ပြီ ။

[ ၇ ]

စင်စစ်သော် ကျွန်တော် မှားခဲ့ခြင်း သာ လျှင် ဖြစ်ပါသည် ။ ကိုကို့ ကို ငြင်း လျှင် ကျွန်တော့် ကို လည်း ငြင်းရမည် ဆိုသည် ကို ထည့် ၍ မတွက်ခဲ့မိပါ ။ ကျွန်တော် တို့ နှစ်ယောက် ကို တပြိုင်နက် တည်း ယူရန် မှာ လည်း မဖြစ်နိုင်ပါ ။ ထို့ကြောင့် ကြည်ကြည်အေး သည် တခု တည်းသော အဖြေ ကို ပေးခဲ့ရခြင်း ဖြစ်ဟန် တူ ပါသည် ။

ကြည်ကြည်အေး သည် သဘော ဖြူ သူ မှန် သော်လည်း ဤ နေရာ ၌ မဖြူနိုင်တော့ပါ ။

ထို ည မှာ ပင် အမေ က ပြောပါသည် ။ သည် နှစ် မှ ဆရာဝန်ဘွဲ့  ရ လာသော မန္တလေး က ဝတ်လုံ တဦး ၏ သား နှင့် ပြောဆို ကြောင်းလမ်း ပြီးပြီ ဖြစ်ကြောင်း ။

သည်တော့ ကြည်ကြည်အေး ၏ သဘောတရား အနက် ဆိုလိုချက် ကို မျက်ဝါး ထင်ထင် ကျွန်တော် မြင်ပါသည် ။

လူ သည် တခါတရံ တွင် ကြင်နာမိမည် ၊ တခါတရံ တွင် ရက်စက်မိမည် မဟုတ်လော ။

◾မောင်သာရ

📖 ပေဖူးလွှာ မဂ္ဂဇင်း
      ၁၉၅၇ ခု ၊ နိုဝင်ဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment