Tuesday, June 18, 2024

ကြက်ဝိုင်း ထမင်းဝိုင်း


 

❝ ကြက်ဝိုင်း ထမင်းဝိုင်း ❞

တန်းစီ လျက် ၃ ၊ ၄ ဆိုင် ရှိလေ ရာ ၊ တစ်ဆိုင် လျှင် ဟင်း တစ်မျိုး နှစ်မျိုးစီ ဖြင့် ကြက်သား ၊ ဝက်သား ၊ အမဲသား ၊ ဘဲသား ၊ ငါး တော်တော် စုံ ၏ ။ ဟင်း တစ်ပွဲ ၃ိ ၊ ထမင်း တစ်ခါပြင် ၁ိ ၊ ငါးပိရည်တို့ က အစ အလကား ဇလဗီးယား ငါးခြောက်ကြော် ၊ အာပြဲခြောက်ကြော် ၊ ဘဲဥပြုတ်များ လည်း ရနိုင်သည် ။ ကြက်ဝိုင်း တွင် ရောင်းနေကျ ဈေးသည်များ ...

ကျွန်တော် သည် ဆိုင် တစ်ဆိုင် တွင် ဝင် ထိုင် လိုက်ပြီး နောက် ဟင်းရည်သောက် နှင့် မှ ထမင်း စားလေ့ ရှိသည် ဖြစ်သောကြောင့်

“ ခင်ဗျားတို့ ဟာ က ဟင်းရည်သောက် တော့ မရှိဘူးလားဗျ ”

“ မရှိပါဘူးရှင် ... လက်ဖက်ရည်ကြမ်း ပဲ ”

ထိုအခါ ကျွန်တော့် နံဘေး ၌ အာပြဲခြောက်ကြော် ကို တမြုံ့မြုံ့ဝါး နေသူ က သူ့ ရှေ့က လက်ဖက်ရည်ကြမ်း ပန်းကန် ကို ကျွန်တော့် ဘက် ရွှေ့ ပေးလိုက်ပြီး ...

“ ဟောဒီမှာ ဆရာ ၊ ထမင်း နဲ့ စားဖို့ အရည်သောက် ”

ကျွန်တော် ငုံ့ ကြည့် လိုက်တော့ အရက်ဖြူ ။

သူ့ ကို ကျွန်တော် အားနာသော မျက်နှာ နှင့် ကြည့် လိုက်ကာ ။

“ ဟာ ... ကျွန်တော် မနက်ပိုင်း မသောက်တတ်ဖူးဗျာ ”

“ လုပ်ပါ ဆရာ ရယ် ... တစ်ခါတလေ ပဲ ကျွန်တော် နဲ့ မိတ်ဖြစ် ဆွေဖြစ် ပေါ့ ၊ ဆရာ ကျွန်တော့် မမှတ်မိဘူးလား ။ ဆရာ့ အိမ် နောက်ဖေး က ဝိုင်း ကျွန်တော် ရောက်ဖူးပါတယ် ။ မြောက်ဥက္ကလာ မှာ နေပါတယ် ။ ဆရာ့ တပည့် ကာတွန်းဝင်းမောင် ရှိတုန်း က လဲ ကျွန်တော် နဲ့ သောက်ဖက် ပါ ပဲ ၊ ကျွန်တော် လည်း ဆရာ့ စာဖတ် ပရိသတ် တစ်ယောက် ပါ ။ ကျွန်တော့် နာမည် ဘခင် လို့ ခေါ်ပါတယ် ”

ကဲ ... အနှီလို ဆိုတော့ ကျွန်တော် ကိုယ်တိုင် က လည်း အရက်သမား ပဲ ။ အဘယ်မှာ ငြင်းနိုင်တော့ အံ့နည်း ။ မစွမ်းရင်း က လဲ ရှိ ၊ ကန်စွန်းခင်း က လည်း ငြိသပေါ့ ။

ဤ ထမင်းဆိုင် တွေ မှာ အရက်ဖြူ က လည်း လိုသလောက် ရလေ သဖြင့် သူ က ဝယ် လိုက် ၊ ငါ က ဝယ်လိုက် နှင့် တော်တော် ကြာ တော့ သူ နှင့် ကျွန်တော် နှစ်ယောက်သား မဟုတ်တော့ဘဲ ။ အခြား ကြက်သမား ၊ အရက်သမား တွေ လည်း ရောက် လာကြ ကာ အရက်သမား ၊ ကြက်သမား စာရေးဆရာ သော်တာဆွေ ကို ဝိုင်းဝန်း ခင်မင် လိုက်ကြလေရာ ကျွန်တော့် ခမျာ မှာ မကြာမီ တွင် အောက်ခြေ လွတ်ရပါတော့ သတည်း ။

◾မူးမေ့သည် ဆိုရာဝယ်

ကျွန်တော် အောက်ခြေ လွတ်သည် ဆိုရာ၌ သတိ မေ့လျော့ သွားခြင်း ဖြစ်ပါသည် ။

သတိ မေ့လျော့ သွားသည် ဆိုသော် လည်း မေ့မြောသူ လို တစ်နေ နေရာ မှာ တုံးလုံးကြီး လှဲ နေသည် မဟုတ် ။ ကြက်ပွဲ ထဲ မှာ ထကြွ , သောင်းကျန်း နေခြင်း ဖြစ်ပါသည် ။ လူမိုက် စကား တွေ ပြောသည် ။ မဆူ နဲ့ မညံ နဲ့ ဟု ဟောက် သော ကြက်ဒိုင် လုပ်သူ ၏ လည်ပင်း ညှစ်သည် ။ “ တယ် ... ခက်လိုက် ပါလား ” ဟု ညည်းညူသော အလောင်းအစား စာရင်းကိုင် ကြက်ဝိုင်းစာရေး ၏ လက်မောင်း ကို ဆွဲ လိမ်သည် ။ အိတ် ထဲ က ငွေတွေ ကို ပစ်ချသည် ။ သတ္တိ ရှိတဲ့ လူ ကောက်ယူ လို့ ပြောသည် ။ အတူတူ သောက်ဖော် လူများ က နောက်မှ လိုက် ထိန်း နေရသည် ။

စသည်ဖြင့် အများကြီး ... အများကြီး ပဲ ။ ဒါတွေကို ကျွန်တော် လုံးဝ မသိပါ ။ နောက်မှ ကိုကံညွန့် က ပြောပြ၍ ကြားရခြင်း ဖြစ်ပါသည် ။ ကိုယ့် ဟာ ကိုယ် ပင် မယုံနိုင်ဖွယ်ပါ ။ ငါ ... ဒီလောက်ပင် မိုက်မဲစွာ သတ္တိ ကောင်း နေပါလား ၊ သို့သော် လူအများ အားလုံး က ပဲ သြချ ၍ ပြောကြပါသည် ။

စာရေးဆရာ အသိုက်အဝန်း ၌ မူ ကျွန်တော် ဆိုးသွမ်းပုံ ကို သိပြီး ဖြစ်နေ ကြပါပြီ ။ ကိုကံညွန့် ကား ယခု မှ ပထမဦးဆုံး အကြိမ် ကြုံဖူးသည် ဖြစ်၍ ...

“ တော်ပြီ ... တော်ပြီ ... ဦးသော်တာ ဒီလို အရက် မူးမယ် ဆိုရင် ကျွန်တော် နောက် ဘယ်တော့မှ အတူ မလိုက်တော့ဘူး ။ ဒီ နေရာမျိုး မှာ လူသိ လူခင် များ နေတဲ့ ဦးသော်တာ မို့ နော် ၊ သည့်ပြင်လူမျိုး ဆိုရင် အသက် နဲ့ ကိုယ် အိမ်ပြန် ရောက်မှာ မဟုတ်ဘူး ”

“ သေနေ့ မစေ့သေးလို့ ပါ ဗျာ ၊ နေပါဦး ၊ ကျွန်တော့် ကိုယ် ကို အိမ် ပြန် ရောက် အောင် ဘယ်သူတွေ ဘယ်လိုလုပ် ပို့ကြသလဲဗျ ”

“ လယ်ကွင်း ထဲ မှာ ကိုသန်းမြင့် နဲ့ ကိုကျော်အေး က ဦးသော်တာ ချိုင်း နှစ်ဖက် ကို သူတို့ ပခုံးပေါ် တင်ပြီး တွဲခေါ် လာကြတာပဲ ။ ဒီ လူတွေ က ဗလ ကောင်း တဲ့ လူတွေ မို့ တော်တော့သပေါ့ ။ ဦးသော်တာ က ရုန်းလိုက် ကန်လိုက် နဲ့ အဲ့ဒီ လူတွေ ကို ထုလိုက် ရိုက်လိုက် လဲ လုပ်သေးတယ်ဗျ ... အံ့ရော ...ဗျာ ၊ နောက် - ပေတစ်ရာ ရောက်တော့ မှ ကား ရလို့ တော်သွားတယ် ”

ကျွန်တော့် ဘဝ တွင် သောက်သက် ရင့် လာမှ ဤကဲ့သို့ ဖြစ်ခဲ့ဖူးပေါင်း များ လှပါပြီ ။

◾မူးထွေတည့် အံ့ရာသော်

အလွန်အကျွံ အရက်မူး သူ တို့ ဖြစ်လေ့ဖြစ်ထ ရှိသည်မှာ လူ တစ်ယောက် တွင် အပြင်စိတ် ၊ အတွင်းစိတ် ( ဝါ ) အသိစိတ် ၊ မသိစိတ် ဟူ၍ နှစ်မျိုး ရှိလေရာ အသိစိတ် ၊ သတိ မေ့အောင် မူး လေသော အခါ မသိစိတ် သည် အခြား လူ တစ်ယောက် ဖြစ် နေလျက် မူးစဉ် ထို သူ ပြောဆို ပြုမူခဲ့သည် များ ကို အမူး ပြေသော အခါ လုံးဝ သတိ မရတော့ဘဲ အခြားသူ က ပြောပြသော အခါ၌ အလွန် ရှက်ကြောက် အံ့သြရသည် ။ ယင်းသို့ အမူး လွန် နေစဉ် အခါ မှာ သ,တ်ပစ်လိုက်ပါ က လည်း ကာယကံရှင် က လုံးဝ သိလိမ့်မည် မဟုတ်ပါ ။ သူ့ အသိ ကား သူ နောက်ဆုံး သတိ မလစ်ခင် အချိန်ကလေး အထိ သာ ဖြစ်သည် ။

ထိုနေ့ က ကျွန်တော် သတိ မလစ်မီ အချိန်ကလေး ၌ သိလိုက်သည် မှာ ကျွန်တော် သည် ထမင်း မစား ၊ အရက် နှင့် အမြည်း ကို သာ မြောက်ဥက္ကလာ ကိုဘခင် နှင့် ခွက်ပြိုင် ချနေကြသည် ။ ထိုစဉ် ကြက်ဝိုင်း မှ နိုင်လာ ကြသော အခြား မျက်နှာသိ အရက်သမား ၊ ကြက်သမားများ ရောက် လာ ကြပြီး သောက်ဝိုင်း မှာ စည်ပင် လာ ကာ သူ ဝယ် လိုက် ငါ ဝယ် လိုက် နှင့် အရက်သမား တွေ ချစ်ချင်းပြိုင် ကြသည် ၌ အရက် မသောက်တတ်သော ကိုကံညွန့် က ထမင်း စားပြီး နေပြီ ဖြစ်၍ ကျွန်တော့် အား လက်ကုတ် လျက် “ ဦးသော်တာ မူး နေပြီ ၊ တော်တော့ဗျာ သွားကြမယ် ” ဟု ဆိုသည်၌ ( ဘယ့်နှယ် မူး နေတဲ့ လူ မူး နေပြီလို့ ပြောရမှတုန်း ) ကျွန်တော် သူ့ ကို အော် ထုတ် လိုက်သည် ။ သူ စိတ်ပျက်စွာ နှင့် ရွှေဂေါင်းပြောင် ပိုက် ၍ ထွက် သွားသည် ။ ကျွန်တော် နှင့် သောက်ဖော် များ က ဆက်လက်၍ သောက် ရင်း ကျန်ခဲ့သည် ။ ထိုနေရာ ထိုအချိန် မှ စပြီး ရှေ့ ဆက်လက် ၍ အမှတ် မရဘဲ ရှိလေရာ ၊ နံနက် မိုးသောက် အလင်း ရောက် သော် ကျွန်တော် သည် ကျွန်တော့် အိပ်ယာ ပေါ် မှာ မျက်လုံး ဖွင့် ကြည့် လိုက်တော့ ခြင်ထောင် အမိုး ဖြူဖြူဖွေးဖွေး ... ခေါင်း ထဲ အုံပြီး ကိုယ်တွေ လက်တွေ က နာလှပါဘိ ။ ငါ ဘာဖြစ်လို့ ပါလိမ့် ...

ခဏ အကြာ ၌ နံရံ သာ ခြားလျက် ရှိသော မီးဖိုခန်း ထဲ မှ ရွှေဂေါင်းပြောင် ၏ တွန်သံ ကို ကြား လိုက်ရသည် ။ သည်တော့မှ မနေ့ က ကြက်ဝိုင်း သွား ခဲ့သည် ကို သတိ ရလာသည် ။ အင်း ... ငါ့ ကြက်ကလေး ဘက် မတွေ့၍ မတိုက်ခဲ့ရ ပါလား ။ အို ... ငါ့ အိတ် ထဲ ပါသွားတဲ့ ငွေတွေ ကော ... အိတ် ထဲ မှာ ရှိပါလေမလား ။ ငါ မနေ့ က ဝတ် သွားတာ ဂျာကင်အင်္ကျီ ၊ ငါ အရက် သောက်မိသလား ။ ဟုတ်တယ် ... သောက်တယ် ... တော်တော် မူးခဲ့တယ် ထင်တယ် ။ လူ နဲ့ ကြက် အိမ် ကို ဘယ်လို ပြန် ရောက်ခဲ့ပါလိမ့် ... စဉ်းစား နေစဉ် ကျွန်တော့် နံဘေး မှ မေ က ...

“ မောင် ... နိုးနေပြီလား ”

"အေးကွ .. ငါ မနေ့ က တော်တော် မူးခဲ့တယ် ထင်တယ် ၊ အိမ် ကို ဘယ်လို ပြန် ရောက်ပါလိမ့် ”

ကျွန်တော့် ဇနီး က ဒါမျိုး ရိုးနေပြီ ။

“ လူ ရော ကြက် ပါ ကိုသန်းမြင့် နဲ့ တခြား လူ တစ်ယောက် အိမ် ပေါ် တွဲ တင်လာတာပဲ ”

“ အေးကွယ် ... ငါ့ ကြက်ကလေး မတိုက်ခဲ့ရဘူး ”

“ တိုက်ခဲ့ရပါတယ် ”

ကျွန်တော် ရုတ်တရက် အံ့အားသင့် သွားလျက် ...

“ အေ .. ဟုတ်လား ၊ နိုင်ခဲ့သလား ... ရှုံးခဲ့သလား ... ”

“ နိုင်ခဲ့တယ် ၊ ငွေ ၆ဝဝိ - လဲ ကိုသန်းမြင့် က ပေးခဲ့တယ် ... ”

စင်စစ် ညနေ ၄ နာရီ လောက် တွင် ကျွန်တော့် ကြက်ကလေး ဘက် ရ၍ တိုက် ဖြစ်ခဲ့သည် ။ လက်ရင်း ၁၁ဝဝိ နှင့် ၄၄ဝိ ၊ နောက် လက်ဖျား များ နှင့် စုစုပေါင်း တော့ သုံးထောင် ကျော် ပေါက်ခဲ့သည် ။ ပထမ ဟိုဘက် ကြက် က အထက်ကြေး ရောက် သွား၍ ၁ဝဝိ - လျှင် ၄ဝိ အထိ အောက်ကြေး ရောက်သွား ပြီး မှ ကျွန်တော့် ကြက်ကလေး က ပြန်ပြီး တက် ခွပ် လာခဲ့ရာ ... အထက်ကြေး နှစ်လေး က နေပြီး ရွှေဂေါင်းပြောင် အနိုင် ရခဲ့သည် ။ ထို့ကြောင့် ကျွန်တော်တို့ အဖွဲ့သား တွေ အသီးသီး ပွ ခဲ့သည် ။ အထောကြီး ထော ခဲ့ကြ သည် ။

ကျွန်တော့် မှာ မူ ကိုယ့် ကြက် တိုက်ဖြစ်သော အခါ၌ အိတ် ထဲ ရှိသော ငွေ နှင့် ကိုအမ်း တို့ ပြန် ပေးသော ငွေ မှာ ၃ဝဝိ ကျော်မျှ ရှိတော့၍ လက်ရင်း ၃၃ဝိ ထည့် တိုက်ခဲ့ရခြင်း ကြောင့် အိမ် သို့ ငွေ ၆ဝဝိ ပြန်ပါလာခဲ့ခြင်း ဖြစ် ပါသည် ။

“ တကယ်တော့ ဦးသော်တာ ဒီလောက် မက နိုင်ဖို့ပါဗျာ ၊ ခုတော့ သူ့ လုပ်ပုံက တကယ့်သူဌေး ကျ နေတာပဲ ၊ ထမင်းဆိုင် အရက်ဝိုင်း မှာ သူ့ လာ ပြီး နှုတ်ဆက်တဲ့ လူတွေ မှန်သမျှ သူ က ချည်း ဒကာခံ နေတာပဲ ၊ အချို့ ရှုံး လို့ ကုန်ခဲ့ပါပြီ ဆိုတဲ့ လူ တောင် ပြန် ကစား ချေ ဆိုပြီး ငွေ ထုတ် ပေး လိုက်သေးဗျ ။ ပိုက်ဆံ တွေ နှမျှော ဖို့ ကောင်းလိုက်တာဗျာ ၊ ဦးသော်တာ အဲဒါတွေ မှတ်မိ သေးလား ...” ဟု ကိုကံညွန့် က ပြောပြတော့ ...

ကျွန်တော့် မှာ ပြုံးပြုံးကြီး ခေါင်းခါ ပြ ရသည် ။ တွေးပြီး ကိုယ့် ဟာ ကိုယ် လည်း ပြန်၍ နှမြော မိပါသည် ။

စင်စစ်တော့ ကျွန်တော် ၏ စိတ်ကူးယဉ်တွေ အကောင်အထည် ပေါ် သွားခြင်း ဖြစ်ပါသည် ။ အသို့ဟူ မူ ကျွန်တော့် စိတ် ထဲ တွင် အသိမိတ်ဆွေ တွေ ကို ကိုယ် က သာ ကျွေးမွေးချင်စိတ် ရှိပါသည် ။ နို့ပြီး ငွေကြေး မရှိသူများ ကို လည်း ကြည့်ရှု ထောက်ပံ့လို စိတ် ရှိပါသည် ။ သို့သော် ကျွန်တော့် မှာ စေတနာ ရှိ သလောက် ငွေကြေး ချမ်းသာ သူ မဟုတ် မူ၍ စိတ် သွားတိုင်း ကိုယ် မပါ ဖြစ်နေရာမှ ၊ အရက် မူး လာပြီး ၊ ပင်ကိုယ်စိတ် ပျောက် သွားသော အခါ၌ အနှိုင်းအဆ အဆင်ခြင် မရှိတော့ဘဲ ၊ ထန်းရည်မူး ကျွဲခိုးပေါ် ဆိုဘိ သကဲ့သို့ စိတ်ကူးယဉ် သဒ္ဓါတရား တွေ အကောင်အထည် ပေါ် သွားခြင်း ဖြစ်ပါတော့၏ ။

ကြက်ဝိုင်းဒိုင် လုပ် သူ နှင့် လောင်းငွေ စာရင်းကိုင် ကို ဝင်ရောက် ရမ်း ကားမိခြင်း မှာ လည်း ဤ သဘောပင် ။ သူတို့ က ဗိုလ်ကျ ကျ အမိန့် ပေး နေ သည် ကို ကျွန်တော် မခံချင် ။ သို့သော် ပင်ကိုယ် စိတ် ဖြင့် ဝင် မချရဲ ဘဲ မူး လာ တော့ မှ အရက် သတ္တိတွေ ပေါ်လာခြင်း ဖြစ်ပါတော့၏ ။

သို့သော် ဒါတွေ ကို ကျွန်တော် လုံးဝ မမှတ်မိတော့ ။ ဤကား အရက်သမား တို့ ဖြစ်တတ်သော သဘောတရား ပါ တည်း ။

◾သော်တာဆွေ

📖 ကြက်ဋီကာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment