❝ ဖျော်ဖြေသူ ❞
( ပီမိုးနင်း )
“ လူပေါင်းတစ်ရာလျှင် ငါးဆယ်ပင် ရှိလေမည်လား ။ ခုနစ်ဆယ် ၊ ရှစ်ဆယ်ပင် ရှိလေမည်လား ။ တစ်ရာလျှင် တစ်ရာပင် ရှိပေမည်လား ” ဟု ပုံသေကားကျ မပြောနိုင်သော်လည်း အောက်ပါ နည်းမျိုးအတိုင်း အသည်းညှာကလေးမှာ မှိတ်တုတ်မှိတ်တုတ်နှင့် စွဲ၍နေသော မီးကလေး တစ်မျိုး ရှိတတ်ကြသည်ကား အမြင်အားဖြင့် အများကြီး သိသာလေသည် ။
ဒေါ်မြင့်နှင့် ဦးဘဆိုင်တို့မှာ အရွယ်အားဖြင့် မတိမ်းမယိမ်း အတူတူလို မှတ်ထင်ရ၏ ။ ယောက်ျားများသည် ယခုခေတ်ကာလ မိန်းမများထက် အရွယ်တင်တတ်သည်ကို ထောက်လျှင် ဦးဘဆိုင်က “ လေးငါးခြောက်နှစ် ပို၍များ ကြီးလေမလား ” ဟု တွေးဖွယ်ရာ ရှိ၏ ။ နှစ်ယောက်စလုံးမှာကား အရွယ်ကောင်း ဖြစ်ကြလေ၏ ။
ဦးဘဆိုင်မှာ မယားရှိလင် ဖြစ်၏ ။ ဒေါ်မြင့်မှာ မုဆိုးမ သားမရှိ ၊ မွေးစားသော ကလေးတစ်ယောက် သေဆုံးဖူးလေရာ “ မေမေ ” ဟု ထိုကလေး မသေမီကသာ အခေါ်ခံခဲ့ရလေ၏ ။ လယ်ယာအိမ်ခြေ အခြေအနေနှင့် ပြည့်စုံလျက် မျိုးရိုးလည်း ကောင်း ၊ ဘုရား ၊ တရား ကြည်ညိုလျက် ဥပုသ်သီတင်းနှင့် နေလေ့ရှိလေရာ ဒေါ်မြင့် နှင့် မိခင်အိုမှာ ရပ်ရွာ၌ ထင်ရှားသလောက် လေးစားခင်မင်သူလည်း များကြလေ၏ ။ ၎င်းတို့၏ ဂုဏ်ကျက်သရေ ဖြူစင်ခြင်းမှာ ဒေါ်မြင့်၏ ယောက်ျား ပွဲစားကြီး ကွယ်လွန် အနိစ္စ ရောက်ကတည်းက ယခုအထိ မိုးမထင်းသော အကွက်အပြောက် ဟူ၍ မရှိခဲ့ချေ ။ သို့ဖြစ်လေရာ ဦးဘဆိုင်၏ ဇနီးဖြစ်သူမှာ ဒေါ်မြင့်ထံ နေ့စဉ်နေ့တိုင်း မပြတ်မလပ် သွားလေ့ရှိသော လင်ယောက်ျားအတွက် ရင်ထဲမှာ အငွေ့ တရှိန်ရှိန် ဒီဂရီ အပူချိန်ကလေးသည် မဆူမဝေသော်လည်း အဘယ်အခါမှာမှ အမူးမပြေသလို ဖြစ်၍နေလေ၏ ။
“ ရှင် ဘာပြုလို့ ဟိုအိမ်ကိုချည်း နေ့စဉ် သွားရတာလဲ ။ ဘယ်သို့ပဲ ဘယ်ညာပဲ ” စသည်ဖြင့် လူသူလေးပါး ကြားအောင် မဆိုထားဘိ ။ အိပ်ရာ၌ တိုးတိုးတိတ်တိတ် ကျိတ်ကာမျှ မပြောသာအောင် ရှိ၍ နေလေ၏ ။
သို့မပြောသာခြင်းမှာ ဦးဘဆိုင် ကိုယ်တိုင်ကလည်း “ ဂုဏ်သိက္ခာနှင့် လွန်စွာ ပြည့်စုံသောကြောင့် တစ်ကြောင်း ၊ ဒေါ်မြင့်၏ ဂုဏ်သိမ်ဒြပ်ကလည်း ဦးဘဆိုင် ထက်ပင် မြင့်သလို ဖြစ်၍ နေသောကြောင့် မတော်တလျော်ဖြင့် မဖြစ်တန်ပါဘူး ” ဟု အောက်မေ့ကာ စိတ်ကို ဖြေရခြင်းကြောင့် ဖြစ်၏ ။
ဒေါ်မြင့်တို့ သားအမိကလည်း ဦးဘဆိုင် တစ်နေ့ မပေါ်လာလျှင် တမျှော်မျှော် နေကြရှာလေ၏ ။ စားစရာ ၊ သောက်စရာ အကောင်းအမွန်ကလေး ရှိလျှင် ဦးဘဆိုင်ကို သတိရကြ၏ ။ တစ်နေ့ မပေါ်လာလျှင် “ ဘာများ ဖြစ်လို့ပါလိမ့် ၊ နေထိုင်မကောင်းလို့ပဲလား ။ စိတ်စက်များ မကောင်းစရာ တစ်ခုခု ဖြစ်လေသလား ။ အရောင်းအဝယ် အလုပ်အကိုင်များကလည်း တယ်ကြီး အပေါက်အလမ်း မတည့်လေတော့ ကြံရ ၊ စည်ရ ထင်ပါရဲ့ ” စသည်ဖြင့် သားအမိ နှစ်ယောက် ပြောဆိုကာ အရိပ်အယောင်ကို လူကိုယ်တိုင်ကပင် ဂရုမစိုက်စေကာမူ မျက်လုံးများက ထင်မြင် ဂရုစိုက်၍ နေလေ့ ရှိကြလေ၏ ။
ဒေါ်မြင့်မှာ ငယ်စဉ်က ရှိဖူးသော အဆင်း၏ ထူးမြတ်ခြင်းသည် မယုတ်မလျော့ ကြော့နေအောင် ဆင်လိုက်လျှင် မော့နေအောင် ကြည့်၍ ကောင်းသေး၏ ။ ဦးဘဆိုင်မှာကား အသားညိုချော သျှောင်ထုံးကြီး နှင့် ပေါ်သမျှ အဆင်ဆန်းမှာက ဘာမဆို ကိုယ်မှကပ်လျှင် ကွင်းခနဲထင်းခနဲ ထင်ရှားသူ ဖြစ်လေ၏ ။ သို့ဖြစ်လေရာ ရုပ်ချောသူနှစ်ဦး ဤကဲ့သို့ ဣန္ဒြေရရ ခင်မင်၍ နေကြခြင်းဟာ ဟိုသင်းသည်သင်း စိတ်မျိုးတော့ ဧကန် ကင်းကြမှာ မဟုတ်ဘူး ။ ဧကန်တော့ ဧကန်ပဲ ။ ဘယ်လို ဧကန်မှန်းမသိ ။ ရိုးရိုးသားသားဖြင့် သင်းတို့ သည်လောက်တောင် ခင်နိုင်မှာ မဟုတ်ဘူး ” ဟူသော ထင်မြင်ချက် မျိုးကို ပေးကြ၏ ။ အချို့ကလည်း “ ရိုးရိုးသားသား ထင်ပါလေ ။ လူကြီးလူကောင်း ဆွေနှင့်မျိုးနှင့် ဂုဏ်နှင့် အသရေနဲ့ မမြင့်တို့ သားအမိကလည်း ဆွေနှင့်မျိုးနှင့် နေကြသူတွေမို့ ကိုဘဆိုင် ကပင် စိတ်ထဲမှာ တစ်မျိုးတစ်မည် ပုထုဇဉ်မျိုးမို့ ဖြစ်စေကာမူ မမြင့် ကတော့ ဒီလို ဟုတ်မယ် မထင်ပါဘူး ။ လွတ်လွတ်ကင်းကင်းလည်း မဟုတ် ” ဟူသော ထင်မြင်ချက်မျိုးကို ပေးကြလေ၏ ။
ထိုထင်မြင်ချက် နှစ်ရပ်မှာ အဘယ်က မှန်မည်ကိုကား ဖြစ်ပျက်ပုံ လမ်းစဉ်ဖြင့် ဆုံးဖြတ်ဖို့သာ ရှိလေ၏ ။ အကြောင်းမူကား အချို့လည်း ဂုဏ်အသရေ ဟိရိ ခေါ်သည့် သံကွန်ချာကြီးနှင့် နေကြရသဖြင့် ဣန္ဒြေရကြ ၏ ။ အချို့မှာလည်း အထက်ဖော်ပြခဲ့သော မီးရိပ်မီးငွေ့ကလေးသည် ထိုသံကွန်ချာကို မနိုင့်တနိုင်နှင့် ရှို့မြို့က် ဖျက်ဆီးရန် ကြိုးစား၍ နေတတ်လေရာ အဘယ်သို့သော နည်းမျိုး ဖြစ်မည်ကို အောက်ပါ အကျိုးအကြောင်း ဖြင့်သာ သိဖွယ်ဖြစ်ပေသတည်း ။
သို့နေကြလေရာ အထက်ဖော်ပြသည့် နည်းအတိုင်း ဦးဘဆိုင်သည် အခါလည် နီးနီး နေခဲ့လေ၏ ။ သို့နေနိုင်ခြင်းမှာ အခြားကြောင့် မဟုတ် ။ ရှေးအခါ ကောင်းစဉ်က ရှာဖွေစုဆောင်းထားရှိသော ပစ္စည်းကလေးများကို အရင်းတည်ကာ ဇနီးသည်ဖြစ်သူမှာ ဈေးထဲ၌ သင့်တင့်လျောက်ပတ်သော ကုန်ဆိုင်ကလေး ရှိခြင်းကြောင့် ဖြစ်လေ၏ ။ ဒေါ်မြင့်တို့ သားအမိမှာကား အကုန်အကျ နည်းပါးအခါပင် မကောင်းငြားလည်း လယ်ထောက်ခ စပါးကလေးများမှာ သားအမိနှစ်ယောက် လှူနိုင် တန်းနိုင်လောက်အောင် ပိုမိုလေ၏ ။
ဦးဘဆိုင်မှာ မိမိ၏ အိမ်၌ ထမင်းစားရုံနှင့် အိပ်ရုံသာ နေ၍ အများဆုံး အချိန်ကို ဒေါ်မြင့်တို့ အိမ်ဦးခန်း လက်ဖက်ရည်ကြမ်းအိုးအနီး ပြောင်လက်သော သင်ဖြူး ဖျာပေါ်တွင် ဝမ်းလျားမှောက်ကာ ရှေးကြောင်း နောက်ကြောင်း အလုပ်အကိုင် ရပ်ရွာအရေး ဆွေမျိုးကိစ္စ သာသနာ အကြောင်း စသည်များကို ပြောရင်း ပြောသူရှိက နားထောင်ရင်း အချိန်ကို ကုန်စေလေ၏ ။ ထိုအိမ်၌ ဒေါ်မြင့်၏ ဆွေမျိုးပေါက်ဖော် တူသားများလည်း အမြဲမပြတ် လိုလို ရှိကြလေရာ ဦးဘဆိုင်၏ ဇနီးသည် စိတ်မှာ တောင်တောင်မြောက်မြောက် တွေးတော၍ နေဖို့ရာ အကြောင်း တစ်စုံတစ်ရာ မရှိ ။ ပိန်ကြုံသော ရင်အုံကလေးမှာ တနွေးနွေးနှင့် ဈေးရောင်းခြင်း အလုပ်ကို မပျက်မကွက် လုပ်နိုင်လေ၏ ။
ဦးဘဆိုင်နှင့် ဒေါ်မြင့်တို့ ပြောကြသော စကားများမှာ ကလေးကလား အသေးအမွှား ပါရှိသည် ဟူ၍ မကြားရ ။ ရဟန်းနှင့် ရဟန်းအမ တွေ့ကြသော တည်ကြည်ခြင်းမျိုးနှင့် ပြောဆိုကြခြင်း ဖြစ်လေရာ စိတ်မချဖွယ်ရာ အကြောင်းတစ်စုံတစ်ရာ မရှိချေ ။ သို့သော်လည်း ဦးဘဆိုင်၏ ဇနီးသည် ဒေါ်အေးမှာ နဂိုက အေးအေးနေတတ်သူ ဖြစ်သဖြင့် ဘာကိုမျှ မပြောသော်လည်း အချို့သော ရှေးလူကြီးများ ပြောလေ့ရှိသလို ပုထုဇဉ်ပေလား မသိရ ။ အသားအရေ မကြည်မလင် အဘယ်အခါမျှ ရွှင်ရွှင်ပျပျကြီး မရှိသည်ကို သိနိုင်လေသတည်း ။
သို့နေကြခိုက်တွင် တစ်နေ့သောအခါ ဦးဘဆိုင် မပေါ်လာဘဲ နေသဖြင့် တမျှော်မျှော် သားအမိ နှစ်ယောက် နေခိုက်မှာ သုတ်သီးသုတ်ပျာ ထုံးနေကျ သျှောင်ကြီးမျှ သေသေချာချာ မပါမလာဘဲ ရှပ်အင်္ကျီနှင့် အဝေး၌ လျှောက်၍ သွားသည်ကို သားအမိ နှစ်ယောက် မြင်ကြရလေလျှင် ကပျာကယာ ထားတတ်၍ မျှော်ကြလျက် ရင်ကိုနှိပ်ကာ “ ဘုရား .. ဘုရား ၊ ဘာများပါလိမ့် သမီးရေ ၊ ဟုတ်မှ ဟုတ်ကဲ့လား ။ မောင်ဘဆိုင်ပဲလား ။ ဘာအရေးများ ပါလိမ့်မတုံး ။ ခေါ်စမ်းပါဦး ”
“ ဟုတ်တယ် အမေ ၊ ခါတိုင်းနှင့် မတူရှာဘူး ။ ဘာများ ဖြစ်ပါလိမ့်မလဲ ။ ခုတင်ကတော့ လှည့်ကြည့်သွားတယ်ပဲ ” ဟု ပူပင်စွာ ပြန်၍ ပြောလေ၏ ။ ထိုအခိုက်တွင် ဦးဘဆိုင်တို့ အိမ်ဘက်မှ လျှောက်၍လာသော မိန်းမကြီး တစ်ယောက်ကို မြင်သဖြင့် ဒေါ်မြင့်က လှမ်းတဲ့ကာ “ မဖော့ ၊ ခုတင်ကသွားတာ ကိုဘဆိုင် မဟုတ်လား ။ ဘာများ ကြားရသလဲ ။ အရေးကြီးပုံကလား ” ဟု ဒေါ်မြင့်က မေးလေ၏ ။
“ မသိသေးဘူးလား ၊ မအေး မနည်း ဖြစ်နေတယ် ။ ကျုပ်လည်း ခုပဲ ကြည့်ပြီး ချွေးမကိစ္စကြောင့် ထလာခဲ့ရတယ် ”
“ အလို.. ဖြစ်မှဖြစ်ရလေ ၊ မအေးလေ ။ နေပါဦး ။ နို့ ... မနက်က အကောင်းသားပါကလား ”
“ အကောင်းသားပဲ ။ ရင်ထဲက အောင့်တယ် ဆိုပြီး ဈေးက ပြန်လာခဲ့တယ် ။ အိမ်ရောက်တော့မှ အသည်းအသန် ဖြစ်တာပဲ ။ ရမယ် မထင်ဘူး ။ ကိုဘဆိုင်တော့ ဒေါက်တာကိုမောင်ဆီ သွားတာပဲ ” ဟု ပြောပြီး မဖော့ ထွက်၍ သွားလေ၏ ။
မြင့် ။ ။ “ သြ … ဒုက္ခ ဒုက္ခ ။ ဖြစ်မှ ဖြစ်ရလေဟယ် ။ ကျွန်မ သွားကြည့်လိုက်ဦးမှပဲ ”
“ အေး သမီးရယ် ၊ သွားကြည့်လိုက်ပါဦး ။ မောင်ဘဆိုင် မှာလည်း တစ်ယောက်တည်း နားမလည်ပါးမလည်နဲ့ ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမှာပါပဲ ”
“ ဟုတ်ကဲ့ အမေ ၊ ဪ ... မအေး ၊ မအေး မနက်ကပဲ စောင်ကလေးခြုံလို့ ဈေးထွက်သွားတာ မြင်လိုက်ရသေးတယ် ။ မိန်းမက အင်မတန် ပျော့တာပဲ အမေရဲ့ ။ ချမ်းသာပါစေတော် ” စသည်ဖြင့် ကရုဏာ ၊ မုဒိတာ ၊ မေတ္တာ စကားကလေးတွေကို တဖျစ်တောက်တောက် ပြောရင်း ညည်းညည်းညူညူနှင့် အိမ်ခြေရင်း ပြတင်းပေါက် အနီးရှိ ထောက်မှန်ကြီးရှေ့သို့ သွား၍ ပုဆစ်တုပ်ကာ ဆံပင်များကို ကျင်လည်သော လက်များနှင့် လျင်မြန်စွာ ဖြီးလိမ်း ၊ သနပ်ခါးမှုန့်ကလေးများနှင့် မျက်နှာ ၊ လည်ပင်း တို့ကို ပွတ်သပ် ၊ ကတ္တီပါ ကြက်သွေးရောင် ထဘီကို ကပျာကယာလဲ ၊ ပုံတော်ဖိနပ်ကို စွပ် ၊ စိုင်ချိုပေါ် ချိတ်ထားသည့် ဖဲတွန့်ပဝါ နံ့သာရောင် ကို တင်၍ အမေကြီး အနီးရှိ ကွမ်းအစ်ကြီးမှာ ထိုင် ၊ ကပျာကယာ ကွမ်း တစ်ယာ ပါးစပ်ထဲကို ထည့်ပြီး ပေါ့ပါးလျင်မြန်စွာ အိမ်ပေါ်က တဖျတ်ဖျတ် ဆင်း၍ သွားရာတွင် “ ကိုဘဆိုင်တော့ မုဆိုးဖို ဖြစ်ပြီး အသက်မှ ငါ မီပါ့မလား ။ သေမှာပါပဲ ။ သည်မိန်းမဟာ အမြဲ မောနေတာပါပဲ ။ ကူငွေ တစ်ဆယ်လောက်တော့ ကုန်ပါစေတော့လေ ။ မသာကိစ္စ ဆိုတာ ဝန်အလေးသား ။ ကိုဘဆိုင် ကလည်း ဘာမှ နားမလည် ။ ကိုယ့်အပူ ကပ်သေးရဲ့ ။ သားသမီး မကျန်ရစ်လို့ တော်သေးရဲ့ ။ ကိုဘဆိုင် သနားစရာ ကောင်းတာပဲ ။ တစ်ခါမှ အပူ မတွေ့ရှာသေးဘူး ” ဟု တွေးတောသွား လေ၏ ။
ဒေါ်မြင့် ထွက်၍ သွားရာ လမ်း၌ မိန်းမကြီး တစ်ယောက်က “ မမြင့် မြန်လှချည်လား ၊ ဘယ်ကိုလဲ ” ဟု မေးရာ “ မသာအိမ်ကိုလေ ” ဟု ယောင်၍ ပြောပြီး ဆက်၍ သွားလေ၏ ။
မိန်းမကြီး “ နေပါဦး မမြင့်ရဲ့ ၊ ဘယ်က မသာလဲ ”
မြင့် ။ ။ “ အလို မတုတ်နှယ် ၊ နိမိတ်မရှိ ၊ နမာမရှိ ။ ဘယ်က မသာရမလဲရှင့် ။ မအေး အသည်းအသန် ဖြစ်နေတာပါ ”
တုတ် ။ ။ “ ဟင် ... ခုပဲ မမြင့်က မသာလို့ ပြောလို့ ”
မြင့် ။ ။ “ မပြောမိပေါင် မတုတ်ရယ် ။ စပ်စပ်ဖာဖာ ၊ မအေး မနည်းဖြစ်တာ ပြောတာပါ ။ ရှင့် နားနှယ် ကြားတတ် ၊ ကြားတတ်ပလေတယ် ”
“ ပြောတတ်ပေါင် မမြင့်ရယ် ၊ မအေး မနည်းဖြစ်နေသလား ။ ကျုပ်က မသာ ပြောလိုက်သလားလို့ ။ သည်လိုဖြင့် သေဖြစ်ပါပြီ ။ စိတ်ချသာ သွားပါတော့ ။ ကျုပ်လည်း ဈေးက ပြန်မှ ဝင်ရဦးမယ် ” ဟု ပြောပြီး ထွက်၍သွားသော ဒေါ်တုတ်သည် မျက်စောင်းထိုးကာ မမြင့်ကို လှည့်ကြည့်ပြီး မိန်းမကဖြင့် “ မအေး မနည်းဖြစ်တာနှင့် သပြီး သွားလိုက်တာ ။ နှုတ်ခမ်းကလေးများတောင် ကွမ်းသွေးရောင်နှင့် ချောလည်း ချောပါပေတယ် ။ ဒါထက် မဟုတ်ပါဘူး ။ ဒီကောင်မဟာ သင်းပါးစပ်က မသာလို့ ပြောတာ ငါ့နားနဲ့ ဆတ်ဆတ် ကြားရက်သားနဲ့ ။ အတင်းခံ ငြင်းသွားသေးတယ် ။ ဘယ့်နှယ်ကောင်မပါလိမ့် ။ ငါ့နား ကပဲ ငါ့ကို အကြောင်ရိုက်တာလား ။ သင်း အကြောင် ရိုက်တာလား ။ တစ်ခုခုပဲ ။ သိပြီ ၊ သိပြီ ။ ဪ ... ဒါကြောင့်ကိုး ။ ဒါ့ကြောင့် ဒါ့ကြောင့် ၊ အာဂကောင်မ ။ ဝတ်စားသွားလိုက်တာ ကြော့လို့ ။ ဝမ်းသာလွန်းလို့ မှတ်တယ် ။ အဲလေ ... မအေး သေရင် ဖြစ်ကြမှာပါပဲ ၊ တော်လည်း တော်ပါရဲ့ ။ နှစ်ယောက်စလုံးက ဘယ်သူ့မှ ဆိုစရာ မရှိ ။ သင်းတို့ တစ်ခုခုများ လုပ်လေရော့လား ။ မအေး လောလောလတ်လတ် မနည်းဖြစ်တာ ။ အံ့ဩစရာပဲ ” စသည်ဖြင့် တွေး၍သွား၏ ။
ဒေါ်မြင့် ရောက်သောအခါ မအေး အသက်ပျောက်၍ နေသည်ကို တွေ့ ရလေ၏ ။ ခဏအတွင်း ဦးဘဆိုင် နှင့် ဆရာဝန် ရောက်၍ လာလေ၏ ။ ဦးဘဆိုင်လည်း အလောင်းကို ကြည့်ကာ မျက်နှာမှာ သွေးရောင် တောက်၍ လာပြီး “ ဟီ ” ဟု ညည်းလျက် မျက်နှာကို ပွတ်ကာ အိမ်ပြင်သို့ ထွက်၍ သွားရာ ဒေါ်မြင့်သည် ပူစရာပင်စရာ မရှိဘဲ တစ်ကိုယ်ရေ လူပျိုကြီး ဖြစ်ကာ ကျန်ရစ်ရှာသော ဦးဘဆိုင်ကို သေသူထက် ပိုမို၍ မသနားမကြင်နာဘဲ မနေနိုင်တော့ချေ ။ ဦးဘဆိုင်အား လွန်စွာ ကရုဏာသက်သော မျက်နှာထားနှင့် စိုက်ကာ ကြည့်မိလေ၏ ။ သို့ကြည့်မိသည်ကို အနီးအပါးရှိ ပရိသတ်တို့ကလည်း သတိထားမိကြလေ၏ ။ အကြောင်းမူကား “ မအေး သေလျှင် အဘယ်သို့ အဘယ်ညာ ဖြစ်မည်ကို ပြောဆို တွေးတောပြီး ဖြစ်ကြသဖြင့် လမ်း၌ ဒေါ်တုတ်အား ဒေါ်မြင့် ပြောလိုက်သော စကားအမှားကလေး တစ်လုံးသည်လည်း ဈေးလယ်သို့ ဗုံးကျ၍ ပေါက်သလို သေးငယ်သော မြို့ကလေး၏ ရှေ့နောက် ၊ တောင်မြောက် ၊ အရပ်လေးမျက်နှာ ၊ အရပ်ရှစ်မျက်နှာသို့ လျင်မြန်သောအရှိန်နှင့် လာရောက် ပျံ့နှံ့ပြီး ဖြစ်လေ၏ ။
ဒေါ်မြင့်လည်း အခြား နီးစပ်သဖြင့် ကြည့်ရှုကူညီရန် လာသူတို့နှင့် အနည်းငယ်မျှ လုပ်ကိုင်ရန် ကိစ္စများနှင့် ပတ်သက်၍ ပြောဆိုပြီး “ အီး ” ဟု ဆွဲငင်စွာ ညည်းပြီး ထရင်း “ သူပြီး ငါပျောက် ၊ သေမင်းနိုင်ငံ တစ်လှည့်စီ ရောက်ကြရတာပေါ့လေ ။ ကိုင်း ... သွားလိုက်ဦး ၊ အိမ်မှာလည်း ဘယ်သူမှမရှိ ” ဟု ပြော၍ ထအလာမှာ အိမ်ရှေ့ ပက်လက်ကုလားထိုင်ပေါ်တွင် ပက်လက်လှန်နေသော ဦးဘဆိုင်က ထ၍ ထိုင်ပြီး “ သွားတော့မလား ၊ အင်း ... အင်း ပြန်လေ မထူးပါဘူး ” ဟု ပြောရင်း ဇနီးသည်၏ အလောင်းရှိရာသို့ သွားမလိုလို ထ၍ လာလေရာ ဒေါ်မြင့်က အသုဘကိစ္စ စီမံလုပ်ကိုင်ဖို့ အရေးများနှင့် ပတ်သက် ၍ အကြံဉာဏ် စကားအနည်းငယ်မျှကို ပြောပြီး အိမ်ပေါ် မှ ဆင်း၍ သွားလေ၏ ။
ထိုနေ့မှစ၍ ဒေါ်မြင့်သည် မသာအိမ်၌ ကြီးမှူး အုပ်ချုပ်စီမံရာ မသာချ၍ ပြီးသောအခါကျမှ အိမ်ကို ပြန်ရလေ၏ ။
ဒေါ်မြင့်တို့ သားအမိ နှစ်ယောက်သည် ဦးဘဆိုင်၏ အကြောင်းကိုသာ ပြောဆိုကာ ဦးဘဆိုင် အတွက် ပူပင်၍သာ နေကြလေ၏ ။ ဦးဘဆိုင်သည်ကား အိမ်ကို မပေါ်လာဘဲ နေလေ၏ ။ အကြောင်းမူကား မိမိ၏ နာမည်နှင့် ဒေါ်မြင့်၏ နာမည်ကို ပူးတွဲကာ အရပ်ထဲ၌ လည်းကောင်း ၊ ဈေး၌ လည်းကောင်း ၊ ပြောကြဆိုကြ ထင်မြင်ချက်ပေးကြသည်ကို ကြားရသဖြင့် သွားရမည့်အတွက် ရှက်ကိုးရှက်ကန်း ဖြစ်၍နေလေ၏ ။
ဒေါ်မြင့်တို့ သားအမိလည်း ထိုသတင်းစကားများကို ကြားကြရ၏ ။ ကြားသော်လည်း အများထင်မြင်ချက် အတိုင်း “ မလွဲအမှန် ဖြစ်ရတော့မှာပဲ ” ဟူ၍ စိတ်ချကာ ထိုအရေးနှင့် ပတ်သက်၍ “ ရှက်ကြောက်စရာ အကြောင်း မရှိ ” ဟု သဘောထားကြလေ၏ ။
လူတို့၏ စိတ်၌ ထိုအရေးကိစ္စမျိုးတွင် သင့်တင့် လျောက်ပတ်စွာ အကြောင်းတိုက်ဆိုင် ဖြစ်ပျက်ဖို့ကို လိုလားကြသော ဓမ္မတာအတိုင်း “ အတော်သားပဲ ၊ အထက်ကလည်း မေတ္တာရှိခဲ့ကြပြီးမို့ လွှဲဖို့တော့ မရှိပါဘူး ။ နှစ်ယောက်စလုံးမှာ ပြောစရာ ဘာမှမရှိဘူး ။ ရှေ့သွားနောက်လိုက် အင်မတန် ညီမှာပဲ ။ လူကြီးသူကြီး ပီပီ တင့်တင့်တယ်တယ်မို့ ကဲ့ရဲ့စရာ မရှိပါဘူး ” ဟူသော စကားများသည် ဒေါ်မြင့်မြင့်၏ နားသို့ ရောက်ကာ ဒေါ်မြင့်ကို အားပေးလေ၏ ။
ဦးဘဆိုင်သည် ဒေါ်မြင့်တို့ အိမ်သို့ မသွားဘဲ နေသည်မှာ တစ်လကျော်ကျော် ကြာ၍ သွားလေ၏ ။ သို့ မသွားဘဲ နေခြင်းသည် အရပ်စကားကို တိုး၍ ပျံ့နှံ့အောင် ပြုသကဲ့သို့ ဖြစ်လေ၏ ။
“ ရှက်လို့ မလာတာ ထင်ပါရဲ့ ။ သူ့စိတ်ထဲမှာ ပယောဂ တစ်စုံတစ်ရာမျှ မရှိ ။ ရိုးရိုးတန်းတန်း ဖြစ်ရင် လာမှာပဲ ။ အခုလို နေခြင်း ၊ ရှေးအခါက ထားရှိသော စိတ်သဘောနှင့်မတူ ။ ငါ့အပေါ်၌ ကြည်ဖြူသော စိတ်ဟာ တစ်မျိုးသော အခြေသို့ ပြောင်းလဲဖောက်ပြန်သည့် အတွက်ကြောင့်ပဲ ” စသည်ဖြင့် တွေးကာ ဒေါ်မြင့်၏ နှလုံးသည် ဦးဘဆိုင်တည်း ဟူသော ငါးကြီး၏ ရှေ့၌ တဆတ်ဆတ် လှုပ်၍ နေသော အသားတစ်လို ဖြစ်၍ နေလေ၏ ။
မိခင်ဖြစ်သူ ကိုယ်တိုင်ကလည်း ဦးဘဆိုင် အပေါ်၌ ကြည်ဖြူလိုလားစိတ် ရှိနှင့်ပြီးဖြစ်လေရာ မပေါ်လာ ၊ မပေါ်လာနှင့် မျှော်ကာသာ နေရှာလေ၏ ။
“ ဘယ်လိုများ စားသောက်နေပါလိမ့်မလဲ ။ ချက်ပြုတ် ကျွေးပါလိမ့်မလဲ ။ အဝတ်အစားမှ လျှော်ပေးသူ ရှိပါ့ မလား ။ ညကျ အိပ်ရာ ဘယ်သူ ခင်းပေးပါလိမ့်မလဲ ” စသည်ဖြင့် ပူပင်စပြုကြလေ၏ ။ တစ်နေ့သ၌ ဒေါ်တုတ် သည် ဒေါ်မြင့် ထံ ရောက်လာပြီး စက္ကူအထုပ် တစ်ခုကို ပေးလေ၏ ။ ဒေါ်မြင့် ဖြေ၍ ကြည့်သောအခါ ရှပ်အင်္ကျီ များကို တွေ့ရလေရာ ကျောစုတ်၍ နေသည်ကို တွေ့ရလေ၏ ။
တုတ် ။ ။ “ ရှပ်အင်္ကျီ ကျောပြဲ၍ နေတာကို ကြည့်မကောင်းလို့ ကျုပ်က အတင်း အချွတ်ခိုင်းပြီး ယူလာခဲ့ရတာတော့ ”
မြင့် ။ ။ “ မတုတ်က လောကွတ်ချော်လာတာလား ။ ကျွန်မလည်း သိပါတယ် ။ သည်အစုတ်ဟာ တော်တော်ကြာပါပြီ ။ သူ အစုတ်နှင့် နေနိုင်လို့မှ ကြည့်မနေနိုင်ဘူးလားလို့ အောက်မေ့ပြီး ကျွန်မက လွှတ်ထားတာပါ ။ ကိုယ်တိုင် ဘာပြုလို့ လာမပို့သတဲ့လဲလို့ မေးတယ်လို့ ပြောလိုက်ပါ ”
“ ပြောဆို ပြောရတာပေါ့ မမြင့်ရယ် ။ သူ့ခမျာ တောင်တောင်မြောက်မြောက် ပြောကြတာတွေကို ကြားရ လို့ ရှက်တယ် ထင်ပါရဲ့ ”
“ ကြီးကျယ်လိုက်တာ မတုတ်ရယ် ၊ ရှက်ကြောက်နေဖို့ အရွယ်လား မတုတ်ရဲ့ ။ ရှက်စရာ ၊ ကြောက်စရာ ၊ လူကဲ့ရဲ့စရာ ဘာများ ဖြစ်မိလို့လဲ ။ အရင်ကတော့ နေ့စဉ်မပြတ် လာပြီး အခုမှာ ချက်ချင်း ရပ်ပစ်လိုက်တာတော့ ရှက်ဖို့ မကောင်းတဲ့လား မတုတ်ရဲ့ ။ ပြောလိုက်ပါ ၊ ဘယ်လိုများ စားသောက်နေသတဲ့လဲ ”
“ ဒေါ်ဆယ်တို့ သားအမိက ချက်ပြုတ်ပို့နေရတာပေါ့ ။ နို့ ဒါပဲ အရင်းအချာ ရှိတာပဲကိုး ။ နို့ .... ထမင်း ကလေးများ တစ်နပ်တစ်လေပင် ကျွေးဦးမှပေါ့ မမြင့်ရဲ့ ။ ယနေ့ညစာ ချက်ထားမလား ။ ကျုပ် ပြောလိုက်မယ် ”
မြင့် ။ ။ “ အထက်ထက်က သည်လို စားနေ ၊ သောက်နေကျပဲ ။ ကျုပ်တို့အိမ်မှာ တစ်ယောက်စာ နှစ်ယောက်စာ အထူးပိုချက်ရတာ မဟုတ်ပါဘူး ”
စကားပြောရင်း ရှပ်အင်္ကျီများကို ချုပ်လေရာ ပြီးသဖြင့် ဒေါ်တုတ် ပြန်၍ သွားရာတွင် “ ဒေါ်မြင့်၏ စိတ်၌ ယနေ့ညနေ သူ လာလိမ့်မည် ။ အဘယ်လို စကားမျိုးကို ပြောရမည် ” စသည်တို့ကို ဆင်ခြင်၍ နေလေ၏ ။ အကြောင်းမူကား “ ဦးဘဆိုင်မှာ မိမိအတွက် မနည်း ဖြစ်သောကြောင့် အရှက်ဝင်ကာ ယခုလို ခွာ၍ နေခြင်း ဖြစ်သည် ။ ရှပ်အင်္ကျီများဟာ စေတမန်ပဲ ” စသည်ဖြင့် စိတ်ချလေ၏ ။
ထိုနေ့ညစာအတွက် ကောင်းမွန်စွာ ချက်ပြုတ်ရန် ဒေါ်မြင့်သည် ဖြီးလိမ်းကာ ဈေးသို့သွားလေ၏ ။ မျှော်လင့်သည့်အတိုင်း ဦးဘဆိုင် ရောက်၍ လာသောအခါ အမေကြီးက ဝမ်းမြောက်ဝမ်းသာ ဧည့်ခံလေရာ ဒေါ်မြင့်က မီးဖို၌ အလုပ်များ၍ နေရာမှ ထွက်၍လာပြီး ကြောင်အိမ်ကို ဖွင့်ကာ ပန်းကန်ပြားများကို ယူရင်း “ ထမင်းကို သည်မှာပဲ စားရောပေါ့ ။ အစားအသောက်လည်း မြက်မြက်ကလေးမှ စားတတ်တာနဲ့ ဒေါ်ဆယ်တို့ ချက်တာ ပြုတ်တာနဲ့တော့ တွေ့နေတော့မှာပဲလို့တောင် ပြောနေရသေးတယ် ။ စားချင်သောက်ချင်တာကလေးများ မှာရောပေါ့ ” ဟု ဒေါ်မြင့်က ပြောလေ၏ ။
ဆိုင် ။ ။ “ ဒုက္ခမပေးချင်ဘူး မမြင့်ရေ ၊ သူတို့လည်း မချက်နှင့်လို့ ပြောထားတာပဲ ။ ဆိုင်မှာ စားလည်း တစ်ဝမ်းတစ်ခါး ဘယ်လူမှ ဒုက္ခမပေးဘဲ အဖြစ်နိုင်သားပဲလို့ အေးအေးနေခဲ့တယ် အဒေါ် ။ စားနိုင်မှာလည်း မဟုတ်တော့ ချက်ရပြုတ်ရသူများမှာသာ ဝန်ပိုတာပဲလို့ အေးအေးနေခဲ့တာပဲ ။ သူတို့ လာပို့တာလည်း မစားနိုင်ဘူး ။ မမြင့်ကော အခုည ဘာများချက်သလဲ ”
မြင့် ။ ။ “ မပြောသေးဘူး ။ ပြောရင် ဝနေလိမ့်မည် ။ ထမင်းပွဲကျမှ စားပေတော့ ”
“ ဪ … မမြင့်က သည်ဖို့ ချက်နေသလား ။ ဒုက္ခများအောင်ဗျာ ။ အလကားချက်တယ် ။ စားနိုင်မှာလည်း မဟုတ်ပါဘူး ” ဟု ပြောပြီး အမယ်ကြီးနှင့် စကား ဆက်ကာ ရှေ့ရေးနောက်ရေး အကြောင်းအရာများကို ပြော၍ နေလေ၏ ။
ထိုညနေ ထမင်းစားပြီးသောအခါ ဒေါ်မြင့်နှင့် ဦးဘဆိုင် ၊ အမေကြီးပါ သုံးယောက်သား စကားပြော၍ နေကြစဉ် အမေကြီး ထ၍ သွားလေ၏ ။
မမြင့်၏ စိတ်၌ ဦးဘဆိုင်၏ နှုတ်မှ အဘယ်သို့သော စကားစ၍ ထွက်မည်ကိုသာ ကြီးစွာသော အာသာ ဆန္ဒနှင့် မျှော်လင့်၍ နေလေ၏ ။ စကားပြောရာ အတန် ညဉ့်နက်သော်လည်း ဦးဘဆိုင်သည် အိမ်ထောင်ရေးနှင့် ပတ်သက်၍ မည်သည့် စကားကိုမျှ မပြောဘဲ ပြန်၍ သွားသောအခါ ဒေါ်မြင့်၏ စိတ်၌ လူကြီးပီစွာ ရှက်၍သာ မပြော၍ဘဲနေသည်ဟု အောက်မေ့ကာ စိတ်ကို ဖြေလေ၏ ။
ထိုကဲ့သို့ နေရာအခါများစွာ ဒေါ်မြင့်နှင့် ဦးဘဆိုင် တို့ တွေ့ကြသော်လည်း ဦးဘဆိုင်၏ နှုတ်မှ တစ်ကြိမ် တစ်ခါမျှ ရိသဲ့သဲ့ စကားမျှ မထွက်ဘဲ နေလေရာ အထက်ထက်ကလည်း တစ်ယောက်အပေါ်မှာ တစ်ယောက် အင်မတန် လေးစားဂရုပြုခဲ့ကြတာမို့ ကလေးစကား ပြောရမှာ ရှက်ကြောက်တဲ့ လက္ခဏာနှင့် တူတာပဲ ။ အရပ်ကလည်း အမျိုးမျိုး ပြောနေကြတာမို့ အခုလို နေလို့ မဖြစ်ဘူး ။ အမြန်သိရအောင် လုပ်မှပဲဟု အောက်မေ့ကာ တစ်နေ့သ၌ ဒေါ်မြင့်က စကားစလျက် “ ကိုဘဆိုင် သည်လိုပဲ နေတော့မယ် စိတ်ကူးသလား ” ဟု မေးလေ၏ ။
“ အရပ်ထဲမှာ ပြောကြဆိုကြတာတွေကို ကိုဘဆိုင် ကြားရဲ့လား ”
“ သည်လို သည်လို ပြောနေကြတာပေါ့ ။ ကိုဘဆိုင် အသိသားနဲ့ ဟန်ဆောင်တာလား ” ဟု အပြစ်တင်သော အမူအရာကလေးမျိုးနှင့် ပြောလေ၏ ။
“ အင်း.. ရီးတီးယားတား ကြားသလိုလို ရှိပါရဲ့ ။ သို့သော်လည်း ”
“ အခက်သားပဲ ။ တချို့က တစ်မျိုးတစ်မည်တောင် ပြောနေကြတယ်လို့ ကြားရတာပဲ ”
“ မဟုတ်ပြီးရောပေါ့လေ ၊ ဘာပြောပြော ”
“ ကိုဘဆိုင်တို့ ယောက်ျားမှာတော့ ဘာပြောပြော ဘာကိစ္စရှိမလဲ ။ မိန်းမမှာသာ ကိစ္စများတတ်တာကိုး ”
“ အင်း ... ဒါလည်း ဟုတ်ကဲ့ ၊ နို့ ... အထက်ထက် ကတည်းက အခုလို တစ်ယောက် တစ်ယောက် ခင်မင်ပြီး တွေ့နေကြခဲ့တာ ။ နှစ်ပေါင်း အတော်ကြာ လာမှပဲကိုး ။ သည်တော့ အခုမှ မတွေ့ဘဲ နေရမယ် ဆိုတော့ အခက်သားပဲ ။ မမြင့်က ပြောတာ ဆိုတာတွေ ကြားရလို့ မလာစေချင်ဘူးလား ”
မမြင့်သည် ပြုံးလျက် “ ဪ …. ကိုဘဆိုင် ၊ ကိုဘဆိုင် ” ဟု ကရုဏာဒေါသော စိတ်ထဲတွင် ကျိတ်ကာ ပြောလိုက်လေ၏ ။
“ မလာစေချင်ရင် စောစောကတည်းက ပြောမှာပေါ့ ”
“ နို့ ... မမြင့်က ဘာပြောတာလဲ ၊ ဪ ... ဪ .. သိပါပြီ ၊ သိပါပြီ ။ ဒါတော့ သည်လိုကိုး ။ လူကြီးချင်း ဖြစ်လေတော့ အပြောရခက်လို့ပါ ။ တစ်ယောက် စိတ်ကို တစ်ယောက် သိလောက်ပြီးကတည်းကလို့ အောက်မေ့တာနဲ့ မပြောဘဲ နေတာကိုး ”
“ သည်လိုဖြစ်ရင်လည်း ဘာလိုသေးသလဲ ကိုဘဆိုင် ရယ် ။ အသစ်လုပ်ပြီး အကျယ်ချဲ့ နေဖို့ သွယ်ဝိုက်နေဖို့ လည်း မရှိပါဘူး ။ အရပ်ထဲ ပြောကြ ဆိုကြတာတွေ အေးစေချင်တာပဲ ”
“ အေးအောင် လုပ်ဖို့တော့ လွယ်ပါတယ် မမြင့် ၊ ခက်နေတာ တစ်ခုရှိလို့ပါ ”
“ ဘာများလဲ ကိုဘဆိုင် ” ဟု မမြင့်က ပွင့်လင်းစွာ စကားစမိပြီ ဖြစ်သောကြောင့် ထိုအရေးနှင့် ပတ်သက်၍ ဆက်လက်ပြောဆိုရန် မခက်တော့ပေ ။
“ သည်လိုပါ ၊ မမြင့် သိတဲ့အတိုင်း တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတာလို အထူးပြောနေစရာ မရှိပါဘူး ။ ထင်ရှားပြီးသားပါ ။ ကလေးစကားနှင့် ပတ်သက်လို့ ရှည်ရှည်လျားလျား ပြောနေဖို့ မလိုကြပါဘူး ။ ခက်တာ တစ်ခုက သည်လိုပါ ။ ကျုပ်မှာ မမြင့်နှင့် အခု အသင့်အတင့် ဖြစ်သွားကြမယ် ဆိုရင် တခြား မမြင့်လို ခင်မင် သွားလာ စကားပြောဆိုနေဖို့ မိန်းမတစ်ယောက် ရှိဦးမှ ဖြစ်မှာ ။ မအေး ရှိစဉ်ကတော့ မမြင့်နှင့် နေစဉ် တွေ့ကြုံ စားအိမ်သောက်အိမ် ဖြစ်ပြီးနေရလို့ နေသာထိုင်သာ ရှိခဲ့တာပဲ ။ အခု မမြင့်ကို မအေး နေရာမှာ ထားရင် မမြင့် နေရာကို ဝင်မယ့်သူ ဘယ်မှာမှ မမြင်ရသည့် အတွက် စဉ်းစားနေတာပါ ”
“ ဖြစ်မှ ဖြစ်ရလေ ကိုဘဆိုင်ရယ် ၊ တစ်ယောက်ကို တစ်ယောက် ချစ်ခင်နေမှ အပိုလိုသေးသလားရှင် ”
“ ဒါတော့ မမြင့်က အစလုပ်တာပဲ ။ မအေးနှင့် သေသည် တိုင်အောင် ပေါင်းနိုင်တာ ။ မမြင့် ရှိလို့ပါ ။ မမြင့် မရှိလျှင် တစ်ယောက်မျက်နှာ တစ်ယောက် နေထွက်က နေဝင် အထိ ကြည့်ပြီး တစ်ယောက်ကို တစ်ယောက် အော်ဂလီ ဆန်တာနဲ့ စောစောစီးစီး ကွဲကြမှာပဲ ။ သူကလည်း ဈေးသွား ။ ကျုပ်ကလည်း မမြင့်ဆီ နေကုန်အောင် လာနေသည့်အတွက် သူကလည်း ကြောင့်ကြတဲ့ စိတ်ကလေးကြောင့် သည်ကို ပိုပြီးစွဲ ၊ သည်ကလည်း ငါ့မိန်းမ သဘောကြီးပါပေတယ် ။ သည်းညည်းခံပါပေတယ် ဆိုတဲ့ စိတ်ကလေးကြောင့် ပိုပြီး ကြင်နာသည့်အတွက် အခု သွားရှာတော့သည့်တိုင်အောင် တစ်ယောက်ကို တစ်ယောက် ညှာတာသနား ထောက်ထား ချစ်ခင်ပြီး နေနိုင်ကြတာပေါ့ မမြင့်ရဲ့ ။ အခုကာလ မှားကြတာတွေဟာ ယောက်ျားနှင့် မိန်းမ ချစ်ကြပြီ ဆိုမှဖြင့် မိုးမမြင် ၊ လေမမြင် ကိန္နရာမောင်နှံလို မခွဲချင်အောင် ဖြစ်ပြီး ဝက်သား ၊ ကြက်သား မြင်မြင်ချင်း တပ်မက်၍ အားရပါးရစား ၊ တော်တော်ကြာရင် အီပြီး ညှီစော်နံသလို ဖြစ်ကြတာကလား မမြင့်ရဲ့ ။ အဲသည်တော့ အတန်ကြာရင် အချစ်တွေပျောက် ၊ အမုန်းစိတ်တွေ ရောက်ကြပြီး ကွဲကြတာပဲ ။ အခု မမြင့်ကို ချစ်တဲ့ အချစ်ကလေးဟာ အခုလို မြန်မြန်ကြီး ပျက်သွားမှာ လျော့သွားမှာ စိုးသည့်အတွက် ချိန်နေတာပါ ။ အခုနေတော့ သူ့ဣန္ဒြေ ၊ ကိုယ့်ဣန္ဒြေနှင့် ခပ်ခွာခွာကလေး ချစ်နေကြတော့ ကောင်းပါရဲ့ ။ တစ်ယောက် အပေါ် တစ်ယောက် ဘာအပြစ်မှ မမြင် ၊ ချစ်ဖို့ဟာတွေ ကိုသာ မြင်နေတာမို့ အင်မတန် ကောင်းတာပဲ ။ အဲသည် အကောင်းကလေး လျော့သွားမှာ စိုးတာက တစ်ကြောင်း ၊ မတော်တဆ လျော့သွားရင် နေသာထိုင်သာ ရှိဖို့ရန် မမြင့်ရဲ့ ရာထူး ဆက်ခံဖို့ တစ်ယောက်ယောက် အနီး အနား ရှာဦးမှ ဖြစ်မယ်လို့ အောက်မေ့တာပဲ ”
“ သည်လိုဖြင့် တခြား ကျွန်မလို ချစ်သူတစ်ယောက် ရှာပေးရဦးမလိုလို ကျနေတာပေါ့ ”
“ မရှာရပါဘူး ၊ ကျုပ်ဘာသာ ရှာပါ့မယ် ။ ဘယ်များ ရှိပါလိမ့် ။ မဖော့ တစ်ယောက်တော့ မြင်ရဲ့ ။ သူက နေရာ ကျပါ့မလား မသိဘူး ။ မုဆိုးမပဲ ။ သို့သော်လည်း မမြင့် လို မအားလို့ ။ သည်ကို ဧည့်ခံနိုင်မှာ မဟုတ်ဘူး ”
“ ဒါမျိုးဆိုတာ ရှေးကရေစက်ပါလို့ တစ်ယောက်ကို တစ်ယောက် လိုလားတဲ့စိတ် ဖြစ်ကြရတာကလား ကိုဘဆိုင်ရဲ့ ။ လုပ်ယူလို့ ဖြစ်တာမျိုးကလည်း မဟုတ်ဘဲကိုး ”
“ သည်လိုဖြင့် ကျွန်မလို မိန်းမတစ်ယောက် အသင့် ရှာပြီးရင် ကိစ္စချောအောင် စီမံမယ် ဆိုပါတော့ ”
“ နို့ ... ဒါပဲ လိုနေတာပဲ ။ ကိစ္စချောချင်တာပေါ့ ။ မမြင့်ကော တစ်ယောက်တလေမှ မမြင်ဘူးလား ”
မမြင့်သည် အံ့သြသော အမူအရာနှင့် ပြုံး၍ နေပြီးမှ “ ဪ …. ကျွန်မ သတိရပြီ ။ တောင်ဘက် သုံးအိမ်ခြား အိမ်မှာ အထက်မြေလတ်က ပြောင်းလာတဲ့ သားအမိ ရှိတယ် ။ ကုန်စုံဆိုင် ဖွင့်ကြမလို့တဲ့ ။ မဆန်းလို့ ခေါ်တယ် ။ ဒါဖြင့် နေရာကျမှာပဲ ။ ကျွန်မ မေးမြန်းပြီး သိဖွဲ့ပေးမယ် ”
“ အင်း .. မမြင့်လို သနားကမားပဲလား ”
“ တော်ပါတယ် ။ လုံးကြီးပေါက်လှ သေးသေးသွယ်သွယ်ထဲကပါပဲ ။ အရင်က လုံးကြီးပေါက်လှတဲ့ ။ အခုတော့ ကိုယ်ရေစစ်လို့ ကလေးတစ်ယောက် အမေ တစ်ခုလပ် ဖြစ်တာနဲ့ သေးသွယ်နေတယ် ပြောတာပဲ ။ အသားလတ်လတ်ရယ် ”
“ ကိုင်း .. ဒီလိုဖြင့် အဲဒါသာ မမြင့် နေရာကျအောင် တစ်ဆိတ် စီမံပေးပါ ။ သဘောချင်း တွေ့လို့ မမြင့်လို စိတ်ကောင်း နှလုံးကောင်းရှိရင် ဟန်ကျမှာပဲ ။ စားအိမ် သောက်အိမ် တစ်ခု ရပြန်တာပေါ့ ။ ခင်တတ်မင်တတ်တဲ့လား ”
“ ဒါတော့ သတိထားရလိမ့်မယ်ရှင့် ။ ခင်တတ်လို့ တစ်ခုလပ် ငါးကြိမ် ဖြစ်ခဲ့သတဲ့ ”
“ သည်လိုတော့ ဘယ်အဖြစ်ခံမလဲ မမြင့်ရယ် ။ ကလေးကလား မတော်တာပဲ ”
နောက်ရက်များ မကြာမီ ဒေါ်မြင့်က ဆက်သွယ်သဖြင့် ကိုဘဆိုင်နှင့် ဒေါ်ဆန်း အသိမိတ်ဆွေ ဖြစ်ကြ လေ၏ ။ ဒေါ်ဆန်းနှင့် ကိုဘဆိုင်တို့၏ အသိမိတ်ဆွေ ဖြစ်ခြင်း၏ တိုးတက်ရင့်သန်ခြင်းသည် ညှော်မိသော ခူနာလို မြန်မြန်ကြီး ရင့်လေရာ လေးငါးရက်အတွင်း အလွန်ရင်းနှီး၍ သွားလေ၏ ။ ဒေါ်မြင့် ကလည်း အရိပ်အကဲကိုသာ ကြည့်ကာ သူတို့နေရာကျမှ ငါနေရာကျမည်ကို မျှော်ကိုးကာ အားတက်၍နေလေ၏ ။
သို့နေရင်း တဖြည်းဖြည်း ကိုဘဆိုင်သည် ဒေါ်မြင့် ထံ အလာအရောက် နည်းမှန်းမသိ နည်း၍ သွားလေရာ၏ ။ ဒေါ်မြင့်မှာ စိုးရိမ်စပြုလေ၏ ။ တမျှော်မျှော် ဖြစ်စ ပြုပြန်၏ ။ ထို့နောက် တနင်္ဂနွေ တစ်ပတ်လုံးလုံး ပေါ်၍မလာ သောအခါ ထိတ်လန့်စပြုလေ၏ ။ နောက်တစ်နေ့ အိမ်နီးပါးချင်းတွေ တီးတိုးစကား ပြောကြလျက် ဒေါ်ဆန်းတို့ အိမ်၌ ဒေါ်ဆန်း၏ အစ်မကြီးနှင့် အရေးတကြီး ပြောကြ ဆိုကြသည်ကို တွေ့ရှိရသဖြင့် ထိတ်လန့်တကြား မေးသော အခါ ဒေါ်ဆန်းနှင့် ဦးဘဆိုင် ပျောက်သွားကြောင်း ကြားရလေ၏ ။ ဒေါ်မြင့် မှာလည်း “ အမယ်လေးတော့ ” ဟု အော်ကာ ပက်လက်လန်၍ သွားလေရာ လူများ အခန်းထဲ တွဲ၍ သွင်းကြရလေသတည်း ။
ဒေါ်မြင့်သည် ဒေါ်ဆန်းကို မိမိနှင့် နှိုင်းခြင်း၌ မှားခြင်းကြီး မှားလေ၏ ။ မိမိမှာ ဆွေမျိုးဂုဏ် အသရေကြောင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်၏ ။ ဒေါ်ဆန်းမှာကား တစ်ရပ်သူ မျိုးဆွေ မရှိသည့် အတွက် တွေ့ရာကို အမိတွယ်သူ ဖြစ်လေ၏ ။ ဤခြားနားခြင်းကို ဒေါ်မြင့် မမြင်မိချေ ။
နောက်တစ်လလောက် ကြာ၍ ပြေးရာမှ ပြန်လာကြသောအခါ ဒေါ်ဆန်းနှင့် ဦးဘဆိုင်သည် တင့်တယ်စွာ နေကြလေသတည်း ။
နောက်တစ်စတစ်စ ဒေါ်မြင့်အိမ်သို့ ဦးဘဆိုင်သည် ရှေးကနည်းတူ ရောက်စပြုပြန်ရာ ဒေါ်မြင့်သည် ရှေးကနည်းတူ သဘောကြီးစွာနှင့် ဧည့်ခံပြန်လေ၏ ။ သို့ဧည့်ခံရာ၌ ရှေးဦးစွာ အတော်ကလေး စိတ်မသက်သာပုံကို ပြသော်လည်း လူကြီးလူကောင်း ပီသစွာ သဘောကြီးကြီး ထားလေ၏ ။ သို့ထားရာ၌ မျှော်လင့်ခြင်း၏ အရိပ်အယောင်ကလေး မကင်းသည့်ပြင် မူလစွဲသော အချစ်မှာ အလွန်အကျူး ဂဟေမဆက်ဖူးခဲ့သဖြင့် အကွဲမှာ မနာခဲ့ဖြစ်လေရာ အမုန်းဝင်ရာ နေရာ မရှိခဲ့ချေ ။
နောက်ရက် မကြာမီ အထက်ကကဲ့သို့ ပြန်၍ ရင်းနှီးလေရာ ဒေါ်ဆန်းသည် ရှေးဦးပထမ သည်းခံနိုင်သမျှ သည်းခံသော်လည်း ဒေါ်အေးလို ငယ်လင်မယား၏ သည်းခံခြင်းမျိုး မရှိသဖြင့် ဒေါ်မြင့်နှင့် အကျွမ်းဝင်ရာမှ တဖြည်းဖြည်း ဝေးစပြုလေ၏ ။ ဝေးရုံမက ဘယ်သို့ ညာသို့ စကားများကို လေတင်မှ လွှတ်လေရာ တစ်နေ့ သ၌ ဒေါ်မြင့်နှင့် ဒေါ်ဆန်းတို့ ခိုက်ရန် ဖြစ်ကြလေလျှင် ဦးဘဆိုင်မှာ ဒေါ်မြင့် ဘက်က ကူ၍ ပြောရုံမက ဒေါ်ဆန်း ကို ရိုက်မောင်းပုတ်မောင်း ပြုလေရာ မခံနိုင်သော ဒေါ်ဆန်းသည် ဦးဘဆိုင်ကို ဈေးသည်ပီသစွာ ရိုင်းစိုင်းစွာ ဆဲဆိုလေရာ ဦးဘဆိုင်သည် နဂိုက နားအေးပါးအေး နေတတ်သူ ဖြစ်ရကား တော်ရာသို့ ရှောင်ရှား၍ နေလေတော့သတည်း ။
ဒေါ်ဆန်းသည် မြေလတ်သို့ ပြန်၍ သွားလေ၏ ။ နောက် တနင်္ဂနွေ တစ်ပတ်လောက် ကြာသောအခါ ဒေါ်မြင့်က ဦးဘဆိုင်ထံ ထမင်းကလေးများ ချက်ပြုတ်ပို့ပြီး ပို့ရာမှ တစ်ယောက်နှင့် တစ်ယောက် တွေ့ကြပြီး ဒေါ်မြင့်အိမ်သို့ ဦးဘဆိုင် တင့်တယ်စွာ ရောက်လေတော့သတည်း ။
“ ရှင် ဟိုကောင်မ မိဆန်းနှင့် ဘယ်လိုဖြစ်လို့ ညားသွားတာလဲ ” ဟု ဒေါ်မြင့်က မေးလေရာ “ မပြောတတ်ပေါင်ဗျာ ၊ သူက တစ်ညနှစ်ည အိမ်မပြန်ရဘူးလို့ အတင်းဆွဲတာနှင့် ဖြစ်တာပါပဲ ” ဟု ဦးဘဆိုင်က ပြန်၍ ပြောလေ၏ ။
“ ကျွန်မ ဟိုတုန်းက သည်လိုများ ဆွဲဖူးသလား ” ဟု ဒေါ်မြင့်က မေးလေ၏ ။
“ အင်း ... ဒါတွေ ခြားနားတာပေါ့ ။ မိန်းမစိတ်ကို သိတယ်ဆိုတာ အလကား စကားပဲ ။ ဘယ်မိန်းမမျိုး ဘယ်လိုဆိုတဲ့ အမျိုးအစားနှင့် ခြားနားဝေဖန်ခြင်းဟာ မဖြစ်နိုင်တဲ့ သဘောတရားပဲ ။ အခြေအနေလိုက်လို့ ဖြစ်ကြတာကိုး ။ သည်မိန်းမပဲ ဘုရားအမ ဖြစ်တော့ တစ်မျိုး ။ ငါးစိမ်းသည် ဖြစ်တော့ တစ်ဖုံ ။ ဆင်းရဲရင် တစ်မျိုး ၊ ချမ်းသာရင် တစ်နည်း ၊ ပျိုတုန်းမှာ တစ်ဖုံ ၊ အိုခိုက်မှာ တခြား ၊ ဂုဏ်ရှိသူနဲ့ ဂုဏ်မရှိသူတို့၏ ခြားနားခြင်းကလည်း ရှိသေးတာပဲ ။ မိန်းမ ဆိုတာ ဆိတ်ကွယ်ရာမှာ ဘယ်သို့ညာသို့ ပြောကြပေမယ့် မမြင့်တို့ ကျုပ်တို့လို ကျတော့ ဆိတ်ကွယ်ရာမှာ ဘာမှ မဖြစ်ခဲ့တာတွေ ၊ အဘယ်လောက် များတယ်ဆိုတာ အချင်းချင်းသာ သိရတာပဲ ။ အင်း .. သွားရှာလေသူလည်း အစစအရာရာမှာ တော်ပါပေတယ် ” ဟု ပြောလေ၏ ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံ သတင်း
ဧပြီ ၂ ၊ ၁၉၃၃