Tuesday, June 25, 2024

အချိန်တန် အိမ်ပြန်ရောက်လို့ရယ်


 ❝ အချိန်တန် အိမ်ပြန်ရောက်လို့ရယ် ❞


ကိုထွန်းလွင် သည် ရုံး က ဆင်းဆင်းချင်း အိမ် သို့ ပြန် ရန် ဆန္ဒ မရှိသေးသည် နှင့် ဆူးလေဘုရားလမ်း ဘက် သို့ ခြေဦး လှည့်ညလိုက်၏ ။ 


ဘာ လုပ်မည် ၊ ဘယ် သွားမည် ဟု ရည်ရွယ်ချက် မည်မည်ရရ မရှိဘဲ လာခဲ့ပေရာ ဆူးလေဘုရားလမ်း ဘေး ပလက်ဖောင်း ပေါ် တွင် ယောင်ချာချာ ဖြစ်နေ သေးသည် ။


ရုပ်ရှင် ပဲ ကြည့် ရ ကောင်း နိုးနိုး နှင့် ရုပ်ရှင်ရုံများ ဘက် သို့ မျက်စိ ကစား လိုက်၏ ။ ရုံတိုင်း မိမိ ကြည့် ပြီးသား ကားများ ဖြစ်နေသည် ။


“ ရုပ်ရှင်တွေ က လည်း သိပ် ခက်တာပဲ ။ တစ်ပတ် ပြပြီး လဲတာ မဟုတ်ဘူး ။ နှစ်ပတ် သုံးပတ် ဆက် ပြ နေတယ် ”


သူ ကြည့်စရာ ကားသစ် မလဲသေး သဖြင့် မကျေမနပ် စိတ်တွင်း က ရေရွတ် လိုက် သေးသည် ။ သိုနှင့် ရည်ရွယ်ချက် ကင်းမဲ့ စွာ မှောင်ခိုဈေးတန်း ဘက် လျှောက် သွားရင်း မဝယ်နိုင် သော ပစ္စည်းများ ကို မျက်စိ အရသာ ခံ ရင်း လိုက် ကြည့် နေ လိုက်သည် ။


မှောင်ခိုဈေးတန်း ကို နှစ်ခေါက် လောက် ဖြတ် လိုက်ပြီး နောက် ဝင်းဘား ရှေ့ တွင် မယောင်မလည် လုပ် နေ လိုက်သေးသည် ။


“ တစ်ယောက် တည်း ဘီယာ သောက် ရတာ ပျင်းခြောက်ခြောက် နဲ့ ” ဟု မှတ်ချက် ချ ကာ ရောင်စိန် လက်ဖက်ရည်ဆိုင် ဘေး ရှိ စာအုပ်ဆိုင် တွင် စာအုပ် တစ်အုပ် ဆွဲ ယူပြီး မာတိကာစဉ် ကို လှန်လှော ကြည့် နေ ပြန်သည် ။


“ ဟေ့လူ ... ဘာ စာအုပ် ဝယ် မလို့ ကြည့် နေတာလဲ ဗျ ”

 

တစ်စုံတစ်ယောက် က နောက် မှ ပခုံး ကို ပုတ်ရင်း နှုတ်ဆက်သံ ကြား မှ လှည့် ကြည့် မိ၏ ။


“ ဟာ ... ကိုရင်မောင် ၊ ဝမ်းသာလိုက်တာဗျာ ။ တစ်ယောက် တည်း ပျင်း ပျင်း ရှိတာ နဲ့ ဒီဘက် နား လာ ပြီး ရစ်ဝဲဝဲ လုပ် နေတာ ။ ခင်ဗျား နဲ့ တွေ့ တာ အတော်ပဲ ”


ကိုရင်မောင် က လည်း ပြုံးပြီး ခေါင်းညိတ် လိုက်ရင်း ... 


“ ကျွန်တော် လည်း အဖော် လိုက် ရှာနေတာပဲဗျ ” ဟု စကားထောက် လိုက်၏ ။


“ ဒါဖြင့် လာဗျာ ၊ ဘီယာလေး မော့ရင်း စကား ပြော ရအောင် ” .. 


“ အင်း ကောင်းတယ် ၊ ကောင်းတယ် ။ ကျွန်တော့် အဖို့ တော့ အချို ရှာ သကာ တွေ့ နေပြီ ။ အိမ် မှာ ကလေးတွေ ဆူ နေတာ နဲ့ ကျောင်း က ပြန် ပြန်ချင်း အဝတ်အစား တောင် မလဲသေး ဘဲ ပြန် ထွက် လာခဲ့တယ် ”


နှစ်ယောက်သား ပြောပြောဆိုဆို ဝင်းဘား အတွင်း သို့ အူမြူး တက်ကြွ စွာ ဝင်သွားကြ လေသည် ။


ရေခဲတုံးကလေးများ ပေါလော မျော နေသော ဘီယာဖန်ခွက် ကို ကိုယ်စီ ကိုယ်ငှ တိတ်တိတ်ဆိတ်ဆိတ် မော့ နေကြရင်း မှ ကိုရင်မောင် သည် အမဲကြော် တစ်ဖတ် ကို မြုံ့ လိုက်ရင်း စကား စ ကြောင်း လိုက်၏ ။


“ ကဲ ... ခင်ဗျား က ရော ရုံး က အိမ်တန်း မပြန်ဘဲ ဘာဖြစ်လို့ ယောင် လည်လည် လျှောက်ပြီး သဝေထိုး နေရတာလဲ ” 


ကိုထွန်းလွင် က ဘီယာခွက် ကို မော့ လိုက်ပြီး လက်ဟန် ခြေဟန် ဖြင့် မကျေနပ်သော အမူအရာ ကို ပြ လိုက်ပြီး ...


“ အိမ် ရောက် ရင် အပြင် ပြန် ထွက်ဖို့ မလွယ်ဘူးဗျ ” 


“ အကြောင်း က ”


“ အကြောင်း က တော့ မိန်းမ ပေါ့ဗျာ ။ ရုံး က အိမ် ကို ပြန် ရောက် ပြီး အပြင် ပြန် ထွက်မယ် ကြံရင် မကျေနပ် ချင်ဘူး ။ ကိုယ့် အိမ် ကိုယ် မပျော်တာ အံ့ပါရဲ့ ၊ ကိုယ့် မိန်းမ နဲ့ များ စကားစမြည် ပြောပါဦး ၊ ဘာဦး နဲ့ ပေါ့ဗျာ ၊ ငြိုငြင်တယ် ။ အိမ် မှာ နေ ပြန် တော့လည်း နား ငြီးအောင် တွတ်တွတ် ထိုးတယ် ။ အပြင် မထွက်ဘဲ စာလေး ဘာလေး ပြန် ကြည့် ရင်လည်း အိပ်ပျက်တယ် ၊ ဘာတယ် နဲ့ နှောင့်ယှက်တယ် ဗျ ” 


“ အင်း .. အဲဒါလည်း တစ်ဒုက္ခပဲ ”


ကိုရင်မောင် က မှတ်ချက် ချကာ ကုန် သွားသော ဖန်ခွက် ကို ဘီယာ ဖြည့် ၍ ရေခဲတုံး စိမ် လိုက်၏ ။ ပြီးတော့ တစ်ချက် နှစ်ချက် ခလောက် ရင်း တစ်ကျိုက် မော့ လိုက်၏ ။


“ ဒီလိုဆို သူ့ ကို ပါ ခေါ်ပြီး အပြင် ထွက်ပေါ့ဗျ ။ သူ လည်း ခင်ဗျား မရှိရင် ပျင်းမှာပေါ့ ”


“ အဲ ... အဲဒါ ခက်တာပေါ့ ။ ကျွန်တော် က ခေါ်ပါတယ် ။ ရုပ်ရှင်လေး ကြည့် ရအောင် ၊ လမ်းကလေး လျှောက် ရအောင် ဆိုပြီး ခေါ် ရင် ပိုက်ဆံ ကုန်တယ် ၊ ငွေ ဖြုန်းတယ် ဆိုပြီး မလိုက်ဘူး ”


“ အင်း .. အဲဒါလည်း တစ်မှောင့်ပဲ ”


“ အို .. ဟန်မကျ တာတော့ ကမ်းကုန်ရောပဲ ကိုရင်မောင် ရေ ”


ကိုထွန်းလွင် သည် ညည်းညည်းညူညူ နှင့် ဘီယာ ကို မော့ လိုက် ပြန်သည် ။ အမဲသားကြော်လေး တစ်ဖတ် နှစ်ဖတ် ဝါးရင်း တွေတွေလေး ငေး နေ ပြန်သည် ။


“ အသွင် မတူ တော့ အိမ်သူ မဖြစ် ဆိုတာ ဒါမျိုးပဲ ထင်တယ်ဗျ ၊ ဒါတောင် ခင်ဗျားတို့ ရည်းစား ဘဝ နဲ့ အကြာကြီး နေ လာခဲ့ကြတာ ၊ ဒါတွေ မသိခဲ့ဘူးလား ”


ကိုထွန်းလွင် က ကိုရင်မောင် ၏ ဝေဖန်ချက် မေးခွန်းလေး ကို သဘော ကျစွာ အသံ ထွက် ၍ တစ်ချက် ရယ် လိုက်၏ ။


“ ဟိုတုန်းက တော့ ဒါတွေ ဘယ် စဉ်းစားမိ မလဲဗျ ။ ချစ်တာပဲ ၊ သူ့ မျက်နှာလေး မြင် နေရရင် ကျေနပ် နေတာပဲ ။ သူ က လည်း “ မောင့် အလိုကျ ဇနီးလောင်း ပါ ” ဆိုတာမျိုး ကို ဂါထာ ရွတ် သလို ရွတ်ခဲ့တာပဲ ။ သူ့ ကို မြတ်နိုးလွန်းလို့ အင်မတန် သဘော ကောင်း ပြီး ကိုယ့် အလို လိုက်မယ့် ပထမ အမျိုးသမီး ကို အမျိုးမျိုး အပြစ် ရှာ ပြီး ခွာခဲ့တာပဲ ။ အခုတော့ ဟင်း ”


“ ခင်ဗျား က လွတ်တဲ့ ငါး ကြီး နေပြန်ပြီ ”


“ လွတ်တဲ့ ငါး ကြီး တာ မဟုတ်ဘူး ။ ဒါတော့ အသေအချာပဲ ကိုရင်မောင် ၊ ကျွန်တော် တွေး မိရင် နောင်တ ရလို့ မဆုံးဘူး ”


“ ဟုတ်ပါ့မလားဗျ ”


ကိုရင်မောင် က ပြုံးပြုံးကြီး လုပ်ကာ စကား ထောက် လိုက်၏ ။ ကိုထွန်းလွင် သည် မခံနိုင်သော မျက်နှာ ဖြင့် ကု,လားထိုင် မှ ကုန်းထ ကာ လက်သီး လက်မောင်းတန်း ၍ ပင် အော် ပြောလိုက်သည် ။


“ အို ... ဆယ်ဆ ... ဆယ်ဆ သာတယ် ။ အခု မိန်းမ ထက် ဆယ်ဆ သာတယ် ”


“ ဟဲ ... ဟဲ ... တယ် ဆိုတဲ့ စာပါလား ” 


နှစ်ယောက်သား ပြန် ငြိမ် သွား ကြပြန်၏ ။


“ နောက် တစ်ပုလင်းဘစီ ဆွဲကြဦးစို့ ကိုရင်မောင် ” 


ကိုရင်မောင် သည် ခေါင်း ညိတ် လိုက်ပြီး ကောင်တာ သို့ ထ ကာ ဘီယာ နှစ်ပုလင်း ဝယ် ၍ ရေခဲ ထပ် မှာပြီး ပြန် ထိုင် လိုက်သည် ။ 


ဤသို့ဖြင့် နောက်ထပ် ရောက် လာသော ဘီယာ ကို ကိုယ်စီ တဝ မော့ သောက် လိုက်ကြ ပြန်ကာ ရီတီတီ အခြေအနေ ၌ စကားဝိုင်း ပြန်လည် အသက် ဝင် လာသည် ။


“ ကျွန်တော့် တော့ ပြောတယ် ၊ ခင်ဗျား က ရော ကလေးတွေ ဆူတာ နဲ့ ဒီလိုပဲ ထွက် နေတာပဲလား ”


ကိုရင်မောင် သည် ပခုံး ကို တွန့် ပြ လိုက်၏ ။ ကိုထွန်းလွင် ၏ မေးခွန်း ကို တော်တော် နှင့် စကား မပြန်သေးဘဲ ဘီယာ ကို သာ ထပ် မော့ နေပြန်သည် ။ 


“ ဆိုပါဗျ ကိုရင်မောင်ရဲ့ ” ဟု နောက် တစ်ခါ ထပ်ပြီး စကား ထောက် မှ 


“ ကျုပ် က ပထမ အကောင် မွေးပြီး တစ်လ လောက် ထဲ က ငရဲ ရောက်တာ ”


“ ဟင်း .. ဟင်း .. ဟိုတုန်းက ခင်ဗျား ပြောတာ မှတ်မိပါတယ် ။ ကျွန်တော် က အိမ်ထောင် ကျရင် တော်တော် နဲ့ ကလေး မလိုချင်သေးဘူး ဆိုတော့ ကလေး ဟာ အိမ် ရဲ့ ဆည်းလည်း ပဲ ဆို ၊ အိမ့် ကျက်သရေ ဆို ”


“ အဲဒါက သဘောတရား ဗျ ။ ကျုပ် လည်း ဒီလို ထင် ခဲ့တာပဲ ။ တကယ် လက်တွေ့ ကျ တော့ မှ ရူးချင်တယ် ဗျို့ ”


ကိုရင်မောင် က သူ ၏ သားသမီး ဒုက္ခတရား ကို မနားတမ်း ဆက် လိုက်၏ ။


“ ပထမ အကောင် တစ်လသား နဲ့ ဗိုက်နာရောဂါ လည်း ဝင် ရော ကျုပ် တို့ အိမ် ဖွတ် တက် တာပဲ ။ ကလေး က ဝါးကနဲ ငို လိုက်ရင်း လမ်းထိပ် က စေတနာ ဆေးတိုက် ကို ပြေးလိုက် ရ ရင်း ဆရာဝန် က လေဆေး တစ်လုံးထိုး လိုက် ရင်း ငွေ ငါးကျပ် ပူဇော် လိုက်ရ ရင်း ပဲ ”


“ အဲဒီလို ငွေ ကုန် တာက အရေး မကြီးဘူး ။ ည အိပ်ပျက် တာ က ပိုဆိုး တယ် ။ တစ်ခါတလေများ ညလုံး ပေါက် လင်မယား နှစ်ယောက် မအိပ်ရဘူး ။ မနက် ကျ လို့ ကျုပ် ကျောင်း သွားရင် စာသင်ခန်း ထဲ ငိုက် နေတာပဲ ”


ဘီယာ ကို ထပ် မော့ပြီး ကိုရင်မောင် က စကား ဆက် ပြန်သည် ။ 


“ တစ်ညများ ပြောရဦးမယ် ။ သားမောင်မောင် ဗိုက် လေထိုး လို့ ကျုပ် တို့ လင်မယား တစ်ယောက် တစ်လှည့် လမ်းလျှောက် နေ ရတာ ည တစ်ချက် တီး ရော ၊ တော်တော် စိတ်တို နေပြီ ။ အဲဒီလို ဒုက္ခ ရောက် နေတုန်း လမ်းပေါ် က ကာလသား တစ်သိုက် မယ်ဒိုလင်လေး နဲ့ “ ခင် နဲ့ မောင် နီးဖို့ ခက်ပါတယ် ” ဆိုတဲ့ ပြည်လှဖေ သီချင်း ကို ဆို သွားတာကိုး ဗျ ။ ကျုပ် က ဒေါသ ဖြစ်ဖြစ် နဲ့ ဒီ ကောင်တွေ တော်တော် မိုက်တဲ့ အကောင်တွေ ပဲ ။ ခင် နဲ့ မောင် ဝေး နေတာ ကောင်းတယ် ဟ ၊ မင်းတို့ ကလေး ဗိုက်နာတာ တစ်ခု တည်း နဲ့ ငရဲပြည် ကို တိုက်ရိုက် ရောက် သွားမယ် သိလား လို့ ထွက် အော်လိုက် မိတာ ကောင်လေးတွေ လည်း ကြောင်တောင်တောင် နဲ့ လှည့်ကြည့် လှည့်ကြည့် ထွက် သွားကြတယ် ”


ကိုထွန်းလွင် လည်း သဘောကျ လွန်း သဖြင့် ဘီယာ တောင် သီးအောင် ရယ် လိုက်ရပါသည် ။


“ ခင်ဗျား ဟာ က ငိုအား ထက် ရယ်အား သန်သလို ဖြစ်နေပြီ ”


“ ကလေး နှစ်ယောက် လည်း ရ ရော ဖွတ် ရော မိကျောင်း  ပါ ရောက် တာပဲ ။ နို့မှုန့် ဒုက္ခ ၊ ဆေး ရှာရတဲ့ ဒုက္ခ ၊ အနှီးပိတ် မလောက်တဲ့ ဒုက္ခ ၊ အိပ်ရာ သေးစော် နံတဲ့ ဒုက္ခ ။ ကလေးထိန်း ရှာရတဲ့ ဒုက္ခ ၊ အို ... ဒုက္ခ က တော့ မျိုးစုံပဲ ၊ ဘယ် အိမ်ထောင်သုခ ဆိုတာ ရှိတော့ မလဲ ။ မညား ခင် တုန်း က စိတ်ကူး ယဉ် ခဲ့တဲ့ အိပ်မက် တွေ ကုန်တာပဲ ။ ကျုပ်တို့ လင်မယား အေးအေးလူလူ တစ်ခါမှ ခရီး မထွက်ရ ဖူးဘူး ။ နှစ်ယောက် အတူတူ ရုပ်ရှင်လေး ဘာလေး ကြည့်မိ ရင် သေပြေးရှင်ပြေးဗျ ”


အားရပါးရ ညည်းညူ လိုက် သဖြင့် ရင် ထဲ ပေါ့ သွားကာ ကိုရင်မောင် သည် ဘီယာ လက်ကျန် ကို တမော့ တည်း ရှင်းရင်း စီးကရက် ကို မီးညှိ ပြီး ဖွာရှိုက် နေတော့ ၏ ။


ဝင်းဘား အတွင်း မီးခိုးများ ထောင်းထောင်းထ အောင် မွှန် နေသည် ကို လည်း သူတို့ မသိ ။ ဟိုဘက် ဝိုင်း က အတူတူ သောက်ဖက်ချင်း စကားများ ရန်ဖြစ် နေကြသည် ကို လည်း မကြားမိချေ ။ 


“ ကဲ ... အခု အကြီးကောင် ရော ၊ အငယ်မလေး ရော ကြီး လာကြပြီပဲ ။ အေး သွားပြီ မဟုတ်လား ”


ကိုထွန်းလွင် က အဆက်ပြတ် သွားသော စကားဝိုင်း ကို  ပြန် ဆက် လိုက်၏ ။


 “ ဒါက ပုလိပ် အမြင်ကိုး ကိုဘချစ် ရဲ့ ... လို့ ခင်မောင်ရင် ပြောတဲ့ စကား လို ဖြစ်နေပြီ ”


“ ဘာကြောင့်တုန်းဗျ ”


“ ဟော စကားလေး တွတ်တီးတွတ်တာ ပြောတတ် လာကြလို့ တစ်ခါတစ်လေ ကြည်နူးသာယာ မိပါရဲ့ ၊ ဒါပေမယ့် နှစ်ယောက်သား အရုပ် လု ပြီး ရန်ဖြစ် ကြ ၊ ငိုကြ ၊ အမေ က ရိုက် ၊ ကလေးတွေ က ငို ၊ ပူပြင်း ၊ တစ်ခါတရံ လိမ့် ကျပြီး ခေါင်းပေါက် နဖူးကွဲ ၊ အမျိုးမျိုး စိတ်ညစ်စရာ တွေ က လာသေးတယ် ။ အဖေ နဲ့ အမေ လမ်း ထွက် ရင် မလိုက်ရ လို့ အော် ငိုကြပေါ့ ဗျာ ”


“ ဒီလို ဆိုရင် ကျွန်တော် တော့ ကလေး မရပါစေနဲ့ဦး လို့ ဆုတောင်းရ မှာပဲ ” 


“ ဆုတောင်းပါ ရဲဘော် ရေ ၊ ဆုတောင်းပါ ။ ကျုပ် ပြော တာ ထက် လက်တွေ့ ခင်ဗျား ကြုံမှ သိမယ် ။ ကျောင်း က စာ သင်ပြီး မောမော နဲ့ ပြန် လာရော ၊ အိမ် ပေါက် ရောက်တာ နဲ့ ကလေး ငိုသံ ကြားရတာပဲ ။ အိမ်ခန်း က ကျဉ်းကျဉ်း ၊ လွတ်လွတ် ကျွတ်ကျွတ် အပန်းဖြေစရာ မရှိဘူး ။ တစ်ခန်းလုံး သူတို့ လက်ရာ တွေ ချည်းပဲ ။ စာအုပ်တွေ ဆုတ် ပစ်ထားတာ ကြည့် မလား ၊ စားပွဲ ပေါ် က ဆေးလိပ်ခွက် ကို ဆွဲချ ထား လို့ ကြမ်းပြင် မှာ ပြာတွေ ဖွေးနေတာ ကြည့် မလား ၊ ပန်းအိုး ခွဲထားတာ ရှု မလား ၊ စုံ နေတာပဲ ။ ဒီကြားထဲ မိန်းမ လုပ်သူ က ကလေးထိန်း ကို မကျေနပ်လို့ ဆူပူ ၊ တစ်ခါတစ်လေများ ထမင်း မျို မကျဘူး ၊ ညည ကျောင်း က အလုပ် လုပ်နေ ပြန် လည်း ကလေးတွေ က ပေါင် ပေါ် တက်လိုက် ၊ ဇက် ပေါ် ခွလိုက် ၊ ဖောင်တိန် ဆွဲလိုက် နဲ့ အေးအေးလူလူ အလုပ် မလုပ်ရဘူး ။ ကျုပ် က ကလေးတွေ လည်း ချစ်ပါတယ် ။ မိန်းမ လည်း သနားပါတယ် ၊ ဒါပေမယ့် မတတ်နိုင်ဘူးဗျာ ။ တစ်ခါတလေ တော့ အခုလို ကိုယ်လွတ် လက်လွတ် ထွက် ပစ်လိုက်တာပဲ ”


ကိုရင်မောင် တို့ စားပွဲ ပေါ် တွင် ဘီယာပုလင်း ပေါင်း ခြောက်ပုလင်း မြောက် ကုန် သွားသော အခါ ဒုက္ခသည် နှစ်ယောက် ခမျာ အာ လေး၍ လာကြပြီ ဖြစ်၏ ။ 


“ ကဲ ကဲ လေဟာပြင် ထမင်း သွား စားကြမယ် ” 


ဟု တစ်ယောက် က အဆို ပြု လိုက်ပြီး တစ်ဦး ကို တစ်ဦး ဖေးမရင်း ရိုးတိုးယိုင်တိုင် ဖြင့် ဘယ်ညာ နင်း ကာ ထွက် လာခဲ့ကြလေသည် ။


••••• ••••• •••••


လေဟာပြင် တရုတ် ထမင်းဆိုင် ထမင်း စားသောက် ကြပြီး ကိုထွန်းလွင် က ခရု ခေါက်ဆွဲ တစ်ထုပ် တစ်ဘက် ဆိုင် မှ လှမ်း ၍ မှာ လိုက်၏ ။


“ ဘာလုပ်ဖို့လဲဗျ ” ဟု ကိုရင်မောင် က အာလေးလေး နှင့် မေး လိုက်ရာ ကိုထွန်းလွင် က ပြုံးဖြီးဖြီး လုပ်၍ ...


“ ဇနီးချော ဖို့ လေဗျာ ၊ ဟဲ .. ဟဲ သူ က ခရုခေါက်ဆွဲ သိပ် ကြိုက်တာဗျ ။ မာလာဆောင် မှာ သူ နေတုန်း ကတည်း က ညည ကျွန်တော် ဝယ် ဝယ်ပြီး ပို့ရတာ ခင်ဗျား မမှတ်မိတော့ ဘူးလား ”


“ အင်း ... အင်း ... ဟုတ်တယ် ၊ ဟုတ်တယ် ” 


ဟု ကိုရင်မောင် က ထောက်ခံရင်း အပေါ် အင်္ကျီအိတ် အတွင်း ပိုက်ဆံ လှမ်းပြီး နှိုက် လိုက်ရာ ကလေး ကစားစရာ ပလတ်စတစ် မော်တော်ကားလေး နှစ်ခု ထွက်ကျ လာသည် ကြောင့် ကုန်း ၍ ပြန် ကောက် နေသည် ။


“ ဘာတွေလဲဗျ ” ကိုထွန်းလွင် က မြင်ရက် နှင့် မေး လိုက်ရာ ... 


“ ဪဗျာ ၊ သား နဲ့ သမီး အတွက် ဝယ် လာတာ အိမ် ရောက် လို့ မပေး ဖြစ်ဘူး ။ အိတ် ထဲ ပါလာတာ ” ဟု ပြော၍ အိတ် ထဲ ပြန် ထည့် လိုက်သည် ။ 

 

လေဟာပြင်ဈေး ဝ မှ ထွက်ပြီး သုံးဘီးကား ဖြင့် ပြန် လာ ကြရာ ကိုထွန်းလွင် က ဘုန်းကြီးလမ်း သူ့ တိုက်ခန်း ရှေ့ ၌ ဆင်း၏ ။ ကိုရင်မောင် က စမ်းချောင်း သို့ ဆက် ၍ လိုက်သွား လေသည် ။


ကိုထွန်းလွင် ကို ဇနီးချော က တံခါး ဖွင့် ပေး လိုက်ချိန် တွင် ဇနီးချော ၏ ပါး ကို တစ်ချက် လှမ်း မွှေးလိုက်ပြီး ခရုခေါက်ဆွဲထုပ် ကို ထောင်၍ ပြ လိုက်သည် ကို လည်းကောင်း ၊ ဇနီးချော က ချစ်မျက်စောင်းလေး ထိုးပြီး ခေါက်ဆွဲထုပ် ကို လှမ်း ယူ လိုက်သည် ကို လည်းကောင်း ကိုရင်မောင် မမြင် သကဲ့သို့ ...


ကိုရင်မောင် အိမ် ရောက်ပြီး အိပ် နေပြီ ဖြစ်သော သား နဲ့ သမီး ကို သာသာကလေး မွှေး ၍ ကလေးများ ခေါင်းရင်း တွင် ပလတ်စတစ် မော်တော်ကား ရုပ်ကလေး များ ကိုယ်စီ ချထား လိုက်သည် ကို လည်းကောင်း ကိုထွန်းလွင် မမြင်နိုင်တော့ ပါချေ ။


◾မောင်ကိုယု


📖 ငွေတာရီ မဂ္ဂဇင်း

      အမှတ် ( ၉၉ )

      ၁၉၆၈ ခုနှစ် ၊ စက်တင်ဘာလ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment