Saturday, June 29, 2024

အေးချမ်းတဲ့ ဘဝ


 

❝ အေးချမ်းတဲ့ ဘဝ ❞

[ မန္တလေး ရတနာပုံ နေပြည်တော် ကို စည်မျက်နှာ လို ညီတဲ့ မြေပြင် မှာ လမ်း အဖြောင့်တွေ မှာ မင်းတုန်းမင်း က တည်ခဲ့တယ် ။ လမ်းဖြောင့်ခြင်း ကြက်ခြေခတ် ဖြတ်ပြီး လေးထောင့်စပ်စပ် ဝင်းကြီး တွေ ဖြစ်လာတယ် ။ ဂုဏ်တန်ဝင်း ၊ ကသည်းဝင်း ၊ အစ်မတော်ဝင်း ၊ ကြယ်ခတ်ဝင်း စတဲ့ ဝင်း တွေ ရှိတယ် ။ ကြယ်ခတ်ဝင်း ကတော့ တစ်ချိန်တစ်ခါ က မြန်မာ တို့ အဆင်တန်ဆာ ဖြစ်တဲ့ ဖန်ကြယ်သီး ၊ ဖန်နားဋောင်း စတာ တွေ လုပ်တဲ့ ဖန်ကျီဆရာတွေ အနေ များ ခဲ့တယ် ။

မန္တလေး ၈၄ လမ်း အနောက်ဘက် ၊ ၃၄ လမ်း နဲ့ ၃၅ လမ်း အကြား က တောင်ကြယ်ခတ်ဝင်း ထဲ ကို မနက် ခုနှစ်နာရီ လောက် ရောက် သွားမယ် ဆိုရင် ကိုရင်ငယ် တွေ ဟာ မုန့်တီဆိုင် မှာ မြိန်ရည်ယှက်ရည် ဘုဉ်းပေး နေတာ ကို နေ့စဉ် တွေ့မြင် နိုင်တယ် ။ ကြည်နူး ကြည်ညိုစရာ အလွန် ကောင်းတယ် ။

ကျောက်သမား တစ်ဖြစ် လဲ တိုင်းရင်းသမားတော်ကြီး ဦးမောင်မောင် ( ယခု ၆၇ နှစ် ) က ဒါန ပြု လို့ ကိုရင်လေး တွေ ယခု လို ဘုဉ်းပေး ကြရတာပါ ။

ဦးမောင်မောင် ဟာ ကျောက်စိမ်း လောက မှာ အောင်မြင် ထင်ရှားခဲ့သူ ဖြစ်တယ် ။ ကျောက် အရည်အသွေး အကဲဖြတ် တာ သာ မက ကျောက် အရောင်းအဝယ် ပညာ မှာ ပါ ထူးချွန်တယ် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ် က ထိုင်းနိုင်ငံ ကျောက်လောက အထိ သူ့ ကို သိကြတယ် ။ ကျော်စောမှု နဲ့ သူ အဖမ်းအဆီး ခံ ရတယ် ။ ရင်မအေး တဲ့ ကျောက်သမား ဘဝ ကို စွန့်ပြီး မိဘ ရိုးရာ တိုင်းရင်းဆေးဆရာ လုပ်ဖို့ သူ့ မိခင် က မေတ္တာရပ်ခံတဲ့ အတွက် ငွေဝင် ကောင်းတဲ့ ကျောက်သမား ဘဝ ကို ဦးမောင်မောင် ကျောခိုင်း ခဲ့တယ် ။

ဦးမောင်မောင် ပြုတဲ့ ကောင်းမှု တွေ ထဲ က နံနက် တိုင်း မုန့်တီဆွမ်း ကပ် တဲ့ အကြောင်း က စပြီး သူ့ ဆေးဆရာ ဘဝ ကို ကျွန်တော် က မေးမြန်းပါတယ် ။ ]

•••••   •••••   •••••   •••••

ကျွန်တော် ငယ်ငယ် ကတည်း က အမေ က မုန့် နှစ်ခု ပေး လိုက်ရင် ပထမဆုံး တွေ့တဲ့ သူငယ်ချင်း ကို မုန့် တစ်ခု ခွဲ ပေး ရမှ ကျေနပ်တာ ။ ကျွန်တော် အသက် ၄၁ ကျော် လာ တော့ မနက် မနက် မှာ သာမဏေလေး တွေ ဆွမ်းခံ ကြရင်း သပိတ် ထဲ ကို လောင်းလှူ လိုက်တဲ့ အကြော်ကလေး တွေ ဘာလေး တွေ ကို စား တာ မြင် ရတယ် ။ သူ တို့ ကျောင်း တုန်း က အာရုံဆွမ်း စားခဲ့ရ ရှာတာ မဟုတ်တော့ ဆာ မှာ ပေါ့ ။ ဒါနဲ့ ကိုရင် မုန့်တီ ဘုဉ်းပေးမလား မေးတယ် ။ ဘုဉ်းပေး မှာ ပေါ့ တဲ့ ။ အဲသည်တုန်း က မုန့်တီ တစ်ပွဲ တစ်ကျပ် ၊ ဆယ်ပါး အတွက် တစ်နေ့ ငွေ တစ်ဆယ် လှူမယ် ပေါ့ ။ ဒါပေမယ့် ကိုရင် က အပါး နှစ်ဆယ် ဖြစ် လာ ရော ။ ဒါနဲ့ ဒီနေ့  ဘုဉ်းပေး တဲ့ ကိုယ်တော် မနက်ဖန် ဘုဉ်း မပေးပါနဲ့ ။ တစ်လှည့်စီ ဘုဉ်းပေးကြပါ လျှောက်တယ် ။ အဲသည် အတိုင်းပဲ အလှည့်ကျ ဘုဉ်းပေး ရှာကြပါတယ် ။ ဒါပေမယ့် သတင်း ကြား လို့ ကြွ လာတဲ့ ကိုရင် တွေ က ရှိတော့ တစ်နေ့ ၁၅ ပါး ၊ အပါး ၂ဝ က နေ့စဉ် ရှိ နေတယ် ။ ဒါနဲ့ တစ်နေ့ အပါး ၂၀ ကပ်တယ် ။ တိုးတိုး လာ နေတော့ အပါး ၃၀ - ၄၀ - ၅၀ ။ အခု ဆိုရင် အပါး ၇၀ ။ မုန့်တီ က လည်း တစ်ပွဲ တစ်ရာ ဆိုတော့ တစ်နေ့ ရှင်း ရတာ ၇၀၀၀ ။

ကျွန်တော် က လက်မှတ်ကလေး တွေ လုပ် ထားတယ် ။ အရပ် ထဲ က မုန့်တီဆိုင် သုံးဆိုင် ဘယ်ဆိုင် သွား စားစား ။ ဆိုင်တွေ က လက်မှတ်ကလေး ပါရင် ကျွေးတယ် ။ မနက် ဆိုရင် ကိုရင်လေး တွေ က အိမ် ကို လာ ဆွမ်းခံတယ် ။ ကျွန်တော် က ဆွမ်းလောင်း ပြီးတော့ မုန့်တီ လက်မှတ်ကလေး ကပ် လိုက်တယ် ။ မနက် ရှစ်နာရီခွဲ လောက် ဆိုရင် ကျွန်တော် ငွေ လိုက် ရှင်းတယ် ။ ကိုရင်လေး တွေ လည်း ဘုဉ်းကံ ရှိတယ် ။ မုန့်တီဆွမ်း ကပ်ဖို့ ပိုက်ဆံ က တော့ ကျွန်တော် ရ နေတာပဲ ။

ကျွန်တော့် အဖိုး ဦးဩဇာ က နန်းတွင်း သမားတော်ကြီး ။ သူ့နှမ ကို မဏိပူရ က နေ သီပေါမင်း ကို ဆက်တယ် ။ နှမမိဖုရား ကို စောင့်ရှောက် ဖို့ အဖိုး ဦးဩဇာ မန္တလေး ကို လိုက် လာတယ် ။ အဖိုး က ဂါထာမန္တရား နဲ့ ဆေးပညာ တတ်တယ် ။ မင်္ဂလာဈေး နား မှာ ပုဏ္ဏားတော်ဝင်း ဆိုပြီး ဝင်း တစ်ဝင်း ပေးတယ် ။ သီပေါမင်း လက်ထက် ထီ တွေ ဖွင့် ကြတော့ အဖိုး က ထီ ရှုံးလို့ သူ့ ဝင်း ကို ရောင်း ဆပ်ပြီး တောင်ကြယ်ခတ်ဝင်း ထဲ ပြောင်း လာတာ ။

အဘိုး ဆီ က ပညာ က အမေ ဒေါ်စိန့်ညွန့် က ရတယ် ။ မယ်တော်ကြီး ဒေါ်စိန်ညွန့် က ဆေးပညာ နဲ့ အဖိုး သင်ပေးတဲ့ ဂါထာမန္တရား တွေ ကျွန်တော့် ကို သင် ပေးတယ် ။

အမေ က ကျောက် မလုပ် နဲ့ မိစဉ်ဖစဉ် လုပ်ငန်း ဖြစ်တဲ့ ဆေးဆရာ လုပ်ပါ ပြောတယ် ။ ဆေးဆရာ ဘဝ ကို ပြောင်း တော့ ကျွန်တော့် ပညာ က မစုံဘူး ။ ကျမ်းတတ် တာ မှန်တယ် ။ ရောဂါ လေး - ငါး - ဆယ်မျိုး ကုတတ်တာ မှန်တယ် ။ ဒါပေမဲ့ ရောဂါ ဆိုတာ အင်မတန် နယ် ကျယ် တာ ကိုး ။ ဒါနဲ့ ရန်ကုန် သွားပြီး ဆရာကြီး ဦးသိန်းလွင် ဆီ မှာ တပည့် ခံတယ် ။ ဆရာကြီး ဦးသိန်းလွင် က လည်း သူ့ စာအုပ် တွေ အကုန် ပေးပြီး ပညာကုန် သင်ပေးပါတယ် ။ ကျွန်တော် က ဆေးပညာ ကို ဆရာ အစုံ ဆီ က ဆည်းပူး ခဲ့တယ် ။ သင်္ဘောတန်း ဆရာကြီး ဦးကြံအောင် ၊ ဒေးဝန်း ဆရာကြီး ဦးအောင်ညွန့် ၊ ဗောဓိကုန်း ဆရာကြီး ဦးအုန်းခိုင် စတဲ့ ဆရာ တွေ ဆီ က သင်ယူ ခဲ့တယ် ။

ပထမ တော့ ကုသိုလ်ဖြစ် ဆေး ပေး တာပါ ။ လူနာ က လည်း နှစ်ယောက် သုံးယောက် ပဲ လာတယ် ။ အင်မတန် နည်းတယ် ။ ကျောက်ကုန်သည် ဘဝ က လာတာ ဆိုတော့ ငွေ သုံး က ကြမ်းတုန်း ၊ လက် ဖွာ တာ က အကျင့် ပါ နေဆဲ ။ ဆင်းရဲသား ဆေးကု လာရင် အိတ် ထဲ က ရှိတာ တောင် ထုတ်ပေးတယ် ။ ငွေ က သိပ် မဝင်တော့ စိတ် နေ ကျဉ်းကြပ်တာပေါ့ ။ အမေ က ငါ့ သား စိတ် ရှည်ရှည် ထားပါ ။ သည် လုပ်ငန်း က ကုသိုလ် လည်း ရမယ် ၊ တစ်နေ့ ကျ ရင် မင်း သုံးချင် သလောက် သုံး မကုန်အောင် ရမယ် လို့ ပြောတယ် ။

အမေ့ တော့ ကျွန်တော် ယုံကြည်တယ် ။ ကုရင်း ကုရင်း နဲ့ လူနာ က တစ်နေ့ အစိတ် သုံးဆယ် ဖြစ် လာတယ် ။ တဖြည်းဖြည်း များများ လာတယ် ။

အချို့ လူနာ ကို သွား စမ်း ကြည့် လိုက်တော့ သူ့ အခြေအနေ က အလွန်ဆုံး ခံရင် တစ်လ ပဲ ။ ရောဂါ က ကျွမ်း နေပြီ ။ သူ လည်း ဆရာ စုံ ခဲ့ပြီ ၊ ဆေးရုံ က ဆင်းခဲ့ပြီ ။ သည် လူနာမျိုး ဆိုရင် လူနာစောင့် ကို ကိုယ် မနိုင် ရင် ငါ မနိုင်ဘူးနော် ၊ ဒီ ဆေး ကို တစ်ပတ် စား ၊ မထူးခြား ရင် ဆရာ ပြောင်း နော် လို့ ပြောတယ် ။ လူနာ လည်း တကယ်ပဲ တစ်လ လောက် နေတော့ ဆုံး ရှာတယ် ။ ဒါမျိုး ကြုံရတဲ့ အခါ နည်းနည်းပါးပါး တော့ စိတ် ဆင်းရဲတာ အမှန်ပဲ ။ ကိုယ် မနိုင်လို့ ၊ ကိုယ့် ပညာ မပြည့်စုံလို့ သေရှာတာ လို့ မှတ်ချက် ချ မိတယ် ။

အချို့က ဆေးခန်း ကို လာ တာ ငွေကြေး က မပြည့်စုံ ရှာဘူး ။ ဒီနေ့ တောင် တစ်ယောက် လာ သေးတယ် ။ တမာကုန်း က လာတာ ။ လင် ရော မယား ရော မကျန်းမာဘူး ။ ဆရာကြီး ရယ် လာချင်တာ ကြာလှပြီ ငွေ ခက်နေလို့ ၊ ဒီနေ့မှ ဘေးအိမ် က သုံးထောင် ချေးလိုက် လို့ တဲ့ ။ ဒါနဲ့ ချေးလာတဲ့ ပိုက်ဆံ ကို ပြန် ပေးလိုက် ။ ပိုက်ဆံ တစ်ပြား မှ မရှိလည်း လာခဲ့ ၊ လင် ရော မယား ရော ကု ပေးမယ် ။ တစ်လခွဲ ဆေး သောက်ရင် ပျောက်မှာ စိတ်ရှည်ရှည် လာ ၊ အားမနာ နဲ့ ပြော ရတယ် ။

အဘိုး အဘွား အဖေ အမေ ပေးခဲ့တဲ့ ဆေးပညာ အမွေ နဲ့ ကုသ ပေးနေတာ ဆယ်ယောက် ကုရင် ကိုးယောက် ပျောက်ပါတယ် ။ ကျွန်တော် ကံ လိုက် ပါတယ် ။ အမေ ပြောခဲ့တဲ့ စကား မှန်တယ် ။ ဆေးဆရာ ဘဝ မှာ ကျွန်တော် ကုသိုလ် လည်း ရတယ် ။ စိတ် လည်း အေးချမ်းတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment