Thursday, June 20, 2024

တတိယမြို့တော်သား ရဲ့ အလွမ်း


 

❝ တတိယမြို့တော်သား ရဲ့ အလွမ်း ❞

ဟောဒီ မြို့တော်ကြီး မှာ သိန်းပေါင်း ထောင်ချီတဲ့ ဇိမ်ခံမော်တော် ကား တွေ တွေ့မိတယ် ။ သူ့ မှာ တော့ တကျွီကျွီ အားစိုက် နင်း ပါ မှ လိမ့် တတ်တဲ့ စက်ဘီးအိုလေး ရှိတယ် ။

ဝတ်ကောင်းစားလှ နဲ့ ကျောက်မျက်ရတနာ တွေ ပြိုးပြိုးပြက်ပြက် ဝတ်ဆင်ကြ ပြီး ပွဲနေပွဲထိုင် ပွဲတိုင်းကျော် တွေ လည်း မြင်ဖူးတယ် ။ တစ်အိမ် ရပ် တစ်ရပ်ကွက် ဝင် လှည့်လည် တောင်းရမ်းသူ တွေ လည်း သူ့ မိတ်ဆွေ တွေ ထဲ မှာ ရှိကြတယ် ။

ခေါင်းပေါင်းကျွတ် မတတ် မြင့် တဲ့ အထပ်မြင့်မြင့် တိုက်တွေ မြင် နေ ရတယ် ။ သူ နေတာ က တော့ တစ်အိမ် က လေ လည်တာ တစ်အိမ် က ကြားရ ၊ နံရ တဲ့ ရပ်ကွက်လေး မှာ ပါ ။

ကွမ်းယာဆိုင် ၊ အကြော်ဆိုင် ၊ အကင်ဆိုင် ၊ ဘီယာဆိုင် ၊ လက်ဖက် ရည်ဆိုင် ၊ တယ်လီဖုန်းဆိုင် ၊ လေထိုးကျွတ်ဖာဆိုင် ၊ ထီဆိုင် ၊ ဓာတ်ဆီဆိုင် ၊ ဓာတ်ပုံဆိုင် ၊ မိတ္တူဆိုင် ၊ ကာရာအိုကေဆိုင် ၊ ဆံသဆိုင် တွေ ရှိကြတဲ့ သူ နေတဲ့ မြို့ကို မြို့တော် လို့ သတ်မှတ်ကြတယ် ။

နေမင်း က စိတ်လွတ် ကိုယ်လွတ် ပူပြင်း လိုက်တဲ့ နွေ နေ အောက် မှာ အောင်ဘာလေထီသည် ၊ တံမြက်စည်းကြက်မွေးသည် ၊ အိုးသည် ၊ အချဉ်ပေါင်းသည် ၊ မန်ကျည်းဖျော်ရည်သည် ၊ မုန့်လက်ဆောင်းသည် ၊ ထန်းရည်ချိုသည်  ( ထန်းရည်ချိုသည် ဆိုပေမဲ့ ပုစွန်ဆိတ်ခုန်လေး တွေ လည်း ပါကြ တယ် ) ၊ နွားနို့သည် ၊ ငှက်ပျောပေါင်းသည် ၊ ဈေးသည် ၊ ဂျာနယ် လက်ပွေ့သည် ၊ ပန်းသည် တွေ ဝမ်းကျောင်း နေကြတယ် ။ တောင်လေ တွေ တဖြိုးဖြိုး တိုက်တဲ့ အခါ ခဲသားရောင် တိမ်လိပ်တွေ ပါလာ ပါ လေရော ။ ဒါပေမဲ့ ကံစမ်းခေတ်ကြီး မှာ သူတို့ မြို့ က တချို့ ရပ်ကွက် တွေ မိုးမဲ ပေါက်ပြီး တချို့ ရပ်ကွက် က ဗလာ ကျ တယ် ။ ဆယ်ခါရံ တစ်ခါ ပဲ ဗလာမပါ ကံစမ်းမဲ ပေါက်တယ် ။ မိုးကလေး မစိုသလောက် ရွာ တာ ကိုပဲ တည်းခိုခန်း ၊ ဗေဒင်ခန်း ၊ အနှိပ်ခန်း ၊ ဓာတ်ခန်း တွေ လူ အဝင် နည်း ကုန် တာပေါ့ ။ ဆေးခန်း တွေ မှာ လူ စည် သွားတယ် ။

အေးမြမြ ဆောင်းရာသီ မှာ တော့ သူတို့ မြို့လေး ဟာ နှင်းတွေ ၊ မှိုင်းတွေ ၊ စီးထွေ လွှမ်းခြုံပြီး အနွေးထည် မဲ့ နေတတ်တယ် ။

ဓာတ်ရှင်ရုံ တွေ ၊ ဆေးရုံ တွေ ဘက် မှာ နှင်းတွေ ဝေ နေ တတ်တယ် ။ တိရစ္ဆာန်ရုံ ၊ ဆေးပေါင်းရုံ တွေ မှာ စီးထွေ ကာ ပြန်ရော ။ ဓာတ်စက်ရုံ ၊ ရင်ခွဲရုံ မှာ မှိုင်းတွေ ဆို့ နေတယ်လေ ။

သူ က တော့ စက်ဘီး ကို တကျွီကျွီ သံ ပေး နင်းရင်း ကံစမ်းမဲ ပေါက်တဲ့ မိုးစက်မှုန်မှုန်လေး တွေ မမှုဘူး ၊ စီးထွေ မှိုင်းတွေ လည်း မဖြုံဘူး ၊ ကျဲကျဲ တောက် ပူတဲ့ နေကို စွမ်းအင် အဖြစ် ပြောင်းပြီး စက်ဘီး နင်း နေသလား လို့ သူ့ မိတ်ဆွေ တွေ က ထင် ကြတယ် ။

တကျွီကျွီ မြည် တဲ့ စက်ဘီးလေး လည်း တစ်ခါတလေ တော့ နှာစေး ချောင်းဆိုး ဖြစ်တာပေါ့ ။ အဲဒီအခါ သူ ဘတ်စ်ကား ပြောင်း စီးပြီး မြို့ ထဲ ကို လာတယ် ။ သူ မစီးဖူးတဲ့ ကားလိုင်း လည်း မကျန်တော့ဘူး ။ သိန်း ထောင်ချီ တဲ့ ဇိမ်ခံကား က လွဲ လို့ သူ မစီးဖူးတဲ့ ယာဉ် မရှိတော့ဘူး ။

စက်ဘီး ၊ ဆိုက်ကား ၊ မြင်းလှည်း ၊ ဘတ်စ်ကား ၊ သုံးဘီး ၊ လေးဘီး စုံလို့ ထွေလာဂျီ ရော မြို့ပတ်ရထား ပါ မကျန်ဘူး ။

သူ နေတဲ့ မြို့ ကို ဖုန်ပေါ ဖုတ်ထူ ၊ နေပူ ခြင်ကိုက် ၊ လေတိုက် ချမ်းအေး လို့ စာ ချိုးကြတယ် ။ ဟုတ်တာ ပြောတာပဲ ၊ စိတ် ဆိုး ဖို့ မရှိပါဘူး ။

ဟောဒီ ...ဟို ဟာ ပေါ ၊ ဟို အကောင် ကိုက် ဆိုတဲ့ မြို့တော် မှာ ရှိတဲ့ ဓာတ်လှေကား တော်တော်များများ ကို လည်း သူ စီးဖူးတယ် ။

သူ ပထမဆုံး စ , စီးဖူးတာ က တော့ ဆေးရုံကြီး အလယ်ဗဟို သုံးထပ်ရုံ မှာ ရှိတဲ့ ဓာတ်လှေကား ပါပဲ ။ ဆေးတက္ကသိုလ်ကျောင်းသား ဘဝ ၊ အလုပ်သင် ဆရာဝန် ဘဝ တွေ ဖြတ်သန်းခဲ့ သူ မှ မဟုတ်ဘဲ ။ အစ်မဝမ်းကွဲ တစ်ယောက် မီးဖွားဖို့ ဆေးရုံ အရေးပေါ် တင်ရ တုန်း က သူ ဓာတ်လှေကား ကို ပထမဆုံး စ စီး ဖူးတာ ။ မလွန်ရပ် ၊ ဦးလှသိန်း ဓမ္မဗိမာန် က ဓာတ်လှေကား ၊ ရတနာပုံဈေး က ဓာတ်လှေကား ၊ ပုဂ္ဂလိက ဆေးရုံကြီး တွေ က ဓာတ်လှေကား ၊ ဟော်တယ်ကြီး တွေ က ဓာတ်လှေကား ၊ မန္တလေးတောင် က ဓာတ် လှေကား ... စုံလို့ပါပဲ ။ ရန်ကုန် ၊ ပြည် ၊ ပင်းဒယ က ဓာတ်လှေကား တွေပါ မကျန်ဘူး ။

မော်တော်ဆိုင်ကယ် အိတ်ဇော က အပူလောင်ဖူး တဲ့ လူ က ဆိုင်ကယ် မြင် တိုင်း မီးလောင်ဖု နဲ့ အမာရွတ် ကို သတိရကြ သတဲ့ ။

သင်တုန်းဓား ထိဖူး ၊ ရှဖူး သူ က သင်ဓုန်းဓား နဲ့ ရိတ်ကြ သင်ကြမယ် လို့ ကြုံတိုင်း ကြက်သီးမွေးညင်း ထကြ သတဲ့ ။ အတိတ် က အဖြစ်အပျက် ကို ပြန်ပြောင်း သတိရ ကြတာလေ ။ လှစ်ခနဲ သတိရ လိုက်တာမျိုး ပါ ။

ဒညင်းကုန်း က သစ်ခွ စိုက် တဲ့ လူ ရယ် ၊ လှိုင်သာယာ မီးခွက်ဈေး နား က လက်ဖက်ရည်ဆိုင် ဖွင့်ခဲ့ဖူး သူ ရယ် ၊ သင်္ဃန်းကျွန်း က ဘိုးတော် တစ်ယောက် ရယ် ၊ မိတ္ထီလာ လျှပ်စစ်စီမံကိန်းရုံး က ကဗျာဆရာ ရယ် ... ပြီးတော့ မြို့တော်သား သူ ရယ် အခန်း တစ်ခန်း တည်း မှာ နေခဲ့ကြ ဖူးတယ် ။

သူတို့ ဘယ်လောက် အနေ ကြာ လို့ ဘယ်လောက် တောင် မှ ရင်းနှီးကြ သလဲ ဆိုရင် တစ်ယောက် လေ လည် တာ အများ မနံကြ စတမ်း ရင်းနှီးတယ် ။ အတူ နေ ရက်တွေ ကြာ တော့ လူချင်းသာ မက လေချင်း ပါ ရင်းနှီး နေတာလေ ။ ကိုယ့် ဖျာ က ကြမ်းပိုး နဲ့ သူ့ ဖျာ က ကြမ်းပိုး အိမ်ထောင်ရက်သား ကျပြီး သူများ ဖျာ မှာ သားသမီး သွား ပြီး ပွားစီး လို့ နေတယ် ။ တစ်ယောက် တံတွေး တစ်ယောက် မရွံရှာ စတမ်း ဆေးပေါ့လိပ် လက်ပြောင်း ဖွာခဲ့ ၊ ရှိုက်ခဲ့ကြတာလေ ။

သစ်ခွဆရာ က ရေတပ် ထဲ မှာ လည်း အမှုထမ်း ခဲ့ဖူးတယ် ။ ဆေးပညာ အခြေခံလေး လည်း တတ်တော့ သူ ဘဝ အတွေ့ အကြုံ အိမ် အလွမ်းပြေ ဇာတ်လမ်း တွေ ပေါ့ ။ လက်ဖက်ရည်ဆရာ က လည်း ခေသူ မဟုတ်ဘူး ။ တစ်ချိန် စပါးအဝယ်ဒိုင် မှာ ဒိုင်မှူး လုပ်ခဲ့ဖူး သူ ။ တော တကာ ရွာ အနှံ ရောက်ဖူး သူ ၊ သူ့ ဇာတ်လမ်း တွေ က လည်း အိမ်အလွမ်းပြေ စေတာပါပဲ ။

ဘိုးတော် ရဲ့ ရိုးမ တစ်လျှောက် ဂန္ဓာရီ လှည့်ခဲ့ပုံ တွေ ၊ ကဗျာဆရာ ရဲ့ သူ့ ဇာတိ “ ခွေးရုပ် ” ရွာ အလွမ်း ဇာတ်လမ်း ပမာ နားဆင်စရာ နဲ့ ဟားချင် စရာ တွေ ပြည့်နေတယ် ။

ဒီလို ဇာတ်လမ်းမျိုးစုံ ကို ကြားဖူး နာခဲ့ ဖူးပြီး ဒီနေ့ ထက်တိုင် စွဲ နေတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် သူ ပြောပြချင် နေတာ ။ လက်ဖက်ရည်ဆရာ ရဲ့ ကိုယ်ပိုင် ဇာတ်လမ်း လေ ။ လက်ဖက်ရည်ဆရာကတော် ဟာ သူ့ ထက် ငယ် တယ် တဲ့ ။ မသင်းသင်းဝေ ဆို ထင်ပါရဲ့ ။ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင် နဲ့ တော်တော် တူတယ် ဆိုပဲ ။ ရေမိုးချိုး ၊ သနပ်ခါးရည်ကျဲလေး လူးပြီး ထားရင် သူ မင်းသမီး တောင် ငေးရမယ် တဲ့ ။

ဒီလို လှပ တဲ့ မသင်းသင်းဝေ က ဘယ် မြို့သူ မှ မဟုတ်ဘူး ။ ကျေးတော သူ တောပန်းကလေး တစ်ပွင့် တဲ့ ။ လက်ဖက်ရည်ဆရာ ကုန်သွယ်ရေးစပါး အဝယ်ဒိုင် မှာ ဒိုင်မှူး လုပ် ရင်း လက်ဖျား ငွေသီး နေချိန် မှာ တောသူ နုနု ထွတ်ထွတ် ကို အရ ဆွတ် ခဲ့တာလေ ။

သူတို့ တစ်တွေ လည်း လက်ဖက်ရည်ဆရာ မည်းမည်းသည်းသည်း ကြီး နဲ့ မသင်းသင်းဝေ ဖွေးဖွေးဥဥကလေး ကို စိတ်ကူး နဲ့ ပုံဖော် ကြည့်ရ တယ် ။

လက်ဖက်ရည်ဆရာ နဲ့ မသင်းသင်းဝေ တို့ ပေါင်းဖက် အကြောင်း ဆက် လို့ မကြာဘူး သမီးလေး တစ်ယောက် ပွားစီးတယ် ။ သမီးလေး က မအေတူ လေး ။ မျက်လုံးမျက်ဖန် ကောင်းကောင်း ၊ နှာတံလေး က ဖြောင့်စင်း ပြီး နှာသီးလေး က နည်းနည်းချွန် သယောင်ယောင် တဲ့ ။ မျက်ခုံး က မည်းမည်းထင်းထင်း ၊ စင်ရော်တောင် မျက်တောင်ကော့လေး နဲ့ ။ ဖအေ ကို တူ တာ ဆိုလို့ လှေ သာ ဆို ရင် ရွက် လွှင့်ဖို့ ကောင်းတဲ့ ကားစွင့်စွင့် နားရွက် နှစ်ဘက် ပဲ တဲ့ ။ လက်ဖက်ရည်ဆရာ သူ့ သမီး “ ချစ်စနိုး ” ကို ဘယ်လောက် ချစ်တယ် ဆို တာ စကား တွေ ပြောရင်း မျက်ရည် ဝဲ လာတယ် ။ ဖီလင် တွေ ဖြစ်ပြီး လက်ဟန် ခြေဟန် တွေ လည်း တဖြည်းဖြည်း ပါ လာတယ် ။

မြင်သူ တိုင်း က ချစ်စနိုး ကို လက်ဖက်ရည်ဆရာ နဲ့ မသင်းသင်းဝေ တို့ ရဲ့ သမီး မှန်း သိကြတယ် တဲ့ ။ သူတို့ ရဲ့ သမီးဦး ၊ နှစ်ဖက် မိဘ ရဲ့ မြေးဦး ဆိုတော့ သည်းသည်းလှုပ် အောင် ချစ်ကြ တဲ့ အကြောင်း သူ မပြော တတ်တော့ဘူး ။

သမီး ချစ်စနိုး ရဲ့ တစ်နှစ်ပြည့် မွေးနေ့ မနက် မှာ သူတို့ လင်မယား ငါးကြော် နဲ့ ဆွမ်းလောင်း ကြတယ် ။ နေ့လယ် မှာ ရွှေတိဂုံဘုရား သွားကြ တယ် ။ လမ်း လျှောက်တတ် ခါစ ချစ်စနိုး ခမျာ မှာ လည်း ခြေနင်း လိုက် တိုင်း ကျွိ ကျွိ ကျွိ လို့ မြည် တဲ့ ဖိနပ်အသစ်လေး ဝတ် လို့ ပျော်ရွှင် တက်ကြွ နေ တယ်လေ ။ အဝတ်သစ် ၊ အစားသစ် နဲ့ ဆိုတော့ လည်လည် သွား ရတော့မယ် ဆိုတာ သမီး က သိနေပြီ တဲ့ ။

နန္ဒာလှိုင် အငယ်စားလေး က ဆံထုံး နိမ့်နိမ့်လေး ထုံး လို့ မိတ်ကပ် ပါးပါးလေး လူးထား သတဲ့ ။ အဝတ်အစား က လည်း သစ်သစ်လွင်လွင် မွှေးမွှေးကြိုင်ကြိုင် မို့ လက်ဖက်ရည်ဆရာ ရဲ့ စိတ် မှာ သင်းသင်းဝေလေး ဟာ သူ့ မျက်စိ ထဲ မှာ ကြည့် ရင်း ကြည့် ရင်း နဲ့ တစ်သွေး တစ်မွေး လှ လှ လာတယ် လေ ။ ဒါကြောင့် သမီး အလစ် ခပ်ကြမ်းကြမ်းလေး တစ်ချက် နမ်း လိုက် သေး သတဲ့ ။
( လက်ဖက်ရည်ဆရာ က ဒီ အခန်း ပြောတော့ မျက်လုံး က သာ မျက်ရည် ဝဲ နေတာ ပါးစပ် က စပ်ဖြီးကြီး )

သူ အဲဒီလို ပြောတဲ့အခါ ဘိုးတော် တို့ သစ်ခွဆရာ တို့ ခံတွင်းချဉ် ကုန်ကြတယ် ထင်ပါရဲ့ ... ၊ ကဗျာဆရာ့ လက် က ဆေးပေါ့လိပ် လှမ်း ယူပြီး နှစ်ဖွာ သုံးဖွာ ခပ်ကြမ်းကြမ်း ဖွာပြီး လက်ဆင့်ကမ်း ကြတယ် ။

မူလ ပထမ မြို့တော် ရဲ့ ဆင်ခြေဖုံးရပ်ကွက်လေး က တက် လာတဲ့ မသင်းသင်းဝေ တို့မိသားစု ကို စပယ်ယာ က ကြည့်ပုံ တစ်မျိုး ၊ ခါးပိုက်နှိုက် က ကြည့်ပုံ တစ်ဖုံ နေမှာပါ ။ တချို့ မြို့တော်သား တချို့က မသင်းသင်းဝေလေး ကို ခေါ်တော ကျ ကြ သတဲ့ ။

ပထမဆုံး သူတို့ ဗိုလ်ချုပ်ဈေး ကို သွား ကြတယ် ။

သမီးကြီး ချစ်စနိုး လက်ညှိုး ထိုး ရာ အကုန် ဝယ်ပေး လိုက် မဟဲ့ ဆို တဲ့ ဖခင် မေတ္တာစိတ် အပြည့် နဲ့ ဈေး ထဲ ကို ဝင် ကြတယ် ။ သမီးကြီး က မပူဆာ တတ်သေတာလား ။ ဟန်ကြီး ပန်ကြီး နားသန်သီး နဲ့ ဗိုလ်ချုပ်ဈေးကြီး ကို ပဲ သမီး က ရှိန်း နေတာလား မသိဘူး ။ ဒါပေမဲ့ ဈေးကြီး ထဲ က ကိုကို မောင်မောင် တို့ ကတော့ နန္ဒာလှိုင် အငယ်စားလေး ကို ဂေါ်ရင်ဂျီ ငေး ငေးကြတယ် ။

နောက်ဆုံးမှာ တော့ ချစ်စနိုး လက်ညှိုး ထိုး မပြပေမဲ့ သူ့ မျက်လုံး ရွဲကြီး နဲ့ ခဏခဏ ဝင့်ဝင့် ကြည့် နေတဲ့ ညိုဝါရောင် ဝက်ဝံရုပ် တစ်ရုပ် ဝယ် ပေး လိုက်တယ် ။ သူ့ အမေ က လည်း ဇာနားတပ် ဂါဝန်ဝါဝါလေး တွေ တော့ မဝယ် ဘဲ မနေနိုင်ဘူး ။ မှန်ဘီရို ထဲ က ထုတ်ပြီး သမီး ရဲ့ ခန္ဓာကိုယ် မှာ ကပ် ကြည့်တော့ ဇာနားတပ် ဂါဝန်ဝါလေး က သမီး နဲ့ နည်းနည်း ကြီး နေတယ် ။ သမီး နဲ့ တော်မယ့် ဂါဝန်လေး ကျ ပြန် တော့လည်း အဝါရောင်လေး မဟုတ်ဘူး ။ သမီးကြီး က ထွားလာဦးမှာ ပဲ ။ နောင် ခြောက်လ ၊ ခုနစ်လ လောက် ဆိုရင် အတော်ပဲ လို့ ဆိုင်ရှင် က သူ့ ပစ္စည်း ကို အစွံ ထုတ်တယ် ။

ချစ်စနိုးက ဝက်ဝံရုပ်လေး ရ လို့ ပျော်တာ ထက် မသင်းသင်းဝေ က ဇာနားတပ် ဂါဝန်လေး ရလို့ ပျော်တာ က ပိုမယ် ထင်တယ် ။ ဒီ ဂါဝန်မျိုးလေး ဝယ်ပေး ချင် နေတာ ကြာ လှပြီ ။ ဒီ ဂါဝန်လေး ဝတ် ပြီး သွားရမယ့် ပွဲလမ်းတွေ လည်း သူ့ စိတ်ကူး နဲ့ တန်းစီ ကြည့် မိတယ် ။

ရွှေတိဂုံဘုရား ရောက် တော့ လက်ဖက်ရည်ဆရာ က တောသူ သားအမိ ကို ဓာတ်လှေကား စီးဖူး အောင် လို့ တဲ့ စောင်းတန်း က မတက်ကြဘဲ ဓာတ်လှေကား ဆီ သူ ဦးဆောင် ခေါ် လာတယ် ။ မသင်းသင်းဝေ ခမျာ အထက် တက် လိုက် အောက် ဆင်း လိုက် နဲ့ မြင်လိုက် ရတဲ့ ဓာတ်လှေကား ကို ကြောက် နေမိတယ် ။ မစီးချင်ဘူး ။ လက်ဖက်ရည် ဆရာ က သူ တစ်ယောက်လုံး ပါနေ တာ ဘာ ကြောက်စရာ ရှိလဲ ၊ ဟိုမှာ အမျိုးသမီး တွေ ၊ တချို့ ဆိုရင် နင့် ထက် တောင် ငယ်သေးတာ ၊ လာပါ မကြောက်ပါနဲ့ ၊ ရောက်တုန်း ရောက်ခိုက် စီးဖူးတယ် ရှိအောင် စီး စမ်းပါ ။ သမီးကြီး ချစ်စနိုး က တော့ ကြောက်ဟန် မပြ တဲ့ အပြင် ပျော်တောင် မှ နေသေးတယ် ။ သမီး ဆီ က သတ္တိ တွေ အမေ့ ဆီ ကူးစက်တယ် ထင်ပါရဲ့ ။

ဘုရားဖူး အဆင်း တွေ ထွက်ကြ ပြီး မှ သူတို့ ဝင်ကြတယ် ။ စိန်နားကပ် ကြီးကြီး မမ ၊ ရွှေလက်ကောက် တံတောင်ဆစ် ဒေါ်ဒေါ် ၊ ယောဂီရောင် ဝမ်းဆက် ၊ တံခွန်တိုင်ကုက္ကား တွေ နဲ့ ဘကြီး ၊ တစ်ကိုယ်လုံး မွှေးကြိုင်ရုံ မက ဓာတ်လှေကား တစ်ခန်းလုံး ပါ မွှေး စေတဲ့ ညီမလေး စတဲ့ အတူတူ စီးဖော် စီးဖက် တွေ မသင်းသင်းဝေလေး ကို မသိမသာ တစ်မျိုး ၊ ခပ်ရဲရဲ အကဲခတ် သူတွေ က ခတ်ကြတယ် ။ မသင်းသင်းဝေလေး က တော့ လက်ဖက်ရည် ဆရာ ရဲ့ လက်မောင်း ကို နာနာ ဆုပ် ထားပြီး မျက်လွှာချ ခေါင်းငုံ့ ထားတယ် ။ ရသမျှ ဘုရားစာ တွေ လည်း ပါးစပ် မလှုပ် ဘဲ စိတ် ထဲ က နေ ရွတ်ဆို နေမိ တယ် ။ ပါးပါး ဖို့ ထားတဲ့ မိတ်ကပ်တွေ ကြားကနေ ချွေးစေးလေး တွေ တောင် ဆောင့်ကန် ရုန်းထွက် နေကြလေ သလား ။ ဆုပ် ထားတဲ့ ညာလက်သီးဆုပ် က မနွေးလှဘူး ။

ဓာတ်လှေကား မောင်းသူ က တံခါး ကို ပိတ် လိုက်တဲ့ အခါ က စပြီး အသက်ရှူ ဖို့ မေ့တယ် မှတ်တာပဲ ။ မြေပြင် က နေ ဓာတ်လှေကား စ အကြွ သိမ့်ခနဲ အဖြစ် မှာ ဘယ်သူ မှ မမျှော်လင့်တဲ့ ကိစ္စ ဖြစ်တယ် ။ နန္ဒာလှိုင်လေး လန့် ပြီး ဆီးတွေ ထွက်ကျ ကုန်ပါလေရော ။ ပါးစပ် က လည်း တောသူ ပီပီ လွှတ်ခနဲ “ ဟယ်တော် ” လို့ ခပ်ကျယ်ကျယ် ယောင် လိုက် မိတယ် ။

ပတ်ဝန်းကျင် က လူတွေ အားလုံး သူ့ ကို ဝိုင်း ကြည့် ကြလိမ့်မယ် ထင်ပါရဲ့ ။ သူ့ ခမျာ ရွဲရွဲ စိုသွားတဲ့ ကြမ်းပြင် ကို သာ စိုက် ကြည့် နေမိပြီး မျက်ရည် တွေ က ဘယ်လို မှ ထိန်းလို့ မရတော့ဘူး ။ မျက်ရည်ပေါက်ကြီး တွေ တစ်လုံး ပြီး တစ်လုံး တန်းစီ လှိမ့်ဆင်း လာတယ် ။

ဓာတ်လှေကား မောင်းသူ က နေပါစေ ၊ နေပါစေ မလုပ် နဲ့ ကလေးမ လို့ အတန်တန် တားပေမဲ့ တောသူ အရိုးခံ မဟုတ်လား ။ ချစ်စနိုး အတွက် မွေးနေ့လက်ဆောင် အဖြစ် ဝယ်လာတဲ့ ဇာနားတပ် ဂါဝန်လေး နဲ့ ကြမ်းပြင် ကို သုတ် ရှာတယ် ။

လက်ဖက်ရည်ဆရာ က သွားတွေ စေ့ပြီး အသံ ခပ်တိုးတိုး နဲ့ ပြောတာ ကို အခန်း ထဲ ရှိ တဲ့ လူတွေ အားလုံး သက်ပြင်းသက်မ တွေ ချ ၊ ဘာ မှတ်ချက် မှ မပေးနိုင်ကြဘဲ တံခါး ငေး သူ ငေး ၊ နံရံ ကို မျက်လုံး ရောက် သူ ရောက် ၊ မျက်နှာကြက် မော် ကြည့် သူ ကြည့် နဲ့ တိတ်ဆိတ် သွား ကြတာ အကြာကြီး ။

“ အဲဒီ အချိန် မှာ သမီးကြီး က သူ့ အမေ ကို လှမ်း ကြည့် တဲ့ အကြည့် ကို ကျွန်တော့် မျက်လုံး ထဲ က ဘယ်တော့ မှ ထွက် မှာ မဟုတ်ဘူး”

ပြော နေရင်း နဲ့ လက်ဖက်ရည်ဆရာ က တဖြည်းဖြည်း တိုး သွားတယ် ။

သူ က မသင်းသင်းဝေ တို့ သမီးကြီး ချစ်စနိုး တို့ ကို မတွေ့ဖူး ဘူး ။ လက်ဖက်ရည်ဆရာ နဲ့ လည်း မတွေ့ ဖြစ်ကြတော့ တာ နှစ်တွေ ကြာလှပေါ့ ။

ဒါပေမဲ့ ရောက်လေရာရာ မှာ ဓာတ်လှေကား စီး ဖို့ အခွင့် ကြုံတိုင်း သူတို့ မိသားစု ကို လွမ်းဆွတ် သတိရ နေမိတယ် ။

◾ညီပုလေး

📖 တတိယမြို့တော်သား ရဲ့ အလွမ်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment