Tuesday, June 25, 2024

ပြာသော နားရွက် နှင့် လျှို့ဝှက်သော ဝက်


 ❝ ပြာသော နားရွက် နှင့် လျှို့ဝှက်သော ဝက် ❞

ဒေါ်ကျင်ကြီး နှင့် အိမ်အနီး ပတ်ဝန်းကျင် တို့ ၏ ပဋိပက္ခ ကား မငြိမ်းအေးသေး ။ ခြံဝင်း တိုး ပြီး သစ်ပင်တွေ ဖျက်ဆီးတာ တို့ ၊ တဲ အောက် က ထမင်း ချက်ပြီးသား ကို ဝင် စား တာ တို့  ၊ မြေကြီး တွေ ဖွတာ တို့ နဲ့ အမျိုးမျိုးသော ပြဿနာ ပေါင်းစုံ တို့ နှင့် ဒေါ်ကျင်ကြီး နေ့စဉ် ဖြေရှင်းနေကျ ပြဿနာ ။

“ ဝက် မွေးတယ် ဆိုတာ ခြံလေး ဘာလေး နဲ့ မွေးပေါ့  ...  ခုဟာ က ပေါက်လွှတ်ပဲစား လွှတ်ထား တာ .. နေ့တိုင်း ဒီ ဝက် တစ်ကောင် ပဲ စောင့် ကြည့် နေရတာ အလုပ်ပျက်တယ် ”

ဒါက ဒေါ်ကျင်ကြီး ၏ ပတ်ဝန်းကျင် က အသံ ။ ဒေါ် ကျင်ကြီး က လည်း ဒီ ဝက်ကလေး ရည်ရွယ်ချက် အပြည့် နှင့် မွေးထား တာ ။ စုဘူး အတွက် မဟုတ် “ နတ် စားဖို့ ” ။ နတ် က ကရင်နတ် ။ အစဉ်အဆက် စား လာ သော ကရင်နတ် ။ နတ် စားရန် အတွက် ရည်ရွယ်ပြီး မွေး လျှင် နတ် စားဖြစ် အောင် စား ရသည် ။ မစားဖြစ် လျှင် ခိုက်သည် ။ ဘာ ခိုက်မှန်း တော့ ဒေါ်ကျင်ကြီး မည်မည်ရရ မသိ ။ အစဉ်အဆက် ခြိမ်းခြောက် လာ သော ခိုက်သည် ဆိုသော စကားလုံး ။

ထမင်းကျန် ဟင်းကျန် ပတ်ဝန်းကျင် က မသဒ္ဓါ ရေစာ နှင့် ဆိုပါ လျှင် စား လောက် သောက် လောက် ဖြစ်လာခဲ့သည် ။ အချိန် ၂၀ ထွက် နီးပါး ပေါ့ ။

ကန်ပတ်ရိုးရွာ တွင် မုန်တိုင်း တစ်ခု ဝင်သည် ။ ဘင်္ဂလားပင်လယ်အော် ဘက် က မဟုတ် ။ တိတ်ဆိတ်ညင်သာ သော မုန်တိုင်း ။ ဝက်နားရွက်ပြာ ရောဂါ ။ တစ်ဆင့် စကား တစ်ဆင့် နား နှင့် ကန်ပတ်ရိုးရွာ ၏ လူတိုင်း နား ထဲ သို့ တိုးဝင် လာသည် ။

“ တွံတေး ဘက် မှာ ဝက်နားရွက်ပြာ ရောဂါ နဲ့ ပတ်သက်ပြီး ဟောပြောပွဲ တွေ လုပ်တယ် .. တီဗွီ မှာ လည်း ပါတယ် .. ရွာ ထဲ မှာ တစ်နိုင်တစ်ပိုင် ဝက် မွေးတဲ့ သူတွေ ဗဟုသုတ ရှိထားဖို့ တော့ လိုတယ် ... ဒါဟာ ဗိုင်းရပ်စ် ပဲ ... ကူးစက် မြန်တယ် ”

ရွှေမိုး ၏ အိမ်ပေါက်စေ့ ပြော နေသော ဒိုင်ယာလော့ ။ သား ဖြစ်သူ ရွှေမိုး ၏ စဉ်ဆက် မပြတ် ပြော နေသော ဝက်နားရွက်ပြာ အကြောင်း ကြောင့် ဒေါ်ကျင်ကြီး အသက်ကြီး မှ ရင်တုန်စ ပြုလာသည် ။

မတော်တဆ အဆိုပါ ရောဂါ ကြောင့် သေ သွား လျှင် ကရင်နတ် က ငါ့ ကို ဘာ ပြောမလဲ ။ ဒီနှစ် ပဲ က လည်း စိုက် ထား တာ ။ အင်း ... ဒုက္ခပါပဲ ။ မကြားဖူး တဲ့ ရောဂါ တွေ ။

ဒေါ်ကျင်ကြီး ၏ လက်သုံး စကား တစ်ခွန်း ရှိသည် ။

“ လိပ် ( ဟိုဟာ ) ကို ထိုး ရှာ သလိုများ လား ” ဟု ။

“ ဒီ အခွင့်အရေး ကို မှ အသုံး မချတတ်ဘူး ဆိုရင် ငါ တို့ တော်တော် ညံ့တာပဲ ”

ဟု ဒေါ်ကျင်ကြီး ၏ ပတ်ဝန်းကျင် ဝက်ဒဏ်ခံ တဲစု မှ လူများ က လည်း ဉာဏ် အမျိုးမျိုး ထုတ် နေ ကြသည် ။ ဒါဟာ ဒေါ်ကျင်ကြီး အခက် ၊ တို့ အချက် ပဲ ဟူသည့် မူ ။

မောင်မျိုး ၊ ကိုမြအေး နှင့် နောက်လိုက် လူငယ် နှစ်ဦး ခေါင်းချင်း ဆိုင် တိုင်ပင်ကြသည် ။ အဖြေ တစ်ခု ပီပီပြင်ပြင် ထွက် လာသည် ။

ဒေါ်ကျင်ကြီး အခု တလော သူ ၏ ဝက်ကလေး ကို အရင်လို သိပ် လွှတ် မထားတော့ မကြာခဏ အရိပ် တကြည့် ကြည့် တော့ ကြည့် လာသည် ။

“ ရို့ .. ရို့ ... ” အသံ ပေး၍ ထမင်းကျန် ဟင်းကျန် များ ကို ဂရုတစိုက် ကျွေး လာတတ်သည် ။ အပြာရောင် ရှိသော အရောင်များ ကို လည်း ဝက် ကိုယ် အနှံ့ ကြည့် ကြည့် လာ တတ်သည် ။

“ အမေ ရေ ... အမေ ... အမေ့ ဝက် က တစ်ကိုယ်လုံး ပြာ လာပြီ ”

သား ဖြစ်သူ ရွှေမိုး ၏ အထိတ်တလန့် အသံ ။ ဒေါ်ကျင်ကြီး မတ်တတ် က ပြိုလဲ မတတ် ဖြစ် သွားသည် ။ ဟုတ်သည် ။ ဝက် က နားရွက် တင် မဟုတ် ။ အမြီး တွေ ပါ ပြာ နေသည် ။ ဆုံးဖြတ်ချက် မြန်မြန် ချ မှ ဖြစ်တော့မည် ဟု တစ်ယောက် တည်း တွေး လိုက်သည် ။

နတ် စားဖို့ ဟု ရည်ရွယ် ထား လျှင် နတ် စား ဖြစ်အောင် စား ရသည် ။ မစားဖြစ် လျှင် တစ်ခု ခု ဖြစ် တတ်သည် ဟု အယူ ရှိကြသည် ။ တချို့ က ကြက် နှင့် အကျင့် လုပ် ထားသည် ။ ဝက် နှင့် အကျင့် လုပ်ထား သူများ က ဝက် နှင့် စားကြသည်  ။ ကြက် နှင့် စားသူများ က ခေါင်း ၊ ခြေထောက် ၊ အသည်းအမြစ် နှင့် ၊ အဆီဘူး ၊ အတောင် တို့ ကို ပြုတ် ၍ လင်ပန်း ထဲ ထည့် ၍ နံနက် ၄ နာရီ ၊ ၅ နာရီ ထ ၍ စားကြသည်  ။ ဝက် နှင့် နတ်စားသူများ ကတော့ နံပါတ်တစ် ဝက် ကို ပေါ် ( အိမ် ပေါ် ၌ တံခါး အလုံပိတ် ၊ ကိစ္စဝိစ္စ ပြီး အောင် လုပ်၍ ) ဝက် ၏ ခေါင်း ၊ လျှာ ၊ အမြီး ၊ ခြေထောက် ၊ လက် ၊ အသည်း ( ကျန်သော တခြား အူ တွေ တော့ မပါ ။ ကျန်သော တခြား အူများ ကို အိမ် အပေါက် မှ ချ ပစ် ရသည် ။ ဘယ်သူ ကောက်ကောက် ) ကျန်သော အသားများ ကို ရောင်းချ ကြသည် ။

ခေါင်း ၊ လျှာ ၊ အမြီး ၊ ခြေထောက် ၊ လက် ၊ အသည်း များ ကို ပြုတ် ၍ ဗျပ်ကြီး တစ်ခု ထဲ ထည့် ၍ ( သမက် ၊ ချွေးမ များ မပါ ) မိသားစု အလိုက် စား ကြသည် ။ ( ဒါက စာရေးသူ ၏ ကိုယ်တွေ့ ဗဟု သုတ )

ဒေါ်ကျင်ကြီး နတ် ကို အမြန် စား ဖို့ ရက် သတ်မှတ် လိုက်သည် ။

“ ရောဂါ ဖြစ် နေတဲ့ ဝက် ကို နတ် စားလို့ ဖြစ်ပါ့မလား ”

“ ဟာ ... အမေ က လည်း .. တောင်းပန် ထား လည်း ရတဲ့ ဥစ္စာ ... ပြာ နေတဲ့ ဝက် နဲ့ ဖြစ် ပါ့ မလား ”

သားသမီးများ ၏ အမျိုးမျိုး ဝေဖန်သံ ။ ဒေါ်ကျင်ကြီး အတွေ့အကြုံ အရ ရိုးရာနတ် ကို မတောင်းပန် ချင် တော့ ။ စား ဖြစ်အောင် စား ကြမည် ။

ကရင်နတ် တို့ ရိုး ရာအတိုင်း အိမ် ကို အလုံ ပိတ်၍ ဝက် သတ်ပွဲ ကျင်းပ ကြသည် ။ ရေနွေး ဖြော လိုက်သည် ။ ဓားသွား ထက်ထက် နှင့် အမွေးများ ကို ခြစ် လိုက်သည် ။ မည်သည့် အပြာရောင် မှ မတွေ့ ။ အချိန် ၂၀ ဝက်ပေါက်လေး မှာ ဝါဂွမ်း သဖွယ် ဖြူဖွေးဥ လျက် ။

ဒေါ်ကျင်ကြီး ၏ စိတ် ထဲ ၌ အမိုး နှင့် ဖထီး တို့ ၏ တန်ခိုး အစွမ်းကြောင့် သာ ဝါဂွမ်း သဖွယ် ဖြူဖွေး လျက် ဖြစ်ကြောင်း တွေး လိုက်သည် ။

ကရင်နတ် များ စား ပြီးသည့် အောင်ပွဲ အဖြစ် အနီး ပတ်ဝန်းကျင် မှ အသိများ ကို ဖိတ်ခေါ်  ကျွေးမွေးသည့် အခမ်းအနား တွင် မည်သူ တစ်ဦး တစ်ယောက် မျှ လာရောက် စားခြင်း မရှိကြ ။ နတ် စား ပြီး ပိုသော ဝက်အတွဲ များ ကို လည်း ဝယ်မည့် သူ မရှိ ။

“ ဒီလောက် ဝက် ကြိုက်တဲ့ သူတွေ လက် ဆွဲပြီး ခေါ်တာ တောင် စားမယ့် သူ မရှိဘူး ... ဝက် လည်း လာ ဝယ်မယ့် သူ မရှိဘူး ... ဘာဖြစ်တာလဲ ”

အမေ ဖြစ်သူ ၏ စကား ကို သား ဖြစ်သူ ရွှေမိုး မှ ..

“ ဒီလောက် နားရွက်ပြာ နေပါတယ် ဆိုတဲ့ အမေ့ ဝက် ကို ဘယ်သူ က လာ ဝယ်ပြီး စား မှာ လဲ ”

မောင်မျိုး တို့ ၊ ကိုမြအေး တို့ က ဒေါ်ကျင်ကြီး အိမ်ရှေ့ တွင် လမ်းသလား နေဆဲ ဖြစ်သည် ။

“ ဟဲ့ ... မောင်မျိုး တို့ ... မောင်မြအေး တို့ ... လာ စားကြပါ ဟ ”

“ ဗိုက် အောင့် နေလို့ ... အဒေါ် ရ ”

သို့သော် မောင်မျိုး နှင့် ကိုမြအေး က အိမ် ရှေ့ တွင် ရစ်သီ နေဆဲ ။ ဒေါ်ကျင်ကြီး က အချိန် ၁၇ ပိဿာ လောက် နှီး နှင့် ချည် ထားသော ဝက် အတွဲများ ကို ဝယ်မည့် သူ မရှိ ၍ စိတ်ပျက် နေသည်  ။ အရင် တုန်း က များ ဓား ချက် အောက် တွင် အလုအယက် ကုန်တာ ။ ကြွေးတောင်း မှ သာ ဆဲဆို ကြိမ်းမောင်း ရတာ ။ ခုများ တော့ တစ်ယောက် တလေ တောင် လာ မေးမယ့်သူ မရှိ ။ တစ်ရွာ လုံး ဝက် ဆန့်ကျင်ရေး လုပ် နေကြသည် ။

မောင်မျိုး နာရီ ကို လှမ်း ကြည့် လိုက်ပြီး ဒေါ်ကျင်ကြီး ဆီ သို့ သွားပြီး

“ အဒေါ် .. ဒီ အတိုင်း ကြည့် နေ လို့ က တော့ ဒီ ဝက်တွေ ပုပ် ကုန်ရုံပဲ ရှိမယ် ... နှစ်ထောင်ဈေး နဲ့ ကျွန်တော် ဖြတ် လိုက်မယ် ... ကျွန်တော် အနစ်နာ ခံ လိုက်ပါ့မယ် ”

မောင်မျိုး စကား ကို ဒေါ်ကျင်ကြီး ချက်ချင်း ထောက်ခံလိုက်သည် ။

“ ငါ့ တူ ... အချိန် ၁၅ ပဲ ထား ... ကျန်တာ နင် စား ပစ်လိုက် .. ယူယူ ”

ဟု ပြုံးရွှင်စွာ ပေး လိုက်သည် ။

မောင်မျိုး သည် ကား စက်ဘီး နောက်ထိုင် ၌ တောင်း တစ်လုံး ကို ခိုင်အောင် ချည် လျက် အောက် မှ ငှက်ပျောရွက် ခင်းလျက် အချိန် ၁၅ ကို ထည့် ။ တကလဲ့ ၊ တဝမ်းတော ၊ ရှမ်းသလင်းရွာ များ ဆီသို့ ဦးတည်လျက် ၊ နေ စောင်း တော့ မောင်မျိုး ပြန် လာသည်  ။ ၄၀၀ဝိ/- ဈေး နှင့် ပြိုက်ခနဲ ပြိုက်ခနဲ ကုန် လာသည် ။ ပြော ရောင်း ပုံ က လည်း ကြည့် ။

“ စိတ် သန့်သန့် သာ စား ... ဒီ ဝက် က ကျုပ်တို့ ကို ဒုက္ခ ပေး လွန်းလို့ ပိုင်ရှင် မသိအောင် သင်္ဘောဆေးပြာ တွေနဲ့  ပက် လိုက်တာ ... ပိုင်ရှင် က တစ်ကိုယ်လုံး ပြာတယ် ဆိုပြီး ပေါ် လိုက်တာ ... ဝက်ကလေး က လုံး နေတာပဲ ... စား ကောင်း တဲ့ အရွယ် ဗျ ... နှစ်ဆယ် ထွက်လေး ...  ဘာ နားရွက် မှ မပြာ ဘူး ... ဖြူ လိုက်တာ မှ ဖွေးလို့  ”

◾ဗေလုဝ

📖 8 days ဂျာနယ်
      ဇူလိုင် ၊ ၂၀၁၁

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment