Monday, June 17, 2024

ကျောက်စရစ်တော မာခေါင်ခေါင် မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ ( ၁၄ )


 

အပိုင်း ( ၂ )

ကျုပ် နဲ့ ကိုဘဂျမ်း နဲ့ သိကျွမ်း ခင်မင်ခဲ့ကြပုံ က တော့ မဆန်းပါ ဘူး ။ ဘာ ဆန်းစရာ လိုသလဲ ။ ကိုဘဂျမ်း က စာအုပ်ဆိုင် ပိုင်ရှင် ။ ကျုပ် က စာပေသမား တယောက် ။ သည်လိုပဲ သူ့ ဆိုင်မှာ စာအုပ် ဝယ်ယင်း ၊ စာအုပ် အကြောင်း တွေ ကို ပြောကြယင်း ၊ စာရေးဆရာ တွေ ရဲ့အကြောင်း တွေ ကို ပြောကြယင်း ၊ စာပေ အကြောင်း ကို ပြောကြယင်း နဲ့ ကြ လာတော့ ခင်မင် ရင်းနှီး သွား တာပဲ ။

မန္တလေး မှာ ကိုဘဂျမ်း ရဲ့ “ ချမ်းအေးစာနယ်ဇင်း ” လို တခြား စာအုပ် အရောင်းဆိုင် တွေ လဲ ရှိသေးတယ် ။ ကိုဘဂျမ်း ရဲ့ စာအုပ်ဆိုင် နဲ့ မလှမ်းမကမ်း မှာ ကို ပဲ “ ရဲရင့်စာပေ ” တို့ ၊ “ သိန်းတန်စာနယ်ဇင်း ” တို့ ရှိတယ် ။“ တင်ဖေစာနယ်ဇင်း ” ဆိုတာ က သာ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံ ရဲ့ တောင်ဘက် ပြ ထဲ မှာ မို့ နည်းနည်း လှမ်း တယ် ။ စာအုပ်ဆိုင်ကြီး တွေ အနေ နဲ့ ကတော့ သည် လေးဆိုင် ပါပဲ ။

သည် လေးဆိုင် လုံး က ပိုင်ရှင် တွေ နဲ့ ကျုပ် ရင်းနှီး ပါတယ် ။ “ သိန်းတန်စာနယ်ဇင်း ” က သိန်းတန် တို့ ၊ ‘ တင်ဖေ စာနယ်ဇင်း ’ က တင်ဖေ တို့ ဆိုတာ က ကျုပ် နဲ့ ကျောင်း နေဘက် သူငယ်ချင်းတွေ ပဲ ။ အဲ .. ‘ ရဲရင့်စာပေ ’ က ကိုဌေး တို့ ၊ ‘ ချမ်းအေး စာနယ်ဇင်း ’ က ကိုဘဂျမ်း တို့ ဆိုတာ ကတော့ ... ကျုပ် ထက် အသက် ကြီး ကြတယ် ။

ကိုဘဂျမ်း ဆို ယင် သူ့ နာမည် ကို အ စက ကိုဘဂျမ်း လို့ ကျုပ် မထင်ဘူး ။ သူများတကာ တွေ က ကိုဘဂျမ်း လို့ ခေါ် နေ ကြလို့သာ ကျုပ် က လဲ လိုက် ခေါ်တာ ။ ကျုပ် ရဲ့ အထင် က တော့ ‘ ချမ်းအေးစာနယ်ဇင်း ’ ဆိုတဲ့ ဆိုင် နာမည် ကို ကြည့်ပြီး ကိုဘချမ်း သာ ဖြစ်မယ်ပေါ့ ။ ရေး တော့ သာ ‘ ချမ်း ’ လို့ ရေး ပေမယ့် ၊ အသံ ထွက် တော့ ‘ ဂျမ်း ’ လို့ အသံ ထွက်တာ ဖြစ်မယ်ပေါ့ ။

ဒါပေမယ့် နောင် အတော်ကို ကြာ လို့ ရှင်းနှီး လာတော့မှ ‘ ချမ်း ’ မဟုတ်ပဲ ‘ ဂျမ်း ’ မှန်း သိ ရတယ် ။

အမှန်ကို ပြောရယင် တော့ ကိုဘဂျမ်း နဲ့ ကျုပ် ဘယ်တုန်းလောက် က စပြီး သိခဲ့တယ် ဆိုတာ ကို ကျုပ် မမှတ်မိတော့ ဘူး ။ ကြာတာ က တော့ ကြာပြီ ။ ကျုပ် ကောလိပ်ကျောင်း ရောက်စ လောက် ကတည်း က ထင်ပါရဲ့ ။

သိန်းတန် က သူ့ အိမ် က စီးပွားရေး အခြေအနေ ကြောင့် ကျောင်း ထွက် လိုက်ရတယ်လေ ။ ကောလိပ်ကျောင်း ကို ရောက် မလာတော့ဘူး ။ တင်ဖေ  ကတော့ ကောလိပ်ကျောင်း ရောက် ကြတဲ့ အထိ ကျုပ် နဲ့ အတူတူ ပဲ ။

“ တင်ဖေစာနယ်ဇင်း ” ဆိုတာ က နာမည်  မှာသာ တင်ဖေ ပါ နေတာ ။ တင်ဖေ ကိုယ်တိုင် က စာအုပ်ဆိုင် မှာ ဘာမှ ဝင် လုပ် ရတာ မဟုတ်ဘူး ။ တင်ဖေ့ မိဘ တွေ က လုပ်ကြတာ ။ သည် အကောင့် မိဘ က ပိုက်ဆံ ရှိတယ် ။ စာအုပ်ဆိုင် ဆိုတာ ကို က သူတို့ နေ တဲ့ တိုက်ကြီး ရဲ့ အောက်ထပ် မှာ ဖွင့် ထားတာ ။

သိန်းတန် ကျတော့ ဆင်းရဲ တယ် ။ သိန်းတန် က လူငယ် ပိုင်း မှာ အပေါင်းအသင်း ကောင်း လို့ သူ့ စာအုပ်ဆိုင် က အရောင်းရ တွင် ပေမယ့် ၊ ဆိုင် ဖွင့်ခါစ တုန်း က ဆိုယင် နေရာ တောင် ဟန်ကျပန်ကျ ရှိတာ မဟုတ်ဘူး ။ ကိုဘဂျမ်း ရဲ့ ‘ ချမ်း အေးစာနယ်ဇင်း ’ ဖွင့်ခါစ တုန်း က ထက် တောင် အခြေအနေ ပိုပြီး ဆိုး သေးတယ် ။

ကိုဘဂျမ်း က မှ နှစ်ဆယ့်ရှစ်လမ်း ၊ သံဖြူတန်းလမ်းဘေး ၊ ဈေးချို နဲ့ မျက်နှာချင်းဆိုင် မှာ နေရာ ရ သေးတယ် ။ ‘ သိန်းတန် ’ က အဲသည် နှစ်ဆယ့်ရှစ်လမ်း ၊ လမ်းဘေး မှာ ကို နေရာ မရဘူး ။ တောင်ဘက် တိုက်တန်းကြီး ရဲ့ နောက်ဖေး ၊ အတွင်း ထဲ ကို နည်းနည်း ဝင် ရတယ် ။ အခြေအနေ တော်တော် ဆိုးပါတယ် ။ အခြေအနေ ဆိုး တဲ့ အတွက် လဲ တခြား စာအုပ်ဆိုင် တွေ ရဲ့ အကူအညီ ကို အများကြီး ယူရတယ် ။ ငွေ အင်အား က နည်းတော့ ရန်ကုန် က စာအုပ်တိုက် တွေ နဲ့ တိုက်ရိုက် မဆက်သွယ် နိုင်ဘူး ။ တိုက်ရိုက် ဆက်သွယ်ပြီး စာအုပ် တွေ လှမ်း မှာ ဖို့ ဆိုတာ က တော့ မခဲယဉ်းဘူး ထား ။ ဒါပေမယ့် စာအုပ်ထုပ် တွေ ပို့ လိုက်လို့ ရောက်လာတဲ့ အခါမှာ လက်ငင်း ငွေ ရှင်း ပေးရမယ် ။ ဖွင့် ခါ စ စာအုပ်ဆိုင် ဆို တော့ ရန်ကုန် က စာအုပ်တိုက် တွေ က လဲ မယုံကြည် ကြဘူး ။ တင်ရောင်း စနစ် နဲ့ မပို့ဘူး ။ စာတိုက် က တဆင့် တန်ဖိုး ပေးရွေးစနစ် နဲ့ သာ တင်ပို့လေ့ ရှိတယ် ။

သည်တော့ စာအုပ်ထုပ် တွေ ရောက် လာတဲ့ အခါ မှာ ချက်ချင်း ငွေရှင်း မပေးနိုင်ယင် ပြဿနာ ဖြစ်မယ် ။ သိတဲ့ အတိုင်း စာအုပ်ထုပ် တွေ ဆိုတာ က လဲ အခြား ဆိုင်တွေအတွက် ပါ တပြိုင်နက် တည်း ရောက်ကြတာ ဆိုတော့ ၊ ရောက် ရောက်ချင်း အမြန် ဖောက် ၊ အမြန် ရောင်း မှ ဖြစ်တာ ။ နည်းနည်း ကလေး အချိန် ဆွဲ ၊ ရက်ဆွဲ ထားလို့ ရတာ မဟုတ်ဘူး ။ ရွေးဖို့ ငွေ မပြေလည် သေး လို့ နည်းနည်းကလေး အချိန် ဆွဲ ထား လိုက်ယင် ကို ပဲ ကိုယ့် ဖောက်သည် တွေ တခြား ဆိုင် ရောက် ကုန်ရော ။ ဖောက်သည် တွေ က လဲ သူတို့ အချင်းချင်း အပြိုင်အဆိုင် ရောင်း ကြရတာ ဆိုတော့ စာအုပ် ရောက်ပြီ ဆိုတာ နဲ့ တပြိုင် နက် လိုချင်ကြတာပဲ ။ တအုပ် ချင်း ကိုယ်ပိုင် ဝယ် ဖတ်တဲ့ လူတွေ အဖို့ ကတော့ မလိုဘူးပေါ့ ။ စောင့် နိုင်တာပေါ့ ။ ဒါပေမယ် သိတဲ့ အတိုင်း လက်ကားဆိုင် ဆိုတာ က တော့ တဆင့်ခံ ဖောက်သည် တွေ က အဓိက မဟုတ်လား ။

သည်တော့ သိန်းတန် က ခြေလှမ်း သိပ် မကျယ်ဘူး ။ ကိုယ့် ငွေအင်အား နဲ့ ကိုယ် တိုင်းတာ ပြီး လုပ်တယ် ။ စာအုပ် တိုင်း ကို မမှာဘူး ။ အရေအတွက် မှာ လဲ လောဘ မကြီးဘူး ။ သေချာပေါက် ရောင်းလို့ ကုန်မယ့် စာအုပ် အရေအတွက် လောက် ပဲ မှာတယ် ။ အဲ ... တချို့ စာအုပ် တွေ ကျ ယင် တော့ ရန်ကုန် ကို တိုက်ရိုက် မမှာတော့ဘူး ။ မန္တလေး က တခြား စာအုပ်ဆိုင်ကြီး သုံးဆိုင် မှာ ပဲ တဆင့်ခံ ဖောက်သည် ယူတယ် ။ တိုက်ရိုက် မှာယူ တဲ့ စာအုပ် လောက် တော့ ကိုယ့် အတွက် အမြတ် မကျန်ဘူးပေါ့လေ ။ တအုပ်ခေါင်း ငါးမူး စား ရမယ့် နေရာမှာ တမတ် ပဲ စားရတော့တာ ပေါ့ ။ အမြတ် နည်း သွားတာပေါ့ ။

အဲသည်မှာ သိန်းတန် ကို အများဆုံး အကူအညီ ပေးခဲ့ တာ က တော့ ကိုဘဂျမ်း ပဲ ။ သူများ က အမြတ် ကို တယောက် တဝက် ခွဲ စားကြပေမယ့် ၊ ကိုဘဂျမ်း က တော့ သူ ဆယ့်ငါးပြား ပဲ စားပြီး ၊ သိန်းတန် ကို သုံးဆယ် ငါးပြား ပေး စားတယ် ။ သည်နည်း က ကိုဘဂျမ်း အတွက် လဲ ကောင်းတယ် ။ သိန်းတန် အတွက် လဲ ကောင်းတယ် ။

ကိုဘဂျမ်း ဘက် က ကြည့်မယ် ဆိုယင် တော့ ‘ သိန်းတန် စာနယ်ဇင်း ’ လို အရောင်းရ သွက် တဲ့ ဆိုင်မျိုး ကို ဆယ်ပြား အမြတ် ပို ပေးပြီး အပိုင် စည်းရုံး လိုက်တဲ့သ ဘောပဲ  ၊ သိန်းတန် အဖို့ က လဲ အမြတ် ပိုလာ တဲ့ အတွက် အခြား ဆိုင်တွေ မှာ မျှ မယူ တော့ပဲ ‘ ချမ်းအေး စာနယ်ဇင်း ’ တဆိုင်တည်း က သာ ဝယ် တော့တယ် ။

တကယ်တော့ တင်ဖေ နဲ့ သိန်းတန် နဲ့ က သူငယ်ချင်း ပါ ။ ဒါပေမယ့် စီးပွားရေး လုပ်တဲ့ အခါမှာ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့် အတွက် ကိုယ် အကျိုး ရှိမယ့် လူ နဲ့ ပဲ ဆက်ဆံ မှာ ပေါ့ ။ နောက် တချက် က “ ချမ်းအေး စာနယ်ဇင်း ” ဆိုတဲ့ ဆိုင် က သိန်းတန့် စာအုပ်ဆိုင် က နေ နည်းနည်း အပြင် ထွက်ပြီး လှမ်း ကြည့် လိုက် ယင် ကို မြင်နိုင်တယ် ။ တခေါ် လောက် ပဲ ဝေးတယ် ဆိုပါတော့ ။ ‘ တင်ဖေ စာနယ်ဇင်း ’ က တော့ အဝေးကြီး ပဲ ။ အရှေ့ ဘက် တပြ တက် ပြီး တောင်ဘက် ကို လေးပြ လောက် သွားရ မယ် ။ ပြီးတော့ တင်ဖေ က သူငယ်ချင်း ဆိုပေမယ့် ၊ လက်တွေ့ ဆက်ဆံ ရတာ က တင်ဖေ နဲ့ မဟုတ်ဘူး ။ သူ့ အဖေ နဲ့ ဆက်ဆံ ရတာ ။ အဘိုးကြီး နဲ့ က ပြောရ ဆိုရတာ လက်ပေါက်ကပ် တယ် ။

နောက် တချက် လဲ ရှိသေးတယ် ။ ‘ ချမ်းအေးစာနယ်ဇင်း ’ မှာ က အကြွေး ယူ လို့ ရတယ် ။ ညနေဘက် ကျ မှ ရှင်း ချင် ရှင်း ။ နောက် တနေ့ ကျ မှ ရှင်း ချင် ရှင်း ။ ကိုဘဂျမ်း က လက်ခံတယ် ။

ကိုဘဂျမ်း က တော့ သိန်းတန် ကို ကိုယ်ချင်း စာတယ် ။ သူ ကိုယ်တိုင် လဲ သည်လို ပဲ လမ်းဘေး က တက် လာခဲ့ရတာ ဆို တော့ သိန်းတန် ရဲ့ ဘဝ ကို နားလည် တယ် ။ နားလည် တဲ့ အတွက် လဲ အားပေးတယ် ။ ကူညီတယ် ။

ပြောရ ယင် ကိုဘဂျမ်း နဲ့ သိန်းတန် တို့ ရဲ့ စီးပွားရေး ဆက်ဆံပေါင်းသင်းမှု အပိုင်း မှာ ကျုပ် က လဲ အခန်း တခန်း ပါတယ် ။ သိန်းတန် ရဲ့ ဘဝ ကို ကိုဘဂျမ်း နားလည်လာ အောင် ကျုပ် ကူညီ ပြောပြ ပေးခဲ့ရတယ် ။

အဲသည်တုန်း က လဲ ကျုပ် က ဘာကောင် မှ မဟုတ်ပါ ဘူး ။ သာမန် လူငယ် ကျောင်းသား တယောက် ပဲ ။ စာပေ ဝါသနာ ပါတယ် ။ စာဖတ်တယ် ။ ဒါပဲ ။ စာရေးဆရာ လဲ မဖြစ်သေးဘူး ။ စာ လဲ မရေးသေးဘူး ။

ဒါပေမယ့် မြင်ဖန် တွေ့ဖန် များ လို့ လားတော့ မပြော တတ်ဘူး ။ ကျုပ် ထက် ဆယ် ငါးနှစ် လောက် ကြီး တဲ့ ကိုဘဂျ မ်း က ကျုပ် ကို တော့ လေးစားတယ် ။

တကယ်တော့ ကိုဘဂျမ်း က လဲ စာပေသမား တယောက် ပါပဲ ။ သည်လူ က လဲ ကျုပ် လိုပဲ စာ ဖတ်တယ် ။ ကျုပ် စာ ဖတ် နိုင်တာနဲ့ ပတ်သက်ပြီး ကိုဘဂျမ်း က အားကျတယ် ထင် ပါရဲ့ ။ ဆွေးနွေးဖော် ဆွေးနွေးဖက် ဆိုတော့လဲ ၊ ကျုပ် နဲ့ အတူ လိုက် ဆွေးနွေး နိုင်အောင် ကိုဘဂျမ်း စာ ဖတ်တယ် ။ သည်တော့ ကျုပ် ကလဲ ကိုဘဂျမ်း ကို လေးစားမိတယ် ။ အဲသည်တုန်း ကတည်း က ကိုဘဂျမ်း က လဲ သူ့ ရဲ့ ဘဝ တစိတ်တပိုင်း ကို စကား ကြုံ တိုင်း ပြန် ပြောပြ ဖူးတယ် ။

တကယ်တမ်း ပြောရ ယင် ကိုဘဂျမ်း နဲ့ ကျုပ် နဲ့ က အသက်ချင်း ကွာတယ် ။ ကိုဘဂျမ်း ရဲ့ ခယ်မ တွေ ဖြစ်ကြတဲ့ မယဉ်နု တို့ ၊ မဖြူနု တို့  နဲ့ မှ ရွယ်တူ လောက် ပဲ ရှိမယ် ။ ခင်မောင်ဦး တို့ ၊ ခင်မောင်လတ် တို့ ဆိုတာ တွေ ကို က ကျုပ် ထက် ကြီး ကြ တယ် ။ ဒါပေမယ့် ဘာကြောင့်ရယ် လို့ တော့ မပြောတတ် ဘူး ။ စာပေစိတ် ကြောင့် ပဲ ထင်ပါရဲ့ ။ ပေါင်းမိကြတယ် ။

ပေါင်းမိကြတယ် ဆိုတာ က စကား ပြော လို့ ဖြစ်ကြ တယ် ။ ဆွေးနွေး လို့ ရကြတယ် ။

ဘယ် နှစ်ခုနှစ် လောက် က စ သိကြတယ် ဆိုတာ ကို မမှတ် မိ ပေမယ့် ၊ ကျုပ် စာ စ မရေး ခင် ကတည်း က ကိုဘဂျမ်း က တော့ ကိုယ်ပိုင် ပုံနှိပ်စက် နဲ့ ဖြစ် နေပြီ ။ စာအုပ် ထုတ်ဝေရေး လုပ်ငန်း ကို လဲ လုပ် နေပြီ ။ အဲဒါကို တော့ ဘာကြောင့် မှတ်မိ နေသလဲ ဆိုတော့ တနေ့ မှာ ကိုဘဂျမ်း က ကျုပ် ကို သူ့ ပုံနှိပ်စက် ခေါ်သွား ဖူးတယ် ။ သူ့ ပုံနှိပ်စက် ရဲ့ အမျိုးအစား ကို တော့ မမှတ်မိတော့ဘူး ။ ဒါပေမယ့် ဂျပန်ပြည် ဖြစ် ။ အသစ် ပဲ ။

စက် က သူ့ အိမ် မှာ မဟုတ်ဘူး ။ သုံးဆယ့်နှစ်လမ်း ၊ ရှစ်ဆယ့်တစ်လမ်း နဲ့ လမ်း ရှစ်ဆယ် ရဲ့ ကြား မှာ ။ အပြင်ဘက် က နေ ကြည့် လိုက်ယင်တော့ သာမန် တိုက်ခံ ၊ ပျဉ်ထောင်အိမ်ကလေး ပါ ပဲ ။ အောက်ထပ် တခြမ်း ကို အခန်း ဖွဲ့ ပြီး စက် ထားတယ် ။ ကျန်တဲ့ တခြမ်း မှာ အလုပ်စားပွဲ ရှိတယ် ။ စာပြင်ဆရာ့ စားပွဲ ရှိတယ် ။ ဧည့်သည်တွေ လာယင် ထိုင် ဖို့ စားပွဲ ကု,လားထိုင် တစုံ ရှိတယ် ။ အပေါ်ထပ် မှာ လူ မရှိဘူး ။ စက် ကို အုပ်ချုပ်ဖို့ လွှဲအပ် ထားတဲ့ ခင်မောင်လတ် တယောက် တည်း ည အိပ်တယ် လို့ ဆိုတယ် ။

◾မောင်သာရ

📖 ကျောက်စရစ်တော မာခေါင်ခေါင် မှာ
      အတောင်ကျွတ်သော ကြိုးကြာ
      ရေရှာ၍ မရသကဲ့သို့

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment