Tuesday, June 2, 2026

အပြုံး


❝ အပြုံး ❞
⎕ မောင်ပိုင် ( လေးမျက်နှာ )

အမှန်တော့ ခက်ခဲလှသည် မဟုတ် ။ နှုတ်ခမ်းလေးကို ကွေးညွှတ်၍ ပါးလေးကို ကျုံ့လိုက်လျှင်ဖြင့် အပြုံး ဆိုသည်ကို လွယ်လင့်တကူ ရနိုင်သည့် အရာပင်ဖြစ်သည် ။ ထို့ကြောင့် မှန်ရှေ့တွင် ရပ်နေမိသည့် ကျွန်တော် ကိုယ့်ပါးပြင်ကို ဖိ ၊ နှုတ်ခမ်းကို ဆွဲတင်ရင်း အပြုံးတစ်ပွင့် ဖြစ်အောင် လုပ်ဆောင်နေမိသည် ။ ကျွန်တော် ပြုံးရမည် ။ ပြုံးခြင်းသည် ပတ်ဝန်းကျင် အသိုက်အဝန်းအတွက် တန်ဖိုးရှိသည် မဟုတ်လား ။ တန်ဖိုးရှိ၍ အလုပ်ဖြစ်သည့် အတွက်ကြောင့် ကျွန်တော် ပြုံးရပါမည် ။

မိုနာလီဇာအပြုံး ကမ္ဘာကျော်သည် ။ ထိုမျှ မလိုအပ် ။ ကျွန်တော့်ပတ်ဝန်းကျင်အတွက် ကျေနပ်စရာ ဖြစ်လျှင် တော်တော်တန် သင့်တင့်ပြီ ။ သီလဝမင်းသား တစ်သက်တွင် သုံးခါသာ ပြုံးခဲ့သည်ဟု ဆိုသည် ။ ဤကဲ့သို့တော့ စာမတွင်ချင် ။ မခက်ခဲလှသည့် အပြုံးအတွက် ကတ်နေစရာ မလို ။ သို့အတွက် ကျွန်တော့် မျက်နှာတွင် အပြုံး ဆင်ယင်၍ အပြုံးများ ဝေငှရပါမည် ။

••••• ••••• •••••

၁ ။

ကျွန်တော့်ဘဝတွင် အားကျပြီး ချစ်ခင်မိသော မျက်နှာ ပိုင်ရှင် နှစ်ဦးနှင့် ဆုံတွေ့ဖူးသည် ။ သူတို့ နှစ်ဦးလုံးသည်ကား အမျိုးသမီးများ ဖြစ်သည် ။ ထိုအမျိုးသမီးနှစ်ဦး၏ မျက်နှာသည် ထူးခြားနေသည်ဟု ကျွန်တော် ထင်သည် ။ သူတို့ စကား ပြောရာတွင်လည်းကောင်း ၊ စိတ်ညစ်နေသည့် အခါတွင်လည်းကောင်း ၊ အိမ်တွင်းရေး မပြေလည်သည့်အခါ ရင်ဖွင့်သည့်အခါတွင် လည်းကောင်း သူတို့ မျက်နှာသည် ပြုံးနေသည်ဟု ကျွန်တော် မြင်သည် ။ အငိုမျက်လုံး အပြုံးမျက်နှာဟု ဆိုအပ်မည် ဖြစ်သော်လည်း သူတို့ ဟန်ဆောင်ပြုံးနေကြခြင်း မဟုတ်ချေ ။

ရုပ်တည်တည် ၊ ငိုငို ၊ ဒေါသဖြစ်ဖြစ် သူတို့ မျက်နှာသည် ဒီအတိုင်း ကြည့်လျှင်ပင် ပြုံးနေသည်ဟု မှတ်ရလောက်သည် ။ ကြည့်မိသူ၏ ရင်ထဲတွင် အေးချမ်းစေသည် ။ ကျွန်တော် အားကျမိသည် ။ မည်သည့်အချိန်တွင် ကြည့်ကြည့် ထိုသို့ ပြုံးနေသည်ဟု ထင်ရသော မျက်နှာပိုင်ရှင်မျိုး ဖြစ်ချင်သည် ။ ထို့ကြောင့်လည်း ကျွန်တော် ပြုံးမိသည် ။

“ ဟိတ်ကောင် ”

“ ဟင် ... ဗျာ ”

“ မင်းက ငါ့စကားကို ပြုံးတယ်ပေါ့ ဟုတ်လား ”

“ အဲ ... မဟုတ် ”

“ ဘာမဟုတ်တာလဲ မင်းက ငါအကော ခံရတာ ကျေနပ်နေတယ်ပေါ့ ။ အေး မင်းတို့လည်း ကြပ်ကြပ်သတိထား ၊ ငါနဲ့ တွေ့မယ် ၊ ခု ငါ ဆူခံရတာလည်း မင်းတို့ ညံ့လို့ကွ ”

မည်သို့မျှ မသက်ဆိုင် ။ သူမှား၍ သူ အဆူခံရပြီး ယခုမှ သူ့လက်အောက်က ကျွန် တော်တို့ကို အသားလွတ် ကြိမ်းနေခြင်း ဖြစ်သည် ။ သူ့ လက်အောက်က ဖြစ်နေ၍ ယခုလို ကျွန်တော်တို့ အဆူ ခံရသည်က ထူးဆန်းသည် တော့ မဟုတ် ။ အဘယ်သို့မျှ မတတ်နိုင် ။ မတတ်နိုင်၍ ခံရပေါင်း များနေခြင်းကြောင့်လည်း ထုသားပေသားကျနေပြီ ။ စိတ်ညစ်စရာ မလိုတော့ ။ အဆူအငေါက်ကို ခပ်ပြုံးပြုံး ခံရုံသာ ။

“ မင်း ငါ့ရှေ့က ထွက်သွားစမ်း ”

“ ဗျာ ”

“ အူတူတူ လုပ်မနေနဲ့ ၊ မင်းမျက်နှာ ဆက်ပြီး မကြည့် ချင်တော့ဘူး ”

အို ... ဒီလောက်ပြုံးနေသည့် မျက်နှာကို မကြည့်ချင်ဘူးတဲ့ ။ လူတွေ၏စိတ် ခန့်မှန်းရခက်သည်တဲ့ ။ ဟုတ်မည် ။ စိတ်ချမ်းသာပါစေတော့လို့ စေတနာနှင့် ပြုံးထားရသည်ကို ပြောရက်သည် ။

“ သွားကွာ သွား ၊ ငါ့ကို လှောင်သလိုလို ပြောင်သလိုလို လာမလုပ်နဲ့ ။ မင်းမျက်နှာ အချိုးကို ပြင်ထား ”

ကျွန်တော် သူ့ရှေ့က ထွက်ခဲ့သည် ။ ဂရုတစိုက်နှင့် လေ့ကျင့်ပြုံးနေသည့် ကျွန် တော့်မျက်နှာကို ပြင်ထားတဲ့ ။ ဒေါသထွက်ပြလိုက်ရ မကောင်းလား ။ ဘာခက်သည်မို့ ။ ဒေါသက ကိုယ် လည်း ပူလောင် ၊ သူလည်း ပူလောင်စေသည် ။ ထို့ကြောင့် အဘယ်အတွက် စိတ်မီးတောက်နေမည်နည်း ။

“ အမယ် ပြုံးစစနဲ့ ထွက်လာပါလား ၊ ဘာလဲ တို့ဆရာက ထုံးစံအတိုင်း မုန့်ဟင်းခါးခေါ်ကျွေးတာမလား ”

အခန်းအပြင်တွင် ရှိနှင့် နေကြသည့် လုပ်ဖော်ကိုင်ဖက်များက အထက်လူကြီး၏ အကြောကို သိပြီးမို့ ဆီး၍ ပြောသည် ။ ကျွန်တော်က တော့ဖြင့် ဘာမျှ ပြန်ပြောမနေတော့ပါ ။

“ အဟီး ...”

••••• ••••• •••••

၂ ။

ဝတ်ကောင်းစားလှများဖြင့် တက်ရောက်လာကြသည့် သူသူငါငါတို့၏ ဆင်ယင်တန်ဆာများက မီးအရောင်တို့နှင့်အတူ ပြိုးပြိုး ပြက်ပြက် နိုင်လှသည် ။ ကင်းဗတ်စပေါ် ဆေးရောင်များ မှောက်ကျလိုက်သည့်နှယ် အရောင်သွေးတို့ကလည်း စုံလင်လှသည် ။ သူတို့၏ မျက်နှာများတွင်လည်း အပြုံးတို့ တပ်ဆင်ထားကြသည် ။ မဲ့ပြုံး ၊ ခနဲ့ပြုံး ၊ လှောင်ပြုံး ၊ ရွဲ့ပြုံး ၊ ဟန်ဆောင်ပြုံးစသည့် အပြုံးအမျိုးအစားများ တည်ခင်းပြသထားသည့် ပြပွဲကြီးနှင့် တူလွန်းလှသည် ။

ယခု ပွဲသည်ကား ကျွန်တော်တို့၏ ဆူဆူငေါက်ငေါက် အထက်လူကြီး ရာထူး တိုးမြှင့်ခံရသည့် အတွက် ဂုဏ် ပြုပွဲ ပြုလုပ်သည့် အခမ်းအနား တစ်ခု ဖြစ်သည် ။ သူနှင့် သက်တူရွယ်တူများ ၊ ရာထူး တူများ ၊ လုပ်ဖော်ကိုင်ဖက်များ ၊ အခြားသော ဌာနများမှ ပုဂ္ဂိုလ်များ အစုံတက်ရောက် ကြခြင်း ဖြစ်သည် ။ သူ့အား သဘောကျသူများ ၊ သဘောမကျသူများ ရှိသော်လည်း ယခုပွဲကိုတော့ မဖြစ်မနေ တက်ရောက်ကြသည် ။ဒီမြို့ အတွက် အရေးပါအရာရောက်သူ ဖြစ်သွားလေပြီ ။

“ ဒါ ကျွန်တော်တို့ ရုံးက အားကိုးရတဲ့ စာရေးကြီး မင်းခန့် ၊ ကျွန်တော် ဆူငေါက်သမျှ ပေခံနေကြတဲ့သူတွေပေါ့ဗျာ ။ သူက ဒုဦးစီး အောင်ပြည့်လေ ၊ မင်း သိတယ်မလား ”

သူက တခြား တစ်ယောက်နှင့် ကျွန်တော့်ကို မိတ်ဆက်ပေးသည် ။ ကျွန်တော် ပြုံး၍ လက်ဆွဲနှုတ်ဆက်လိုက်သည် ။

“ တွေ့ရတာ ဝမ်းသာပါတယ်ဦးစီး ”

“ ဝမ်းသာပါတယ် ကိုမင်းခန့် ၊ ကိုမင်းခန့် အကြောင်း ကြားဖူးနေပါတယ်ဗျ ၊ အပြုံးချိုတယ်ဆို ”

အလို ဤမျှ ပေါက်မြောက်နေပြီလား ။ ကျွန်တော် ပိုပိုသာသာလေး ထပ်ပြုံးမိ ပြန်သည် ။

“ မဟုတ်ရပါဘူးဗျာ ၊ ပြုံးဖို့ ကြိုးစားနေတာပါ ”

“ ဘယ်လို ဘယ်လို ”

“ ဪ ... ဒီလိုပါဗျာ ၊ သိတဲ့အတိုင်း တစ်နေကုန် တစ်နေခန်း ရှာရဖွေရ ၊ လူမှုကိစ္စရေးတွေ ဆောင်ရွက်ရ ၊ အိမ်တွင်းရေးတွေ ဖြေရှင်းရနဲ့ တစ်နေ့တစ်နေ့ ငြီးငွေ့ပြီး ပျင်းစရာ ၊ စိတ်ပျက်စရာကောင်းပါတယ်ဗျာ ။ အဲဒါတွေကို သက်သာလို သက်သာငြား ကိုယ်တိုင်ရော ၊ တခြားသူတွေပါပေါ့ သက်သာအောင်လို့ ကြိုးစားပမ်းစား ပြုံးနေတာပါဗျ ”

“ ဟား ဟား ဟား ဟား ၊ ကိုမင်းခန့်ကတော့ လုပ်ရော့မယ် ”

“ ဟော ခုလေးတင် ကျွန်တော့် အပြုံးကြောင့် ခင်ဗျား မပြုံးဘဲ ဝါးလုံးကွဲ ရယ်ရပြီ မဟုတ်လား ”

“ ဟုတ်ပါ့ဗျာ ဟုတ်ပ ”

သူက ကျွန်တော့်ကို နှုတ်ဆက်ပြီး တခြားဝိုင်းကို ထွက်သွားသည် ။ ကျွန်တော် ကလည်း ကျွန်တော့် အထက် လူကြီးနောက်က တစ်ဝိုင်းပြီး တစ်ဝိုင်း လိုက်ပြီး ဧည့်ခံသည် ။ အပြုံးမျက်နှာဖုံး ကိုယ်စီနှင့်ပေါ့ ။ သူတို့ကလည်း လက်ဆွဲနှုတ်ဆက်ကြခြင်းနှင့်အတူ အပြုံးများ ပြန်ပေးကြသည် ။ သူတို့ အပြုံးများကိုဖြင့် အဓိပ္ပာယ် ကျွန်တော် မဖော်နိုင်ပါ ။ မုဒိတာ အပြုံးလည်း ဖြစ်နိုင်ပါသည် ။ မေတ္တာအပြုံးလည်း ဖြစ်နိုင်ပါသည် ။ ဣဿာမစ္ဆရိယ အပြုံးလည်း ဖြစ်နိုင်ပါသေးသည် ။ ပြောသာပြောရပါသည် ကျွန်တော့်အပြုံးသည်လည်း ကပ်ပါးအပြုံး ဖြစ်နေနိုင်ပါသေးသည် ။

••••• ••••• •••••

၃ ။

“ ယောက်ျား ပြုံးမနေနဲ့ ၊ ပြုံးနေလို့ ကိစ္စတွေက ပြေလည်သွားမှာ မဟုတ်ဘူး ”

မျက်နှာချိုနေခြင်း ၊ ပြုံး ထားခြင်းသည် ကိုယ်ဆောင် ရွက်မည့် ကိစ္စရပ်များအတွက် ခရီးတစ်ဝက် အောင်မြင်စေသည်ဟု ကျွန်တော် ယုံကြည် ထားသည် ။ မျက်နှာမြင် ချစ်ခင်နေပါက ကိုယ့်အတွက် လိုအပ်နေသည့် ငွေကြေး ချေးယူရလျှင်ပင် အလွယ်တကူ ရနိုင်သလို ၊ ဆပ်ရမည့်ရက် ပြန်လည် မပေးဆပ်နိုင်သေးလျှင်လည်း အလွယ်တကူ ပြော၍ ရနိုင်သည်မှာ အကြိမ်ကြိမ်သော ကိုယ်တွေ့တွေပင်ဖြစ်သည် ။

“ ရှင့်မျက်နှာက အပြုံးကို ခဏလောက် ချွတ်ထားစမ်းပါရှင် ၊ ဒါ ရုံးမှာ မဟုတ်ဘူး ၊ အထက်လူကြီးတွေနဲ့ ဆက်ဆံနေတာ မဟုတ်ဘူး ”

“ အေးပါကွာ အေးပါ ”

သားသမီး သုံးယောက် ရနေသည်အထိ ပေါင်းသင်း လာသည့် ဇနီးမယားက ကိုယ့်အကြောင်း နောကျေအောင် သိထားသည်မို့ ကိုယ့် ပါးနှစ်ဖက်ကို လက်နှင့် ဖျစ်လိုက်ပြီး ထိန်းလိုက်သည် ။ ဝါလကင်းလွတ်၍ ပွင့်လင်း ရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် ပေါင်းဖက်ကြသည့် လူမှုအရေးတွေက များလွန်းလှသည် ။ များသည်က ကိစ္စ မရှိသော်လည်း လကုန်ရန် အတွက်ကတော့ လိုသေး သည် ။ အိမ်က ပွားစီးထား သည့် သားသမီးရတနာနှစ်ဦး ကလည်း ကျောင်းပွဲ၌ က , ချင် ခုန်ချင်သည် ၊ လှူချင် တန်းချင်သည် ။ ထို့ကြောင့် လတ်တလောအတွက်သော် လည်းကောင်း ၊ လကုန်အထိ သော်လည်းကောင်း ဆက်နိုင် ရန်အတွက် လူတို့ဖန်တီး သည့် ငွေစက္ကူကို လူသား ကျွန်တော်က အမြန်အမြန် ရှာရတော့မည် ။

“ ငါ ကြံပါဦးမယ်ကွာ ၊ ရပ်ကွက်ထဲက လူတွေဆီ လည်း မသွားချင်ဘူး ၊ ရစရာ နေရာလေးတွေတော့ ရှိတယ် ၊ ဒါပေမဲ့ အလုပ်နဲ့ ပတ်သက်တော့ နာမည်အပျက်မခံနိုင်သေးဘူး ၊ စဉ်းစားလိုက်ပါဦးမယ် ”

“ စဉ်းစားရင်လည်း မြန်မြန်စဉ်းစား ၊ စဉ်းစားရင်း ရော့ ကလေးပုခက်ပါ လွှဲပေးထားဦး ”

ကျွန်တော့်တွင် ပိုင်ဆိုင်သည်က အပြုံးသာရှိသည် ။ ထိုအပြုံးနှင့် မည်သူ့ထံ သွားရပါမည်နည်း ။ လတ်တလော ရာထူးတိုးထား၍ စိတ်ကောင်းများ ဝင်နေသည့် အထက်လူကြီးထံ သွားရောက်၍ လစာ ကြိုထုတ်ပေးရန် ၊ ချေးပေးထားရန် ပြောဆိုလျှင်ဖြင့် ရနိုင်သည် ။

“ မိန်းမရယ် မပါပူနဲ့ ရုံးမှာ ငါက ဦးစီး မဟုတ်ပေမဲ့ အိမ်မှာတော့ ဦးစီးပါကွ ”

“ ရှင့် ဦးစီးက လစာပိုရလို့လား ဟင်း ၊ ပိုရှာနိုင်ရင်တော့ ပြော ”

ခက်သည် ။ ရုံးက အပို ဝင်ငွေလေး ရလျှင်ဖြစ်ဖြစ် ၊ တခြားသော ခွင်လေးများ တည့်လျှင်ဖြစ်ဖြစ် လက်ကလေးထဲ တံတွေးခန်းသည် အထိ ရေတွက်နေရလျှင် အနှီ မိန်းမတို့သည်ကား ယောက်ျား ပြောသမျှ “ ဟုတ်ပ ဟုတ်ပ ” ထောက်ခံနေတတ်ပြီး ယခုတော့ လင်ကို ဘုရားမဟုတ်တော့ ၊ လင်ကို မတရားပြောချင်လာသည်လား ။ သို့သော်လည်း မိန်းမတိုင်း ဒီသဘော ရှိသည်တော့ မဟုတ် ။ ထို သဘော မရှိသည့် ကျွန်တော့် ချစ်ဇနီး သဘောဖြူ ၊ အူစင်း၏ အတွင်းစိတ်ကို သိသည်မို့ အပြစ်မဆိုတော့ဘဲ ပြုံး၍သာ နေလိုက်ပါသည် ။

“ မနက်ဖြန်လည်း သွားရစရာ ရှိတယ်နော် ”

ဟုတ်ပေသား ။ မသွားမဖြစ် သွားစရာက ရှိနေပြန်သည် ။ သွားရလျှင်ဖြင့် လက်ထဲ ငွေကြေး အနည်းငယ် ရှိရန် လိုသလို ကျွန်တော့်မျက်နှာကို ပြင်ဆင်ရန် လိုသေးသည် ။

••••• ••••• •••••

၄ ။

တစ်ခါတုန်းက ကင်းခြေများတစ်ကောင် သွားနေသည်ကို ဖားတစ်ကောင်က စိတ်ဝင်တစား ကြည့်နေသည် ။ ခြေများလှသည့် ဒီကောင် မည်သည့် ခြေက စ,လှမ်း၍ မည်သို့ သွားနေသနည်းဟု ဖားက အတွေးဝင်ရင်း ကင်းခြေများကိုသာ အာရုံစိုက်နေ သည် ။ ကင်းခြေများ အဝေး ရောက်သွားသောအခါမှ သူ သွားရန် ပြင်လိုက်သည် ။ ထို အခိုက် သူခုန်၍ သွားရမည် လား ၊ သူ့ခြေထောက်များက လှမ်း၍ သွားရမည်လားဟု ဝေဝေဝါးဝါး ဖြစ်သွားသည်ဟူသော ကြားဖူးနားဝအကြောင်းလေးကို တွေးမိရင်း ပြုံးမိပြန်သည် ။

လုပ်ငန်းခွင် ၊ ပတ်ဝန်းကျင် ၊ ကိစ္စရပ်အထွေထွေ အတွက် ကျွန်တော် မဖြစ်မနေ ၊ အားတက်သရော ပြုံးရင်းဖြင့် ကျွန်တော့်အပြုံးသည် မည်သို့ ဖြစ်လာသည်ကို ကျွန်တော် မတွေးတတ်တော့ ။ ကိုယ့်အပြုံးသည် အပြုံးစစ်စစ် ဖြစ်ရဲ့လား ၊ တကယ် ချိုသောအပြုံး ဖြစ်ရဲ့လား ၊ ရိုးသားသန့်စင်သော အပြုံး ဖြစ်ရဲ့လား ၊ မဲ့ပြုံး ၊ ခနဲ့ပြုံး ၊ ရွဲ့ပြုံး ၊ လှောင်ပြုံး ၊ မထီပြုံး ၊ မချိပြုံးတွေလား ။ ဆိုင်တစ်ဆိုင်က ကောင်မလေးတွေလို ရောင်းဝယ်ဖောက်ကားမှု အဆင်ပြေရန် အတွက် အပြုံးဖြင့် ဝန်ဆောင်မှုပေးနေသည့် အပြုံးလား ။ ခေါင်းက မျက်နှာ၏ အပြုံးကို မလိုက်နိုင်ဘဲ မူးဝေချင်လာသည် ။

“ ဟေ့လူ ခင်ဗျားမျက်နှာက ဘာဖြစ်တာလဲ ”

“ ဘာမှ မဖြစ်ပါဘူးဗျာ ၊ နည်းနည်းမူးလာသလားလို့ ”

“ မြေတော့ ချပြီးပါပြီ ၊ ပြန်ချင် ပြန်လို့ရပြီ ၊ သုသာန်အနံ့ကြောင့် ဖြစ်မယ်ဗျ ”

“ လိုက်ပို့တဲ့ သူတွေကလည်း များတာကိုး ၊ လူနံ့တွေရောကြောင့်လား မသိပါဘူးဗျာ ”

လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ၊ အားကိုးရသော မိတ်ဆွေ၏ ဇနီးသည် ဆုံးပါးသွားရသဖြင့် လိုက်ပို့ကြခြင်းဖြစ်သည် ။ မိတ်ဆွေကို နှုတ်ဆက် အားပေးစကား ပြောရန် ကြည့်လိုက်သည် ။ မျက်နှာ မကောင်း ။ သည်လို အချိန်တွင် မျက်နှာဘယ်လိုကောင်းလိမ့်မည်နည်း ။ ကျွန်တော်လည်း မျက်နှာပိုးသတ်စရာတော့ မလိုတော့ ။ မူးနောက်နောက် ဖြစ်နေခြင်းကြောင့် မျက်နှာက နွမ်းနေပြီဟု ကိုယ့်ကိုယ်ကို သိသည် ။

“ စိတ်မကောင်းပါဘူးဗျာ ၊ လွန်ဆန်လို့ မရတဲ့ တရား မဟုတ်လား ၊ ကျွန်တော်တို့ ခင်ဗျားတို့လည်း တစ်ချိန် ဒီ လမ်းကို လိုက်ရမှာ မဟုတ် လား ”

မိတ်ဆွေ၏ ပခုံးကို ဖက်ရင်း ပြောမိသည် ။ တစ်ချိန်တွင် ရှာဖွေသမျှ အကုန်ထားခဲ့ရပြီး ၊ ချစ်ခင်သူ ၊ မုန်းသူတို့နှင့် ဝေးရာသို့ သွားရမည်က အမှန် ။ မက်မောစရာ အဘယ်မှာ ရှိပါသနည်း ။ ထို မက်မောတွယ်တာစရာ မရှိ ၊ ခဏတာ ဆုံတွေ့ရသော လူ့ ဘဝ လာသခိုက်တွင် တစ်ဦး နှင့် တစ်ဦး အာဃာတတွေ နှင့် အမုန်းတွေ ပွားနေခြင်းက အကျိုးရှိမည် မဟုတ် ။ တစ်ဦးနှင့် တစ်ဦး မေတ္တာရှေ့ထား၍ ဆက်ဆံရမည် ။ ကျွန်တော့်လို အပြုံးဆင်ယင်သော မျက်နှာဖြင့် ဆက်ဆံပါလျှင် အဘယ်မှာ ကောင်းလိုက်ပါမည်နည်း ။ ထိုအပြုံးသည်လည်း ထားခဲ့ရမည်သာ ။ မသေခင်လေး ပြုံးနေရုံသာ ။

••••• ••••• •••••

၅ ။

မသေခင်လေး ပြုံးနေချင်သည့် ကျွန်တော့် စိတ်ဆန္ဒ ပြည့်ဝသွားသည်ဟုတော့ ကျွန်တော် ထင်မိသည် ။ ယခင်လို အထူးတလည် ကြိုးစားပမ်းစား ပြုံးနေစရာမလိုတော့ ။ စိတ် မပါ့တပါ ပြုံးနေစရာ မလိုတော့ ။ ကျွန်တော် ဆုံတွေ့ဖူးသော အမျိုးသမီးနှစ်ဦးလို ငိုလျှင်ပင် ပြုံးနေသည်ဟု ထင်ရသည့် မျက်နှာမျိုး ရပြီဟု ကိုယ့်ကိုယ်ကို တွေးသည် ။ ကျွန်တော့်မျက်နှာ မြင်လျှင် စိတ်ချမ်းသာကြမည် ။ ကျွန်တော် ငိုနေသည် ကိုပင် မြင်ရစေဦးတော့ စိတ် ကျေနပ်မှုတော့ ရကြမည် ။ တစ်ဖက်လူများ ပျော်ရွှင်ရန်အတွက် ကျွန်တော့်မျက်နှာ သည် ပြုံး၍နေပါပြီ ။

ကျောပူလာသည့် အတွက် ခုတင်ပေါ်တွင် လှဲလျောင်းနေရာမှ ခါးကို ဆန့်လိုက်သည် ။ အိမ်ရှေ့ခန်းဆီမှ ဇနီးသည်၏ အသံကို ကြားရသည် ။ ဧည့်သည်တွေ ရောက်လာကြသည် ထင်ပါ့ ။

“ ကြွကြပါရှင် ”

“ ဘယ်လိုဖြစ်တာတုံး‌ဗျ ”

အထက်လူကြီး၏ အသံနှင့်အတူ ကျွန်တော့်အခန်းထဲသို့ ဝင်လာကြသည် ။

“ မနေ့က ရေချိုးနောက်ကျတာလည်းပါမယ် ၊ ရေချိုး မှားသွားတာလည်း ဖြစ်မယ် ထင်ပါတယ်ရှင် ။ ပြီးတော့ ညက နည်းနည်း အေးစိမ့်စိမ့် ကို သူက စွပ်ကျယ်နဲ့ အိပ်မိ ပြီး အကြောင်း ဆုံသွားတာ ။ တော်သေးတယ် လေဖြန်း တာလေးပဲ ဖြစ်ပြီး ၊ နှုတ်ခမ်းရွဲ့ ပါးရွဲ့သွားလို့ ”

ကျွန်တော်ကတော့ အထက်လူကြီးကို ပြုံးပြလိုက်ပါသည် ။

“ အ ... အမ့် ... အမ့် ... အမ်း ...”

⎕ မောင်ပိုင် ၊ လေးမျက်နှာ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      မေ ၊ ၂၀၁၈

Monday, June 1, 2026

ဖျော်ဖြေသူ

❝ ဖျော်ဖြေသူ ❞
    ( ပီမိုးနင်း )

“ လူပေါင်းတစ်ရာလျှင် ငါးဆယ်ပင် ရှိလေမည်လား ။ ခုနစ်ဆယ် ၊ ရှစ်ဆယ်ပင် ရှိလေမည်လား ။ တစ်ရာလျှင် တစ်ရာပင် ရှိပေမည်လား ” ဟု ပုံသေကားကျ မပြောနိုင်သော်လည်း အောက်ပါ နည်းမျိုးအတိုင်း အသည်းညှာကလေးမှာ မှိတ်တုတ်မှိတ်တုတ်နှင့် စွဲ၍နေသော မီးကလေး တစ်မျိုး ရှိတတ်ကြသည်ကား အမြင်အားဖြင့် အများကြီး သိသာလေသည် ။

ဒေါ်မြင့်နှင့် ဦးဘဆိုင်တို့မှာ အရွယ်အားဖြင့် မတိမ်းမယိမ်း အတူတူလို မှတ်ထင်ရ၏ ။ ယောက်ျားများသည် ယခုခေတ်ကာလ မိန်းမများထက် အရွယ်တင်တတ်သည်ကို ထောက်လျှင် ဦးဘဆိုင်က “ လေးငါးခြောက်နှစ် ပို၍များ ကြီးလေမလား ” ဟု တွေးဖွယ်ရာ ရှိ၏ ။ နှစ်ယောက်စလုံးမှာကား အရွယ်ကောင်း ဖြစ်ကြလေ၏ ။

ဦးဘဆိုင်မှာ မယားရှိလင် ဖြစ်၏ ။ ဒေါ်မြင့်မှာ မုဆိုးမ သားမရှိ ၊ မွေးစားသော ကလေးတစ်ယောက် သေဆုံးဖူးလေရာ “ မေမေ ” ဟု ထိုကလေး မသေမီကသာ အခေါ်ခံခဲ့ရလေ၏ ။ လယ်ယာအိမ်ခြေ အခြေအနေနှင့် ပြည့်စုံလျက် မျိုးရိုးလည်း ကောင်း ၊ ဘုရား ၊ တရား ကြည်ညိုလျက် ဥပုသ်သီတင်းနှင့် နေလေ့ရှိလေရာ ဒေါ်မြင့် နှင့် မိခင်အိုမှာ ရပ်ရွာ၌ ထင်ရှားသလောက် လေးစားခင်မင်သူလည်း များကြလေ၏ ။ ၎င်းတို့၏ ဂုဏ်ကျက်သရေ ဖြူစင်ခြင်းမှာ ဒေါ်မြင့်၏ ယောက်ျား ပွဲစားကြီး ကွယ်လွန် အနိစ္စ ရောက်ကတည်းက ယခုအထိ မိုးမထင်းသော အကွက်အပြောက် ဟူ၍ မရှိခဲ့ချေ ။ သို့ဖြစ်လေရာ ဦးဘဆိုင်၏ ဇနီးဖြစ်သူမှာ ဒေါ်မြင့်ထံ နေ့စဉ်နေ့တိုင်း မပြတ်မလပ် သွားလေ့ရှိသော လင်ယောက်ျားအတွက် ရင်ထဲမှာ အငွေ့ တရှိန်ရှိန် ဒီဂရီ အပူချိန်ကလေးသည် မဆူမဝေသော်လည်း အဘယ်အခါမှာမှ အမူးမပြေသလို ဖြစ်၍နေလေ၏ ။

“ ရှင် ဘာပြုလို့ ဟိုအိမ်ကိုချည်း နေ့စဉ် သွားရတာလဲ ။ ဘယ်သို့ပဲ ဘယ်ညာပဲ ” စသည်ဖြင့် လူသူလေးပါး ကြားအောင် မဆိုထားဘိ ။ အိပ်ရာ၌ တိုးတိုးတိတ်တိတ် ကျိတ်ကာမျှ မပြောသာအောင် ရှိ၍ နေလေ၏ ။

သို့မပြောသာခြင်းမှာ ဦးဘဆိုင် ကိုယ်တိုင်ကလည်း “ ဂုဏ်သိက္ခာနှင့် လွန်စွာ ပြည့်စုံသောကြောင့် တစ်ကြောင်း ၊ ဒေါ်မြင့်၏ ဂုဏ်သိမ်ဒြပ်ကလည်း ဦးဘဆိုင် ထက်ပင် မြင့်သလို ဖြစ်၍ နေသောကြောင့် မတော်တလျော်ဖြင့် မဖြစ်တန်ပါဘူး ” ဟု အောက်မေ့ကာ စိတ်ကို ဖြေရခြင်းကြောင့် ဖြစ်၏ ။

ဒေါ်မြင့်တို့ သားအမိကလည်း ဦးဘဆိုင် တစ်နေ့ မပေါ်လာလျှင် တမျှော်မျှော် နေကြရှာလေ၏ ။ စားစရာ ၊ သောက်စရာ အကောင်းအမွန်ကလေး ရှိလျှင် ဦးဘဆိုင်ကို သတိရကြ၏ ။ တစ်နေ့ မပေါ်လာလျှင် “ ဘာများ ဖြစ်လို့ပါလိမ့် ၊ နေထိုင်မကောင်းလို့ပဲလား ။ စိတ်စက်များ မကောင်းစရာ တစ်ခုခု ဖြစ်လေသလား ။ အရောင်းအဝယ် အလုပ်အကိုင်များကလည်း တယ်ကြီး အပေါက်အလမ်း မတည့်လေတော့ ကြံရ ၊ စည်ရ ထင်ပါရဲ့ ” စသည်ဖြင့် သားအမိ နှစ်ယောက် ပြောဆိုကာ အရိပ်အယောင်ကို လူကိုယ်တိုင်ကပင် ဂရုမစိုက်စေကာမူ မျက်လုံးများက ထင်မြင် ဂရုစိုက်၍ နေလေ့ ရှိကြလေ၏ ။

ဒေါ်မြင့်မှာ ငယ်စဉ်က ရှိဖူးသော အဆင်း၏ ထူးမြတ်ခြင်းသည် မယုတ်မလျော့ ကြော့နေအောင် ဆင်လိုက်လျှင် မော့နေအောင် ကြည့်၍ ကောင်းသေး၏ ။ ဦးဘဆိုင်မှာကား အသားညိုချော သျှောင်ထုံးကြီး နှင့် ပေါ်သမျှ အဆင်ဆန်းမှာက ဘာမဆို ကိုယ်မှကပ်လျှင် ကွင်းခနဲထင်းခနဲ ထင်ရှားသူ ဖြစ်လေ၏ ။ သို့ဖြစ်လေရာ ရုပ်ချောသူနှစ်ဦး ဤကဲ့သို့ ဣန္ဒြေရရ ခင်မင်၍ နေကြခြင်းဟာ ဟိုသင်းသည်သင်း စိတ်မျိုးတော့ ဧကန် ကင်းကြမှာ မဟုတ်ဘူး ။ ဧကန်တော့ ဧကန်ပဲ ။ ဘယ်လို ဧကန်မှန်းမသိ ။ ရိုးရိုးသားသားဖြင့် သင်းတို့ သည်လောက်တောင် ခင်နိုင်မှာ မဟုတ်ဘူး ” ဟူသော ထင်မြင်ချက် မျိုးကို ပေးကြ၏ ။ အချို့ကလည်း “ ရိုးရိုးသားသား ထင်ပါလေ ။ လူကြီးလူကောင်း ဆွေနှင့်မျိုးနှင့် ဂုဏ်နှင့် အသရေနဲ့ မမြင့်တို့ သားအမိကလည်း ဆွေနှင့်မျိုးနှင့် နေကြသူတွေမို့ ကိုဘဆိုင် ကပင် စိတ်ထဲမှာ တစ်မျိုးတစ်မည် ပုထုဇဉ်မျိုးမို့ ဖြစ်စေကာမူ မမြင့် ကတော့ ဒီလို ဟုတ်မယ် မထင်ပါဘူး ။ လွတ်လွတ်ကင်းကင်းလည်း မဟုတ် ” ဟူသော ထင်မြင်ချက်မျိုးကို ပေးကြလေ၏ ။

ထိုထင်မြင်ချက် နှစ်ရပ်မှာ အဘယ်က မှန်မည်ကိုကား ဖြစ်ပျက်ပုံ လမ်းစဉ်ဖြင့် ဆုံးဖြတ်ဖို့သာ ရှိလေ၏ ။ အကြောင်းမူကား အချို့လည်း ဂုဏ်အသရေ ဟိရိ ခေါ်သည့် သံကွန်ချာကြီးနှင့် နေကြရသဖြင့် ဣန္ဒြေရကြ ၏ ။ အချို့မှာလည်း အထက်ဖော်ပြခဲ့သော မီးရိပ်မီးငွေ့ကလေးသည် ထိုသံကွန်ချာကို မနိုင့်တနိုင်နှင့် ရှို့မြို့က် ဖျက်ဆီးရန် ကြိုးစား၍ နေတတ်လေရာ အဘယ်သို့သော နည်းမျိုး ဖြစ်မည်ကို အောက်ပါ အကျိုးအကြောင်း ဖြင့်သာ သိဖွယ်ဖြစ်ပေသတည်း ။

သို့နေကြလေရာ အထက်ဖော်ပြသည့် နည်းအတိုင်း ဦးဘဆိုင်သည် အခါလည် နီးနီး နေခဲ့လေ၏ ။ သို့နေနိုင်ခြင်းမှာ အခြားကြောင့် မဟုတ် ။ ရှေးအခါ ကောင်းစဉ်က ရှာဖွေစုဆောင်းထားရှိသော ပစ္စည်းကလေးများကို အရင်းတည်ကာ ဇနီးသည်ဖြစ်သူမှာ ဈေးထဲ၌ သင့်တင့်လျောက်ပတ်သော ကုန်ဆိုင်ကလေး ရှိခြင်းကြောင့် ဖြစ်လေ၏ ။ ဒေါ်မြင့်တို့ သားအမိမှာကား အကုန်အကျ နည်းပါးအခါပင် မကောင်းငြားလည်း လယ်ထောက်ခ စပါးကလေးများမှာ သားအမိနှစ်ယောက် လှူနိုင် တန်းနိုင်လောက်အောင် ပိုမိုလေ၏ ။

ဦးဘဆိုင်မှာ မိမိ၏ အိမ်၌ ထမင်းစားရုံနှင့် အိပ်ရုံသာ နေ၍ အများဆုံး အချိန်ကို ဒေါ်မြင့်တို့ အိမ်ဦးခန်း လက်ဖက်ရည်ကြမ်းအိုးအနီး ပြောင်လက်သော သင်ဖြူး ဖျာပေါ်တွင် ဝမ်းလျားမှောက်ကာ ရှေးကြောင်း နောက်ကြောင်း အလုပ်အကိုင် ရပ်ရွာအရေး ဆွေမျိုးကိစ္စ သာသနာ အကြောင်း စသည်များကို ပြောရင်း ပြောသူရှိက နားထောင်ရင်း အချိန်ကို ကုန်စေလေ၏ ။ ထိုအိမ်၌ ဒေါ်မြင့်၏ ဆွေမျိုးပေါက်ဖော် တူသားများလည်း အမြဲမပြတ် လိုလို ရှိကြလေရာ ဦးဘဆိုင်၏ ဇနီးသည် စိတ်မှာ တောင်တောင်မြောက်မြောက် တွေးတော၍ နေဖို့ရာ အကြောင်း တစ်စုံတစ်ရာ မရှိ ။ ပိန်ကြုံသော ရင်အုံကလေးမှာ တနွေးနွေးနှင့် ဈေးရောင်းခြင်း အလုပ်ကို မပျက်မကွက် လုပ်နိုင်လေ၏ ။

ဦးဘဆိုင်နှင့် ဒေါ်မြင့်တို့ ပြောကြသော စကားများမှာ ကလေးကလား အသေးအမွှား ပါရှိသည် ဟူ၍ မကြားရ ။ ရဟန်းနှင့် ရဟန်းအမ တွေ့ကြသော တည်ကြည်ခြင်းမျိုးနှင့် ပြောဆိုကြခြင်း ဖြစ်လေရာ စိတ်မချဖွယ်ရာ အကြောင်းတစ်စုံတစ်ရာ မရှိချေ ။ သို့သော်လည်း ဦးဘဆိုင်၏ ဇနီးသည် ဒေါ်အေးမှာ နဂိုက အေးအေးနေတတ်သူ ဖြစ်သဖြင့် ဘာကိုမျှ မပြောသော်လည်း အချို့သော ရှေးလူကြီးများ ပြောလေ့ရှိသလို ပုထုဇဉ်ပေလား မသိရ ။ အသားအရေ မကြည်မလင် အဘယ်အခါမျှ ရွှင်ရွှင်ပျပျကြီး မရှိသည်ကို သိနိုင်လေသတည်း ။

သို့နေကြခိုက်တွင် တစ်နေ့သောအခါ ဦးဘဆိုင် မပေါ်လာဘဲ နေသဖြင့် တမျှော်မျှော် သားအမိ နှစ်ယောက် နေခိုက်မှာ သုတ်သီးသုတ်ပျာ ထုံးနေကျ သျှောင်ကြီးမျှ သေသေချာချာ မပါမလာဘဲ ရှပ်အင်္ကျီနှင့် အဝေး၌ လျှောက်၍ သွားသည်ကို သားအမိ နှစ်ယောက် မြင်ကြရလေလျှင် ကပျာကယာ ထားတတ်၍ မျှော်ကြလျက် ရင်ကိုနှိပ်ကာ “ ဘုရား .. ဘုရား ၊ ဘာများပါလိမ့် သမီးရေ ၊ ဟုတ်မှ ဟုတ်ကဲ့လား ။ မောင်ဘဆိုင်ပဲလား ။ ဘာအရေးများ ပါလိမ့်မတုံး ။ ခေါ်စမ်းပါဦး ”

“ ဟုတ်တယ် အမေ ၊ ခါတိုင်းနှင့် မတူရှာဘူး ။ ဘာများ ဖြစ်ပါလိမ့်မလဲ ။ ခုတင်ကတော့ လှည့်ကြည့်သွားတယ်ပဲ ” ဟု ပူပင်စွာ ပြန်၍ ပြောလေ၏ ။ ထိုအခိုက်တွင် ဦးဘဆိုင်တို့ အိမ်ဘက်မှ လျှောက်၍လာသော မိန်းမကြီး တစ်ယောက်ကို မြင်သဖြင့် ဒေါ်မြင့်က လှမ်းတဲ့ကာ “ မဖော့ ၊ ခုတင်ကသွားတာ ကိုဘဆိုင် မဟုတ်လား ။ ဘာများ ကြားရသလဲ ။ အရေးကြီးပုံကလား ” ဟု ဒေါ်မြင့်က မေးလေ၏ ။

“ မသိသေးဘူးလား ၊ မအေး မနည်း ဖြစ်နေတယ် ။ ကျုပ်လည်း ခုပဲ ကြည့်ပြီး ချွေးမကိစ္စကြောင့် ထလာခဲ့ရတယ် ”

“ အလို.. ဖြစ်မှဖြစ်ရလေ ၊ မအေးလေ ။ နေပါဦး ။ နို့ ... မနက်က အကောင်းသားပါကလား ”

“ အကောင်းသားပဲ ။ ရင်ထဲက အောင့်တယ် ဆိုပြီး ဈေးက ပြန်လာခဲ့တယ် ။ အိမ်ရောက်တော့မှ အသည်းအသန် ဖြစ်တာပဲ ။ ရမယ် မထင်ဘူး ။ ကိုဘဆိုင်တော့ ဒေါက်တာကိုမောင်ဆီ သွားတာပဲ ” ဟု ပြောပြီး မဖော့ ထွက်၍ သွားလေ၏ ။

မြင့် ။  ။ “ သြ … ဒုက္ခ ဒုက္ခ ။ ဖြစ်မှ ဖြစ်ရလေဟယ် ။ ကျွန်မ သွားကြည့်လိုက်ဦးမှပဲ ”

“ အေး သမီးရယ် ၊ သွားကြည့်လိုက်ပါဦး ။ မောင်ဘဆိုင် မှာလည်း တစ်ယောက်တည်း နားမလည်ပါးမလည်နဲ့ ။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမှာပါပဲ ”

“ ဟုတ်ကဲ့ အမေ ၊ ဪ ... မအေး ၊ မအေး မနက်ကပဲ စောင်ကလေးခြုံလို့ ဈေးထွက်သွားတာ မြင်လိုက်ရသေးတယ် ။ မိန်းမက အင်မတန် ပျော့တာပဲ အမေရဲ့ ။ ချမ်းသာပါစေတော် ” စသည်ဖြင့် ကရုဏာ ၊ မုဒိတာ ၊ မေတ္တာ စကားကလေးတွေကို တဖျစ်တောက်တောက် ပြောရင်း ညည်းညည်းညူညူနှင့် အိမ်ခြေရင်း ပြတင်းပေါက် အနီးရှိ ထောက်မှန်ကြီးရှေ့သို့ သွား၍ ပုဆစ်တုပ်ကာ ဆံပင်များကို ကျင်လည်သော လက်များနှင့် လျင်မြန်စွာ ဖြီးလိမ်း ၊ သနပ်ခါးမှုန့်ကလေးများနှင့် မျက်နှာ ၊ လည်ပင်း တို့ကို ပွတ်သပ် ၊ ကတ္တီပါ ကြက်သွေးရောင် ထဘီကို ကပျာကယာလဲ ၊ ပုံတော်ဖိနပ်ကို စွပ် ၊ စိုင်ချိုပေါ် ချိတ်ထားသည့် ဖဲတွန့်ပဝါ နံ့သာရောင် ကို တင်၍ အမေကြီး အနီးရှိ ကွမ်းအစ်ကြီးမှာ ထိုင် ၊ ကပျာကယာ ကွမ်း တစ်ယာ ပါးစပ်ထဲကို ထည့်ပြီး ပေါ့ပါးလျင်မြန်စွာ အိမ်ပေါ်က တဖျတ်ဖျတ် ဆင်း၍ သွားရာတွင် “ ကိုဘဆိုင်တော့ မုဆိုးဖို ဖြစ်ပြီး အသက်မှ ငါ မီပါ့မလား ။ သေမှာပါပဲ ။ သည်မိန်းမဟာ အမြဲ မောနေတာပါပဲ ။ ကူငွေ တစ်ဆယ်လောက်တော့ ကုန်ပါစေတော့လေ ။ မသာကိစ္စ ဆိုတာ ဝန်အလေးသား ။ ကိုဘဆိုင် ကလည်း ဘာမှ နားမလည် ။ ကိုယ့်အပူ ကပ်သေးရဲ့ ။ သားသမီး မကျန်ရစ်လို့ တော်သေးရဲ့ ။ ကိုဘဆိုင် သနားစရာ ကောင်းတာပဲ ။ တစ်ခါမှ အပူ မတွေ့ရှာသေးဘူး ” ဟု တွေးတောသွား လေ၏ ။

ဒေါ်မြင့် ထွက်၍ သွားရာ လမ်း၌ မိန်းမကြီး တစ်ယောက်က “ မမြင့် မြန်လှချည်လား ၊ ဘယ်ကိုလဲ ” ဟု မေးရာ “ မသာအိမ်ကိုလေ ” ဟု ယောင်၍ ပြောပြီး ဆက်၍ သွားလေ၏ ။

မိန်းမကြီး “ နေပါဦး မမြင့်ရဲ့ ၊ ဘယ်က မသာလဲ ”

မြင့် ။  ။ “ အလို မတုတ်နှယ် ၊ နိမိတ်မရှိ ၊ နမာမရှိ ။ ဘယ်က မသာရမလဲရှင့် ။ မအေး အသည်းအသန် ဖြစ်နေတာပါ ”

တုတ် ။  ။ “ ဟင် ... ခုပဲ မမြင့်က မသာလို့ ပြောလို့ ”

မြင့် ။  ။ “ မပြောမိပေါင် မတုတ်ရယ် ။ စပ်စပ်ဖာဖာ ၊ မအေး မနည်းဖြစ်တာ ပြောတာပါ ။ ရှင့် နားနှယ် ကြားတတ် ၊ ကြားတတ်ပလေတယ် ”

“ ပြောတတ်ပေါင် မမြင့်ရယ် ၊ မအေး မနည်းဖြစ်နေသလား ။ ကျုပ်က မသာ ပြောလိုက်သလားလို့ ။ သည်လိုဖြင့် သေဖြစ်ပါပြီ ။ စိတ်ချသာ သွားပါတော့ ။ ကျုပ်လည်း ဈေးက ပြန်မှ ဝင်ရဦးမယ် ” ဟု ပြောပြီး ထွက်၍သွားသော ဒေါ်တုတ်သည် မျက်စောင်းထိုးကာ မမြင့်ကို လှည့်ကြည့်ပြီး မိန်းမကဖြင့် “ မအေး မနည်းဖြစ်တာနှင့် သပြီး သွားလိုက်တာ ။ နှုတ်ခမ်းကလေးများတောင် ကွမ်းသွေးရောင်နှင့် ချောလည်း ချောပါပေတယ် ။ ဒါထက် မဟုတ်ပါဘူး ။ ဒီကောင်မဟာ သင်းပါးစပ်က မသာလို့ ပြောတာ ငါ့နားနဲ့ ဆတ်ဆတ် ကြားရက်သားနဲ့ ။ အတင်းခံ ငြင်းသွားသေးတယ် ။ ဘယ့်နှယ်ကောင်မပါလိမ့် ။ ငါ့နား ကပဲ ငါ့ကို အကြောင်ရိုက်တာလား ။ သင်း အကြောင် ရိုက်တာလား ။ တစ်ခုခုပဲ ။ သိပြီ ၊ သိပြီ ။ ဪ ... ဒါကြောင့်ကိုး ။ ဒါ့ကြောင့် ဒါ့ကြောင့် ၊ အာဂကောင်မ ။ ဝတ်စားသွားလိုက်တာ ကြော့လို့ ။ ဝမ်းသာလွန်းလို့ မှတ်တယ် ။ အဲလေ ... မအေး သေရင် ဖြစ်ကြမှာပါပဲ ၊ တော်လည်း တော်ပါရဲ့ ။ နှစ်ယောက်စလုံးက ဘယ်သူ့မှ ဆိုစရာ မရှိ ။ သင်းတို့ တစ်ခုခုများ လုပ်လေရော့လား ။ မအေး လောလောလတ်လတ် မနည်းဖြစ်တာ ။ အံ့ဩစရာပဲ ” စသည်ဖြင့် တွေး၍သွား၏ ။

ဒေါ်မြင့် ရောက်သောအခါ မအေး အသက်ပျောက်၍ နေသည်ကို တွေ့ ရလေ၏ ။ ခဏအတွင်း ဦးဘဆိုင် နှင့် ဆရာဝန် ရောက်၍ လာလေ၏ ။ ဦးဘဆိုင်လည်း အလောင်းကို ကြည့်ကာ မျက်နှာမှာ သွေးရောင် တောက်၍ လာပြီး “ ဟီ ” ဟု ညည်းလျက် မျက်နှာကို ပွတ်ကာ အိမ်ပြင်သို့ ထွက်၍ သွားရာ ဒေါ်မြင့်သည် ပူစရာပင်စရာ မရှိဘဲ တစ်ကိုယ်ရေ လူပျိုကြီး ဖြစ်ကာ ကျန်ရစ်ရှာသော ဦးဘဆိုင်ကို သေသူထက် ပိုမို၍ မသနားမကြင်နာဘဲ မနေနိုင်တော့ချေ ။ ဦးဘဆိုင်အား လွန်စွာ ကရုဏာသက်သော မျက်နှာထားနှင့် စိုက်ကာ ကြည့်မိလေ၏ ။ သို့ကြည့်မိသည်ကို အနီးအပါးရှိ ပရိသတ်တို့ကလည်း သတိထားမိကြလေ၏ ။ အကြောင်းမူကား “ မအေး သေလျှင် အဘယ်သို့ အဘယ်ညာ ဖြစ်မည်ကို ပြောဆို တွေးတောပြီး ဖြစ်ကြသဖြင့် လမ်း၌ ဒေါ်တုတ်အား ဒေါ်မြင့် ပြောလိုက်သော စကားအမှားကလေး တစ်လုံးသည်လည်း ဈေးလယ်သို့ ဗုံးကျ၍ ပေါက်သလို သေးငယ်သော မြို့ကလေး၏ ရှေ့နောက် ၊ တောင်မြောက် ၊ အရပ်လေးမျက်နှာ ၊ အရပ်ရှစ်မျက်နှာသို့ လျင်မြန်သောအရှိန်နှင့် လာရောက် ပျံ့နှံ့ပြီး ဖြစ်လေ၏ ။

ဒေါ်မြင့်လည်း အခြား နီးစပ်သဖြင့် ကြည့်ရှုကူညီရန် လာသူတို့နှင့် အနည်းငယ်မျှ လုပ်ကိုင်ရန် ကိစ္စများနှင့် ပတ်သက်၍ ပြောဆိုပြီး “ အီး ” ဟု ဆွဲငင်စွာ ညည်းပြီး ထရင်း “ သူပြီး ငါပျောက် ၊ သေမင်းနိုင်ငံ တစ်လှည့်စီ ရောက်ကြရတာပေါ့လေ ။ ကိုင်း ... သွားလိုက်ဦး ၊ အိမ်မှာလည်း ဘယ်သူမှမရှိ ” ဟု ပြော၍ ထအလာမှာ အိမ်ရှေ့ ပက်လက်ကုလားထိုင်ပေါ်တွင် ပက်လက်လှန်နေသော ဦးဘဆိုင်က ထ၍ ထိုင်ပြီး “ သွားတော့မလား ၊ အင်း ... အင်း ပြန်လေ မထူးပါဘူး ” ဟု ပြောရင်း ဇနီးသည်၏ အလောင်းရှိရာသို့ သွားမလိုလို ထ၍ လာလေရာ ဒေါ်မြင့်က အသုဘကိစ္စ စီမံလုပ်ကိုင်ဖို့ အရေးများနှင့် ပတ်သက် ၍ အကြံဉာဏ် စကားအနည်းငယ်မျှကို ပြောပြီး အိမ်ပေါ် မှ ဆင်း၍ သွားလေ၏ ။

ထိုနေ့မှစ၍ ဒေါ်မြင့်သည် မသာအိမ်၌ ကြီးမှူး အုပ်ချုပ်စီမံရာ မသာချ၍ ပြီးသောအခါကျမှ အိမ်ကို ပြန်ရလေ၏ ။

ဒေါ်မြင့်တို့ သားအမိ နှစ်ယောက်သည် ဦးဘဆိုင်၏ အကြောင်းကိုသာ ပြောဆိုကာ ဦးဘဆိုင် အတွက် ပူပင်၍သာ နေကြလေ၏ ။ ဦးဘဆိုင်သည်ကား အိမ်ကို မပေါ်လာဘဲ နေလေ၏ ။ အကြောင်းမူကား မိမိ၏ နာမည်နှင့် ဒေါ်မြင့်၏ နာမည်ကို ပူးတွဲကာ အရပ်ထဲ၌ လည်းကောင်း ၊ ဈေး၌ လည်းကောင်း ၊ ပြောကြဆိုကြ ထင်မြင်ချက်ပေးကြသည်ကို ကြားရသဖြင့် သွားရမည့်အတွက် ရှက်ကိုးရှက်ကန်း ဖြစ်၍နေလေ၏ ။

ဒေါ်မြင့်တို့ သားအမိလည်း ထိုသတင်းစကားများကို ကြားကြရ၏ ။ ကြားသော်လည်း အများထင်မြင်ချက် အတိုင်း “ မလွဲအမှန် ဖြစ်ရတော့မှာပဲ ” ဟူ၍ စိတ်ချကာ ထိုအရေးနှင့် ပတ်သက်၍ “ ရှက်ကြောက်စရာ အကြောင်း မရှိ ” ဟု သဘောထားကြလေ၏ ။

လူတို့၏ စိတ်၌ ထိုအရေးကိစ္စမျိုးတွင် သင့်တင့် လျောက်ပတ်စွာ အကြောင်းတိုက်ဆိုင် ဖြစ်ပျက်ဖို့ကို လိုလားကြသော ဓမ္မတာအတိုင်း “ အတော်သားပဲ ၊ အထက်ကလည်း မေတ္တာရှိခဲ့ကြပြီးမို့ လွှဲဖို့တော့ မရှိပါဘူး ။ နှစ်ယောက်စလုံးမှာ ပြောစရာ ဘာမှမရှိဘူး ။ ရှေ့သွားနောက်လိုက် အင်မတန် ညီမှာပဲ ။ လူကြီးသူကြီး ပီပီ တင့်တင့်တယ်တယ်မို့ ကဲ့ရဲ့စရာ မရှိပါဘူး ” ဟူသော စကားများသည် ဒေါ်မြင့်မြင့်၏ နားသို့ ရောက်ကာ ဒေါ်မြင့်ကို အားပေးလေ၏ ။

ဦးဘဆိုင်သည် ဒေါ်မြင့်တို့ အိမ်သို့ မသွားဘဲ နေသည်မှာ တစ်လကျော်ကျော် ကြာ၍ သွားလေ၏ ။ သို့ မသွားဘဲ နေခြင်းသည် အရပ်စကားကို တိုး၍ ပျံ့နှံ့အောင် ပြုသကဲ့သို့ ဖြစ်လေ၏ ။

“ ရှက်လို့ မလာတာ ထင်ပါရဲ့ ။ သူ့စိတ်ထဲမှာ ပယောဂ တစ်စုံတစ်ရာမျှ မရှိ ။ ရိုးရိုးတန်းတန်း ဖြစ်ရင် လာမှာပဲ ။ အခုလို နေခြင်း ၊ ရှေးအခါက ထားရှိသော စိတ်သဘောနှင့်မတူ ။ ငါ့အပေါ်၌ ကြည်ဖြူသော စိတ်ဟာ တစ်မျိုးသော အခြေသို့ ပြောင်းလဲဖောက်ပြန်သည့် အတွက်ကြောင့်ပဲ ” စသည်ဖြင့် တွေးကာ ဒေါ်မြင့်၏ နှလုံးသည် ဦးဘဆိုင်တည်း ဟူသော ငါးကြီး၏ ရှေ့၌ တဆတ်ဆတ် လှုပ်၍ နေသော အသားတစ်လို ဖြစ်၍ နေလေ၏ ။

မိခင်ဖြစ်သူ ကိုယ်တိုင်ကလည်း ဦးဘဆိုင် အပေါ်၌ ကြည်ဖြူလိုလားစိတ် ရှိနှင့်ပြီးဖြစ်လေရာ မပေါ်လာ ၊ မပေါ်လာနှင့် မျှော်ကာသာ နေရှာလေ၏ ။

“ ဘယ်လိုများ စားသောက်နေပါလိမ့်မလဲ ။ ချက်ပြုတ် ကျွေးပါလိမ့်မလဲ ။ အဝတ်အစားမှ လျှော်ပေးသူ ရှိပါ့ မလား ။ ညကျ အိပ်ရာ ဘယ်သူ ခင်းပေးပါလိမ့်မလဲ ” စသည်ဖြင့် ပူပင်စပြုကြလေ၏ ။ တစ်နေ့သ၌ ဒေါ်တုတ် သည် ဒေါ်မြင့် ထံ ရောက်လာပြီး စက္ကူအထုပ် တစ်ခုကို ပေးလေ၏ ။ ဒေါ်မြင့် ဖြေ၍ ကြည့်သောအခါ ရှပ်အင်္ကျီ များကို တွေ့ရလေရာ ကျောစုတ်၍ နေသည်ကို တွေ့ရလေ၏ ။

တုတ် ။  ။ “ ရှပ်အင်္ကျီ ကျောပြဲ၍ နေတာကို ကြည့်မကောင်းလို့ ကျုပ်က အတင်း အချွတ်ခိုင်းပြီး ယူလာခဲ့ရတာတော့ ”

မြင့် ။  ။ “ မတုတ်က လောကွတ်ချော်လာတာလား ။  ကျွန်မလည်း သိပါတယ် ။ သည်အစုတ်ဟာ တော်တော်ကြာပါပြီ ။ သူ အစုတ်နှင့် နေနိုင်လို့မှ ကြည့်မနေနိုင်ဘူးလားလို့ အောက်မေ့ပြီး ကျွန်မက လွှတ်ထားတာပါ ။ ကိုယ်တိုင် ဘာပြုလို့ လာမပို့သတဲ့လဲလို့ မေးတယ်လို့ ပြောလိုက်ပါ ”

“ ပြောဆို ပြောရတာပေါ့ မမြင့်ရယ် ။ သူ့ခမျာ တောင်တောင်မြောက်မြောက် ပြောကြတာတွေကို ကြားရ လို့ ရှက်တယ် ထင်ပါရဲ့ ”

“ ကြီးကျယ်လိုက်တာ မတုတ်ရယ် ၊ ရှက်ကြောက်နေဖို့ အရွယ်လား မတုတ်ရဲ့ ။ ရှက်စရာ ၊ ကြောက်စရာ ၊ လူကဲ့ရဲ့စရာ ဘာများ ဖြစ်မိလို့လဲ ။ အရင်ကတော့ နေ့စဉ်မပြတ် လာပြီး အခုမှာ ချက်ချင်း ရပ်ပစ်လိုက်တာတော့ ရှက်ဖို့ မကောင်းတဲ့လား မတုတ်ရဲ့ ။ ပြောလိုက်ပါ ၊ ဘယ်လိုများ စားသောက်နေသတဲ့လဲ ”

“ ဒေါ်ဆယ်တို့ သားအမိက ချက်ပြုတ်ပို့နေရတာပေါ့ ။ နို့ ဒါပဲ အရင်းအချာ ရှိတာပဲကိုး ။ နို့ .... ထမင်း ကလေးများ တစ်နပ်တစ်လေပင် ကျွေးဦးမှပေါ့ မမြင့်ရဲ့ ။ ယနေ့ညစာ ချက်ထားမလား ။ ကျုပ် ပြောလိုက်မယ် ”

မြင့် ။  ။ “ အထက်ထက်က သည်လို စားနေ ၊ သောက်နေကျပဲ ။ ကျုပ်တို့အိမ်မှာ တစ်ယောက်စာ နှစ်ယောက်စာ အထူးပိုချက်ရတာ မဟုတ်ပါဘူး ”

စကားပြောရင်း ရှပ်အင်္ကျီများကို ချုပ်လေရာ ပြီးသဖြင့် ဒေါ်တုတ် ပြန်၍ သွားရာတွင် “ ဒေါ်မြင့်၏ စိတ်၌ ယနေ့ညနေ သူ လာလိမ့်မည် ။ အဘယ်လို စကားမျိုးကို ပြောရမည် ” စသည်တို့ကို ဆင်ခြင်၍ နေလေ၏ ။ အကြောင်းမူကား “ ဦးဘဆိုင်မှာ မိမိအတွက် မနည်း ဖြစ်သောကြောင့် အရှက်ဝင်ကာ ယခုလို ခွာ၍ နေခြင်း ဖြစ်သည် ။ ရှပ်အင်္ကျီများဟာ စေတမန်ပဲ ” စသည်ဖြင့် စိတ်ချလေ၏ ။

ထိုနေ့ညစာအတွက် ကောင်းမွန်စွာ ချက်ပြုတ်ရန် ဒေါ်မြင့်သည် ဖြီးလိမ်းကာ ဈေးသို့သွားလေ၏ ။ မျှော်လင့်သည့်အတိုင်း ဦးဘဆိုင် ရောက်၍ လာသောအခါ အမေကြီးက ဝမ်းမြောက်ဝမ်းသာ ဧည့်ခံလေရာ ဒေါ်မြင့်က မီးဖို၌ အလုပ်များ၍ နေရာမှ ထွက်၍လာပြီး ကြောင်အိမ်ကို ဖွင့်ကာ ပန်းကန်ပြားများကို ယူရင်း “ ထမင်းကို သည်မှာပဲ စားရောပေါ့ ။ အစားအသောက်လည်း မြက်မြက်ကလေးမှ စားတတ်တာနဲ့ ဒေါ်ဆယ်တို့ ချက်တာ ပြုတ်တာနဲ့တော့ တွေ့နေတော့မှာပဲလို့တောင် ပြောနေရသေးတယ် ။ စားချင်သောက်ချင်တာကလေးများ မှာရောပေါ့ ” ဟု ဒေါ်မြင့်က ပြောလေ၏ ။

ဆိုင် ။  ။ “ ဒုက္ခမပေးချင်ဘူး မမြင့်ရေ ၊ သူတို့လည်း မချက်နှင့်လို့ ပြောထားတာပဲ ။ ဆိုင်မှာ စားလည်း တစ်ဝမ်းတစ်ခါး ဘယ်လူမှ ဒုက္ခမပေးဘဲ အဖြစ်နိုင်သားပဲလို့ အေးအေးနေခဲ့တယ် အဒေါ် ။ စားနိုင်မှာလည်း မဟုတ်တော့ ချက်ရပြုတ်ရသူများမှာသာ ဝန်ပိုတာပဲလို့ အေးအေးနေခဲ့တာပဲ ။ သူတို့ လာပို့တာလည်း မစားနိုင်ဘူး ။ မမြင့်ကော အခုည ဘာများချက်သလဲ ”

မြင့် ။  ။ “ မပြောသေးဘူး ။ ပြောရင် ဝနေလိမ့်မည် ။ ထမင်းပွဲကျမှ စားပေတော့ ”

“ ဪ … မမြင့်က သည်ဖို့ ချက်နေသလား ။ ဒုက္ခများအောင်ဗျာ ။ အလကားချက်တယ် ။ စားနိုင်မှာလည်း မဟုတ်ပါဘူး ” ဟု ပြောပြီး အမယ်ကြီးနှင့် စကား ဆက်ကာ ရှေ့ရေးနောက်ရေး အကြောင်းအရာများကို ပြော၍ နေလေ၏ ။

ထိုညနေ ထမင်းစားပြီးသောအခါ ဒေါ်မြင့်နှင့် ဦးဘဆိုင် ၊ အမေကြီးပါ သုံးယောက်သား စကားပြော၍ နေကြစဉ် အမေကြီး ထ၍ သွားလေ၏ ။

မမြင့်၏ စိတ်၌ ဦးဘဆိုင်၏ နှုတ်မှ အဘယ်သို့သော စကားစ၍ ထွက်မည်ကိုသာ ကြီးစွာသော အာသာ ဆန္ဒနှင့် မျှော်လင့်၍ နေလေ၏ ။ စကားပြောရာ အတန် ညဉ့်နက်သော်လည်း ဦးဘဆိုင်သည် အိမ်ထောင်ရေးနှင့် ပတ်သက်၍ မည်သည့် စကားကိုမျှ မပြောဘဲ ပြန်၍ သွားသောအခါ ဒေါ်မြင့်၏ စိတ်၌ လူကြီးပီစွာ ရှက်၍သာ မပြော၍ဘဲနေသည်ဟု အောက်မေ့ကာ စိတ်ကို ဖြေလေ၏ ။

ထိုကဲ့သို့ နေရာအခါများစွာ ဒေါ်မြင့်နှင့် ဦးဘဆိုင် တို့ တွေ့ကြသော်လည်း ဦးဘဆိုင်၏ နှုတ်မှ တစ်ကြိမ် တစ်ခါမျှ ရိသဲ့သဲ့ စကားမျှ မထွက်ဘဲ နေလေရာ အထက်ထက်ကလည်း တစ်ယောက်အပေါ်မှာ တစ်ယောက် အင်မတန် လေးစားဂရုပြုခဲ့ကြတာမို့ ကလေးစကား ပြောရမှာ ရှက်ကြောက်တဲ့ လက္ခဏာနှင့် တူတာပဲ ။ အရပ်ကလည်း အမျိုးမျိုး ပြောနေကြတာမို့ အခုလို နေလို့ မဖြစ်ဘူး ။ အမြန်သိရအောင် လုပ်မှပဲဟု အောက်မေ့ကာ တစ်နေ့သ၌ ဒေါ်မြင့်က စကားစလျက် “ ကိုဘဆိုင် သည်လိုပဲ နေတော့မယ် စိတ်ကူးသလား ” ဟု မေးလေ၏ ။

“ အရပ်ထဲမှာ ပြောကြဆိုကြတာတွေကို ကိုဘဆိုင် ကြားရဲ့လား ”

“ သည်လို သည်လို ပြောနေကြတာပေါ့ ။ ကိုဘဆိုင် အသိသားနဲ့ ဟန်ဆောင်တာလား ” ဟု အပြစ်တင်သော အမူအရာကလေးမျိုးနှင့် ပြောလေ၏ ။

“ အင်း.. ရီးတီးယားတား ကြားသလိုလို ရှိပါရဲ့ ။ သို့သော်လည်း ”

“ အခက်သားပဲ ။ တချို့က တစ်မျိုးတစ်မည်တောင် ပြောနေကြတယ်လို့ ကြားရတာပဲ ”

“ မဟုတ်ပြီးရောပေါ့လေ ၊ ဘာပြောပြော ”

“ ကိုဘဆိုင်တို့ ယောက်ျားမှာတော့ ဘာပြောပြော ဘာကိစ္စရှိမလဲ ။ မိန်းမမှာသာ ကိစ္စများတတ်တာကိုး ”

“ အင်း ... ဒါလည်း ဟုတ်ကဲ့ ၊ နို့ ... အထက်ထက် ကတည်းက အခုလို တစ်ယောက် တစ်ယောက် ခင်မင်ပြီး တွေ့နေကြခဲ့တာ ။ နှစ်ပေါင်း အတော်ကြာ လာမှပဲကိုး ။ သည်တော့ အခုမှ မတွေ့ဘဲ နေရမယ် ဆိုတော့ အခက်သားပဲ ။ မမြင့်က ပြောတာ ဆိုတာတွေ ကြားရလို့ မလာစေချင်ဘူးလား ”

မမြင့်သည် ပြုံးလျက် “ ဪ …. ကိုဘဆိုင် ၊ ကိုဘဆိုင် ” ဟု ကရုဏာဒေါသော စိတ်ထဲတွင် ကျိတ်ကာ ပြောလိုက်လေ၏ ။

“ မလာစေချင်ရင် စောစောကတည်းက ပြောမှာပေါ့ ”

“ နို့ ... မမြင့်က ဘာပြောတာလဲ ၊ ဪ ... ဪ .. သိပါပြီ ၊ သိပါပြီ ။ ဒါတော့ သည်လိုကိုး ။ လူကြီးချင်း ဖြစ်လေတော့ အပြောရခက်လို့ပါ ။ တစ်ယောက် စိတ်ကို တစ်ယောက် သိလောက်ပြီးကတည်းကလို့ အောက်မေ့တာနဲ့ မပြောဘဲ နေတာကိုး ”

“ သည်လိုဖြစ်ရင်လည်း ဘာလိုသေးသလဲ ကိုဘဆိုင် ရယ် ။ အသစ်လုပ်ပြီး အကျယ်ချဲ့ နေဖို့ သွယ်ဝိုက်နေဖို့ လည်း မရှိပါဘူး ။ အရပ်ထဲ ပြောကြ ဆိုကြတာတွေ အေးစေချင်တာပဲ ”

“ အေးအောင် လုပ်ဖို့တော့ လွယ်ပါတယ် မမြင့် ၊ ခက်နေတာ တစ်ခုရှိလို့ပါ ”

“ ဘာများလဲ ကိုဘဆိုင် ” ဟု မမြင့်က ပွင့်လင်းစွာ စကားစမိပြီ ဖြစ်သောကြောင့် ထိုအရေးနှင့် ပတ်သက်၍ ဆက်လက်ပြောဆိုရန် မခက်တော့ပေ ။

“ သည်လိုပါ ၊ မမြင့် သိတဲ့အတိုင်း တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတာလို အထူးပြောနေစရာ မရှိပါဘူး ။ ထင်ရှားပြီးသားပါ ။ ကလေးစကားနှင့် ပတ်သက်လို့ ရှည်ရှည်လျားလျား ပြောနေဖို့ မလိုကြပါဘူး ။ ခက်တာ တစ်ခုက သည်လိုပါ ။ ကျုပ်မှာ မမြင့်နှင့် အခု အသင့်အတင့် ဖြစ်သွားကြမယ် ဆိုရင် တခြား မမြင့်လို ခင်မင် သွားလာ စကားပြောဆိုနေဖို့ မိန်းမတစ်ယောက် ရှိဦးမှ ဖြစ်မှာ ။ မအေး ရှိစဉ်ကတော့ မမြင့်နှင့် နေစဉ် တွေ့ကြုံ စားအိမ်သောက်အိမ် ဖြစ်ပြီးနေရလို့ နေသာထိုင်သာ ရှိခဲ့တာပဲ ။ အခု မမြင့်ကို မအေး နေရာမှာ ထားရင် မမြင့် နေရာကို ဝင်မယ့်သူ ဘယ်မှာမှ မမြင်ရသည့် အတွက် စဉ်းစားနေတာပါ ”

“ ဖြစ်မှ ဖြစ်ရလေ ကိုဘဆိုင်ရယ် ၊ တစ်ယောက်ကို တစ်ယောက် ချစ်ခင်နေမှ အပိုလိုသေးသလားရှင် ”

“ ဒါတော့ မမြင့်က အစလုပ်တာပဲ ။ မအေးနှင့် သေသည် တိုင်အောင် ပေါင်းနိုင်တာ ။ မမြင့် ရှိလို့ပါ ။ မမြင့် မရှိလျှင် တစ်ယောက်မျက်နှာ တစ်ယောက် နေထွက်က နေဝင် အထိ ကြည့်ပြီး တစ်ယောက်ကို တစ်ယောက် အော်ဂလီ ဆန်တာနဲ့ စောစောစီးစီး ကွဲကြမှာပဲ ။ သူကလည်း ဈေးသွား ။ ကျုပ်ကလည်း မမြင့်ဆီ နေကုန်အောင် လာနေသည့်အတွက် သူကလည်း ကြောင့်ကြတဲ့ စိတ်ကလေးကြောင့် သည်ကို ပိုပြီးစွဲ ၊ သည်ကလည်း ငါ့မိန်းမ သဘောကြီးပါပေတယ် ။ သည်းညည်းခံပါပေတယ် ဆိုတဲ့ စိတ်ကလေးကြောင့် ပိုပြီး ကြင်နာသည့်အတွက် အခု သွားရှာတော့သည့်တိုင်အောင် တစ်ယောက်ကို တစ်ယောက် ညှာတာသနား ထောက်ထား ချစ်ခင်ပြီး နေနိုင်ကြတာပေါ့ မမြင့်ရဲ့ ။ အခုကာလ မှားကြတာတွေဟာ ယောက်ျားနှင့် မိန်းမ ချစ်ကြပြီ ဆိုမှဖြင့် မိုးမမြင် ၊ လေမမြင် ကိန္နရာမောင်နှံလို မခွဲချင်အောင် ဖြစ်ပြီး ဝက်သား ၊ ကြက်သား မြင်မြင်ချင်း တပ်မက်၍ အားရပါးရစား ၊ တော်တော်ကြာရင် အီပြီး ညှီစော်နံသလို ဖြစ်ကြတာကလား မမြင့်ရဲ့ ။ အဲသည်တော့ အတန်ကြာရင် အချစ်တွေပျောက် ၊ အမုန်းစိတ်တွေ ရောက်ကြပြီး ကွဲကြတာပဲ ။ အခု မမြင့်ကို ချစ်တဲ့ အချစ်ကလေးဟာ အခုလို မြန်မြန်ကြီး ပျက်သွားမှာ လျော့သွားမှာ စိုးသည့်အတွက် ချိန်နေတာပါ ။ အခုနေတော့ သူ့ဣန္ဒြေ ၊ ကိုယ့်ဣန္ဒြေနှင့် ခပ်ခွာခွာကလေး ချစ်နေကြတော့ ကောင်းပါရဲ့ ။ တစ်ယောက် အပေါ် တစ်ယောက် ဘာအပြစ်မှ မမြင် ၊ ချစ်ဖို့ဟာတွေ ကိုသာ မြင်နေတာမို့ အင်မတန် ကောင်းတာပဲ ။ အဲသည် အကောင်းကလေး လျော့သွားမှာ စိုးတာက တစ်ကြောင်း ၊ မတော်တဆ လျော့သွားရင် နေသာထိုင်သာ ရှိဖို့ရန် မမြင့်ရဲ့ ရာထူး ဆက်ခံဖို့ တစ်ယောက်ယောက် အနီး အနား ရှာဦးမှ ဖြစ်မယ်လို့ အောက်မေ့တာပဲ ”

“ သည်လိုဖြင့် တခြား ကျွန်မလို ချစ်သူတစ်ယောက် ရှာပေးရဦးမလိုလို ကျနေတာပေါ့ ”

“ မရှာရပါဘူး ၊ ကျုပ်ဘာသာ ရှာပါ့မယ် ။ ဘယ်များ ရှိပါလိမ့် ။ မဖော့ တစ်ယောက်တော့ မြင်ရဲ့ ။ သူက နေရာ ကျပါ့မလား မသိဘူး ။ မုဆိုးမပဲ ။ သို့သော်လည်း မမြင့် လို မအားလို့ ။ သည်ကို ဧည့်ခံနိုင်မှာ မဟုတ်ဘူး ”

“ ဒါမျိုးဆိုတာ ရှေးကရေစက်ပါလို့ တစ်ယောက်ကို တစ်ယောက် လိုလားတဲ့စိတ် ဖြစ်ကြရတာကလား ကိုဘဆိုင်ရဲ့ ။ လုပ်ယူလို့ ဖြစ်တာမျိုးကလည်း မဟုတ်ဘဲကိုး ”

“ သည်လိုဖြင့် ကျွန်မလို မိန်းမတစ်ယောက် အသင့် ရှာပြီးရင် ကိစ္စချောအောင် စီမံမယ် ဆိုပါတော့ ”

“ နို့ ... ဒါပဲ လိုနေတာပဲ ။ ကိစ္စချောချင်တာပေါ့ ။ မမြင့်ကော တစ်ယောက်တလေမှ မမြင်ဘူးလား ”

မမြင့်သည် အံ့သြသော အမူအရာနှင့် ပြုံး၍ နေပြီးမှ “ ဪ …. ကျွန်မ သတိရပြီ ။ တောင်ဘက် သုံးအိမ်ခြား အိမ်မှာ အထက်မြေလတ်က ပြောင်းလာတဲ့ သားအမိ ရှိတယ် ။ ကုန်စုံဆိုင် ဖွင့်ကြမလို့တဲ့ ။ မဆန်းလို့ ခေါ်တယ် ။ ဒါဖြင့် နေရာကျမှာပဲ ။ ကျွန်မ မေးမြန်းပြီး သိဖွဲ့ပေးမယ် ”

“ အင်း .. မမြင့်လို သနားကမားပဲလား ”

“ တော်ပါတယ် ။ လုံးကြီးပေါက်လှ သေးသေးသွယ်သွယ်ထဲကပါပဲ ။ အရင်က လုံးကြီးပေါက်လှတဲ့ ။ အခုတော့ ကိုယ်ရေစစ်လို့ ကလေးတစ်ယောက် အမေ တစ်ခုလပ် ဖြစ်တာနဲ့ သေးသွယ်နေတယ် ပြောတာပဲ ။ အသားလတ်လတ်ရယ် ”

“ ကိုင်း .. ဒီလိုဖြင့် အဲဒါသာ မမြင့် နေရာကျအောင် တစ်ဆိတ် စီမံပေးပါ ။ သဘောချင်း တွေ့လို့ မမြင့်လို စိတ်ကောင်း နှလုံးကောင်းရှိရင် ဟန်ကျမှာပဲ ။ စားအိမ် သောက်အိမ် တစ်ခု ရပြန်တာပေါ့ ။ ခင်တတ်မင်တတ်တဲ့လား ”

“ ဒါတော့ သတိထားရလိမ့်မယ်ရှင့် ။ ခင်တတ်လို့ တစ်ခုလပ် ငါးကြိမ် ဖြစ်ခဲ့သတဲ့ ”

“ သည်လိုတော့ ဘယ်အဖြစ်ခံမလဲ မမြင့်ရယ် ။ ကလေးကလား မတော်တာပဲ ”

နောက်ရက်များ မကြာမီ ဒေါ်မြင့်က ဆက်သွယ်သဖြင့် ကိုဘဆိုင်နှင့် ဒေါ်ဆန်း အသိမိတ်ဆွေ ဖြစ်ကြ လေ၏ ။ ဒေါ်ဆန်းနှင့် ကိုဘဆိုင်တို့၏ အသိမိတ်ဆွေ ဖြစ်ခြင်း၏ တိုးတက်ရင့်သန်ခြင်းသည် ညှော်မိသော ခူနာလို မြန်မြန်ကြီး ရင့်လေရာ လေးငါးရက်အတွင်း အလွန်ရင်းနှီး၍ သွားလေ၏ ။ ဒေါ်မြင့် ကလည်း အရိပ်အကဲကိုသာ ကြည့်ကာ သူတို့နေရာကျမှ ငါနေရာကျမည်ကို မျှော်ကိုးကာ အားတက်၍နေလေ၏ ။

သို့နေရင်း တဖြည်းဖြည်း ကိုဘဆိုင်သည် ဒေါ်မြင့် ထံ အလာအရောက် နည်းမှန်းမသိ နည်း၍ သွားလေရာ၏ ။ ဒေါ်မြင့်မှာ စိုးရိမ်စပြုလေ၏ ။ တမျှော်မျှော် ဖြစ်စ ပြုပြန်၏ ။ ထို့နောက် တနင်္ဂနွေ တစ်ပတ်လုံးလုံး ပေါ်၍မလာ သောအခါ ထိတ်လန့်စပြုလေ၏ ။ နောက်တစ်နေ့ အိမ်နီးပါးချင်းတွေ တီးတိုးစကား ပြောကြလျက် ဒေါ်ဆန်းတို့ အိမ်၌ ဒေါ်ဆန်း၏ အစ်မကြီးနှင့် အရေးတကြီး ပြောကြ ဆိုကြသည်ကို တွေ့ရှိရသဖြင့် ထိတ်လန့်တကြား မေးသော အခါ ဒေါ်ဆန်းနှင့် ဦးဘဆိုင် ပျောက်သွားကြောင်း ကြားရလေ၏ ။ ဒေါ်မြင့် မှာလည်း “ အမယ်လေးတော့ ” ဟု အော်ကာ ပက်လက်လန်၍ သွားလေရာ လူများ အခန်းထဲ တွဲ၍ သွင်းကြရလေသတည်း ။

ဒေါ်မြင့်သည် ဒေါ်ဆန်းကို မိမိနှင့် နှိုင်းခြင်း၌ မှားခြင်းကြီး မှားလေ၏ ။ မိမိမှာ ဆွေမျိုးဂုဏ် အသရေကြောင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်၏ ။ ဒေါ်ဆန်းမှာကား တစ်ရပ်သူ မျိုးဆွေ မရှိသည့် အတွက် တွေ့ရာကို အမိတွယ်သူ ဖြစ်လေ၏ ။ ဤခြားနားခြင်းကို ဒေါ်မြင့် မမြင်မိချေ ။

နောက်တစ်လလောက် ကြာ၍ ပြေးရာမှ ပြန်လာကြသောအခါ ဒေါ်ဆန်းနှင့် ဦးဘဆိုင်သည် တင့်တယ်စွာ နေကြလေသတည်း ။

နောက်တစ်စတစ်စ ဒေါ်မြင့်အိမ်သို့ ဦးဘဆိုင်သည် ရှေးကနည်းတူ ရောက်စပြုပြန်ရာ ဒေါ်မြင့်သည် ရှေးကနည်းတူ သဘောကြီးစွာနှင့် ဧည့်ခံပြန်လေ၏ ။ သို့ဧည့်ခံရာ၌ ရှေးဦးစွာ အတော်ကလေး စိတ်မသက်သာပုံကို ပြသော်လည်း လူကြီးလူကောင်း ပီသစွာ သဘောကြီးကြီး ထားလေ၏ ။ သို့ထားရာ၌ မျှော်လင့်ခြင်း၏ အရိပ်အယောင်ကလေး မကင်းသည့်ပြင် မူလစွဲသော အချစ်မှာ အလွန်အကျူး ဂဟေမဆက်ဖူးခဲ့သဖြင့် အကွဲမှာ မနာခဲ့ဖြစ်လေရာ အမုန်းဝင်ရာ နေရာ မရှိခဲ့ချေ ။

နောက်ရက် မကြာမီ အထက်ကကဲ့သို့ ပြန်၍ ရင်းနှီးလေရာ ဒေါ်ဆန်းသည် ရှေးဦးပထမ သည်းခံနိုင်သမျှ သည်းခံသော်လည်း ဒေါ်အေးလို ငယ်လင်မယား၏ သည်းခံခြင်းမျိုး မရှိသဖြင့် ဒေါ်မြင့်နှင့် အကျွမ်းဝင်ရာမှ တဖြည်းဖြည်း ဝေးစပြုလေ၏ ။ ဝေးရုံမက ဘယ်သို့ ညာသို့ စကားများကို လေတင်မှ လွှတ်လေရာ တစ်နေ့ သ၌ ဒေါ်မြင့်နှင့် ဒေါ်ဆန်းတို့ ခိုက်ရန် ဖြစ်ကြလေလျှင် ဦးဘဆိုင်မှာ ဒေါ်မြင့် ဘက်က ကူ၍ ပြောရုံမက ဒေါ်ဆန်း ကို ရိုက်မောင်းပုတ်မောင်း ပြုလေရာ မခံနိုင်သော ဒေါ်ဆန်းသည် ဦးဘဆိုင်ကို ဈေးသည်ပီသစွာ ရိုင်းစိုင်းစွာ ဆဲဆိုလေရာ ဦးဘဆိုင်သည် နဂိုက နားအေးပါးအေး နေတတ်သူ ဖြစ်ရကား တော်ရာသို့ ရှောင်ရှား၍ နေလေတော့သတည်း ။

ဒေါ်ဆန်းသည် မြေလတ်သို့ ပြန်၍ သွားလေ၏ ။ နောက် တနင်္ဂနွေ တစ်ပတ်လောက် ကြာသောအခါ ဒေါ်မြင့်က ဦးဘဆိုင်ထံ ထမင်းကလေးများ ချက်ပြုတ်ပို့ပြီး ပို့ရာမှ တစ်ယောက်နှင့် တစ်ယောက် တွေ့ကြပြီး ဒေါ်မြင့်အိမ်သို့ ဦးဘဆိုင် တင့်တယ်စွာ ရောက်လေတော့သတည်း ။

“ ရှင် ဟိုကောင်မ မိဆန်းနှင့် ဘယ်လိုဖြစ်လို့ ညားသွားတာလဲ ” ဟု ဒေါ်မြင့်က မေးလေရာ “ မပြောတတ်ပေါင်ဗျာ ၊ သူက တစ်ညနှစ်ည အိမ်မပြန်ရဘူးလို့ အတင်းဆွဲတာနှင့် ဖြစ်တာပါပဲ ” ဟု ဦးဘဆိုင်က ပြန်၍ ပြောလေ၏ ။

“ ကျွန်မ ဟိုတုန်းက သည်လိုများ ဆွဲဖူးသလား ” ဟု ဒေါ်မြင့်က မေးလေ၏ ။

“ အင်း ... ဒါတွေ ခြားနားတာပေါ့ ။ မိန်းမစိတ်ကို သိတယ်ဆိုတာ အလကား စကားပဲ ။ ဘယ်မိန်းမမျိုး ဘယ်လိုဆိုတဲ့ အမျိုးအစားနှင့် ခြားနားဝေဖန်ခြင်းဟာ မဖြစ်နိုင်တဲ့ သဘောတရားပဲ ။ အခြေအနေလိုက်လို့ ဖြစ်ကြတာကိုး ။ သည်မိန်းမပဲ ဘုရားအမ ဖြစ်တော့ တစ်မျိုး ။ ငါးစိမ်းသည် ဖြစ်တော့ တစ်ဖုံ ။ ဆင်းရဲရင် တစ်မျိုး ၊ ချမ်းသာရင် တစ်နည်း ၊ ပျိုတုန်းမှာ တစ်ဖုံ ၊ အိုခိုက်မှာ တခြား ၊ ဂုဏ်ရှိသူနဲ့ ဂုဏ်မရှိသူတို့၏ ခြားနားခြင်းကလည်း ရှိသေးတာပဲ ။ မိန်းမ ဆိုတာ ဆိတ်ကွယ်ရာမှာ ဘယ်သို့ညာသို့ ပြောကြပေမယ့် မမြင့်တို့ ကျုပ်တို့လို ကျတော့ ဆိတ်ကွယ်ရာမှာ ဘာမှ မဖြစ်ခဲ့တာတွေ ၊ အဘယ်လောက် များတယ်ဆိုတာ အချင်းချင်းသာ သိရတာပဲ ။ အင်း .. သွားရှာလေသူလည်း အစစအရာရာမှာ တော်ပါပေတယ် ” ဟု ပြောလေ၏ ။

▢  ပီမိုးနင်း
📖 သူရိယရုပ်စုံ သတင်း
      ဧပြီ ၂ ၊ ၁၉၃၃

အထွာ


❝ အထွာ ❞
( ငွေဇင်ယော်ဦး - မိုးကုတ် )

မှောင်ရီပျိုးစ ညနေခင်း၏ အေးမြမှုက ကျွန်မ အတွက် ပြီးပြည့်စုံသည့် ပေါ့ပါးလွတ် လပ်မှုကို မဆောင်ကြဉ်းပေး နိုင်ပါ ။ ပုံမှန်အားဖြင့် ဆိုလျှင် ဒီညနေခင်းဟာ ခါတိုင်းလိုပဲ တစ်လတာ အတွက် ကျွန်မ၏ အပျော်ရွှင်ဆုံး ညနေခင်း တစ်ခု ဖြစ်ရမည်သာ ။ အခုတော့ တစ်ဝက်တစ်ပျက်သာ ပျော်ရတော့သည် ။ ကျွန်မ မနက်က မှာထားခဲ့၍ ကျွန်မ မိသားစုကလည်း ကျွန်မ ဝယ်လာမည့် မာလာရှမ်းကော နှစ်ပွဲကို ထမင်းတစ်အိုး တည်ပြီး ထိုင်စောင့်နေကြတော့မည်ဖြစ်သည် ။ အချိန်တွေကလည်း နောက်ကျနေခဲ့ပြီ ။

နောက်ကျမည့်သာ နောက်ကျရသည် ။ တကယ်တမ်း ကျွန်မတို့ လစာထုတ် နောက်ကျရသည့် အကြောင်းရင်းက အရေးတကြီး ကိစ္စကြောင့်လည်း မဟုတ် ။

စာရင်းကိုင်တစ်ယောက် အဖြစ် ကျွန်မ အလုပ်ဝင် နေသော ပိုးထည်ဆိုင်မှာ ပိုင်ရှင် ဘော့စ်မမက မွေးထားသည့် ဂျီအာရ်ခွေးကြီး လေးကောင် ရှိသည် ။ တစ်ကောင်ချင်းစီပင် တန်ဖိုးမနည်းလှသော ထိုခွေးကြီးတွေကို ကျွန်မတို့ကလည်း ချစ်ပါသည် ။ သို့သော် တစ်ခါတစ်ရံကျတော့လည်း ဘော့စ်မမက အကဲပိုလွန်းသည်ဟု ထင်မိသည် ။ ခွေးလေးကောင်မှာ ကျွန်မတို့ တစ်သက်မှာ တစ်ခါမှပင် မပိုင်ဆိုင်ဖူးသော အဖိုးတန် မျက်မှန်ကိုယ်စီ ၊ သိန်းပိုင်း နီးပါး အဝတ်အစားဆန်းတွေ အပုံအပင် ။ ကားပင်လျှင် သူတို့နှင့် သွားလျှင် စီးဖို့ဆိုပြီး တစ်စီးသတ်သတ် ဝယ်ထားသည် ။ ထားသည့်နေရာ ၊ အိပ်သည့် အိပ်ရာတွေလည်း မြင်လိုက်တာနှင့်ပင် အိမ်က ကိုယ့် အိပ်ရာကိုပင် ပြန်မအိပ်ချင်အောင် ဖြစ်သွားမည် ။ တစ်ရက် တစ်ရက် ကျွေးမွေးနေသည့် ကုန်ကျစရိတ်တွေ ဆိုတာလည်း တစ်ကောင် ချင်းစီ၏ တစ်လစာ တွက်လျှင်ပင် ကျွန်မလစာ ကျော်သေးသည် ။ သုံးသိန်း ဆိုသည့် ကျွန်မ လစာက တစ်ရက်ချင်းစီ တွက်လျှင် တစ် သောင်းမို့ ဘဝတူ ဘွဲ့ရ ဝန်ထမ်းအချင်းချင်း မျက်နှာ မငယ်ရပေမဲ့ ခွေးညီနောင် လေးကောင်၏ စရိတ်နှင့် နှိုင်းချင့်မိလျှင်တော့ အလုပ်ပင် မလုပ်ချင်တော့ဟု အိမ်မှာ ရယ်ပွဲဖွဲ့မိရသည် ။ သူ့ခွေး လေးကောင်နှင့် ပတ်သက်လာလျှင် ကျန်တာ အားလုံးသည် ဘော့စ်မမအတွက် အရေးမကြီး ။

ဒီနေ့လည်း ခွေးလေးကောင် အတွက် အလုပ်ရှုပ်နေတာနှင့် ဘော့စ်မမက ကျွန်မတို့ အတွက် လစာပေးတာ နောက်ကျသည် ။ ဘော့စ်မမ မှာ သူ့လို ခွေးချစ်သူ မိတ်ဆွေ တွေရှိသည် ။ တစ်လမှာ ရက် သတ်မှတ်ထားပြီး သူတို့ခွေးတွေကို တွေ့ဆုံပေးကြသည် ။ ထိုနေ့ မတိုင်ခင် ခွေးလေးကောင်ကို Spa ပို့သည် ။ အဝတ်သစ် ဝယ်ပေးသည် ။ ဆွဲကြိုးနှင့် မျက်မှန် ဆိုတာ တစ်ပတ်နှင့် တစ်ပတ် မထပ်စေရ ။ ခါတိုင်းတော့ ခွေးတွေ တွေ့ဆုံပွဲမှာ ညနေ မတိုင်ခင် ပြီးဆုံးလေ့ ရှိပေမဲ့ ဒီနေ့တော့ ဘာကြောင့်ရယ် မသိ ။ ခုနစ် နာရီထိုးခါနီးမှ ဘော့စ်မမ ပြန်ရောက်လာသည် ။ မလာမချင်း ပြန်လာနိုး ၊ ပြန်လာနိုး ထိုင်စောင့် နေခဲ့သည့် ကျွန်မတို့မှာ ကိုယ်စီကိုယ်င မျှော်မောမှုတွေနှင့် ။ လစာကိစ္စမို့ ဖုန်းဆက်ရန်လည်း မဖြစ်ပြန် ချေ ။

ကျွန်မတို့ကသာ မျှော်နေကြပေမဲ့ ဘော့စ်မမ ကတော့ လစာကိစ္စ သတိရပုံပင် မပေါ်ပေ ။ ပြန်ရောက်ရောက်ချင်း သူ့ ထိုင်စောင့်နေကြသည့် ဝန်ထမ်းတွေကို မြင်တော့ “ ဟဲ့ ... မပြန်ကြသေးဘူးလား ” ဟု တအံ့တသြ မေးသည် ။ ထိုအခါမှ လစာကိစ္စကို သတိရပြီး ထည့်ပေးတော်မူသည် ။ တောင်းပန်စကား မပြောသည့်အပြင် ဒီနေ့အပြင်မှာ ပျော်လာသမျှ အရှိန်မသေသေးစွာ ပြောနေသေးသည် ။

“ အံမယ်လေး ... ကလေးတွေများ သူတို့ အချင်းချင်း တွေ့ကြတော့ ပျော်လိုက်ကြတာများ ။ မပြန်ချင်လို့ ထိုင်စောင့်ပေးနေရင်း မိုးချုပ်သွားတာ ။ သူတို့နဲ့ နေရတာ စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ ။ ညည်းတို့လည်း အသက်ရှည်ချင်ရင် ၊ စိတ်ချမ်းသာချင်ရင် ခွေးလေးတွေ မွေးကြဟေ့ ။ ဒီဂျီအာရ်ကြီးတွေဆို လူနဲ့ သိပ်နီးစပ်တာ ။ အိုင်ကျူမြင့်တော့ လူအတိုင်းပဲ ”

ကျွန်မတို့သည် ငိုချင်သလို ၊ ရယ်ချင်သလို မျက်နှာထားဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်မိ ကြသည် ။ ဘော့စ်မမ၏ ခွေးတွေအားလုံးကို ကျွန်မတို့ ဝန်ထမ်း အားလုံး၏ လစာတွေ ပေါင်းပြီး ဝယ်လျှင် ရချင်ရမည် ။ ကျွေးစရိတ်ကိုတော့ ကျွန်မတို့ တစ်ယောက်ချင်းစီ၏ လစာဖြင့် စိတ်ကူးပင် ယဉ်ကြည့်၍ မရပါ ။ စကားတစ်ခွန်းကို အမှတ်တမဲ့ ပြောလိုက်သည့် ဘော့စ်မမသည် ထိုခဏမှာ သူ့ခွေး တစ်ကောင်၏ တန်ဖိုးထက် နည်းသော လစာငွေကြေးဖြင့် မိသားစု စားဝတ်နေရေး ကိစ္စအဝဝကို ဖြေရှင်းနေကြရသည့် တချို့သော ဘဝတွေကို မေ့လျော့နေပုံ ရလေသည် ။ တစ်သောင်းမျှသော လစာ တစ်ခါ တိုးဖို့ အရေး ကျွန်မတို့မှာ လည်ပင်းရှည်အောင် မျှော်ကြရသည် ။ တစ်ခါတစ်ရံ လစာ မတိုးသည့်အပြင် အလုပ် နောက်ကျတာ ၊ စာရင်း မှားတာတို့ ဆိုလျှင် ကိုယ့်လစာထဲက အဖြတ်ခံရတာပင် ရှိသေးသည် ။ ဟိုတစ်လက အထည် မှားဖြတ်သည့် ကောင်မလေး ဆိုလျှင် ဒဏ်ကြေး အနေနှင့် မှားဖြတ်သည့် အထည်စကို ယူလိုက်ရသည် ။ ပြန်ရောင်းလျှင် ရသည် ဆိုပေမဲ့ တစ်ကိုက်လျှင် သောင်းချီရှိသော ပိုးထည်စများကို ကိုယ်တိုင်လည်း ဝတ်စရာ နေရာ မရှိသလို ၊ ကိုယ့်ဝန်းကျင်မှာလည်း ပြန်ဝယ်ပေးနိုင်မည့်သူ မရှိသောအခါ ကောင်မလေးသည် လစာထုတ်ရက်မှာ ဆိုင်နောက်ခန်းထဲ ဝင်ပြီး မျက်ရည်ကလယ် ကလယ် ဖြစ်နေသည် ။ ဒါတွေ မြင်ရတော့ “ ငါသာ ထီဆုကြီးပေါက်လို့ ဘော့စ်မမ လို ဆိုင်ပိုင်ရှင် ဖြစ်ပြီး ခွေး တွေ မွေးဖြစ်ခဲ့ရင်တောင် ခွေးတွေကို သိန်းချီကုန်တဲ့ Spa တွေ ခဏခဏပို့ ၊ ကြက်ကြော်တွေ မကုန်နိုင်မခန်းနိုင် နေ့တိုင်း ဝယ်ကျွေးနေမယ့်အစား ငါတို့လို လိုအပ်နေတဲ့ ဝန်ထမ်းတွေကို ပိုကြည့်မယ် ။ အပိုသုံးတွေ လျှော့ပြီး တကယ် လိုအပ်နေတဲ့ နေရာတွေ အတွက် ပိုအကုန်အကျ ခံပစ်မယ် ” ဟု ကျွန်မဘာသာ စိတ်ကူးယဉ်မိသည် ။

ဒါပေမဲ့ ဘော့စ်မမ မဖြစ်သေးသော ကျွန်မသည် လက်ရှိ မှာတော့ နောက်ကျ လစာလေးကို စောင့်ထုတ်ယူပြီး မာလာရှမ်းကော နှစ်ပွဲနှင့် အိမ်ပြန်လာရပြီဖြစ်သည် ။

မကြာခင် ရှေ့လမ်းသွယ်ထဲ ချိုးရတော့မည် ။ လမ်းမကြီးအတိုင်း တည့်တည့် ဆက်သွားလျှင် ရပေမဲ့ ဒီလမ်းသွယ်ထဲ ဖြတ်ပြီး ဟိုဘက် ပြန်ကူးလျှင် ပိုမြန်သည်မို့ ကျွန်မတို့ လမ်းဘက် အခြမ်းက လူတွေက ဒီလမ်းကိုပဲ သုံးကြပါသည် ။ မှောင် လာပြီမို့ ဆိုင်ကယ် ရှေ့မီးကို ဖွင့်လိုက်သည် ။ ထိုခဏမှာ ကျွန်မသည် ထမင်းချိုင့်လေး ဆွဲကာ ငိုက်စိုက်ငိုက်စိုက် သွားနေသော ကောင်မလေး တစ်ယောက်ကို မြင်လိုက်ပါသည် ။ ကျွန်မတို့လမ်းထိပ် မုန့်ဆိုင်ဘေးအိမ်က ကောင်မလေး ။

ကျွန်မသည် ကိုယ့် တစ်လမ်းတည်းသားချင်းဟု သိလိုက်သည်နှင့် သူ့ဘေးမှာ ဆိုင်ကယ်ကို အလိုလို ထိုးရပ်မိလျက်သား ဖြစ်သွားသည် ။

“ သီတာ အိမ်ပြန်မှာမလား ၊ အစ်မနဲ့လိုက်ခဲ့လေ ”

သီတာသည် ချိုင့်လေး ကိုင်လျက် ကျွန်မဆိုင်ကယ် နောက်မှာ ကုပ်ကုပ်လေးပါ လာသည် ။

“ တစ်ခါမှတောင် မမေးမိဘူး ။ သီတာက ဘယ်မှာ အလုပ် ဝင်နေတာလဲ ၊ အဆင်ပြေရဲ့လား ”

“ အာလူးကြော်ဆိုင်မှာပါ အစ်မ ။ အာလူး အခွံနွှာပေးရတယ် ၊ ကြော်ပြီးသားတွေကို အိတ်ထဲ ထည့်ပြီး မီးပိတ်ပေးရတယ် ”

“ ဟုတ်လား ... ဘယ် လောက်ရလဲ ”

“ တစ်ရက် သုံးထောင်ပါ ”

တစ်ရပ်ကွက်တည်း ဖြစ်ပေမဲ့ ကျွန်မထက် လေး , ငါးခြောက်နှစ် ငယ်သည့် ကလေးမလေးကို ပထမဆုံးအကြိမ် သေချာ စကားပြောဖူးတာပင် ။ သူ့အမေက အရပ်ထဲမှာ အဝတ်လှည့်လျှော်တာ ၊ သူ့အဖေ အရက်သမား ဖြစ်နေတာတော့ သိသည် ။ တစ်ရက် သုံးထောင် ဆိုတော့ တစ်လ ကိုးသောင်းပေါ့ ။ မများဘူးဟု ထင်နေမိသည့် ကျွန်မလစာ အတွက် ညည်းညူမိဖူးတာ ကိုပင် ကျွန်မဘာသာ ပြန်အားနာသွားသည် ။

“ ဘာပဲဖြစ်ဖြစ် ကိုးသောင်း ဆိုလည်း အမေ့ အတွက် အထောက်အကူ ဖြစ်တာပေါ့ ”

“ အထောက်အကူ မဟုတ်ဘူး အစ်မရေ ။ ညီမလေးလစာနဲ့ တစ်အိမ်လုံး စားနေရတာရယ် ။ အမေကဖြင့် အဝတ်လျှော်တာ ခြေဆစ်လက်ဆစ်တွေ ကိုက်လို့ နား လိုက်ကတည်းက ညီမလေးရဲ့ တစ်ရက်သုံးထောင်နဲ့ မိသားစု လေးယောက် အသက် ဆက်နေကြတာ ကြာပေါ့ ”

ကျွန်မ ဘာပြောရမှန်း မသိ ဆွံ့အ,သွားသည် ။ ဒုက္ခရေ ... ဆိုးလိုက်တာပါလား ဟုလည်း ကျိတ်ပြီး ညည်းတွားမိသွားသည် ။ ဆက်လည်း မမေးရဲတော့ ၊ မမေးရက်တော့ ။ သီတာ့ အောက်မှာ အလယ်တန်းကျောင်းသားအရွယ် မောင်လေး တစ်ယောက် ရှိသည် ။ သီတာက ကိုးတန်းပြီးတော့ ကျောင်းထွက်ထားသည် ။ လူဆိုတာ မျှော်လင့်ချက်နှင့် အသက်ရှင်ကြသည်ဆိုလျှင် ပိုက်ဆံသုံးထောင်နှင့် မိသားစုလေးယောက် အသက်ဆက် နေကြသော သူတို့ ဘဝမှာ မျှော်လင့်ချက်တို့ ၊ အနာဂတ်တို့ ဆိုတာ ဘယ်မှာ ရှိနေမလဲ ကျွန်မ တွေးမရပါ ။ အိမ်ကို ပြန်အပ်ပြီး ကျွန်မ၏ တစ်လစာ တစ်ကိုယ်ရေ အသုံးစရိတ်ပင် သီတာ့လစာနီးပါး ရှိနေသည် ။ အိမ်ကို အကုန် ပြန်အပ်တာပင် စားရရုံဖြစ်မည့် သီတာ့ အနေနှင့်ကော တစ်လစာ တစ်ကိုယ်ရေ အသုံးစရိတ်တွေကို ဘယ်လို သုံးစွဲနေရှာလဲ ။ လစာထုတ်လာစ မကြည်လင်သည့် ခေါင်းက ကိုက်ပင် ကိုက်ချင်လာသလိုလို ။

ဆိုင်ကယ်အရှိန်နှင့် ည လေအေးအဝှေ့မှာ ဆိုင်ကယ် လက်ကိုင်ပေါ် ချိတ်လာသည့် မာလာရှမ်းကော အနံ့က သိသိသာသာကြီးကို သင်းပျံ့ကြိုင်လှိုင်နေသည် ။

“ မွှေးလိုက်တာ ။ ဘာတွေ ဝယ်လာတာလဲ အစ်မ ”

စကားလမ်းကြောင်း ပြောင်းသွားသဖြင့် စိတ်သက်သာရာ ရသွားသည့် ကျွန်မသည် ခပ်သွက်သွက်ပင် ပြန်ဖြေမိသည် ။

“ မာလာရှမ်းကောလေ ညီမလေးရေ ။ အိမ်က လူတွေ ကြိုက်လွန်းလို့ တစ်ပွဲ ရှစ်ထောင်လည်း လတိုင်း ဝယ် ကျွေးနေရတာပဲ ။ သီတာတို့ဆို လေးယောက်တည်း တစ်ပွဲနဲ့ လောက်တယ် ။ အိမ်က လူများလို့ နှစ်ပွဲ ဝယ်ရတာ ။ ဒီတစ်ခါ လစာထုတ်ရင် ဝယ် စားကြည့် ”

သီတာက ရယ်သည် ။

“ ညီမတို့က လကုန် အထိ မစောင့်နိုင်လို့ တစ်ရက် သုံးထောင်ထုတ်တာ အစ်မရဲ့ ။ မာလာရှမ်းကော ဘယ်လို ဝယ်စားနိုင်မှာလဲ ”

ဟုတ်သားပဲ ။ ကျွန်မသည် ကျွန်မတို့ကို “ ခွေးမွေး ပါလား ” ဟု ဆိုခဲ့သည့် ဘော့စ် မမကို မဆီမဆိုင် သတိရမိပြီး နှုတ်ဆိတ်သွားသည် ။ “ ငါ ဘာလို့များ ပြောလိုက်မိပါလိမ့် ” ဟုလည်း အမှတ်တမဲ့ ထွက်မိသွားသည့် စကားတစ်ခွန်းအတွက် ကျွန်မကိုယ် ကျွန်မ အပြစ်တင်မိသည် ။

“ ကောင်းတော့ ကောင်းမယ့်ပုံပဲ ။ ထီပေါက်မှပဲ ... ” ဟု သီတာက လျှာသိမ်းသံဖြင့် ပြောသည် ။ တစ်ရက် သုံးထောင်နှင့် မိသားစု ဝမ်းရေး ဖြေရှင်းနေကြသော သီတာတို့ မိသားစုမှာ ထီထိုးဖို့ကော ငွေပိုလျှံပါ့မလားဟု တွေးမိသည် ။

မာလာရှမ်းကော အနံ့သည် ကျွန်မကို စောစောတုန်းကလို ဗိုက်ပိုဆာလာအောင် မဆွဲဆောင်နိုင်တော့ဘဲ ဘာမှန်း မသိသည့် ခံစားမှုကြီးဖြင့် စိတ်အနှောင့်အယှက်ပင် ဖြစ်လာနေစေသည် ။ ကျွန်မ ဝယ်ခဲ့တာ နှစ်ပွဲဖြစ်သည် ။ ဒါသည် ကျွန်မတစ် လစာ အသုံးစရိတ် ထဲမှ ပိုလျှံသည့် ငွေဖြင့် ကျွန်မ မိသားစုကို ဝယ်ကျွေးခြင်းဖြစ်သည် ။ ကြုံတုန်း သီတာ့ကို တစ်ပွဲခွဲ ဝေပေးလိုက်လျှင် ကောင်းမည်လား ။ ခွဲပေးလိုက်လျှင် သီတာတော့ သိပ်ပျော်သွားမှာ သေချာသည် ။ ဒါပေမဲ့ ကျွန်မ မိသားစုက လတိုင်း ဒီလိုညမျိုးမှာ နှစ်ပွဲ စားနေကျ ဖြစ်သည် ။ မိသားစုခြောက်ယောက် ရှိသဖြင့် နှစ်ပွဲမှ လည်း အဝစားရသည် ။ ထမင်းနှင့် စားကြသည် ဆိုပေမဲ့ တစ်ပွဲတည်းနှင့် ကျတော့ စားလောက်ရုံပဲ ရှိမည် ။ ပြီးတော့ သူတို့ ကျွန်မ အပြန်ကို မျှော်လင့်တကြီး စောင့်မျှော်နေကြလိမ့်မည် ။ နောက်လည်းကျနေပြီမို့ ဗိုက်ဆာဆာနှင့် စားကြမှာ နှစ်ပွဲပင် နည်းနေမည်လား မသိသေး ။

“ အစ်မ ၊ ညီမလေး ဒီနားပဲ ဆင်းလိုက်မယ် ”

သီတာ့အသံ ကြားမှ သူ့ အိမ်နား ရောက်နေပြီ ဆိုတာ သတိပြုမိသည် ။ ကျွန်မစိတ်ထဲ ဘာတွေ ဖြစ်နေမှန်း မသိသော သီတာကတော့ ကျွန်မကို ကျေးဇူးတင်စကား ပြောရင်း “ ရှူးရှဲ လက်ဖက်ထုပ် ဝယ်ပြန်မယ် အစ်မရေ ။ ဗိုက်ဆာနေပြီ ” ဟုဆိုကာ နှုတ်ဆက် ထွက်ခွာသွားသည် ။ ကျွန်မ ပိုပြီး ချီတုံချတုံ ဖြစ်သွားသည် ။ သီတာ့ကို ခုပဲ လှမ်းခေါ်ပြီး မာလာရှမ်းကော တစ်ထုပ် ပေးလိုက်ရကောင်း နိုးနိုး စဉ်းစားရင်းနှင့်ပဲ ဆိုင်ကယ်ကို ခပ်ဖြည်းဖြည်းဆက် မောင်းလာလိုက်သည် ။

ထိုခဏ၌ ကျွန်မဘာသာ ဆင်ခြေပေးမိသည် ။

“ အေးလေ ... ငါလည်း ထီဆုကြီးပေါက်လို့ ဘော့စ် မမလို ချမ်းသာရင်တော့ ဒါမျိုးတွေ လုပ်နိုင်တာပေါ့ ။ အခု ငါက ဘော့စ်မမမှ မဟုတ်သေးတာ ။ ငါ့မှာလည်း ငါ့အထွာနဲ့ငါ ရှိသေးတယ် ”

တစ်ကိုယ်စာ ကြားရုံ စကားပေမဲ့ မှောင်နေသည့် ညကို နည်းနည်း မျက်နှာ ပူမိသွားမှန်းတော့ ကျွန်မ ကိုယ်တိုင်သာ သိလိုက်ပါသည် ။

⎕ ငွေဇင်ယော်ဦး ၊ မိုးကုတ် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂ဝ၂