Friday, June 7, 2024

ပဉ္စလက် မြင်ကွင်း


 

❝ ပဉ္စလက် မြင်ကွင်း ❞
          ( နိုင်မြင့် )

၁ ။

ကျွန်တော်တို့ ဇာတိမြို့လေး ၏ မြို့မ အထက်တန်း ကျောင်း တွင် သုံးကြိမ်မြောက် ဆရာ ကန်တော့ပွဲ ကျင်းပမည့် အကြောင်း ကို သက်နိုင် က ကျွန်တော် ဆီ ဖုန်း လှမ်းဆက်သည် ။

“ မင်း ဖြစ်နိုင်ရင် လာခဲ့ပါကွာ ၊ ကိုယ့် ငယ်ဆရာတွေ ကို ကန်တော့ ရ တာပေါ့  ။ အရင်နှစ်တွေ တုန်း က လည်း မင်း ကို ဖိတ်ဦး မလို့ပဲ ။ ဒါပေမဲ့ မင်း က မလေးရှား ရောက်နေ လို့ အဆက်အသွယ် မှ မရတာကိုး ။ အခု တောင် မင်း ဖုန်းနံပါတ် ကို အေးဟန် ဆီ က ရ ထားလို့ ”

“ ဘယ်နေ့လဲ သူငယ်ချင်း ” ဟု ကျင်းပမည့် ရက် ကို ကျွန်တော် အတိအကျ မေးလိုက်သည် ။

“ တပေါင်းလပြည့်နေ့ ပဲ ကွ ။ မတ်လ ( ... ) ရက် ကျမယ် ။ ကန်တော့မယ့် အချိန် က မနက် ၁ဝ နာရီ ကွ ။ မင်း ဖြစ်နိုင်ရင် စောစော လာခဲ့ပါကွာ ။ လဲ့လဲ့ဝေ က လည်း မင်း ကို တွေ့ချင်နေတာ ” 

“ ကောင်းပြီ သူငယ်ချင်း ၊ ငါ ဆက်ဆက် လာခဲ့မယ် ။ ငါ အလှူငွေ ငါးသောင်း ထည့်မယ် ၊ လောလောဆယ် ခဏ စိုက်ထား ” ဟု ကျွန်တော် ဝန်ခံကတိ ပြုလိုက်သည် ။

သက်နိုင် ရော လဲ့လဲ့ဝေ ပါ ငယ်သူငယ်ချင်း တွေ ဖြစ်ပြီး သူတို့ အိမ်ထောင်သက် တောင် နှစ်နှစ် နီးပါး ရှိတော့မည် ဟု သိရ၏ ။ လဲ့လဲ့ဝေ က မြို့မကျောင်း တွင် အလယ်တန်းပြ ဆရာမ အဖြစ် ပြန် ၍ အမှု ထမ်းဆောင် နေ၏ ။

•••••   •••••   •••••

၂ ။

ကျွန်တော့် ဇာတိမြို့ကလေး မှာ အထက်တန်းကျောင်း ဟူ၍ တစ်ကျောင်း ပဲ ရှိသည် ။ ထို ကျောင်း တွင် သူငယ်တန်း မှ နေ ဆယ်တန်း အထိ ကျွန်တော် ကျောင်း တက်ခဲ့ ဖူးသည် ။ ဆယ်တန်း အောင် တော့ လည်း ထို ကျောင်း မှ ပဲ အောင်မြင် ခဲ့သည် ။ ထို့နောက် ကျွန်တော် တို့ မိသားစု လိုက် မြို့ကလေး ၏ ရင်ခွင် မှ စွန့်ခွာ ပြီး ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ လာခဲ့သည် ။ ထိုမှ တစ်ဖန် တက္ကသိုလ် လေးနှစ် တက်ပြီး ဘွဲ့ တစ်ခု ရ ၊ ဘွဲ့ ရ ပြီးတော့ မလေးရှား သို့ ငါးနှစ် နီးပါး ထွက် ပြီး အလုပ် လုပ် သဖြင့် မြို့ကလေး နှင့် ကျွန်တော် သည် သူစိမ်း ပြင်ပြင် တွေ ဖြစ်ခဲ့ရသည် ။

အခု တော့ ဆရာ ကန်တော့ပွဲ ကို အကြောင်း ပြု ၍ မြို့ကလေး နှင့် ပြန်လည် ဆုံစည်းရန် အကြောင်းတရား တစ်ခု က ဖန် လာခဲ့ပြီ ။ မြို့ကလေး အကြောင်း ကို တွေး တော မိရင်း ကျွန်တော် တက် ရောက်ခဲ့စဉ် အခါ က မြို့မ အထက်တန်းကျောင်း ၏ ပုံရိပ် တွေ က လည်း ကျွန်တော့် ၏ စိတ်အာရုံ ထဲ သို့ ထက်ကြပ် မကွာ ဝင်ရောက် လာခဲ့၏ ။

မြို့မ အထက်တန်းကျောင်း က မြို့ကလေး ၏ အဝင် ဥပစာလမ်း မှာ ဝင့်ဝင့်ကြွားကြွား ခံ့ခံ့ထည်ထည် တည်ရှိသည် ။ ကျောင်း ၏ ပုံသဏ္ဌာန် က မူလ က အင်္ဂလိပ် အက္ခရာ “ တီ ” ပုံ ရှိသော်လည်း နောက်ပိုင်း တွင် ကျောင်းသား အရေအတွက် များပြားလာ သဖြင့် တိုးချဲ့ဆောင်များ ဆောက်လုပ်ရ သဖြင့်“ အီး ” ပုံ သို့ ပြောင်းလဲ သွားသည် ။ ကျောင်း အဝင်အဝ လမ်းဘေး ဝဲယာ တွင် ပင်လယ်ကဗွီးပင်ကြီးများ က စနစ်တကျ စီတန်း ပေါက်ရောက် နေပြီး အပင်တွေ အောက် မှာ ကျောင်းသားတွေ ထိုင်ဖို့ ခုံတန်းလျား များ ဆောက်လုပ်ပေး ထားသည် ။ ထို့ပြင် ကျောင်းရှေ့ မျက်နှာစာ ခြံစည်းရိုး တစ်လျှောက် တွင် လည်း ခရေပင်ပျိုများ က စီတန်းလျက် ရှိ၏ ။ ကျောင်းအုပ်ကြီး ဦးကျော်ခေါင် လက်ထက် က စိုက်ပျိုး ပေး သွားသော ခရေပင်များ ပင် ဖြစ်၏ ။ နောက်ဖေး ခြံစည်းရိုး တစ်လျှောက် တွင် လည်း ကုက္ကိုပင်ကြီး များ ၊ ပျဉ်းမပင်ကြီး များ ရှိသည် ။

ကျွန်တော်တို့ ကျောင်းသား ဘဝ တုန်း က မြို့မကျောင်း သို့ တာဝန်ကျသည့် ကျောင်း
အုပ်ဆရာကြီး ၊ ဆရာမကြီး များ က လည်း တခြား ဒေသ မှ လာရောက် အမှုထမ်းသူများသာ ဖြစ်သည် ။ မြို့ကလေး ဇာတိ ဆို၍ ဆရာ ၊ ဆရာမများ သာ ရှိ သော်လည်း ကျောင်းအုပ်ကြီး တစ်ယောက် မျှ မရှိ သေးပေ ။ ထို ဆရာကြီး ၊ ဆရာမကြီးများ ကလည်း ကျောင်း အပေါ်တွင် စေတနာ ထား သော်လည်း တချို့ မြို့သူမြို့သားများ က မြို့ကလေး ဇာတိ ဒေသခံ ကျောင်းအုပ် တစ်ယောက် လောက် ပေါ် ထွန်း လာခဲ့လျှင် ကျောင်း ၏ ဂုဏ်ရောင် ပိုမို လင်းလက် လာလိမ့်မည် ဟု ယူဆကြ သေးသည် ။ အခုတော့ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီ ဖြစ် သဖြင့် ကိုယ့် မြို့ ဇာတိဖွား ကျောင်းအုပ်ဆရာကြီး ( သို့ မဟုတ် ) ဆရာမကြီး တစ်ယောက် ဖြင့် မြို့မကျောင်း ကို အုပ်ချုပ် နေလောက်ပြီ ဟု လည်း ကျွန်တော် တွေး မိသေး၏ ။

တပေါင်းလပြည့် နေ့ သို့ ရောက် တော့ နံနက် ၇ နာရီ လောက် ကတည်း က ကျွန်တော် ၏ ပရိုဘောက်ကားဖြူကလေး ဖြင့် မြို့ကလေး သို့ ထွက် လာခဲ့၏ ။ ရန်ကုန် မှ နေ၍ မြို့ကလေး သို့ အနည်းဆုံး နှစ်နာရီ ခန့် တော့ မောင်းရပေ လိမ့်မည် ။ အလျင်စလို ကိစ္စ မဟုတ်၍လည်း ကား ကို တစ်နာရီ ကီလိုမီတာ ခြောက်ဆယ် ဝန်းကျင်ခန့် သာ မှန်မှန် သာ မောင်း လာခဲ့သည် ။ ကိုး နာရီ ကျော်တော့ မှ ကျွန်တော် ၏ ကားဖြူကလေး သည် မြို့ကလေး ၏ ရင်ခွင် အတွင်း သို့ စတင် ချင်းနင်း ဝင်ရောက် လာခဲ့၏ ။ မြို့မကျောင်း က ကားလမ်းမ ဘေး မှာ ဖြစ်သည် ။

ကျောင်း ရှေ့သို့ အရောက်တွင် သင့်တော်ရာ နေရာများ တွင် ရပ်နား ထား ကြသော ကားများ ၊ ဆိုင်ကယ်များ ကို လည်း တွေ့ ရပြီး လူတွေ လည်း ရုံးစု ရုံးစု ဖြစ်နေ၏ ။ ကျွန်တော် သည် ကား ကို ကျောင်းရှေ့ မလှမ်းမကမ်း အဆင်ပြေသည့် လမ်းဘေး တစ်နေရာ တွင် ရပ်နား ထား လိုက်ပြီး ကျောင်းပေါက်ဝ သို့ လျှောက် လာခဲ့သည် ။ ကျောင်း ပေါက်ဝ တွင် ကျောင်းသားဟောင်းများ က ကန်တော့ခံ ကြွရောက် လာသည့် ဆရာကြီး ဆရာမကြီးများ ၊ ဧည့်သည်များ ကို ကြိုဆို နေသည် ကို တွေ့ရ၏ ။ ပင်လယ်ကဗွီးပင်ကြီး ထက် ရှိ အသံချဲ့စက် ဆီ က “ မြတ်ဆရာ ” သီချင်း ကို လည်း ကြား ရ၏ ။

ကျွန်တော် သည် ကျောင်းသားဟောင်းများ ကို ဝေ့ဝဲ ၍ ကြည့် လိုက်တော့ လည်း ဘယ်သူတွေ မှန်း မသိတော့ ။ ကျွန်တော် နှင့် မျက်မှန်းတန်း မိသူ ဟူ၍ တစ် ယောက်တလေ မျှ တောင် မတွေ့ ရ ။ ထို့ကြောင့် ကျွန်တော် သည် လက်ကိုင်ဖုန်း ကို ထုတ် လိုက်ပြီး သက်နိုင် ဆီ သို့ လှမ်း ဆက်ရန် ဟန်ပြင် နေဆဲမှာ ပင်

“ မောင်မောင် ၊ လာ ...လာ ”  ဆိုသော အသံနှ င့် အတူ အဖြူအစိမ်း ကျောင်းဝတ်စုံ ဝတ်ဆင် ထား သော ဆရာမ တစ်ယောက် က လှမ်း ခေါ် သည် ။ ကျွန်တော် သေချာစွာ စိုက် ကြည့် နေဆဲမှာပင် -

“ ငါ ပါ ဟဲ့ လဲ့လဲ့ဝေ ပါ ။ နင် က လည်း ငါ့ ကို မမှတ်မိ တော့ဘူးလား ” ဟု ပြောတော့ မှ ကျွန်တော် လဲ့လဲ့ဝေ ကို မှတ်မိ တော့သည် ။ လဲ့လဲ့ဝေ ခပ်ဖိုင့်ဖိုင့် ဖြစ် နေပြီ ။

“ သက်နိုင် ဟောလ်ခန်း ထဲမှာ ရှိတယ် ။ လာ ငါ့ နောက် လိုတ်ခဲ့ ” ဟု ဆိုကာ လဲ့လဲ့ဝေ က ကျွန်တော့် ကို ဦးဆောင် ခေါ်ငင်သွား၏ ။ သို့ဖြင့် ကျွန်တော် ဟောလ်ခန်း ထဲ သို့ နောက်တော့ သက်နိုင် က ဆရာကြီး ဦးဘိုဖြူ နှင့် စကား ပြောနေသည် ကို တွေ့ရသည် ။ ဆရာကြီး ကို ကျွန်တော် နှုတ်ဆက် သော်လည်း ဆရာကြီး ကျွန်တော့် ကို ကောင်းကောင်း မှတ်မိဟန် မတူ တော့ ။ တစ်ခေါင်းလုံး ဆံပင် တွေ ဖြူဖွေးပြီး တုတ်ကောက်ကြီး တစ်ချောင်း နှင့် ။ ဆရာကြီး က ကျွန်တော် တစ်တန်း တက်တုန်း က အတန်းပိုင် ဆရာကြီး ဖြစ်၏ ။ ကျွန်တော် တို့ သူငယ်တန်း တုန်း က ရာမကြီး ဒေါ်သင်းကြည် က တော့ ဆုံးပါးသွားပြီ ဟု သိ တိုက်ရ၏ ။

“ ငါ မင်း လာတောင် လာပါ့မလားလို့ ”

သက်နိုင် က ပြောတော့ “ ငါ ကတိ ပေးပြီးပြီပဲ ကွာ ။ လာရမှာပေါ့ ” ဟု ကျွန်တော်
ပြန် ပြောလိုက်သည် ။

“ တို့ ဘက်ချ်က လူတွေ သိပ် မလာကြဘူး ။ ယောက်ျားလေးတွေ မြို့ မှာ မရှိကြတာ လည်း ပါတာပေါ့ ကွာ ။ ဖြူဖြူခိုင် တို့ အုပ်စု က တော့ ချက်တဲ့ ပြုတ်တဲ့ နေရာမှာ ”
ထို့နောက် ဆယ်နာရီ ထိုး သောအခါ ဆရာကန်တော့ပွဲ အခမ်းအနား စတင် တော့ သည် ။ မြို့မကျောင်း တွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် လက်လှမ်း မီ ရာ အသက် ခြောက်ဆယ်ကျော် ဆရာကြီး ၊ ဆရာမကြီးများ ကို အပူဇော် ခံရန် ဖိတ်ကြားထားခြင်း
ဖြစ်၏ ။ ဆရာ တစ်ယောက် ကို ငွေကျပ် သုံးသောင်း နှုန်း ဖြင့် ကန်တော့ နိုင်ပြီး စုစုပေါင်း အယောက် သုံးဆယ် ကျော် တက်ရောက်သည် ကို လည်း ကျွန်တော် သတိထား မိ၏ ။ ထို့နောက် ကန်တော့ခံ ဆရာကြီး ၊ ဆရာမကြီးများ ကိုယ်စား ဆရာကြီး ဦးဘိုဖြူ က ပဲ ကျေးဇူးတင် ဆုံးမသြဝါဒ စကား ပြန် ပြောသည် ။ ဆရာကြီး ၏ ဆုံးမ စကား ထဲ ၌ မိမိ ထက် တပည့်များ က ပညာ ၊ ဥစ္စာ မည်မျှပင် သာ စေကာ မူ မနာလို စိတ် မဖြစ်ဘဲ မုဒိတာ စိတ် အမြဲ ဖြစ်ကြောင်း တို့ ကို ပါ ထည့်သွင်း ပြောကြား သွားခဲ့သည် ။

ဆရာများ ကို ကန်တော့ပြီး သည့် နောက် နေ့လယ်စာ တည်ခင်း ဧည့်ခံသည် ။ ဆရာတွေ သုံးဆောင် ပြီး တော့မှ ကျောင်းသားဟောင်းများ စား ကြရ၏ ။ ကြက်သား ဘူးသီးချက် ၊ ငါးခြောက်ထောင်းကြော် ၊ သရက်ချဉ်သုပ် ၊ ငါးပိရည် တို့စရာ တို့ နှင့် ထမင်း စား ရသည်မှာ မြိန် လှ၏ ။ ထမင်း စား ရင်း တစ်တန်း တည်း တက် ခဲ့သော သီသီစိုး ၊ ခင်ခင်ဇော် ၊ ဖြူဖြူခိုင် တို့ နှင့် လည်း ပြန် တွေ့ရ၏ ။ သူတို့ အကုန်လုံး အိမ်ထောင်သည် တွေ ဖြစ် ကုန်ပြီး ခါး တုတ် သည့် သူ က တုတ် ၊ ဗိုက် ပူ သည့် သူ က ပူ ကုန်ပြီ ။ ထမင်း စားပြီး သည့်နောက် ကျွန်တော် သည် ဗိုက် နည်းနည်း လေး သွား သဖြင့် ကျောင်း ထဲ မှာ ခေတ္တ ခဏ လှည့်လည် လမ်းလျှောက် ဖြစ်သည် ။

ကျောင်း သို့ စ ရောက် ခါစ တုန်းက ဆရာကန်တော့ပွဲ သို့ စိတ်ရောက် နေ သဖြင့်
ကျောင်း ခြံဝင်း ကို ကျွန်တော် သတိ မထားမိ ။ အပေါ့ သွားချင် သဖြင့် ကျောင်း အိမ်သာ ဘက် သို့ လျှောက် လာ တော့ မှ အရင်တုန်း က ယောက်ျားလေး အိမ်သာ အနား မှာ ကုက္ကိုပင်ကြီး နှစ်ပင် ရှိ သော်လည်း အခု တစ်ပင် မျှ မရှိတော့ ။ ကျောင်း နောက်ဖေး ခြံစည်းရိုး တွင် ရှိသော ကုက္ကိုပင်ကြီး များ ၊ ပျဉ်းမပင် တွေ ၊ လက်ပံပင်တွေ ကို လည်း မတွေ့ရ တော့ ။ ခြံစည်းရိုး တစ်လျှောက်လုံး မည်သည့် အပင်မျှ မရှိဘဲ ရှင်း လင်း နေသည် ။ ထို့ပြင် ကျောင်းရှေ့ မျက်နှာစာ တွင် စီတန်း စိုက်ပျိုး ထားသော ခရေပင်များ သည် လည်း မရှိတော့ ။ ခရေပင် တွေ ၏ နေရာ တွင် ဈေးဆိုင်တန်း တွေ က အစီအရီ နေရာ ယူ နေကြပြီ ။ ကျွန်တော်တို့ ကျောင်းသား ဘဝ တု န်းက ဘောလုံး ကန် ခဲ့ သော ကျောင်းဘောလုံးကွင်း နေရာ သည် လည်း ဈေးဆိုင် များ ၏ နေရာယူ မှု ကြောင့် ပျောက်ကွယ် နေပြီ ။ နှစ်ပေါင်း ဆယ့်ငါးနှစ် အတွင်း မှာ ကျောင်း ခြံဝင်းကြီး ဘာဖြစ် လို့ ဒီလောက် ပြောင်းလဲ သွားရတာလဲ ။

•••••   •••••   •••••

၃ ။

ဆရာ ကန်တော့ပွဲ ပြီး တော့ ကျွန်တော် ရန်ကုန် သို့ ချက်ချင်း မပြန်ဖြစ်ဘဲ သက်နိုင်တို့ အိမ်မှာ တစ်ည တည်းခို ဖြစ်သည် ။ ညဘက် တွင် တော်တော် နှင့် မအိပ် ဖြစ်ဘဲ သူတို့ ဇနီးမောင်နှံ နှင့် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်များ ကို ပြောဆို ဖြစ်ကြသည် ။ အတိတ် မှ ပုံရိပ် တချို့ သည် လည်း ပစ္စုပ္ပန် ပုံ ဖမ်း ကားချပ် ၌ လာရောက် ထင်ဟပ် လာသည် ။

“ နောက် နှစ် ဆရာ ကန်တော့ပွဲ လည်း လာ ဖြစ်အောင် ကြိုးစားပေါ့ကွာ ”

သက်နိုင် စကား ကြောင့် ကျွန်တော် ခေါင်း ညိတ် ပြလိုက်မိ၏ ။ ထိုစဉ် နေ့လယ်ခင်း က မြင်တွေ့ခဲ့ ရ သော ကျောင်း ခြံဝင်း ထဲ ရှိသစ်ပင်တွေ ကင်းမဲ့ နေသည့် မြင်ကွင်း က မျက်ဝန်း ထဲ တွင် ရုတ်ခြည်း ဆိုသလို ဖျတ်ခနဲ ပေါ်လာ သဖြင့် ကျွန်တော် မေး လိုက်သည် ။

“ နေစမ်းပါဦး ကွာ ၊ ငါ မင်းတို့ ကို မေးရ ဦးမယ် ။ တို့ ကျောင်း ခြံဝင်း မှာ ခရေပင်
တွေ လည်း မရှိတော့ဘူး ။ နောက်ပြီး ကျောင်း ခြံစည်းရိုး စပ် က ကုက္ကိုပင် တွေ ၊ ပျဉ်းမပင် တွေ လည်း မရှိတော့ဘူး ။ ဘယ်လို ဖြစ်တာလဲ ”

ထိုအခါ သက်နိုင် က သက်ပြင်းငွေ့ငွေ့ ချ လိုက်သည် ။

“ ဝေ ပဲ ရှင်း ပြလိုက်ပါကွာ ”

လဲ့လဲ့ဝေ က ခပ်မဲ့မဲ့ တစ်ချက် ပြုံး လိုက်ရင်း ...

“ ဒီလို သူငယ်ချင်း ရေ ၊ နင် ပြောတဲ့ အဲဒီ သစ်ပင်တွေ က တို့ ကျောင်း မှာ လွန်ခဲ့တဲ့ သုံးနှစ် လောက် အထိ ရှိသေး တယ် ။ ဒေါ်သန်းသန်းရီ လက်ထက် ရောက် မှ မရှိတော့တာ ”

“ ဒေါ်သန်းသန်းရီ ဆို တာ ... ” ဟု ကျွန်တော် ဖြတ် မေး လိုက်တော့ -

“ နင် က လည်း လော လိုက်တာ ငါ ရှင်းပြမှာပေါ့ ။ ဒေါ်သန်းသန်းရီ ဆိုတာ ဒီ ကျောင်း ရဲ့ ကျောင်းအုပ်ဆရာမကြီးဟောင်း ပေါ့ ။ အခုတော့ ပင်စင် ယူ သွားပါပြီ ။ သူ က တို့ မြို့ ဇာတိ ပဲ လေ ။ နင့် လို ပဲ ပေါ့ ။ သူ ဆယ်တန်း အောင် ပြီး ကတည်း က တို့မြို့ က နေ ရန်ကုန် ပြောင်း သွားပြီး ဟိုမှာ ဘွဲ့ရ ၊ ကျောင်းဆရာမ လုပ်ပြီး ပင်စင်ယူခါနီး နှစ်နှစ် လောက် မှ ကျောင်းအုပ်ဆရာမကြီး အနေ နဲ့ ရာထူး တိုး ပြီး ရောက် လာတာ ။ ခင်ခင်ဇော် တို့ အဒေါ် လေ ဟာ ။ နင် သိမှာ မဟုတ်ပါဘူး ။ သူ ရောက် လာတယ် ဆိုတော့ အကုန်လုံး က ဝမ်းသာကြ တာပေါ့ ။ တို့ ကျောင်း ကို လာတဲ့ ကျောင်းအုပ်ကြီးတွေ က တခြား က လာတာ ပဲ လေ ။ အခုလို ကိုယ့် မြို့ခံ တစ်ယောက် က ကျောင်းအုပ်ဆရာမကြီး အနေနဲ့ လာ တာ ဆိုတော့ ဂုဏ် ရှိတာပေါ့ လို့
ထင် နေတာပေါ့ ဟာ ။ ဒါပေမဲ့ မောင်မောင် ရေ သူ ကျောင်းအုပ် လုပ်တဲ့ နှစ်နှစ် အတွင်း မှာ ကျောင်း ကို တော်တော် မွှေ သွားတယ် ”

လဲ့လဲ့ဝေ ၏ စကား က တဖြည်းဖြည်း အရှိန် မြင့် လာ သည် ။ ကျွန်တော် စိတ်ဝင်တစား နားထောင် နေမိ၏ ။

“ တခြား က လာတဲ့ ကျောင်းအုပ်ကြီး တွေ က ကျောင်း အပေါ်မှာ ဘာလုပ် ပေးနိုင်မလဲ ဘဲ တွေးတာ ။ သူ က ဒီ မြို့ခံ ဖြစ် ပေမဲ့ ကျောင်း ကောင်းဖို့ ထက် ကျောင်းခြံဝင်း ထဲ က ရပေါက် ရလမ်း ဘာ ရှိလဲ ပဲ ကြည့်တာ ။ ကျောင်း ရန်ပုံငွေ ဆို ပြီး သစ်ပင်ကြီး တွေ ခုတ် ရောင်း တယ် ။ ပင်စည် ဖြောင့် တဲ့ အပင်ကြီးတွေ က တော့ သစ်ခွဲ တဲ့ သူတွေ က ဝယ် တယ်လေ ။ ကျောင်း ခြံဝင်း ထဲ က ခုတ်ပြီး သား သစ်ပင် ပင်စည်ကြီး တွေ ကို ကား နဲ့ တင်ပြီး သစ်ခွဲစက် ဆီ ပို့တဲ့ မြင်ကွင်း က စိတ် ဆင်းရဲ ဖို့ ကောင်းလိုက်တာ ဟာ ။ ပို တဲ့ အကိုင်းအခက်တွေ ကို ထင်း ဆိုက်ဖို့ သူ့ အိမ် ကို ကား နဲ့ သယ်တယ် ။ နောက်ပြီး သူ့ အိမ် မှာ ထင်း လို တိုင်း ကျောင်းဝင်း ထဲ က ဟို အပင် ခုတ် ၊ ဒီ အပင် ခုတ် နဲ့ ။ အဲဒါနဲ့ ပဲ ကုက္ကိုပင်ကြီး တွေ ၊ ပျဉ်းမပင်ကြီး တွေ ၊ လက်ပံပင်ကြီး တွေ ကုန် တာပေါ့ ။ မျက်နှာစာ က ပင်လယ်ကဗွီးပင်ကြီး တွေ ကို တော့ မကောင်းတတ် လို့ ချန် ထားခဲ့တယ် ထင်ပါရဲ့ ”

“ အဲဒီ သစ်ပင် ရောင်း ရတဲ့ ငွေတွေ ရော ကျောင်း အတွက် သုံးလို့လား ”

လဲ့လဲ့ဝေ က ခေါင်းခါ ယမ်း ပြလိုက်၏ ။

“ သူ့ အိတ် ထဲ ရောက်တာပေါ့ ဟာ ။ နောက်ပြီး ကျောင်း ရှေ့က ခရေပင်တွေ
မရှိတော့ဘူး လေ ။ အဲဒီ နေရာ မှာ ဆိုင်ခန်းတွေ ကန်ထရိုက် ခေါ် ဆောက်ပြီး ဈေးဆိုင်တွေ ငှား စား ထားတာ နင် မြင်တယ် မဟုတ်လား ။ အဲဒီ ဈေးဆိုင် တွေ မှာ စီးကရက် ၊ ဘီယာ အကုန် ရတယ် ။ နောက်ပြီး ကွန်ပျူတာဂိမ်းဆိုင် တွေ လည်း ပါတယ် ။ ကျောင်းသားတွေ က ကျောင်း ပြေးပြီး ကျောင်း ရှေ့ က ဂိမ်းဆိုင် တွေ မှာ ဆော့ နေတယ် ။ ဘယ်လောက် ရုပ်ပျက်သလဲ နင်ပဲ စဉ်းစား ကြည့်ပါ ဟာ ” 

ထိုစဉ် သက်နိုင် က ဝင်ပြောသည် ။

“ ဒါတွင် မကသေးပါဘူးကွာ ။ အရင်တုန်း က ငါ က ဓာတ်ပုံလေး ဘာလေး ရိုက်တော့ ကျောင်း ဖွင်ချိန်တို့ ဘာတို့ ဆို ငါ့ ဆီ လာ ရိုက် တဲ့ ကလေးတွေ ရှိတာ ပေါ့ ။ ဒေါ်သန်းသန်းရီ လက်ထက် ရောက်တော့ မှ ငါ လည်း ဓာတ်ပုံ မရိုက်ရတော့ဘူး ” 

သက်နိုင် စကား အဆုံး တွင် လဲ့လဲ့ဝေ က ရှင်းပြ၏ ။

“ ဟုတ်တယ်မောင်မောင် ရေ ။ ကျောင်း အပ်လို့ ရှိရင် အပြင် က ရိုက်တဲ့ ဓာတ်ပုံ ကို လက် မခံဘူး ။ ကျောင်း မှာ ဓာတ်ပုံဆရာ ခေါ်ထားပြီး ကျောင်း အပ်တာနဲ့ ဓာတ်ပုံ ပါ တစ်ခါတည်း ရိုက် ရတယ် ။ အဲဒီ ဓာတ်ပုံ ကို မှ လက်ခံတယ် ။ ဓာတ်ပုံဆရာ က သူ့ တူ လေ ”

“ အဲဒါပဲ မောင်မောင် ၊ တစ်ချိန်တုန်း က ဒေသခံ မဟုတ်တဲ့ ကျောင်းအုပ်ကြီး တွေ လက်ထက် မှာ နာမည် ကြီး ခဲ့တဲ့ တို့ မြို့မကျောင်း လည်း သူ့ လက်ထက် မှာ နာမည် ပျက် တာပဲ ။ အကုန်လုံး က ကိုယ့် ဒေသခံ ကျောင်းအုပ် ဖြစ် ရင် ကျောင်း ပို ကောင်း မယ် ပဲ ထင်ထားတာ ။ ဒါပေမဲ့ လက်တွေ့ မှာ မှန်းချက် နဲ့ နှမ်း ထွက် က တခြားစီ ပဲ ” ဟု သက်နိုင် က ညည်းညူ ရေရွတ်သည် ။

“ ကျောင်း အကျိုးဆောင်အဖွဲ့ က ရော သူ့ လုပ်ရပ်တွေ ကို မတားဆီးနိုင်ဘူးလား ”

“ ဒေါ်သန်းသန်းရီ က တစ်ခု ခု လုပ်ရင် အကြောင်းပြချက် က အမြဲတမ်း ရှိတယ် ဟ ။ အိမ်သာနား က ကုက္ကိုပင်ကြီး တွေ ကို ခုတ်တာ က လည်း သစ်ပင်ရိပ် မှာ ကျောင်းသား တွေ ဆေးလိပ် ခိုး သောက်လို့ တဲ့ ။ သစ်ပင်ရိပ် မရှိတော့ ရင် နေပူ လို့ ဆေးလိပ် ခိုးသောက်မှာ မဟုတ်တော့ဘူး ဆိုတဲ့ အကြောင်းပြချက် နဲ့ ပေါ့ ။ သူ ပြောလိုက် ရင် ကျောင်း ကောင်း ဖို့ ဆိုတာချည်းပဲ ။ တကယ် က ကျောင်း ကောင်းဖို့ မဟုတ်ဘဲ သူ့ ကောင်း ဖို့ လုပ်နေတာ ဟ ။ အချို့က လည်း ပင်စင် ယူခါနီး မို့ တတ်နိုင် သလောက် ရ အောင် ရှာနေတာ လို့ ပြောတာ ပဲ ။ တို့ ဆရာမတွေ အပေါ် မှာ လည်း သူ့ ကို ပေးနိုင်ကမ်းနိုင် တဲ့ သူ ဆို ကောင်းတယ် ။ မပေးနိုင်တဲ့ သူ ဆို မကောင်းဘူး ”

လဲ့လဲ့ဝေ ပြော သမျှ စကား တွေ က စိတ် မချမ်းသာစရာတွေ ချည်း ပဲ ဖြစ်နေသည် ။ လဲ့လဲ့ဝေ က ဆက် ပြောသည် ။

“ ငါ နင့် ကို ရယ်စရာ တစ်ခု ပြောရဦးမယ် ။ တို့ ကျောင်း ခြံစည်းရိုး အရှေ့ဘက် ထောင့် က လက်ပံပင်ကြီး ကို မှတ်မိတယ် မဟုတ်လား ”

“ မှတ်မိတာ ပေါ့ ။ သရဲ ခြောက်တယ် ဆိုတဲ့ အပင်ကြီး လေ ”

“ ဟုတ်တာပေါ့ ဟာ ။ အဲဒီ လက်ပံပင်ကြီး လည်း ခုတ် ပြီးလို့ တစ်ပတ် လောက် လည်း ကြာ ရော ဒေါ်သန်းသန်းရီ လည်း ချော်လဲလို့ ဘယ်ဘက် ခြေထောက် ကျောက်ပတ်တီး စည်း လိုက် ရသေးတယ် ။ သရဲ လုပ်တာ ဆိုပြီး နာမည် တောင် ကြီး သွားသေးတယ် ”

ကျွန်တော် ပြုံးလိုက်မိ၏ ။

“ ဪ ဒါနဲ့ အဲဒီ ဆရာမကြီး က မနက်တုန်း က ဆရာ ကန်တော့ပွဲ ကို လာတယ် မဟုတ်လား ။ ဘယ် နား မှာ ထိုင်တဲ့ ဆရာမကြီး လဲ ”

ဟု ကျွန်တော် မေး လိုက်တော့ လဲ့လဲ့ဝေ က -

“ မလာပါဘူး ဟာ ။ နောက်နှစ် တွေ လည်း သူ လာ မယ် မထင်ပါဘူး ”

“ ဟင် ဘာဖြစ်လို့ ”

“ မနှစ် က ဆရာ ကန်တော့ပွဲ တုန်း က ပေါ့ ။ ကျောင်းသားဟောင်း တွေ ရော ၊ ဆရာ ဆရာမ တွေ ပါ တခြား ဆရာကြီး ၊ ဆရာမကြီး တွေ ကို လေးလေးစားစား ခေါ်ကြပေမဲ့ သူ လည်း လာ ရော တိုင် မှတ် လို့ တောင် နှပ် မသုတ်ကြဘူး ။ ကျောင်းသားဟောင်း က လည်း မခေါ် ၊ ကျောင်းသားသစ် က လည်း မခေါ် ၊ ဆရာမတွေ က လည်း မခေါ် နဲ့ သူ ယောင်ချာချာ ကို ဖြစ်နေတာ ။ ထမင်း လည်း စား ရော တခြား ဆရာကြီး တွေ ရဲ့ ပန်းကန် ထဲ ကို ဟင်းတွေ ထည့် ပေး ကြတယ် ။ ဒါပေမဲ့ သူ့ ပန်းကန် ထဲ ကို ဘယ်သူ က မှ ထည့် မပေးကြဘူး လေ ။ သူ့ ဘာသာ ပဲ ခပ် စားရတယ် ။ အဲဒီ ကိစ္စ ကြောင့် သူ ခံစား  သွားရတာ ပါ မှာ ပေါ့ ။ ကဲ မောင်မောင် နင် လည်း အခုလောက် သိလိုက်ရပြီ ဆိုတော့ အဲဒီ ဆရာမကြီး အပေါ်မှာ ဘယ်လို မြင်သလဲ ”

“ ဘာပဲ ပြောပြော ကျောင်း ခြံဝင်း ထဲ က သစ်ပင် တွေ ခုတ် ပစ်တာ က တော့ ဆိုး တယ်ဟာ ” ဟု ပဲ ကျွန်တော် ပြန် ဖြေ လိုက်ပါသည် ။ ထို့ နောက် နောက်ဆက်တွဲ မေး ခွန်း တစ်ခု ကို လည်း ဆက်လက် ၍ မေး လိုက်သည် ။

“ အခု လက်ရှိ ကျောင်းအုပ်ကြီး က ရော သစ်ပင်တွေ ပြန် မစိုက်ဘူးလား ”

လဲ့လဲ့ဝေ က ခေါင်း ကို သာ တွင်တွင် ခါယမ်း ပြပြီး ကျွန်တော့် အမေး ကို ပြန် ဖြေ သည် ။ သက်နိုင် က တစ်စုံ တစ်ခု ကို သတိရ သွားဟန် ဖြင့် ...

“ နေဦး မောင်မောင် ရေ အဓိက အရေးကြီး တဲ့ တစ်ချက် ပြောဖို့ မေ့ နေလို့ ။ တို့ ကျောင်းဟောလ်ခန်းမကြီး လေ မင်္ဂလာဆောင်ခန်းမကြီး ဖြစ်နေပြီ ကွ ”

“ ဟုတ်တယ် သူငယ်ချင်း ရယ် ။ ကျောင်း ပိတ်ရက် စနေ ၊ တနင်္ဂနွေ မှာ မင်္ဂလာ ဆောင်မယ့် သူတွေ ကို ခန်းမ ငှား တယ်လေ ။ တို့ မြို့က မင်္ဂလာဆောင် ချင်တဲ့ သူ တွေ က လည်း ကျောင်းဟောလ်ခန်း က ကျယ်ကျယ်ဝန်းဝန်း ရှိ တော့ သဘောကျ တာပေါ့ ။ ကျောင်းဟောလ်ခန်း မှာ မင်္ဂလာဆောင် ချင် ရင် နင်တို့ ရန်ကုန် က ခန်းမတွေ လို ကြို ပြီးတော့ ဘွတ်ကင် လုပ်ထားရတယ် ”

“ အဲ ဒီခန်းမကြေး တွေ ရော ”

“ မပြောတတ်ပါဘူး ဟာ ။ ကျောင်း ရန်ပုံငွေ ဆိုတဲ့ ခေါင်းစဉ် အောက် တော့ ရောက် သွားတာပဲ ။ သူ က အကျင့် လုပ်ခဲ့တော့ နောက် ကျောင်းအုပ် တွေ လက်ထက်
ရောက် တော့ လည်း ကျောင်းခန်းမ က မင်္ဂလာခန်းမ ဆက် ဖြစ် နေတုန်းပဲ ” ဟု လဲ့လဲ့ဝေ က ရှင်းပြသည် ။

•••••   •••••   •••••

၄ ။

နောက် တစ်နေ့ မနက် ဆယ်နာရီ ထိုးတော့ သက်နိုင် တို့ ဇနီးမောင်နှံ ကို နှုတ်ဆက် ပြီး မြို့ကလေး မှ ကျွန်တော် ပြန်လည် ထွက်ခွာ ခဲ့၏ ။ မြို့မ ကျောင်း ရှေ့ သို့ ရောက်တော့ ကား ကို တစ်ဘီးချင်း မလှိမ့် ရုံ တစ်မည် ဖြည်းညင်းစွာ မောင်းနှင် ရင်း ကျောင်း ဘက် သို့ ငဲ့စောင်း ကြည့်မိသည် ။ ယမန်နေ့ က ဆရာကန်တော့ပွဲ ကျင်းပ သဖြင့် စည်ကားခဲ့သော ကျောင်းကြီး သည် ဒီ ကနေ့ တော့ ပကတိ ငြိမ်သက် တိတ်ဆိတ် နေသည် ။ ကျောင်း ရှေ့ ရှိ ဆိုင်ခန်းများ က လည်း ကျောင်း ပိတ်ထားချိန် ဖြစ် သဖြင့် ချောက်ချီးချောက်ချက် ။ တစ်ချိန်တုန်း က သစ်ပင်သစ်ရိပ်များ ဝန်းရံ ထားပြီး မှိုင်းညို့ နေသော ကျောင်းကြီး ဟာ ယခု တော့ သစ်ပင်များ ကင်းမဲ့ နေသော လွင်တီးခေါင် ကန္တာရ မှာ ထီးထီးကြီး တည်ရှိ နေသလို ခံစား မိ လိုက်ရသည် ။

ကျွန်တော် စိတ် ထိခိုက် မိ စေသော အဓိက အချက် က တော့ တခြား ဒေသ မှ တာဝန် ကျ သော ကျောင်းအုပ်ဆရာကြီး ၊ ဆရာမကြီး တွေ လက်ထက် အသီးသီးတုန်း က မပျက်စီး ခဲ့သော ကျောင်း ခြံဝင်း က ကိုယ့် ဒေသခံ ကျောင်းအုပ် ဆရာမကြီး လက်ထက် သို့ ရောက်တော့ မှ သာ သစ်ပင် တွေ မရှိ ၊ အားကစားကွင်း တွေ မရှိ တော့ ဘဲ ပျက်စီး ရ ခြင်း ပင် ဖြစ်သည် ။ ကျွန်တော် ၏ စိတ်နှလုံး နာကျင် ထိခိုက် စေသော ဒီ မြင်ကွင်း ကြောင့် အာရုံ ကို လွှဲပြာင်းသည့် သဘော ဖြင့် လီဗာ ကို နည်း နည်း ထပ် ဖိ နင်း လိုက်ပြီး ကား ၏ အရှိန် ကို သာ မြှင့်တင် လိုက် မိသည် ။

◾ နိုင်မြင့်

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၅ ဒီဇင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment