❝ ရတနာပုံ ရွှေမန္တလေး ဝတ္ထု ❞
“ သူတော် ”
“ ဟဲ့ သူတော် .... ”
စည်ရှင်ဘုန်းကြီး ရဲ့ အသံ ။
နောက်ဆုံး တခွန်း က ငေါက်သံ ပါပြီး ၊ ပထမ တခွန်း ထက် ပို မာလာတယ် ။
“ ဘုရား ... ” လို့ အမြန် ပြန် ထူး လိုက်ရတယ် ။
“ မြန်မြန် လာ .... မနက်တိုင်း နင့် စောင့် စောင့် နေရတာ နေ မြင့်လှပြီ ”
ကျောင်းတိုက် ရှေ့ က တမာပင် အောက် မှာ တန်းစီပြီး ၊ ဆွမ်းခံ ကြွ ကြမယ့် သံဃာ တွေ စုံ နေကြပါပြီ ၊ သုနန္ဒ က ညစ် ပြီး ကျုပ် ကို လှမ်း မခေါ်ဘူး ။ ဆရာတော် တို့ ရှိရာ ကို သူ အယင် သွားနှင့် ပြီး လူလုံး ပြ နေလို့ သာ ကျုပ် ဒီလို အငေါက် ခံရတာပေါ့ ။
ကျုပ် ရဲ့ ပိတ်ဖြူကု,လားနံ ကို သေသေချာချာ ပြင် ဝတ်ပြီး ၊ လက်စွဲတော် ကြေးစည် နဲ့ တင်းပုတ်လေး ကို ခေါင်းရင်း က ဘုရားစင် မှာ ရှာ တော့ တင်းပုတ်လေး သာ တွေ့ပြီး ၊ ကြေးစည် က ဘယ် ရောက် နေမှန်း မသိ ။ ကျောင်းသား တွေ ပဲ မနေ့ ညနေ က ယူ ဆော့ ကြပြီး နေရာတကျ ပြန် မထားတာလား ။ သုနန္ဒ က ပဲ “ ချောက် ” ချ ချင် လို့ ဖွက်ထားခဲ့ လေ သလား ။ သေသေချာချာ လှန်လှော ရှာတော့ ၊ ကျုပ် ခြေရင်း သင်ဖြူး အောက် က တွေ့ တယ် ။ ဒါ တယောက် ယောက် ရဲ့ လက်ချက် ပဲ ။ ကျုပ် က တော့ သုနန္ဒ လက်ချက် လို့ ထင်မိတယ် ။ ကျုပ် အပေါ် မှာ သုနန္ဒ က ဒီလို ခဏခဏ ညစ်နေကျ ။
နေ့တိုင်း လို ပါပဲ ၊ တမာပင် အောက် ကျုပ် ရောက် တဲ့ အခါ ဦးပဉ္ဇင်း တွေ သင်္ဃန်း ကို လက်ကတော့ ထိုး ပြီးလို့ သပိတ် လွယ်ယင်း ၊ ဝါစဉ်ကြီးငယ် အလိုက် နေရာယူ တန်းစီ ပြီး နေကြပြီ ။ ဆရာတော် ပါးစပ် က ဘာမှ မပြောပဲ ကျုပ် ကို မျက်လုံး နဲ့ လှမ်း ကြည့် လိုက်တယ် ။ ဒီ အကြည့် ရဲ့နောက် မှာ အဓိပ္ပာယ် တွေ တသီတတန်းကြီး ပါ လာတယ် ။ ကြိမ်လုံး ကြည့် ထား သူတော် ၊ နောက် နေ့ တွေ ဒီလို နောက်ကျယင် တော့ ဒဏ် ပေးမယ် ။ ထကြွလုံ့လ နည်းရ ကောင်းလား သူတော် ဆိုတဲ့ အကြည့် ၊ ဆုံးမ တဲ့အကြည့် ။ ဦးပဉ္ဇင်း တွေ က တော့ ကျုပ် ဒီလို အငေါက် ခံရတာ ၊ အကြည့် ခံရတာ ကို သဘောကျ နေကြပုံပါပဲ ၊ ပြုံး တဲ့ ဦးပဉ္ဇင်း တွေ က ပြုံး လို့ ၊ သူတော် သုနန္ဒ က ဆိုယင် သိပ် ကျေနပ် တဲ့ အပြုံး ပေါ့ ၊ ခဏ နေတော့ ဆရာတော် က မိန့်ပါတယ် ။
“ ကဲ သူတော် ကြွ ... ကြွ ”
ဘုန်းကြီး က ရိုးရိုး မိန့်တာ ပေမယ့် ၊ ကျုပ် စိတ် ထဲ မှာ တော့ နည်းနည်း ငေါ့သံ ပါနေတယ် လို့ ထင် လိုက် မိတယ် ။
နယုန်လ အရုဏ်ဦး ရဲ့ လေပြေလေး တွေ ဟာ ဟိုဟိုဒီဒီ ပြေးလွှား နေကြတယ် ။ ဒီ လေပြေလေး တွေ က မစိုးရိမ်ကျောင်းတိုက် နာရီစင် ရဲ့ “ ငါးနာရီ ထိုးပြီဟေ့ ” ဆိုတဲ့ နာရီ တီးသံ ကို သယ်လာ ကြတယ် ။ ကျောင်းတိုက် ရဲ့ မြောက်ဘက် တံခါး ရောက် တော့ ငါးနာရီ ထိုး တဲ့ သင်္ကေတသံ က ဆုံး သွားတယ် ။ ဒီလိုဆို ကျုပ်တို့ ဘယ် နောက်ကျလို့ တုန်း ၊ ခါတိုင်း လိုပါပဲလား ၊ အချိန် မှန်ပါရဲ့ နဲ့ ။
မြောက်ဘက် တံခါး က ထွက် တော့ ကြေးစည် ကို ထုံးစံအတိုင်း တီး တော့မယ် အလုပ် မှာ သုနန္ဒ က ....
“ အာဒိစ္စ ကြေးစည် တီးတော့လေ ” တဲ့ ၊ ဆရာတော် မကြား အောင် အသံ အုပ်အုပ် နဲ့ လှမ်း ပြီး ပြောတယ် ။ သူတော်သုနန္ဒ သက်သက်မဲ့ ဆရာ လုပ်တာ ၊ လျှာ ရှည်တာ ၊ သူတော်လည် လုပ်တာ ။ ကျုပ် အပေါ် တမင် လာ ညွန့်တာ ၊ ကျုပ် သိတာပေါ့ ။
ချက်ခြင်းပဲ နောက် ကို လှည့် ပြီး “ မိုက်ကြည့် ” ကြည့် လိုက်တယ် ။ သူ့ ကို ရွဲ့ ပြီး ကြေးစည် ကို အကျယ်ကြီး တီး လိုက် တော့ ၊ ကြေးစည်သံ ဟာ ဝေဝေလွင်လွင် နဲ့ “ အောင်ဓူဝံ ” ရပ်ကွက် ထဲ မှာ ပျံ့လွင့် သွားတယ် ။ စိတ် ထဲ မှာ တော့ သုနန္ဒ ကို တေး ထား မိတယ် ။ သူ ဝတ္ထု တွေ ၊ ကာတွန်း တွေ ခိုးခိုး ဖတ် နေတာ ဆရာတော် ကို ကျုပ် မတိုင်ချင် လို့ ၊ တိုင်လိုက် လို့ ကတော့ ဘာပြော ကောင်းမလဲ ။ ဒီ သူတော် ကို မြင်းခြံ ကား ပေါ် တင်ပြီး ရွာပြန် ပို့ပစ် မှာ သေချာတယ် ။
အောင်ဓူဝံရပ်ကွက် ဆိုတာ လည်း လက်လုပ်လက်စား တွေ အနေ များ တော့ တဲ တွေ နဲ့ အိမ် တွေ က လွှမ်း နေတာပေါ့ ။ တိုက် ဆိုလို့ နံကပ် တထပ် အဟောင်းကလေး နှစ်လုံး ရှိ ရဲ့ ။ ဒီ နံကပ်တိုက် က တိုက်ကလေးရှင် တွေ က လည်း ဆွမ်း တွေ ဘာ တွေ လောင်း လေ့ မရှိကြပါဘူး ။ ဘယ်မှာ အလှူ တွေ သွား လုပ်နေကြတယ် တော့ မပြောနိုင်ဘူး ။ အံမယ် လမ်း တောင်ဘက်ထိပ် “ အာရောဂျံ တိုင်းရင်းဆေးတိုက် ” က ဆရာကြီး ကတော် ဒေါ်စိန်ဦး တောင် ဆွမ်း လောင်း မှ ကိုး ။ ဟုတ်ပေသားပဲ ။ ဒီနေ့ အင်္ဂါနေ့ ၊ ဆရာကြီး ကတော် မွေးနေ့ ။ ပြီးတော့ ပန်းထိမ်ဖို က လည်း ဆွမ်း လောင်းတယ် ။ အောင်ဓူဝံ ရပ်ကွက် မှာ ဒီ နေ့ တော့ ဒီ နှစ်အိမ် ပဲ ဆွမ်းလောင်း လိုက်ကြတယ် ။
ဆရာကြီးကတော် ဒေါ်စိန်ဦး က တော့ ထုံးစံအတိုင်း ကျုပ် အတွက် ဆွမ်း တဇွန်း ကို သူတော် သုနန္ဒ ရဲ့ ကျပ် ထဲ လောင်းနေကျ ။ တချို့ တကာ တကာမ တွေ က ကျုပ် လို ကြေးစည် တီး တဲ့ သူတော် ကို ထည့် တွက် ကြတာ မဟုတ်ဘူးလေ ။
ကျောင်း ရောက်တော့ တစားပွဲ ထဲ အတူ ဆွမ်း စားကြပေမယ့် ၊ တခါတလေ တော့ လည်း သူတော် သုနန္ဒ လို ကျပ် ကို ထမ်း ချင်သေး တာပေါ့ ။ ကျပ် ကို သုနန္ဒ က သူတော်ပိုင် စီး ထားတယ် ။ ကျုပ် ကို တလှည့် မပေးဘူး ၊ ကြေးစည်ချည်း ပဲ နေ့တိုင်း တော့ ဘယ်သူ တီးချင်မလဲ ။ ကြေးစည် က ပေါ့ပေါ့ပါးပါး တော့ ရှိပါရဲ့ ။ ကျပ် ဆိုတာ ကြာ လေ ညောင်း လေ လက် အံသေ လာလေပေါ့ ။ ဒါပေမယ့် အရပ် ထဲ မှာ ခွေး ဟောင် တော့ ရှေ့ဆုံး က ကြေးစည် တီး တဲ့ ကျုပ် ကို ဟောင် တာ မဟုတ်လား ။ ဦးဇင်းပြုံးညို က တော့ ကြေးစည် တီး တဲ့ လူ က နောင် ဘဝ ကျ အသံကောင်း တဲ့ နတ်သား တွေ ဘာ တွေ ဖြစ်နိုင် သတဲ့ ။ ဦးဇင်းပြုံးညို ပြောတဲ့ စကားအတိုင်း တကယ် ဖြစ်လာယင် တော့ မဆိုးပါဘူး ။ အောင်ဓူဝံရပ် ကို ကျော် ခဲ့ပြီး ငှက်ပျောခြံ ထဲ ကို ရောက်တယ် ။
ဒီ ခြံ တွေ ထဲ က လည်း သိပ်တော့ ဆွမ်း လောင်းလေ့ မရှိဘူး ။ တခါတရံ လောင်းကြတာပါ ။ အလယ်ခြံ က ဦးလေးကြီး က တော့ ထူးတယ် ။ တနှစ်လုံး မှာ ဇူလိုင်လ ထဲ မှာ စောစောပိုင်း တရက် ပဲ ဆွမ်း လောင်းတယ် ။ အဲဒီ နေ့ ကျယင် ပြက္ခဒိန် မကြည့်နဲ့ တော့ ။ တပြည်လုံး ဝမ်းနည်း ကြေကွဲကြတဲ့ နေ့ ပဲ ၊ စတုတ္ထခြံ က ဆွမ်း ခပ်နီနီ တွေ လောင်းတယ် ။ အခု ထိ တော့ သပိတ် ထဲ က ဝတ်ခွက် တွေ ဟာ ချောင်ချိ အားလပ် နေတုန်းပါပဲ ။
ငှက်ပျောခြံ ကို ကျော်ပြီး မြတောင်ကျောင်းတိုက် အနောက်မြောက် ထောင့် မှာ ခဏ ရပ်ကြတယ် ။ ကျုပ် တို့ ကျောင်း ရဲ့ အရှေ့ဘက် ဒဟတ္တောရပ် တို့ ၊ ရှမ်းဝိုင်း တို့ ၊ မုန့်တီစုရပ် တို့ ထဲ က တကာ ၊ တကာမ တွေ ဆီ က ဆွမ်းခံ ပြီး မြို့ ထဲ ကို ကျုပ်တို့ နဲ့ ဆွမ်းခံ အတူ ကြွကြမယ့် သံဃာတော် တွေ ဒီ နေရာ မှာ လာ ပေါင်း ကြပါတယ် ။
ကျောင်း က အထွက် မှာ ကျုပ် တို့ နဲ့ အတူ ထွက်ခဲ့တဲ့ သံဃာတော် တွေ ထဲ က ဒေးဝန်း တို့ ၊ ဂေါဝိန် တို့ ကို ဆွမ်းခံ ကြွကြမယ့် ဘုန်းကြီး တွေ လည်း ဒီ နေရာ က နေ ခွဲပြီး အနောက်ဘက် ကို ကြွ ကြတယ် ။ ခဏ နေတော့ ဆရာတော် က “ သူတော် အာဒိစ္စ ” တဲ့ ။
နောက်ထပ် တခွန်း မှ ဆက် မိန့်စရာ မလိုတော့ဘူး ။ ကျုပ် က ကြေးစည် ကောက် တီး လိုက်တယ် ။ ရှေ့ ဆက် ပြီး ဆွမ်းခံ ကြွ တော့မယ် ဆိုတဲ့ သင်္ကေတ ဆိုလည်း ဟုတ်ရဲ့ ။
ကျုပ် တို့ သံဃာတန်း ဟာ အခု ဆိုယင် အပါး အစိတ် လောက် ရှိပြီ ။ ရှေ့ဆုံး ကကျုပ် ၊ ပြီးတော့ သူတော် သုနန္ဒ ၊ နောက် က ဆရာတော် ၊ ဆရာတော် နောက် က မှ ဦးပဉ္ဇင်း တွေ ဝါစဉ်လိုက် လို့ ၊ နောက်ဆုံး က ကိုရင် ဘဒ္ဒိယ တို့ ၊ ကိုရင် ဇောတိက တို့ ၊ ရှင်ပဒုမ တို့ ... ။
မလွန်ရပ်ကွက်ကြီး ထဲ က မလွန် နီးပါးတန်း တို့ ၊ မလွန်ပုတ်တန်း တို့ ၊ မလွန်ကြက်သွန်တန်း တို့ ၊ မလွန် ချင်းတန်း တို့ ဆိုတဲ့ ရပ်ကွက်စိပ်ကလေး တွေ ထဲ ကျုပ်တို့ လွန်း ထိုး ပြီးဆွမ်းခံတယ် ။ မလွန်ရပ် ဆိုတာ အရောင်းအဝယ် သမား တွေ အနေ များ ကြ တဲ့ ဗုဒ္ဓဘာသာ မြန်မာရပ်ကွက် စစ်စစ် ပေါ့ ။ လမ်းထောင့် က ပွဲရုံ က အမေကြီး က ဆွမ်း လောင်း နေကျ ၊ ပွဲကတော် က အသက် ကြီးပြီ မို့ ပွဲရုံ ရှေ့ရောက်ခါနီး ယင် ကျုပ် က ကြေးစည် ကို ခပ်ကျယ်ကျယ် နဲ့ ခဏခဏ တီးပေး ရတယ် ။ ပွဲကတော်ကြီး က နား နည်းနည်း လေးတယ် လေ ။ ပွဲကတော် ရဲ့ ဆွမ်းတွေက ဖြူဖွေးပြီး အငွေ့ တထောင်း ထောင်း ထ နေလေ့ ရှိတယ် ။ ဆွမ်း က မွှေး လည်း မွှေးတယ် ။
ဒီနေ့ ဝတ်ခွက်တွေ ထဲ ကို စပြီးနေရာ ယူတဲ့ ပဲရေပွ ကို ကားဝပ်ရှော့ က ဝပ်ရှော့ဆရာကတော် က လောင်းတယ် ။ ပဲရေဖွ ထား ပုံ က ရဲတွတ် နေတာပဲ ၊ ဆီ နည်း တာ တခု ပဲ ပြောစရာ ရှိတယ် ။ အဝေးပြေး ကားဂိတ် က ဘယာကြော် လောင်းတယ် ။ မှတ်မှတ်ရရ တပေါင်းလဆုတ် ရှစ်ရက် နေ့ က သပိတ် တွေ ထဲ မှာ ဘယာကြော် တွေ အများကြီး ရတဲ့ နေ့ ။ အဲဒီ နေ့ က မန္တလေး မြို့လယ်ခေါင် ကို မီး လောင်တာ နှစ်ပတ်လည် တဲ့ နေ့ ။ ဘေးဘယာ တွေ ကို ကျော်လွှားကြဖို့ ရည်စူး ကြတယ် ထင်ပါရဲ့ ။
မလွန်ချင်းတန်း တောင်ဘက် အစွန် က “ ခွေးသတိ ” ဆိုတဲ့ ဆိုင်းဘုတ် ရှိတဲ့ အိမ် က ပဲပြုတ် လောင်းတယ် ။ ပဲပြုတ် က တော့ ဆီလေး ပါလေခါ နဲ့ ။ ပြီးတော့ ဈေးချို ထဲ မှာ လက်ဖက် နဲ့ အကြော်စုံ ရောင်း တဲ့ အမေကြီး က နိစ္စဘတ်ဆွမ်း နဲ့ ဆွမ်းဟင်း တခွက် လောင်း နေကျ ။ ဒီနေ့ တော့ ကြက်ဟင်းခါးသီးချက် လောင်းတယ် ။ ဆရာတော့် အကြိုက် ။ အခါး က သက်ကြီးဝါကြီး တွေ နဲ့ တည့်တယ် ဆို မဟုတ်လား ။ အဲဒီ အိမ် ပြီးတော့ ဆွမ်း နီကြင်ကြင် တွေ ထပ် ရသေးတယ် ။ ၃၃ လမ်း ဒေါင့် က အဝီစိတွင်း တူး ထားပြီး ရေရောင်း တဲ့ အိမ် က လည်း နိစ္စဘတ်ဆွမ်း နဲ့ ဆွမ်းဟင်း တခွက် ၊ ဒီနေ့ တော့ ဘယာကြော်ချက် တဲ့ ၊ ဒီ ဒကာမကြီးက ပုရစ်ကြော် သိပ် ကြိုက်ပုံ ရတယ် ။ ပုရစ် ပေါ် တဲ့ ရာသီ ဆိုယင် ပုရစ်ကြော် ကို ဆွမ်းဟင်း တခွက် အနေ နဲ့ ခဏခဏ လောင်းတယ် ။ ဗိုက် ထဲ မှာ ဥတွေ နဲ့ ပုရစ်အမကြီး တွေ ၊ ချင်း နဲ့ ကြက်သွန်ဖြူ နဲ့ ကြော် ထားတာ ၊ အဲဒါ က တော့ ကျုပ် တို့ ၊ ဘဒ္ဒိယ တို့ အကြိုက် ပေါ့ ။
ခုနက ပြော တဲ့ မန္တလေး မီးကြီး မလောင် ခင် က ကျုပ် တို့ ဆွမ်း တွေ ဆွမ်းဟင်း တွေ လှိုင်ပေါလယ် နေတာပေါ့ ။ ဒီ မီးကြီး ထဲ မှာ ကျုပ်တို့ ရဲ့ နိစ္စဘတ် ဆွမ်းတကာ တွေ ရဲ့ အိမ် တွေ အများကြီး ပါ သွားတယ် ။ အခုတော့ တချို့ ဆွမ်းတကာ တွေ ပဲ ရှိ တော့တယ် ။ တချို့ လည်း ရေ ကြည်ရာ ရေ ပေါရာ အရပ် ကို ပြောင်း သွားကြပြီ ။ မီး လောင်ပြီး မှ တချို့ လည်း နိစ္စဘတ်ဆွမ်း မလောင်းတော့ ပဲ အလျဉ်း သင့် သလို လောင်းလှူ ကြတယ် ။ ဆွမ်းတကာ တကာမ အသစ် တွေ က လည်း တိုး တော့ တိုးလာ ပါရဲ့ ။ အယင်က လောက် တော့ မများသေးဘူး ။ မန္တလေးမြို့ ရဲ့ အသည်းနှလုံး ကို နှုတ် သွားတဲ့ မီးကြီး ။ နည်း တဲ့ မီးကြီး လား ဗျာ ၊ အခုတော့ အသည်းနှလုံး အသစ် နဲ့ ဆိုပေမယ့် ဘယ် အသားကျ အုံး မလဲ ။ ဒီ ဒဏ် က နည်းတဲ့ ဒဏ် မှ မဟုတ်ပဲ ။ မီးလောင် ခံ ရတဲ့ လူထု က ပြာပုံ ထဲ က ကုန်းရုန်း ထ ကြရတာ ။ ဒါကြောင့် ဆွမ်း ကွမ်း မလောင်း နိုင်ကြသေး တာ ကျုပ် တို့ သိတာပေါ့ ။ ဒီလို မဟုတ်ယင် မြန်မာလူမျိုး ပါတဲ့ ဗျာ ၊ အလှူရေစက် လက် နဲ့ မကွာတဲ့ လူမျိုး ။ တချို့ က လည်း မီးလောင် ပြီး မှ “ မီးညွန့်တက် ” လာကြ သတဲ့ ၊ အယင် က တထပ်တိုက် နဲ့ လူ က အခု နှစ်ထပ် သုံးထပ် ။ အယင် က နှစ်ထပ် က အခု သုံးထပ် လေးထပ် ၊ ဒါကတော့ လူနည်းစု ဗျ ။ တချို့ လည်း လူသစ် တွေ ၊ ကျုပ် တို့ မျက်မှန်း မတန်းမိတဲ့ သူတွေ ။
သုနန္ဒ စာချိုး ချိုး နေတဲ့ ခင်မောင်ဝင်း - ချဉ်ပေါင်ဟင်း ဆိုတဲ့ ၊ ချဉ်ပေါင်ဟင်း အများ ဆုံး လောင်း နေကျ တကာ တော့ အဆောက်အဦ ပြန် မဆောက်နိုင် ရှာဘူး ။ သူ့ မြေကွက် မှာ စုံစမ်းရန် “ ညွန့်ဝေ ဆံသ ၊ ၃၂ - လမ်း ” ဆိုတဲ့ ဆိုင်းဘုတ် ထောင် ထားပုံ ထောက် တော့ မြေ ရောင်း ရတော့မယ့် ပုံ ပဲ ။ အခါကြီး ရက်ကြီး ဆိုယင် ပုန်းရည် နဲ့ ဝက်သား တို့ ၊ ဝက်ခြေထောက်ရိုး နဲ့ လက်ပံခေါင်းချဉ်ရည် တို့ လောင်းလှူ တတ် တဲ့ တကာမကြီး တို့ က တော့ အိမ် ငှား နေမယ့်လူ ဆီ က စပေါ် ယူပြီး နံကပ်တိုက်ကလေး ဆောက် ကာ ဆေး တောင် မသုတ်ရ သေးဘူး ၊ အထက် ထပ် မှာ သူတို့ နေ ကြတယ် ။ အောက်ထပ် တော့ အိမ်ငှား က စာအုပ် နဲ့ ကက်ဆက်ခွေ အငှားဆိုင် ဖွင့်လို့ ၊ ခု ဒီနည်း နဲ့ လူ တော်တော်များများ က ပြန် ထူထောင် နေကြ တယ်လေ ။
ဗိုလ်ချုပ်လမ်း ကျော် ယင် အသည်းနှလုံး အစားထိုး ထား တဲ့ ရပ်ကွက် အသစ် ကို ရောက် ပါပြီ ။ ဗိုလ်ချုပ်လမ်း ကျော် လိုက်တော့ ရွှေဖရုံသီးချက် လောင်းလှူ တဲ့ သူ နဲ့ ကြုံ ရတယ် ။ နောက် တကာ တဦး က ဆွမ်း ချည်း ပဲ လောင်းတယ် ။ ပြီးတော့ ဟို တလော က မှ ဖွင့် တဲ့ တည်းခိုခန်းရှင် အသားဝါဝါ နဲ့ တကာမ ပုပု က ဝက်အူချောင်း လက် နှစ်ဆစ် လောက် စီ ပိုင်းပြီး လောင်းတယ် ။ တပါး ကို ဘယ်နှစ် ချောင်း လောင်း သလဲ တော့ ကျုပ် လည်း မသိဘူး ။ ကျုပ် ဖို့ ရော သုနန္ဒ ကျပ် ထဲ ထည့် လောင်း ရဲ့ လား မသိ ။ ရေခဲစက် က လည်း ဆွမ်း ပဲ လောင်းတယ် ။ ဆောက် လက်စ နှစ်ထပ်တိုက် က ရွှေသွား တွေ နဲ့ အမယ်ကြီး က အီကြာကွေး တွေ လောင်းတယ် ။ တိုက် သံတံခါး ရဲ့ နောက် က ခွေးအမည်းကြီး က တော့ အစွယ် တွေ ဖြဲ လို့ ။ အယင် က ဒီ နေရာ မှာ ပျဉ်ထောင်အိမ်ကလေး ရှိတယ် လေ ။ ဒီလို အီကြာကွေး လောင်း တိုင်း ဆွမ်းစားကျောင်း စားပွဲ ပေါ် က ဘယ်သူ မှ မတို့မထိ ကြတဲ့ အီကြာကွေး ထည့် ထားတဲ့ လင်ပန်းကြီး ကို ပြန် မြင်ယောင် မိတယ် ။ တခါတလေ နှီးအုပ်ဆောင်း ရဲ့အမိုး ကို အီကြာကွေး ပုံကြီး က ထိ လို့ ။ ဘုန်းကြီး က ကျောင်း ကို လာတဲ့ ဧည့်သည် တို့ ၊ အာဂန္တု ဘုန်းကြီး တို့ ကို ဒီ မုန့် တွေ နဲ့ ဧည့်ခံ လေ့ ရှိတယ် ။ ဧည့်သည် တွေ က သိပ် မကြိုက်ကြပါဘူး ။ တပြ ဆက် သွားပြီး မြောက်ဖက် ချိုး လိုက်တော့ ထီဆိုင် က တိုရကြော် လောင်းတယ် ။ တိုရကြော် ပြီးတော့ ခပ်ဝဝ ဦးလေးကြီး က ဆွမ်း လောင်းတယ် ။ မြင်ဖူးနေ ကျ မဟုတ်ပါဘူး ။ ဝင်း ကြား ထဲ က ထွက် လောင်း တာ နေမှာပါ ။
ဆွမ်း လောင်းတယ် ဆိုတာ လည်း ရည်ရွယ်ချက် က အမျိုးမျိုး နိဗ္ဗာန် ကို ရည်သန် လို့ ၊ မွေးနေ့ မို့ ၊ ယတြာ ကြောင့် ၊ သွားလေသူ အတွက် ရည်စူး လို့ ၊ အကျဉ်းအကျပ် ရောက် နေသူ အတွက် ၊ အကြောင်းကြောင်း ကြောင့် ။
ဆံပင် အလှပြင်ဆိုင် တခု က ဘယာကြော် လောင်းလှူတယ် ။ ဒီ တကာမကြီး က အကြော် နှစ်ခု စီ ပူးပြီး ကိုင် ထားပုံ ထောက် တော့ တပါး ကို ဘယာကြော် နှစ်ခု စီ လောင်းတယ် ထင်ပါ ရဲ့ ၊ ဒီ ဆိုင် နဲ့ မျက်စောင်းထိုး အနောက်ဘက်တန်း က တည်းခိုခန်း က လည်း အီကြာကွေး တွေ လောင်းလှူ ပြန်တယ် ။ ကျုပ် က နောက် ကို အသာလေး လှည့် ကြည့်တော့ ကျုပ် လို ပဲ သုနန္ဒ လည်း အီကြာကွေး တွေ ကြည့်ပြီး စိတ် မချမ်းမသာ ဖြစ်နေပုံ ပဲ ၊ လောင်းလှူ နေတဲ့ မျက်ပေါက် ကျဉ်းကျဉ်း တကာမ မသိ အောင် ကျုပ် ကို မဲ့တယ် ဆိုရုံကလေး မဲ့ ပြတယ် ။ အဲဒီ က နေ ဆက်ပြီး မြောက်ဘက် တပြ လျှောက်ကြ ၊ ၂၉ - လမ်း ရောက် တော့ အနောက် ဝါးတန်း ဘက် ဆင်း ပြီး ကျောင်း ကို ပြန်ကြွ နေကျပေါ့ ။
အပြန် လမ်း မှာ ဆွမ်း လောင်း တဲ့ အိမ် တအိမ် ၊ ငပိချက် လား ၊ မန်းကျည်းသီးချက် လား မသိ ၊ အပေါ် ဆီပြန် နေတဲ့ ဆွမ်းဟင်း က တခွက် ၊ ပြီးတော့ ဘယာကြော်ချက် ၊ နောက်ပြီး တော့ လျှပ်စစ်ပစ္စည်း ရောင်း တဲ့ အသား ဖြူဖြူ မျက်လုံး မှေးမှေး နဲ့ တကာမ က အီကြာကွေး လောင်း ပြန် ပါတယ် ။အဲဒီ ဆိုင် ရှေ့ က ထွက် လို့ ခပ်လှမ်းလှမ်း ရောက် တော့ သုနန္ဒ က ကျုပ် ကို စကား တခွန်း အသံ ခပ်အုပ်အုပ် နဲ့ လှမ်း ပြောပါတယ် ။ ကျုပ် လည်း ကြေးစည်သံ နဲ့ မို့ ဘာ ပြောမှန်း မသိလိုက်ဘူး ။ ဘာများတုန်း လို့ နောက် လှည့် ကြည့်တော့ သုနန္ဒ က ဘာမှ မပြော သလို ခပ်တည်တည် ပါ ပဲ ၊ ကျုပ် လည်း အရေး မကြီးပေဘူး ထင်လို့ ကျောင်း ကျ မှ မေး တော့မယ် လို့ အောက်မေ့ လိုက်တယ် ။ ကျောင်း အပြန် လမ်း မှာ ဝါးတန်း နဲ့ ဒေါင်းရိုးရပ် က လည်း ဆွမ်း တွေ ၊ ဆွမ်းဟင်း တွေ တော်တော် ရပါတယ် ။
ဆွမ်းစားကျောင်း ပေါ် မှာ ဆရာတော် နဲ့ ဘုန်းကြီး တွေ က အရှေ့ဘက် စားပွဲဝိုင်း တဝိုင်း ၊ ဦးပဉ္ဇင်းကြီး တွေ နဲ့ ဦးပဉ္ဇင်းလေး တွေ က အနောက်ဘက် က စားပွဲဝိုင်း နဲ့ နှစ်ဝိုင်း ၊ ပြီးတော့ မှ ကိုရင်ကြီး တွေ ၊ ကိုရင် တွေ က တောင်ဘက် က တဝိုင်း ၊ မြောက်ဘက် က တဝိုင်း ၊ ကျုပ် တို့ ကျောင်း က တော့ ဒီလို ပဲ စုပြီး ဘုဉ်းပေး နေကျ ။ ဆွမ်းဘုဉ်း ပေးယင် စည်း နဲ့ ကမ်း နဲ့ တိတ်လို့ ဆိတ်လို့ ။ သူတော် တွေ နဲ့ ကျောင်းသား တွေ က ဆရာတော် ဆွမ်းဘုဉ်း ပေး တုန်း ယင်ယပ် ပေးရ ၊ ဆား ပေး ဆီ ယူ တောက်တို မယ်ရ လုပ်ပေး ရတာပေါ့ ။ ဆရာတော် များ ၊ သံဃာတော် များ ဘုဉ်းပေး ပြီး မှ ကျုပ်တို့ သူတော် တွေ နဲ့ ပေသီး တို့ ၊ ချက်ဖေါင်း တို့ ကျောင်းသား တွေ စားကြ ရတယ် ။
ဆရာတော် က ဆွမ်းဘုဉ်း ပေးပြီး လို့ လက်ဖက်ရည်ကြမ်း နဲ့ ဧလမုန့် ၊ ငှက်ပျောသီးကြော် စတဲ့ အချို ကို ဘုဉ်းပေး ယင်း သူတော် သုနန္ဒ ကို လှမ်း ခေါ် လိုက်တယ် ။
ကျုပ် က ခပ်လှမ်းလှမ်း ရောက် နေလို့ ဆရာတော် မိန့်တာ အကုန် မကြားရဘူး ။
.....................
.....................
“ မေ့သွားလို့ပါ ဘုရား ”
“ ဘာ မေ့သွားလို့လဲ ၊ နောက် ဆွမ်းခံ ကြွယင်း စကား ပြောယင် ကြိမ် နဲ့ အဆော် ပဲ ”
ဆရာတော် က ဆွမ်း ခံယင် ဣန္ဒြေ နဲ့ ကြွ ဖို့ ကျုပ်တို့ ကို အမြဲ ဆုံးမ နေကျ ။ အခုနေ ကျုပ် သူတော် သုနန္ဒ ဝတ္ထု နဲ့ ကာတွန်း တွေ ခိုး ဖတ် တဲ့ အကြောင်း အဆင်း တွန်း လိုက် ရယင် တော့ အကွက်ကောင်း ပေါ့ ။ သုနန္ဒ က တော့ ငြိမ် လို့ ၊ မျက်လွှာကလေး အောက် ချလို့ အပြစ် ရှိကြောင်း သူ့ မျက်နှာ က သက်သေခံ နေတယ် ။
“ နင် ပြောတဲ့ စကား ကို ငါ မကြားဘူး မှတ်သလား ”
ဆရာတော် ရဲ့ အသံ က ခုန က ထက် ပို မာလာတယ် ။ မနက် က ကျုပ် ကို ဆရာတော် ငေါက်တယ် ။ အခု နေ့လည် ကျ သုနန္ဒ အလှည့် ၊ ကျုပ် အဆင်း တွန်း စရာ တောင် မလိုတော့ ဘူးလေ ။
“ နောင် ဒီလို ပြောသံ ကြား ယင် သဲဒဏ် ရေဒဏ် ပေးမယ် ကြားလား ”
“ မှန် ... မှန်ပါ့ဘုရား ”
“ သူတော် က ဘာများ ပြောလို့တုန်း ဘုရား ”
ဦးဇင်းပြုံးညို က ဖြတ်ပြီး မေး ပါတယ် ။
“ အီကြာကွေး တွေ လောင်းလှူတော့ ဘာတဲ့ နင် ပြောတာ ”
သုနန္ဒ ကြည့် ရတာ ကြောက် နေပုံပဲ ၊ တော်တော် နဲ့ စကား ပြော မထွက်ဘူး ။
“ မှန် ... မှန်ပါ ၊ ကြာယင် ဘိုးသူတော် မျက်စိ လည် လေ ၊ အီကြာကွေး ရလေ ဖြစ်ကုန်တော့မှာ ပဲ လို့ ပြောမိတာပါ ဘုရား ”
သူ့ စကား ကြားတော့ ကျုပ်တို့ ရယ်မိတယ် ။ ဘဒ္ဒိယ နဲ့ ချက်ဖောင်း တို့ က ဆိုယင် အသံများ တောင် ထွက်လို့ ရယ် လိုက်ကြတာ ။ သူ့ စကားကြောင့် သတိရ လို့ ပုဂံစင် နား က နှီးအုပ်ဆောင်း ကို လှမ်း ကြည့် မိတော့ သူ ပြော လည်း ပြောစရာပဲ ၊ “ သုနန္ဒ ပြော တာတွေ ” နည်းလိုက်ပေါင် ဗျာ ။
ဒါပေမယ့် ကိုယ်တော်ကြီး တွေ ၊ ဦးပဉ္ဇင်း တွေ က ရယ် ဖို့ နေနေသာသာ ပြုံးတောင် မပြုံးကြဘူး ။
ကျုပ်တို့ အဖို့ ပြက်လုံးကြီး တလုံး လို ရယ်စရာ ကောင်း တဲ့ စကား ကို ၊ ဘာလို့ မပြုံးကြတာ လည်း တော့ ကျုပ် လည်း မသိဘူး ။ သက်ကြီးဝါကြီး ဆိုတာ အမြော်အမြင် ကြီးတယ် မဟုတ်လား ။ ဘာလို့ မရယ်ကြ မပြုံးကြ သလဲ .... ။ ပြီးမှ ဦးပဉ္ဇင်း တွေ ကို မေးရ အုံးမယ် ။
◾ညီပုလေး
📖 ရင်ခုန်ပွင့် မဂ္ဂဇင်း
၁၉၈၇ ၊ ဇူလိုင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment